BLACK DREAM » Essay
ဒုတိယကမ္ဘာ (သို့မဟုတ်) …
သက္ကရာဇ်အားဖြင့် AD 3000 ဘက်သို့ ချဉ်းနှင်း ၀င်ရောက်ခဲ့ပြီ ဖြစ်ပါတယ်…။
ကမ္ဘာ၏ ဗဟိုလည်မှတ်မှု စနစ်များ တိမ်းစောင်း လွဲမှားစပြုလာခြင်းမှအစ…။ သတ္တ၀ါ (အဓိက လူ) တို့၏ ခံယူချက်နှင့် အတွေးအခေါ်များ တရှိန်ထိုး ပြောင်းလဲလာခဲ့သည့်နောက် ကမ္ဘာတစ်ဝှမ်းတွင် ကြောက်မယ်ဖွယ်ရာ တော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေတော့သည်။
(မှတ်ချက်။  ။ အက်ဆေး နောက်ပိုင်းတွင် သတ္တ၀ါ ဆိုသောဝေါဟာရအစား လူ ဆိုသော ဝေါဟာရ ဖြင့်သာ ဆက်လက်ရေး သားသွားမည်ဖြစ်ပါသည်။ အကြောင်းမှာ ဤအက်ဆေးသည် လူ များကိုသာ ရည်ရွယ်ကာ ရေးသား ထားသောကြောင့် ဖြစ်ပါတယ်..။)
ထိုတော်လှန်ရေးကို ကမ္ဘာတစ်ဝှမ်းမှ “ဒုတိယကမ္ဘာတော်လှန်ရေး (သို့) သက်ရှိဝါဒ တော်လှန်ရေး” လို့ ခေါ်ဆို အသိအမှတ်ပြုခဲ့ကြပါတယ်…။
တော်လှန်ရေးပေါ်ပေါက်လာရခြင်း၏ အဓိကဇစ်မြစ်မှာ အကြောင်းအရာမှာ လူသားတို့၏ စကားလုံးနှင့် ဝေါဟာရများကို ဖောင်းပွစွာတီထွင်ခဲ့ကြ ခြင်း၊ သုံးစွဲ (သို့) သတ်မှတ်ခဲ့ကြခြင်းတို့ကြောင့် စတင်ခဲ့ပါတယ်..။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှ စစ်ပွဲများနှင့် တော်လှန်ရေးသမိုင်းများ ကို ပြန်လည် သုံးသပ်ကြမည်ဆိုပါက လူသားအချင်းချင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၊ တော်လှန်ရေးများသာ ဖြစ်ပေါ်ခဲ့ကြပါတယ်…။
ထိုအချိန်က ပေါ်ပေါက်ခဲ့ဖူးသော စာရေးဆရာများ၊ သိပံ္ပပညာရှင်များက လက်ရှိကျွန်တော်တို့ ရောက်ရှိနေသော သက္ကရာဇ်တွင် ဖြစ်ပေါ်လာနိုင်သော စစ်ပွဲများ၊ တော်လှန်ရေးများမှာ လူသားနှင့် အခြားကမ္ဘာမှ အန္တာရယ်များ၊ လူသားနှင့် စက်ယန္တာယားတို့၏ စစ်ပွဲများပင် ဖြစ်ပေါ်လာလိ့မ်မည်ဟု ကြိုတင်ခန့်မှန့်သုံးသပ်ခဲ့ကြပါတယ်..။ သို့သော် ထိုဟောကိန်းများသည် တစ်ကယ်တမ်းတွက် လုံးဝ  မှားယွင်းခဲ့ပြီ ဖြစ်ပါတယ်..။ ထိုကဲ့သို့ မှားယွင်း သော ဟောကိန်းများ ထုတ်ခဲ့ရခြင်းအကြောင်းအရင်းမှာ ၎င်းတို့အနေဖြင့် လူသားတို့နှင့် အနီးကပ်ဆုံးတွင် ထာဝရတည်ရှိခဲ့သော သက်မဲ့အရာဝတ္ထု များအပေါ် မေ့လျော့နေခဲ့ ခြင်းကြောင့်ပင် ဖြစ်ပါတော့သည်…။
ရှေးဟောင်းအတွေးအခေါ် (လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်) များအရ သက်ရှိနှင့် သက်မဲ့များ၏ ကွဲပြားခြားနားမှုအပေါ် အမျိုးမျိုးခွဲခြား သတ်မှတ်ခဲ့ကြပါတယ်…။ သက်ရှိမှန်လျှင် အသက်ရှူရမည်။ သက်ရှိမှန်လျှင် ခံစားချက်ရှိရမည်။ သက်ရှိမှန်လျှင် အသိဥာဏ်ရှိရမည်။ စသည်ဖြင့် သတ်မှတ်ခဲ့ကြ ပါတယ်…။ ၎င်းတို့ ထိုကဲ့သို့ ခြေအငြိမ်မနေ လက်အငြိမ်မနေ ဝေါဟာရများနှင့် အဓိပ္ပါယ်သတ်မှတ် ချက်များကို ချခြင်တိုင်းချ၊ ထုတ်ခြင်တိုင်း ထုတ်ခဲ့ခြင်းများ၏ ရလာဒ်များအနေဖြင့် လက်ရှိ ကျွန်တော်တို့ ခေတ်မှ လူသားများ ယခုအခါ အလူးအလဲ ခံနေကြရပြီ ဖြစ်ပါတယ်..။
၂၉ ရာစုနှစ်မတိုင်မှီ အထိတည်ရှိခဲ့သော ထိုရှေးဟောင်းအတွေးအခေါ်ပညာရှင်များနှင့် အတွေးချော် ပညာရှင်များသည် ထိုကဲ့သို့မှားယွင်းသော အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ဟောကိန်းများကို ထုတ်ခဲ့ရုံသာမက လက်ရှိ ကျွန်တော်တို့ရင်ဆိုင်နေရသော “ဒုတိယကမ္ဘာတော်လှန်ရေး” ဖြစ်ပေါ်လာဖို့အတွက် အဓိက အစပျိုး မျိုးစေ့ချပေးခဲ့ကြသော သမိုင်းတရားခံများလည်း ဖြစ်ပါတယ်…။
အကြောင်းမှာ ၎င်းတို့သည် ထိုကဲ့သို့ မည်သည့်အရာများသည် သက်ရှိများဖြစ်သည်။ မည်သည့်အရာများသည် သတ်မဲ့များ ဖြစ်သည်ဟု ပညာရှင် များပီပီ ပြီးပြီးရော သတ်မှတ်ခဲ့ကြပြီးသည့်နောက်တွင်….။ ထိုသူတို့မှပင် တစ်ဖန် သက်မဲ့များသည် အသက်ရှူကြကြောင်း….။ သက်မဲ့များတွင် ခံစားချက်များရှိကြောင်း..။ သက်မဲ့ များတွင် အသိဥာဏ်များရှိကြောင်း စတင်ဖော်ထုတ်ကာ ပြသနာအား မီးစမွှေးခဲ့ကြခြင်း ဖြစ်ပါတယ်….။
ထိုရလဒ်များအဖြစ်…
နေရာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ သက်ရှိသက်မဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေး ဌာနကြီးရဲ့ အစည်းအဝေး ခန်းမအတွင်း ဖြစ်ပါတယ်…။ ခန်းမရဲ့ ဖွဲ့စည်းပုံမှာ ထိပ်ဆုံးနေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲ များထိုင်ရန်သတ်မှတ်ပေးထားသော စင်မြင့်နှင့် မိန့်ခွန်းပြောစင် ရှိပါတယ်..။ ကျန်တဲ့ ခန်းမတစ်ခုလုံးမှာ ရှိသည့် ခုံများကိုတော့ Column သုံးခု ပိုင်းခြားသတ်မှတ်ထားပါတယ်..။ လက်ဝဲဘက်အစွန်ဆုံးတွင် လူမဟုတ်သော သက်ရှိများ၏ ကိုယ်စားလှယ်များက နေရာယူကြပါတယ်..။ အလယ် Column တွင် လူသားများ၏ ကိုယ်စားလှယ်များမှ နေရာယူ ကြကာ။ လက်ယာအစွန်ဆုံးတွင်တော့ ယခင် သက်မဲ့များအဖြစ် သတ်မှတ်ခံခဲ့ရသော သက်မဲ့များ (၀ါ) သက်ရှိများ စာရင်းတွင် အကြုံးဝင်ဖို့အတွက် ကြိုးစားနေသော သက်မဲ့များမှ ရွေးချယ်စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့များက နေရာယူထားကြပါသည်။ (လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ပေါ်ပေါက်ခဲ့ဖူးသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏  အစည်းအဝေးခန်းမကို မျက်လုံးထဲ မြင်ကြည့်နိုင်ပါတယ်)
အစည်းအဝေးခန်းတစ်ခုလုံးကို အကြမ်းဖျဉ်းခွဲခြားကြည့်လိုက်ပါက…။ လောကတွင် (လူမပါ) သက်ရှိများ၊ သက်မဲ့များ များစွာရှိသည့်အနက်…။ ကျန်သော အဖွဲ့များမှ ကိုယ်စားလှယ်များမှာ ရာခိုင်နှုန်း ၆၆.၆၆ သာ အစည်း အဝေးတက်ရောက်ခွင့်ရရှိကာ လူလည် (အလယ် Column မှာထိုင်သောကြောင့် လူလည် လို့ခေါ်ခြင်း ဖြစ်ပါသည်။ “လူလယ်” နှင့် မမှားကြပါကုန်…။) များမှာမူ တစ်ကမ္ဘာလုံးရှိ သက်ရှိ၊ သက်မဲ့များအားလုံး၏ ၃၃.၃၃ ရာခိုင်နှုန်း စာ တက်ရောက်ခွင့်ရရှိနေခြင်းမှာမူ…။
မကြာခင်မှာပင် ခေါင်းဆောင်အသီးသီးတို့သည် ဆင်မြင့်ပေါ်တွင်နေရာယူကြကာ အစည်းအဝေးကို စတင်လိုက်ကြပါတယ်…။ ရှေးဦးစွာ သက်မဲ့ များအဖွဲ့မှ စတင်ကာ သူတို့အား သက်ရှိများအဖွဲ့အစည်းအတွင်း အဘယ့်ကြောင့် ထည့်သွင်းသတ်မှတ်ပေးသင့်ကြောင်းကို အချက်အလက်များဖြင့် စတင် အဆိုပြုကြပါတော့ တယ်…။
ရှေးဦးစွာ ကမ္ဘာ့သက်မဲ့များဆိုင်ရာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသော အပင်များဆိုင်ရာအဖွဲ့အစည်း ဥက္ကဌမှ စတင် အဆိုတင်သွင်းပါတယ်..။
“ကျွန်တော့်အနေနဲ့ ရှေးဦးစွာ ပြောကြားလိုတာကတော့ အခုလို အပင်များရဲ့ ကိုယ်စားလှယ်အနေနဲ့ သာမက ကမ္ဘာ့သက်မဲ့များအားလုံးရဲ့ ကိုယ်စားလှယ်အနေဖြင့် စကားပြောခွင့်ရတဲ့အတွက် ကမ္ဘာ့သက်မဲ့များ (သက်ရှိ သတ်မှတ်ခွင့်ရရေး တိုက်ပွဲဝင်သူများ) အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်..။”
ကိုယ်ကျွန်တော်တို့ဟာ အခုလို သက်ရှိများ (ယခုအချိန်အထိ သတ်မှတ်ထားသော) နှင့် အတိုက်အခံ ပြုလုပ်နေခြင်းမှာ ငြိမ်းချမ်းနေတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ပျက်စီးစေလိုခြင်းကြောင့် မဟုတ်ပါဘူး..။ ကျွန်တော်တို့အနေနဲ့ ရသင့်ရထိုက်တယ်လို့ ယုံကြည်ထားသော အခွင့်အရေး တစ်ရပ်အား တောင်းဆိုနေခြင်းသာ ဖြစ်ပါတယ်..။ ထိုကဲ့သို့သော အခွင့်အရေး (အထူးသဖြင့် လူသားများနှင့် တန်းတူ) ကို ရရှိသင့်ကြောင်းကို လည်း အခုလက်ရှိ အလည်လိုင်းမှာထိုင်နေကြသော လူသားများမှပင် ကျွန်တော်တို့၏ အတွေးအခေါ်များ အတွင်းသို့ ရိုက်သွင်းပေးခဲ့ကြခြင်း ဖြစ်ပါတယ်..။ ဥပမာအားဖြင့် သက်ရှိ၊ သက်မဲ့ပေါင်းများစွာ ဖွဲ့စည်းတည်ရှိသည့် ဒီကမ္ဘာမှာ အဘယ့်ကြောင့် ကိုယ်စားလှယ်တက်ရောက်ခွင့် ပမာဏ ဟာ တန်းတူညီမျှမှုမရှိပဲ လူများက ၃၃.၃၃ ရာခိုင်းနှုန်း နေရာယူရရှိပါသလဲ ဆိုတာမျိုးဖြစ်ပါတယ်..။”
ထိုခေါင်းဆောင်၏ စာသားတစ်ချက်အဆုံးတွင် ညာလက်အခြမ်းတွင် ထိုင်နေကြသော သက်မဲ့များဆိုင်ရာ ကိုယ်စားလှယ်များဘက်အခြမ်းမှ လက်ခုပ်သံများ တဖြောင်းဖြောင်းထွက်ပေါ်လာပြီး..။ ဘယ်ဘက်အခြမ်းတွင် ထိုင်နေသော သက်ရှိများအဖွဲ့ (လူမပါ) ကိုယ်စားလှယ်များကမူ လူလည်များထိုင်သော ဘက်သို့ နားမလည်နိုင်သော အကြည့်များ၊ အရေခွံနွာချင်သော အကြည့်များ စသည်ဖြင့် အနှုတ်သဘော ဆောင်သော အကြည့်များဖြင့် ဂုဏ်ပြုကြပါတော့တယ်…။
အပင်ခေါင်းဆောင်က “ ကျွန်တော် ဥပမာအနေနှင့် ဘာကြောင့်အပင်များအနေဖြင့် သက်ရှိအဖွဲ့အစည်းအတွင်း ပါဝင်သင့်ကြောင်းကို တင်ပြ ခွင့်ပြုပါ…။ လူသားများရဲ့ သတ်မှတ်ချက် ရှိပါတယ်..။ သက်ရှိမှန်ပါက အသက်ရှူ ရမည်။ မျိုးပွားခြင်း၊ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်း ရှိရမယ်လို့ အတိအကျ သတ်မှတ်ထားသော အဆိုရှိပါတယ်…။ လူသားများဆိုင်ရာ ဘာသာတရား အဆုံးအမနှင့် သတ်မှတ်ချက် များတွင်လည်း ထိုအဆိုကို တွေ့ရှိနိုင်ပါတယ်။ ကျွန်တော်တို့ သစ်ပင်များဟာ အသက်ရှူကြပါတယ်…။ ထို့အတူ ကျွန်တော်တို့မှာ မျိုးပွားခြင်း၊ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်းများကိုလည်း သက်ရှိများနည်းတူ တည်ရှိနေပါတယ်။ ထို့ကြောင့် သက်ရှိများအားလုံး၏ ခေါင်းဆောင်ဟု လက်ရှိသတ်မှတ်ထားသည့် လူသားတို့၏ စံချိန်စံညွှန်းများဖြင့် ကိုက်ညီနေသောကြောင့် ကျွန်တော်တို့အပင်များအား သက်ရှိများ အဖြစ် အသိအမှတ်ပြုပေးသင့်ပါ တယ်..။”
“ထို့အတူ နောက်ထပ်ဥပမာတစ်ခုအနေဖြင့်..။ ရေများဆိုင်ရာ အဖွဲ့အစည်းကို ဥပမာပြခြင်ပါတယ်..။ လူသားများရဲ့ သက်ရှိ အဖြစ်သတ်မှတ်ရေး အတွက် နောက်ထပ် အဓိကကျတဲ့ အချက်တစ်ခုရှိပါတယ်..။ ဒါကတော့ သက်ရှိမှန်ရင် ခံစားတတ်ရမယ်၊ အသိဥာဏ်၊ မှတ်သားနိုင်မှုစွမ်းရည် ရှိရမယ်လို့ အတိအကျ ဖော်ပြထားပါတယ်..။ ရေ ကိုကြည့်ပါ..။ ထိုလူသားများ၏ သက်သေပြ ရှာဖွေဖော်ထုတ်မှုကြောင့်ပဲ ရေတွင် ခံစားမှု ရှိကြောင်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကပင် ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်…။ ထိုအချိန်ကပင် ရေသည် ခံစားနိုင်မှုအပြင် မှတ်သားနိုင်မှု စွမ်းရည်ရှိကြောင်းကိုလည်း ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်..။ တစ်ကယ်တမ်းဆို ရေရဲ့မှတ်သားနိုင်မှု စွမ်းရည်ဟာ နှစ်ပေါင်းထောင်နှင့် ချီကာ ထိမ်းသိမ်းမှတ်သားနိုင်စွမ်းရှိသောကြောင့် လူသားများထက်ပင် အစပေါင်းများစွာ ပိုပြီး အားသာနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ ရေအဖွဲ့အစည်း၊ အပင်အဖွဲ့စည်းကဲ့သို့ပင် အခြားသော သက်မဲ့များမှာလည်း သက်ရှိအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ခိုင်လုံသော အကြောင်း ပြချက်နှင့် အထောက်အထားများ များစွာ အတိအကျရှိနေပါတယ်..။ ဒါကြောင့် ကျွန်တော်တို့အား သက်ရှိများအဖြစ် သတ်မှတ်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား…။”
အပင်ခေါင်းဆောင်၏ မိန့်ခွန်းသံအဆုံးတွင် ခန်းမတစ်ခုလုံး လက်ခုပ်တီးသံများ၊ လက်ခေါက်မှတ်သံများ၊ မလိုလားသော ဟန်ပန်များ၊ တီးတိုး တိုင်ပင်သော အသံများဖြင့် ဖုံးလွှမ်းသွားပါတယ်..။
ထို့နောက် သဘာပတိမှနေ၍ ကိုယ်စားလှယ်များအားလုံးကို မေးမြန်းပါတယ် “ အပင်ခေါင်းဆောင်ကြီး တင်ပြ သွားတဲ့ အချက်ဟာ အမှန်တကယ်ကို ချက်ကြလက်ကြရှိပြီး ခိုင်မာတာကိုတွေ့ရပါတယ်..။ သဘာပတိများ အဖွဲ့မှလည်း သဘောတူပါတယ်..။ သို့သော် လုပ်ထုံးလုပ်နည်းအရ..။ အခု တင်ပြသွားသော အဆိုအပေါ် ကန့်ကွက်မည့်သူများ ရှိမရှိကိုတော့ မေးမြန်းရမှာဖြစ်ပါတယ်..။
“ပထမအကြိမ်မေးပါမယ်..။ ကန့်ကွက်မယ့်သူ ရှိပါသလား….။” ခန်းမတစ်ခုလုံးငြိမ်….။
“ဒုတိယအကြိမ်မေးပါမယ်..။ ကန့်ကွက်မယ့်သူ ရှိပါသလား….။” ဘာသံမှ မထွက်…။
“နောက်ဆုံးအကြိမ်…။ ကန့်ကွက်မယ့်သူ ရှိပါသလား…”
“၀ုန်း…”
“ရှိပါတယ်…။”
မျှော်လင့်ချက်များဖြင့် ပြုံးနေသော သက်မဲ့များဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ အားလုံးမျက်နှာပျက်သွားပါတယ်..။ အကြောင်းမှာ ထရပ်လိုက်သော သူမှာ သဘာပတိအဖွဲ့တွင် ပါဝင်နေသော စီရှေ အာဏာရှိသူ တစ်ယောက် ဖြစ်နေသောကြောင့်ပါ…။ သူတစ်ယောက် ကန့်ကွက်ရုံနဲ့ အားလုံးရဲ့ မျှော်လင့်ချက်များ တစ်စစီ စုတ်ပြတ် ပျက်စီးသွားတော့မှာဖြစ်ပါတယ်…။
သဘာပတိကြီးမှ..” ဟုတ်ကဲ့..။ ခင်ဗျားအနေနဲ့ ကန့်ကွက်တယ်ဆိုရင်ဖြင့် ဒီအတည်ပြုမှုတင်ပြချက်ဟာ ရှုံးနိမ့်သွားပါပြီ..။ ဒါပေမယ့် ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတဲ့အကြောင်းလေးကိုတော့ ကိုယ်စားလှယ်တော်ကြီးများအားလုံး အမြင်ရှင်းစေဖို့ ရှင်းပြပေးစေလိုပါတယ်..”
ထိုကန့်ကွက်သော စီရှည် အာဏာရှိသည့် ပုဂ္ဂိုလ်မှာ မိန့်ခွန်းပြောစင်ရှိရာသို့ ရူးသိုးသိုးဖြင့် ရောက်ရှိလာကာ အင်မတန်မှ တိုတောင်းပြီး ပြတ်သား လှသော ကန့်ကွက်ရသည့် အကြောင်းအရင်းအား အောက်ပါအတိုင်း ပြောကြားလိုက်ပါတော့သည်။
“ရှင်းပါတယ်…။ အခြားသက်မဲ့များအကြောင်းတော့ မပြောလိုတော့ပါ..။ ဒါပေမယ့်  အထက်မှာ ဥပမာပေးသွားတဲ့ အပင်နှင့်ရေ တို့ကိုသာ သက်ရှိများအဖြစ် အသိအမှတ်ပြုလိုက်ပါက ကျွန်တော်ကဲ့သို့ သေတပန် သက်တစ်ဆုံး သက်သက်လွတ် စားပါတယ်လို့ ကြွေးကြော်ထားတဲ့ သူများအားလုံး စားစရာမရှိ၊ သောက်စရာ မရှိဖြစ်ကာ ငတ်ပြီး သေကုန်ကြမှာ စိုးလို့ပဲ ဖြစ်ပါတယ်…”
အစည်းအဝေးခန်းမ တစ်ခုလုံး ငြိမ်ကျသွားပါတယ်…။ ထိုညီလာခံသည်လည်း ၎င်းကန့်ကွက်မဲ တစ်ခုထဲဖြင့်ပင် ဇာတ်သိမ်းသွားပါတယ်…။ သို့သော် သက်မဲ့များအဖွဲ့မှ ထိုကဲ့သို့ အစည်းအဝေးများဖြင့် ငြိမ်းချမ်းစွာ အဖြေရှာ မရသည့်အဆုံး တိုက်ပွဲဝင်ရင် ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်…။
အပင်များသည် လူသားနှင့် သတ္တ၀ါတို့အား အာဟာရ မဖြစ်စေခြင်း၊ အဆိပ်အတောက်နှင့် ဥပါဒ်ဖြစ်စေခြင်း၊ စိမ်းလန်းမှုတို့အား ရုပ်သိမ်းခြင်း၊ ရှင်သန်ပေါက်ဖွားမှုတို့အား ထိန်းချုပ်ကန့်သတ်လိုက်ခြင်း စသည်တို့ဖြင့် စတင်တိုက်ခိုက်သောကြောင့် သစ်တောများပြုန်းတီးခြင်း၊ လူနှင့်သတ္တ၀ါ များ အဟာရချို့တဲ့ခြင်း၊ အပူအအေး လွန်ကဲမှုများ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတု ဟန်ချက်များ ပျက်စီးသွားခြင်း စသည်ဖြင့် တိုက်ပွဲအတွင်း အလူး အလိ့မ် ခံစားကြရပါတော့တယ်…။
ထို့အတူ ရေများဘက်မှလည်း ရေလွှမ်းမိုးမှုများဖြစ်စေခြင်း၊ မိုးများကို ပိုမိုခေါင်စေခြင်း၊ ရေရှားပါးသောနေရာ များတွင် ပိုမိုရှားပါးလိုက်စေခြင်း၊ ရေများဖြင့် လျှပ်စစ်ပေးမှုများကို ရပ်တန့်စေခြင်းအလို့ငှာ၊ ရေစီးကြောင်းများကို ပြောင်းလွှဲပြစ်ခြင်း၊ ရေများအတွင်း ရောဂါပိုးမွှားများကို ယခင်က ထက် ပိုမိုရှင်သန်နေထိုင်ခွင့်ပြုလိုက်ခြင်း စသည့် ထိုးစစ်များအပြင်းအထန် ဆင်နွဲပါတော့တယ်…။
အပင်နှင့်ရေတို့နည်းတူ အခြားသောသက်မဲ့များမှလည်း အပြင်းအထန် ၀ိုင်းဝန်းတိုက်စစ်ဆင်ကြသောကြောင့် အချိန်မကြာလိုက်ခင်မှာပဲ သက်မဲ့များအား အားကိုးနေထိုင်နေရသော ကမ္ဘာပေါ်ရှိ သက်ရှိများ (အထူးသဖြင့် လူများ) ၏ တောင်းဆိုမှုနှင့် သဘောတူညီမှုကြောင့် သက်ရှိများ ဆိုင်ရာ အဖွဲ့အစည်းမှတစ်ဆင့် အပင်နှင့်ရေအပါအ၀င် အချက်အလက်နှင့် တောင်းဆိုလာသော သက်မဲ့များအားလုံကို သက်ရှိများအဖြစ် အသိ အမှတ်ပြုပေးလိုက်ရပါတော့တယ်..။
သို့သော်….
မကြာခင်မှာပဲ ရေနှင့်အပင် အပါအ၀င် သက်ရှိအဖြစ်အသိအမှတ်အပြုခဲ့မှု ရရှိပြီးသော သက်မဲ့ တော်တော်များ များသည် သက်ရှိများအဖွဲ့အစည်းမှ နှုတ်ထွက်ကာ နဂိုသက်မဲ့များအဖွဲ့အစည်းသို့ ပြန်လည်ဝင်ရောက်သွားပါတော့တယ်…။ ၎င်းတို့ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းအကြောင်းအရင်းကိုတော့ ထုံးစံအတိုင်း သက်မဲ့များကိုယ်စားလှယ် အပင်များ ခေါင်းဆောင်ကြီးမှ အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်…။
“ကျွန်တော်တို့ ဘာကြောင့် သက်မဲ့အဖွဲ့အစည်းထဲကို ပြန်ဝင်သွားရလဲဆိုတော့…။ တကယ်တော့ သက်ရှိ..။ အင်းသက်ရှိဆိုတာထက်..။ အဓိက က လူပေါ့ဗျာ…။ လူတွေရဲ့ ဘာကြောင့် လူလို့ ခေါ်ရသလဲဆိုတဲ့ အနှစ်သာ ရနဲ့ အဓိပ္ပါယ်ကို တစ်ကယ် သိရှိသွားလို့ပဲ ဖြစ်ပါတယ်..။ တစ်ကယ်တော့ လူတစ်ယောက် ဖြစ်ဖို့ အသက်ရှူတတ်ဖို့လည်း မလိုပါဘူး..။ မျိုးပွားတာတွေ သေဆုံးတာတွေလည်း မလိုပါဘူး…။ အသိဥာဏ်တွေ၊ မှတ်ဥာဏ် တွေလည်းမလိုပါဘူး..။
လူတစ်ယောက်ဖြစ်ဖို့ မလိ့မ်တပါတ် လုပ်တတ်ဖို့ပဲ လိုပါတယ်။ မသိတာကို သိသလိုလို ဟန်ဆောင်တတ်ရပါမယ်။ မတတ်တာကို တတ်သလိုလို ဟန်ဆောင်တတ်ရပါမယ်..။ သူ့အတွက် လုပ်သလိုလိုနဲ့ ကိုယ့်အတွက် ကျန်အောင် လုပ်တတ်ရပါ့မယ်။ တကယ်တမ်းမှာတော့  သူတို့လူတွေ ကိုယ်တိုင်ကပင် သူတို့သတ်မှတ်ထားသလို လူလို့ အမည်ခံထားပြီး လုံးဝအသိဥာဏ်မရှိတဲ့ မည်ကာမတ္တ လူပေါင်းများစွာ ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ်…။ ဒါတွေအပြင်…။ ကျွန်တော်တို့အနေနဲ့ အခုလို မူလနေရာကို ပြန်သွားကြရခြင်း အကြောင်းကတော့ ကျွန်တော်တို့မှာရှိတဲ့ ကိုယ်ချင်း စာတရားနဲ့ ရိုးသားမှုတွေကို မစွန့်လွှတ်နိုင်လို့ပဲ ဖြစ်ပါတယ်”
“နောက်ဆုံး ကျွန်တော်မှာခဲ့ချင်တာကတော့…။ တစ်ကယ်လို့ ခင်ဗျားသာ တစ်ကယ့်လူတောထဲတိုးပြီး လူတန်းစေ့တဲ့ လူတစ်ယောက် ဖြစ်ချင်တယ် ဆိုရင်တော့ ခင်ဗျားမှာရှိတဲ့ ကိုယ်ချင်းစာတရားနဲ့ ရိုးသားမှုတွေ အားလုံးကို စွန့်ပြစ်ထားခဲ့ကြပါလို့…”
P.S- ပထမရေးနေတုန်းက အကြောင်းအရာတစ်ခုပါ ရေးနေရင်းလမ်းချော်သွားလို့ ချော်လက်စနှင့် မရေးတာကြာပြီ ဖြစ်သော ယခင်က ရေးခဲ့ဖူး သည့် ကျွန်တော်နှင့် တစ်နေ့တာ ၊ ခေတ်သစ်မင်းနန္ဒာ တို့လိုပုံစံမျိုး ပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပါသည်။ လမ်းချော်သွားလို့ မရေးဖြစ် လိုက်တဲ့ အကြောင်းအရာကိုတော့ နောက်မှပဲ ရေးသားဖော်ပြပါတော့မယ်။
အိပ်မက် လက်ဆောင်
နိဒါန်း
အဖေ…။ ညက…။ သား…။ အိပ်မက်တွေမက်တယ်…။ အိပ်မက်ထဲမှာ အရောင်တွေ မညီညာဘူး..။ ပညတ်တွေမညီညာဘူး..။ အသံတွေမညီညာဘူး။ ဘ၀တွေ မညီညာဘူး..။  အင်း…။ ရင်ခုန်သံတွေလည်း မညီညာဘူးပေါ့ အဖေရယ်…။
အိပ်မက် (၁)
အိပ်မက်ထဲမှာ…။ နံရံအချို့လည်း ပါတယ် အဖေ..။ ထူးခြားတာက အဲ့ဒီ့နံရံတွေမှာ “နား” မပါကြဖူးတဲ့လေ…။ ခပ်သဲ့သဲ့ ငိုရှိုက်သံအချို့ကြားမှာ အချို့ အချို့ရဲ့ ဘ၀တွေက ခါးလှပါတယ် အဖေရယ်..။ မေတ္တာမိုးခေါင်၊ သစ္စာရေရှား..။ ဒီသဘာဝတရား ကြီးက တစ်ခါတစ်လေ တစ်ကယ်ပဲ တရားရဲ့လား အဖေ…?
အိပ်မက်ထဲမှာ…။ လူအချို့…။ အစားတစ်လုပ်စာ လုံလောက်တဲ့ ငွေအသပြာရဖို့ သူတို့အစာအိမ်ကိုသူတို့ ဖြုတ် လျှော့ဈေးနဲ့ ထုတ်နေကြတယ်…။ စပါးလုံးတစ်ထောက်စာ အရေပြားတစ်ခု အ၀တ်အစားဝတ်နိုင်ဖို့ ကိုယ့်သားရေကို ကိုယ်လှီးထုတ် ပိတ်စတစ်အုပ်နဲ့ လဲနေကြတယ်…။ လူအချို့ရှင် သန်ဖို့…။ လူအချို့ ယဇ်စဉ် တက်နေရတယ်…။
မျှော်လင့်ခြင်းနဲ့ရက်တဲ့ ပန်းချီကားတစ်ချပ်…။ ရုတ်တရက်..။ စုတ်တစ်ချက်အမှားမှာ…။ စုတ်ပြတ်သတ်သွားတော့..။ စတေးလိုက်ရတာ ဘ၀တစ်ခု လုံးပေါ့ အဖေ..။ ရမ္မက်တွေကြား ရုန်းကန်လှုပ်ရှား…။ တစ်ခါတစ်လေများ..။ သားတို့မျှော်လင့်ချက်တွေကို အနားပေးဖို့တောင် မေ့ခဲ့ကြတာ ကြာပြီ ထင်ပါတယ် အဖေရယ်…။
အိပ်မက် (၂)
အိပ်မက်ထဲမှာ…။ မျက်မှန်တွေ အရမ်း ရောင်းကောင်းတယ် အဖေ…။ အဲ့ဒီ့မျက်မှန်က ဘယ်သူ့ကိုမဆိုကြည့် လိုက်တာနဲ့ အဲ့ဒီ့လူရဲ့ ကျောကုန်းမှာ လှေခါး ဘယ်နှစ်ထစ် ပါတယ်ဆိုတာ မြင်ရတယ်…။ အဲ့ဒီ့လူရဲ့ ဦးနှောက် ထဲမှာ ဓာတ်ဆီ ဘယ်နှစ်ဂါလံ ပါတယ်ဆိုမြင်ရတယ်…။ အင်း…။ အဲ့ဒီ့လူရဲ့ နှလုံးသားထဲမှာ အတ္တဘယ်နှစ်ပိသာ ပါတယ်ဆိုတာလည်း မြင်ရတယ် ဆိုပါတော့အဖေရယ်..။
အိပ်မက်ထဲမှာ….။ သားမျှားမိတဲ့ငါးက…။ အရိုးထွားတယ်…။ ချေးခါးတယ်…။ ဘေးတိုက်သွားတယ်…။ ရေခဲ ရိုက်ထားတယ်…။ ခြေထောက်များ တယ်..။ နောက်ပြီးတော့…။ အင်း…။ နားရွက်လည်း နဲနဲကားတယ် အဖေ…။ သူကပြောတယ်…။ ငါဟာ ရှားပါး “ငါး”…။ မင်း မမျှားလည်း..။ ငါ့ကို စားချင်တဲ့သူတွေ အများကြီးတဲ့…။ စုပ်လည်းဆူး..။ စားလည်းရူး…။ မထူးပါဘူးအဖေရယ်…။ သား…။ စည်သွပ်ဘူးထဲ ထည့်လိုက်တယ်….။
သန်းခေါင်ထက် ညဉ့်မနက်ဖူး ဆိုတဲ့စကား…။ မျက်မမြင်တစ်ယောက်ကြားရင်…။ ဟားပါလိ့မ်မယ် အဖေ…။ အလင်းနဲ့ အမှောင်ကြား…။ သူသိတဲ့ အမှန်တရားက…။ အရောင်တွေ သိပ်မများလှပါဘူး…။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့…။ အလင်းဆိုတာ အမှောင်ထက်မြတ်ကြောင်း…။ ဘယ် “တောင်” ကိုတက်ပြီး…။ သားသူ့ကို သက်သေထားရမလဲ အဖေ…?
အိပ်မက် (၃)
အိပ်မက်ထဲမှာ..။ သစ်ပင်တွေ တွေ့တယ်အဖေ..။ ဒါပေမယ့် အဲ့ဒီ့သစ်ပင်တွေက မြေပြင်မှာ အမြစ်မတွယ်ပဲ တိမ်တွေထဲမှာ အမြစ်တွယ်တယ်လေ..။ သူတို့က တိမ်ညွှန့်စားပြီး ဖွားကြတာတဲ့…။ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်တန်တော့လည်း ကမ္ဘာ့ဆွဲငင်အားက ဘယ်သူ့ကိုမှ လက်လီ၊လက္ကား  ဈေးစ ကား မများခဲ့ဘူး မဟုတ်လားအဖေ…? သူတို့သစ်ရွက်တွေ ကြွေတော့လည်း ဒီမြေပြင်ပေါ်ပဲ သက်ဆင်းခဲ့ရတာပဲ မဟုတ်လား အဖေ?
အိပ်မက်ထဲမှာ…။ ဧရာဝတီဘက်က ပြန်လာတဲ့…။ လေပြေအချို့နဲ့လည်းတွေ့တယ် အဖေ…။ “ဒီကောင် လေပဲ ရှိတာပါကွာ..” လို့ ပြောတတ်တဲ့ လူတွေကို မကျေနပ်လို့..။ ထိတွေ့ကိုင်တွယ်ခြင်း၊ မျက်စိဖြင့် မြင်နိုင်ခြင်း မရှိနိုင်အောင်လောက်အောင် နူးညံ့ပေမယ့်..။ လေမှာလည်း သူ့အားနဲ့ သူရှိ ကြောင်းသက်သေပြပြီး ပြန်လာတယ်လို့တော့ ပြောသံကြားမိတယ်..။
တစ်ကယ်တော့ အိပ်မက်ဆိုတာ သားအတွက်တော့ တစ်ခါက ပြောဖူးသလို….။ ဘ၀တစ်လျှောက်လုံး နေ့စဉ်ရက်ဆက်မှန်မှန် စားသုံးခဲ့တဲ့ နံနက်စာ သက်သက်ပါပဲ အဖေရယ်…။
နိဂုံး
ဘာရယ်တော့ မဟုတ်ဖူးပေါ့အဖေရယ်..။ လောကမှာ အဖေလို့ ခေါ်နိုင်တဲ့ အခွင့်အရေးလေးရှိတုန်း…။ အဖေ့ မွေးနေ့မှာ..။ အမှတ်တရအနေနဲ့..။ မက်ဖူးတဲ့ အိပ်မက်လေးတွေအကြောင်း တိုင်တည် ရုံလောက်ပါ…။ သားလို တိုင်တည်ခွင့်မရတော့တဲ့ သူတွေရဲ့ ကိုယ်စားလည်း ပါတာပေါ့ အဖေ ရယ်…။
P.S- HAPPY BIRTHDAY DAD!!!
မိုးစက်ကြွေ
နိဒါန်း
မိုးဖွဲများ ဖြေညှင်းစွာ စတင် ကျဆင်းလာပါတယ်…။
အခန်း (၁)
ညင်သာစွာ ဖြတ်သန်းတိုက်ခတ်လိုက်တဲ့ လေနုအေးတစ်ချက် အမှတ်တမဲ့ သူ့ရင်ခုန်သံအချို့ကို ကျီစယ်သွားပုံက မထေမဲ့မြင်နိုင်လှပါတယ်…။ သိစိတ်တစ်ဝက် မသိစိတ်တစ်ဝက်နဲ့ သတိထားမိတော့မှ သူ့ခြေလှမ်းတွေ အခန်းနဲ့အပြည့်တပ်ထားတဲ့ ပြတင်းပေါက်တွေဆီကို ဦးတည် နေကြောင်း သူ သတိထားမိလိုက်ပါတယ်…။
ခပ်ဟဟ ဖြစ်နေတဲ့ ပြတင်းပေါက်တံခါးကို သူဆွဲဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်…။ အဆုံးအစမဲ့စွာ တိုက်ခတ်လာတဲ့ လေပြေတစ်ချို့နဲ့ အတူ ပိုင်ရှင်မဲ့ မိုးစက်တွေ သူ့ရဲ့ပါးပြင်ပေါ်ကို အလုအယက်….။ သို့မဟုတ်….။ အားကိုးတကြီး လာရောက်ဖက်တွယ်ကြပါတယ်။ အင်းလေ….။ သူတို့လည်း ဒီလောက်အေးစက်နေတဲ့ အပြင်လောကမှာနေရတာ ချမ်းလောက်ရောပေါ့…။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အခုလိုပဲ နွေးထွေးတဲ့နေရာ တစ်ခုခု ကို ခိုနားရကောင်းရဲ့ဆိုပြီး မျှော်လင့်ဖူး….။ မျှော်လင့်ဖူးခဲ့ကြမှာပေါ့…။
မိုးစက်အချို့ ပြတင်းပေါက်ဘောင်တစ်လျှောက် ဟိုနား…။ နောက်…။ ဒီနား…။ စုစုဝေးဝေး….။ ပြန့်ကျဲလို့ နားနေကြလေရဲ့….။ ကောင်းကင်ခရီးကို ဖြတ်သန်း ပျံသန်းလာကြရတာ သူတို့အတွက် သိပ်ကိုမောပန်းသတဲ့လေ…။ တစ်နေ့တော့ မြေပြင်ခရီးကို ဖြတ်သန်းနေရတဲ့သူတွေ အကြောင်း သူတို့ကို ပြောပြရပါဦးမယ်…။ အဆင်ပြေမယ်ဆိုရင် သူတို့တွေရဲ့ ဖြတ်သန်းခဲ့တဲ့ ကောင်းကင်ပေါ်က အတွေ့အကြုံတွေကိုလည်း တတ်နိုင်သ လောက် တီးခေါက်ကြည့်ရပါဦးမယ်…။ ထားပါလေ…။ ကောင်းကင်ပေါ်ကို ရောက်ပါ့မလား..။ မရောက်နိုင်ဖူးလား ဆိုတာထက်…။ ဘာပဲဖြစ်ဖြစ် သိထားတော့ မကောင်းဘူးလားလေ…။
တကယ်တော့ ဒီမိုးစက်တွေဟာ မှားယွင်းသော ခိုလှုံရာကိုရှာခဲ့ကြတာပါ…။ အေးစက်မှုတွေနဲ့ စတင်ဖွဲ့တည်လာခဲ့တဲ့ သူတို့ဘ၀တွေ ဆက်လက် ရပ်တည်ဖို့အတွက်….။ ပျော်သည်ဖြစ်စေ မပျော်သည် ဖြစ်စေ…။ သူတို့ဟာ အဲ့ဒီ့အေးစက်မှုတွေ ကြားမှာပဲ ဆက်လက်နေထိုင်ဖို့ လိုပါလိ့မ်မယ်…။ နွေးထွေးမှုကို မိုက်မဲစွာ ရှာဖွေခဲ့တဲ မိုးစက်အချို့…။ သူတို့တောင့်တခဲ့ကြတဲ့ နွေးထွေးမှုကိုရတဲ့အခိုက်….။ မကြာခင်မှာပဲ ခြောက်ခမ်းကွယ်ပျောက် သွားကြလေရဲ့….။
တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ နွေးထွေးမှုကို အခုလိုမိုက်မဲစွာ ရှာဖွေ ခိုလှုံခဲ့ကြဖူးတဲ့ မိုးစက်တွေဟာ…။ အသစ်အသစ်သော နောင်ဖြစ်လာမယ့် မျိုး ဆက်သစ် မိုးစက်တွေအတွက် မဖြစ်မနေ သင်ယူစရာ သင်ခန်းစာ တစ်ခုများ ဖြစ်လာလေမလား….။
အခန်း (၂)
ညဉ့်သည် တဖြေးဖြေးချင်း အချိန်၏တိုက်စားခြင်းကို ခံတုရင်းဖြင့် ကျရှုံးလို့လာနေပါတယ်…။ တကယ်တော့ အလင်းရဲ့အင်အားကို တောင့်ခံနိုင်တဲ့ အမှောင်ဆိုတာ ဘယ်ရာဇ၀င်မှာမှ မရှိခဲ့ဖူးဘူးလေ…။ မိုးစက်တွေ….။ မိုးစက်တွေ….။ ဆက်လို့သာ ကြနေကြလေရဲ့…။ နီမြန်းနေတဲ့ ကောင်းကင် အောက်…။ မိုးစက်အချို့ လမ်းပျောက်နေကြတယ်…။ မိုးစက်အချို့ လမ်းဖောက်နေကြတယ်…။
မာကျူရီ မီးလုံးနားက ခရီးဆက်ခဲ့တဲ့ မိုးစက်အချို့က ၀ါဖန့်ဖန့်အရောင်တွေနဲ့…။ တံခါးပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုရဲ့ “ကြိုဆိုပါတယ်” ဆိုတဲ့ ဆိုင်း ဘုတ်မှာထွန်းထားတဲ့ အစိမ်းရောင် မီးသီးတွေနားက မိုးစက်အချို့ကတော့ ခပ်စိမ်းစိမ်း…။ ဘာပဲဖြစ်ဖြစ်လေ…။ ၀ါဖန့်ဖန့်အရောင်နဲ့ ခရီးဆက်သွား တဲ့ မိုးစက်တွေပဲ ဖြစ်ဖြစ်…။ အစိမ်းရောင်တွေနဲ့ ခရီးဆက်သွားတဲ့ မိုးစက်တွေပဲဖြစ်ဖြစ်…။ အနဲနဲ့အများတော့…။ ပိန်းပိတ်အောင် ကျယ်ပြောနေတဲ့ ကောင်းကင်အောက် ဘယ်သူမှ သတိမထားမိလိုက်ပဲ တိုးဝင်ပျောက်ကွယ်သွားကြတဲ့ မိုးစက်တွေထက်စာရင်တော့…။ အဲ့ဒီ့ မိုးစက်တွေထက် စာရင်တော့….။
လှပတဲ့ညတစ်ခုဖြစ်ဖို့အတွက်..။ တကယ်တမ်း…။ အမှောင်ဟာ ဓားစာခံတစ်ယောက်ပါ…။ တစ်ခါတစ်လေ မရေမတွက်နိုင်သော ကြယ်ရောင်စုံတွေ ရဲ့  အလှကို လူတွေချီးမွမ်း ထောပနာ ပြနိုင်ကြဖို့အတွက် အမှောင်ဟာ ဗီလိန်တစ်ယောက်အနေနဲ့ အသုံးတော်ခံပါတယ်…။ ဘာပဲပြောပြော အမှောင်ထဲမှာ ဘယ်သူမှသတိမထားမိလိုက်ပဲ ခရီးဆက်ရင်းပျောက်ကွယ်သွားတဲ့ မိုးစက်တွေဟာ အနဲဆုံးတော့ အခြားမိုးစက်တွေလို အရောင်တွေ အဆိုးမခံ လိုက်ရဖူးပေါ့လေ…။ ကံကောင်းပါစေ မိုးစက်တွေရေ….။
အခန်း (၃)
တွေးလက်စ အတွေးအချို့ကို ခဏရပ်လိုက်တယ်…။ အကျင့်ရပြီးသားဖြစ်နေတဲ့ လက်ချောင်းတွေက စီးကရက်တစ်လိပ်ကို မီးညှိပြီးနေပြီပေါ့..။ သခင့်အလိုက်ကို သိပ်သိတတ်ကြပုံများ…။ အားရပါးရ ရှူရှုလိုက်တဲ့ ခဏ အရာရာဟာ ရီရီဝေေ၀ ၀ိုးတိုးဝါးတားနဲ့ လှပလို့နေရဲ့…။ မျက်လုံးတွေကို သူဖြေးညှင်းစွာ ပိတ်လိုက်တော့….။ သာယာတဲ့ ဂီတသံတစ်ခု သူ့အကြားအာရုံထဲကို နူးညံ့စွာ စီးဝင်လာတယ်…။
Yanni ရဲ့ Reflection Of Passion …..။
အဆုတ်ထဲက ဆန်တက်လာတဲ့ မီးခိုးငွေ့တွေကို သူနှမြောတသကြီးစွာ ဖြေးဖြေးခြင်း မှုတ်ထုတ်လိုက်တယ်…။ တလွင့်လွင့် တမြောမြောနဲ့ လွင့်ထွက်သွားတဲ့ မီးခိုးငွေ့အချို့ကြောင့် မိုးစက်အချို့ တဟွတ်ဟွတ်နဲ့ သီးသွားကြတယ်…။ ခပ်တိုးတိုးဆိုပေမယ့်..။ သူကြားဖြစ်အောင် ကြားလိုက် မိတယ်..။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ရိပ်ကနဲ့ ဖြတ်သန်းသွားတယ်..။ ကြည့်စမ်းပါဦး..။ လွတ်လွတ်လပ်လပ်ကြီး ငြိမ်းချမ်းစွာ မွန်းကြပ်နေပုံများ..။
ဟား…..။ ဒီလိုအချိန်မျိုးမှာ တစ်စုံတစ်ယောက်ကို သိပ်သည်းစွာ သတိရနေတဲ့ စိတ်တွေများ သက်သာသွားလေမလား…။ သူ သက်ပြင်းအချို့တစ် ၀က်ကို ခဲရာခဲဆစ် ထုစစ် ဖန်တီးလိုက်တယ်…။
အပြင်မှာ မိုးစက်တွေ တဖွဲဖွဲဆက်လက် ကြဆင်းနေကြတုန်း…။ နဲနဲတော့ မိုးစက်တွေကျဲလာနေပြီထင်သည်…။
သူ့လက်ထဲမှာလည်း စီးကရက်တစ်လိပ် အငွေ့တလူလူနဲ့ လောင်မြိုက်လို့ကောင်းနေတုန်း…။ အရင်ကထက်တော့ ကုန်ဖို့ နီးလာပြီထင်သည်။
အကြားအာရုံတွေထဲမှာလည်း Yanni ရဲ့ Reflection Of Passion ကို ကြားနေရတုန်း..။ အဆုံးကိုရောက်ဖို့တော့ နီးလာပြီထင်ပါသည်။
ဇာတ်သိမ်း
မိုးတိတ်သွားခဲ့လေပြီ….။
ကျွန်တော်တို့တွေ…
နိဒါန်း
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးး…………တစ်အိမ်လုံးဆူညံနေတာပဲ… အစောကြီးရှိသေးတယ်…။ ဘယ်လိုမှကို ဆက်အိပ်လို့မရဘူး….။”
ကျွန်တော် အသားကုန် ကြုံးအော်လိုက်ပါတယ်…။ ခဏတော့ တစ်အိမ်လုံး ကြောင်ပြီး ကျွန်တော့်ကို ၀ိုင်းကြည့်နေကြပါတယ်…။ သိပ်မကြာလိုက်ပါ ဘူး တစ်ယောက်တစ်ပေါက်နဲ့ အားရပါးရ ၀ိုင်းလှောင်ကြပါတော့တယ်….။
“အံမယ်…။ အိပ်လို့မရဘူးသာ လျှောက်အော်နေတာ…။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး ကိုကြီးရယ်…။ ရေချိုး၊ အ၀တ်အစားလဲပြီးလို့ ရေမွှေး နံ့တစ်ထောင်းထောင်းနဲ့….။ ဘယ်အချိန်ကတည်းက အစောကြီးထပြီး ပြင်ထားမှန်းတောင်မသိဘူး…။ ဒီမှာ ဘယ်သူမှတောင် မျက်နှာမသစ်ရသေး ဘူး…”
ကျွန်တော့်ညီမမှ ဆက်တိုက်ပြစ်လိုက်သော စကားလုံးများ ကြားမှ ကျွန်တော် ကိုယ့်ကိုယ်ကို နဲနဲပြန်သတိထားမိသွားပါတယ်..။ အနဲငယ် အံ့သြသလို လည်း ဖြစ်သွားပါတယ်…။ ကျွန်တော့်အခန်းဟာ ရေချိုးခန်း၊ အိမ်သာ တွဲလျှက်မဟုတ်ပါဘူး။ အောက်က အခန်းက ပြင်ထားတဲ့အတွက် သုံးလို့မရ ပါ။ အပေါ်မှာ အဖေတို့အခန်း…။ ကျွန်တော် ဘယ်အခန်းတွင် ၀င်ချိုးလိုက်မှန်းမသိပါ…။ ဒါပေမယ့် ခဏပါပဲ..။ ကျွန်တော့်အတွက် ဒါအဆန်းမဟုတ် တော့ပါ..။ အိပ်ယာကထရင် အိပ်ချင်မူးတူးနဲ့ လုပ်စရာရှိတာတွေ ဒါမှမဟုတ် လုပ်ချင်တာတွေလုပ်ပြီး တစ်ခါတစ်လေ ပြန်အိပ်ပျော်သွားပြီး နိုးလာမှ ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို မမှတ်မိတာမျိုးတွေ ခဏခဏပါ..။
“ဟေ…။ အေး…။ ဟုတ်လား…။ ဟီး ဟီး…။ ဆောတီး ဆောတီး…။ မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်…။ ဖြဲချင်တဲ့ စိတ်ကများသွားလို့ ဟဲ ဟဲ”
“သေနာလေး…။ ငါ့မှာလန့်သွားတာပဲ ဘာများဖြစ်တာလဲလို့….။” ဒါက မာတာမိခင်ရဲ့ တိုက်စစ်….။
“အဖေရာ…? အဖေ….?”
” နင့်အဖေ အိမ်သာတက်နေတာ တစ်ကမ္ဘာလောက်ရှိပြီ..။ အခုထိမပြီးသေးဘူး…။ ကျန်တဲ့ရေချိုးခန်းတွေ မနေ့က ခြံထဲက အလုပ်သမားတွေလာ ပြီး ပြန်ပြင်ထားလို့ အဲ့ဒီ့တစ်ခန်းပဲ အားတာ…။ အဲ့ဒါ နင့်အဖေက ဇိမ်စွဲပြီး လုပ်နေလို့ ငါရော နင့်ညီမရော အခုထိ ရေမချိုးရသေးဘူးဟေ့…။”
သြော်….။ တစ်ခုပြောပြရဦးမယ် ကျွန်တော့် ဖခမည်းတော်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်မဟုတ် တစ်အုပ်ပါမှ တက်တတ်ပါတယ်..။ အဲ…။ အိမ်သာထဲ ၀င်သွားပြီဆိုရင်လည်း မသိရင် အိမ်သာထဲဝင်ပြီး နားအေးပါးအေး စာထိုင်ဖတ်နေတာလား…။ အိမ်သာသွားတတ်တာလား ခွဲခြားမရ အောင်ကို ကြာပါတယ်…။ တစ်ခါက အပြင်က ပြန်လာတုန်း ကမူးရှူးထိုးနဲ့ အိမ်သာထဲဝင်မယ်ဆိုပြီး တွေ့ကရာ စာအုပ်ဆွဲသွားလိုက်တာ အဲ့ဒီ့တုန်းက ကျွန်တော့်ညီမ သင်နေရတဲ့ သူငယ်တန်း ဖတ်စာအုပ်ကြီး ပါသွားလေရဲ့ဗျာ….။ တကယ့်ကို စံပါပဲ…။
” ငါ့အကြောင်း ဘာတွေအတင်းတုပ်နေတာလဲ…။ အကုန်ကြားတယ်…။ မင်းတို့ သားအမိတွေ အူကြောင်ကြောင်မလုပ်နဲ့…”
“အဲ့….သရဲ”
ကျွန်တော်တို့အားလုံး ကြောင်သွားပါတယ်..။ အသံပဲ ကြားရပြီး လူမမြင်ရဘူးလေ…။
“၀ါးးးးးးးး…..ဟား…ဟား…ဟား…။ ဒီလိုလုပ်လို့ရရိုးလား…”
မှားပါတယ် အဖေရယ်….။ ကျွန်တော်တို့တိုက်က နှစ်ထပ်ပါ..။ အပေါ်ထပ်ကိုတက်တဲ့ လှေခါးက နှစ်ဆင့်ပါ…။ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြား မှာ အမြင့်ပေ ၂၀ လောက်ရှိတယ် ဇီးမှန်တစ်ချပ် အပြည့်တပ်ထားပါတယ်..။ အဲ့ဒီ့မှာ လိုက်ကာအရှည်ကြီးတွေလည်း တပ်ထားပါတယ်…။ အဲ့ဒီ့ လိုက်ကာကြားထဲ ကျွန်တော့်အဖေ ဘယ်အချိန်ကတည်းက ၀င်ပုန်းနေမှန်းမသိပါဘူး…။ သူ့အသံဗြဲကြီးနဲ့ ကလေးတွေလို “တူတူရေ…၀ါး” လုပ် လိုက်မှပဲ ကျွန်တော်တို့မှာ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်…။
သူ့ကိုကြည့်လိုက်တော့ သူက အပြတ်ရှိုင်းထားပြီးနေပါပြီ..။ သဘောကတော့ အပြင်သွားဖို့အဆင်သင့် ဖြစ်နေပြီ ဆိုပါတော့…။
” အံမယ်..။ ဘာမှ အတင်းတုပ်စရာမလိုဘူး..။ ပေါ်တင်ပြောနေတာ…။ နေပါဦး ရှင်က အိမ်သာတက်နေတာ မဟုတ်ဘူးလား..။ ဘယ်လိုလုပ်ပြီး ဒီ လိုက်ကာနောက်ရောက်နေတာလဲ…။ မကြီးမငယ်နဲ့ တူတူပုန်းတမ်းက လာကစားနေသေးတယ်..။ ကျွန်မတို့က ရှင် ပွဲတော်တည်..။ အဲ.. မှားလို့..။ အိမ်သာတက်တာ ကြာလို့ အောက်မှာ ကောင်းချီးပေးနေတာ…။”
“သေဦးမယ် ဒီမိန်းမ..။ ငါ့ကို ပွဲတော်တည်တယ်လေး ဘာလေးနဲ့…။ အိမ်သာတက်ပြီးတာက ကြာပေါ့…။ တစ်ခါထဲ ရေချိုးနေလို့…။ ရေချိုးအ၀တ် လဲပြီးလို့အောက်ဆင်းလာတုန်း မင်းတို့တွေ ငါ့အတင်းတုတ်နေတာမြင်လို့ ဘာတွေများ ဆက်ပြောမလဲ ဆိုပြီး ဒီထဲ ၀င်ပုန်းနေတာ..ဟဲ ဟဲ “
ပြောရင်းလှေခါးမှ အောင်မြင်သူစစ်သူကြီး ခြေလှမ်းမျိုးဖြင့် ဆင်းလာသော ခမည်းတော်သည် အောက်ဆုံး လှေခါးထစ်အား ခြေခြပြီးသကာလတွမူ..
“အား..အား..။ နာတယ် မိန်းမရ..။ ဟ နာတယ်ဟ..။ ဟဲ ဟဲ..။ အား နာတယ်ဆို…။ အေးအေး နောက်မလုပ်တော့ပါဘူးဟ…”
မာတာမိခင်ရဲ့ အနှစ် ၁၀၀၀ အတွင်းအားအပြည့်ပါသော “ဗိုက်ကြောလိမ်ဆွဲ” သိုင်းပညာနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရလေတော့သည်…။
အချိန်မှာ မနက် ၅ နာရီလောက် ဖြစ်မယ် ထင်ပါတယ်…။
အခန်း (၁)
” ဘုရားအရင်သွားမယ်မလား…”
ကျွန်တော့်အမေးကို အဖက ခပ်တိုတိုသာဖြေသည်…။
“အေး…”
ကျွန်တော်က ကားမောင်းပါတယ်..။ ကျွန်တော့်ဘေးမှာက အဖေ ထိုင်ပါတယ်..။ ကျွန်တော့် အနောက်တည့်တည့် နောက်ခန်းမှာက ကျွန်တော့ညီမ။ အဖေ့နောက်တည့်တည့်မှာက အမေ…။ အားလုံးအသီးသီးနေရာယူထားပါတယ်…။ ကျွန်တော်ကားစက်နှိုးပြီး အင်ဂျင်နဲနဲပူတဲ့အထိ စောင့်နေ လိုက်ပါတယ်..။ အင်ဂျင်ပူသွားလို့ စက်သံငြိမ်သွားတဲ့အခိုက်အတန့် ကျွန်တော့်စိတ်ထဲ ရိပ်ကနဲ ဖြတ်ပြေးသွားသော အတွေးစတစ်ခုကြောင့် ကျွန်တော့်မျက်နှာပေါ်မှာ အပြုံးစတစ်ခု အမှတ်မထင် ပွင့်ဖူးသွားခဲ့ပါတယ်…။ ဒါကို သတိထားမိလိုက်တဲ့ အဖေက….
“သား..။ မင်းဘာပြုံးတာလဲ…?”
ကျွန်တော် နံပါတ် ၁ ဂီယာကို အသာအယာပဲ ထိုးလိုက်ပါတယ်..။ ဘယ်ဘက်ခြေထောက်ကလည်း ကလပ်ကို အဆင်သင့် နင်းပြီးသားပေါ့…။
“သြော် သားမောင်းတဲ့ကားကို အခုလို အဖေထိုင်စီးဖို့ သားဘယ်လောက်စောင့်စားခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုပေါ့ အဖေရယ်…”
ကျွန်တော့် မျက်နှာမှာ အပြုံးတွေ ရှိနေပါတယ်…။ ကျွန်တော် အဖေ့ကိုမကြည့်ပဲ ကားအရှေ့တည့်တည့်ကိုသာ ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိပါတယ်..။ အဖေပြုံးနေပါလိ့မ်မယ်….။ ထို့အတူ ကျွန်တော့်စကားသံကို သေသေချာချာ ကြားလိုက်ရတဲ့ နောက်ခန်းက ကျွန်တော့် အမေနဲ့ ကျွန်တော့် ညီမလေးလဲ ပြုံးနေကြမှာ သေချာပါတယ်…။
ဒါပေမယ့် သူတို့တွေရဲ့ အပြုံးတွေထဲမှာ ကျွန်တော် မသိတဲ့ (သို့မဟုတ်) ကျွန်တော် မသိနိုင်တဲ့ တစ်စုံတစ်ခုသောအကြောင်းအရာ ရှိနေတယ် ဆိုတာကိုတော့ ကျွန်တော် သတိမထားမိခဲ့ရိုး အမှန်ပဲ ဖြစ်ပါတယ်…။
ကျွန်တော်မောင်းနှင်သော ကားသည် အမှားအယွင်းမရှိ ညင်သာစွာပင် ခြံဝင်းထဲမှ မောင်းထွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်….။
အခန်း (၂)
ရွှေတိဂုံရင်ပြင်ရဲ့ နံနက်ခင်းဟာ သိပ်ကိုသာယာလှပါတယ်..။ မလင်းတလင်းကောင်းကင်အောက်…။ ညင်သာစွာ ဖြတ်သန်းတိုက်ခိုက်သွားတဲ့ လေ ပြေလေညှင်းလေးတွေကြား…။ ခပ်သဲ့သဲ့ ကြားနေရတဲ့ ဆည်းလည်းသံတွေဟာ ကျောက်သား သံမဏိကဲ့သို့ မာထန်သော နုလုံးဘ၀င်ကိုပဲ အရည် ပျော်ကျသွားအောင် စွမ်းဆောင်နိုင်စွမ်းရှိတယ် ဆိုတာကို ကျွန်တော် ချွင်းချက်မရှိ ယုံကြည်ပါတယ်..။
လူသားတွေရဲ့ လောဘတွေ၊ မောဟတွေ၊ သောကတွေ…။ ဟုတ်တယ်…။ ဒီဆည်းလည်းသံလေးတွေနဲ့ ဘုရားရှင်တော်ရဲ့ ငြိမ်းအေးတဲ့ အရိပ်ဟာ လူ သားတွေရဲ့ မဆုံးနိုင်အောင် လောင်ကြွမ်းနေတဲ့ မီးတွေကို အမှန်တကယ်ပဲ ငြိမ်းအေးစေနိုင်ပါတယ်..။ မီးတွေအရှိန်ကောင်းတုန်းတော့ လုံးဝငြိမ်း အောင် မငြှိမ်းသက်ပေးနိုင်သည့်တိုက် အခိုက်အတန့် တစ်ခုတော့ ကျွန်တော်တို့ရဲ့ နုလုံးသားကို အေးချမ်းစေပါတယ်…။ အကြွင်းမဲ့ ချုပ်ငြိမ်းဖို့ ဆို တာကတော့ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်ချင်တဲ့ စိတ်နဲ့ တစ်ဘက်တစ်လမ်းက ကြိုးစားကြဖို့လည်း လိုသေးတယ်လေ….။
ရင်ပြင်တော်ပေါ်ရောက်ပြီးတော့ ထုံးစံအတိုင်း ရွှေတိဂုံစေတီကြီးကို လက်ယာရစ် ဖူးမျှော်ကြပါတယ်..။ ပထမဆုံး အဖေနဲ့ ကျွန်တော်ရဲ့ မွေးနေ့ ထောင့်ကိုရောက်ပါတယ်..။ အဲ့ဒီ့မှာ ဘုရားဝပ်ပြု…။ ရေသပ္ပာယ်…..။ ကျွန်တော်တို့ မွေးနေ့ထောင့်နဲ့ ကပ်ရပ်မှာ အမေ့ရဲ့ မွေးနေ့ထောင့်ပါ…။ သူလည်း သေသေချာချာဘုရားဝတ်ပြု..။ ပြီးတော့ ရွှေတိဂုံရဲ့ အံ့ဖွယ်ကိုးပါးကို တစ်နေရာခြင်းလိုက်ဖူးမျှော်…။ အားလုံးပြီးတော့..။ ဘုရားပေါ်က ပြန်ဆင်းပေါ့..။ ဘုရားပေါ်က အဆင်း ဆောင်းတန်းနားမှာ ကျွန်တော့်ညီမရဲ့ မွေးနေ့ထောင့်ရှိပါတယ်..။
ရင်ပြင်ပေါ်တစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောပဲ ဘုရားစာရွတ်ရင်း လိုက်လာသော အဖေက ဘုရားပေါ်မှဆင်းခါနီး ကျွန်တော့်ကို မေးခွန်းတစ် ခု ရုတ်တရက် မေးလိုက်ပါတယ်…။
“ငါ့သား..။ ဘုရားဝ အောင်ဖူးခဲ့ရဲ့လား….”
“ဟုတ်ကဲ့…”
အဖေက ပြုံးကာ ခေါင်းညိတ်ရင်း ကျွန်တော့်ရှေ့မှာ အရင်ဆင်းသွားပါတယ်..။ အမေနဲ့ ညီမလေးက ကျွန်တော့်လက်မောင်း တစ်ဘက်စီကို တွဲရင်း အဖေ့နောက်မှ ကျွန်တော်တို့ လိုက်ဆင်းခဲ့ပါတယ်…။ ကျွန်တော်သတိထားမိတာတစ်ခုက အဖေ့လိုပဲ အမေနဲ့ ညီမလေးရဲ့ မျက်နှာမှာလည်း အပြုံး တွေ ကိုယ်စီနဲ့လေ…။
အခန်း (၃)
” ရှမ်းကန် မလား အဖေ…”
” အင်းကောင်းသားပဲ…။ ဂိုးလေ…”
သူက ဒီလိုသာပြောပေမယ့်…။ အမှန်က ကျွန်တော်တို့ မိသားစု မနက်ပိုင်း ရွှေတိဂုံလာပြီးလို့ နံနက်စာစားမယ်ဆိုရင် ရှမ်းကန်မှာ Dim Sam စားနေ ကြပါ…။ ဒါဟာ ဆယ်နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ကျွန်တော်တို့ မိသားစုရဲ့ အစဉ်အလာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး..။
ရှမ်းကန်ရောက်တော့
“အထဲမှာထိုင်မလား..။ အပြင်မှာပဲ ထိုင်မလားအဖေ…”
“လွတ်လွတ်လပ်လပ် အပြင်မှာပဲ ထိုင်တာပေါ့ကွာ…။ ရေကန်နားက ခုံမှာ လူလွတ်တယ်မလား..?”
“အင်း…။ ကောင်းတယ်..။ သားလဲ ဆေးလိပ်သောက်လို့ရတာပေါ့…”
အဖေကတော့ ဘာမှမပြော..။ သူ့လက်မောင်းကို ယုံကြည်မှု၊ နားလည်မှု၊ အားကိုးမှု တွေဖြင့် ခိုင်မြဲစွာ တွဲထားတဲ့ အမေ့ဘက်ကို ကြည့်ရင်း ခေါင်းတငြိတ်ငြိတ်ဖြင့်သာ…။ အမေက တစ်ချက်တော့လှည့်ကြည့်သည်..။ ကျွန်တော် လျှာထုတ်ပြလိုက်ပါတယ်…။ ညီမက တွဲထားတဲ့ ကျွန်တော့်ရဲ့ လက်မောင်းကို ဖြုတ်ကာ မျက်စောင်းထိုးပါတယ်..။
မှာစရာရှိတာတွေမှာ…။ နံနက်စောစောမှာ ကန်တော်မင်္ဂလာ ရေကန်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေညှင်းတွေကို ခံစားရင်း  မိသားစု စကားလက် ဆုံ ကြပါတော့တယ်..။
“သား…။ မင်းဟိုမှာနေရတာ အဆင်ပြေရဲ့လား..?”
“ကိုယ့်တိုင်းပြည်မဟုတ်တော့လည်း ပြေတာတွေရှိသလို မပြေတာတွေလည်း ရှိတာပေါ့ အဖေရယ်..။ ဒါပေမယ့်လည်း သိပ်တော့ ထူးထူးခြားခြား မရှိ ပါဘူး..။ သူများနေသလို လိုက်နေ..။ သူများစားသလိုစား..။ သူများ လုပ်သလို လိုက်လုပ်နေရုံပါပဲ…။ ဒါတွေက အကျင့်ရနေပါပြီ အဖေရာ..”
ဟင်းခွက်အချို့နဲ့..။ Jasmine Tea ရောက်လာပါတယ်…။
“ကိုကြီးတို့ဆီမှာ ဆောင်းတွင်းတွေဆို နှင်းတွေ ကျမှာပဲနော်..။ တအားလှမှာပဲ…။ ညီမလေးက နှင်းတွေ တစ်ခါမှ အဲ့လိုမမြင်ဖူးဘူး..။ ရောက်ဖူးခြင် လိုက်တာ..။ နှင်းတွေကြားထဲမှာ ဆော့ရတာ..။ Snow Man တွေလုပ်ရတာ သိပ်ကို ပျော်ဖို့ကောင်းမှာပဲ…။ နောက်တစ်ခါ ကိုယ်ကြီးထပ်သွားဖြစ်ရင် လိုက်ဖြစ်အောင် လိုက်ခဲ့ဦးမယ်…။”
“အာ…။ ဘယ့်နဲ့ ငါ့ကို နောက်တစ်ခါ ထပ်သွားခိုင်းနေတာလဲ…။ တစ်ခါဆို ဆိုသလောက် မှတ်နေပါပြီဟာ..။ နင့်ဘာသာ သွားခြင်ရင် ယောကျာ်းရမှ ဟန်းနီးမွန်းလိုက်ပို့ခိုင်း…။”
“ဟွန့်…။ အကောင်းပြောတာကို…။ ကိုယ်ကြီးက စိတ်ကိုပုတ်တယ်…။ အဲ့ဒါကြောင့် ညီမလေးတို့ မိသားစုနဲ့ အတူတူ မနေ…”
“သမီး…။ ဟိုမှာကြည့်စမ်း သစ်ခွတွေ လှလိုက်တာ…။ အမေတို့ ခြံထဲမှာစိုက်ထားတဲ့ အမျိုးအစားတွေပဲမလား…?”
“ဟယ်..။ ဟုတ်တယ်အမေ…။ လှတယ်နော်..။ အများကြီးပဲ…။ ဒါပေမယ့် သမီးတို့ ခြံထဲက အပွင့်တွေက ပိုကြီးတယ်နော်…”
“ဟိတ်ကောင်…။ အငယ်မ..။ နင်လေ…။ ဒီလောက်နှင်းတောထဲ နေခြင်တာ..။ နှင်းတွေပိုများများစားစား ကြတာမြင်ခြင်ရင် ဆိုက်ဘေးရီးယားသာ တန်းသွား..။ အဲ့ဒီ့မှာ နှင်းပိုကြတယ်…။ ဟီး ဟီး”
ကျွန်တော့်ညီမလဲ လျှာထုတ်ပြရုံသာ ထုတ်ပြကာ ဘာမှ ဆက်မပြောတော့ပေ..။
“သား..။ မင်း စာတွေရော လိုက်နိုင်ရဲ့လား…။”
“အဖေ စိုင်းထီးဆိုင်သီချင်းကြားဖူးတယ်မလား…?”
“ဟ ဘာလဲဟ မင်းဟာက အဆန်းပါလား..။ ဘာဆိုင်လို့လဲ…။ လုပ်စမ်းပါဦး…”
“ဘယ်ကစလဲ…ဘယ်မှာဆုံးလဲ….သိသလို…. မသိသလိုပါပဲ…”
သားမိသားအဖအားလုံး တဟားဟား ဖြင့်ပွဲတော်တော်ကြသွားပါတယ်…။ စားပြီးသောက်ပြီးတော့….။ ကျွန်တော် စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိ လိုက်ပါတယ်…။ အဖေနဲ့အမေကတော့ မမြင်ချင်ယောင်ဆောင်ရင်း ကန်ရေပြင်ဘက်ကိုသာ ငေးကြည့်နေကြပါတယ်..။ အငယ်မကတော့ နာခေါင်း ကို တမင်တကာ ရှုံပြီး လက်ကလည်း ဆေးလိပ်မီးခိုးငွေ့တွေကို ဖယ်ထုတ်နေပါတယ်…။ အမှန်က မီးခိုးငွေ့တွေက သူ့ဘက်ကို သွားခြင်းမဟုတ်ပါ။ ကျွန်တော် ဆေးလိပ်သောက်နေတဲ့ အခိုက် ကျွန်တော်တို့ မိသားစုထမင်းဝိုင်းဟာ တိတ်ဆိတ်လို့သာ နေခဲ့ပါတယ်…။
“အဖေ…။ အမေ…။ ဒီမှကြည့်ပါဦး..”
ကျွန်တော် ပြောပြောဆိုဆိုနှင့် ကျွန်တော့် ကျောပိုးအိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပါတယ်…။ ဆင်တူ နာရီလေး နှစ်လုံးပါ..။ တစ်လုံးက ယောကျာ်းဝတ်…။ တစ်လုံးက မိန်းမ၀တ်လေးပါ…။
“သား မုန့်ဖိုးစုပြီး..။ အဖေနဲ့ အမေအတွက် ၀ယ်ထားတာ….ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ငွေရတုမင်္ဂလာနှစ်ပတ်လည်ပါ ဖေဖေနဲ့ မေမေ”
အဖေရော အမေရော ပြုံးနေကြပါတယ်…။ ဒါပေမယ့် သူတို့ရဲ့ မျက်ဝန်းတွေဟာ သာမန်အချိန်ထက် အနဲငယ်ပိုမို အရည်လဲ့နေကြပါတယ်..။ မပြော ဖြစ်တဲ့ စကားလုံးတွေ ဖြစ်နိုင်ပါတယ်…။ အငယ်မက ဟန်မဆောင်နိုင်…။ ” ခဏ” ဟု ပြောက စားပွဲဝိုင်းမှ ထသွားပြီး အမျိုးသမီး သန့်စင်ခန်းဘက် ထွက်သွားပါတယ်…။
” အာ အဖေတို့ကလည်း အမှတ်ရလက်ဆောင်ပေးတာ ၀မ်းနည်းစရာလား…။ ဒါကို သားပေးချင်လွန်းလို့ ရေလည်စုထားရတာ..။ Brand ကိုလည်း ကြည့်ဦး Tissot…! ဟဲ..ဟဲ..။ လှတယ်မလား အမေ…”
ကျွန်တော် အာကျယ် အာကျယ်သာ လုပ်နေခြင်းဖြစ်ပါတယ်…။ ကျွန်တော့် မျက်ဝန်းတွေထဲမှာရော သူတို့လို မပြောဖြစ်တဲ့ စကားတွေ ရှိနေသလား၊ မရှိနေဘူးလားဆိုတာကိုတော့….
ကျွန်တော် ပြောပြောဆိုဆိုနှင့် အဖေ့လက်ကို ယူ..။ သူ့နာရီကိုချွတ်ပြီး ကျွန်တော့်နာရီကို ပတ်ပေးလိုက်ပါတယ်..။ နောက်တော့ အမေ့လက်ကိုယူပြီး ပတ်ပေးလိုက်ပါတယ်..။ အမေ့မှာတော့ နာရီမရှိပါ..။ အမေ့ကို ပတ်ပေးလိုက်တဲ့ နာရီအပေါ် ရုတ်တရက် မျက်ရည်စက် တစ်စက် ထိုးဆင်းသွားပါ တယ်။ ကျွန်တော့်ဆီကလား…? အမေ့ဆီကလား…? ကျွန်တော် မဝေခွဲနိုင်ခဲ့ပါဘူး…။
ဇာတ်သိမ်း
အဖေက ကားသော့ကို ဆွဲယူလိုက်ရင်း
” ကဲ ထိုင်နေတာလဲ ကြာပြီသားရေ…။ တို့တွေ ပြန်ကြရအောင်..”
“အင်း ..။ ကားသော့ပေးလေ…။ သားမောင်းမှာကို..”
အဖေက ကျွန်တော့်ပုခုံးကို ညင်သာစွာ ဖတ်လိုက်ပါတယ်…။ အမေက ကျွန်တော့်ရဲ့ ဘယ်ဘက်လက်မောင်းကို တွဲလိုက်ပါတယ်..။ အငယ်မက ကားနားမှာ ကားကိုမှီရင်း ကျွန်တော်တို့ကို ကြည့်နေပါတယ်..။ ခပ်ဝေးဝေးကမို့ သူငိုနေကြောင်း ကျွန်တော် မသိခဲ့ရပါ…။
“သား..။ မင်းပြန်ဖို့အချိန်တန်ပြီ သား…”
“အင်းလေ အခုလည်းပြန်မှာပဲလေ…။”
“မဟုတ်ဘူးသား.. မဟုတ်ဘူး…။ အခု မင်းမြင်နေတာတွေ မင်းသိနေတာတွေအားလုံးဟာ အစစ်အမှန်တွေမဟုတ်ဘူး..။ ဒါဟာ မင်းအိပ်မက် မက်နေတာပဲသား…”
ကျွန်တော် အကြီးအကျယ် တုန်လှုပ်သွားပါတယ်..။ မဟုတ်ဘူး..။ မဟုတ်ဘူး..။ ဒါလုံးဝမဖြစ်နိုင်ဘူး..။ ကျွန်တော် တစ်ချိန်လုံးသူတို့နဲ့အတူတူ ရှိနေခဲ့တာ ဒါဟာ ဘယ်လိုနည်းနဲ့မှ အိပ်မက်မဖြစ်နိုင်ဘူး..။ အဓိပ္ပာယ်မရှိဘူး..။ ကျွန်တော့်အတွေးတွေ ဆူပွက်သွားပါတယ်..။
တစ်ချိန်လုံးငြိမ်နေသော အမေက
“မင်းအဖေပြောတာ ဟုတ်တယ်သား..။ ဒါဟာ မင်းအိပ်မက် မက်နေတာပါသားရယ်…။ ယုံလိုက်ပါ…။ တစ်ကယ်တမ်းဆို မင်းက အမေတို့နဲ့ မိုင်ပေါင်း ၈၀၀၀ ကျော် ဝေးတဲ့နေရာမှာပါသားရယ်….။ မင်းလက်ခံလိုက်ပါ…”
“အာ မဟုတ်ဘူး မဟုတ်ဘူး..။ ဘာတွေလာပြောနေတာလဲ..။ အိပ်မက်ဆိုလည်း မပြန်ဘူးဗျာ..။ သားအမေတို့ အဖေတို့ ညီမလေးတို့နဲ့ပဲ နေမယ်..။ မပြန်ဘူး…။ သားဟိုမှာ သိပ်အထီးကျန်တယ်..။ သားမနေခြင်ဘူး..။ သားအမေတို့ အဖတို့နဲ့ပဲနေပါရစေ..။ သားကို ခွဲမသွားကြပါနဲ့ဗျာ။ သား အမေတို့နဲ့ပဲ အတူနေပါရစေ…သား…သား..။”
ကျွန်တော့်စကားတွေ မဆုံးလိုက်ပါ…။ ကျွန်တော့်ရဲ့ ခေါင်းပေါ်သို့ ညင်သာစွာ သပ်ငင်ပေးလိုက်တဲ့ အဖေနဲ့ အမေရဲ့ လက်အစုံနှင့်အတူ….။
အမှောင်ထုထဲသို့ ………………….ကျွန်တော်………………လွင့်………….ထွက်…………မြော……………..ပါ………..။
P.S- ဒီနေ့ (၉.၆.၂၀၀၉) ခုနှစ်မှာကျရောက်တဲ့ ကျွန်တော့်ရဲ့ချစ်လှစွာသော မိဘနှစ်ပါးရဲ့ (၂၅) နှစ်ပြည့်ငွေရတုမင်္ဂလာပွဲ အထိမ်းအမှတ် ခံစားရေး ဖွဲ့ပါသည်။
ခေါင်းစဉ်မရှိ
နှုတ်ဆက်ပါတယ် ဆိုတာ
အနည်းဆုံးတော့
သတိရခြင်းအတွက်လားခွဲခွာခြင်းအတွက်လား
ရေးမိဖို့ တွေးမိဖို့ ကောင်းပါတယ်။
ကျွန်မ အမှတ်ရနေဆဲပါ။ အညှိုးတကြီးရွာချတဲ့ မိုးဒဏ်ကို ခံလိုက်ရတဲ့ ကျွန်မတို့ ကျောင်းလေးကို ပြုပြင်နေဆဲ ကြည်လင်တဲ့ ကောင်းကင်ကြီးအောက်မှာ အမြင်မတင့်ပေမဲ့ အပြစ်ကင်းတဲ့ ကလေးငယ်တွေကို စာသင်နေတဲ့ တစ်နေ့ကိုပေါ့။ သူတို့လေးတွေအတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ဟယ်လင်ကဲလားရဲ့ အံ့မခန်း စွမ်းဆောင်နိုင်ပုံတွေကို မမောနိုင် မပန်းနိုင်နဲ့ လက်နှစ်ဖက်ကို မြှောက်ကာ ပင့်ကာ ကွေ့ကာ ၀ိုက်ကာနဲ့ ကျွန်မ အားပါးတရ ပြောပြနေခဲ့တာလေ။ သူ ကျွန်မကို ဘယ်အချိန်ကတည်းက ကြည့်နေခဲ့လဲမသိပါဘူး။ တစ်စုံတစ်ယောက်ရဲ့အကြည့်ဒဏ်ကို ခံရတဲ့သူတိုင်း ဖြစ်တတ်တဲ့ စိတ်အနေအထားမျိုးကြောင့် ကျွန်မ သူ့ကို လှည့်ကြည့်တော့ ကျွန်မရဲ့အကြည့်ကို လွှဲဖယ်ဖို့ ရှက်ကိုးရှက်ကန်းမဖြစ်နိုင်လောက်အောင် သူ အံ့အားတသင့်ကြည့်နေခဲ့တာ။ မနီးလှပေမဲ့ အတော်အသင့် ဝေးတဲ့ကြားက သူ့ရဲ့ကြည်လင်တဲ့ရုပ်ရည်ကို ကျွန်မ မြင်လိုက်ရတယ်။ တဒင်္ဂ လှုပ်ခတ်သွားတဲ့ ရင်ခုန်သံမြန်မြန်တွေကို အဲဒီကတည်းက ရိုက်ချိုးခဲ့ရမှာလေ။
နေ့စဉ်ရက်ဆက်မဟုတ်ပေမဲ့ တစ်ပတ် နှစ်ခါလောက်တော့ သူ့ကို ကျွန်မ တွေ့ဖြစ်တယ်။ စာသင်ဆောင်ရဲ့ မနီးမဝေးက ကဖေးဆိုင်မှာ ထိုင်နေတတ်ပေမဲ့ ကျွန်မကို လှမ်းကြည့်နေမယ်မှန်း မြန်ဆန်လာတဲ့ ရင်ခုန်သံတွေက အလိုလိုသိနေခဲ့တယ်။ ကျွန်မ ရင်ခုန်ခွင့်ရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နေချိန်မှာပဲ မသိလိုက်တဲ့ဒဏ်ရာတစ်ခုက  ကျွန်မနှလုံးသားမှာ အမြစ်တွယ်သွားခဲ့တာ။ ကျွန်မ နေသားကျနေခဲ့တာပါ အစ်ကိုရယ်လို့ အကြိမ်ပေါင်းများစွာ အသံတိတ် ရေရွတ်နေခဲ့မိတယ်။
နွေ့အတွက် ကျွန်တော် စေတနာသန့်သန့်နဲ့ပေးတာပါ။ နွေ အင်္ဂလိပ်ဝတ္ထုတွေ ဖတ်တာ နှစ်သက်တယ်ကြားလို့ အိမ်က ယူလာခဲ့တာ။ ရင်ထဲ့နင့် နေအောင်ကို ဇာတ်လမ်းက ကောင်းလို့လေ။ ယူပါ နွေ….။
မထင်မှတ်ထားတဲ့ သူ့ကို တွေ့လိုက်ရလို့ အံ့သြထိတ်လန့်စွာနဲ့ ကျွန်မ ခြေစုံရပ် လိုက်မိတယ်။ Khaled Hosseini ရဲ့ The Kite Runner ဆိုတဲ့ စာအုပ်ကို တရိုတသေကိုင်ပြီး ကျွန်မထံ လှမ်းပေးနေတဲ့ သူ့လက်အစုံကို အမှတ်မထင် ကြည့်လိုက်မိရင်းနဲ့ ဖြူဖြူသန့်သန့် လက်တစ်စုံက ကျွန်မကို ငေးမောစေခဲ့သေးတယ်။ နောင်တစ်ချိန်မှာ မလွှတ်တမ်း ကိုင်ထားချင်နေမယ့် လက်တစ်စုံကို ကျွန်မ အဲဒီကတည်းက မကြည့်သင့်ခဲ့ပါဘူး။
လက်မနဲ့ လက်ညှိုးကို ထိစပ်လို့ မျက်ခုံးနှစ်ခုကြားကနေ ရင်ဘတ်နားထိလွှဲယမ်းပြီး ဘယ်လက်ဝါးပေါ် ညာလက်ဝါးကို ဘေးတိုက်ထောင် ပြလိုက်မိတယ်။  ရုတ်တရက်မို့ အကျင့် ပါနေတဲ့ လက်တွေက လှုပ်ရှားသွားပေမဲ့ သူ ဘယ်နားလည်ပါ့မလဲလို့ တွေးပြီး စာရွက်နဲ့ ဘောပင်ကို ထုတ်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ
တောင်းပန်စရာမလိုပါဘူး နွေရယ်၊ ကျွန်တော်က ဖြူစင်စိတ်နဲ့ ပေးတာမို့ နွေသာလက်ခံပေးရင် ကျွန်တော် ကျေနပ်မှာပါ။ ပြီးတော့ နောက်ဆို နွေ စာရေးပြစရာမလိုပါဘူး။ နွေပြောတာတွေအားလုံးကို ကျွန်တော် နားလည်ပါတယ်….။
ညင်းသွဲ့သွဲ့ရေမွှေးနံ့လေးက သူ့အမှတ်သညာတစ်ခုလို ဦးနှောက်ထဲကို ၀င်ရောက်လာတယ်။ ကျွန်မ တကယ့်ကို ပျောက်ဆုံးသွားချင်ခဲ့တာပါ။ နွေက အမြဲရွက်သစ်ပဲ။ ရော်ရွက်မဟုတ်ဘူးလို့ ပြောတတ်တဲ့ ဖေဖေသာ ခုနေ ရှိနေမယ်ဆိုရင် ကျွန်မကို ဘယ်လိုရှင်သန်စေမလဲ ကျွန်မ သိပ်သိ ချင်တယ်။
နွေ မျက်ရည်ဝဲနေတာလား။ ကျွန်တော် မှားသွားတယ်ထင်တယ်။ နွေ မျက်ရည်ကျစေဖို့ ကျွန်တော်မရည်ရွယ်ပါဘူး။ ကျွန်တော် နွေ့ကို ပျော်ရွှင်စေချင်တာပါ။
ကျွန်မ ခေါင်းညိတ်ပြလိုက်ရင်းနဲ့ နောက်ဆို ရှောင်လွှဲမရလို့ စကားပြောရတဲ့အခါ စာရေးပြဖို့ ဆုံးဖြတ်လိုက်တယ်။ နွေ ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ဘ၀မှာ ပါဝင်ကပြဖို့ မဖြစ်နိုင်တဲ့ သူ့ကို ကျွန်မဘ၀ရဲ့ စစ်မှန်ခြင်းတွေနဲ့ မရောထွေးလိုပါဘူး။
နွေ ဒီကအစ်ကို့ကို ကျေးဇူးတင် ပါတယ်။ စာအုပ်ကိုတော့ လက်မခံပါရစေနဲ့။ နွေလည်း ဖတ်ဖို့ သိပ်မအားလို့ပါ။ ဖတ်ချင်တဲ့အခါကျတော့ ငှားပါ့မယ်။
ကျွန်မ စာရေးနေစဉ်တစ်လျှောက်လုံး မမှိတ်မသုန်လိုက်ကြည့်ရင်းနဲ့ သူက ပြုံးတယ်။
နွေ့လက်ရေးလေးတွေက ၀ိုင်းနေတာပဲ။ နောက်ဆို နွေ စာရေးပြလည်း ကျွန်တော် ကြည့်ရင်းနဲ့ စောင့်ရတာ အဆင်ပြေသွားပြီ။ ကျေးဇူးပဲ နွေ၊ ကျွန်တော့်ကို လက်ခံ စကားပြောတဲ့အတွက်။ ကျွန်တော် သွားတော့မယ်နော်။ သြော်… ကျွန်တော့်နာမည် မြတ်ထေရာ ပါ….။
နံနက်ဝေလီဝေလင်းမှာပဲ ကျွန်မရဲ့ကွန်ပျူတာက အီးမေးလ် အသစ်ရောက်ကြောင်း နှိုးဆော်လိုက်တဲ့အသံကြောင့် လှည်းလက်စ တံမြက်စည်းကို ထောင်ရင်း ကွန်ပျူတာဆီ လျှောက်လာခဲ့တယ်။
နွေ…    နွေ့မေးလ်ကို ကျောင်းကနေ သိခဲ့တာပါ။ နွေ့ Website ကိုလည်း ကိုယ် ဖွင့်ကြည့်တယ်။ ကလေးလေးတွေအကြောင်း နွေ ရေးထားတာ အရမ်းသရုပ်ပေါ်တာပဲ။ ဆရာမကြီးက ပြောတယ်၊ နွေ အဲဒီ            Website လုပ်ပြီးကတည်းက ကျောင်းကို ထောက်ပံ့ကြေးတွေ အများကြီး ပေးကြတယ်။ အရမ်းလှူကြတယ်တဲ့။ နွေက တကယ်တော်တယ်။ ကိုယ်တောင် ခုချိန်ထိ သူတစ်ပါးအတွက် ဘာမှမစွမ်းဆောင်ပေးနိုင်သေးဘူးလေ။ ပြီးတော့ အဲဒီထဲမှာ ကလေးတွေနဲ့အတူ နွေ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ကိုယ် ပရင့်ထုတ်ထားတယ်။ နွေ့ကို ခွင့်တောင်းတာပါ။ ကိုယ် အခုလို မေးလ်ပို့တာ နွေ့အတွက် အနှောင့်အယှက်မဖြစ်စေပါဘူးနော်။ နွေနဲ့ပတ်သက်ရင် ကိုယ့်မှာ သိချင်တာတွေ သိပ်များနေတယ်။ နွေ့ဘက်က တစ်လုံးမှ ဖွင့်ဟမလာဟာမှာကို သိလို့ ကိုယ့်ဘာသာပဲ နွေ့ကို နားလည်ဖို့ ကြိုးစာတော့မယ်လို့ ဆုံးဖြတ်ထားတယ်။ ကျေးဇူးပဲ နွေ၊ အချိန်မီ ကိုယ့်ရှေ့ကို ရောက်လာပေးလို့။ နောက်နေ့တွေ ကိုယ့်မေးလ်ကို မျှော်နေပေးမှာလား။ ကိုယ် ခု ခရီးထွက်ရတော့မှာလေ။ နွေ့ကို ကိုယ်တွေ့မျက်မြင် နှုတ်မဆက်သွားရလို့ ကိုယ် တကယ် စိတ်မကောင်းဘူး။ ဒါပေမဲ့ ကိုယ့်မှာ နွေ့ကိုယ်စား နွေချစ်တဲ့ ကလေးတွေနဲ့ ရိုက်ထားတဲ့ပုံရှိတယ်လေ။ ခု အရေးတကြီး ခရီးထွက်ရမှာမို့ ဒီလောက်ပဲ ရေးလိုက်တယ်။ နောက်မှ ထပ်ပို့မယ်နော်။ နွေ့ကျန်းမာရေးကို ဂရုစိုက်။
ကိုယ့်ကို မျှော်နေစေချင်တဲ့
မြတ်ထေရာ
ဖတ်လို့ပြီးသွားပေမဲ့ နွေ့အကြည့်တွေက ကွန်ပျူတာဖန်သားပြင်ကနေ မခွာခဲ့ဘူး။ နွေက နှလုံးသားကို သံမှိုပေါင်းများစွာနဲ့ အသေ ရိုက်နှိပ်ထားခဲ့တာ။ ခုတော့ သူနဲ့တွေ့တိုင်း နှလုံးသားက သံမှိုတွေကို အရှင်လတ်လတ် ဆွဲနုတ်ခံရသလို သွေးစိမ်းရှင်ရှင်တွေနဲ့ နွေ့မှာ လူးလွန့်နေရတယ်။ ဖေဖေသာ ခုနေ ကျွန်မအနားရှိခဲ့ရင် စိတ်ကူးမယဉ်ချင်ပါနဲ့ သမီးရယ် လို့ ပြောမှာ သေချာတယ်။
တီး တောင်…..
ဘဲလ်တီးသံကြားတော့ မေမေ ဈေးကပြန်လာပြီမှန်း သိလိုက်တယ်။ ကျွန်မဘ၀မှာ မေမေရှိရင် ပြည့်စုံပြီလို့ ပြောရလောက်အောင် နွေးထွေး မှုပေးနိုင်တဲ့ ကျွန်မမေမေလေ။
သမီးငယ်ငယ်ကဆို သီချင်း ညည်းတယ်နော်။ သမီး သီချင်းညည်းသံကြားရင် အရမ်းပျော်တာပဲ။ သမီးအဖေဆို ပိုဆိုးသေး၊ လုံးဝ အသံမပေးနဲ့၊ သမီး ရပ်သွားလိမ့်မယ်ဆိုပြီး ဖြစ်နေတာ….။
အားပါးတရ ပြုံးရွှင်စွာ မေမေပြောတော့ ကျွန်မ ရှက်ရယ် ရယ်လိုက်တယ်။ မေမေ အဲဒီလိုပြောတိုင်း ကျွန်မ ငယ်ဘ၀လေးကို အရမ်းသတိရမိတယ်။ ကျွန်မဘ၀ လူဖြစ်စကတည်းက ခံစားခဲ့ရတဲ့ သိမ်ငယ်ခြင်းတွေဟာ ဖေဖေနဲ့ မေမေ့ရှေ့မှောက်မှာ ဘယ်တုန်းကမှ နေရာမရခဲ့ပါဘူး။
မေမေ ဘာစားချင်လဲ၊ သမီး ညနေ ဈေးသွားလိုက်မယ်။ မနက်ဖြန်အတွက်ကိုလေ…..။
သမီးက ဘာမှမချက်တတ်ဘဲနဲ့ ဘာဝယ်မှာလဲ။ မလိုပါဘူး။ မေမေ့ဘာသာ မနက်ဖြန်မှ သွားမှာပေါ့….။
မနက်ဖြန် ကျွန်မမွေးနေ့မို့ မေမေ့ကို ကိုယ်တိုင် ချက်ကျွေးချင်ခဲ့တာကို မေမေ သိရက်နဲ့စနေမှန်း သိလို့ ကျွန်မ ငြိမ်နေလိုက်တယ်။
မနက်ဖြန် သမီး မွေးနေ့ မွေးလ မွေးရက် အကုန်တိုက်တယ်။ မေမေတို့ ဘုရားကို မနက် ၄ နာရီလောက် ထသွားရင် ကောင်းမယ် ထင်တယ်နော်။ အပြန်ကျတော့ သမီးလိုချင်တာ မေမေ ၀ယ်ပေးမယ်လေ။ သွားမှာလား သမီး    မေမေက ဆန်ဆေးရင်း ကျွန်မဘက်ကို လှည့်ကြည့်ပြီးပြောတော့ ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။
တိုက်ဆိုင်မှုမရှိပါဘဲ သူ့ကို သတိရလိုက်တော့ ကျွန်မကိုယ် ကျွန်မ အပြစ်ရှိတဲ့လူတစ်ယောက်လို ခံစားလိုက်ရတယ်။
သမီးစိတ်တွေ ဟိုးအရင်လို မဟုတ်တော့ဘူး မေမေရယ်… မေမေ့အပြင် ရင်ဘတ်ထဲမှာ နေရာယူလာတဲ့ လူတစ်ယောက်ကို မဖယ်ထုတ်နိုင်လို့ သမီးမှာ အပြစ်ရှိနေတယ်လို့ ကျွန်မ စိတ်ထဲကနေ ရေရွတ်မိတယ်။ မေမေကတော့ ဘ၀တစ်ခုလုံး၊ အတွေးတွေအားလုံးကို ကျွန်မအတွက် ပုံအပ်ပြီး ရှင်သန်နေတာလေ။ ကျွန်မ သူ့ကို မေ့လိုက်နိုင်မှာပါနော်။
၂ နှစ်နဲ့ ၆ လ ပြည့်ခဲ့ပါပြီ၊ ကျွန်မနဲ့ ဆုံတွေ့ခြင်းအတွက် ခုထိ နောင်တမရသေးတဲ့ သူနဲ့ အချစ်ဆိုတဲ့အရာကို သူနဲ့စပြီး သူနဲ့သာ တိတ်တခိုး အဆုံးသတ်လိုက်မှာဖြစ်တဲ့ ကျွန်မတို့ရဲ့ တွေ့ဆုံခြင်းလေ။ ကျွန်မ သူ့ကို ရင်ဆိုင်ဆုံတွေ့ဖို့ အားမရှိပါဘူး။ နောက်ဆုံးခွဲခွာခြင်းအတွက် သူ့ဆီ မေးလ်လေးတစ်စောင်သာ ပို့ခဲ့တယ်။ တစ်ကြောင်းတည်းပါ။ နှုတ်ဆက်ပါတယ် လို့။
သမီး၊ ခါးပတ် ပတ်တော့လေ…..။
ခါးမှာ ခါးပတ်ပတ်ရင်းက မေမေ လှမ်းပြောတော့မှ ကျွန်မ ခါးပတ်ကွင်းကို လှမ်းကိုင်လိုက်တယ်။
ဒီလိုနဲ့ ကျွန်မတို့ ဝေးကြတော့မှာပါ။ လေယာဉ်ကြီးဟာ ကျွန်မကို သူနဲ့ အဝေးဆုံးနေရာထိ ခေါ်ဆောင်သွားနိုင်ပေမဲ့ ကျွန်မရဲ့နှလုံးသားကိုတော့ အပါမခေါ်နိုင်ခဲ့ပါဘူး။    ကျွန်မဟာ ရှုံးနိမ့်သူတစ်ယောက်ပါ။ လောကကြီးအတွက်၊ ကိုယ်တိုင်အတွက်၊ ပြီးတော့ အစ်ကို့အတွက်။
အဲဒီနေ့က ဘယ်တုန်းကမှ မမျှော်လင့်ရဲခဲ့တဲ့ သူမဆီက နှုတ်ဆက်ပါတယ် ဆိုတဲ့ စာကိုမြင်တော့ မသိတတ်တဲ့ နှလုံးသားက ပျော်နေခဲ့လိုက်တာ… ကျွန်တော့်ကို အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်၊ သူမရဲ့သတိတရရှိနေမှုအတွက် ပဋိသန္ဓာရစကားပေါ့။ ကျွန်တော့်ပျော်ရွှင်မှုတွေကို ကောင်းကင်ကြီးက မနာလိုဘူးထင်ပါရဲ့၊ အဲဒီနေ့က မိုးသက်လေပြင်းတွေတောင် ကျလိုက်သေးရဲ့။
တစ်လ တစ်ခါတောင် ပေါ်လာဖို့ခဲယဉ်းလွန်းတဲ့ သူမကို ရင်တွေမောလောက်အောင် ကျွန်တော် မျှော်ခဲ့ရတာလေ။ ကျွန်တော်နဲ့ သူမမှာ မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့ နားလည်မှုတွေရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူမရဲ့ အေးစက်စက်အပြုအမူတွေ၊ တစ်ခါတစ်ရံ မယုံကြည်နိုင်လောက်အောင် အံ့သြရတဲ့ သူမ ပြောပြတတ်တဲ့ သူမရဲ့ဘ၀အကြောင်းတွေ… ကျွန်တော့်အတွေးတွေထဲမှာ သူမနဲ့သာ ပြည့်နှက်နေတာပါပဲ။ တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုတစ်ခုတောင် မေ့လျော့လောက်အောင် သူမကို ကျွန်တော် အသန့်စင်ဆုံး မြတ်နိုးခဲ့တာပါ။ သူမပုံရိပ်ကို ၀ိုးတ၀ါးသာ တွေ့ခွင့်ရခဲ့ပေမဲ့ ကျွန်တော့်အိပ်မက်တွေထဲမှာ သူမဟာ အကြည်လင်ဆုံး အပြတ်သားဆုံး ရှင်းသန့်စွာ လှပနေသူပါ။
တိုးဝှေ့လာတဲ့လေပြေရဲ့ ညင်းသက်အေးစက်မှုကို ခံစားရတဲ့အခါ သူမလည်း အေးချမ်းပါစေလို့ ဆုတွေတောင်းမိတယ်။ နွေလေပူတိုက်ခတ်တဲ့အခါမျိုးမှာတော့ ကျွန်တော့်အနား သူမ ရှိနေသလိုမျိုးနဲ့ နွေးထွေးစွာ သူမကို သတိတွေ ရနေမိတယ်။ နွေ က နာမည်နဲ့မလိုက်အောင် အရမ်းကို အေးစက်တယ်နော် လို့ ပထမဆုံးအကြိမ် သူမကို ကျွန်တော် ဝေဖန်တော့ နွေနဲ့နီးကပ်လာလေ အဲဒီလူဟာ ပူလောင် နာကျင်လာလေပဲလေ။ အဲဒါကြောင့် တစ်ဖက်သားကို ထိခိုက်မှုမပေးချင်လို့ ကြိုးစားရင်းနဲ့ အေးစက်သထက် အေးစက်သွားတာပါ လို့ သူမက ပြန်ပြောတယ်။
တကယ်တမ်း သူမနဲ့ စိတ်ချင်းနီးလာလေ… သူမရင်ထဲက ပူလောင်နာကျင်မှုတွေကို မြင်တွေ့လာရလေ… ကျွန်တော့်နှလုံးသားတွေဟာ အေးစက်သထက် အေးစက်သွားလေပါ။ သူမရင်ထဲက ပူလောင်မှုတွေကို ငြိမ်းချမ်းစေချင်တဲ့ ကျွန်တော့်ရဲ့ စိတ်ဟာ တည်ငြိမ်နေဖို့ လိုတယ်မဟုတ်လား။ သူမ နာကျင်နေတဲ့ သူမဘ၀ကို ကျွန်တော့်ရဲ့ အသန့်ရှင်းဆုံးအချစ်တွေနဲ့ အေးချမ်းစေဖို့… ကျွန်တော့်ဘ၀ထဲကို သူမကို ခေါ်ဆောင်ဖို့ ကျွန်တော် ပြတ်သားစွာ ဆုံးဖြတ်ထားပြီးသားပါ။ အဲဒီအတွက် သူမ ကျွန်တော့်ကို ယုံကြည်စေဖို့ အချိန်လိုတယ်မဟုတ်လား။
သူမ ကျွန်တော့်ကို နှုတ်ဆက်ပါတယ် ဆိုတဲ့ စာလေး ရေးပြီး ထားသွားခဲ့တာ ခုဆို ၆ လ တိုင်ခဲ့ပါပြီ။ နွေ့ရဲ့ မျှော်လင့်ချက်တွေ၊ စိတ်ကူးတွေ၊ အနာဂတ်တွေဟာ အိပ်မက်ဆန်နေရင်တောင် အဲဒီအိပ်မက်ကို မကြောက်လန့်စေဖို့ နွေ့နားမှာ မေမေရှိနေရင် ပြည့်စုံပြီလို့ သူမ ပြောခဲ့ဖူးတယ်။ ကျွန်တော့်နှုတ်က မဖွင့်ဟခဲ့ပေမဲ့ နွေ့မေမေ မရှိတော့ရင်ရော….. လို့ ကျွန်တော့်စိတ်ထဲမှာ အကြိမ်ကြိမ်အခါခါ မေးနေဆဲပါ။ သူမအတွက်သာ ရည်ရွယ် သင်ယူခဲ့တဲ့ ဘာသာစကားတစ်ခုက ကျွန်တော့်ဦးနှောက်ထဲမှာ စွဲမြဲနေပြီဖြစ်သလို သူမကြောင့် လေးနက်တည်ငြိမ်ခဲ့တဲ့ ကျွန်တော့်နှလုံးသားကလည်း သူမအပေါ်မှာသာ စူးနစ်နေခဲ့ပါပြီ။ သူမ ကျွန်တော့်ကို ရင်မဆိုင်လိုလို့ ပုန်းကွယ်သွားခဲ့တာပဲဖြစ်ဖြစ်၊ သူမနှလုံးသားကို သူမ လိမ်ညာခဲ့တာပဲဖြစ်ဖြစ်၊ သူမနဲ့ သူမမေမေရဲ့ဘ၀လေးထဲကို ကျွန်တော့်ကို ခေါ်ယူဖို့ မရဲလို့ပဲဖြစ်ဖြစ် သူမဟာ ကျွန်တော် မြတ်နိုးရသော နွေပါပဲ။
ကျွန်တော့်ရဲ့ ပြင်းပြလွန်းတဲ့ စိတ်ဆန္ဒကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန် သူမနဲ့တွေ့ခွင့်ရတဲ့အခါ ကျွန်တော်ကအရင် နှုတ်ဆက်ပါတယ် လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ သူမ ကျွန်တော့်ကို ပြောခဲ့သလို အပြီးအပိုင်ဝေးကြဖို့ ရည်ရွယ်ပြီး ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြန်လည်တွေ့ဆုံခြင်းအတွက် ၀မ်းသာမှု အထိမ်းအမှတ်နဲ့ပေါ့။ ပြီးတော့ သူမ မလိုချင်တဲ့ ဘ၀တစ်ခုကို ကျွန်တော် ရိုးသားစွာ ခုံမင်တဲ့အကြောင်းရယ်ပေါ့။ အဲဒီအခါ သူမရဲ့ သွယ်လျလှပတဲ့ လက်ချောင်းကလေးတွေ လှုပ်ခတ်လို့ သူမရဲ့ ၀ိုင်းစက်တဲ့ မျက်ဝန်းနက်လေးတွေနဲ့ ကျွန်တော့်ကို အံ့အားတသင့် မေးခွန်းတွေ မေးနေမလား၊ ဒါမှဟုတ် ဘယ်တုန်းကမှမသိခဲ့တဲ့လူတစ်ယောက်လို ကျွန်တော်နဲ့ ဝေးရာကို ထွက်ပြေးဖို့ နောက်တစ်ကြိမ် ကြိုးစားဦးမလား မသေချာပါဘူး။ ဘာဖြစ်ဖြစ် ကျွန်တော်က နွေ ကို မြတ်နိုးခဲ့ပြီမို့ နွေရဲ့ သစ်ရွက်တွေ ဝေခြင်း ကြွေခြင်း အရာအားလုံးဟာ ကျွန်တော်နဲ့ တစ်သားတည်းပါပဲ။ အဲဒီလိုပဲ နွေရဲ့ ရော်ရွက်တွေ အကြွေမစောဖို့ ကျွန်တော် အမြဲ ဆုတောင်းနေမှာပါ။
Saturday 2008
P.S- ဒီပို့စ်ကိုရေးသားသူမှာ တစ်ချိန်က ကျွန်တော့်ရဲ့ ရေးဖော်ရေးဘက် ဖြစ်တဲ့ စာရေးကောင်းတဲ့ သူငယ်ချင်းကောင်မလေး တစ်ယောက် ဖြစ်ပါ တယ်။ အရေးအသားကို ဖတ်ကြည့်ရုံနဲ့ ဘယ်သူဖြစ်နိုင်တယ်ဆိုတာ အရင်ကတည်းကရှိခဲ့တဲ့ Blogger အဟောင်းတွေနဲ့ စာဖတ်သူတွေသိနိုင် ပါတယ်။ စာဖတ်သူများကို ပြန်လည် မျှဝေခံစားစေခြင်တဲ့ အတွက် ကျွန်တော် ဖော်ပြပေးခြင်းဖြစ်ပါတယ်။
ဒီ ပို့စ်ကိုရေးသားသူဟာ ဘယ်သူဖြစ်နိုင်မလဲဆိုတာ နဲနဲလောက် ခန့်မှန်းရင်ခုန်ကြည့်လိုက်ကြတာပေါ့ဗျာ…။
လမ်းလျှောက်ထွက်ခြင်း
နိဒါန်း
သင့်ဘ၀တစ်လျှောက်မှာ လမ်းတွေကိုဘယ်အရာနဲ့ လှမ်းလျှောက်ခဲ့ပါသလဲ…? ကျွန်တော်ရော ဘယ်အရာဖြင့် လျှောက်နေတယ်လို့သင်ထင်ပါ သ လဲ?
အခန်း (၁)
သင်သေသေချာချာ စဉ်းစားကြည့်ခဲ့ဖူးပါသလား…?
အမြင် နဲ့ အသံဟာ
ထောင့်မှန်ကျတယ်ဆိုတဲ့အကြောင်းကိုပေါ့….။
BLACK DREAM
ဒီလိုနဲ့….
သူ လျှောက်လက်စ လမ်းကိုသာ ဆက်လျှောက်နေလိုက်ပါတယ်…။ ပတ်ဝန်းကျင်ကို သိပ်အလေးအနက်ကြီးမဟုတ်တောင် တစ်ချက်ချက် တော့ လူ့သဘာဝအတိုင်း ခပ်စောင်းစောင်း သတိထားမိတာပေါ့…။ သူ လျှောက်လာတဲ့ လမ်းတစ်လျှောက် ဘယ်အသံကိုမှ တစ်ချက်လေး လောက်မျှ တောင် တည့်တည့်မတ်မတ် မကြားခဲ့ရပါဘူး..။ ဖြစ်နိုင်ခြေတွေကတော့ တော်တော်များများရှိပါတယ်…။  လူတွေရဲ့ နှုတ်ခမ်းတွေရွဲ့ နေကြလို့…။ ဒါမှမဟုတ် နှုတ်ခမ်းတွေပေါ်က ထွက်ကျလာတဲ့ စကားလုံးတွေကိုယ်တိုင်က ရွဲ့စောင်းနေကြလို့..။ ဒါမှမဟုတ် လူတွေရဲ့ အတွင်း စိတ်တွေက ရွဲ့စောင်းနေကြလို့…။ ဒါမှမဟုတ်…။ ကျွန်တော်တို့ရဲ့ ကမာမြေကြီးကို တိုင်က ၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ ရွဲ့စောင်းနေလို့…။  ဒါမှမဟုတ် အခြား အခြားသော အကြောင်းတွေကြောင့်လဲ ဖြစ်နိုင်ပါသေးတယ်…။
ဒါပေမယ့် အသံတွေကတော့ ဘယ်လိုနည်းနဲ့မှ အခုချိန်ထိ သူ့နားထဲကို တည့်တည့်မတ်မတ် ၀င်ရောက်လာခဲ့ကြခြင်းမရှိသေးပါဘူး..။ သူ မျက်နှာမူ ရာရဲ့ ဆန့်ကျင်ဘက် (သို့မဟုတ်) သူ့ ဦးတည်ရာကနေကြည့်မယ်ဆိုရင် အသံတွေဟာ သူ့ရဲ့လားရာတွေနဲ့ ထောင့်မှန်ကြနေပါတယ်…။ သိပ်ပြီး တော့ ထွေထွေထူးထူး မစဉ်းစားကြပါနဲ့…။ အကြောင်းကတော့ ကျွန်တော်တို့ရဲ့ နားတွေဟာ နဖူးပေါ်တက် ပေါက်နေခြင်းမဟုတ်ပဲ…။ နားထင် နားတွင် ပေါက်နေကြသောကြောင့် ဖြစ်ပါတယ်…။ တကယ်လို့များ နားတွေဟာ အခုလို နားထင်နားမှာပေါက်တာမဟုတ်ပဲ နဖူးပေါ်၊ နှာခေါင်းပေါ်၊ မျက်ခုံးပေါ် အစရှိသည့် အရှေ့မျက်နှာစာပြင်ဘက်တွင် ပေါက်နေကြမည်ဆိုပါက..။ ကျွန်တော်တို့ ကြားနေရတဲ့ အသံများသည် ကျွန်တော်တို့ရဲ့ အာရုံများထဲသို့ တည့်တည့်မတ်မတ် ၀င်ကောင်းဝင်လာနိုင်ကြမယ် ထင်ပါတယ်..။
ထောင့်မှန်ကျနေတဲ့ အသံတွေကို အရင်အတိုင်းမသိမသာ နားထောင်ရင်း သူ့ ခြေဖနောင့်တွေ ဦးတည်ရာသို့ သူ ပုံမှန်အတိုင်း ဆက်လျှောက်နေ လိုက်ပါတယ်..။ လမ်းကြောင်းတစ်ခုကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် သင့်မှာရှိတဲ့ ဦးနှောက်တစ်ခြမ်း၊ မျက်လုံးနှစ်ဘက် နဲ့ ခြေထောက်တစ်စုံ ဘယ်အရာဟာ ပိုအရေးကြီးမယ်ထင်ပါသလဲ…။ အဖြေမပေးမှီ သင့်ရဲ့ မျက်လုံးတွေနဲ့အရင် လမ်းလျှောက် ကြည့်ပါ။ ထိုအခိုက် အတန့် သင့်ရဲ့ ဦးနှောက်နဲ့ ခြေထောက်များကို လုံးဝအသုံးမပြုဖို့လိုပါလိ့မ်မယ်..။ ထို့နောက် သင့်ဦးနှောက်ဖြင့် တစ်ဖန်ထပ်ပြီး လျှောက်လှမ်း ကြည့်ပါ..။ ပထမ အခေါက်ကကဲ့သို့ပင် အခြားအရာနှစ်ခုဖြစ်သော မျက်လုံးနှစ်ဖက်နှင့် ခြေထောက်များကို အသုံးမပြုရပါ..။ နောက်ဆုံးတွင် သင့်ခြေထောက်များဖြင့် လမ်းလျှောက်ကြည့်ပါ…။ ထိုအခိုက် ဦးနှောက်နှင့် အမြင်အာရုံအား ကျေးဇူးပြုပြီးတော့ လျစ်လျှူရှုကြည့်လိုက်ပါ။
အခန်း (၂)
တကယ်တော့ တွေဝေမှုဆိုတာဟာ
မသိစိတ်နဲ့ သိစိတ် အားပြိုင်မှုကြားက
ဒဏ်ခံကြိုးမျှင် တစ်စပေါ့…။
BLACK DREAM
စူးစူးရွားရွား ကားဟွန်းတီးသံတစ်ခုကြောင့် သူ့ ခြေလှမ်းတွေ အလိုလျှောက် တုံ့ဆိုင်းပြီးသားဖြစ်သွားတယ်…။ သူ့ရှေ့မှာ အရှိန်ပြင်း စွာမောင်း နှင်လာတဲ့ ကားတစ်စီးကို တွေ့လိုက်ရတယ်…။ အခိုက်အတန့်တစ်ခုတော့ သူ တော်တော်လေးမင်တက်သွားလိုက်မိတယ်…။ မျက်လုံးတွေ ပြာထွက်သွားတယ်…။ သူ အဲ့ဒီ့ကားဟွန်းသံကို မကြားလိုက်မှီကပင် သူ့ ခြေလှမ်းကို လှမ်းခဲ့ပြီး ဖြစ်နေခဲ့တယ်လေ…။ ခဏတာလေးဖြစ်သော အခိုက်အတန့်ကို ကျော်လွန်ပြီးတဲ့နောက် သူကိုယ်တိုင် ဇဝေဇ၀ါဖြစ်သွားခဲ့ရတယ်…။ နောက်မှ သူ့ကိုယ်သူ ပြန်သတိထားမိပြီး ခပ်မဲ့မဲ့ ပြုံးဖြစ်ခဲ့ တယ်…။  ဦးတည်ရာအတိုင်း သူ အသာတကြည်ပဲ ဆက်လျှောက်လာခဲ့လိုက်တယ်…။
ကျွန်တော်တို့လူသားတွေဟာ ဘယ်လိုပဲ အစွဲအလန်းအဟောင်းတွေ၊ အယူအဆဟောင်းတွေထဲက ခွဲထွက်ဖို့၊ လွတ်မြောက်ဖို့ ကြိုးစားနေကြပေ မယ့်…။ တစ်ခါတစ်လေမှာတော့ မသိစိတ်နဲ့ သိစိတ်ကြားမှာရှိတဲ့ တင်းအားတွေဟာ တကယ်ကို နားလည်ရခက်ခဲလှပါတယ်..။ ကျွန်တော်တို့လူ သားတွေရဲ့ဘ၀မှာ အဲ့ဒီ့ မသိစိတ်နဲ့ သိစိတ်ကြားမှာရှိတဲ့ တင်းအား (Tension) တွေကို တွေဝေမှု (၀ါ) မောဟ (၀ါ) Illusion များအဖြစ် နေ့စဉ်နဲ့ အမျှ ကြုံတွေ့နေကြရမှာ ဖြစ်ပါတယ်..။ အဲ့လိုအချိန်မျိုးမှာ ကိုယ်စီကိုယ်စီအလိုက် ဒဏ်ခံကြိုးလေးတွေရဲ့ အင်အားအပေါ်မူတည်ပြီး တောင့်ခံ့နိုင်ခဲ့ တဲ့သူများရှိသလို…။ မကြာခဏ ပြတ်ထွက်သွားကြတဲ့ ကြိုးမျှင်လေးပေါင်းများစွာကိုလည်း တွေ့ရှိရနိုင်ပါတယ်…။
နဲနဲသွေးအေးသွားတဲ့ ခဏ ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်တော့ နဲနဲ ရှက်သလိုတော့ ဖြစ်သွားလိုက်တယ်…။ ဘာကြောင့်များ လူသားတွေရဲ့ စိတ်ထဲမှာ ကြောက်စိတ်ဆိုတဲ့အရာတွေဟာ ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ အနဲနှင့်အများဆိုသလို ရှိနေတတ်ကြပါသလဲ..။  ဒါဟာ အကြောက်တရားလား…? ဒါမှမဟုတ် ဒါဟာ သတိတရားတစ်ခုပေပဲလား..? သူလျှောက်လှမ်းရာ ဦးတည်တဲ့နေရာက တစ်ခု…။ သူ့ရဲ့မျက်နှာမူရာ က တစ်ဘက်…။ စောစောက သူ့ရဲ့ စိတ်မှာ ဖြစ်သွားတဲ့ စိုးရိမ်စိတ်တွေရဲ့ ဦးတည်ရမှုက တစ်ခြား..။ အားလုံးဟာ ဦးတည်ရာတွေ ထွေပြားနေပုံများ ထူးဆန်းဖို့ မကောင်းလောက်အောင်ပင် ထူးဆန်းခဲ့လေသည်…။ သူမျက်နှာမူရာ အရပ်ကို တစ်ချက်ပြုံးပြီး ကြည့်လိုက်မိသည်..။ ထို့နောက် မူလ လျှောက်လှမ်းလာခဲ့သည့် လမ်းအတိုင်းပင် ဆက်လက်လျှောက်လှမ်းလိုက်ပါတယ်…။
အခန်း (၃)
ကွန်ပျူတာတစ်လုံးလိုပေါ့ဗျာ
အာရုံငါးပါးထဲက တစ်ပါးကိုခဏ အနားပေးလိုက်တဲ့အခါ
ဦးနှောက်ရဲ့ လုပ်ဆောင်မှုအား ပိုမိုကောင်းမွန် မှန်ကန်လာနိုင်လေမလား….?
BLACK DREAM
လျှောက်လာရင်း လျှောက်လာရင်း လမ်းကတဖြေးဖြေး ဇဝေဇ၀ါ လိုလိုဖြစ်လာသည်..။ မှားသည်ထင်သည်…။ မမှားနိုင်ပါ…။ ဒီလိုမမှားအောင် သူအ သေအချာ ကြိုးစားခဲ့ပါတယ်…။ ခက်တာက သူ့အသိစိတ်တွေထဲမှာ သူ့အိမ်နှင့်နီးလာပြီဆိုတာ သိနေသော်လည်း သူ့အမြင်အာရုံများကမူ အိမ်နှင့် အလှမ်းဝေးလှသည်…။ အခြေအနေက ရှင်းရှင်းလေးနှင့်ရှုပ်နေသည်..။ သူအဆုံးဖြတ်ရ နဲနဲကြပ်သွားသည်…။ မြင်နေတဲ့အတိုင်းလက်ခံရမည်လား? ဒါမှမဟုတ် အသိဥာဏ်ရဲ့ ဆင်ခြင်မှုကိုပဲ လက်ခံရမည်လား? သူလျှောက်လာတဲ့ လမ်းတစ်လျှောက် ဒီနေရာသည် အရေးအပါဆုံးဟု ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်သည်…။ တစ်စုံတစ်ခုကို ဆုံးဖြတ်ရမည်…။ တစ်စုံတစ်ခုကို ရွေးချယ်ရမည်…။ ဘယ်အရာသည် မှန်ပါသနည်း..။ ဘယ်အရာသည် မှားနေပါသနည်း…။
ခင်ဗျားတို့ရော ဒီလိုအခြေအနေမှာ ဘာကိုရွေးချယ်ကြမလဲ…? ဘယ်အရာကို ယုံကြည်ကြမလဲ…? ဘယ်လိုဆုံးဖြတ်ကြမလဲ….? မြင်နေတာက အမှန်တရားလား…? သိနေတာက အမှန်တရားလား…? မြင်နေတာက ဘယ်လောက်ရာခိုင်နှုန်းသေချာပါသလဲ…? သိနေတာတွေ တွေးထင်ထား တာတွေကရော ဘယ်လောက်ရာခိုင်နှုန်း မှန်ကန်ပါနိုင်သလဲ…? ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့ ဒဏ်ခံကြိုး ဘယ်လောက်အထိ အားကောင်းနိုင်မ လဲ…? တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသော ဆိုရိုးစကားသည် ရေကဲ့သို့သော ဂုဏ်သတိရှိသည့် အရာများအတွက်တော့ အချည်းအနှီးပင် ဖြစ်ပေ လိမ့်မယ်..။ မျှားတစ်စင်းဖြင့် ငှက်နှစ်ကောင်ပစ်သည်ဆိုသော ဆိုရိုးသည် ငှက်တစ်ကောင်ထဲတွင် ခေါင်းနှစ်လုံးပါသော အကောင်များအတွက်ဆို လျှင်မူ…?
သူတစ်စုံတစ်ခုကို ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ သူ့ရဲ့နောက်ဆုံး ခြေလှမ်းကို အသာအယာ ကြွလိုက်သည်။ သူ့ခြေလှမ်းပြန်အချမှာ သူ့အိမ်ပေါ်သို့ တက်သည့် ပထမဆုံး လှေခါးထစ်ကို ခြေချမိလိုက်သည်…။ သူ့မြင်နေရတဲ့အရာတွေ၊ မြင်ခဲ့တဲ့အရာတွေသည်လည်း ဝေးလို့ ဝေးလို့သာ ကျန်ခဲ့ပါတော့တယ်….။
နိဂုံး
ကျွန်တော် ဘယ်အရာကို သုံးပြီးလျှောက်ခဲ့သည်တော့ ကျွန်တော်ကိုယ်တိုင်လည်း မသိပါ..။ သေချာတာကတော့ ကျွန်တော် လမ်းတစ်လျှောက် ပြောင်းပြန် (သို့) ဖနောင့်တွေရဲ့ ဦးတည်ရာနောက် နောက်ပြန်လျှောက်ခဲ့တာကတော့ သေချာပါပေသည်။
P.S-  နောက်တစ်ခေါက် ပြန်ဖတ်ပါ…။ ပြောင်းပြန် ပြန်တွေးပါ…။
ပိတ်ထားသော တံခါးများ…
နိဒါန်း
အနဲဆုံးတော့…
တံခါးတစ်ချပ်ရဲ့ တစ်ဘက်မှာ မျှော်လ့င်ချက် နှစ်ခုရှိတယ်
တစ်ခုက အကောင်းဆုံးတွေ…။ နောက်တစ်ခုကတော့ ဆန့်ကျင်ဘက် ရလဒ်။     ။
BLACK DREAM
တစ်ခါက သိပ်အေးချမ်းတဲ့ မြို့လေးတစ်မြို့ရှိခဲ့ဖူးတယ်…။ အဲ့ဒီ့မြို့လေးမှာ သာယာမျှတတဲ့ ရာသီဥတုရှိတယ်..။ နူးညံ့ကြင်နာတတ်တဲ့ မြို့သူမြို့ သားတွေရှိတယ်…။ ပေါများ ကြွယ်ဝတဲ့ စားကုန်၊ ထွက်ကုန်တွေရှိတယ်။ ဘာသာတရားရဲ့ လုံခြုံတဲ့ နွေးထွေးစောင့်ရှောက်မှု ရှိတယ်။ ခြုံပြောရရင် ဒီမြို့လေးဟာ သိပ်ကို ပျော်စရာကောင်းတဲ့ မြို့လေးတစ်မြို့ပေါ့..။ ဒီမြို့မှာ နေထိုင်ကြတဲ့ မြို့သူမြို့သားတွေ အားလုံးကလည်း ဒီမြို့ လေးကိုချစ်ကြ တယ်…။ ဒီမြို့လေးက နယ်ခံတွေမပြောနဲ့ အခြား မြို့ရွာတွေကနေ လာရောက်လာပတ်ကြတဲ့ ဧည့်သည်တွေ၊ ကုန်သည်တွေကအစ ဒီမြို့လေးကို နှစ်သက် သဘောကျကြတယ်…။
ဒီမြို့လေးရဲ့ သာယာလှပမှု၊ မြို့ခံ မြို့သူ၊ မြို့သားတွေရဲ့ နွေးထွေးကြင်နာတတ်မှု၊ ရိုင်းပင်းကူညီတတ်မှု၊ စိတ်သဘောထားမြင့်မြတ်ကောင်းမွန်မှု တို့ကြောင့်…။ ဒီမြို့လေးရဲ့ သတင်းဟာ ပတ်ဝန်းကျင်မြို့တွေရဲ့ အကြားမှု သင်းပျံ့လို့သာ နေပါတယ်…။ ကဗျာဆန်ဆန်ပြောရရင် ဒီမြို့လေးနဲ့ မြို့သူမြို့ သားတွေဟာ..။ လှပတဲ့ သံဇဉ်တစ်ခုနဲ့ စူးရှထိရောက်တဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ သီချင်းတစ်ပုဒ်လိုပဲ သိပ်ကို လိုက်ဖက်ညီလွန်းခဲ့ တယ်..။ ဘယ်မြို့ခံကမှ ဒီမြို့လေးကို စွန့်သွားကြဖို့ကို လက်တွေ့မပြောနဲ့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးခဲ့ကြဖူး..။ ဘယ်လိုလူမျိုးကများ ဒီလောက်သာယာ လှပတဲ့ မြို့လေးကို စွန့်ခွာသွားခြင်ပါ့မလဲ…။ ဒါဟာ သိပ်ကို သဘာဝကျတဲ့ သဘောတရားတစ်ခုပေါ့…။
ဒီလိုသာယာလှပမှုတွေ ကောင်းခြင်းတရားတွေနဲ့ ပြည့်ဝနေတဲ့ မြို့ကလေးအပေါ် တစ်နေ့မှာတော့ ဘယ်သူကမှ မထင်မှတ်ထားခဲ့တဲ့ ဘေးဆိုးတစ် ခုကျရောက်ခဲ့တယ်…။ လူတွေဟာ တစ်ကယ်ကို တုန်လှုပ်ချောက်ခြားခဲ့ရတယ်…။ သွေးပျက် အံ့သြခဲ့ရတယ်..။ နှလုံးကွဲကျေ ပျက်စီးခဲ့ရတယ်..။ ဒီလိုအဖြစ်ဆိုးမျိုးတွေ သူတို့ မြို့လေးအပေါ် ဘယ်တော့မှ ကျရောက်လာလိ့မ်မယ်လို့ ဘယ်သူကမှ မထင်မှတ်ထားခဲ့ကြဖူးလေ..။ ဒီအဖြစ်အပျက် ဆိုးကြီးကို မြို့ခံတွေတင်မကဘူး..။ အခြား အနီးနားပတ်ဝန်းကျင်က မြို့တွေကပါ အံ့သြ တုန်လှုပ်ခဲ့ကြတယ်..။ သူတို့လည်း ထင်မထားခဲ့ကြဖူးတဲ့ လေ..။ ဒါပေမယ့် ဒါတွေဟာ တစ်ကယ်တမ်း ဖြစ်လာခဲ့တယ်…။
သူတို့နေတဲ့ မြို့လေးရဲ့ မြို့အ၀င် လမ်းမှာ “တံခါး” ကြီးတစ်ချပ် ထူးဆန်းစွာ ပေါ်လာခဲ့တဲ့ နေ့ကစလို့ပေါ့….။
အခန်း (၁)
မြို့သူ မြို့သားတွေဟာ တကယ်ကို အံ့သြတုန်လှုပ်ခဲ့ကြရတယ်…။ ဒီတံခါးပေါ်လာတဲ့ နေရာဟာ သူတို့ မြို့လေးရဲ့ အဓိက ဆက်သွယ်မှု လမ်း ကြောင်း နေရာဖြစ်တယ်..။ ဒီနေရာကို ဖြတ်သန်းပြီး တစ်မြို့နဲ့ တစ်မြို့ကုန်သွယ် စီးဆင်းကြရတယ်..။ ကူးလူးဆက်ဆံကြရတယ်..။ ဒီလမ်းကြောင်း လေးကို မှီခိုပြီး သူတို့ရဲ့ မြို့လေး ဖွံ့ဖြိုး၊ သာယာစိုပြေအောင် ကြိုးစားကြရတယ်..။ ဒီလမ်းကြောင်းလေးဟာဆိုရင် သူတို့မြို့လေးအပါအ၀င် အခြား ပတ်ဝန်းကျင်မြို့လေးတွေနဲ့ ပူးပေါင်းပြီး တည်ထောင်ထားတဲ့ စာသင်ကျောင်းလေးရှိရာကို သွားတဲ့ လမ်းကြောင်းလေး တစ်ခုလဲ ဖြစ်တယ်။ အခုလို ဒီတံခါးကြီးသာ လမ်းကြောင်းပေါ်မှာ ဆက်လက်ပိတ်ဆို့နေပါက…။ သူတို့မြို့လေးမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးဟာ အခြားမြို့က လူငယ်တွေ ရဲ့ ခပ်ဝေးဝေးမှာ ကျန်ခဲ့လေတော့မည်…။
သူတို့နားမလည်နိုင်တာ တစ်ခုလည်းရှိသေးသည်။ ဒီတံခါးက ဘာကြောင့်ပေါ်လာခဲ့ရသလဲ..။ ဘယ်သူကြောင့်လဲ…။ ဘာအတွက်လဲ..။ မေးခွန်း ပေါင်းများစွာက မြို့ခံတွေရဲ့ အတွေးတွေကို ရှုပ်ထွေးစေခဲ့ပါတယ်..။ အကြောင်းအရာ တစ်ခုတိုင်းမျာ အကျိုးတရား တစ်ခုတော့ ရှိရမည် ဖြစ်သည်။ ထို့အတူ အကျိုးဆက်တစ်ခုအတွက်အလည်း ခိုင်လုံသော အကြောင်းအရာ တစ်ခုတော့ ရှိနေဖို့ လိုပါလိ့မ်မယ်..။ ဒါဟာ ငြင်းဆန်မရတဲ့ လောကရဲ့ နိယာမတစ်ခုပါပဲ..။ သို့သော် တစ်ခါတစ်လေတွေ ထိုကဲ့သို့ အကြောင်းအကျိုး ဆက်စပ်လို့မရသော အခြေအနေများလည်း ရှိလာနိုင်ကြောင်းကိုမူ သူတို့ မြို့ခံတွေအနေနဲ့ ယခုမှသာ နောက်ကျစွာ သိမြင်ခဲ့ရပြီ ဖြစ်ပါတယ်…။
အတိတ်ကို ပြန်ကောက်ရင်..။ သူတို့ရဲ့ လိုအပ်ချက်တွေ မသိနားမလည်မှုတွေကြောင့်ပဲ ဒီတံခါးဟာ ပေါ်ပေါက်ခဲ့ရပါသလော…? အခု ဒီတံခါးကြီး ပေါ်လာခြင်းဟာ သူတို့တွေအတွက် ကောင်းခြင်းကို ဖြစ်စေမည်လော..? သို့မဟုတ် ဆိုးရွားသော အခြေအနေတစ်ရပ်ကို သယ်ပိုးလာခြင်းလော..? မည်သူမျှ အတတ်မပြောနိုင်ကြပေ..။ သို့သော် သေချာတာတစ်ခုတော့ရှိသည်။ လတ်တလော ထိုတံခါးကြီး ရုတ်တရက်ပေါ်ပေါက်လာသောကြောင့် သူတို့ရဲ့ အလုပ်အကိုင်များ၊ ပတ်ဝန်းကျင်မြို့များနှင့် ဆက်ဆံသွားလာမှုများ၊ တိုးတက်အောင်မြင်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လို အပ်သော ပညာရေးဆိုသည့် အလင်းတန်း တစ်ခုရရှိစေရေးအတွက် အခက်အခဲများကတော့ ကြုံတွေ့ရင်ဆိုင်လိုက်ကြရပြီ ဖြစ်ပါတယ်..။
အခန်း (၂)
အခုဆိုရင်…။ ဒီမြို့လေးဟာ အရင်လို သာယာစိုပြေခြင်းများကင်းဝေးကာ သုသန်တစပြင်ကဲ့လို့ ခြောက်ခြားဖွယ် တိတ်ဆိတ်လို့သာ နေခဲ့ပြီ ဖြစ်ပါ တယ်။ အခုဆို သူတို့ရဲ့ မြို့အ၀င်မှာ ဒီတံခါးကြီး ပေါ်လာခဲ့တာ အချိန်ကာလ အားဖြင့် မနဲတော့ပေ…။ ဒီတံခါးကြောင့် ကုန်စည် စီးဆင်းမှုများ နှောင့် နှေး ကြန့်ကြာခဲ့ရသည်။ ထိုကဲ့သို့ နှောင့်နှေးကြန့်ကြာခြင်းကြောင့် မြို့ကလေး၏ စီးပွားရေး အခြေအနေသည်လည်း ယခင်ကကဲ့သို့ သာယာစည် ပင်ခြင်းမရှိတော့ပေ…။ စီးပွားရေး အဆင်မပြေခြင်း၏ နောက်ဆက်တွဲများအဖြစ်..။ စားဝတ်နေမှု မဖူလုံခြင်း၊ ကျန်းမာရေးဆိုင်ရာ အခြေအနေများ အဘက်ဘက်မှ ကျဆင်းခြင်း၊ ပညာရေးဆိုင်ရာ နောက်ကောက်ကျမှုများ ဖြစ်ပေါ်လာခြင်း စသည်ဖြင့် အဘက်ဘက်မှ ယိုယွင်းလာခဲ့ပြီ ဖြစ်ပါတယ်။
တစ်ချိန်က ဒီမြို့လေးကို သိပ်ချစ်ပါတယ်ဆိုတဲ့ မြို့ခံများဟာလဲ တဖြေးဖြေးနဲ့ ဒီမြို့လေးကို စွန့်ခွာစပြုလာကြပြီ ဖြစ်ပါတယ်..။ သူတို့အသီးသီးရဲ့ မနက်ဖြန်အတွက် ဆက်လန်ရှင်သန်ရေး၊ ကိုယ့်မိသားစုလေးရဲ့ ဘ၀ဖူလုံ ပြည့်စုံမှုရှိရေး၊ မိမိတို့ရဲ့ ရင်နှင့်သားသမီးများရဲ့ ဘ၀တိုးတက်မှု ရှိရေး စသည်ဖြင့် အမျိုးမျိုးသော အခြေအနေများက ဒီမြို့လေးအား စွန့်ခွာကြဖို့အတွက် တွန်းအားများအဖြစ် ပေါ်ပေါက်လာစေခဲ့ပါတယ်..။ တစ်ချိန်က စည်းလုံး ညီညွတ်ခဲ့သော မြို့သူ၊ မြို့သားများအခြင်းခြင်းလဲ အခုဆို သဘောထားအယူအဆများ၊ အမြင်များ ကိုယ်စီကိုယ်စီ အသီးသီးစွဲကိုင်ကြကာ ဖရိုဖရဲ ဖြစ်ခဲ့ကြပါတယ်…။
“ဘာကြောင့်မို့ ဒီအခြေအနေကို တွန်းကန်၊ ဒီတံခါးကို ဖောက်ထွက်ဖို့ ကြိုးစားရင်း ကိုယ်ချစ်ပါတယ်ဆိုတဲ့ မြို့ကလေးမှာ မနေနိုင်ရမှာလဲ?” ဆိုတဲ့ အယူဝါဒကို ဆွဲကိုကြသူများကတစ်ဘက်…။ ဒီတံခါးကို ဖောက်ထွက်နိုင်တာ မဖောက်ထွက်နိုင်တာက တစ်ခု၊ ကိုယ့်ရဲ့ ကိုယ်စီ ကိုယ်စီ ဘ၀ လေးတွေ လုံးပါးမပါးသွားဖို့ အရင်လုပ်ရမယ်ဆိုတဲ့ မြို့ခံတွေက တစ်ဘက်…။ မြို့ကလေးတစ်ခုလုံးသည် အစည်းပြေသော ၀ါးများကဲ့သို့ အကျည်း တန်ခြင်တိုင်းသာ တန်နေပါတော့တယ်…။ ဆွဲကိုင်ထားကြတဲ့ ၀ါဒနှစ်ခုရဲ့ကြား ဘယ်ဘက်လိုက်လို့ လိုက်ရမှန်းမသိ မျက်စိသူငယ်၊ နားသူငယ် ဖြစ် နေကြရသူများ ရှိသကဲ့သို့…။ ကိုယ်ပိုင် ခံယူချက် ယုံကြည်ချက် ခိုင်ခိုင်မာမာမရှိပဲ နီးရာဓား ကြောက်ရကာ အားသာရာ ဘက်သို့ လိုက်သွားကြသူ များလည်း အပြားရှိလာခဲ့ပြီ ဖြစ်ပါတယ်..။
အခန်း (၃)
တစ်ချို့က ဒီတံခါးကြီး အလိုလိုပွင့်လာမယ့်နေ့ကို မျှော်လင့်တကြီး စောင့်စားလို့….။  တစ်ချို့ကြတော့လည်း ဒီတံခါးရှိနေတဲ့အတွက် မြို့လုံခြုံရေး စိတ်ချရတယ်လို့ ယူဆကြတယ်…။ တစ်ချို့ကလည်း ဒီတံခါးကို သော့တူတွေနဲ့ ဖွင့်ဖို့ကြားစားကြတယ်..။ တစ်ချို့တွေကြတော့ ရိုက်ဖျက်မယ်တဲ့။ သို့သော် သူတို့ရဲ့ နည်းစနည်တွေ၊ အယူအဆတွေဟာ သီအိုရီ ဘ၀မှာတင်ဆုံးခန်းတိုင်သွားကာ လက်တွေ့ဖြစ်လာခဲ့ခြင်းမရှိတာကို တဖြေးဖြေး ချွတ်ချုံကြလာတဲ့ မြို့လေးနဲ့ အခြားမြို့များသို့ ထွက်ခွာသွားကြလို့ တဖြေးဖြေးနည်းပါးလာတဲ့ မြို့နေလူဦးရေက ထင်ရှားတဲ့အဖြေတစ်ခုကို ပြသ လို့သာနေပါတယ်…။
ဘယ်လောက် တိကျကောင်းမွန်တဲ့ သီအိုရီတစ်ခုပဲ ဖြစ်ပါစေ လက်တွေ့ အသုံးချမှု မရှိပါကအချည်းအနှီးပင် ဖြစ်ကြောင်းကို မြို့ခံလူတွေ ကောင်းစွာ နားလည်ခြင်း မရှိခဲ့ကြသေးပေ…။ နည်းလမ်းတွေရှာကြ..။ ငြင်းခုန်ကြ..။ ပုတ်ခတ်ကြ..။ စောင်းမြောင်းကြ..။ လက်ညှိုးတွေထိုးကြ…။ သူ့ဘက် ကိုယ့်ဘက်ယက်ကြ..။ သူ့လူကိုယ့်လူ အစုတွေဖွဲ့ကြ..။ ၀ါးလုံရှည်တွေနဲ့ ပတ်ရမ်းကြ…။ သံသယတွေနဲ့ကြည့်ကြ…။ အမုန်းတရားတွေနဲ့ မဟာ မိတ်ဖွဲ့ကြ…။ မည်သို့ပင်ဖြစ်စေ…။ တံခါးကတော့ ပိတ်နေမြဲ…။ ပိတ်နေစဲပင်….။
အချိန်ကြာလာတာနဲ့အမျှ ဒီမြို့သူမြို့သားတွေရဲ့ စိတ်ထဲမှာ မြို့အတွက်အတားအဆီးတစ်ခုလိုဖြစ်နေတဲ့ တံခါးကြီးကို ဖယ်ရှားကြဖို့ထက် သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူကိုယ့်လူ..။ သူ့ယုံကြည်ချက် ကိုယ့်ယုံကြည်ချက်..။ တစ်ဖက်သတ် စွဲချက်တွေကိုယ်စီနဲ့ အဓိကရည်ရွယ်ချက်ကနေ ၀မ်းနည်း ဖွယ်ရာ သွေဖယ်သွားခဲ့ကြလေပြီ….။ အမျိုးမျိုးသော ယုံကြည်ချက်တွေရဲ့ကြား မြို့ကလေးမှာ ခါးနာခဲ့ရလေပြီ..။ အတ္တတွေရဲ့ စီးခြင်းကြား မြို့လေး မှာ မြေစာပင်အဖြစ် မျက်နှာငယ်ခဲ့ရလေပြီ…။
ဇာတ်သိမ်း
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သင့်အနေနဲ့ လောကမှာ အမည်ခံလူသားတစ်ယောက်အဖြစ်
ခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက်
တစ်စုံတစ်ခုကိုတော့ ယုံကြည်စွာ ဖက်တွယ်ထားဖို့တော့ လိုပါလိမ့်။
BLACK DREAM
ဒီလိုနဲ့….။
မထင်မှတ်တဲ့တစ်နေ့မှာ မြို့ထိပ်က တံခါးကြီးဟာ အလိုအလျှောက်ပင် အလွန်လေးလံ နှေးကွေးလှသော အရှိန်ဖြင့် ဖြေးညှင်းစွာ ပွင့်လာခဲ့ပါ တယ်….။ လူတွေအားလုံး အထူးပင် အံ့အားသင့် မှင်တက်သွားခဲ့ကြပါတယ်…။ ချက်ခြင်းဆိုသလိုပင် တံခါးကြီးရဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံး မြို့ခံ တွေအပါအ၀င် အခြားမြို့မှ သူများပါ အများအပြားစုရုံးရောက်ရှိလာခဲ့ကြတယ်….။
ကိုယ်စီသောအားလုံးရဲ့ စိတ်ထဲမှာလည်း….။ ဒီတံခါးရဲ့ တစ်ဘက်မှ ဘာတွေများထွက်လာမလဲ….? တံခါးရဲ့ တစ်ဘက်မှာ ဘာတွေများရှိမလဲ…? ကောင်းခြင်းတရားတွေလား…? အားလုံးရဲ့ ဆန့်ကျင်ဘက်တွေလား….? မေးခွန်းပေါင်းများစွာ….။ မျှော်လင့်ချက်ပေါင်းများစွာ…။ ယုံကြည်ချက် ပေါင်းများစွာ….။ နောက်…..။ မျက်လုံးပေါင်းများစွာနဲ့ ပါးစပ်ပေါင်းများစွာ….။ စောင့်ကြည့်လို့နေကြလေရဲ့….။
တံခါးကြီးသည်လည်း သူ့အရှိန်နှင့်သူပင် အသာအယာ ….
ဖြေး…..ညှင်း…..စွာ……
ပွင့်လို့သာ လေနေပါတော့တယ်….။
P.S- အကောင်းဆုံးကို မျှော်လင့်ရင်း….။
တူညီသော ခြားနားချက်များ…
နိဒါန်း
“သြော်….။ အခုတော့လဲ မင်းရောက်ပြီလာပဲ…”
တစ်ဘက်မှ စီးကြိုပြီးပြောလိုက်တဲ့ စကားတစ်ခွန်းကို သူခပ်ရဲ့ရဲ့ အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်ပါတယ်…။ မလိုဘူးလေ…။ ဒီလူနဲ့ ဒီလူ လောက နီတိတွေ..။ အပေါ်ယံ စကားလုံးတွေ….။ ဒီလောက်ဆို သူ့ရင်ထဲရှိတာတွေကို သဘောပေါက်သွားမှာပါ…။
“အေးဆေးပေါ့ကွာ…။ ထိုင်…။ ရော့…။ ဆေးလိပ်လေးဘာလေးသောက်ဦး…။ အမောပြေမှ စကားပြောကြတာပေါ့…”
“ဟင့်အင်း…။ ငါဆေးလိပ်မသောက်တတ်တာ မင်းမေ့သွားပြီထင်တယ်….”
တစ်ဘက်မှ သူ့သူငယ်ချင်းက ဘာမှဆက်မပြောတော့ပဲ ခေါင်းကို တဆတ်ဆတ်ငြိတ်ရင်း ပြုံးလို့သာနေပါတယ်…။
“ဘာပဲ ပြောပြောငါက ဒီနေရာကို မင်းအရင်ရောက်နေတာဆိုတော့ ငါက အိမ်ရှင်ပဲလေ..။ ဧည့်ဝတ်ကျေရပေမပေါ့…။”
သူဘာမှ ပြန်မပြောမိ…။ သူ့သူငယ်ချင်းကိုသာ သေသေချာချာ စိုက်ကြည့်နေမိသည်…။ တကယ်ကို မယုံနိုင်စရာပင်…။ သူနဲ့ သူ့သူငယ်ချင်းကြား ဘာတွေကွာခြားသွားခဲ့လဲ…? ဘယ်လိုအခြေအနေတွေက မတူညီမှုတွေကို ဖန်တီးခဲ့လဲ…။ တကယ်ဆို အနဲနဲ့အများတော့ တူညီနေသင့်တာပေါ့..။ အခုတော့…။ သူ့အတွက် အံ့သြခြင်းများစွာဖြင့် စကားတစ်ခွန်းသာ ဆိုနိုင်ခဲ့သည်…။
“မင်းအရင်လိုပဲ….။ ဘာမှ ပြောင်းလဲမသွားဘူးနော်….”
အခန်း (၁)
တကယ်တော့ သူတို့သူငယ်ချင်းနှစ်ယောက် ဝေးကွာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်…။ အတိအကျ နီးပါးပြောရရင် နှစ် (၄၀) နီးပါးပေါ့။ သူနဲ့ သူ့သူငယ်ချင်းဆိုတာက တကယ့်ကို ညီအစ်ကိုပမာ..။ တိုင်ပင်ဖက်..။ ဆွေးနွေးဖက်…။ ငြင်းခုန်ဘက်…။ တူညီတာတွေရှိခဲ့သလို..။ သဘာဝ အတိုင်း မတူညီမှုတွေကလဲ ပုံမှန်မွေးဖွားခဲ့ကြတာ အဆန်းတစ်ခုတော့ မဟုတ်ပါ။ ဒီလိုနဲ့ပဲ ကြီးပြင်းလာခဲ့ရာ…။ မထင်မှတ်တဲ့ အချိန်…။ မထင်မှတ် တဲ့နေရာမှာ သူတို့တွေ ခွဲခွာကြဖို့ အကြောင်းဖန်လာခဲ့သည်…။ သူတုန်လှုပ်ခဲ့သလောက် သူ့သူငယ်ချင်းကတော့ ဘာမှမခံစားရသည့် အတိုင်း တကယ့်ကို မယုံကြည်နိုင်လောက်အောင် တည်ငြိမ်လွန်းလှခဲ့သည်…။
သက်တူရွယ်တူ သူငယ်ချင်းတွေဆိုပေမယ့်…။ သူ့သူငယ်ချင်းရဲ့ အတွေးအခေါ်တွေ…။ အယူအဆတွေ…။ အမြင်တွေဟာ သူ့ထက်ပိုမို တည်ငြိမ်ခဲ့ တာတော့ သူဝန်ခံရပေလိ့မ်မည်..။ သူ့သူငယ်ချင်းရဲ့ စကားလုံးတွေတိုင်းဟာ သူ့အတွက်တော့ ဘာသာဗေဒ အသစ်တစ်ခုလို အမြဲဖြစ်နေခဲ့ပါတယ်။ သူအကြိမ်ကြိမ် နားလည်ဖို့ ကြိုးစားခဲ့ပေမယ့်…။ သူ့အတွက်တော့ အလှမ်းဝေစမြဲ ဝေးနေခဲ့ဖူးပါတယ်..။ သူတစ်ခါတစ်လေ သူ့သူငယ်ချင်း ဘာ တွေကိုများ တွေးနေပါလိ့မ်…။ ဒါမှမဟုတ် ဘယ်လိုများတွေးနေပါလိ့မ်လို့ သိချင်လွန်းလှပါတယ်…။
“မင်းကို ကြည့်လိုက်ရင် အမြဲတမ်း ဘာမှမခံစားရသလိုပဲ..” သူရဲ့စကားဟာ ဟာသတစ်ခု မဟုတ်သည့်တိုင် ဘာကြောင့်များ သူ့သူငယ်ချင်းရဲ့ နှုတ် ခမ်းတစ်စုံမှာ မထီတရီ အပြုံးတွေ ဖူးပွင့်ခဲ့ရပါသနည်း…။
“မင်းကိုငါပြောမယ်…။ ကြီးမားတဲ့ ကျောက်တောင်၊ တောင်တန်းကြီး တွေကအစ..။ သေးငယ်တဲ့ ကျောက်တုံးတစ်ခုအထိဖြစ်လာဖို့ဆိုရင် သေးငယ်တဲ့ သာမန်မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်ပေါင်းများစွာနဲ့ စတင်ခဲ့ရတယ်..။ အဲ့ဒီ့ အမှုန်လေးတွေဟာ တဖြေးဖြေး အချိန်ကြာလာတာ နဲ့အမျှ ဖိအားတွေ၊ အပူတွေ၊ အနည်ကျမှုတွေကြောင့် တစ်ဖြေးဖြေးကျစ်လျစ်သိပ်သည်းပြီးတော့ မာထန်တဲ့ ကျောက်တုံး ကျောက်ဆိုင်တွေ…။ နောက်ကျောက်တောင်တွေ..။ တောင်တန်းကြီးတွေ ဖြစ်လာခဲ့ရတယ်…။”
“ဟိတ်ကောင်…။ ငါမေးတာနဲ့ မင်းပြောနေတာနဲ့ ဘာဆိုင်လို့လဲ…။ မင်းကပြောလိုက်ရင် အဲ့လိုတွေချည်းပဲ..။ အရင်းမရှိ…။ အဖျားမရှိ..။”
“ခဏနေဦးလေကွာ…။ ဆိုင်လာလိ့မ်မယ်…။ အဲ့ဒီ့တော့ သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကျောက်တုံးတစ်ခုဟာ သာမန်အားဖြင့် ခိုင်မာတယ် ဆိုပေမယ့် သူတို့တွေရဲ့ သဘာဝ ဖြစ်တည်မှုအစဟာ အင်မတန်ပျော့ပြောင်း သေးငယ်လှတဲ့ အမှုန်လေးတွေများစွာပါဝင်နေတယ်ဆိုတာ ကိုတော့ မင်းလက်ခံလောက်ပါပြီ…။”
သူ… သူ့သူငယ်ဆက်ပြောမယ့်စကားကိုသာ အာရုံစိုက်နေလိုက်မိပါတယ်…
” ဒီလိုပဲကွ…။ လူတစ်ယောက်ရင့်ကျတ်တယ်…။ ဒါမှမဟုတ် မင်းပြောသလို “ဒီကောင့်ကြည့်ရတာ ဘာမှခံစားတတ်မယ့် ပုံမပေါ်ပါဘူးကွာ” ဆိုတာမျိုး က အဲ့ဒီ့လူကျောက်ဖြစ်သွားတဲ့ အချိန်မှာ မင်းတို့ကတွေ့လို့သာ အဲ့လိုပြောနိုင်ကြတာ…။ လူတစ်ယောက်ရဲ့ ခံစားချက်တွေ ကျောက်ဖြစ်သွားဖို့ ဆို တာ သေးငယ်တဲ့ ထိခိုက်ခံစားမှုတွေ…။ မမြင်နိုင်တဲ့ သောကအမှုန်တွေ..။ များပြားလှတဲ့ မြိုသိပ်မှုတွေကနေ တဖြေးဖြေးစတင်ခဲ့တာပဲ…။ အဲ့ဒီ့ သေးငယ် လှတဲ့ ခံစားမှုတွေ တဖြေးဖြေး စုပုံအနည်ကျလာတဲ့နောက်…။ ဘ၀ရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ သောကရဲ့ အပူတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ ရပြီးတဲ့နောက် သူ့ရဲ့ စိတ်အစုံဟာ ကျောက်ဖြစ်သွားခဲ့ရတယ်…။ တကယ်ဆိုရင် အဲ့လိုဘာမှ မခံစားတတ်ဘူးလို့ မင်းတို့ထင်တဲ့သူတွေက မင်းတို့ ငါတို့တွေထက် အများကြီးခံစားတတ်…။ အဲ..။ ဒါမှမဟုတ်…။ ခံစားဖူးတဲ့သူတွေချည်းပဲကွ….။“
အခန်း (၂)
“ဒါနဲ့ မင်းအခုလာတာက…?”
“ငါလာတဲ့ ကိစ္စကိုမပြောခင်…။ ငါသိခြင်တာ တစ်ခုကို မင်းအရင်ပြောပြနိုင်မလား..?”
“အင်း…။ ဆိုစမ်းဘာဦး…။”
” ဒီမယ်သူငယ်ချင်း…။ အခုအသက်အရွယ်ကြီးရောက်တဲ့အထိ မင်းမှာငါ့ကိုမေးစရာမေးခွန်းတွေ မကုန်နိုင်သေးဘူးလား…? ဒီလိုပဲ မင်းအမြဲ သူများ ကို လျှောက်မေးနေတာ မင်းကိုမင်းမေးဖို့ရော အချိန်ရသေးရဲ့လား…။ ဟမ်…။ ဟေ့ရောင်…”
“ဒါတွေထားစမ်းပါကွာ…။ ငါအခုမေးမှာကိုပဲ မင်းဖြေ…။ မင်းနဲ့ငါနဲ့ လမ်းခွဲခဲ့ကြတာ ငါတို့ အသက် (၂၀) လောက်က အခုဆို ငါ့အသက် (၆၀) ကျော်ပြီ..။ တစ်နည်းအားဖြင့် ငါတို့မတွေ့ခဲ့ကြတာ နှစ်ပေါင်း လေးဆယ်ကျော်လောက်ရှိပြီ…။ ဒီလောက်နှစ်တွေ အချိန်တွေကြာခဲ့တာတောင် ငါ့မှာ ပြောင်းလဲမှုတွေ များစွာဖြစ်ခဲ့သလောက် မင်းကျတော့ ဘာလို့ ဘာမှမပြောင်းလဲရတာလဲ….။ ဒါကို ငါသိခြင်တယ်…။”
“ဟား…ဟား..။ ငါဘာကြောင့် မပြောင်းလဲသလဲဆိုတာ မင်းကိုမပြောပြခင်..။ မင်းကို ငါမေးခွန်းတစ်ခုမေးမယ်…။ မင်းတို့ အသက်အရွယ်ဆိုတာကို ဘာနဲ့တိုင်းလဲ ဟေ့ရောင်…”
“ဟ..။ အသက်အရွယ်ပါဆိုမှတော့ အချိန်နဲ့ တိုင်းရတာပေါ့ဟ..။ အချိန်နဲ့မတိုင်းလို့ မင်းကြီးဒေါ်ကြီးနဲ့ ငါကတိုင်းရမှာလား..”
“ဟဲ..ဟဲ..။ အေးဟုတ်ပါပြီကွာ..။ မင်းပြောသလို အသက်အရွယ်ကို အချိန်နဲ့မတိုင်းပဲ ငါ့ကြီးဒေါ်ကြီးနဲ့တိုင်းတာကမှ မင်းတို့အတွက် ပိုအဓိပ္ပါယ်ရှိဦး မလားပဲ…”
“နေစမ်းပါဦး…။ ဒါဆို မင်းက အသက်အရွယ်ဆိုတာကို အချိန်နဲ့ မတိုင်းတာခြင်လို့ ဘာနဲ့များတိုင်းတာခြင် သေးလို့လဲ…”
“လွယ်ပါတယ်ကွာ…။ အသိတရားနဲ့ တိုင်းတာမှာပေါ့…”
“ဘာ…! အသက်ကို အသိတရားနဲ့တိုင်းမယ်…? ဟုတ်လား…? ” သူ့သူငယ်ချင်းရဲ့ စကားကြောင့် သူတော်တော်တွေဝေသွားမိသည်…။
” ဟုတ်တယ်…။ လူတစ်ယောက်ရဲ့ သက်တမ်း…။ ရင့်ကျတ်မှုတွေကို အချိန်နဲ့တိုင်းတာခြင်းဟာ တကယ်တော့ အချည်းအနှီးပဲ…။ ဒါတွေဟာ မိမိ ကိုယ် မိမိ လှည့်စားခြင်းတစ်မျိုးပဲ..။ မင်းတို့ငါတို့ လူသားတွေဟာ ကိုယ်တိုင်ဖန်ဆင်းထားတဲ့ လှောင်ချိုင့်တစ်ခုအတွင်းမှာ ကိုယ်တိုင် အချုပ်နှောင်ခံ နေကြရတယ်…။ အစစအရာရာကို အချိန်တွေနဲ့ တိုင်းကြ..။ တာကျ…။ အချိန်မလောက်ဘူးပြောကြ…။ တစ်ချို့ကလည်း အချိန်တွေပိုတယ်ပြော ကြ…။ ဒီလိုသာတိုင်းတာကြကြေးဆို ငါမေးမယ်….။ နာရီမကြည့်တတ်တဲ့သူတစ်ယောက်…။ ဒါမှမဟုတ်…။ နာရီမရှိတဲ့သူတစ်ယောက်…။ ဒါမှမဟု တ် အချိန်ဆိုတဲ့ ပညတ်ကို မဖန်တီးထားတဲ့ အခြားသော သတ္တ၀ါတွေအတွက် အသက်အရွယ်ကို မင်းတို့ ဘယ်လိုတိုင်းတာကြမလဲ…?”
သူဘာပြန်ပြောရမှန်းမသိ…။ သူ့မှာသာ ဘာမှပြန်ပြောစရာ စကားမရှိတာ…။ သူ့သူငယ်ချင်းကတော့ အဆက်မပြတ် ဆက်ပြောလျှက်…။
“ကဲ မင်းတို့ပြောသလို…။ လူတွေရဲ့ အသက်အရွယ်နဲ့ ရင့်ကျတ်မှုတွေကို အချိန်နဲ့တိုင်းကြပါပြီတဲ့ကွာ…။ အဲ့ဒါဆို ငါမေးမယ်..။ အဲ့လိုအချိန်နဲ့ တိုင်းတာသတ်မှတ်လို့ မှန်ကြေး…။ တစ်နည်းအားဖြင့် အသက်အရွယ်ကြီးလာလို့ ရင့်ကျတ်လာကြေးဆိုရင်…။ မင်းတို့ပြောပြောနေတဲ့ “အသက်ကြီးပြီး အချိန်မစီးဘူး” ဆိုတဲ့စကားက ဘာလို့ပေါ်လာသေးလဲ…။ အသက်ကဖြင့်..။ အေးမင်းတို့ လို အချိန်နဲ့တိုင်းကြည့်ရင်ပေါ့ကွာ..။ အိုမင်း ရွတ်တွနေပြီ..။ ခေါင်းထဲမှာက အသိဥာဏ်နတ္ထိ…။ ဘာမှသုံးစားလို့မရတဲ့…။ နလပိန်းတုန်းတွေ…။ အိုနာကျိုးကန်းတွေကြ ဘာလို့ အသက် ကြီးပေမယ့် မရင့်ကျတ်ကြလဲ..။ ဘာလို့ အသိဥာဏ်မရှိကြလဲ…။ အေး…။ ထပ်ပြောမယ်…။ မင်းတို့ပြောသလို အချိန်နဲ့ တိုင်းတာလို့ အသက် အရွယ် ငယ်ပေမယ့် ရင့်ကျတ်တည်ငြိမ်ကြတဲ့ လူငယ်တွေ…။ ကလေးတွေကြတော့ မင်းတို့ ဘယ်လို သတ်မှတ်ကြမလဲ…။ အဲ့ဒီ့အမျိုးအစား နှစ်ခုကို မင်းယှဉ်ကြည့်လိုက်…။ ဘယ်သူဟာ လူကြီးလဲ…? ဘယ်သူဟာသူငယ်နှပ်စားလဲ…? အဲ့ဒါကြောင့်မင်းကို ငါပြောတာ လူတွေရဲ့ အသက်ကို ရက်တွေ နှစ်တွေ၊ အချိန်တွေနဲ့ တိုင်းတာမယ့်အစား..။ အဲ့ဒီ့လူတစ်ယောက်ရဲ့ ရင့်ကျတ်မှုပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို စံချိန်စံနှုန်းတစ်ခုထားပြီး သတ်မှတ်ရင် ပိုအဓိပ္ပါယ်ရှိနိုင်တယ်….။ စကာမစပ်…။ ငါ့ကြီးဒေါ်ကြီးတော့ ချမ်းသာပေးပါကွာ…။ ဟဲ ဟဲ…။”
အခန်း (၃)
သူ…။ သူ့သူငယ်ချင်းပြောတဲ့စကားတွေ နားထောင်ပြီးတော့..။ တစ်ခုခုကို ရှင်းရှင်းလင်းလင်းပဲ သိသွားသလိုလို…။ သိပြီးသားရိုးရှင်းတဲ့ ကိစ္စတွေ ကပဲ ပြန် လည်ရှုတ်ရှပ်ခတ်သွားသလိုလို…။ သေချာတာကတော့ တော်တော်လေးကို သူဇဝေ ဇ၀ါဖြစ်သွားတာပါပဲ..။
“ဟေ့..။ ဒါတွေထားပါဦး…။ မင်း မိန်းမနဲ့ ကလေးတွေရော…။ အဆင်ပြေကြရဲ့လား…။ အခုလောက်ဆို မင်းလည်း မြေးတွေ ဘာတွေတောင် ရနေ လောက်ရောပေါ့…။ ဟဲ ဟဲ”
သူ့သူငယ်ချင်းရဲ့စကားသံကြားမှ သူ့အာရုံတွေ ပြန်လည် အသက်ဝင်လာခဲ့သည်..။
“အေး…။ ဒီလိုပါပဲကွာ…။ မိန်းမကတော့ အသက်ကြီးလာတော့… ကျန်းမာရေးက ရွှေတစ်နေ့ ငွေတစ်နေ့ပဲပေါ့…။ သားမသမီးတွေကတော့ သူ့ အိမ်ထောင်နဲ့သူ အဆင်ပြေကြပါတယ်…။ ငါ့မြေးတွေလဲ အခုဆို ကျောင်းတွေ ဘာတွေတက်နေပြီ…”
“မင်း တို့မလဲ…။ ဇယားရှုပ်လိုက်တာကွာ….” ပြောင်ချော်ချော်ဖြင့် ပြောနေသော ဒီကောင့်မျက်နှာအား ငယ်ငယ်ကစိတ်နှင့်သာဆိုလျှင် ပြေးထိုးပြီး ဂုတ်သာခွစီးထားလိုက်ခြင်သည်…။ သူကတော့ အပြုံးမပျက်…။ သူနှင့်မဆိုင်သလို….။
“ဒါနဲ့…။ အခု မင်းကငါ့ဆီ ဘာလာလုပ်တာလဲ….။ ဘ၀ရဲ့အထုအထောင်းတွေ၊ အကွေ့အပြောင်းတွေကို မခံနိုင်တော့လို့ ငါနဲ့အတူနေဖို့ အပြီး ပြောင်း လာတာလား..။”
“အပြီးပြောင်းလာရအောင်…။ မင်းငါ့ဆီမှာ ဘာအထုပ်အပိုးတွေတွေ့လို့လဲ…။  အခုက ခဏလာတာကွ…။ အေး….။ ဒါပေမယ့် မင်းပြောသလို ဇာတ်ရှုပ်တွေ ရှင်းစရာရှိတာရှင်းပြီးရင်တော့ ငါမင်းဆီအပြီးပြောင်းလာဖြစ်မယ်…။ ငါလဲ မနေခြင်တော့ဘူးကွာ..။ ဒီရုပ်နဲ့ ခန္ဓာကြီး ငြီးငွေ့လှပြီ…။”
“အေးလေ…။ လာမယ်ဆိုအချိန်မရွေးပါပဲ…။ ငါကတော့ မင်းလိုအဲ့ဒီ့ ဒဏ်တွေမခံစားခြင်လို့ စောစောစီးစီးကတည်းက အဲ့ဒါတွေနဲ့ ဝေးတဲ့ဒီနေရာ လေးမှာနေလာခဲ့တာပဲ…။ ငါခေါ်တုန်းက မင်းမှမလိုက်တာ…။”
“မင်းသွားတဲ့ နည်းကြီးနဲ့တော့ ငါမလိုက်ခြင်ပါဘူးကွာ…။ ကဲ..။ ဟုတ်ပါပြီ…။ မင်းပြောသလို ပဲထားပါတော့…။ ငါမေးတာ ဖြေဦး…။ ငါကြတော့ အနှစ် ၄၀ ကျော်နဲ့မကာမိအောင် ပြောင်းလဲသွား သလောက် မင်းကျတော့ ဘာလို့ မပြောင်းလဲသွားသလဲ…”
“ဟား…ဟား။ ငါလား…။ ဘယ်ပြောင်းလဲပါ့မလဲကွာ..။ ဒါကလွယ်ပါတယ်ကွာ…။ ငါနေထိုင်တဲ့နေရာမှာက အချိန်ဆိုတဲ့ ပညတ်တွေမရှိဘူးလေကွာ။”
သူတစ်ချက်တွေဝေသွားသည်…။ အချိန်ဆိုတဲ့ ပညတ်တွေမရှိတဲ့နေရာဆိုပါလား….။
ဇာတ်သိမ်း
သူ့အသိစိတ်တွေ သူ့ခန္ဓာကိုယ်နှင့် ပြန်လည်ထိတွေ့လာပြီ ဖြစ်ကြောင်း သူသတိထားမိလိုက်သည်…။ အကြားအာရုံထဲတွင်လည်း စကားသံအချို့ မသဲမကွဲ ကြားနေရသည်…။ သူအားတင်း၍ မျက်လုံးအစုံကိုဖွင့်တော့…။ စိုးရိမ်မှုတွေ၊ အံ့သြမှုတွေ ပြည့်နေတဲ့ မျက်လုံးပေါင်းများစွာက သူ့ခန္ဓာ အပေါ် အဆက်မပြတ် ရွာချနေကြသည်…။ သူစကားလုံး အချို့ကို အတိုဆုံးနှင့် အပြည့်စုံဆုံး ဖြစ်အောင် ကြိုးစားပြောလိုက်သည်…။ သူပြောသော စကားလုံးများနှင့်မကာမိအောင် မောဟိုက်ခြင်း လှိုင်းလုံးများက သူ့နုလုံးကြွက်သားကို ရိုက်ခတ်လာသည်…။
ဖျက်ကနဲအရိပ်တစ်ခု သူ့ဘေးနားက အမှတ်တမဲ့ ဖြတ်သွားတာတွေ့လိုက်လို့ သူသတိထားမိလိုက်သည်….။ အခန်းထောင့်တွင် စီးကရက်တစ်လိပ် အား ငယ်စဉ်ကအတိုင်း တရှိုက်မတ်မတ် ဖွာရှိုက်ရင်းသူ့ကို ပြုံးပြနေသော အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသေးသည့် လူငယ်တစ်ဦး…။ သို့မဟုတ်…..။ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း…။ သူ ပြန်ပြုံးပြလိုက်မိသည်…။ ထို့နောက်တွင်မူ….
“ကျွန်တော်စိတ်မကောင်းပါဘူးဗျာ…။ လူနာအသက်မရှိတော့ဘူး….”
အခန်းတစ်ခုလုံး ငိုကျွေးသံများဖြင့် ဆူပွက်သွားသည်…။
“လာစမ်းပါကွာ…။ ကျန်ခဲ့တဲ့သူတွေကို လှည့်ကြည့်မနေနဲ့…။ အချိန်တန်ရင် သူတို့လည်း အခု မင်းငါ့နောက်လိုက်လာသလိုပဲ…။ မင်းနောက်ကို လိုက်လာကြပါလိ့မ်မယ်…”
သူ့သူငယ်ချင်းပြောတာ ဖြစ်နိုင်သည်…။ တစ်ချိန်ကြလျှင်တော့ သူတို့လည်း အချိန်ဆိုတဲ့ ပညတ်တွေဝေးရာသို့ ရောက်လာကြဦးမည်သာ ဖြစ်ပါ သည်။
P.S- ပညတ်များအတွင်း ပိတ်မိနေခြင်းမှ လွတ်မြောက်နိုင်ကြပါစေ…။
မှားယွင်းခဲ့သော နေထွက်ချိန်များ
နိဒါန်း
“တီ…တီ…တီ”
Phone သံကိုပင် သူပြီးအောင်စောင့်မနေနိုင်တော့…။ ချင်ခြင်းပင်ကောက်ကိုင်လိုက်မိပါတယ်..။
“အင်း…ပြော”
“ခွပ်….”
သူ့လက်ထဲမှ လွတ်ကျသွားသော Mobile Phone ရဲ့အသံလော…။ သို့မဟုတ်…။ သူ့ရင်ဘတ်ထဲမှ နုလုံးသား၏ အသံလော…။ သူတိတိကျကျ မပြောနိုင်သော တစ်ချိန်ထဲ တစ်ပြိုင်ထဲ ထွက်ပေါ်လာသည့် မြည်သံစွဲတစ်ခု….။ သေချာတာတစ်ခုကတော့ ကြမ်းပြင်ပေါ်တွင် တစ်ပိုင်းတစ်စစီ ကျကွဲ သွားသော သူ့ရဲ့ Phone ဟာ…။ သူ့ရင်ဘတ်ထဲမှ နုလုံးသားရဲ့ ဖြစ်စဉ်ကို အတိအကျ နိမိတ်ထင်ဟပ် နေစေခြင်းပင်…။
အခန်း (၁)
သူ့တစ်ကိုယ်လုံး ချွေးစီးများနှင့်သာ မောဟိုက်လို့နေပါတယ်…။ တစ်ဘက်မှစကားသံအဆုံး သူ့ကမ္ဘာတစ်ခုလုံးအမှောင် ကျသွားပါတယ်..။ ခန္ဓာ ကိုယ်တစ်ခုလုံးကို အတွင်းအပြင် ဆွဲလှန်လိုက်သလို ဝေဒနာက နာကြည်း သည်းထန်လွန်းလှပါတယ်…။ တစ်ချိန်ကသူ့ရဲ့ ခပ်မိုက်မိုက်အတွေးတွေ က အခုချိန်မှာ သူ့ဘ၀ကို တကယ်ပင် အမှောင်အတိ ဖုန်းစေခဲ့ပါပြီ…။ သူ့ဘ၀ရဲ့ တက်လမ်း…။ ရည်ရွယ်ချက်…။ ရှေ့ရေး…။ အရာရာဟာ စုတ်ပြတ်သွားပါတော့မယ်…။ ဘယ်သူမပြုမိမိမှု…။ ဒါတွေအားလုံးရဲ့ တရားခံဟာ သူမှလွဲပြီး  အခြားဘယ်သူမှ မဖြစ်နိုင်…။ မဖြစ်သင့်ဘူးဆိုတဲ့ အသိစိတ်…။ ဖြစ်တော့မယ်ဆိုတဲ့ မသိစိတ်…။ အားပြိုင်မှု နှစ်ခုကြား သူ့ဘ၀လုံးပါးပါးတော့လေမည်…။
တကယ်ဆို ဒါတွေဟာ သူ့ရဲ့ အသုံးမကျမှု…။ တွေဝေမှုတွေကြောင့်ဆိုတာ သိပ်ထင်ရှားလွန်းပါတယ်…။ ခံစားချက်တစ်ခုရဲ့ အမြင့်မားဆုံးနေရာ တစ်ခု…။ ခပ်သိမ်းသော အသိစိတ်တို့ မှိတ်သုန်း ပျောက်ကွယ်ခဲ့တယ်…။ ဆင်ခြင်နိုင်တဲ့ အသိတရားတစ်ခု လုံးပါးပါးခဲ့တယ်..။ အရာရာဟာ စိတ်ရဲ့ စေရာနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ပြီးမှတော့…။ ခါးသီးတဲ့ အနာဂတ်တစ်ခုကလွဲလို့ ဘာများသူ့အတွက်မျှော်လင့်စရာ ရှိဦးတော့မတဲ့ လဲ…။ ဆူပွက် ပေါက်ကွဲနေတဲ့ အတွေးတွေကြား…။ အဆုံးအဖြတ်တစ်ခုအတွက် အချိန်တွေကလဲ ခပ်ပါးပါးတောင် မျက်နှာသာပေးခြင်ပုံမရတော့ပါ။
ဘာလုပ်မလဲ…။ ဘယ်လမ်းကိုရွေးမလဲ…။ ဘာတွေက ဖြစ်သင့်တာလဲ…။ ဘာတွေက ဖြစ်ခဲ့ပြီလဲ…။ မေးခွန်းတွေ…။ မေးခွန်းတွေ…။ အဆက်မပြတ် သူ့ဦးခေါင်းတစ်ခုလုံး စုတ်ပြတ်သတ်သွားသည်….။ သူ့အသွေး…။ သူ့အသား…။ နှလုံးသားတစ်ခုလုံး အက်စစ်ကန်ထဲ အစိမ်ခံထားရသလိုခံစား ရသည်…။ အကြိမ်ကြိမ် ချုပ်တည်းခဲ့တဲ့ အသိစိတ်တစ်ချက် လွတ်အထွက်မှာ…။ ဘ၀ဟာ ဒီလောက် စုတ်ပြတ်သွားမယ်မှန်း ဘယ်တုန်းကမှ သူ မမှန်းစမိခဲ့ပေ…။ ကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့  အရိပ်ဆိုးတစ်ခု….။ ဘ၀အဆက်ဆက် သံသရာရှည်တော့လေမည်သာ….။
အခန်း (၂)
“ငါမသတ်ဘူး…။ မင်းကို ငါမသတ်ဘူး…။ ငါသတ်တာမဟုတ်ပါဘူးကွာ….”
“ဟား..ဟား…။ ခင်ဗျားဗျာ…။ ကိုယ့်အသတ်သေမှာတော့ ကြောက်တတ်လိုက်တာ…။”
“မဟုတ်ပါဘူးကွာ…။ ငါမင်းကို တကယ်မသတ်ခဲ့တာပါ…။ ငါ့ရဲ့ ပေါ့….ပေါ့….ပေါ့ဆမှု…။ အသုံးမကျမှုကြောင့် ဒီလို ဖြစ်….ဖြစ်…ဖြစ်ခဲ့ရတာပါကွာ”
“ခင်ဗျားဗျာ…။ ပြောထွက်လိုက်တာ…။ ကျွန်တော့်ဘာများလုပ်ခဲ့လို့လဲဗျာ…။ ကျွန်တော့်မှာ ဘာအမှားများရှိခဲ့လို့လဲ…။ ကျွန်တော့်မှာ ဘာအပြစ်များ ရှိခဲ့လို့ ခင်ဗျား ဒီလို ရက်ရက်စက်စက်လုပ်ခဲ့ရတာလဲဗျာ…”
” ငါ…။ ငါ….။ ငါလေ…။ မင်းအပေါ် ရက်စက်ချင်လို့မဟုတ်ပါဘူးကွာ…။ အဲ့ဒါကိုတော့ မင်းယုံကြည်ပေးပါ…။ မင်းအတွက် တစ်ကယ်ပဲ ငါ့စိတ်တွေ ထိခိုက် ကြေကွဲခဲ့ရပါတယ်ကွာ…။ ငါ့….ငါ့…ငါ့မှာ အခြားရွေးစရာ လမ်းမရှိ …. မရှိ…. မရှိတော့လို့ပါကွာ…..။ ငါ့ကို…ငါ့ကိုလေ….။ ခွင့်လွှတ်ပေးဖို့ ငါမတောင်းဆိုလိုပါဘူးကွာ…။ ဒါပေမယ့်…။ ဒါပေမယ့်လေ…။ ငါ့ကို နားလည်ပေးဖို့တော့ ငါတောင်းဆိုခြင်ပါတယ်ကွာ…”
“မရတော့ဘူးဗျာ…။ အားလုံးဟာ လွန်သွားခဲ့ပြီ..။ ကျုပ်ကခွင့်လွှတ်တယ်ထား…။ ခင်ဗျားကို ခွင့်မလွှတ်တဲ့သူတွေက မကြာခင် ခင်ဗျားရဲ့လုပ်ရပ်တွေ အတွက် လာခေါ်ကြလိ့မ်မယ်…။ ဟော ဟိုမှာ လာနေကြပြီ…။ ကဲ… ကျုပ်လည်းသွားမယ်ဗျာ…။ ကံမကုန်သေးရင်တော့ ပြန်ဆုံကြသေးတာပေါ့..”
“ငါမသတ်ဘူး…။ ငါမသတ်ဘူး…။ မင်းကို ငါမသတ်ဘူး…။ ငါ့ကိုနားလည်ပါ…။ ငါ့ကိုနားလည်ပေးပါကွာ…။ ငါ့မှာ ရွေးစရာလမ်းတကယ်ကို မရှိခဲ့လို့ ပါ..။ ငါ့နှလုံးသားတစ်ခုလုံးလဲ မင်းအတွက် ကြေကွဲခဲ့ရပါတယ်ကွာ…။”
“ငါမသတ်ဘူး….”
“ငါ့ကို နားလည်ပါ…”
“ငါမသတ်ဘူး…”
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
အကယ်၍ ဒီအရာသည်သာ အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူးဆိုလေလျှင်….။
အခန်း (၃)
“သေချာသွားပြီ…။ အခုဘာဆက်လုပ်ကြမလဲ…?”
“ဟားးးးးးး….” သူစီးကရက်တစ်လိပ်မှ နီကိုဒင်းအဆိပ်ငွေ့တွေအားလုံးကို အဆုတ်ထဲ အပြည့်ရှိုက်သွင်းလိုက်မိသည်..။
“ဘယ်လိုလုပ်မလဲ..? ထွက်ပြေးလို့လဲ လွတ်မယ့်ကိစ္စမျိုးမှမဟုတ်တာကွာ…။ လုပ်စရာရှိတာ လုပ်ပြီး..။ ပြင်ဆင်ကြရုံ၊ ရင်ဆိုင်ကြရုံပေါ့…”
တစ်ဘက်က တိတ်ဆိတ်လျှက်…။ သူတစ်ယောက်ထဲသာ စကားတွေ တောက်လျှောက်ဆက်ပြောနေမိသည်…။
“မင်းအတွက်လည်း ငါစိတ်မကောင်းဘူးကွာ…။ မင်းစိတ်ထဲမှာ ဒီအချိန်မှာ ဘယ်လောက်ခံစားနေမယ်ဆိုတာကို ငါသိပါတယ်…။ ငါ့ခန္ဓာကိုယ်တစ်ခု လုံးလဲ သွေးကြောတွေထဲမှာ ချော်ရည်တွေ စီးဆင်းနေသလို ခံစားနေရပါတယ်…။ တစ်ကယ်ဆို ဒါဟာ ငါ့ရဲ့ပေါ့ဆမှုတွေပါ…။ ငါ့ရဲ့ အသုံးမကျမှု တွေပါ…။ ငါ့ရဲ့ အသုံးမကျမှုတွေအတွက် ငါဝင်ခံပါတယ်…။ ငါ့အပြစ်တွေအတွက် ငါပေးဆပ်သွားချင်တယ်..။ ပေးဆပ်ခွင့်ရခြင်တယ်…။ ပေးဆပ် သွားလိုက်ခြင်တယ်…။ ဒါပေမယ့်ကွာ…။ ငါဘယ်လိုပဲ ပေးဆပ်ပေးဆပ်…။ ငါ့ကြောင့် အပြစ်မရှိတဲ့သူတစ်ယောက် ….။ ငါ့အပြစ်တွေ မကြေနိုင်ဘူး ဆိုတာ ငါသိပါတယ်ကွာ….။ ငါလေ…။ ငါ…..။ ငါ….အရမ်းဝမ်းနည်းတယ်ကွာ….။ ဒါပေမယ့်….”
သူ့အသံတွေထဲ ရှိုက်သံတွေပါလာခဲ့သည်…။ သူ့လည်မျိုတစ်ခုလုံးစို့တက်လာသည်…။ သူ့ပါးပြင်တစ်လျှောက် ကိုယ့်ကိုယ်ကို အပြစ်တင်သည့် “တောက်” ခေါက်သံတွေက တသွင်သွင် စီးဆင်းလျှက်…။
” ငါတို့စီစဉ်ထားတဲ့အတိုင်းသာ ဆက်လုပ်ကြရုံပေါ့ကွာ…”
သူ ရှိုက်ကြီးတငင်ငင် ငိုချမိလိုက်သည်…။ သို့သော် သူ့ရင်ထဲက အပူတွေကတော့ ညိမ်သက်မသွားသည့်အပြင် ပို၍ ပို၍ တိုးလို့သာ…။
ဇာတ်သိမ်း
သူစားပွဲပေါ်မှ ဖိုင်တွဲတစ်ခုကို ကောက်ယူကာ ထုတ်ကြည့်မိလိုက်သည်….။ အထဲမှ စာရွက်စာတမ်းအချို့နှင့် ဖလင်ပြားတစ်ခု အလိုက်သင့် ထွက်ကျ လာပါတယ်…။ သူ ဖလင်ပြားအား စူးစူးစိုက်စိုက်ကြည့်နေမိသည်..။ သူ့မျက်ဝန်းထဲမှ စီးကျလာသော အရာများသည် မျက်ရည်များမဟုတ်ပဲ သွေးစက်များ ဖြစ်သွားမလောက်ပင် သူ့ရင်ထဲ နာကျင်လွန်းလှသည်…။ သူအတတ်နိုင်ဆုံး စကားလုံးအချို့ကို အံထုတ်ဖြစ်ခဲ့သည်…။
“တကယ်ဆို…။ တကယ်ဆိုလေ…။ သားကို ဖေဖေ သိပ်ချစ်တာပေါ့သားရယ်….။ နောင်ဖြစ်လေရာ ဘ၀တိုင်းမှာလည်း ဒီလို အဖြစ်ဆိုးမျိုးကြီးနဲ့ ငါ့သား မကြုံရပါစေနဲ့လို့ ဖေဖေ ဆုတောင်းပေးနေပါ့မယ်သားရယ်…။ အခွင့်ရှိသေးရင် ပြန်လာခဲ့ပါကွာ..။ ဖေဖေလေ…။ ငါ့သားနောက်တစ် ခါ ဖေဖေတို့ ဘ၀ထဲကို ပြန်ဝင်လာမယ့်နေ့ကို စောင့်ကြိုနေပါ့မယ်သားရယ်….။”
ဆုပ်ကိုင် ခြေမွထားလို့ ကြေမွနေသော Ultra Sound ဓာတ်မှန်ပြားတစ်ခု၊ DNC လုပ်ခဲ့သည့် ဆေးရုံမှ စာရွက်စာတမ်းအချို့နှင့်အတူ သူသည် လည်း ကြမ်းပြင်ပေါ်သို့
အရုပ်…………………………….. ကြိုး………………………………………….ပြတ်………။
P.S- ဖြစ်ရပ်မှန်တစ်ခုအား ရင်ဘတ်တစ်ခုလုံးနှင့် အပြည့် ခံစားကာ ရေးဖွဲ့ပါသည်။
သူတို့တွေ…
အခန်း (၁)
၁၉၉၈ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)
“မိန်းမရေ…မိန်းမ… လာပါဦးဟ…။ အား…”
ရုတ်တရက် ထအော်လိုက်တဲ့ ကျွန်တော့်အဖေအသံကြောင့် ကျွန်တော်လန့်ဖြန့်ပြီး နိုးသွားပါတယ်..။ အမှန်က ကျွန်တော်နိုးနေပါပြီ..။ အခြား နေ့တွေသာ ကျွန်တော်အိပ်ပုပ်ကြီးရင်ကြီးမယ် ဒီလိုနေ့မျိုးကတော့ မနက် ၅ နာရီ ၆ နာရီကတည်းက နိုးနေပြီး ဒီသင်္ကြန်ဘယ်လိုကဲရမလဲ ဆိုပြီး တွေးနေတတ်တာ ကျွန်တော့်အကျင့်ပါ…။ ကျွန်တော့်အခန်းက ကျွန်တော့်အဖေအမေအခန်းနှင့် ကပ်လျှက်အပေါ်ထပ်မှာရှိပါတယ်..။ (ပေါက် ကရတွေ လုပ်တတ်လွန်းလို့ စိတ်မချလို့ သူတို့ဘေးခန်းခေါ်ထားခြင်းဖြစ်ပါတယ်…။ ချစ်လွန်းလို့ ခေါ်ထားတယ် မထင်ကြပါကုန်   ) ကျွန်တော် ကလည်း ဒီလောက်ကြီးမသောင်းကျန်းပါဘူး..။ ညဘက် လူကြီးတဲ့အိပ်တဲ့အချိန် အနောက်ဘက် ၀ရန်တာကဆင်း..။ သူငယ်ချင်းတွေလာခေါ်တဲ့ ကားပေါ်တက်..။ Club သွားရုံလောက်ပါ..။ အဲ့လိုလုပ်လို့ ကျွန်တော့်ကို လူဆိုးမထင်ပါနဲ့..။ ကျွန်တော်က ညသာခိုးထွက်တာပါ..။ ပြီးရင်တော့ လူကြီးတွေ စိတ်မပူရအောင် အစောကြီးပြန်လာလေ့ရှိပါတယ်…။
မနက် ၃ နာရီတို့ ၄ နာရီတို့လေ…။ ပဲပြုတ်သည်တောင်မနိုးသေးဘူး..။ ဟုတ်တယ်မလား
ဒါနဲ့ စောစောက စကားပြန်ဆက်ပါ့မယ်…။ အဖေအဲ့လို ရုတ်တရက်ထအော်လိုက်တာကြောင့် ကျွန်တော်လည်း ဘာများဖြစ်တာပါလိ့မ်ဆိုပြီး လန့် ဖြန့်ပြီး အဖေတို့ အခန်းဘက်ကို ထပြေးပါတော့တယ်…။ အခန်းထဲမရောက်ခင် တံခါးအ၀မှာပဲ…။  ကျွန်တော်အသံတစ်ခုကို ကြားလိုက်ရပါတယ်..။ ဒီအသံကြားလိုက်ရတယ်ဆိုရင်ပဲ….။ ကျွန်တော် အထဲကို ဆက်ဝင်စရာမလိုတော့မှန်း သိလိုက်ပါတယ်…။ တစ်မျိုးမထင်ကြပါကုန်လင့်….။ ပြောတာ ကို ဆုံးအောင်ဆက်နားထောင်စေချင်ပါတယ်…။ ကျွန်တော်ကြားလိုက်ရတဲ့ အသံကတော့….။
“ဗွမ်းးးးးးးးးး….ဟား ဟား အောင်ပြီ…။ အောင်ပြီ…။ အောင်ပြီ…ကွ”
သူ့ကိုသူ ရဟန်းစားရသော ဆွမ်းတစ်နပ်ထဲက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းသားကြီး ဇော်လင်းအော်တဲ့ အသံမျိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်နေတာကတော့ ကျွန်တော့ဖခမည်းတော်ပဲ ဖြစ်ပါတယ်…။ တစ်ဆက်တည်းမှာပဲ….။
“အာ…။ ရှင် သိပ်လူလည်ကြတယ်…။ ကျွန်မကဘာများ ဖြစ်လဲလို့ လန့်ဖြန့်သွားတာပဲ…။ ဒါရှင် မတရားအနိုင်ကျင့်တာ…။ မရဘူး…။ ဒီပွဲကို အသိ အမှတ်မပြုဘူး…”
“မရတော့ဘူး ကောင်မလေး…။ ပွဲကပြီးသွားပြီ…။ ဟဲ ဟဲ…။ အချစ်နဲ့စစ်မှာ တရားတာတွေ မတရားတာတွေမရှိဘူး..။ အခုမှ ဘာမှလာရှင်းပြမနေနဲ့ တော့…။ ရှင်းပြခြင်လဲ နောက်နှစ်ရောက်မှသာ ရှင်းပြပေတော့…။ ဟဲ ဟဲ…။ ဒီနှစ်တော့ ကိုယ့်အရှုံးကိုသာ ရဲရဲတင်းတင်းလက်ခံလိုက်စမ်းပါ မိန်းက လေးရယ်..။ ဟဲ ဟဲ…”
အသံတွေတိုးသွားသည်….။ ကျွန်တော်လည်း သူတို့အခန်းဘက်မှ မိဘနှစ်ပါး၏ အရှက်တော်ရှ၍ အညိုငြင်မခံရခင် တရုတ်သိုင်းသမားတို့အလား ကိုယ်ဖော့ကာ အခန်းအတွင်းသို့ ပြန်ဝင်ပြီး မသိချင်ယောင်ဆောင်နေလိုက်ပါတော့တယ်…။ စိတ်ထဲမှာတော့….
“အင်း….။ ဒီနှစ်လဲ ငါ့အဖေပဲ ဖလားသိမ်းသွားပြန်ပြီ…။ စောင့်လေဦးပေါ့အမေရေ….။ နောက်တစ်နှစ်…။ ဟီး ဟီး…”
အခန်း (၂)
၂၀၀၁ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)
ကျွန်တော့်အဖေက မနက်အစောထကာ ဘုရားဝတ်ပြုလေ့ရှိပါတယ်..။ သူက မနက်ဆို အမြဲ ၅ နာရီ ၆ နာရီဆိုနိုးတတ်ပါတယ်..။ အရင်ကတော့ အဲ့ လောက်အစောကြီးမထပါဘူး…။ ၇ နာရီ လောက်အထိအိပ်တတ်ပါတယ်..။ နောက်ပိုင်းသူ Golf ရိုက်ဖြစ်တော့ အဲ့ဒီ့အချိန်ဆို နိုးနိုးနေတတ်ပါတယ်။ ပုံမှန်ကတော့ သူဘုရားဝတ်ပြုပြီးတာနဲ့ Golf သွားသွားကစားလေ့ရှိပါတယ်…။ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်ကြားထားရသလောက် ဒီသင်္ကြန် တွင်း သူတို့ ပြိုင်ပွဲရှိတယ်ဆိုလားပါပဲ…။ ဒါကြောင့်အဖေ အရင်ရက်တွေထက် စောစော ထနေတာ ဖြစ်နိုင်ပါတယ်…။
ထုံးစံအတိုင်းပဲပေါ့…။ သကောင့်သားကလည်း တစ်ခြားရက်တွေသာ နေဖင်ထိုးအောင် အိပ်ရင်အိပ်မယ်…။ ဒီလိုရက်မျိုးကတော့ ညကတည်းက သင်္ကြန်အတွင်းဆုံရမယ့် ကောင်မလေးတွေ (အဲဟုတ်ပါဘူး     ) သင်္ကြန်အတွင်း ပျော်ရမယ့်အစီအစဉ်လေးတွေတွေးပြီး အိပ်လို့ကသိပ်ပျော်တာ မဟုတ်ဘူး..။ အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ပေါ့…။ ဒီလိုနဲ့ မနက်ရောက်တော့ အဖေဘုရားဝတ်ပြုတဲ့အသံကို အိပ်ယာထဲက အတိုင်းသားကြားနေရပါ တယ်..။ စိတ်ထဲမှာလည်း Father ကြီးလစ်တာနဲ့ အိမ်ကနေအမြန်ဆုံး ချီတက်နိုင်ဖို့ တိုင်မင် ကိုက်နေတာပေါ့…။ အဲ့လိုမျိုး ကိုယ့်အတွေးနဲ့ ကိုယ်မြူးနေတုန်း….
“အာမဘန္တေပါ အရှင်ဘုရား….”
“ဗွမ်း….”
သေပြီ…။ တစ်ယောက်ယောက်တော့ အလစ်အငိုက် ခြုံခိုတိုက်ခိုက်ခံလိုက်ရတာ သေချာသွားပါပြီ…။ ဒီနှစ်ဒိုင်းကိုတော့ ဘယ်သူလက်ဝယ်ပိုင်ဆိုင် သွားပြီလဲမသိ…။ တစ်ယောက်ယောက်ကတော့ လက်နက်ပုံးသုံးလိုက်တာသေချာသွားပြီ ဖြစ်ပါတယ်…။
“ဟား..။ မင်းဘယ်လိုလုပ်လိုက်တာလဲ… ဒီမှာ အကုန်ရွှဲကုန်ပြီ..”
“အိုး…။ ရေလောင်းပါတယ်ဆိုမှ ရွှဲမှာပေါ့…။ ဒါဆန်းသလား…?”
“အွန်….။ ရေလောင်းရင် ရွှဲတာတော့ ငါလဲသိတာပေါ့ဟ..။ အခုပြောတာက လူရွှဲလို့ပြောတာမဟုတ်ဘူး..။ ဘုရားခန်းတစ်ခန်းလုံး ကော်ဇောတွေပါ ရွှဲကုန်လို့ပြောတာ…။ မင်းဒါလေးတောင် နားမလည်ဘူးလား…?”
“ဘာမှလာရှင်းပြမနေနဲ့ လူကလေး..။ ပွဲကပြီးသွားပြီ…။ ဘာတဲ့…။ အချစ်နဲ့စစ်မှာ ဘုရားခန်းမပါဘူးဆိုလား…။ ကဲ..။ ဒီတော့ ရှင်းပြခြင်ရင် နောက်တစ်နှစ်ကိုသာ စောင့်လိုက်ပါတော့ရှင်…။ ဟွန်း..။ မှတ်ပြီလား”
“သြော်..။ မင်းက ဒီလိုလား…။ တွေ့ကြသေးတာပေါ့…။ လွတ်အောင်သာပြေးပေတော့….”
“မှီမယ်ထင် လုပ်လိုက်လေ… ရှင့်ကိုယ်ရှင် အရင်ကလို ဗလံလေးများအောက်မေ့နေလား..။ လာလိုက်စမ်းပါ..”
“အာ ဒီမိန်းမ…။ နာပြီသာမှတ်…။ ငါလာပြီ…”
နောက်တော့အသံတွေပျောက်သွားသည်…။ ဘယ်ရောက်သွားလဲ ကျွန်တော်လဲမသိပါ..။   အမေက ဘယ်ပြေးလို့ အဖေက ဘယ်ကိုလိုက်ကာ..။ ဘယ်နေရာမှာပဲ မိသွားသလား…။ မမိဘူးလား…။ ကျွန်တော်မသိပါ…။ ကျွန်တော်သိတဲ့ သေချာတာတစ်ခုကတော့…..။ ဒီတစ်နှစ် အိမ်ထောင်စု သင်္ကြန်ဒိုင်းစုကြီးကို ကျွန်တော့်မာတာမိခင်မှ ဂိုးပြတ်သွင်းကာ ရယူသွားပါပြီ…။
ကျွန်တော် ဘာရယ်လို့မဟုတ် စိတ်ထဲမှာ အလိုလိုပြုံးမိသည်…။ အမည်မဖော်ပြနိုင်သော ခံစားမှုတစ်မျိုး ကျွန်တော့်ရင်ထဲ ညိ့မ်ညောင်းကစီးဆင်း သွားသည်…။ သေချာတာတစ်ခုကတော့ ကျွန်တော်ကြည်နူးမိတယ်…။ သူတို့ကို ကြည့်ရင်း ကျွန်တော်ပျော်ရွှင်မိတယ်…။ တကယ်ပါ…။ ကျွန်တော် တို့ မိသားစုလေး အရမ်းပျော်ဖို့ကောင်းတယ်ဗျာ….။
အခန်း (၃)
၂၀၀၅ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)
ဒီနှစ်ကတော့ ကျွန်တော်တို့ မိသားစုအတွက် အနဲငယ်ထူးခြားပါတယ်..။ ကျွန်တော်လည်း ပြည်ပကို ပညာတော်သင်သွားဖို့အတွက် ရပ်နီးကပ်နေပါ ပြီ..။ သင်္ကြန်အတွင်း ခွင့်အဖြစ် ရန်ကုန်ကို နှစ်ပတ်ပြန်ခွင့်ရတဲ့ အချိန်လေးပါ..။ ကျွန်တော်လည်း ပြန်ရောက်ကတည်းက သွားဖို့လာဖို့အတွက်..။ လိုအပ်တာတွေ ပြင်ဆင်..။ ၀ယ်စရာခြမ်းစရာရှိတာတွေ ၀ယ်နဲ့..။ တော်တော်လေးကို ဗျာများနေပါတယ်..။ ရတဲ့ရက်နဲ့ ပြင်ဆင်ရတဲ့အချိန်က မနဲသော်လည်း..။ စိတ်ထဲတော့ မလောက်သလို ခံစားရပါတယ်..။ အဲ…။ နောက်….။ သွားခါနီး လာခါနီး နှုတ်ဆက်စရာလေးတွေ ကလည်းရှိသေး တယ်လေ…။ ဟဲ…ဟဲ…။ သူငယ်ချင်းတွေကိုပြောပါတယ်…။
ဒီလိုနဲ့ပဲ သင်္ကြန်မတိုင်ခင် ၄၊ ၅ ရက်အလိုလောက်ကတည်းကပြန်ရောက်တာ ရက်တွေဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ရပါဘူး…။ ကျွန်တော်ပြန်ရောက်တဲ့အချိန်အဖေလည်း အိမ်မှာမရှိပါဘူး…။ ခရီးသွားနေပါတယ်…။ ပြင်ဦးလွင် သစ်တောကျောင်းဆင်းပွဲကိုသွားရင်း..။ အဲ့ဒီ့မှာ သင်္ကြန်တွင်း Golf ပြိုင်ပွဲရှိလို့..။ ပြိုင်ပွဲပြီးမှ (သင်္ကြန်ပြီးမှ) ပြန်လာမယ်လို့သိရပါတယ်….။ ဘာရယ်တော့ မဟုတ်ဘူး..။ စိတ်ထဲမှာတော့ တစ်မျိုးပဲ ၀မ်းနည်းသလိုလို..။ ဟာနေသလိုလို…။ တစ်ခုခုလိုနေသလိုလိုကြီးပဲ…။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပြည်ပကို နှစ်ရှည်လများမသွားခင် နောက်ဆုံးနှစ်မှာ…။ ဒီနှစ်အတွက် အိမ်ထောင်စု သင်္ကြန်ဖလားကြီးကို ဘယ်သူရမလဲဆိုတာ ကျွန်တော် တစ်ကယ်ကို သိချင်နေခဲ့လို့ဖြစ်ပါတယ်..။
ဒီလိုနဲ့….. သင်္ကြန်အကြိုနေ့သို့ရောက်ရှိလာပါတော့တယ်…။
“တီ တီ … တီ…တီ…”
“ဟုတ်ကဲ့ပြောပါ…”
“သား..။ ကိုဦးလား…။”
“ဟုတ်ကဲ့ အဖေ… အဖေဘယ်က ဆက်နေတာလဲ…”
“အေး…။ အဖေအရေးပေါ်ကိစ္စတစ်ခုပေါ်လာလို့ ရန်ကုန်ကို မနေ့ကပဲ ချက်ခြင်းပြန်ဆင်းလာတာ..။ အခု ရန်ကုန်ရောက်နေပြီ..။ အဲ့ဒါ ခဏနေရင် ရောက်မယ်..။ ဧည့်သည်တွေလဲပါတယ်..။ အဲ့ဒါ မင်းအမေကို အောက်ဆင်း စောင့်နေပါလို့ ပြောလိုက်စမ်းပါ…။”
“ဟုတ်ကဲ့ အဖေ..။ သားပြောလိုက်ပါ့မယ်..။ ဒါပဲနော်…”
“အမေ…။ အဖေ အခုရန်ကုန်ရောက်နေပြီတဲ့..။ ခဏနေ အိမ်ရောက်မယ်တဲ့…။ နောက်ပြီး ဧည့်သည်တွေပါလာလို့တဲ့..။ အဲ့ဒါအမေဆင်းကြိုပါတဲ့”
“ဟွန့်…။ ဒါမျိုးတွေ ရိုးနေပြီလို့ နင့်အဖေကိုပြောလိုက်..”
“ဖုန်းပြန်ဆက်ပြီး ပြောလိုက်ရမှာလားအမေ.. ဟဲ ..ဟဲ “
“သေဦးမယ် ဒီကောင်လေး…။ နင့်အဖေဟာလေ..။ သူ့ဥာဏ်လေး တစ်ထွာတစ်မိုက်လောက်နဲ့ ငါ့ကို ဒါမျိုးလုပ်လို့ရမယ် ထင်နေသလားမသိဘူး..”
“အာ အမေထင်သလို ဟုတ်ချင်မှလည်း ဟုတ်မှာပါ..။ တော်ကြာ တကယ် ဧည့်သည်တွေပါလာလို့ အမေ့ကိုမတွေ့ရင် အဖေတင်းနေဦးမယ်..”
“အေးပါ..။ အမေဆင်းကြိုမှာပါ…။ ဒါပေမယ့် ဒီအတိုင်းတော့မရဘူး..။ ဧည့်သည်မကလို့ ဘာကြီးပါပါ…။ ဒီနှစ်တော့ ငါအရှုံးမခံနိုင်ဘူး..။ နှစ်နှစ် ဆက်တိုင် အောင်ပွဲခံနိုင်မှ ဖြစ်မယ်..။ နေဦး..။ ရေခွက်သွားယူဦးမယ်…”
ကျွန်တော်တို့ သားအမိနှစ်ယောက်စကားပြောနေတာက အိမ်ရှေ့ဧည့်ခန်း တံခါးဝနားမှာပါ..။ ပြောပြောဆိုဆိုနဲ့ ကျွန်တော့်အမေလည်း ရေချိုးခန်း ထဲဝင်သွားပြီး..။ ရေခွက်တစ်ခွက်နဲ့ အတူပြန်ထွက်လာပါတယ်..။
“တွေ့ကြသေးတာပေါ့..။ ငါ့ကို ဒီလို သူငယ်နှပ်စားနည်းနဲ့ ဒင်းလုပ်လို့ရမတဲ့လား…”
“အွန်…။ ဟုတ်ပါပြီ..။ အောင်မြင်ပါစေ အမေ…ဟဲ ဟဲ”
အမေလဲ ကျွန်တော့်ကို ကြည့်နေ ငါလုပ်ပြမယ်ဆိုတဲ့ အမူအယာနဲ့ အပြင်ထွက်ဖို့အတွက် အိမ်တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ…။
“ဗွမ်းးးးးးးးးးးးးးးးး”
“သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ..။ လောင်းကာပက်ကာ မောင်ရေးနှမဖွယ် ကြည်လင်စွာ…။ သြော် မေရွက်ဝါ မေရွက်ဝါ ရေချိုးရင်..”
“တောာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ်”
ဟိုက်…။ ဘာတွေဖြစ်ကုန်ပြီလဲ…။ ကျွန်တော်ပင် ကြောင်သွားပါတယ်…။ ကျွန်တော်လည်း ကမန်းကတန်း တံခါးဝကို ပြေးကြည့်မိပါတယ်…။ လားလား….။ ဘယ်ဟုတ်မလဲ…။ သေသေချာချာကြည့်တော့မှ ဖခမည်းတော်က တံခါးဝမှာ ဘယ်ကရလာမှန်းမသိသော ရေပုံးကြီးကိုင်ပြီး သင်္ကြန် သီချင်းနဲ့ ကွေးနေအောင်က နေပါရောလား…။ (နောက်ပိုင်းသိရတာကတော့..။ အောက်ထပ်က ကားရေဆေးတဲ့ကောင်လေးကို မုန့်ဖိုးပေးပြီး ရေပုံးနဲ့ရေတွေကို ယူလာတယ်လို့ သိရပါတယ်   ပိုင်တယ်နော်   ) စိတ်မကောင်းပါဘူး အမေရယ်..။ နောက်နှစ်ကြိုးစား လိုက်ဦးပေါ့…။
“မင်း ငယ်ပါသေးတယ် မိန်းမရယ်…။ ဟဲ ဟဲ”
“ရှင်ဘယ်အချိန်ထဲက ရောက်နေတာလဲ…”
“ငါ ကိုဦးဆီဖုန်းဆက်ကတည်းက ရောက်နေတာ…ဟဲ ဟဲ..။ မင်းတို့သားအမိပြောတာတွေ အကုန်ကြားရတယ်…။ မင်းယောကျာ်းပါကွာ..။ မင်းထက်လည်လို့ မင်းတို့အိမ်ထောင်ဦးစီးလုပ်နေတာ… ငှဲ ငှဲ…”
ကျွန်တော့် ဖခမည်းတော် မြူးတူးနေသလောက်..။ ကျွန်တော့်မာတာမိခင်မှာတော့….။ နှုတ်ဆိတ်…..။
“ရော်…။ ခက်လပြီကွယ်…။ ဒီကလေးတွေမကြီးမငယ်နဲ့ တယ်လည်းဆော့သကိုး..။ တစ်အိမ်လုံးလဲ ပါကေးတွေရော..။ ကော်ဇောတွေရော ရွှဲကုန်ပြီ။ နောက်တစ်ခါ ဆော့လို့ကတော့ ဒီကလေးနှစ်ယောက်စလုံး နှောင်နှစ်ခါကြ ဘုန်းကြီးကျောင်းပို့ပြစ်မယ်…။”
“အံမယ်…။ သေနာလေး..။ နင်က အဖေနဲ့ အမေကို အခုကတည်းက ဘုန်းကြီးကျောင်းပို့မယ်ပြောနေတယ်ပေါ့လေ..။ သေပြီသာမှတ်…”
“အေးဟုတ်တယ်..။ ငါ့မိန်းမကိုပြောရင် ငါလည်းမခံဘူး..။ လာမိန်းမ…။ ဒီကောင့်ကို နဲနဲလောက် ၀ိုင်း Lesson ပေးလိုက်ရအောင်…”
မှားလပြီ…။ မှားလပြီ…။ ကျွန်တော်မျိုး မှားလပြီ…။ မာတာမိခင်ရဲ့ ဖခမည်းတော်ပေါ် ကျရောက်လို့မရသော ဒေါသ (ဒေါသတော့ ဒေါသပဲ..။ ဒါပေ မယ့် ကျွန်တော်အထင်တာတော့ ချစ်ဒေါသဖြစ်မယ်…။ ဟီး ဟီး..။   ) များသည် ကျွန်တော့်အပေါ်သို့ တဟုန်ထိုးတိုက်စစ်ဆင်ပါတော့တယ်..။ စီး ပွားရေးသမား ပီသလှသော ဖခမည်းတော်မှလည်း သူ့မိန်းမ စိတ်ကောက်ပြေစေရန် သူ့မိန်းမဘက်က လိုက်ပြီး ကျွန်တော့်ကို နှစ်ယောက်လိုက်ဖမ်း ပါတော့တယ်..။ အိမ်က ကျင်းတယ်ဗျာ..။ သူတို့နှစ်ယောက် ခန္ဓာကိုယ်ကြီးနဲ့ ပိတ်ဖမ်းမှတော့ ကျွန်တော်ဘယ်လွတ်ပါ့မလဲ…။ ဘယ်ပြောကောင်း မလဲ မိလဲမိရော…။ နှစ်ယောက်ချုပ်ပြီး ကျွန်တော့်ကို ကလိ ၀ိုင်းထိုးကြပါလေရောဗျာ…။ သြော်…။ (အမှန်က ကျွန်တော်ဘယ်နေရာထိုးထိုး ကလိထိုး ရင်မရားတတ်ပါ..။ ဒါပေမယ့် ဘယ်လိုဖြစ်တယ်မသိ အဲ့ဒီ့နေ့ကရားလိုက်တာ..။  အူတွေတောင် ပြတ်ထွက်မလား အောင့်မေ့ရတယ်…   )
ဒီနေ့မောင်ကိုဦး ကံမကောင်းပါလားနော်….။
ဇာတ်သိမ်း
ကျွန်တော့်မိသားစုလေးထဲမှာ အမှန်တကယ် တည်ရှိခဲ့တဲ့ သို့မဟုတ် တည်ရှိနေတဲ့ ကျွန်တော့်အဖေနဲ့အမေရဲ့ အစဉ်အလာလေး တစ်ခုပါ..။ သူတို့ တွေ အိမ်ထောင်စကျကတည်းက အခုချိန်ထိ တစ်နှစ်မှ မပျက်မကွက် ဆင်နွဲခဲ့ကြတဲ့ အစဉ်အလာလေးတစ်ခုလဲ ဖြစ်ပါတယ်..။ ဒီအစဉ်အလာလေး ဟာ အခြားသူတွေအတွက်တော့မသိပါဘူး…။ ကျွန်တော့်အတွက်တော့ တကယ့်ကို နွေးထွေးကြည်နူးစေတာ အမှန်ပါပဲ…။ သူတို့ရဲ့ အစဉ်အလာ လေးဟာ ကာယကံရှင်တွေပေါ်မှာသာမက..။ ကျွန်တော့်အပေါ်မှာပါ လွှမ်းမိုးမှုရှိပါတယ်..။ ကျွန်တော် နောက်ပိုင်း မိသားစုနဲ့ခွဲခွာခဲ့ရသည့်တိုင် နှစ် တိုင်း သင်္ကြန်အကြိုနေ့ဆို အနိုင်အရှုံးသတင်းကို အမြဲနားစွင့်မေးမြန်းခဲ့လေ့ရှိပါတယ်..။ အနိုင်များတာကတော့ အဖေပေါ့ဗျာ…။
ဒါပေမယ့် ကျွန်တော်သိတယ်…။ သူတို့နှစ်ယောက်အတွက်တော့ အနိုင်၊အရှုံးဟာ အဓိကမကျနိုင်ဘူး…။ သူတို့နှစ်ယောက်အတွက် အဓိကကျတာ ကတော့ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်၊ မေတ္တာတရား..။ ဘယ်တော့မှ ပြောင်းလဲသွားခြင်းမရှိတဲ့ သစ္စာတရား…။ လျော့သွားဖို့မပြောနဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်ရစ်ပြီး တစ်ရစ် ရစ်ပတ်များပြားလာတဲ့ သံယောဇဉ်…။ ဒါတွေဟာ ကျွန်တော့်ရင်ဘတ်ထဲ တကယ့်ကို နက်နက် ရှိုင်းရှိုင်း ထိုးဝင်ခဲ့ပါတယ်..။ ကျွန်တော်မှတ်မှတ်ရရ..။ ဒီကိုမလာခင် အဲ့ဒီ့ သင်္ကြန်အကြိုနေ့က သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ရပါ တယ်..။ ဘာကြောင့်လဲတော့ ကျွန်တော်လည်း မသိပါဘူး…။ ဖြစ်နိုင်တာတွေကတော့ အများကြီးပေါ့ဗျာ…။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ…။ ဒီနှစ် June လဟာ ကျွန်တော့်အဖေနဲ့အမေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် ၂၅ နှစ်မြောက် ငွေရတုနှစ်ဖြစ်ပါတယ်..။ ကျွန် တော်ကတော့ အနားမှာမရှိနိုင်ဘူးပေါ့ဗျာ…။ သူတို့တွေ ဒီလိုပဲ နှစ်ပေါင်းများစွာ ဆက်လက်ပြီး အတာရေသဘင်ပွဲကို နှစ်ဦးပျော်ရွှင်စွာ ဆင်နွဲနိုင် ကြပါစေလို့ ကျွန်တော်အမြဲဆုတောင်းနေမိပါတယ်..။ သူတို့ရဲ့ ဒီအစဉ်အလာလေး တည်ရှိနေသ၍ သူတို့ရင်ထဲမှာရှိတဲ့ တစ်ဦးအပေါ်တစ်ဦးထား ရှိတဲ့ ချစ်ခြင်းတရားတွေ၊ မေတ္တာတရားတွေ၊ သစ္စာတရားတွေဟာ ကုန်ဆုံးသွားမှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ရင်း…။
ကျွန်တော်ချစ်သောမိဘနှစ်ပါးအား နှစ်သစ်နှင့်အတူ အဝေးမှပင် ရှိခိုးကန်တော့လိုက်ပါတယ် ခင်ဗျာ….။
P.S- မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ရောက်ပြီဗျာ…။ (အခုပို့စ်ရေးနေချိန်ဆို ဒီနေ့ပေါ့..။ နာရီပိုင်းပဲ နဲနဲလိုတော့မယ်) …။ ဒီနှစ်တော့ ဘယ်သူ အနိုင်ရမလဲ ကျွန်တော် အရမ်းကိုသိချင်နေမိပါတယ်…။
နောက်ဆုံးဖြည့်စွက်ချက်…။    ။ ကျွန်တော်အခုပဲ အိမ်ကို ဖုန်းဆက်ပြီးပါတယ်..။ အဖေ့ဆီတစ်ခေါက်…။ အမေ့ဆီတစ်ခေါက်ပါ..။ ထုံးစံအတိုင်း ဖခမည်းတော်က Golf ကွင်းမှာပါ…။ ဒီနှစ်အမေနိုင်သွားပါတယ်..။ ဖြစ်ပုံက ဒီလိုပါ..။ အခုသူတို့ နှစ်ယောက်ကြား ပြဿနာတက်နေပါတယ်..။ အဖေက အမေ့ကို အဝေးကနေ အနိုင်ပိုင်းနိုင်အောင်ဆိုပြီး ရေပြွတ်သေနတ် ဘယ်အချိန်ကတည်းက ၀ယ်ထားမှန်းမသိဝယ်ထားပါတယ်…။ အဲ့ဒါ ဒီမနက် အဖေက ရေပြွတ်နဲ့ပတ်တာကို အမေက မစိုဘူးချည်း ဘူးခံငြင်းကာ..။ အဲ့လိုငြင်းနေတုန်း အမေက ရေပုံးနဲ့ ပြန်လောင်းလိုက်ပါတယ်..။  အဖေ့ပြောစကားအရ “မင်းအမေစိတ်ချမ်းသာအောင် ငါသူ့ပဲ အနိုင်ပေးလိုက်ပါတယ်ကွာ…” တဲ့…   ကျွန်တော် အိပ်ပျော်သွားပြီဗျာ..။