Black Dream » culture
ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၂)
ဟိုတစ်နေ့က Living Together များအကြောင်းဆက်မပြောခင် အဲ့ဒီ့ပို့စ်မှာရခဲ့တဲ့ ကိုလောရှည်ရဲ့ ကော်မန့်လေးအပေါ် ကျွန်တော် အနဲငယ် ရှင်းပြချင်ပါတယ်…။ သူက ထောက်ပြသွားတဲ့အချက်ဟာ တစ်ကယ်ဆို ကျွန်တော် အခု ဒီအပိုင်း (၂) ထဲမှာရေးပြီးသားဆိုပေမယ့်…။ သူပြောတဲ့အချိန် တုန်းက အပိုင်း (၁) မှာ မပါတဲ့ အတွက် ဒါကို သူက စေတနာနဲ့ထောက်ပြသွားတယ်လို့ ကျွန်တော်မြင်ပါတယ်..။ ဆောင်းပါးမဆုံးခင် ဆန္ဒစောပြီး ထောက်ပြသွားတာ ဖြစ်တဲ့အတွက် စေတနာ အမှားတစ်ခုလို့ပဲ ကျွန်တော် ခံယူပါတယ်..။ အခုလို ထောက်ပြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကို လောရှည်ထောက်ပြသွားတဲ့ အကြောင်းအရာဟာ အခု အပိုင်း (၂) မှာပါဝင်မှာ ဖြစ်ပါတယ်..။ ဒါဟာလည်း သူထောက်မပြခင် ကျွန်တော် အကြမ်း ရေးထားတဲ့ အချိန်ကတည်းက ပါဝင်ပြီး ဖြစ်ကြောင်းကို ဒီပို့စ်မတင်ခင် ပို့စ် အကြမ်းဖတ်လိုက်ရတဲ့သူတွေ သိကြမယ်လို့ မျှော်လင့်ပါတယ်..။
အခု ကျွန်တော်တို့ မနေ့က အကြောင်းလေး ဆက်ပြောကြရအောင်..။
လက်ရှိ ကျွန်တော်တို့လူမျိုးများကျင့်သုံးနေတဲ့ Living Together ဆိုတာ တကယ့် Living Together မဖြစ်သေးပါဘူး..။ ဘောလုံးစကားနဲ့ ပြောရရင်တော့ Pro မရောက်သေးပဲ ..။ Semi Pro အဆင့် (ဒါတောင် နဲနဲမြင့်နေမလား မသိဘူး။ Beginner ပြောရမလား Rookie ပြောရမလားပဲ ) လောက်ပဲ ရှိနေပါသေးတယ်။ တစ်ကယ်တမ်းပြောရရင် Living Together အဆင့်မရောက်သေးပဲ Sleeping Together အဆင့်ပဲ ရှိသေးတယ်လို့ ဆိုရပါလိ့မ်မယ်..။
ဒီ အကျင့်စရိုက်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့ လူမျိုးတွေဆီကို (သိသိသာသာ) ကြီးကူးစက်လာတာဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပိုများလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီမှာ အခြေအနေ ၂ ရပ်ရှိပါတယ်..။ အဲ့ဒါကတော့ ပြည်တွင်းနေ လူငယ်ထုနဲ့ ပြည်ပနေ လူငယ်ထုပဲ ဖြစ်ပါတယ်..။ ပြည်တွင်းနေလူငယ်ထုထက် ပြည်ပနေ လူငယ်ထုက ပိုမိုပြီးတော့ လွတ်လပ်မှု၊ အမြင်ကျယ်မှုရှိတဲ့ အတွက် သူတို့မှာ ဒီအခြေအနေမျိုးရှိနေတဲ့သူတွေ ပိုများပါတယ်။ အမြင်ကျယ်မှုဆိုတဲ့နေရာမှာ ကောင်းတဲ့ အမြင်ကျယ်မှုနဲ့ ဆိုးတဲ့ အမြင်ကျယ်မှု နှစ်ခု ထပ်ဖြစ်လာပါတယ်..။
ကောင်းတဲ့အမြင်ကျယ်မှုကတော့ ဒီလို Sleeping Together ရာမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်မလာဖို့ တားဆီးတဲ့ နည်းလမ်းတွေ၊ ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုသိရှိခြင်း၊ ထိုကဲ့သို့ ကာကွယ်ပို့ ရုပ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အထောက် အပံ့နဲ့ ဖန်တီးပေးနိုင်မှု အခြေအနေတွေ ပိုမိုရရှိခြင်းကြောင့် များသောအားဖြင့် ပြည်တွင်းမှာထက် ပိုမို ကာကွယ်နိုင်ကြပါတယ်…။  ပြည်တွင်းမှာတော့ ထိုကဲ့သို့သော အခြေ အနေများ မပေးတာကြောင့် ပြည်ပနေ လူ့အဖွဲ့အစည်းလောက် လျှင်မြန်တွင်ကျယ်စွာ ပြန့်ပွားလာခြင်း မရှိတာကို ကျွန်တော် သတိထားမိပါတယ်..။
ဆိုးတဲ့အချက်ကတော့..။ ထိုကဲ့သို့ ပြည်တွင်းမှာက ပတ်ဝန်းကျင်ရဲ့ အရှိန်၊ လူတွေရဲ့ ပါးစပ်၊ ဘာသာတရားရဲ့ အထိမ်းအကွပ်တွေကြောင့် တားဆီးခြင်း သို့မဟုတ် ကာကွယ်ဟန့်တားခြင်းများ ပြုလုပ်ရာမှာ ပြည်ပမှာထက် အခြေအနေပေးမှု သိသာစွာ နဲပါးပါတယ်..။ ဒီအတွက် တကယ် တမ်း ပြဿနာ ဖြစ်လာတဲ့အခါမှာ ကာယကံရှင်များရော၊ မိဘအသိုင်းအ၀ိုင်းရော များစွာ စိတ်ထိခိုက် ကြရပြီး ပြဿနာဟာ ဖြစ်သင့်တာထက် ပိုမိုကြီးထွားလာ ပါတော့တယ်..။ ဘာမှမဖြစ်ရင် ဘာမှ  မဖြစ်ဘူးဆိုတဲ့အတိုင်း..။ မဖြစ်တာ အကောင်းဆုံးဆိုပေမယ့်..။ မလွှဲသာမရှောင်သာဖြစ် လာတဲ့အခါမှာ အချိန်မှီ တားဆီးနိုင်ခြင်းဟာ ပြသနာအဆုံးစွန်ဆုံး ရောက်သွားတာထက်တော့ သက်သာရာရမှာပဲ ဖြစ်ပါတယ်..။ ပြည်ပ အနေအထားရဲ့ ဆိုးကျိုးကတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့သလိုပဲ လွတ်လပ်မှု၊ အခွင့်အရေးပေးမှုတွေကြောင့် ဒီလို Sleeping Together ခြင်း အနေအထားတွေဟာ ပိုမိုလျှင်မြန်စွာ ပြန့်ပွား လာတာကို တွေ့နိုင်ပါတယ်..။
ဟုတ်ပြီ..။ ဒါဆို မေးလာပြီ…။ ဒါဆို..။ “Living Together က လုံးဝတားဆီးသင့်တဲ့အရာလား..? မလိုလားအပ်တဲ့ အရာလား? မရှိသင့်တဲ့ အရာလား..?” ဒီလိုမေးလာရင် အဖြေရတော်တော်ကြပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော် နားလည်သလောက် ကြိုးစား ဖြေကြည့်ပါ့မယ်..။
ကျွန်တော်တို့ လူမျိုးတွေအနေနဲ့ ဘာသာတရား နဲ့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး နှစ်လုံးကို လိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် မလိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် ပါးစပ်ဖျားကမချပဲ ကိုင်ကိုင်ပေါက်တတ်ကြတဲ့ အကျင့်ဆိုးကြီးတစ်ခုကို မဖြစ်မနေ အရင်ဦးဆုံး ပြင်သင့်ပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဥပမာ နှစ်ခုပေးပါမယ်…။ ခေတ်ဟောင်းက ဥပမာတစ်ခုနဲ့ ခေတ်သစ် ဥပမာတစ်ခုပါ..။
ကနောင်မင်းသားကြီးတုန်းက ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲတဲ့အချိန်မှာ မင်းတုန်းမင်း ဆွမ်းကပ်နေတဲ့ ရဟန်းတ်ာများက သတ္တ၀ါများ သေကြေ စေတဲ့ လက်နက်များ ထုတ်လုပ်တာကို လက်မခံနိုင်တဲ့အတွက် ဆွမ်းစားတာကို ရပ်ပြစ်ပြီး ဆန္ဒပြလို့..။ မင်းတုန်းမင်း အမိန့်နဲ့ ကနောင်မင်းသားကြီးလဲ ဆက်မလုပ်ရတော့ပါဘူး..။ ဒီတော့ ဘာဖြစ်လဲ..? ခေတ်မှီတဲ့ လက်နက်ကို မထုတ်လုပ်နိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့လူမျိုး သူများကျွံဘ၀ ရောက်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ အမဲစက်တစ်ခုဖြစ် အတိအကျ ပါဝင်ခဲ့ရပါတယ်…။ ဒါဟာ ဘာသာရေးနဲ့ ခေတ်ကို ရောထွေး ယှက်တင် ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်..။ နောက်တစ်ခု…
ဒီဘက်ခေတ်မှာ အိပ်တွေ အထပ် လေး ငါး ဆယ် ဆောက်ကြတယ်..။ လူတွေ အဆင့်ဆင့်နေကြတယ်…။ အရင်က အယူအဆတွေအရ…။ ယောကျာ်းလေးဆို ထမိန်တန်းအောက်မ၀င်ရဘူး ဘာဖြစ်ညာဖြစ် ရှိပါတယ်။ အခုကြတော့ ဘယ်လိုလုပ်ကြမလဲ..။ အထပ်တိုင်းမှာ ယောကျာ်း၊ မိန်းမ ရှိကြပါတယ်..။ အောက်ထပ်မှာနေတဲ့ ယောကျာ်းဟာ အလိုလိုနေရင်း အပေါ်ထပ်မှာနေတဲ့ မိန်းမရဲ့ ထမိန်အောက်ရော၊ အတွင်းခံဘောင်းဘီ အောက် ရော အလိုလိုရောက်နေပါပြီ…။ ဒီလိုပါပဲ…။ ကဲ ဒီလိုသာဆို..။ ဘုရားစင်တွေရော ဘယ်လိုလုပ်မလဲ…? အထပ်တိုင်း၊ အခန်းတိုင်းမှာ ဘုရားစင် ရှိတယ်…။ ကဲ ဘယ်လိုလုပ်ကြမလဲ…? ဒါကြောင့် ကျွန်တော်ပြောတာပါ..။ ဘာသာတရားနဲ့ ခေတ်ကို တိုက်ရိုက်အချိုးချလို့မရပါဘူး..။ လိုက်လျော ညီထွေစွာ ပြောင်းလဲ ကျင့်သုံး လက်ခံနိုင်ဖို့လိုပါတယ်…။
“ဒါဆို ဘာသာတရားကို အဲ့လို တဖြေးဖြေးခြင်းသာ လိုက်ပြင်နေလို့ကတော့ ကြာရင် သာသနာ ပျက်ဆီးသွားမှာပေါ့…?” မပူပါနဲ့  မြတ်စွာဘုရား ဟောကြားခဲ့သလိုပါပဲ နောက်ဆုံးမှာ အရာအားလုံး ပျက်ဆီးကြရမှာပါ….။ ဓမ္မရော အဓ္မမရာ မတည်မြဲပါဘူး..။ အချိန်တန်တဲ့ တစ်နေ့ သာသာနာ ဟာလဲ သူ့အလိုအလျှောက် ပျက်ဆီးကွယ်ပသွားပါလိ့မ်မယ်..။ ဒါဟာ ဘယ်လိုမှ မငြင်းဆန်နိုင်တဲ့ အမှန်တရားတစ်ခုပါ…။ အခုလက်ရှိ ကျွန်တော် ပြောခဲ့သလို ဘာသာရေး အယူအဆတွေကို မဖြစ်မနေ ပြင်ဆင်ဖို့ ဖြစ်ပေါ်လာရခြင်းဟာလဲ ထိုကဲ့သို့ သာသနာ ကွယ်ပဖို့အတွက် တဖြေးဖြေးခြင်း ယိုယွင်းလာခြင်းအဖြစ် မှတ်ယူနိုင်ပါတယ်…။
ထားပါ…။ လောလောဆယ် ကျွန်တော်ပြောချင်တာ ဘာသာရေးအပိုင်းမဟုတ်သေးပါဘူး..။ အပေါ်က စကားကို ပြန်ဆက်ရရင်..။ လိုသလား မလိုသမလား မသိ…။ လူအထင်ကြီးအောင်ပဲ ဖြစ်ဖြစ်..။ ဒါမှမဟုတ် အခြားစကားလုံးရှာမရလို့ ပဲဖြစ်ဖြစ်…။ တစ်ခါလာလဲ နင်တို့ ယဉ်ကျေးမှု မရှိဘူးလား? ဟီရိသြတ္တပတရား မရှိဘူးလား..? ဘာသာတရား မရှိဘူးလားဆိုပြီး လူငယ်တွေကို အော်ဟောက် ခြိမ်းချောက်ရင်း…။ ဒီ ဓာတ်ပြား ဟောင်းကြီးပဲ ဖွင့်နေလို့ကတော့ ဒီခေတ်မှာ ဘယ်လူငယ်မှ နားထဲ ၀င်ကြတော့မှာမဟုတ်ပါဘူး..။ ဒါဆို ကျွန်တော်တို့ လူငယ်တွေကို နည်းမှန်၊ လမ်းမှန်ရောက်အောင်ပြောဆို ညွှန်ပြနိုင်မယ့် ခေတ်နဲ့လျှော်ညီတဲ့ ဆုံးမသွန်သင်မှု နည်းစနစ်တွေ အတိအကျလိုအပ်နေပြီ ဆိုတာကို အထင်းသား မြင်တွေ့နိုင်ပါတယ်..။
ဒီအချက်အလက်တွေကို အခြေခံပြီး အပေါ်မှာ ကျွန်တော်မေးခဲ့တဲ့ Living Together ဆိုတာ လုံးဝမရှိသင့်တဲ့ အရာလား..။ လုံးဝ ဆန့်ကျင်တိုက်ဖျက်သင့်တဲ့ ယဉ်ကျေးမှုလားလို့ မေးလာရင်တော့…။ ခေတ်ရဲ့ ရေစီး ကြောင်းကို မလွန်ဆံနိုင်တဲ့ လူသားတစ်ဦးပီပီ ရင်နာနာနဲ့ပဲ …။ NO……!!!! လို့ ဖြေရပါလိ့မ်မယ်…။
မရှိရင် ကောင်းတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရနိုင်ပေမယ့်..။ သူ့ရဲ့ အားသာချက်တွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းများအဖြစ် ပါဝင်နေပါတယ်..။ ဥပမာအားဖြင့် မိမိနဲ့ သေတစ်ပန် သက်တစ်ဆုံး လက်တွဲသွားရမယ့် လူတစ်ယောက်ရဲ့ အကြောင်းကို ချစ်သူနှစ်ဦးတွေ့တဲ့ အချိန်လောက်လေးမှာ လေ့လာနိုင်၊ အကဲဖြတ်နိုင်တာထက်…။ အတူနေ အတူသွား အတူလာပြီး လေ့လာစောင့်ကြည့်တာက များစွာ ပိုမိုထိရောက် ပါတယ်..။ ညှိုနှိုင်းခွင့်တွေ၊ ပြင်ဆင်ခွင့်တွေ ပိုမိုရရှိနိုင်ပါတယ်..။ လူနှစ်ဦးရဲ့ သံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။  ဒီ့အတွက် မိန်းကလေးဘက်မှတင် မဟုတ်ပါဘူး..။ ယောကျာ်လေးဘက်မှလည်း နစ်နာမှု၊ ပေးဆပ်မှု၊ ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်..။ နှစ်ဦး နှစ်ဘက် စလုံးမှာရှိမှာပါ…။ ဥပမာအားဖြင့် – ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုများကို ခံရနိုင်ခြင်း၊  အကြောင်းအမျိုးမျိုးကြောင့် ထိုသူနှစ်ဦး Relation ပျက်ဆီးသွားပါက (များသောအားဖြင့် ) နာမည် ပျက် ကျန်ခဲ့ခြင်း တို့တွေ ဖြစ်နိုင်ပါတယ်…။ ဒါကြောင့် Living Together မှမဟုတ်ပါဘူး..။ ဘာကိုပဲလုပ်လုပ် အသိတရားလေးနဲ့ ဆင်ခြင်နိုင်ဖို့ ကတော့ အရေးအကြီးဆုံး ဖြစ်ပါတယ်..။
တစ်လင်တစ်မယားစနစ်ဟာ အကောင်းဆုံး ဖြစ်ကြောင်း တစ်ကမ္ဘာလုံးက အလေးအနက်ထား အသိအမှတ် ပြုထားပါတယ်..။ ဒီစနစ်ကို ပိုမိုတွင် ကျယ်အောင် ကျင့်သုံးနိုင်ဖို့..။ အခြေခံကျတဲ့ ဘ၀လက်တွဲဖော် (ချစ်သူပဲ ခေါ်ခေါ်၊ ရည်းစားပဲခေါ်ခေါ်ပါ) ရွေးချယ်တဲ့နေရာမှာလည်း တတ်နိုင်ပါက (သို့မဟုတ်) ဖြစ်နိုင်ပါက တစ်ဦးကောင်း တစ်ယောက်ကောင်းကို တစ်ခါထဲ သေသေချာချာ စဉ်းစား၊ ဆုံးဖြတ်၊ ခံစားပြီး ရွေးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါလိ့မ်မယ်…။ ကံတရားရဲ့ မျက်နှာသာပေးမှုကလည်း ရှိနေတော့..။ တစ်ယောက်ထဲနဲ့ အဆင်ပြေမှု ရရှိသွားတတ်ခြင်းများဟာ…။ ရာခိုင်နှုန်းအားဖြင့် နည်းလွန်းလှပါတယ်…။
ဒီလိုအကြောင်းအရင်းတွေကြောင့် ကျွန်တော်တို့မှာ လုပ်နိုင်တာတစ်ခုပဲ ရှိပါတယ်..။ မတားဆီးနိုင်တော့တဲ့ အခြေအနေမှာ..။ အဆိုးဆုံးတွေ ဖြစ်မသွားအောင်..။ မှန်ကန်တဲ့ လမ်းကြောင်းတွေပေါ်ပေါက်လာအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်…။ NO လို့ ဖြေလိုက်ခြင်းဟာ ဒီ လူနေမှုစနစ်ကို ၀မ်းပန်းတသာ ကြိုဆိုလိုက်ခြင်း မဟုတ်တာကိုလဲ အားလုံးအနေနဲ့ နားလည်ဖို့လိုပါတယ်…။ “ဒီလိုဆို မင်းညီမကို နေခိုင်းလိုက်လေ” ဆိုရင်တော့ လည်း…။ ကျွန်တော့်ညီမကို ကျွန်တော်ပြောပြီးသားပါ…။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပါ..။ ကောင်းရင်စံ…။ ဆိုးရင်ခံလို့..။ အရှင်းအပြတ် ပြောပြီး ကြောင်းပါ…။ ဒီ့ထက်လည်း ကျွန်တော် ဘာမှ ၀င်ရောက် စွက်ဖက်လို့ မရ (စွက်ဖက်ခွင့်မရှိ) တာ့ပါဘူး…။
ဒီတော့ ဟုတ်ပြီ…။ Living Together စနစ်ကို လက်ခံလိုက်ပြီ…။ ဒါဆို ဘယ်လိုလုပ်ကြမလဲ..။ ကျွန်တော်တို့ ပထမဆုံးလုပ်ရမယ့် အဆင့်က လက်ရှိ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ Sleeping Together အဆင့်တွေကို တကယ့် Living Together အဆင့်ရောက်အောင် စနစ်တကျ စတင်ပြောင်းလဲဖို့လိုအပ်လာပါပြီ..။ ဆရာ တာရာမင်းဝေ ရေးသားခဲ့တဲ့ စာတစ်ခုအမှတ်ရမိပါတယ်..။ Living Together ဆိုတာ ဘ၀တစ်ခုမှာ အတူတကွ လက်တွဲ ရှင်သန်ခြင်းလို့ အနက်ဖွင့်သွားပါတယ်..။ ကျွန်တော်ပြောသလို Sleeping Together ကနေ Living Together အဆင့်ကို တကယ်သာပြောင်းနိုင်ပါက..။ ဆရာတာရာမင်းဝေ ပြောခဲ့သလို သိပ်ကိုလှတဲ့ လေးနက်မှု တစ်ခုနဲ့ တန်ဖိုးရှိတဲ့ ယဉ်ကျေးမှု (၀ါ) လူနေမှု စနစ်တစ်ခု ဖြစ်သွားပါလိ့မ်မယ်…။
ဒီလိုနေကြတဲ့အခါမှာ အရေးအကြီးဆုံး ကာကွယ် (သို့မဟုတ်) ရှောင်ကျဉ် သတိထားရမယ့် ပြသနာကတော့ ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ပဲ ဖြစ်ပါ တယ်…။ ကာကွယ်နည်းတွေ မျိုးစုံအောင် ရှိပါတယ်…။ အပြင်က ကာမလား..? အတွင်းက ကလာမလား..? အပေါ်က ကာမလား…? အောက်က ကာမ လား…? နည်းပေါင်းစုံ ရှိပါတယ်..။ ဒီလောက် နည်းပေါင်းစုံရှိတဲ့ကြားကမှ စိတ်အလိုကို မလိုက်ကြဖို့ လိုပါလိ့မ်မယ်…။ စိတ်အလိုကို လိုက်မိလို့ ပြဿနာ ဖြစ်လာတဲ့ အခါကြရင် ခင်ဗျားတို့ ကျွန်တော်တို့ ပြသနာတက်တာကနောက်ပါ..။ ရှားရှားပါးပါး လူဖြစ်ခွင့်ရမယ် ကြံကာရှိသေးတဲ့ လူသားလေးတစ်ယောက်ရဲ့ ဘ၀ဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အသုံးမကျမှု၊ မိုက်မဲမှုကြောင့် အချိန်မတိုင်မှီ ပျယ်လွင့်ပျောက်ကွယ်သွားရမှာဟာ သိပ်ကို ရင်နာစရာ ကောင်း ပါတယ်..။
ဒီလိုခံစားမှုမျိုးကို ကိုယ်တိုင်ခံစားဖူးတဲ့ သူများ အတိအကျ သိကြပါတယ်…။
အဲ့ဒါကြောင့်…” အလွှာပါးပေမယ့် ကမ္ဘာခြားတယ်” တွေ ဘာတွေ မလုပ်ကြပါနဲ့…။ အလွှာလေး ခံပြီး နေကြပါ။ အလွှာပါးလို့ ကမ္ဘာခြားတယ်..။ နဲနဲလေးမှ အဝေးမခံနိုင်ဘူးဆိုရင်လည်း နောက်ဆုံး စက္ကန့်ပိုင်းလေးမှာ စိတ်အလိုကို မလိုက်ကြပါနဲ့…။ အဲ့ဒီ့ စက္ကန့်ပိုင်းလေးမှာမှ စိတ်အလိုကို လိုက်လိုက်မိရင်လည်း..။ နီးစပ်ရာ ကျွမ်းကျင်သူ၊ တတ်သိနားလည်သူ ဆရာဝန်များနဲ့ (၄၂ နာရီအတွင်း) တိုင်ပင်ကြဖို့၊ တားဆီးကာကွယ်ကြဖို့ မရှက်ပါနဲ့..။ နောက်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ရမှာ ရှက်တယ်ဆိုရင်လည်း အချင်းချင်း သမ္ဘာကျသော ဆရာကြီးများအား မေးမြန်းကြပါ…။ (ကျွန်တော့် ကိုတော့ ဒီဆောင်းပါး မင်းရေးတာပဲ ဒါမှမဟုတ် ရှင်ရေးတာပဲ ရှင်ပြောပြ၊ မင်းပြောပြ ဆိုပြီး တရားခံလာမရှာကြပါနဲ့လို့တော့ ကြိုတင် မေတ္တာရပ်ခံ ပါရစေ ) အချိန်မှီကာကွယ်ကြပါ…။ အဲ့လိုတွေ မကာကွယ် နိုင်ခဲ့ရင်တော့ ကျွန်တော်ပြောခဲ့တဲ့ ဘ၀မှာ ဘယ်လိုမှ မပြင်နိုင်တော့တဲ့ တစ်သက်လုံး နာကြင် နောင်တရနေရမယ့် သင်ခန်းစာနဲ့ ခံစားမှုဝေဒနာမျိုးကို ခင်ဗျားတို့ အတိအကျကို ခံစားရပါလိ့မ်မယ်….။
ဒီနေရာမှာ ဒီအကြောင်းရာနဲ့ ဆက်စပ်ပြီးတော့..။ ကျွန်တော့်အမြင်တစ်ခုကို တင်ပြချင်ပါသေးတယ်..။ Living Together အကြောင်းကတော့ ပြီးသလောက်ဖြစ်နေပါပြီ..။ အခု ကျွန်တော်ပြောချင်တာက ဆက်စပ်ပြီး သက်ဆိုင်နေတဲ့ အကြောင်းလေးတစ်ခုပါ..။ ဘာလဲဆိုတော့ ဒါက ယောကျာ်းလေး တော်တော်များများရဲ့ တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ်ပါ..။
အပျိုစစ်ရမယ်ဆိုတဲ့ စကားလုံးနဲ့ ခံယူချက်ပါ…။
ရှင်းရှင်းပြောရရင် ဒီလိုခံယူချက်မျိုး၊ သဘောထားမျိုးဟာ ဆင်ခြင်ဥာဏ်ခေါင်းပါးပြီး၊ အသိဥာဏ်နုံနဲ့တဲ့ သူမျိုး တွေပြောတယ်လို့သာ ကျွန်တော် ယူဆပါတယ်…။ မခံနိုင်လို့ မကြိုက်ရင်လည်း ကျွန်တော် အဆဲခံရုံပဲ ရှိပါတယ်..။ “ဒီလိုလား..? ဒါဆို…။ မင်းပဲ နွားမရွံ့ပိတ်ယူ” ဆိုရင်လည်း…။ ဖူးစာပါလာရင်၊ ကျွန်တော် တစ်ကယ်တန်ဖိုးထားမိသွားရင်တာ့ ယူသင့်ယူရမှာပဲလို့ ကျွန်တော်ပြောချင်ပါတယ်….။ ကျွန်တော် ဘာလို့ အဲ့လို ထင်ရသလဲ ဆိုတာကို ဆက်ရှင်းပြပါမယ်…။
တစ်ချိန်မှာ မိမိရဲ့ အိမ်ထောင်ရှင် ဇနီးကောင်းတစ်ယောက် ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ဟာ အပျိုစစ်ဖို့နဲ့ မိမိအပေါ်သစ္စာရှိဖို့၊ နားလည် ပေးနိုင်မှု၊ ဂရုတစိုက်ရှိမှု၊ အိမ်ထောင်တစ်ခုကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်တို့နဲ့ ဘယ်ဟာက ပိုပြီးအရေးကြီးပါသလဲ..? အနှစ်သာရ ပိုကြပါသလဲ..?ပိုဖြစ်သင့်ပါသလဲ…? လူဆိုတာ ဘယ်သူမှ အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝတစ်ခုပါ…။ ခင်ဗျားတို့လည်း မှားဖူးပါလိ့မ်မယ်…။ ကျွန်တော်လည်း မှားဖူးပါတယ်..။
ဒါပေမယ့် အမှားဟာ အပြစ်မဟုတ်ဖူးဆိုတာကိုတော့ ကျွန်တော်တို့ ခင်ဗျားတို့ ကွဲကွဲပြားပြား နားလည် လက်ခံထားနိုင်ဖို့လိုပါလိ့မ်မယ်…။ မသိလို့ မှားသွားတာဟာ အပြစ်တစ်ခုကို ကျူးလွန်လိုက်တာမဟုတ်ပါဘူး..။ အမှားဟာ အမှားအတိုင်းပဲရှိပါလိ့မ်မယ်..။ ဒုတိယအခါ သိလျှက်နဲ့ ထပ်ကျူးလွန် တာမျိုးကသာ အမှားမဟုတ်တော့ပဲ အပြစ် အဆင့်ကို ရောက်သွားတာပါ…။
နောက်တစ်ခုက လူတိုင်း တစ်ခါမှားဖူးယုံနဲ့ တစ်သက်လုံးမှားရမယ်လို့ ဘယ်သူကမှ ပြောမထားပါဘူး..။ သူတို့မှာ ပြင်ဆင်ပိုင်ခွင့်ရှိပါတယ်။ ပြုပြင် ပိုင်ခွင့်ရှိပါတယ်..။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးလှပါတယ်၊ ဘာသာတရား လွှမ်းမိုးမှု မြင့်မားလှပါတယ်ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှုအောက်က ပတ်ဝန်းကျင်များကတော့ ပါးစပ်ကသာ ပိတိကတ် သုံးပုံကို အာဂုံဆောင်ရင် ဆောင်နေမယ် တစ်ကယ်တမ်းလက်တွေ့ကျကျ နားလည်ပေးနိုင်မှု၊ ခွင့်လွှတ်ပေးနိုင်မှု၊ တစ်ဘက်သားကို ဖြည့်တွေးပေးနိုင်မှုတွေ အပေါ်မှာတော့ ၀မ်းနည်းဖွယ်ရာ တော်တော်အားနည်း နေတာကို တွေ့ရပါတယ်..။ လူတစ်ယောက်ဟာ အပြစ်တစ်ခု..။ ဆိုပါတော့ မိန်းကလေးတစ်ယောက်ဟာ အမဲစက်တစ်ခု ဖြစ်ခဲ့ရင်..။ ပတ်ဝန်းကျင်က အဲ့ဒီ့ အမဲစက်ကို ၀ိုင်းဝန်းချေဖျက်ပေးဖို့ မကြိုးစားကြပဲ..။ အမဲစက်ကနေ သူ့ဘ၀တစ်ခုလုံး အမဲရောင် အခြယ်ခံရအောင် ၀ိုင်းဝန်းမေးငေါ့ တွန်းပို့ကြပါတော့တယ် ( ကျွန်တော်တောင် Black Dream ကနေ နာမည်ပြောင်းရမယ့် အခြေအနေပါပဲ )
ဒီလိုတွေကြောင့် ယောကျာ်လေးအများစုရဲ့ စိတ်ထဲမှာ ငါ့ချစ်သူ အပျိုစစ်ရမယ်ဆိုတဲ့ အူကြောင်ကြောင်အတွေး အခေါ်ဟာ စတင်ဝင်ရောက် လာပါတယ်…။ ဒါဆို အဲ့လို အပျိုအစစ်လိုချင်ပါတယ်ဆိုတဲ့ အတောင်သုံးဆယ်ဝတ် ယောကျာ်းသားများကို ကျွန်တော်မေးချင်ပါတယ်…။
ခင်ဗျားတို့ရော လူပျိုစစ်ကြရဲ့လား…? ကိုယ့်ချစ်သူ မိန်းကလေးဟာ ဘယ်ယောက်ျားလေးနဲ့မှ အတူမနေဖူးခဲ့ရဘူး..။ ဘာ..။ ညာနဲ့…။ ခင်ဗျားတို့ ရော အဲ့ဒီ့ မိန်းကလေးနဲ့ ချစ်သူမဖြစ်ခင် ဘယ်လို မိန်မမျိုးနဲ့မှ အတူတူ မနေခဲ့ဖူးဘူးလား..?
အတ္တသိပ်မကြီးကြပါနဲ့…။ ငါက ယောကျာ်း ငါလုပ်ချင်တာလုပ်လို့ရတယ်..။ နင်က မိန်းမ လုပ်လို့မရဘူးဆိုတဲ့ ဖာရိုဘုရင် လက်ထပ်က အတွေး အခေါ်တွေကို ကျေးဇူးပြုပြီးတော့ ခေါစာပြစ်လိုက်ကြပါတော့..။ အခုက  ၂၁ ရာစုထဲကိုရောက်နေပါပြီ။  ဒါတွေဟာ မလိုအပ်ပါဘူး..။ မိန်းကလေးတစ် ယောက် အပျိုစစ်တယ် မစစ်တယ်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ သာမန်ယောကျာ်းလေးတွေ မပြောနဲ့..။ ကျွမ်းကျင်တဲ့ ပါရဂူ ဆရာဝန်ကြီးတွေ တောင် အတိအကျ မခွဲခြားနိုင်ပါဘူး..။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်တဲ့ ဘာမှအဓိပ္ပါယ်မရှိတဲ့၊ တန်ဖိုးမရှိတဲ့ အမှေးပါးလေး တစ်ခုမရှိ တော့ယုံနဲ့ ဒီ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လုံးဝ တန်ဖိုးမရှိရတော့ဘူးတဲ့လားဗျာ…?
အရေးကြီးတာက တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ သံယောဇဉ်၊ သစ္စာတရားတွေနဲ့ ခိုင်မာလှပတဲ့ မိသားစု ဘ၀လေးတစ်ခု ကို တည်ထောင်နိုင်ဖို့ပဲ မဟုတ်လား…?
ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ယောကျာ်းလို့ သတ်မှတ်ခြင်ရင် ယောကျာ်းဆန်တဲ့ အတွေးအခေါ်မျိုးတွေ တွေးကြပါ…။ ယောကျာ်းဆန်တဲ့ လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေချကြပါလို့ပြောချင်ပါတယ်…။ အရေးမပါတာကို အရာမပေးကြပါနဲ့လားဗျာ…။ No One Is Perfect ပါ….။
အခု ကျွန်တော် လူငယ်နဲ့ Life Stlye အကြောင်းအရာနဲ့ ပတ်သတ်လို့ ကျွန်တော့်အမြင်များကို တော်တော်လေး တင်ပြခဲ့ပြီးပါပြီ..။ စာဖတ်သူများ အနေဖြင့် သဘောတူတာတွေလည်း ပါနိုင်ပါတယ်..။ သဘော မတူတာတွေလည်း ပါနိုင်ပါတယ်…။ ကျွန်တော့်ဘက်က တစ်ဦးတစ်ယောက်ရဲ့ အမြင် ဖြစ်တာကြောင့် အားနည်းချက်များ၊ ချွင်းချက်များရှိရင်လည်း အပြုသဘော ထောက်ပြ ပြောဆိုနိုင်ပါတယ်။
ဒီနေရာမှာ ကျွန်တော် အနဲငယ် ဖြည့်စွက်ပြီးပြောချင်ပါသေးတယ်..။ “မင်းက ဒီလိုတွေ ဆရာကြီးလုပ်နေရအောင် မင်းက သူတော်ကောင်းလား..?ဒါမျိုးတွေ မင်းက မလုပ်ဖူးဘူးလား?” ဆိုရင်..။ ကျွန်တော် သူတော် ကောင်းမဟုတ်သလို…။ ကြောင်သူတော်..။ ကြွက်သူခိုး…။ သူတော်ကောင်း ယောင်လည်း တစ်ခါမှ မဆောင်ခဲ့ဖူးပါဘူး..။ ဒါတွေကို ကျွန်တော် ကိုယ်တိုင် လုပ်ခဲ့ဖူး၊ ကြုံခဲ့ဖူး၊ ခံစားခဲ့ဖူး၊ ရင်ဆိုင်ခဲ့ရဖူး၊ နာကြင်ခဲ့ရဖူးပါတယ်..။ ဒါကြောင့်လဲ ကျွန်တော်ခံစား ကြုံတွေ့ခဲ့ရသလိုတွေ မခံစား၊ မကြုံကြိုက်ရအောင် အခုအချိန်မှာ ကျွန်တော့်အနေနဲ့ အနုစိတ် မဟုတ်ပေမယ့် အသေးစိတ်နည်းပါး ရေးသား ရှင်းပြခြင်း လုပ်နေတာ ဖြစ်ပါတယ်..။ ကိုယ်တတ်နိုင်သလောက် အနေအထားနဲ့ အကြံဥာဏ်နှင့် နည်းလမ်းများကို ပေးနေခြင်းသာ ဖြစ်ပါတယ်..။ ကျွန်တော် ဆရာကြီးလုပ်နေခြင်း မဟုတ်ပါဘူး..။
ကျွန်တော်ပြောချင်တာတစ်ခုက အဝေဖန်တော့ မစောကြစေချင်ဘူး..။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ဆောင်းပါး မပြီးသေးလို့ပါ..။ ဒီတစ်ခန်းပဲ ပြီးသေးတာပါ..။  နောက်ထပ်ရေးမယ့် အကြောင်းအရာတွေဟာ အခြားအကြောင်းအရာတွေ ဆိုပေမယ့် ဒီအခန်းနဲ့ သက်ဆိုင်တာများ ပါရှိကောင်း ပါရှိလာဦးမှာ ဖြစ်တဲ့အတွက်…။ အခြေအနေ အချိန်အခါ လိုက်ပြီး ပြောင်းလဲတတ်တဲ့ Variable သဘောတရားတွေကြောင့် အရာရာမှာ နေရာနဲ့ အခြေအနေကို လိုက်ပြီး ချွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်..။ ဒါကြောင့် ဘာကိုမှ တရားသေ ဆုံးဖြတ်ချက်..။ သုံးသပ်ချက် မစောဖို့ကို ကျွန်တော် ကြိုတင်မေတ္တာရပ်ခံရင်းနဲ့ လူငယ်နဲ့ Life Stlye ခေါင်းစဉ်ကို ဒီမှာ ကျွန်တော် အဆုံးသတ်လိုက်ပါတယ်..။
“လူငယ်နှင့် Hang Out လုပ်ခြင်း၊ Date လုပ်ခြင်း နှင့် သမီးရည်းစားထားခြင်း” ဆိုတဲ့ အဲ့ဒီ့စကားလုံးတွေနဲ့၊ အခြေအနေ၊ အနေအထားတွေ မတူညီမှုများ အကြောင်းကို ကျွန်တော် နောက်တစ်ပိုင်းမှာ ဆက်လက် ဖော်ပြ ပါမယ်…။
Ref : ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၁)
ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၁)
အမှာ…
အခု ကျွန်တော်ရေးမယ့် အကြောင်းအရာများဟာ လူငယ်များကို ကျွန်တော်သိစေခြင်တာ မြင်စေခြင် တာများ ဖြစ်သလို…။ လူငယ်ထဲက လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ကျွန်တော်လည်း သတိပေးတဲ့ သဘောများပါဝင်ပါတယ်…။ ဘိန်းစားခြင်းအတူတူ တလုံးပိုရှူတယ်ထင် ရင်လည်း ကျွန်တော် ဘာမှမပြောလိုပါဘူး…။
ခေတ်တွေ၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သတ်ပြီးရေးရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် တာဝန်ကြီး တာတော့အမှန်ပါပဲ..။ ဒါပေမယ့် ကျွန်တော် ရေးသမျှ အကြောင်းအရာ အားလုံးကို ကျွန်တော် တာဝန် အပြည့်အ၀ ယူပါတယ်..။ အခုလို အခြေအနေမျိုးမှာ ခေတ်တွေ ယဉ်ကျေးမှုတွေအကြောင်း ဆောင်းပါးတွေ၊ ဝေဖန်ရေးတွေ များစွာရေးသားနေကြတာကို ကျွန်တော် မြင်ခဲ့ဖူး၊ တွေ့ခဲ့ဖူးပေမယ့်..။ သူတို့ ပြောဆို ရေးသားနေတာတွေဟာ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေတယ်လို့ ကျွန်တော့် (ကိုယ်ပိုင်) အမြင်နဲ့ ယုံကြည်ပါတယ်…။
ဒါကြောင့် အတတ်နိုင်ဆုံး လူငယ်တွေရဲ့ ရင်ဘတ်ထဲကို တိုက်ရိုက်ထိနိုင်အောင် ကြိုးစားပြီး ဒီဆောင်းပါးရှည်ကို ကျွန်တော်ရေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်…။ ကျွန်တော်လည်း နောက် ၅ လ၊ ၆ လ နေရင် ပညာသင် ခရီးစဉ် ပြီးဆုံးလို့ ရွှေပြည်တော်ကို ပြန်တဲ့အခါ ဟိုမှာက ဆက်ရေးဖြစ်ဖို့ မရေး ဖြစ်ဖို့က မသေချာလေတော့..။ ကျွန်တော် မပြန်ခင်လေး ဒီ Blog ကို စလုပ်ကတည်းက ရေးခြင်ခဲ့တာ..။ ပြောခြင်ခဲ့တာတွေကို မကျန်ခဲ့ရလေအောင်…။ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်…။
ဒီဆောင်းပါးဟာ အခန်းဆက် ဆောင်းပါးရှည် ဖြစ်ပါလိ့မ်မယ်..။ ကျွန်တော် အဓိက ဆွေးနွေးသွားမယ့် အကြောင်းအရာတွေက လူငယ်နဲ့ ၀တ်စား ဆင်ယင်မှု၊ လူငယ်များနဲ့ လူနေမှု (သမီးရည်းစား ဆက်ဆံရေးများ အပါအ၀င်) ၊ လူငယ်နှင့် ပညာရေးတို့ ပါဝင်ပါလိ့မ်မယ်..။ ဒါတွေက ကျွန်တော် လောလောဆယ် စဉ်းစားမိထားတာတွေပါ..။ ထပ်ပေါ်လာရင် ထပ်ဖြည့်ရေးပါမယ်..။ ရေးချင်စိတ်ပျက် သွားရင် ဆက်ရေးမှာ မဟုတ်ပါဘူး…။
ဆောင်းပါးပါ အကြောင်းအရာများ၊ စကားလုံးများ၊ အသုံးအနှုံးများနဲ့ အချက်အလက်များဟာ တိုက်ရိုက်ရေးသားထားသော စကားလုံးများ ဖြစ်သောကြောင့် အနဲငယ် ကြမ်းတမ်းသော အသုံးအနှုန်းများ ပါဝင်မည်ဖြစ်ကြောင်း ကြိုက်တင် သတိပေးလိုပါတယ်…။
နိဒါန်း
ခေတ်…..။ ခေတ်မှီတယ်…။ ခင်ဗျားတို့လည်း ခေတ်မှီချင်ကြတယ်..။ ကျွန်တော်လည်း ခေတ်မှီချင်တယ်…။ အားလုံးခေတ်မှီချင်ကြတယ်….။ ဒါပေမယ့်….။
ခေတ်မှီတယ်ဆိုတာဘာလဲ….? ဘယ်လိုနေထိုင်မှ ခေတ်မှီမှာလဲ…? ဘယ်လိုပြောဆိုမှ ခေတ်မှီမှာလဲ? ဘယ်လို ၀တ်စားဆင်ယင်မှ ခေတ်မှီမှာလဲ….? ဘယ်လိုတွေ လုပ်ကိုင် ဖန်တီးပြနေမှ ခေတ်မှီမှာလဲ..? ကဲ….။ ကျွန်တော်တို့ ဘယ်လို သတ်မှတ်ကြမလဲ…?
ခေတ် ဆိုတာ ကာလ ပါ။ ခေတ်မှီတယ်ဆိုတော့ ကာလကို အမှီသဟဲ ပြုတယ်…။ ထင်ဟပ်စေတယ် လို့ ဆိုနိုင်ပါတယ်..။ လွယ်လွယ်ပြောာရရင်တော့ ခေတ်(ကာလ) နှင့်အညီ လိုက်လျောညီထွေစွာ နေထိုင် နိုင်ခြင်း၊ သို့မဟုတ် …။ နေထိုင်နိုင်မှုလို့ပဲ ခပ်ပါးပါး သတ်မှတ်လိုက်ကြရအောင်ဗျာ…။
ခေတ်မှီတယ်ဆိုတဲ့ စကားလုံးနဲ့ မတိမ်းမယိမ်း…။ တစ်ကယ်ဆို ဖွားတော်ဘက်လို့တောင် ပြောလို့ရပါတယ်…။ ပေါ်ပေါက်လာတဲ့ စကားလုံးတစ် လုံးကတော့ သရုပ်ပျက်ခြင်းပါပဲ….။ သရုပ်ပျက်ခြင်းဆိုတာ ဘာလဲ…? ဘယ်လိုအရာများ ပြုမူဆောင်ရွက်၊ ပြောဆိုနေထိုင်ခြင်းကို ခေတ်မှီတယ်လို့ ခေါ်ပြီး တော့…။ မည်သည့်အရာများ ပြုမူဆောင်ရွက်၊ ပြောဆိုနေထိုင်ခြင်းကို သရုပ်ပျက်တယ်လို့ ကျွန်တော် တို့ ခေါ်ဆို သတ်မှတ်ကြပါမလဲ…?
ခေတ်အကြောင်းပြောကြမယ်ဆိုရင်တော့…။ ကျွန်တော်တို့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး ဝေါဟာရ တစ်ခုကို ချန်လှပ်ထားလို့ ရမယ်မထင်ပါဘူး…။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းရဲ့ လက်ရှိ ရောက်ရှိနေတဲ့ ခေတ် (ကာလ) ဟာ သူတို့ ဖြတ်သန်းကျင်လည်ခဲ့တဲ့ ယဉ်ကျေးမှု သမိုင်း ကြောင်း၊ ယုံကြည်မှုနဲ့ နေသားကျမှု များအပေါ်မှာ တိုက်ရိုက်မူတည်နေတတ်ကြပါတယ်…။
ယဉ်ကျေးမှုသည် ကူးစက်မြန်သော ရောဂါပိုးမွှားတစ်ခုဆိုပါက…။ စတင်ကူးစက်သော နေရာဒေသနှင့် အကူးစက်ခံရသော နေရာဒေသ လူမျိုးတို့သည် ဖြတ်သန်းစီးဆင်းလာကြသော သမိုင်းကြောင်းနှင့် နောက်ခံအခြေအနေခြင်း မတိမ်းမယိမ်းဖြစ်နေပါက ဘာမှ ပြသနာမရှိနိုင် သော်လည်း..။ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ သမိုင်းကြောင်း စသည်ဖြင့် အစစအရာရာ ကွဲပြားခြားနားသော နေရာတစ်ခု (သို့) နိုင်ငံ တစ်ခု စတင် ကူးစက်ပျံ့နှံ့သော အခါတွင်မူ….။
ယဉ်ကျေးမှုတစ်ခုကို လက်ခံ ကျင့်သုံးနိုင်ဖို့…။ ထိုလက်ခံကျင့်သုံးမည့် နေရာဒေသနှင့် လူမှုပတ်ဝန်း ကျင်သည် ထိုယဉ်ကျေးမှု၏ ဒဏ်ကို လက်ခံနိုင်သော အနေအထားနှင့် မိမိယဉ်ကျေးမှုနှင့် လိုက်ဖက်ညီထွေစွာ အသွင်ပြောင်းလဲနိုင်မှုအင်အား ရှိရပါမယ်..။ ထိုကဲ့သို့ လိုက်ဖက်ညီ ထွေစွာ အသွင်မပြာင်းလဲနိုင်သည့် အခါတွင်…။ လူမျိုးစုတစ်ခု…။ သို့…။ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုဟာ စတင် အတိုက်စားခံရပါတော့တယ်…။
ရှေးလူကြီးတွေ ဆိုဆုံးမခဲ့တဲ့ စကားတစ်ခုရှိပါတယ်…။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါ ပျောက်လိမ့် မည်တဲ့….။ တကယ်တော့ ယဉ်ကျေးမှု ရေစီး ကြောင်းဆိုတာကို ကျွန်တော်တို့ ဘယ်လိုမှ တားဆီး ဟန့်တားလို့ရတဲ့အမျိုး မဟုတ်ပါဘူး..။ ယဉ်ကျေးမှု ရေစီးကြောင်းကြောင့် လူမျိုးဆိုတဲ့ ကမ်းပါး မပြိုရလေအောင်..။ မှန်ကန် ဖြောင့်မတ်တဲ့ ရေစီးကြောင်းတစ်ခုဖြစ်ဖို့ ကျွန်တော်တို့ ၀ိုင်းဝန်း ဆောင်ရွက် ကြိုးစားပေးလို့ပဲ ရပါလိ့မ်မယ်။
ကဲ ဒီလိုဆို ကျွန်တော်တို့တွေ ဘာတွေလုပ်ဖို့လိုအပ်နေပြီလဲ…? ဘာတွေ မှားယွင်းနေပြီလဲ…? ဘယ်လို ပြင်ဆင်ကြမလဲ…? ဘာဆက်လုပ်ကြ မလဲ…? ရှင်းပါတယ်…။ ဘာမှ ထွေထွေထူးထူးတွေ ကြီးကြီးကျယ်ကျယ်တွေ မစဉ်းစားခင် ကျွန်တော်တို့ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး အရာတစ် ခုကို ပဲ အရင်ဆုံးလုပ်ဖို့လိုပါတယ်…။ အဲ့ဒါကတော့….
အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လက်ခံ၊ နားလည်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်…။ လောကမှာ အမှန်တရား ဆိုတဲ့အမျိုးဟာ အမြဲတမ်း ခါးတတ်ကြစမြဲဆိုတာကိုတော့ ကျွန်တော်တို့အားလုံး လက်ခံထား နိုင်ဖို့လိုပါလိ့မ်မယ်…။
ကမ္ဘာတစ်ဝှမ်းတွင် ယဉ်ကျေးမှု တစ်ခုကို အဓိက စတင် ပြောင်းလဲ၊ ဖန်တီးသောသူများ၊ ဖန်တီးမှုများ မှာ ထိုနိုင်ငံအတွင်းရှိ အသက် ၆၀ ကျော် ၇၀  သက်ကြားအိုများ…။ ၄၀ ကျော် ၅၀ လူကြီးပိုင်းများ မဟုတ်ကြပါဘူး…။ အတုမြင်ရင် အတတ်သင်ခြင်သော..။ အရာရာကို စူးစမ်းဆင်ခြင်လိုသော..။ သို့မဟုတ်..။ လက်တဲ့စမ်းလိုသော…။ လူငယ်များသာဖြစ်ကြပါတယ်…။ ကျွန်တော်သည်လည်း လူငယ်တစ်ယောက် ဖြစ်သောကြောင့် ထိုအမျိုးအစားထဲတွင် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င် ပဲ ဖြစ်ပါတယ်…။
ဒီတော့ ကျွန်တော်တို့ ခေတ်နဲ့ ယဉ်ကျေးမှုကို သုံးသပ်ကြမယ်ဆိုရင် အဲ့ဒီ့ လူငယ်တွေကပဲ စတင်ကြ ရမှာ ဖြစ်ပါတယ်…။
လူငယ်များနှင့် Life Style
ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေရဲ့ လူနေမှု၊ သမီးရည်းစားထားမှု အခြေအနေတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် စတင် သုံးသပ်လိုပါတယ်..။
ယခု ကျွန်တော်တို့ နိုင်ငံမှာ သမီးရည်းစား ရှာကြတဲ့နေရမှာ…။ အခြေခံအားဖြင့် နှစ်ပိုင်း သိသိသာသာ မြင်နိုင်ပါတယ်..။ အပျော်တွဲခြင်းနဲ့ အတည်တွဲခြင်း ဆိုပြီး ဖြစ်ပါတယ်..။ သီးသန့်ထပ်ရှင်းနေဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်…။ ကဲ…။ ကျွန်တော်တို့ ဒီမှာ ဒီလို Relation တွေရှိလာခြင်းအတွက် ဘာတွေက ကောင်းကျိုးတွေဖြစ်လာသလဲ…။ ဘာတွေက ဆိုးကျိုးတွေ ဖြစ်လာသလဲ..။ ဘယ်လိုတွေ လွဲမှားနေကြသလဲ…?
အရင်ဆုံး မိန်းကလေးတွေ အတွက် စပြောချင်ပါတယ်…။ Lady First လို့ အဆိုရှိတယ်မလား..? မိန်းကလေး (အထူးသဖြင့် မြန်မာမိန်းကလေး) တွေအတွက်တော့ အပျော်ရည်းစားထားခြင်းဆိုတာ သာမန်အားဖြင့် ကြားလိုက်ရရင် မယုံကြည်နိုင်စရာ တစ်ခုလိုပါပဲ..။ ဒါပေမယ့် ဒါတွေဟာ တကယ် လက်တွေ့ ဖြစ်ပျက်နေပါပြီ..။ ယခင့် ယခင်များက အပျော်ရည်းစားထားတယ်..။ မျက်နှာများတယ်ဆိုတာ ယောကျာ်းလေးတွေရဲ့ အကျင့်စရိုက်တစ်ခုပါ…။ အခုတော့ ယောကျာ်းနဲ့ မိန်းမ တန်းတူညီ ရင်ဘာင်တန်းနေတဲ့ ခေတ်မှာ မိန်းကလေးများကလည်း အားကျမခံ ယောကျာ်လေးများနဲ့ အတူ ရင်ဘောင် တန်းလာကြပြီ ဖြစ်ပါတယ်…။ ဒီလို ရင်ဘောင်တန်းလာတော့ ဘာဖြစ်သလဲ…?
နှလုံးသားနဲ့ ဦးနှောက်ကို အလေးအနက်ထား ချင့်ချိန်ပြီး ဘ၀အတွက် လက်တွဲဖော် အတည်တကျ ရွေးချယ်ကြတဲ့ အမျိုးကောင်းသားနဲ့ အမျိုးကောင်း သမီးများ အကြောင်းကိုတော့ ကျွန်တော်အကျယ်တ၀င့် မဆွေးနွေးတော့ပါ…။ အပျော်တွဲတာပါဆိုသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးလေး များအကြောင်းသာ ဆက်လက်ဆွေးနွေးသွားပါမယ်..။
မိန်းကလေးတစ်ယောက်အနေနဲ့ ယောကျာ်းလေးတစ်ယောက်ကို ဘယ်လိုသောအချက်တွေနဲ့ ကိုက်ညီရင် အပျော်တွဲကြပါသလဲ….? ထိုကောင် လေးသည် ယောက်ျားကောင်းပီသဖို့ မလိုပါ..။ ကိုယ်ပိုင်အရည်အခြင်း ရှိဖို့မလိုပါ..။ သက်ဆိုင်ရာ နေရာဒေသ (ကျောင်း၊ သင်တန်း) စသည်တို့တွင် ထင်ပေါ်သော နာမည်ကြီးသောသူများ၊ ရုပ်ရည် (မိန်းမချော) ချောမောသူ များ၊ မိသားစု နောက်ခံအင်အား တောင့်တင်းသည်ဟု ယူဆရသူများ၊ ၀တ်ပုံစားပုံ ခေတ်အခေါ် လန်း သူများ..။ ဟုတ်တာ မဟုတ်တာ အပထား..။ တော်ကီ ညက်သူများကို စိတ်ဝင်စားတတ်ကြပါတယ်..။ အပျော်တွဲ (တွဲကြည့်ချင်ကြပါတယ်..။ သူတို့ရဲ့ ယျေဘူယ ခံယူချက်အရ နာမည်ကြီးချင်လို့..။ လူအကြည့်ခံချင်လို့ ဖြစ်ကြပါတယ်..။ မိန်းကလေးများမှ မဟုတ်ပါ ယောက်ျားလေးများလည်း ထိုနည်းတူပဲ ဖြစ်ပါတယ်)
ထိုကဲ့သို့သော ကောင်လေးတစ်ယောက်နဲ့ ညပ်သွားပြီဆိုပါက…။ နှစ်ယောက်ထဲ ဖြစ်စေ..။ သူငယ်ချင်း တပြုံတမကြီးနှင့် ဖြစ်စေ..။ သွားမယ်..။ လာမယ်..။ စားမယ်..။ သောက်မယ်…။ ပျော်မယ်..။ ပါးမယ်..။ ကဲမယ်..။ ရွဲမယ်..။ ပြဲကြပါမယ်…။ ကောင်းပြီ…။ ဘာလိုတွေကဲကြသလဲ..?
ရှေးဦးစွာ လက်ရှိပြသနေတဲ့ ကိုရီးယားကားများရဲ့ အကျိုးကျေးဇူးကြောင့် ရည်းစားရပြီဆိုတာနဲ့ လူတန်းစေ့ရလေအောင် အနဲဆုံး K-TV ကိုစသွားကြပါတယ်..။ ကျွန်တော်တို့ အရင်လူကြီးများတုန်း ကတော့ ရည်းစားဖြစ်ပြီဆိုရင် အရင်ဆုံး ဘုရားသွား၊ ဆုတောင်း ဘာညာ သာရကာ လုပ်ကြပါတယ်။ အခုကတော့ ပထမအဆင့်အနေဖြင့် ဘယ် K-TV ချောင်ကြသလဲ..။ ဘယ် Café Shop က အခန်းပါသလဲ အရင်ရွေးပြီး လစ်ကြပါတယ်..။ ဒါက ပထမအဆင့်ပါ..။ နှစ်ယောက်ထဲဆိုပါက နှစ်ယောက်ထဲနဲ့တူအောင် နေထိုင်ပါတယ်..။ အဖေါ်အပေါင်းများနှင့်ဆိုပါက ကိုရီးယားကားများထဲက အတိုင်း သောက်ကြ စားကြပါတယ်..။ ဒီခေတ်မှာ မိန်းကလေးများ အဲ့လို သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ Beer သောက်တာလောက်ကို အိမ်မှ ကိုရီးယား မေမေ များမှလည်း ကောင်းမွန် ခေတ်မှီစွာ လက်ခံ နားလည်ပေးတတ်နေပြီ ဖြစ်ပါတယ်..။
K-TV ဆိုတာ Karaokae Launge ကို အတိုကောက်ခေါ်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် (၁၉၉၉-၂၀၀၀) ၀န်းကျင်က K-TV ဆိုသောနေရာများမှာ ကျွန်တော်တို့ Father ကြီးတွေလို ဘူတားကြီးတွေ..။ Business Men တွေ ညဘက်သွားအပန်းဖြေကြ..။ ကဲကြ..။ ကောင်မလေးတွေ ဘေးမှာ ထားပြီး သီချင်းဆိုကြ…။ မူးကြ..။ ရူးကြတဲ့ နေရာပါ..။ ဘယ်လူငယ်မှ မသွား ကြပါဘူး..။ လူကြီးတွေရဲ့ အမြင်နဲ့ ခွင့်ပြုမှုအနေအထားမှာလဲ K-TV ဆိုတာကို Night Club နဲ့တန်းတူ မသွားသင့်တဲ့ နေရာတစ်ခုလို့လဲ အကြမ်းဖျဉ်းသတ်မှတ်ခဲ့ကြပါတယ်..။ ဒါပေမယ့် အခုက ခေတ်တွေပြောင်းသွားပါပြီ..။ အမေတွေကလည်း ကိုရီးယားကားတွေ လွှတ်ကြည့် ကိုရီးယား စတိုင်တွေ ၀င်နေတော့ ကိုယ့်သမီးကို သူ့ရည်းစားက K-TV ခေါ်သွားရင်ပဲ အရင်က သမီးရည်းစား နှစ်ယောက် ဘက္ဘရည် ဆိုင်မှာ ချိန်းတွေ့တာလောက်တောင် ရေးကြီးခွင်ကျယ်မလုပ်ကြ တော့ပါဘူး..။
ဖြစ်နိုင်ပါတယ်..။ လဘ္ဘရည်ဆိုင်မှာတွေ့ရင် လူမြင်တော့ မိသားစုရော သမီးရော သိက္ခာကျနိုင်ပါတယ်..။ အခုက K-TV တို့…။ အခန်းနဲ့ Coffee ဆိုင်တို့ဆိုတော့ သမီးချောလေး အလိမ္မာလေးကို ဘယ်သူမှလည်းမတွေ့တော့ တဲ့သကာလ သိက္ခာမကျရ မျက်နှာမပျက်ရတော့ပါဘူး..။ ဒါကြောင့် ဖြစ် နိုင်ပါတယ်..။ ဒီ့ထက် လုံခြုံ စိတ်ချရတဲ့ နေရာအကြောင်း ထပ်လာပါမယ်..။
လက်ရှိခေတ် လူငယ်တွေ အနေအထားအရလည်း K-TV ဆိုတာကို လုံးဝ Don’t Care ပါပဲ..။   ကျွန်တော်ပဲ ခေတ်မမှီတော့လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..။ ကျွန်တော် အထက်မှာ ရေးခဲ့သလို ကျွန်တော့် Father ကြီးနဲ့ သူ့အပေါင်းအပါများသွားကဲ ကြတဲ့နေရာမျိုးမဟုတ်တော့ပဲ မိသားစုတွေ လာရောက် အပန်းဖြေလို့ရတဲ့ (M3 လို)  K-TV မျိုးတွေ ဖွင့်ထားပေးရင်တော့ ကျွန်တော်လည်း မသိတော့ဘူးပေါ့ဗျာ..။ သေချာတာကတော့ ဘယ်သမီးရည်းစားအတွဲကမှ လင်းလင်းထင်းထင်း၊ လူမြင်သူမြင် အဲ့လို K-TV မျိုး Café များကို မသွားကြပါဘူး…။
မိန်းကလေးတွေ ကိုယ်တိုင်ကလိုက်မှ..။ အချို့ဆို ယောကျာ်လေးက ဘယ်သွားမလဲ မေးရင် သူတို့ကတာင် အဲ့ဒီ့ကိုသွားဖို့ စပြောတဲ့ အနေ အထားတွေ ရှိပါတယ်..။ မယုံမရှိပါနဲ့..။ အဲ့လို မိန်းကလေး တွေက Don’t Care လုပ်မှတော့ အမောင် သကောင့်သားကလဲ အကြိုက်ပေါ့ဗျာ..။ ခေါ်လေသတည်း ပေါ့..။ အဲ့လိုမျိုးတွေက မင်းတို့လို ရေပေါ်စီပတ်ဝန်းကျင် ပျက်စီးနေတဲ့ လူတွေမှာပဲ ရှိတာပါကွာလို့ ပြောရင်လည်း ကျွန်တော် ဘာမှ ပြန်မပြောလိုပါ..။ ရှိစေ…။
ဒီလိုနဲ့ အချိန်တွေ ကြာလာမယ် (အချိန်ကြာတယ်ဆိုတာ ၃ နှစ် ၃ မိုး ကို ပြောတာမဟုတ်ပါဘူး..။ လွန်ရော ကျွံရော တစ်ပတ်မှ တစ်လပေါ့) ရင်းနှီး မှုနဲ့ ရဲတင်းမှုတွေရှိလာတဲ့အခါ..။ ဒီ့ထက်ပိုပြီး လုံခြုံ စိတ်ချရတဲ့၊ အများသူငှာ မမြင်နိုင်တဲ့အတွက် မိသားစုဂုဏ်သိက္ခာကို ပိုမိုကာကွယ်ရာရောက်တဲ့ နေရာ များကို ဒုတိယအဆင့် (နောက်ဆုံးအဆင့်လည်း ဖြစ်နိုင်ပါတယ်) နေရာများကိုသွားကြပါတယ်..။
ဟော်တယ်များ..။ တည်းခိုခန်းများ ဖြစ်ပါတယ်…။
ဟော်တယ်တွေ၊ တည်းခိုခန်းတွေ သွားတယ်လား..? သူတို့တွေ ဈေးကြီး တဲ့အစားအသောက်တွေ သွားစားကြတာလားလို့ မေးလာရင်တော့…။ ကျွန်တော်လည်း မဖြေတတ်ပါ..။
ကျွန်တော်ပြောချင်တာက အဲ့လို သွားကြတဲ့အကြောင်း မဟုတ်ပါဘူး..။ အဲ့လို သွားကြခြင်းရဲ့ ရည်ရွယ်ချက်..။ နှစ်ဦးနှစ်ဘက် ကြားမှာ ထားရှိတဲ့ ခံယူချက် ကို ပြောချင်တာပါ….။ ယောကျာ်လေးက ဘယ်လိုရည်ရွယ်ချက်နဲ့ ခေါ်သွားသလဲ…?  ကောင်မလေးကရော ဘယ်လိုနားလည်မှု..။ ဘယ် လို ခံယူမှု..။ ဘယ်လို ဆုံးဖြတ်ချက် နားလည်မှု…။ ဘယ်လိုတွေးခေါ်မှုတွေနဲ့ လိုက်သွားပါသလဲ…?
ကျွန်တော်လက်ရှိ ဥရောပနိုင်ငံမှာ ပညာသင်ကြားနေပါတယ်..။ မနှစ်က နွေရာသီမှာ ကျွန်တော် ခရီးထွက်တာ အားလုံးသိကြမှာပါ…။ အဲ့ဒီ့မှာ ကျွန်တော်တွေ့ခဲ့တာလေး တစ်ခုကို အခု ဒီဆောင်းပါးနဲ့ တိုက်ဆိုင်လို့ ဖော်ပြပါရစေ..။
ကျွန်တော့်ဆရာမမှာ..။ သူ့သမီးနဲ့ ရွယ်တူ တူမရှိပါတယ်..။ သူ့သမီးနဲ့ဆို တ၀မ်းကွဲပေါ့…။ ဆရာမ သမီးနဲ့ သူတို့က သူငယ်ချင်းအဖွဲ့တွေပါ..။ အဲ့ဒီ့ ဆရာမရဲ့ တူမမှာ ချစ်သူရှိပါတယ်…။ အဲ့ဒီ့ကောင်မ လေးနဲ့ ကောင်လေးဟာ Living Together ပါ..။ လာပါပြီ Living Together..။ အပေါ်မှာ ကျွန်တော် ပွားခဲ့တာတွေ အားလုံးဟာ အဲ့ဒီ့ Living Together ကို ရှင်းခြင်လို့ပါ…။
ဆိုတော့..။ သူတို့နှစ်ယောက်က တိုက်ခန်းတစ်ခုမှာ အတူတူနေကြပါတယ်..။ နှစ်ဘက် မိသားစု အသိုင်းအ၀ိုင်းကလည်းသိပါတယ်…။ အားလို့..။ ယားလို့..။ ချမ်းသာလို့ တိုက်ခန်းမှာ သွားကဲနေ ကြတာမဟုတ်ပါဘူး…။ အဲ့ဒီ့တိုက်ခန်းလေးဟာ သူတို့နှစ်ယောက်အတူကြိုးစားပြီး အရစ်ကြစနစ်နဲ့ ၀ယ်နေကြတာပါ..။ ပိုက်ဆံအကုန်မပေးရသေးပေမယ့် အကြွေးစနစ်အရ နေလို့ရပါတယ်..။ ကျွန်တော် ပြောချင်တာက အကြွေးစနစ်အကြောင်း မဟုတ်ပါဘူး..။ အဲ့ဒီတိုက်ခန်းကို သူတို့ နှစ်ယောက် အတူတူ အလုပ်လုပ် ပိုက်ဆံစု..။ တဖြေးဖြေးချင်းထည့်ပြီး ၀ယ်ဖို့ ကြိုးစားနေကြတာပါ..။ (ကျွန်တော်တို့ စီမှာ အဲ့လိုအကြွေးစနစ်မရှိလို့ သူတို့လို မကြိုးစားနိုင်တာပါ လို့ပြောလာရင်လည်း ခံပေတော့ မောင် Black ရေ ပါပဲ) သူတို့နှစ်ယောက် ပိုက်ဆံနဲ့ ၀ယ်ထားတဲ့ ကားလေးတစ်စင်းလဲ ရှိပါတယ်..။ မာစီဒီးတော့ ဘယ် ဟုတ်ပါ့မလဲပေါ့ဗျာ..။ ဒီလိုပဲ အသင့်အတင့် သွားလို့ လာလို့ရတဲ့ ကားလေးပါ…။ အဲ့လိုပဲ နှစ်ယာက်စလုံးက အလုပ်နှစ်ခုစီ လုပ်ကြပါတယ်..။ ကောင်လေးက ဘဏ်မှာ အလုပ်လုပ်ပါတယ်။ ကောင်မလေးက Company တစ်ခုမှာ အလုပ်လုပ်ပါတယ်..။ အဲ့ဒီ့အပြင် သူတို့နှစ်ယောက်ပေါင်းပြီး အလှကုန်ပစည်းတွေရောင်းတဲ့ ဆိုင်လေး ဖွင့်ထားပါတယ်..။ (သူတို့ ဆိုင်ပြောင်းတာနဲ့တိုးလို့ ကျွန်တော်တောင် မုန့်ဟင်းခါး ၀င်စားခဲ့ရပါသေးတယ်) အလုပ်ချိန်တွေကို ညှိထားပါတယ် ကောင်လေး ဘဏ်သွားရတဲ့အချိန်မှာ ကောင်မလေးက အလုပ်ချိန်မရှိတဲ့အတွက် ဆိုင်ထိုင်ပါတယ်။ ကောင်မလေး အလုပ်သွားတဲ့အချိန်မှာ ကောင်လေး ဘဏ်သွားစရာ မလိုတဲ့အတွက် ဆိုင်ထိုင်ပါတယ်..။ ဒီလိုနေလာကြတာ သူတို့ ၃ နှစ်ကျော်ပါပြီ..။ အခုထိ မင်္ဂလာမဆောင် ရသေးပါဘူး..။ ဒီနှစ် ကုန်မှာ ဆောင်ကြပါလိ့မ်မယ်…။ ( ဒီနေရာမှာ ကိုယ်ဝန်ကာကွယ်ခြင်း အကြောင်း သင့်တော်တဲ့ နေရာ ဆက်လက် ဖော်ပြပါမည်။ ဘာကြောင့်လဲဆိုတော့ သူတို့ ၃ နှစ်လောက်အတူနေတာ ဘာပြသနာမှ မရှိပဲ..။ ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်သစ်များမှာတော့ ကိုယ့်ပြသနာ ကိုယ်မရှင်းနိုင်တဲ့ အခြေ အနေတွေက ကြားလို့ မကောင်းလောက်အောင် ဖြစ်နေကြပါတယ်…။ )
ဒါဟာ ဘာလဲဆိုတော့ Living Together ရဲ့ အနှစ်သာရပါ..။ Make Love (Sex) လုပ်ဖို့ တစ်ခုထဲ အတွက် မဟုတ်ပဲ နှစ်ဦးပေါင်းပြီး ဘ၀အတွက် ကြိုစားကြတာပါ..။ သူတို့ မင်္ဂလာဆောင်တဲ့အခါကြရင် သူတို့နှစ်ဦးစလုံးဟာ ကိုယ်ပိုင်အိမ်နဲ့ ကားနဲ့ အလုပ်နဲ့ အားလုံး အဆင်သင့်ဖြစ်သွားပါပြီ။ ကျွန်တော်တို့နိုင်ငံက လူငယ် (တော်တော်များများ) တွေလိုမျိုး အမျိုးသားဘက်က တိုက်တွေ၊ ခြံတွေလက်ဖွဲ့..။ အမျိုးသမီးဘက်က ကားတွေ လက်ဝတ်ရတနာတွေ လက်ဖွဲ့တာမျိုးကို မမျှော်ကိုး ကြပါဘူး..။ ကိုယ့်အားပဲ ကိုယ်ကိုးကြပါတယ်..။ ဒီလို ကြိုးစားနေတဲ့ နှစ်အပိုင်းအခြားအတွင်း မှာလည်း ချစ်တာက ချစ်တာ တစ်ပိုင်း…။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထား၊ စရိုက် စတာတွေကို ညှိယူကြ..။ ပြင်ကြ ဆင်ကြနဲ့..။ ဘ၀အတွက် ဒီလို ပြင်ဆင်ကြပါတယ်…။
ကျွန်တော်တို့ ရွှေပြည်ကြီးက Living Together  တွေကရော ဘယ်လို ရည်ရွယ်ချက်တွေ၊ Plan တွေ ချထားကြပါလိ့မ်?
အားကျလို့ အတုယူတယ်ဆိုရင်လည်း အကုန်ယူကြပါလို့ ကျွန်တော်ပြောချင်ပါတယ်..။ ကိုယ်လိုချင် တာလေး ဖြတ်မယူကြပါနဲ့…။ အတူနေပြီး Make Love လုပ်တာကြတော့ အတုယူတယ်..။ သူများတွေ ဘယ်လို ကြိုးစားကြတယ်ဆိုတာတော့ အတုမယူကြဘူး..။ ဒီဘက်နိုင်ငံတွေမှာ ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ၁၈ နှစ်ဆို ကိုယ့်အလုပ်ကိုယ်လုပ်ကြပါတယ်..။ မိဘအိမ်မှာ နေနေသေးတယ်ဆိုပေမယ့် အားလုံးနီးပါး (၈၀%) က အလုပ်လုပ်ကြပါတယ်။ သူတို့အတွက် အလုပ်ရှိခြင်းဟာ ဂုဏ်ပါပဲ..။ အဲ့ဒီ့တော့ ကိုယ့်အလုပ် ကိုယ်လုပ်တယ်..။ ကိုယ့်ဘ၀ကိုယ် ကျောင်းတယ်..။ ကိုယ့်ခြေ ထောက်အပေါ် ကိုယ်ရပ်ပြီးနေနိုင်လို့ကတော့ Living Together ပဲ နေနေ Sleeping Toghether ပဲ လုပ်လုပ် ဘာမှ ပြသာ မရှိပါဘူး…။
ပြသနာဖြစ်လာရင် ကိုယ့်ပြသနာ ကိုယ်ရှင်းပါတယ်..။ အမေကယ်ပါ..။ အဖေကယ်ပါ..။ ဟိုအဖွဲ့ အစည်းတိုင် ဒီအဖွဲ့အစည်းတိုင် မရှိပါဘူး..။ အဲ့လို တိုင်တယ်..။ သို့မဟုတ် တိုင်ခွင့်ရှိတယ်ဆိုတာလည်း အဓိပ္ပါယ်မရှိပါဘူး..။ ဗလက်ကာရ ( Black ကာယ လုပ်တာမဟုတ်ပါဘူး..။ တော်ကြာ တစ်မျိုး မြင်ကုန်မှာဆိုးလို့) လုပ်တာမှမဟုတ်တာ..။ နှစ်ဦး သဘောတူမှ ဖြစ်တာ..။ နှစ်ဦးသဘောတူ ဖြစ်ခဲ့ပြီးမှ တိုင်တယ် တန်းတယ်၊ တိုင်ခွင့်ရှိတယ် ဆိုတာ ကျွန်တော်ပဲ ဗဟုသုတမရှိလို့လား မသိဘူး..။ ဘယ်နှိင်ငံမှာမှ ရှိတယ်လို့ ကျွန်တော် မကြားဖူးသေးပါ..။
သူတို့အရွယ် ကျွန်တော်တို့ နိုင်ငံက လူငယ်တွေ ဘာတွေလုပ်နေကြပါသလဲ..။ တစ်ကယ်ကြိုစား နေကြတဲ့လူငယ်တွေ အမှန်အကန်ရှိပါတယ်..။ ဒါပေမယ့် အများစုကတော့ ကျောင်းသား လိုလို…။ သင်တန်းတက်နေသလိုလို..။ လက္ဘရည်ဆိုင်ထိုင်..။ အင်တာနက် ကဖေးသွားပြီး Chatting တက်..။ ညနေ စည်ဘီယာဆိုင်သွား..။ လူစုံရင် K-TV ကြွ..။ မုန့်ဖိုးလျှံရင် Night Club သွား..။ Shopping ထွက်..။ စသဖြင့် အလုပ်ကြီးအကိုင်ကြီးများ လုပ်ကြပါတယ်…။
ယုတ်စွအဆုံးဗျာ ရည်းစားနဲ့အတူ နေခြင်လို့ ဟော်တယ်ခေါ်သွားတဲ့ ပိုက်ဆံက အဖေ့အိပ်ထဲက အဖေလစ်တုန်း နှိုက်လာတဲ့ ပိုက်ဆံ ဆိုတော့….။
ဆက်လက်ဖော်ပြပါမည်…။
P.S- ဖော်ပြပါအကြောင်းအရာများသည် လူငယ်များအားလုံးကို ဆိုလိုခြင်းမဟုတ်ပဲ..။ ထိုကဲ့သို့ လွှဲမှားစွာ စီးဆင်းနေသော လူငယ်များ ပြင်ဆင်ကြ စေနိုင်ရေးအတွက်သာ ရည်ရွယ်ပါကြောင်းနှင့် ဆွေးနွေးလိုပါက ကျွန်တော် ဒီပို့စ်ကို ကျွန်တော်တို့ရဲ့ Myanmar Genius Forum မှာ တင်ထားပေးမှာ ဖြစ်တဲ့အတွက် အဲ့ဒီ့မှာ ဆွေးနွေးနိုင်ပါတယ်..။ ကျွန်တော့် Blog Post မှာ ကျွန်တော် Comment ပြန်ရေးခြင်း မရှိတဲ့ အတွက် ဒီနေရာမှာတော့ ကျွန်တော် ဘာမှ ပြန်လည် ဖြေကြားမည် မဟုတ်ပါ..။