သွေးပူ…
အဟမ်း..။ အဟမ်း…။ စပွားပါမယ်…။
စိတ်ထဲရှိတာတွေ လျှောက်ပြောချင်လို့ရေးတာပါ..။ ဘာအကျိုးမှ ရှိနိုင်မည် မဟုတ်ကြောင်း ကိုတော့ အတိအကျ အာမခံပါတယ် ..။
ယုံချင်မှတော့ ယုံကြပါလိ့မ်မယ်…။ ကျွန်တော် ကိုယ့်ဘလော့ကို ကိုယ်တိုင် ဖွင့်မကြည့်တာ ၂ လကျော်သွားပါပြီ ။ ဘာကြောင့်ဖွင့်မကြည့် မိတာလည်း ဆိုတာကတော့ အကြောင်းမျိုးမျိုးကြောင့် ဖြစ်နိုင်သလို..။ ကျွန်တော် ကိုယ်တိုင်လည်း ဘာကြောင့်မှန်း တစ်ကယ်မသိနိုင်တာ ဖြစ်ကောင်းဖြစ်ပါ လိ့မ်မယ်..။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော် စာတွေရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ ကျွန်တော့်ဘလော့ကို ဘယ်တုန်းကမှ မပိတ်ခဲ့ပါဘူး…။ ဘာလို့လဲဆိုတော့…။ ကျွန်တော်ဟာ ဘယ်တော့မှ ကျွန်တော့် ဘလော့ဆိုတာကို ဖဲကြိုးဖြတ်ပြီး မဖွင့်လှစ်ခဲ့လို့ပဲ ဖြစ်ပါတယ်…။
ဘာတွေလုပ်နေလဲ..? ဘယ်တွေပျောက်နေလဲ…? ဘယ်သူမှမမေးပေမယ့်…? ကိုယ့်ကိုယ်ကို နာမည်ကြီး လူသိများပြီးတော့ လူတွေ စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ပုံစံဖမ်းပြီး ပြောကြည့်ချင်ပါတယ်..။ အကြောင်းကတော့ ကျွန်တော် လိုင်းပြောင်းသွား (တစ်မျိုးမထင်ကြပါကုန်) လို့ပါ..။ အမှန်က လိုင်းကြောင်သွားတယ်လို့ ပြောလည်း ရပါတယ်..။ ကျွန်တော် အခု အုန်းသီးတစ်လုံးရထားပါတယ်..။ နေ့နေ့ညည ကျွန်တော် အဲ့ဒီ့ အုန်းသီးကို ကိုင်ကာ ဖင်တစ်ပြန်ခေါင်းတစ်ပြန်လေ့လာနေပါတယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ၀ါသနာတစ်ပင်ကနေ အခြားတစ်ပင်ကို ခဏခဏခုန်ကူးတတ်တဲ့ မျောက်တစ်ကောင်မို့ပါ..။
အရာရာကို စိတ်ဝင်စားလွယ်တယ်…။ လေ့လာလွယ်တယ်…။ တတ်မြောက်လွယ်တယ်…။ ကျွမ်းကျင်လွယ်တယ်…။ ဒါပေမယ့်….။ ငြီးငွေ့လည်း လွယ်တတ်ပါတယ်…။ ဒါပေမယ့် ကျွန်တော့်ဘ၀တစ်လျှောက်မှာ ကျွန်တော် ဘယ်တုန်းကမှ ငြီးငွေ့မသွားတဲ့ အရာတွေ…။ ကျွန်တော့်ဘ၀ထဲက ဘယ်လိုမှ ထုတ်ပြစ်လို့မရနိုင် တဲ့အရာတွေကတော့ အများကြီးရှိပါတယ်…။ Romantic ဆန်ဆန်တွေ…။ နက်နက်နဲနဲတွေ မတွေးကြပါနဲ့..။ ကျွန်တော် အအိပ်၊အစားနဲ့ ဆေးလိပ်ကိုတော့ ဘယ်တုန်းကမှ မငြီးငွေ့ခဲ့ပါဘူး…။ အနှုတ် ၂၀ လောက်ရောက်နေတဲ့ နှင်းတောထဲမှာ ဘောလုံးကန်ရဲ လောက်တဲ့ သတ္တိမရှိတဲ့ ကျွန်တော်…။ အခုဆိုပေါင်ချိန်က ၁၅၀ ကျော်စပြုလာပါပြီ…။
အခုဆို ပထမနှစ်ဝက်စာမေးပွဲပြီးလို့ ဒုတိယနှစ်ဝက် ပြန်စနေပါပြီ..။ ကျွန်တော်လည်း ကျောင်းသားတစ်ယောက် ဘ၀ကနေပြီးတော့ မကြာတော့တဲ့ ကာလမှာ ရရှိတော့မယ့် မဟာဘွဲ့အတွက် စာတမ်းပြုစုနေရတဲ့ လူတစ်ယောက်အဖြစ်သို့ စတင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်..။ တကယ်ကို အချိန်တွေက အကုန်အမြန်လှပါတယ်…။ ကျွန်တော်တို့တွေ တကယ်ပဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြတာ သိပ်ကို သိသာလွန်းပါတယ်…။
ကျွန်တော့်ကို ရင်းနှီးတဲ့သူတွေက စာမရေးတော့ဘူးလားလို့မေးကြပါတယ်…။ တကယ်ဆို ဒီမေးခွန်းကို ကျွန်တော်ဖြေစရာ မလိုလှဘူး ထင်ပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်မှ စာရေးဆရာ တစ်ယောာက် မဟုတ်ခဲ့တာပဲ…။ ကျွန်တော် ဖန်တီးခဲ့တဲ့ Website တွေက ညီအစ်ကို မောင်နှစ်မတွေက မေတ္တာပို့ကြတယ်..။ သူတို့ တောင်းထားတဲ့ အကူအညီတွေ မပေးတော့ဘူးလားတဲ့…။ ကျွန်တော် တကယ်ပဲ မသိချင်ယောင် ဆောင် နေမိ ခဲ့တယ်…။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းအရင်းတော့ ကျွန်တော် အပေါ်မှာပြောခဲ့သလိုပဲ မရေရာလှပါဘူး..။ လူမှုရေး ခံစားချက်တွေ လည်းနဲနဲပါတယ်..။ ကိုယ်ပိုင်ခံစားချက်တွေလည်း နဲနဲပါတယ် (များသောအားဖြင့်တော့ တော်ရုံတန်ရုံလောက်နဲ့ ကျွန်တော် ကိုယ်ပိုင်ခံစားချက်ကို သိပ်ပြီး ဦးစားပေး ရှေ့တန်း တင်လေ့မရှိပါဘူး..။) လူမှုရေးညံ့ဖျင်းသောကာ စကားအပြောအဆိုမတတ်သော (ကျွန်တော်ညံ့တာထက် ပိုညံ့ကြပါတယ်) လူတွေကြောင့် လည်း ပါမယ်ထင်ပါတယ်..။
ဒါပေမယ့် ဘယ်သူကမေးမေး…။ အားလားဆိုရင်တော့…။ လုံးဝပါပဲ…။ ကျွန်တော် မအားပါဘူး…။ ဘာလို့မအားတာလဲ…။ မအားချင်လို့ မအား တာပါ..။ ဘာလုပ်ရင်ကောင်းမလဲလို့ အချိန်နဲ့အမျှတွေးနေရတဲ့ အတွက် ကျွန်တော် မအားပါဘူး…။
“မင်းအနုပညာသမားစစ်တယ်ဆိုရင် မင်းရေးမယ့်စာတွေကို လေးလေးနက်နက်စောင့်ဖတ်နေမယ့် စာဖတ်ပရိတ်သတ်ကို မင်းလေးစားသင့်တယ်။” အဟမ်း အဟမ်း..။ ကိုယ့်ကိုယ်ကို ဆရာကြီးအထာနဲ့ မေးကြည့်လိုက်တော့ ..။ ကျွန်တော်ဆိုတဲ့ ငတိက မချိုမချဉ်မျက်နှာနဲ့ တစ်လုံးပဲ သူ့ကိုပြန်မေးမိတယ်…။ ကျွန်တော့်ကို အနုပညာသမားလို့ ခင်ဗျားကို ဘယ်သူကအချွန်နဲ့ မလိုက်တာလဲ…?
ဒီမေးခွန်းကို အတည်တကျမေးလာမယ်ဆိုရင် ..။ တစ်ကယ်လဲ ကျွန်တော့်မှာ ဖြေစရာမရှိပါဘူး..။ ကျွန်တော် ဘာလဲ..? အနုပညာသမားလား..? အင်ဂျင်နီယာလား…? စစ်သားလား…? ဓာတ်ပုံဆရာလား..? အားကစား သမားလား…? ကျွန်တော် ဘာလားမှ မဟုတ်ပါဘူး…။ ကျွန်တော်ဟာ ကျွန်တော်စစ်စစ်ဖြစ်ဖို့ ကြိုစားနေတဲ့ ကျွန်တော် မဖြစ်သေးတဲ့ ကျွန်တော် တစ်ယောက်ပါပဲ..။ ဒီ့ထက် ကျွန်တော့်မှာ ဘာမှ မပိုပါဘူး..။ ( တစ်ကယ်ပါ တစ်ခါတစ်လေ ကျွန်တော်လို့ ကိုယ့်ကိုယ်ကိုသုံးရတာတောင် မလုံမလဲ ဖြစ်မိတယ်..။ “တကယ်ရော မင်းကိုယ် တိုင်ဟုတ်ရဲ့လား? မင်းကိုယ်မင်း ပိုင်ရဲ့လား? ” လို့ အကြိမ်ကြိမ်တွေးမိပါတယ်..။)
အာ…။ မရဘူး..။ အမြှီးကဆွဲ…။ ခေါင်းကဆွဲ…။ လူမှန်ရင် (လူမှန်မှန်၊ မမှန်မှန် လူတွေနဲ့မလွတ်ကင်းနိုင်သေးရင်၊ လူလို့သူတို့ကိုယ် သူတို့သတ်မှတ်ထားတဲ့ လူတွေရဲ့ အသိုင်းအ၀ိုင်းထဲမှာ နေနေသေးတယ်ဆိုရင်) တော့ အကြောင်းပြချက်တစ်ခုပေး..။ ဒါပဲ…။
Cateogry : Personal | 19 Comments






