အနက်ရောင် အိပ်မက်တစ်ခု၏ ၀ိဥာဉ်များ…
နိဒါန်း
ကျွန်တော် ၉ ရက် ၉ လ ၂၀၀၇ ခုနှစ်မှာ ဘလော့စတင်ရေးသားခဲ့ပါတယ်..။ ဘယ်လိုရည်ရွယ်ချက်တွေကြောင့် Blog စရေးဖြစ်ခဲ့တယ်..။ ဘယ်သူ တွေက ကျွန်တော့်ရဲ့ လက်ဦး မြင်ဆရာ၊ သင်ဆရာ၊ ကြားစရာတွေ ဖြစ်ခဲ့တယ်ဆိုတာကို အရင်က ရေးခဲ့ဖူးတဲ့ ပို့စ်တွေထဲမှာ အလျဉ်းသင့် သလို ထည့်သွင်းရေးသားခဲ့ဖူးပါတယ်..။ မဖတ်ရသေးရင် ကျွန်တော့်ရဲ့ လွန်လေပြီးသော ၃၆၅ ရက် ဆိုတဲ့ တစ်နှစ်ပြည့်ပို့စ် မှာ ထပ်မံဖတ်ရှုနိုင် ပါတယ်။ ဒီတစ်ခါ ကျွန်တော်ပြော ပြချင်တာကတော့ Black Dream သို့မဟုတ် blackdream21 သို့မဟုတ် အနက်ရောင် အိပ်မက် ဆိုတဲ့ နာမည် တစ်ကို ဘယ်လိုရရှိခဲ့တယ်..။ ဘယ်လို အဓိပ္ပါယ်တွေနဲ့ ကျွန်တော်ခံစားထားတယ်…။ စတာတွေကို ပြောပြချင်လို့ပါ…။
သာမန် Tag Post တစ်ခုဖြစ်တဲ့အတွက် ပို့စ်ဖတ်လို့ ကုန်သွားမယ့် အချိန်အတွက် အချိန်ကုန်ရကျိုးနပ်မယ် ထင်မှဆက်ဖတ်ဖို့ ကျွန်တော် အရင်ဆုံး ပြောချင်ပါတယ်..။
ကျွန်တော် ပထမဆုံး Blog စရေးမယ် စဉ်းစားတော့ ငယ်ငယ်က ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ စကားဝှက်အဖြစ်သုံးခဲ့ဖူးတဲ့ စကားလုံးလေး တစ်လုံးကို အရင်ဆုံး သတိရမိပါတယ်..။ ဒါပေမယ့် ကျွန်တော်အပါအ၀င် ကျွန်တော်တို့အားလုံးရဲ့ အဲ့ဒီ့စကားလုံးအပေါ် အလေးအနက်ထားမှုက အတော်အတန် ကြီးမားကျယ်ပြန့်တဲ့ အတွက် ကျွန်တော်တစ်ယောက်ထဲ သီးသန့်လုပ်တဲ့ ဒီနေရာမှာ အဲ့ဒီ့စကားလုံးကို အသုံးမပြုဖို့ ကျွန်တော် ဆုံး ဖြတ်လိုက်ပါတယ်။ အဲ့ဒီ့နောက်မှာ ပညတ်တွေထဲက မလွတ်နိုင်သေးတဲ့ ကျွန်တော်လည်း ပညတ်တစ်ခုကို အမြန်ဆုံးရှာဖွေနိုင်ဖို့ ကြိုးစားရပါတော့ တယ်။
သိပ်တော့ ကြာကြာ မစဉ်းစားလိုက်ရဘူးလို့ ကျွန်တော်ထင်ပါတယ်..။ နာမည်တစ်ခု ရခဲ့တယ်..။ ကျွန်တော့်ဘ၀မှာ အရေးပါတဲ့…။ ကျွန်တော်နှစ် သက်တဲ့ အရာလေးတွေကို စုစည်းထားတဲ့ နာမည်တစ်ခုပါ..။
ကျွန်တော်ငယ်စဉ် ကတည်းက အနက်ရောင်ကို တော်တော်လေးနှစ်သက်ပါတယ်..။ အ၀တ်အစားပဲ ၀ယ်ဝယ် အသုံးအဆောင်ပဲ ၀ယ်ဝယ် ကျွန်တော့် ရဲ့ ဦးစားပေး အရောင်ဟာ အနက်ရောင်ပါပဲ။ တစ်ချို့ဘာသာအယူအဆ၊ မိရိုးဖလာ အယူအဆတွေအရ အနက်ရောင် ဆိုတာဟာ အမင်္ဂလာအရောင် မသုံးသင့် မသုံးအပ်တဲ့အရောင်လို့ သတ်မှတ်ထားကြပါတယ်။ သူ့အယူအဆနဲ့သူမို့ ကျွန်တော် ဘာမျှမပြောလိုပါ..။ ပြန်ပေးဆွဲတာကို Blackmail မှောင်ခိုဈေးကွက်ကို Black Market စသည်ဖြင့် အသုံးပြုခြင်းများကို အစွဲပြုပြီးတော့ အချို့ကြတော့လည်း အနက်ရောင်ဆိုတာဟာ မကောင်းမှု ဒုစရိုက်ကို ကိုယ်စားပြုတယ်..။ ဘာ…ညာ..။ စသည်ဖြင့် သတ်မှတ်ကြပါတယ်..။ ရှိစေ…။ ဒါလည်း ကျွန်တော်နှင့် မဆိုင်ပါ….။ ကျွန်တော်နှင့် ဆိုင်တာ ကိုသာ ကျွန်တော် ဆက်ရေးမည် ဖြစ်ပါသည်။
အနက်ရောင်
ခင်ဗျားတို့ ဘယ်လိုထင်လဲ…?
အနက်ရောင်နဲ့ အမဲရောင် တူမယ်ထင်သလား…?
ကျွန်တော်ကတော့ မထင်ဘူး…။
ကျွန်တော့်အတွက်တော့ အနက်ရောင်ဆိုတာ အဓိပ္ပါယ်များစွာရှိနေပါတယ်..။ ငယ်စဉ်ကတော့ သာမန် ကြိုက်တယ်ဆိုရုံ ကြိုက်ခဲ့တာပါ..။ အရွယ် နဲနဲ ရလာတဲ့ အခါ တဖြေးဖြေး စဉ်းစားမိရင်းက ကျွန်တော့်အတွက် အနက်ရောင်ဟာ ပိုပိုပြီး အဓိပ္ပါယ် ရှိလာခဲ့ပါတယ်..။ ကျွန်တော့်အယူအစအရ အနက် ရောင် ဆိုတာဟာ ထောင်ကျကျ ပြားကျကျ ဘ၀တစ်ခုကို ကိုယ်စားပြုပါတယ်။ လောကရဲ့ အမျိုးမျိုးသော အရောင်ဆိုးမှု များကို ခံယူနိုင်တဲ့ ဘ၀တစ် ခုကို ကိုယ်စားပြုပါတယ်…။ လူတိုင်းလူတိုင်းရဲ့ မှောက်မှားတတ်သော အာရုံတစ်ခုကို ကိုယ်စားပြုပါတယ်..။ လူတိုင်းလူတိုင်းအတွက် တစ်ချိန်က ရခဲ့ ဖူးသော ခါးသီးတဲ့ ဘ၀သင်ခန်းစာ တစ်ခုကို ကိုယ်စားပြုပါတယ်…။ အနိမ့်အမြင့် အလှည့်အပြောင်းတွေ များပြားလှတဲ့ လောကဓံရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ပြင်းထန်သော တွန်းအားတစ်ခုလို့ ယူဆပါတယ်..။
အနက်ရောင်နဲ့ ပတ်သတ်ပြီး သီးခြားပြင်ပ ဖွင့်ဆိုချက်များကိုလည်း ကျွန်တော် ရှာဖွေဖတ်ရှုခဲ့ဖူးပါတယ်..။ Black is … Colour of the king, King of the colour, Colour of Justice ဆိုပြီးတော့ ဖြစ်ပါတယ်..။ သူဆိုလိုချင်တာကတော့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ အကြီးအကဲတွေဟာ ဧည့်ခံပွဲတွေ၊ ညစာစားပွဲတို့ အခန်းအနားတို့ ပြုလုပ်ကြတဲ့အခါမှာ အမြဲလိုလို အနက်ရောင်ကို သုံးစွဲဝတ်ဆင်ကြပါတယ်။ သူတို့ တွေရဲ့ ကားတွေ ဟာလည်း အနက်ရောင် များသာ ဖြစ်ကြပါတယ်..။ King of the colour ဆိုတာကလည်း ဒီသဘောပဲ ဖြစ်ပါတယ်..။ ဘာကြောင့် နိုင်ငံအကြီးအကဲတွေရဲ့ ကားတွေ ၀တ်စုံတွေဟာ အခြားအရောင်တွေမဖြစ်ပဲ အနက်ရောင်တွေဖြစ်နေသလဲ..? ဒါကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ Colour of Justice ဆိုတာကတော့ တရားမျှတမှုရဲ့ အရောင်လို့ ဖွင့်ဆိုလို့ရမယ်ထင်ပါတယ်..။ ဥပမာအားဖြင့် ရှေ့နေတွေ၊ တရားသူကြီး တွေဟာ တရားစီရင်ရေးကို ပြုလုပ်တဲ့အခါမှာ အနက်ရောင် ၀တ်စုံမှ လွဲပြီးတော့ ဘယ်အရောင်ကိုမှ အသုံးပြုခြင်းမရှိပါဘူး…။

၂၅ နှစ်မြောက် ငွေရတုမင်္ဂလာနှစ်ပတ်လည်

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဒီဆုတောင်းလေးပါလာပါပြီ..။ အခုလို စီစဉ်နိုင်ဖို့အတွက် လူအားရော၊ ငွေအားရော အစစအရာရာ ကူညီ ပေးခဲ့ကြတဲ့ သူငယ်ချင်း ၀င့်ဟန်၊ ကြော်ငြာထည့်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မရမက ခိုးထုတ်ပေးတဲ့ ညီမငယ် ပုံ့ပုံ့တို့နဲ့ မနေ့က ကျွန်တော်ရေးခဲ့တဲ့ ပို့စ်မှာ လာရောက်ဆုတောင်းပေးကြတဲ့ ညီအစ်ကို မောင်နှစ်မတွေအားလုံးအား အထူးပင် ကျေးဇူးတင်မိပါကြောင်း….။

ကျွန်တော်တို့တွေ…
နိဒါန်း
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးး…………တစ်အိမ်လုံးဆူညံနေတာပဲ… အစောကြီးရှိသေးတယ်…။ ဘယ်လိုမှကို ဆက်အိပ်လို့မရဘူး….။”
ကျွန်တော် အသားကုန် ကြုံးအော်လိုက်ပါတယ်…။ ခဏတော့ တစ်အိမ်လုံး ကြောင်ပြီး ကျွန်တော့်ကို ၀ိုင်းကြည့်နေကြပါတယ်…။ သိပ်မကြာလိုက်ပါ ဘူး တစ်ယောက်တစ်ပေါက်နဲ့ အားရပါးရ ၀ိုင်းလှောင်ကြပါတော့တယ်….။
“အံမယ်…။ အိပ်လို့မရဘူးသာ လျှောက်အော်နေတာ…။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး ကိုကြီးရယ်…။ ရေချိုး၊ အ၀တ်အစားလဲပြီးလို့ ရေမွှေး နံ့တစ်ထောင်းထောင်းနဲ့….။ ဘယ်အချိန်ကတည်းက အစောကြီးထပြီး ပြင်ထားမှန်းတောင်မသိဘူး…။ ဒီမှာ ဘယ်သူမှတောင် မျက်နှာမသစ်ရသေး ဘူး…”
ကျွန်တော့်ညီမမှ ဆက်တိုက်ပြစ်လိုက်သော စကားလုံးများ ကြားမှ ကျွန်တော် ကိုယ့်ကိုယ်ကို နဲနဲပြန်သတိထားမိသွားပါတယ်..။ အနဲငယ် အံ့သြသလို လည်း ဖြစ်သွားပါတယ်…။ ကျွန်တော့်အခန်းဟာ ရေချိုးခန်း၊ အိမ်သာ တွဲလျှက်မဟုတ်ပါဘူး။ အောက်က အခန်းက ပြင်ထားတဲ့အတွက် သုံးလို့မရ ပါ။ အပေါ်မှာ အဖေတို့အခန်း…။ ကျွန်တော် ဘယ်အခန်းတွင် ၀င်ချိုးလိုက်မှန်းမသိပါ…။ ဒါပေမယ့် ခဏပါပဲ..။ ကျွန်တော့်အတွက် ဒါအဆန်းမဟုတ် တော့ပါ..။ အိပ်ယာကထရင် အိပ်ချင်မူးတူးနဲ့ လုပ်စရာရှိတာတွေ ဒါမှမဟုတ် လုပ်ချင်တာတွေလုပ်ပြီး တစ်ခါတစ်လေ ပြန်အိပ်ပျော်သွားပြီး နိုးလာမှ ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို မမှတ်မိတာမျိုးတွေ ခဏခဏပါ..။
“ဟေ…။ အေး…။ ဟုတ်လား…။ ဟီး ဟီး…။ ဆောတီး ဆောတီး…။ မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်…။ ဖြဲချင်တဲ့ စိတ်ကများသွားလို့ ဟဲ ဟဲ”
“သေနာလေး…။ ငါ့မှာလန့်သွားတာပဲ ဘာများဖြစ်တာလဲလို့….။” ဒါက မာတာမိခင်ရဲ့ တိုက်စစ်….။
“အဖေရာ…? အဖေ….?”
” နင့်အဖေ အိမ်သာတက်နေတာ တစ်ကမ္ဘာလောက်ရှိပြီ..။ အခုထိမပြီးသေးဘူး…။ ကျန်တဲ့ရေချိုးခန်းတွေ မနေ့က ခြံထဲက အလုပ်သမားတွေလာ ပြီး ပြန်ပြင်ထားလို့ အဲ့ဒီ့တစ်ခန်းပဲ အားတာ…။ အဲ့ဒါ နင့်အဖေက ဇိမ်စွဲပြီး လုပ်နေလို့ ငါရော နင့်ညီမရော အခုထိ ရေမချိုးရသေးဘူးဟေ့…။”
သြော်….။ တစ်ခုပြောပြရဦးမယ် ကျွန်တော့် ဖခမည်းတော်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်မဟုတ် တစ်အုပ်ပါမှ တက်တတ်ပါတယ်..။ အဲ…။ အိမ်သာထဲ ၀င်သွားပြီဆိုရင်လည်း မသိရင် အိမ်သာထဲဝင်ပြီး နားအေးပါးအေး စာထိုင်ဖတ်နေတာလား…။ အိမ်သာသွားတတ်တာလား ခွဲခြားမရ အောင်ကို ကြာပါတယ်…။ တစ်ခါက အပြင်က ပြန်လာတုန်း ကမူးရှူးထိုးနဲ့ အိမ်သာထဲဝင်မယ်ဆိုပြီး တွေ့ကရာ စာအုပ်ဆွဲသွားလိုက်တာ အဲ့ဒီ့တုန်းက ကျွန်တော့်ညီမ သင်နေရတဲ့ သူငယ်တန်း ဖတ်စာအုပ်ကြီး ပါသွားလေရဲ့ဗျာ….။ တကယ့်ကို စံပါပဲ…။
” ငါ့အကြောင်း ဘာတွေအတင်းတုပ်နေတာလဲ…။ အကုန်ကြားတယ်…။ မင်းတို့ သားအမိတွေ အူကြောင်ကြောင်မလုပ်နဲ့…”
“အဲ့….သရဲ”
ကျွန်တော်တို့အားလုံး ကြောင်သွားပါတယ်..။ အသံပဲ ကြားရပြီး လူမမြင်ရဘူးလေ…။
“၀ါးးးးးးးး…..ဟား…ဟား…ဟား…။ ဒီလိုလုပ်လို့ရရိုးလား…”
မှားပါတယ် အဖေရယ်….။ ကျွန်တော်တို့တိုက်က နှစ်ထပ်ပါ..။ အပေါ်ထပ်ကိုတက်တဲ့ လှေခါးက နှစ်ဆင့်ပါ…။ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြား မှာ အမြင့်ပေ ၂၀ လောက်ရှိတယ် ဇီးမှန်တစ်ချပ် အပြည့်တပ်ထားပါတယ်..။ အဲ့ဒီ့မှာ လိုက်ကာအရှည်ကြီးတွေလည်း တပ်ထားပါတယ်…။ အဲ့ဒီ့ လိုက်ကာကြားထဲ ကျွန်တော့်အဖေ ဘယ်အချိန်ကတည်းက ၀င်ပုန်းနေမှန်းမသိပါဘူး…။ သူ့အသံဗြဲကြီးနဲ့ ကလေးတွေလို “တူတူရေ…၀ါး” လုပ် လိုက်မှပဲ ကျွန်တော်တို့မှာ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်…။

ခေါင်းစဉ်မရှိ
နှုတ်ဆက်ပါတယ် ဆိုတာ
အနည်းဆုံးတော့
သတိရခြင်းအတွက်လားခွဲခွာခြင်းအတွက်လား
ရေးမိဖို့ တွေးမိဖို့ ကောင်းပါတယ်။
ကျွန်မ အမှတ်ရနေဆဲပါ။ အညှိုးတကြီးရွာချတဲ့ မိုးဒဏ်ကို ခံလိုက်ရတဲ့ ကျွန်မတို့ ကျောင်းလေးကို ပြုပြင်နေဆဲ ကြည်လင်တဲ့ ကောင်းကင်ကြီးအောက်မှာ အမြင်မတင့်ပေမဲ့ အပြစ်ကင်းတဲ့ ကလေးငယ်တွေကို စာသင်နေတဲ့ တစ်နေ့ကိုပေါ့။ သူတို့လေးတွေအတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ဟယ်လင်ကဲလားရဲ့ အံ့မခန်း စွမ်းဆောင်နိုင်ပုံတွေကို မမောနိုင် မပန်းနိုင်နဲ့ လက်နှစ်ဖက်ကို မြှောက်ကာ ပင့်ကာ ကွေ့ကာ ၀ိုက်ကာနဲ့ ကျွန်မ အားပါးတရ ပြောပြနေခဲ့တာလေ။ သူ ကျွန်မကို ဘယ်အချိန်ကတည်းက ကြည့်နေခဲ့လဲမသိပါဘူး။ တစ်စုံတစ်ယောက်ရဲ့အကြည့်ဒဏ်ကို ခံရတဲ့သူတိုင်း ဖြစ်တတ်တဲ့ စိတ်အနေအထားမျိုးကြောင့် ကျွန်မ သူ့ကို လှည့်ကြည့်တော့ ကျွန်မရဲ့အကြည့်ကို လွှဲဖယ်ဖို့ ရှက်ကိုးရှက်ကန်းမဖြစ်နိုင်လောက်အောင် သူ အံ့အားတသင့်ကြည့်နေခဲ့တာ။ မနီးလှပေမဲ့ အတော်အသင့် ဝေးတဲ့ကြားက သူ့ရဲ့ကြည်လင်တဲ့ရုပ်ရည်ကို ကျွန်မ မြင်လိုက်ရတယ်။ တဒင်္ဂ လှုပ်ခတ်သွားတဲ့ ရင်ခုန်သံမြန်မြန်တွေကို အဲဒီကတည်းက ရိုက်ချိုးခဲ့ရမှာလေ။
နေ့စဉ်ရက်ဆက်မဟုတ်ပေမဲ့ တစ်ပတ် နှစ်ခါလောက်တော့ သူ့ကို ကျွန်မ တွေ့ဖြစ်တယ်။ စာသင်ဆောင်ရဲ့ မနီးမဝေးက ကဖေးဆိုင်မှာ ထိုင်နေတတ်ပေမဲ့ ကျွန်မကို လှမ်းကြည့်နေမယ်မှန်း မြန်ဆန်လာတဲ့ ရင်ခုန်သံတွေက အလိုလိုသိနေခဲ့တယ်။ ကျွန်မ ရင်ခုန်ခွင့်ရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နေချိန်မှာပဲ မသိလိုက်တဲ့ဒဏ်ရာတစ်ခုက ကျွန်မနှလုံးသားမှာ အမြစ်တွယ်သွားခဲ့တာ။ ကျွန်မ နေသားကျနေခဲ့တာပါ အစ်ကိုရယ်လို့ အကြိမ်ပေါင်းများစွာ အသံတိတ် ရေရွတ်နေခဲ့မိတယ်။
*************************************************************************************
နွေ့အတွက် ကျွန်တော် စေတနာသန့်သန့်နဲ့ပေးတာပါ။ နွေ အင်္ဂလိပ်ဝတ္ထုတွေ ဖတ်တာ နှစ်သက်တယ်ကြားလို့ အိမ်က ယူလာခဲ့တာ။ ရင်ထဲ့နင့် နေအောင်ကို ဇာတ်လမ်းက ကောင်းလို့လေ။ ယူပါ နွေ….။
မထင်မှတ်ထားတဲ့ သူ့ကို တွေ့လိုက်ရလို့ အံ့သြထိတ်လန့်စွာနဲ့ ကျွန်မ ခြေစုံရပ် လိုက်မိတယ်။ Khaled Hosseini ရဲ့ The Kite Runner ဆိုတဲ့ စာအုပ်ကို တရိုတသေကိုင်ပြီး ကျွန်မထံ လှမ်းပေးနေတဲ့ သူ့လက်အစုံကို အမှတ်မထင် ကြည့်လိုက်မိရင်းနဲ့ ဖြူဖြူသန့်သန့် လက်တစ်စုံက ကျွန်မကို ငေးမောစေခဲ့သေးတယ်။ နောင်တစ်ချိန်မှာ မလွှတ်တမ်း ကိုင်ထားချင်နေမယ့် လက်တစ်စုံကို ကျွန်မ အဲဒီကတည်းက မကြည့်သင့်ခဲ့ပါဘူး။
လက်မနဲ့ လက်ညှိုးကို ထိစပ်လို့ မျက်ခုံးနှစ်ခုကြားကနေ ရင်ဘတ်နားထိလွှဲယမ်းပြီး ဘယ်လက်ဝါးပေါ် ညာလက်ဝါးကို ဘေးတိုက်ထောင် ပြလိုက်မိတယ်။ ရုတ်တရက်မို့ အကျင့် ပါနေတဲ့ လက်တွေက လှုပ်ရှားသွားပေမဲ့ သူ ဘယ်နားလည်ပါ့မလဲလို့ တွေးပြီး စာရွက်နဲ့ ဘောပင်ကို ထုတ်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ
တောင်းပန်စရာမလိုပါဘူး နွေရယ်၊ ကျွန်တော်က ဖြူစင်စိတ်နဲ့ ပေးတာမို့ နွေသာလက်ခံပေးရင် ကျွန်တော် ကျေနပ်မှာပါ။ ပြီးတော့ နောက်ဆို နွေ စာရေးပြစရာမလိုပါဘူး။ နွေပြောတာတွေအားလုံးကို ကျွန်တော် နားလည်ပါတယ်….။
ညင်းသွဲ့သွဲ့ရေမွှေးနံ့လေးက သူ့အမှတ်သညာတစ်ခုလို ဦးနှောက်ထဲကို ၀င်ရောက်လာတယ်။ ကျွန်မ တကယ့်ကို ပျောက်ဆုံးသွားချင်ခဲ့တာပါ။ နွေက အမြဲရွက်သစ်ပဲ။ ရော်ရွက်မဟုတ်ဘူးလို့ ပြောတတ်တဲ့ ဖေဖေသာ ခုနေ ရှိနေမယ်ဆိုရင် ကျွန်မကို ဘယ်လိုရှင်သန်စေမလဲ ကျွန်မ သိပ်သိ ချင်တယ်။
နွေ မျက်ရည်ဝဲနေတာလား။ ကျွန်တော် မှားသွားတယ်ထင်တယ်။ နွေ မျက်ရည်ကျစေဖို့ ကျွန်တော်မရည်ရွယ်ပါဘူး။ ကျွန်တော် နွေ့ကို ပျော်ရွှင်စေချင်တာပါ။
ကျွန်မ ခေါင်းညိတ်ပြလိုက်ရင်းနဲ့ နောက်ဆို ရှောင်လွှဲမရလို့ စကားပြောရတဲ့အခါ စာရေးပြဖို့ ဆုံးဖြတ်လိုက်တယ်။ နွေ ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ဘ၀မှာ ပါဝင်ကပြဖို့ မဖြစ်နိုင်တဲ့ သူ့ကို ကျွန်မဘ၀ရဲ့ စစ်မှန်ခြင်းတွေနဲ့ မရောထွေးလိုပါဘူး။

လမ်းလျှောက်ထွက်ခြင်း
နိဒါန်း
သင့်ဘ၀တစ်လျှောက်မှာ လမ်းတွေကိုဘယ်အရာနဲ့ လှမ်းလျှောက်ခဲ့ပါသလဲ…? ကျွန်တော်ရော ဘယ်အရာဖြင့် လျှောက်နေတယ်လို့သင်ထင်ပါ သ လဲ?
အခန်း (၁)
သင်သေသေချာချာ စဉ်းစားကြည့်ခဲ့ဖူးပါသလား…?
အမြင် နဲ့ အသံဟာ
ထောင့်မှန်ကျတယ်ဆိုတဲ့အကြောင်းကိုပေါ့….။
BLACK DREAM
ဒီလိုနဲ့….
သူ လျှောက်လက်စ လမ်းကိုသာ ဆက်လျှောက်နေလိုက်ပါတယ်…။ ပတ်ဝန်းကျင်ကို သိပ်အလေးအနက်ကြီးမဟုတ်တောင် တစ်ချက်ချက် တော့ လူ့သဘာဝအတိုင်း ခပ်စောင်းစောင်း သတိထားမိတာပေါ့…။ သူ လျှောက်လာတဲ့ လမ်းတစ်လျှောက် ဘယ်အသံကိုမှ တစ်ချက်လေး လောက်မျှ တောင် တည့်တည့်မတ်မတ် မကြားခဲ့ရပါဘူး..။ ဖြစ်နိုင်ခြေတွေကတော့ တော်တော်များများရှိပါတယ်…။ လူတွေရဲ့ နှုတ်ခမ်းတွေရွဲ့ နေကြလို့…။ ဒါမှမဟုတ် နှုတ်ခမ်းတွေပေါ်က ထွက်ကျလာတဲ့ စကားလုံးတွေကိုယ်တိုင်က ရွဲ့စောင်းနေကြလို့..။ ဒါမှမဟုတ် လူတွေရဲ့ အတွင်း စိတ်တွေက ရွဲ့စောင်းနေကြလို့…။ ဒါမှမဟုတ်…။ ကျွန်တော်တို့ရဲ့ ကမာမြေကြီးကို တိုင်က ၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ ရွဲ့စောင်းနေလို့…။ ဒါမှမဟုတ် အခြား အခြားသော အကြောင်းတွေကြောင့်လဲ ဖြစ်နိုင်ပါသေးတယ်…။
ဒါပေမယ့် အသံတွေကတော့ ဘယ်လိုနည်းနဲ့မှ အခုချိန်ထိ သူ့နားထဲကို တည့်တည့်မတ်မတ် ၀င်ရောက်လာခဲ့ကြခြင်းမရှိသေးပါဘူး..။ သူ မျက်နှာမူ ရာရဲ့ ဆန့်ကျင်ဘက် (သို့မဟုတ်) သူ့ ဦးတည်ရာကနေကြည့်မယ်ဆိုရင် အသံတွေဟာ သူ့ရဲ့လားရာတွေနဲ့ ထောင့်မှန်ကြနေပါတယ်…။ သိပ်ပြီး တော့ ထွေထွေထူးထူး မစဉ်းစားကြပါနဲ့…။ အကြောင်းကတော့ ကျွန်တော်တို့ရဲ့ နားတွေဟာ နဖူးပေါ်တက် ပေါက်နေခြင်းမဟုတ်ပဲ…။ နားထင် နားတွင် ပေါက်နေကြသောကြောင့် ဖြစ်ပါတယ်…။ တကယ်လို့များ နားတွေဟာ အခုလို နားထင်နားမှာပေါက်တာမဟုတ်ပဲ နဖူးပေါ်၊ နှာခေါင်းပေါ်၊ မျက်ခုံးပေါ် အစရှိသည့် အရှေ့မျက်နှာစာပြင်ဘက်တွင် ပေါက်နေကြမည်ဆိုပါက..။ ကျွန်တော်တို့ ကြားနေရတဲ့ အသံများသည် ကျွန်တော်တို့ရဲ့ အာရုံများထဲသို့ တည့်တည့်မတ်မတ် ၀င်ကောင်းဝင်လာနိုင်ကြမယ် ထင်ပါတယ်..။
ထောင့်မှန်ကျနေတဲ့ အသံတွေကို အရင်အတိုင်းမသိမသာ နားထောင်ရင်း သူ့ ခြေဖနောင့်တွေ ဦးတည်ရာသို့ သူ ပုံမှန်အတိုင်း ဆက်လျှောက်နေ လိုက်ပါတယ်..။ လမ်းကြောင်းတစ်ခုကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် သင့်မှာရှိတဲ့ ဦးနှောက်တစ်ခြမ်း၊ မျက်လုံးနှစ်ဘက် နဲ့ ခြေထောက်တစ်စုံ ဘယ်အရာဟာ ပိုအရေးကြီးမယ်ထင်ပါသလဲ…။ အဖြေမပေးမှီ သင့်ရဲ့ မျက်လုံးတွေနဲ့အရင် လမ်းလျှောက် ကြည့်ပါ။ ထိုအခိုက် အတန့် သင့်ရဲ့ ဦးနှောက်နဲ့ ခြေထောက်များကို လုံးဝအသုံးမပြုဖို့လိုပါလိ့မ်မယ်..။ ထို့နောက် သင့်ဦးနှောက်ဖြင့် တစ်ဖန်ထပ်ပြီး လျှောက်လှမ်း ကြည့်ပါ..။ ပထမ အခေါက်ကကဲ့သို့ပင် အခြားအရာနှစ်ခုဖြစ်သော မျက်လုံးနှစ်ဖက်နှင့် ခြေထောက်များကို အသုံးမပြုရပါ..။ နောက်ဆုံးတွင် သင့်ခြေထောက်များဖြင့် လမ်းလျှောက်ကြည့်ပါ…။ ထိုအခိုက် ဦးနှောက်နှင့် အမြင်အာရုံအား ကျေးဇူးပြုပြီးတော့ လျစ်လျှူရှုကြည့်လိုက်ပါ။







