Black Dream » Personal
Shadow With The Unseen Force
နေ၀င်ချိန်တွေ ဟောင်းမသွားပေမယ့်
ဘ၀တစ်ပါးကိုတော့ ပြောင်းသွားခဲ့ပြီပေါ့ အဖိုးရယ်…။
သံသရာ တစ်လျှောက်မှာ
ဒီနေရာဆိုတာ တစ်နေ့တော့
လူတိုင်းရောက်လာကြရဦးမှာပါ….။
အဖိုးပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလိုပေါ့….
တစ်ကယ်ဆိုရင် သံသရာဆိုတာဟာ
“Shadow With The Unseen Force” ပါ…။
တစ်နေ့တော့ ဒီနေရာကို
အဖေနဲ့ အမေလည်း….
သားတို့တစ်တွေလည်း…..။
တစ်ကွေ့ကွေ့မှာ
သံသရာမဆုံးသမျှ တွေ့ကြဦးမယ်လို့
မျှော်…..
………လင့်……..
……………….ရင်း……။ ။
P.S- Dedicated To Our Beloved Grandfater (U Min Thaw) Who Suddenly Left Us Yesterday…
၁၀ နှစ်ကြာသော ခရီးတစ်ခု…
မနေ့က ကျွန်တော့် မိသားစုနဲ့ အတူ ခရီးလေး တစ်ခုထွက်ဖြစ်ပါတယ်…။ သာမန်ခရီးလေး တစ်ခုပါပဲ…။ ကျွန်တော့် အဖေရဲ့ အလုပ်ကိစ္စအတွက် နေပြည်တော် ကိုလာခဲ့ ကြခြင်းဖြစ်ပါတယ်…။ သာမန်အားဖြင့် ကြည့်ရင်တော့ ဘာမှ ထူးထူး ခြားခြားမရှိလှပါဘူး…။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် တော့ ဒီခရီးလေးဟာ ကျွန်တော့်အတွက် အလွန်ထူးခြားပါတယ်…။
တစ်ခြားကြောင့်တော့မဟုတ်ပါဘူး..။ ကျွန်တော်တို့ မိသားစု အတူတူ ခရီးမသွားခဲ့ကြတာဆိုရင် အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် ပါတဲ့ ခရီးတွေမှာ ကျွန်တော့် ညီမလေးမပါ..။ ကျွန်တော့် ညီမပါတဲ့ ခရီးတွေမှာ ကျွန်တော် အဝေးရောက်နေတဲ့ အတွက် မပါနိုင်…။ ကျွန်တော့် ညီမနဲ့ အမေ ကျွန်တော့် ဆီကို လာကြတဲ့အခါ ကျွန်တော့် အဖေမအားလို့ မပါနိုင် စသဖြင့် တစ်ယောက်မဟုတ် တစ်ယောက် ဘက်ပဲ့နေခဲ့တာ အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ ပါပြီ…။
မနေ့က ညနေ ၁ နာရီလောက်မှာ ကျွန်တော့်အဖိုးနေတဲ့ မင်္ဂလာဒုံခြံကနေ ထွက်ခွာခဲ့ကြပါတယ်…။ ကျွန်တော်နဲ့အတူ Lady Black, Sister Black, Daddy Black, Mommy Black နဲ့ ကျွန်တော့် အချစ်တော် ကိုကြီးကျော်တို့ စုစုပေါင်း ၆ ယောက်ဖြစ်ပါတယ်…။ ဒီလို ခရီးမျိုး နောင် ဘယ်နှစ်နှစ်ကြာမှ ပြန်သွားဖြစ် မယ်ဆိုတာကို မခန့်မှန်းနိုင်တဲ့ ကျွန်တော့် ဘဝအတွက်တော့ အမှတ်တရ ဖြစ်အောင် ခရီးစဉ်လေးတစ်ရှောက် ဗီဒီယိုမှတ်တမ်းအတိုအစလေးတွေနဲ့ မိသားစု ဓာတ်ပုံလေးတွေကို တတ်နိုင်သလောက် ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်…။
မနေ့က တစ်နေကုန်နဲ့ …။ မပြီးပြတ်သေးတဲ့ အဖေ့ရဲ့ အလုပ်တွေ ပြီးပြတ်သွားတဲ့ ဒီနေ့ ညနေမှာတော့ ကျွန်တော်တို့ မိသားစု နေပြည်တော် ရေပန်း ပန်းခြံကို ရောက်ခဲ့ကြပါတယ်..။ အဖေကတော့ တစ်နေကုန် အလုပ်ကိစ္စတွေ ပင်ပန်းတာကြောင့် ကျွန်တော်တို့နဲ့ အတူမလိုက်ပဲ ဟော်တယ်မှာပဲ ကျန်နေရစ်ခဲ့ပါတယ်။ သူကျန်နေခဲ့တာ ပိုကောင်းပါတယ်…။ သို့မဟုတ်ရင် ခဏနေ ကျွန်တော်ဆက်ရေးမယ့်အပိုင်းမှာ သူပါရင် ပွဲက ပိုရှုပ်သွားနိုင်ပါတယ်..။
အမှန်အတိုင်း ပြောရရင် ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ်ကျော်သွားပါပြီ…။ အခုချိန်အထိ နေပြည်တော်ဆိုတာကို အိပ်မှုန်စုံမွှားနဲ့ အဝေးပြေးကားပေါ်က ကြည့်သွားရုံ၊ မြန်မာပြည် ပြန်ရောက်ရောက်ခြင်း အလုပ်တာဝန်နဲ့ သွားတဲ့အခေါက်မှာ ဝါးတီးဆွဲဖို့နဲ့ ကျန်းမာရေးသွားဖို့ အတွက် ခဏတာ ဝင်ရောက်ရုံလောက်သာ ကျွန်တော် ရောက်ခဲ့ဖူးပါသေးတယ်…။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံး မြန်မာနိုင်ငံရဲ့ မြို့တော်ဆိုတဲ့ နေရာကို ရောက်ဖူး ခြင်းပါပဲ…။
ကျွန်တော် တစ်ချို့အချက်တွေကို သတိထားပြီး ကြည့်မိပါတယ်…။ ဪ …။ ငါတို့နိုင်ငံရဲ့ မြို့တော်ကြီးဆိုပါလား…။ လမ်းကြီးတွေက ကျယ်ပါတယ်…။ ဒါပေမယ့် ကတ္တရာလမ်းတွေမဟုတ်ပဲ ကွန်ကရစ်လမ်းတွေသာဖြစ်ပါတယ်…။ ညလုံးပေါက် လမ်းမီးတွေ တစ်လုံးမှ မကျွမ်းပဲ ထိန်ထိန်ငြီးလို့နေပါတယ်…။ ဪ…။ ဒီနေရာမှာ တိုင်စေ့ မီးတွေထွန်းမယ့်အစား …. တစ်တိုင်ကျော်စီသာ ထွန်း…။ ဒါမှမဟုတ် တစ်တိုင်ကို နှစ်လုံးထွန်းမယ့်အစား တစ်လုံးသာထွန်းပြီး..။ ပိုလျှံလာမယ့် လျှပ်စစ်တွေကို တိုင်းပြည်ရဲ့ တကယ်လိုအပ်နေတဲ့ ကျေးလက်တွေကို ပေးလိုက်ရင် ပိုများကောင်းသွားလေမလား…။ အင်းပေါ့ဗျာ…။ မြို့တော် ကြီးဆိုတော့လည်း မြို့တော် အင်္ဂါရပ်နဲ့ ညီအောင် ဆောင်ရွက်ထားတာလည်း ဖြစ်နိုင်တယ်မလားဗျာ…။
သဘောကျဖို့ကောင်းတာတစ်ခုကတော့ ရန်ကုန်မှာ လျှပ်စစ်သွယ်တန်းသလို ဓာတ်တိုင်တွေပေါ်မှာ ကြိုးတန်းပြီး သွယ်တာမျိုးမဟုတ်တော့ပဲ…။ ကျွန်တော့် ညီမ ပြောသလို လျှပ်စစ်မီးတွေက ကြိုးပျောက်အင်္ကျီ ကိုယ်စီနဲ့ ပေါ့ဗျာ…။ ဒါကတော့ တကယ်ကိုကောင်းတဲ့ အနာဂတ်စီမံချက်နဲ့ ပြောင်းလဲမှုပုံစံသစ်ပါပဲ..။
ကျွန်တော် ချီးကျူးလို့ သိပ်မဆုံးလိုက်ပါဘူး…။ မိုးတွေ သဲကြီးမဲကြီး ရွာချလာပါတယ်…။ လမ်းကြီးတွေက အကျယ်ကြီး…။ နီယွန်မီးသီးတွေက ထိန်ထိန်ညီးလို့ ….။ ဟွန်း…။ ဘာများ ဂရုစိုက်စရာရှိလို့လဲ…။
ဪ….။ သူလည်း ရန်ကုန်ရဲ့ အမွေအနှစ်ကို ဆက်ခံပုံရပါသည်…။ လမ်းကျယ်ကြီးတွေပေါ်မှာ ရေတွင် ခြေသလုံးလောက်အထိအောင် မြုပ်လို့…။ ဒါကတော့ တစ်ကယ်ကို မဖြစ်သင့်တဲ့ အရာတစ်ခုလို့ ကျွန်တော် သုံးသပ်မိပါတယ်…။ ဒီမြို့ကြီးကို တည်ထောင်တဲ့အချိန်ဟာ မြို့ပြလူနေမှုစနစ်၊ အင်ဂျင်နီယာ အတတ်ပညာ…။ နည်းပညာထွန်းကားတဲ့ ၂၁ ရာစုသစ်ကြီးမှာ ဖြစ်ပါတယ်…။ ရှိစေတော့ ရန်ကုန်မြို့ကြီး ရေးကြီးတာ မြို့တည်ဆောက်ခဲ့တဲ့ အင်္ဂလိပ် ကောင်ကြီးတွေ အသုံးမကျလို့..။ အမျှော်အမြင်မရှိလို့…။ (မှတ်ချက်…။ ဒီလောက်အမျော်အမြင်မရှိတဲ့ လူကြီးတွေတည်ဆောက်သွားတာကို လက်ရှိ အာရှရဲ့ ကျားကြီးပါဆိုတဲ့ ဆင်ကျားပေါ နိုင်ငံကို တည်ဆောက်တုန်းက အတုယူရဆိုပဲ…။ ကျွန်တော် ကိုယ်တိုင်တော့ မမြင်ဖူးလိုက်ပါဘူး..။ သူများတွေပြောတာကို ကြားဖူးလို့ ပြန်ရွီးကြည့်တာပါ…။)
ဒီလို ၂၁ ရာစုနဲ့ ကမာ္ယ့တည်ဆောက်မှုအမြန်ဆုံး မြို့တော်အဖြစ် ဂရင်းနစ်စံချိန်တောင် ဝင်ခဲ့တဲ့ မြို့တော်သစ်ကြီးကတော့ ဒီလိုမဖြစ်သင့်ဘူးပေါ့လေ..။ (မဆီမဆိုင် အဆိုတော် နေရဲမာန် အခု ဘာအခွေကို ဘယ်အဆိုတော်တွေနဲ့တွဲပြီး..။ မော်ဒယ်ဘယ်နှစ်ယောက်လောက်နဲ့များ တွဲရိုက်ဖို့ လုပ်နေသလဲလို့ တွေးမိပါသေးတယ်…။ ဘာမှမဆိုင်ဘူးနော်…။ ဟုတ်တယ်မလား..? ဟုတ်ပါတယ်ဗျာ…။ ဘာမှမဆိုင် ပါဘူး…။)
နေပြည်တော်မှာ လမ်းကြီးတွေကျယ်တာရယ်..။ သတ်မှတ်ထားတဲ့ လူနေရပ်ကွက်များနဲ့ စားသောက်ဆိုင်များ…၊ ရှော့ပင်းစင်တာကြီးများ ရှိတဲ့နေရာတွေ ရယ်ကလွဲပြီး ကျန်တဲ့နေရာတွေက ထင်သလောက်မစီကားသေးတာတော့ တွေ့ရပါတယ်…။ ဒါပေမယ့်လည်း ဒါတွေကနောက်ထပ် အများကြီးစောင့်စရာ မလိုပဲ ၅ နှစ်လောက်ဆို သူ့အထိုက်အလျှောက်တော့ စည်ကားလာလိ့မ်မယ်လို့ထင်ပါတယ်…။ ဘယ်နေရာလဲ ဆိုတာ ကျွန်တော် မခေါ်တတ်ပေမယ့် (မခေါ်တတ်ဆို နေပြည်တော်က မြို့နာမည်တွေကို မှတ်ရတာ…။ ပုဂံခေတ်နဲ့ ကုန်းဘောင်ခေတ်တစ်လျှောက်လုံး အာဂုံဆောင်ခဲ့တဲ့ မြို့နာမည်တွေထက် ပိုပြီး လျှာခေါက်လှပါတယ်…။) ကျွန်တော် သဘောကျတဲ့ နေရာလေးတစ်ခုတော့ တွေ့ခဲ့ပါတယ်..။ မေးကြည့်တော့ ဝန်ထမ်းအိမ်ယာတွေလို့ ပြောပါတယ်..။ ဝန်ထမ်း အိမ်ယာတွေကို သဘောကျတာမဟုတ်ပါဘူး..။ အဲ့ဒီ့ပါတ်ဝန်းကျင်လေးကို သဘောကျတာပါ…။ ရေကန် ခပ်ကြီးကြီးလေးတစ်ခုရှိပါတယ်..။ တစ်ဘက်ကမ်းမှာတော့ ဝန်ထမ်းအိမ်ယာတွေ ဖြစ်ပြီး…။ ဒီဘက်အခြမ်း( ကားလမ်းဘက်အခြမ်း) မှာတော့ ကွန်ကရစ် အုတ်ခုံလေးတွေ သေသေချာချာ သပ်သပ်ရပ်ရပ်နဲ့…။ ကျွန်တော်တွေးကြည့်မိတယ်…။ နောင်အနှစ် ၂၀ လောက်မှာ ဒီနေရာလေးဟာ နေပြည်တော် မြို့တော်သစ်ကြီးရဲ့ အင်းယားကန်ဘောင် လေးများ ဖြစ်လာလေမလား…။ အင်း….။ ရာဇဝင်ကြီးခဲ့တဲ့…။ အင်းယားရဲ့ သမိုင်းကိုတော့ ဘယ်မှီနိုင်ပါ့မလဲ…။ သို့ပေမယ့်လဲပေါ့လေ…။
နေပြည်တော်သည်…။ နေတော်တော်ပူပါသည်…။
လမ်းဘေးဝဲယာနဲ့ လမ်းလယ်ကျွန်းတွေမှာတော့ နှစ်ရှည်စီမံကိန်းနဲ့ သစ်ပင်များ စနစ်တကျစိုက်ပျိုးထားပါတယ်..။ မနေ့တစ်နေ့ကမှ စိုက်ထားတာ ဖြစ်တဲ့အတွက မနက်ဖြန်နဲ့ သဘက်ခါမှာတော့ ဘယ်လိုနည်းနဲ့မှ အရိပ်မရနိုင်သေးပါဘူး….။ ဒါပေမယ့် နောက်ထပ် မျိုးဆက် တစ်ခု…။ နောက်….။ နှစ်ခုနဲ့ နောက် ….။ ကြာလာတဲ့အခါမှာတော့ ဒီနေရာများသည်လည်း နေပြည်တော်ကြီး၏ ခရေပင်လမ်းခွဲလေးများ ဖြစ်လာနိုင်မလားဟု ကျွန်တော် စိတ်ကူး ယဉ်ကြည့်မိပါတယ်..။
ကျွန်တော် တစ်ခုတော့ စဉ်းစားမိတယ်…။ ကျွန်တော်ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ကြားဖူးနားဝရှိသမျှ မြို့တော်တို့ဟူသည် ပင်လယ်ထွက်ပေါက်ရှိသော နေရာသာဖြစ်သင့်ပေသည်…။ လာအို မြို့တော် ဗီယန်ကျင်းသည် ပင်လယ်ထွက်ပေါက်မရှိပေ..။ အဘယ့် ကြောင့်ဆိုသော် သူ့နိုင်ငံတစ်ခုလုံးသည် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်နေသောကြောင့်ဖြစ်သည်…။ ကုန်စည် စီးဆင်းမှု …။ နိုင်ငံတကာရောင်းဝယ်ဖောက်ကားမှု …။ အစရှိသည့် တိုင်းပြည်၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ပင်လယ်ဆိပ်ကမ်းသည်….။ လေယာဉ်များထက်ပင် ပို၍ အရေးပါပေသည်..။ အဘယ့် ကြောင့်ဆိုသော တိုင်းပြည်၏ အဓိကထွက်ကုန်များဖြစ်သော သစ်များ၊ ဆန်များ၊ ရေနံများအား လေယာဉ်ပျံဖြင့် စင်းလုံးတိုက်သယ်သွားသည်ဟု ကျွန်တော် မကြားဖူးသောကြောင့် ဖြစ်သည်…။ ကျွန်တော် အ ၍ လည်း ဖြစ်နိုင်ပါသည်…။ သဘောပေါ်သို့ ကုန်ပစ္စည်းတင်ပို့ ဖို့အတွက် နေပြည်တော်သို့ လာကာ စာရွက်စာတမ်းကိစ္စ လုပ်လိုက်…။ ရန်ကုန်သို့ ပြန်ပြေးကာ သငေ်္ဘာကြီးမထွက်ပါနဲ့ ဦးဗျို့ဟု အော်လိုက် လုပ်ရသော အလုပ်သည် ကုန်စည်စီးဆင်းမှုအဟုန်ကို မည်သို့ မြန်စေမည် ဖြစ်ကြောင်း ကျွန်တော့ ဖြုတ်ဦီးနှောက်သည် မစဉ်းစားနိုင်ပေ…။
ကျွန်တော်သည် အမေရိကားသို့ မရောက်ဖူးပေ…။ ရောက်ဖူးဖို့နေနေသာသာ…။ အခု မြန်မာလိုရေးရာမှာပင် အမေရိကားလို့ ရေးရမလား…။ အမေရိကန် လို့ရေးရမလား…။ မဝေခွဲနိုင်ပေ…။ သို့သော် ကျွန်တော် ထပ်စဉ်းစားမိတာ တစ်ခုရှိသည်…။ ကျွန်တော်သည် ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးကာ…။ မြန်မာနိုင်ငံ ၏ မြို့တော်သည် ရန်ကုန်မြို့ ဖြစ်ပါသည်ဟု နှုတ်တိုက် ရွတ်ဆိုခဲ့ဖူးသော ချာတိတ်တစ်ယောက်ဖြစ်ခဲ့ပါသည်..။ ထို့ကြောင့် အခု အရှင်မွေး နေ့ခြင်းကြီးလာသော မြို့တော်သစ်ကြီးနှင့် ကျွန်တော်ချစ်သော ရန်ကုန်မြို့တော်ကြီးကို ချိန်ထိုးသုံးသပ်ကြည့်သည်…။ အရာတော်တော်များများကို ချိန်ထိုး သုံးသပ်၍ မရကြောင်းတွေ့ရသည်…။ တစ်ယောက်ယောက်ကတော့ ပက်ပက်စက်စက် သာသည်ကိုသာ ကျွန်တော်သိသည်…။ ကျွန်တော် သေသေချာချာ သုံးသပ်မိတာ တစ်ခုတော့ ရှိသည်…။ ရန်ကုန်မြို့တော်ကြီးသည် အမေရိကားရှိ နယူးယော့် မြို့ကဲ့သို့ ဖြစ်နိုင်ပြီး…။ အခုမြို့တော်သစ်ကြီးသည် ဝါရှင်တန် ဒီစီ ဖြစ်နိုင်ပေသည်…။ အကြောင်းအရင်းကိုတော့ ကျွန်တော် မပြောလိုတော့ပေ…။
ကျွန်တော် တွေးမိ….။ ငေးမိသလောက် နေပြည်တော်မြို့သစ်ကြီး၏ အကြောင်းသည် ဒီလောက်သာဖြစ်သည်…။ ကျွန်တော်တို့ ရေပန်း ပန်းခြံထဲသို့ ပြန်သွား ကြပါမည်…။
သီတင်းကျွတ် လပြည့်နေ့ညဖြစ်သော ကြောင့်အလွန်စည်ကားပါသည်…။ အရက် ဘီယာများလည်း အခါကြီးရက်ကြီး ပီပီ တော်တော်ရောင်းကောင်းပုံ ရပါသည်…။ မြို့တော်ကြီးက အဆင့်မြင့်ပါသည်…။ အစီအရင်က ခမ်းနားပါသည်…။ ထို့ကြောင့်ပို၍ ခမ်းနားသွားအောင် မခမ်းနားသေးသော လူငယ်တစ်ဖွဲ့ ခမ်းခမ်းနားနားဖြစ်အောင် နေတတ်ဖို့ လက်ပြန် နှစ်ချက်ဆင့်အုပ်ကာ ဆုံးမခဲ့ခြင်းဖြင့် ကျွန်တော်သည် နိုင်ငံကြီးသား တစ်ယောက်ပီသစွာ တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ရေးရှု၍ ပြည်သူ့တာဝန် ကျေလိုက်ခြင်းဖြင့် နေပြည်တော် ခရီးစဉ်ကို အဆုံးသတ်လိုက်ပါသည်…။
မနက်ဖြန် ရန်ကုန်ပြန်မည် ဖြစ်ပြီး…။ သဘက်ခါတွင် ကျွန်တော့်ရဲ့ ဝင်ခွင့်စာမေးပွဲကို သွားရောက်ဖြေဆိုမည်ဖြစ်ပါသည်..။
လောလောဆယ်တွင်မူ ကျွန်တော့်၏ Lady Black ကျွန်တော့်အား အကြီးအကျယ် စိတ်ဆိုးကာ ဖြင့် ခွေခေါက်ထိုးအိပ်နေပါသည်…။ ထိုကဲ့သို့ မိန်းမ စိတ်ကောက်နေသောကြောင့်သာ ကျွန်တော့်၏ လေကြောကို ဒီမျှလောက်နှင့် ဖြတ်လိုက်ခြင်းဖြစ်သဖြင့် မျက်စိကိုက်စ ပြုကုန်ပြီဖြစ်သော စာဖတ်ပရိတ်သတ် အပေါင်းတို့ Lady Black အား ကျေးဇူးတင်ကြလေကုန်သောဝ်….။
P.S- အောက်မှာ ခရီးလမ်းတစ်လျှောက် ကျွန်တော်ရိုက်လာခဲ့တဲ့ အချို့ပုံလေးတွေနဲ့ ရေပန်း ပန်းခြံထဲက Video File လေးနှစ်ခုကို ရွှေပြည်ကြီးနဲ့ ဝေးနေသူများ ခံစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်….။  ပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ် လပြည့်နေ့လေး တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ…။ (ကျွန်တော်ကတော့ Lady Black ကို ချော့ရပေဦီးမည်…။)
2011 Thadin Gyut, Nay Pyi Taw Part -1
2011 Thadin Gyut, Nay Pyi Taw Part -2
ကျွန်တော့် လော၂ဆယ်….
ဒီရက်ပိုင်း တော်တော်ဦးနှောက်ခြောက်ဖို့ ကောင်းပါတယ်…။ ဘာတွေမှန်းမသိပဲနဲ့ကို ရှုပ်ရှုက်ခတ်နေတာပါ…။
ပထမအချက်အနေနဲ့ မနေ့ကအထိ သုံးခဲ့တဲ့ Theme ကို စိတ်တိုင်းမကျလို့ အသစ်တစ်ခု ပြန်ပြင်ရေးလိုက်ပါတယ်…။ ဒီလထဲမှာပဲ သုံးခုမြောက် Theme ဖြစ်သွားပါတယ်…။ ပထမဆုံး ရေးခဲ့တဲ့ Theme နဲ့ ဒုတိယ ရေးခဲ့တဲ့ Theme ထဲက သဘောကျတဲ့အစိတ်အပိုင်းလေးတွေကိုယူ..။ မကြိုက်တာတွေကိုပြင်..။ ထည့်ချင်တာလေးတွေ ထပ်ထည့်ပြီး တတိမြောက် ကိုယ်ပိုင် Theme တစ်ခုကို လုပ်လိုက်ပါတယ်…။ အခုသုံးထားတဲ့ Theme ပါပဲ…။ မဲမဲနဲ့ မှောင်မှောင် ဖြစ်တာကတော့ အရင်ထုံးစံအတိုင်းပါပဲ…။ ဒါပေမယ့်… အရင်ဟာတွေနဲ့ မတူတာတော်တော်များများ ပါလာပါတယ်…။ အခု သုံးထားတယ် ဆိုပေမယ့်လို့ ၁၀၀ ရာခိုင်နှုန်းပြီးသွားတာတော့လည်း မဟုတ်သေးပါဘူး..။ ဟိုတို့တိ ဒီတို့တိ နဲနဲပါးပါး ပြင်စရာလေးတွေ ကျန်နေပါသေးတယ်…။ လုံးဝ စိတ်တိုင်းကျသွား တာ မဟုတ်သည့်တိုင် Blog တစ်ခုအနေနဲ့တော့ သပ်သပ်ရပ်ရပ် အရင်ကဟာတွေထက် ပိုရှိသွားသလို ခံစားရပါတယ်…။ နောက် အားတော့မှ ဒီ Blog Design ကို ငုံပြီး Portfolio Design တစ်ခု ထပ်လုပ်ဖို့ စဉ်းစားထားပါတယ်…။ သေချာတာတစ်ခုကတော့ ဒီရက်ပိုင်းထဲ လုံးဝမဟုတ်ပါဘူး…။
အပြည့်အဝမပြီးသေးပေမယ့် သုံးလိုက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီရက်ပိုင်း ခေါင်းစားစရာတွေ ဒုနဲ့ဒေး ရှိနေတဲ့ အတွက် လောလောဆယ် Theme ရေးဖို့အတွက် ဆက်ပြီး ခေါင်းအစားမခံချင်လို့ပါ…။
စိတ်ရှုပ်ရခြင်းအကြောင်းအရင်းတွေထဲမှာ ဒုတိယအချက်ကတော့ ရန်ကုန်မှာ အောက်တိုဘာ ၃၁ က နေ စပြီး JICA ကဖွင့်မယ့် Network Developement သင်တန်းအတွက် ရင်ခုန်နေရလို့ပါ…။ ဒီသင်တန်းတက်ခွင့်ရဖို့ကို တော်တော်လေး ရုန်းကန်လှုပ်ရှားလိုက်ရပါတယ်…။ အဆင့်တစ်ခုက တက်ခွင့်ပြုလိုက်ပေမယ့် …။ အခု ဒီ့ထက်မြင့်တဲ့ အဆင့်တစ်ခုရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရ ဆဲဖြစ်ပါတယ်…။ ဒီသင်တန်းက ကိုယ့်အတွက်ရော ကိုယ်ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့ အစည်းရော၊ တိုင်းပြည်အတွက်ရော (နဲနဲ စကားလုံးကြီးသွားတယ်ထင်ရင် ခွင့်လွှတ်ပါ..။ ကျွန်တော် အတည်ပြောတာပါ…။) အကျိုးရှိနိုင်တယ်..။ ကိုယ်ကိုယ်တိုင်ကလည်း တကယ်စိတ်ဝင်စားတဲ့အတွက် အရမ်းတက်ချင်နေတာ ဖြစ်ပါတယ်…။
ခက်တာက အဆင့်ဆင့်ခွင့်ပြုချက်ရသည့်တိုင် ဒီသင်တန်းတက်ဖို့ကို Entrance ဖြေရဦးမှာဖြစ်ပါတယ်…။ ကျွန်တော်က Web သမားပါ..။ ကျွန်တော့်အတွက် Network ကတော်တော်ဝေးဝေးမှာ ခပ်စိမ်းစိမ်းရှိနေတဲ့အတွက် ဝင်ခွင့်အတွက်လည်း ပူရပြန်ပါတယ်..။ ၃ နာရီမေးခွန်းနဲ့ International Certificate ဆိုတာ ပြီးပြီးရောစစ်မယ့် ဝင်ခွင့်စာမေးပွဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…။ တတ်နိုင်သလောက် လေ့လာ၊ ဖတ်ရှုနေပေမယ့်လည်း…။ စိမ်းတာကတော့ စိမ်းတုန်းပါပဲ…။
သင်တန်းက ၅ လ ကျော် ၆ လ လောက်ကြာမှာပါ…။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတဲ့ ရန်ကုန်သားပီပီ ရန်ကုန်မှာ ကျောင်းဆင်းပြီးကတည်းက အိမ်မက် တောင် မမက်ဖူးတဲ့ ကာလ ..။ ၆ လ…။ နေရမယ့် အခွင့်အရေးလေးတစ်ခုပါ…။ ဒါကျွန်တော် အရိုးသားဆုံးပြောတာပါ..။ ဒီကာလ အတွင်းမှာ ဒီသင်တန်းအပြင် IELTS ကိုလည်း ဖြေကြည့်ချင်ပါတယ်..။ ဒီအတွက်လည်း ပြင်ဆင်ရပါဦးမယ်…။ မင်းဘဝနဲ့ IELTS နဲ့ဆိုင်သလားလို့ မေးရင်တော့ အဖြေကရှင်းပါတယ်..။ ကျွန်တော် ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်ကြည့်ချင်လို့ပါ..။ ဘာပဲဖြစ်ဖြစ် ကိုယ့်အနေအထားလေး ကိုယ်တီးခေါက် ကြည့်မိထား တော့ အရေးကြုံရင် သက်လုံကောင်းလေမလားလို့ပါ…။
နောက်တစ်ခုစဉ်းစားထားတာကတော့ ဓာတ်ပုံအသင်းမှာ သင်တန်းတက်ဖို့ပါ…။ ဒါကတော့ ကျွန်တော်အပေါ်မှာတက်ချင်တဲ့ သင်တန်းနှစ်ခုနဲ့ အချိန်တွေ လွတ်မယ်ဆိုရင် တက်ချင်ပါတယ်..။ အလုပ်တစ်ခုကို ထင်ရာမြင်ရာ စွတ်လုပ်နေပြီး Inspiration, Imagination အော်နေလို့တော့ မဖြစ်ဖူးလို့ ယူဆလို့ပါ..။ ဘယ်အရာပဲ ဖြစ်ဖြစ်သူ့ပညာနဲ့သူရှိပါတယ်…။ အခြေခံဆိုတာ နေရာတိုင်းအတွ အရေးအကြီးဆုံးပါ…။ အောက်ခြေမလွတ်ဖို့အတွက် အခြေခိုင်ဖို့ လိုမယ်လို့ ကျွန်တော် ယူဆပါတယ်…။
ဒီအချိန်မှာ ကိုယ်အတတ်နိုင်ဆုံးအလုပ် သုံးခုပဲ ရှိပါတယ်…။ (၁) ခွင့်ပြုပါစေလို့ ဆုတောင်းဖို့ (၂) ဝင်ခွင့်အတွက် တတ်နိုင်သလောက် အကောင်းဆုံး ပြင်ဆင်ဖို့နဲ့ (၃) အောင်ပါစေသား အောင်စေသား ဂါထာကို တစ်နေ့သုံးကြိမ် ရွတ်နေဖို့ပဲရှိပါတယ်…။
အပေါ်က နှစ်ခုလောက် စိတ်မလေးရပေမယ့်…။ ထူးမခြားနားဆိုသလို ရှိတာကတော့ ဓာတ်ပုံပြိုင်ပွဲပါပဲ…။ ပထမဆုံးအကြိမ် ပြည်တွင်းကလုပ်တဲ့ ဓာတ်ပုံ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ထားပါတယ်…။ သစ်တောဝန်ကြီးဌာနက လုပ်တာပါ..။ ကမ္ယာ့ သစ်တောများနေ့ အတွက်ဖြစ်ပါတယ်…။ ကြီးကြီးကျယ်ကျယ် ဘာဆုမှ မလိုချင်ပါဘူး..။ ပထမဆုံးပွဲလေး အညွှန့်မကျိုးရလေအောင် နှစ်သိမ့်ဆုလောက်ရရင်ပဲ ကျေနပ်ပါပြီ…။ အသစ်ဝယ်ချင်နေတဲ့   Lens လေးဝယ်ဖို့ အကြောင်း ပြချက်ကောင်းရုံလောက်လေးဆို ကျေနပ်ပါပြီ…။
အရင်လို့ အက်ဆေးလေးတွေ ပြန်ရေးချင်ပေမယ့်…။ လောလောဆယ်တော့ တည်ဆောက်ထားတာ မကြာသေးတဲ့ ကိုယ်ပိုင်ဘဝလေးတစ်ခုကို တည်ငြိမ်ဖို့၊ အထိုင်ကျအောင် ကြိုးစားရင်း ခဏလောက်တော့ ငြိမ်နေလိုက်ဦးမယ်ဗျာ….။
အခုတော့ ကျွန်တော် ပြိုင်ပွဲဝင်ဖို့ပို့ထားတဲ့ ပုံလေးတွေထဲက လွယ်လွယ်ကူကူတင်လို့ရတဲ့ ၂ ပုံတင်ပေးလိုက်ပါတယ်..။ ကျန်တဲ့ ၂ ပုံမှာတစ်ပုံက Facebook မှာတင်ထားတဲ့ ဓာတ်တော်ချိုင့် ရေတံခွန်ပုံပါ..။ နောက်တစ်ပုံကတော့ ဘယ်မှာမှ တင်မထားပါဘူး…။ လောလောဆယ်တော့ ဒီပုံလေးတွေပဲ  ကြည့်ပြီး ကျေနပ်ကျပါဦးလို့….။
P.S- အသားစ စစ်ထားတဲ့ အဖြေရပါပြီ…။ အခုထိတော့ ကင်ဆာမရှိသေးပါဘူး..။ ဒါပေမယ့်..။ အစာအိမ်ရဲ့ Cell တွေဟာ လုံးဝ ပုံမှန်မဟုတ်တော့ပဲ အချိန် မရွေး Cancer ဖြစ်သွားနိုင်တယ်လို့တော့ ပြောပါတယ်…။ အထူးသဖြင့် ဆေးလိပ်ဆက်သောက်နေမယ်ဆိုရင်ပေါ့ဗျာ….။
4 Years Of Blogging…
ဟိုတစ်နေ့က ကျွန်တော့် Lady မေးမှ ကျွန်တော်လည်း သတိထားမိတယ်…
ဘာမေးတာလဲဆိုတော့ ဒီနှစ် Blog Anniversary အတွက် မရေးဘူးလားတဲ့…။
သူမေးလိုက်တဲ့ မေးခွန်းက ရိုးရှင်းပေမယ့် ကျွန်တော့် အတွက်တော့ တွေးစရာ အများကြီးဖြစ်သွားပါတယ်…။ ဟုတ်တယ်လေ ကျွန်တော်တို့လို Blogger တွေ ဆိုတာ ကိုယ့်ဘလော့ကို ကိုယ့်ရင်သွေးတစ်ယောက်လို…။ ကိုယ်ပွားတစ်ခုလို…။ အရိပ်တစ်ခုလို သဘောထားကြ…။ တန်ဖိုးထားကြတာမလား…။ ကျွန်တော် ကိုယ်တိုင်လည်း ကျွန်တော့် Blog ဟာ ကျွန်တော် မပိုင်ဆိုင်လိုက်ရတဲ့ ကျွန်တော့် အိပ်မက်တစ်ခုရဲ့ အရိပ်ပါလို့ တစ်ခါက ပြောခဲ့ဖူးပါတယ်…။
အရင်တစ်ချိန် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်က Blog ရေးကာစကဆို…။ မနက်မိုးလင်း မျက်စိနှစ်လုံးမပွင့်သေးဘူး ကွန်ပျူတာကို လက်ကလှမ်းဖွင့်ပြီးသား..။ ကို့ယ် Blog ရဲ့ C-Box မှာ ဘယ်သူတွေ… ဘာတွေများ လာပြောသွားသလဲ…။ ဘယ်ပို့စ်မှာ Comment တွေ တက်လာလဲ…။ ဒီနေ့ ဘာရေးရမလဲ..။ စသဖြင့် ….။ Blog နဲ့ မျက်နှာသစ်တယ်လို့တောင် ပြောလို့ရပါတယ်…။
နောက်ရေးရင်းရေးရင်း တစ်နှစ်ကျော် နှစ်နှစ်လောက်ဖြစ်လာတော့…။ Blogger တွေရော Blog တွေရော မှိုလိုပေါက်သလို များလာပါတယ်..။ ဒါဟာ Information Technology ခေတ်အတွက် ကောင်းတဲ့ နိမိတ်ပါ…။ အတင်းအဖျင်းပဲ ရေးရေး…။ သတင်း…။ ပုလင်းပဲရေးရေး…။ အားလုံးဟာ ဆိုင်သူ ဆိုင်သူ ကိုယ်စီအတွက်ကတော့ အရေးပါတဲ့ Information ပါပဲ..။
ကျွန်တော့်လို စာရေးဆရာရူး အတွက်ကလည်း…။ အဆင့်မမှီလို့ စာမျက်နှာတွေပေါ်မရောက်တဲ့စာတွေကိုရေး…။ အားပေးတဲ့သူတွေက အားပေးနဲ့ တော်တော်လေးကို ဘဝကြီးထင်ခဲ့ဖူးပါတယ်..။ မှတ်မိသလောက် Blogger Academy တွေဘာတွေတောင်ပေးခဲ့ကြတဲ့အထိ ရူးခဲ့ကြဖူးတာတွေကို အခုချိန် ပြန် စဉ်းစားကြည့်ရင် တော်တော်လေး သဘောကျဖို့ကောင်းပါတယ်…။ အခုတော့ အဲ့ဒီ့တုန်းက သောက်သောက်လဲတက်ကြွခဲ့ကြတဲ့သူတွေ Blog လောကမှာ တော်တော်များများ ပျောက်ကွယ်သွားကြပါပြီ…။ ရင့်ကျက်ကုန်ကြလို့လား…။ အချိန်မရကြတော့လို့လားတော့ မသိပါဘူး…။ ကျွန်တော့်လို ရူးလို့ မဝသေးတဲ့ သူအတွက်ကတော့ အရှိန်ကောင်းဆဲပါ…။ ဒါပေမယ့်သေချာတာတစ်ခုကတော့ ကိုယ့် Blog Anniversary ကိုမေ့ရလောက်အောင် အရင်ကလောက် အရှိန်မရတော့တာကတော့ သေချာပါတယ်…။
ကျွန်တော်စဉ်းစားမိတယ်…။ ဘာကြောင့်လဲ…။ အိမ်ထောင်ကျသွားလို့လား…။ အိမ်ထောင်ကျလို့ Blog မလုပ်ဖြစ်တော့ဘူးဆို..။ အိမ်ထောင်တွေကျ ကလေးတွေရပြီးမှ လျှမ်းလျှမ်းတောက် အောင်မြင်လူသိများလာတဲ့ Blogger တွေ ဘယ်လိုလုပ်ကြမလဲ…။ အလုပ်တွေများလာလို့လား…။ ဒီလိုဆိုပြန်တော့လဲ Blogger မှန်သမျှဟာ မသိရင် အလုပ်မရှိ အကိုင်မရှိ အားယားနေတဲ့ သဘောဖြစ်သွားပါမယ်…။ တစ်ကယ့်အောင်မြင်နေတဲ့ IT ပညာရှင် Blogger တွေ၊ စီးပွားရေးသမားတွေ…၊ ပရဟိတ ဆောင်ရွက်နေတဲ့ Blogger တွေလည်း အများကြီးပါ…။ ဖြစ်နိုင်ခြေတွေကတော့ အများကြီးမှာ..။ သူများတွေနဲ့ ချိန်ထိုးပြီး စဉ်းစားနေလို့ကတော့ အဖြေမထွက်နိုင်တဲ့အတွက် ကို့ယ်ဘာသာပဲ ပြန်စဉ်းစားကြည့်ပါတယ်…။
(၁) ပြည်တော်ပြန်ရောက်လာတဲ့အတွက် အရင်လို Internet ကို ၂၄ နာရီ မသုံးနိုင်တော့ခြင်း…။ (ရောက်ကာစကဆို ၆ လ လောက် Internet နဲ့အဆက်အသွယ် ပြတ်သွားတာ ကိုယ့် Facebook နဲ့ Gmail Password တွေပါ လုံးဝမေ့သွားတဲ့အထိပါပဲ..။)
(၂) ကျောင်းသားဘဝထက်စာရင် လုပ်ငန်းခွင်ထဲ ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အရင်လောက် Blog အပေါ်တွင် အာရုံမစိုက်နိုင်တော့ခြင်း..။
(၃) အိမ်ထောင်ကျသွားပြီဖြစ်တဲ့အတွက်..။ လူမှူရေး..။ စီးပွားရေးနှင့် ဘဝရှေ့ရေးများက ဝင်ရောက်နေရာ ယူလာခြင်း…။ မအားလပ်တော့ခြင်း..။
(၄) အရင်လို Essay များရေးဖို့အတွက် သီးသန့်အချိန်မပေးနိုင်တော့ခြင်း…။ (ရေးချင်စိတ်များ ကုန်ခမ်းလာခြင်းနှင့် ကိုယ့်စာများကို ကိုယ်တိုင် အားမရတော့ခြင်း..)။
(၅) ဒီအချက်ကတော့ နံပါတ် (၄)အချက်နဲ့ ပြောင်းပြန်ပါ…။ ရေးချင်တာတွေ အရမ်းများလာ (Essay, Article, Tutorial) ခြင်းကြောင့်…။ ဘာရေးရမှန်း မသိတော့ပဲ ဖြစ်ကာ ဘာမှ မရေးမိတော့ခြင်း…။
(၆) Blog Addict ဖြစ်ချင်းကို အလုံးအရင်း အပြတ်အသတ်တိုက်ခိုက်ကာ အမြစ်ပြတ်လုနည်းပါး ချေမှုန်းလိုက်သည့် Facebook Addict ဖြစ်လာခြင်း..။
အပေါ်မှာပြောခဲ့တဲ့ အချက်တွေက ကျွန်တော့်အတွက်အဓိက အကျဆုံးအချက်တွေပါ…။ ဒီလိုနဲ့ပဲ ကိုယ့် Blog  ရဲ့ Anniversary ကိုတောင် မေ့လောက်တဲ့ အထိ ဖြစ်ခဲ့ပါတယ်…။
ဘယ်လိုပဲလက်တွေ့ ဘဝမှာ မအားလပ်နေပါစေ Blog ပိုးလေးတွေကတော့ အိပ်မက်ထဲမှာ အမြဲ လှုပ်ရှားနေတုန်းပါပဲ..။ အခုဆို ဒီရက်ပိုင်းလေးမှာ အရင်လို (အရင်ထက်တောင်ပိုပါတယ်…။ အရင်ကဆို ကျွန်တော် တစ်ပါတ်နေမှ Post တစ်ခုလောက်ရေးထားပါ။ တစ်ခုရှိတာက အဲ့ဒီ့တုန်းကတော့ ရေးသမျှ အားလုံး ဟာ Essay ဒါမှမဟုတ် Article တွေပါ။) ပုံမှန်ပြန်ရေးဖြစ်လာတယ်…။ အရင်လို Essay တစ်မျိုးထဲနဲ့ ကိုယ့် Blog ကို ကိုယ်ချုပ်မထားတော့ပဲ ဖွင့်ပေးလိုက် တယ်..။ ရေးချင်တဲ့ အကြောင်းအရာပေါ်လာရင် Essay မှမဟုတ်ဘူး…။ ကိုယ်ရေးကိုယ်တာပဲ ဖြစ်ဖြစ်၊ သတင်းပဲ ဖြစ်ဖြစ်၊ နည်းပညာအကြောင်းပဲ ဖြစ်ဖြစ် ရေးချလိုက်တယ်…။ ဒီလို ပုံမှန်ပြန်ရေးလာတော့ ရေးစရာအကြောင်းတွေ ခေါင်းထဲမှာ တစ်ဖြေးဖြေးနဲ့ အစီအရီ ပြန်ဝင်လာတယ်….။
ကိုယ်စိတ်ဝင်စားတဲ့ Web Developing အလုပ်တွေလည်း ပြန်လုပ်ဖြစ်လာတယ်…။ ဓာတ်ပုံတွေလည်း ပုံမှန်ပြန်ရိုက်ဖြစ်လာတယ်…။
ကျွန်တော် သေသေချာချာ သတိထားမိသွားတာတစ်ခုကတော့…။ ဘာအလုပ်ပဲ ဖြစ်ပါစေ..။ လုပ်ချင်တယ်…။ လုပ်ချင်တယ်….။ ဘယ်ကစလုပ်ရင် ကောင်းမလဲ…။ ဘယ်လိုလုပ်ရင်ကောင်းမလဲ…။ စတာတွေကို စဉ်စားရင်း အချိန်အကုန်ခံမယ့်အစား…။ တစ်ခုခုကို စပြီးလုပ်လိုက်စေချင်ပါတယ်…။ စိတ်မပူပါနဲ့ နောက်ပိုင်းမှာ သူ့ဟာနဲ့ သူ ဖြစ်သင့်တဲ့အရာတွေ ဖြစ်လာပါလိ့မ်မယ်…။
တွေဝေနေခြင်းနဲ့ ကိုယ့်ကိုယ်ကို မယုံမကြည်ဖြစ်ခြင်းဟာ ကျွန်တော်တို့ နောက်ကျောကို ကျွန်တော်တို့ ကိုယ်တိုင်ထိုးမယ့် ဓားတွေပဲ ဖြစ်ပါတယ်..။
ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် မနက်ဖြန်ဆိုတာရှိနေသ၍ ကျွန်တော့်ကတော့ ကျွန်တော့်အိပ်မက်တွေကို ဆက်လက်ဖက်တွယ်နေဦးမှာပဲ ဆိုတဲ့ အကြောင်းအသိပေးရင်း…။ ကျွန်တော့် Blog လေးရဲ့ ၄ နှစ်မြောက် အမှတ်တရပို့စ်တစ်ခုအနေနဲ့ ရေးသားလိုက်ပါတယ်…။
P.S-  BLACK DREAM WAS PROUDLY CREATED FOR MY DREAMS &  FOR YOUR DREAMS
SINCE
“SEPTEMBER 10th 2007″
Running MAMP (Local Server) On Mac
ဒီရက်ပိုင်းတော့ WordPress Tutorial ကို ဆက်ရေးနိုင်မယ် မထင်ပါဘူး..။ ကျွန်တော့် Viao ကော်ဖီအသောက်လွန်ပြီး မှောက်သွားတဲ့နောက်။ Lady Black ရဲ့ ကျေးဇူးနဲ့ သူ့  MSI လေး အကူအညီကို ယူပြီး အရင်နေ့တွေက Tutorial Post တွေ ရေးနေခဲ့တာပါ။ တစ်ရက်က နှစ်ရက်…။ နှစ်ရက်က နေ ၂ လ လောက် ဖြစ်လာတဲ့ အခါမှာ Lady Black ကို အားနာလာတာနဲ့  မရှိမဲ့ရှိမဲ့ ငွေလေး ခြစ်ချုပ်စုပြီး MacBook Pro လေး တစ်လုံး တနင်္ဂနွေနေ့က ၀ယ် ဖြစ် လိုက်ပါတယ်။
၁၀ နှစ်သားလောက်ကတည်းက အသုံးပြုလာတဲ့ Window OS ကြီးကို စွန့်လွှတ်ပြီး Mac Platform ပေါ် ခြေချလိုက်တယ်ဆိုရင်ပဲ။ Mac က နည်းမျိုးစုံနဲ့  ပညာစမ်းပါတော့တယ်..။ အခု တစ်ရက် နှစ်ရက်ကနေ တစ်ပါတ်လောက်အတွင်းတော့ သူပညာစမ်းသမျှကို လှိမ့်ပိန့်ခံရမှာပါပဲ…။
စ၀ယ်ဝယ်လာခြင်း Facebook သုံးတော့ ပြသနာစပါတယ်။ ကျွန်တော့် Mac က Lion ဖြစ်တဲ့အတွက်…။ မြန်မာ Unicode တစ်ခါထဲ ပါလာပါတယ်။ ဒါ့ကြောင့် Facebook မှာ ရှိသမျှ မြန်မာစာတွေအားလုံးကို Unicode နဲ့ ပြတဲ့အခါမှ ဇော်ဂျီ မြန်မာ Font တွေဟာ တစ်ကယ့်ကို ဇော်ဂျီ ဘာသာစကား တွေ ဖြစ်သွားပြီး ဘယ်လိုမှ ဖတ်လို့မရတော့ပါဘူး..။
ထုံးစံအတိုင်း Google အားကိုးနဲ့ ဘယ်သူ့အကူအညီမှ မယူပဲ ကြိုးစားကြည့်လိုက်တော့ အဆင်ပြေသွားတယ်…။ အိုကေ မြင်ရပြီ..။ ဟုတ်ကဲ့..။ ဘယ်လို ရိုက်ရမှန်း ကျွန်တော် မသိတော့ပါဘူး…။
Window မှာဆို Ctrl+Shift ဆို အိုကေပါပဲ..။ Mac မှာကြတော့ Key တွေ အကုန်ပြောင်းကုန်တယ်…။ ဒီ ဇော်ဂျီ စကားလုံးလေးကို ရိုက်ဖို့ကိုပဲ…။ ညနေ တစ်ခု ကုန်အောင် လုပ်လိုက်ရပါတယ်..။ အခုတာ့ ဇော်ဂျီကို ကျော်လွှားသွားနိုင်ပြီ ဖြစ်တဲ့အတွက်..။ ဒီပိုစ့်ကို ရေးနိုင်ခြင်းဖြစ်ပါတယ်..။
မကြာခင်မှာတော့ ဇော်ဂျီကို စွန့်လွှတ်ပြီး အပြီးအပိုင် Unicode ဘက်ကို ခြေလှမ်းစဖို့  ရည်ရွယ်ထားပါတယ်။ Window ကို စွန့်  ပြီး Mac ဘက်ကို ကူးသလိုပါပဲ..။ တစ်ကယ်လည်း ကျွန်တော်တို့တွေ အနေနဲ့ Unicode ကို အသုံးပြုသင့်နေပါပြီ..။ အရင်ကတော့ Stable မဖြစ်လို့ UI မလှလို့ စသဖြင့် နည်း အမျိုးမျိုးအကြောင်းပြခဲ့ကြပါတယ်..။ အခုတော့ ဒါတွေဟာ အနေအထားတစ်ခုထိ အဆင်သင့်ဖြစ်နေပါပြီ…။ ဒီ့အတွက် ကျွန်တော်တို့   မဖြစ်မနေ Unicode ကို သုံးဖို့လိုအပ်လာပါပြီ…။
Search Engine Optimize ကောင်းဖို့  ကအစ…။ ကိုယ့် Site ရဲ့ Traffic တက်ဖို့အလယ်…။ မြန်မာဘာသာစကား အခြေခိုင်ခိုင်နဲ့ IT လောက အလည် မှာ ရပ်တည်နိုင်ဖို့ အဆုံး ကျွန်တော်တို့  Unicode ကို အမှန်တစ်ကယ်ကို သုံးဖို့ လို အပ်လာပါပြီ…။ ထားပါ ကျွန်တော် အခုပြောချင်တာက Unicode အကြောင်းမဟုတ်ပါဘူး…။ Unicode အကြောင်းကို ကိုမှော်ဆရာ တို့လို Unicode ကျမ်းကျေပြီး ထုံးလိုကျေ ရေလိုနှောက်သူတွေက ပြောကြပါလိမ့်မယ်။
အခု ကျွန်တော် ပြောချင်တာကတော့ ..။ ကျွန်တော် ရင်ဆိုင်နေရတဲ့ ဇော်ဂျီထက် ပိုဆိုးတဲ့…။ ဇော်ဂျီထက် မြင့်တဲ့ တပသီ အကြောင်းပဲ ဖြစ်ပါတယ်…။
တစ်ခြားဟာတော့ မဟုတ်ပါဘူး..။ ပြသနာရှိတာက ကျွန်တော်တို့ Window မှာ WAMP, XAMPP တို့ သုံးသလို Mac အတွက် ထုတ်ထားတဲ့ MAMP ကို ကျွန်တော် Run  လို့မရသေးတာကတော့ အဓိက ပြသနာပါပဲ။ Apache Server Fail ဖြစ်နေတဲ့အတွက် ဘာမှ ဆက်လုပ်လို့မရပါဘူး..။ ဒါကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့  တတ်သလောက် မှတ်သလောက် အသိဥာဏ်လေးနဲ့တော့ ကြိုးစားနေပါတယ်..။ တစ်ရက် နှစ်ရက်အတွင်း အဆင်ပြေသွားမယ် ထင်ပါတယ်..။
Web Development ကို Addict ဖြစ်တဲ့ လူတစ်ယောက် Local Server Run လို့မရတဲ့အချိန်ဟာ…။ မျက်မမြင်တစ်ယောက် ကို ခြေထောက်ရိုက်ချိုးပြီး ညောင်ပင်မှာ စောက်ထိုးကြီး တွဲလောင်းချိတ် ထားလိုက်သလိုပါပဲ…။
WAMP က မထုတ်ပေမယ့်..။ XAMPP ကတော့ Mac Platform အတွက် ထုတ်ထားတာ ရှိပါတယ်…။ အဲ့ဒါကို Download ချဖို့ကလည်း အရှိန်အလွန်ပြင်း တဲ့ Connection ကိုသာ အားကိုးနေရတဲ့အတွက် အဆင်မပြေဘူး ဖြစ်နေပါတယ်..။ ဖြစ်နိုင်ရင်တော့ XAMPP ကို မသုံးပဲ MAMP ကိုပဲ သုံးကြည့်ချင်တာပါ။
ဒါကြောင့် ဒီ တစ်ရက် နှစ်ရက်ကတော့ ဘယ်လိုမှ Tutorial ဆက်ရေးနိုင်မှာ မဟုတ်ပါဘူး..။ Mac ရဲ့ စိန်ခေါ်သံတွေကို ပ၀ါမကူ ရေမရှူကြေး ရင်ဆိုင်ရ ဦးမည်ဖြစ်ကြောင်း…။
P.S- By The Way, Mac Is Really Rock..! No Wonder It’s Became One Of The Dreams & Attracted To Most Of The Users, Developers & Artists…
ကျွန်တော်နှင့် အစာအိမ်
Post မရေးမိတာ ၂ လ ကျော်သွားပါပြီ…။ ဓာတ်ပုံတွေ မရိုက်ဖြစ်တာလဲ အဲ့ဒီ့ ပါတ်ဝန်းကျင်ပဲ ဖြစ်ပါလိမ့်မယ်…။ စာလည်းမရေး..။ ဓာတ်ပုံလည်း မရိုက်..။ ဘာတွေများ လုပ်နေမိပါလိမ့်လို့ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို ပြန်မေးမိတော့…။ အဖြေကလည်း သိပ်ပြီး တိတိကျကျ မရှိ…။
အိမ်ထောင်ကျသွားလို့ အိမ်မှုကိစ္စတွေ များနေသလားဆိုတော့လည်း…။ သူ့ခေတ် သူ့အခါ ထိုက်သင့်သလောက် ပြည့်စုံနေတဲ့ အတွက် ပူစရာပင်စရာက အတိုင်းအတာ တစ်ခုအထိသာ…။ အလုပ်ခွင်အတွင်းမှာလည်း အရာအားလုံး နေသားတစ်ကျနဲ့ ချောချောချူချူပါပဲ…။
အဲ…။ ဆိုးတာလေး အနဲနဲ့ အများတော့ ရှိလေရဲ့…။
ကျွန်တော့် Viao လေး ကော်ဖီအသောက်လွန်သွား (တစ်ကျိုက်ထဲနဲ့ ကော်ဖီတစ်ခွက်လုံးကုန်အောင် သောက်လိုက်) တဲ့အတွက် ဘယ်လိုမှ ဖွင့်မရတော့ပဲ ရာသက် ပန် အိပ်စက်သွားပါတယ်။ Hard Disk ကတော့ ကောင်းတုန်းလို့ရ ယူဆရပါတယ်..။ စက်ပျက်သွားတာထက် Hard Disk ဂန့်မသွားဖို့က ကျွန်တော့်အတွက် အဓိက ပိုကြ ပါတယ်..။ နှစ်ပေါင်းများစွာ ကျွန်တော့်ဘ၀ရဲ့ မှတ်တမ်းဓာတ်ပုံတွေ..။ ကျွန်တော်လက်ကမြင်းထားတဲ့ ဓာတ်ပုံတွေ..။ ကျွန်တော်ဆွဲထားတဲ့ Themes တွေ အားလုံး ပါသွားပါတယ်..။
ရန်ကုန်ကို ပိုပြီး ပြင်ဖို့ပြောပေမယ့်..။ သူတို့ပြင်တာကို စိတ်မချတဲ့အတွက်..။ ကိုယ်တိုင်ဘေးနားမှာ နေချင်တဲ့အတွက်..။ လောလောဆယ်တော့ မပြင်သေးပါဘူး..။ (တစ်ချက်တစ်ချက်တော့ B00t တက်လာပြီး Login လုပ်တဲ့နေရာ ရောက်တဲ့အခါမှသာ ဟန်းသွားတဲ့အတွက် Hard Disk ကောင်းသေးကြောင်း ကျွန်တော် ယုံကြည်နေခြင်းဖြစ်ပါတယ်။)
ဒီ့ထက် နဲနဲလေး ပိုဆိုးတဲ့ အဖြစ်လေးကတော့ အောက်ပါအတိုင်းပါပဲ….။
ပြီးခဲ့တဲ့ ၁ လ လောက်က အစာအိမ် အကြီးအကျယ်ဒုက္ခပေးပါတယ်..။ ရောဂါ အနေနဲ့ ဖြစ်နေတာ ကြာပြီလို့ ယူဆလို့ရပေမယ့်..။ ဒီလောက်အထိကြီးတော့ ပြင်းပြင်းထန် ထန် ဒုက္ခမပေးခဲ့တဲ့အတွက် ဒီအတိုင်းပဲ မသိလိုက် မသိဖာသာ နေခဲ့မိပါတယ်…။ ဒါပေမယ့် ပြီးခဲ့တဲ့လကတော့ တော်တော် အခြေအနေဆိုးလာလို့ ဆရာဝန်နဲ့ သေသေချာချာပြ …။ ဆေးတွေ ဘာတွေစစ်လိုက်တော့ …။ အဖြေက တော်တော်ရှင်းသွားပါတယ်…။
ဒီအဖြေရဖို့ တော်တော်လည်း ခံစားလိုက်ရတယ်..။ အစာအိမ်ထဲကို မှန်ပြောင်းနဲ့ကြည့်တယ်..။ ဘယ်ဘ၀က သများပါးစပ်ထဲ မဆန့်မပြဲ မတော်တရာတွေ ထိုးထဲ့ခဲ့ဖူးလဲ တော့ မသိဘူး..။ အခု ကိုယ့်အလှည့်ကို ဒီမှန်ပြောင်းပြွန်ကြီးထိုးထဲ့တဲ့ အချိန်မှာတော့ လူက ခွေခေါက်နေအောင် ခံစားရတယ်..။ အစာအိမ် မှန်ပြောင်းကြည့်တာ နဲ့ ပါတ်သတ်ပြီး ဗဟုသုတ အဖြစ် နဲနဲတော့ ပြောပြချင်ပါတယ်..။ ကျွန်တော် နေ့လည် ၁ နာရီမှာ မှန်ပြောင်းကြည့်ပါတယ်..။ ဒီလိုကြည့်ဖို့အတွက် မနက် ၇ နာရီ နောက်ပိုင်း ကတည်းက စပြီး ဘာမှ မစားရပါဘူး..။ အစာစားထားရင် အူနဲ့ အစာအိမ်ထဲမှာ အစာတွေ ပြည့်နေတဲ့အတွက် ဘယ်လိုမှ ကြည့်လို့မရပါဘူး..။ ဒါကြောင့် အချိန်ကို တော်တော်ခွာပြီး အစာစားထားရပါတယ်…။
အစာအိမ်ထဲကို ကြည့်တဲ့ မှန်ပြောင်းက တော်တော်ကို ရှည်ပါတယ်..။ အစာအိမ်ထဲ မှန်ပြောင်းမထည့်ခင် ကျွန်တော့်ကို ပါးစပ်ဟခိုင်းပြီး ထုံဆေးနဲနဲဖြန်းပါတယ်..။ ၁ စက္ကန့် ၂ စက္ကန့်….။ ၅ စက္ကန့်လောက် ကြာတဲ့အခါမှာတော့ ခံတွင်းက တော်တော်ထုံလာပါတယ်..။ တံတွေးမျိုချခြင်လို့ ကျိုးစားတာတောင် တော်တော်ကြိုးစားရ ပါတယ်။ ပါးစပ်နဲ့ ခံတွင်းတစ်ခုလုံးက ထုံပြီး ဘာအထိအတွေ့ကိုမှ မသိတော့ပါဘူး..။ ကိုယ့်ဘာသာ တံတွေးမျိုချမိလား မမျိုချမိဘူးလားဆိုတာတောင် စဉ်းစားလို့ မရတော့ပါဘူး..။
ထုံဆေးဖြန်းပြီးတဲ့ နောက်တော့ မှန်ပြောင်းစထည့်ပါတယ်..။ ဘယ်လိုပဲ ထုံဆေးဖြန်းဖြန်း..။ အသားနုဖြစ်တဲ့ အာခေါင်ကို မှန်ပြောင်းက လာထောက်တဲ့အချိန်မှာတော့ တိုက်ပွဲကစပါတယ်..။ မှန်ပြောင်းကို ပလပ်စတစ်ကွင်း (အမာ) အ၀ိုင်းလေး တစ်ခုခံပြီးထည့် ခြင်းဖြစ်ပါတယ်..။ ဒါမှ လူနာက မခံနိုင်လို့ ယောင်ယမ်းပြီး ကိုက် (ပါးစပ်ကို အတင်းဆွဲပိတ်) တဲ့အခါ မှန်ပြောင်းပိုက်ကို မကိုက်မိအောင် ဖြစ်ပါတယ်…။ ထုံဆေးဖြန်းတာက ဖြန်းတာပါပဲ..။ အာခေါင် အသားနုကို မှန်ပြောင်းနဲ့ စထိုးတဲ့ အချိန်မှာ တော့ လူက ဘယ်လိုမှ မနေနိုင်ပဲ ပျို့ပါတော့တယ်..။ ဘယ်လောက်ပဲ ပျို့ပျို့ သူတို့ကတော့ သတို့အလုပ် ဆက်လုပ်တာပါပဲ…။
အောက်မှာ မျက်ရည်တွေ ဘာတွေတောင် ၀ဲတက်လာတယ်…။ အူထဲစရောက်သွားတဲ့ အချိန်မှာ နဲနဲ နေသာ ထိုင်သာ ရှိသွားပါတယ်..။ အာခေါင်ထဲမှာတုန်းကလောက် အခြေအနေမဆိုးတော့ပါဘူး..။ ဒါနဲ့ ကိုယ့်ကိုယ်ကို အိုကေပြီ..။ ဒီလောက်ပါပဲ လို့ စိတ်ဖြေလိုက်မယ် ကြံတုန်း..။ လူက အဆမတန် ပျို့တက်လာပါတယ်…။ အာရုံတွေ တော်တော်ေ၀၀ါးသွားတယ်..။ သူတို့ ပြောနေတဲ့စကားသံတွေက မကြားတစ်ချက် ကြားတစ်ချက်ဖြစ်သွားတယ်…။
“ဟာ..။ အစာအိမ်ထွက်ပေါက်ပိတ်နေတယ်..။ လေထိုးထည့်လိုက်…”
သေပြီ ဆရာပါပဲ..။ အစာအိမ်ထဲကို ပိုက်ထဲက တစ်ဆင့် လေတွေ ၀င်လာတဲ့အခါမှာ လူက ဘယ်လိုမှ ထိမ်းမရတော့ပဲ ပျို့အန်တက်လာပါတယ်…။ တဝေါ ဝေါ တ အွတ် အွတ်နဲ့ ဖြစ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို တစ်ခု သတိထားမိပါတယ်…။
“ငါ အော်နေပုံက ၀က်သတ်သမားတွေ ၀က်သတ်လို့ ၀က်တွေ အော်တဲ့ အသံနဲ့ တော်တော်တူနေပါပြီလား…”
ပျို့ရုံတင်မကတော့ပါဘူး…။ ဘာမှမရှိတဲ့ အစာအိမ်ထဲက အန်ထွက်စရာ မရှိတဲ့အတွက်…။ ရှိတဲ့ အချွဲတွေ တံတွေးတွေ…။ လေနဲ့အတူ အကုန် ပြန်အန်ထွက်ပါတယ်..။ ကိုယ့်ကိုယ်ကိုလည်း တော်တော် လန့်သွားပါတယ်…။ တစ်ချိန်ထဲမှာပဲ ခန္ဓာအတွင်းပိုင်းမှာရှိတဲ့ မသန့်စင်မှုတွေနဲ့ အပုတ်အသိုးတွေကို စဉ်ခြင်မိပါတယ်..။ (ပိုက်ထိုးနေတုန်း မဆင်ခြင်နိုင်ပါ။ ပိုက်ထိုးပြီး တော်တော် ထူထူထောင်ထောင်ဖြစ်မှ ဆင်ခြင်နိုင်ခြင်းဖြစ်ပါတယ်။) ဒီချွဲတွေ ဘယ်ကထွက်လာပါလိ့မ်…။ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာရော ဒီလို အရိအရွဲတွေ ဘယ်လောက်တောင် များပြား ညစ်ပတ်နေကြပါလိမ့်…။
ကိုယ့်အတွေးနဲ့ ကို နဲနဲ သက်သာသွားချိန်..။ ဆရာဝန်က တစ်ခါ ထအော်ပြန်ပါတယ်…။
“ဟာ ကြည့်စမ်း…။ အနာတွေ အနာတွေ….။ အပေါ်ဘက် အပေါ်ဘက်..။ ဟာ..။ အဲ့ဒီ့မှာလည်း အနာလေးတွေပါလား”
သွားပြီ..။ တစ်လျှောက်လုံးဘာမှ မဖြစ်ပါဘူးလို့ မိသားစုကို လိမ်ထားသမျှ ဒီတစ်ခါတော့ ဘယ်လိုမှ လိမ်လို့မရတော့ပေ..။ ဘေးမှာ Lady Black ကလည်း လက်တစ်ဘက် က ကျွန်တော့်ကို ကိုင်ထားရင်း တစ်ဘက်က ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး အစာအိမ်အတွင်းပိုင်းကို ရိုက်ပြနေတဲ့ TV ကို မှတ်တမ်းတင်နေပါတယ်…။ (နောက်ပိုင်း ပြန်ကြည့်တဲ့အခါ တစ်ကယ်ကို အနာတွေ အများအပြားရှိနေတာကို တွေ့ရပါတယ်..။)
“သွေးကြောပေါက်တော့မယ့် လက္ခာတွေလဲ မြင်နေရတယ်…။ ဟိုမှာတွေ့လား ညိုနေတာ..။ အဲ့ဒါ မကြာခင်ပေါက်တော့မှာ…။ ဒီအတိုင်းဆိုရင်တော့ အသားစ ယူပြီး စစ်မှ ဖြစ်မယ်..။”
ဆရာဝန်ရဲ့ စကားသံကြားတော့ လူက နဲနဲတုန်လှုပ်သွားတယ်..။
ကျွန်တော့်အဖေရဲ့ အမေဟာ အစာအိမ် ကင်ဆာနဲ့ ဆုံးပါးသွားတာပါ။ ကင်ဆာဆိုတဲ့အမျိုးကလည်း မျိုးရိုးလိုက်တဲ့ သဘောရှိကြောင်း ယျေဘူယျအားဖြင့် ဆရာဝန်များ ကိုယ်တိုင် အကြမ်းဖျဉ်းလက်ခံထားကြပြီးဖြစ်ပါတယ်..။ ဒီလိုအခြေအနေကြောင့် ကျွန်တော့် မိသားစုက စိုးရိမ်ပြီး ကျွန်တော့်ကို အခုလို သေသေချာချာမှန်ပြောင်းကြည့် ဖို့ ဖိအားပေးခြင်းဖြစ်ပါတယ်..။ သူတို့ထင်ထားသလို ကင်ဆာ ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော်တို့ မသိ..။ သေချာတာတစ်ခုကတော့ အစာအိမ် နံရံမှာ အနာလေးပေါင်း တော်တော်များများ ရှိနေတာကိုတော့ မျက်ဝါးထင်ထင်မြင်နေရပြီ ဖြစ်ပါတယ်..။
ဆရာဝန်ရဲ့ စကားဆုံးတော့ စောစောက အစာအိမ် မှန်ပြောင်းပိုင်ထဲကို ဘာမှန်းမသိတဲ့ အချောင်း (သွပ်နန်းကြိုးလို ဟာလေးပါ) ထပ်ထည့်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော့ အစာအိမ်ထဲမှာ ပူကနဲ တစ်ချက်ဖြစ်သွားတယ်…။ နောက်မှ သိရတာက အဲ့ဒီ့ သွပ်နန်းချောင်းလေးဟာ ထိပ်မှာ ညှပ်လေးပါပြီး..။ ကျွန်တော့်အစာအိမ်ရဲ့ အသားစကို လှီးထုတ်ဆွဲယူသွားခြင်း ဖြစ်ပါတယ်…။ ဗီဒီယိုပြန်ကြည့်တော့ အဲ့ဒီ့ညှပ်လေးနဲ့ ဆွဲပြီးတဲ့နောက်မှာ အစာအိမ်နံရံထဲ သွေးတွေ စိမ့်ထွက်လာပါတယ်…။
သူတို့ဒါနဲ့အားမရပဲ ထပ်ကြည့်ကြပါတယ်..။ (အမှန်ကတော့ စေတနာနဲ့ပါ) မှန်ပြောင်းကို လှန်ပြီး အစာအိမ်အပေါ်ပိုင်းကို ကြည့်ပါတယ်..။ အစာအိမ်ကို မျက်လုံးထဲ မြင်ကြည့် ကြည့်ပါ..။ တကယ်လို့သာ ပုံမှန်အတိုင်း မှန်ပြောင်းထည့်ကြည့်ပါက အစာအိမ်ရဲ့ အပေါ်မျက်နှာပြင်ကို မြင်ရမှာ မဟုတ်ပါဘူး..။ (အချို့ အဲ့လို ပြီးပြီးရော ကြည့်တဲ့အတွက် အစာအိမ်ရဲ့ အပေါ်မျက်နှာပြင်မှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မတွေ့ရှိရမှကြောင့် အချိန်မှီ ကုသကာကွယ်မှုတွေ မပြုလုပ်နိုင်ပဲ အသက်ဆုံးရှုံးကြရပါတယ်..။)
အစာအိမ်မှန်ပြောင်းကို အပြင်ထိန်းချုပ်ခလုပ်ကနေ ကောက်ပြီး ဆွဲလှန်လိုက်ချိန်မှာတော့ ကျွန်တော် တစ်ကိုယ်လုံး ခွေခေါက်သွားပါတယ်..။ သတိထားနေတဲ့ ကြားက အလိုလို လက်က ပိုက် (အစာအိမ်မှန်ပြောင်း) ကို လှမ်းဆွဲမိရက်သားဖြစ်သွားပါတယ်…။ ကျွန်တော် မခံနိုင်တော့ပါ..။ ဒါကြီးကို ကျွန်တော့်ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ် ချင်နေပါပြီ..။ ဆရာဝန်တွေလဲ ခဏမှင်သက်သွားပြီးတော့မှ ကျွန်တော့် လက်ကို အတင်းဝိုင်းချုပ်ကြပါတယ်…။ ကျွန်တော် တော်တော်လေးကို သတိကြီးကြီးထားပြီး ပိုက်ကို မကိုင်မိအောင် ကြိုးစားပေမယ့် ကျွန်တော့်လက်တွေက ပိုက်ကို ဆရာဝန်တွေ လက်ထဲကနေ အတင်းရုန်းထွက်ပြီး အလိုလို လုဖို့ ကြိုးစားနေပါတော့တယ်..။
ဒီလိုနဲ့ ၁၅ မိလောက် အချိန်ဟာ ကျွန်တော့်အတွက် ၁၅ ကမ္ဘာနီးပါးလောက် ခံစားလိုက်ရပါတယ်..။
“ပြီးပြီ ပြီးပြီ..။ ရပြီ”
ဆိုပြီး ပိုက်ကို ကျွန်တော့် ခန္ဓာကိုယ်ထဲက ဆွဲထုတ်လိုက်ချိန်မှာတော့ ဘယ်လို ၀မ်းသာလို့ ၀မ်းသာမှန်းတောင် မသိတော့ပါဘူး..။
ကျွန်တော် ခဏလောက် နားပြီးတဲ့အချိန်မှာ ဆရာဝန်က ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရာတွေကို ရှင်းပြပါတယ်..။
အဓိက အချက်တွေကတော့..။
(၁) အရက်သောက်ခြင်း။
(၂)ဆေးလိပ်သောက်ခြင်း။
(၃)အပူ၊ အစပ်များအလွန်အမင်း စားသုံးခြင်း။
(၄)အစာမှန်မှန် မစားခြင်း။ တို့ဖြစ်ပါတယ်..။
အထက်ပါ အချက်လေးချက်စလုံးက ကျွန်တော်နဲ့ ကွက်တိဖြစ်နေပါတယ်…။ အရက်ကိုတော့ ကျွန်တော်ရေးခဲ့ဖူးတဲ့ တရားပွဲမှ အပြန် ဆိုတဲ့ ပို့စ်ထဲမှာပါတဲ့ တရားပွဲက ပြန်လာကတည်းက လုံးဝမသောက်တော့ဖို့ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် ကျွန်တော်မစိုးရိမ်ပါ..။ အခုထိလည်း ကျွန်တော် အရက်မသောက်တော့ ပါဘူး..။ ဒါပေမယ့် ဆေးလိပ်ကတော့ ကျွန်တော် ဖြတ်ဖို့ တော်တော် ကြိုးစားရဦးမှာပါ။ အပူအစပ်ကိုလည်း ကျွန်တော် ရှောင်နိုင်ပါတယ်…။ အစားကို အချိန်မှန်စားဖို့က လည်း အရင်လို တစ်ယောက်ထဲ မဟုတ်တော့တဲ့အတွက် ပူစရာမလိုပါဘူး..။ အချိန်မှာ စားဖို့ တိုက်တွန်းနေတဲ့ Lady Black ရှိပါတယ်…။
ကျွန်တော် ပြောချင်တာက မဖြစ်ခင် ဆင်ခြင်ကြဖို့ပါ..။ ဖြစ်ပြီးမှဆို ဘာမှလုပ်လို့မရပါဘူး..။ ကျွန်တော်တို့ငယ်ငယ်က ဆရာတစ်ယောက်ပြောခဲ့တဲ့ စကားရှိပါတယ်..။
“ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဖူး…။ အေး ဖြစ်လာရင်လည်း ဘာမှလုပ်လို့မရတော့ဘူးကွ…”
အမှတ်တမဲ့အားဖြင့် ဟာသစွက်ပြီး ပြောထားတာဖြစ်ပေမယ့် တကယ်ကို အဓိပ္ပါယ် တာသွားလှတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်နဲ့ ရင်းနှီးတဲ့ ညီတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအားလုံးကိုလည်း အထူး သတိထားဖို့ တိုက်တွန်းလိုပါတယ်..။ ကျွန်တော့် အစ်ကိုတွေလိုဖြစ်နေတဲ့ ကိုလင်းထက်တို့၊ ကိုမိုးမောင်တို့ အဓိက သတိထားကြပါ..။ အပေါ်က အချက်လေးချက်စလုံးနဲ့ ဆရာသမားတို့ ညိနေပါတယ်။ မိန်းကလေးတွေ အတွက်ကတော့ အပေါ်က အချက်လေးချက်မှာ အပူ၊အစပ်လောက်ပဲ ပြဿနာရှိနိုင်ပါတယ်…။
ဒါကြောင့် ကျွန်တော့်လို ၀က်အော်မအော်ခြင်ရင်၊ ကုတင်ပေါ်မှာ ခွေးလို ၀က်လို အချုပ်မခံရခြင်ရင်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိအရွဲတွေ တဝေါ့ဝေါ့ အန်မထွက်ခြင်ရင်၊ သို့လော သို့လော အနာတွေကို မြင်ပြီး စိတ်ထဲမှာ သံသယနဲ့ ပူလောင်မှုတွေ မကြီးထားခြင်ရင်…။ နောက်ဆုံး ကိုယ်မိုက်လို့ ကိုယ်ခံတယ်ပဲ ထားဦး..။ ကိုယ့်ကြောင့် ကိုယ့်ကို ချစ်တဲ့၊ ခင်တဲ့ မိတ်ဆွေတွေ၊ မိသားစု၊ ချစ်သူ၊ ဇနီးတို့ ကို စိတ်မဆင်းရဲစေချင်…။
အထူး သတိထားပြီး ဆင်ခြင်ကြပါလို့….။
P.S- ကျွန်တော့်ရဲ့ အသားစ စစ်ဆေးမှုအဖြေ ဒီနေ့ရပါပြီ..။ မနက်ဖြန်ရပါမယ်..။ ရင်ခုံစွာနဲ့ မနက်ဖြန်ကို ရင်ဆိုင်ဖို့ ကျွန်တော် အားတင်းထားပါတယ်။
ယူပါ…
Saving Private Ryan ဆိုတဲ့ကားကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါတယ်…။
ဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်ကွက်တိုင်းဟာ အနှစ်သာရ ပြည့်ဝစွာ ရိုက်ကူးတင်ဆက်ထားတဲ့ အနုပညာမြောက်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်…။ မြောက်များစွာရရှိသွားတဲ့ Oscar ဆုတွေနဲ့လည်း တကယ်ကိုထိုက်တန်တဲ့ ဇာတ်ကားတစ်ခုပါ…။
အဲ့ဒီ့ဇာတ်ကားထဲမှာ သင်ယူစရာတွေ၊ သံဝေဂရစရာတွေ၊ မှတ်သားစရာတွေ၊ သတိထားစရာတွေ အမြောက်အများပါခဲ့ပါတယ်..။ အဲ့ဒီမြောက်များစွာထဲက ကျွန်တော့်ရင်ထဲ အခုအချိန်မှာ နက်နက်ရှိုင်းရှိုင်းထိုးဖောက် နေရာယူနေတဲ့ စကားတစ်လုံးရှိပါတယ်…။
Tom Hanks သေခါနီးမှာ Private Ryan ကို ပြောခဲ့တဲ့ …. “Earn it…!” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်…။
သူဆိုလိုတာကတော့ ဒီ Ryan ဆိုတဲ့ သာမည စစ်သားလေးတစ်ယောက်ကို ကယ်ဖို့အတွက် စွန့်လွှတ်စတေးခဲ့ရတဲ့ (သူအပါအ၀င်) ရဲဘော်ရဲဘက်တွေရဲ့ အသက်ဝိဥာဉ် တွေနဲ့ ထိုက်တန်အောင် …။ ကျန်ရှိနေသေးတဲ့ လူ့သက်တမ်းတစ်လျှောက်မှာ တန်ဖိုးရှိအောင်နေပါ..။ အဓိပ္ပါယ်ရှိအောင်နေပါ..။ ဒီစွန့်လွှတ်မှုတွေကို အလကားမဖြစ်ပါစေနဲ့ဆိုပြီး ဆိုလိုတယ်လို့ ကျွန်တော် ယူဆပါတယ်..။ အင်္ဂလိပ်လိုကတော့ စကားလေးက နှစ်လုံးထဲပါ..။ Earn It…!
မနေ့က ကျွန်တော် အဲ့ဒီ့စကားလုံးလေး နှစ်လုံးရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်…။
ကျွန်တော် အခုနေမယ့် အိမ်လေးကိုပြောင်းဖို့အတွက် ပထမဆုံးလာကြည့်တော့..။ အခန်းလေးက တော်တော် စုတ်ပြတ်နေပါတယ်..။ အခန်းထဲမှာ ဘိလပ်မြေအိပ်တွေ၊ အုတ်ခဲကျိုးတွေပါ ပုံနေပါတယ်…။ အဲ…။ အခန်းဝမှာတော့ ခွေခွေလေးအိပ်နေတဲ့…။ ရွှေဝါရောင် အမွှေးရှည်ရှည်တွေ…။ ပြည့်ဖောင်းဖောင်း မျက်နှာကြီးကြီး တစ်ခုရယ်နဲ့ Eye Shadow တွေ ဆွဲထားတယ်လို့ ထင်ရလောက်အောင် မဲနက်ပြီး ၀ိုင်းစက်နေတဲ့ မျက်ဝန်းတစ်စုံ ရှိတဲ့ သူတစ်ယောက် ငြိမ်ငြိမ်လေး အိပ်နေပါတယ်…။
လူသံတွေကြားတော့ ခေါင်းထောင်လာပြီး ရှူးရှဲရှူးရှဲ ထဟောင်ပါတယ်…။ ကျွန်တော်နဲ့ ပါလာတဲ့ ဒီနေရာမှာ အရင်နေနှင့်တဲ့ Senior က လှမ်းအော်လိုက်ပါတယ်…။
“Jackie ငြိမ်ငြိမ်နေစမ်း…..။”
ကျွန်တော် ငယ်ငယ်ကတည်းက ခွေးတော်တော်ချစ်တတ်ပါတယ်…။ ကိုယ်ပိုင် Passport နဲ့ တန်ဖိုးကြီးခွေးတွေကအစ လမ်းဘေး အိမ်ကြို အိမ်ကြားက သာမန် ခွေး တွေအထိ ကျွန်တော် အကုန်ချစ်ပါတယ်…။ ကျွန်တော့် ဘ၀မှာ ခွေးကိုက်ခံရတယ်ဆိုတာလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး..။ ဘယ်လောက်သောင်းကျန်းပါ တယ်ဆိုတဲ့ ခွေးပဲ ဖြစ်ဖြစ်..။ ကျွန်တော်နဲ့ မဖြစ်မနေဆုံလို့…။ အို အို အို..။ တောက်တောက်တောက် ဆိုပြီး လုပ်လိုက်တာနဲ့..။ အမြှီးတနှံ့နှံ့ဖြစ်ကာ ကျွန်တော်နဲ့ ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းတစ်ယောက်လို ဖြစ်သွားလေ့ရှိပါတယ်…။
ကျွန်တော်အခုအိမ်ကို မပြောင်းခင် ကျွန်တော့်ဘေးမှာ မိသားစု သုံးစုရှိပါတယ်..။ ကျွန်တော်ပြောင်းမလာခင်အထိ Jackie ဟာ အဲ့ဒီ့မိသားစုအိမ်တွေမှာ ဗိုလ်ကျခြင်တိုင်း ဗိုလ်ကျ..။ စားချင်တဲ့အချိန်စား..။ အိပ်ချင်တဲ့အချိန်အိပ်ပါတယ်…။ အပြင်မှာချမ်းရင် အိမ်ထဲအထိ ၀င်အိပ်တတ်ပါတယ်…။ မိသားစုတွေအားလုံးက Jackie အဲ့လိုဆိုးပေမယ့်..။ ကလေးတစ်ယောက်လိုပဲ အားလုံးက တော်တော်ချစ်ကြပါတယ်..။ ချစ်မယ်ဆိုလည်း ချစ်သင့်ပါတယ်…။ သူ့ရဲ့တောင့်တောင့်ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးရှယ်..။ ရွှေရောင်အမွှေးရှည်ရှည်လေးတွေရယ်..။ မည်းနဲ ၀ိုင်းစက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ အဲ့ဒီ့မျက်ဝန်းနောက်က ဖြူစင်နေတဲ့ မျက်ဝန်းလေးတွေရယ် ဟာ တွေ့တဲ့သူတိုင်း သူ့ကို မချစ်ပဲ မနေနိုင်အောင် ဆွဲဆောင်နိုင်ပါတယ်…။
Jackie ရေ ထမင်းစားမယ်ဆိုရင်..။ ဟန်မဆောင်နိုင်အောင် ပါးစပ်ထဲက သွားရည်တွေ တတောက်တောက်ကျတဲ့အထိ ကလေးဆန်တဲ့သူဖြစ်ပါတယ်…။
ကျွန်တော်တို့ မိသားစုပြောင်းလာပြီးတဲ့နောက် Jackie ကျွန်တော်တို့အိမ်မှာပဲ စတည်းချပါတော့တယ်..။ ကျွန်တော့်အမျိုးသမီးကလည်း ခွေးချစ်တတ်တော့ Jackie တို့က အကြိုက်ဖြစ်သွားပါတယ်..။ ကျွန်တော့် အမျိုးသမီးကို သူဆိုးချင်တိုင်းဆိုးပါတယ်..။ Lady Black ကလည်း လူကောင်သေးသေးဆိုတော့ ဘယ်လိုမှ Jackie ကို သူမနိုင်ပါဘူး..။ ကျွန်တော်ရုံးသွားတဲ့ အချိန်များဆို Jackie ဗိုလ်ကျသမျှ သူခံရပါတယ်…။ ဒါပေမယ့် အချစ်ကတော့ မပျက်ခဲ့ပါဘူး…။
ပြီးခဲ့တဲ့ အပါတ်က ကျွန်တော့်အမေနဲ့ ညီမ ကျွန်တော့်ဆီကို လာလည်ကြပါတယ်..။ ၂ ပါတ်နီးပါးလောက်နေသွားကြပါတယ်…။ အိမ်ရှေ့ကို ဘယ်သူလာလာ လူစိမ်း မြင်တာနဲ့ ကမူးရှူးထိုး ဟောင်တတ်တဲ့ Jackie ဟာ..။ ကျွန်တော့်အမေကို မြင်တာနဲ့ ငယ်စဉ်ကတည်းက သူ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ သခင်တစ်ယောက် အလား အငန်းမရ ဆီးကြိုပါတယ်…။ ဒါတောင် မနက် ၄ နာရီ ဝေလီဝေလင်း အမြင်မသဲကွဲသေးတဲ့အချိန်ပါ..။
Jackie ဟာ ကျွန်တော့်အိမ်ရဲ့ ဖိနပ်ချွတ်မှာအိပ်ရတာ ၀ါသနာပါပါတယ်..။ ဘယ်လောက်ပဲ မောင်းထုတ်ထုတ် ပေကပ်ပြီး အိပ်နေတတ်ပါတယ်..။ အိမ်က လူ တစ်ယောက်ယောက် အပြင်က ပြန်လာတာနဲ့ အဲ့ဒီ့လူဆီပြေးသွားပြီး..။ သူ့ရဲ့ ကြီးမားတဲ့ခေါင်းကြီးနဲ့ အတင်းတိုးဝှေ့ကြိုဆိုတတ်ပါတယ်…။ သံပန်းတံခါးပိတ်ထား လို့ အိမ်ထဲဝင်မရရင် လက်နဲ့ ယက်ပြီး တံခါးကိုဖွင့်တတ်ပါတယ်..။ တစ်ခါတစ်လေ ကျွန်တော်တို့ နှစ်ယောက်အပြင်က ပြန်လာတာနဲ့ ဆိုင်ကယ် (ကျွန်တော်တို့ နှစ်ယောက်ဆီ) ဆီကို ပြေးလာလိုက် တံခါးဝကို သွားပြီး လက်နဲ့ ပုတ်ပြလိုက် လုပ်ကာ တံခါးဖွင့်ခိုင်းတတ်ပါတယ်…။
သူဟာ တိရစ္ဆာန်တို့ သဘာဝ အခြားသောခွေးတွေကို အနိုင်ကျင့်တတ်ပေမယ့် သူအနိုင်မကျင့်တဲ့ ခွေးမလေးတစ်ကောင်ရှိပါတယ်…။ အစက ကျွန်တော် အဲ့ဒီ့ ခွေးမ လေးကို သတိမထားမိပါဘူး..။ အမေတို့ရောက်နေတုန်း တစ်နေ့မှာ Lady Black က နာမည်ဆန်းဆန်း တစ်ခုကို ပါးစပ်က ခေါ်လိုက်လို့ ..။ ဘာပြောလိုက် တာလည်းဆိုပြီး မေးတော့..။ Lady Black က ရယ်လျက်ပြောပါတယ်…။
“ဒီတစ်ယောက်ကြည့်ရတာ သိပ်ပြည့်ပုံ မရဘူး ကိုရဲ့ ချစ်ဖို့လည်းကောင်းတယ်..။ အဲ့ဒါကြောင့် “ပြားဝက်” လို့ နာမည်ပေးလိုက်တာ”
ကျွန်တော် တော်တော်သဘောကျသွားတယ်..။ သူပြောမှ သတိထားပြီး ကြည့်မိတော့ တကယ်ကို မပြည့်ပုံရပါတယ်…။ ဒါပေမယ့် ချစ်ဖို့ကောင်းတာကလည်း အမှန်ပါ ပဲ..။ နောက်ပိုင်း ကျွန်တော် တစ်ချက်တစ်ချက် သတိထားကြည့်မိပါတယ်..။ ကျွန်တော် ရုံးကပြန်လာရင် ကျွန်တော့်ကို Jackie နဲ့အတူ ပြားဝက်လဲ လာကြိုတတ်ပါတယ်..။ ဒါပေမယ့် ထူးဆန်းတာက Jackie က ဒီအတိုင်းလာကြိုပေမယ့်..။ ပြားဝက်က ကျွန်တော့်ကို လာကြိုပြီ..။ ကျွန်တော်ပြန် လာတာ မြင်ပြီဆိုတာနဲ့ အနားမှာ ရှိတဲ့အရာတစ်ခုခုကို ပါးစပ်နဲ့ချီပြီး ကျွန်တော့်ဆီ ယူလာလေ့ရှိပါတယ်..။ တစ်ခါတစ်လေ အ၀တ်စ..။ တစ်ခါတစ်လေ သစ်သား ပြားလေးတွေက အစ ပါပါ တယ်…။
သြော တကယ်ကို တစ်ဝက်ပဲ ရှိတဲ့ “ပြားဝက်” ပါပဲလား….။
တစ်ခါတစ်လေ ကျွန်တော် Lady Black ကို နောက်လေ့ ရှိပါတယ်…။ ဟိုမှာ ခင်ဗျား ချစ်ချစ် ဗိုက်ဆာနေပြီ ထမင်းသွားကျွေးလိုက်ဦးတို့..။ သူရန်ကုန်ပြန်သွားတဲ့ အချိန်မှာ ခင်ဗျားရည်းစားကြီး ခင်ဗျားကို လွမ်းနေပြီတို့ဆိုပြီး Jackie နဲ့ နောက်လေ့ရှိပါတယ်…။
တကယ်ဆို Lady Black ဘေးမှာ ကျွန်တော့်ထက်ပိုပြီး Jackie က အနေများခဲ့ပါတယ်…။ Lady Black က သရဲကြောက်တတ်သလို..။ ကျွန်တော့်အိမ်ကလည်း တကယ်ခြောက်ပါတယ်..။(အခုတော့ အိမ်တက်ဆွမ်းကျွေး၊ ပရိတ်ရွတ်လိုက်တော့ မရှိတော့ပါဘူး) Lady Black ကြောက်မှန်းသိလို့ပဲလား..။ သူ့သဘာဝအရ လား တော့ မသိပါဘူး…။ ကျွန်တော်ရုံးသွားပြီဆိုတာနဲ့ Jackie ကျွန်တော့် ဇနီးနားက မခွာတော့ပါဘူး..။ တစ်ခါတစ်လေ သူမီးဖိုထဲ ဟင်းချက်နေတဲ့အချိန်မှာ အိမ်ရှေ့ ဖိနပ်ချွတ်မှာ ခွေခွေလေးလာအိပ်ပေးနေလေ့ရှိပြီး..။ တစ်ခါတစ်လေ အခန်းထဲမှာခင်းထားတဲ့ ကော်ဇောတွေကို ပိုင်ဆိုးပိုင်နင်း နင်းဖြတ်ကာ မီးဖိုထဲအထိ ၀င်လာပြီး ကျွန်တော့်အမျိုးသမီး ဟင်းချက်နေတဲ့ အနားမှာ လာအိပ်နေလေ့ရှိပါတယ်…။ ဒီလိုအချိန်မှာ ကျွန်တော်မဟုတ်တဲ့ တစ်စုံတစ်ယောက်ကများ အိမ်ရှေ့ကို ရောက်လာ မယ်ဆို တဟုန်ထိုးပြေးပြီး ဟောင်ဖို့ ၀န်မလေးတတ်သူတစ်ယောက်ပါ….။
“Jackie ရှိတာ သရဲတောင်မကြောက်တော့ဖူး..။ ဟင်းချက်နေတုန်းအိမ်ရှေ့လှမ်းကြည့်လိုက်လို့ ဖိနပ်ချွတ်မှာ သူအိပ်နေတာတွေ့ရင် စိတ်ထဲ လုံခြုံသလို ခံစားရတယ်” ဒါက မနေ့က မနက်က Lady Black ပြောခဲ့တဲ့ စကားပါ…။
“သူတို့ကိုကျွေးဖို့ ဈေးသည်ဆီက ကြက်ခေါင်းနဲ့ တောင်ပံတွေ  ၂ ရက်ခြားမှာထားတယ်…။ ဆန်လည်း သီးသန့်ဝယ်ထားတယ်…။ တစ်လကို သူတို့စားရိတ် ၄ သောင်းလောက်တော့ ကျမယ်…။” မနေ့က မနက်ပိုင်းက ပြောခဲ့တဲ့ Lady Black ရဲ့ စကားတွေပါ…။
ညနေ ကျွန်တော်ရုံးက ပြန်ရောက်ပြီး စိတ်ထဲမှာလည်း အလုပ်လုပ်ချင်စိတ်မရှိတာနဲ့ ကျွန်တော့် အမျိုးသမီးနဲ့အတူ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးလိုက်ပါတယ်..။ Lady Black က “အပြင် ပြန်မထွက်တော့ဘူးဆိုရင် Jackie တို့ကို အပြင်ထုတ်ပြီး..။ ဆိုင်ကယ်သွင်းလိုက်တော့လေ ကို…။ တော်ကြာ ခြင်တွေဝင်လာတော့မယ်..။”
အချိန်က ၅ နာရီ ၀န်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်…။ ခါတိုင်းဆို Jackie တို့က ကျွန်တော့်ဖိနပ်ချွတ်မှာ ညနေ ၆ နာရီ ၇ နာရီအထိ ၀င်နေလေ့ရှိကြပါတယ်..။
“အင်း..။အင်း…”
Jackie တို့ကို အပြင်ထုတ်ပြီး ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်း ရုပ်ရှင်ကြည့်နေလိုက်ပါတယ်..။ နာရီဝက်လောက်အကြာမှာထင်တယ်..။ ဘေးအိမ်က ညီလေးက အရေးတကြီးပြေးလာခေါ်တယ်…။
“အစ်ကို..။ အစ်ကို..။ အရေးကြီးလို့..။ မြန်မြန်..။”
ကျွန်တော် ပြေးထွက်သွားလိုက်တယ်….။
“အစ်ကိုရယ် ဟိုမှာ Jackie ကိုကြည့်ပါဦး” ဆိုပြီး ငိုမဲ့မဲ့ မျက်နှာနဲ့ပြောလို့ ကျွန်တော်ကြည့်လိုက်မိတော့….။
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရတယ်..။ အမြဲတမ်းတက်ကြွလန်းဆန်းပြီး အသန့်ကြိုက်တဲ့ Jackie တစ်ယောက် တစ်ကိုယ်လုံး ရွှံ့တွေ အလိမ်းလိမ်း..။ မျက်နှာကလည်း ချက်ခြင်းချောင်ကျသွားတယ်…။ လျှာလည်းထွက်နေပြီ…။ ကျွန်တော်အိမ်ဘက်ကို လမ်းလျှောက်လာလိုက်..။ ဘိုင်းကနဲ ပြစ်လဲ သွားလိုက်…။ ကျွန်တော် သိလိုက်ပြီ..။
Jackie အဆိပ်မိလေပြီ….။
“ဖြိုး ဖြိုး လာကြည့်ပါဦး….”
ကျွန်တော့်မိန်းမအပြင်တောင်မရောက်လိုက် Jackie ကို အိမ်ထဲကလှမ်းမြင်လိုက်ကတည်းက သူထိုင်ကျသွားတယ်….။
“ညီလေး အခုဘာတိုက်ထားလည်း..”
“ဘဲဥဖောက်တိုက်ထားတယ်အစ်ကို..။ အစ်ကို့ဆီမှာ ကန်စွန်းရွက်ရှိရင် အရည်ကျိတ်ပြီးတိုက်ရအောင်…။”
“ကန်စွန်းရွက်တော့မရှိဖူး…။ ထညက်တော့ရှိတယ်…။ သကြားရှိတယ်..။ တိုက်ထားလိုက်…။ အစ်ကို ဆရာဝန်ပြေးခေါ်မယ်…။ ညီလေး ဒီမှာနေခဲ့..”
ကျွန်တော့်အိမ်ဘေးက ညီလေးလည်း မျက်ရည်စမ်းတမ်းတမ်းဖြစ်နေပါပြီ..။ Jackie ကို ထညက်ကျွေးဖို့အတွက် သူကိုယ်တိုင် ၀င်ချုပ်ပါတယ်..။ တရုတ်ကပြားလေး ဆိုတော့ Jackie ကိုယ်က ရွံ့တွေရယ်..။ ရှုန်းရာကနေခြစ်မိတဲ့ ခြစ်ရာတွေရယ်နဲ့ သူ့တစ်ကိုယ်လုံးလည်း ရစရာမရှိတော့ပါဘူး…။
ကျွန်တော် Jackie ကို တစ်ချက်ပွတ်ပြီး ပြောလိုက်ပါတယ်…။
“သား..။ ခဏလေးတောင့်ထားနော်..။ မြန်မြန် ပြန်လာခဲ့မယ်…”
ကျွန်တော်ဆိုင်ကယ်ကို တဟုတ်ထိုးမောင်းထွက်ပြီး ပြင်ဦးလွင်အနှံ့ တိရစ္ဆာန်ကုဆရာဝန် လိုက်ရှာခဲ့ပါတယ်…။ စိတ်ထဲကလည်း မှီပါစေဆိုတဲ့ ဆုတောင်းတစ်ခုကိုသာ အထပ်ထပ်ဆုတောင်းနေမိခဲ့တယ်..။ နောက်ဆုံး ဆရာဝန်ရှိတဲ့နေရာကို သိပြီးလိုက်သွားတယ်…။ နာရီဝက်လောက်ကြာသွားပါတယ်…။
“ကျွန်တော့်ခွေး အဆိပ်မိလို့ Doctor ရယ် မြန်မြန်လေးလိုက်ခဲ့ပေးပါ…”
ဆရာဝန်ကတော့ သိပ်ဟန်မပျက်..။ ဘာမှမဖြစ်သည့်ပုံ..။ ကျွန်တော့်မှာသာ စိတ်ကို မနဲချုပ်ထားရသည်..။ Jackie ဆီလည်းပြန်ချင်ပြီ…။
“တပ်ထဲမှာ ပြစ်တဲ့အဆိပ်က သိပ်ပြင်းတယ်…။ မမှီလောက်ဖူးထင်တယ်…” ကျွန်တော် တကယ်ကို ဒေါသထွက်သွားသည်…။ ဒါလားဆရာဝန်စိတ်ဓာတ်…။ မမှီတာကို ကျွန်တော်သိသည်..။ ဒါပေမယ့် တတ်နိုင်သလောက် Jackie ကို ညင်ညင်သာသာ ဘ၀ကူးသွားစေချင်သည်…။
“မမှီဘူးဆိုတာ ကျွန်တော်သိပါတယ် Doctor. ဒါပေမယ့် သက်သာအောင် တစ်ခုခုတော့ လိုက်လုပ်ပေးပါ..” ဆရာဝန်ရဲ့ အမျိုးသားကလည်း ပြောတော့မှ မလိုက်ချင် လိုက်ချင်နဲ့ လိုက်လာသည်…။
တကယ်မမှီတော့တာကို သူ့ သမ္ဘာအရသိလို့ စိတ်လျော့ထားမှန်း ကျွန်တော်သိပါတယ်..။ ဒါပေမယ့် ဒီအချိန်မှာ လာပင့်တဲ့သူရဲ့စိတ်..။ သတ္တ၀ါတစ်ကောင် မချိမဆန့် ခံစားနေရတဲ့ဆိုတဲ့ ကိုယ်ချင်းစာတရားတော့ အနဲနဲ့အများရှိသင့်ပါတယ်…။
ဒါတောင်ကျွန်တော့်ကို မေးလိုက်သေးတယ်.. “ဘာခွေးအမျိုးအစားလဲတဲ့”
ကျွန်တော့်စိတ်ထဲ ထောင်းခနဲဖြစ်သွားတယ်…။ မကောင်းတတ်လို့သာ တော်တော်ချုပ်ထိန်းလိုက်ရတယ်…။ “သာမန်ခွေးပါပဲ Doctor ရယ်..။ ဒါပေမယ့် လိုင်းခန်းတစ်ခုလုံးက သားသမီးလည်း မရှိကြသေးတော့ သားလို ချစ်ရတဲ့ သူဖြစ်နေလို့ပါ…။”
ကျွန်တော် အိမ်ကိုပြန်ရောက်တော့ Jackie အသက်ရှိသေးသည်…။ ကျွန်တော့်မိန်းမ ကျွန်တော့်ဆီ ပြေးလာပြီး ငိုသံနဲ့ ပြောသည်…။
“ကို…။ ပြားဝက်လေးလဲ သေပြီ…။ အဖြူမနဲ့ ဖက်ပြီးတော့ သေနေတာ…။ သနားပါတယ်…” ကျွန်တော် တော်တော်ဆို့သွားသည်..။
သူပြောတဲ့ အဖြူမဆိုတာ အလွန် အေးသော ခွေးမလေးဖြစ်သည်…။ အကောင်ကြီးသော်လည်း သူများတွေဆီက အစာကိုလုမစားတတ်..။ သူ့ကို သီးသန့်ကျွေးမှ စားတတ်သော သူဖြစ်သည်။ သူများတွေရန်လိုလျှင်လည်း သူစားနေတာကို ဖယ်ပေးလေ့ရှိသည်….။ မနက်ကတင် သူများတွေ အနိုင်ကျင့်မှာစိုးလို့ ကျွန်တော့် Lady Black က သူကိုယ်တိုင် လက်နဲ့ ခွံ့ကျွေးခဲ့သေးသည်..။ သေသွားတဲ့ သူတွေအတွက်တော့ မတတ်နိုင်တော့..။ အခုဆရာ ၀န်လည်း လာပြီ Jackie လည်း မသေသေးဘူးဆိုတော့..။ မရှိမဲ့ ရှိမဲ့ မျှော်လင့်ချက်လေး နဲနဲရှင်သန်လာသည်…။
မှီများ..။ မှီပေဦးမလား…။
လိုင်းခန်းက အရာရှိတွေ Jackie နားမှာ ပြုံနေသည်..။ ကျွန်တော်ဖယ်ပြီး Jackie နားကိုသွားလိုက်တော့ သူတော်တော်မောနေပြီ ဖြစ်သည်…။ ဆရာဝန်က ဆေးထိုးဖို့ လုပ်သည်..။ ထိုအချိန်မှာ ကန်စွန်းရွက်ပြုတ်ရည်တိုက်ဆိုတော့…။ Jackie ကို ကျွန်တော် လက်နှစ်ဘက်နဲ့ သူခြေထောက်နှစ်ဖက်ကို ချုပ်ပေး သည်..။ ကျွန်တော့်အိမ်ဘေးက ညီလေးက ရှေ့လက်နှစ်ဘက်ကိုချုပ်သည်..။ ကျန်တဲ့သူတွေကတော့ ကြည့်သာကြည့်နေကြသည်..။ ကိုင်ဖို့နေနေသာသာ အနားတောင် သိပ်မကပ်ရဲပေ…။
“ကဲ ညီလေး ပါးစပ်ဖြဲပြီး လောင်းထည့်ကွာ..။ ကိုယ်ချုပ်ထားမယ်..”
အစာအဆိပ်မိသွားသော သူတစ်ယောက်ပီပီ..။ သူ့ပါးစပ်ထဲကို တစ်စုံတစ်ခုထပ်ထည့်မှာ အရမ်းကြောက်နေပုံရသည်…။ ပြားဝက်တို့၊ အဖြူမတို့မှာ အကောင်သေး သလို..။ စိတ်လည်း သိပ်ပြင်းပုံမရသောကြောင့်..။ အစာစားမိသည့်နေရာမှာတွင် ချက်ခြင်းသေသွားကြပုံရသည်…။ Jackie ကတော့ စိတ်တော်တော် ပြင်းပုံရသည်။ သူ အခြေအနေမကောင်းတော့မှန်းသိသည်နှင့် သူ့ကို အမြဲအစာကျွေးလေ့ရှိတဲ့ ကျွန်တော့်အိမ်ဘေးက ညီလေးအိမ်နဲ့ ကျွန်တော့်အိမ်ကို ရောက်အောင် ပြန်ပြေးလာခဲ့ သည်..။
ကျွန်တော့်ကို ညီလေး လာမခေါ်ခင်မှာပင် Jackie လမ်းလျှောက်လိုက် လဲလိုက်ဖြစ်နေပြီ ဖြစ်သည်..။ ကျွန်တော်ဆရာဝန်သွားခေါ်တဲ့အချိန်မှာ ကျွန်တော့် မိန်းမပြောပြတာ့..။ သူအိပ်နေကြ ကျွန်တော်တို့ အိမ်ထဲက ဖိနပ်ချွတ်ကို အတင်းပြေးပြီး အဲ့ဒီနေရာမှာ ခွေခွေလေးသွားအိပ်နေသည်တဲ့…။ သူ့ကို အဆိပ်ပြေဖို့ ဘဲဥအနှစ်တိုက်ဖို့အပြင်ကို မနဲအတင်း ဆွဲထုတ်ရတယ် ပြောပါတယ်…။
အခု Jackie ကို ဆေးထိုးပေးတာက တခြားလိုင်းခန်းတစ်ခုရှေ့ရောက်နေပါပြီ..။ ဆရာဝန်က ဆေးနှစ်လုံးထိုးပါတယ်…။ ခဏစောင့်ကြည့်မယ်တဲ့..။ သက်သာရင် နောက်တစ်လုံး ထပ်ထိုးမယ်ပြောတယ်…။ ကျွန်တော် Jackie ခြေထောက်ကို ချုပ်ထားတယ်…။ ကျွန်တော့်ရင်တွေ အရမ်းစို့နင့်နေတယ်..။ လူတွေ အများကြီးရှေ့မှာ မျက်ရည်မကျအောင် မနဲထိမ်းထားရတယ်..။ စိတ်ထဲကနေ သရဏဂုံ သုံးပါးရွတ်ပေးနေတယ်..။ ဖြစ်နိုင်ရင် (လူတွေသာမရှိရင်) မင်းဟာ တကယ် လိမ္မာတဲ့အကြောင်း..။ ဘာကိုမှ နောက်ဆံမတင်းသင့်ကြောင်း…။ ဒီဘ၀က လွတ်ကျွတ်တဲ့အခါ နောင်ဘ၀ကောင်းတစ်ခုကို ရောက်နိုင်ကြောင်း..။ အခုလို မောဟတွေ ဝေဒနာတွေနဲ့ သေခဲ့ရင် ဘ၀ကောင်းတစ်ခုကို ဘယ်လိုမှမရောက်နိုင်ကြောင်း..။  တဖွဖွပြောပြီး ဘုရားစာကို ပါးစပ်က ထုတ်ပြီး ရွတ်ပေးလိုက် ချင်ပါတယ်…။
“Doctor ရေတိုက်လို့ရမလား..”
“ရတယ် ရတယ်…”
ကျွန်တော်တို့ နှစ်ယောက်ချုပ်ထားသည်..။ နောက်ထပ် ညီလေးတစ်ယောက်က ပါးစပ်ကို အတင်းဖြဲပြီး ရေလောင်းထည့်သည်..။
“ဖြေးဖြေးလုပ်..။ ပါးစပ်ထဲကရေ နှာခေါင်းထဲဝင်ပြီး မွန်း….”
တဆက်ဆက်တုန်ပြီး အတင်းရုန်းနေသော Jackie ခန္ဓာကိုယ်သည် ရုတ်တရက် ချက်ခြင်းရပ်သွားတာကို သူ့ကို ချုပ်ထားတဲ့ ကျွန်တော်သိလိုက်သည်…။ သူ့ခန္ဓာ ကိုယ်တစ်ခုလုံး ချက်ခြင်းအေးစက်ပြီး တက်လာသည်…။ ရေတိုက်ဖို့ ကြိုးစားတဲ့သူက ကြိုးစားတုန်း…။
“ညီလေး… Jackie သွားပြီ….”
ကျွန်တော်ထိုင်ချပြီး ငိုသာငိုလိုက်ချင်သည်….။
ကျွန်တော်ရယ် ညီလေးတစ်ယောက်ရယ် Jackie ခန္ဓာကိုယ်ကိုကြီးကို မသွားသည်။ ပြားဝက်တို့၊ အဖြူမတို့ သေသည့်နေရာနားတွင်ပင်မြှုပ်ရန်ဖြစ်သည်…။
အရှေ့မှာ နှစ်ကောင်သေနေတယ်လို့ သိရတော့ Lady Black က ပြားဝက်မဖြစ်ပါစေနဲ့…။ ဒီတစ်ကောင်တော့ ချန်ခဲ့ပေးပါလို့ အကြိကြိမ်ဆုတောင်းပြီး သွားတယ်လို့ ပြောပါတယ်…။ ဒါပေမယ့် သူ့ဆုတောင်းတွေမပြည့်ခဲ့ပါဘူး…။ ကျွန်တော် သွားကြည့်တော့ တကယ်ပဲ ပြားဝက်လေးနဲ့ အဖြူမတို့ဟာ တစ်ကောင်နဲ့ တစ်ကောင် ယှက်ပြီး (ဖက်ပြီး) သေနေတာကို သနားစဖွယ် မြင်ခဲ့ရပါတယ်..။ အဲ့ဒီ့နားမှာပဲ နောက်ထပ် ခွေးအမည်းလေးတစ်ကောင်လည်း သေနေပါတယ်..။ ကျွန်တော်တို့ စုစုပေါင်း လေးကောင် မြေမြှုပ်ပေးခဲ့ပါတယ်…။
အိမ်ပြန်ရောက်တော့ ဖြိုးလည်း ငိုပါတယ်..။ ကျွန်တော်လည်း ငိုပါတယ်…။ အမေ့ဆီ ဖုန်းဆက်ပြီး လှမ်းပြောတော့ အမေလည်းငိုပါတယ်…။ အားလုံးငိုကြရပါတယ်..။
ဒါဟာ သံယောဇဉ်ပဲ မဟုတ်လားဗျာ…။
ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ စကားတွေဆက်ပြောဖြစ်သည်…။ မနက်ကမှ ကျွန်တော့်ကို လာကြိုနေသည့် Jackie နှင့် သစ်သားပြားလေးကိုက်ပြီး လာကြိုတဲ့ ပြားဝက်လေး ကို ကျွန်တော်တွေ့ခဲ့သေးသည်..။ အခုမရှိတော့…။
မနက်မြင်၍…. ညနေမှာ ပျောက်ကွယ်ခဲ့လေပြီ…။
မသေခင် Jackie ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်သွားတဲ့အကြည့်တွေကို ကျွန်တော် မြင်ယောင်နေမိသည်…။ သူသာ စကားပြောတတ်ပါက ဘာတွေ များ နောက်ဆုံး အနေနဲ့ ပြောသွားချင်ပါသလဲ…။
လောကရဲ့ မတည်မြဲတဲ့ သဘောတရားတွေလား…။ သံယောဇဉ်တရားရဲ့ လောင်ကျွမ်းမှုတွေအကြောင်းလား….။ သံသရာဆိုတဲ့ စက်ဝန်းကြီးတစ်ခုအကြောင်း လား..။ ဒါမှမဟုတ် ..။ နောက်ဆုံး..။ အစာအိမ်ပျက်စီးလို့ ပူလောင်နေတဲ့ သူမပိုင်ပေမယ့် ပိုင်တယ်လို့ ထင်ခဲ့တဲ့ ခန္ဓာကိုယ်ကြီးရဲ့ ဝေဒနာအကြောင်းလား….။ အနဲဆုံး…..
“နှုတ်ဆက်ခဲ့ပါတယ်…” ဆိုတဲ့ စကားတစ်ခုများလား….။
ဒါမှမဟုတ်….။ Tom Hanks ပြောခဲ့တဲ့ “Earn It….!” ဆိုတဲ့ စကားလေများလား…..။
သေချာတာကတော့ ကျွန်တော့်ဘ၀တစ်လျှောက် ဖြတ်သန်းလာခဲ့ရသမျှ ပထမဆုံးသောသက်ရှိတစ်ယောက်အနေနဲ့ ကျွန်တော့်လက်ထဲမှာပင် ဘ၀ကူးသွား ခဲ့ ခြင်း ဖြစ်သည်…။ များစွာကြေကွဲရပါသည်…။ များစွာတုန်လှုပ်ရပါသည်…။
Jackie ရဲ့ သေခြင်းတရားသည် ကျွန်တော်တို့အတွက် အလဟသ မဖြစ်သင့်ဟု ကျွန်တော်ယုံကြည်သည်..။ ကျွန်တော်တို့တွင် အချိန်တွေရှားပါးခဲ့ပြီ…။ ကျွန်တော်တို့အလှည့်သည် ဒီနေ့လော မနက်ဖြန်လော မမြင်နိုင်ပြီ…။ ကျွန်တော်တို့ အဆင်သင့်ဖြစ်ခဲ့ပြီလော…။ ဒါမှမဟုတ် မဖြစ်သေးသလော..။ တကယ်လို့များ ကျွန်တော်တို့အပေါ် ကံကြမ္မာက မျက်နှာသာမပေးခဲ့သည့်အချိန်တွင် Jackie လိုမျိုးသွေးမပျက်အောင် ကျွန်တော်တို့ အဘယ်သို့သော အသိတရားဖြင့် ထိန်းချုပ်ကြ မည်နည်း..။ အဘယ်သို့သော သတ္တိဖြင့် နောင်ဘ၀ကို ရင်ဆိုင်ကြမည်နည်း…။
အချိန်တွေကို ကျွန်တော်တို့မပိုင်ပါ..။ ဒီခန္ဓာကိုယ်လည်း ကျွန်တော်တို့မပိုင်ပါ….။ လောကတွင် ကျွန်တော်တို့ဘာမှမပိုင်ပါ..။ ကျွန်တော်တို့ပိုင်တာ ပစ္စုပ္ပန်ဆိုတဲ့ အခွင့်အရေးလေးတစ်ခုသာရှိသည်…။ မနက်ဖြန်ကို ကျွန်တော်တို့မပိုင်ပေ…။ ထို့ကြောင့် ကျွန်တော် ပစ္စုပ္ပန်အချိန်ကပင်စပြီး ပြင်ဆင်ခဲ့ပြီ ဖြစ်သည်..။
ခင်ဗျားရော ဘယ်တော့ ပြင်ဆင်မလဲ မိတ်ဆွေ…။ ကျွန်တော်ကတော့ ကျွန်တော့်မျက်စိရှေ့…။ ကျွန်တော့်ရင်ခွင်ထဲတွင် ဘ၀ကူးသွားသော Jackie ရဲ့ သေခြင်းတရား ကို အလဟသအဖြစ်ခံမည်မဟုတ်ချေ…။ ခင်ဗျားရော ဘယ်လိုခံယူမလဲမိတ်ဆွေ….။
သေချာတာတစ်ခုတော့ ရှိသည်…။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးအတွက်… ။ ကျွန်တော်ချစ်သော လောကအတွက်…။ ခင်ဗျားတို့အတွက်….။
“I Will Earn From It…..”
P.S- Jackie၊ ပြားဝက်၊ အဖြူမနဲ့ အခြားသောအဲ့ဒီ့နေ့က သေဆုံးသွားတဲ့ သတ္တ၀ါအပေါင်းအတွက် သင်္ကန်းလှူကာ ရေစက်ချဖို့ စီစဉ်သွားမည် ဖြစ်ပါသည်။
သူမ နှင့် ကျွန်တော်…
နိဒါန်း
၂၀၀၁ ခုနှစ်
“ကိုဦး…။ ဖုန်းလာတယ်…။”
“ဟ…ဟ ဖုန်းတဲ့ဟ…။ ခဏနေကြဦး…။ ခဏ..။ ခဏ..။ ချက်ခြင်း ပြန်လာခဲ့မယ်” ဘောလုံးပွဲက အရှိန်ကောင်းနေတုန်း ဖြစ်သည်။ ဒီနေ့လို လူစုံ၊တက်စုံ မကန်ရတာ ကြာပြီ..။ ကိုသူရ၊ ကိုဝထ၊ စွမ်းရည်အောင်၊ သီဟအောင်၊ လှထွဋ်၊ သီဟံစိုး၊ အောင်အောင်၊ ဖိုးသာထူး…။ လူအကုန်ပါသည်..။ ကန်လို့ကလည်း တော်တော်ကောင်းနေတဲ့ အချိန်…။ ဖုန်းဆိုတော့ တော်တော် ဦးနှောက်စားသွားသည်..။ ဘယ်သူ့ဆီကမှလည်း အရေးတကြီးလာစရာ မရှိပေ…။
ဒီကြားထဲ အခုလို ခြံထဲမှာဘောလုံးကန်ဖို့ဆိုတာ နဲတဲ့အခွင့်အရေးမဟုတ်ပေ..။ အဖေလစ်တုန်း ကန်ရတာ ဖြစ်သည်။ အဖေသိသွားရင် အိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရ နိုင်သည်..။ ခေါင်းနဲ့ ဆင်းခိုင်းတာလဲ အကြောင်းရှိသည်။ ခြံထဲမှာ ဘောလုံးကန်တဲ့ အကျိုးအားဖြင့် အိမ်နံရံမှာ ရှိတဲ့ဆေးတွေ ဘောလုံးရာဖြင့် အကွက်လိုက် အကွက်လိုက်တွေမနဲ…။ အခုချိန် (၂၀၁၁) အထိ ရှိသေးသည်..။ ကွဲသွားတဲ့ အဖွားရဲ့ ကက်တလေရာ သစ်ခွပင်တွေနဲ့..။ မီးလုံးဖိုးတွေကလည်း မနည်းတော့ပေ…။
“ဟေ့ကောင် မြန်မြန်ပြန်လာခဲ့..”
“အေးပါဟ..။ ခဏပါ..”
“ဟောဟဲ…ဟောဟဲ..။ ဟဲလို …? ဘယ်သူလဲ မသိဘူးခင်ဗျ…?”
“သြော်…။ နင်လား..။ အေး ငါ့ကို နေနေပြောထားတယ်..။ အရင်နေ့တွေကလည်း နင်ဆက်တယ်လို့ အိမ်ကပြောတယ်..။ ငါနဲ့မတွေ့ဖြစ်တာ..။ ဟောဟဲ…ဟောဟဲ”
“အေး..။ ဟုတ်တယ်..။ ဘောကန်နေတာ…။ ခဏလောက်နေမှ ပြန်ဆက်ပါလား..။ ငါသွားကန်လိုက်ဦးမယ်…”
“အေး…အေး..။ အိုကေ အိုကေ…။ Thank You”
“ကိုဦး ဘယ်သူလဲ..” ကိုသူရက လှမ်းမေးသည်…။
“စောစောက ဘယ်နှစ်ဂိုး ဖြစ်နေပြီလဲ…?” ကျွန်တော် ပြန်မေးလိုက်သည်….။
အခန်း (၁)
“အင်း…။ လာခဲ့မယ်…။ ဘယ်နေရာလဲ…”
“ok..ok… ၈ နာရီနော်….။ အေး…။ အေး…။ စိတ်ချ..”
မြေနီကုန်း ဒဂုံ စင်တာ အဲ့ဒီ့တုန်းက မပြီးသေးပေ..။ ဆောက်ရင်းတန်းလန်းသာရှိသေးသည်…။ တစ်ချို့ဆိုင်ခန်းတွေတော့ ကြိုကြား ကြိုကြားဖွင့်ထားတာ ရှိသည်။ အပေါ်ထပ်လူနေတိုက်ခန်းနေရာများမှာတော့ ကွန်ပျူတာ သင်တန်း တစ်ခုရှိသည်…။
“ရောက်အောင် လာရမှာပေါ့ဟာ…။ ငါကတွေ့ချင်တာကိုး…။ ဒါနဲ့ ငါတောင်းထားတဲ့ဟာရော…?”
“အေးပါ..။ ငါသေသေချာချာ သိမ်းထားပါ့မယ်…”
“အေး..။ ဟုတ်တယ်…။ မနက်ဖြန်သွားရမှာ…..။ ခဏပါ….။ ၁ ပါတ်လောက်ပါပဲ…။ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်…။ ငါ ကတိပေးပါတယ်…။”
၁ ပါတ်ဆိုသော အချိန်ကာလသည်…။ အရင်ကတော့ မထူးခြား..။ အခုတော့ ထူးခြားသည်..။ တော်တော်ကြာပါသည်…။ ခဏတိုင်း ထုတ်ကြည့်မိသောကြောင့် အချိန်တိုအတွင်း နွမ်းသွားသော ဓာတ်ပုံလေးက …။ ကျွန်တော့်ရင်ထဲက အလွမ်းအင်အားကို အတိအကျဖော်ပြသည်…။ ဖုန်းဆက်ခြင်သည်…။ သူ့အသံကြားခြင် သည်..။ Under Training ဆိုသော စကားသည် တော်တော် အသဲယားဖို့ကောင်းပေသည်..။ မလှုပ်သာ မလွန့်သာ ရှိလှသည်…။ ပင်ပန်းပါသည်…။ သို့သော် သူ့အကြောင်း စဉ်းစားခြင်းက ပင်ပန်းမှုကို ရာနှုန်းပြည့် ကွယ်ပျောက်စေသည်…။
ဒဂုံစင်တာကို အပြေးအလွှားရောက်သွားခဲ့သည်…..။
“ငါလည်း သတိရတာပေါ့ဟာ…”
“ငါလာခဲ့မယ်…။ ဆရာကန်တော့ပွဲက နင်တိုကျောင်းမှာပဲမလား…။ ကျောင်းရှေ့က စေတီလေးထဲမှာ ငါစောင့်နေမယ်…”
St.Flo ကျောင်းသည် ပြည်လမ်းပေါ်မှာ တည်ရှိသည်။ မဟာမြိုင်ဆေးခန်း၏ မျက်နှာခြင်းဆိုင် လမ်းလေးထဲတွင် ကျောင်းအ၀င်အ၀ ဂိတ်ရှိသည်။ ဂိတ်နှင့် မျက်နှာခြင်း ဆိုင်တွင် ဓမ္မာရုံတစ်ခုနှင့် စေတီ သေးသေးလေး တစ်ဆူရှိသည်။ ပြင်းထန်လှသော ဆောင်းရာသီ၏ အပူချိန်၏ ဆန့်ကျင်ဘက်ဖြစ်သော အေးချမ်းလှသည့်  အရိပ်ကောင်းကောင်းရနိုင်ပေသည်။ ဂိတ်ဝတွင် အရွယ်ပေါင်းစုံ၊ အရောင်ပေါင်းစုံဖြင့် လိပ်ပြာအချို့ လူးလာခေါက်တုံ့ ပျံသန်းနေကြသည်…။ ထိုထဲတွင် ဟိုဘက် ဒီဘက် လူးလာခေါက်တုံ့ ပြန်သန်းရင်း တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရသော လိပ်ပြာလေး တစ်ကောင်လည်း ပါသည်…။ ငါ ဒီမှာပါ လိပ်ပြာလေးရေ….။
“မပင်ပန်းပါဘူးဟာ…။ ချွေးပြန်တာကတော့ နေပူတာကိုးဗျ..။”
အဖြူရောင် စွတ်နေသော တစ်ရှူးစအချို့ ကျွန်တော့်ဆီမှာ ချွေးတွေကို စုပ်ယူစားသုံးသွားသည်…။
“ငါ နင့်ကို ပြောစရာရှိတယ်…။ လူတစ်ယောက်ရဲ့အကြောင်းပေါ့…”
“အခု ငါကောင်မလေး တစ်ယောက်ကို အရမ်းချစ်မိနေတယ်…။”
“အဲ့ဒါ နင့်သဘောကို သိချင်လို့…”
“ဟုတ်တယ်…။ နင်နဲ့ဆိုင်တယ်…။ နင့်ကိုမေးမှလည်း ဖြစ်မယ်…။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ကောင်မလေးက နင့်အကြောင်းကို အကုန်သိနေတယ်…”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ…။ သူက နင့်အကြောင်းကို ဘယ်လောက်အထိ သိလဲဆိုရင်…။ အခုလက်ရှိ…။ နင်ဘာတွေးနေတယ်..။ ဘာတွေခံစားနေရတယ် ဆိုတာ အထိ သိတယ်..”
“…..ha..ha”
“ဘာလို့ အဓိပ္ပါယ်မရှိရမှာလဲဟာ…။ ဒါဆို ငါနင့်ကို တစ်ခုမေးမယ်…။ အဲ့ဒီ့ငါ့ရဲ့ မေးခွန်းက နင်သိချင်တဲ့ မေးခွန်းအတွက်လည်း အဖြေပဲ…။”
“လောကမှာ ငါတို့အကြောင်းကို ငါတို့ထက် ပိုပြီး သိတဲ့သူ ဘယ်သူများ ရှိသေးလို့လဲဟာ…?”
နူးညံ့သော အထိအတွေ့အချို့….။ ကျွန်တော့် ရင်ခွင်ထဲ ခိုဝင်လာသည်….။ ပူနွေးသော အထိအတွေ့အချို့ သူ့လက်ဖမိုးပေါ်သို့ လှိမ့်ကာ စီးဆင်းလာသည်…။ အာရှတိုက် ကုန်းမကြီးကို ဖြတ်သန်းတိုက်ခတ် လာသော အေးမြ၍ ခြောက်သွေ့သော လေပြေအချို့သည် ကျွန်တော်တို့ နှစ်ယောက်၏ ရင်ခုန်သံ ကို အေးခဲသွားလောက်အာင်   လုံလောက်သော အအေးဓာတ်ကို ပေးစွမ်းနိုင်စွမ်း မရှိခြေ…။
အခန်း (၂)
Cyber သင်တန်းသည် ယခင် TTC ကျောင်းဝန်း၏ အနောက် ဆရာအတတ်သင် သင်တန်းဆောင်များအနီးတွင် ရှိသည်။ သင်တန်း၏ အရှေ့တွင် မြက်ခင်းများ ဖြင့် စိမ်းလန်းနေသော ပန်းခြံတစ်ခုရှိသည်..။ ထိုမှ တစ်ဖန် နောက်တစ်ဘက်တွင်…။ သင်တန်းများပိတ်ထားသဖြင့်…။ အလိုလို ပိတ်လျက်သား ဖြစ်နေသော…။ အခန်းလွတ်များ ရှိသည်…။ တစ်ချက် တစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသော ဆောင်းလေအချို့နှင့် မနက်စောစော နှင်းငွေ့များနှင့် ထိတွေ့သောကြောင့် ထွက်ပေါ် လာသော မြက်ပင်တို့မှ ရနံ့တစ်မျိုးမှ လွှဲ၍ ထိုအခန်းလွတ်များထဲတွင် မည်သူမျှ မရှိတတ်ပေ…။
“ခင်ဗျားလေး တော်တော်လည်ပါလား..။ စောစောကပဲ ခင်ဗျားအဖေ သန်တန်းရှေ့မှာ ကားနဲ့ ချပေးသွားတာတွေ့လိုက်တယ်…။ အဲ့ဒီ့အရှေ့အပေါက်ကပဲ ပြန်ထွက် လာမယ်ထင်လို့ အဲ့ဒီ့ဘက်ကိုပဲ ငေးနေတာ..။ ဘယ်အချိန် အနောက်က ရောက်လာမှန်းတောင် မသိလိုက်ဖူး..”
“… ဟ..ဟ”
“ရယ်ပါ…။ ဒါနဲ့ စာရေးလာတယ်ဆို ဘယ်မှာလဲ…”
“ပါတာပေါ့…ရော့…။ တစ်ညလုံး စိတ်ကြိုက်ထိုင်ရွေးထားတာ…။ ဒါပေမယ့် အင်္ဂလိပ်သီချင်းတွေချည်းပဲ…။ မြန်မာ သီချင်းကတော့ လောလောဆယ် အာရုံနဲ့ ညိတာ သိပ်မရှိလို့ မပေးသေးဘူး…”
“GNR ပါတယ်..။ Aerosmiths ပါတယ်…။ Bon Jovi ပါတယ်…။ အင်း…။ Bryan Adam လည်း ပါတယ်ထင်တယ်….”
“ဘာရေမွှေး စွတ်ထားတာလဲ…”
“တော်တော်မွှေးတယ်နော်…။ ဒီလို ဆောင်း မနက်ခင်းတွေနဲ့ ဒီရေမွှေးနံ့နဲ့ တော်တော်လိုက်တယ်…။”
အချိန်တို့သည် ရိုးရှင်းစွာပင် ဖြတ်သန်းသွားသည်…။ ကုန်နေကြအတိုင်းပင် ဘယ်မှညာသို့ နာရီလက်တံတို့၏ တိုက်စားမှုကို ငြိမ့်ညောင်းစွာပင် ခံယူသွားသည်။ တစ်ခါ တစ်လေ လွမ်းရသည်…။ တစ်ခါတစ်လေ နမ်းကြသည်…။ တစ်ခါတစ်လေ တမ်းတသည်…။ တစ်ခါတစ်လေ နွမ်းလျသည်…။ တစ်ခါတစ်လေ…
” အဲ့ဒီ့လူ ဘယ်သူလဲ…။ ငါတို့ ဒဂုံစင်တာမှာတုန်းက နင့်ကို စကားလာပြောတဲ့ လူမလား..။ ဒီ ဘာလာလုပ်တာပါလိမ့်…”
“သြော်…..”
ကံကြမ္မာသည် တစ်ခါတရံ ပုဆိုးခြုံထဲမှ လက်သီးပြရုံသာမက…။ တစ်ခါတစ်ရံ အခြောက်တစ်ကောင်၏ လက်သီးပုန်းမျိုးထိုးတတ်သည်။ ထိုသို့ထိုးသော အခါ ခံစား ရသော သူမှာ..။ မိန်းကလေးကျောင်းတွင် ဖွန်သွားကြောင်မိသဖြင့်…။ အချစ်တော်များ၏ လိုက်ရိုက်ခြင်း ခံရတာနှင့်တူသည်…။ ပြန်ရိုက်ရအောင်ကလည်း မိန်းကလေး ဖြစ်နေ…။ ခံလာရအောင်ကလည်း မိန်းကလေးရိုက်တာ ခံရသည် ဖြစ်ဦးမည်…။ တော်တော် အူကြောင်ကြာင်နိုင်၍ အောင့်သီ အောင့်သက် ဖြစ်ဖို့  ကောင်းသည်…။ ဘယ်လောက်ခံရ ခက်သည့် ခံစားချက် ဖြစ်ကြောင်း အကယ်၍ မိတ်ဆွေသည် မိန်းကလေးကျောင်းမှ ကောင်မလေးတစ်ယောက်အား လိုက်ဖူးပါက သိပါလိ့မ်မည်…။ ထိုကဲ့သို့ ခံရဆိုးပါသည်။ သို့သော် ရှိစေ…။ အတိတ်သည် ပစ္စုပ္ပန် မဟုတ်ပေ..။ သို့သော် တစ်ခါတစ်လေ အတိတ်သည် အနာဂတ်၏ နိမိတ်ဖြစ်တတ်ကြောင်း သိဖိုရာ ထိုအချိန်က ကျွန်တော့်၏ အသိဥာဏ်သည် ဆယ်တန်း အောင်ပြီး ကာစသာ ရှိပေသေးသည်…။
“ပြင်လို့မရတော့ဘူးလေဟာ..။ ငါသွားရတော့မယ်…။ အားလုံးလဲ ပြင်ဆင်ပြီးပြီ…။ ခေါ်စာလည်း ရောက်လာပြီ…။ အများဆုံးကြာ နောက် နှစ်လပေါ့…”
“ဟုတ်လား…။ တကယ်လို့ နင်ဒီသင်တန်း ပြီးသွားရင် ငါတို့ ဘယ်လိုတွေ့ကြမလဲ…”
“ဖူး….။ တော်သေးတာပေါ့ဟာ….”
“ငါလည်း မခွဲနိုင်ပါဘူးဟာ…..”
အခန်း (၃)
ကန်တော်ကြီးနားမှာ ကီးတော်ကျန် ဆိုသော စားသောက်ဆိုင်သေးသေးလေးရှိသည်။ အမှန်မှာ ကီးတော်ကျန်သည် ကန်တော်ကြီး ပင် ဖြစ်သည်..။ အဘယ့်ကြောင့် ဆိုသော် ကန်တော်ကြီးသည် ကီးတော်ကျန် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကန်တော်ကြီးသည် ကီးတော်ကျန် ဖြစ်ကာ..။ ကီးတော်ကျန်သည် ကန်တော်ကြီး ဖြစ်နေခြင်းဖြစ်သည်..။ ရှင်းပါသည်…။
ကီးတော်ကျန်နှင့် (ယခင်) ရွှေလိပ်ပြာ ဟိုတယ်၏ ကြားတွင် Forever Media Group က ဖွင့်သည့် Graphic Design သင်တန်းတစ်ခုရှိသည်။ ထိုသင်တန်းတွင် ကျွန်တော့်ရဲ့ လိပ်ပြာလေး ရှိသည်။ အပြေးအလွှားကျွန်တော်ရောက်သွားတော့ သင်တန်းစသွားပြီ ဖြစ်သည်…။ ခပ်တည်တည်နှင့် သင်တန်းခန်းမထဲ သင်တန်းသားလိုလို ဘာလိုလိုဖြင့် ၀င်လိုက်သည်…။
အ….မော….ဆို့….သွား…..သည်။
” ဒါ ဘာသဘောလဲ.. ဘာသဘောလဲ… ဘာလုပ်တာလဲ…?”
“အဲ့ဒါတွေ ငါနင့်ကိုရှင်းပြပြီးပြီပဲ…။ နင်ဒီလို လက်စားချေတဲ့ စိတ်ကြီးနဲ့လုပ်တာတော့ မကောင်းပါဘူး..”
“လက်စားချေတာမဟုတ်ရင် ဘာသဘောလဲပြော….”
“အေးပါဟာ..။ ဒီလိုဆိုလည်း ထားလိုက်ပါတော့..။ ငါသွားရဖို့ကလည်း ရက်ပိုင်းပဲ လိုတော့တယ်…။ ငါတို့ ဒီအချိန်မှာ ပြဿနာမတက်ချင်ဘူးဟာ..။ အချိန်တွေက ငါတို့အတွက် သိပ်ရှားပါးနေပြီ….။ ဒါနဲ့ ငါသွားမယ့်နေ့ နင်လိုက်ပို့မှာလား…?”
ကမ္ဘာမြေနှင့် နီးလာလေ ကမ္ဘာ့ဆွဲအားကြောင့် အရှိန်ပိုပြင်းလာလေ သကဲ့သို့ပင်…။ အချိန်တို့သည် သာမန်ထက် ပိုမိုလျင်မြန်စွာ ကုန်ဆုံးသွားသည်။ အိုင်းစတိုင်း၏ Relativity Theory သည် ချစ်သူနှစ်ယောက်၏ ခွဲခွာခါနီးအချိန်အထိတိုင်အောင် မှန်ကန်နေဆဲဖြစ်သည်။ လေးစားပါသည် အိုင်းစတိုင်း..။ သို့သော် သင့်လိုတော့ ကျွန်တော် အိမ်ထောင် နှစ်ဆက်မကျလိုပါ…။ သမိုင်း၏ စာမျက်နှာတွင် ရှာကြီးတန်းလန်းဖြစ်နေသော ဓာတ်ပုံကို မတင်ကျန်စေလိုပါ…။ သင်ကား ဆင်ခြင်ဖို့ကောင်း ခဲ့ပေသည်…။
“ငါ နင်လိုက်ပို့မယ်ထင်တာ…”
ကျွန်တော့်လိပ်ပြာလေးသည် အဖြူရောင် စပို့ရှပ်လေးနှင့် လက်သုတ်ပ၀ါအကွက် စကက်အတိုလေးကိုဝတ်ထားသည်။ (လက်သုတ်ပ၀ါအကွက်အား မျက်လုံးထဲ မမြင်ပါက စကော့ဒလန်သားများဝတ်သော ၀တ်ရုံကို မြင်ကြည့်ပါ) ကျွန်တော့်လက်ထဲတွင် အနီရောင် နှင်းဆီပန်းလေး တစ်ပွင့်ရှိသည်…။ မကြာခင်မှာပင်..။ သူမလက် ထဲတွင် အနီရောင် နှင်းဆီပန်းလေး တစ်ပွင့် ရှိသွားသည်။ ကျွန်တော့်လက်ထဲတွင် အနီရောင် နှင်းဆီပန်းလေး မရှိတော့ပေ…။
“ငါ နင့်ဆီကို အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်…။ ငါ့ကိုစောင့်နေပါ…”
ကျွန်တော်အမုန်းဆုံးအရာများထဲတွင် ရန်ကုန်ဘူတာကြီးသည် ထိပ်ဆုံးက မှတ်တမ်းဝင်သွားသည်။ နွေးထွေးနူးညံ့သော ပတ်ဝန်းကျမှ…။ အေးစက် ပြင်းထန်သော ပတ်ဝန်းကျင်သို့ ကျွန်တော့်အား သနားညှာတာခြင်း ကင်းမဲ့စွာ ခေါ်ဆောင်သွားခဲ့သည်..။ ရာသီဥတုသည် ပြင်းထန်သည်။ ဆောင်းသည် အရိုးစိမ့်အောင် အေးသည်။ ၀တ်ထားသော စွတ်ကျယ်လက်ပြတ်၊ ဘောင်းဘီတိုနှင့် ခေါင်းပေါ်မှ မကျန့်တကျန် ဆံပင်တို့သည် လုံလောက်သော အနွေးဓာတ်ကိုမပေးနိုင်…။
ဘယ်လိုပင် ပင်ပန်းသောလည်း…။ ကျွန်တော့်လိပ်ပြာလေး၏ လက်ရေးသည် အလွန်လှသည်…။ သူမ၏ မျက်ဝန်း ၀ိုင်းဝိုင်းလေးများနှင့်တူသည်…။ သူမ၏ လက်ရေးများတွင် သူမ၏ ရေမွှေးနံ့ကို ကျွန်တော်ခံစားမိသည်…။ ကျွန်တော့်လက်ရေးသည် ပဲပင်ပေါက်ကားတိုက်ထားတာထက်ဆိုးသည်။ ကျွန်တော့်လက်ရေး ကြာင့်တော့ သူမ အမောပြေလိ့မ်မည် မထင်…။ ၃ လ တာ ကာလသည် ကြာသည်..။ ထို့ထက် ဖုန်းဆက်ခွင့်မရခြင်းသည် ပိုဆိုးသည်…။ ၃ လ မပြည့်ခင် သတင်းလေး တစ်ခုရောက်လာသည်….။
ကျွန်တော်…။
က….မ္ဘာ…..ပျက်…..သွား…..သည်။
နိဂုံး (ပထမပိုင်း)
၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်
“အဲ့ဒီ့တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင် တကယ့်ကို ရယ်စရာပါပဲ…။ နင်ရော ငါရော တော်တော်အူကြောင်ကြောင်နိုင်ခဲ့တာပဲ…”
“ငါမှားခဲ့တာတွေ အများကြီးပါ…။ တကယ်တော့ ငါမှားခဲ့တာတွေ အများကြီးဆိုတာထက် ငါ့အမှားတွေချည်းပဲလို့ပြောလို့ရပါတယ်..။ ငါ့ရဲ့ ပွေချင် ရှုပ်ချင်တဲ့ ဥာဉ်ဆိုး တွေ…။ မလိ့မ်တပါတ်လုပ်တတ်တဲ့ အကျင့်တွေ…။ ငါ နင့်အပေါ်မှာ အကြွေးတွေ အများကြီးတင်ခဲ့ပါတယ်…။ ငါ အထင်လွဲခဲ့တာတွေ အတွက်လည်း ငါတောင်းပန်ပါတယ်..”
“ဒီအချိန်မှာ ငါပြောချင်တာ တစ်ခုပဲ ရှိတယ်…။ ဒီနေ့က စပြီး နင့်ဘေးနားမှာ ငါ့ ခန္ဓာနဲ့ ၀ိဥာဉ် တည်နေ၍ အမြဲရှိချင်တယ်…။ ရေစက်တစ်စက်တောင် နင့်ကို မစင်စေရဘူးလို့ ငါပြောရဲတယ်…။”
“ငါ နင့်ကို အရမ်းတန်ဖိုးထားပါတယ်ဟာ….”
နိဂုံး (ဇာတ်သိမ်း)
၂၀၁၁ ခုနှစ် ဧပြီ ၃ ရက်
“ကျွန်တော် ကျွန်မတို့သည် ယနေ့မှစ၍ တစ်ဦးနှင့် တစ်ဦးအပေါ် လင့်ဝတ္တရားငါးပါး၊ မယားဝတ္တရား ငါးပါးတို့ဖြင့် ပျော်ရွှင်သာယာ၍ သစ္စာတည်သော ဘ၀တစ်ခုကို နှစ်ဦးသဘောတူ တည်ထောင်မည် ဖြစ်ပါကြောင်း ကြိမ်ဆိုအပ်ပါသည်။”
P.S – HAPPY BIRTHDAY TO MY ONLY & UN-SUBSTITUTABLE WIFE ~~~PHYO~~~
၉/ခ စံပယ်
ဇူလိုင်..။ သြဂုတ်..။ စက်တင်ဘာ..။ အောက်တိုဘာ..။ နိုဝင်ဘာ..။ ဒီဇင်ဘာ..။ ဇန်န၀ါရီ…။ ဖေဖော်ဝါရီ..။ မတ်…။ ဧပြီ…။ မေ…။
အချိန်တို့သည် ထင်တာထက်ပိုပြီး လျှင်လျှင် မြန်မြန်ကုန်ဆုံးသွားပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ အချို့အတွက် မသိသာပါဘူး..။ မထူးခြားပါဘူး..။ အချို့အတွက်တော့ တစ်နှစ်ဆိုတဲ့ အချိန်မပြောနဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလောက်နဲ့ တင် အရာအားလုံးကို ပြောင်းလဲပြစ်ဖို့ လုံလောက်ပါတယ်..။
ကျွန်တော်အတွက်တော့ ဒုတိယအမျိုးအစားက အကြုံးဝင်ပါတယ်..။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင်ကို လုပ်စရာတွေက စနစ်တကျ ပြည့်နေခဲ့ပါတယ်..။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ဘ၀အမျိုးအစားအရ ဒါဟာ သိပ်မထူးဆန်းပါဘူး…။ စာဖတ်သူတွေအတွက်လည်း ထူးဆန်းမယ် မထင်ပါဘူး..။ ဒီကာလတစ်ခုအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ…။ ခံစားချက်တွေဟာ အမျိုးစုံသလောက် ရသလည်း စုံလှပါတယ်…။ ဒီအတွေ့အကြုံတွေထဲက ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ကျွန်တော် ပြန်ပြောပြချင်ပါတယ်…။ ဒီစာကိုဖတ်လိုက်ရလို့ ကုန်ဆုံးသွားမယ့် တစ်စုံတစ်ခုသော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွက် မပြောပလောက်သော ပမာဏလေးဖြစ်ဖြစ်တော့ အကျိုးရှိကောင်း ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…။
ပထမတော့ ဒီအကြောင်းကို ကျွန်တော် ၀တ္ထုတို တစ်ပုဒ်အသွင်ပြောင်းပြီ ယခင့်ယခင်များကအတိုင်း မြှုပ်ကွက်လေးတစ်ခုထားပြီး ရေးမလို့စဉ်းစားခဲ့ပါသေးတယ်..။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ရလိုက်တဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေး (ဆုံးမ) တဲ့အနေနဲ့ရော ကျွန်တော့်လို အခြေအနေမျိုး (အနဲနဲ့အများဆိုသလို) ကြုံတွေ့နေရတဲ့ စာဖတ်သူများအတွက်ရော သတိထားမိနိုင်အောင် အဖြစ်အပျက်တစ်ခုအနေနဲ့ပဲ ဆောင်းပါးပုံမျိုး ရေးဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်..။
ဒီလိုပါ…။
ကျွန်တော် ရန်ကုန်ပြန်ရောက်လာပြီးကတည်းက အကြီးမားဆုံးအရူးထနေတဲ့ ရောဂါကတော့ အခုကျွန်တော်စီးနေတဲ့ကားကို အသစ်လဲချင်နေတာပါပဲ..။ ကျွန်တော့် မိသားစုဟာ တော်ဝင်အဆင့်၊ Top 10 အဆင့်ဝင်လောက်အောင် မချမ်းသာပေမယ့်…။ သာမန်ထက်ပိုပြီး ပြည့်ပြည့်စုံစုံနေနိုင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒီ့အတွက် အပေါ်ယံအားဖြင့်ကြည့်မယ်ဆိုရင် ကားတစ်စီးလိုချင်နေတဲ့ ကျွန်တော့်ရဲ့ ဆန္ဒ (အရူးထမှု) ဟာ ပြဿနာတစ်ခုဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ ကြိုက်တဲ့ကား  တွေ့လို့ ဈေးလည်း သင့်တယ် (ကျွန်တော့်အသက်အရွယ် ကျွန်တော့်သောက်ဆင့်လောက်နဲ့ တော်ရုံတန်ရုံကားဆိုပါတော့) ဆိုရင် အခုစီးနေတဲ့ကား ကို ပေါက်ဈေးအတိုင်း ရသင့်သလောက်ရအောင်ရောင်းလိုက်..။ ပြီးရင် လိုတဲ့ငွေ နဲနဲပါးပါး (ရာတော့ကျော်တာပေါ့ဗျာ..။ သိန်းရာကျော်တာကို နဲနဲပါးပါး လို့ ရေးတယ်ဆိုပြီး သြဘာအပေး မစောကြပါနဲ့ဦး။ ကျွန်တော်အပေါ်မှာပြောခဲ့သလို ဒီဆောင်းပါးဟာ အမှားကို (အထူးသဖြင့်ကိုယ့်အမှားကို ကိုယ် ၀န်ခံတဲ့ဆောင်း ပါး တစ်ခုဖြစ်တဲ့အတွက် အစပိုင်းအသုံးအနှုံးနဲ့ အခြေအနေကတော့ ကြွားရာ ကြီးကျယ်ရာ ရောက်ကောင်းရောက်နိုင်ပါတယ်) အသာတကြည်  ၀ယ်လိုက်ရုံပါပဲ…။ ဒါပေမယ့် အဓိက ပြဿကတော့ ကျွန်တော့်အဖေပါပဲ…။
ကျွန်တော့်အဖေဟာ လက်ရှိအခြေအနေထိရောက်လာဖို့ အောက်ခြေဘ၀ကနေစပြီး သမာအာဇီဝဖြစ်သော လုပ်ငန်းများကို ကြိုးစားရုန်းကန်ရင်း ကျွန်တော်တို့ မိသားစုကို တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့အတွေးအခေါ်၊ အယူအဆနဲ့ ဆုံးဖြတ်ချက်တွေဟာ ရိုးရှင်းပြီး ပကာသနကင်းလွန်းလှပါတယ်..။ သူ့အတွက် ကားဆိုတာ အလုပ်လုပ်ဖို့ ဖြစ်ပါတယ်…။ သူ့အယူအဆအရ လိုချင်တဲ့နေရာကို၊ လိုချင်တဲ့အချိန်မှာ သွားနိုင်ဖို့အတွက် ကားကို အသုံးပြုခြင်း (၀ယ်ခြင်း၊ စီးခြင်း) ဖြစ်ပါတယ်..။ ဇိမ်ခံဖို့ မဟုတ်ပါတဲ့..။ ကျွန်တော်တို့ နေထိုင်ရာ A-1 ခြံကနေ လှည်းတန်းကို သွားမယ်ဆိုပါစို့..။ သာမန်ရုံးအတက်အဆင်းချိန်သွားမယ်ဆိုရင် Prado လည်း ၁၅ မိနစ် မောင်းရပါတယ်..။ သာမန်ကားတစ်စီးလည်း ထို မိနစ်ပိုင်းအတွင်းပဲမောင်းရပါတယ်..။ ကားပိုကောင်းလို့ မြန်မြန်ပိုမရောက်နိုင်ပါဘူး..။ (အထူးသဖြင့် ရန်ကုန်မြို့ ထဲမှာ ကိုယ်တိုင်မောင်းဘူးတဲ့ သူတွေသိပါတယ်) ဒါကြောင့် မလိုအပ်ပဲ ကားအကောင်းစား ၀ယ်စီးခြင်းကို အပြင်းအထန် ကန့်ကွက် သူဖြစ်ပါတယ်။ ကားဝယ်မယ့် အစား အဲ့ဒီ့ကားထဲ မြုပ်သွားမယ့် ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပဲ ဆက်ပြီး တိုးချဲ့ချင်တဲ့ သူတစ်ယောက်ပါ။
ကျွန်တော့်လို အောက်သက်မကြေတဲ့ကောင်နဲ့ သူ့လို ရိုးသားတဲ့သူ ထိပ်တိုက်တွေ့ကြတဲ့ အချိန်မှာ ပြဿနာကစပါတယ်…။ ခွန်းကြီးခွန်းငယ်..။ ပြန်လာတဲ့နေ့က စလို့..။ ဒီကားဝယ်ဖို့ အကြောင်းအရာ ရောက်သွားတာနဲ့ ပြဿနာက စပါတယ်…။ အမေတွေ အဖိုးတွေကလည်း ကျွန်တော်ရော အဖေရော ပြနေတဲ့ အကြောင်းပြ ချက်ကိုယ်စီက သူ့ဟာနဲ့ သူခိုင်မာ မှန်ကုန်မှု ရှိနေတာကြောင့် ဘယ်သူ့ဘက်မှ မလိုက်ပဲ ဆိတ်ဆိတ်သာ နေနေခဲ့ကြပါတယ်..။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ သားအဖ နှစ်ယောက်ကြားက စစ်အေးတိုက်ပွဲက အချိန်ကြာလာခဲ့ပါတယ်..။
အဲ့ဒီ့ကြားထဲမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုအဖြစ် ကျွန်တော် အိမ်ထောင်ကျသွားပါတယ်…။ အဲ့ဒီ့မှာ ပွဲက ပိုဆူသွားပါတယ်..။ နဂိုကတည်းက ကားရူးနေပါတယ် ဆိုမှ..။ အိမ်ထောင်ကျသွားတော့ လူအမြင်မှာ ပိုပြီးတင့်တောင့် တင့်တယ် ဖြစ်ချင်လာတယ်…။ (ပိုကြွားချင်လာတယ်ပဲ ဆိုပါတော့ဗျာ…) ဒီအချိန်အနေတွေကို ရိပ်စား မိလာတဲ့ ကျွန်တော့်အဖိုးက နောက်ဆုံး ထွက်ပေါက်တစ်ခုပေးလိုက်ပါတယ်..။ ကျွန်တော် ပြန်မလာခင်ကတည်းက ကျွန်တော့်အတွက် ၀ယ်ထားတဲ့ ခြံတစ်ကွက်ကို သူက ထုတ်ရောင်းခွင့်ပြုလိုက်ပါတယ်…။ ဒီခြံရောင်းထွက်သွားရင် မင်းလည်း စီးချင်တဲ့ ကား အသင့်အတင့် တစ်စီးဝယ်စီး ..။ ပိုတာတွေကို မင်းတို့ဥာဏ်ရှိသလို သုံးကြ ပေါ့ကွာဆိုပြီး ခြံရောင်းခွင့်ပေးလိုက်ပါတယ်…။
ကျွန်တော်တို့ ၀ယ်ထားတုန်းက အဲ့ဒီ့ခြံက အမြတ်တော်ခွန်ဆောင်အပြီး ၁၀၀ မပြည့်တပြည့်ပဲ ကျပါတယ်…။ ဒါနဲ့ ရောင်းမယ်ဆိုပြီး ဈေးခေါ်လိုက်ပါတယ်..။ ကျွန်တော်တို့ ၈၅၀ ခေါ်လိုက်ပါတယ်….။ အိုကေ..။ အဆင်ပြေတယ်..။ ပွဲစားတွေကလည်း သဘောကျတယ်…။ လိုချင်တဲ့သူတွေကလည်း သဘောကျတယ်..။ အုတ်တံတိုင်းခတ်ပြီးသား ပေ ၁၅၀ ပတ်လည်လောက်လဲရှိတယ်…။ အချက်အချာကျတဲ့နေရာမှာလည်း ရှိတယ်…။ လာကြ..။ ကြည့်ကြ..။ မေးကြပေါ့..။ ကျွန်တော်တို့ လင်မယားနှစ်ယောက် (အဓိက က ကျွန်တော်ပါ..။ ကျွန်တော့်အမျိုးသမီးက ဒါတွေ စိတ်ကိုမ၀င်စားပါဘူး..။ သူ့ဘေးမှာ ကျွန်တော် ရှိနေရင် သူ့လောက လှပပြီးသား ဖြစ်နေပြီလို့ ခံယူထားပြီးသား သူပါ) လည်း တပြုံးပြုံးပေါ့..။ ၀ယ်မယ့်သူက မနက်ဖြန် သဘက်ခါလာတော့မယ်..။ စာချုပ်တွေ ဘာတွေအားလုံးလဲ ပြင်ပြီး သွားပြီ…။
တစ်ဘက်မှာဝယ်ဖို့ ကားတွေ ဘာတွေလည်းကြည့်ပြီးပြီ…။ 5D Mark II ရောဂါတက်နေတဲ့ ကျွန်တော့်အရူးထမှုကလည်း နေမြင့်တာနဲ့အတူ တော်တော်ရင့်။ Lady Black က သူလည်း ဓာတ်ပုံရိုက်တာ ၀ါသနာပါတယ်..။ ကျွန်တော်က အသစ်ဝယ် သူက အခု ကျွန်တော့် 50D နဲ့ရိုက်မယ်ဆိုပြီး Plan ချကြပါတယ်..။ ကျွန်တော့အထင်တော့ သူ ဒီလောက်ကြီး ဓာတ်ပုံရိုက်တာကို ၀ါသနာမပါ ပါဘူး..။ ကျွန်တော် 5D Mark II ၀ယ်ဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလို့ ကျွန်တော် စိတ်ပြတ် သားသွားအောင် တမင်ကျွန်တော့်အဟောင်းလေးနဲ့ သူရိုက်ချင်လို့ပါဆိုပြီး အနစ်နာခံခြင်း ဖြစ်တယ်လို့ ကျွန်တော် အတိအကျယုံကြည်ပါတယ်…။ တကယ်တမ်း သူတစ်ကယ်ဝါသနာပါတာက ကျွန်တော်ရိုက်တဲ့ဓာတ်ပုံလေးတွေကြည့်ပြီး ဟိုပုံလေးကကောင်းတယ်..။ ဒီပုံကမကောင်းဘူး ဆိုပြီး ဝေဖန်တာမျိုး..။ နေပူကျဲတဲ ကျွန်တော် သွားရိုက်သမျှနေရာတိုင်းကို ထီးတစ်ချောင်းနဲ့ လိုက်မိုးပေးတာမျိုး..။ ဓာတ်တော်ချိုင့်မှာ သွားရိုက်ချင်လှပါပြီဆိုလို့..။ အတက်ချည်း ၁ နာရီကျော်တက်ရ တဲ့နေရာမျိုးကို အပင်ပန်းအဆင်းရဲခံကာ လိုက်တာမျိုးပဲ ဖြစ်ပါတယ်…။
ဒီလိုနဲ့ အားလုံးအိုကေပြီ ရောင်းမယ် ဆိုပြီးလုပ်ပြီးကာမှ…။ အမှတ်မထင် ကျွန်တော်တို့ သိလိုက်ရတဲ့ အချက်တစ်ချက်က တော်တော်ကို အံ့အားသင့်ဖို့ ကောင်းသွား ပါတယ်..။ အခြားမဟုတ်ပါဘူး..။ ပွဲစားက တင်ရိုက်ထားပါတယ်…။ ပွဲစားက ၀ယ်မယ့်သူကို ၁၁၀၀ နဲ့တင်ရိုက်ထားပြီး ကျွန်တော့်တို့ကို ပါးစပ်လာပိတ်ပါတယ်…။ စာချုပ်ချုပ်တဲ့နေ့ကြရင် ဘာမှဝင်မပြောပါနဲ့တို့..။ ၁၁၀၀ လို့ပြောပေးပါတို့..။ စသည်ဖြင့်…။ ကျွန်တော် တော်တော်တုန်လှုပ်မိသွားတယ်..။ ကျွန်တော့်ခြံ ဒီလောက် ဈေးရတာကို တုန်လှုပ်သွားတာ လုံးဝမဟုတ်ပါဘူး..။ အဲ့ဒီ့အချိန် ကျွန်တော့်ခေါင်းထဲကို အရင်ဆုံးဝင်လာတာက လူတွေရဲ့ မသမာလောဘကိုပါ…။ ခြံအရောင်းအ၀ယ်လုပ်ရင် ပွဲခပေးရတာ မဆန်းပါဘူး..။ သူတို့ထိုက်ထိုက်တန်တန် (အခုခတ် ပေါက်ဈေးရဲ့ ၂%) ယူပါတယ်။ အခုလို ပွဲအကြီးတွေဆို သူတို့ အတွက် ဆယ်နဲ့ချည်ပြီးကျန်ပါတယ်…။ ဒါကိုတင်အားမရသေးပဲ..။ သူတို့မပိုင်တဲ့ ပစ္စည်းတစ်ခုအပေါ်မှာ သိန်း ၂၅၀ ကျော် အလကားယူဖို့ စဉ်းစားတာကတော့ ကျွန်တော် တကယ်ကို လိုက်မမှီဖြစ်ခဲ့ရပါတယ်…။ (မင်းတို့ကရော လောဘ မကြီးလို့လား ၁၀၀ လောက်နဲ့ ၀ယ်ထားတာကို ၈၅၀ နဲ့ပြန်ရောင်းတယ်ဆိုရင်..။ ကျွန်တော်တို့ ၀ယ်ထားတာက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပါ။ ပြီးတော့ ကျွန်တော်တို့က ဈေးခေါ်တယ်…။ ၀ယ်ချင်တဲ့သူက သူကြိုက်လို့ တန်တယ်ထင်လို့ ၀ယ်ပါတယ်..။ အဖြေက ရှင်းပါတယ်)
ဒါနဲ့အဲ့ဒီ့ပွဲ ပျက်သွားပါတယ်…။ ကျွန်တော်လည်း အရှိက်ကို ဖြတ်အထိုးခံလိုက်ရသလို မျှော်လင့်ချက်တွေ တပွေ့တစ်ပိုက်ကြီး ဖြစ်ပြီးကာမှ အရုပ်ကြိုးပြတ်ဖြစ်သွား ပါတယ်..။ ဒါနဲ့ အဲ့ဒီ့နေ့ ညနေ ကျွန်တော်နဲ့ Lady Black မြို့ထဲက သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး အပြင်မှာ ဆုံဖို့ချိန်းလိုက်ကြပါတယ်…။
ဒီလိုနဲ့ ကျွန်တော် လှည်းတန်းမှာ မီးပွိုင့်မိပါတယ်..။ ညနေ ၆ နာရီ ၇ နာရီထုံးစံအတိုင်း ပတ်ဝန်းကျင်က မှောင်စပျိုးပျိုး..။ ကျောင်းပြန်သူတွေ၊ ရုံးပြန်သူတွေ၊ တစ်ယောက်လက်ကို တစ်ယောက်ချိတ်ကာ ရုံးလာကြို ကျောင်းလာကြိုသူတွေ၊ အဆောင်သူ အဆောင်သားတွေ၊ မြို့ပြင်ပြန်မယ့်သူတွေ၊ မြို့ထဲသွားမယ့်သူတွေနဲ့ လှည်းတန်းလမ်းဆုံရဲ့သဘာဝအတိုင်း အရောင်တွေ စုံလို့နေပါတယ်…။
ကျွန်တော့်ခေါင်းထဲမှာလည်း ကျွန်တော်အခုလိုချင်နေတဲ့ ၃၀၀ နဲ့ ၄၀၀ ကြားရှိမယ့် (စက်မှုဇုန်ထုတ်မဟုတ်တဲ့) ကားအကြောင်း၊ မရလိုက်တဲ့ သိန်း ၈၅၀ အကြောင်း၊ Range အပြည့်နဲ့ဆို ၇၀ လောက်ကျမယ့် 5D Mark II အကြောင်း..၊ လက်မတင်လေး လွတ်သွားတဲ့ မိန်းမအတွက်ဝယ်ပေးဖို့ စဉ်းစားထားတဲ့ ၂၀ ၀န်းကျင် မြင်းခွာတံဆိပ် နာရီလေးတစ်လုံးအကြောင်း…။ ပူလောင်မှုတွေ…။ မောဟတွေ…။ လောင်မြိုက်မှုတွေနဲ့…။ ကျွတ်တစ် သပ်သပ်  တောက်တစ်ခေါက်ခါက်နဲ့ပေါ့…။
လှည်းတန်းမီးပွိုင့်ကြာတာကို အကြောင်းပြုပြီး ကျွန်တော့်လိုပဲ Lady Black လည်း ငေးချင်ရာငေးရင်းတွေးချင်ရာတွေးနေပါတယ်…။ အဲ့ဒီ့အချိန် ကျွန်တော့်ကား လှုပ်ကနဲ ဖြစ်သွားပါတယ်..။ ကျွန်တော် ပထမထင်တာက အရှေ့ကကားပဲ ဘီးလိမ့်လာပြီး တိုက်သလား..။ အနောက်က ကားပဲ ကလက်ချော်ပြီး ကျွန်တော့်ကားနာက်ကို ၀င်စောင့်သလားပေါ့…။ ပြန်စဉ်းစားကြည့်တော့ ကားက ဒီလောက်ကြီး အရှိန်ပြင်းပြင်းလှုပ်သွားတာလည်း မဟုတ်ပါဘူး..။ အိကနဲ ဖြစ်ရုံ လောက်ပါပဲ…။ ဒါနဲ့ ကျွန်တော်တို့ Mr & Mrs Black နှစ်ယောက်ဘေးဘီကို သတိထားမိ ကြည့်မိလိုက်တော့….။
ကျွန်တော့်ကားက Dagon Jeep ပါ..။ Jeep ကားဆိုတော့ နဲနဲမြင့်ပါတယ်..။ မြင့်တော့ အပေါ်တက်ဖို့ တံခါးပေါက်နားမှာ ခြေနင်းလေး တစ်ခု ပါပါတယ်…။ တစ်စ တစ်စ အမှောင်ဖုံးလွှမ်းစ ပြုလာနေတဲ့ ပတ်ဝန်းကျင်ကို တော်တော်လေး အာရုံစိုက်ပြီး ကြည့်လိုက်တော့မှ ၅ နှစ်နဲ့ ၇ နှစ် ကြား ကလေးငယ်လေးတစ်ယောက်..။ ကျွန်တော့် ဂျစ်ကား ခြေနင်းခုံလေးပေါ် တက်လို့ (သူ့အရပ်က ခြေနင်းခုံပေါ်မတက်ရင် မမှီဘူးလေ၊ ကျွန်တော်တို့လည်း မမြင်ရဘူး)၊ အဲယားကွန်းဖွင့်ထားလို့ အပြည့်တင်ထားတဲ့ Lady Black ဘေးက မှန်နားမှာ မျက်နှာလေးကပ်လို့….။ လက်တစ်ဘက်က ပြန်လန်မကျအောင် ကားမှန်ဘောင်လေးကို ခဲခဲရင်းရင်းကိုင်လို့..။ ၀တ်ထားတာ က နွမ်းနွမ်းလျလျ…။ မျက်နှာလေးက ငြစ်ငြစ်နွမ်းနွမ်း…။ သူ့ဆီမှာတောက်ပတာဆိုလို့ ဖြူဝင်းနေတဲ့ မျက်ဝန်းလေးနှစ်ခုနဲ့….
လက်ထဲမှာ ကိုင်ထားတဲ့ လန်းလန်းဆန်းဆန်း စပယ်ပန်းကုန်းလေး တစ်ကုန်း….
“၂၀၀ ထဲပါ ဦးရယ်…။ ယူသွားပါနော်…။ တစ်ကုံးထဲ ကျန်တော့လို့ပါ…။”
ကျွန်တော် ပထမကြောင်သွားပါတယ်..။ နောက်တွေဝေသွားတယ်..။ ပြန်စဉ်းစားတယ်…။ ကားက သိန်း ၄၀၀…။ ကင်မရာက သိန်း ၇၀…။ စပယ် တစ်ကုံး ငွေကျပ် ၂၀၀…။ လှည်းတန်း မီးပွိုင့်သည် အမှောင်ထုကြားမှ အစိမ်းရောင် တစ်ချက်ဖြင့် ကျွန်တော့်အား မျက်စလှမ်းပြစ်ပြသည်။
ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်…။
“များတယ်ကွာ…”
လန်းဆန်းသော စပယ်ပန်းများကိုင်ထားသော ကလေးငယ်သည် နွမ်းလျသော မျှော်လင့်ချက်များဖြင့် ကျွန်တော့်ကား ခြေနင်းခုံပေါ်မှ ဆင်းသွားပါတယ်..။ ကျွန်တော့် 3C တပ်ထားတဲ့ ၉ခ Dagon Jeep ဟာလည်း အေးအေးဆေးဆေး ငြင်ငြင်သာသာပင် လှည်းတန်း မီးပွိုင့်ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတော့သည်…..။
P.S- အဲ့ဒီ့ကလေးငယ်အား နောက်နေ့များတွင် သတိထားကြည့်မိသော်လည်း လှည်းတန်းမီးပွိုင့်တွင် ထပ်မံမတွေ့ရှိခဲ့တော့ပါ…။
Email ကနေ ဖတ်မယ်…
ကျွန်တော့် Blog ကို MPT က Ban ထားပါတယ်..။ သိတဲ့သူအချို့လည်း သိကြပါတယ်..။ မသိတဲ့သူအချို့လည်း မသိကြပါဘူး…။ အချို့လည်း အမှတ်တမဲ့နဲ့ သိသလိုလို မသိသလိုလိုပါပဲ…။ ကျွန်တော်ရေးတဲ့ မဖြစ်ညစ်ကျယ်စာတွေကို ဖတ်လေ့ဖတ်ထ မရှိတဲ့သူတွေအတွက် ဘာမှ မထူးခြားပေမယ့်…။ ကျွန်တော့် Blog ကို ယခင့် ယခင် လွန်ခဲ့သည့် ၄ နှစ် ခန့်ကတည်းက ဖတ်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ စာဖတ်ပရိတ်သတ်အချို့အတွက်တော့ ဒီလို Ban ခံထားရခြင်းဟာ တော်တော်စိတ်ပျက် ဖို့ ကောင်းပါလိ့မ်မယ်..။
ဘာကြောင့် Ban ခံရလဲဆိုတာ ကျွန်တော်လည်း မသိသလို..။ Ban တဲ့သူလည်း သိမယ်မထင်ပါဘူး…။ (ဟုတ်ပါတယ်..။ သူလည်း သူ့အထက် လူကြီးက Ban ဆိုလို့ ဘန်းတာ ဖြစ်ပါလိ့မ်မယ်။ သူကိုယ်တိုင်လည်း ကျွန်တော့် Blog ကို ဖတ်ဖူးမယ် မထင်ပါ။ ရှိတယ်လို့တောင် ထင်မည် မဟုတ်ပါ…။ ) ထားပါ..။ ကျွန်တော်ပြောချင်တာ က Ban တဲ့အကြောင်းမဟုတ် ပါဘူး..။ အခုလို Ban ထားတဲ့အတွက် Blog ကို ကိုယ်တိုင်ကိုယ်ရောက်လာပြီး မဖတ်နိုင်တဲ့သူတွေအတွက်ရော…။ Blog တကာ လျှောက်ပတ်ပြီးဖတ်နေရတာ ထက်စာရင် Email ထဲမှ ငြိမ်ငြိမ်လေး Feel အပြည့်နဲ့ ဖတ်ချင်တဲ့သူတွေအတွက် ကျွန်တော်အခု Feed Burner နဲ့ Email Subscription လုပ်လိုက်ပါတယ်..။
အရင်ကလည်း လုပ်ဖူးပါတယ်..။ ဒါပေမယ့် Site က Blogspot ကနေ WordPress ကိုရွှေ့လိုက်…။ 1and1 ကနေ Dot5 ကိုရွှေ့..။ နောက် Dot5 ကနေ Bluehost ကို ပြောင်းလိုက်နဲ့..။ Blog ပိုင်ရှင်ရဲ့ စိတ်အတိုင်း ဟိုခုန် ဒီပေါက်ဖြစ်နေတဲ့အတွက် Feed တွေ ပျက်ကောင်းပျက်သွားနိုင်ပါတယ်…။ (ပျက်ကို ပျက်ကုန်တာပါ)..။ အဲ့ဒါနဲ့ လွန်ခဲ့တဲ့ ၂ ရက်ကျော်က Feed အသစ် တစ်ခု Burn လိုက်ပါတယ်…။ အဲ့ဒီ့ Feed တွေကို လုပ်နေတုန်း ရုံးမှာ Net ကျသွားတဲ့ အတွက် ဆက်မလုပ်ဖြစ်ပဲ ထားလိုက်ပါတယ်..။ အသစ်စလုပ်ပြီးပြီးချင်း  Feed အသစ်လေးရဲ့ Feed Count ကို ကြည့်လိုက်တော့ အားရစရာပါ “zero” reader ပါတဲ့..။ ဒါနဲ့ ပြစ်ထားလိုက် တယ်..။ (စိတ်နာလို့…)
အခု..။ ဒီနေ့ Internet Cafe ကနေ လာသုံးရင်း ဆက်လုပ်တော့ တော်တော်ရင်ခုန်ဖို့ ကောင်းသွားပါတယ်..။ ကျွန်တော် လျှောက်ကလိလိုက်တာ ကျွန်တော့် Google Feedburner Account ထဲမှာ Feed နှစ်ခုဖြစ်သွားပါတယ်…။ ကျွန်တော် သဘောပေါက်လိုက်တယ်..။ အရင် Feed မပျက်သေးပဲကိုး…။ ဒါနဲ့ ဆက်ကြည့် လိုက်တော့ ပိုရင်ခုန်သွားတယ်…။ ဘာလို့လဲဆိုတော့ ကျွန်တော့် Feed Account အဟောင်းထဲမှာ Email Subscription 34 readers နဲ့ Google Feedfetcher ၁ ယောက် ရှိပါတယ်..။ ကိုယ့်ကိုယ်ကို အဲ့လောက် Email Subscription ရှိမယ်လို့ ယောင်လို့တောင် အိပ်မက် မမက်ဖူးပါဘူး… (Email Subscription ရာကျော်၊ ထောင်ကျော်ရှိသူများ ပက်ပက်စက်စက် လူးလိမ့်နေအောင် ရယ်ကြပါကုန်) ..။ ဒါနဲ့…
ဟိုနေ့ကလုပ်လိုက်တဲ့ Feed အသစ်လေးကို ကြည့်လိုက်တော့ ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်…။ (အခုထိလဲ တကယ်ရော ဟုတ်ရဲ့လားလို့ သံသယ ၀င်နေတုန်းပါ) ကျွန်တော့် Feed Count ထဲမှာ 200 Readers အတိအကျ ရှိနေပါတယ်…။ ဒါပေမယ့် သူကြတော့ တစ်မျိုးပါ..။ Account အဟောင်းမှာ တုန်းကလို Email Subscription များများ (ကျွန်တော့်အတွက်) မရှိပါ…။ Email Subscription 1 ယောက်ပဲ ရှိပါတယ်..။ အဲ့ဒါလည်း တစ်ခြားမဟုတ်ပါဘူး..။ ကျွန်တော့်ဘာသာ ကျွန်တော် စမ်းကြည့်ထားတဲ့ email ပါ (တော်တော်လေးများ ကြွားရာရောက်သွားပြီထင်တယ်၊ အဲ့လောက် အားပေးတဲ့ သူများပါတယ်)
ဒါပေမယ့် Google Feedfetcher ၁၉၉ ယောက်တောင်ဖြစ်နေပါတယ်…။ သူပြထားတဲ့ Graph လေးကြည့်လိုက်တော့ March ၃ ရက်နေ့မှာ ခုန်တက်သွားတာကို တွေ့ရပါတယ်…။ Bot တွေလား Search Engine ရဲ့ Spider လားတော့ ကျွန်တော်လည်း မသိပါဘူး..။ ဘာပဲ ဖြစ်ဖြစ် ပျော်တာပေါ့ဗျာ..။ အယောက် ၂၀၀ နဲတာမှတ် လို့…။ ဖြစ်နိုင်ရင် Account အဟောင်းက Email Subscription Reader ၃၄ ယောက်ကို ဒီဘက် Account အသစ်ထဲ Transfer လုပ်ပြီး ရုပ်တည်ကြီးနဲက ၂၃၅ ယောက်လောက် ပြချင်တာပေါ့…။ ဒါပေမယ့် မရပါဘူး..။   (မှတ်ချက်။ Email Subscription အများကြီးဖြစ်အောင် စိတ်ကြိုက် အရေအတွက်ထည့်ပြီး Hack လုပ်လို့ရပါသည်။ မယုံမရှိပါနှင့် ကျွန်တော် လုပ်တတ်ပါသည် သို့သော် မလုပ်ချင်ပါ။)
ပြောရင်းနဲ့ စကားတွေက တော်တော်လမ်းချော်ကုန်ပါပြီ (ခွင့်လွှတ်ပါ။ ကြွားချင်အား ကြီးသွားလို့ပါ)။ ဆိုလိုတာက အခု Blog ကို ၀င်ဖတ်မရလို့ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ ညီအစ်ကို မောင်နှမများနဲ့ စာချစ်သူများအတွက် ကျွန်တော် Account တစ်ခု သေသေချာချာလုပ်ပြီး ( ဒီတစ်ခါ အတည်ပါ..။ နောက်မပျက်စေရပါဘူး..။ အာမခံ!) မျှဝေလိုက်ပါတယ်…။ အခု ဒီ Post ရဲ့ အောက်မှာပါတဲ့ Email Subscription လေးထဲမှာ မိတ်ဆွေတို့ရဲ့ Email Address လေးထည့်လိုက်ပါ။ မိတ်ဆွေ တို့ရဲ့ Email Account ထဲကို Confirmation တောင်းတဲ့ Mail တစ်စောင်ရောက်လာပါလိ့မ်မယ်..။ Confirm လုပ်လိုက်ပါ..။ ဒါဆို အားလုံးအိုကေသွားပါပြီ..။
ဒီ Post က တဖြေးဖြေးနောက်ရောက်သွားလို့ Post ကိုမတွေ့တော့ဘူးဆိုလည်း ဘေးက Side Bar မှာ ကျွန်တော်ထားပေးထားပါတယ်..။ ဒီတော့…။ ကျွန်တော်တင်သမျှ Post ပေါင်း ၁၆၀၀၀ ကို email ထဲက အဆင်သင့်ထိုင်ဖတ်လို့ ရသွားပါပြီ…။ အမှန်တော့ ကျွန်တော်ကိုယ်တိုင်က လျှာရှည်တာပါ (တုံးတာလဲ ပါပါတယ်) ဒီလောက် IT ခေတ်ကြီးထဲမှာ Email Subscription လုပ်တာလောက်ကို ကျွန်တော် လိုက်ရှင်းပြနေစရာမလိုပါဘူး…။ ကျွန်တော့်ထက်တောင် ပိုသိကြဦး မှာ သေချာပါတယ်..။ ဒါပေမယ့် ထုံးစံအတိုင်း ဆရာကြီး လုပ်ပြီးရှင်းပြပေးခြင်းဖြစ်ပါကြောင်း….။
P.S- Email Subscription များ ပက်ပက်စက်စက် Subscribe လုပ်ကြပါစေ အရှင်ဘုရား..။
Enter your email address: