သွေးပူ…
200 viewsအဟမ်း..။ အဟမ်း…။ စပွားပါမယ်…။
စိတ်ထဲရှိတာတွေ လျှောက်ပြောချင်လို့ရေးတာပါ..။ ဘာအကျိုးမှ ရှိနိုင်မည် မဟုတ်ကြောင်း ကိုတော့ အတိအကျ အာမခံပါတယ် ..။
ယုံချင်မှတော့ ယုံကြပါလိ့မ်မယ်…။ ကျွန်တော် ကိုယ့်ဘလော့ကို ကိုယ်တိုင် ဖွင့်မကြည့်တာ ၂ လကျော်သွားပါပြီ ။ ဘာကြောင့်ဖွင့်မကြည့် မိတာလည်း ဆိုတာကတော့ အကြောင်းမျိုးမျိုးကြောင့် ဖြစ်နိုင်သလို..။ ကျွန်တော် ကိုယ်တိုင်လည်း ဘာကြောင့်မှန်း တစ်ကယ်မသိနိုင်တာ ဖြစ်ကောင်းဖြစ်ပါ လိ့မ်မယ်..။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော် စာတွေရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ ကျွန်တော့်ဘလော့ကို ဘယ်တုန်းကမှ မပိတ်ခဲ့ပါဘူး…။ ဘာလို့လဲဆိုတော့…။ ကျွန်တော်ဟာ ဘယ်တော့မှ ကျွန်တော့် ဘလော့ဆိုတာကို ဖဲကြိုးဖြတ်ပြီး မဖွင့်လှစ်ခဲ့လို့ပဲ ဖြစ်ပါတယ်…။
ဘာတွေလုပ်နေလဲ..? ဘယ်တွေပျောက်နေလဲ…? ဘယ်သူမှမမေးပေမယ့်…? ကိုယ့်ကိုယ်ကို နာမည်ကြီး လူသိများပြီးတော့ လူတွေ စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ပုံစံဖမ်းပြီး ပြောကြည့်ချင်ပါတယ်..။ အကြောင်းကတော့ ကျွန်တော် လိုင်းပြောင်းသွား (တစ်မျိုးမထင်ကြပါကုန်) လို့ပါ..။ အမှန်က လိုင်းကြောင်သွားတယ်လို့ ပြောလည်း ရပါတယ်..။ ကျွန်တော် အခု အုန်းသီးတစ်လုံးရထားပါတယ်..။ နေ့နေ့ညည ကျွန်တော် အဲ့ဒီ့ အုန်းသီးကို ကိုင်ကာ ဖင်တစ်ပြန်ခေါင်းတစ်ပြန်လေ့လာနေပါတယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ၀ါသနာတစ်ပင်ကနေ အခြားတစ်ပင်ကို ခဏခဏခုန်ကူးတတ်တဲ့ မျောက်တစ်ကောင်မို့ပါ..။
အရာရာကို စိတ်ဝင်စားလွယ်တယ်…။ လေ့လာလွယ်တယ်…။ တတ်မြောက်လွယ်တယ်…။ ကျွမ်းကျင်လွယ်တယ်…။ ဒါပေမယ့်….။ ငြီးငွေ့လည်း လွယ်တတ်ပါတယ်…။ ဒါပေမယ့် ကျွန်တော့်ဘ၀တစ်လျှောက်မှာ ကျွန်တော် ဘယ်တုန်းကမှ ငြီးငွေ့မသွားတဲ့ အရာတွေ…။ ကျွန်တော့်ဘ၀ထဲက ဘယ်လိုမှ ထုတ်ပြစ်လို့မရနိုင် တဲ့အရာတွေကတော့ အများကြီးရှိပါတယ်…။ Romantic ဆန်ဆန်တွေ…။ နက်နက်နဲနဲတွေ မတွေးကြပါနဲ့..။ ကျွန်တော် အအိပ်၊အစားနဲ့ ဆေးလိပ်ကိုတော့ ဘယ်တုန်းကမှ မငြီးငွေ့ခဲ့ပါဘူး…။ အနှုတ် ၂၀ လောက်ရောက်နေတဲ့ နှင်းတောထဲမှာ ဘောလုံးကန်ရဲ လောက်တဲ့ သတ္တိမရှိတဲ့ ကျွန်တော်…။ အခုဆိုပေါင်ချိန်က ၁၅၀ ကျော်စပြုလာပါပြီ…။
အခုဆို ပထမနှစ်ဝက်စာမေးပွဲပြီးလို့ ဒုတိယနှစ်ဝက် ပြန်စနေပါပြီ..။ ကျွန်တော်လည်း ကျောင်းသားတစ်ယောက် ဘ၀ကနေပြီးတော့ မကြာတော့တဲ့ ကာလမှာ ရရှိတော့မယ့် မဟာဘွဲ့အတွက် စာတမ်းပြုစုနေရတဲ့ လူတစ်ယောက်အဖြစ်သို့ စတင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်..။ တကယ်ကို အချိန်တွေက အကုန်အမြန်လှပါတယ်…။ ကျွန်တော်တို့တွေ တကယ်ပဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြတာ သိပ်ကို သိသာလွန်းပါတယ်…။
ကျွန်တော့်ကို ရင်းနှီးတဲ့သူတွေက စာမရေးတော့ဘူးလားလို့မေးကြပါတယ်…။ တကယ်ဆို ဒီမေးခွန်းကို ကျွန်တော်ဖြေစရာ မလိုလှဘူး ထင်ပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်မှ စာရေးဆရာ တစ်ယောာက် မဟုတ်ခဲ့တာပဲ…။ ကျွန်တော် ဖန်တီးခဲ့တဲ့ Website တွေက ညီအစ်ကို မောင်နှစ်မတွေက မေတ္တာပို့ကြတယ်..။ သူတို့ တောင်းထားတဲ့ အကူအညီတွေ မပေးတော့ဘူးလားတဲ့…။ ကျွန်တော် တကယ်ပဲ မသိချင်ယောင် ဆောင် နေမိ ခဲ့တယ်…။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းအရင်းတော့ ကျွန်တော် အပေါ်မှာပြောခဲ့သလိုပဲ မရေရာလှပါဘူး..။ လူမှုရေး ခံစားချက်တွေ လည်းနဲနဲပါတယ်..။ ကိုယ်ပိုင်ခံစားချက်တွေလည်း နဲနဲပါတယ် (များသောအားဖြင့်တော့ တော်ရုံတန်ရုံလောက်နဲ့ ကျွန်တော် ကိုယ်ပိုင်ခံစားချက်ကို သိပ်ပြီး ဦးစားပေး ရှေ့တန်း တင်လေ့မရှိပါဘူး..။) လူမှုရေးညံ့ဖျင်းသောကာ စကားအပြောအဆိုမတတ်သော (ကျွန်တော်ညံ့တာထက် ပိုညံ့ကြပါတယ်) လူတွေကြောင့် လည်း ပါမယ်ထင်ပါတယ်..။
ဒါပေမယ့် ဘယ်သူကမေးမေး…။ အားလားဆိုရင်တော့…။ လုံးဝပါပဲ…။ ကျွန်တော် မအားပါဘူး…။ ဘာလို့မအားတာလဲ…။ မအားချင်လို့ မအား တာပါ..။ ဘာလုပ်ရင်ကောင်းမလဲလို့ အချိန်နဲ့အမျှတွေးနေရတဲ့ အတွက် ကျွန်တော် မအားပါဘူး…။
“မင်းအနုပညာသမားစစ်တယ်ဆိုရင် မင်းရေးမယ့်စာတွေကို လေးလေးနက်နက်စောင့်ဖတ်နေမယ့် စာဖတ်ပရိတ်သတ်ကို မင်းလေးစားသင့်တယ်။” အဟမ်း အဟမ်း..။ ကိုယ့်ကိုယ်ကို ဆရာကြီးအထာနဲ့ မေးကြည့်လိုက်တော့ ..။ ကျွန်တော်ဆိုတဲ့ ငတိက မချိုမချဉ်မျက်နှာနဲ့ တစ်လုံးပဲ သူ့ကိုပြန်မေးမိတယ်…။ ကျွန်တော့်ကို အနုပညာသမားလို့ ခင်ဗျားကို ဘယ်သူကအချွန်နဲ့ မလိုက်တာလဲ…?
ဒီမေးခွန်းကို အတည်တကျမေးလာမယ်ဆိုရင် ..။ တစ်ကယ်လဲ ကျွန်တော့်မှာ ဖြေစရာမရှိပါဘူး..။ ကျွန်တော် ဘာလဲ..? အနုပညာသမားလား..? အင်ဂျင်နီယာလား…? စစ်သားလား…? ဓာတ်ပုံဆရာလား..? အားကစား သမားလား…? ကျွန်တော် ဘာလားမှ မဟုတ်ပါဘူး…။ ကျွန်တော်ဟာ ကျွန်တော်စစ်စစ်ဖြစ်ဖို့ ကြိုစားနေတဲ့ ကျွန်တော် မဖြစ်သေးတဲ့ ကျွန်တော် တစ်ယောက်ပါပဲ..။ ဒီ့ထက် ကျွန်တော့်မှာ ဘာမှ မပိုပါဘူး..။ ( တစ်ကယ်ပါ တစ်ခါတစ်လေ ကျွန်တော်လို့ ကိုယ့်ကိုယ်ကိုသုံးရတာတောင် မလုံမလဲ ဖြစ်မိတယ်..။ “တကယ်ရော မင်းကိုယ် တိုင်ဟုတ်ရဲ့လား? မင်းကိုယ်မင်း ပိုင်ရဲ့လား? ” လို့ အကြိမ်ကြိမ်တွေးမိပါတယ်..။)
အာ…။ မရဘူး..။ အမြှီးကဆွဲ…။ ခေါင်းကဆွဲ…။ လူမှန်ရင် (လူမှန်မှန်၊ မမှန်မှန် လူတွေနဲ့မလွတ်ကင်းနိုင်သေးရင်၊ လူလို့သူတို့ကိုယ် သူတို့သတ်မှတ်ထားတဲ့ လူတွေရဲ့ အသိုင်းအ၀ိုင်းထဲမှာ နေနေသေးတယ်ဆိုရင်) တော့ အကြောင်းပြချက်တစ်ခုပေး..။ ဒါပဲ…။
Tags: black, d90, dream, nikon, photography
ဒုတိယကမ္ဘာ (သို့မဟုတ်) …
657 viewsသက္ကရာဇ်အားဖြင့် AD 3000 ဘက်သို့ ချဉ်းနှင်း ၀င်ရောက်ခဲ့ပြီ ဖြစ်ပါတယ်…။
ကမ္ဘာ၏ ဗဟိုလည်မှတ်မှု စနစ်များ တိမ်းစောင်း လွဲမှားစပြုလာခြင်းမှအစ…။ သတ္တ၀ါ (အဓိက လူ) တို့၏ ခံယူချက်နှင့် အတွေးအခေါ်များ တရှိန်ထိုး ပြောင်းလဲလာခဲ့သည့်နောက် ကမ္ဘာတစ်ဝှမ်းတွင် ကြောက်မယ်ဖွယ်ရာ တော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေတော့သည်။
(မှတ်ချက်။ ။ အက်ဆေး နောက်ပိုင်းတွင် သတ္တ၀ါ ဆိုသောဝေါဟာရအစား လူ ဆိုသော ဝေါဟာရ ဖြင့်သာ ဆက်လက်ရေး သားသွားမည်ဖြစ်ပါသည်။ အကြောင်းမှာ ဤအက်ဆေးသည် လူ များကိုသာ ရည်ရွယ်ကာ ရေးသား ထားသောကြောင့် ဖြစ်ပါတယ်..။)
ထိုတော်လှန်ရေးကို ကမ္ဘာတစ်ဝှမ်းမှ “ဒုတိယကမ္ဘာတော်လှန်ရေး (သို့) သက်ရှိဝါဒ တော်လှန်ရေး” လို့ ခေါ်ဆို အသိအမှတ်ပြုခဲ့ကြပါတယ်…။
တော်လှန်ရေးပေါ်ပေါက်လာရခြင်း၏ အဓိကဇစ်မြစ်မှာ အကြောင်းအရာမှာ လူသားတို့၏ စကားလုံးနှင့် ဝေါဟာရများကို ဖောင်းပွစွာတီထွင်ခဲ့ကြ ခြင်း၊ သုံးစွဲ (သို့) သတ်မှတ်ခဲ့ကြခြင်းတို့ကြောင့် စတင်ခဲ့ပါတယ်..။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှ စစ်ပွဲများနှင့် တော်လှန်ရေးသမိုင်းများ ကို ပြန်လည် သုံးသပ်ကြမည်ဆိုပါက လူသားအချင်းချင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၊ တော်လှန်ရေးများသာ ဖြစ်ပေါ်ခဲ့ကြပါတယ်…။
ထိုအချိန်က ပေါ်ပေါက်ခဲ့ဖူးသော စာရေးဆရာများ၊ သိပံ္ပပညာရှင်များက လက်ရှိကျွန်တော်တို့ ရောက်ရှိနေသော သက္ကရာဇ်တွင် ဖြစ်ပေါ်လာနိုင်သော စစ်ပွဲများ၊ တော်လှန်ရေးများမှာ လူသားနှင့် အခြားကမ္ဘာမှ အန္တာရယ်များ၊ လူသားနှင့် စက်ယန္တာယားတို့၏ စစ်ပွဲများပင် ဖြစ်ပေါ်လာလိ့မ်မည်ဟု ကြိုတင်ခန့်မှန့်သုံးသပ်ခဲ့ကြပါတယ်..။ သို့သော် ထိုဟောကိန်းများသည် တစ်ကယ်တမ်းတွက် လုံးဝ မှားယွင်းခဲ့ပြီ ဖြစ်ပါတယ်..။ ထိုကဲ့သို့ မှားယွင်း သော ဟောကိန်းများ ထုတ်ခဲ့ရခြင်းအကြောင်းအရင်းမှာ ၎င်းတို့အနေဖြင့် လူသားတို့နှင့် အနီးကပ်ဆုံးတွင် ထာဝရတည်ရှိခဲ့သော သက်မဲ့အရာဝတ္ထု များအပေါ် မေ့လျော့နေခဲ့ ခြင်းကြောင့်ပင် ဖြစ်ပါတော့သည်…။
ရှေးဟောင်းအတွေးအခေါ် (လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်) များအရ သက်ရှိနှင့် သက်မဲ့များ၏ ကွဲပြားခြားနားမှုအပေါ် အမျိုးမျိုးခွဲခြား သတ်မှတ်ခဲ့ကြပါတယ်…။ သက်ရှိမှန်လျှင် အသက်ရှူရမည်။ သက်ရှိမှန်လျှင် ခံစားချက်ရှိရမည်။ သက်ရှိမှန်လျှင် အသိဥာဏ်ရှိရမည်။ စသည်ဖြင့် သတ်မှတ်ခဲ့ကြ ပါတယ်…။ ၎င်းတို့ ထိုကဲ့သို့ ခြေအငြိမ်မနေ လက်အငြိမ်မနေ ဝေါဟာရများနှင့် အဓိပ္ပါယ်သတ်မှတ် ချက်များကို ချခြင်တိုင်းချ၊ ထုတ်ခြင်တိုင်း ထုတ်ခဲ့ခြင်းများ၏ ရလာဒ်များအနေဖြင့် လက်ရှိ ကျွန်တော်တို့ ခေတ်မှ လူသားများ ယခုအခါ အလူးအလဲ ခံနေကြရပြီ ဖြစ်ပါတယ်..။
၂၉ ရာစုနှစ်မတိုင်မှီ အထိတည်ရှိခဲ့သော ထိုရှေးဟောင်းအတွေးအခေါ်ပညာရှင်များနှင့် အတွေးချော် ပညာရှင်များသည် ထိုကဲ့သို့မှားယွင်းသော အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ဟောကိန်းများကို ထုတ်ခဲ့ရုံသာမက လက်ရှိ ကျွန်တော်တို့ရင်ဆိုင်နေရသော “ဒုတိယကမ္ဘာတော်လှန်ရေး” ဖြစ်ပေါ်လာဖို့အတွက် အဓိက အစပျိုး မျိုးစေ့ချပေးခဲ့ကြသော သမိုင်းတရားခံများလည်း ဖြစ်ပါတယ်…။
အကြောင်းမှာ ၎င်းတို့သည် ထိုကဲ့သို့ မည်သည့်အရာများသည် သက်ရှိများဖြစ်သည်။ မည်သည့်အရာများသည် သတ်မဲ့များ ဖြစ်သည်ဟု ပညာရှင် များပီပီ ပြီးပြီးရော သတ်မှတ်ခဲ့ကြပြီးသည့်နောက်တွင်….။ ထိုသူတို့မှပင် တစ်ဖန် သက်မဲ့များသည် အသက်ရှူကြကြောင်း….။ သက်မဲ့များတွင် ခံစားချက်များရှိကြောင်း..။ သက်မဲ့ များတွင် အသိဥာဏ်များရှိကြောင်း စတင်ဖော်ထုတ်ကာ ပြသနာအား မီးစမွှေးခဲ့ကြခြင်း ဖြစ်ပါတယ်….။
ထိုရလဒ်များအဖြစ်…
နေရာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ သက်ရှိသက်မဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေး ဌာနကြီးရဲ့ အစည်းအဝေး ခန်းမအတွင်း ဖြစ်ပါတယ်…။ ခန်းမရဲ့ ဖွဲ့စည်းပုံမှာ ထိပ်ဆုံးနေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲ များထိုင်ရန်သတ်မှတ်ပေးထားသော စင်မြင့်နှင့် မိန့်ခွန်းပြောစင် ရှိပါတယ်..။ ကျန်တဲ့ ခန်းမတစ်ခုလုံးမှာ ရှိသည့် ခုံများကိုတော့ Column သုံးခု ပိုင်းခြားသတ်မှတ်ထားပါတယ်..။ လက်ဝဲဘက်အစွန်ဆုံးတွင် လူမဟုတ်သော သက်ရှိများ၏ ကိုယ်စားလှယ်များက နေရာယူကြပါတယ်..။ အလယ် Column တွင် လူသားများ၏ ကိုယ်စားလှယ်များမှ နေရာယူ ကြကာ။ လက်ယာအစွန်ဆုံးတွင်တော့ ယခင် သက်မဲ့များအဖြစ် သတ်မှတ်ခံခဲ့ရသော သက်မဲ့များ (၀ါ) သက်ရှိများ စာရင်းတွင် အကြုံးဝင်ဖို့အတွက် ကြိုးစားနေသော သက်မဲ့များမှ ရွေးချယ်စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့များက နေရာယူထားကြပါသည်။ (လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ပေါ်ပေါက်ခဲ့ဖူးသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏ အစည်းအဝေးခန်းမကို မျက်လုံးထဲ မြင်ကြည့်နိုင်ပါတယ်)
အစည်းအဝေးခန်းတစ်ခုလုံးကို အကြမ်းဖျဉ်းခွဲခြားကြည့်လိုက်ပါက…။ လောကတွင် (လူမပါ) သက်ရှိများ၊ သက်မဲ့များ များစွာရှိသည့်အနက်…။ ကျန်သော အဖွဲ့များမှ ကိုယ်စားလှယ်များမှာ ရာခိုင်နှုန်း ၆၆.၆၆ သာ အစည်း အဝေးတက်ရောက်ခွင့်ရရှိကာ လူလည် (အလယ် Column မှာထိုင်သောကြောင့် လူလည် လို့ခေါ်ခြင်း ဖြစ်ပါသည်။ “လူလယ်” နှင့် မမှားကြပါကုန်…။) များမှာမူ တစ်ကမ္ဘာလုံးရှိ သက်ရှိ၊ သက်မဲ့များအားလုံး၏ ၃၃.၃၃ ရာခိုင်နှုန်း စာ တက်ရောက်ခွင့်ရရှိနေခြင်းမှာမူ…။
Tags: biological, equality, Essay, life, modern, rights
