• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    အိပ်မက် အမှတ် (၂၆)

    February 21 , 2011 | 599 views

    လူ့ဘ၀သည် အချိုးအကွေ့များနှင့် ပြည့်နှက်နေသော ၀င်္ကဘာတစ်ခုဖြစ်ကြောင်း ပြီးခဲ့တဲ့ Post တွင် ကျွန်တော်ရေးသားခဲ့သည်။ အမှတ်ရစရာများ များသ လောက်…။ မှတ်မှတ်သားသား တန်ဖိုးထားသင့်သည့် အရာများ၏ မူလတန်ဖိုးသည် တဖြေးဖြေးခြင်း ပိုမိုကျဆင်းလာခဲ့သည်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ ဒီကာလများသည် ပြီးဆုံးခဲ့ပြီ…။ သို့မဟုတ်…။ ယာယီအားဖြင့် ပျောက်ကွယ်သွားပြီ ဟုဆိုနိုင်ခဲ့ပြီ ဖြစ်သည်။

    လူတစ်ယောက်သည် တစ်သက်တွင် ဘယ်နှစ်ကြိမ်လောက် ဘ၀များကို ပိုင်ဆိုင်နိုင်ပါသနည်း…?

    လွန်ခဲ့သည့် ရက်ပိုင်းများက ဒီမေးခွန်းကို မေးခဲ့ပါက တစ်ကြိမ်သာ ဟု ကျွန်တော် ရိုးရှင်းစွာ ဖြေမိပေလိ့မ်မည်။ သို့သော် အခုချိန်တွင်တော့ ဒီအဖြေသည် ကျွန်တော့် အတွက် များစွာ လေးနက်မှု ရှိသွားခဲ့ပြီ ဖြစ်သည်။

    လွန်ခဲ့သော ၂၆ နှစ်က ကျွန်တော့်၏ ဖြစ်တည်မှုတစ်ခု စတင်ခဲ့သည်။ ဘုရားသခင်က ဖန်ဆင်းပေးခဲ့ခြင်းတော့ ဟုတ်မည်မထင်…။ မွေးနေ့ပေါင်း ၂၅ ခုကို ပုံစံအမျိုးမျိုး ဘ၀အမျိုးမျိုးဖြင့် ကျော်ဖြတ်ခဲ့ဖူးသည်။ အမှတ်ရဖွယ်ကောင်းသော မွေးနေ့များရှိခဲ့သလို…။ လွမ်းဆွေး အထီးကျန်ဖွယ်ကောင်းသော မွေးနေ့ပွဲများ လည်း ဖြတ်ကျော်ခဲ့ဖူးသည်…။ ဒီနှစ်တွင်မူ…

    မွေးနေ့ဆိုသော အရာသည် တကယ်တော့ ပညတ်တစ်ခုသာဖြစ်ပြီး..။ ဘာမှ ထူးထူးကဲကဲ အနှစ်သာရမရှိသော သာမန်ရက်စွဲတစ်ခုသာဖြစ်ကြောင်းကို ကျွန်တော် ကောင်းစွာ နားလည် ခံယူထားသူ တစ်ယောက်ဖြစ်ပါသည်။ သို့သော် လူတို့၏ သဘာဝအတိုင်း တစ်ခါတရံ မိမိကိုယ်ကို လှည့်စားချင်တတ်သည့် အကျင့်တစ်ခု ကျွန်တော့်တွင် အခြားသူများနည်းတူ ရိုးရိုးလေးရှိနေခြင်းမှာ ထူးထူးခြားခြား အံ့သြလောက်စရာ ကောင်းမည် မထင်…။

    နေ့ရက်တိုင်း နေ့ရက်တိုင်း..။ အချိန်တိုင်း အချိန်တိုင်းကို…။ သတိဖြင့် ဖြတ်ကျော်ခဲ့သူ…။ တန်ဖိုးရှိအောင် နေထိုင်ခဲ့သူများအဖို့..။ နေ့စွဲတိုင်းသည် ရက်ရာဇာသာ ဖြစ်နေပေလိ့မ်မည်…။ မိမိကိုယ်ကို ထူးကာ..။ ရူးကာ…။ လှည့်စားနေစရာ မလိုပေ…။

    သို့သော် ကျွန်တော်ကတော့ သာမန်လူသားတစ်ယောက် ပီသစွာ ရူးနေမိပါသည်…။

    ***********************

    ဒီနေ့ဟာ ကျွန်တော့်ရဲ့ ၂၆ နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။ သတ်တမ်းတစ်လျှောက် အမှတ်ရစရာမွေးနေ့များ များများစားစားမရှိခဲ့ပါ..။ ဖေဖော်ဝါရီ ၂၁ မှာ မွေးဖွား ခဲ့တဲ့ လူတစ်ယောက် ဖြစ်သည့်အလျှောက် ကျောင်းသားတို့၏ သဘာဝ …။ သူငယ်တန်းမှ ၉ တန်းအထိ အတန်းတင်စာမေးပွဲကာလထဲတွင် အမြဲ ရောက်ရှိနေခဲ့ ခြင်းသည်လည်း..။ အမှတ်ရစရာများကို နဲစေခဲ့ခြင်း၏ အကြောင်းတစ်ရား တစ်ခု ဖြစ်နိုင်ပေသည်…။

    ကျွန်တော့်ဘ၀တွင် လက်ချိုးရေနိုင်သော အမှတ်ရစရာမွေးနေ့ပွဲအချို့ရှိခဲ့ဖူးသည်…။

    ကျွန်တော့်ဘ၀၏ ပထမဆုံး အထီးကျန်အဆန်ဆုံး မွေးနေ့တစ်ခုကို ၁၇ နှစ် ပြည့်သည့်နေ့တွင် ချမ်းအေးလှသော ပြင်ဦးလွင်၏ အအေးဒဏ်များအောက်တွင် ပြင်းထန်သော လေ့ကျင့်မှုများကို မြိုချရင်း ကျိတ်မှိတ်ဖြတ်သန်းခဲ့ရဖူးသည်…။

    ဒီကြားထဲတွင်လည်း ထူးထူးခြားခြားမရှိခဲ့…။

    ၁၈ နှစ်ပြည့်မွေးနေ့တွင်တော့ အနည်းငယ်ထူးခြားသည်ဟု ဆိုနိုင်သည်။ တရားဥပဒေအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်..။ ကိုယ်ပိုင် ယုံကြည်ခွင့် ရရှိခဲ့ပြီ ဖြစ်သည့် အလျှောက်..။ ကျွန်တော့်သဘောနှင့် ကျွန်တော် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံတွင် မျက်ကြည်လွှာ သွားရောက် လှူဒါန်းခဲ့သည်…။

    ၁၉ နှင့် ၂၀ သိပ်မထူးခြားလိုက်ဟု…။ တောတောင် လျှိုမြောင်များအကြားတွင်…။ အလွန်ချစ်ဖို့ကောင်းသော ရဲဘော်ရဲဘက်များဖြင့် …။ ဆေးပေါ့လိပ်အတို တစ်လိပ်ကို လူ ၅ ယောက်လောက် စုပြုံဖွာကြရင်း..။ ကြည်လင်ကာ ကြယ်တွေစုံနေသော ကောင်းကင်ကို ကင်းတဲလေးထဲကနေ မျှော်ကြည့်ရင်း..။ ရေဒီယိုက ညပိုင်း လာတဲ့ ခေတ်ပေါ်တေး အချို့ကိုနားထောင်ရင်း…။ ကော်ဖီမစ် အရည်ကျဲကျဲ တစ်ခွက်နှင့် ကျွန်တော့်မွေးနေ့အတွက် သီးသန့်ပြုလုပ်ပေးတဲ့ ၀ါးကျည်ထောက် လေးကို စားရင်း ဖြတ်သန်းခဲ့ဖူးသည်…။

    ဈေးကြီးပေးရသော…။ ငွေကုန်ကြေးကျများသည့် စိန်ရောင် ရွှေရောင်များ တဖိတ်ဖိတ်လက်နေသည့် မွေးနေ့ပွဲကြီးများလောက်တော့ ခမ်းနားမှု ရှိကောင်းမှ ရှိပေလိ့မ်မည်…။ သို့သော်…။ ကျွန်တော့်အတွက်တော့ ကြည်နူးမှုနှင့်အတူ ညိမ့်ညောင်းစွာ ဖြတ်သန်းဖြစ်ခဲ့သော မွေးနေ့လေးတစ်ခုဖြစ်သည်…။ အဲ့ဒီ့ည ကျွန်တော့်ရဲ့ မွေးနေ့ပွဲလေးရဲ့ အလှကို ပိုပြီးအထမြောက်သွားစေသော အရာမှာ ကျွန်တော်တို့ မွေးနေ့ပွဲ ကျင်းပသောနေရာ ဖြစ်သည်…။ ထိုနေရာမှာ အခြားမဟုတ်…။ လုံခြုံရေးအရ လမ်းကင်းစောင့်နေရသော နေရာဖြစ်သည်..။ အခြားနေရာမဟုတ်…။ သချိင်္ုင်းကုန်း တစ်ခုဖြစ်နေခြင်းပင်…။ လွန်စွာ အနှစ်သာရ ရှိပေသည်..။ (သချိင်္ုင်းသည် တရုတ်သချိင်္ုင်းဖြစ်သည့် အပြင် ညနေကမှ လာချသွားသော ဈာပန တစ်ခုကြောင့် အုတ်ဂူပေါ်တွင်ထားခဲ့သော စောင်၊ ခြင်ထောင်နှင့် ခေါင်းဦးများသည်လည်း ထိုညက ကျွန်တော့်၏ မွေးနေ့ပွဲလေးကို နွေးထွေးစေခဲ့ဖူးသည်…။ သွားလေသူအား အလွန်ကျေးဇူးတင်မိသည်။)

    ၂၁ နှစ်မွေးပြည့်မွေးနေ့တွင်တော့ ကျွန်တော့်၏ အိပ်မက်များထဲမှ ဒုတိယ အဆင့်ဖြစ်သည့် အရာတစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့သည်…။ ပထမဆုံးအကြိမ် စတင် သွေးလှူဒါန်းခဲ့သည်…။ တပ်မတော် စစ်ဆေးရုံတွင်ဖြစ်ကာ…။ စားခဲ့…။ သောက်ခဲ့ဖူးသမျှသော..။ ငှက်ပျောသီးနှင့်…။ နွားနို့များထဲတွင်…။ ထိုနေ့က စားခဲ့ရ သော ငှက်ပျောသီးနှင့် နွားနို့သည် အရသာအရှိဆုံး ဖြစ်လာခဲ့သည်….။

    ၂၂ မထူးခြားပေ…။ မိဘများထံမှ ဆက်လာမည့် ဖုန်းသံတစ်ခုအား မိုင်ပေါင်း ၈၀၀၀ ကျော်က စောင့်စားရင် ညတစ်ခုကို ရိုးရှင်းစွာ ကုန်လွန်စေခဲ့သည်..။

    ၂၃…..။ အစ်ကိုတစ်ယောက် ကောက်ရခဲ့သည်…။ (ဟုတ်တယ်မလား ငါ့ကိုကြီး…) ။ အခြားသူမဟုတ် ကိုလင်းထက်ဖြစ်သည်…။ ကျွန်တော် လူမသိ သူမသိ ဘလော့စရေးကာစ ( အခုလည်းမသိကြပါဘူး..။ စကားလှအောင်နဲ့ လူရှိန်အောင် ထည့်ရေးတာပါ) ကျွန်တော့်အတွက် အမြဲအမှတ်ရစေခဲ့သော ပို့စ်တစ်ခု..။ ဒါမှ မဟုတ် လူမသိ သူမသိမှ..။ လူဆဲ သူဆဲ ခံစေခဲ့ရတဲ့ (ဆဲတယ်ဆိုတာလည်း အမျိုးအရင်းတွေကပဲ ဆဲတာပါ…။ အခြားသူတွေမဟုတ်ပါဘူး) ပို့စ်တစ်ခုကနေစခဲ့ ခြင်းပါ..။ သူပို့တဲ့ E-card လေးနဲ့အတူ အလွန်တရာ ခင်မင်ဖို့ကောင်းသော…။ ချစ်ခင်ဖို့ကောင်းသော…။ အနစ်နာခံသော ( Hosting ဖိုး ပြန်မပေးတော့ပါ ) အစ်ကို တစ်ယောက်အား ဘုရားသခင်က လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပေလိ့မ်မည်…။

    ၂၄…၂၅…။ ကိုလင်းထက်လိုပင်…။ ညီအစ်ကိုများသဖွယ် ချစ်ခင်ကြရသော..။ ကိုစိုးထက်၊ ကိုမိုးမောင်၊ ရဲအောင်သူ၊ မိုးသောက်ယံ၊ သားဖြိုး၊ Zox၊ Ogga စသည့် ညီအစ်ကိုများ..။ ပညာသင်နှစ်အတွင်း တစ်ခန်းထဲအတူနေခဲ့ကြသော..။ Korn Naung တို့ မင်းရဲ့ငါတို့၊ စစ်သွေးဇာနည်တို့၊ မျိုးသွင် တို့လို ညီငယ်များဖြင့် ကုန်လွန်စေခဲ့သည်..။ လွမ်းမောဖွယ်ရာ နှင်းညများပင် ဖြစ်ပေသည်…။

    ၂၆….

    ကျွန်တော့်ဘေး (တကယ့်ကို ကျွန်တော့်ဘေးပါ..။ အခုကျွန်တော်ပို့စ်ရေးနေတဲ့အချိန် သူက ကျွန်တော့်ဘေးမှာ Facebook သုံးနေပါတယ်..။) မှာ …။ ဘ၀တစ်ရှောက်လုံးစာ လက်တွဲရမည့် ကျွန်တော့်၏ Lady Black ရှိနေခဲ့ပြီ ဖြစ်သည်။ ကျွန်တော်သည်လည်း အရင်ကလို တစ်ကိုယ်ရေ တစ်ကာယ စိတ်ရူးပေါက်ရာ ထထလုပ်သော ဘ၀မျိုးကို နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည်..။ ကျွန်တော့်၏ ကောင်းမှု၊ ဆိုးမှုအားလုံးအား…။ နားလည်..။ သည်းခံ…။ နွေးထွေးစေခဲ့သော သူမ၏ နုလုံးခုန်သံ တို့သည် ကျွန်တော့်ဘ၀ အတွက် အားဆေးများ ဖြစ်လာခဲ့သည်….။ ထို့ကြောင့် ကျွန်တော် သူမအား အရမ်းချစ်ပါသည်။ (မျက်စိရှက်က ကျော်ဖတ်ကြပါကုန်..။)

    ထို့အတူ ကျွန်တော့်အမေနှင့် ကျွန်တော့်ညီမသည်လည်း ဒီညတွင် ကျွန်တော်နှင့် အတူရှိနေခဲ့သည်…။ အလုပ်မအားလပ်သော အဖေသာ ပါလာခဲ့လျှင် ဒီညသည် (သို့) ဒီမွေးနေ့ပွဲသည် ကျွန်တော့် ဘ၀အတွက် အပြည့်စုံဆုံး မွေးနေ့ပွဲ တစ်ခုဖြစ်ခဲ့ပေလိ့မ်မည်…။ သို့သော်..။ ရှိစေ..။ ကျွန်တော့်ဘေးတွင် သူမရှိသည်..။ သူမသည် ကျွန်တော့်၏ စိတ်ကူးများသာ မက၊ စိတ်ရူးများကို ပါ ကျွန်တော်နှင့် ကောင်းတူ၊ ဆိုးဖက် ဖြည့်ဆည်း အကောင်အထည်ဖော်ပေးဖို့ အချိန်ပြည့် အဆင်သင့် ရှိနေခဲ့ပြီ ဖြစ်သည်…။

    ဘယ်လိုပဲ ဖြစ်ပါစေ..။ ကျွန်တော်တစ်ယောက်ထဲ ယောင်ချာချာ ငေါဆင်းဆင်းဘ၀များတွင် ဖြတ်ကျော်ခဲ့ရသော မွေးနေ့ပွဲများတွင် ကျွန်တော့်ဘေးမှာ ရှိနေပေးခဲ့ကြ တဲ့ ကျွန်တော့် ညီအစ်ကို မောင်နှစ်မများ အားလုံးကိုလည်း အခုအချိန်မှာ လုံးဝ မမေ့ပါကြောင်းနှင့်…။ မော်စကို နှင်းညများက ကော်မန့်လှလှများကိုလည်း လွမ်းဆွတ် လျှက်ရှိနေပါသေးကြောင်း….။

    P.S- Leave me a lot of comments as my birthday presents :)

    Cateogry : Personal | 5 Comments

    ၁၂.၂.၂၀၁၁

    February 16 , 2011 | 499 views

    လူတစ်ယောက်၏ ဘ၀အတွက်…။ ဘ၀တစ်ခုလုံးစာ အမှတ်ရနေစေမယ့် နေ့မျိုး သိပ်များများစားစားမရှိနိုင်ပေ…။ ၁ နှစ်နေလို့ တစ်ခါ…။ ၅ နှစ်နေလို့ တစ်ခါ..။ ၁၀ နှစ်နေလို့ တစ်ခါ…။ ရှိရန် ခက်ခဲသည်။ ကျောင်းသားဘ၀ကို လွန်မြောက်လာပြီးသော ကျွန်တော်တို့လို အသက်အရွယ်မျိုးတွင် ပို၍ရှားပါးလာသည်။ ငယ်စဉ်က ခင်မင်ခဲ့ ကြသော၊ ချစ်ခင်ခဲ့ကြသော၊ သံယောဇဉ်တွယ်တာခဲ့ရသော…။ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် တဖြေးဖြေးဝေးကွာ သွားခဲ့ကြသည်။ ဆုံတွေ့ခွင့်များ ရှားပါးလာခဲ့ကြသည်။ အချို့….။ လုံးဝ ဆုံဆည်းခွင့်မရနိုင်ကြတော့ပေ…။ ထိုသူများအကြောင်းစဉ်းစားရင်း အတိတ်ကို အသစ်တစ်ဖန် ပြန်လည်ခံစားကြည့်ပါက များစွာ ၀မ်းနည်းဖို့ ကောင်းပေသည်။

    ကိုယ်ပိုင်ရည်မှန်းချက်..။ ယုံကြည်ချက်..။ မျော်လင့်ချက်များအတွက်…။ ကိုယ်စီကိုယ်စီ ဘ၀လမ်းကြောင်းများပေါ်မှာ ခြေဦးတည့်ရာ လျှောက်ကုန်ကြသည်။ အချို့လည်း ခရီးမှန်…။ လမ်းမှန်သည်။ အချို့လည်း ခရီးပျောက်…။ လမ်းပျောက်သည်။ ကိုယ်စီ ပြဌာန်းချက်များက အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ ဝေးကွာစေ ခဲ့သည်။

    ထိုကဲ့သို့ ဘ၀လမ်းအသီးသီးကို အချို့က တစ်ကိုယ်ရည် ဖြတ်သန်းကြသည်။ သို့မဟုတ် ဖြတ်သန်းနေဆဲဖြစ်သည်။ အချို့က ဘ၀အဖော်မွန်တွေနှင့် ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။ အားနည်းချက်..။ အားသာချက်တော့ ကိုယ်စီ ရှိကြပေလိ့မ်မည်။

    မည်သို့ပင်ဖြစ်စေ ထိုထိုသူ လူသားများအဖို့ ဘ၀အတွက် အမှတ်တရဖြစ်စရာ ရက်စွဲတစ်ခုကတော့ အမှန်တကယ်ပင် ရှားပါးသော ရတောင့်ရခဲ ဘုရားသခင်၏ ဆုလဒ် တစ်ခုပင် ဖြစ်ပေလိမ့်မည်…။ တစ်နည်းဆိုရသော်….

    Day Of My Life….

    ကျွန်တော့်အတွက် (အထူးသဖြင့် ကျွန်တော်တို့လို ဘ၀လမ်းကြောင်းတစ်ခုကို ရွေးချယ်ထားသော သူများအတွက်) ဒီလိုရက်မျိုးသည် အိပ်မက်ထဲပင် ထည့်မမက်ခဲ့ ဖူးပေ။ သို့သော် ကံကြမ္မာသည် တစ်ခါတစ်လေတွင် သနားညှာတာတတ်သော သဘောရှိပုံ ရလေသည်။

    ၁၂.၂.၂၀၁၁ ခုနှစ် သည် ၆၄ နှစ်မြောက်ပြည်ထောင်စုနေ့ ဖြစ်သည်။ ထို့အတူ ကျွန်တော်တို့ အ.ထ.က (၂) ကမာရွတ် (ယခင် St.Augustine) ကျောင်းသားများ၏ ၁၉၈၅ မှ ၂၀၁၀ ပညာသင်နှစ်အထိ ကျောင်းသားများအားလုံး၏ ဒုတိယအကြိမ်မြောက် ဆရာကန်တော့ပွဲနေ့လည်း ဖြစ်ခဲ့သည်။ ထို့အတူ… ကျွန်တော့်ဘ၀၏ မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့သော နေ့တစ်ခုလည်းဖြစ်သည်။

    ကျွန်တော်တို့ ကျောင်းသားဘ၀ကနှင့် လုံးဝကွဲပြားခြားနားသွားတဲ့ အရာပေါင်းများစွာ ကျွန်တော်တွေ့ခဲ့ရသည်…။ အဆောက်အဦးများ ခြားနားသွားသည်။ ခမ်းနားမှု များ ခြားနားသွားသည်။ လွတ်လပ်မှုများ ခြားနားသွားသည်။ ဆရာ/ဆရာမများ ခြားနားသွားသည်။ ဆရာ/ ဆရာမ များ၏ မျက်နှာပေါ်မှာ အရေကြောင်းများ ခြားနား သွားသည်။ ဆရာ/ ဆရာမများ၏ မျက်ဝန်းမှ တလဲ့လဲ့ထနေသော အရောင်များ ခြားနားသွားသည်။ ကျွန်တော်တို့ ကျောင်းသားများလည်း ထိုနည်းတူပင်…။ အရပ် အမောင်းများ ခြားနားသွားသည်…။ ကိုယ်လုံးကိုယ်ပေါက်များ ခြားနားသွားသည်…။ အ၀တ်အစားများ ရောင်စုံထနေခဲ့ပြီ…။ ထို့အတူ စိတ်များသည်လည်း ခြားနား သွားခဲ့ပြီ ဖြစ်သည်။

    ဆရာကန်တော့ပွဲသည် မနက်ပိုင်းဖြစ်သည်…။ ညနေပိုင်းသည် ကျွန်တော့်၏ ဘ၀သစ်ကူးချိန်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တစ်ခုစဉ်းစားမိသည်။ ဘ၀သစ်မကူး မှီ ဆရာ/ ဆရာမ များကို ဦးချကန်တော့နိုင်ခဲ့ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပေလိ့မ်မည်။

    ဘ၀အတွက် ဘယ်လိုမှ မမေ့နိုင်စရာ နေ့စွဲ တစ်ခု ပင်ဖြစ်ခဲ့ပေသည်။

    P.S- ၁၀ နှစ်နီးပါး ပျောက်ဆုံးနေခဲ့သော အပြုံးတစ်ခုကို ထိုနေ့က ကျွန်တော် ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။

    Cateogry : Personal | 4 Comments

    သံသရာ၊ ကွေ့၊ အနာဂတ်နှင့် အနက်ရောင်အိပ်မက်

    February 11 , 2011 | 402 views

    တစ်ကယ်ဆို ဘ၀သည် ဘာမှ ထူးထူးခြားခြား အံ့သြစရာ မကောင်းသော မျက်လှည့်ပွဲတစ်ခုဖြစ်သည်။ ကျွန်တော်တို့ ဘ၀ကိုယ်စီတွင် တစ်ခါတစ်ရံ ကြိုတွေးထား သည့် အတိုင်း ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ကြိုမတွေးထားသည်များ ဖြစ်တတ်သည်။

    ကျွန်တော်တို့သည် ကံကြမ္မာကို ဖန်တီးဖို့ ကြိုးစားကြသည်။ ဖန်တီးကြသည်။ တစ်ခါတစ်ရံ ကံကြမ္မာသည် ကျွန်တော်တို့အား ဖန်တီးသောအခါ မှင်သက်တုန်လှုပ် လေ့ ရှိကြသည်။ အတုံ့နှင့်အလှည့်သည် ဒင်္ဂါးပြားတစ်ခု၏ မျက်နှာပြင်နှစ်ဘက်ကဲ့သို့ အစဉ်ဒွန်တွဲလျှက်ရှိကြောင်း ကျွန်တော်တို့ မကြာခဏ မေ့နေလေ့ရှိကြသည်။

    ဘုံလုံသီးကိုလည်း ကျွန်တော် မစားဖူးပေ..။ ထို့အတူ ငါးပျံကိုလည်း မမြင်ဖူးပေ..။ ထို့ကြောင့် ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဟူသော စကားပုံကို ကျွန်တော် နားမလည်ပေ။ မှန်ကင်းဆိုသော အရာသည် ဘာမှန်းမသိပေ..။ ထင်းကိုတော့ သိသည်..။ သို့သော် လောကတွင် မည်သည့်အခါကမျှ တစ်ခုထဲ (သို့) တစ်ဘက်ထဲကို သိရုံမျှဖြင့် မပြည့်စုံသော သဘောရှိသည့်အလျှောက် …။ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဆိုသော စကားပုံကိုလည်း ကျွန်တော်နားမလည်ပေ။ နားလည်အောင် လည်း မကြိုးစားခဲ့ဖူးချေ။ လူတစ်ယောက်၏ ဘ၀ကို တည်ဆောက်ဖို့အတွက် စကားပုံများ၏ အဓိပ္ပါယ်များကို သိမှ ဖြစ်မည်ဟု ကျွန်တော် မယုံကြည်သောကြောင့် ဖြစ်သည်။

    သို့ရာတွင် ထိုစကားပုံများအားလုံးသည် အတုံ့အလှည့်သဘောကို ဆောင်ကြကြောင်းတော့ ကျွန်တော်နားလည်ထားသည်။ စကားပုံများကို နားလည်ဖို့ထက် အနှစ်သာရကို သိဖို့သာ အဓိကဖြစ်သည်ဟု ကျွန်တော်မှတ်ယူလိုက်သည်။

    တစ်ကယ့်တကယ်တမ်းတွင် ကျွန်တော်တို့ထင်မှတ်သလို အတိတ်သည် အရိပ်တစ်ခုမဖြစ်နိုင်ပေ…။ အနာဂတ်သည်သာ အရိပ်တစ်ခုဖြစ်ပေလိ့မည်။ ကျွန်တော်တို့ ကိုယ်စီ ကိုယ်ငှဖန်တီးခဲ့ကြသော၊ ကြုံတွေ့ခဲ့ကြသော အတိတ်ဆိုသော အလင်းရောင်သည် ကျွန်တော်တို့၏ လက်ရှိပစ္စုပ္ပန်ပေါ်သို့ ကျရောက်သောအခါ အနာဂတ် ဆိုသော အရိပ်တစ်ခု ဖြစ်လာပေလိ့မ်မည်။ တစ်ချိန်က (အတိတ်က) ပြုလုပ်ခဲ့သော လုပ်ရပ်…။ လက်ရှိ ပစ္စုပ္ပန်တွင် ရပ်တည်နေသော ကျွန်တော်တို့၏ ခံယူချက် အပေါ် မူတည်၍ ကျွန်တော်တို့၏ အနာဂတ်သည် ပုံပေါ်လာပေလိ့မ်မည်။ ထိုအရိပ်ကို လိုလားသည်ဖြစ်စေ…။ ငြင်းဆန်သည် ဖြစ်စေ..။ ကျွန်တော်တို့ လက်ခံရပေ လိ့မ်မည်။

    ထို့ကြောင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးခုဆုံသောအချိန်ကို ဘ၀မွန်းတည့်ချိန်ဟု ကျွန်တော် သတ်မှတ်လိုသည်။

    ထိုကဲ့သို့နေမွန်းတည့်ချိန်သည် တစ်ရက်တွင် တစ်ခါသာရှိနိုင်သလို..။ ကျွန်တော်တို့၏ ဘ၀မွန်းတည့်ချိန်သည်လည်း တစ်သက်တွင် တစ်ခါသာ ရှိနိုင်သည်။  ထိုရှားပါး၍ ကြုံတောင့်ကြုံခဲဖြစ်သောအချိန်ကို ကျွန်တော်တို့ သတိပြုမိဖို့သာလိုသည်။ သတိမပြုမိပါက ၂၀ ရာစု၏ နောက်ဆုံးနေ၀င်ချိန်ကို မကြည့်လိုက်ရသော လူတစ်ယောက်၏ ခံစားချက်ထက် ပိုမိုပြင်းထန်သော ခံစားချက်များ ရှိလာပေလိမ့်မည်။ ၂၀ ရာစု၏ နောက်ဆုံးနေ၀င်ချိန်သည့် ကျွန်တော်တို့အတွက် အရေးမပါလှ ပေ။ သို့သော် ကျွန်တော်တို့၏ ဘ၀မွန်းတည့်ချိန်မူကား ….။

    အချို့သော အပြောင်းအလဲများသည် အံ့သြ စရာကောင်းသည်။ အချို့သည် ပျော်ရွှင်ဖွယ်ကောင်းသည်။ အချို့သည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ မည်သို့ ပင်ဖြစ်စေ ကျွန်တော်တို့သည် အပြောင်းအလဲ တစ်ခုနှင့်ကြုံတိုင်း မှတ်ချက်တစ်ခုတော့ ချလေ့ရှိသည်။ အခြားလူကို ထုတ်ဖော်ပြောဆိုခြင်းရှိသည်နှင့် မပြောဆိုခြင်း သာ ကွာပေလိ့မ်မည်။ မိမိခံစားချက်ကို အမှန်အတိုင်းထုတ်ဖော်ခြင်းနှင့် ဘာမှမဖြစ်သည့် ပုံ ဟန်ဆောင်နေခြင်းသာ ကွာပေလိ့မ်မည်။ သို့သော် ထိုအပြောင်းအလဲ သည်ကား ကျွန်တော်တို့၏ ဘ၀တစ်ဆစ်ချိုးကို အတိအကျ ပုံဖော်ခဲ့ပြီ…။ ပြင်ဆင်ခွင့်သည် ကျွန်တော်တို့လက်ထဲတွင်သာမက..။ ဘုရားသခင်၏ လက်ထဲတွင်လည်း မရှိနိုင်တော့ဟု ကျွန်တော် အတိအကျ ယုံကြည်သည်။

    ကွေ့ဟူသည် များသောအားဖြင့် အန္တာရယ်ရှိသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့်လည်း အဝေးပြေးလမ်းမကြီးများတွင် အန္တာရယ်ကွေ့ ဟူ၍သာ သတိပေးလေ့ရှိပြီး။ ပျော်စရာကွေ့ ဟူ၍ ရေးသားထားခြင်းမရှိသည်ကို ဆင်ခြင်ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် လူတို့သည် ကွေ့ဆိုလျှင်သတိထားကြသည်။ ထိုသတိထားမှုနှင့် အတူ ကွေ့၏ သဘောအရ တစ်ဘက်တွင် ဘာရှိသည်ကို မသိနိုင်..။ မမြင်နိုင်..။ ထို့ကြောင့် စိတ်ဝင်စားကြသည်။ အချို့..။ စိတ်လှုပ်ရှားကြသည်။ သို့သော် သေချာသည်မှာ သတိ ကိုယ်စီတော့ထားကြသည်။ ကျွန်တော်တို့သည် သတိရှိသူများဖြစ်ပါက ဟိုင်းဝေးလမ်းမကြီးများ၏ ကွေ့ တစ်ဘက်တွင် ဘာရှိမည်ကို အနဲနှင့်အများ လှမ်းမြင် နိုင်သည်။ ခန့်မှန်းနိုင်သည်…။ သို့သော် ဘ၀တစ်ခု၏ ကွေ့တစ်ဘက်ကို မြင်ဖို့ရာတွင်မူ….။

    ခင်ဗျားတို့သည် လည်းကောင်း၊ ကျွန်တော်သည် လည်းကောင်း ထိုကဲ့သို့သော ကွေ့ ပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူး၊ ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကြသူများရှိသည်။ ကွေ့တို့၏ မာယာကို ဒူးထောက်လိုက်ရသူများရှိသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ်ခုသည် ကျွန်တော်တို့ဘ၀၏ ကွေ့တစ်ခု ဖြစ်သည်ဆိုပါဆို့…။ အဲ့ဒီ့ကွေ့၏ နောက်ကွယ်တွင် မတူညီသော ခြားနားမှုများ ဒုနှင့်ဒေး ပေါ်ထွန်းလာခဲ့သည်။ အချို့ကျ ကြသည်။ အချို့အောင်ကြသည်။ အချို့ လိုချင်သော အမှတ်မရကြ..။ အချို့ မလိုချင်သော အမှတ်များရသည်။ ထို့နောက် ဆိုက်ကားသမား၊ ကူလီ၊ ဆရာဝန်၊ ကျောင်းဆရာ ဘ၀များ ခြားသွားခဲ့သည်။ အဖြူ အစိမ်းနေ့ရက်တို့သည် ထိုကွေ့များ၏နောက် ခပ်ဝေးဝေးတွင် မျက်ရည်စက်လက်နှင့် တဖြေးဖြေး မှေးမှိန်သွားခဲ့သည်။ ထို့နောက် နောက်တစ်ကွေ့…။ ပြီး..။ နောက်တစ်ကွေ့…။ ကွေ့ပေါင်းများစွာ..။ ကျော်ဖြတ်ခဲ့သည်…။ ကျော်ဖြတ်ကြရဦးမည်…။

    လူတို့သည် တစ်ယောက်ထဲ မွေးဖွားလာကြသည်။ တစ်ယောက်ထဲပင် ပြန်လည်ထွက်ခွာသွားရသည်။ သို့သော် တစ်ယောက်ထဲ မနေတတ်ကြခြင်းမှာ ထူးဆန်းသည် ဟု ကျွန်တော်ထင်သည်။ အဘယ်ကြောင့်နည်း…? လောကကို တစ်ယောက်တည်း ရင်ဆိုင်ရန် သူရဲဘောကြောင်သောကြောင့်လော..? စုပေါင်း ညီညွတ်သော လူ့အဖွဲ့အစည်း တစ်ရပ်အား တန်ဖိုးထားသောကြောင့်လော…? ဒါမှမဟုတ်…။ သူများနေလို့ လိုက်နေခြင်းလော…? သင်ကိုယ်တိုင် စဉ်းစားဖူးပါသလား..။ ဘယ်အမျိုးအစားထဲတွင် ပါဝင်ပါသနည်း?

    ကျွန်တော့်အတွက်မူ ကျွန်တော့်ဘ၀ကို တစ်ယောက်ထည်း မနေနိုင်သည့်တိုင် ဖြစ်နိုင်သမျှ အသေးဆုံးသော လူ့အဖွဲ့အစည်းဖြင့် တည်ဆောက်နိုင်ရန် အဆင်သဖြင့် ကြိုးစားခဲ့ဖူးသည်။

    သံယောဇဉ်သည် ချည်နှောင်တတ်သော သဘောရှိသည်။ ရုန်းထွက်ရန် ခက်ခဲသော နွယ်ပင်တစ်ခုလည်းဖြစ်သည်။ ထို့အတူ… ။ ၀ါးမျိုတတ်သော သဘောလည်း ရှိပေသည်။

    ထို့ကြောင့် တတ်နိုင်သမျှ သံယောဇဉ်ကင်းသောဘ၀..။ နောက်ဆုံးမဖြစ်နိုင်သည့်အဆုံး..။ သံယောဇဉ်နည်းသော ဘ၀ကို ထည်ထောင်ဖို့ ကြိုးစားခဲ့သည်။ ထိုကဲ့သို့ တည်ထောင်ဖို့ ကြိုးစားခြင်းသည် ခင်ဗျားတို့ ကျွန်တော်တို့ ထင်ထားသည်ထက် များစွာခက်ခဲသည်။ ထိုခရီးသည် ကြမ်းတမ်းပေသည်။ ပေးဆပ်စတေးလိုက်ရသည် များမှာ ရင်နင့်ဖို့ကောင်းလှသည်။ အေးစက်စိုထိုင်းသော လမ်းတစ်ခုဖြစ်သည်။ ချော်လဲလျှင်ရောထိုင်၍ မရသော လမ်းတစ်ခုဖြစ်သည်။ လူ့ဂွစာဟု အဓိပ္ပါယ်ရသော အကြည့်များ အမှိုက်ကားနှင့် တစ်စီးအပြည့်ရသည်။ ထို ခရီးလမ်းကို လျှောက်လှမ်းဖို့အတွက် ရိက္ခာအဖြစ် ဥပက္ခော တရားများကို ဖောဖောသီသီ သယ်သွားဖို့ လိုအပ်သည်။ သို့မဟုတ်ပါက ထိုခရီးတစ်ရှောက် သင်စားသုံးစရာ ဥပေက္ခာ ရိက္ခာများ မရှိတော့သောအခါ သင်ရောက်လိုသော လွတ်လပ်မှု ပန်းတိုင်သို့ ရောက်နိုင် တော့မည် မဟုတ်ပေ။

    ဥက္ခောတရားသည် မိစ္တာဒိဌိ တစ်ခုမဟုတ်ပေ..။ ဘုရားဟောထားသော ဗြဟ္မာစိုရ် တရားလေးပါးထဲမှ နောက်ဆုံးအချက်ဖြစ်သောကြောင့် ..။ ဘုရားဟောနှင့် ညီသော အလုပ်တစ်ခုဖြစ်သည်။

    သင်သည် လူ့ဘ၀ဆိုသော ခရီးရှည်တစ်ခုအား ဖြတ်သန်းနေစဉ်တွင်…။ သံသရာဆိုသော အစပေါင်းများစွာ ပိုမိုရှည်လျားသည့် ခရီးရှည်တစ်ခုအား တစ်ချိန်တည်း တွင် ဖြတ်သန်းနေကြောင်း အခါအားလျော်စွာ မေ့လျော့နေခဲ့ပေလိ့မ်မည်။ ဘုရားရှင်၏ တရားတစ်ခုတွင် ဓမ္မဆိုသည်မှာ သံသာရာ၏ တစ်ဘက်ကမ်းကို ရောက်ရှိ အောင် ပို့ပေးသော ဖောင်တစ်ခုသာဖြစ်ကြောင်း…။ သံသရာ၏ ထိုတစ်ဘက်ကမ်းသို့ ရောက်ရှိသွား (သံသရာမှ လွတ်မြောက်သွား) ပါက ထို ဓမ္မဆိုသော ဖောင်ကို ဖက်တွယ်ထားရန် အကြောင်းမရှိကြောင်း…။ ဓမ္မသည်ပင်လျှင် ဖက်တွယ်ထားစရာ တစ်ခုမဟုတ်ပါက..။ အဓမ္မဟူသည်မူ ဆိုဖွယ်ရာ မရှိကြောင်း ဟောကြားတော် မူခဲ့ဖူးသည်။

    ကျွန်တော်တို့သည်လည်း ထို့အတူပင်ဖြစ်သည်။ သင်သည် သံသရာ ခရီးတစ်ခုကို သွားနေသော ခရီးသည်ဖြစ်သည်။ ထို့ကြောင့် သင့်တွင် ကျောပိုးအိတ် (သို့) ခရီး ဆောင် အိတ်တစ်လုံးပါပေလိမ့်မည်။ ကျွန်တော်တို့သည် သံသရာ ခရီးတစ်လျှောက် အဆင်ပြေစေရေး၊ ချမ်းသာစွာနေထိုင်နိုင်ရေး၊ စသည်ဖြင့် ထိုထိုသော ကောင်းခြင်းများအတွက် ရည်ရွယ်ကာ ကျွန်တော်တို့၏ ကျောပိုးအိတ် (ကျောပိုးအိတ်ပဲ ဆိုကြပါစို့) ကုသိုလ်များကို များနိုင်သမျှများအောင် ထည့်ကြသည်။ စုဆောင်း ကြသည်။ တန်ဖိုးထားကြသည်။ လေးမှာခြင်းတူတူ ကျောပိုးအိတ်ထဲသို့ မည်သို့မျှ ကောင်းကျိုးမပေးနိုင်သော အကုသိုလ်များ မထည့်ကြခြင်း (သို့) တတ်နိုင်သမျှ မထည့်မိအောင် ကြိုးစားကြခြင်းသည် များစွာ ယုတ္တိရှိပေသည်။ သို့သော် ကျွန်တော်တို့ မေ့လျော့နေခဲ့သော အချက်တစ်ခု ကျန်ရှိခဲ့လေသည်…။

    ကောင်းခြင်းကို ပေးတတ်သော ကုသိုလ်သည် လည်းကောင်း၊ အကုသိုလ်သည်လည်းကောင်း ကိုယ်စီ အလေးချိန်ရှိပေသည်။ အကုသိုလ်အတွက် မထူးခြားသဖြင့် မပြောလို..။ သို့သော် လူတို့သည် လိုချင်တက်မက်သည့် လောဘနှင့် တွေဝေစေတတ်သော မောဟတို့၏ ဖုံးလွှမ်းမှုကြောင့် ကုသိုလ်များကို ထည့်ရာတွင် အလေး ချိန် အကြောင်းမေ့လျော့နေခဲ့ကြပေသည်။ ထိုအချက်က ကျွန်တော်တို့အဖို့ သံသရာ၏ တစ်ဘက်ကမ်းကို မရောက်မှီစပ်ကြား..။ ကျွန်တော်တို့၏ ခရီးကို ပိုမို ကြာရှည် စေခဲ့သည်။ ပိုမိုလေးလံစေခဲ့သည်…။ ထို့ကုသိုလ်များ၏ အကျိုးဆက်ကြောင့် သံသရာတစ်ဘက်ကမ်းကို မရောက်ခင်စပ်ကြား လောက စည်းစိမ်များကို ခံစား မိန်းမောရင်းဖြင့် အချိန်များကို ဖြုန်းတီးမိကြလေသည်။ (ထိုကဲ့သို့ အချိန်ဖြုန်းရင်း မိမိသတိမထားမိလိုက်သော အချိန်တွင် အကုသိုလ်များသည်လည်း မိမိထည့် သည်ဖြစ်စေ မထည့်သည် ဖြစ်စေ မိမိတို့၏ ကျောပိုးအိတ်ထဲသို့ အလိုလို ၀င်ရောက်လာပေသည်။) ထိုသို့ဖြင့် သံသရာ တစ်ပါတ်ပြန်လည်ပေသည်။ ကောင်းခြင်းများ ပြီးသော အခါ..။ အဆိုးတရားများ..။ ထိုသို့ဖြင့် …. ခရီးသည် ရည်မှန်းချက် ပျောက်ဆုံးခဲ့လေသည်..။

    ထို့ကြောင့် ကျွန်တော်တို့၏ ကိုယ်စီ ကိုယ်ငှ ကျောပိုးအိတ်များထဲတွင် ကုသိုလ်သော်လည်းကောင်း၊ အကုသိုလ်သော်လည်းကောင်း မည်သည့်အရာမှ မထည့်မိဖို့ လိုအပ်သည်။ သို့မှသာ ပေါ့ပါးလွတ်လပ်စွာဖြင့် ကျွန်တော်တို့၏ အန္တိမ ပန်းတိုင်သို့ ချောမောလျှင်မြန်စွာရောက်ပေလိ့မ်မည်..။

    သို့သော် ကွေ့များကိုကား သတိထားဖို့ လိုအပ်ပေသည်။

    ကျွန်တော်သည် ယခုအခါ..။ မနက်ဖြန်ဆိုသော နေ့ရက် ပညတ်တစ်ခုမှ စကာ…။ ကျွန်တော့်၏ ကျောပိုးအိတ်ထဲသို့ နုလုံးသား တစ်ခုအား ထည့်ကာ သံသရာ တစ်ဘက် မရောက်ခင်အထိ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့လေသည်။ ထိုဆုံးဖြတ်ချက်သည် ကျွန်တော့်အတွက် ကွေ့တစ်ခုလည်းဖြစ်သည်။ ထိုကွေ့၏ အခြားတစ် ဘက်တွင် ဘာတွေရှိမလဲဆိုတာကို ကျွန်တော် မမြင်နိုင်ပေ…။

    ပျော်ရွှင်ခဲ့ခြင်းလော..။ တွေဝေနေခြင်းလော…။ တုန်လှုပ်နေခြင်းလော…။ စိတ်ဝင်စားနေခြင်းလော…။ ကျွန်တော် မဆင်ခြင်နိုင်…။ ထိုသို့ မဆင်ခြင်နိုင်မှီမှာပါ ကျွန်တော်သည် သံသရာ၏ တစ်ဘက်ကမ်း (သို့မဟုတ်) သံယောဇဉ်များနှင့် ဝေးရာသို့သွားနေသော လမ်းကြောင်းမှ ပထမဆုံးအကြိမ် စတင်၍ ဦးတည်ချက် သွေဖယ် သွားခဲ့ပြီ ဖြစ်ပါသည်…။

    P.S- This Is The Last Post For My Old Life & I Am Starting To Step Into A New Life, Tomorrow! God Bless My Shadow!!

    Cateogry : Article , Essay , Personal | 3 Comments

    စာရေးနေသည်…

    February 9 , 2011 | 501 views

    မိတ်ဆက် (သို့) Intro

    ပေါ်မလာလိုက်..။ ပျောက်သွားလိုက်…။

    ရပ်သွားလိုက်..။ ပျက်သွားလိုက်…။

    ဖြစ်နေသော Blog (သို့မဟုတ်) Blog ရေးသူကို….

    Black Dream ဟု ခေါ်ပေသည်..။

    စပါပြီ…။

    ထို့ကြောင့်…

    ဖြစ်ခြင်း..။ ပျက်ခြင်းသည် သင်္ခါရသဘောတရား ဖြစ်သည်ဟုဆိုလျှင် ကျွန်တော်သည် ထိုသင်္ခါရ တရားကို စွဲစွဲမြဲမြဲ ကျင့်သုံးသူဟု ကိုယ့်ကိုယ်ကို သတ်မှတ်လို ပေသည်။ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးသလို…။ ဘလော့အသေကို ကြီးကြီးကျယ်ကျယ် တရားသဘောဖြင့် ဖုံးခြင်းဟု ယူဆလျှင်လည်း…။ ရှိစေ..။

    စာမရေးခဲ့သည် ကြားကာလမှ ကျွန်တော် Blog စရေးခဲ့သည် အချိန်သက်တမ်းတစ်လျှောက်တွင် အကြာဆုံးအချိန်ပင်ဖြစ်သည်။ ထိုအချိန်များသည် အလဟသ အချည်းအနှီးကုန်ဆုံးသွားသည်ဟု အမှတ်မထင်ကြည့်လျှင် ထင်မှတ်စရာအကြောင်းရှိပါသည်။ ကျွန်တော်သည်လည်း ထိုသို့ပင် သဘောထားခဲ့ဖူးသည်။ ဒါပေမယ့်..။ သေသေချာချာ ပြန်ဆန်းစစ်ကြည့်မိတဲ့အခိုက်…။ ကျွန်တော့်အတွက် အတွေ့အကြုံအချို့..။ သင်ခန်းစာ အချို့ရရှိလိုက်သည်….။ လူတို့၏ သဘော သဘာဝကို (ယခင်ကထက်ပို၍) သိခဲ့ရသည်…။ နားလည်ခဲ့ရသည်…။ အံ့အားသင့်ခဲ့ရသည်…။

    ကျွန်တော် စာမရေးခဲ့သည် အချိန်ကာလ တစ်ခုလုံးသည် ကျွန်တော်လျှောက်လှမ်းနေသော လမ်းခရီးတစ်ခုအတွက် အချည်းအနှီးမဟုတ်ခဲ့ပေ..။ ထို့အတူ ပျက်ဆီးခြင်းနှင့် အတူ ရပ်တန့်ခဲ့သော ကျွန်တော့်၏ အနက်ရောင်အိပ်မက်များသည်လည်း အချည်းအနှီးမဟုတ်ခဲ့ပေ…။ ရှေ့တင်တစ်မျိုး..။ ကွယ်ရာတစ်မျိုး ဖြစ်တတ်သော လူ့စရိုက်များ…။ နောက်ကွယ်မှ ဓားနှင့်ထိုးနေကြသော အရင်းနှီးဆုံး (ဟု သတ်မှတ်နိုင်သော၊ သတ်မှတ်ခဲ့သော) မိတ်ဆွေများ..။ ထင်ထင်ရှားရှား ရှေ့သို့ တစ်လှမ်းထွက်လာခဲ့ကြသည်။ များစွာ အံ့သြဖို့မကောင်းသော ဖြစ်ရိုးဖြစ်စဉ်များပင် ဖြစ်သည်။

    အခု စာပြန်ရေးဖို့ ကြိုးစားကြည့်မိသည်။ စာရေးရတာကို ၀ါသနာပါသော လူတစ်ယောက်အဖို့ စာမရေးပဲ အချိန်ကြာမြင့်စွာ နေခဲ့ရခြင်းသည်..။ ၉၆ ပါး ရောဂါတစ် မျိုးခံစားနေရခြင်းနှင့် မဆီမဆိုင် တူညီသည်ဟု ခံစားမိသည်။

    ပြန်ရေးမည်ဟု ဆုံးဖြတ်လိုက်သည်နှင့် ခေါင်းထဲသို့ အတွေးပေါင်းများစွာ ၀င်လာခဲ့သည်။ ငါဘာရေးမှာလဲ..။ ဘာအတွက်ရေးမှာလဲ…။ ဘယ်လိုရေးမှာလဲ..။ ဘယ်သူတွေ ဖတ်မှာလဲ…။ ဘာဆက်လုပ်မှာလဲ..။ မေးခွန်းများသည် များပြားသလောက်…။ လေးနက်မှုသည်လည်း မေးခွန်းတိုင်းအတွက် အားကောင်းနေခဲ့ သည်။ စာများ ဆက်တိုက်ရေးနေခဲ့သော အချိန်က စာရေးရခြင်းသည် အဓိပ္ပါယ်ရှိသည် ဟုခံစားရသည်။ ရေးတဲ့သူကရေးသည်..။ ဖတ်တဲ့သူက ဖတ်သည်။ အားပေးတဲ့သူက အားပေးသည်။ ဆဲတဲ့သူကဆဲသည်..။ များစွာပျော်ဖို့ကောင်းပေသည်..။ အလွန်တရာာ ယုတ္တိရှိလှပေသည်..။ ယခုအချိန်တွင်မူ…

    ပထမဆုံး စာများရပ်သွားသည်…။ ထို့နောက် ဘလော့ပါ ပျက်သွားသည်..။ ကိစ္စက ပြီးသွားပြီဖြစ်သည်…။ မပြီးသေးသည်က ကျွန်တော့် ခန္ဓာကိုယ်သွေးကြောများ ထဲတွင် စီးဆင်းနေသော ရွစိခတ်နေသည့် စာရေးချင်သည့် ပိုးများပင်ဖြစ်သည်။ ထို့ကြောင့် စာပြန်ရေးဖို့ (သို့မဟုတ်) စာဆက်ရေးဖို့စဉ်းစားမိသည်။ ထိုသို့ စဉ်းစား မိချိန်တွင် ပထမဆုံး ခေါင်းထဲဝင်လာသောအချက်မှာ ဘာအကြောင်းရေးမလဲဟူသော စာရေးသူတိုင်း ဖြစ်နေကြ မေးခွန်းမဟုတ်ပေ…။ ဒါဆို…?

    ဘာရေးမှာလဲ ဟူသောမေးခွန်းပင်ဖြစ်သည်..။ Blog ရေးမည်လော…။ သို့မဟုတ် စက္ကူစာရွက်များပေါ်မှ ပုံနှိပ်စာလုံးများဘ၀သို့ မရောက်မှီ (မရောက်နိုင်မှီ) မြေစမ်းခရမ်းပျိုးသည့်အနေဖြင့် အနုပညာ (နဲနဲစကားလုံးကြီးသွားသည်။ အခြားရွေးစရာစကားလုံး မရှိသောကြောင့်ဖြစ်သည်။ ခွင့်လွှတ်ပါ) နဲ့ ဆိုင်တဲ့ ၀တ္ထုတို၊ အက်ဆေး၊ ဆောင်းပါးများ ရေးမည်လော…။ Blog ရေးတာနှင့် စာရေးခြင်းသည် အများသူငှာအတွက် ဘယ်လိုနေသည် မသိသော်လည်း..။ ကျွန်တော့်အတွက် တော့ လွန်စွာ ခြားနားလွန်းသည်။ Blog သည် Daily Diary သဘောမျိုး၊ Information Sharing မျိုး၊ Personal သဘောမျိုးဆန်သည် (နည်းပညာရေးသော Blog များ နှင့် အခြားသော ရည်ရွယ်ချက် ဦးတည်ချက်တစ်ခုခုထားကာရေးသော Blog များမှလွဲ၍)

    ကျွန်တော်သည် နည်းပညာအကြောင်းလည်း ဟုတ်တိပတ်တိ ဘာမှမသိပါ..။ အခြားရည်ရွယ်ချက်များလည်း ကျွန်တော့်တွင်မရှိပါ..။ ရှင်းရှင်းပြောရလျှင် ကျွန်တော့်တွင် ရည်ရွယ်ချက်မရှိပါ..။ ဆန္ဒသာရှိသည်…။ တစ်နေ့စာရေးဆရာဖြစ်ရမည်ဟူသော ခံယူချက်လည်းမရှိပါ…။ ဖြစ်ချင်သော ဆန္ဒသာရှိသည်။ ကျွန်တော် စာရေးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရှင်းသည် စာရေးချင်သောကြောင့် ရေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် အကြိမ်ကြိမ် ပြန်စဉ်းစားရ သည်..။ ပျက်သွားသော Site ကို ဒီအတိုင်းပဲ ဆက်ထားလိုက်ရမလား..။ ပြန်အသက်သွင်းမလား…။ နောက်ဆုံးတော့ ကျွန်တော်ရဲ့ မပြတ်နိုင်သော သံယောဇဉ်နဲ့ ရောဂါပိုးတွေကြောင့် ပြန်လည် အသက်သွင်းဖြစ်ခဲ့သည်..။

    Blog ပုံစံဖြင့် ဆက်ရေးခြင်းသည် လွယ်ကူသည် (ကျွန်တော့်အမြင်နှင့် ကျွန်တော်ပြောခြင်းဖြစ်သည်။ ၀ါရင့်၊ နာမည်ကြီး၊ နိုင်ငံကျော် ဘလော့ဂါကြီးများ ဆဲလိုက ဆဲစေသောဝ်)၊ ရေးစရာတွေ ကျွန်တော့်လို လူတစ်ယောက်အတွက်များလွန်းသည်။ ဘ၀အတွေ့အကြုံ၊ ခရီးသွား၊ လူမှုရေး၊ ယုတ်ဆွအဆုံး နုလုံးသားရေးရာ ကိစ္စများအတွက်ပင် ဘယ်သူမှမကြားဖူးသော ၀တ္ထုများထဲတွင်ပင် မပါဘူးသော ထူးဆန်းသည့်အကြောင်းအရာများ ကျွန်တော့်တွင် ကုန်ကြမ်းအပြည့်ရှိသည်။ ထို့ကြောင့် ကျွန်တော့်အတွက် Blog ရေးမည်ဆိုပါက လွယ်ကူသည်ဟု ယူဆသည်။ တစ်နေ့ကို Post အနဲဆုံး ၂ ခု တာဝန်ယူကြောင်း အာမခံလိုသည်။

    သို့သော် …

    ကျွန်တော် ထိုကဲ့သို့မရေးလို..။ ရေးခဲ့ခြင်း မရှိပေ..။ Black Dream ဟူသော ငချွတ်တစ်ယောက်ကို သိသောသူအနဲစုသည်လည်း ထိုကဲ့သို့သော Blog post များ ကြောင့် သိခဲ့ခြင်းမဟုတ်ဟု ကျွန်တော့်ဘာသာ ယူဆသည်။ ထို့ကြောင့် ကျွန်တော့်တွင်ရွေးစရာ နည်းလမ်းတစ်ခုသာ ရှိသည်..။ အရင်လို ငမြောက်ငချောက် စာတို ပေစများသာ ဆက်လက်ရေးသွားဖို့ရှိသည်။ ထိုအခါ ကျွန်တော့်တွင် အခက်အခဲတစ်ခုဖြစ်လာသည်။ လူတို့၏ သဘောမှာထူးဆန်းသည်။ ဆွဲဆောင်မှုသည် လူတို့၏ စိတ်ကို ဖမ်းစားရာတွင် ဦးစွာအရေးပါသည်။ စာရေးသူသည် စာဖတ်သူရှိမှ အားတတ်စမြဲဖြစ်သည်။ ရေးချင်လို့ရေးတာကတော့ မှန်သည်။ သို့သော် ကိုယ် ဖြစ်ညှစ်ရေးထားသော စာများကို ဖတ်သော စာဖတ်သူများတော့ ရှိစေချင်က အမှန်ပင်..။ ဘယ်သူမှမဖတ်လဲ ငါ့ဖာသာ ရေးချင်လို့ရေးတယ်ကွာ ဟု အော် ကောင်းအော်နေလိ့မ်မယ်..။ သို့သော် ထိုစိတ် (ထိုစကားသည်) မိမိကိုယ်ကို အားပေးခြင်း (လှည့်စားခြင်း) တစ်မျိုးသာဖြစ်သည်။ လူတို့၏ စိတ်တွင် အပြင်စိတ်နှင့် အတွင်းစိတ်ဟူ၍ နှစ်မျိုးရှိသည့်အနက်မှ..။ ထိုစကားသည် အပြင်စိတ် သည်းသန့်သာဖြစ်သည်။ အတွင်းစိတ်ကမူ ကျွန်တော် အထက်တွင် ဆိုခဲ့သလိုသာ ရှိပေ လိ့မ်မည်။

    ထိုသို့ဖတ်သည့်သူများ ပြန်လည်ရောက်ရှိလာမှုမှာ ဦးစွာဆွဲဆောင်မှုလိုသည်။ တစ်နေ့  Post တစ်ခုမျှရေးနေသော သူများပင် သူ့စာဖတ်ပရိတ်သတ်ကို မလျော့ သွားအောင် တိုးလာအောင် လုပ်ရတာ မလွယ်ကူပင်..။ ထိုသို့ဆိုလျှင် ကျွန်တော်ကဲ့သို့သော အာရုံရမှ စာတစ်ပုဒ် ထထရေးသော လူတစ်ယောက်အတွက်ပင်မူ ဆိုဖွယ်ရာ မရှိတော့ပေ…။ ထို့ကြောင့် Blog ဆန်ဆန် ပို့စ်လေးများကို ရေးချင်ချင် မရေးချင်ချင် ပုံမှန်လေး တင်သွားပြီး..။ နောက်ပိုင်းမှ အရင်လို ပေတီပေစုတ် စာများ ဆက်ရေးရမလား..။ ဒါမှမဟုတ် မူမပျက် ထုံးစအတိုင်း စိတ်ရူးပေါက်မှ တစ်ပုဒ် ရေးရမလား…။ မဝေခွဲတတ်သည်ကတော့ အမှန်ပင်..။

    ဒီကြားထဲ နောက်ထပ် ရောဂါပိုး (တော်တော်ဆိုးသောရောဂါပိုးဖြစ်သည်) က ထပ်ဝင်လာသည်။ ပေါ်ပင်ရောဂါဟု သတ်မှတ်လျှင်လည်း ပြုံးနေမည်သာ ဖြစ်သည်။ ဓာတ်ပုံရိုက်ခြင်းဖြစ်သည်..။ စကားလုံးများဖြင့် နှိပ်စက်၍ မ၀သောကြောင့် အရောင်များ အလင်းများဖြင့် ထပ်မံနှိပ်စက်သည်ဟု ယူဆလိုကလည်း ယူဆနိုင်သည်။ ထို မဖြစ်ညစ်ကျယ် ဓာတ်ပုံလေးများကိုလည်း တင်လိုက်ခြင်သေးသည်။ ထိုအခြင်းအရာများကိုကြည့်ခြင်းဖြင့် ကျွန်တော်သည် လုပ်ချင်တာများ များပြားလွန်းနေ ကြောင်း ထင်ရှားစွာတွေ့နိုင်သည်။ ထို့ကြောင့် ဘာမှ မလုပ်ပဲ ထိုင်နေလိုက်သည်။ ရသလောက်သော အချိန်လေးအတွင်းတွင် ကျွန်တော့် Site လေးကို ပြန်ပြင် လိုက်သည်။ ယခင် စာများ သီးသန့်ရေးနိုင်သောပုံစံမှ လက်ရှိထနေသော ရောဂါနှင့်လည်း ကိုက်ညီအောင်..။ စာများလည်း ဆက်ရေးနိုင်အောင်..။ တစ်ချိန် (ကြီးကြီးကျယ်ကျယ်) ဓာတ်ပုံလုပ်ငန်းအနေဖြင့်သော်လည်းကောင်း၊ စာရေးခြင်းဖြင့်သော်လည်းကောင်း အပျော်တမ်းအဆင့်မှ နောက်တစ်ဆင့်တက်ခဲ့သော အဆင်ပြေစေရန် အတွက်ရည်ရွယ်၍ Portfolio Profile Design မျိုးဖြစ်အောင် စီစဉ်လိုက်သည်။

    မေတ္တာပို့ခံရဖို့များသည်။ အရင် Design တုန်းကတည်းက အကြံပေးကြသည်။ စာလုံးသေးသည်..။ အမဲကြီးဖြစ်နေသည်။ ဖတ်ရတာ သူများ Blog တွေလို မလွယ်ကူ..။ မျက်စိရှုပ်သည်။ သူများက အစဉ်လိုက်သွားသည်။ ကျွန်တော်က ဘေးကို ကန့်လန့်သွားသည်..။ ယခုပိုဆိုးသည်..။ Home Page တွင် ဘာစာမှ မရှိ။ ဖတ်လိုက Latest Post ဆိုသောနေရာမှာ ပေါ်နေသည့် ခေါင်းစဉ်ကို Click လုပ်မှ ဖတ်လို့ရမည်။ Site ကို ကြည့်လိုက်တာနဲ့ Post အသစ် ရှိမရှိ တန်းပြီး မသိနိုင်။ ထို့ကြောင့် ယခုလောလောဆယ် ကျွန်တော် စဉ်းစားနေတာ တစ်ခုတော့ရှိသည်။ Blog ကို သီးသန့်လုပ်မလားလို့ စဉ်းစားနေသည်။ ထိုနေရာတွင် စာများကို ရိုးရိုး ရှင်းရှင်း ဖတ်နိုင်ရန် စီစဉ်ပေးထားမည်ဟု စဉ်းစားထားသည် (ဖြစ်လာဖို့များပါသည်) သို့သော်လောလောဆယ်တော့ ဒီအတိုင်းဆက်ထားကာ သုံးကြည့်ဦးမည် ဖြစ်သည်။

    အခု ကျွန်တော် စာပြန်ရေးပြီ ဖြစ်ပါသည်။ ရေးချင်လို့ရေးပါသည်။ ဖတ်ချင်သူများ ဖတ်နိုင်ပါသည်။ ဘယ်သူမှ မဖတ်လည်းရေးပါမည် (တကယ်ကြီးတော့ မဖတ်ပဲ မနေကြနဲ့လေ၊ လူအထင်ကြီးအောင် နဲနဲပြောတာ..။ အတည်မမှတ်နဲ့ :P ) ဖတ်သူများက များများပိုရေးပါမည်။ Promotion လုပ်ခြင်းဖြစ်သည်။ ကံစမ်းမဲ အစီအစဉ် ထည့်ကောင်းထည့်မည်။ လျော့ဈေးများပေးကောင်းပေးမည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော် စာပြန်ရေးပြီ ဖြစ်ကြောင်း ရှည်လျားထွေပြားသော ဒီ Post ကို မြနန္ဒာသီချင်းဖွင့်လှစ်ကာ နမောဒဿ သုံးကြိမ်ရွတ်ရင်း ဖွင့်လှစ်ကြောင်း အသိပေး၊ ကြေငြာ၊ မောင်းခတ်၊ ဆော်သြ၊ လှုံဆော် လိုက်ရပါကြောင်း….။

    လေးစားစွာဖြင့်

    Black Dream

    P.S-  ကျွန်တော့်ဘက်က အမြဲတမ်းရှိပေးခဲ့ကြသော ကျွန်တော့် ညီအစ်ကိုများနှင့် မများလှစွာသော အမာခံပရိတ်သတ်များအား ဒီ ပို့စ်လေး ဖြင့် နှုတ်ခွန်းဆက် လိုက်ပါသည်။

    Cateogry : Article , Personal | 5 Comments

    Live Beyond Light (3)

    February 4 , 2011 | 941 views

    ဒီပုံကတော့ ရန်ကုန်ကို ပထမဆုံး ပြန်ရောက်တဲ့အချိန်တုန်းက Lady Black နဲ့ အတူ ကန်တော်ကြီးမှာ အအေးသွားသောက်ရင်း လမ်းကြုံလို့ ရိုက်ဖြစ်သွားတဲ့ ပုံပါ။ ;)

    EXIF INFO:

    Aperture           : f/22

    ISO                       : 1600

    Shutter Speed : 1/6 Seconds

    Focal Length    : 17mm

    Gears : Canon Eos 50D; Canon EF-S 17-85 IS;

    P.S – This evening was very special to me :)

    Cateogry : Photo | 2 Comments