Black Dream » Article
၉/ခ စံပယ်
ဇူလိုင်..။ သြဂုတ်..။ စက်တင်ဘာ..။ အောက်တိုဘာ..။ နိုဝင်ဘာ..။ ဒီဇင်ဘာ..။ ဇန်န၀ါရီ…။ ဖေဖော်ဝါရီ..။ မတ်…။ ဧပြီ…။ မေ…။
အချိန်တို့သည် ထင်တာထက်ပိုပြီး လျှင်လျှင် မြန်မြန်ကုန်ဆုံးသွားပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ အချို့အတွက် မသိသာပါဘူး..။ မထူးခြားပါဘူး..။ အချို့အတွက်တော့ တစ်နှစ်ဆိုတဲ့ အချိန်မပြောနဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလောက်နဲ့ တင် အရာအားလုံးကို ပြောင်းလဲပြစ်ဖို့ လုံလောက်ပါတယ်..။
ကျွန်တော်အတွက်တော့ ဒုတိယအမျိုးအစားက အကြုံးဝင်ပါတယ်..။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင်ကို လုပ်စရာတွေက စနစ်တကျ ပြည့်နေခဲ့ပါတယ်..။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ဘ၀အမျိုးအစားအရ ဒါဟာ သိပ်မထူးဆန်းပါဘူး…။ စာဖတ်သူတွေအတွက်လည်း ထူးဆန်းမယ် မထင်ပါဘူး..။ ဒီကာလတစ်ခုအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ…။ ခံစားချက်တွေဟာ အမျိုးစုံသလောက် ရသလည်း စုံလှပါတယ်…။ ဒီအတွေ့အကြုံတွေထဲက ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ကျွန်တော် ပြန်ပြောပြချင်ပါတယ်…။ ဒီစာကိုဖတ်လိုက်ရလို့ ကုန်ဆုံးသွားမယ့် တစ်စုံတစ်ခုသော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွက် မပြောပလောက်သော ပမာဏလေးဖြစ်ဖြစ်တော့ အကျိုးရှိကောင်း ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…။
ပထမတော့ ဒီအကြောင်းကို ကျွန်တော် ၀တ္ထုတို တစ်ပုဒ်အသွင်ပြောင်းပြီ ယခင့်ယခင်များကအတိုင်း မြှုပ်ကွက်လေးတစ်ခုထားပြီး ရေးမလို့စဉ်းစားခဲ့ပါသေးတယ်..။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ရလိုက်တဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေး (ဆုံးမ) တဲ့အနေနဲ့ရော ကျွန်တော့်လို အခြေအနေမျိုး (အနဲနဲ့အများဆိုသလို) ကြုံတွေ့နေရတဲ့ စာဖတ်သူများအတွက်ရော သတိထားမိနိုင်အောင် အဖြစ်အပျက်တစ်ခုအနေနဲ့ပဲ ဆောင်းပါးပုံမျိုး ရေးဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်..။
ဒီလိုပါ…။
ကျွန်တော် ရန်ကုန်ပြန်ရောက်လာပြီးကတည်းက အကြီးမားဆုံးအရူးထနေတဲ့ ရောဂါကတော့ အခုကျွန်တော်စီးနေတဲ့ကားကို အသစ်လဲချင်နေတာပါပဲ..။ ကျွန်တော့် မိသားစုဟာ တော်ဝင်အဆင့်၊ Top 10 အဆင့်ဝင်လောက်အောင် မချမ်းသာပေမယ့်…။ သာမန်ထက်ပိုပြီး ပြည့်ပြည့်စုံစုံနေနိုင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒီ့အတွက် အပေါ်ယံအားဖြင့်ကြည့်မယ်ဆိုရင် ကားတစ်စီးလိုချင်နေတဲ့ ကျွန်တော့်ရဲ့ ဆန္ဒ (အရူးထမှု) ဟာ ပြဿနာတစ်ခုဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ ကြိုက်တဲ့ကား  တွေ့လို့ ဈေးလည်း သင့်တယ် (ကျွန်တော့်အသက်အရွယ် ကျွန်တော့်သောက်ဆင့်လောက်နဲ့ တော်ရုံတန်ရုံကားဆိုပါတော့) ဆိုရင် အခုစီးနေတဲ့ကား ကို ပေါက်ဈေးအတိုင်း ရသင့်သလောက်ရအောင်ရောင်းလိုက်..။ ပြီးရင် လိုတဲ့ငွေ နဲနဲပါးပါး (ရာတော့ကျော်တာပေါ့ဗျာ..။ သိန်းရာကျော်တာကို နဲနဲပါးပါး လို့ ရေးတယ်ဆိုပြီး သြဘာအပေး မစောကြပါနဲ့ဦး။ ကျွန်တော်အပေါ်မှာပြောခဲ့သလို ဒီဆောင်းပါးဟာ အမှားကို (အထူးသဖြင့်ကိုယ့်အမှားကို ကိုယ် ၀န်ခံတဲ့ဆောင်း ပါး တစ်ခုဖြစ်တဲ့အတွက် အစပိုင်းအသုံးအနှုံးနဲ့ အခြေအနေကတော့ ကြွားရာ ကြီးကျယ်ရာ ရောက်ကောင်းရောက်နိုင်ပါတယ်) အသာတကြည်  ၀ယ်လိုက်ရုံပါပဲ…။ ဒါပေမယ့် အဓိက ပြဿကတော့ ကျွန်တော့်အဖေပါပဲ…။
ကျွန်တော့်အဖေဟာ လက်ရှိအခြေအနေထိရောက်လာဖို့ အောက်ခြေဘ၀ကနေစပြီး သမာအာဇီဝဖြစ်သော လုပ်ငန်းများကို ကြိုးစားရုန်းကန်ရင်း ကျွန်တော်တို့ မိသားစုကို တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့အတွေးအခေါ်၊ အယူအဆနဲ့ ဆုံးဖြတ်ချက်တွေဟာ ရိုးရှင်းပြီး ပကာသနကင်းလွန်းလှပါတယ်..။ သူ့အတွက် ကားဆိုတာ အလုပ်လုပ်ဖို့ ဖြစ်ပါတယ်…။ သူ့အယူအဆအရ လိုချင်တဲ့နေရာကို၊ လိုချင်တဲ့အချိန်မှာ သွားနိုင်ဖို့အတွက် ကားကို အသုံးပြုခြင်း (၀ယ်ခြင်း၊ စီးခြင်း) ဖြစ်ပါတယ်..။ ဇိမ်ခံဖို့ မဟုတ်ပါတဲ့..။ ကျွန်တော်တို့ နေထိုင်ရာ A-1 ခြံကနေ လှည်းတန်းကို သွားမယ်ဆိုပါစို့..။ သာမန်ရုံးအတက်အဆင်းချိန်သွားမယ်ဆိုရင် Prado လည်း ၁၅ မိနစ် မောင်းရပါတယ်..။ သာမန်ကားတစ်စီးလည်း ထို မိနစ်ပိုင်းအတွင်းပဲမောင်းရပါတယ်..။ ကားပိုကောင်းလို့ မြန်မြန်ပိုမရောက်နိုင်ပါဘူး..။ (အထူးသဖြင့် ရန်ကုန်မြို့ ထဲမှာ ကိုယ်တိုင်မောင်းဘူးတဲ့ သူတွေသိပါတယ်) ဒါကြောင့် မလိုအပ်ပဲ ကားအကောင်းစား ၀ယ်စီးခြင်းကို အပြင်းအထန် ကန့်ကွက် သူဖြစ်ပါတယ်။ ကားဝယ်မယ့် အစား အဲ့ဒီ့ကားထဲ မြုပ်သွားမယ့် ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပဲ ဆက်ပြီး တိုးချဲ့ချင်တဲ့ သူတစ်ယောက်ပါ။
ကျွန်တော့်လို အောက်သက်မကြေတဲ့ကောင်နဲ့ သူ့လို ရိုးသားတဲ့သူ ထိပ်တိုက်တွေ့ကြတဲ့ အချိန်မှာ ပြဿနာကစပါတယ်…။ ခွန်းကြီးခွန်းငယ်..။ ပြန်လာတဲ့နေ့က စလို့..။ ဒီကားဝယ်ဖို့ အကြောင်းအရာ ရောက်သွားတာနဲ့ ပြဿနာက စပါတယ်…။ အမေတွေ အဖိုးတွေကလည်း ကျွန်တော်ရော အဖေရော ပြနေတဲ့ အကြောင်းပြ ချက်ကိုယ်စီက သူ့ဟာနဲ့ သူခိုင်မာ မှန်ကုန်မှု ရှိနေတာကြောင့် ဘယ်သူ့ဘက်မှ မလိုက်ပဲ ဆိတ်ဆိတ်သာ နေနေခဲ့ကြပါတယ်..။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ သားအဖ နှစ်ယောက်ကြားက စစ်အေးတိုက်ပွဲက အချိန်ကြာလာခဲ့ပါတယ်..။
အဲ့ဒီ့ကြားထဲမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုအဖြစ် ကျွန်တော် အိမ်ထောင်ကျသွားပါတယ်…။ အဲ့ဒီ့မှာ ပွဲက ပိုဆူသွားပါတယ်..။ နဂိုကတည်းက ကားရူးနေပါတယ် ဆိုမှ..။ အိမ်ထောင်ကျသွားတော့ လူအမြင်မှာ ပိုပြီးတင့်တောင့် တင့်တယ် ဖြစ်ချင်လာတယ်…။ (ပိုကြွားချင်လာတယ်ပဲ ဆိုပါတော့ဗျာ…) ဒီအချိန်အနေတွေကို ရိပ်စား မိလာတဲ့ ကျွန်တော့်အဖိုးက နောက်ဆုံး ထွက်ပေါက်တစ်ခုပေးလိုက်ပါတယ်..။ ကျွန်တော် ပြန်မလာခင်ကတည်းက ကျွန်တော့်အတွက် ၀ယ်ထားတဲ့ ခြံတစ်ကွက်ကို သူက ထုတ်ရောင်းခွင့်ပြုလိုက်ပါတယ်…။ ဒီခြံရောင်းထွက်သွားရင် မင်းလည်း စီးချင်တဲ့ ကား အသင့်အတင့် တစ်စီးဝယ်စီး ..။ ပိုတာတွေကို မင်းတို့ဥာဏ်ရှိသလို သုံးကြ ပေါ့ကွာဆိုပြီး ခြံရောင်းခွင့်ပေးလိုက်ပါတယ်…။
ကျွန်တော်တို့ ၀ယ်ထားတုန်းက အဲ့ဒီ့ခြံက အမြတ်တော်ခွန်ဆောင်အပြီး ၁၀၀ မပြည့်တပြည့်ပဲ ကျပါတယ်…။ ဒါနဲ့ ရောင်းမယ်ဆိုပြီး ဈေးခေါ်လိုက်ပါတယ်..။ ကျွန်တော်တို့ ၈၅၀ ခေါ်လိုက်ပါတယ်….။ အိုကေ..။ အဆင်ပြေတယ်..။ ပွဲစားတွေကလည်း သဘောကျတယ်…။ လိုချင်တဲ့သူတွေကလည်း သဘောကျတယ်..။ အုတ်တံတိုင်းခတ်ပြီးသား ပေ ၁၅၀ ပတ်လည်လောက်လဲရှိတယ်…။ အချက်အချာကျတဲ့နေရာမှာလည်း ရှိတယ်…။ လာကြ..။ ကြည့်ကြ..။ မေးကြပေါ့..။ ကျွန်တော်တို့ လင်မယားနှစ်ယောက် (အဓိက က ကျွန်တော်ပါ..။ ကျွန်တော့်အမျိုးသမီးက ဒါတွေ စိတ်ကိုမ၀င်စားပါဘူး..။ သူ့ဘေးမှာ ကျွန်တော် ရှိနေရင် သူ့လောက လှပပြီးသား ဖြစ်နေပြီလို့ ခံယူထားပြီးသား သူပါ) လည်း တပြုံးပြုံးပေါ့..။ ၀ယ်မယ့်သူက မနက်ဖြန် သဘက်ခါလာတော့မယ်..။ စာချုပ်တွေ ဘာတွေအားလုံးလဲ ပြင်ပြီး သွားပြီ…။
တစ်ဘက်မှာဝယ်ဖို့ ကားတွေ ဘာတွေလည်းကြည့်ပြီးပြီ…။ 5D Mark II ရောဂါတက်နေတဲ့ ကျွန်တော့်အရူးထမှုကလည်း နေမြင့်တာနဲ့အတူ တော်တော်ရင့်။ Lady Black က သူလည်း ဓာတ်ပုံရိုက်တာ ၀ါသနာပါတယ်..။ ကျွန်တော်က အသစ်ဝယ် သူက အခု ကျွန်တော့် 50D နဲ့ရိုက်မယ်ဆိုပြီး Plan ချကြပါတယ်..။ ကျွန်တော့အထင်တော့ သူ ဒီလောက်ကြီး ဓာတ်ပုံရိုက်တာကို ၀ါသနာမပါ ပါဘူး..။ ကျွန်တော် 5D Mark II ၀ယ်ဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလို့ ကျွန်တော် စိတ်ပြတ် သားသွားအောင် တမင်ကျွန်တော့်အဟောင်းလေးနဲ့ သူရိုက်ချင်လို့ပါဆိုပြီး အနစ်နာခံခြင်း ဖြစ်တယ်လို့ ကျွန်တော် အတိအကျယုံကြည်ပါတယ်…။ တကယ်တမ်း သူတစ်ကယ်ဝါသနာပါတာက ကျွန်တော်ရိုက်တဲ့ဓာတ်ပုံလေးတွေကြည့်ပြီး ဟိုပုံလေးကကောင်းတယ်..။ ဒီပုံကမကောင်းဘူး ဆိုပြီး ဝေဖန်တာမျိုး..။ နေပူကျဲတဲ ကျွန်တော် သွားရိုက်သမျှနေရာတိုင်းကို ထီးတစ်ချောင်းနဲ့ လိုက်မိုးပေးတာမျိုး..။ ဓာတ်တော်ချိုင့်မှာ သွားရိုက်ချင်လှပါပြီဆိုလို့..။ အတက်ချည်း ၁ နာရီကျော်တက်ရ တဲ့နေရာမျိုးကို အပင်ပန်းအဆင်းရဲခံကာ လိုက်တာမျိုးပဲ ဖြစ်ပါတယ်…။
ဒီလိုနဲ့ အားလုံးအိုကေပြီ ရောင်းမယ် ဆိုပြီးလုပ်ပြီးကာမှ…။ အမှတ်မထင် ကျွန်တော်တို့ သိလိုက်ရတဲ့ အချက်တစ်ချက်က တော်တော်ကို အံ့အားသင့်ဖို့ ကောင်းသွား ပါတယ်..။ အခြားမဟုတ်ပါဘူး..။ ပွဲစားက တင်ရိုက်ထားပါတယ်…။ ပွဲစားက ၀ယ်မယ့်သူကို ၁၁၀၀ နဲ့တင်ရိုက်ထားပြီး ကျွန်တော့်တို့ကို ပါးစပ်လာပိတ်ပါတယ်…။ စာချုပ်ချုပ်တဲ့နေ့ကြရင် ဘာမှဝင်မပြောပါနဲ့တို့..။ ၁၁၀၀ လို့ပြောပေးပါတို့..။ စသည်ဖြင့်…။ ကျွန်တော် တော်တော်တုန်လှုပ်မိသွားတယ်..။ ကျွန်တော့်ခြံ ဒီလောက် ဈေးရတာကို တုန်လှုပ်သွားတာ လုံးဝမဟုတ်ပါဘူး..။ အဲ့ဒီ့အချိန် ကျွန်တော့်ခေါင်းထဲကို အရင်ဆုံးဝင်လာတာက လူတွေရဲ့ မသမာလောဘကိုပါ…။ ခြံအရောင်းအ၀ယ်လုပ်ရင် ပွဲခပေးရတာ မဆန်းပါဘူး..။ သူတို့ထိုက်ထိုက်တန်တန် (အခုခတ် ပေါက်ဈေးရဲ့ ၂%) ယူပါတယ်။ အခုလို ပွဲအကြီးတွေဆို သူတို့ အတွက် ဆယ်နဲ့ချည်ပြီးကျန်ပါတယ်…။ ဒါကိုတင်အားမရသေးပဲ..။ သူတို့မပိုင်တဲ့ ပစ္စည်းတစ်ခုအပေါ်မှာ သိန်း ၂၅၀ ကျော် အလကားယူဖို့ စဉ်းစားတာကတော့ ကျွန်တော် တကယ်ကို လိုက်မမှီဖြစ်ခဲ့ရပါတယ်…။ (မင်းတို့ကရော လောဘ မကြီးလို့လား ၁၀၀ လောက်နဲ့ ၀ယ်ထားတာကို ၈၅၀ နဲ့ပြန်ရောင်းတယ်ဆိုရင်..။ ကျွန်တော်တို့ ၀ယ်ထားတာက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပါ။ ပြီးတော့ ကျွန်တော်တို့က ဈေးခေါ်တယ်…။ ၀ယ်ချင်တဲ့သူက သူကြိုက်လို့ တန်တယ်ထင်လို့ ၀ယ်ပါတယ်..။ အဖြေက ရှင်းပါတယ်)
ဒါနဲ့အဲ့ဒီ့ပွဲ ပျက်သွားပါတယ်…။ ကျွန်တော်လည်း အရှိက်ကို ဖြတ်အထိုးခံလိုက်ရသလို မျှော်လင့်ချက်တွေ တပွေ့တစ်ပိုက်ကြီး ဖြစ်ပြီးကာမှ အရုပ်ကြိုးပြတ်ဖြစ်သွား ပါတယ်..။ ဒါနဲ့ အဲ့ဒီ့နေ့ ညနေ ကျွန်တော်နဲ့ Lady Black မြို့ထဲက သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး အပြင်မှာ ဆုံဖို့ချိန်းလိုက်ကြပါတယ်…။
ဒီလိုနဲ့ ကျွန်တော် လှည်းတန်းမှာ မီးပွိုင့်မိပါတယ်..။ ညနေ ၆ နာရီ ၇ နာရီထုံးစံအတိုင်း ပတ်ဝန်းကျင်က မှောင်စပျိုးပျိုး..။ ကျောင်းပြန်သူတွေ၊ ရုံးပြန်သူတွေ၊ တစ်ယောက်လက်ကို တစ်ယောက်ချိတ်ကာ ရုံးလာကြို ကျောင်းလာကြိုသူတွေ၊ အဆောင်သူ အဆောင်သားတွေ၊ မြို့ပြင်ပြန်မယ့်သူတွေ၊ မြို့ထဲသွားမယ့်သူတွေနဲ့ လှည်းတန်းလမ်းဆုံရဲ့သဘာဝအတိုင်း အရောင်တွေ စုံလို့နေပါတယ်…။
ကျွန်တော့်ခေါင်းထဲမှာလည်း ကျွန်တော်အခုလိုချင်နေတဲ့ ၃၀၀ နဲ့ ၄၀၀ ကြားရှိမယ့် (စက်မှုဇုန်ထုတ်မဟုတ်တဲ့) ကားအကြောင်း၊ မရလိုက်တဲ့ သိန်း ၈၅၀ အကြောင်း၊ Range အပြည့်နဲ့ဆို ၇၀ လောက်ကျမယ့် 5D Mark II အကြောင်း..၊ လက်မတင်လေး လွတ်သွားတဲ့ မိန်းမအတွက်ဝယ်ပေးဖို့ စဉ်းစားထားတဲ့ ၂၀ ၀န်းကျင် မြင်းခွာတံဆိပ် နာရီလေးတစ်လုံးအကြောင်း…။ ပူလောင်မှုတွေ…။ မောဟတွေ…။ လောင်မြိုက်မှုတွေနဲ့…။ ကျွတ်တစ် သပ်သပ်  တောက်တစ်ခေါက်ခါက်နဲ့ပေါ့…။
လှည်းတန်းမီးပွိုင့်ကြာတာကို အကြောင်းပြုပြီး ကျွန်တော့်လိုပဲ Lady Black လည်း ငေးချင်ရာငေးရင်းတွေးချင်ရာတွေးနေပါတယ်…။ အဲ့ဒီ့အချိန် ကျွန်တော့်ကား လှုပ်ကနဲ ဖြစ်သွားပါတယ်..။ ကျွန်တော် ပထမထင်တာက အရှေ့ကကားပဲ ဘီးလိမ့်လာပြီး တိုက်သလား..။ အနောက်က ကားပဲ ကလက်ချော်ပြီး ကျွန်တော့်ကားနာက်ကို ၀င်စောင့်သလားပေါ့…။ ပြန်စဉ်းစားကြည့်တော့ ကားက ဒီလောက်ကြီး အရှိန်ပြင်းပြင်းလှုပ်သွားတာလည်း မဟုတ်ပါဘူး..။ အိကနဲ ဖြစ်ရုံ လောက်ပါပဲ…။ ဒါနဲ့ ကျွန်တော်တို့ Mr & Mrs Black နှစ်ယောက်ဘေးဘီကို သတိထားမိ ကြည့်မိလိုက်တော့….။
ကျွန်တော့်ကားက Dagon Jeep ပါ..။ Jeep ကားဆိုတော့ နဲနဲမြင့်ပါတယ်..။ မြင့်တော့ အပေါ်တက်ဖို့ တံခါးပေါက်နားမှာ ခြေနင်းလေး တစ်ခု ပါပါတယ်…။ တစ်စ တစ်စ အမှောင်ဖုံးလွှမ်းစ ပြုလာနေတဲ့ ပတ်ဝန်းကျင်ကို တော်တော်လေး အာရုံစိုက်ပြီး ကြည့်လိုက်တော့မှ ၅ နှစ်နဲ့ ၇ နှစ် ကြား ကလေးငယ်လေးတစ်ယောက်..။ ကျွန်တော့် ဂျစ်ကား ခြေနင်းခုံလေးပေါ် တက်လို့ (သူ့အရပ်က ခြေနင်းခုံပေါ်မတက်ရင် မမှီဘူးလေ၊ ကျွန်တော်တို့လည်း မမြင်ရဘူး)၊ အဲယားကွန်းဖွင့်ထားလို့ အပြည့်တင်ထားတဲ့ Lady Black ဘေးက မှန်နားမှာ မျက်နှာလေးကပ်လို့….။ လက်တစ်ဘက်က ပြန်လန်မကျအောင် ကားမှန်ဘောင်လေးကို ခဲခဲရင်းရင်းကိုင်လို့..။ ၀တ်ထားတာ က နွမ်းနွမ်းလျလျ…။ မျက်နှာလေးက ငြစ်ငြစ်နွမ်းနွမ်း…။ သူ့ဆီမှာတောက်ပတာဆိုလို့ ဖြူဝင်းနေတဲ့ မျက်ဝန်းလေးနှစ်ခုနဲ့….
လက်ထဲမှာ ကိုင်ထားတဲ့ လန်းလန်းဆန်းဆန်း စပယ်ပန်းကုန်းလေး တစ်ကုန်း….
“၂၀၀ ထဲပါ ဦးရယ်…။ ယူသွားပါနော်…။ တစ်ကုံးထဲ ကျန်တော့လို့ပါ…။”
ကျွန်တော် ပထမကြောင်သွားပါတယ်..။ နောက်တွေဝေသွားတယ်..။ ပြန်စဉ်းစားတယ်…။ ကားက သိန်း ၄၀၀…။ ကင်မရာက သိန်း ၇၀…။ စပယ် တစ်ကုံး ငွေကျပ် ၂၀၀…။ လှည်းတန်း မီးပွိုင့်သည် အမှောင်ထုကြားမှ အစိမ်းရောင် တစ်ချက်ဖြင့် ကျွန်တော့်အား မျက်စလှမ်းပြစ်ပြသည်။
ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်…။
“များတယ်ကွာ…”
လန်းဆန်းသော စပယ်ပန်းများကိုင်ထားသော ကလေးငယ်သည် နွမ်းလျသော မျှော်လင့်ချက်များဖြင့် ကျွန်တော့်ကား ခြေနင်းခုံပေါ်မှ ဆင်းသွားပါတယ်..။ ကျွန်တော့် 3C တပ်ထားတဲ့ ၉ခ Dagon Jeep ဟာလည်း အေးအေးဆေးဆေး ငြင်ငြင်သာသာပင် လှည်းတန်း မီးပွိုင့်ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတော့သည်…..။
P.S- အဲ့ဒီ့ကလေးငယ်အား နောက်နေ့များတွင် သတိထားကြည့်မိသော်လည်း လှည်းတန်းမီးပွိုင့်တွင် ထပ်မံမတွေ့ရှိခဲ့တော့ပါ…။
ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၂)
ဟိုတစ်နေ့က Living Together များအကြောင်းဆက်မပြောခင် အဲ့ဒီ့ပို့စ်မှာရခဲ့တဲ့ ကိုလောရှည်ရဲ့ ကော်မန့်လေးအပေါ် ကျွန်တော် အနဲငယ် ရှင်းပြချင်ပါတယ်…။ သူက ထောက်ပြသွားတဲ့အချက်ဟာ တစ်ကယ်ဆို ကျွန်တော် အခု ဒီအပိုင်း (၂) ထဲမှာရေးပြီးသားဆိုပေမယ့်…။ သူပြောတဲ့အချိန် တုန်းက အပိုင်း (၁) မှာ မပါတဲ့ အတွက် ဒါကို သူက စေတနာနဲ့ထောက်ပြသွားတယ်လို့ ကျွန်တော်မြင်ပါတယ်..။ ဆောင်းပါးမဆုံးခင် ဆန္ဒစောပြီး ထောက်ပြသွားတာ ဖြစ်တဲ့အတွက် စေတနာ အမှားတစ်ခုလို့ပဲ ကျွန်တော် ခံယူပါတယ်..။ အခုလို ထောက်ပြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကို လောရှည်ထောက်ပြသွားတဲ့ အကြောင်းအရာဟာ အခု အပိုင်း (၂) မှာပါဝင်မှာ ဖြစ်ပါတယ်..။ ဒါဟာလည်း သူထောက်မပြခင် ကျွန်တော် အကြမ်း ရေးထားတဲ့ အချိန်ကတည်းက ပါဝင်ပြီး ဖြစ်ကြောင်းကို ဒီပို့စ်မတင်ခင် ပို့စ် အကြမ်းဖတ်လိုက်ရတဲ့သူတွေ သိကြမယ်လို့ မျှော်လင့်ပါတယ်..။
အခု ကျွန်တော်တို့ မနေ့က အကြောင်းလေး ဆက်ပြောကြရအောင်..။
လက်ရှိ ကျွန်တော်တို့လူမျိုးများကျင့်သုံးနေတဲ့ Living Together ဆိုတာ တကယ့် Living Together မဖြစ်သေးပါဘူး..။ ဘောလုံးစကားနဲ့ ပြောရရင်တော့ Pro မရောက်သေးပဲ ..။ Semi Pro အဆင့် (ဒါတောင် နဲနဲမြင့်နေမလား မသိဘူး။ Beginner ပြောရမလား Rookie ပြောရမလားပဲ ) လောက်ပဲ ရှိနေပါသေးတယ်။ တစ်ကယ်တမ်းပြောရရင် Living Together အဆင့်မရောက်သေးပဲ Sleeping Together အဆင့်ပဲ ရှိသေးတယ်လို့ ဆိုရပါလိ့မ်မယ်..။
ဒီ အကျင့်စရိုက်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့ လူမျိုးတွေဆီကို (သိသိသာသာ) ကြီးကူးစက်လာတာဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပိုများလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီမှာ အခြေအနေ ၂ ရပ်ရှိပါတယ်..။ အဲ့ဒါကတော့ ပြည်တွင်းနေ လူငယ်ထုနဲ့ ပြည်ပနေ လူငယ်ထုပဲ ဖြစ်ပါတယ်..။ ပြည်တွင်းနေလူငယ်ထုထက် ပြည်ပနေ လူငယ်ထုက ပိုမိုပြီးတော့ လွတ်လပ်မှု၊ အမြင်ကျယ်မှုရှိတဲ့ အတွက် သူတို့မှာ ဒီအခြေအနေမျိုးရှိနေတဲ့သူတွေ ပိုများပါတယ်။ အမြင်ကျယ်မှုဆိုတဲ့နေရာမှာ ကောင်းတဲ့ အမြင်ကျယ်မှုနဲ့ ဆိုးတဲ့ အမြင်ကျယ်မှု နှစ်ခု ထပ်ဖြစ်လာပါတယ်..။
ကောင်းတဲ့အမြင်ကျယ်မှုကတော့ ဒီလို Sleeping Together ရာမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်မလာဖို့ တားဆီးတဲ့ နည်းလမ်းတွေ၊ ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုသိရှိခြင်း၊ ထိုကဲ့သို့ ကာကွယ်ပို့ ရုပ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အထောက် အပံ့နဲ့ ဖန်တီးပေးနိုင်မှု အခြေအနေတွေ ပိုမိုရရှိခြင်းကြောင့် များသောအားဖြင့် ပြည်တွင်းမှာထက် ပိုမို ကာကွယ်နိုင်ကြပါတယ်…။  ပြည်တွင်းမှာတော့ ထိုကဲ့သို့သော အခြေ အနေများ မပေးတာကြောင့် ပြည်ပနေ လူ့အဖွဲ့အစည်းလောက် လျှင်မြန်တွင်ကျယ်စွာ ပြန့်ပွားလာခြင်း မရှိတာကို ကျွန်တော် သတိထားမိပါတယ်..။
ဆိုးတဲ့အချက်ကတော့..။ ထိုကဲ့သို့ ပြည်တွင်းမှာက ပတ်ဝန်းကျင်ရဲ့ အရှိန်၊ လူတွေရဲ့ ပါးစပ်၊ ဘာသာတရားရဲ့ အထိမ်းအကွပ်တွေကြောင့် တားဆီးခြင်း သို့မဟုတ် ကာကွယ်ဟန့်တားခြင်းများ ပြုလုပ်ရာမှာ ပြည်ပမှာထက် အခြေအနေပေးမှု သိသာစွာ နဲပါးပါတယ်..။ ဒီအတွက် တကယ် တမ်း ပြဿနာ ဖြစ်လာတဲ့အခါမှာ ကာယကံရှင်များရော၊ မိဘအသိုင်းအ၀ိုင်းရော များစွာ စိတ်ထိခိုက် ကြရပြီး ပြဿနာဟာ ဖြစ်သင့်တာထက် ပိုမိုကြီးထွားလာ ပါတော့တယ်..။ ဘာမှမဖြစ်ရင် ဘာမှ  မဖြစ်ဘူးဆိုတဲ့အတိုင်း..။ မဖြစ်တာ အကောင်းဆုံးဆိုပေမယ့်..။ မလွှဲသာမရှောင်သာဖြစ် လာတဲ့အခါမှာ အချိန်မှီ တားဆီးနိုင်ခြင်းဟာ ပြသနာအဆုံးစွန်ဆုံး ရောက်သွားတာထက်တော့ သက်သာရာရမှာပဲ ဖြစ်ပါတယ်..။ ပြည်ပ အနေအထားရဲ့ ဆိုးကျိုးကတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့သလိုပဲ လွတ်လပ်မှု၊ အခွင့်အရေးပေးမှုတွေကြောင့် ဒီလို Sleeping Together ခြင်း အနေအထားတွေဟာ ပိုမိုလျှင်မြန်စွာ ပြန့်ပွား လာတာကို တွေ့နိုင်ပါတယ်..။
ဟုတ်ပြီ..။ ဒါဆို မေးလာပြီ…။ ဒါဆို..။ “Living Together က လုံးဝတားဆီးသင့်တဲ့အရာလား..? မလိုလားအပ်တဲ့ အရာလား? မရှိသင့်တဲ့ အရာလား..?” ဒီလိုမေးလာရင် အဖြေရတော်တော်ကြပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော် နားလည်သလောက် ကြိုးစား ဖြေကြည့်ပါ့မယ်..။
ကျွန်တော်တို့ လူမျိုးတွေအနေနဲ့ ဘာသာတရား နဲ့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး နှစ်လုံးကို လိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် မလိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် ပါးစပ်ဖျားကမချပဲ ကိုင်ကိုင်ပေါက်တတ်ကြတဲ့ အကျင့်ဆိုးကြီးတစ်ခုကို မဖြစ်မနေ အရင်ဦးဆုံး ပြင်သင့်ပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဥပမာ နှစ်ခုပေးပါမယ်…။ ခေတ်ဟောင်းက ဥပမာတစ်ခုနဲ့ ခေတ်သစ် ဥပမာတစ်ခုပါ..။
ကနောင်မင်းသားကြီးတုန်းက ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲတဲ့အချိန်မှာ မင်းတုန်းမင်း ဆွမ်းကပ်နေတဲ့ ရဟန်းတ်ာများက သတ္တ၀ါများ သေကြေ စေတဲ့ လက်နက်များ ထုတ်လုပ်တာကို လက်မခံနိုင်တဲ့အတွက် ဆွမ်းစားတာကို ရပ်ပြစ်ပြီး ဆန္ဒပြလို့..။ မင်းတုန်းမင်း အမိန့်နဲ့ ကနောင်မင်းသားကြီးလဲ ဆက်မလုပ်ရတော့ပါဘူး..။ ဒီတော့ ဘာဖြစ်လဲ..? ခေတ်မှီတဲ့ လက်နက်ကို မထုတ်လုပ်နိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့လူမျိုး သူများကျွံဘ၀ ရောက်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ အမဲစက်တစ်ခုဖြစ် အတိအကျ ပါဝင်ခဲ့ရပါတယ်…။ ဒါဟာ ဘာသာရေးနဲ့ ခေတ်ကို ရောထွေး ယှက်တင် ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်..။ နောက်တစ်ခု…
ဒီဘက်ခေတ်မှာ အိပ်တွေ အထပ် လေး ငါး ဆယ် ဆောက်ကြတယ်..။ လူတွေ အဆင့်ဆင့်နေကြတယ်…။ အရင်က အယူအဆတွေအရ…။ ယောကျာ်းလေးဆို ထမိန်တန်းအောက်မ၀င်ရဘူး ဘာဖြစ်ညာဖြစ် ရှိပါတယ်။ အခုကြတော့ ဘယ်လိုလုပ်ကြမလဲ..။ အထပ်တိုင်းမှာ ယောကျာ်း၊ မိန်းမ ရှိကြပါတယ်..။ အောက်ထပ်မှာနေတဲ့ ယောကျာ်းဟာ အလိုလိုနေရင်း အပေါ်ထပ်မှာနေတဲ့ မိန်းမရဲ့ ထမိန်အောက်ရော၊ အတွင်းခံဘောင်းဘီ အောက် ရော အလိုလိုရောက်နေပါပြီ…။ ဒီလိုပါပဲ…။ ကဲ ဒီလိုသာဆို..။ ဘုရားစင်တွေရော ဘယ်လိုလုပ်မလဲ…? အထပ်တိုင်း၊ အခန်းတိုင်းမှာ ဘုရားစင် ရှိတယ်…။ ကဲ ဘယ်လိုလုပ်ကြမလဲ…? ဒါကြောင့် ကျွန်တော်ပြောတာပါ..။ ဘာသာတရားနဲ့ ခေတ်ကို တိုက်ရိုက်အချိုးချလို့မရပါဘူး..။ လိုက်လျော ညီထွေစွာ ပြောင်းလဲ ကျင့်သုံး လက်ခံနိုင်ဖို့လိုပါတယ်…။
“ဒါဆို ဘာသာတရားကို အဲ့လို တဖြေးဖြေးခြင်းသာ လိုက်ပြင်နေလို့ကတော့ ကြာရင် သာသနာ ပျက်ဆီးသွားမှာပေါ့…?” မပူပါနဲ့  မြတ်စွာဘုရား ဟောကြားခဲ့သလိုပါပဲ နောက်ဆုံးမှာ အရာအားလုံး ပျက်ဆီးကြရမှာပါ….။ ဓမ္မရော အဓ္မမရာ မတည်မြဲပါဘူး..။ အချိန်တန်တဲ့ တစ်နေ့ သာသာနာ ဟာလဲ သူ့အလိုအလျှောက် ပျက်ဆီးကွယ်ပသွားပါလိ့မ်မယ်..။ ဒါဟာ ဘယ်လိုမှ မငြင်းဆန်နိုင်တဲ့ အမှန်တရားတစ်ခုပါ…။ အခုလက်ရှိ ကျွန်တော် ပြောခဲ့သလို ဘာသာရေး အယူအဆတွေကို မဖြစ်မနေ ပြင်ဆင်ဖို့ ဖြစ်ပေါ်လာရခြင်းဟာလဲ ထိုကဲ့သို့ သာသနာ ကွယ်ပဖို့အတွက် တဖြေးဖြေးခြင်း ယိုယွင်းလာခြင်းအဖြစ် မှတ်ယူနိုင်ပါတယ်…။
ထားပါ…။ လောလောဆယ် ကျွန်တော်ပြောချင်တာ ဘာသာရေးအပိုင်းမဟုတ်သေးပါဘူး..။ အပေါ်က စကားကို ပြန်ဆက်ရရင်..။ လိုသလား မလိုသမလား မသိ…။ လူအထင်ကြီးအောင်ပဲ ဖြစ်ဖြစ်..။ ဒါမှမဟုတ် အခြားစကားလုံးရှာမရလို့ ပဲဖြစ်ဖြစ်…။ တစ်ခါလာလဲ နင်တို့ ယဉ်ကျေးမှု မရှိဘူးလား? ဟီရိသြတ္တပတရား မရှိဘူးလား..? ဘာသာတရား မရှိဘူးလားဆိုပြီး လူငယ်တွေကို အော်ဟောက် ခြိမ်းချောက်ရင်း…။ ဒီ ဓာတ်ပြား ဟောင်းကြီးပဲ ဖွင့်နေလို့ကတော့ ဒီခေတ်မှာ ဘယ်လူငယ်မှ နားထဲ ၀င်ကြတော့မှာမဟုတ်ပါဘူး..။ ဒါဆို ကျွန်တော်တို့ လူငယ်တွေကို နည်းမှန်၊ လမ်းမှန်ရောက်အောင်ပြောဆို ညွှန်ပြနိုင်မယ့် ခေတ်နဲ့လျှော်ညီတဲ့ ဆုံးမသွန်သင်မှု နည်းစနစ်တွေ အတိအကျလိုအပ်နေပြီ ဆိုတာကို အထင်းသား မြင်တွေ့နိုင်ပါတယ်..။
ဒီအချက်အလက်တွေကို အခြေခံပြီး အပေါ်မှာ ကျွန်တော်မေးခဲ့တဲ့ Living Together ဆိုတာ လုံးဝမရှိသင့်တဲ့ အရာလား..။ လုံးဝ ဆန့်ကျင်တိုက်ဖျက်သင့်တဲ့ ယဉ်ကျေးမှုလားလို့ မေးလာရင်တော့…။ ခေတ်ရဲ့ ရေစီး ကြောင်းကို မလွန်ဆံနိုင်တဲ့ လူသားတစ်ဦးပီပီ ရင်နာနာနဲ့ပဲ …။ NO……!!!! လို့ ဖြေရပါလိ့မ်မယ်…။
မရှိရင် ကောင်းတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရနိုင်ပေမယ့်..။ သူ့ရဲ့ အားသာချက်တွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းများအဖြစ် ပါဝင်နေပါတယ်..။ ဥပမာအားဖြင့် မိမိနဲ့ သေတစ်ပန် သက်တစ်ဆုံး လက်တွဲသွားရမယ့် လူတစ်ယောက်ရဲ့ အကြောင်းကို ချစ်သူနှစ်ဦးတွေ့တဲ့ အချိန်လောက်လေးမှာ လေ့လာနိုင်၊ အကဲဖြတ်နိုင်တာထက်…။ အတူနေ အတူသွား အတူလာပြီး လေ့လာစောင့်ကြည့်တာက များစွာ ပိုမိုထိရောက် ပါတယ်..။ ညှိုနှိုင်းခွင့်တွေ၊ ပြင်ဆင်ခွင့်တွေ ပိုမိုရရှိနိုင်ပါတယ်..။ လူနှစ်ဦးရဲ့ သံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။  ဒီ့အတွက် မိန်းကလေးဘက်မှတင် မဟုတ်ပါဘူး..။ ယောကျာ်လေးဘက်မှလည်း နစ်နာမှု၊ ပေးဆပ်မှု၊ ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်..။ နှစ်ဦး နှစ်ဘက် စလုံးမှာရှိမှာပါ…။ ဥပမာအားဖြင့် – ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုများကို ခံရနိုင်ခြင်း၊  အကြောင်းအမျိုးမျိုးကြောင့် ထိုသူနှစ်ဦး Relation ပျက်ဆီးသွားပါက (များသောအားဖြင့် ) နာမည် ပျက် ကျန်ခဲ့ခြင်း တို့တွေ ဖြစ်နိုင်ပါတယ်…။ ဒါကြောင့် Living Together မှမဟုတ်ပါဘူး..။ ဘာကိုပဲလုပ်လုပ် အသိတရားလေးနဲ့ ဆင်ခြင်နိုင်ဖို့ ကတော့ အရေးအကြီးဆုံး ဖြစ်ပါတယ်..။
တစ်လင်တစ်မယားစနစ်ဟာ အကောင်းဆုံး ဖြစ်ကြောင်း တစ်ကမ္ဘာလုံးက အလေးအနက်ထား အသိအမှတ် ပြုထားပါတယ်..။ ဒီစနစ်ကို ပိုမိုတွင် ကျယ်အောင် ကျင့်သုံးနိုင်ဖို့..။ အခြေခံကျတဲ့ ဘ၀လက်တွဲဖော် (ချစ်သူပဲ ခေါ်ခေါ်၊ ရည်းစားပဲခေါ်ခေါ်ပါ) ရွေးချယ်တဲ့နေရာမှာလည်း တတ်နိုင်ပါက (သို့မဟုတ်) ဖြစ်နိုင်ပါက တစ်ဦးကောင်း တစ်ယောက်ကောင်းကို တစ်ခါထဲ သေသေချာချာ စဉ်းစား၊ ဆုံးဖြတ်၊ ခံစားပြီး ရွေးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါလိ့မ်မယ်…။ ကံတရားရဲ့ မျက်နှာသာပေးမှုကလည်း ရှိနေတော့..။ တစ်ယောက်ထဲနဲ့ အဆင်ပြေမှု ရရှိသွားတတ်ခြင်းများဟာ…။ ရာခိုင်နှုန်းအားဖြင့် နည်းလွန်းလှပါတယ်…။
ဒီလိုအကြောင်းအရင်းတွေကြောင့် ကျွန်တော်တို့မှာ လုပ်နိုင်တာတစ်ခုပဲ ရှိပါတယ်..။ မတားဆီးနိုင်တော့တဲ့ အခြေအနေမှာ..။ အဆိုးဆုံးတွေ ဖြစ်မသွားအောင်..။ မှန်ကန်တဲ့ လမ်းကြောင်းတွေပေါ်ပေါက်လာအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်…။ NO လို့ ဖြေလိုက်ခြင်းဟာ ဒီ လူနေမှုစနစ်ကို ၀မ်းပန်းတသာ ကြိုဆိုလိုက်ခြင်း မဟုတ်တာကိုလဲ အားလုံးအနေနဲ့ နားလည်ဖို့လိုပါတယ်…။ “ဒီလိုဆို မင်းညီမကို နေခိုင်းလိုက်လေ” ဆိုရင်တော့ လည်း…။ ကျွန်တော့်ညီမကို ကျွန်တော်ပြောပြီးသားပါ…။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပါ..။ ကောင်းရင်စံ…။ ဆိုးရင်ခံလို့..။ အရှင်းအပြတ် ပြောပြီး ကြောင်းပါ…။ ဒီ့ထက်လည်း ကျွန်တော် ဘာမှ ၀င်ရောက် စွက်ဖက်လို့ မရ (စွက်ဖက်ခွင့်မရှိ) တာ့ပါဘူး…။
ဒီတော့ ဟုတ်ပြီ…။ Living Together စနစ်ကို လက်ခံလိုက်ပြီ…။ ဒါဆို ဘယ်လိုလုပ်ကြမလဲ..။ ကျွန်တော်တို့ ပထမဆုံးလုပ်ရမယ့် အဆင့်က လက်ရှိ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ Sleeping Together အဆင့်တွေကို တကယ့် Living Together အဆင့်ရောက်အောင် စနစ်တကျ စတင်ပြောင်းလဲဖို့လိုအပ်လာပါပြီ..။ ဆရာ တာရာမင်းဝေ ရေးသားခဲ့တဲ့ စာတစ်ခုအမှတ်ရမိပါတယ်..။ Living Together ဆိုတာ ဘ၀တစ်ခုမှာ အတူတကွ လက်တွဲ ရှင်သန်ခြင်းလို့ အနက်ဖွင့်သွားပါတယ်..။ ကျွန်တော်ပြောသလို Sleeping Together ကနေ Living Together အဆင့်ကို တကယ်သာပြောင်းနိုင်ပါက..။ ဆရာတာရာမင်းဝေ ပြောခဲ့သလို သိပ်ကိုလှတဲ့ လေးနက်မှု တစ်ခုနဲ့ တန်ဖိုးရှိတဲ့ ယဉ်ကျေးမှု (၀ါ) လူနေမှု စနစ်တစ်ခု ဖြစ်သွားပါလိ့မ်မယ်…။
ဒီလိုနေကြတဲ့အခါမှာ အရေးအကြီးဆုံး ကာကွယ် (သို့မဟုတ်) ရှောင်ကျဉ် သတိထားရမယ့် ပြသနာကတော့ ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ပဲ ဖြစ်ပါ တယ်…။ ကာကွယ်နည်းတွေ မျိုးစုံအောင် ရှိပါတယ်…။ အပြင်က ကာမလား..? အတွင်းက ကလာမလား..? အပေါ်က ကာမလား…? အောက်က ကာမ လား…? နည်းပေါင်းစုံ ရှိပါတယ်..။ ဒီလောက် နည်းပေါင်းစုံရှိတဲ့ကြားကမှ စိတ်အလိုကို မလိုက်ကြဖို့ လိုပါလိ့မ်မယ်…။ စိတ်အလိုကို လိုက်မိလို့ ပြဿနာ ဖြစ်လာတဲ့ အခါကြရင် ခင်ဗျားတို့ ကျွန်တော်တို့ ပြသနာတက်တာကနောက်ပါ..။ ရှားရှားပါးပါး လူဖြစ်ခွင့်ရမယ် ကြံကာရှိသေးတဲ့ လူသားလေးတစ်ယောက်ရဲ့ ဘ၀ဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အသုံးမကျမှု၊ မိုက်မဲမှုကြောင့် အချိန်မတိုင်မှီ ပျယ်လွင့်ပျောက်ကွယ်သွားရမှာဟာ သိပ်ကို ရင်နာစရာ ကောင်း ပါတယ်..။
ဒီလိုခံစားမှုမျိုးကို ကိုယ်တိုင်ခံစားဖူးတဲ့ သူများ အတိအကျ သိကြပါတယ်…။
အဲ့ဒါကြောင့်…” အလွှာပါးပေမယ့် ကမ္ဘာခြားတယ်” တွေ ဘာတွေ မလုပ်ကြပါနဲ့…။ အလွှာလေး ခံပြီး နေကြပါ။ အလွှာပါးလို့ ကမ္ဘာခြားတယ်..။ နဲနဲလေးမှ အဝေးမခံနိုင်ဘူးဆိုရင်လည်း နောက်ဆုံး စက္ကန့်ပိုင်းလေးမှာ စိတ်အလိုကို မလိုက်ကြပါနဲ့…။ အဲ့ဒီ့ စက္ကန့်ပိုင်းလေးမှာမှ စိတ်အလိုကို လိုက်လိုက်မိရင်လည်း..။ နီးစပ်ရာ ကျွမ်းကျင်သူ၊ တတ်သိနားလည်သူ ဆရာဝန်များနဲ့ (၄၂ နာရီအတွင်း) တိုင်ပင်ကြဖို့၊ တားဆီးကာကွယ်ကြဖို့ မရှက်ပါနဲ့..။ နောက်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ရမှာ ရှက်တယ်ဆိုရင်လည်း အချင်းချင်း သမ္ဘာကျသော ဆရာကြီးများအား မေးမြန်းကြပါ…။ (ကျွန်တော့် ကိုတော့ ဒီဆောင်းပါး မင်းရေးတာပဲ ဒါမှမဟုတ် ရှင်ရေးတာပဲ ရှင်ပြောပြ၊ မင်းပြောပြ ဆိုပြီး တရားခံလာမရှာကြပါနဲ့လို့တော့ ကြိုတင် မေတ္တာရပ်ခံ ပါရစေ ) အချိန်မှီကာကွယ်ကြပါ…။ အဲ့လိုတွေ မကာကွယ် နိုင်ခဲ့ရင်တော့ ကျွန်တော်ပြောခဲ့တဲ့ ဘ၀မှာ ဘယ်လိုမှ မပြင်နိုင်တော့တဲ့ တစ်သက်လုံး နာကြင် နောင်တရနေရမယ့် သင်ခန်းစာနဲ့ ခံစားမှုဝေဒနာမျိုးကို ခင်ဗျားတို့ အတိအကျကို ခံစားရပါလိ့မ်မယ်….။
ဒီနေရာမှာ ဒီအကြောင်းရာနဲ့ ဆက်စပ်ပြီးတော့..။ ကျွန်တော့်အမြင်တစ်ခုကို တင်ပြချင်ပါသေးတယ်..။ Living Together အကြောင်းကတော့ ပြီးသလောက်ဖြစ်နေပါပြီ..။ အခု ကျွန်တော်ပြောချင်တာက ဆက်စပ်ပြီး သက်ဆိုင်နေတဲ့ အကြောင်းလေးတစ်ခုပါ..။ ဘာလဲဆိုတော့ ဒါက ယောကျာ်းလေး တော်တော်များများရဲ့ တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ်ပါ..။
အပျိုစစ်ရမယ်ဆိုတဲ့ စကားလုံးနဲ့ ခံယူချက်ပါ…။
ရှင်းရှင်းပြောရရင် ဒီလိုခံယူချက်မျိုး၊ သဘောထားမျိုးဟာ ဆင်ခြင်ဥာဏ်ခေါင်းပါးပြီး၊ အသိဥာဏ်နုံနဲ့တဲ့ သူမျိုး တွေပြောတယ်လို့သာ ကျွန်တော် ယူဆပါတယ်…။ မခံနိုင်လို့ မကြိုက်ရင်လည်း ကျွန်တော် အဆဲခံရုံပဲ ရှိပါတယ်..။ “ဒီလိုလား..? ဒါဆို…။ မင်းပဲ နွားမရွံ့ပိတ်ယူ” ဆိုရင်လည်း…။ ဖူးစာပါလာရင်၊ ကျွန်တော် တစ်ကယ်တန်ဖိုးထားမိသွားရင်တာ့ ယူသင့်ယူရမှာပဲလို့ ကျွန်တော်ပြောချင်ပါတယ်….။ ကျွန်တော် ဘာလို့ အဲ့လို ထင်ရသလဲ ဆိုတာကို ဆက်ရှင်းပြပါမယ်…။
တစ်ချိန်မှာ မိမိရဲ့ အိမ်ထောင်ရှင် ဇနီးကောင်းတစ်ယောက် ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ဟာ အပျိုစစ်ဖို့နဲ့ မိမိအပေါ်သစ္စာရှိဖို့၊ နားလည် ပေးနိုင်မှု၊ ဂရုတစိုက်ရှိမှု၊ အိမ်ထောင်တစ်ခုကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်တို့နဲ့ ဘယ်ဟာက ပိုပြီးအရေးကြီးပါသလဲ..? အနှစ်သာရ ပိုကြပါသလဲ..?ပိုဖြစ်သင့်ပါသလဲ…? လူဆိုတာ ဘယ်သူမှ အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝတစ်ခုပါ…။ ခင်ဗျားတို့လည်း မှားဖူးပါလိ့မ်မယ်…။ ကျွန်တော်လည်း မှားဖူးပါတယ်..။
ဒါပေမယ့် အမှားဟာ အပြစ်မဟုတ်ဖူးဆိုတာကိုတော့ ကျွန်တော်တို့ ခင်ဗျားတို့ ကွဲကွဲပြားပြား နားလည် လက်ခံထားနိုင်ဖို့လိုပါလိ့မ်မယ်…။ မသိလို့ မှားသွားတာဟာ အပြစ်တစ်ခုကို ကျူးလွန်လိုက်တာမဟုတ်ပါဘူး..။ အမှားဟာ အမှားအတိုင်းပဲရှိပါလိ့မ်မယ်..။ ဒုတိယအခါ သိလျှက်နဲ့ ထပ်ကျူးလွန် တာမျိုးကသာ အမှားမဟုတ်တော့ပဲ အပြစ် အဆင့်ကို ရောက်သွားတာပါ…။
နောက်တစ်ခုက လူတိုင်း တစ်ခါမှားဖူးယုံနဲ့ တစ်သက်လုံးမှားရမယ်လို့ ဘယ်သူကမှ ပြောမထားပါဘူး..။ သူတို့မှာ ပြင်ဆင်ပိုင်ခွင့်ရှိပါတယ်။ ပြုပြင် ပိုင်ခွင့်ရှိပါတယ်..။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးလှပါတယ်၊ ဘာသာတရား လွှမ်းမိုးမှု မြင့်မားလှပါတယ်ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှုအောက်က ပတ်ဝန်းကျင်များကတော့ ပါးစပ်ကသာ ပိတိကတ် သုံးပုံကို အာဂုံဆောင်ရင် ဆောင်နေမယ် တစ်ကယ်တမ်းလက်တွေ့ကျကျ နားလည်ပေးနိုင်မှု၊ ခွင့်လွှတ်ပေးနိုင်မှု၊ တစ်ဘက်သားကို ဖြည့်တွေးပေးနိုင်မှုတွေ အပေါ်မှာတော့ ၀မ်းနည်းဖွယ်ရာ တော်တော်အားနည်း နေတာကို တွေ့ရပါတယ်..။ လူတစ်ယောက်ဟာ အပြစ်တစ်ခု..။ ဆိုပါတော့ မိန်းကလေးတစ်ယောက်ဟာ အမဲစက်တစ်ခု ဖြစ်ခဲ့ရင်..။ ပတ်ဝန်းကျင်က အဲ့ဒီ့ အမဲစက်ကို ၀ိုင်းဝန်းချေဖျက်ပေးဖို့ မကြိုးစားကြပဲ..။ အမဲစက်ကနေ သူ့ဘ၀တစ်ခုလုံး အမဲရောင် အခြယ်ခံရအောင် ၀ိုင်းဝန်းမေးငေါ့ တွန်းပို့ကြပါတော့တယ် ( ကျွန်တော်တောင် Black Dream ကနေ နာမည်ပြောင်းရမယ့် အခြေအနေပါပဲ )
ဒီလိုတွေကြောင့် ယောကျာ်လေးအများစုရဲ့ စိတ်ထဲမှာ ငါ့ချစ်သူ အပျိုစစ်ရမယ်ဆိုတဲ့ အူကြောင်ကြောင်အတွေး အခေါ်ဟာ စတင်ဝင်ရောက် လာပါတယ်…။ ဒါဆို အဲ့လို အပျိုအစစ်လိုချင်ပါတယ်ဆိုတဲ့ အတောင်သုံးဆယ်ဝတ် ယောကျာ်းသားများကို ကျွန်တော်မေးချင်ပါတယ်…။
ခင်ဗျားတို့ရော လူပျိုစစ်ကြရဲ့လား…? ကိုယ့်ချစ်သူ မိန်းကလေးဟာ ဘယ်ယောက်ျားလေးနဲ့မှ အတူမနေဖူးခဲ့ရဘူး..။ ဘာ..။ ညာနဲ့…။ ခင်ဗျားတို့ ရော အဲ့ဒီ့ မိန်းကလေးနဲ့ ချစ်သူမဖြစ်ခင် ဘယ်လို မိန်မမျိုးနဲ့မှ အတူတူ မနေခဲ့ဖူးဘူးလား..?
အတ္တသိပ်မကြီးကြပါနဲ့…။ ငါက ယောကျာ်း ငါလုပ်ချင်တာလုပ်လို့ရတယ်..။ နင်က မိန်းမ လုပ်လို့မရဘူးဆိုတဲ့ ဖာရိုဘုရင် လက်ထပ်က အတွေး အခေါ်တွေကို ကျေးဇူးပြုပြီးတော့ ခေါစာပြစ်လိုက်ကြပါတော့..။ အခုက  ၂၁ ရာစုထဲကိုရောက်နေပါပြီ။  ဒါတွေဟာ မလိုအပ်ပါဘူး..။ မိန်းကလေးတစ် ယောက် အပျိုစစ်တယ် မစစ်တယ်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ သာမန်ယောကျာ်းလေးတွေ မပြောနဲ့..။ ကျွမ်းကျင်တဲ့ ပါရဂူ ဆရာဝန်ကြီးတွေ တောင် အတိအကျ မခွဲခြားနိုင်ပါဘူး..။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်တဲ့ ဘာမှအဓိပ္ပါယ်မရှိတဲ့၊ တန်ဖိုးမရှိတဲ့ အမှေးပါးလေး တစ်ခုမရှိ တော့ယုံနဲ့ ဒီ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လုံးဝ တန်ဖိုးမရှိရတော့ဘူးတဲ့လားဗျာ…?
အရေးကြီးတာက တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ သံယောဇဉ်၊ သစ္စာတရားတွေနဲ့ ခိုင်မာလှပတဲ့ မိသားစု ဘ၀လေးတစ်ခု ကို တည်ထောင်နိုင်ဖို့ပဲ မဟုတ်လား…?
ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ယောကျာ်းလို့ သတ်မှတ်ခြင်ရင် ယောကျာ်းဆန်တဲ့ အတွေးအခေါ်မျိုးတွေ တွေးကြပါ…။ ယောကျာ်းဆန်တဲ့ လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေချကြပါလို့ပြောချင်ပါတယ်…။ အရေးမပါတာကို အရာမပေးကြပါနဲ့လားဗျာ…။ No One Is Perfect ပါ….။
အခု ကျွန်တော် လူငယ်နဲ့ Life Stlye အကြောင်းအရာနဲ့ ပတ်သတ်လို့ ကျွန်တော့်အမြင်များကို တော်တော်လေး တင်ပြခဲ့ပြီးပါပြီ..။ စာဖတ်သူများ အနေဖြင့် သဘောတူတာတွေလည်း ပါနိုင်ပါတယ်..။ သဘော မတူတာတွေလည်း ပါနိုင်ပါတယ်…။ ကျွန်တော့်ဘက်က တစ်ဦးတစ်ယောက်ရဲ့ အမြင် ဖြစ်တာကြောင့် အားနည်းချက်များ၊ ချွင်းချက်များရှိရင်လည်း အပြုသဘော ထောက်ပြ ပြောဆိုနိုင်ပါတယ်။
ဒီနေရာမှာ ကျွန်တော် အနဲငယ် ဖြည့်စွက်ပြီးပြောချင်ပါသေးတယ်..။ “မင်းက ဒီလိုတွေ ဆရာကြီးလုပ်နေရအောင် မင်းက သူတော်ကောင်းလား..?ဒါမျိုးတွေ မင်းက မလုပ်ဖူးဘူးလား?” ဆိုရင်..။ ကျွန်တော် သူတော် ကောင်းမဟုတ်သလို…။ ကြောင်သူတော်..။ ကြွက်သူခိုး…။ သူတော်ကောင်း ယောင်လည်း တစ်ခါမှ မဆောင်ခဲ့ဖူးပါဘူး..။ ဒါတွေကို ကျွန်တော် ကိုယ်တိုင် လုပ်ခဲ့ဖူး၊ ကြုံခဲ့ဖူး၊ ခံစားခဲ့ဖူး၊ ရင်ဆိုင်ခဲ့ရဖူး၊ နာကြင်ခဲ့ရဖူးပါတယ်..။ ဒါကြောင့်လဲ ကျွန်တော်ခံစား ကြုံတွေ့ခဲ့ရသလိုတွေ မခံစား၊ မကြုံကြိုက်ရအောင် အခုအချိန်မှာ ကျွန်တော့်အနေနဲ့ အနုစိတ် မဟုတ်ပေမယ့် အသေးစိတ်နည်းပါး ရေးသား ရှင်းပြခြင်း လုပ်နေတာ ဖြစ်ပါတယ်..။ ကိုယ်တတ်နိုင်သလောက် အနေအထားနဲ့ အကြံဥာဏ်နှင့် နည်းလမ်းများကို ပေးနေခြင်းသာ ဖြစ်ပါတယ်..။ ကျွန်တော် ဆရာကြီးလုပ်နေခြင်း မဟုတ်ပါဘူး..။
ကျွန်တော်ပြောချင်တာတစ်ခုက အဝေဖန်တော့ မစောကြစေချင်ဘူး..။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ဆောင်းပါး မပြီးသေးလို့ပါ..။ ဒီတစ်ခန်းပဲ ပြီးသေးတာပါ..။  နောက်ထပ်ရေးမယ့် အကြောင်းအရာတွေဟာ အခြားအကြောင်းအရာတွေ ဆိုပေမယ့် ဒီအခန်းနဲ့ သက်ဆိုင်တာများ ပါရှိကောင်း ပါရှိလာဦးမှာ ဖြစ်တဲ့အတွက်…။ အခြေအနေ အချိန်အခါ လိုက်ပြီး ပြောင်းလဲတတ်တဲ့ Variable သဘောတရားတွေကြောင့် အရာရာမှာ နေရာနဲ့ အခြေအနေကို လိုက်ပြီး ချွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်..။ ဒါကြောင့် ဘာကိုမှ တရားသေ ဆုံးဖြတ်ချက်..။ သုံးသပ်ချက် မစောဖို့ကို ကျွန်တော် ကြိုတင်မေတ္တာရပ်ခံရင်းနဲ့ လူငယ်နဲ့ Life Stlye ခေါင်းစဉ်ကို ဒီမှာ ကျွန်တော် အဆုံးသတ်လိုက်ပါတယ်..။
“လူငယ်နှင့် Hang Out လုပ်ခြင်း၊ Date လုပ်ခြင်း နှင့် သမီးရည်းစားထားခြင်း” ဆိုတဲ့ အဲ့ဒီ့စကားလုံးတွေနဲ့၊ အခြေအနေ၊ အနေအထားတွေ မတူညီမှုများ အကြောင်းကို ကျွန်တော် နောက်တစ်ပိုင်းမှာ ဆက်လက် ဖော်ပြ ပါမယ်…။
Ref : ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၁)
Blog ကို Link လုပ်ထားတဲ့သူတွေ ဘယ်လောက်ရှိလဲ?
ဒီရက်ပိုင်း…။ အတိအကျဆို မနက်ဖြန် စာမေးပွဲရှိပါတယ်…။ တော်တော်တော့ ကြည့်ထားပြီးပါပြီ…။ ဘောလုံးပွဲပြောတာပါ…။ ဘရာဇီး၊ စပိန်၊ အီဂျစ်၊ အီရတ်၊ တောင်အာဖရိက…။ တစ်ပွဲမှကို မလွတ်သေးပါဘူး..။ အခု ဒီစာကိုရေးတဲ့အချိန်က နဲနဲစောနေသေးလို့ပါ..။ မနက်ဖြန်ဖြေရမှာဆို တော့ ပြီးတော့ မှပဲ ဆက်ကြည့်လိုက်ပါတော့မယ်..။ အီတလီနဲ့ အမေရိကန် ပွဲကိုပြောတာပါ…။
ဒီလိုပါ..။ အခုဒီမှာက စာမေးပွဲရာသီ ဖြစ်တဲ့အတွက် မေးကြမယ် ဖြေကြမယ် အစီအစဉ်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပနေကြပါတယ်..။ ဆရာတွေနဲ့ တပည့် တွေလဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်စွာဖြင့် ” မင်းနဲ့ငါ အောက်က Basketball ကွင်းထဲ ဆင်းထိုးမယ်” တို့…။ ” ငါ့ကိုယ်ငါ သတ်သေ ရမလား..။ မင်းတို့ဘာသာ မင်းတို့ သတ်သေမလားတို့…။” အဲ့လိုပါ…။ အခြေအနေကတော့ အေးအေးဆေးဆေး ချစ်ချစ်ခင်ခင်ပါပဲ..။ ဆရာတွေက အပြောသာဆိုး ကြတာပါ…။ စာမေးပွဲတကယ်ဖြေတဲ့အခါမှာတော့ စာစစ် ကြမ်းကြပါတယ်…။
အတူတူလာကြတာခြင်းကို ၃ နှစ်ပဲ တက်ရတဲ့ကျောင်းများက ပြန်မယ့် သကောင့်သားများက အလိုက်ကန်းဆိုးမသိစွာ အခုမှ စေတနာတွေ လာပိုပြ နေကြပါတယ်..။ ” မင်းညီမလေး အတွက် ဘာထည့်ပေးလိုက်ဦးမလဲတို့…..” “မင်းကောင်မလေးအတွက် စိတ်ချပါ..။ ငါကိုယ်ဖိ ရင်ဖိ စောင့်ရှောက် ထားပါ့မယ်တို့…” ” စောင်… မ…. ကြည့်ရှုပေးထားပါ့မယ်” တို့ စသည်ဖြင့် တစ်ယောက်တစ်မျိုးမရိုးရအောင်ကို စေတနာတွေ ပိုနေကြပါတယ်….။
ဒီကြားထဲ Site တစ်ခုရဲ့ အကူအညီနဲ့ AIDS ဖြစ်နေတယ်ဆိုပြီးဖွတဲ့သူကဖွ၊ လူလစ်တုန်း အိမ်သာထဲက ရေတွေခိုးသောက်ပါတယ်ဆိုပြီး ကြပ်တဲ့သူ က ကြပ်…။ အဲ့လို အခြေအနေတွေကလည်းရှိပါတယ်..။ ကိုယ်က ဒီသတင်းကို ကြိုသိပြီးသားဖြစ်နေလို့သာ ခံသာပါတယ်..။ အဲ့လိုသာ မဟုတ်လို့ ကတော့ မျက်ကလူးဆန်ပြာနဲ့ လုံးပါးပါးရပါလိ့မ်မယ်…။ ကိုယ်ပညာပြလိုက်လို့ ခံစားသွား ရတဲ့သူတွေလည်း ကိုယ့်အကြောင်း ကိုယ်သိပါက ဒီမှာ ကော်မန့် ရေးပြီး ဂုဏ်ယူနိုင်ပါတယ်..။   ဘယ် Site လဲ? ဘယ်လို လုပ်တာလဲ? လာမမေးပါနဲ့..။ ပြန်ကစ်မယ့်သူတွေက ကီးဘုတ် တပြင်ပြင်နဲ့ စောင့်နေတဲ့အတွက် မပြောတော့ပါ…။ သိတဲ့သူတွေ သိပါတယ်..။
အဲ့လို အဲ့လို အခြေအနေတွေက သာယာနာပျော်ဖွယ်တွေ ဖြစ်နေပါတယ်…။ ဒါနဲ့ပဲ ဒေါသထွက်တိုင်း မဲစရာရှိ လှိမ့်မဲလို့ရတယ် ကွန်ပျူတာကိုပဲ ဖိဖိ မဲ ရပါတယ်..။ ကိုယ်က နဂိုကတည်းက အမဲ…။ သူကလဲ အမဲ…။ ဒေါသကအမဲ…။ အမဲပေါ်အမဲ ဆင့်သွားတဲ့သကာလ…။ မထင်ရင် မထင်သလို ကွန်ပျူ တာက အာခံတဲ့ အနေနဲ့ Ham ပြပါတော့တယ်…။
ဒါပေမယ့်…။ အဲ့ဒီ့မှာ မထင်မှတ်ပဲ သိထားသင့်တဲ့ Site လေးတစ်ခု သွားတွေ့လိုက်ပါတယ်…။ နာမည်ကြီး Web Studio တွေရဲ့ နေ့စဉ်နဲ့အမျှထွက် နေတဲ့ အခကြေးငွေနဲ့ ပေးဝယ်ရတဲ့ အမျိုးမျိုးသော Template တွေ  Theme တွေ၊ Script တွေကို  Free Download ချလို့ ရတဲ့ Site ၊ ထွက်သ မျှ ရုပ်ရှင်ကားတိုင်းကို ဒီနေ့ထွက် မနက်ဖြန် DVD quality နဲ့ FREE ချလို့ရတဲ့ Site၊ ရှိသမျှ အင်္ဂလိပ်သီချင်းအားလုံးကို နာမည်အလိုက် Free Download ချလို့ရတဲ့ Site၊ ကြိုက်တဲ့ နိုင်ငံကနေ မြန်မာနိုင်ငံကို Phone ကြိုက်သလောက် အလကား ခေါ်ဆိုလို့ရတဲ့ဆိုဒ်…။ ဟုတ်ကဲ့…။
အဲ့ဒီ့ Site တွေ တစ်ခုမှ မဟုတ်ပါဘူး..။ အဲ့ဒါတွေက ကျွန်တော် ဖြစ်ချင်တဲ့ဟာတွေကို ပြောတာပါ…။
ကျွန်တော် အခုတွေ့တဲ့ Site က Web Developing လောက၊ Blog လောကတို့မှာ ကိုယ်တိုင်ပါဝင်နေသူမဟုတ်ပါက သိပ်တော့ စိတ်ဝင်စားဖို့ မကောင်းပါဘူး..။ ဒါပေမယ့် Web Developer တွေ၊ Blogger တွေအတွက်ကတော့ ရင်ခုန်စရာကောင်း (မယ်ထင်) တဲ့ Site လေးတစ်ခုပါ..။
စာမေးပွဲရှိလို့ အရင်လို Essay တွေ မရေးဖြစ်သေးပေမယ့်..။ စာလာဖတ်ကြတဲ့သူတွေ၊ ဖွက်ထားတဲ့ ဆီဗုံးကို အညှိုးတကြီးလာရှာနေတဲ့သူတွေ၊ ဒီအ မဲကောင် ဘာတွေလုပ်နေလဲဆိုပြီး အပြင်ပန်းသာစိတ်မ၀င်စားယောင်ဆောင်ပြီး လာလာချောင်းကြည့်ကြတဲ့သူတွေအတွက် တစ်စုံတစ်ခုသော…။ အကျိုးကြီးကြီးမားမား မဟုတ်တောင်..။ စိတ်ဝင်စားဖွယ်ရာကောင်းမှာတော့ သေချာပါတယ်..။
ပေါက်ကရတွေ လျှောက်ပြောတာ တော်တော်များသွားပါပြီ..။ အမှန်က တစ်ကယ်ရေးရင် စာကြောင်းလေး  တစ်ကြောင်း နှစ်ကြောင်း လောက်ပါ..။ အဲ့လို စာတစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ပို့စ်တစ်ခု မတင်ခြင်တာက တစ်ကြောင်း..။ ဘာရယ်မဟုတ်ဘူး ဖတ်လိုက်တဲ့သူတွေ ပေါ့ပေါ့ပါးပါးနဲ့ မဟူရာမဲမှောင်မှောင်နက်တို့ ဘယ်လိုတွေ ပျားတုပ်နေတဲ့အကြောင်း သိအောင်က တစ်ကြောင်း၊ ပျော်စေခြင်တာကတစ်ကြောင်း၊ Essay ရေးနေကြ ဆိုတော့ အကျင့်ပါပြီး လေကြော ရှည်နေတာကတစ်ကြောင်း…။ နောက်ဆုံးကတော့ တကယ်သိစေချင်တာက တစ်ကြောင်း (ဆရာကြီးလုပ်ချင်လို့ တင်တယ်လို့ထင်လဲ မပြောလိုပါ) စုစုပေါင်း….။ ၁ ၂ ၃ ၄ …။ ဟုတ်ကဲ့ ၅ ကြောင်းပါ…။ အဲ့ဒါကြောင့် အခုလိုရှည်သွားခြင်းဖြစ်ပါတယ်…။
အခုကျွန်တော် ပြောပြချင်တာကတော့ Who Link To Me ဆိုတဲ့ Site လေးအကြောင်းဖြစ်ပါတယ်..။ ကိုယ့် Site, Blog, Forum, Online Magazine, Online Radio စတဲ့ ဘယ် Site ကိုမဆို…။ Link ပေးထားတဲ့သူတွေ…။ Refer လုပ်ပေးထားတဲ့ Link အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကို စစ်နိုင်တဲ့…။ သို့မဟုတ်..။ သိနိုင်တဲ့ Site လေးပါ…။ တစ်ကယ် အရေအတွက် မှန်လားမမှန်လားကတော့ ဦးပေါ်ဦးပြောသလိုပါပဲ..။ မယုံရင်တော့ လိုက်သာရေကြည့်ကြပါ…။
သူတို့က ဒီလို Service ပေးထားတယ်ဆိုတာလဲ Link များများကိုယ့်ကို Refer လုပ်ပေးထားတဲ့အပေါ်မှာ မူတည်ပြီး အဆင့်သတ်မှတ်တဲ့ Google Page Rank တက်ချင်တဲ့အတွက် ဒီ Service ကိုပေးထားပုံရပါတယ်..။ ဘာလို့လဲဆိုတော့ ကိုယ့် Site ကို Link ထားတဲ့သူဘယ်လောက်ရှိလဲ သိဖို့ သူ့ Link ကို Add ရတယ်လေ..။ ကျွန်တော်ကတော့ အဲ့လိုပဲထင်ပါတယ်..။
လုပ်နည်းကလွယ်ပါတယ်..။ အခု ကျွန်တော်ပေးထားတဲ့ Code လေးကို ကိုယ့်ရဲ့ Site ဒါမှမဟုတ် Blog ရဲ့ အဆင်ပြေတဲ့နေရာမှာ ထည့်ပေးလိုက်ပါ။ Sidebar မှာပဲထည့်ထည့်၊ Template ထဲမှာပဲထည့်ထည့် ကြိုက်တဲ့နေရာမှာထည့်လို့ရပါတယ်..။ ( Template ထဲထည့်မယ်ဆိုရင်တော့ ကြည့် တော့လုပ်ကြဦး..။ တော်ကြာ အထည့်မတော်လို့ Error တက်ရင် ကျွန်တော်နှင့် မဆိုင်ပါ..။   ) ရိုးရိုးရှင်းရှင်း Sidebar မှာထည့်တာက ပြသနာ နဲ မယ်ထင်ပါတယ်…။ အောက်က Code လေးပါ..။
အဲ့ဒါလေးကို ထည့်လိုက်ပြီးတာနဲ့..။ ကိုယ့် Blog သို့မဟုတ် Site ကနေတစ်ဆင့် Click လုပ်ပြီးသွားကြည့်လိုက်ပါ..။ ကိုယ့် Site ကို ဘယ်နှစ် ယောက် Link လုပ်ပေးထားတယ်ဆိုတာ တွေ့ရပါလိ့မ်မယ်…။ အပေါ်က Link က ကျွန်တော် Cookie  ခိုးဖို့ Virus ထည့်တာမဟုတ်ပါဘူး..။ သူ့ရဲ့ Site မှာသွားယူလို့ရပါတယ်..။ ကြာနေမှာစိုးလို့ ဖော်ပြပေးထားတာပါ..။ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်တဲ့အတွက် အားလုံး အိုကေမယ် ထင်ပါတယ်..။
ကဲ…။ စမ်းကြည့်လိုက်ကြရအောင်…။ Link ကတော့ ဒီမှာပါ  www.wholinks2me.com
P.S- အားလုံး ကိုယ့်ကို Link လုပ်ထားတဲ့သူတွေ များများရှိကြပါစေလို့