April 14 , 2008 | 832 views
မနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်..။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလိုဆုံကြဖို့ စီစဉ်လိုက်ကြတာဖြစ်ပါတယ်…။
အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခုတည်း အတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပေါင်းပြီး တည်ထောင် ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေးတိုင်ပင်ကြဖို့လည်းပါဝင်ပါတယ်…။ အဲဒီ့ Website လေးမှာတော့ ကျွန်တော်တို့ တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာ များနဲ့အတူ အခြားသော အကျိုးရှိနိုင်တဲ့ အခန်းကဏ္ဏများကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။
ကျွန်တော်တို့ဆုံဆည်းမှုရဲ့ ပထမခရီးစဉ်အနေဖြင့် Парк Культуры (Park Of Cultre) လို့ ခေါ်တဲ့ ပန်းခြံကို ပထမဆုံးစတင်ချီတက်ကြပါတယ်..။ ကျွန်တော်တို့ရဲ့ ၀မ်းတွင်းသာယာစိုပြေရေးကိုလည်း အဲဒီ့နေရာမှာပဲ ဖြေရှင်းပြီး အမှတ်တရ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်..။ အဲဒီ့နောက်မှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Красная Плошадь (Red Square) ကို ဆက်လက်ထွက်ခွာခဲ့ပြီး… မှတ်တမ်း ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်…။
ကျွန်တော်တို့ရဲ့ အမှတ်တရ ဆုံဆည်းမှုလေးမှာ ထူးဆန်းမှုလော တိုက်ဆိုင်မှုလောမသိတဲ့ အဖြစ် အပျက်လေးတစ်ခုကိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဘာလဲဆိုတော့ မိုးရွာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့ နေရာမှာ ဒီလိုအချိန်မျိုးမိုးရွာလေ့ ရွာထမရှိပါဘူး။ ဘာလို့ ကျွန်တော်က မိုးရွာတာကို အထူးအဆန်းတစ်ခုအနေနဲ့ ပြောရကြောင်းကို သိချင်ရင်တော့ အခုကျွန်တော်တို့ အစီအစဉ်မှာ ပါတဲ့သူများကိုဖြစ်ဖြစ် ကျွန်တော်တို့နှင့်အတူ တစ်နှစ်တည်း ကျောင်းအတူတူ တက်ခဲ့ကြတဲ့ တစ်ခြား သူငယ်ချင်းများကိုပဲ မေးကြည့်လိုက်ကြပါတော့ :)
ကျွန်တော်တို့ရဲ့ ဆုံဆည်းမှု အမှတ်တရနေ့ရက်လေးကို ကျွန်တော်တို့ ချစ်တဲ့ စာဖတ်သူများ၊ Blogger ညီအစ်ကိုများ၊ မောင်နှစ်များအားလုံးကို ဝေမျှရင်းနဲ့ “မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့ချစ်တဲ့ မြန်မာ ပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…။ ထို့အတူ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ယခု ထက်ပို ပိုမို၍စည်ပင် သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”

Moscow River နဲ့ အမှတ်တရ…

(Park Of Cultre) ထဲမှာပါ…


ဒါကတော့ ပန်းခြံအ၀င် ဂိတ်ဝမှာပါ…


Moscow River ကို တံတားပေါ်ကနေ မှတ်တမ်းတင်ထားတာပါ…


Red Square နားမှာရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က အမိမြန်မာပြည် မြေပုံရှေ့မှာပါ…


ရေမလာတဲ့ ရေပန်းကြီးဘေးမှာပါ… :P << ရေလာရင်တော်တော်လှပါတယ် :) >>

ဒါကတော့….ဒီလိုပေါ့… :)


လှေခါးထစ်လေးများ….

p.s- ပါဝင်သူများ မျှားပြာညိမ်းညိုမောင်ကောင်းအောင်မင်းကျန်စစ်တင့်ထူးရွှေနတ်ရှင်နောင်ကိုရင်ညိန်းBLACK DREAM
Cateogry : Feature , Personal | 28 Comments
April 12 , 2008 | 746 views

p.s- This song was really mean to me and i used to listen this song every years when this time is come. So turn your speakers as loud as possible and let’s rock & roll for our New Year!! Wish you all the best in this very HAPPY NEW YEAR!!!!

Cateogry : Personal , Video Clip | 11 Comments
April 9 , 2008 | 560 views
နိဒါန်း

ဘုရားသခင်သည် လူသားတို့ အကျိုးငှာ လောကအား “အချစ်” ဆိုသောအရာဖြင့် ကြိမ်စာတိုက်ခဲ့ လေသည်။

အခန်း (၁)

“အကောင်းဆုံး မျက်လှည့်ပြပွဲတစ်ခုကို
သင်ကြည့်ချင်တယ်ဆိုရင်
လောကထဲကို ခြေစုံပစ် ၀င်လိုက်ပါ”
BLACK DREAM


ကျွန်တော်နှင့်သူမ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် ကျွန်တော်တို့ စိတ်ကြိုက်ဒီဇိုင်း မရသေးသောကြောင့် အသည်း အသန်လိုက်ရှာနေကြပါတယ်..။
“ ဒီဆိုင်လည်း အလာကားပဲ နာမည်သာကြီးတာ… ဖိတ်စာပုံစံတွေက သိပ်ရိုးတာပဲ” ဟုသူမကညည်းငြူရင်း ပြောပါတယ်..။
“အာ… “ငယ်” ကလည်းကွာ ဘာဖြစ်လဲ ဆိုင်တွေအများကြီးရှိပါသေးတယ်…ဘာလဲစိတ်ဓာတ်ကျနေ ပြီလား? ဒီအချိန်က စိတ်ဓာတ်ကျရမဲ့ အချိန်မဟုတ်ဘူးလေ..ပျော်နေရမယ့်အချိန်ကြီးကို…” ဟု ကျွန်တော်က ပြုံးပြီး ပြန်ပြောလိုက်ပါတယ်…။
“အေးပါ အတူးရယ် စိတ်ဓာတ်ကြလို့မဟုတ်ပါဘူး စိတ်ပူနေတာ လိုချင်တဲ့ပုံစံမျိုးမရမှာစိုးလို့ပါ..” ဟု သူမက ပြန်ပြောပါတယ်..။
“ဟား..ဟား..ဒီလောက်တောင်ပဲလား ရင်တွေခုန်နေတယ်ပေါ့” လို့ကျွန်တော်နောက်လိုက်တော့ သူမက ရှက်ပြီးကွန်တော့်ကို လိုက်ရိုက်ပါတော့တယ်…။
“ဟ..ဟ မလုပ်နဲ့…အာ… ဒီအချိန်မြို့ထဲမှာ ကားဒီလောက်ရှုပ်တာ တိုက်ကုန်လို့ မင်္ဂလာမဆောင်လိုက်ရပဲနေ အုံးမယ်…ဟား..ဟား”
“ဟင်..အတူး နင်ဘာဖြစ်နေတာလဲ…ပြောလေဆိုးလေပါလား..ကဲဟယ်..ကဲဟယ်”
သူမကရှက်ရမ်းရမ်းနေပေမယ့် တော်တော်လေးကို ရင်ခုန်ပျော်ရွှင်နေကြောင်းကို သူမရဲ့ မျက်နှာနဲ့ အပြုံးတွေ ကို အကောင်းဆုံး အဓိပ္ပါယ် ဖော်တတ်တဲ့ ကျွန်တော် ကောင်းကောင်းသိနေခဲ့ပါတယ်…။
“ငါလည်းပျော်ပါတယ်ဟာ….” လို့ ကျွန်တော်သူမကိုကြည့်ရင်း စိတ်ထဲကပဲ ပြောနေမိပါတယ်…။

အခန်း (၂)

“မနေ့ညက ငါ.. ငါ့အိပ်မက်တွေကို
အဆိပ်ခပ် သတ်လိုက်တယ်….
နောက်နေ့မနက်မှာတော့ ငါလည်း သေဆုံးသွားခဲ့တယ်…”
BLACK DREAM

ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်သိပ်ကိုချစ်ကြပါတယ်……။ တစ်ယောက်နဲ့ တစ် ယောက် အကောင်းဆုံး နားလည်ပေးနိုင်သူများ လည်းဖြစ်ပါတယ်….။ ကျွန်တော်သူမရဲ့ အပြုံးတွေနဲ့ မျက်ဝန်း တွေကို အကောင်းဆုံး ဘာသာပြန်နိုင်ခဲ့သလို….။ ကျွန်တော့်ရဲ့ အလုံးစုံသော ခံစားချက်များနဲ့ ဖုံးကွယ်မှုများရဲ့ တစ်နေရာတည်းသော ဖြောင့်ချက်ပေးရာ နေရာဟာလည်း သူမရဲ့ ရှေ့မှောက်၌သာဖြစ်ခဲ့ပါတယ်..။ ကျွန်တော် တစ်ခြားသူကိုသာ ဖုံးကွယ်လို့ရရင်ရမယ် သူမကိုတော့ ဘယ်လိုမှကို ဖုံးကွယ်လို့မရခဲ့တာ သူမနဲ့ ကျွန်တော် စတင်ဆုံတွေ့ ကတည်းကပါပဲ…..။ သူမနဲ့ ကျွန်တော် အတူဖြတ်သန်းခဲ့ကြတဲ့ နံနက်ခင်းတွေမှာ ပန်းပေါင်းစုံရဲ့ သင်းပျံ့တဲ့ရနံ့တွေဟာ တစ်လောကလုံးကို သင်းကြိုင်စေပါတယ်။ သူမနဲ့အတူရှိခဲ့တဲ့ ညနေခင်းတွေဟာလည်း နူးညံ့အေးမြတဲ့ လေပြေလေညှင်းတွေနဲ့အတူ ကျွန်တော်တို့တွေရဲ့ ဘ၀တွေတွေကိုအေးမြစေခဲ့ပါတယ်…….။ ယူကလစ်ပင်တွေ တန်းစီပြီးပေါက်နေတဲ့ အဲဒီ့လမ်းလေးမှာ သူမနဲ့အတူ လမ်းလျောက်ရတဲ့အခါ ကျွန်တော့် ခြေလှမ်းတွေ အရမ်းကို ဘ၀င်မြင့်လေ့ရှိပါတယ်…။ ကျွန်တော်ဂစ်တာတီးတဲ့အခါ သူမရဲ့နှုတ်ခမ်းတွေမှာ သံစဉ် တွေ ပွင့်ဖူးပါတယ်…..။ ကျွန်တော်ရေးတဲ့ ကဗျာတွေတိုင်းမှာလည်း သူမဟာ စကားလုံးတွေ အဖြစ်ပါဝင်လေ့ရှိ ပါတယ်…….။ သူမရဲ့ အကြည့်တိုင်းမှာ ကျွန်တော့်ရဲ့ အနာဂတ်တွေ အားသစ်လောင်းပါတယ်..။ ဟုတ်တယ်…။ သူမရဲ့ သင်းပျံ့တဲ့ ကိုယ်သင်းနံ့လေးတွေ မရနိုင်တော့တဲ့နေ့မှာ ကျွန်တော်သေဆုံးသွားနိုင်ပါတယ်………….။ ကျွန်တော် ၀န်ခံပါတယ်..။ ကျွန်တော်သူမကို အရမ်းမြတ်နိုးပါတယ်။

အခန်း (၃)

“သေချာတာ တစ်ခုတော့ရှိတယ်
အဲဒါ…
အရာရာတိုင်းမှာ “ဒါပေမယ့်” ဆိုတာရှိတယ်”
BLACK DREAM

“ငယ်… မင်္ဂလာဆောင်အတွက် အစီအစဉ်တွေကတော့ အားလုံးပြီးပြီ ဘာမှစိတ်မပူနဲ့တော့..။ မင်္ဂလာဆောင် ကလည်း နောက်တစ်ပတ်မှဆိုတော့ အားလုံးအချိန်မှီတယ်..ကွက်တိပဲ” ဟု ကျွန်တော် သူကို ပြုံးပြီးပြောပြလိုက် ပါတယ်…။
“အေးဟယ်..အတူးရယ်…။ နင်လည်းတော်တော်ပင်ပန်းသွားမှာပဲနော်…။” ဟုသူမက ဂရုဏာသက်စွာ ဖြင့်ပြော ပါတယ်…။
“အာ..ငယ်ကလည်း..မဟုတ်တာ..ဒါမောစရာ ပင်ပန်းစရာလား….ဒီအချိန်ထက်ပျော်ဖို့ကောင်းတာ ဘယ်အချိန် ရှိအုံးမှာလည်း…။ နောက်ပြီး အတူးတစ်ယောက်ထဲလုပ်နေတာမှ မဟုတ်တာ..ငယ်လည်း ပါတာပဲကို…။ မဟုတ် ဖူးလား…?”
“ဟုတ်တော့ ဟုတ်တာပေါ့ အတူးရယ်…ဒါပေမယ့်”
“ကဲ..ဘာမှပြောမနေနဲ့တော့ အတူးလည်းပြန်တော့မယ်..။ မနက်ဖြန်ဆို ကိုမြင့်ပြန်ရောက်မှာမလား? စောစော အိပ်တော့ သူ့ကို သွားကြိုရအုံးမှာ…။ ကိုမြင့်ကြီးကတော့ ငါ့ကိုတော်တော်ကျေးဇူးတင်နေမှာ သေချာတယ်..။ နောက်မှ ဒီလူကြီးကို ကောင်းကောင်းနှိပ်စက်ရမယ်…။ ဟဲ..ဟဲ။ ကဲပြန်ပြီ.. မနက်ဖြန်မှတွေ့မယ်…။ လေယာဉ် ကွင်းသွားဖို့ ငါလာကြိုမယ်”
ကျွန်တော်လည်း ပြောပြောဆိုဆိုနဲ့ ပြန်ဖို့အတွက် ပြင်လိုက်ပါတယ်…။
“အတူး….”
“ဟင်..? ဘာလဲ..? ပြောလေ…”

အခန်း (၄)

“ဒီလမ်းကို ငါ မျှော်လင့်ချက်တစ်ခု
အခွင့်အရေးတစ်ခုအတွက် လျှောက်ခဲ့တာ မဟုတ်ဘူး…
ဒီလမ်းကို လျှောက်နေရရင် ငါကိုယ်တိုင်ကိုက ပျော်နေခဲ့တာလေ….။”
BLACK DREAM


ငါသိတယ်…။ မပြောနဲ့…။ ငါမျှော်လင့်သမျှ နင့်ရင်ဘတ်က ပြောမဲ့ ကာရံတွေပဲ ကြားချင်တယ်။ မပြောနဲ့ ငါ့ကို နှုတ်ခမ်းဖျားနဲ့ မပြောနဲ့…။ သေချာတယ်ဆိုရင် ငါ့မျက်လုံးကို သေသေချာချာကြည့် င့ါဘ၀ကို ထိအောင် တစ် ခါ တည်းပြော..။ ဟန်ဆောင်မှုတွေကို ငါမုန်းတယ်…..။ မျှော်လင့်ချက်တွေကို မုန်းတယ်..။ မခေါ်ပဲလာ မနှင်ပဲ ပြန်တတ်တဲ့ ဒီလောကရဲ့ နိယာမတွေကို ငါမုန်းတယ်..။ နောက်ဆုံး..။ စကားလုံးတွေကို ငါမုန်းတယ်…။ “နေ” ဆိုတာ ထွက်ပြီးရင် ပြန်ဝင်မှာပဲ။ ဒါပေမယ့် “နေ” ထွက်လာတာဟာ ပြန်ဝင်ဖို့တစ်ခုတည်းအတွက် မဟုတ်ဘူး ဆိုတာတော့ငါသိတယ်..။ ငါ့နောက်ကျောကိုပဲကြည့်……။ ငါ့မျက်ဝန်းတွေကို နင်မမြင်ချင်နဲ့..။ ငါ့မျက်ဝန်းထဲမှာ ငါ့အိပ်မက်တွေ ငွေ့ရည်ဖွဲ့နေတယ်………။ မကြာခင် ဆုံးရှုံးမှုတွေအဖြစ် ငါ့တစ်ဘ၀လုံး မစဲအောင်ရွာသွန်းကြ တော့မယ်…။ ကျောခိုင်းလိုက်တိုင်း စွန့်ခွာသွားတယ်လို့မထင်ပါနဲ့…။ ငါပျော်ရင် နင်ပျော်တယ်ဆို………….? အခုငါ…….။ နင်ရော…….? ထားလိုက်ပါလေ လူတွေ ပြောနေကြသလိုပေါ့…။ အိပ်မက်ဆိုတာ အိပ်ရာကနိုးရင် ကွယ်ပျောက်သွားတတ်တယ်လို့ပဲ ထားလိုက်ပါတော့..။ တကယ်ဆို ငါကိုကမိုက်တာပါ…….။ ငါ့အိပ်မက်တွေနဲ့ ကဗျာတွေရက်ခဲ့တာကိုး….။

အခန်း (၅)

“ငါ့မင်္ဂလာဆောင်ကြရင်တော့ နင်လာဖြစ်အောင် လာပါနော်…”

“အေးပါ ဂျူးငယ်ရယ်…ငါလာဖြစ်အောင်လာပါ့မယ်….။”

နိဂုံး

ဘုရားသခင်သည် လူသားတို့ အကျိုးငှာ လောကအား “အချစ်” ဆိုသောအရာဖြင့် ကြိမ်စာတိုက်ခဲ့ လေသည်။

Cateogry : Essay , Personal | 31 Comments
April 6 , 2008 | 355 views

ကျွန်တော်တို့လမ်းပေါင်းများစွာ လျှောက်ခဲ့ဖူးပါတယ်…။ အခုလည်း ကျွန်တော်တို့လမ်းတစ်ခုကို ကိုယ်စီ လျှောက် လှမ်းနေကြပါတယ်..။ ကျွန်တော်တို့ နောက်ထပ်လည်း လမ်းပေါင်းများစွာကို ဆက်လက်လျောက် လှမ်းရဦး မှာဖြစ်ပါတယ်…။ ထိုလျှောက်လှမ်းခဲ့ရသောလမ်းများသည် တစ်ချို့နေရာများတွင် အလွန် ပင်ပန်းခက်ခဲ စွာလျှောက်လှမ်းခဲ့ရပါတယ်..။ တစ်ချို့သောနေရာများတွင်တော့ သာမန်အားစိုက် ထုတ်မှုမျိုးလောက်နဲ့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်..။ တစ်ခါတစ်လေမှာတော့ အလွန်သာယာဖို့ကောင်းတဲ့ လမ်းတွေကို ကျွန်တော်တို့မြင်တွေ့ခဲ့ဖူးပါတယ်..။ ကျွန်တော်တို့ တောင်ပေါင်းများစွာလည်းတတ်ခဲ့ဖူးကြ ပါတယ်။ ကုန်းဆင်း တော်တော်များများကိုလည်း အသာတကြည်ပဲ လှိမ့်ဆင်းခဲ့ကြဖူးမှာပါ..။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ပုံစံအမျိုးမျိုးသော လမ်းများကို နည်းမျိုးစုံနဲ့ ဖြတ်သန်းလျှောက်လှမ်း ခဲ့ကြ ခြင်းပါပဲ…။

ကျွန်တော်တို့ လျှောက်လှမ်းခဲ့သောလမ်းများတွင် ဦးတည်ချက်အတိအကျရှိသော လမ်းများလည်းရှိပါတယ်။ မိမိကိုယ်တိုင် ဘယ်ကိုသွားလို့သွားနေမှန်းမသိတဲ့ လမ်းမျိုးတွေကိုလည်း ကြုံခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံ မှာတော့လည်း ၀မ်းနည်းဖွယ်ရာပင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ခဲ့ကြဖူးပါတယ်။ ဦးတည်ချက် အတိအကျရှိသော လမ်းတွေကို ကျွန်တော်တို့ လျှောက်လှမ်းစဉ်တုန်းမှာအင်အားတွေ၊ မျှော်လင့်ချက်တွေနဲ့ တက်ကြွလေ့ရှိကြပါတယ်။ ဘယ်ကိုရောက်လို့ ရောက်မယ်မှန်းမသိတဲ့ လမ်းမျိုးကို ကျွန်တော်တို့ လျောက်လှမ်းကြတဲ့ အချိန်မှာတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေဟာ ၀ိုးတ၀ါးနဲ့ ခပ်ရေးရေးသာ ရှင်သန်ခဲ့ကြ ပါတယ်..။ မထင်မှတ်ပဲ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တစ်ခု၊ ဒါမှမဟုတ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ လမ်းတစ်ခုရဲ့ ဦးတည်ရာလွဲချော်ခဲ့စဉ်တုန်းကလည်း ကျွန်တော်တို့ ၀မ်းနည်း ကြေကွဲခဲ့ကြဖူးပါတယ်..။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လျှောက်ခဲ့ကြပါတယ်။ လျှောက်နေကြပါတယ်..။ ကျွန်တော်တို့ ဆက်လျှောက် ကြရအုံးမှာလဲ ဖြစ်ပါတယ်…။

တစ်ခါတစ်လေကြရင် ကျွန်တော်တို့ဟာ ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ်တိုင်ရွေးချယ်ခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့ လမ်းတွေက ကျွန်တော်တို့ကိုရွေးချယ်တတ်ကြပါတယ်..။ ဒီလောကရဲ့ လမ်းများတွင် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ “ကံ” များဖြစ်ပြီး တစ်ခါတစ်လေကြရင် “ကတ္တား” ဖြစ် သွားလေ့ရှိပါတယ်..။ ကျွန်တော်တို့ သတိထားမိလိုက်တာတွေလည်း ရှိခဲ့သလို..။ ကျွန်တော်တို့ သတိမထားမိလိုက်တာတွေလည်း များစွာရှိနိုင်ပါတယ်..။ ကျွန်တော်တို့ အချိန်မှီ ပြင်ဆင်နိုင်ခွင့်ရှိသည်များ ရှိခဲ့သလို..။ ပြင်ဆင်ပိုင်ခွင့် နောက်ကျ ခဲ့ရခြင်း..။ ဆုံးရှုံးခြင်းများကိုလည်း ကြုံတွေ့ကြရဖူးပါတယ်..။ ကျွန်တော်တို့သည် တစ်ခါတစ်ရံတွင် ထိုလမ်းများကို မိမိဆန္ဒအရ လျှောက်ခြင်လို့ လျှောက်ကြပါတယ်။ တစ်ခါတစ်ရံတွင် မလျှောက်ခြင်ပဲ လျှောက် လှမ်းရပါတယ်။ တစ်ခါတစ်ရံမှတော့ တာဝန်နဲ့ ၀တ္တရားအရ လျှောက်လှမ်းရပါတယ်..။ တစ်ခါတစ်ရံမှာတော့ တွန်းအားအမျိုးမျိုးကြောင့် လျှောက်လှမ်းခဲ့ကြရပါတယ်..။

ကျွန်တော်တို့ ထိုကဲ့သို့လမ်းတွေကို လျှောက်ကြရင်း ကြုံတွေ့ခဲ့ရတဲ့အရာတွေကလည်း များပြားလှပါတယ်..။ တစ်ခါတစ်လေအလွန်သာယာလှပတဲ့ လောကရဲ့ကောင်းခြင်းတစ်ရားတွေကို တွေ့ရှိရတာ မျိုးရှိသလို။ တစ်ခါတစ်လေမှာတော့ လောကရဲ့ အနိဌာရုံတွေကို ၀မ်းနည်းဖွဲရာတွေ့ကြုံရပါတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့ရင်တော့ မြတ်နိုးတွယ်တာဖို့ကောင်းတဲ့ နွေးထွေးသော လက်တစ်စုံကို ရရှိကြပါတယ်..။ တစ်ချို့ သောအရာများသည် ကျွန်တော်တို့ ခရီးရဲ့အစပ

Cateogry : Article , Essay | 14 Comments
April 2 , 2008 | 326 views

မကြာပါဘူး ကြွေလွင့်သွားတယ်…အိပ်မက်တွေ…. တစ်စစီ….။ အဲဒီ့ညပေါ့ ကောင်းကင်မှာ ကြယ်တွေ အိပ်တန်း တက်…။ မျှော်လင့်ချက် လက်တစ်ဖက်နဲ့ ဟိုဘက်ကမ်းကို ကူးခဲ့ရတာ…။ အနာဂတ်တွေ ဖြစ်ညှစ် စုစည်း….အဲဒီ့ မီးကိုလည်း ငါမွှေးခဲ့ဖူးပါရဲ့။ ထင်ရာတွေစိုင်း ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဒီလောကရိုင်းကြီးထဲ…နောက်ဆုံး လဲကျတော့။ ငါ….။ အိပ်မက်တွေထမ်း ကိုယ့်လမ်းကိုယ်ဆက် လျှောက်ရုံပေါ့။ မလာပါနဲ့…။ တားလို့ လဲမရ…..။ ခဏခဏတိုက်စားတော့ င့ါဘ၀လည်း ခံစားချက်တွေ တစ်ခြမ်းစောင်းကုန်ပြီ…။ စကားလုံးတွေက စုတ်စုတ် ပြတ်ပြတ် ယုံကြည်ချက်တွေ တစ်ဝက်တစ်ပျက်နဲ့ ငါ့မနက်တွေလည်း ခြစားခံရပေါင်း မနည်း တော့ဘူး …။

အိပ်မရလို့ လှိမ့်ချလိုက်တော့…..။ ကျသွားတာက ဘ၀ခါးတွေထဲ။ ခပ်ရေးရေး ထွက်ပြေးနေတဲ့ မီးခိုးငွေ့တွေကို ငါလိုက်ဖမ်းတော့…။ ငါ့နှလုံးသွေးကြောတွေ ခပ်ပါးပါးကျဉ်းကျဉ်းသွားတယ်…။ ရှိုက်သွင်းလိုက် ငါ့အဆုတ်ထဲ….။ နာကြည်းချက် နီကိုဒင်းတွေ….။ အား…..။ ဖြေးဖြေးချင်း အဆုံးစီရင် ငါ့အာရုံတွေ လှလာပြီ…။ မျက်စိတ်ကိုမှိတ်.. အတိတ်ကိုတော့ မကြည့်နဲ့…။ ငါ့အရိပ်တွေ လေးလှပြီ။ မီးခိုးငွေ့တွေထဲလိုက်ရှာကြည့်…။ တစ်ခုခုရှိတယ်…။ တွေ့တယ်မလား…? “မမြဲခြင်းတရား”တွေ..။ ငါ့သွေးကြောထဲ…အဖြူရောင် နတ်သမီးတွေစီးဆင်း။ လွင့်မြော ခြင်းတို့ ခရီးစပြီ…။ အနိဌာရုံတွေကို ရေခဲရိုက်…။ ခေါင်းခါလိုက် ခေါင်းညိတ်လိုက်နဲ့….။ ဒီအချိန်ဆို ငါ့အတိတ် တွေ အရမ်းဂလေရိုက်ပြီ။

တရိပ်ရိပ် တက်လာတဲ့ အဖြူရောင်ဒီရေတွေမှာ…။ ငါကိုယ်တိုင်စိုက်ပျိုး ငါ့အိပ်မက်တွေ နိုးတော့မယ်…။ နတ်သမီးတွေ ငါ့ကိုယ်ထဲမှာ ပျော်ပါး…။ ကြားရဲ့လား နိမိတ်ပုံတွေ…။ ရီဝေေ၀ တိတ်တဆိတ်…။ ကျေးဇူးပြု၍..။ ဆင်ခြင်ဥာဏ်တွေ ညအိပ်ချိန်…။ ငါ့မျက်ဝန်းထဲမှာ ကြယ်စဉ်တွေ ရွာသွန်း…။ နာနာကြင်ကြင် ငါပြုံးလိုက်တာ…။ ခံနိုင်ရည်တွေ ဆိတ်သုန်းသွားမလားပဲ..။ သံစဉ်တစ်ခု ငါ့နားထဲ ရိုက်ခတ် “ခေါ်သံလိုလို နားထဲကြားနေတယ်…သွေးကြောထဲက သိလိုက်တယ်….” ။ ငါလွင့်ထွက်သွားတယ်…။ အဆုံးမရှိပေါ့…။ ငါ့ကိုယ်ငါ မထိတထိပြန်ကြည့် ငါ့အာရုံတွေငြိနေပြီ..။ ငါ့လှေငါထိုး ငရဲအိုးထဲ ရောက်ရောက်။ ကြောက်တတ်ရင် နောက်ကို ခြေတစ်လှမ်းဆုတ်။ ငါ့အိပ်မက်တော့ လာမထိနဲ့။ နေရာမှားရင်ထိုးရင် Shock ရှိတယ်…။ အဖြူရောင် နတ်သမီးတွေ ငါ့သွေးကြော ထဲလှည့်ပတ်…..။ အခုဆိုငါ့အိပ်မက်တွေတောင် တော်တော်နက်လာပြီ..

ရုန်းလေနစ်လေ ဒီစိတ်နွံ့တွေထဲ ငါကိုယ်တိုင်ခုန်ဆင်း….။ ငါ့ဘ၀ကို ငါဖန်ဆင်းတယ်….။ သံယောဇဉ်တွေ တစ်ချောင်းခြင်းကျစ် ယုံကြည်ချက်တွေ အကြိမ်ကြိမ်နစ်လည်း…။ ငါ့ဘ၀ကို ငါသစ်ရမယ်…။ ငါ့ကိုယ်ငါဖန်ဆင်း ငါ့မျှော်လင့်ခြင်းတွေ…။ ငါကိုယ်တိုင် အသက်သွင်းမယ်။ လာမပြောနဲ့…။ ကိုယ့်အိပ်မက် ကိုယ်မျိုချ….။ ငါ့ဘ၀… နောင်တဆိုတာ မရှိစေရဘူး…။ ငါ့မျှော်လင့်ခြင်းတွေ ငါထုပ်ပိုး။ အတိတ်ဆိုး ဆိုတာမရှိစေရ…။ ငါ့သွေးကြော ငါဖောက်ထုတ်…။ ဘာမှကြားထဲက ခေါင်းရှုပ်မခံနဲ့။ ငါမိုက်လို့ငါခံ ဘာမမှန်တာရှိလို့လဲ…။ ကိုယ့်အညွန့်ကို ကိုယ်ခူးစား…။ ဘယ်သူမှ မေတ္တာလာမထားနဲ့။ အဆင်ပြေစေကြောင်း ဆုတွေတောင်းနေမဲ့ အစား…။ လာ….။ ကိုယ့်အခေါင်း ကိုယ်ထမ်းပြီး ငါနဲ့လိုက်ခဲ့…။ ဟိုဘက်ကမ်းမှာ သူတို့တွေရှိတယ်….။ ငါတို့ နောက်ကျနေပြီ….။

p.s- ကျွန်တော်ရင်ခုန်ခဲ့ဖူးတဲ့ ဘ၀လေးတစ်ခုအကြောင်း အမှတ်တရပါ….။
Cateogry : Essay , Personal | 27 Comments
March 31 , 2008 | 378 views

ထူးဆန်းတယ်ဗျာ…။ ညက ကျွန်တော်အိပ်မက် တစ်ခုမယ်တယ်….။ အိပ်မက်ထဲမှာတော့…..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်မနက်နိုးလို့ မျက်နှာသစ်၊ သွားတိုက်မယ်ဆိုပြီး ရေချိုးခန်းထဲ ၀င်ခဲ့ပါတယ်…။ အဲဒီ့နောက် ကျွန်တော့် ရှေ့မှာရှိတဲ့ မှန်ထဲကို ကြည့်လိုက်တဲ့ အခါမှတော့ ကျွန်တော် အရမ်းကို တုန်လှုပ် ခြောက်ခြားသွားခဲ့ရပါတယ်။ ကျွန်တော်သေသေချာချာ ထပ်ကြည့်ပါတယ်။ ဟုတ်တယ် သေချာတယ်။ ကျွန်တော့မှာ “ခေါင်း” မရှိတော့ဘူး။

ကျွန်တော်လည်း အရမ်းကို စိုးရိမ်သွားပြီး ဘေးမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော့်မှာ “ခေါင်း” မရှိ တော့ကြောင်း ပြောမယ်ဆိုပြီး ကြည့်လိုက်တော့…။ ဘုရား…ဘုရား…။ သူ့မှာလည်း ကျွန်တော့်လို့ဘဲ “ခေါင်း” မရှိတော့ကြောင်းကို ခြောက်ခြားဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်…။

ကျွန်တော်လည်း အဲဒီ့အခါမှ ကမန်းကတန်း ရေချိုးခန်းထဲကပြေးထွက်ပြီး အဆောင်မှာရှိတဲ့ သူငယ်ချင်းတွေ အားလုံးကို လိုက်ကြည့်မိတယ်…။ ဟုတ်တယ်…။ တစ်ယောက်မှ “ခေါင်း” မရှိကြတော့ဘူး…။ ဒါပေမယ့် ထူးဆန်း တာက သူတို့အားလုံး ဘာမှမဖြစ်တဲ့ပုံ၊ နေသားကျနေတဲ့ ပုံစံတွေနဲ့ ကိုယ်လုပ်စရာရှိတာကို အေးအေးဆေး ဆေး လုပ်နေကြခြင်းပါဘဲ….။ ကျွန်တော် တော်တော်လေးကို အံ့သြသွား ပါတယ်…။ ကျွန်တော်လည်း ဒီအကြောင်းကို အားလုံးကိုသိအောင် ရှင်းပြမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး တစ်ယောက်ခြင်းကို သေသေ ချာချာ လိုက်ရှင်းပြ ပါတော့တယ်…။

အဲဒီ့အခါမှာတော့ ကျွန်တော်လူမျိုးမျိုးဆီက အဖြေမျိုးမျိုးကိုရရှိခဲ့ပါတယ်…။ ကျွန်တော်နဲ့ နဲနဲရင်းနှီးပြီး ဂရုဏာစိတ်ရှိတဲ့ သူငယ်ချင်းတစ်ချို့က “သူငယ်ချင်း မင်းဘာတွေ ဖြစ်နေတာလဲ စိတ်ကိုထိန်းပါကွာ” ဆိုပြီး သတိပေးကြပါတယ်…။ နဲနဲ ပေကပ်ကပ်ဖြစ်တဲ့သူတွေကတော့ “ဘာတွေလာပြော နေတာလဲကွာ ခေါင်းရှုပ်ရတဲ့ အထဲ” ဆိုပြီး မရှိတဲ့ “ခေါင်း” ကိုကုတ်ရင်းပြောကြပါတယ်…။ တကယ့်ကို ဘုကျကျ ဂလန့် ကောင်တွေကတော့ “ခေါင်းမရှိတော့ရော ဘာဖြစ်လဲကွာ ငါတို့ လွတ်လွတ်လပ်လပ် မတွေးခေါ်ရ၊ မစဉ်းစား ရတာ ဘယ်လောက်ကြာပြီလဲ…။ ခေါင်းဆိုတာ တွေးခေါ်ဖို့၊ စဉ်းစားဖို့ မရှိရင် မလိုအပ်ပါဘူးကွာ…လေးတာပဲ အဖတ်တင်တယ်”…။ ဆိုပြီး ဟောက်လွှတ်ကျပါတော့တယ်…။

မကြာပါဘူး…။ ကျွန်တော်ဖြစ်ပျက်နေတဲ့ အကြောင်းကို ကျွန်တော့်တို့ကို တာဝန်ယူတားတဲ့ အဆောင်မှူးကြီး သိရှိသွားပြီး (သူ့မှာလည်း “ခေါင်း” မရှိပါဘူး) ကျွန်တော့်အခြေအနေကို တာဝန်ရှိတဲ့ လူကြီးတွေကို အကြောင်း ကြားပြီး ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်…။ ကျွန်တော်လည်း အဲဒီ့သတင်းကိုကြားတော့ တော်တော်ကို ၀မ်း သာ သွားပါတယ်…။ လူကြီးတွေဆိုတာ စဉ်းစားတတ်တယ်…။ အမှန်တရားကို လက်ခံတတ်တယ်…။ အတွေ့ အကြုံရှိတယ်…။ ရင့်ကျတ် ကြတယ်လေ…။ အဲဒီ့လို အင်္ဂါရပ်တွေနဲ့ ပြည့်ဝပြီး ထူးချွန်နေကြလို့လဲ ကျွန်တော်တို့တွေကို ဦးဆောင် နေကြတာ မဟုတ်လား….????

ဒီလိုနဲ့ ကျွန်တော် သူတို့တွေနဲ့ တွေ့ဖို့နေ့ရက်ကို ရောက်ရှိလာခဲ့ပါတယ်…။ ကျွန်တော် သူတို့နဲ့ တွေ့ဖို့ သွားရာလမ်းတစ်လျှောက်မှာ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ ကျွန်တော် သူတို့နဲ့တွေ့ပြီး အဖြစ်အပျက်နဲ့ အခြေအနေအားလုံးကို ပြည့်ပြည့်စုံစုံ ရှင်းပြရင် လက်ခံနားလည် သဘောပေါက်ပြီး အကောင်းဆုံး ဖြေရှင်းပေး နိုင်မယ်ဆိုတာလဲ ကျွန်တော်ယုံကြည် နေခဲ့မိတယ်…။ သူတို့ဟာ အခြေအနေတစ်ခုကို အသိဥာဏ်ရှိရှိ စဉ်းစားချင့်ချိန်ပြီး ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘာလုပ် သင့်တယ် စတာတွေကို အကောင်းဆုံး ဝေဖန်သုံးသပ်ြ

Cateogry : Essay | 28 Comments
March 29 , 2008 | 274 views

ကျွန်တော် လွန်ခဲ့တဲ့ တစ်ပတ်လောက်က “အောက်ပါမေးခွန်းများအားဖြေဆိုပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ် တစ်ခုတင်ခဲ့ပါတယ်..။ အပျော်သဘော ရေးသားတယ်လို့ပဲ ထင်ထင်…။ လေးလေးနက်နက် (ကြီးကြီး ကျယ်ကျယ်) တွေပြောထားတယ်ပဲ ယူဆယူဆ…။ တင်စရာပို့စ်အသစ်မရှိလို့ အကြံကုန်ဂဠုန်ဆား ချက်တယ်ပဲ စွတ်စွဲစွတ်စွဲ…။ ကျွန်တော် သဘောတူပါတယ်…။ အကြောင်းအရင်းကတော့ ကျွန်တော့်ရဲ့ ဒီကိုယ်ပိုင်နယ်မြေလေးဟာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၊ ထင်မြင် ယူဆခွင့် အစရှိတဲ့ မတူညီနိုင်သော စိတ်ဆန္ဒ၊ ခံစားချက်အမျိုးမျိုးအား ပွင့်လင်းစွာဖော်ထုတ်နိုင်ရန်၊ ဆွေးနွေးတိုင်ပင်နိုင်ရန် ရည်ရွယ်ထား ခဲ့တဲ့အတွက်ကြောင့်ပါ…။ (အပြုသဘောဖြစ်ဖို့တော့ လိုအပ်ပါတယ်)

အခုကျွန်တော် ယခင်ဖော်ပြခဲ့တဲ့ ပို့စ်အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အဖြေတွေကို ဖော်ပြပေးပါမယ်..။ (ကျွန်တော့်သူငယ်ချင်းတွေရဲ့ အခေါ်အရတော့ “အောင်စာရင်း” ကြေငြာတာပေါ့လေ)။ ဒါပေမယ့် ကျွန်တော်အပေါ်မှာ ပြောပြခဲ့သလို…။ အခုဖော်ပြမယ့်အရာတွေဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ယူဆချက်၊ ခံစားချက်တွေပဲ ဖြစ်ပါတယ်..။ ကျွန်တော်ပြောတာပဲ အမှန်၊ ကျွန်တော်ပြောတာပဲ အတည်လို့ ကျွန်တော် မပြောလိုပါဘူး…။ အဲဒီ့အတွက် ကျွန်တော့်အနေနဲ့ ဘယ်သူက အဖြေအများဆုံး မှန်တယ်..။ ဘယ်သူ အောင်တယ်…။ ဘယ်သူကျတယ်…။ ဘယ်သူ ဂုဏ်ထူးထွက်တယ် ဆိုတာကိုလည်း ပြောဖို့ မဖြစ်နိုင်ပါဘူး (ဟီး…စိတ်တော့မဆိုးကြနဲ့နော်)။ ကျွန်တော်ကိုယ်တိုင်တောင်မှ အောင်ခြင်မှ အောင်မှာဆိုတော့လဲ….။

ကျွန်တော်ပေါသမျှ (အဲမှားလို့) ကျွန်တော်ကြိုးစားထားသမျှကို ကျွန်တော်နှင့် ထပ်တူလာရောက် ခံစားပေး၊ တိုင်ပင်ဆွေးနွေးပေးကြတဲ့ သူငယ်ချင်းတွေ၊ အစ်ကို၊ အစ်မတွေကိုတော့ အထူးပဲကျေးဇူး တင်ပါတယ်…။(မြှောက်တာမဟုတ်ပါဘူး…အတည်…နောက်တာပါ)။ တစ်ချို့ အဖြေတွေကတော့ ကျွန်တော် ပြောချင် တာတွေနဲ့ တူညီနေသလို…။ တစ်ချို့အဖြေတွေက ကျွန်တော်တွေးထားတာ တွေထက် ပိုကောင်းမွန် နေတာတွေကို တွေ့ရပါတယ်…။ အဲလိုအဖြေတွေကိုတော့ သူတို့ရဲ့ အဖြေတွေကို သူတို့ရဲ့ အမည်များနဲ့ ထည့်သွင်းဖော်ပြပေးသွားပါ့မယ်…။ Intro လည်း တော်တော်ကိုရှည်သွားပါပြီ…။ ကျွန်တော့် အဖြေတွေဘယ်လို ရှိတယ်ဆိုတာကို လွတ်လွတ်လပ်လပ် သဘောထားကွဲလွဲလိုက်ကြစို့လား….။

အဖြေ (၁)။ ။ သင်၏ သင့်ချစ်သူအပေါ်ထားရှိသော မေတ္တာ၏ အရှိန်အဟုန် အနည်းအများပေါ်မူ တည်ပြီး အချိန်ကာလရဲ့ အတိုင်းအတာ အပြောင်းအလဲ ရှိနိုင်ပါတယ်…။

အဖြေ (၂)။ ။ ကြားခံတွေ ဘယ်လောက်ပဲများများ သင်ထားသောကြားခံများသည် မေတ္တာတရား ဖြတ်သန်း နိုင်သော မှန်ကန်သည့် ကြားခံများ မဟုတ်ရင်တော့ ဘယ်လိုနည်းနဲ့မှ ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး…။

အဖြေ(၃)။ ။ ကမ္ဘာ့ဆွဲငင်အားသည် ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေပေါ်တွင် အကျိုးသက်ရောက်မှု နှင့် ဆွဲငင်နိုင်မှု ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ စိတ်နှင့် ခံစားချက်အပေါ်တွင်တော့ မည်သို့မှ အကျိုးသက်ရောက်မှု ရှိနိုင်မှာမဟုတ်ပါဘူး။

အဖြေ(၄)။ ။ ဒီမေးခွန်းရဲ့ အဖြေကတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဖြေသွားတာနဲ့ ကျွန်တော် ဖြေချင်တာနဲ့ တူနေတဲ့အတွက် သူ့ရဲ့ အဖြေကို ဖော်ပြပေးလိုက်ပါတယ်။

- HEART BEATS CAN BE HEARD BY OTHER’S HEART (ONLY) << Chili Chocolate>>

အဖြေ(၅)။ ။ ကိုယ်ချင်းစာနာတတ်ခြင်း (Sympathy) ဆိုသည့် ရောင်ခြည် (S-Ray)တစ်ခုအား တပ်ဆင် ပေး လိုက်လျှင် အဆင်ပြေကောင်း ပြေသွားနိုင်မယ်ထင်ပါတယ်…။

အဖြေ(၆)။ ။ လူတစ်ယောက်၏ စိတ်အစဉ်နှင့် ခံစားမှုများသည် ယေဘူယျအားဖြင့် သောကများ၊ ရှုပ်ထွေးခြင်းများ၊

Cateogry : Essay | 9 Comments
March 26 , 2008 | 452 views
ဘယ်လိုနေ့မျိုးလဲ…နှလုံးသားတွေ ရဲရင့်ခဲ့ကြတာ? ဘယ်လိုနေ့မျိုးလဲ…သမိုင်းကြောင်းကို မြင့်မြတ် စေခဲ့တာ? ဘယ်လိုနေ့မျိုးလဲ…အနာဂတ်သစ်ကို ဖွင့်လှစ်ခဲ့တာ…? ဘယ်လိုနေ့မျိုးလဲ…ရဲရင့်တဲ့ မိန့်ခွန်းတွေ ပေါ်ပေါက် ခဲ့တာ…? ဘယ်လိုနေ့မျိုးလဲ…တစ်မျိုးသားလုံး မျှော်လင့်ချက်တွေ ပွင့်လန်းခဲ့တာ…? ဘယ်လိုနေ့မျိုးလဲ သူရဲကောင်းတွေ မှတ်ကျောက်တင်ခံခဲ့ကြတာ…? ဘယ်လိုနေ့မျိုးလဲ… ငါတို့လူမျိုးတွေ စည်းရုံးခဲ့ကြတာ…? ဘယ်လိုနေ့မျိုးလဲ… ငါတို့လက်ရုံးတွေ မီးတောက်ခဲ့ကြတာ…? ဘယ်လိုနေ့မျိုးလဲ….မြန်မာဆိုတာ ကမ္ဘာက သိခဲ့တာ…?

ဒီနေ့ကို ရောက်ဖို့ ကာလအတော်ကြာကတည်းက ရင်ခုန်တက်ကြွစွာစောင့်စားခဲ့ကြရတယ်…။ နှလုံးသားတွေ တဖျတ်ဖျတ်နိုးကြားနေခဲ့ကြတယ်…။ မျိုးချစ်စိတ်တွေ သွေးကြောထဲ တသွင်သွင်စီး ဆင်းနေခဲ့ကြတယ်…။ စွန့်လွှတ် အနစ်နာခံလိုခြင်း ၀ိဥာဉ်တွေက ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ အင်အားတွေ ပြည့်နေခဲ့ ကြတယ်…။ ငါ့နိုင်ငံအတွက်…။ ငါ့လူမျိုးအတွက်…။ ငါ့ဘာသာသာသနာ အတွက်…။ သာယာလှပတဲ့ အနာဂတ်သစ်တစ်ခုအတွက်…။ နှစ်ပေါင်းများစွာ ခိုအောင်းခဲ့ရတဲ့ အမှောင်ကိုခွင်းမဲ့ မီးရှူးတစ်ခုကို ထွန်းညှိဖို့အတွက်….။ သို့မဟုတ်….။ စစ်မှန်တဲ့ လွတ်လပ်မှုတစ်ခုအတွက်….။

ကျယ်ပြန့်တဲ့ မြက်ခင်းပြင်တစ်ခုရဲ့ အတွင်းမှာ ငါတို့ဖခင်ရဲ့ ရဲရဲတောက်မိန့်ခွန်းတစ်ခုဟာ ကမ္ဘာကို ရိုက်ခတ်စေခဲ့တယ်…။ငါတို့ဖခင်နဲ့ ငါတို့ ညီအစ်ကို နောင်တော်တွေရဲ့ ရဲစွမ်းသတ္တိတွေ မီးဟုန်းဟုန်း တောက်နေခဲ့တယ်…။ ကြည်လင်နေတဲ့ ကောင်းကင်ဟာ ငါတို့ရဲ့ ငြိမ်းချမ်းရေး စိတ်ဓာတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြာလွင်နေခဲ့တယ်…။ ဆောင်းရနံ့ မကုန်သေးတဲ့ ဒီမြက်ခင်းပြင်ကို ဖြတ်ကျော်လာတဲ့ အေးစိမ့်စိမ့် လေပြေတွေဟာ ငါတို့ရဲ့ ယုံကြည်ချက် အိပ်မက်တွေကို လန်းဆန်းစေခဲ့တယ်…။ သာယာတဲ့ ကြေးငှက်တွေရဲ့ တွန်ကျူးသံတွေဟာ ငါတို့ရဲ့ စစ်မှန်တဲ့ ရဲရဲတောက်ခံယူချက်တွေကို အပြည့်အ၀ ဖော်ကျူးနေခဲ့တယ်…။

အဲဒီ့မိန့်ခွန်းတစ်ခုရဲ့ အဆုံးမှာ နှစ်ပေါင်းများစွာ ငုံခဲ့ရတဲ့ ငါတို့ရဲ့ဦးခေါင်းတွေကို ရဲရဲရင့်ရင့် မော့ကြမယ်…။ ငါတို့နိုင်ငံရဲ့ အနာဂတ်ဟာ ငါတို့လက်ထဲမှာ ရှိတယ်…။ ငါတို့နိုင်ငံကို ငါတို့ပိုင်ရမယ်…။ ငါတို့ပြည်သူကို ငါတို့ကာကွယ်မယ်…။ ဒါဟာ ငါတို့ရဲ့ သစ္စာတရား ဖြစ်တယ်…။ ငါတို့ရဲ့ရှေ့မှာ ငါတို့ရဲ့တုနှိုင်းမဲ့တဲ့ ခေါင်းဆောင်ရှိတယ်…။ ငါတို့ရဲ့ဘေးမှာ သေအတူရှင်မကွာ လက်ချင်းယှက်ထားတဲ့ ငါတို့သူငယ်ချင်းတွေ ရှိတယ်…။ ငါတို့ရဲ့နောက်မှာ အောင်ပွဲတွေနဲ့ ပြန်လာမယ့် ငါတို့ကို စောင့်ကြိုနေတဲ့ ငါတို့ရဲ့မိသားစုတွေ ရှိတယ်…။ ငါတို့ရဲ့ နှလုံးသားမီးတောင်မှာ မျိုးချစ်စိတ်ချော်ရည်တွေ အရှိန်ပြင်းထန်စွာ ဖောက်ထွက်ကုန်ပြီ…။ ငါတို့ အချိန်ရောက်ပြီ….။ ငါတို့လက်မောင်းသွေးတွေနဲ့ အနာဂတ်ကို ထွန်းလင်းစေမယ့် လမ်းပြအလင်းတန်းတွေ ထွန်းညှိလိုက်ကြစို့….။

အရှေ့မှာငါမြင်နေရတဲ့ ကြောက်မက်ဖွယ်ရာ အနိဌာရုံတွေ။ တ၀ုန်းဝုန်း ပေါက်ကွဲနေတဲ့ တိုက်ပွဲ ခေါ်သံတွေဟာ ငါတို့ရရှိလာမယ့် လွတ်လပ်ခြင်း ဆုလာဒ်အတွက် ကောင်းချီးပေးနေတဲ့ ဗျက်ဆောင်းသံတွေပဲ….။ သာယာလိုက်ဘိခြင်း…။ ငါကြားနေရပြီ…။ ငါတို့နိုင်ငံရဲ့ ကိုယ်ပိုင်နိုင်ငံတော် သီချင်းသံ…။ ငါကြားနေရပြီ…။ ငါ့သာသနာရဲ့ မေတ္တာတရားပွားများသံတွေနဲ့ သာယာတဲ့ ဆည်းလည်းသံတွေ…။ တစ်ယောက်ပြီး တစ်ယောက် ငါ့ဘေး မှာသူတို့ရဲ့ ခန္ဓာကိုယ်တွေကို တိုင်းပြည်နဲ့လူမျိုးအတွက် တံတားခင်းသွားကြပြီ…။ သူ့အလှည့်….။ ပြီးရင် ငါ့အလှည့်…..။ ပြီးရင် မင်းအလှည့်…။ တွန့်ဆုတ်နေစရာမလိုဘူး…။ ငါတို့ပန်းတိုင်ကို မြင်နေရပြ

ီ….။ ကြောက်စိတ်ဆိုတာ ချိုနဲ့လား….။ တွေဝေနေခဲ့ရင် ငါ့ဝိဥာဉ်ကို ငါကိုယ်တိုင် ကားစင်တင်ပစ်မယ်…။

ငါတို့ဖခင်က မြင်းညိုကြီးကိုစီး တိုက်ပွဲဝင်ဓားကိုဆွဲ ရဲရဲတောက်မိန့်ခွန်းကိုခြွေပြီး ရှေ့ဆုံးက တက်တယ်…။ ငါတို့ညီအစ်ကိုတွေက ငါတို့ဖခင်ရဲ့ ဦးဆောင်မှု အောက်မှာ တသွေးတသံတမိန့်နဲ့ တက်ညီလက်ညီ မိစ္ဆာတွေကို တွန်းလှန်ကြမယ်…။ နင်းသွားကြ…။ ငါတို့ရဲ့ ၀ိဥာဉ်တွေကို….။ တိုင်းပြည်အတွက် တံတားခင်း ထားတယ်…။ တစ်ဗိုလ်ကျရင် ဗိုလ်တစ်ရာတက်မယ်…။ ငါတို့ရဲ့ ခန္ဓာတွေ ကျဆုံးချင်ကျဆုံးသွားလိမ့်မယ်… ဒါပေမယ့် ငါတို့ရဲ့ ၀ိဥာဉ်တွေကတော့ ဆက်လက် တိုက်ပွဲဝင်နေမှာပဲ…။ မိစ္ဆာကောင်တွေ မှတ်ထား “လူကိုသာ မင်းတို့သတ်လို့ရမယ် ငါတို့ဝိဥာဉ်ကို မင်းတို့သတ်လို့မရဘူး”…။ ငါတို့မသေသရွေ့ ငါ့မြေပေါ်မှာ မိစ္ဆာတွေ အသက်ရှူခွင့် မရှိစေရ…။

တလူလူလွင့်နေတဲ့ တပ်ဦးက အလံတော်ဟာ ငါတို့ရဲ့ မိခင်ဖြစ်တယ်…။ ငါတို့မိခင်ရဲ့ဝိဥာဉ်ကို ငါတို့မကြာခင် အမြင့်မြတ်ဆုံး နေရာတစ်ခုမှာလွင့်ထူရင်း ကမ္ဘာတည်သရွေ့ဦးခိုက်မယ်…။ ငါတို့မိခင်ရဲ့ လုံခြုံတဲ့ရင်ခွင်မှာ ငါတို့ဘ၀တွေကို တစ်သက်စာခိုနားမယ်…။ ငါတို့ရဲ့ ချွေးတွေကို နှစ်သိမ့်ဖို့ ငါတို့မိခင်ရဲ့လက်တွေရှိတယ်…။ ငါတို့ရဲ့သွေးစက်တွေကို ဆေးကြောဖို့ ငါတို့ပြည်သူတွေရဲ့ မေတ္တာရေစင်တွေရှိတယ်…။ သွေးစွန်းတိုင်း ငါတို့လက်တွေ မညစ်ပတ်ပါဘူး…။ မိစ္ဆာတွေရဲ့ သွေးတွေကို ငါတို့ရဲ့ အောင်ပွဲက အပြန်ခြေဆေးဖို့ ယူခဲ့ပါ…။ ငါတို့ဖခင်က ပြောတယ် “ရဲသော်မသေ၊ သေသော်ငရဲမလား” တဲ့…။ ရပါတယ် ဖခင်…။ သေချင်သေပါစေ…။ တိုင်းပြည်အတွက်ဆို ဆယ်ခါပြန် ငရဲသွားလိုက်ပါ့မယ်….။

“ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်ကိုပြင်ဆင်ထားပါ”…။ ငါတို့ဟာ ငါတို့တိုင်းပြည် ငြိမ်းချမ်းဖို့ လွတ်လပ် ဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ငါတို့ ငြိမ်းချမ်းရေးတိုက်ပွဲကအပြန်မှာ အထိမ်းအမှတ်အဖြစ် အဖြူရောင်ခိုတွေ ကောင်းကင်နဲ့ အပြည့် ပျံသန်းပါစေ…။ ကောင်းကင်ရဲ့ ရင်ခွင်မှာ ငြိမ်းချမ်းရေး ငှက်ငယ်တွေအတွက် လုံလောက်တဲ့ နေရာရှိပါ တယ်…။ ငါတို့ဟာ မြန်မာ့သတ္တိကို ကမ္ဘာကသိအောင် အကောင်းဆုံး ပြသခဲ့ကြတယ်…။ ငါတို့လူမျိုးရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်ကို အမှန်တရားက ကောင်းချီး ပေးလိမ့်မယ်…။ ကမ္ဘာက ဦးညွတ်လိမ့်မယ်…။ ငါတို့နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို စကြာဝဌာ တစ်ခုလုံးက တစ်ပြိုင်နက် ဟစ်ကြွေး သီဆိုကြလိမ့်မယ်…။ အဲဒီ့အချိန်ကြရင်သာ ကျွန်တော်တို့ တိုင်းရင်းသားတွေ တစ်ယောက်လက်ကို တစ်ယောက်တွဲ… ရင်ကိုကော့ ခေါင်းကိုမော့ပြီး နိုင်ငံတော်သီချင်းကို အသံကုန်ဟစ်ကြွေးကြဖို့ လိုပါလိမ့်မည်….။

“ကမ္ဘာမကြေ…. မြန်မာပြေ….ဒါတို့ပြေ…ဒါတို့မြေ….တို့ပိုင်တဲ့မြေ….”

p.s- တော်လှန်ရေးတိုက်ပွဲဝင် သူရဲကောင်းများ အမှတ်တရ။
Cateogry : Article | 16 Comments
March 22 , 2008 | 408 views

ကျွန်တော်တို့ ဘ၀မှာ လူတစ်ယောက်ကို အနည်းဆုံး တစ်ကြိမ်တော့ (တစ်ကြိမ်ထက် ပိုကောင်း လည်းပိုနိုင်ပါတယ်) နက်နက်ရှိင်းရှိင်း ချစ်ခဲ့ကြဖူးမှာပါ…။ သင်တို့လည်း ချစ်ခဲ့ကြဖူးမှာပါလိမ့်မယ်…။ ကျွန်တော် လည်း ချစ်ခဲ့ဖူးပါတယ်…။ များသောအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုလည်း ကိုယ့်ချစ်သူအပေါ် အရမ်း တန်ဖိုးထားတတ်တဲ့၊ အရမ်း ချစ်တတ်တဲ့သူအဖြစ် သတ်မှတ်လေ့ရှိကြတယ်။ ဒီလိုပါပဲ…။ ဘ၀မှာတစ်ခါမှ မချစ်ဖူးခဲ့ရင်ပဲ လူမပီသတော့ သလိုလို…။ လူတန်းပဲ မစေ့တော့သလိုလို….။ ဘာလိုလို ညာလိုလိုလဲ ဖြစ်တတ် ကြပါတယ်…။ ဒါတွေဟာ ဘာကြောင့်လဲ…? ဘာအတွက်လဲ…? အဖြေက ရှင်းပါတယ်..။ ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကို အလွန်ပဲ လူပီသကြောင်း သက်သေအပြချင်ဆုံး၊ အတ္တအကြီးဆုံးနဲ့ မိမိကိုယ်ကို လိမ်လည်တတ် တဲ့ တစ်ခုတည်းသော သက်ရှိတစ်မျိုး ဖြစ်နေကြလို့ပါပဲ…။

အတ္တဆိုတာ တကယ်တော့ (အဓိက ကတော့ မောဟပါ။ ဒါပေမယ့် အတ္တဟာ လောဘ၊ ဒေါသ၊ မောဟ သုံးခုစလုံးမှာ အကြုံးဝင်နေပါတယ်) မိမိကိုယ်ကို မိမိလှည့်စားတဲ့ ၀ါဒတစ်မျိုးပါဘဲ…။ တစ်စုံ တစ်ယောက်ကို ကျွန်တော်တို့ တစ်စုံတစ်ခု ပေးလိုက်ကြပြီဆိုပါစို့…။ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ တစ်ခြားသူတွေရဲ့ အမြင်မှာတော့ ကျွန်တော်တို့ဟာ အပေးသမား…။ ဒါမှမဟုတ် စွန့်လွှတ်တဲ့သူ၊ အနစ်နာခံတဲ့သူ၊ စေတနာထား တတ်တဲ့သူ၊ မေတ္တာ ထားတတ်တဲ့သူ…စသည်ဖြင့် နာမည်ကောင်း များစွာဖြင့် ဂုဏ်ထူးမှတ်တွေ တသီကြီး ရလေ့ရှိပါတယ်…။ ဒါကလည်း သဘာဝကျပါတယ်…။ အားလုံးကလည်း ဒီအတိုင်းပဲ အချိန်ကာလတစ်ခု တော်တော်ကို ဟောင်းနွမ်းနေတဲ့အထိ (လက်ရှိအချိန်အထိ) လက်ခံထားကြတဲ့ ဓလေ့ (သို့မဟုတ်) အကျင့် တစ်ခု ဖြစ်နေလို့ပါ…။ ဒ့ါအပြင်…။ နောက်ဆုံးနဲ့ အရေးအကြီးဆုံး ကျွန်တော်တို့ မေ့ထားတဲ့ အကြောင်းအရာ တစ်ခုကတော့ “အဇ္ဇတ္တ” ဆိုတဲ့ အတွင်းစိတ် (မသိစိတ်) ပါပဲ….။

ကျွန်တော်ကတော့ အထက်ပါလူမျိုးကို သင်တို့ မြင်သလို မမြင်ပါဘူး..။ သင်တို့ပေးသလို နာမည်ကောင်း တွေနဲ့ ဂုဏ်ထူးတွေလည်း မပေးနိုင်ပါဘူး…။ ကျွန်တော့်အမြင်အရ ထိုလိုလူမျိုးသည် မိမိ လိုချင်သော အရာကို သာမက လူတစ်ဖက်သား၏ ဂရုဏာနာနှင့် ခံစားချက်ကိုပါ သွယ်ဝိုက်သော နည်းဖြင့်ရအောင် ယူတတ်သော သူ (အလွန် ဥာဏ်များသောသူ) အဖြစ်ပဲ မြင်ပါတယ်။ ကျွန်တော် တစ်ဖက်သတ် စွတ်စွဲနေတာ မဟုတ်ပါဘူး…။ ကျွန်တော်ပြောတာကို သင်မြင်နိုင်ဖို့ (သို့မဟုတ်) လက်ခံနိုင်ဖို့ သင့်ကြည့်ရှု၊ ခံစားနေတဲ့ ရှုထောင့်တစ်ခုကို အနည်းငယ် ပြောင်းလိုက်ဖို့ပဲ လိုအပ် ပါတယ်….။ ကျွန်တော်တို့ တစ်ခုလောက် ခဏဖြစ်ဖြစ် ဖောက်ထွက်ပြီး စဉ်းစားကြည့် ကြရအောင်…။ “သင်” ဆို တာကို ဖယ်ထားလိုက်ပါ…။ “ကျွန်တော်” ဆိုတာကို ဖယ်ထားလိုက်ပါ။ “ငါ” ဆိုတာကိုဖယ်ထား လိုက်ပါ…။ ကျေးဇူးပြု၍ တဆိတ်လောက် နာမ်စားတွေမရှိတဲ့ လောကတစ်ခုထဲမှာ စကားပြောကြရ အောင်လားဗျာ…။

ကျွန်တော် ဥပမာ တစ်ခုပေးပါမယ်…။ ဆိုကြပါစို့ ကျွန်တော်က မိန်းကလေး တစ်ယောက်ကို အရမ်းချစ်လို့၊ တန်ဖိုးထားလို့ သူမပျော်ရွှင်စေဖို့…၊ သူမရဲ့ အနာဂတ် သာယာစေဖို့…၊ သူမဘ၀ လုံခြုံစေဖို့ စတဲ့ အကြောင်း ပြချက်ပေါင်းများစွာနဲ့ အမျိုးမျိုး အနစ်နာခံ ပေးဆပ်တယ်ပဲ ထားလိုက် ပါတော့။ သူမ ကျွန်တော့်အပေါ် ဘယ်လိုပဲ တုန့်ပြန်တုန့်ပြန်၊ ဘယ်လောက်ပဲ စော်ကား စော်ကား အရမ်းကို ခွင့်လွှတ်ပြီး သူမအပေါ်ပေးဆပ် တယ်ပေါ့…။ သူမအပါအ၀င် အားလုံးရဲ့ အမြင်မှာတော့ ကျွန်တော့်ကို အချစ်သူရဲကောင်းတစ်ယောက် အဖြစ် မြင်ကောင်း မြင်ကြမှာပါလိမ့်မယ်…။ (စိတ်ဓာတ် တည်ငြိမ် ရင့်ကြတ်တဲ့သူတွေကတော့ ကျွန်တော့်အဖြစ်ကို ကြည့်ပြီး “တော်တော်အသိဥာဏ်မဲ့

တဲ့ သတ္တ၀ါလေးပဲ”လို့ ထင်ကောင်းထင်နိုင်ပါတယ်…ဒီ့ထက်ပိုပြီးလည်း “ေ_ာက်ရူး”လို့လဲ အားပေးကောင်း အာပေးကြပါလိမ့်မယ်)။ ထားလိုက်ပါ…။ ကျွန်တော်တို့ စကားဆက်ကြဆို့။

တကယ်တမ်း သေသေချာချာ ပြန်ကြည့်ရင် တတယ်ရနေတာက ကျွန်တော်ပါ…။(သူမလဲရပါတယ်..။ ကျွန်တော် အဓိကဆိုလိုခြင်တာက သူမတစ်ယောက်တည်း ရနေတာမဟုတ်ကြောင်းကိုပါ) ကျွန်တော် ဘာတွေ ရလဲ…? ရှင်းပါတယ်။ သူမကို ကျွန်တော် ပေးဆပ်နေတာတွေအား ယူစေခြင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒ(အတ္တ) တစ်ခုဟာ သူမက ကျွန်တော်ပေးတာကို လက်ခံလိုက်တဲ့အခါမှာ ကျွန်တော် လိုခြင်တာကို ကျွန်တော် ရရှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် လိုခြင်တာက ကျွန်တော်ပေးတာကို သူမက ယူလိုက်တယ် ဆိုတဲ့အရာ ဖြစ်နေလို့ပါပဲ…။ ကျွန်တော် အောင်မှတ် ရလိုက်ပါပြီ…။ အဲဒီ့အချိန်မှာပဲ ကျွန်တော်ဟာ အောင်မှတ်အပြင် နောက်ထပ် ဂုဏ်ထူးမှတ်တွေ ထပ်ရပါတော့တယ်…။ အဲဒါတွေကတော့ “ဟာ..သူက သူ့ချစ်သူကို တော်တော်ချစ်တာပဲ..ကောင်မလေးက ဘယ်လိုတုန့်ပြန်တုန့်ပြန် တော်တော်အနစ် နာခံတာပဲ၊ တကယ့် အပေးသမားပဲ..၊ တကယ်ကို မေတ္တာစစ်နဲ့ ချစ်တာပဲ” စသည်ဖြင့် မဆုံးနိုင်တော့သော ဂုဏ်ထူးတွေ တသီကြီး ထပ်ရပါတော့တယ်။

အခုလောက်ဆို ကျွန်တော်ဘာကို ဆိုလိုချင်တယ် ဆိုတာကို စာဖတ်သူများ သဘောပေါက်နှင့်ပြီ ထင်ပါတယ်။ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အရာတွေဟာ အစွန်းရောက်ကောင်းရောက် နေပါလိမ့်မယ်…။ ဒါမှမဟုတ် တစ်ဖက်သတ် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်…။ ဒါပေမယ့် ဒါတွေဟာ တကယ်ဖြစ်နေတဲ့ အရာတွေပါ…။ နေ့စဉ်နဲ့ အမျှကြုံတွေ့ ကြားသိနေရတဲ့ အရာတွေပါ…။ လူပေါ်မူတည်ပြီးတော့သာ ကွဲပြားမှုရှိနိုင်တာပါ။ တစ်ချို့က တစ်ကယ်ပဲ သတိမထားမိလို့၊ မသိလို့ပါ…။ တစ်ချို့ကတော့ သိရုံတင်မကဘူး ကျွမ်းကျင်အဆင့် ရောက်နေလို့ တမင်လုပ်ကြတာပါ…။ ကျွန်တော်တို့ မိမိကိုယ်ကို သေသေချာချာ ပြန်လည် စမ်းစစ်ကြည့်ဖို့ လိုအပ်လာပါပြီ်…။ တကယ်ပဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ သန့်စင်ခဲ့ကြရဲ့လား…? လို့ပေါ့…။ အဲ…တစ်ခုတော့ ရှိတယ်နော် (“တစ်ယောက် တစ်ဝက်ပေါ့”လို့တော့ မနောက်ပါနဲ့)။ အဖြေမှန်ကို သိပြီဆိုရင်တော့ ကျွန်တော်တို့ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ၀န်ခံရဲဖို့လိုတာပေါ့ဗျာ….။ တကယ်တော့ မိမိကိုယ်ကို လိမ်လည်ခြင်း ဆိုတာဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင် သေဒဏ်ချလိုက်ခြင်းပါပဲ…။

p.s- မိမိကိုယ်ကို လိမ်လည်နေခြင်းများမှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ….။
Cateogry : Article , Essay | 11 Comments
March 20 , 2008 | 530 views
မေးခွန်း (၁)

စကြာဝရာ အတွင်းမှ ကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ ရောက်ရှိဖို့ နှစ်ပေါင်း (၁)သိန်း သို့မဟုတ် နှစ်ပေါင်း (၁)သန်း ကြာမြင့်ပါသည်…။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ် ထားရှိသော စစ်မှန်သည့် မေတ္တာတရား တစ်ခုသည် သင့်ချစ်သူ၏ ရင်ခွင်အတွင်းသို့ ရောက်ရှိဖို့ အချိန်မည်မျှ ကြာမည်ဟု သင်ထင်ပါနည်း….။

အဖြေ။ ။

မေးခွန်း (၂)

ထိုကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ မည်သည့် ကြားခံဒြပ်ထုမှ မရှိဘဲ လေဟာနယ် ကို ဖြတ်၍ ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်ပါသည်…။ သို့သော် အဘယ်ကြောင့် မေတ္တာတရား ဟူသော အလင်းတန်း တစ်ခုသည် ခံစားတတ်မှု၊ တန်ဖိုးထားမှု၊ မြတ်နိုးမှု ဟူသော ကြားခံ (Media) ပေါင်းများစွာ ထားရှိသော်လည်း ထွန်းလင်းစေလိုသော ရင်ခွင်တစ်ခုတွင် မထွန်းလင်းနိုင် ပါသနည်း…။

အဖြေ။ ။

မေးခွန်း (၃)

ကမ္ဘာမြေ၏ ဆွဲအားသည် လူသန်းပေါင်းများစွာအား လည်းကောင်း၊ အရာဝတ္ထုပေါင်းများစွာအား လည်းကောင်း…နောက်ဆုံး ကမ္ဘာမှ လွန်စွာဝေးကွာသော အာကာသ စကြာဝရာအတွင်း တည်ရှိသော လ ကိုပင်ဆွဲငင် နိုင်စွမ်းရှိသော်လည်း…။ သင့်အား စွန့်ခွာပြီးထွက်သွားသော သင့်ချစ်သူ၏ ခြေလှမ်းများအား အဘယ့်ကြောင့် မဆွဲငင်နိုင်သနည်း….။

အဖြေ။ ။

မေးခွန်း (၄)

အလွန်ပြင်းထန်၍ အားကောင်းသောအသံများကို ရေဒါများဖြင့် ဖမ်းယူနားထောင်ရပါသည်..။ အကြောင်းမှာ ၎င်းအသံများအား သာမန်နားများဖြင့် မကြားနိုင်သောကြောင့် ဖြစ်ပါသည်..။ ထိုသို့ဆိုလျှင် သင်၏ နုလုံးသားအတွင်း၌ ဖြစ်တည်သော သာမန်နားများဖြင့် မကြားနိုင်သော ရင်ခုန်သံများအား သင့်ချစ်သူ ကြားနိုင်စေရန် သို့မဟုတ် နားလည်နိုင်စေရန် မည်သည့်အရာဖြင့် ဖမ်းယူစေသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၅)

သာမန် မျက်စိများဖြင့်ထိုးဖောက်ရွေ့ မမြင်နိုင်သော အရာများအား X-Ray ရောင်ခြည် များဖြင့် ထိုးဖေါက်၍ မြင်သိစေနိုင်ပါသည်…။ ထိုသို့ဆိုလျှင် သင့်ရင်ဘတ်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိနေသော ခံစားချက်များအား သင့်ချစ်သူ မြင်တွေ့ သိရှိနိုင်စေရန် ၎င်း၏မျက်ဝန်းများ၌ မည်သည့် ရောင်ခြည်အမျိုး အစားအား တပ်ဆင် အသုံးပြုသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၆)

ကမ္ဘာကျော် အိုင်းစတိုင်း၏ (Relativity Theory) ဆိုသည့် နိုင်းရသီအိုရီ အတွက်အဓိကအကျဆုံးနှင့် အနှစ်ချုပ် ဖြစ်သော Formula ဖြစ်သည့် E=mc2 အား ကျွန်ုပ်သည် အောက်ပါအတိုင်း သတ်မှတ်ပါက သင်မည်သို့ ဝေဖန်သုံးသပ်၊ အကြံပေး လိုပါသနည်း…။

{Emotion=Misery*(Confusion)2 }

အဖြေ။ ။

မေးခွန်း (၇)

Newton ၏ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်ဆိုသော ပုံသေနည်းမှန်သည် ဆိုပါက အဘယ့်ကြောင့် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော တန်ဖိုးထားမှု၊ မေတ္တာတရား၊ နားလည်မှု၊ သစ္စာတရားနှင့် မြတ်နိုးမှုများသည်… သင်ပေးလိုက်သည့်အတိုင်း သင့်ထံသို့ ပြန်လည် မသက်ရောက်သနည်း။

အဖြေ။ ။

မေးခွန်း (၈)

လွမ်းဆွတ်ခြင်းဆိုသော နေရောင်ခြည်နှင့် တမ်းတခြင်းဆိုသော အပူရှိန်များကြောင့် ခံစားချက်ဆို သော မျက်ရည်များ အငွေ့ပြန်သည့်အခါ သတိရခြင်းတိမ်တိုက်များကို ဖြစ်ပေါ်စေပါတယ်…။ ၎င်း တိမ်တိုက်များသည် အချိန်ဆိုသော အေးခဲစေသည့် ဓာတ်သဘာဝများနှင့် ထိတွေ့သောအခါ ပြန်လည်ငွေ့ရည်ဖွဲ့ကာ မျက်ရည်မိုးများ အဖြစ် ပြန်လည်ရွာချသည် ဆိုသော နောက်ဆုံးပေါ်ပေါက်လာသည့် မျက်ရည်သံသရာ (Tears Cycle) ကိုသင်မည်သို့ ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၉)

ကမ္ဘာပေါ်တွင် အရာဝတ္ထုများအတွက် အတိုင်းအတာ၊ ပမာဏ သတ်မှတ်ချက်များ အသီးသီးစီ ရှိကြသည်။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော မျှော်လင့်ချက် တစ်စုံတစ်ခု၏ အတိုင်းအတာ သို့မဟုတ် ပမာဏ တစ်ခုအား တိုင်းတာရန် သတ်မှတ်ချက် Unit တစ်ခုလည်း လိုအပ်မည် ဖြစ်သည်။ ထိုသို့တိုင်းတာရန် အတွက် မည်သည့်အရာအား Unit အဖြစ် အသုံးပြုလျှင် သင့်တော်မည်ဟု သင်ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၁၀)

သင်သည် ကမ္ဘာပေါ်ရှိ အလွန်ခက်ခဲသော မေးခွန်းများ၊ ပုံသေနည်းများနှင့် သီအိုရီများကို ကျွမ်းကျင် ကြေညက်စွာ နားလည်နိုင်စွမ်းရှိသော်လည်း အဘယ့်ကြောင့် သင့်အားစွန့်ခွာသွားသော သင့်ချစ်သူ ပြောခဲ့သည့် “နားလည်ပေးပါ” ဆိုသော အလွန်ရိုးရှင်းသည့် စကားတစ်ခွန်းအား နားလည်နိုင်စွမ်း မရှိပါသနည်း။

အဖြေ။ ။

p.s – မေးခွန်းများရဲ့ အဖြေများအတွက် လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါသည်။
Cateogry : Essay | 16 Comments