• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် သာမန်များ…

    February 17 , 2010 | 832 views

    ကျွန်တော်တို့သည် သာမန်နေ့ရက်တစ်ခုအဖြစ်…။ သာမန် မနက်ခင်းတစ်ခုတွင်…။ သာမန်လည်ပတ်နေသော သာမန် နာရီများနှင့်….။ သာမန် ပညတ်များကြားထဲ…။ သာမန်လူသားတစ်ယောက်အဖြစ်…။ တဖန်…။ သာမန် ပုံစံများအတိုင်း ပြန်လည်နိုးထလာခဲ့ကြ ပြန်လေသည်…။

    သာမန်သောက်နေကြ နွားနို့တစ်ခွက်သည်။ သာမန်ညှစ်နေကျ နွားမတစ်ကောင်ထံမှ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် ထိုသာမန်မဟုတ်သော သာမန် နွားနို့သည်..။ သာမန်အတိုင်း ညှီစိမ့်သော အနံ့အရသာ ရှိပါလိ့မ်မည်။ သာမန်အတိုင်း အလိုအလျှာက်ဟလာသော ပါးစပ်ပေါက်မှ တစ်ဆင့်..။ သာမန်အတိုင်း လည်ချောင်းအတွင်းသို့ စီးဝင်သွားသည်မှာ တကယ့် သာမန် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့၏ ခန္ဓာကိုယ်သည် သာမန်နေ့များလောက် နွားနို့ရဲ့ အဟာရကို လိုချင်မှ လိုပါလိ့မ်မည်။ သို့သော် သင်သည် သာမန်အတိုင်း Drill  တစ်ခုကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည် ဖြစ်စေ အလိုလျှောက်လုပ်နေမိကြောင်းကို သာမန်အားဖြင့် သိရှိမည်မဟုတ်ပေ..။

    သာမန်အတိုင်း ညှစ်လိုက်သော သင့်ရဲ့သွားတိုက်ဆေးဘူးသည် သင့်စိတ်ထဲတွင် ဘာမှ ထူးခြားမနေသော်လည်း…။ မနေ့က တိုက်ခဲ့သောသင့်ရဲ့ သွားတိုက်ဆေးဘူးထက် အနဲငယ် ကိုယ်အလေးချိန်ကျသွားကြောင်းကို သာမန်အားဖြင့် သင် သတိထားမိမည် မဟုတ်ပါ။ သင်သည် သာမန်အတိုင်း ပင် ရေချိုးခန်းရဲ့ နံရံမှာ ကပ်ထားသော မှန်အား ကြည့်ပေလိ့မ်မည်။ ထိုအခါ…။ ထိုမှန်သည် သင် ယခင်နေ့က အသုံးပြုခဲ့သော မှန်ထက် သာမန် အတိုင်း အနဲငယ် မှုန်ဝါးလာကြောင်း…။ သင့်ရဲ့ ဆံပင်များသည် သာမန်ထက် အနဲငယ်ပိုရှည်လာကြောင်း..။ သင့်ရဲ့ အရေပြားများသည် သာမန် အတိုင်း တစ်နေ့ထက်တစ်နေ့ တွန့်ကြေလာကြောင်း..။ သင့်ရဲ့ သက်တမ်းသည် သာမန်အတိုင်း ပိုမိုအိုမင်းလာကြောင်း…။ စသည့် သာမန်ပေါင်း များစွာအား..။ သာမန်အားဖြင့်…။ သင် လျှစ်လျှူ ရှုလိုက်ခြင်းမှာ သာမန်နေ့ရက်တစ်ခုရဲ့ သာမန်ရိုးကျ အစတစ်ခုပင် ဖြစ်သည်။

    သာမန်မနက်ခင်းတစ်ခုတွင်..။ သာမန်ပဲပြုတ်သည်တစ်ယောက်သည်…။ သာမန်အော်နေကြအတိုင်းအော်ကာ လှည့်လည်ရောင်းချနေနိုင်ပါသည်..။ သို့သော် ပဲပြတ်ရဲ့ ဈေးကတော့ မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှ ဖြစ်ပါလိ့မ်မယ်..။ ထိုနည်းတူ ထိုပဲပြုတ်သည်ရဲ့တောင်းထဲက ပဲပြုတ်တွေသည် မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှလည်း ဖြစ်ပါလိ့မ်မယ်…။ ပဲပြုတ်သည် ဆိုသော ပညတ်သည် သာမန် ဖြစ်သည်…။ သို့သော် ထိုပဲပြုတ်ကို ရောင်းသော သူရဲ့ မျှော်လင့်ချက်သည် မနေ့ကအတိုင်း သာမန် ဟုတ်ချင်မှ ဟုတ်ပါလိ့မ်မယ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်)..။ ထို့အတူ ပတ်ဝန်းကျင်သည် သာမန် မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) လေထုသည် သာမန်မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) ယဉ်ကျေးမှု သည် သာမန်မဟုတ် (မနေ့ကထက်ပို ညစ်ညမ်းလာပါတယ်)… ထို့ကြောင့် ယနေ့သာမန်များသည် သာမန် အားဖြင့် မနေ့က သာမန်များနှင့် တူသယောင်ယောင်ရှိသော်လည်း သာမန်အတိုင်း မနေ့က သာမန်များ မဟုတ်ကြတော့သည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်ပါသည်။

    Company ပေါင်းမြောက်များစွာကို သာမန်မဟုတ်သောနည်းလမ်းများဖြင့် ပိုင်ဆိုင်ထားသော သာမန်သူဌေးဟု သူ့ကိုသူထင်နေသော သူဌေးတစ်ယောက်၏ သာမန်အသုံးစရိတ်သည် သာမန်လူတန်းစား မိသားစု ပေါင်းများစွာ၏ သာမန်ရိုးကျ ရှာဖွေထားသော ငွေကြေးဥစ္စာတို့နှင့် သာမန်အတိုင်း အချိုးတူညီခြင်းမရှိသည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် ကျွန်တော်တို့ သာမန်အတိုင်း သတ်မှတ်လို့ ရနိုင်မည် မထင်။ ငွေစက္ကူသည် သာမန်အရွယ်အစားအတိုင်းဖြစ်သည်။ ငွေစက္ကူသည် သာမန်အလေးချိန်အတိုင်း ဖြစ်သည်။ ငွေစက္ကူသည် သာမန်အတိုင်း စုတ်ပြဲလေ့ရှိသည်။ သို့သော ထိုငွေစက္ကူရဲ့ တန်ဖိုးသည် ထူးခြားစွာ သာမန်တန်ဖိုးအတိုင်း ဖြစ်မနေသည်မှာ သာမန်အတိုင်း ဟုတ်ပါလေစ..။

    သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် ကော်ဖီတစ်ခွက်သည်…။ သာမန်မိသားစုတစ်စုရဲ့ သာမန် ထမင်းဝိုင်းပေါင်း ၁၀၀ ဖြစ်နိုင်သည်။ သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် အနှိပ်ခန်းကြေးသည်..။ သာမန် မိသားစု တစ်စု၏ သာမန် ဒဏ်ကျေဆေးဘူးပေါင်း သိန်းနှင့် ချီကာ ညီမျှသည်။ သာမန်မဟုတ်သော ထိုသူဌေးရဲ့ Hammer တစ်စီးသည် သာမန် မိသားစု တစ်စုလုံးရဲ့ ဖင်နောက်မှီးတစ်ပိုင်းပြတ်နေသော ရာဘာဖိနပ် ပေါင်း သန်းနှင့်ချီကာ ညီမျှသည်။ သို့သော် ဘာမှမတတ်နိုင်သော သာမန်လူများဖြစ်ကြသည့် ကျွန်တော်တို့သည် သာမန်အတိုင်းပင် လက်ပိုက် ကြည့်နေသည်မှ လွဲကာ ဘာမှ မတတ်နိုင်ကြခြင်းမှာလည်း သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။

    သာမန်ကြွေကျသွားသော ပန်းတစ်ပွင့်၏ ဇာတ်သိမ်းသည်…။ သာမန် ကျွေကြသင့်သည့် ရာသီဥတုတစ်ခု မဟုတ်ခဲ့သည်မှာ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ သာမန်ရိုးကျ သတ်မှတ်နိုင်ရန် အတော်ပင် ခက်ခဲပေလိ့မ်မည်။ ထို ပန်းပွင့်လေးတစ်ပွင့်၏ အညှာတိုင်သည် သာမန် ပန်းပွင့်များကဲ့သို့ ရှိသင့်သော ခံနိုင်ရည် အရည်အချင်းမပြည့်မှီသို့လော…။ သို့မဟုတ်…။ သာမန် ပန်းပွင့်လေးများ တိုက်ခတ်ခံရလေ့ရှိသော သာမန် လေပြေတို့ထက် ပြင်းထန်သည့် သာမန်မဟုတ်သော လေပြေတို့ပိုမိုတိုက်ခတ်ခြင်း ခံရသို့လော…။ သို့မဟုတ်…။ ထိုပန်းပွင့်လေး၏ အလှသည် သာမန် ပန်းပွင့်များ၏ အလှထက် ပိုမိုထူးကဲ၍ သာမန်မဟုတ်ကာ လှပနေသောကြောင့် သာမန်မဟုတ်သော လက်များ၏ ခူးခြွေ ချနင်းခြင်း (သို့မဟုတ်) ပန်ဆင်ခြင်း ကို သာမန်အတိုင်း ခံလိုက်ရခြင်းလော…။ ဒီအရာတို့သည် သာမန်ဖြစ်စဉ်များပင်လော..။ သို့မဟုတ် သာမန် မဟုတ်သော ဖြစ်စဉ်များလော…။ သို့သော် ထိုပန်းပွင့်လေးသည် သာမန် အနိစ္စ တစ်ခုရဲ့ သဘောကို သာမန်အတိုင်းပင် ရိုးရိုးလေး သက်သေပြခဲ့ သည်။ သူသည် သာမန်ဖူးပွင့်ခဲ့သည်…။ ထို့နောက် သာမန် ကြွေလွင့်သွားခဲ့သည်။ သို့သော် သူ့ရဲ့ လှပချိန် (သို့မဟုတ်) လှပခွင့် သက်တမ်းသည် သာမန်အချိန်ကာလထက် တိုတောင်းခဲ့ခြင်းကို ကျွန်တော်တို့ မျက်စိစုံမှိတ်ကာ သာမန် ဖြစ်ရပ်တစ်ခု အဖြစ်ပဲ သတ်မှတ်လိုက်ကြပါစို့…။

    (more…)

    Cateogry : Essay | 10 Comments