လောကအလှ Online Magazine နှင့်တွေ့ဆုံခြင်း
586 viewsကျွန်တော် လွန်ခဲ့တဲ့ တစ်လခန့် (၀၉.၀၉.၀၉) ရက်နေ့က ကျွန်တော့် Blog ရေးသားတာ (၂) နှစ်ပြည့်ခဲ့ပါတယ်..။ အဲ့ဒီ့နေ့မှာပဲ မှတ်မှတ်ရရ လောကအလှ Online Magazine မှ ကျွန်တော် Blog ရေးခြင်းနဲ့ ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ သဘောထားလေးတွေ၊ အမြင်လေးတွေ၊ အနေအထားလေးတွေကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီ့ မေးမြန်းမှုလေးတွေနဲ့ ကျွန်တော် ဖြေကြားခဲ့တာလေးတွေကို အမှတ်တရအနေနဲ့ အခုဒီမှာ ပြန်လည်ဖော်ပြလိုက်ပါတယ်..။ မူလနေရာမှာ ဖတ်ချင်တယ်ဆိုရင်တော့ လောကအလှ Online Magazine စာမျက်နှာမှာ သွားရောက် ဖတ်ရှုနိုင် ပါတယ်..။
သီတင်းကျွတ်အမှတ်တရပေါ့ဗျာ..။
***************************************************************************************
ဘယ်အချိန်က စလို့ ဘလော့ဂ်ရေးတာပါလဲ။
ကျွန်တော် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က စပြီး Blogspot မှာ http://blackdream21.blogspot.com ဆိုတဲ့ နာမည်နဲ့ စရေးခဲ့ပါ တယ်။ ၆လခန့်ကြာတဲ့အခါမှာ www.blackdream21.com ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။၂၀၀၈ ခုနှစ် စက်တင်ဘာမှာ Blogspot အစား Wordpress ကို စတင် အသုံးပြုခဲ့ပါတယ်။ အခုအချိန် ထိပါပဲ။
ပြည်ပကိုရောက်တာ ကြာပါပြီလား။
ကျွန်တော့် Blog စရေးတဲ့နေ့က ကျွန်တော် ပြည်ပကို ရောက်တဲ့တစ်နှစ် ပြည့်တဲ့ နေ့ပါ။ အခု ကျွန်တော့် Blog သက်တမ်းက နှစ်နှစ်ဆိုတော့ ကျွန်တော် ဒီရောက်တာ ၃ နှစ်ပြည့်ခဲ့ပါပြီ။ အခုတော့ ကျော်သွားပြီပေါ့။
ပညာရေးက ဘာတွေလုပ်နေတာပါလဲ။
အခု ဒီမှာ အင်ဂျင်နီယာဘာသာရပ်နဲ့ ပတ်သတ်ပြီး ဘွဲ့လွန်သင်တန်း တက်နေပါတယ်…။
ပြည်ပမှာ နေထိုင် ပညာသင်ယူရတာ အခက်အခဲတွေ ရှိပါသလား။
ကိုယ့်ရေ ကိုယ့်မြေမှာလောက်တော့ ဘယ်မှာမှ လွယ်ကူအဆင်ပြေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အဆင်ပြေမှုတွေ
ရှိနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံနဲ့ မပြီးနိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနဲ့ လုံခြုံမှုဟာလည်း အရေးကြီး တယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို နားလည်နိုင်မှုတွေကလည်း အရေးပါ ပါတယ်။
ဒါက အားလုံးအတွက် ခြုံငုံသုံးသပ်ကြည့်တာပါ။ ကျွန်တော်လက်ရှိ ပညာ သင်ကြားနေတဲ့နေရာမှတော့ အခြေအနေက နည်းနည်း ပိုရှုပ်ထွေး ပါတယ်။ နိုင်ငံတကာသုံး ဘာသာစကားကို အသုံးပြုရတာမဟုတ်ပဲ။ သူတို့ မိခင် ဘာသာစကားကိုသာ အသုံးပြုကြတာမို့ ပိုပြီး အခက်အခဲတွေ ရှိပါတယ်။
အားလပ်ချိန်မှာ ဘလော့ဂ်ရေးတယ်ဆိုပေမယ့် ဘလော့ဂ်ပို့စ်တွေ အတော်လေး စုံလင်လှပြီး စာဖတ်ပရိသတ်နဲ့လည်း အတော်လေး
ပျော်ပျော်ရွှင်ရွှင်ပြောဆိုထားတာ တွေ တွေ့ပါတယ်။ အချိန်ကို ဘယ်လို စီမံခန့်ခွဲပါသလဲ။
ကျွန်တော် အရင်က စာတော်တော်ဖတ်ဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကိုယ်လည်း သူတို့လို ရေးကြည့်ချင်တဲ့ စိတ်တွေ ပေါ်လာပါတယ်။ ဒါနဲ့ပဲ ကိုယ့်ဘာသာ ကိုယ် စာအုပ်လေးတွေထဲမှာ ကဗျာတွေ ဘာတွေ ချရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာ Internet တွေ ဘာတွေပေါ်လာတော့ Planet Myanmar လိုနေရာ မျိုးမှာစပြီး ကဗျာတွေကို Internet ပေါ် စတင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အခြေအနေ အကြောင်းကြောင်း ကြောင့် ဆက်ပြီး မရေးဖြစ်တော့ပါဘူး။ ဒါနဲ့ ပြည်ပကိုရောက်လာတဲ့ အခါမှ ဒီစိတ်က တစ်ဖန် နိုးကြွလာပါတယ်။ အဲ့ဒီ့အချိန်မှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကနေ တဆင့် Blog ဆိုတဲ့ အရာနဲ့ စတင် ထိတွေ့ သိရှိ ခဲ့ပါတယ်။
Tags: black, black dream, blackdream21, dream, interview, lawkaahla, online magazine
အိပ်မက် လက်ဆောင်
648 viewsနိဒါန်း
အဖေ…။ ညက…။ သား…။ အိပ်မက်တွေမက်တယ်…။ အိပ်မက်ထဲမှာ အရောင်တွေ မညီညာဘူး..။ ပညတ်တွေမညီညာဘူး..။ အသံတွေမညီညာဘူး။ ဘ၀တွေ မညီညာဘူး..။ အင်း…။ ရင်ခုန်သံတွေလည်း မညီညာဘူးပေါ့ အဖေရယ်…။
အိပ်မက် (၁)
အိပ်မက်ထဲမှာ…။ နံရံအချို့လည်း ပါတယ် အဖေ..။ ထူးခြားတာက အဲ့ဒီ့နံရံတွေမှာ “နား” မပါကြဖူးတဲ့လေ…။ ခပ်သဲ့သဲ့ ငိုရှိုက်သံအချို့ကြားမှာ အချို့ အချို့ရဲ့ ဘ၀တွေက ခါးလှပါတယ် အဖေရယ်..။ မေတ္တာမိုးခေါင်၊ သစ္စာရေရှား..။ ဒီသဘာဝတရား ကြီးက တစ်ခါတစ်လေ တစ်ကယ်ပဲ တရားရဲ့လား အဖေ…?
အိပ်မက်ထဲမှာ…။ လူအချို့…။ အစားတစ်လုပ်စာ လုံလောက်တဲ့ ငွေအသပြာရဖို့ သူတို့အစာအိမ်ကိုသူတို့ ဖြုတ် လျှော့ဈေးနဲ့ ထုတ်နေကြတယ်…။ စပါးလုံးတစ်ထောက်စာ အရေပြားတစ်ခု အ၀တ်အစားဝတ်နိုင်ဖို့ ကိုယ့်သားရေကို ကိုယ်လှီးထုတ် ပိတ်စတစ်အုပ်နဲ့ လဲနေကြတယ်…။ လူအချို့ရှင် သန်ဖို့…။ လူအချို့ ယဇ်စဉ် တက်နေရတယ်…။
မျှော်လင့်ခြင်းနဲ့ရက်တဲ့ ပန်းချီကားတစ်ချပ်…။ ရုတ်တရက်..။ စုတ်တစ်ချက်အမှားမှာ…။ စုတ်ပြတ်သတ်သွားတော့..။ စတေးလိုက်ရတာ ဘ၀တစ်ခု လုံးပေါ့ အဖေ..။ ရမ္မက်တွေကြား ရုန်းကန်လှုပ်ရှား…။ တစ်ခါတစ်လေများ..။ သားတို့မျှော်လင့်ချက်တွေကို အနားပေးဖို့တောင် မေ့ခဲ့ကြတာ ကြာပြီ ထင်ပါတယ် အဖေရယ်…။
အိပ်မက် (၂)
အိပ်မက်ထဲမှာ…။ မျက်မှန်တွေ အရမ်း ရောင်းကောင်းတယ် အဖေ…။ အဲ့ဒီ့မျက်မှန်က ဘယ်သူ့ကိုမဆိုကြည့် လိုက်တာနဲ့ အဲ့ဒီ့လူရဲ့ ကျောကုန်းမှာ လှေခါး ဘယ်နှစ်ထစ် ပါတယ်ဆိုတာ မြင်ရတယ်…။ အဲ့ဒီ့လူရဲ့ ဦးနှောက် ထဲမှာ ဓာတ်ဆီ ဘယ်နှစ်ဂါလံ ပါတယ်ဆိုမြင်ရတယ်…။ အင်း…။ အဲ့ဒီ့လူရဲ့ နှလုံးသားထဲမှာ အတ္တဘယ်နှစ်ပိသာ ပါတယ်ဆိုတာလည်း မြင်ရတယ် ဆိုပါတော့အဖေရယ်..။
အိပ်မက်ထဲမှာ….။ သားမျှားမိတဲ့ငါးက…။ အရိုးထွားတယ်…။ ချေးခါးတယ်…။ ဘေးတိုက်သွားတယ်…။ ရေခဲ ရိုက်ထားတယ်…။ ခြေထောက်များ တယ်..။ နောက်ပြီးတော့…။ အင်း…။ နားရွက်လည်း နဲနဲကားတယ် အဖေ…။ သူကပြောတယ်…။ ငါဟာ ရှားပါး “ငါး”…။ မင်း မမျှားလည်း..။ ငါ့ကို စားချင်တဲ့သူတွေ အများကြီးတဲ့…။ စုပ်လည်းဆူး..။ စားလည်းရူး…။ မထူးပါဘူးအဖေရယ်…။ သား…။ စည်သွပ်ဘူးထဲ ထည့်လိုက်တယ်….။
သန်းခေါင်ထက် ညဉ့်မနက်ဖူး ဆိုတဲ့စကား…။ မျက်မမြင်တစ်ယောက်ကြားရင်…။ ဟားပါလိ့မ်မယ် အဖေ…။ အလင်းနဲ့ အမှောင်ကြား…။ သူသိတဲ့ အမှန်တရားက…။ အရောင်တွေ သိပ်မများလှပါဘူး…။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့…။ အလင်းဆိုတာ အမှောင်ထက်မြတ်ကြောင်း…။ ဘယ် “တောင်” ကိုတက်ပြီး…။ သားသူ့ကို သက်သေထားရမလဲ အဖေ…?
အိပ်မက် (၃)
အိပ်မက်ထဲမှာ..။ သစ်ပင်တွေ တွေ့တယ်အဖေ..။ ဒါပေမယ့် အဲ့ဒီ့သစ်ပင်တွေက မြေပြင်မှာ အမြစ်မတွယ်ပဲ တိမ်တွေထဲမှာ အမြစ်တွယ်တယ်လေ..။ သူတို့က တိမ်ညွှန့်စားပြီး ဖွားကြတာတဲ့…။ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်တန်တော့လည်း ကမ္ဘာ့ဆွဲငင်အားက ဘယ်သူ့ကိုမှ လက်လီ၊လက္ကား ဈေးစ ကား မများခဲ့ဘူး မဟုတ်လားအဖေ…? သူတို့သစ်ရွက်တွေ ကြွေတော့လည်း ဒီမြေပြင်ပေါ်ပဲ သက်ဆင်းခဲ့ရတာပဲ မဟုတ်လား အဖေ?
အိပ်မက်ထဲမှာ…။ ဧရာဝတီဘက်က ပြန်လာတဲ့…။ လေပြေအချို့နဲ့လည်းတွေ့တယ် အဖေ…။ “ဒီကောင် လေပဲ ရှိတာပါကွာ..” လို့ ပြောတတ်တဲ့ လူတွေကို မကျေနပ်လို့..။ ထိတွေ့ကိုင်တွယ်ခြင်း၊ မျက်စိဖြင့် မြင်နိုင်ခြင်း မရှိနိုင်အောင်လောက်အောင် နူးညံ့ပေမယ့်..။ လေမှာလည်း သူ့အားနဲ့ သူရှိ ကြောင်းသက်သေပြပြီး ပြန်လာတယ်လို့တော့ ပြောသံကြားမိတယ်..။
တစ်ကယ်တော့ အိပ်မက်ဆိုတာ သားအတွက်တော့ တစ်ခါက ပြောဖူးသလို….။ ဘ၀တစ်လျှောက်လုံး နေ့စဉ်ရက်ဆက်မှန်မှန် စားသုံးခဲ့တဲ့ နံနက်စာ သက်သက်ပါပဲ အဖေရယ်…။
နိဂုံး
ဘာရယ်တော့ မဟုတ်ဖူးပေါ့အဖေရယ်..။ လောကမှာ အဖေလို့ ခေါ်နိုင်တဲ့ အခွင့်အရေးလေးရှိတုန်း…။ အဖေ့ မွေးနေ့မှာ..။ အမှတ်တရအနေနဲ့..။ မက်ဖူးတဲ့ အိပ်မက်လေးတွေအကြောင်း တိုင်တည် ရုံလောက်ပါ…။ သားလို တိုင်တည်ခွင့်မရတော့တဲ့ သူတွေရဲ့ ကိုယ်စားလည်း ပါတာပေါ့ အဖေ ရယ်…။
P.S- HAPPY BIRTHDAY DAD!!!

(3 votes, average: 4.33 out of 5)