အဓိပ္ပါယ်မရှိသောစာ…

518 views

အားလုံးပြီးဆုံးသွားပါပြီ…။ စာမေးပွဲတွေပြီးသွားပြီ…။ စာတမ်းဖတ်တာတွေပြီးသွားပြီ..။ ဘွဲ့ယူပြီးသွားပြီ..။ ၄ နှစ်တာကျော်ဖြတ်ပြီးသွားပြီ..။ တာဝန်တစ် ခုကျေသွားပြီ..။ ၀တ္တရားတစ်ခုပြီးသွားပြီ…။ စစ်ဆင်ရေးတစ်ခုပြီးသွားပြီ…။ ထိုက်သင့်တဲ့ အောင်မြင်မှုနဲ့ ရလဒ်တစ်ခုရပြီးသွားပြီ…။ ထိုက်သင့်တဲ့ အတွေ့အကြုံတွေ ရခဲ့ပြီးပြီ..။ ထိုက်သင့်တဲ့ ခံစားချက်တွေရခဲ့ပြီးပြီ…။ ထိုက်သင့်တဲ့ ဆုံးရှုံးမှုတွေ ပေးဆပ်ခဲ့ပြီးပြီ…။ ထိုက်သင့်တဲ့ သင်ခန်းစာတွေ ရခဲ့ပြီးပြီ…။ ပျော်ရွှင်ဖို့ကောင်းတဲ့ အချိန်တွေ ရခဲ့ပြီ..။ သောကတွေ အထပ်ထပ်နဲ့ မျက်နှာသစ်ခဲ့ရတဲ့ နံနက်ခင်းတွေ ရခဲ့ပြီးပြီ…။ လူပေါင်းများစွာရဲ့ ချီးကျူးဂုဏ်ပြုမှုကို ခံခဲ့ရပြီးပြီ..။ လူပေါင်းများစွာရဲ့ အတင်းအဖျင်းတွေကို ရခဲ့ပြီးပြီ…။ လူပေါင်းများစွာရဲ့ Congratulation ပါဆိုတဲ့စကားသံတွေကြားခဲ့ရပြီးပြီ..။ လူပေါင်းများစွာရဲ့ လက်ခုပ်သံတွေ ကြားခဲ့ရပြီးပြီ..။ လူပေါင်းများစွာရဲ့ တံတွေး ထွေးသံတွေ ကြားခဲ့ရပြီးပြီ…။ အင်း…။ နှစ်လုံးသားတစ်ခုရဲ့ အသက်ရှူသံလည်း ရပ်တန့်သေဆုံးသွားခဲ့ပြီ…။ ပြီးသွားပြီ…။ အားလုံးပြီးသွားပြီ…။ နောက်ဆုံးတော့…။ တကယ်ကို…။ အားလုံးပြီးသွားခဲ့ပါပြီ…။

ဒါဟာ တကယ့် သဘာဝတစ်ခုပေပဲလား..။ ဒါမှမဟုတ်…။ လူတို့ဖန်တီးအပ်တဲ့ သဘာဝတစ်ခုလား…။ ဟန်ဆောင်မှုတစ်ခုလား…။ ကြံဆောင်မှုတစ်ခုလား…။  ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကိုတိုင် လေလံပြစ်ခြင်းတစ်မျိုးလား…။ Emporio Armani ကထုတ်တဲ့ ချိုင်းနံ့ပျောက်ဆေး တစ်မျိုးလား..။  ခြေလှမ်းတစ်ခုတဲ့လား..။ ပုဂံကို ရောက်ခဲ့တာလား…။ ပုဂံကိုရောက်ဖို့ ပထမဆုံးခြေလှမ်းလား…။ ပုဂံကရော တကယ်ရှိရဲ့လား…။ ပုဂံကရော ကိုယ့်ကို တကယ်စောင့်နေရဲ့လား…။ အောင်မြင်မှု အတွက် လှေခါးတစ်ခုလား…။ ကိုယ့်ကိုယ်ကို ငရဲထဲတွန်းပို့တဲ့ လှေခါးတစ်ခုလား…။  ဒါမှမဟုတ် နံရံမှာ မှန်ဘောင်သွင်းပြီးချိတ်ဖို့ ဓာတ်ပုံတစ်ခုအတွက်ပဲလား…။ အဖေနဲ့အမေကြွားဖို့လား…။ မင်္ဂလာဆောင် ဖိတ်စာတစ်ခုမှာ စာလုံးကြီးကြီးနဲ့ စာတမ်း ရှည်ရှည်ရေးဖို့အတွက်လား..။ သတို့သမီးကရော ရှိပြီလား…။  ကိုယ်ချစ်တဲ့တိုင်းပြည်အတွက် အသီးအပွင့်တွေ ဖူးပွင့်ဖို့ မြေသြဇာတစ်ခုလား…။ ပြည်သူတွေအတွက် ထမင်းတစ်လုပ်လား…။ ဒါမှမဟုတ် မျက်ရည် တစ်စက်လား…။ ဘာအတွက်လည်း ဆိုတာ မင်းရောသိလား..။ ငါရောသိလား..။ ကျွန်တော်သိသလား…။ ခင်ဗျားတို့ရော သိကြရဲ့လား…။

လူပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်..။ တစ်ချို့လူတွေရဲ့ ခံစားချက်တွေက နှစ်လုံးသားက ပြစ်ပြစ်နှစ်နှစ်စီးဆင်းလို့…။ တစ်ချို့လူတွေရဲ့ ခံစားချက်တွေကြတော့ လည်း..။ လေကြီးမိုးကြီးတွေ…။ သကြားလုံးကြီးကြီးတွေ စီးဆင်းလို့….။ ။ တစ်ချို့က အပေါ်ယံ…။ တစ်ချို့က အတွင်းခံ…။ တစ်ချို့က အရင်းခံ…။ တစ်ချို့က အဖျားခံ…။ တစ်ချို့က ချော်လဲရောထိုင်..။ တစ်ချို့က လှေကြုံတူခရီးသွား..။ တစ်ချို့က အုတ်ရောရော ကျောက်ရောရော…။ တစ်ချို့က အရိပ်နေနေ အခက်ချိုးချိုး..။ တစ်ချို့က သားရေပေါ်အိပ် သားရေနားစား…။ တစ်ချို့က ကြည်ကြည်ဖြူဖြူ…။ တစ်ချို့က ငြူငြူဆူဆူ…။ တစ်ချို့က အူတူတူ…။ တစ်ချို့ကတော့ ရင်ခုန်သံတွေ တူလို့ပေါ့…။

အဖြစ်အပျက်တွေကမြန်…။ အပြောင်းအလဲတွေကမြန်…။ အလျော်အစားတွေကမြန်…။ အထိုးအကျွေးတွေကမြန်…။ အိပ်မက်တွေကမြန်…။ ခံစားချက်တွေကမြန်…။ ယုံကြည်မှုတွေကမြန်…။ မုန်းတီးမှုတွေကမြန်…။ အိပ်ယာထချိန်ကမြန်…။ အိမ်သာတက်ချိန်ကမြန်…။ ကုန်သွားတဲ့အချိန်တွေကမြန်…။ ကုန်သွားတဲ့ပိုက်ဆံတွေ ကမြန်..။ ဆံပင်ဖြူတာမြန်..။ စီးကရက်တွေကုန်တာမြန်…။ ကော်ဖီခါးခါးတွေအကုန်မြန်…။ မျက်လုံးတွေမှုန်လာတာကမြန်…။ ဦးနှောက်တွေမှိုတက်လာတာကမြန်..။ နှလုံးသားပေါ် မြက်ရိုင်းတွေပေါက်ပေါက်လာတာကမြန်…။ အီတလီရှုံးတာကမြန်…။ စီးနေကြဖိနပ်က ပါးပါးသွားတာမြန်…။ ချိုင်းမွှေးတွေရှည်လာတာကမြန်…။ အတွေးအခေါ် ခြောက်ခန်းမှုတွေကမြန်…။ လူကိုလူခြင်းခြနင်းမှုတွေကမြန်..။ တစ်ယောက် ကျောကုန်းတစ်ယောက် တံတားခင်းခြင်းကမြန်…။  တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေကုန်တာမြန်…။ အသက်တွေကြီးလာ တာမြန်…။ မမြန်တာဆိုလို့ ဒီစာတစ်ပိုဒ်ကိုရေးရတာပဲ…။

P.S – ဘာဆက်ရေးရမှန်းမသိတော့ဘူးဗျာ…။ ဒီမှာပဲ ရက်လိုက်တော့မယ်….။

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 5.00 out of 5)
Loading ... Loading ...
Posted at 7am on 07/11/10 | 15 comments | Filed Under: Personal
Tags: ,

ကျွန်တော်သိသော အနုပညာ…

1,395 views

အနုပညာ…။ ပို၍တိတိကျကျ ပြောရလျှင် ကျွန်တော် သိသော အနုပညာ…။

ကျွန်တော်သိသော အနုပညာဆိုသောကြောင့် ဒီအမြင်သည် ကျွန်တော့်အမြင် သီးသန့်သာ ဖြစ်ပေ လိမ့်မည်..။ မည်သည့် ကျမ်းကိုးမှ မပါ..။ မည်သည့် ကမ္ဘာကျော် အဆိုအမိန့်မှ မပါ..။ မည်သည့် ကိုးကွယ် ဘက်လိုက်မှုမှ မပါ..။ ကျွန်တော့် နုလုံးသားထဲမှ လာသော အရာ..။ ကျွန်တော့် အသိဥာဏ်ထဲမှ လာသောအရာမျှသာ..။

အနုပညာ..။ ပို၍တိတိကျကျ ပြောရလျှင် ကျွန်တော် သိသော အနုပညာဆိုသည်မှာ…

ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့သလိုပဲ ကျွန်တော်ဟာ အနုပညာသမားတစ်ယောက်မဟုတ်ပါ..။ စာရေးဆရာ တစ်ယောက်လည်းမဟုတ်ပါ…။ အခြားလူများနည်းတူ…။ အနုပညာကို ၀ါသနာ ပါသော..။ တန်ဖိုးထားလေ့ ရှိသော သာမန် လူငယ်တစ်ယောက်မျှသာ..။ ကျွန်တော် ဥာဏ်မှီသ၍ အနုပညာဆိုသည်မှာ ခက်ခဲသည်..။ သိမ်မွေ့သည်..။ စူးရှသည်..။ နူးညံ့သည်..။ ခန့်ညားသည်..။ ရိုကျိုးသည်..။ အနုပညာသည် ပေါင်းစည်းမှု ဖြစ်သည်..။ အနုပညာသည် ဆန့်ကျင်ဘက် ဖြစ်သည်..။

အနုပညာသည် ပြည်သူ့အတွက်လည်း မဟုတ်ပေ..။ အနုပညာရှင်အတွက်လည်း မဟုတ်ပေ..။ ငွေကြေးဥစ္စာအတွက်လည်း မဟုတ်ပေ..။ ဂုဏ်ပကာသဏ အတွက် လည်းမဟုတ်ပေ..။ အောင်မြင်ကျော်ကျားမှုအတွက်လည်း မဟုတ်ပေ…။ အနုပညာသည် အသုံးတော်ခံ မဟုတ်ပေ..။ အဘယ်ကြောင့်ဆိုသော အနုပညာသည် မျက်နှာဖုန်းတစ်ခု မဟုတ်သောကြောင့်..။ အနုပညာသည် လှေခါးတစ်ခုမဟုတ်သောကြောင့်..။ အနုပညာသည် ၀ါဒဖြန့် လက်နက်တစ်ခုမဟုတ်သောကြောင့်..။ အနုပညာသည် နောက်ကျောကိုထိုးသော ဓားတစ်ချောင်းမဟုတ်သောကြောင့်..။ အနုပညာသည် ကာရာ အိုကေခန်းတစ်ခုမဟုတ်သောကြောင့် ဖြစ်ပေသည်..။

ကိုယ့်ဘိုးဘေး ဘီဘင်များ၏ ဘိုးဘေး ဘီဘင်များပင် မမှီလိုက်သော BC နှင့် အတော်ဝေးဝေး AD အစောပိုင်းကာလများမှ ကမ္ဘာကျော် (ဟုအများက သတ်မှတ်ကျ သော) အနုပညာရှင်ကြီးများ၏ အယူအဆများ..။ သဘောတရားများ..။ အဆိုအမိန့်များကို သိမှ…။ ဖတ်ဖူး…။ နားလည်ချင်ယောင် ဆောင်ဖူးမှ…။ လူရှေ့သူရှေ့များတွင် အရှက်မရှိ အာဘောင်အာရင်းသန်သန် ကြက်တူရွေး စာချရွတ်နိုင်မှ…။ ကိုယ်တကယ်မသိသည့်တိုင်..။ ကြားဖူးသည်များကို  ကိုယ့်နားဝလောက်တွင် မထားပဲ..။ သူများနားဝထဲသို့ ကြားချင်မှန်းမသိ မကြားချင်မှန်းမသိ ပို့နိုင်မှ…။ ပါးနောက်ဆုံး..။ ထိုလူများ၏ ခက်ခဲရှုပ်ထွေးရှည်လျား လှသော နာမည် များကို အလွတ်ပြောနိုင်မှ..။ အနုပညာသမားဟုတ် သတ်မှတ်လျှင်…။ ကျွန်တော်သည် နှုတ်ဆိတ်နေမည်ဖြစ်သည်..။

အနုပညာ သမားစစ်စစ်မှန်လျှင် ဆင်းရဲနွမ်းပါးရမည်..။ နွမ်းလျနေသော ပုဆိုး..။ လည်ကတုံး အင်္ကျီအဖြူတစ်ထည်…။ ဆေးပေါ့လိပ်တို တစ်လိပ်နဲ့…။ ပြတ်လုနီးပါး တစ်ရံထဲသော ဖိနစ်တစ်ရံနှင့် လေထန်ကုန်း လက္ဘရည်ဆိုင်များတွင် ထိုင်ဖူးမှ..။ အနုပညာသမားဟုတ် သတ်မှတ်လျှင်..။ ကျွန်တော်သည် နှုတ်ဆိတ်နေမည် ဖြစ်သည်။

လိမ်လည်မှုသည်လည်း အနုပညာတစ်ခုဖြစ်သည်..။ အဘယ့်ကြောင့်ဆိုသော ကမ္ဘာပေါ်ရှိ စိတ်ကူးယဉ် ၀တ္ထုများ..။ ရုပ်ရှင်ဇာတ်လမ်းများသည် လိမ်လည်မှုတင်ဆက် မှုများဖြစ်သောကြောင့် ဖြစ်သည်..။ သို့သော် အဘယ့်ကြောင့် လူတို့သည် ထိုအရာများအပေါ် တန်ဖိုးထား..။ ရင်ခုန်ကြပါနည်း..။ ကောင်းချီးသြဘာ လက်ခုပ်များဖြင့် အားပေးကြပါသနည်း..။ ထိုလူတို့သည် လိမ်လည်မှု သို့မဟုတ် လူလိမ်များကို အားပေးနေကြခြင်းလော..။ မဟုတ်ပါ..။ ထိုလူသားတို့၏ လက်ခုပ်သြဘာသံများ သည် ထိုလိမ်လည်မှုများကို အားပေးနေခြင်းမဟုတ်ပဲ..။ မဟုတ်မမှန်မှန်း မိမိအားလှည့်စားနေမှန်း သိသည့်တိုင်အောင်..။ မိမိမှ တကယ်ဖြစ်နေတယ်ထင်တယ်ဆို သည့် အတွေးမှ..။ တကယ်များလား ဟုတ် စိတ်အထင်ရောက်စေနိုင်တဲ့အထိ..။ ထိုလိမ်လည်မှု သို့မဟုတ် လူလိမ်များက..။ သူတို့၏ စိတ်ကူးအတွေးအခေါ်များ၊ ထက်မြတ်သည့်အရေးအသားများ..။ ပြောင်မြောက်သည့် သရုပ်ဆောင်မှုများဖြင့် သဘာဝကျကျ ဖန်တီး တင်ဆက်ပြသနိုင်ခဲ့သသောကြောင့် ကျွန်တော်တို့သည် ထိုထိုသော သူတို့၏ အနုပညာ အရည်အချင်းအား တန်ဖိုးထားအားပေးကြခြင်းသာ ဖြစ်သည်..။ လိမ်လည်မှုနှင့် လှည့်ဖျားမှုတို့ကို အားပေးခြင်းမဟုတ်ပေ..။ သို့သော သေချာသည်တစ်ခုမှာ ကျွန်တော်တို့ ပြုံးပြုံးကြီး အလိမ်ခံလိုက်ရသည် ဖြစ်သည်..။ ထို့ကြောင့် အနုပညာသည် လိမ်လည်မှု တစ်ခုလည်းဖြစ်သည်..။

အနုပညာသည် အမှန်တရားတစ်ခုလည်း ဖြစ်နိုင်သည်…။ လောက သဘာဝရဲ့ ဖြစ်တည်မှုများ..။ ပျက်သုန်းမှုများ..။ မတည်မြဲမှုများ..။ ကြိုတင်မခန့်မှန်းနိုင်ခြင်းများ။ မရေရာမှုများ..။ အစရှိသည့် သဘာဝတရားများကို တင်ပြ ဖော်ထုတ်နိုင်ခြင်း…။ အမှန်နှင့်အမှား..။ အကောင်းနှင့်အဆိုး..။ အလင်းနှင့်အမှောင်ကြား..။ လမ်းပျောက် နေသူများ..။ ဝေခွဲရခက်နေသူများ..။ တွေဝေတုံ့ဆိုင်းနေသူများအား..။ ထိုသူ၏ အမြင်နှင့်ခံယူချက်အပေါ်မူတည်၍ (၎င်းလူတစ်ယောက်အတွက်တော့ အမှန်တရား ဖြစ်ကောင်းဖြစ်ပါလိ့မ်မည်..။ သို့သော် အမှန်တရားဟု ကျွန်တော်မသုံးလို) အဖြစ်သင့်ဆုံးနှင့် အသင့်တော်ဆုံး လမ်းကြောင်းတစ်ခုအပေါ် ရောက်အောင် တည့်မတ် လမ်းညွှန်ပေးနိုင်သည်..။ ကောင်းခြင်းတရားတို့ကို ဆောင်ကျဉ်းပေးသည်..။ ထို့ကြောင့် ကျွန်တော်တို့ လက်ခုပ်သြဘာများဖြင့် ချီးမြှင့်ကြသည်..။ သို့သော် ကျွန်တော်တို့၏ လက်ခုပ်သြဘာများသည် အမှန်တရားအား ချီးမြှင့်အားပေးကြခြင်းမဟုတ်ပဲ..။ ထိုကဲ့သို့ တည့်မတ်လမ်းညွှန်ပေးနိုင်ခဲ့သော အနုပညာရဲ့ စွမ်းဆောင် ရည်အား ဂုဏ်ပြု ချီးမြှင့်ကြခြင်းသာ ဖြစ်ကြောင်းကို သင်သည် သတိထားမိလိ့မ်မည် မဟုတ်ချေ..။ ထို့ကြောင့် အနုပညာသည် အမှန်တရား တစ်ခုလည်း ဖြစ်နိုင်ပေ သည်..။

Read the rest of this entry »

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 4.00 out of 5)
Loading ... Loading ...
Posted at 5pm on 04/17/10 | 15 comments | Filed Under: Article
Tags: