မိုးစက်ကြွေ
နိဒါန်း
မိုးဖွဲများ ဖြေညှင်းစွာ စတင် ကျဆင်းလာပါတယ်…။
အခန်း (၁)
ညင်သာစွာ ဖြတ်သန်းတိုက်ခတ်လိုက်တဲ့ လေနုအေးတစ်ချက် အမှတ်တမဲ့ သူ့ရင်ခုန်သံအချို့ကို ကျီစယ်သွားပုံက မထေမဲ့မြင်နိုင်လှပါတယ်…။ သိစိတ်တစ်ဝက် မသိစိတ်တစ်ဝက်နဲ့ သတိထားမိတော့မှ သူ့ခြေလှမ်းတွေ အခန်းနဲ့အပြည့်တပ်ထားတဲ့ ပြတင်းပေါက်တွေဆီကို ဦးတည် နေကြောင်း သူ သတိထားမိလိုက်ပါတယ်…။
ခပ်ဟဟ ဖြစ်နေတဲ့ ပြတင်းပေါက်တံခါးကို သူဆွဲဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်…။ အဆုံးအစမဲ့စွာ တိုက်ခတ်လာတဲ့ လေပြေတစ်ချို့နဲ့ အတူ ပိုင်ရှင်မဲ့ မိုးစက်တွေ သူ့ရဲ့ပါးပြင်ပေါ်ကို အလုအယက်….။ သို့မဟုတ်….။ အားကိုးတကြီး လာရောက်ဖက်တွယ်ကြပါတယ်။ အင်းလေ….။ သူတို့လည်း ဒီလောက်အေးစက်နေတဲ့ အပြင်လောကမှာနေရတာ ချမ်းလောက်ရောပေါ့…။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အခုလိုပဲ နွေးထွေးတဲ့နေရာ တစ်ခုခု ကို ခိုနားရကောင်းရဲ့ဆိုပြီး မျှော်လင့်ဖူး….။ မျှော်လင့်ဖူးခဲ့ကြမှာပေါ့…။
မိုးစက်အချို့ ပြတင်းပေါက်ဘောင်တစ်လျှောက် ဟိုနား…။ နောက်…။ ဒီနား…။ စုစုဝေးဝေး….။ ပြန့်ကျဲလို့ နားနေကြလေရဲ့….။ ကောင်းကင်ခရီးကို ဖြတ်သန်း ပျံသန်းလာကြရတာ သူတို့အတွက် သိပ်ကိုမောပန်းသတဲ့လေ…။ တစ်နေ့တော့ မြေပြင်ခရီးကို ဖြတ်သန်းနေရတဲ့သူတွေ အကြောင်း သူတို့ကို ပြောပြရပါဦးမယ်…။ အဆင်ပြေမယ်ဆိုရင် သူတို့တွေရဲ့ ဖြတ်သန်းခဲ့တဲ့ ကောင်းကင်ပေါ်က အတွေ့အကြုံတွေကိုလည်း တတ်နိုင်သ လောက် တီးခေါက်ကြည့်ရပါဦးမယ်…။ ထားပါလေ…။ ကောင်းကင်ပေါ်ကို ရောက်ပါ့မလား..။ မရောက်နိုင်ဖူးလား ဆိုတာထက်…။ ဘာပဲဖြစ်ဖြစ် သိထားတော့ မကောင်းဘူးလားလေ…။
တကယ်တော့ ဒီမိုးစက်တွေဟာ မှားယွင်းသော ခိုလှုံရာကိုရှာခဲ့ကြတာပါ…။ အေးစက်မှုတွေနဲ့ စတင်ဖွဲ့တည်လာခဲ့တဲ့ သူတို့ဘ၀တွေ ဆက်လက် ရပ်တည်ဖို့အတွက်….။ ပျော်သည်ဖြစ်စေ မပျော်သည် ဖြစ်စေ…။ သူတို့ဟာ အဲ့ဒီ့အေးစက်မှုတွေ ကြားမှာပဲ ဆက်လက်နေထိုင်ဖို့ လိုပါလိ့မ်မယ်…။ နွေးထွေးမှုကို မိုက်မဲစွာ ရှာဖွေခဲ့တဲ မိုးစက်အချို့…။ သူတို့တောင့်တခဲ့ကြတဲ့ နွေးထွေးမှုကိုရတဲ့အခိုက်….။ မကြာခင်မှာပဲ ခြောက်ခမ်းကွယ်ပျောက် သွားကြလေရဲ့….။
တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ နွေးထွေးမှုကို အခုလိုမိုက်မဲစွာ ရှာဖွေ ခိုလှုံခဲ့ကြဖူးတဲ့ မိုးစက်တွေဟာ…။ အသစ်အသစ်သော နောင်ဖြစ်လာမယ့် မျိုး ဆက်သစ် မိုးစက်တွေအတွက် မဖြစ်မနေ သင်ယူစရာ သင်ခန်းစာ တစ်ခုများ ဖြစ်လာလေမလား….။
အခန်း (၂)
ညဥ့်သည် တဖြေးဖြေးချင်း အချိန်၏တိုက်စားခြင်းကို ခံတုရင်းဖြင့် ကျရှုံးလို့လာနေပါတယ်…။ တကယ်တော့ အလင်းရဲ့အင်အားကို တောင့်ခံနိုင်တဲ့ အမှောင်ဆိုတာ ဘယ်ရာဇ၀င်မှာမှ မရှိခဲ့ဖူးဘူးလေ…။ မိုးစက်တွေ….။ မိုးစက်တွေ….။ ဆက်လို့သာ ကြနေကြလေရဲ့…။ နီမြန်းနေတဲ့ ကောင်းကင် အောက်…။ မိုးစက်အချို့ လမ်းပျောက်နေကြတယ်…။ မိုးစက်အချို့ လမ်းဖောက်နေကြတယ်…။
မာကျူရီ မီးလုံးနားက ခရီးဆက်ခဲ့တဲ့ မိုးစက်အချို့က ၀ါဖန့်ဖန့်အရောင်တွေနဲ့…။ တံခါးပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုရဲ့ “ကြိုဆိုပါတယ်” ဆိုတဲ့ ဆိုင်း ဘုတ်မှာထွန်းထားတဲ့ အစိမ်းရောင် မီးသီးတွေနားက မိုးစက်အချို့ကတော့ ခပ်စိမ်းစိမ်း…။ ဘာပဲဖြစ်ဖြစ်လေ…။ ၀ါဖန့်ဖန့်အရောင်နဲ့ ခရီးဆက်သွား တဲ့ မိုးစက်တွေပဲ ဖြစ်ဖြစ်…။ အစိမ်းရောင်တွေနဲ့ ခရီးဆက်သွားတဲ့ မိုးစက်တွေပဲဖြစ်ဖြစ်…။ အနဲနဲ့အများတော့…။ ပိန်းပိတ်အောင် ကျယ်ပြောနေတဲ့ ကောင်းကင်အောက် ဘယ်သူမှ သတိမထားမိလိုက်ပဲ တိုးဝင်ပျောက်ကွယ်သွားကြတဲ့ မိုးစက်တွေထက်စာရင်တော့…။ အဲ့ဒီ့ မိုးစက်တွေထက် စာရင်တော့….။
လှပတဲ့ညတစ်ခုဖြစ်ဖို့အတွက်..။ တကယ်တမ်း…။ အမှောင်ဟာ ဓားစာခံတစ်ယောက်ပါ…။ တစ်ခါတစ်လေ မရေမတွက်နိုင်သော ကြယ်ရောင်စုံတွေ ရဲ့ အလှကို လူတွေချီးမွမ်း ထောပနာ ပြနိုင်ကြဖို့အတွက် အမှောင်ဟာ ဗီလိန်တစ်ယောက်အနေနဲ့ အသုံးတော်ခံပါတယ်…။ ဘာပဲပြောပြော အမှောင်ထဲမှာ ဘယ်သူမှသတိမထားမိလိုက်ပဲ ခရီးဆက်ရင်းပျောက်ကွယ်သွားတဲ့ မိုးစက်တွေဟာ အနဲဆုံးတော့ အခြားမိုးစက်တွေလို အရောင်တွေ အဆိုးမခံ လိုက်ရဖူးပေါ့လေ…။ ကံကောင်းပါစေ မိုးစက်တွေရေ….။
Cateogry : Essay | 19 Comments






