April 9 , 2009 | 1,288 views

နိဒါန်း

အမှန်တရားဆိုသည် တစ်ခါတစ်ရံတွင် မည်သို့သောအရာကို ခေါ်ကြောင်း…။ မည်သို့သော် စံသတ်မှတ်ချက်ဖြင့် သတ်မှတ်ကြောင်း…။ မည်သို့သော အချက်အလက်များဖြင့် တည်ဆောက်ကြောင်း…. သူ သိချင်လှသည်…။ ” ဒီအချိန်ဟာ ည” ဟုပြောလျှင် သူရပ်တည်ရာ ဒေသနှင့် အချိန် ၊ နေရာမတူ  သော အခြားကမ္ဘာတစ်ဘက်ခြမ်းမှ လူများက သူ့အား “မဟုတ်ဘူး နေ့ကွ” လို့ ပြန်ပြောကြမည်မှာ အသေအချာပင်ဖြစ်သည်..။ ထိုသို့ဆိုလျှင် အမှန်တရားဟူသည် ကာလံဒေသံ ဆိုသည့် အချိန်နှင့် နေရာအပေါ်တွင်လိုက်၍ ပြောင်းလဲခြင်း သဘောများ ရှိလေသလော…? ကမ္ဘာ့ရှေးဟောင်း တွေးခေါ်ပညာရှင်များ၏ ကမ္ဘာဗဟိုပြု လည်ပတ်မှုသည် ကိုပါးနိကပ်၏ အချိန်သို့ရောက်လာသောအခါ အားလုံး ဇောက်ထိုးမိုး မျှော် ဖြစ်ခဲ့ကြရလေသည်။

လူတစ်ယောက်၏ ဘ၀တွင် မကြာခဏဆိုသလို အခြေအနေနှစ်ရပ်ကြားတွင် ရွေးချယ်ရခက် ဖြေရှင်းရခက်သော အခြေအနေများနှင့် ကြုံတွေ့ရလေ့ ရှိတာ အဆန်းတစ်ခုတော့ မဟုတ်ခဲ့ပါ..။ အမှားနှင့် အမှန်…။ အကောင်းနှင့်အဆိုး…။ ကိုယ်စီပြဌာန်းချက်များ သီးသန့်ရှိနေတတ်ကြပါတယ်…။ ဒါ ပေမယ့် လူတစ်ယောက်ဟာ ဒီလိုဆန့်ကျင်ဘက်နှစ်ခုရဲ့ ကြားမှာ ညပ်နေခြင်းဟာ သေသေချာချာပြန်စဉ်းစားကြည့်မယ်ဆိုရင် နောက်ထပ်လာမယ့် အခြေအနေတစ်ခုထက်စာရင် အများကြီးခံသာနေသေးပါတယ်…။ နောက်ထပ်လာမယ့် အခြေအနေဆိုတာ???? ဒီလို အမှန်အမှား ဝေခွဲဆုံးဖြတ်ရ တာ ထက်ပဲ ခက်ခဲတဲ့ အခြေအနေဆိုတာရှိနိုင်သေးလို့လား…? ရှိပါတယ်…။ အတိအကျကိုရှိနေပါတယ်…။ အဲ့ဒါကတော့ အမှန်တရား နှစ်ခုကြား မှာ ရွေးချယ်ရခြင်း Jeopardize ဖြစ်ခြင်းပဲ ဖြစ်ပါတယ်…။

လူတစ်ယောက်ဟာ အမှန်နှင့်အမှား၊ အကောင်းနဲ့အဆိုး ရွေးကြစတမ်းဆို မည်သူမဆို အမှန်ဘက်ကို ရွေးချယ်ကြမှာပါပဲ…။ ဒါဟာသိပ်ရိုးရှင်းပါ တယ်..။ သို့သော် အမှန်နှင့် အမှန်ကြားသို့ မထင်မှတ်ပဲ ကျွန်တော်တို့ ရောက်ရှိသွားကြသော အချိန်တွင်မူ…..။

အခန်း (၁)

“ရှင်ဘယ်တော့ ကျွန်မဆီ ငွေလွှဲမှာလဲ…? ဒီမှာ ကလေးတွေအတွက် ကျောင်းစရိတ်၊ ကျူရှင်စားရိတ်တွေ…အိမ်လခတွေက ရှင်းရတော့မယ်…။ ကုန်ဈေးနှုန်းတွေ ကလည်း ရှင်သိတဲ့အတိုင်းပဲ…။ အဲ့ဒါ လွှဲမယ်ဆိုရင် ဒေါ်လာဈေးလေးကောင်းတုန်း မြန်မြန်လွှဲဦး…”

Gtalk ခေါ် ခေတ်သစ် ဆက်သွယ်ရေး အချက်အချာနေရာတစ်ခုသူ ခြေချလျှင် ခြချင်းတစ်ဘက်မှ အဆက်မပြတ်ဝင်ရောက်လာသော ထိုးဖောက် တိုက်စစ်များကြောင့် သူဘာပြန်ပြောရမှန်းပင်မသိဖြစ်သွားပါတယ်….။

“ဟ…။ မင်းကလွန်လွန်းပြီထင်တယ်ကွာ…။ ငါဒီမှာ ပိုက်ဆံကို တွင်းထဲက နှိုက်ထုတ်ပြီးပေးနေတာမဟုတ်ဘူးကွ…။ သူများနိုင်ငံ…။ သူများလူမျိုး လက်အောက်မှာ ကျွဲလို၊ နွားလို ရုန်းကန်ပြီး ရှာဖွေနေရတာ…။”

“အိုး…။ ဒါကတော့ ရှင်က ယောက်ျားလေ၊ အိမ်ထောင်ဦးစီးလေ…။ ကိုယ့်မိသားစုကောင်းစားဖို့ ကြီးပွားတိုးတက်ဖို့အတွက် ကြိုးစားရမှာ ရှင့်တာဝန် ပဲ မဟုတ်ဘူးလား..။ ဒါဆိုရင် ရှင်ဘာလို့ မိန်းမယူထားသေးလဲ…?”

“မင်းလျှောက်မပြောနဲ့..။ ငါမင်းတို့ကို တာဝန်မယူချင်ရင် အစကတည်းက အခုလို ရေခြားမြေခြားကို ဒုက္ခခံပြီးလာနေစရာတောင်မလိုဘူး..။ အဲ့ဒါကို မင်းနားလည်…။ ငါအခုပြောနေတယ်ဆိုတာက မင်းကို အတိုင်းအတာလေးနဲ့ ချင့်ချင့်ချိန်ချိန် သုံးဖို့စွဲဖို့ ပြောနေတာ..။”

“ရှင်က ကျွန်မကိုအဲ့လို ပြောရအောင် ကျွန်မကဘာတွေလုပ်နေလို့လဲ…။ ရှင် တာဝန်မယူချင်တိုင်း ကျွန်မကိုလာမစွတ်စွဲနဲ့…”

“တောက်….။ မင်းကွာ..။ မင်းမို့အဲ့ဒီ့စကားပြောထွက်တယ်…။ ငါဒီမှာ အနှစ်နှစ်အလလ ကျွန်ခံပြီးရှာဖွေပေးခဲ့တဲ့ ငွေတွေမင်းဘာလုပ်ပြစ်လဲ မင်းသိတယ်..။ နှစ်လုံးဆိုလဲ မင်းပါတယ်…။ သုံးလုံးဆိုလဲ မင်းမလွတ်ဘူး…။ မင်းဘယ်လောက် ရှုံးခဲ့လဲဆိုတာမင်းအသိဆုံး…။ မင်းသာ လိမ္မာခဲ့မယ် ဆိုရင် အခုလိုအိမ်လခပေးနေဖို့မပြောနဲ့…။ ဒီအချိန်မှာ ငါပို့ပေးခဲ့တဲ့ ငွေနဲ့ ငါတို့မိသားစု ခြံနဲ့၊ ကားနဲ့ တင့်တင့်တယ်တယ်နေနိုင်နေပြီ…။ အခု မင်းကြည့်စမ်း…။ ငါ့မှာ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို ဖြစ်နေပြီ…။ ငါဒါတွေ ခဏခဏ ထပ်မပြောချင်ဘူးကွာ…။

“ဒါကတော့ ကျွန်မလဲ ကျွန်မနည်း ကျွန်မဟန်နဲ့ အဆင်ပြေမလားလို့ ကြိုးစားကြည့်တာပဲ…။ ကံကြမ္မာက မျက်နှာသာမပေးလို့ ဖြစ်သွားတာ ကျွန်မ လဲ ဘယ်တတ်နိုင်ပါ့မလဲ?”

“တော်စမ်းဘာကွာ…။ အေး ထပ်ပြောဦးမယ်..။ ငါရှာနေတဲ့ စီးပွားက ငါ့မိသားစုလေး သာယာဖို့..။ လူတန်းစေဖို့..။ လူအများကြားမျာ မျက်နှာမငယ် ပဲ တင့်တင့်တယ်တယ်လေး ဖြစ်ဖို့ရှာနေတာကွ…။ မင်းအမေတွေ..။ မင်းမောင်တွေ…။ ရှိရှိသမျှ မင်းအမျိုးတွေကို အိမ်ဦးခန်းတင်ပြီး ထမင်းကျွေး ထားဖို့မဟုတ်ဘူး…။ ငါဒီလိုပြောတော့…။ ငါလူမိုက်ဖြစ်ဦးမယ်..။ စေတနာမရှိဦးဖြစ်ဦးမယ်…။ အတိုင်းနဲ့အထွာနဲ့ မင်းမိသားစုကို မင်းထောက်ပံ့၊ မိဘကို ပြန်ကြည့်ရှုတာကို ငါမပြောလိုဘူး..။ အခုဟာက ရှိရှိသမျှ ချီးကအစ…။ သေးကအစ…။ တောက်…။ ငါမပြောလိုက်ချင်ဘူး…။ ပြီးရင်လဲ ကွယ်ရာကြ အပုပ်ချခံရသေး…။ ငါ့ဘ၀က “……သေးတယ်…….သေးတယ် ဆိုသလို ဖြစ်နေပြီ…။ မင်းကတော့ မင်းအမျိုးဆိုတော့ ဘယ်နာမလဲ..။ ကြာတော့ ဒီဒဏ်တွေ ငါမခံနိုင်တော့ဘူးကွ…။ မင်းတို့ သိပ်တရားလွန်ပြီ…။ ငါ့ကိုမကူညီရင်နေကြပါကွာ..။ တစ်မျိုးပြီး တစ်မျိုးစိတ်ဆင်းရဲအောင် တော့ မလုပ်ကြပါနဲ့…။ ငါတောင်းပန်ပါတယ်…။”

“ရှင်တရားလွန်လာပြီ..။ ကျွန်မမိဘတွေ…။ ဆွေမျိုးတွေကိုပါ ရှင်ကစွတ်စွဲတယ်ပေါ့လေ…”

“ဟူး…။ အေး…။ ပြောကွာ…။ ပြော….။ မင်းပဲပြောတော့…။ ငါမပြောတော့ဘူး….။ ငါ့သားသမီးလေးတွေ မျက်နှာသာမရှိခဲ့ရင် သိပ်ကောင်းမယ်ကွာ။ အခုတော့ ၀ဋ်ရှိသ၍ မင်းနဲ့ မင်းအမျိုးတွေ နှိပ်စက်သမျှ ၀န်ကိုထမ်းဖို့…။ ငါကျွန်သွားခံလိုက်ဦးမယ်..။ ဒါပဲကွာ…။ နောက်တစ်ခါအရေးအကြောင်း ရှိရင် ငါဖုန်းဆက်မယ်..။ အွန်လိုင်းလဲ လာမနေနဲ့တော့…။ မင်းလိုချင်တဲ့ ငွေ ငါပို့ပေးလိုက်မယ်….။ ဒါဆိုဖြစ်ပြီမလား..။ ပြန်တော့ကွာ….။”

“ဟူး…။”

သက်ပြင်းမောတစ်ခုနှင့်အတူ သူ စိတ်ပျက်လက်ပျက် ဆိုဖာပေါ်သို့ လှဲချလိုက်မိသည်…။

(more…)

Cateogry : Essay , Personal | 21 Comments
February 27 , 2009 | 1,075 views

အသံတွေဆူညံနေတယ်…။ ညီညီညာညာတော့ မဟုတ်..။ တစ်ယောက်ကိုတစ်မျိုး…။ တစ်ချို့ကြတော့လဲ တစ်ယောက်ထဲကိုက အပေါ်နှုတ်ခမ်း က တစ်သံ..။ အောက်နှုတ်ခမ်းက တစ်သံ…။ တစ်ယောက်ထဲအသံနှစ်မျိုးထွက်လို့…။ တစ်ချို့ကြတော့လည်း အသံတွေက ကာလံဒေသံလိုက်ပြီး ပြောင်းလဲ ကြလေရဲ့..။ ဘုရားပေါ်မှာ တတွတ်တွတ်ရွတ်ဆိုခဲ့တဲ့ ပါဌိစကားလုံးတွေဟာ…။ ခဏအကြာမှာတော့ သားသတ်ရုံတစ်ခုထဲက တိရစ္ဆာန် တွေရဲ့ အော်ဟစ် ငြီးတွားသံတွေနဲ့ လုံးထွေးသွားတယ်..။ အရှင်ဘုရား..။ ပရမတ်နဲ့ သစ္စာတရား (အမှန်တရား) ဆက်စပ်ရ ခက်လှပါလား အရှင် ဘုရား..။

ကာလအပေါ်လိုက်ပြီး ပြောင်းလဲသောအမှန်တရား…။ နေရာအပေါ်လိုက်ပြီးပြောင်းလဲသော အမှန်တရား..။ ရေကြည်ရာကို မြက်နုတတ်သော အမှန်တ ရား..။ ရေများရာ မိုးလိုက်ရွာကြသော အမှန်တရား…။ ဆန်အိုးထဲက အမှန်တရား…။ လေယာဉ်လတ်မှတ် တစ်ခုအပေါ်က အမှန်တရား…။ သင်ပုန်းကြီး ဖတ်စာအုပ်တစ်အုပ်ထဲက အမှန်တရား…။ ကြာကြာဝါးရင် ခါးတတ်သော အမှန်တရား…။ ဘောင်ခတ်ထားသော အမှန်တရား..။ နောက်ဆုံး…။ ကျည်ဆံ တစ်တောင့်ပေါ်က အမှန်တရား…။ ဒီလောက်အမှန်တရားတွေ မှိုလိုပေါက်အောင်များနေတဲ့ကြား…။ ငါတစ်ယောက်ထဲ လွတ်လွတ်လပ်လပ်မှားပါရစေ…။

အမှန်တရားဆိုတာ ဒလကအပြန် ရာဇသင်္ကြန်ရလာတဲ့ အသိတရားလား…? ဒီလူကြီး ဒီလောက်တော့ မပျော့ညံ့သင့်ဘူး..။ ရာဇသင်္ကြန်အကြောင်း ယုံကြည်ချက် တစ်ခုကြောင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေရင်း သက်သေပြသွားတဲ့ ဆိုကရေးတီး သာမြင်ရင် အူတက်အောင်ပဲ ရယ်လေ မလား..။ ရင်ဘတ်ကြီးနှစ်ခြမ်းပဲ ဗြမ်းဗြမ်းကွဲအောင် ငိုလေမလား..။ ဘာပဲပြောပြော ရာဇသင်္ကြန်ကတော့ ပြန်ပြီးကောင်းစားသွားတာပဲ…။ သနားတယ် ဆိုကရေးတီးရယ်…။ ဒီခေတ်ကြီးမှာ မင်းကိုလေးစားတဲ့သူထက် ရာဇသင်္ကြန်လမ်းစဉ်ကို လိုက်နေကြတဲ့သူက အဆမတန်သိပ်များ တယ်….။ မင်းမှ ရာဇသင်္ကြန်လောက် ဥာဏ်မရှိတာ….။ သေလေဦးပေါ့ ဆိုကရေးတီးရယ်…။ နောက်ထပ် ၅၄၉ ဘ၀လောက်…။

ဘ၀ကို နဖားကြိုးထိုးဖို့ ကြိုးစားကြ..။ ကံကြမ္မာကို လာဒ်ထိုးဖို့ကြိုးစားကြ…။ သုံးစားလို့မရတော့တဲ့ အတိတ်က မဖြစ်စလောက်အောင်  မြင်မှုတွေကို လူတွေရှေ့ ခဏခဏထုတ်ကြွားဖို့ ကြိုးစားကြ…။ ဘ၀တွေလွတ်မြောက်ရဖို့ ဆန္ဒတွေကို မီးလောင်တုန်းချနင်းကြ…။ ကိုယ်နာမည် ကောင်းရဖို့၊ အမြတ်ထွက်ဖို့အတွက် စုတ်ပြတ်နေတဲ့လူတွေရဲ့ ဘ၀တွေကို အသုံးချကြ…။ ဘုရားသခင်ပေးခဲ့တဲ့ လက်တွေကိုကို လက်ညိုးထိုးဖို့ တစ်ခုထဲအ တွက်သုံးဖို့ ကြိုးစားကြ…။ အပေါစား နားလည်မှုတွေ၊ စာနာဂရုစိုက်ခြင်း မုန်တိုင်းတွေနဲ့  ယိုင်နဲ့နဲ့ မျှော်လင့်ခြင်းအိမ်လေးတွေကို ရိုက်ချိုးကြ…။  လူတွေလည်း တစစနဲ့ အမျှ တောင်ခေါ်ဖို့ မတန်တော့ဘူး…။

ဒီခေါင်းထဲ ဘယ်လာက်ရိုက်သွားနိုင်မတဲ့လဲ မဟုတ်တမ်းတရားတွေ…။ ဒီဘက်နားက၀င် ဟိုဘက်နားက ထွက်…။ ငါ့ဝိဥာဉ်က အမှန်တရားတွေကိုပဲ စုပ်ယူထားလိမ့်မယ်…။ တစ်ခမ်းတစ်နားစိုက်ပျိုးထားတဲ့ ကျဉ်းကျဉ်းကြပ်ကြပ် ကြယ်ငါးပွင့်ဟိုတယ်ထဲက သစ်တစ်ပင်ထက်..။ လွင်ပြင်တွေပေါ် လွတ်လပ်စွာ ရှင်သန်နေတဲ့ မြက်ရိုင်းတွေကို ငါဦးညွတ်တယ်…။ တစ်ခုပေးမှ တစ်ခုယူ ဒီလောကကြီးထဲ ငါလဲဘာမှမလိုချင်ဘူး..။ ငါ့ဆီကလဲ ဘာမှမ မျှော်လင့်ကြလေနဲ့…။ အဆက်မပြတ်ရွာချနေတဲ့ မိုးခါးတွေထဲ…။ ငါရော ဘယ်လောက်အထိ ရေအငတ်ခံနိုင်မလဲ…? ခင်ဗျားရော ဘယ်လောက် ချုပ်တည်းနိုင်မလဲ…?

နာကြည်းချက်တွေလား…? ခံစားခဲ့ရတာတွေလား….? လာမပြောပါနဲ့…။ အများကြီးတော့မပြောချင်ဘူး…။ ဒါတွေဟာ တစ်ယောက်ထဲ ဖြစ်နေတာ မဟုတ်ဘူးဆိုတာသိရင် ခရီးဆက်လို့ရပြီ..။ တစ်ခါတစ်လေ နောက်တစ်လှမ်းစုတ်တာကို အရှုံးပေးတယ်လို့ မထင်မိဖို့တော့လိုတာပေါ့…။ နောက်ဆုံးတစ်ခုတော့ပြောမယ်….။ မျည်ရည်ဆိုတာ မခံချင်စိတ်ဆိုတဲ့ ယန္တာရားတစ်ခုကိုလည်ပတ်စေတဲ့ လောင်စာပါပဲ..။ မလိုအပ်ရင် အပြင် မထွက်စေနဲ့…။ ကိုယ်စီဘ၀တွေထဲ သေသေချာချာသိမ်းထား..။ တကယ်တမ်း ပြင်းပြင်းထန်ထန်ရုန်းတဲ့အခါ လောင်စာတွေ အပြည့်အ၀ရှိဖို့ လိုမယ်လေ…။

P.S- ကျွန်တော်တို့ ဘ၀တွေထဲက ရဲရဲရင့်ရင့်ကျရှုံးခဲ့ခြင်းတွေဟာ အပေါစားအောင်မြင်မှုတွေထက် အများကြီး မြင့်မြတ်ကြပါတယ်…။

Cateogry : Essay | 19 Comments
December 21 , 2008 | 781 views

အခန်း(၁)

ငါ့ကို ခဏလောက်တော့
စစ်ပြင်ဆင်ခွင့်ပေးပါ
နှလုံးသား စစ်မြေပြင်မှာ
ပိုးစိုးပက်စက် ငါကျရှုံးချင်လို့…။
BLACK DREAM

သူမရဲ့စကားတွေ နားထောင်ရင်း သူရင်တွေ တဖြေးဖြေးပိုခုန်လာခဲ့သည်။ သူအချိန်ကာလ ကြာရှည်စွာစောင့် စား ခဲ့ရတဲ့အချိန်တစ်ခု သူ့ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုမြိုက်ရောက်ရှိနေပြီ ဆိုတဲ့အသိက သူ့ရဲ့အတွေးတွေကို အတော်လေးကို နေမထိထိုင်မသာ ဖြစ်စေခဲ့ပါတယ်…။ လက်ထဲမှာကိုင်ထားတဲ့ Hand Phone ကိုသူကျစ်ကျစ်ပါ အောင်ဆုပ်ထားပုံမှာ မသိပါက နားထဲသို့ထို Hand Phone အား, အလုံးလိုက်ထိုးသွင်းတော့မဲ့ ပုံပါပဲ…။ တစ် ဘက်မှ တစ်လုံးခြင်းပြောနေတဲ့ သူမရဲ့စကားသံတွေကို နားထောင်ရင်း ဖုန်းကိုင်ထားတဲ့လက်ရော ကျန်နေတဲ့ အခြား လက်တစ်ဘက်ရော လက်နှစ်ဘက်စလုံးမှာ ဇောချွေးတွေ ပြန်နေပြီဆိုဆိုတာ သူအသေအချာကို သတိထားမိ လိုက်ပါတယ်…။

“မြတ်သော် နင်…ငါပြောနေတာတွေကို သေသေချာချာကြားရဲ့လား…?”

တစ်ဘက်မှ စကားသံကိုကြားလိုက်မှ သူ့အတွေးတွေ ပြတ်တောက်သွားပြီး မိမိခန္ဓာကိုယ်ကို ရှုနေတဲ့ တရားတွေ သူမထံကို ပြန်လည်ရောက်ရှိသွားပါတယ်….။

“သြော်…အင်း…။ ကြားပါတယ် မေနှင်းစက်…။ ငါကြားပါတယ်…။ သေသေချာချာလဲ နားထောင်နေပါတယ်”

သူအလန့်တကြား ကမန်းကတမ်း ပြန်ဖြေလိုက်ပါတယ်…။

“အေး ကြားရင်ပြီးရော…။ သေသေချာချာနားထောင်…။ ငါနှစ်ခါထပ်မပြောဘူးနော်…။”

ထုံးစံအတိုင်းပါပဲ သူမရဲ့ အမိန့်ပေးသံတွေက အဆက်မပြတ် မြတ်သော်ပေါ်ကျရောက်လို့သာ နေပါတယ်…။ သူ ကလည်းသူပဲလေ…။ သူမရဲ့နှုတ်ခမ်းကထွက်တဲ့ စကားဆို မြေ၀ယ်မကျ နားထောင် တတ်ပုံများ…။ မိဘတွေသာသိရင် ရင်ကျိုးလောက်တယ်…။ ဒီလောက် အလျော့ပေး သီးခံနေတဲ့ သူ့ကို သူမကအမြဲတမ်း အနိုင်ကျင့်၊ အထက်စီးက ဆက်ဆံခဲ့တာလည်း တကယ် တမ်းဆို ဆန်းတော့ မဆန်းလောက်ပါဘူး…။

“အေးပါဟာ…ငါနင့်စကားဆို အမြဲတမ်း အလေးအနက်ထားနားထောင်ခဲ့တယ်ဆိုတာ နင်သိပါတယ်…။ အထူးသဖြင့် အခုလိုငါ့ဘ၀အတွက်အရေးကြီးတဲ့ စကားမျိုးပြောမယ့် အချိန်မျိုးမှာ ငါဘယ်လောက်ထိ နင့်စကားသံတွေကို အာရုံစိုက်တန်ဖိုးထားနေမယ်ဆိုတာ နင်သိသင့် ပါတယ်….။”

“တော်…တိတ်…။ စကားကြောလာမရှည်နဲ့…။ ငါပြောတာပဲနားထောင်….။”

“အင့်…။ အေးပါ..။ ဟုတ်ပါပြီ…။ ပြောမှာသာ ပြောပါဟာ…။ ငါဒီမှာ ရင်တွေခုန်လွန်းလို့ သေတော့မယ်….။”

“အေး.. ဒါဆိုပြောမယ်.။ နင်နဲ့ငါနဲ့ အလောင်းအစားတစ်ခုလုပ်မယ် နင်နိုင်ရင် နင်လိုချင်တဲ့ အဖြေကိုငါပေးမယ်။ ငါနိုင်ရင် နင်တောင်းထားတဲ့ အဖြေကို ပြန်ရုပ်သိမ်းပေးရမယ်….။ ဘယ်လိုလဲ…?”

“ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!!!”

မြတ်သော် အလန့်တကြား ထအော်မိပါတယ်…။ သူမျှော်လင့်ထားတာက ဒီစကား မဟုတ်ဘူး လေ…။ ဒီစကားအတွက်ဆို သူဒီလောက်ရင်ခုန်နေစရာမှ မလိုတာ…။ တော်တော်လည်း ကျွဲမြှီးတိုသွားပါတယ်….။ ဒါသူ့ကို သက်သက် ပညာပြတာပဲ…။ ဒီအခြေအနေအထိ ရောက် အောင် ဆွဲခေါ်လာပြီး …။ အနားရောက်မှ ကပ်ဖြုတ်တာပဲ …။ သူတစ်ယောက်ထဲ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်ခါနေပါတော့တယ်….။

“နင်ငါ့ကို မအော်ပါနဲ့….။ အခုလိုအချိန်ကတည်းက နင်ကငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံနေရင် ငါနင့်ကိုငါ့ဘ၀ အ တွက် ဘယ်လိုယုံကြည်ရမလဲ…။ ဘယ်လိုအားကိုးရမလဲ…။” (more…)

Cateogry : Essay | 16 Comments