• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် သူမ (၄)

    September 12 , 2009 | 2,947 views

    နိဒါန်း

    တစ်ကယ်တော့ သူမဟာ

    ကြွေမကျတတ်တဲ့ သစ်သီးတစ်လုံးမဟုတ်ခဲ့ပါဘူး

    သူကသာလျှင် ဆွဲင်အားမဲ့ခဲ့တဲ့ ကမ္ဘာမြေပြင်တစ်ခု ဖြစ်ခဲ့တာပါ…။

    BLACK DREAM

    “Oh think twice, its another day for You and me in paradise”

    “ဟဲလို…။ မေ လား…?”

    “ဟုတ်တယ် မောင်…။”

    “အဲ့…။ ထူးထူးဆန်းဆန်း ဖုန်းတွေ ဘာတွေတောင် ဆက်လို့ပါလား..? ကြည့်ရတာ ကောင်မလေး တော်တော်လွမ်းနေတယ်ထင်တယ်…။ ဟဲ ဟဲ”

    “အဟင်း..။ အဲ့ဒါလဲ ပါပါတယ် မောင်ရယ်…။”

    “နေပါဦး အဲ့ဒါလည်း ပါပါတယ်ဆိုတော့ နောက်ထပ် ဘာအကြောင်းရှိ နေသေးလို့လဲ…?”

    “ဟုတ်တယ် မောင်…။ မေ….။ မောင့်ကို အရေးကြီးတာ ပြောစရာရှိလို့ ဆက်လိုက်တာ…။ မောင်အချိန် ရတယ်မလား..? အေးအေးဆေးဆေး ပြောလို့ ရတယ်မလား မောင်…?”

    “အင်း…။ နေဦး..။ အခုက ရုံးမှာ…။ ခဏနေရင်တော့ အိမ်ပြန်မယ်လေ..။ မေ အဆင်ပြေမယ်ဆို ၇ နာရီလောက်ဖြစ်ဖြစ် ဆက်လို့ရမလား..။ မောင် ဒီမှာက လောလောဆယ် အလုပ်လေးတွေ လက်စသတ်စရာရှိနေလို့…။”

    “အိုကေ မောင်…။ ဒါဆို မေ ည ၇ နာရီ ကျရင် ခေါ်လိုက်မယ်…။”

    “အိုကေဗျာ..။ စောင့်နေမယ်…။”

    “မောင်…..။”

    “ဟင်…? ဘာလဲ… မေ…? ဘာပြောစရာ ရှိသေးလို့လဲ…?”

    “ဘယ်လိုအကြောင်းတရားတွေကြောင့် ဘယ်လိုအကျိုးဆက်တွေပဲ ဖြစ်လာခဲ့ ဖြစ်လာခဲ့…။ မောင့်ကို မေ အမြဲချစ်နေမယ်ဆိုတာကို ယုံပေးပါနော် မောင်….။”

    “အဲ..။ ဟဲလို…?”

    တီ…။ တီ….။ တီ….။ တီ…။ တစ်ဘက်က ဖုန်းချသွားပြီး ဖြစ်ပါတယ်…။

    အခန်း (၁)

    ဦးနှောက်သည်

    ဘ၀အား စစ်ကူပေးသောအခါတွင်

    နှလုံးသားသည် ကားစင်တက်ရလေသည်..။

    BLACK DREAM

    တစ်ချက်ချက် မြည်နေသော နံရံပေါ်က နာရီကိုကြည့်ရင်း မေနှင်းစက် တစ်ယောက် အတွေးစစ်မျက်နှာပြင်မှာ သက်ပြင်းတွေ အကြိမ်ကြိမ် ကျဆုံး လျှက် ရှိပါတယ်။ အဆက်စပ်မရှိသော အတွေးစအချို့..။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဆိုတဲ့ ကာလသုံးပါးကြား အပြေးအလွှား စစ်ကစား လျှက် ရှိနေပါတယ်။ လူတစ်ယောက်အတွက် မျှော်လင့်ချက် ဘယ်နှစ်မျိုးလိုအပ်ပါသလဲ…? မျှော်လင့်ချက် ဘယ်နှစ်မျိုး ရှိသင့်ပါသလဲ..? သူမမှာတော့ မျှော်လင့်ချက် နှစ်ခုရှိသည်…။ ပထမတစ်ခုက ဦးနှောက်နဲ့ယှဉ်တဲ့ မျှော်လင့်ချက်..။ ဒုတိယက နှလုံးသားနဲ့ယှဉ်တဲ့ မျှော်လင့်ချက်။ ထိုသို့သော မျှော်လင့်ချက်နှစ်ခု ထိပ်တိုက် ရင်ဆိုင်ကြသော အချိန်တွင်မူ…။

    လူတို့သည် တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင် ဘာမှန်းမသိသော အရာများအား အရူးအမူး လိုချင် တောင့်တတတ်လေ့ရှိကာ…။ တစ်ခါတစ်ရံတွင် ထိုဘာမှန်းမသိသေးသော အလုံးစုံ ပြီးပြည့်စုံမှုအားရရှိ ရန်အတွက်…။ မိမိတွင် ပိုင်ဆိုင် ရရှိပြီးဖြစ်သည့် အချို့အချို့သော ပိုင်ဆိုင်မှုများကိုပင် ရူးမိုက် စွာ စွန့်လွှတ်တတ်လေ့ ရှိကြပါတယ်..။ သူမလည်း ထိုနည်းတူပင်…။ ပြီးပြည့်စုံသော ဘ၀ဆိုသည်မှာ မည်သို့သော အရာမှန်းမသိသည့်တိုင် ထိုပြီး ပြည့်စုံသော ဘ၀အား ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် သူမ စွန့်လွှတ်ခဲ့ရသည့် ပမာဏမှာ အတိုင်းအတာ တစ်ခုအထိ အတော်ပင် များပြားခဲ့ပြီ ဖြစ်ကြောင်း သူမ အချိန်အတော်ကြာကပင် ကောင်းစွာ သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်ပါတယ်…။

    သူမမွေးဖွားခဲ့သော အမိမြေ…။ သူမချစ်သော မိသားစု…။ သူမချစ်သော သူငယ်ချင်းများ…။ ပတ်ဝန်းကျင်..။ ရိုးရာ..။ ယဉ်ကျေးမှု…။ ဓလေ့ထုံးစံ…။ နွေးထွေးမှု…။ မေတ္တာတရား…။ ယုတ်စွအဆုံး ထောင်မြင်လို့ စွန့်လွှတ်လိုက်ရသော ရာတန်အချို့…။ ထားပါလေ…။ ရွှေပြည်တော်ကား မျှော်တိုင်း ဝေးနေသေးသလောက် ဒီတစ်ခါ သူမထပ်မံစွန့်လွှတ်ဖို့ ဖြစ်လာသည့်အရာကတော့ သူမ၏ ၀ိဥာဉ်တို့ ရှင်သန် အမြစ်တွယ်ရာ သူမ၏ နုလုံးသား အလှည့် ဖြစ်လာခဲ့လေပြီ…။ သေချာတာတစ်ခုကတော့ သူမသည် နုလုံးသားမဲ့သူ တစ်ဦးမဟုတ်ပါ။ ထို့အတူ။ မွေးရာပါ ဦးနှောက်တစ်လုံး လဲ သူမတွင် ပါရှိခဲ့လေသည်။

    (more…)

    Cateogry : Essay | 39 Comments

    ဒုတိယမ္ပိ တမ်းခြင်း…

    September 9 , 2009 | 1,905 views

    အားလုံးပဲ မင်္ဂလာပါလို့ ကျွန်တော် အရင်ဆုံး ပြောချင်ပါတယ်…။ ဒီနေ့ဟာ သိပ်ကိုထူးခြားတဲ့ နေ့ထူးနေ့မြတ်တစ်ခုမဟုတ်ပါဘူး..။ ဒီနေ့ဟာ ရက်ရာဇာမဟုတ်ပါဘူး…။ နဂါးခေါင်း ဘယ်ဘက်ကိုလှည့်နေမှန်းလဲ ကျွန်တော်မသိပါဘူး..။ လပြည့်ညလဲ မဟုတ်ပါဘူး..။ ၂၁ ရာစုရဲ့ ဈာပန အခမ်းအနား တစ်ခုလည်း မဟုတ်ပါဘူး…။ ဘာဆို ဘာမှကို ထူးခြားတဲ့ နေ့ရက်တစ်ခုမဟုတ်ပါဘူး..။ အနဲဆုံး ကျွန်တော့်ဆီမှာ ၉.၉.၂၀၀၉ ခုနှစ် ဆိုပေမယ့်..။ အချို့သော နေရာဒေသတွေမှာ ၈.၉.၂၀၀၉ သာ ရှိသေးတာကြောင့်..။ ဒီနေ့ဟာ ဘာနေ့ဆိုတဲ့ ပညတ်ချက်တစ်ခုချဖို့တောင် မသေချာ လှတဲ့ သာမန် နေ့ရက်တစ်ခုသာ ဖြစ်ပါတယ်…။

    သို့သော်…

    ကျွန်တော့်အတွက်တော့ ဒီနေ့ဟာ ကျွန်တော့်ရဲ့ ခပ်ကျဉ်းကျဉ်း တစ်ကိုယ်စာ ဘ၀အတွက် တစ်ထောင့်တစ်နေရာကနေ အရေးပါတဲ့ နေ့ရက်တစ်ခု ပါ။ ဘာကြောင့်လဲ? ဘာအတွက်လဲ? ဆိုရင်တော့..။ အဖြေက..။ ဒီနေ့ဟာ ကျွန်တော်ဖန်တီးခဲ့တဲ့ blackdream21 ဆိုတဲ့ ကျွန်တော့ရဲ့ ကိုယ်ပွား ၀ိဥာဉ်တစ်ခုရဲ့ နှစ်နှစ်ပြည့်တဲ့အထိမ်းအမှတ် နေ့တစ်ခုဖြစ်လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဒီဝိဥာဉ်ကို ကျွန်တော့်ရဲ့ အာရုံ..။ ခံစားချက်…။ မျှော်လင့် ချက်..။ ယုံကြည်ချက်..။ စတာ တွေနဲ့ သေသေချာချာ ထုဆစ် မွေးဖွားပေးခဲ့ခြင်းဖြစ်ပါတယ်..။ ကျွန်တော်အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ ဒီကိုယ်ပွား ၀ိဥာဉ်ကို ကျွန်တော့်ကို ကျွန်တော်ထက်ပင် ပိုချစ်ပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုအားကျပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုလေးစားပါတယ်..။

    ကျွန်တော်တွေဝေသလောက် ကျွန်တော့် ၀ိဥာဉ်က မတွေဝေပါဘူး..။ ကျွန်တော် တွန့်ဆုတ်သလောက် ကျွန်တော့် ၀ိဥာဉ်ကမတွန့်ဆုတ်ဖူး..။ ကျွန်တော့်မှာ အကန့်အသတ်၊ အတားအဆီးတွေ ရှိသလောက် ကျွန်တော့်ဝိဥာဉ်မှာ အကန့်အသတ်၊ အတားအဆီးတွေ မရှိဘူး..။ ဒါတွေဟာ ကျွန်တော် ဘယ်လိုမှ မယှဉ်နိုင်တဲ့…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ အားသာချက်တွေပါ..။

    ဒီ့ထက်…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှုတ်ခမ်းက ကျွန်တော့်ရဲ့ နှုတ်ခမ်းထက် ရဲရင့်တယ်..။ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှလုံးသားက ကျွန်တော့် နှလုံးသားထက် ဖြူစင်နူးညံ့တယ်..။  ကျွန်တော့် ၀ိဥာဉ်ရဲ့ အတိတ်သမိုင်းကြောင်းက ကျွန်တော့် အတိတ်သမိုင်းကြောင်းထက် အပြစ်ကင်း စင် သန့်ရှင်းတယ်…။ နောက်ဆုံး ကျွန်တော့် ၀ိဥာဉ်ရဲ့ အရိပ်က ကျွန်တော့်အရိပ်ထက် ပြတ်သား ထင်ပေါ်တယ်…။  အရင်က ကျွန်တော့်ကို မှီခိုပြီး ဒီဝိဥာဉ်ဖြစ်တည် ပေါ်ပေါက်လာခဲ့တယ်..။ အခုတော့ ဒီဝိဥာဉ်ကို ကျွန်တော် ပြန်လည် ရို့ကျိုး မှီခိုနေရပြီ….။ အခုဆို..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ကို ကိုယ်စားပြုခဲ့တာ နှစ်နှစ်ဆိုတဲ့ ကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်…။

    ကျွန်တော့် ၀ိဥာဉ်က စကားတွေပြောပေးခဲ့တယ်..။ ကျွန်တော့်ဝိဥာဉ်က ကျွန်တော်မသိတဲ့ လူသား တွေရဲ့ နုလုံးသားကို နူးညံ့သိမ်မွေ့စေခဲ့တယ်..။ ရဲရင့် တက်ကြွစေခဲ့တယ်..။ တည်ငြိမ် ရင့်ကျတ်စေ ခဲ့တယ်..။ အလင်းရောင်တွေ ဖြန့်ကျဲပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မရောက် နိုင်တဲ့၊ ကျွန်တော် မရောက်ဖူးတဲ့ နေရာတွေ အထိခရီး ဆက်ပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မသိတဲ့သူတွေရဲ့ ခံစားချက် တွေကို မျှဝေခံစားပေးခဲ့တယ်…။ နှစ်သိမ့်ဖြေဖျောက်ပေးခဲ့တယ်…။ ကျွန်တော့် ကိုယ်စားပေါ့…။ ကျွန်တော့်ကို လူတွေမသိကြပေမယ့် ကျွန်တော့် ၀ိဥာဉ်ကို လူတွေ ချစ်ကြတယ်..။ အခုဆို ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ထက်ပင် လူချစ်လူခင် ပေါများခဲ့ပါပြီ…။

    တစ်ခါတစ်လေ ကျွန်တော်လဲကျတဲ့အခါမျိုးတွေမှာ..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့် ၀ိဥာဉ်ကိုမှီပြီး ပြန်ထခဲ့ရတယ်..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့်ဝိဥာဉ်ကပေးတဲ့ အလင်းတန်းနဲ့ မောဟအမှောင်တွေကို အကြိမ်ကြိမ် တိုက်ဖျက်ခဲ့ရတယ်..။ ကျွန်တော့်ရဲ့ ၀ိဥာဉ်ဟာ ထွက်ပေါက် ပျောက် နေတဲ့ ၀ိဥာဉ်တွေ အားလုံးအတွက် ထွက်ပေါက်အဖြစ် လည်စင်းပေးခဲ့တယ်..။ ခင်ဗျားတို့အတွက်..! ကျွန်တော့အတွက်….! ဒီ ၀ိဥာဉ်ဟာ တစ်ခါတစ် လေ အိပ်မက် မက်တယ်..။ အဲ့ဒီ့ အိပ်မက်ထဲမှာ ခင်ဗျားတို့ရဲ့ အိပ်မက်တွေအကြောင်းလဲပါတယ်…။ ကျွန်တော့်အိပ်မက်တွေအကြောင်းလဲပါတယ်..။ အဲ့ဒီ့ည အမှောင်နဲနဲကျနေပေမယ့်..။ ကျွန်တော်တို့ အိပ်မက်တွေ ဒီ အနက်ရောင်အိပ်မက်တစ်ခုရဲ့ ၀ိဥာဉ်ထဲမှာ စုံစည်းခဲ့ကြတယ်…။

    *******************************************************************

    တစ်နှစ်ထက် တစ်နှစ် ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေ။ အတွေ့အကြုံတွေ..။ များလွန်းလှပါတယ်။ တိုးတက်တာတွေလည်း ရှိမယ်..။ ဆုတ်ယုတ် တာတွေလည်း ရှိမယ်..။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်လျှောက်ခဲ့ပါတယ်..။ ဒီခရီးတစ်ခုကို ကျွန်တော်ရဲ့ အရင် လျှောက်ခဲ့တဲ့သူတွေ..။ ကျွန်တော်နဲ့ အတူ လျှောက်ခဲ့တဲ့သူတွေ…။ ကျွန်တော့်နောက်မှ လျှောက်ခဲ့တဲ့သူတွေ….။ တစ်ချို့လည်း ကျွန်တော်နဲ့ အတူ ဆက်လက် လျှောက်လှမ်းနေကြတုန်း ရှိနေသလို..။ တစ်ချို့လည်း လမ်းခွဲနှုတ်ဆက်ခဲ့ကြပါပြီ..။ ကျွန်တော်တို့တွေ တွေ့ဆုံခဲ့ကြတယ်..။ ကျွန်တော်တို့တွေ ရင်ခုန်မျှဝေခဲ့ကြတယ်..။ ကျွန် တော်တို့တွေ ခံစား၊ နားလည်ပေးခဲ့ကြတယ်..။ ကျွန်တော်တို့တွေ အတူတကွ ရယ်မောခဲ့ကြတယ်..။ အတူတကွ ကြေကွဲဆို့နင့်ခဲ့ကြတယ်..။ ဒါတွေ အားလုံးဟာ အချိန်တန်တော့လည်း…။ လမ်းခွဲနှုတ်ဆက်ခြင်း မှတ်တိုင်မှာ လက်ပြနှုတ်ဆက်ခဲ့ကြတယ်…။ ဒီလို ခရီးတစ်ထောက်မှာ နှုတ်ဆက်သွား ကြတဲ့ ရောင်းရင်းတွေ အားလုံး ကိုယ်စီ ကိုယ်စီ ဆက်လက်လျှောက်လှမ်းတဲ့ ခရီးအသီးသီးမှာ အဆင်ပြေ ချောမွေ့ကြပါစေလို့ ကျွန်တော် ဆုတောင်း ပါတယ်…။

    (more…)

    Cateogry : Personal | 43 Comments

    ရိုးမ ဆည်းဆာ

    August 24 , 2009 | 1,107 views

    နိဒါန်း

    Check Mate သည် စစ်တုရင်ကစားဝိုင်းတစ်ခုအတွက် ဇာတ်သိမ်းကကွက် တစ်ခုဖြစ်သည်ဟု သင်အဆိုပြုမည်ဆိုပါက..။ Check Mate ဟူသော စကားလုံးသည် ထိုစကားလုံးဖြစ်ပေါ်လာဖို့ရန်အတွက် ကျဆုံးသွားခဲ့သည့် များစွာသော စစ်တုရင် တပ်သားများအားလုံးအား စစ်တုရင်ဘာသာ စကား ဖြင့် ” အလေးပြု” ဟု အမိန့်ပေးခြင်း ဖြစ်သည်ဟု သူ ပြန်ပြောဖြစ်မှာ သေချာပေသည်…။

    အခန်း (၁)

    “Love All…”

    သူရော…။ စောအယ်ဒိုရော…။ အသံလာရာဆီသို့ ပြိုင်တူလှည့်ကြည့်လိုက်မိသည်…။

    ဆည်းဆာသည် အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် အဆုံးမရှိသော ကဗျာတစ်ပုဒ်အား ရေးသားနေသည့်နှယ်…။ တစ်ချက်ချက် တောင်ကုန်းပေါ် ကို ဖြတ်သန်းတိုက်ခိုက်လိုက်သော လေနှအေးတစ်ချို့သည် မကြာခဏ ခိုးခိုးချလိုက်သော သူ့ရဲ့သက်ပြင်းအချို့အား အဆုံးအစမဲ့သော အနန္တ  စကြာဝဌာဆီသို့ လက်ဆင့်ကမ်း သယ်ဆောင်သွားကြလေသည်…။

    ” ဗိုလ်လုံ…။ သက်ပြင်းတွေ ချလှချည်လားဗျ…။ ပစ္စုပ္ပန် တည့်တည့်အပေါ်မှာပဲ အာရုံထားရင် ပိုကောင်းမယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ် ခင်ဗျာ..။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုမှာပဲ အာရုံထားပါ ဗိုလ်လုံ..။ အရာအားလုံးကို ကျွန်တော်တို့မှာရှိတဲ့ လက်တစုံထဲနဲ့ ထိန်းချုပ်ခွင့်ကို ဘုရား သခင်က ပေးမထားပါဘူး…။”  သြော…။ သူ့သက်ပြင်းတွေကို သူကြားသွားသည်ပဲ…။ တစ်ခါတစ်ရံတွင် သင့်ရဲ့ သက်ပြင်းသံများကိုပင် သင်လုံခြုံစွာ မထိန်းသိမ်းနိုင် ကြောင်း သင်သိထားနှင့် သင့်ပါသည်။

    “ခင်ဗျားပြောတာ မှန်ပါတယ်ဗျာ…” ပြုံးရင်း ပြန်ဖြေလိုက်သော သူ့ရဲ့ စကားအဆုံးမှာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးလျှက် ကြည့် နှင့်နေပြီးသား ဖြစ်သွားခဲ့ပါတယ်..။

    မြင်ကွင်းသည် ဖုန်အနဲငယ်ထနေသောကြောင့် မသဲကွဲပေ။ ဖုန်တို့သည် လူတို့၏မြင်ကွင်းအား နံရံတစ်ခုကဲ့သို့ လုံးဝ ကွယ် ပျောက်သွားအောင် ကာ ကွယ်နိုင်ခြင်းမရှိသည့်တိုင် အနဲနှင့်အများဆိုသလိုတော့ ကျွန်တော်တို့ရဲ့ အမြင်အာရုံများကိုေ၀၀ါးသွားစေသည် မှာတော့ သေချာလှပေသည်…။ သို့သော် ထိုမှုန်ဝါးဝါး ဖုန်တွေကြားထဲ တစ်ချက်တစ်ချက် လက်ကနဲ လက်ကနဲ ဖြစ်သွားသော အရာအချို့ တက်ကြွ လန်းဆန်းစွာ လှုပ်ရှားနေကြ သည်ကို သင်သတိထားမိပါက တွေ့ရှိနိုင်ပါတယ်…။

    ဟုတ်ပါတယ်..။ တစ်နေ့တာကို နှုတ်ဆက်ကာနီး နေမင်းဆီမှ အလင်းတန်းတို့သည် အင်္ကျီချွတ်ထားလို့ ချွေးတပြိုက်ပြိုက်ကျနေသော ပိုက်ကျော် ခြင်းခတ်နေကြသည့် နှစ်ဘက်သော အသင်းသားတို့၏ ခန္ဓာ ကိုယ်ပေါ်သို့ ကျရောက်နေသောကြောင့် ထိုကဲ့သို့ တစ်ချက်တစ်ချက်တွင် လက်ကနဲ လက်နဲ ဖြစ်သွားခြင်းဖြစ်ပါတယ်…။

    ဆုံးဖြတ်ချက်နှင့်အတူ သူ ကစားကွက်ပြောင်းလိုက်သည်…။ နယ်ရုပ်တစ်ကောင်ကို ရှေ့သို့တစ်ကွက်တက်လိုက်ခြင်းဖြင့် သူရဲ့ တိုက်စစ်အဟုန် ကို ပိုမိုမြှင့်တင်ဖို့ လှုပ်ရှားလိုက်ပါတယ်..။

    အခန်း (၂)

    “စောအယ်ဒို..။ ခင်ဗျားက ကရင်ဖြစ်ပြီး ဘယ်လိုဖြစ်လို့ ရှမ်းထဲ ရောက်နေရတာလဲ..?”

    “ဒါ အထူးအဆန်းတစ်ခုလား ဗိုလ်လုံ..။ ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေလေ…။ ဒီအမိနိုင်ငံကြီးမှာ အတူတကွပေါက်ဖွား ကြီးပြင်းခဲ့ကြတဲ့သူတွေ ပဲ မဟုတ်ဖူးလား…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်မှာ ကျွန်တော်တို့ လွတ်လပ်စွာ လှုပ်ရှား နေထိုင်ခွင့်မရှိနိုင်ဖူးလား..? လွတ်လပ်စွာ ယုံကြည် ကြိုးစားပိုင်ခွင့်မရှိဖူးလား..? လွတ်လပ်စွာ ရဲရင့်ကျဆုံး နိုင်ခွင့်မရှိဘူးလား ဗိုလ်လုံ…? “

    ” မှန်ပါတယ်..။ ဒါကို ကျွန်တော်မငြင်းပါဘူး..။ ဒါပေမယ့် ခင်ဗျားတို့…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်ကြီးထဲကနေ စွန့်ခွာသွားမှာကို စိုးရိမ်မိတာ တော့ အမှန်ပဲ စောအယ်ဒို..”

    သေချာတာတစ်ခုကတော့ ဒီတစ်ခါ သက်ပြင်းခိုးချသူမှာ သူမဖြစ်နိုင်ပေ..။

    ” Hope…. Two!”

    “ဗိုလ်လုံ့ လူတွေ တယ်စွာသကိုးဗျ…။ ကျွန်တော့်ကောင်တွေက ကျွန်တော်တို့ထဲမှာဆို တကယ့် နာမည်ကြီးတွေဗျ…။ သူတို့ ရှာတိုက်တဲ့ အရက်ပု လင်းနဲ့ ဆေးလိပ်ဘူးတွေ ကျွန်တော် သောက်ခဲ့ရတာ မနဲလှဖူး..။ ဟား..ဟား “

    ” ကျွန်တော် သတိထားမိတာ တစ်ခုရှိတယ် စောအယ်ဒို…။ ကျွန်တော့်ဘက်က လူတွေက ဒီပွဲကို အားကစားတစ်ခုအနေနဲ့ ယှဉ်ပြိုင်နေတယ်..။ ဒါပေ မယ့် ခင်ဗျား လူတွေက တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေသလို ကစားနေတယ်..။ ဒါဟာ သူတို့အတွက် ဖိအားကို ပိုမိုဖြစ်ပေါ်ပြီး အရေးနိမ့်ဖို့အတွက် အခွင့်အလမ်းကို လက်ကမ်းကြိုနေသလိုမျိုး ဖြစ်နေတယ်…။”

    (more…)

    Cateogry : Essay | 15 Comments

    မြစ်

    August 20 , 2009 | 985 views

    အခန်း (၁)

    လေနှင်ရာလွင့်ရလို့

    ကြေကွဲရတဲ့အထဲမှာ

    ဘယ်တုန်းကမှ

    ရွက်လှေတွေ မပါခဲ့ဘူး…။

    BLACK DREAM

    သူ့ရဲ့ဘ၀တစ်လျှောက် မထင်မှတ်တဲ့အရာတွေ မထင်မှတ်တဲ့အချိန်မျိုးမှာ မကြာခဏဆိုသလို ကြုံတွေ့ရတတ်တာ သူ့အတွက် အထူးအဆန်း တစ်ခုမဟုတ်ခဲ့တာတော့ တော်တော်ကြာခဲ့ပါပြီ…။ အချိုးအကွေ့တွေထူပြောပါတယ်ဆိုတဲ့ ဘ၀ရဲ့ လမ်းကြောင်းတွေပေါ်ကို ငယ်ရွယ်စဉ်အချိန် ကတည်းက စတင်လျှောက်လှမ်းခဲ့သူမို့…။ အခုလို နှစ်ကာလ ကြာရှည်လာပြီဖြစ်တဲ့ အချိန်မှာတော့ သူ့အတွက် အရာရာဟာ နေသားကျနေခဲ့ပြီ ဖြစ် ပါတယ်…။ ကိုယ်ပိုင် ရင်ဆိုင်မှု…။ ကိုယ်ပိုင် သုံးသပ်ချက်…။ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေဟာ သူလျှောက်လှမ်းခဲ့ရာ ဘ၀တစ်လျှောက် သူ့နောက်က အရိပ်တွေလို မျက်ခြေမပြတ် လိုက်ပါခဲ့ပါတယ်…။ တကယ်ဆို….။ သူလျှောက်လှမ်းရာ ဘ၀ခရီးလမ်းဟာ အများသူငှာတွေထက် အချိုးအကွေ့ အပြောင်းအလဲတွေက မယုံနိုင်လောက်အောင် ပိုမိုများပြားလှပါတယ်…။ သာမန်လူတွေ ကြုံတွေ့နေကြ…။ ကြီးမားပါတယ်ဆိုတဲ့ ပြဿနာ တော် တော်များများဟာ သူ့အတွက်တော့ အပြုံးမပျက်စေခဲ့တာ အမှန်ပါပဲ…။

    အချိုးအကွေ့တွေများလှတဲ့ ဘ၀မြစ်ကြောင်းတွေကြား အခုဆိုရင် သူ့ဘ၀ ရွက်လှေကို ဟန်ချက်ညီညီ ထိမ်းတတ်ခဲ့ပါပြီ…။ သူဖြတ်သန်းရာ မြစ် ကြောင်းတစ်လျှောက်…။ တစ်ညိမ့်ညိမ့်တိုက်ခတ်လာတဲ့ လေနုအေးတွေကို ခံစားရင်း ရွက်လွှင့်ခဲ့ဖူးသလို…။ ရိုက်ချက်ပြင်းပြင်း မုန်တိုင်းတွေရဲ့ ကြားထဲမှာလည်း သူတင် ကိုယ်တင် ရွက်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်…။ တစ်ခါတစ်ရံမှာ လူအချို့သူ့ရွက်လှေလေး အပေါ်တက်လာပြီး သူနဲ့အတူ ခရီးကြုံ လိုက်ပါခဲ့ကြတယ်…။ မကြာခဏဆိုသလို လိုရာရောက်သွားတဲ့ လမ်းကြုံအချို့ သူ့ရွက်လှေလေးပေါ်က ပြန်လည်ထွက်ခွာသွာကြတယ်…။ အချို့က လက်ပြနှုတ်ဆက်သွားတယ်..။ အချို့က ကျောခိုင်းစွန့်ခွာသွားတယ်…။ အင်း…။ အချို့ကိုတော့ သူကိုယ်တိုင်ပင် လမ်းတစ်ဝက်မှာ ကန်ချခဲ့ဖူးတယ်။

    သူ ရွက်လွှင့်ရာ မြစ်ကြောင်းတစ်လျှောက် မကြာခဏဆိုသလို သူ့ဘ၀ရဲ့ ရွက်လှေလေးကို ခဏတာ နားခိုဖို့ပဲ ဖြစ်ဖြစ်…။ ရှေ့ဆက်သွားရမယ့် ခရီး အတွက် လိုအပ်တာတွေ ဖြည့်ဆည်းဖို့ပဲ ဖြစ်ဖြစ်…။ နောက်ဆုံး မြစ်ကြောင်းတစ်လျှောက် အထီးကျန်ခဲ့တဲ့ သူ့ဝိဥာဉ်ကို အနားပေးဖို့အတွက်ပဲ ဖြစ် ဖြစ် ဆိပ်ကမ်းအချို့မှာ ဆိုက်ကပ်ခဲ့ဖူးတယ်….။ အချို့ဆိပ်ကမ်းတွေက သူ့ရွက်လှေလေးကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်..။ တစ်ချို့ဆိပ်ကမ်း တွေကတော့ လူစိမ်းတစ်ယောက်ဖြစ်တဲ့ သူ့ကို နုလုံးသားအစိမ်းတွေနဲ့ ကြည့်ကြတယ်…။ တစ်ချို့သော ဆိပ်ကမ်းတွေကြတော့လဲ မသိလိုက် မသိ ဖာသာ…။ သူတို့နဲ့ မဆိုင်သလို…။ အင်း…။ ဘယ်လိုပဲ ဖြစ်ပါစေ..။ ကျေးဇူးတင်စရာလေးတစ်ခုကတော့ ဘယ်ဆိပ်ကမ်းကမှ သူ့ကို ခါးခါးသီးသီး နှင်မထုတ်ခဲ့ကြဖူးဘူး..။

    အခန်း (၂)

    တကယ်တော့ ဘ၀ဆိုတာ

    ပုဇွန်ခေါင်းတစ်ခုပေါ့

    လူတွေယိုသမျှ အညစ်အကြေးအားလုံး

    သူ့ခေါင်းထဲမှာပဲ စုခဲ့လေရဲ့…။

    BLACK DREAM

    သူရွက်လွှင့်ရာ မြစ်ကြောင်းတစ်လျှောက် သူ့အတွက် မရေမတွက်နိုင်သော အတွေ့အကြုံတွေကို ရှူရှိုက်ခွင့်ရခဲ့တယ်…။ ဘ၀ဆိုတဲ့အရာက လူတွေ ကို ဒုက္ခပေးနေတာလား…။ လူတွေက ဘ၀ဆိုတဲ့အရာကို ခုတုံးလုပ်အသုံးချနေကြတာလားဆိုတာကိုသူ အတိအကျကြီးမဟုတ်တောင် အကြမ်းဖျဉ်း လောက် လေ့လာနိုင်ခဲ့တယ်…။ သူမြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေနဲ့ ချိန်ထိုးသုံးသပ်မိတယ်…။ လူတွေဟာ သူတို့လိုချင်တာတွေကို ရရှိပိုင်ဆိုပြီးတဲ့ နောက် မလိုအပ်တော့တဲ့ အမုန်းတွေ…။ အာဃာတတွေ…။ လောဘတွေ…။ ဒေါသတွေ…။ မောဟတွေကို အညစ်အကျေး စွန့်ပြစ်ပစ္စည်းတစ်ခု အဖြစ်အသွင်ပြောင်းကာ ဘ၀ဆိုတဲ့ မြစ်ပြင်ထဲကို စည်းမရှိ၊ ကမ်းမရှိ စွန့်ပြစ်ခဲ့ကြတယ်…။ ပထမ…။ မျက်နှာလွှဲတယ်…။ နောက် သူတို့ အရှုပ်ထုပ်ကို ဘ၀ဆိုတဲ့မြစ်ပြင်ပေါ် သွန်ချစွန့်ပြစ်တယ်…။ ဒီလိုနဲ့….။ လူပေါင်းများစွာ….။ အညစ်အကြေးပေါင်းများစွာ…။ မျက်ရည်ပေါင်းများ စွာ….။ ဒီမြစ်ပြင်မှ အဆိပ်မသင့် ဘယ်သူသင့်မလဲ…။

    (more…)

    Cateogry : Essay | 14 Comments

    ဒီလို ဒီလို ရှိတယ်…

    August 15 , 2009 | 982 views

    အားလုံးပဲ မင်္ဂလာပါ..။ :)  ပျောက်နေတာကြာလို့ မျက်စိနောက် တော်တော် သက်သာသွားကြမယ်ထင်ပါတယ်..။ အခု မျက်စိပြန်နောက်ရလေအောင် ပေါ်တော်မူလာပါပြီ..။ ပျောက်ရခြင်းအကြောင်းအရင်းတွေကတော့ သိကြတဲ့အတိုင်းပဲ ကျွန်တော့်ရဲ့ စာသင်နှစ်နောက်ဆုံးဖြစ်တဲ့ ဒီနှစ်ရဲ့ နွေရာသီမှာ ကျွန်တော် မရောက်ဖူးသေးတဲ့နေရာတွေ..။ အရင်ကတည်းကသွားချင်ခဲ့တဲ့ နေရာတွေကို စိတ်ရှိတိုင်း (ပိုက်ပိုက်တော့ နဲနဲရှိဖို့လိုပါတယ် :P ) သွားပြစ် လိုက်ပါတယ်..။

    ပထမခရီးစဉ်က အသွားအပြန်အပါအ၀င် ၂ ပတ်ကြာပါတယ်..။ ဒုတိယခရီးစဉ်က ၁ ပတ်ကြာပါတယ်..။ ပထမခရီးနဲ့ ဒုတိယခရီးကြားကာလမှာ လည်းဟိုလုပ် ဒီလုပ်နဲ့ စာတွေမရေးဖြစ်ခဲ့ပါဘူး..။ အခုတော့ အားလုံးပုံမှန် နီးပါးအတိုင်း ပြန်ဖြစ်နေပါပြီ..။ ကျွန်တော် ပြစ်ထားတဲ့ Myanmar Genius Forum ရော..။ MMGenius Blog Service ရော အကုန်လုံး ပြန်လည် လည်ပတ်နေပါပြီ..။ နောက်ထပ် တိုးချဲ့မဲ့ အစီအစဉ်အသစ်တွေ အတွက်လည်း ကျွန်တော်လုပ်နေပါတယ်..။

    ဟုတ်ကဲ့…။ Intro တော်တော် ရှည်သွားပါပြီ..။ လိုရင်းကိုပြောပါမယ်..။ အခု ဒီပို့စ်က မှူးဒါရီက ဒီရက်ပိုင်းထဲ ဘာဖြစ်ညာဖြစ်ဆိုပြီး လာ Tag လို့ ရေးတာပါ..။ ကျွန်တော် ဒီကြားထဲလဲ စာရေးဖို့ ကြိုးစားပါသေးတယ်..။ မပြီးသေးတဲ့ ယူရယ်ခရီးသွားမှတ်တမ်းတွေကိုလည်း နောက်မှ ဆက်ရေး ပါ့မယ်..။ လက်ကစာမရေးတာကြာတော့..။ ရေးချင်တာတွေ ခေါင်းထဲရှိနေပေမယ့်..။ လက်က ထွက်မလာဘူးဖြစ်ဖြစ်နေပါတယ်..။ အခုတော့ ဒီ Tag ပို့စ်နဲ့ ပဲ အပျင်းကြီးနေတဲ့ လက်တွေကို သွေးပူလေ့ကျင့်ခန်း ပြန်ပေးလိုက်ပါတယ်..။ ဒီရက်ပိုင်းထဲ ဘာတွေဖြစ်နေတယ်..။ ဘာတွေခံစားနေရတယ် ဆိုတာကတော့…။ ကဲ….။ ပေါ့ပေါ့…လေး… ထားပြီး ဖတ်ကြည့်ကြတာပေါ့..။ ;)

    တွေးနေမိတာက

    မျက်လှည့်ပြတမ်း ကစားနေတဲ့ ကလေးတွေအကြောင်း :P

    ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

    ငါတော်တော်တုံးသေးတယ်..။

    ကျန်းမာရေး

    မာချက်ဗျာ…။

    ဖတ်ဖြစ်တဲ့စာအုပ်က

    St.Petersburg မြေပုံလမ်းညွှန်စာအုပ် :D

    ရောက်နေဖြစ်တာက

    ယူရယ်တောင်တန်းတွေရယ်..။ သိပ်လှတဲ့ ရေကန်ကြီးနဲ့ တောအုပ်တွေရယ်..။ နှစ်ပေါင်းများစွာက ခန်းနားမှုတွေကို ယခုအချိန်အထိ ထိန်းသိမ်း ထားနိုင်တဲ့ St.Petersburg မြို့က အဆောက်အအုံတွေရယ်..။ ကောင်းကင်ပြာပြာအောက်က လှပစွာစီးဆင်းနေတဲ့ Neva မြစ်ကြီးနဲ့ ကမ္ဘာကျော်Volga မြစ်ဝှမ်းဒေသကြီးရယ်…။

    ရေးဖြစ်နေတာက

    စကားလုံးတွေမပါတဲ့ အက်ဆေးတစ်ပုဒ်….။

    နားထောင်ဖြစ်နေတာက

    Greenday ရဲ့ Macy’s Day Parade

    (more…)

    Cateogry : Personal | 20 Comments