• About Me
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)
    Kaluga 2010 (The End)
    February 24 , 2010 | 1,437 views
    ကျွန်တော်တို့ရဲ့ Kaluga 2010 ခရီးစဉ် ဒုတိယပိုင်းလေးဆက်လိုက်ရအောင်…။ ဒီနေ့ (၅.၂.၂၀၁၀) (Thanks Ko zkaungkhant for pointing my typing error :) ) ကတော့ မနက်ကနေညအထိ Schedule က အပြည့်ပါပဲ…။ အစီအစဉ်တွေအားလုံးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်တွေချည်းပါပဲ…။
    ဘာလို့လဲဆိုတော့ အဲ့ဒီ့နေ့က ကျွန်တော်တို့ရဲ့ နာမည်ကျော် ဓာတ်ပုံဆရာကြီး Dragonz (မိတ်ကပ်လိမ်းတဲ့ နဂါးကြီး) ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်လို့ပါ..။ သူနဲ့ ကျွန်တော်နဲ့က မွေးလတူလို့လားတော့မသိဘူး..။ အနုပညာကိုရူးသွပ်တဲ့နေရာမှာတော့ တော်တော်လေး တူကြပါ တယ်..။ ကျွန်တော့်ထက်စာရင် ဒီကောင်က ပိုပြီးတော့တောင် အနုပညာဆန်တယ်လို့ ပြောလို့ရပါတယ်..။ (အတည်နောက်တာပါ ဒီကောင်ကြီးက ရုပ်သာကြမ်းတာ..။ စိတ်ထားကတော့ တော်တော်ဆိုးပါတယ်..။ :D ) ကျွန်တော်က အလုပ်တစ်ခုလုပ်ရင် စိတ်မရှည်သလောက် ဒီကောင်က အလုပ်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ အသေးစိတ်လုပ်တတ်ပါတယ်..။ ကျွန်တော်က ၀လုံးတောင် ၀ိုင်းအောင်မရေးတတ် သလောက် ဒီကောင်က ပန်းချီ၊ ကာတွန်း ကောင်းကောင်းဆွဲတတ်ပါတယ်..။ စာတွေဘာတွေလည်းရေးပါတယ်..။ ဒါတွေက သိပ်မထူးဆန်း ဘူးလား? အိုကေ ဒါဆို ကျွန်တော် ထူးဆန်းတာလေးတစ်ခုပြောပြပါမယ်..။ အဲ့ဒီ့ နဂါးက Paper Art ( ရောင်စုံ ကဒ်ထူစက္ကူများကို သုံးကာ ဒီဇိုင်းတွေဖော်တဲ့ ပညာလို့ပဲ အကြမ်းဖျဥ်းသတ်မှတ်ကြတာပေါ့ ) ကို တော်တော်လေး ကျွမ်းကျင်ပါတယ်..။ အခု အောက်မှာ ဒီကောင်လက်ဆောင် ပေးဖို့လုပ်ထားတဲ့ Paper Art Design တစ်ခုကို ကျွန်တော် ရိုက်ပေးထားတဲ့ ပုံတင်ပေးထားပါတယ်..။ (Order မှာယူလိုပါက လက်လီလက်ကား လက်ခံပါတယ်တဲ့..။ :P )
    ဆိုတော့..။ သူမွေးနေ့အမှတ်တရ ဖြစ်ဖို့..။ ကျွန်တော်တို့ အဲ့ဒီ့မြို့မှာရှိတဲ့သူငယ်ချင်းတွေနဲ့ ချိန်းပြီး မနက်ပိုင်းမှာ နှင်းလျောစီးသွားကြပါတယ်..။ ကျွန်တော့်အတွက်တော့ တကယ့်ပထမဆုံး စလုပ်ဖူးတဲ့အလုပ်တစ်ခု အနေနဲ့ မှတ်တမ်းတင်သွားပါတယ်..။ ကျွန်တော်က ငယ်ငယ်ကတည်းက Skate (In-Line Roller) စီးတတ်တဲ့အတွက် အစပိုင်း ၁၅ မိနစ်လောက် ယိုင်တိုင် ယိုင်တိုင်စီးပြီးတဲ့နောက်မှာ..။ တော်တော်လေးအသားကျ သွားပါတယ်..။ လိပ် ရယ်..။ အကြိုင်ရယ်…။ ဂါးဂါးရယ်ကတော့ တပိုင်းပိုင်း တဗုန်းဗုန်းပါပဲ..။ (သိက္ခာချတာမဟုတ်ပါဘူး..။ အမှန်က အပုပ်ချတာပါ  :P ) ကျွန်တော်တို့အားလုံးရဲ့ နှင်းလျောစီးအနီးကပ် နည်းပြကတော့ ဒီနိုင်ငံက နိုင်ငံကျော်ကဗျာဆရာ ပူရှကင်နဲ့ တထေရာတည်းတူတဲ့ (အထူးသဖြင့် သူ့ရဲ့ လန်ထွက် နေတဲ့ Hair Stlye က ချွတ်စွတ်တူပါတယ်) ချစ်စရာနာမည်လေးကို ပိုင်ဆိုင်ထားသူ လီဆူးမပဲ ဖြစ်ပါတယ်..။
    ကျွန်တော်တို့သွားတဲ့ ခရီးစဉ်မှာပါဝင်သူတွေကတော့ ကျွန်တော်ရယ်..။ ဂါးဂါးရယ်..။ လိပ် (မ) ရယ်..။ အကြိုင် ရယ်..။ ပေါက်စီရယ်..။ လီဆူးမရယ်။ နောက်တစ်ယောက်ရယ်ပါ (ဒီကောင့် Nick Name ကတော့ အချင်းချင်း ဖဲ့သလိုဖြစ်နေမှာစိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး ;) ) စုစုပေါင်း (၇) ယောက်ပါ..။
    Skate စီးတုန်းက ဒူးလောက်ပဲ ညောင်းပါတယ်..။ အခု နှင်းလျော Skate မှာတော့ လက်က တုတ်ချောင်းနှစ်ချောင်းကို အားယူပြီးတွန်းရတဲ့အတွက် လက်မောင်းတွေပါ အီစလံဝေသွားပါတယ်..။ (စီးနေတုန်းကတွေးထားတဲ့အတိုင်းပဲ ညလည်းရောက်ရော လက်မောင်းတွေ ကိုက်ပါတော့တယ်..။) ဒီနေရာမှာ ကြုံကြိုက်လို့ နှင်းလျောစီးနည်း တက်ကနီကွီးလေး နဲနဲပေးလိုက်ပါမယ်..။ (Skate စီးတတ်ပြီးသူတွေကတော့ စက်ဘီးစီးတတ်တဲ့သူ ဆိုင်ကယ်စီးသင် သလောက်ပါပဲ) ဒူးနဲနဲကွေးပါ..။ ခါးနဲနဲညွတ်ပါ..။ ခန္ဓာကိုယ်ရဲ့ Weight ကို အတင်းအားမထည့်ထားပါနဲ့ (အတွင်းအားမသုံးပါနဲ့..။ သုံးပါက ချောနေတဲ့နှင်းပြင်ပေါ်မှာ ဖွတ်ကနဲ ဖင်ထိုင်လျှက်ကျပါလိ့မ်မယ်) စိတ်ကိုလျော့ထားပါ..။ နှင်းလျောစီးတဲ့အပြားနှစ်ခု Parallel ဖြစ်ဖို့ကို သတိထားပါ (မထားပါက ထိုအပြား နှစ်ခု ဝေးသွားလျှင် ပေါင်ပြဲကာ ကျော်မကောင်း ကြားမကောင်း ဖြစ်ပါလိ့မ်မယ်..။ ပူးသွားပါက ခြေထောက် နှစ်ချောင်းလိမ်ပြီးတော့ Blackie ကျ (Black Dream ကျ မဟုတ်ပါ) ကျပါလိ့မ်မယ်..။) ထို့နောက် တုတ်တံ နှစ်ချောင်းကို မိမိရဲ့နောက်နားခပ်ကျ ကျကိုထားကာ အားယူပြီးတွန်းပါ..။ အရှိန်မရခင် အနဲငယ် အားစိုက်ရပေမယ့် အရှိန်ရသွားတဲ့အခါမှာတော့ ဟပ်ထိုးလဲ..။ မှားလို့…။ သက်တောင့် သက်သာ တွန်းရုံနဲ့ ရွှီးကနဲ ရွှီးကနဲ သွားပါလိ့မ်မယ်…။
    ထိုကဲ့သို့ စနစ်တကျ (ကိုယ့်နည်းကိုယ့်ဟန်နဲ့) နာရီဝက်လောက် ထရိန်နင်ဆင်းပြီးသွားတဲ့အခါမှာတော့ ကျွန်တော်တို့ အားလုံးဟာ ဂျိန်းစဘွန်းနဲ့ ငါလား ငါလား စီးနိုင်လောက်တဲ့အခြေအနေကို ရောက်သွားပါတော့ တယ်..။ (မယုံပါက ညာသည်ဟု မှတ်ကြကုန်..)
    ဒီနေရာမှာ ဗဟုသုတအနေနဲ့ တစ်ခုပြောစရာရှိလာပါတယ်..။ ဒါကတော့ အအေးချိန်ပါပဲ..။ ကျွန်တော်တို့ နှင်းလျောသွားစီးတဲ့နေ့က ကျွန်တော် ထင်တာမမှားဘူးဆိုရင် အနှုတ် ၁၅ ရှိပါတယ်..။ (သေချာတာကတော့ အနှုတ် ၁၀ အောက်မရောက်ပါဘူး) တော်တော်လေး အေး တယ်လို့ယူဆလို့ ရပါတယ်..။ ဒီအတိုင်းလမ်းလျှောက်နေရင် လက်တွေ၊ နားရွက်တွေ၊ နှာခေါင်းတွေ ကိုက်လာသည်အထိ  အေးစေတဲ့ အအေးချိန်ပါ…။ ဒါပေမယ့် နှင်းလျှောစီးတဲ့အချိန်မှာကတော့ လူက ချွေးတွေတောင်စို့ပြီး ( စောချွေးတွေ၊ ကြောက်ချွေးတွေလားတော့ မသိပါဘူး :D ) တော်တော်လေး လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ အအေးဒဏ်ကို လုံးဝသတိမထားမိတော့ပါဘူး..။ ဒါကြောင့် ကျွန်တော့်အထင် ဒီဘက်အနောက်နိုင်ငံတွေ လို အအေးချိန်များတဲ့ နိုင်ငံတွေမှာ နှင်းလျောစီးကြခြင်းဟာ အပျော်အတွက်လည်းဖြစ်နိုင်သလို..။ ကျန်းမာရေး အတွက်လည်း အများကြီး အထောက်အကူပြုနိုင်တဲ့ အပန်းဖြေနည်းတစ်မျိုးအဖြစ် နှစ်သက်ကြခြင်းဖြစ်နိုင်ပါတယ်..။ (အစီးမတော်ရင်တော့ ကျန်းမာရေးမကောင်းပဲ အရေးပေါ် တော့ ရောက်သွားနိုင်ပါတယ်..) ဒီလိုနဲ့ ၃ နာရီခန့် ကလေးတွေနဲ့အပြိုင်အဆိုင် (ကလေးနဲ့တောင် မနိုင်ပါဘူး..။ လူကြီးဆိုရင်တော့ ပြောမနေပါနဲ့တော့) စီး ပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ ငှားထားတဲ့ တိုက်ခန်းကို ပြန်ကာ ညနေကျရင် ပြုလုပ်မယ့် ဂါးဂါးရဲ့ မွေးနေ့ အတွက် ကျွေးဖို့မွေးဖို့ ပြန်လည် ပြင်ဆင်ကြပါတယ်..။
    (more…)
    Cateogry : Article , Personal , Photo | 12 Comments
    ၂၅ နှစ်မြောက် အဓိပ္ပါယ်မရှိသောနေ့
    February 21 , 2010 | 1,295 views
    တကယ်လို့များ အတိတ်ဘ၀ဆိုတာ တစ်ကယ်ရှိခဲ့ပြီး..။ အဲ့ဒီ့အတိတ်ဘ၀တစ်ခုမှာသာ ကျွန်တော်ဟာ လူသားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုပါက…။ ဒီနေ့မှာ ကျွန်တော့်ရဲ့ (သူတို့အတွက်) ၂၅ နှစ်မြောက် ငွေရတုဝမ်းနည်းကျေကွဲခြင်း အထိမ်းအမှတ်တစ်ခုကို ပြုလုပ်ကောင်း ပြုလုပ်နေကြပါလိ့မ် မယ်…။
    တစ်ကယ်တော့ လူတစ်ယောက်ရဲ့ မွေးနေ့ဆိုတာဟာ…။ သူကိုယ်တိုင်ပါဝင်ဆင်နွဲခွင့်မရလိုက်တဲ့…။ အတိတ်ဘ၀က မိသားစုတစ်စုရဲ့ ၀မ်းနည်းကျေ ကွဲခြင်း နှစ်ပတ်လည်နေ့တစ်ခုပါပဲ…။
    ကျွန်တော်တို့ မွေးဖွားလာကြတယ်…။ ထို့နောက်..။ ကြီးပြင်းလာကြတယ်..။ ထို့နောက် အိုမင်းလာတယ်..။ နောက်ဆုံး သေဆုံးကြတယ်..။ ဘ၀ရဲ့ Process တွေဟာတကယ်ပဲရိုးရှင်းလှပါတယ်..။ တစ်စုံတစ်ခုကို ကျွန်တော်တို့ သေသေချာချာ စုပ်ကိုင်နိုင်ဖို့ကြိုးစားရင်း ကျွန်တော်တို့တွေ ဘာမှ မသေချာတဲ့လောကထဲမှာ စမ်းတ၀ါးဝါးနဲ့လမ်းပျောက်နေခဲ့ကြတယ်..။ ပူလောင်နေခဲ့ကြတယ်..။ မောဟိုက်နေခဲ့ကြတယ်…။
    ပြောင်းလဲတတ်တဲ့ လူတို့ရဲ့စိတ်တွေဟာ စက္ကန့်မလှပ် ကျွန်တော်တို့ကို လှည့်စားနေတတ်ကြပါတယ်..။ အထိမ်းအမှတ်နေ့စွဲတွေနဲ့ မွေးနေ့တွေ ကို သိပ်တန်ဖိုးထားတတ်တဲ့ ကျွန်တော်ပင်လျှင် အခုဆို ကိုယ့်မွေးနေ့ကို အပြီးအတိုင်မဟုတ်တောင်..။ တစ်ချက်တစ်ချက်မှာမေ့နေတတ်ခဲ့ပါပြီ…။
    အထူးသဖြင့် ကျွန်တော့်ရဲ့စိတ်တွေဟာ ဒီနှစ်မွေးနေ့မှာ အရင်နှစ်များကထက် ပိုမိုအေးစက်နေတတ်ခဲ့ပါပြီ..။ ကြည်လင်ခြင်းလဲ မရှိပါဘူး..။ ကျွန်တော် အရင်နှစ်တွေလို အိမ်ကိုဖုန်းဆက်ပြီး အဖေနဲ့ အမေကို မကန်တော့ ဖြစ်ခဲ့ပါဘူး..။ ကျွန်တော့်ဖုန်းဟာ Service Error ကြောင့် Incoming မရတော့တာကို ကျွန်တော်သိပေမယ့် သွားမပြင်ခဲ့ပါဘူး..။ ရလဒ်အနေနဲ့ ကျွန်တော့်မွေးနေ့မှာ ဖုန်းဆက်ပြီးဆုတောင်းကြမယ့် သူတွေ…။ Message တွေပို့ကာဆုတောင်းကြမယ့်သူတွေရဲ့ ဆုတောင်းတွေကို ကျွန်တော်မရနိုင်တော့ပါဘူး..။ ဒါပေမယ့် ကျွန်တော် ထွေထွေ ထူးထူး ခံစားရခြင်းမရှိတော့ပါဘူး..။
    အထူးဆန်းဆုံးတစ်ခုက ကျွန်တော် ဒီနေ့မှာ ကျွန်တော့်မွေးနေ့အတွက် ရည်စူးကာ စိတ်နယ်လွန် Post Modern ၀တ္ထုလတ်တစ်ခုကို တင်နိုင်ဖို့ အတွက် ညနေကတည်းက ထိုင်ရေးနေခဲ့ပါတယ်…။ အချိန်အားဖြင့် ၆ နာရီလောက် ကြာသွားပါတယ်..။ ဇာတ်လမ်းအားလုံးမပြီးခင် ၃ ပုံနှစ်ပုံလောက်မှာ ကျွန်တော်သေသေချာချာ Save လုပ်ခဲ့ပါတယ်..။ ဇာတ်လမ်း အားလုံးရေးပြီး သွားတဲ့အချိန်မှာတော့ မထင်မှတ်ပဲ ကျွန်တော့်စက် Over Heat တက်ကာ Shutdown ကျသွားပါတယ်…။ ကျွန်တော်ပြန်ဖွင့်တော့ ကျွန်တော်ရေးထားတဲ့ ဖိုင်တစ်ခုလုံး ပြန်ရှာလို့မတွေ့တော့ပါဘူး..။ အမှန်ဆို အားလုံးမဟုတ်တောင် သိမ်းထားတဲ့ ၃ ပုံ ၂ ပုံစာလောက်တော့ ပြန်ရသင့်ပါတယ်..။ အခုတော့ ဖိုင်တစ်ခုလုံးပျောက်သွားပါတယ်..။
    သာမန်အားဖြင့်ဆိုရင် ဘာမှ ထူးထူးဆန်းဆန်းမရှိပေမယ့် အဲ့ဒီ့ ၀တ္ထုတိုထဲမှာ ဘယ်လိုစိတ်နယ်လွန်တွေနဲ့ သေခြင်းတရားကို ရေးထားတယ်ဆိုတာ ကျွန်တော်အသိဆုံးမို့ ကျွန်တော့်အတွက်တော့ ဒီဝတ္ထုတိုဆုံးရှုံးသွား ခြင်းဟာ တော်တော်လေးတော့ ထူးဆန်းနေခဲ့ပါတယ်..။ အစက ပြန်ရေးဖို့ ကျွန်တော့်အတွက် အချိန်လည်းမရှိတော့သလို..။ စိတ်လဲမပါတော့ပါဘူး..။ ဒါကြောင့် အဲ့ဒီ့ ပျောက်ဆုံးသွားတဲ့ ၀တ္ထုတိုအစား နောက်များမှပဲ ကျွန်တော် ၀တ္ထုရှည်တစ်ပုဒ် ပြန်လည် ဖန်တီးပြီးရေးပါတော့ မယ်..။
    နောက်တစ်ခုက အခု ဒီနှစ် ကျွန်တော့်မွေးနေ့မှာ ကျွန်တော့်ရဲ့ Blog ဟာ Visitor ၅ သောင်းကျော်ခဲ့ပါတယ်..။ အထူးအဆန်းတစ်ခုမဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ဘလော့ကပေးတဲ့ မွေးနေ့လက်ဆောင်တစ်ခုအဖြစ်မှတ်ယူလိုက်ပါတယ်…။
    အရင်နှစ်တွေကလို သေသေချာချာ ပြင်ဆင်ပြီး အလေးအနက်ထားမလုပ်ပေးနိုင်တဲ့အတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး…။
    ကဲ…။ စိတ်ညစ်စရာတွေထားလိုက်ဗျာ…။
    ကျွန်တော် ဒီနေ့ ၂၅ ပြည့်ပါပြီ…။ လူ့ဘ၀ရဲ့ အရေးပါတယ်လို့ လူတွေသတ်မှတ်တဲ့ အသက်အရွယ် အချိုး အကွေ့တစ်ခုကို ရောက်ခဲ့ပါပြီ…။ အရှေ့မှာ ဘယ်လိုစိတ်ခေါ်မှုတွေ..။ ရင်ဆိုင်မှုတွေနဲ့ ဆက်တွေ့ရဦးမလဲ..။ ဘ၀ကတော့ ဇာတ်ရှိန်မြင့်ပြီးရင်း မြင့်လာပြီလို့ ပြောရင်း…။
    P.S- အဖေနဲ့ အမေ့ကိုတော့ စိတ်ထဲကနေပဲ မှန်းပြီး ဦးချကန်တော့လိုက်ပါတယ်…။
    Cateogry : Personal | 30 Comments
    Kaluga 2010 (Part-1)
    February 18 , 2010 | 899 views
    မနေ့က Essay တစ်ပုဒ်တင်ထားတယ်ဆိုတော့…။ ဒီနေ့အဖို့တော့ ပထမဆုံးအပြောင်းအလဲ တစ်ခုအနေနဲ့..။ စိတ်ရှုပ်စရာတွေ..။ ခေါင်းမူးစရာတွေ မရေးတော့ဘူးဗျာ..။ အခု ကျွန်တော်စဉ်းစားထားတာက အရင်လို Essay တွေ Article တွေချည်းပဲ ဆက်တိုက်တင်မနေတော့ပဲ တစ်လှည့်စီ အပြောင်းအလဲလေးနဲ့ တင်သွားမလား လို့ပါ..။ သိတဲ့အတိုင်း အဲ့လိုတွေချည်းတင်မယ်ဆိုလည်း ပို့စ်တစ်ခုနဲ့တစ်ခုက တစ်ကမ္ဘာလောက်စောင့် ရတာ..။ ကျွန်တော်ကလည်း ပွားချင်တဲ့နေရာမှာ No 2 ဆိုတော့ သိပ် Key မကိုက်ဖူး..။ Essay တွေ Artilce တွေလို အပြင်းစားကြီးတွေ ဖတ်မှ ကျွန်တော်တို့ ဦးနှောက်တွေက ရွှင်လန်းမှာမှ မဟုတ်တာ..။ တစ်ခါတစ်လေ တွတ်ပီစာအုပ်ပဲဖြစ်ဖြစ်..။ ၀ိဇာကာတွန်းကပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ နေ့ရက်တွေကို ရွှင်လန်းစေတယ်ဟုတ်? Right..? ဒါဆို လာကြဗျာ..! ကျွန်တော်နဲ့ အတူ ပေါ့ပေါ့ပါးပါး ခရီးလေး တစ်ခုလောက် ထွက်လိုက်ရအောင်…။ ;)
    ဒေသန္တရ ဗဟုသုတလေးဘာလေးလဲ ယူရင်း…။ ကျွန်တေf်ရိုက်လာတဲ့ ပုံလေးတွေလည်း ခံစားကြည့်ကြတာပေါ့။ အရင်က တိုးလို့တွဲလောင်းနဲ့ ရေးဖို့ကျန်နေတဲ့ သို့ ယူရယ်တောင်တန်းများ ကိုလည်း အဲ့ဒီ့တုန်းက ရေးသလို ခရီးသွားမှတ်တမ်းသဘောမျိုးနဲ့မဟုတ်ပဲ အခုလို ပုံလေးတွေနဲ့ ကျွန်တော်နဲ့အတူ ပျော်ပျော်ပါးပါး ခရီးသွားလို့ရအောင် ပြန်စီစဉ်ပြီး တင်ပေးပါ့မယ်..။ ဒီကြားထဲမှာ ဓာတ်ပုံရိုက်နည်း နည်းနည်းပါးပါးလည်း (ကျွန်တော် တတ်သလောက်လေး) ထည့်ပြီးပွားသွားလို့ရတာပေါ့..။ တစ်ချက်ခုတ်…။ အပိုင်းပိုင်းပြတ်ပေါ့…။ ;)
    ကဲ…။ ဒါဆိုလည်း လစ်လိုက်ကြစို့…။
    ဒီနှစ်ဆောင်းရာသီကတော့ Media တွေရဲ့အပြောအရ နှစ်ပေါင်းသုံးဆယ်အတွင်း အအေးဆုံးနဲ့ နေပွင့်တဲ့ရက် အများဆုံးအဖြစ် မှတ်တမ်းဝင်သွား ပါသတဲ့..။ နွေရာသီ ပြီးကတည်းက ကျောင်းနဲ့ အဆောင်၊ အဆောင်နဲ့ကျောင်းကို တစ်နေ့ ၂ မိနစ်လောက် ခြေတိုအောင် လျှောက်လိုက်ရပြီးတဲ့ သကာလ..။ စာမေးပွဲပေါင်းများစွာကို ဆရာနဲ့ တပည့်..။ တပည့်နဲ့ဆရာ..။ ဆရာကဆရာလား..။ တပည့်က တပည့်လား..။ ဘတစ်ပြန်၊ ကျားတစ် ပြန် အပွဲပွဲနွှဲကာ အောင်ပွဲဆင်ပြီးတဲ့သကာလ…။ ပထမနှစ်ဝက်ရဲ့ ကျောင်းပိတ်ရက် ရွှေရောင်ကာလကြီးသို့ ဆိုက်ရောက်လာခဲ့ပါတယ်…။
    သို့ကလိုဆိုရင်ပဲ…။ ကျောင်းမဖွင့်ခင်ကတည်းက စီစဉ်ထားသော (သိပ်တော့ သွားချင်ပုံမရပါဘူး :D ) Kaluga ခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ လုပ်ပါတော့တယ်..။ ဟိုမှာရှိတဲ့ သူငယ်ချင်းတွေကို ဒုက္ခမပေးချင်တာက တစ်ကြောင်း။ (နောက်ပိုင်းတွေ ဖတ်ပြီးတဲ့အခါကျမှ ဒုက္ခမပေးချင်လို့ပဲ တော်တော့တယ်လို့ မေတ္တာမပို့ ကြပါနဲ့ :D ) လွတ်လွတ်လပ်လပ် ဇယားလေးတွေခင်း..။ ဟုတ်ပါဘူး..။ ဓာတ်ပုံတွေ ရိုက်ချင်တာက တစ်ကြောင်း ကြောင့် အိမ်ခန်းတစ်ခုကို အဲ့ဒီ့မြို့မှာရှိတဲ့ ဆရာမ (ဆရာမဆိုပေမယ့် သက်တူရွယ်တူ သူငယ်ချင်း တွေလိုပါပဲ ) ရဲ့ အကူအညီနဲ့ ဈေးသက်သက်သာ သာ ငှားလိုက်ကြပါတယ်..။ ဒီလိုနဲ့အစစအရာရာ အားလုံး စီစဉ်ပြီးတဲ့နောက်မှာတော့…။
    မနက် ၆ နာရီ က ထွက်မယ်ဆိုပြီး စီစဉ်ထားသော်လည်း….။ မိတ်ကပ်လိမ်းနေသော Facebook တွင်နာမည် ကြီးနေသည့် ဓာတ်ပုံနှင့် Paper Art ပညာရှင် Dragonz (နာမည်အရင်းမှာ – အစိုး) …။ ထို မိတ်ကပ်လိမ်းသော Dragonz (ကြားမကြားဖူးပေါင်..။ နဂါးမိတ်ကပ်လိမ်းတယ်လို့) အား မိတ်ကပ်ပိုင်းဆိုင်ရာ အနီးကပ် တာဝန်ယူ ကြီးကြပ်ပြင်ဆင်ပေးနေသော မာမီကြိုင် (ခေါ်)အကြိုင်…။ သွားခါနီးလာခါနီးအထိ ဆိုင်ရာပိုင်ရာ မနှဲကြီး..။ အဲ..။ မမကြီးထံမှ ခရီးသွားခွင့် အမိန့်မရသေးသော မာမီလိပ်(မ) ခေါ် အထွန်း …။ စသည်ဖြင့် ၎င်းတို့၏ ကိုယ်စီ ကိုယ်စီ အရေးကြီးတာဝန်နဲ့ ၀တ္ထရားများ ပြီးပြတ်သည်ကို စောင့်ရင်း မနက် ၉ နာရီ (ကို ၅၅ မိနစ်လေးပဲ စွန်းပါတယ်) ကျော်တွင် စတင်ထွက်ခွာခဲ့ကြပါတယ်..။
    နှစ်နာရီခန့် ကားစီးပြီးတဲ့အခါမှာတော့ နှင်းတွေတမြို့လုံးဖုံးလွှမ်းကာလှပနေတဲ့ ကာလုဂါမြို့လေးသို့ စတင် ရောက်ရှိခဲ့ပါတော့တယ်..။ (အမှန်က တော့ တစ်နိုင်ငံလုံး နှင်းကဖုံးနေတာပါ..။ ကဗျာများ ဆန်မလားလို့ နဲနဲနုကြည့်တာ..။ :D )
    အောက် (ကဓာတ်ပုံ) ကိုကြည့်ပါ..။ ဒါကတော့ ကျွန်တော်တို့ ကားဆိုက်တဲ့ ဘူတာရုံပါ..။ ဟုတ်ဖူး…။ ဘူတာဆိုက်တဲ့ ကားရုံပါ..။ ဟင်..။ ကားဆိုက် တဲ့ ရထားရုံ..။ ရထားစီးတဲ့ ကားရုံ..။  ဟာ…။ ထားတော့..။ ကျွန်တော်လည်း မရေးတတ်တော့ဘူး..။ နှစ်ခုစလုံး အဲ့ဒီ့မှာ အတူတူဆိုက်တယ်..။ ဒီလိုပဲ သဘောပေါက် ပေးကြပါတော့..။ :D
    အဲ့ဒီ့မှာ ကားပေါ်ကဆင်းပြီး အူလည် အူလည် ဖြစ်နေတဲ့ ကျွန်တော်တို့ လူလယ် (လူလည်မဟုတ်ပါ) ၄ ယောက်ကို ညီငယ်တစ်ယောက်မှ လာကြိုသဖြင့် သူတို့အဆောင်သို့လိုက်သွားကာ..။ ကျွန်တော်တို့ လာမယ် ဆိုလို့ ၎င်းတို့၏ မျက်ရည်လေးများဖြင့် ချက်ပြုတ်ထားသော ကြက်အသဲ..။ ပဲဟင်း..။ ကြက်သွန်ချဉ် စသည့် စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံပါတော့တယ်..။ ကျွန်တော်တို့ ၄ ယောက် ထမင်းစားပုံအား ကြည့်ကာ သူတို့ရွာမှခွေးကြီး အောင်နက်အား သတိရသွားပုံရပါတယ်..။ ကျွန်တော်တို့ကို ချက်ကျွေးတဲ့သူရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေတောင် စို့လို့(ငါတော့ ဒီလ ခေါက်ဆွဲခြောက်တောင် နပ်မှန်ပါတော့မလားကွယ်)..။ ဂျယ်ကြီး..။ မှားလို့..။ ငယ်ကြီးခေါ် နေနေလေး ခမျာမှာလည်း သူ့ရေခဲသေတ္တာထဲက ထုတ်ပေးလိုက်ရတဲ့ ငွေရောင်နဲ့ အစိမ်းရောင် စပ်ထားတဲ့ ဗူးလေးတွေကိုကြည့်ကာ ပုဆိုးနဲ့ မျက်ရည် တွင်တွင်သာ သုတ် လို့နေပါတယ်..။ :P
    ပွဲတော်ဆက်နေတဲ့ ပုံတွေကတော့ ၇ ရက်သားသမီး အစားအသောက်တွေပျက်ကုန်မှာစိုးလို့ မတင်တော့ပါဘူး..။ ထိုကဲ့သို့ မသဓ္ဓါရေစာများကို အလိုက်ကန်းဆိုးမသိ စားသောက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ငှားထားတဲ့ အိမ်ကိုသွားရောက်ကာ ပစ္စည်းများကို စတည်းချ…။ ညနေဘာ လုပ်ကြမယ်ဆိုတာ အစီအစဉ်လေး ဘာလေးဆွဲ..။ (အမှန်က ဆွဲစရာမလိုပါဘူး။ ဟိုအဆောင်ကိုပဲသွားပြီး ညစာသွားစားရုံပါပဲ :D ) ဒီညတော့ လူတွေလဲကလည်းပြိုင်း..။ စားထား (သောက်ထား) တာတွေကလည်းများ…။ ခရီးကလည်းပန်းနှင့်..။ ပထမ လာတုန်းက အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဓာတ်ပုံရိုက်မယ့် အစီအစဉ်တောင် ဘယ်နားရောက်သွားမှန်းမသိတော့အောင်ပင် ပက်ပက်စက်စက် အနားယူ အိပ်စက်ကြပါတော့တယ်..။
    (more…)
    Cateogry : Article | 8 Comments
    ကျွန်တော်နှင့် သာမန်များ…
    February 17 , 2010 | 832 views
    ကျွန်တော်တို့သည် သာမန်နေ့ရက်တစ်ခုအဖြစ်…။ သာမန် မနက်ခင်းတစ်ခုတွင်…။ သာမန်လည်ပတ်နေသော သာမန် နာရီများနှင့်….။ သာမန် ပညတ်များကြားထဲ…။ သာမန်လူသားတစ်ယောက်အဖြစ်…။ တဖန်…။ သာမန် ပုံစံများအတိုင်း ပြန်လည်နိုးထလာခဲ့ကြ ပြန်လေသည်…။
    သာမန်သောက်နေကြ နွားနို့တစ်ခွက်သည်။ သာမန်ညှစ်နေကျ နွားမတစ်ကောင်ထံမှ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် ထိုသာမန်မဟုတ်သော သာမန် နွားနို့သည်..။ သာမန်အတိုင်း ညှီစိမ့်သော အနံ့အရသာ ရှိပါလိ့မ်မည်။ သာမန်အတိုင်း အလိုအလျှာက်ဟလာသော ပါးစပ်ပေါက်မှ တစ်ဆင့်..။ သာမန်အတိုင်း လည်ချောင်းအတွင်းသို့ စီးဝင်သွားသည်မှာ တကယ့် သာမန် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့၏ ခန္ဓာကိုယ်သည် သာမန်နေ့များလောက် နွားနို့ရဲ့ အဟာရကို လိုချင်မှ လိုပါလိ့မ်မည်။ သို့သော် သင်သည် သာမန်အတိုင်း Drill  တစ်ခုကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည် ဖြစ်စေ အလိုလျှောက်လုပ်နေမိကြောင်းကို သာမန်အားဖြင့် သိရှိမည်မဟုတ်ပေ..။
    သာမန်အတိုင်း ညှစ်လိုက်သော သင့်ရဲ့သွားတိုက်ဆေးဘူးသည် သင့်စိတ်ထဲတွင် ဘာမှ ထူးခြားမနေသော်လည်း…။ မနေ့က တိုက်ခဲ့သောသင့်ရဲ့ သွားတိုက်ဆေးဘူးထက် အနဲငယ် ကိုယ်အလေးချိန်ကျသွားကြောင်းကို သာမန်အားဖြင့် သင် သတိထားမိမည် မဟုတ်ပါ။ သင်သည် သာမန်အတိုင်း ပင် ရေချိုးခန်းရဲ့ နံရံမှာ ကပ်ထားသော မှန်အား ကြည့်ပေလိ့မ်မည်။ ထိုအခါ…။ ထိုမှန်သည် သင် ယခင်နေ့က အသုံးပြုခဲ့သော မှန်ထက် သာမန် အတိုင်း အနဲငယ် မှုန်ဝါးလာကြောင်း…။ သင့်ရဲ့ ဆံပင်များသည် သာမန်ထက် အနဲငယ်ပိုရှည်လာကြောင်း..။ သင့်ရဲ့ အရေပြားများသည် သာမန် အတိုင်း တစ်နေ့ထက်တစ်နေ့ တွန့်ကြေလာကြောင်း..။ သင့်ရဲ့ သက်တမ်းသည် သာမန်အတိုင်း ပိုမိုအိုမင်းလာကြောင်း…။ စသည့် သာမန်ပေါင်း များစွာအား..။ သာမန်အားဖြင့်…။ သင် လျှစ်လျှူ ရှုလိုက်ခြင်းမှာ သာမန်နေ့ရက်တစ်ခုရဲ့ သာမန်ရိုးကျ အစတစ်ခုပင် ဖြစ်သည်။
    သာမန်မနက်ခင်းတစ်ခုတွင်..။ သာမန်ပဲပြုတ်သည်တစ်ယောက်သည်…။ သာမန်အော်နေကြအတိုင်းအော်ကာ လှည့်လည်ရောင်းချနေနိုင်ပါသည်..။ သို့သော် ပဲပြတ်ရဲ့ ဈေးကတော့ မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှ ဖြစ်ပါလိ့မ်မယ်..။ ထိုနည်းတူ ထိုပဲပြုတ်သည်ရဲ့တောင်းထဲက ပဲပြုတ်တွေသည် မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှလည်း ဖြစ်ပါလိ့မ်မယ်…။ ပဲပြုတ်သည် ဆိုသော ပညတ်သည် သာမန် ဖြစ်သည်…။ သို့သော် ထိုပဲပြုတ်ကို ရောင်းသော သူရဲ့ မျှော်လင့်ချက်သည် မနေ့ကအတိုင်း သာမန် ဟုတ်ချင်မှ ဟုတ်ပါလိ့မ်မယ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်)..။ ထို့အတူ ပတ်ဝန်းကျင်သည် သာမန် မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) လေထုသည် သာမန်မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) ယဉ်ကျေးမှု သည် သာမန်မဟုတ် (မနေ့ကထက်ပို ညစ်ညမ်းလာပါတယ်)… ထို့ကြောင့် ယနေ့သာမန်များသည် သာမန် အားဖြင့် မနေ့က သာမန်များနှင့် တူသယောင်ယောင်ရှိသော်လည်း သာမန်အတိုင်း မနေ့က သာမန်များ မဟုတ်ကြတော့သည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်ပါသည်။
    Company ပေါင်းမြောက်များစွာကို သာမန်မဟုတ်သောနည်းလမ်းများဖြင့် ပိုင်ဆိုင်ထားသော သာမန်သူဌေးဟု သူ့ကိုသူထင်နေသော သူဌေးတစ်ယောက်၏ သာမန်အသုံးစရိတ်သည် သာမန်လူတန်းစား မိသားစု ပေါင်းများစွာ၏ သာမန်ရိုးကျ ရှာဖွေထားသော ငွေကြေးဥစ္စာတို့နှင့် သာမန်အတိုင်း အချိုးတူညီခြင်းမရှိသည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် ကျွန်တော်တို့ သာမန်အတိုင်း သတ်မှတ်လို့ ရနိုင်မည် မထင်။ ငွေစက္ကူသည် သာမန်အရွယ်အစားအတိုင်းဖြစ်သည်။ ငွေစက္ကူသည် သာမန်အလေးချိန်အတိုင်း ဖြစ်သည်။ ငွေစက္ကူသည် သာမန်အတိုင်း စုတ်ပြဲလေ့ရှိသည်။ သို့သော ထိုငွေစက္ကူရဲ့ တန်ဖိုးသည် ထူးခြားစွာ သာမန်တန်ဖိုးအတိုင်း ဖြစ်မနေသည်မှာ သာမန်အတိုင်း ဟုတ်ပါလေစ..။
    သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် ကော်ဖီတစ်ခွက်သည်…။ သာမန်မိသားစုတစ်စုရဲ့ သာမန် ထမင်းဝိုင်းပေါင်း ၁၀၀ ဖြစ်နိုင်သည်။ သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် အနှိပ်ခန်းကြေးသည်..။ သာမန် မိသားစု တစ်စု၏ သာမန် ဒဏ်ကျေဆေးဘူးပေါင်း သိန်းနှင့် ချီကာ ညီမျှသည်။ သာမန်မဟုတ်သော ထိုသူဌေးရဲ့ Hammer တစ်စီးသည် သာမန် မိသားစု တစ်စုလုံးရဲ့ ဖင်နောက်မှီးတစ်ပိုင်းပြတ်နေသော ရာဘာဖိနပ် ပေါင်း သန်းနှင့်ချီကာ ညီမျှသည်။ သို့သော် ဘာမှမတတ်နိုင်သော သာမန်လူများဖြစ်ကြသည့် ကျွန်တော်တို့သည် သာမန်အတိုင်းပင် လက်ပိုက် ကြည့်နေသည်မှ လွဲကာ ဘာမှ မတတ်နိုင်ကြခြင်းမှာလည်း သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။
    သာမန်ကြွေကျသွားသော ပန်းတစ်ပွင့်၏ ဇာတ်သိမ်းသည်…။ သာမန် ကျွေကြသင့်သည့် ရာသီဥတုတစ်ခု မဟုတ်ခဲ့သည်မှာ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ သာမန်ရိုးကျ သတ်မှတ်နိုင်ရန် အတော်ပင် ခက်ခဲပေလိ့မ်မည်။ ထို ပန်းပွင့်လေးတစ်ပွင့်၏ အညှာတိုင်သည် သာမန် ပန်းပွင့်များကဲ့သို့ ရှိသင့်သော ခံနိုင်ရည် အရည်အချင်းမပြည့်မှီသို့လော…။ သို့မဟုတ်…။ သာမန် ပန်းပွင့်လေးများ တိုက်ခတ်ခံရလေ့ရှိသော သာမန် လေပြေတို့ထက် ပြင်းထန်သည့် သာမန်မဟုတ်သော လေပြေတို့ပိုမိုတိုက်ခတ်ခြင်း ခံရသို့လော…။ သို့မဟုတ်…။ ထိုပန်းပွင့်လေး၏ အလှသည် သာမန် ပန်းပွင့်များ၏ အလှထက် ပိုမိုထူးကဲ၍ သာမန်မဟုတ်ကာ လှပနေသောကြောင့် သာမန်မဟုတ်သော လက်များ၏ ခူးခြွေ ချနင်းခြင်း (သို့မဟုတ်) ပန်ဆင်ခြင်း ကို သာမန်အတိုင်း ခံလိုက်ရခြင်းလော…။ ဒီအရာတို့သည် သာမန်ဖြစ်စဉ်များပင်လော..။ သို့မဟုတ် သာမန် မဟုတ်သော ဖြစ်စဉ်များလော…။ သို့သော် ထိုပန်းပွင့်လေးသည် သာမန် အနိစ္စ တစ်ခုရဲ့ သဘောကို သာမန်အတိုင်းပင် ရိုးရိုးလေး သက်သေပြခဲ့ သည်။ သူသည် သာမန်ဖူးပွင့်ခဲ့သည်…။ ထို့နောက် သာမန် ကြွေလွင့်သွားခဲ့သည်။ သို့သော် သူ့ရဲ့ လှပချိန် (သို့မဟုတ်) လှပခွင့် သက်တမ်းသည် သာမန်အချိန်ကာလထက် တိုတောင်းခဲ့ခြင်းကို ကျွန်တော်တို့ မျက်စိစုံမှိတ်ကာ သာမန် ဖြစ်ရပ်တစ်ခု အဖြစ်ပဲ သတ်မှတ်လိုက်ကြပါစို့…။
    (more…)
    Cateogry : Essay | 10 Comments
    သွေးပူ…
    February 16 , 2010 | 1,145 views
    အဟမ်း..။ အဟမ်း…။ စပွားပါမယ်…။
    စိတ်ထဲရှိတာတွေ လျှောက်ပြောချင်လို့ရေးတာပါ..။ ဘာအကျိုးမှ ရှိနိုင်မည် မဟုတ်ကြောင်း ကိုတော့ အတိအကျ အာမခံပါတယ် ..။ ;)
    ယုံချင်မှတော့ ယုံကြပါလိ့မ်မယ်…။ ကျွန်တော် ကိုယ့်ဘလော့ကို ကိုယ်တိုင် ဖွင့်မကြည့်တာ ၂ လကျော်သွားပါပြီ ။ ဘာကြောင့်ဖွင့်မကြည့် မိတာလည်း ဆိုတာကတော့ အကြောင်းမျိုးမျိုးကြောင့် ဖြစ်နိုင်သလို..။ ကျွန်တော် ကိုယ်တိုင်လည်း ဘာကြောင့်မှန်း တစ်ကယ်မသိနိုင်တာ ဖြစ်ကောင်းဖြစ်ပါ လိ့မ်မယ်..။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော် စာတွေရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ ကျွန်တော့်ဘလော့ကို ဘယ်တုန်းကမှ မပိတ်ခဲ့ပါဘူး…။ ဘာလို့လဲဆိုတော့…။ ကျွန်တော်ဟာ ဘယ်တော့မှ ကျွန်တော့် ဘလော့ဆိုတာကို ဖဲကြိုးဖြတ်ပြီး မဖွင့်လှစ်ခဲ့လို့ပဲ ဖြစ်ပါတယ်…။
    ဘာတွေလုပ်နေလဲ..? ဘယ်တွေပျောက်နေလဲ…? ဘယ်သူမှမမေးပေမယ့်…? ကိုယ့်ကိုယ်ကို နာမည်ကြီး လူသိများပြီးတော့ လူတွေ စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ပုံစံဖမ်းပြီး ပြောကြည့်ချင်ပါတယ်..။ အကြောင်းကတော့ ကျွန်တော် လိုင်းပြောင်းသွား (တစ်မျိုးမထင်ကြပါကုန်) လို့ပါ..။ အမှန်က လိုင်းကြောင်သွားတယ်လို့ ပြောလည်း ရပါတယ်..။ ကျွန်တော် အခု အုန်းသီးတစ်လုံးရထားပါတယ်..။ နေ့နေ့ညည ကျွန်တော် အဲ့ဒီ့ အုန်းသီးကို ကိုင်ကာ ဖင်တစ်ပြန်ခေါင်းတစ်ပြန်လေ့လာနေပါတယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ၀ါသနာတစ်ပင်ကနေ အခြားတစ်ပင်ကို ခဏခဏခုန်ကူးတတ်တဲ့ မျောက်တစ်ကောင်မို့ပါ..။
    အရာရာကို စိတ်ဝင်စားလွယ်တယ်…။ လေ့လာလွယ်တယ်…။ တတ်မြောက်လွယ်တယ်…။ ကျွမ်းကျင်လွယ်တယ်…။ ဒါပေမယ့်….။ ငြီးငွေ့လည်း လွယ်တတ်ပါတယ်…။ ဒါပေမယ့် ကျွန်တော့်ဘ၀တစ်လျှောက်မှာ ကျွန်တော် ဘယ်တုန်းကမှ ငြီးငွေ့မသွားတဲ့ အရာတွေ…။ ကျွန်တော့်ဘ၀ထဲက ဘယ်လိုမှ ထုတ်ပြစ်လို့မရနိုင် တဲ့အရာတွေကတော့ အများကြီးရှိပါတယ်…။ Romantic ဆန်ဆန်တွေ…။ နက်နက်နဲနဲတွေ မတွေးကြပါနဲ့..။ ကျွန်တော် အအိပ်၊အစားနဲ့ ဆေးလိပ်ကိုတော့ ဘယ်တုန်းကမှ မငြီးငွေ့ခဲ့ပါဘူး…။ အနှုတ် ၂၀ လောက်ရောက်နေတဲ့ နှင်းတောထဲမှာ ဘောလုံးကန်ရဲ လောက်တဲ့ သတ္တိမရှိတဲ့ ကျွန်တော်…။ အခုဆိုပေါင်ချိန်က ၁၅၀ ကျော်စပြုလာပါပြီ…။
    အခုဆို ပထမနှစ်ဝက်စာမေးပွဲပြီးလို့ ဒုတိယနှစ်ဝက် ပြန်စနေပါပြီ..။ ကျွန်တော်လည်း ကျောင်းသားတစ်ယောက် ဘ၀ကနေပြီးတော့ မကြာတော့တဲ့ ကာလမှာ ရရှိတော့မယ့် မဟာဘွဲ့အတွက် စာတမ်းပြုစုနေရတဲ့ လူတစ်ယောက်အဖြစ်သို့ စတင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်..။ တကယ်ကို အချိန်တွေက အကုန်အမြန်လှပါတယ်…။ ကျွန်တော်တို့တွေ တကယ်ပဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြတာ သိပ်ကို သိသာလွန်းပါတယ်…။
    ကျွန်တော့်ကို ရင်းနှီးတဲ့သူတွေက စာမရေးတော့ဘူးလားလို့မေးကြပါတယ်…။ တကယ်ဆို ဒီမေးခွန်းကို ကျွန်တော်ဖြေစရာ မလိုလှဘူး ထင်ပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်မှ စာရေးဆရာ တစ်ယောာက် မဟုတ်ခဲ့တာပဲ…။ ကျွန်တော် ဖန်တီးခဲ့တဲ့ Website တွေက ညီအစ်ကို မောင်နှစ်မတွေက မေတ္တာပို့ကြတယ်..။ သူတို့ တောင်းထားတဲ့ အကူအညီတွေ မပေးတော့ဘူးလားတဲ့…။ ကျွန်တော် တကယ်ပဲ မသိချင်ယောင် ဆောင် နေမိ ခဲ့တယ်…။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းအရင်းတော့ ကျွန်တော် အပေါ်မှာပြောခဲ့သလိုပဲ မရေရာလှပါဘူး..။ လူမှုရေး ခံစားချက်တွေ လည်းနဲနဲပါတယ်..။ ကိုယ်ပိုင်ခံစားချက်တွေလည်း နဲနဲပါတယ် (များသောအားဖြင့်တော့ တော်ရုံတန်ရုံလောက်နဲ့ ကျွန်တော် ကိုယ်ပိုင်ခံစားချက်ကို သိပ်ပြီး ဦးစားပေး ရှေ့တန်း တင်လေ့မရှိပါဘူး..။) လူမှုရေးညံ့ဖျင်းသောကာ စကားအပြောအဆိုမတတ်သော (ကျွန်တော်ညံ့တာထက် ပိုညံ့ကြပါတယ်) လူတွေကြောင့် လည်း ပါမယ်ထင်ပါတယ်..။
    ဒါပေမယ့် ဘယ်သူကမေးမေး…။ အားလားဆိုရင်တော့…။ လုံးဝပါပဲ…။ ကျွန်တော် မအားပါဘူး…။ ဘာလို့မအားတာလဲ…။ မအားချင်လို့ မအား တာပါ..။ ဘာလုပ်ရင်ကောင်းမလဲလို့ အချိန်နဲ့အမျှတွေးနေရတဲ့ အတွက် ကျွန်တော် မအားပါဘူး…။
    “မင်းအနုပညာသမားစစ်တယ်ဆိုရင် မင်းရေးမယ့်စာတွေကို လေးလေးနက်နက်စောင့်ဖတ်နေမယ့် စာဖတ်ပရိတ်သတ်ကို မင်းလေးစားသင့်တယ်။” အဟမ်း အဟမ်း..။ ကိုယ့်ကိုယ်ကို ဆရာကြီးအထာနဲ့ မေးကြည့်လိုက်တော့ ..။ ကျွန်တော်ဆိုတဲ့ ငတိက မချိုမချဉ်မျက်နှာနဲ့ တစ်လုံးပဲ သူ့ကိုပြန်မေးမိတယ်…။ ကျွန်တော့်ကို အနုပညာသမားလို့ ခင်ဗျားကို ဘယ်သူကအချွန်နဲ့ မလိုက်တာလဲ…?
    ဒီမေးခွန်းကို အတည်တကျမေးလာမယ်ဆိုရင် ..။ တစ်ကယ်လဲ ကျွန်တော့်မှာ ဖြေစရာမရှိပါဘူး..။ ကျွန်တော် ဘာလဲ..? အနုပညာသမားလား..? အင်ဂျင်နီယာလား…? စစ်သားလား…? ဓာတ်ပုံဆရာလား..? အားကစား သမားလား…? ကျွန်တော် ဘာလားမှ မဟုတ်ပါဘူး…။ ကျွန်တော်ဟာ ကျွန်တော်စစ်စစ်ဖြစ်ဖို့ ကြိုစားနေတဲ့ ကျွန်တော် မဖြစ်သေးတဲ့ ကျွန်တော် တစ်ယောက်ပါပဲ..။ ဒီ့ထက် ကျွန်တော့်မှာ ဘာမှ မပိုပါဘူး..။ ( တစ်ကယ်ပါ တစ်ခါတစ်လေ ကျွန်တော်လို့ ကိုယ့်ကိုယ်ကိုသုံးရတာတောင် မလုံမလဲ ဖြစ်မိတယ်..။ “တကယ်ရော မင်းကိုယ် တိုင်ဟုတ်ရဲ့လား? မင်းကိုယ်မင်း ပိုင်ရဲ့လား? ” လို့ အကြိမ်ကြိမ်တွေးမိပါတယ်..။)
    အာ…။ မရဘူး..။ အမြှီးကဆွဲ…။ ခေါင်းကဆွဲ…။ လူမှန်ရင် (လူမှန်မှန်၊ မမှန်မှန် လူတွေနဲ့မလွတ်ကင်းနိုင်သေးရင်၊ လူလို့သူတို့ကိုယ် သူတို့သတ်မှတ်ထားတဲ့ လူတွေရဲ့ အသိုင်းအ၀ိုင်းထဲမှာ နေနေသေးတယ်ဆိုရင်) တော့ အကြောင်းပြချက်တစ်ခုပေး..။ ဒါပဲ…။
    (more…)
    Cateogry : Personal | 19 Comments