ပိတ်ထားသော တံခါးများ…
နိဒါန်း
အနဲဆုံးတော့…
တံခါးတစ်ချပ်ရဲ့ တစ်ဘက်မှာ မျှော်လ့င်ချက် နှစ်ခုရှိတယ်
တစ်ခုက အကောင်းဆုံးတွေ…။ နောက်တစ်ခုကတော့ ဆန့်ကျင်ဘက် ရလဒ်။ ။
BLACK DREAM
တစ်ခါက သိပ်အေးချမ်းတဲ့ မြို့လေးတစ်မြို့ရှိခဲ့ဖူးတယ်…။ အဲ့ဒီ့မြို့လေးမှာ သာယာမျှတတဲ့ ရာသီဥတုရှိတယ်..။ နူးညံ့ကြင်နာတတ်တဲ့ မြို့သူမြို့ သားတွေရှိတယ်…။ ပေါများ ကြွယ်ဝတဲ့ စားကုန်၊ ထွက်ကုန်တွေရှိတယ်။ ဘာသာတရားရဲ့ လုံခြုံတဲ့ နွေးထွေးစောင့်ရှောက်မှု ရှိတယ်။ ခြုံပြောရရင် ဒီမြို့လေးဟာ သိပ်ကို ပျော်စရာကောင်းတဲ့ မြို့လေးတစ်မြို့ပေါ့..။ ဒီမြို့မှာ နေထိုင်ကြတဲ့ မြို့သူမြို့သားတွေ အားလုံးကလည်း ဒီမြို့ လေးကိုချစ်ကြ တယ်…။ ဒီမြို့လေးက နယ်ခံတွေမပြောနဲ့ အခြား မြို့ရွာတွေကနေ လာရောက်လာပတ်ကြတဲ့ ဧည့်သည်တွေ၊ ကုန်သည်တွေကအစ ဒီမြို့လေးကို နှစ်သက် သဘောကျကြတယ်…။
ဒီမြို့လေးရဲ့ သာယာလှပမှု၊ မြို့ခံ မြို့သူ၊ မြို့သားတွေရဲ့ နွေးထွေးကြင်နာတတ်မှု၊ ရိုင်းပင်းကူညီတတ်မှု၊ စိတ်သဘောထားမြင့်မြတ်ကောင်းမွန်မှု တို့ကြောင့်…။ ဒီမြို့လေးရဲ့ သတင်းဟာ ပတ်ဝန်းကျင်မြို့တွေရဲ့ အကြားမှု သင်းပျံ့လို့သာ နေပါတယ်…။ ကဗျာဆန်ဆန်ပြောရရင် ဒီမြို့လေးနဲ့ မြို့သူမြို့ သားတွေဟာ..။ လှပတဲ့ သံဇဉ်တစ်ခုနဲ့ စူးရှထိရောက်တဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ သီချင်းတစ်ပုဒ်လိုပဲ သိပ်ကို လိုက်ဖက်ညီလွန်းခဲ့ တယ်..။ ဘယ်မြို့ခံကမှ ဒီမြို့လေးကို စွန့်သွားကြဖို့ကို လက်တွေ့မပြောနဲ့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးခဲ့ကြဖူး..။ ဘယ်လိုလူမျိုးကများ ဒီလောက်သာယာ လှပတဲ့ မြို့လေးကို စွန့်ခွာသွားခြင်ပါ့မလဲ…။ ဒါဟာ သိပ်ကို သဘာဝကျတဲ့ သဘောတရားတစ်ခုပေါ့…။
ဒီလိုသာယာလှပမှုတွေ ကောင်းခြင်းတရားတွေနဲ့ ပြည့်ဝနေတဲ့ မြို့ကလေးအပေါ် တစ်နေ့မှာတော့ ဘယ်သူကမှ မထင်မှတ်ထားခဲ့တဲ့ ဘေးဆိုးတစ် ခုကျရောက်ခဲ့တယ်…။ လူတွေဟာ တစ်ကယ်ကို တုန်လှုပ်ချောက်ခြားခဲ့ရတယ်…။ သွေးပျက် အံ့သြခဲ့ရတယ်..။ နှလုံးကွဲကျေ ပျက်စီးခဲ့ရတယ်..။ ဒီလိုအဖြစ်ဆိုးမျိုးတွေ သူတို့ မြို့လေးအပေါ် ဘယ်တော့မှ ကျရောက်လာလိ့မ်မယ်လို့ ဘယ်သူကမှ မထင်မှတ်ထားခဲ့ကြဖူးလေ..။ ဒီအဖြစ်အပျက် ဆိုးကြီးကို မြို့ခံတွေတင်မကဘူး..။ အခြား အနီးနားပတ်ဝန်းကျင်က မြို့တွေကပါ အံ့သြ တုန်လှုပ်ခဲ့ကြတယ်..။ သူတို့လည်း ထင်မထားခဲ့ကြဖူးတဲ့ လေ..။ ဒါပေမယ့် ဒါတွေဟာ တစ်ကယ်တမ်း ဖြစ်လာခဲ့တယ်…။
သူတို့နေတဲ့ မြို့လေးရဲ့ မြို့အ၀င် လမ်းမှာ “တံခါး” ကြီးတစ်ချပ် ထူးဆန်းစွာ ပေါ်လာခဲ့တဲ့ နေ့ကစလို့ပေါ့….။
အခန်း (၁)
မြို့သူ မြို့သားတွေဟာ တကယ်ကို အံ့သြတုန်လှုပ်ခဲ့ကြရတယ်…။ ဒီတံခါးပေါ်လာတဲ့ နေရာဟာ သူတို့ မြို့လေးရဲ့ အဓိက ဆက်သွယ်မှု လမ်း ကြောင်း နေရာဖြစ်တယ်..။ ဒီနေရာကို ဖြတ်သန်းပြီး တစ်မြို့နဲ့ တစ်မြို့ကုန်သွယ် စီးဆင်းကြရတယ်..။ ကူးလူးဆက်ဆံကြရတယ်..။ ဒီလမ်းကြောင်း လေးကို မှီခိုပြီး သူတို့ရဲ့ မြို့လေး ဖွံ့ဖြိုး၊ သာယာစိုပြေအောင် ကြိုးစားကြရတယ်..။ ဒီလမ်းကြောင်းလေးဟာဆိုရင် သူတို့မြို့လေးအပါအ၀င် အခြား ပတ်ဝန်းကျင်မြို့လေးတွေနဲ့ ပူးပေါင်းပြီး တည်ထောင်ထားတဲ့ စာသင်ကျောင်းလေးရှိရာကို သွားတဲ့ လမ်းကြောင်းလေး တစ်ခုလဲ ဖြစ်တယ်။ အခုလို ဒီတံခါးကြီးသာ လမ်းကြောင်းပေါ်မှာ ဆက်လက်ပိတ်ဆို့နေပါက…။ သူတို့မြို့လေးမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးဟာ အခြားမြို့က လူငယ်တွေ ရဲ့ ခပ်ဝေးဝေးမှာ ကျန်ခဲ့လေတော့မည်…။
သူတို့နားမလည်နိုင်တာ တစ်ခုလည်းရှိသေးသည်။ ဒီတံခါးက ဘာကြောင့်ပေါ်လာခဲ့ရသလဲ..။ ဘယ်သူကြောင့်လဲ…။ ဘာအတွက်လဲ..။ မေးခွန်း ပေါင်းများစွာက မြို့ခံတွေရဲ့ အတွေးတွေကို ရှုပ်ထွေးစေခဲ့ပါတယ်..။ အကြောင်းအရာ တစ်ခုတိုင်းမျာ အကျိုးတရား တစ်ခုတော့ ရှိရမည် ဖြစ်သည်။ ထို့အတူ အကျိုးဆက်တစ်ခုအတွက်အလည်း ခိုင်လုံသော အကြောင်းအရာ တစ်ခုတော့ ရှိနေဖို့ လိုပါလိ့မ်မယ်..။ ဒါဟာ ငြင်းဆန်မရတဲ့ လောကရဲ့ နိယာမတစ်ခုပါပဲ..။ သို့သော် တစ်ခါတစ်လေတွေ ထိုကဲ့သို့ အကြောင်းအကျိုး ဆက်စပ်လို့မရသော အခြေအနေများလည်း ရှိလာနိုင်ကြောင်းကိုမူ သူတို့ မြို့ခံတွေအနေနဲ့ ယခုမှသာ နောက်ကျစွာ သိမြင်ခဲ့ရပြီ ဖြစ်ပါတယ်…။
အတိတ်ကို ပြန်ကောက်ရင်..။ သူတို့ရဲ့ လိုအပ်ချက်တွေ မသိနားမလည်မှုတွေကြောင့်ပဲ ဒီတံခါးဟာ ပေါ်ပေါက်ခဲ့ရပါသလော…? အခု ဒီတံခါးကြီး ပေါ်လာခြင်းဟာ သူတို့တွေအတွက် ကောင်းခြင်းကို ဖြစ်စေမည်လော..? သို့မဟုတ် ဆိုးရွားသော အခြေအနေတစ်ရပ်ကို သယ်ပိုးလာခြင်းလော..? မည်သူမျှ အတတ်မပြောနိုင်ကြပေ..။ သို့သော် သေချာတာတစ်ခုတော့ရှိသည်။ လတ်တလော ထိုတံခါးကြီး ရုတ်တရက်ပေါ်ပေါက်လာသောကြောင့် သူတို့ရဲ့ အလုပ်အကိုင်များ၊ ပတ်ဝန်းကျင်မြို့များနှင့် ဆက်ဆံသွားလာမှုများ၊ တိုးတက်အောင်မြင်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လို အပ်သော ပညာရေးဆိုသည့် အလင်းတန်း တစ်ခုရရှိစေရေးအတွက် အခက်အခဲများကတော့ ကြုံတွေ့ရင်ဆိုင်လိုက်ကြရပြီ ဖြစ်ပါတယ်..။
Cateogry : Essay | 27 Comments






