Black Dream » freedom

အိမ်ပြန်ချိန်….
အသံတွေ ကြားနေရပြီ…။

ဟိုနားမှာလည်း တိုးတိုးတိတ်တိတ်…။ ဒီနားမှာလည်း တိုးတိုးတိတ်တိတ်…။ တိုးတိုးတိတ်တိတ်တွေများလာတော့ အချို့ကို ရိုးရိုးရိပ်ရိပ် မြင်လာရသည်။ အချို့တွေ စိုးစိုးထိတ်ထိတ် ရင်ခုန်ကြသည်…။ အချို့တွေ တိတ်တိတ်ဆိတ်ဆိတ် မျှော်နေမိကြသည်…။

သူလည်း မျှော်နေမိသည်…။

တစ်ချိန်က မတွေ့ဖြစ်ခဲ့သည် ရက်တွေကို လက်ချိုးရေတွက်ခဲ့ဖူးသည်..။ တစ်ရက်…။ နှစ်ရက်…။ တစ်လ..။ နှစ်လ…။ ကြာလာတော့ သူ့လက်တွေ ဆက်လက် ရေတွက်ဖို့အတွက် အားအင်တွေ မဲ့လာခဲ့သည်..။ ကွေးလိုက်ဆန့်လိုက် သူ့လက်ချောင်းများ အကြိမ်ရေ ဘယ်နှစ်သန်းလောက်များ မျှော်လင့်ခဲ့ ပြီးပြီလဲ…။ မမှတ်မိတော့ပေ…။ သေချာတာတစ်ခုကတော့ သူအင်အားရှိသမျှ…။ တစ်နည်းအားဖြင့် မျှော်လင့်ချက်တွေ ခွန်အားရှိသမျှ ရေတွက်ခဲ့ဖူးသည်…။ အချိန်တွေ ကြာလာခဲ့သည် …။ မျှော်လင့်ချက်တွေ ယိုင်နဲ့လာခဲ့သည်…။ ယုံကြည်ချက်တွေ ချိနဲ့စ ပြုလာခဲ့သည်…။ သူ့လက်ချောင်းတွေနဲ့ အတူပေါ့လေ…။

လူတွေက ပြောကြသည်…။ တစ်ယောက်တစ်မျိုးဖြစ်သည်…။ သို့သော်လူပေါင်းများလာသော အခါ…။ အမျိုးပေါင်းများလာခဲ့သည်…။ ဒီအရာသည် လောက၏ ဓမ္မတာများပေလော…။ တစ်ချို့က ပြောကြသည်…။ မှန်သည်…။ တစ်ချို့က နှာခေါင်းရှုံ့ကြသည်..။ သူ့စားရိတ်နဲ့သူပေါ့…။ သူသည် အမှန်ကိုလည်း လက်ခံနိုင်စွမ်းမရှိတော့သလို…။ အမှားကိုလဲ ကြားယူနိုင်စွမ်းမရှိတော့ပေ…။ ထင်ချင်သလို ထင်ကြပါစေ…။ ဒါတွေဟာ အပေါစား ဝတ္ထုတို တစ်ပုဒ်စာလောက်ပင် ရင်ခုန်စရာ ကောင်းလိ့မ်မည် မဟုတ်ပေ…။ တစ်ချို့ကို မကြားချင်ယောင် ဆောင်လိုက်သည်…။ တစ်ချို့ကို နားမဝင်သယောင် နေလိုက် သည်..။ ထင်မြင်ချက်သည်…။ ပြင်ဆင်ချက်မဟုတ်သောကြောင့်…။ ယုံကြည်ချက်သည်…။ ရှင်လျှက်နဲ့ မသေဖို့ လိုအပ်ပေလိ့မ်မည်…။

အတူရှိခဲ့ဖူးသော အချိန်များသည် ရုပ်ရှင် ပြကွက်တစ်ခုလို နုလုံးသားထဲမှာ အစီအရီပေါ်လာသော အခါ..။ မျက်လုံးအိမ်တို့ ရီဝေဝေ ဖြစ်ကောင်း ဖြစ်သွား ပါလိမ့်မည်…။ သို့သော် သူ့အတွက် ဒီအရာတို့သည် နှစ်ပေါင်းများစွာ နားယဉ်ခဲ့ပြီးဖြစ်သော ပုံပြင်ဟောင်းတစ်ပုဒ်သာ ဖြစ်ပါသည်..။ သို့သော် ပုံရိပ်တို့ သည် အရင်နေ့များထက် ဒီညတွင် ပို၍ပီပြင်လွန်းလှသည်…။ ပို၍လတ်ဆတ်လွန်းလှသည်…။ ပို၍ ရင်ခုန်ဖို့ကောင်းခဲ့သည်…။ မြန်မြန်ပြန်တွေ့ချင် လှပေပြီ..။

ဒီနှစ်ပေါင်းများစွာအတွင်း အိမ်ရှေ့တံခါးခေါက်သံကြားတိုင်း သူရင်ခုန်ခဲ့ဖူးသည်…။ သူများ ပြန်လာခဲ့လေသလား…။ အပြေးအလွှား တံခါးပြေးဖွင့်ခဲ့ရသော အကြိမ်ပေါင်းသည်…။ သူ့မျက်ဝန်းအတွင်းမှ စီးဆင်းခဲ့ဖူးသော မေတ္တာရေကြည်အပေါင်းနှင့် ထပ်တူကြပေလိ့မ်မည်…။ တံခါးခေါက်သံတို့ တဖန် ပြန်လည် တိုးလျသွားခဲ့သည်..။ သူ့ရဲ့ ခြေလှမ်းတွေလည်း တစ်ဖန် ပြန်လည် နှေးကွေးသွားခဲ့သည်…။ နှစ်တွေကြာခဲ့လေပြီ..။ ခြေလှမ်းတိုင်းတွင် စိုက်ဝင်ခဲ့သော မျှော်လင့်ခြင်းဆူးတို့သည် နုလုံးအိမ်အထိ ပြီတည်ခဲ့လေပြီ….။

တွေးရင်းတွေးရင်း ရင်မောလာသည်…။ သာမန်ထက် ပို၍တိတ်ဆိတ်လွန်းလှသော ဒီညတွင် တစ်ချက်တစ်ချက် လေတိုးသံ သဲ့သဲ့ကြားရသည်..။ အဝေးက ပြေးလာနေသော ခြေသံတစ်ခုလေများလား….။ သူ့နားထဲတွင် သဲ့သဲ့ကြားနေရသည်…။ ဆောင်းတွင်းလေသည် ဒီလိုပဲ စိတ်ကို ဂယောက်ဂယက် ဖြစ်စေတတ် ပေသည်..။

ကောင်းကင်တွင် လမင်းသည် အရှိန်ကောင်းကောင်း ထွန်းပလျှက်ရှိသည်…။ ကမ္ယာလူသားအပေါင်းတို့အား တတ်စွမ်းသမျှ အအေးဓာတ်ကို ပေးစွမ်းဖို့ ကြိုးစားနေခဲ့သည်…။ လူသားတို့သည် နေမင်း၏ အချိန်ကြာမြင့်စွာ လောင်ကျွမ်းခဲ့မှု၏ အောက်တွင် အချိန်ပေါင်းများစွာ …..။ ရက်ပေါင်းများစွာ…။ နှစ်ပေါင်း များစွာ ငိုကျွေးခဲ့ရပြီး ဖြစ်သည်…။

ဒီနေ့သည် လပြည့်နေ့ဖြစ်သည်…။ သီတင်းကျွတ် အခါသမယလည်းဖြစ်သည်…။ တစ်နည်းအားဖြင့်နေ့ထူးနေ့မြတ် ဖြစ်သည်..။ သားသမီးပေါင်းများ စွာသည် ကျူးလွန်ခဲ့ဖူးသော အပြစ်များအတွက်…။ အထူးတလည် ဝန်ချတောင်းပန်ရန်အတွက် မိဘတို့ထံ အပြေးအလွား ပြေးလာနေကြသည်…။ တပည့် အပေါင်းတို့သည်လည်း တစ်ချိန်က ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အထူးရည်ဆူး ကျေးဇူး ဆပ်ရန် ပြေးလာနေကြသည်..။

အသံတွေကြားနေပြီ…။

ဟိုနားမှာလည်း တိုးတိုးတိတ်တိတ်…။ ဒီနားမှာလည်း တိုးတိုးတိတ်တိတ်…။ တိုးတိုးတိတ်တိတ်တွေများလာတော့ အချို့ကို ရိုးရိုးရိပ်ရိပ် မြင်လာရသည်။ အချို့တွေ စိုးစိုးထိတ်ထိတ် ရင်ခုန်ကြသည်…။ အချို့တွေ တိတ်တိတ်ဆိတ်ဆိတ် မျှော်နေမိကြသည်…။

လေသံလိုလို သဲ့သဲ့ကြားမိသည်….။ တစ်ချိန်ကလိုပင် ဖြစ်လေမလား…။ သူဒီတစ်ခါတော့ မဝံ့မရဲ မျှော်လင့်မိသည်..။ လေသံတွေကို ပိုမိုပီပြင်လာသည်…။ သူ သေသေချာချာ ကြားနေရသည်…။ လေဟုန်ကို ခွင်းကာ … ။ အရှိန်ပြင်းပြင်းဖြင့် ပြေးလာသော ခြေသံတစ်စုံဖြစ်သည်…။ ဝေးကောင်း ဝေးပေလိမ့်ဉီးမည် ..။ သို့သော် သူ သေသေချာချာ ကြားနေရပြီဖြစ်သည်…။

သူလာနေပြီ…။ သူပြန်လာနေပေပြီ…။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော ကာလတို့ကို ကျော်ဖြတ်၍ သူပြန်လာနေပြီဖြစ်သည်…။ သူ့ကို ကန်တော့ဖို့ သူ ပြန်လာနေပြီ…။ ထိုကဲ့သို့ ဝပ်တွားဉီးညွတ်ကာ မိမိ၏ ခြေစုံအရင်းတွင် နဖူးတင်၍ ကန်တော့နေသော သူ့၏ ဆံနွယ်စများကို ယုယစွာ ပွတ်သပ်ပေးရင်း ဆုတွေပေးချင်နေပြီ…။ သူဖြတ်သန်းခဲ့ရသော ခက်ခဲသည့် အချိန်ကာလများတွင် ကုန်ခမ်းခဲ့သည် သူ့၏ မျှော်လင့်ချက်များနှင့် ယုံကြည်ချက်များအတွက် နားလည်မှု အပြည့်ရှိတဲ့ အပြုံးများဖြင့် အားပေးနှစ်သိ့မ်လိုလှပြီ….။

ခြေသံတွေ ပိုပြီးနီးလာလေပြီ…။

အိမ်ရှေ့တံခါးအား သူ ရင်ခုန်စွာ စူးစိုက်ကြည့်နေမိသည်…။ ဒီတစ်ခါ တံခါးလာခေါက်ပါက နှစ်ပေါင်းများစွာ သိမ်းဆည်းခဲ့ရသော မေတ္တာတို့၏ ရှိရှိသမျှ အဟုန်ဖြင့် တံခါးအားပြေးဖွင့်နိုင်ရန် သူပြင်ဆင်ထားသည်…။

သူတံခါးအား ဆူးစိုက်စွာ ကြည့်နေမိသည်…။

ခြေလှမ်းတို့သည် ပိုမို ကျယ်လောင်လာပြီဖြစ်သည်…။

တံခါးသည် သူ့အား စူးစိုက်စွာ ပြန်ကြည့်နေသည်…။

ခြေသံတွေ ပိုကျယ်လာသည်…။

ဒီအချိန်တွင် သူအကြားချင်ဆုံး စကားတစ်ခွန်းမှာ….

“သားပြန်လာပြီ အမေရေ…………”

P.S- ဒီနေ့သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်သည်။ မိဘကိုချစ်သော..။ မိဘကချစ်သော…။ တိုင်းပြည်ကိုချစ်သော…။ တိုင်းပြည်ကချစ်သော…။ သားကောင်း တပည့်အများအားလုံး ဒီနေ့ထူးနေ့မြတ်တွင် မိမိတို့၏ မိဘ ဆရာသမားများအား ဦးချ ကန်တော့ခွင့် ရကြလိမ့်မည်ဟု မျှော်လင့်ရင်း….။

ရိုးမ ဆည်းဆာ
နိဒါန်း

Check Mate သည် စစ်တုရင်ကစားဝိုင်းတစ်ခုအတွက် ဇာတ်သိမ်းကကွက် တစ်ခုဖြစ်သည်ဟု သင်အဆိုပြုမည်ဆိုပါက..။ Check Mate ဟူသော စကားလုံးသည် ထိုစကားလုံးဖြစ်ပေါ်လာဖို့ရန်အတွက် ကျဆုံးသွားခဲ့သည့် များစွာသော စစ်တုရင် တပ်သားများအားလုံးအား စစ်တုရင်ဘာသာ စကား ဖြင့် ” အလေးပြု” ဟု အမိန့်ပေးခြင်း ဖြစ်သည်ဟု သူ ပြန်ပြောဖြစ်မှာ သေချာပေသည်…။

အခန်း (၁)

“Love All…”

သူရော…။ စောအယ်ဒိုရော…။ အသံလာရာဆီသို့ ပြိုင်တူလှည့်ကြည့်လိုက်မိသည်…။

ဆည်းဆာသည် အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် အဆုံးမရှိသော ကဗျာတစ်ပုဒ်အား ရေးသားနေသည့်နှယ်…။ တစ်ချက်ချက် တောင်ကုန်းပေါ် ကို ဖြတ်သန်းတိုက်ခိုက်လိုက်သော လေနှအေးတစ်ချို့သည် မကြာခဏ ခိုးခိုးချလိုက်သော သူ့ရဲ့သက်ပြင်းအချို့အား အဆုံးအစမဲ့သော အနန္တ  စကြာဝဌာဆီသို့ လက်ဆင့်ကမ်း သယ်ဆောင်သွားကြလေသည်…။

” ဗိုလ်လုံ…။ သက်ပြင်းတွေ ချလှချည်လားဗျ…။ ပစ္စုပ္ပန် တည့်တည့်အပေါ်မှာပဲ အာရုံထားရင် ပိုကောင်းမယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ် ခင်ဗျာ..။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုမှာပဲ အာရုံထားပါ ဗိုလ်လုံ..။ အရာအားလုံးကို ကျွန်တော်တို့မှာရှိတဲ့ လက်တစုံထဲနဲ့ ထိန်းချုပ်ခွင့်ကို ဘုရား သခင်က ပေးမထားပါဘူး…။”  သြော…။ သူ့သက်ပြင်းတွေကို သူကြားသွားသည်ပဲ…။ တစ်ခါတစ်ရံတွင် သင့်ရဲ့ သက်ပြင်းသံများကိုပင် သင်လုံခြုံစွာ မထိန်းသိမ်းနိုင် ကြောင်း သင်သိထားနှင့် သင့်ပါသည်။

“ခင်ဗျားပြောတာ မှန်ပါတယ်ဗျာ…” ပြုံးရင်း ပြန်ဖြေလိုက်သော သူ့ရဲ့ စကားအဆုံးမှာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးလျှက် ကြည့် နှင့်နေပြီးသား ဖြစ်သွားခဲ့ပါတယ်..။

မြင်ကွင်းသည် ဖုန်အနဲငယ်ထနေသောကြောင့် မသဲကွဲပေ။ ဖုန်တို့သည် လူတို့၏မြင်ကွင်းအား နံရံတစ်ခုကဲ့သို့ လုံးဝ ကွယ် ပျောက်သွားအောင် ကာ ကွယ်နိုင်ခြင်းမရှိသည့်တိုင် အနဲနှင့်အများဆိုသလိုတော့ ကျွန်တော်တို့ရဲ့ အမြင်အာရုံများကိုေ၀၀ါးသွားစေသည် မှာတော့ သေချာလှပေသည်…။ သို့သော် ထိုမှုန်ဝါးဝါး ဖုန်တွေကြားထဲ တစ်ချက်တစ်ချက် လက်ကနဲ လက်ကနဲ ဖြစ်သွားသော အရာအချို့ တက်ကြွ လန်းဆန်းစွာ လှုပ်ရှားနေကြ သည်ကို သင်သတိထားမိပါက တွေ့ရှိနိုင်ပါတယ်…။

ဟုတ်ပါတယ်..။ တစ်နေ့တာကို နှုတ်ဆက်ကာနီး နေမင်းဆီမှ အလင်းတန်းတို့သည် အင်္ကျီချွတ်ထားလို့ ချွေးတပြိုက်ပြိုက်ကျနေသော ပိုက်ကျော် ခြင်းခတ်နေကြသည့် နှစ်ဘက်သော အသင်းသားတို့၏ ခန္ဓာ ကိုယ်ပေါ်သို့ ကျရောက်နေသောကြောင့် ထိုကဲ့သို့ တစ်ချက်တစ်ချက်တွင် လက်ကနဲ လက်နဲ ဖြစ်သွားခြင်းဖြစ်ပါတယ်…။

ဆုံးဖြတ်ချက်နှင့်အတူ သူ ကစားကွက်ပြောင်းလိုက်သည်…။ နယ်ရုပ်တစ်ကောင်ကို ရှေ့သို့တစ်ကွက်တက်လိုက်ခြင်းဖြင့် သူရဲ့ တိုက်စစ်အဟုန် ကို ပိုမိုမြှင့်တင်ဖို့ လှုပ်ရှားလိုက်ပါတယ်..။

အခန်း (၂)

“စောအယ်ဒို..။ ခင်ဗျားက ကရင်ဖြစ်ပြီး ဘယ်လိုဖြစ်လို့ ရှမ်းထဲ ရောက်နေရတာလဲ..?”

“ဒါ အထူးအဆန်းတစ်ခုလား ဗိုလ်လုံ..။ ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေလေ…။ ဒီအမိနိုင်ငံကြီးမှာ အတူတကွပေါက်ဖွား ကြီးပြင်းခဲ့ကြတဲ့သူတွေ ပဲ မဟုတ်ဖူးလား…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်မှာ ကျွန်တော်တို့ လွတ်လပ်စွာ လှုပ်ရှား နေထိုင်ခွင့်မရှိနိုင်ဖူးလား..? လွတ်လပ်စွာ ယုံကြည် ကြိုးစားပိုင်ခွင့်မရှိဖူးလား..? လွတ်လပ်စွာ ရဲရင့်ကျဆုံး နိုင်ခွင့်မရှိဘူးလား ဗိုလ်လုံ…? “

” မှန်ပါတယ်..။ ဒါကို ကျွန်တော်မငြင်းပါဘူး..။ ဒါပေမယ့် ခင်ဗျားတို့…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်ကြီးထဲကနေ စွန့်ခွာသွားမှာကို စိုးရိမ်မိတာ တော့ အမှန်ပဲ စောအယ်ဒို..”

သေချာတာတစ်ခုကတော့ ဒီတစ်ခါ သက်ပြင်းခိုးချသူမှာ သူမဖြစ်နိုင်ပေ..။

” Hope…. Two!”

“ဗိုလ်လုံ့ လူတွေ တယ်စွာသကိုးဗျ…။ ကျွန်တော့်ကောင်တွေက ကျွန်တော်တို့ထဲမှာဆို တကယ့် နာမည်ကြီးတွေဗျ…။ သူတို့ ရှာတိုက်တဲ့ အရက်ပု လင်းနဲ့ ဆေးလိပ်ဘူးတွေ ကျွန်တော် သောက်ခဲ့ရတာ မနဲလှဖူး..။ ဟား..ဟား “

” ကျွန်တော် သတိထားမိတာ တစ်ခုရှိတယ် စောအယ်ဒို…။ ကျွန်တော့်ဘက်က လူတွေက ဒီပွဲကို အားကစားတစ်ခုအနေနဲ့ ယှဉ်ပြိုင်နေတယ်..။ ဒါပေ မယ့် ခင်ဗျား လူတွေက တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေသလို ကစားနေတယ်..။ ဒါဟာ သူတို့အတွက် ဖိအားကို ပိုမိုဖြစ်ပေါ်ပြီး အရေးနိမ့်ဖို့အတွက် အခွင့်အလမ်းကို လက်ကမ်းကြိုနေသလိုမျိုး ဖြစ်နေတယ်…။”

သူ ပြောလိုက်တဲ့စကားကို စောအယ်ဒိုက ခေါင်းတညိတ်ညိတ်လုပ်ကာ ရိုးသားသော အပြုံးတစ်ခုဖြင့်သာ တုန့်ပြန်လိုက်ပါတယ်…။ စောအယ်ဒိုရဲ့ မျက်လုံးအစုံက သူတို့ကြားမှာရှိတဲ့ စစ်တုရင်ခုံပေါ်မှာ စူးစိုက်လို့နေပါတယ်…။

” ဗိုလ်လုံ့လိုပေါ့ဗျာ…။ Check!” ညင်သာသော တုံ့ပြန်သံနှင့်အတူ မထင်မှတ်ထားသော စောအယ်ဒိုရဲ့ Check Mate အတွင်း သူကျရောက်သွား ပြီဖြစ်ကြောင်း နောက်ကျစွာ သူသိလိုက်ရပါတယ်..။

“ခင်ဗျား တော်တယ် စောအယ်ဒို…။ ကျွန်တော် ဒီအခြေအနေကို သတိမထားမိလိုက်ဖူး…”

“ကျွန်တော် တော်တာမဟုတ်ဖူး ဗိုလ်လုံ…။ ကျွန်တော်က စစ်တုရင် ကစားနေတာပါ….။ ဒါပေမယ့် ဗိုလ်လုံက စစ်တိုက်နေခဲ့တာကိုး…။”

“Cheers!!!”

စားပွဲပေါ်မှာရှိနေတဲ့ Army Rum ထည့်ထားတဲ့ စစ်မတ်ခွက် နှစ်လုံးဖြင့် ကျွန်တော်တို့ စစ်တုရင်ကစားပွဲရဲ့ ပိတ်ပွဲအခမ်းအနားကို ကျင်းပလိုက်ပါ တယ်..။ ၀ါးကွပ်ပြစ်ပေါ်မှာ လဲလျှောင်းနေတဲ့ မန်ဆန် စီးကရက်ဗူးထဲမှ စီးကရက်နှစ်လိပ်ကို သူထုတ်ယူလိုက်ပါတယ်..။ သူ တစ်လိပ်..။ စောအယ်ဒို တစ်လိပ်…။ သူကိုယ်တိုင်ပင် စီးကရက်ကို မီးညှိပေးဖြစ်ခဲ့ပါတယ်..။ ထို့နောက်မှာတော့ မပြီးသေးတဲ့ ခြင်းပွဲကို သူတို့နှစ်ယောက် ငြိမ်သက်စွာပဲ ထိုင်ကြည့်နေလိုက်မိပါတယ်..။

သူ့လိုပင်..။ စောအယ်ဒိုရဲ့ စိတ်ထဲမှာလည်း..။ နက်ရှိုင်းတဲ့ ကိုယ်ပိုင်အတွေးတွေ ရှိနေမယ်ဆို ဆိုတာကို သူခန့်မှန်းမိပါတယ်..။ သူ့မျက်ဝန်းတွေက သိပ် တည်ငြိမ်လွန်းနေတယ်လေ..။ ခပ်ပါးပါးနှုတ်ခမ်းတစ်စုံနဲ့အတူ မနက်လောက်ကမှ ရှင်းလင်း ရိတ်သင်ထားတယ်လို့ ယူဆရတဲ့ စိမ်းဖန့်နေတဲ့ မှုတ်ဆိတ်ရိတ်ထားတဲ့အရေပြားအရောင်နဲ့ သူ့ရဲ့ ကြည်လင်ဝင်းဝါတဲ့ အသားအရေရယ်..။ စီးကရက်ကို ဟန်ပါပါကိုင်ထားတဲ့  ကျော့ရှင်းသွယ်လျှ နေတဲ့ သူရဲ့ လက်အစုံရယ်ဟာ ဘယ်လိုနည်းနဲ့မှ လူသတ်လက်နက်တွေနဲ့ စီးဝါးကိုက်ညီမှု မရှိလှဟု သူသုံးသပ်မိပါတယ်..။

“ခင်ဗျား..။ မင်းသားလုပ်သင့်တာဗျ…”

“တန်းတူညီမျှရေး၊ တရားမျှတမှုနဲ့ ကျွန်တော်စောစောကပြောခဲ့တဲ့ လွတ်လပ်စွာ ယုံကြည် ကြိုးစားပိုင်ခွင့်ကို အနုပညာ ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်း ခြင်း ဒါမှမဟုတ် အခြားအလားတူ နူးညံ့ငြင်သာ နည်းမျိုးနဲ့ သမိုင်းမှာ ရယူခဲ့ဖူးတာမျိုးရှိရင် ကျွန်တော် လုပ်မယ်ဗျာ..။”

“ခင်ဗျားကို ကျွန်တော်တစ်ခုပြောမယ် စောအယ်ဒို..။ ကျွန်တော် ရန်ကုန်မှာရှိခဲ့စဉ်တုန်းက Pearl Harbor ဆိုတဲ့ ဇာတ်ကားကြည့်ခဲ့ဖူးတယ်..။ အမေရိကန်ရဲ့ အလစ်အငိုက်ကို ယူပြီး ဂျပန်က အမေရိကန် ရေတပ်စခန်းကို ဗုံးကျဲတဲ့ ကားပေါ့..”

စောအယ်ဒိုက ပြုံးလို့သာနေပါတယ်..။ သူ့မျက်ဝန်းတွေက အရှေ့မှာ ချွေးတလုံးလုံးနှင့် အပြိုင်အဆိုင်ခတ်နေကြတဲ့ ခြင်းပွဲမှာပဲ ရှိနေပါတယ်..။

” အဲ့ဒီ့မှာ ဂျပန်တွေ အသာစီးရတော့ ဂျပန် ဗိုလ်မှူးကြီးက သူ့ရဲ့ စစ်ဦးစီးချုပ်ကို သိပ်ကိုပြောင်မြောက်တဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုပါပဲလို့ ပြော တယ်ဗျ… အဲ့ဒီ့မှာ…”

” ဂျပန် ဦးစီးချုပ်က A Brilliant Man Would Find A Way Not To Fight A War လို့ ပြန်ဖြေလိုက်တယ်မလား ဗိုလ်လုံ..” ကျွန်တော့်ရဲ့ အကြိုက်ဆုံးခံယူချက်တွေထဲက တစ်ခုပေါ့..။ ကျွန်တော် England မှာကျောင်းတက်နေတုန်းက ကြည့်ခဲ့ရတာပါ..။ ကြာတော့ ကြာပြီပေါ့..။

သူဘာဆက်ပြောရမှန်း မသိဖြစ်သွားပါတယ်…။ ခေါင်းထဲတွင် မေးခွန်းတွေ ရှုပ်ရှက်ခတ်သွားသည်။ ဘာကြောင့်များ ဒီလို ပညာတတ်တစ်ယောက် အခုလိုတောထဲ တောင်ထဲရောက်နေပါလိ့မ်..။ သိပ်တော့ မစဉ်းစားလိုက်ရပါ..။ သူ့ရဲ့ ယုံကြည်ချက်နှင့် ခံယူချက်ကလွဲပြီး သူ့ကို ဒီလိုနေရာ မျိုး ရောက်လာအောင် တွန်းပို့နိုင်မည့် အခြားအရာဘာမှ မရှိနိုင်ဘူးဆိုတာ သူချက်ခြင်း သဘောပေါက်လိုက်ပါတယ်..။ ထို့အတူ ဘာကြောင့် သူစစ် တုရင်ထိုးရာတွင် ရှုံးနိမ့်သွားရတယ်ဆိုတဲ့ အဖြေကိုလည်းကောင်းကာင်း ဘောပေါက်လိုက်မိပါတယ်။ သူတစ်ဘက်သားကို လျော့တွက်ခဲ့မိတယ်လေ။

“ဒါပေမယ့်..ဗိုလ်လုံ။ If You Want Peace, Prepare For War ဆိုတဲ့စကားကိုလဲ ဗိုလ်လုံ ကြားဖူးမယ်ထင်ပါတယ်…။”

“Set…!!!”

ပိုက်ကျော်ခြင်းပွဲကား ပြီးသွားလေပြီ…။

အခန်း (၃)

“၀ူး…။ ဗိုလ်ကြီးရေ…။ ဒီနေ့သောက်ရမယ့် Army Rum ကတော့ ဘ၀တစ်လျှောက်မှာ အချိုဆုံးဖြစ်မယ်ထင်တယ်ဗျ..။ စောအယ်ဒိုတို့ ဘက်က လူတွေက တော်တော်ကောင်းတာပဲဗျ..။ တော်တော် လုပ်လိုက်ရတယ်..။ ဟား..ဟား..။”

“သိပ်ဟုတ်တာပေါ့ဗျာ..။ ကျွန်တော့်ရဲဘော်တွေက ကျွန်တော်တို့ အထဲမှာဆို ဖိုက်တာတွေဗျ..။ ဒါပေမယ့် ခင်ဗျားတို့သာသွားတာတစ်ခုရှိတယ်..။ အဲ့ဒါဘာလဲဆိုတော့..။ ခင်ဗျားတို့ ဗိုလ်ကြီးပြောသလို ပြိုင်ပွဲအပေါ်ထားတဲ့ စိတ်ဓာတ်ပဲဗျ…။”

စောအယ်ဒိုက သူ့ဘက်လှည့်ကာ ပြုံးကြည့်ရင်း ပြောလိုက်ခြင်းဖြစ်ပါတယ်..။ သူနေရ ထိုင်ရတော်တော်ခက်သွားသည်…။

“ဘယ်လိုလဲ ဗိုလ်ကြီး..။ ဗိုလ်ကြီးတို့ပွဲရော အဖြေဘယ်လိုထွက်သွားလဲ..” တပ်ကြပ်ကြီး သိန်းမြင့်ရဲ့ မေးခွန်းက သူ့အရှိုက်ထဲ ၀င်သွားပါတယ်။

“ခင်ဗျားတို့ ဗိုလ်ကြီးက အတွေးအခေါ်တအားကောင်းတယ်ဗျ..။ စဉ်းစားတာတွေ များလွန်းတော့  မျက်စိရှေ့တည့်တည့်မှာ ရှိနေတဲ့ အခွင့်အရေးကို တစ်ခါတစ်လေတော့ ဆုံးရှုံးရတာ ရှိကောင်းရှိမပေါ့ဗျာ..။ “

သူ့အစားဝင်ဖြေလိုက်သော စောအယ်ဒိုရဲ့ အဖြေက တော်တော်တာသွားသည်..။ ဆရာကြီးသိန်းမြင့်လည်း ဆက်မမေးတော့..။

“စိတ်ချပါဗျာ…။ ကျွန်တော် ဒီနေ့ သင်ခန်းစာရလိုက်တယ်..။ မနက်ဖြန် ကျွန်တော် ဒီလိုမမှားစေရဘူး စောအယ်ဒို..။” သူ့ရဲ့အပြုံး..။ စောအယ်ဒိုရဲ့ အပြုံး…။ နှစ်ယောက်စလုံးရဲ့ အပြုံးတွေဟာ ယုံကြည်ချက်ကိုယ်စီနဲ့ သိပ်ကို ရဲရင့်လွန်းကြပါတယ်…။

“ကဲ အားလုံး..။ ဒီအမှတ်တရ ညနေလေးအတွက် Cheers ဗျာ…။ အဲ ။ တစ်ခုတော့ရှိတယ် အားလုံး နှစ်ပက်ထက်တော့ မပိုစေနဲ့ဗျို့..။ နှစ်ဘက်စလုံး မနက်ဖြန် အလုပ်လေးတွေ ရှိတယ်ဆိုတာ မေ့မထားကြနဲ့ဦး..။” သူအားလုံးကြားအောင် အော်ပြောလိုက်သည်..။

“ကျွန်တော်ကတော့ ဒီလိုလေး ပြောချင်တယ် ဗိုလ်လုံ..”

နိဂုံး

စောအယ်ဒိုတို့အဖွဲ့ သူတို့ စခန်းကုန်းလေးရှိရာသို့ တရွှေ့ရွှေ့နှင့် ချီတက်သွားကြတာကို ကြည့်ရင်း သူ့ရင်ထဲမှာ အဖြေမရှိသော မေးခွန်းပေါင်း များစွာ ဝေ့၀ဲနေခဲ့ပါတယ်..။ မနက်ဖြန် မနက် အာရုံလာတာနဲ့ တပြိုင်နက် အထက်ရဲ့အမိန့်အရ သူတို့ရင်ဆိုင်ကုန်းနှစ်ခုစတင် တိုက်ခိုက်ရတော့ မှာ ဖြစ်ပါတယ်…။ ဒီတစ်ခါတော့ အမျိုးအမည်မသိတဲ့ သက်ပြင်းတစ်ခုကို လွတ်လပ်စွာချရင်း..။ စောအယ်ဒိုနောက်ဆုံး ပြောသွားသော စကားကို သာ သူ့နားထဲ ထပ်တလဲလဲ ကြားယောင်နေမိပါတော့တယ်…။

တစ်ဘက်က မောင်းပြန်သေနတ်ကို ကိုင်မြှောက်ရင်း တစ်ဘက်က သူ့ပုခုံးကို တင်းကြပ်စွာ ဖတ်စွဲ ဆုပ်ကိုင်ရင်း..။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာ မှ ကြုံးဝါးလိုက်သော သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒ …။ သို့မဟုတ်..။ ယုံကြည်ချက်…။

စောအယ်ဒိုဆိုတဲ့ ကရင်လူငယ်တစ်ယောက်ရဲ့ အသံသည် ရှမ်းရိုးမတစ်ခုလုံးမှာ ပဲ့တင်ရိုက်ခတ်သွားပါတယ်…။ ဒီရှမ်းရိုးမကြီးတည်ရှိနေသမျှ အဆုံး မရှိ ရိုက်ခတ်နေဦးမယ် ဆိုတာကိုလည်း သူထာဝရယုံ ကြည်ပါတယ်…။ ဖြစ်နိုင်ရင် ဒီကြုံးဝါးသံကို ရိုးမရဲ့ ဆည်းဆာကို သက်သေပြုရင်း မိခင်ရဲ့ ရင်ခွင်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုများအားလုံး ကြားနိုင်စေဖို့သာ သူ ဆုတောင်းနေခဲ့မိပါတော့တယ်…။

” တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တစ်ဦးနဲ့ တစ်ဦး သတ်ဖြတ်ရခြင်းမှ အမြန်ဆုံးကင်းလွတ်ဖို့… {{{{{{ငြိမ်းချမ်းရေး}}}}}}}}”

P.S- ဒီစကားသံကို အားလုံးကြားနိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်ပေးဖို့ ခင်ဗျားမှာလည်း တာဝန်ရှိပါတယ်..။

လွင့်မြောခြင်း ခရီးစဉ်
တစ်ခါမှ လောကဟာ ဒီလောက်အထိ သာယာကြည်နူးဖွယ်ကောင်းမှန်း သူမတွေးမိခဲ့ပါဘူး…။ အရာအားလုံးဟာ ငြိမ့်ညောင်းသာယာစွာ..။ နူးညံ့ ပျော့ ပြောင်းစွာ…။ လွတ်လပ်ပေါ့ပါးစွာ….။ တစ်လွှာခြင်း တစ်လွှာခြင်း လှချင်တိုင်းလှနေပါတယ်…။ မထင်ခဲ့ဖူး…။ ဒီလောက်သာယာ လိ့မ်မယ်လို့ သူတစ်ခါမှ မထင်ခဲ့ဖူး…။ ဒီလိုမှန်းသာသိရင် ဒီအခွင့်အရေးမျိုးကို သူကိုယ်တိုင်အစောကြီးကတည်းက ဖန်တီးခဲ့တာပေါ့…။ ညံ့လိုက်တာ…။ ကိုယ့် ကိုယ်ကို တော်တော် အသုံးမကျမှန်း အခုမှ သူ့ကိုသူသိတော့တယ်…။ တစ်ကယ်ဆို အစောကြီးကတည်းက ပြောပါလား..။ လောကဆိုတာ ကိုကင်းရာခိုင်နှုန်း မသတ်မှတ်ရသေးတဲ့ မူးယစ်ဆေးဝါး တစ်မျိုးဆိုတာ…။ ဘ၀ဆိုတဲ့ မူးယစ်ဆေးဝါးကို ရူးသွပ်စာ စွဲလမ်းခဲ့ပြီးမှတော့…။ ဘာများ တတ်နိုင်ဦးမှာတဲ့လဲ…?

အကြားအာရုံတွေထဲမှာ ပါးလှပ်လှပ် လေတိုးသံအချို့ကို သူခံစားမိတယ်…။ အတိတ်ဆိုတဲ့ ခပ်ပေါပေါ တပ်မက်မှုတစ်မျိုးအကြောင်း တီးတိုး အဓိပ္ပါယ် ဖွင့်ဆိုနေကြတာများလား…။ မျက်ဝန်းအစုံကို ဖြေးညှင်းစွာ မှိတ်လိုက်တဲ့ခဏ…။ အာရုံဆိုတဲ့ ပန်းခင်းကြီးတစ်လျှောက် ခံစားချက်ဆိုတဲ့ ရောင်စုံ ပန်းပွင့်တွေ ခန့်ငြားစွာ ပွင့်ဝေလာခဲ့တယ်..။ နောင်တဆိုတာ မိုးလွန်မှ ထွန်ခြ ခြင်းဆိုတဲ့ ခပ်တုံးတုံးအတွေးအခေါ်တွေ လာမပြောပါနဲ့..။ မိုး လွန်ရင် ရေသွင်းစိုက်မယ်..။ ဒီလိုအတွေးအခေါ်နဲ့ ရှင်သန်နေမယ့် လူတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွက် ၂၁ ရာစုမှာ နေရာတွေ သိပ်ရှားတယ်..။ ရှူသွင်းဖို့ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေ သိပ်ရှားတယ်..။ ဝေမျှဖို့ ကိုယ်ချင်းစာတရားတွေ သိပ်ရှားတယ်..။ စိတ်တော့မရှိလေနဲ့ အဲ့လို လူမျိုးအတွက် သေသွားရင် မြုပ်ဖို့ မြေကအစရှားတယ်…။

သူ့ဘ၀ကိုသူ လွတ်လပ်စွာ ဖောက်ထွက်ခွင့်ပေးဖို့ အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်..။ ကြိုးစားတိုင်းအောင်မြင်တယ်ဆိုတာ ဒဏ္ဏာရီပုံပြင်ထဲ က အပေါစား သူရဲကောင်းတွေပဲ ရှိတယ်။ အင်း…။ ဖြစ်နိုင်တာတစ်ခုတော့ ရှိတယ်..။ သူတို့ဘာလို့ အောင်မြင်လဲ? ဒဏ္ဏာရီထဲက သူရဲကောင်း တွေမှာ အတိတ်တွေ အနာဂတ်တွေမရှိဘူးလေ..။ သူတို့ရှင်သန်နေတဲ့ ၅ မိနစ်စာပုံပြင်လေး တစ်ပုဒ်စာလောက်ပဲ ပိုင်ဆိုင်လေတော့…။ သူတို့လိုပဲ လုပ်တိုင်းအောင်မြင်ချင်တယ်ဆိုရင်တော့…။ အတိတ်တို့…။ အနာဂတ်တို့ဆိုတဲ့ မလိုတစ်မျိုး လိုတစ်မျိုး သတ္တ၀ါနှစ် ကောင်ကို လားပင်စင်သာ ပေးလိုက်ပေတော့..။

သူ့ရဲ့ခန္ဓာကိုယ်ကို တိုးဝှေ့နေတဲ့ လေပြေတွေကို သူယုယစွာ နမ်းရှိုက်နေမိတယ်..။ သူအာရုံတွေကို သေချာ စူးစိုက်ကြည့်တော့ ဒီလေပြည်တွေထဲ က ရနံ့တစ်မျိုးကို သတိထားမိလိုက်တယ်…။ ဟုတ်တယ်…။ လေမှာ အနံ့ရှိတယ်…။ တစ်ပြိုင်ထဲမှာပဲ သူချက်ခြင်းသတိထားမိလိုက်တယ်..။  အဲ့ဒီ့အချိန်မှာပဲ သူသိလိုက်တယ်..။ သူ့ဘ၀ တစ်လျှောက်လုံး အမှားကြီးမှားခဲ့ပြီ..။ ဘယ်သူပြောလဲ…? လေမှာ အရောင်မရှိဘူး..။ အနံ့မရှိဘူး..။ အရသာမရှိဘူးလို့…? အာရုံငါးပါးထဲက တစ်မျိုးမျိုးကို ပြီးပြတ်အောင် သုတ်သင်ပြစ်နိုင်ဖို့ပဲ လိုအပ်တယ်။ တဒင်္ဂဆိုတဲ့ သူ့လက်ထဲမှာရှိတော့တဲ့ မများလှတဲ့ အချိန်အတိုင်းအတာလေးအတွင်းမှာ ရရှိလိုက်တဲ့ သူ့ရဲ့အသိတရားတွေဟာ သူဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ဆိုတာကို ကောင်းကောင်း ပျက်ရယ်ပြုကြလေပြီ..။ အခုဆိုရင် သူ့စိတ်နဲ့ ခန္ဓာဟာ အချိန်နဲ့နေရာ ကို တရွေ့ရွေ့ ဖြတ်ကျော်နေပြီဖြစ်ပါတယ်…။

အခုလို လေဟုန်ထဲမှာ လွင့်မြောနေဖို့ဆိုတဲ့ စိတ်ကူးဟာ ငယ်စဉ်ကတည်းက ကလေးတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ အိပ်မက်ကမ္ဘာကို ချယ်လှယ်ခြင်း ပြုခဲ့ပါတယ်..။ တစ်စက္ကန့်စာ လူသားဆန်ဖို့ သို့မဟုတ် တစက္ကန့်စာ အိပ်မက်တစ်ခုအား အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘ၀တစ်ခုလုံးနဲ့ လဲရတာ တန်တယ်ဆိုတဲ့ ယုံကြည်ချက်ဟာ သူ့ရဲ့ ဇာတိ၊ ဇရာ၊ မရဏ ခရီးတစ်လျှောက် နက်ရှိုင်းစွာ တွယ်ငြိနေတဲ့ အမြစ်ပေါင်းများစွာထဲက အမြစ် တစ်ခုပဲပေါ့…။

တကယ်တော့ လောကရဲ့ ဆန့်ကျင်ဘက်တွေဟာ ဆန့်ကျင်ဘက်တွေ သီးသန့်သာဖြစ်ပါတယ်..။ ဆန့်ကျင်ဘက်တွေဟာ ရန်ဘက်တွေမဟုတ် ပါဘူး..။ သင်သိပါသလား..? ဆန့်ကျင်ဘက်တွေ Harmony ဖြစ်သွားတဲ့အခါမှာ သူမတူအောင် ခိုင်မြဲတယ်ဆိုတဲ့ သဘောတရားတစ်ခုကိုပေါ့..။ မမေ့ပါနဲ့..။  မိုးထိအောင် မြင့်မားတဲ့ အဆောက်အဦးကြီး တစ်ခုရဲ့အောက်ခြေမှာ နက်ရှိုင်းတဲ့ Foundation တစ်ခုရှိခဲ့ဖူးတယ်..။ သို့မဟုတ်…။ ရှိနေတယ် ဆိုတာကိုပေါ့…။

တကယ်တော့ လောကရဲ့ အလှတရားတွေကို နက်ရှိုင်းစွာ ခံစားသိရှိနိုင်ဖို့..။ လောကရဲ့ အမှန်တရားတွေကို ဖောက်ထွင်းကာ ထိုးထွင်းသိမြင်နိုင်ဖို့ လိုအပ်နိုင်တဲ့ အချိန်ကာလတစ်ခုဟာ သူထင်ထားခဲ့သလို နှစ်ပေါင်းများစွာ မဟုတ်ခဲ့ပါ…။ အခုသူ့ကိုပဲ ကြည့်လေ..။ သူဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်မှာ ရရှိခဲ့တဲ့ အသိတရားတွေဟာ…။ တစ်ကယ်တော့ အခုသူ့ရဲ့ ခဏတာသာ ကြာမြင့်လိုက်တဲ့ လေဟုန်ထဲမှာ မြောလွင့်နေတဲ့ အချိန် တိုလေးလောက်ပင် တန်ဖိုးမရှိတော့ပေ…။ ဒါကြောင့် အိုင်းစတိုင်းက ” အချိန်ဟာ ပရမတ်မဟုတ်ဘူ၊ ပညတ်သာဖြစ်တယ်..။ တကယ်လို့များ အရာ ၀တ္ထုတစ်ခုဟာ ခရီးတစ်ခုကို မူလရှပြီး အရှိန်ထက် ပိုမြန်ဆန်အောင်သွားနိုင်ခဲ့မယ်ဆိုလျှင်..။ အချိန်ဟာ တိုတောင်းသွားတာကို သင်တို့ ထူးဆန်းစွာ တွေ့ရှိရမှာ ဖြစ်ပါတယ်” လို့ General Relativity Theory မှာအတိအလင်း ပြောကြခဲ့ခြင်း ဖြစ်နိုင်ပါတယ်…။

သူမှိတ်ထားတဲ့ မျက်ဝန်းတစ်စုံကို ပိုမိုနက်ရှိုင်းစွာ မှိတ်ပြစ်လိုက်ပါတယ်…။ သူ အလိုလိုများ ပြုံးမိသွားကြောင်း ကိုယ့်ကိုယ်ကို သတိထားမိလိုက်ပါ တယ်..။ သူ့ဆန္ဒတွေ ပြည့်ဝခဲ့ပြီလေ….။

နောက်နေ့နံနက်တွင်တော့ ၁၅ ထပ်ပေါ်မှနေ၍ ကျောင်းသားတစ်ယောက် ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သွားသည့် သတင်းများသည် တက္ကသိုလ် တစ်ခုလုံးတွင် ပျံ့နှံ့လျှက်သာ ရှိပါတော့သည်….။

*လားပင်စင် = ရှေးအခါက ကန္တာရတွင် ခရီးဆက်မသွားနိုင်တော့သော လားများအား သတ်ပြစ်လေ့ရှိပါတယ်။ ထိုသို့လုပ်ခြင်းကို လားပင် စင်ပေးတယ်လို့ ခေါ်ပါတယ်။

P.S- ဘာကိုအခြေခံပြီးရေးတယ်ဆိုတာတော့ အရှေ့အပုဒ်ဖတ်ထားတဲ့ သူတွေသိပြီးသားမို့ မပြောတော့ပါဘူး ခင်ဗျာ    ဖြစ်နိုင်ရင် သပ်သပ်စီသာ ခံစားကြဖို့ တိုက်တွန်းလိုပါတယ်။

လွင်ပြင်များသို့ ရိုက်ခတ်ခြင်း…
အသံတွေဆူညံနေတယ်…။ ညီညီညာညာတော့ မဟုတ်..။ တစ်ယောက်ကိုတစ်မျိုး…။ တစ်ချို့ကြတော့လဲ တစ်ယောက်ထဲကိုက အပေါ်နှုတ်ခမ်း က တစ်သံ..။ အောက်နှုတ်ခမ်းက တစ်သံ…။ တစ်ယောက်ထဲအသံနှစ်မျိုးထွက်လို့…။ တစ်ချို့ကြတော့လည်း အသံတွေက ကာလံဒေသံလိုက်ပြီး ပြောင်းလဲ ကြလေရဲ့..။ ဘုရားပေါ်မှာ တတွတ်တွတ်ရွတ်ဆိုခဲ့တဲ့ ပါဌိစကားလုံးတွေဟာ…။ ခဏအကြာမှာတော့ သားသတ်ရုံတစ်ခုထဲက တိရစ္ဆာန် တွေရဲ့ အော်ဟစ် ငြီးတွားသံတွေနဲ့ လုံးထွေးသွားတယ်..။ အရှင်ဘုရား..။ ပရမတ်နဲ့ သစ္စာတရား (အမှန်တရား) ဆက်စပ်ရ ခက်လှပါလား အရှင် ဘုရား..။

ကာလအပေါ်လိုက်ပြီး ပြောင်းလဲသောအမှန်တရား…။ နေရာအပေါ်လိုက်ပြီးပြောင်းလဲသော အမှန်တရား..။ ရေကြည်ရာကို မြက်နုတတ်သော အမှန်တ ရား..။ ရေများရာ မိုးလိုက်ရွာကြသော အမှန်တရား…။ ဆန်အိုးထဲက အမှန်တရား…။ လေယာဉ်လတ်မှတ် တစ်ခုအပေါ်က အမှန်တရား…။ သင်ပုန်းကြီး ဖတ်စာအုပ်တစ်အုပ်ထဲက အမှန်တရား…။ ကြာကြာဝါးရင် ခါးတတ်သော အမှန်တရား…။ ဘောင်ခတ်ထားသော အမှန်တရား..။ နောက်ဆုံး…။ ကျည်ဆံ တစ်တောင့်ပေါ်က အမှန်တရား…။ ဒီလောက်အမှန်တရားတွေ မှိုလိုပေါက်အောင်များနေတဲ့ကြား…။ ငါတစ်ယောက်ထဲ လွတ်လွတ်လပ်လပ်မှားပါရစေ…။

အမှန်တရားဆိုတာ ဒလကအပြန် ရာဇသင်္ကြန်ရလာတဲ့ အသိတရားလား…? ဒီလူကြီး ဒီလောက်တော့ မပျော့ညံ့သင့်ဘူး..။ ရာဇသင်္ကြန်အကြောင်း ယုံကြည်ချက် တစ်ခုကြောင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေရင်း သက်သေပြသွားတဲ့ ဆိုကရေးတီး သာမြင်ရင် အူတက်အောင်ပဲ ရယ်လေ မလား..။ ရင်ဘတ်ကြီးနှစ်ခြမ်းပဲ ဗြမ်းဗြမ်းကွဲအောင် ငိုလေမလား..။ ဘာပဲပြောပြော ရာဇသင်္ကြန်ကတော့ ပြန်ပြီးကောင်းစားသွားတာပဲ…။ သနားတယ် ဆိုကရေးတီးရယ်…။ ဒီခေတ်ကြီးမှာ မင်းကိုလေးစားတဲ့သူထက် ရာဇသင်္ကြန်လမ်းစဉ်ကို လိုက်နေကြတဲ့သူက အဆမတန်သိပ်များ တယ်….။ မင်းမှ ရာဇသင်္ကြန်လောက် ဥာဏ်မရှိတာ….။ သေလေဦးပေါ့ ဆိုကရေးတီးရယ်…။ နောက်ထပ် ၅၄၉ ဘ၀လောက်…။

ဘ၀ကို နဖားကြိုးထိုးဖို့ ကြိုးစားကြ..။ ကံကြမ္မာကို လာဒ်ထိုးဖို့ကြိုးစားကြ…။ သုံးစားလို့မရတော့တဲ့ အတိတ်က မဖြစ်စလောက်အောင်  မြင်မှုတွေကို လူတွေရှေ့ ခဏခဏထုတ်ကြွားဖို့ ကြိုးစားကြ…။ ဘ၀တွေလွတ်မြောက်ရဖို့ ဆန္ဒတွေကို မီးလောင်တုန်းချနင်းကြ…။ ကိုယ်နာမည် ကောင်းရဖို့၊ အမြတ်ထွက်ဖို့အတွက် စုတ်ပြတ်နေတဲ့လူတွေရဲ့ ဘ၀တွေကို အသုံးချကြ…။ ဘုရားသခင်ပေးခဲ့တဲ့ လက်တွေကိုကို လက်ညိုးထိုးဖို့ တစ်ခုထဲအ တွက်သုံးဖို့ ကြိုးစားကြ…။ အပေါစား နားလည်မှုတွေ၊ စာနာဂရုစိုက်ခြင်း မုန်တိုင်းတွေနဲ့  ယိုင်နဲ့နဲ့ မျှော်လင့်ခြင်းအိမ်လေးတွေကို ရိုက်ချိုးကြ…။  လူတွေလည်း တစစနဲ့ အမျှ တောင်ခေါ်ဖို့ မတန်တော့ဘူး…။

ဒီခေါင်းထဲ ဘယ်လာက်ရိုက်သွားနိုင်မတဲ့လဲ မဟုတ်တမ်းတရားတွေ…။ ဒီဘက်နားက၀င် ဟိုဘက်နားက ထွက်…။ ငါ့ဝိဥာဉ်က အမှန်တရားတွေကိုပဲ စုပ်ယူထားလိမ့်မယ်…။ တစ်ခမ်းတစ်နားစိုက်ပျိုးထားတဲ့ ကျဉ်းကျဉ်းကြပ်ကြပ် ကြယ်ငါးပွင့်ဟိုတယ်ထဲက သစ်တစ်ပင်ထက်..။ လွင်ပြင်တွေပေါ် လွတ်လပ်စွာ ရှင်သန်နေတဲ့ မြက်ရိုင်းတွေကို ငါဦးညွတ်တယ်…။ တစ်ခုပေးမှ တစ်ခုယူ ဒီလောကကြီးထဲ ငါလဲဘာမှမလိုချင်ဘူး..။ ငါ့ဆီကလဲ ဘာမှမ မျှော်လင့်ကြလေနဲ့…။ အဆက်မပြတ်ရွာချနေတဲ့ မိုးခါးတွေထဲ…။ ငါရော ဘယ်လောက်အထိ ရေအငတ်ခံနိုင်မလဲ…? ခင်ဗျားရော ဘယ်လောက် ချုပ်တည်းနိုင်မလဲ…?

နာကြည်းချက်တွေလား…? ခံစားခဲ့ရတာတွေလား….? လာမပြောပါနဲ့…။ အများကြီးတော့မပြောချင်ဘူး…။ ဒါတွေဟာ တစ်ယောက်ထဲ ဖြစ်နေတာ မဟုတ်ဘူးဆိုတာသိရင် ခရီးဆက်လို့ရပြီ..။ တစ်ခါတစ်လေ နောက်တစ်လှမ်းစုတ်တာကို အရှုံးပေးတယ်လို့ မထင်မိဖို့တော့လိုတာပေါ့…။ နောက်ဆုံးတစ်ခုတော့ပြောမယ်….။ မျည်ရည်ဆိုတာ မခံချင်စိတ်ဆိုတဲ့ ယန္တာရားတစ်ခုကိုလည်ပတ်စေတဲ့ လောင်စာပါပဲ..။ မလိုအပ်ရင် အပြင် မထွက်စေနဲ့…။ ကိုယ်စီဘ၀တွေထဲ သေသေချာချာသိမ်းထား..။ တကယ်တမ်း ပြင်းပြင်းထန်ထန်ရုန်းတဲ့အခါ လောင်စာတွေ အပြည့်အ၀ရှိဖို့ လိုမယ်လေ…။

P.S- ကျွန်တော်တို့ ဘ၀တွေထဲက ရဲရဲရင့်ရင့်ကျရှုံးခဲ့ခြင်းတွေဟာ အပေါစားအောင်မြင်မှုတွေထက် အများကြီး မြင့်မြတ်ကြပါတယ်…။

To…U Thant
Hello Sir,

I know that today gonna be your 100th birthday ceremony, if you are still in this Mysterious Outlook! I just wrote this letter to let you know that you still keep alive in our souls, though you left our environment and society for a long time!

I have a lot to tell you about Today which you can’t know nor see! It is better you can’t see what’s going on this Earth. You know, that most of the things in our sights are ruined systematically, strategically, slightly, smoothly, delicately, and deeply day by day. I am sure that you will surprise what’s going on Today! Of course, the organization that you loved and loyally severed for many years is included as one of them!

Yes, I know very well that you able to block the river which is nearly flowed by tears and blood! I know very well that you let continue the birds flying in the sky which is nearly substituted by rockets and bullets! I know very well that you allowed the millions of lives to keep sing with their families. I know very well that you gave the chances to the parents to flower their children for new and bright generation. Yes, I do know that you sacrificed a lot for our beloved Union. But one question, please Sir! Does it deserve?

No, don’t think our Mother Land already forget about you! Please, don’t be misunderstood! It ain’t be right anymore! Don’t be doubt that there’s no one who can follow your step, yet! Untill today. Oops! Sorry, I was wrong! But…! Let it be…! I don’t want to talk about that & let’s make secret between you and me. You know what I mean, right?

Maybe we are stupid, useless. Maybe we are not bright enough like you. Maybe the century is already changed. Maybe there’s no chance for us. Maybe our fate was tricked by a magician. Maybe our dreams are locked. Maybe our histories are over written. Maybe we are screwed up. Maybe we are complicated. Maybe we are trapped!

But don’t think twice, Sir. If somebody destroyed our chances, we will find another ways! If our fates are tricked by a magician, we will use our inspiration to revolute that magician! If our dreams are locked, we will find the key for our freedom. If someone over written our history, we will try to re-write our history with our spirits again! We will cut the head of the illusion which makes us complicated and stuck between unnecessary worries.

You should know only one thing, Sir. Maybe our skin becomes pale, for lacking of rights. But the blood which flowing in our veins  still red, brilliantly as our Union’s Flag still red all over the sky! You know that we are still singing our own National Anthem which was written with our grand, grand generation’s blood and spirits! We sang, we still singing and we will sing as loud as we can, not with our mouths, but with our hearts till the end of the world, loudly….., proudly….! I bet you that you will be smiling at that time! Isn’t it?

Sir, I can promise you one thing that, no matter what happen to us we, our generation will keep walking till all the Countries, Nations in this Universe know WHAT WE ARE! WHAT OUR COUNTRY IS! HOW WE LOVE OUR UNION! HOW WE BRAVE! HOW WE PATRIOTIC….!

HAPPY 100TH BIRTHDAY ANNIVERSARY, SIR!

I BELIEVE THAT GOD WILL BLESS US AND OUR BELOVED UNION, SIR!

BLACK DREAM

P.S- WITH REMINISCENCE