Black Dream » Essay

အိမ်ပြန်ချိန်….
အသံတွေ ကြားနေရပြီ…။

ဟိုနားမှာလည်း တိုးတိုးတိတ်တိတ်…။ ဒီနားမှာလည်း တိုးတိုးတိတ်တိတ်…။ တိုးတိုးတိတ်တိတ်တွေများလာတော့ အချို့ကို ရိုးရိုးရိပ်ရိပ် မြင်လာရသည်။ အချို့တွေ စိုးစိုးထိတ်ထိတ် ရင်ခုန်ကြသည်…။ အချို့တွေ တိတ်တိတ်ဆိတ်ဆိတ် မျှော်နေမိကြသည်…။

သူလည်း မျှော်နေမိသည်…။

တစ်ချိန်က မတွေ့ဖြစ်ခဲ့သည် ရက်တွေကို လက်ချိုးရေတွက်ခဲ့ဖူးသည်..။ တစ်ရက်…။ နှစ်ရက်…။ တစ်လ..။ နှစ်လ…။ ကြာလာတော့ သူ့လက်တွေ ဆက်လက် ရေတွက်ဖို့အတွက် အားအင်တွေ မဲ့လာခဲ့သည်..။ ကွေးလိုက်ဆန့်လိုက် သူ့လက်ချောင်းများ အကြိမ်ရေ ဘယ်နှစ်သန်းလောက်များ မျှော်လင့်ခဲ့ ပြီးပြီလဲ…။ မမှတ်မိတော့ပေ…။ သေချာတာတစ်ခုကတော့ သူအင်အားရှိသမျှ…။ တစ်နည်းအားဖြင့် မျှော်လင့်ချက်တွေ ခွန်အားရှိသမျှ ရေတွက်ခဲ့ဖူးသည်…။ အချိန်တွေ ကြာလာခဲ့သည် …။ မျှော်လင့်ချက်တွေ ယိုင်နဲ့လာခဲ့သည်…။ ယုံကြည်ချက်တွေ ချိနဲ့စ ပြုလာခဲ့သည်…။ သူ့လက်ချောင်းတွေနဲ့ အတူပေါ့လေ…။

လူတွေက ပြောကြသည်…။ တစ်ယောက်တစ်မျိုးဖြစ်သည်…။ သို့သော်လူပေါင်းများလာသော အခါ…။ အမျိုးပေါင်းများလာခဲ့သည်…။ ဒီအရာသည် လောက၏ ဓမ္မတာများပေလော…။ တစ်ချို့က ပြောကြသည်…။ မှန်သည်…။ တစ်ချို့က နှာခေါင်းရှုံ့ကြသည်..။ သူ့စားရိတ်နဲ့သူပေါ့…။ သူသည် အမှန်ကိုလည်း လက်ခံနိုင်စွမ်းမရှိတော့သလို…။ အမှားကိုလဲ ကြားယူနိုင်စွမ်းမရှိတော့ပေ…။ ထင်ချင်သလို ထင်ကြပါစေ…။ ဒါတွေဟာ အပေါစား ဝတ္ထုတို တစ်ပုဒ်စာလောက်ပင် ရင်ခုန်စရာ ကောင်းလိ့မ်မည် မဟုတ်ပေ…။ တစ်ချို့ကို မကြားချင်ယောင် ဆောင်လိုက်သည်…။ တစ်ချို့ကို နားမဝင်သယောင် နေလိုက် သည်..။ ထင်မြင်ချက်သည်…။ ပြင်ဆင်ချက်မဟုတ်သောကြောင့်…။ ယုံကြည်ချက်သည်…။ ရှင်လျှက်နဲ့ မသေဖို့ လိုအပ်ပေလိ့မ်မည်…။

အတူရှိခဲ့ဖူးသော အချိန်များသည် ရုပ်ရှင် ပြကွက်တစ်ခုလို နုလုံးသားထဲမှာ အစီအရီပေါ်လာသော အခါ..။ မျက်လုံးအိမ်တို့ ရီဝေဝေ ဖြစ်ကောင်း ဖြစ်သွား ပါလိမ့်မည်…။ သို့သော် သူ့အတွက် ဒီအရာတို့သည် နှစ်ပေါင်းများစွာ နားယဉ်ခဲ့ပြီးဖြစ်သော ပုံပြင်ဟောင်းတစ်ပုဒ်သာ ဖြစ်ပါသည်..။ သို့သော် ပုံရိပ်တို့ သည် အရင်နေ့များထက် ဒီညတွင် ပို၍ပီပြင်လွန်းလှသည်…။ ပို၍လတ်ဆတ်လွန်းလှသည်…။ ပို၍ ရင်ခုန်ဖို့ကောင်းခဲ့သည်…။ မြန်မြန်ပြန်တွေ့ချင် လှပေပြီ..။

ဒီနှစ်ပေါင်းများစွာအတွင်း အိမ်ရှေ့တံခါးခေါက်သံကြားတိုင်း သူရင်ခုန်ခဲ့ဖူးသည်…။ သူများ ပြန်လာခဲ့လေသလား…။ အပြေးအလွှား တံခါးပြေးဖွင့်ခဲ့ရသော အကြိမ်ပေါင်းသည်…။ သူ့မျက်ဝန်းအတွင်းမှ စီးဆင်းခဲ့ဖူးသော မေတ္တာရေကြည်အပေါင်းနှင့် ထပ်တူကြပေလိ့မ်မည်…။ တံခါးခေါက်သံတို့ တဖန် ပြန်လည် တိုးလျသွားခဲ့သည်..။ သူ့ရဲ့ ခြေလှမ်းတွေလည်း တစ်ဖန် ပြန်လည် နှေးကွေးသွားခဲ့သည်…။ နှစ်တွေကြာခဲ့လေပြီ..။ ခြေလှမ်းတိုင်းတွင် စိုက်ဝင်ခဲ့သော မျှော်လင့်ခြင်းဆူးတို့သည် နုလုံးအိမ်အထိ ပြီတည်ခဲ့လေပြီ….။

တွေးရင်းတွေးရင်း ရင်မောလာသည်…။ သာမန်ထက် ပို၍တိတ်ဆိတ်လွန်းလှသော ဒီညတွင် တစ်ချက်တစ်ချက် လေတိုးသံ သဲ့သဲ့ကြားရသည်..။ အဝေးက ပြေးလာနေသော ခြေသံတစ်ခုလေများလား….။ သူ့နားထဲတွင် သဲ့သဲ့ကြားနေရသည်…။ ဆောင်းတွင်းလေသည် ဒီလိုပဲ စိတ်ကို ဂယောက်ဂယက် ဖြစ်စေတတ် ပေသည်..။

ကောင်းကင်တွင် လမင်းသည် အရှိန်ကောင်းကောင်း ထွန်းပလျှက်ရှိသည်…။ ကမ္ယာလူသားအပေါင်းတို့အား တတ်စွမ်းသမျှ အအေးဓာတ်ကို ပေးစွမ်းဖို့ ကြိုးစားနေခဲ့သည်…။ လူသားတို့သည် နေမင်း၏ အချိန်ကြာမြင့်စွာ လောင်ကျွမ်းခဲ့မှု၏ အောက်တွင် အချိန်ပေါင်းများစွာ …..။ ရက်ပေါင်းများစွာ…။ နှစ်ပေါင်း များစွာ ငိုကျွေးခဲ့ရပြီး ဖြစ်သည်…။

ဒီနေ့သည် လပြည့်နေ့ဖြစ်သည်…။ သီတင်းကျွတ် အခါသမယလည်းဖြစ်သည်…။ တစ်နည်းအားဖြင့်နေ့ထူးနေ့မြတ် ဖြစ်သည်..။ သားသမီးပေါင်းများ စွာသည် ကျူးလွန်ခဲ့ဖူးသော အပြစ်များအတွက်…။ အထူးတလည် ဝန်ချတောင်းပန်ရန်အတွက် မိဘတို့ထံ အပြေးအလွား ပြေးလာနေကြသည်…။ တပည့် အပေါင်းတို့သည်လည်း တစ်ချိန်က ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အထူးရည်ဆူး ကျေးဇူး ဆပ်ရန် ပြေးလာနေကြသည်..။

အသံတွေကြားနေပြီ…။

ဟိုနားမှာလည်း တိုးတိုးတိတ်တိတ်…။ ဒီနားမှာလည်း တိုးတိုးတိတ်တိတ်…။ တိုးတိုးတိတ်တိတ်တွေများလာတော့ အချို့ကို ရိုးရိုးရိပ်ရိပ် မြင်လာရသည်။ အချို့တွေ စိုးစိုးထိတ်ထိတ် ရင်ခုန်ကြသည်…။ အချို့တွေ တိတ်တိတ်ဆိတ်ဆိတ် မျှော်နေမိကြသည်…။

လေသံလိုလို သဲ့သဲ့ကြားမိသည်….။ တစ်ချိန်ကလိုပင် ဖြစ်လေမလား…။ သူဒီတစ်ခါတော့ မဝံ့မရဲ မျှော်လင့်မိသည်..။ လေသံတွေကို ပိုမိုပီပြင်လာသည်…။ သူ သေသေချာချာ ကြားနေရသည်…။ လေဟုန်ကို ခွင်းကာ … ။ အရှိန်ပြင်းပြင်းဖြင့် ပြေးလာသော ခြေသံတစ်စုံဖြစ်သည်…။ ဝေးကောင်း ဝေးပေလိမ့်ဉီးမည် ..။ သို့သော် သူ သေသေချာချာ ကြားနေရပြီဖြစ်သည်…။

သူလာနေပြီ…။ သူပြန်လာနေပေပြီ…။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော ကာလတို့ကို ကျော်ဖြတ်၍ သူပြန်လာနေပြီဖြစ်သည်…။ သူ့ကို ကန်တော့ဖို့ သူ ပြန်လာနေပြီ…။ ထိုကဲ့သို့ ဝပ်တွားဉီးညွတ်ကာ မိမိ၏ ခြေစုံအရင်းတွင် နဖူးတင်၍ ကန်တော့နေသော သူ့၏ ဆံနွယ်စများကို ယုယစွာ ပွတ်သပ်ပေးရင်း ဆုတွေပေးချင်နေပြီ…။ သူဖြတ်သန်းခဲ့ရသော ခက်ခဲသည့် အချိန်ကာလများတွင် ကုန်ခမ်းခဲ့သည် သူ့၏ မျှော်လင့်ချက်များနှင့် ယုံကြည်ချက်များအတွက် နားလည်မှု အပြည့်ရှိတဲ့ အပြုံးများဖြင့် အားပေးနှစ်သိ့မ်လိုလှပြီ….။

ခြေသံတွေ ပိုပြီးနီးလာလေပြီ…။

အိမ်ရှေ့တံခါးအား သူ ရင်ခုန်စွာ စူးစိုက်ကြည့်နေမိသည်…။ ဒီတစ်ခါ တံခါးလာခေါက်ပါက နှစ်ပေါင်းများစွာ သိမ်းဆည်းခဲ့ရသော မေတ္တာတို့၏ ရှိရှိသမျှ အဟုန်ဖြင့် တံခါးအားပြေးဖွင့်နိုင်ရန် သူပြင်ဆင်ထားသည်…။

သူတံခါးအား ဆူးစိုက်စွာ ကြည့်နေမိသည်…။

ခြေလှမ်းတို့သည် ပိုမို ကျယ်လောင်လာပြီဖြစ်သည်…။

တံခါးသည် သူ့အား စူးစိုက်စွာ ပြန်ကြည့်နေသည်…။

ခြေသံတွေ ပိုကျယ်လာသည်…။

ဒီအချိန်တွင် သူအကြားချင်ဆုံး စကားတစ်ခွန်းမှာ….

“သားပြန်လာပြီ အမေရေ…………”

P.S- ဒီနေ့သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်သည်။ မိဘကိုချစ်သော..။ မိဘကချစ်သော…။ တိုင်းပြည်ကိုချစ်သော…။ တိုင်းပြည်ကချစ်သော…။ သားကောင်း တပည့်အများအားလုံး ဒီနေ့ထူးနေ့မြတ်တွင် မိမိတို့၏ မိဘ ဆရာသမားများအား ဦးချ ကန်တော့ခွင့် ရကြလိမ့်မည်ဟု မျှော်လင့်ရင်း….။

သူမ နှင့် ကျွန်တော်…
နိဒါန်း

၂၀၀၁ ခုနှစ်

“ကိုဦး…။ ဖုန်းလာတယ်…။”

“ဟ…ဟ ဖုန်းတဲ့ဟ…။ ခဏနေကြဦး…။ ခဏ..။ ခဏ..။ ချက်ခြင်း ပြန်လာခဲ့မယ်” ဘောလုံးပွဲက အရှိန်ကောင်းနေတုန်း ဖြစ်သည်။ ဒီနေ့လို လူစုံ၊တက်စုံ မကန်ရတာ ကြာပြီ..။ ကိုသူရ၊ ကိုဝထ၊ စွမ်းရည်အောင်၊ သီဟအောင်၊ လှထွဋ်၊ သီဟံစိုး၊ အောင်အောင်၊ ဖိုးသာထူး…။ လူအကုန်ပါသည်..။ ကန်လို့ကလည်း တော်တော်ကောင်းနေတဲ့ အချိန်…။ ဖုန်းဆိုတော့ တော်တော် ဦးနှောက်စားသွားသည်..။ ဘယ်သူ့ဆီကမှလည်း အရေးတကြီးလာစရာ မရှိပေ…။

ဒီကြားထဲ အခုလို ခြံထဲမှာဘောလုံးကန်ဖို့ဆိုတာ နဲတဲ့အခွင့်အရေးမဟုတ်ပေ..။ အဖေလစ်တုန်း ကန်ရတာ ဖြစ်သည်။ အဖေသိသွားရင် အိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရ နိုင်သည်..။ ခေါင်းနဲ့ ဆင်းခိုင်းတာလဲ အကြောင်းရှိသည်။ ခြံထဲမှာ ဘောလုံးကန်တဲ့ အကျိုးအားဖြင့် အိမ်နံရံမှာ ရှိတဲ့ဆေးတွေ ဘောလုံးရာဖြင့် အကွက်လိုက် အကွက်လိုက်တွေမနဲ…။ အခုချိန် (၂၀၁၁) အထိ ရှိသေးသည်..။ ကွဲသွားတဲ့ အဖွားရဲ့ ကက်တလေရာ သစ်ခွပင်တွေနဲ့..။ မီးလုံးဖိုးတွေကလည်း မနည်းတော့ပေ…။

“ဟေ့ကောင် မြန်မြန်ပြန်လာခဲ့..”

“အေးပါဟ..။ ခဏပါ..”

“ဟောဟဲ…ဟောဟဲ..။ ဟဲလို …? ဘယ်သူလဲ မသိဘူးခင်ဗျ…?”

“သြော်…။ နင်လား..။ အေး ငါ့ကို နေနေပြောထားတယ်..။ အရင်နေ့တွေကလည်း နင်ဆက်တယ်လို့ အိမ်ကပြောတယ်..။ ငါနဲ့မတွေ့ဖြစ်တာ..။ ဟောဟဲ…ဟောဟဲ”

“အေး..။ ဟုတ်တယ်..။ ဘောကန်နေတာ…။ ခဏလောက်နေမှ ပြန်ဆက်ပါလား..။ ငါသွားကန်လိုက်ဦးမယ်…”

“အေး…အေး..။ အိုကေ အိုကေ…။ Thank You”

“ကိုဦး ဘယ်သူလဲ..” ကိုသူရက လှမ်းမေးသည်…။

“စောစောက ဘယ်နှစ်ဂိုး ဖြစ်နေပြီလဲ…?” ကျွန်တော် ပြန်မေးလိုက်သည်….။

အခန်း (၁)

“အင်း…။ လာခဲ့မယ်…။ ဘယ်နေရာလဲ…”

“ok..ok… ၈ နာရီနော်….။ အေး…။ အေး…။ စိတ်ချ..”

မြေနီကုန်း ဒဂုံ စင်တာ အဲ့ဒီ့တုန်းက မပြီးသေးပေ..။ ဆောက်ရင်းတန်းလန်းသာရှိသေးသည်…။ တစ်ချို့ဆိုင်ခန်းတွေတော့ ကြိုကြား ကြိုကြားဖွင့်ထားတာ ရှိသည်။ အပေါ်ထပ်လူနေတိုက်ခန်းနေရာများမှာတော့ ကွန်ပျူတာ သင်တန်း တစ်ခုရှိသည်…။

“ရောက်အောင် လာရမှာပေါ့ဟာ…။ ငါကတွေ့ချင်တာကိုး…။ ဒါနဲ့ ငါတောင်းထားတဲ့ဟာရော…?”

“အေးပါ..။ ငါသေသေချာချာ သိမ်းထားပါ့မယ်…”

“အေး..။ ဟုတ်တယ်…။ မနက်ဖြန်သွားရမှာ…..။ ခဏပါ….။ ၁ ပါတ်လောက်ပါပဲ…။ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်…။ ငါ ကတိပေးပါတယ်…။”

၁ ပါတ်ဆိုသော အချိန်ကာလသည်…။ အရင်ကတော့ မထူးခြား..။ အခုတော့ ထူးခြားသည်..။ တော်တော်ကြာပါသည်…။ ခဏတိုင်း ထုတ်ကြည့်မိသောကြောင့် အချိန်တိုအတွင်း နွမ်းသွားသော ဓာတ်ပုံလေးက …။ ကျွန်တော့်ရင်ထဲက အလွမ်းအင်အားကို အတိအကျဖော်ပြသည်…။ ဖုန်းဆက်ခြင်သည်…။ သူ့အသံကြားခြင် သည်..။ Under Training ဆိုသော စကားသည် တော်တော် အသဲယားဖို့ကောင်းပေသည်..။ မလှုပ်သာ မလွန့်သာ ရှိလှသည်…။ ပင်ပန်းပါသည်…။ သို့သော် သူ့အကြောင်း စဉ်းစားခြင်းက ပင်ပန်းမှုကို ရာနှုန်းပြည့် ကွယ်ပျောက်စေသည်…။

ဒဂုံစင်တာကို အပြေးအလွှားရောက်သွားခဲ့သည်…..။

“ငါလည်း သတိရတာပေါ့ဟာ…”

“ငါလာခဲ့မယ်…။ ဆရာကန်တော့ပွဲက နင်တိုကျောင်းမှာပဲမလား…။ ကျောင်းရှေ့က စေတီလေးထဲမှာ ငါစောင့်နေမယ်…”

St.Flo ကျောင်းသည် ပြည်လမ်းပေါ်မှာ တည်ရှိသည်။ မဟာမြိုင်ဆေးခန်း၏ မျက်နှာခြင်းဆိုင် လမ်းလေးထဲတွင် ကျောင်းအ၀င်အ၀ ဂိတ်ရှိသည်။ ဂိတ်နှင့် မျက်နှာခြင်း ဆိုင်တွင် ဓမ္မာရုံတစ်ခုနှင့် စေတီ သေးသေးလေး တစ်ဆူရှိသည်။ ပြင်းထန်လှသော ဆောင်းရာသီ၏ အပူချိန်၏ ဆန့်ကျင်ဘက်ဖြစ်သော အေးချမ်းလှသည့်  အရိပ်ကောင်းကောင်းရနိုင်ပေသည်။ ဂိတ်ဝတွင် အရွယ်ပေါင်းစုံ၊ အရောင်ပေါင်းစုံဖြင့် လိပ်ပြာအချို့ လူးလာခေါက်တုံ့ ပျံသန်းနေကြသည်…။ ထိုထဲတွင် ဟိုဘက် ဒီဘက် လူးလာခေါက်တုံ့ ပြန်သန်းရင်း တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရသော လိပ်ပြာလေး တစ်ကောင်လည်း ပါသည်…။ ငါ ဒီမှာပါ လိပ်ပြာလေးရေ….။

“မပင်ပန်းပါဘူးဟာ…။ ချွေးပြန်တာကတော့ နေပူတာကိုးဗျ..။”

အဖြူရောင် စွတ်နေသော တစ်ရှူးစအချို့ ကျွန်တော့်ဆီမှာ ချွေးတွေကို စုပ်ယူစားသုံးသွားသည်…။

“ငါ နင့်ကို ပြောစရာရှိတယ်…။ လူတစ်ယောက်ရဲ့အကြောင်းပေါ့…”

“အခု ငါကောင်မလေး တစ်ယောက်ကို အရမ်းချစ်မိနေတယ်…။”

“အဲ့ဒါ နင့်သဘောကို သိချင်လို့…”

“ဟုတ်တယ်…။ နင်နဲ့ဆိုင်တယ်…။ နင့်ကိုမေးမှလည်း ဖြစ်မယ်…။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ကောင်မလေးက နင့်အကြောင်းကို အကုန်သိနေတယ်…”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ…။ သူက နင့်အကြောင်းကို ဘယ်လောက်အထိ သိလဲဆိုရင်…။ အခုလက်ရှိ…။ နင်ဘာတွေးနေတယ်..။ ဘာတွေခံစားနေရတယ် ဆိုတာ အထိ သိတယ်..”

“…..ha..ha”

“ဘာလို့ အဓိပ္ပါယ်မရှိရမှာလဲဟာ…။ ဒါဆို ငါနင့်ကို တစ်ခုမေးမယ်…။ အဲ့ဒီ့ငါ့ရဲ့ မေးခွန်းက နင်သိချင်တဲ့ မေးခွန်းအတွက်လည်း အဖြေပဲ…။”

“လောကမှာ ငါတို့အကြောင်းကို ငါတို့ထက် ပိုပြီး သိတဲ့သူ ဘယ်သူများ ရှိသေးလို့လဲဟာ…?”

နူးညံ့သော အထိအတွေ့အချို့….။ ကျွန်တော့် ရင်ခွင်ထဲ ခိုဝင်လာသည်….။ ပူနွေးသော အထိအတွေ့အချို့ သူ့လက်ဖမိုးပေါ်သို့ လှိမ့်ကာ စီးဆင်းလာသည်…။ အာရှတိုက် ကုန်းမကြီးကို ဖြတ်သန်းတိုက်ခတ် လာသော အေးမြ၍ ခြောက်သွေ့သော လေပြေအချို့သည် ကျွန်တော်တို့ နှစ်ယောက်၏ ရင်ခုန်သံ ကို အေးခဲသွားလောက်အာင်   လုံလောက်သော အအေးဓာတ်ကို ပေးစွမ်းနိုင်စွမ်း မရှိခြေ…။

အခန်း (၂)

Cyber သင်တန်းသည် ယခင် TTC ကျောင်းဝန်း၏ အနောက် ဆရာအတတ်သင် သင်တန်းဆောင်များအနီးတွင် ရှိသည်။ သင်တန်း၏ အရှေ့တွင် မြက်ခင်းများ ဖြင့် စိမ်းလန်းနေသော ပန်းခြံတစ်ခုရှိသည်..။ ထိုမှ တစ်ဖန် နောက်တစ်ဘက်တွင်…။ သင်တန်းများပိတ်ထားသဖြင့်…။ အလိုလို ပိတ်လျက်သား ဖြစ်နေသော…။ အခန်းလွတ်များ ရှိသည်…။ တစ်ချက် တစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသော ဆောင်းလေအချို့နှင့် မနက်စောစော နှင်းငွေ့များနှင့် ထိတွေ့သောကြောင့် ထွက်ပေါ် လာသော မြက်ပင်တို့မှ ရနံ့တစ်မျိုးမှ လွှဲ၍ ထိုအခန်းလွတ်များထဲတွင် မည်သူမျှ မရှိတတ်ပေ…။

“ခင်ဗျားလေး တော်တော်လည်ပါလား..။ စောစောကပဲ ခင်ဗျားအဖေ သန်တန်းရှေ့မှာ ကားနဲ့ ချပေးသွားတာတွေ့လိုက်တယ်…။ အဲ့ဒီ့အရှေ့အပေါက်ကပဲ ပြန်ထွက် လာမယ်ထင်လို့ အဲ့ဒီ့ဘက်ကိုပဲ ငေးနေတာ..။ ဘယ်အချိန် အနောက်က ရောက်လာမှန်းတောင် မသိလိုက်ဖူး..”

“… ဟ..ဟ”

“ရယ်ပါ…။ ဒါနဲ့ စာရေးလာတယ်ဆို ဘယ်မှာလဲ…”

“ပါတာပေါ့…ရော့…။ တစ်ညလုံး စိတ်ကြိုက်ထိုင်ရွေးထားတာ…။ ဒါပေမယ့် အင်္ဂလိပ်သီချင်းတွေချည်းပဲ…။ မြန်မာ သီချင်းကတော့ လောလောဆယ် အာရုံနဲ့ ညိတာ သိပ်မရှိလို့ မပေးသေးဘူး…”

“GNR ပါတယ်..။ Aerosmiths ပါတယ်…။ Bon Jovi ပါတယ်…။ အင်း…။ Bryan Adam လည်း ပါတယ်ထင်တယ်….”

“ဘာရေမွှေး စွတ်ထားတာလဲ…”

“တော်တော်မွှေးတယ်နော်…။ ဒီလို ဆောင်း မနက်ခင်းတွေနဲ့ ဒီရေမွှေးနံ့နဲ့ တော်တော်လိုက်တယ်…။”

အချိန်တို့သည် ရိုးရှင်းစွာပင် ဖြတ်သန်းသွားသည်…။ ကုန်နေကြအတိုင်းပင် ဘယ်မှညာသို့ နာရီလက်တံတို့၏ တိုက်စားမှုကို ငြိမ့်ညောင်းစွာပင် ခံယူသွားသည်။ တစ်ခါ တစ်လေ လွမ်းရသည်…။ တစ်ခါတစ်လေ နမ်းကြသည်…။ တစ်ခါတစ်လေ တမ်းတသည်…။ တစ်ခါတစ်လေ နွမ်းလျသည်…။ တစ်ခါတစ်လေ…

” အဲ့ဒီ့လူ ဘယ်သူလဲ…။ ငါတို့ ဒဂုံစင်တာမှာတုန်းက နင့်ကို စကားလာပြောတဲ့ လူမလား..။ ဒီ ဘာလာလုပ်တာပါလိမ့်…”

“သြော်…..”

ကံကြမ္မာသည် တစ်ခါတရံ ပုဆိုးခြုံထဲမှ လက်သီးပြရုံသာမက…။ တစ်ခါတစ်ရံ အခြောက်တစ်ကောင်၏ လက်သီးပုန်းမျိုးထိုးတတ်သည်။ ထိုသို့ထိုးသော အခါ ခံစား ရသော သူမှာ..။ မိန်းကလေးကျောင်းတွင် ဖွန်သွားကြောင်မိသဖြင့်…။ အချစ်တော်များ၏ လိုက်ရိုက်ခြင်း ခံရတာနှင့်တူသည်…။ ပြန်ရိုက်ရအောင်ကလည်း မိန်းကလေး ဖြစ်နေ…။ ခံလာရအောင်ကလည်း မိန်းကလေးရိုက်တာ ခံရသည် ဖြစ်ဦးမည်…။ တော်တော် အူကြောင်ကြာင်နိုင်၍ အောင့်သီ အောင့်သက် ဖြစ်ဖို့  ကောင်းသည်…။ ဘယ်လောက်ခံရ ခက်သည့် ခံစားချက် ဖြစ်ကြောင်း အကယ်၍ မိတ်ဆွေသည် မိန်းကလေးကျောင်းမှ ကောင်မလေးတစ်ယောက်အား လိုက်ဖူးပါက သိပါလိ့မ်မည်…။ ထိုကဲ့သို့ ခံရဆိုးပါသည်။ သို့သော် ရှိစေ…။ အတိတ်သည် ပစ္စုပ္ပန် မဟုတ်ပေ..။ သို့သော် တစ်ခါတစ်လေ အတိတ်သည် အနာဂတ်၏ နိမိတ်ဖြစ်တတ်ကြောင်း သိဖိုရာ ထိုအချိန်က ကျွန်တော့်၏ အသိဥာဏ်သည် ဆယ်တန်း အောင်ပြီး ကာစသာ ရှိပေသေးသည်…။

“ပြင်လို့မရတော့ဘူးလေဟာ..။ ငါသွားရတော့မယ်…။ အားလုံးလဲ ပြင်ဆင်ပြီးပြီ…။ ခေါ်စာလည်း ရောက်လာပြီ…။ အများဆုံးကြာ နောက် နှစ်လပေါ့…”

“ဟုတ်လား…။ တကယ်လို့ နင်ဒီသင်တန်း ပြီးသွားရင် ငါတို့ ဘယ်လိုတွေ့ကြမလဲ…”

“ဖူး….။ တော်သေးတာပေါ့ဟာ….”

“ငါလည်း မခွဲနိုင်ပါဘူးဟာ…..”

အခန်း (၃)

ကန်တော်ကြီးနားမှာ ကီးတော်ကျန် ဆိုသော စားသောက်ဆိုင်သေးသေးလေးရှိသည်။ အမှန်မှာ ကီးတော်ကျန်သည် ကန်တော်ကြီး ပင် ဖြစ်သည်..။ အဘယ့်ကြောင့် ဆိုသော် ကန်တော်ကြီးသည် ကီးတော်ကျန် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကန်တော်ကြီးသည် ကီးတော်ကျန် ဖြစ်ကာ..။ ကီးတော်ကျန်သည် ကန်တော်ကြီး ဖြစ်နေခြင်းဖြစ်သည်..။ ရှင်းပါသည်…။

ကီးတော်ကျန်နှင့် (ယခင်) ရွှေလိပ်ပြာ ဟိုတယ်၏ ကြားတွင် Forever Media Group က ဖွင့်သည့် Graphic Design သင်တန်းတစ်ခုရှိသည်။ ထိုသင်တန်းတွင် ကျွန်တော့်ရဲ့ လိပ်ပြာလေး ရှိသည်။ အပြေးအလွှားကျွန်တော်ရောက်သွားတော့ သင်တန်းစသွားပြီ ဖြစ်သည်…။ ခပ်တည်တည်နှင့် သင်တန်းခန်းမထဲ သင်တန်းသားလိုလို ဘာလိုလိုဖြင့် ၀င်လိုက်သည်…။

အ….မော….ဆို့….သွား…..သည်။

” ဒါ ဘာသဘောလဲ.. ဘာသဘောလဲ… ဘာလုပ်တာလဲ…?”

“အဲ့ဒါတွေ ငါနင့်ကိုရှင်းပြပြီးပြီပဲ…။ နင်ဒီလို လက်စားချေတဲ့ စိတ်ကြီးနဲ့လုပ်တာတော့ မကောင်းပါဘူး..”

“လက်စားချေတာမဟုတ်ရင် ဘာသဘောလဲပြော….”

“အေးပါဟာ..။ ဒီလိုဆိုလည်း ထားလိုက်ပါတော့..။ ငါသွားရဖို့ကလည်း ရက်ပိုင်းပဲ လိုတော့တယ်…။ ငါတို့ ဒီအချိန်မှာ ပြဿနာမတက်ချင်ဘူးဟာ..။ အချိန်တွေက ငါတို့အတွက် သိပ်ရှားပါးနေပြီ….။ ဒါနဲ့ ငါသွားမယ့်နေ့ နင်လိုက်ပို့မှာလား…?”

ကမ္ဘာမြေနှင့် နီးလာလေ ကမ္ဘာ့ဆွဲအားကြောင့် အရှိန်ပိုပြင်းလာလေ သကဲ့သို့ပင်…။ အချိန်တို့သည် သာမန်ထက် ပိုမိုလျင်မြန်စွာ ကုန်ဆုံးသွားသည်။ အိုင်းစတိုင်း၏ Relativity Theory သည် ချစ်သူနှစ်ယောက်၏ ခွဲခွာခါနီးအချိန်အထိတိုင်အောင် မှန်ကန်နေဆဲဖြစ်သည်။ လေးစားပါသည် အိုင်းစတိုင်း..။ သို့သော် သင့်လိုတော့ ကျွန်တော် အိမ်ထောင် နှစ်ဆက်မကျလိုပါ…။ သမိုင်း၏ စာမျက်နှာတွင် ရှာကြီးတန်းလန်းဖြစ်နေသော ဓာတ်ပုံကို မတင်ကျန်စေလိုပါ…။ သင်ကား ဆင်ခြင်ဖို့ကောင်း ခဲ့ပေသည်…။

“ငါ နင်လိုက်ပို့မယ်ထင်တာ…”

ကျွန်တော့်လိပ်ပြာလေးသည် အဖြူရောင် စပို့ရှပ်လေးနှင့် လက်သုတ်ပ၀ါအကွက် စကက်အတိုလေးကိုဝတ်ထားသည်။ (လက်သုတ်ပ၀ါအကွက်အား မျက်လုံးထဲ မမြင်ပါက စကော့ဒလန်သားများဝတ်သော ၀တ်ရုံကို မြင်ကြည့်ပါ) ကျွန်တော့်လက်ထဲတွင် အနီရောင် နှင်းဆီပန်းလေး တစ်ပွင့်ရှိသည်…။ မကြာခင်မှာပင်..။ သူမလက် ထဲတွင် အနီရောင် နှင်းဆီပန်းလေး တစ်ပွင့် ရှိသွားသည်။ ကျွန်တော့်လက်ထဲတွင် အနီရောင် နှင်းဆီပန်းလေး မရှိတော့ပေ…။

“ငါ နင့်ဆီကို အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်…။ ငါ့ကိုစောင့်နေပါ…”

ကျွန်တော်အမုန်းဆုံးအရာများထဲတွင် ရန်ကုန်ဘူတာကြီးသည် ထိပ်ဆုံးက မှတ်တမ်းဝင်သွားသည်။ နွေးထွေးနူးညံ့သော ပတ်ဝန်းကျမှ…။ အေးစက် ပြင်းထန်သော ပတ်ဝန်းကျင်သို့ ကျွန်တော့်အား သနားညှာတာခြင်း ကင်းမဲ့စွာ ခေါ်ဆောင်သွားခဲ့သည်..။ ရာသီဥတုသည် ပြင်းထန်သည်။ ဆောင်းသည် အရိုးစိမ့်အောင် အေးသည်။ ၀တ်ထားသော စွတ်ကျယ်လက်ပြတ်၊ ဘောင်းဘီတိုနှင့် ခေါင်းပေါ်မှ မကျန့်တကျန် ဆံပင်တို့သည် လုံလောက်သော အနွေးဓာတ်ကိုမပေးနိုင်…။

ဘယ်လိုပင် ပင်ပန်းသောလည်း…။ ကျွန်တော့်လိပ်ပြာလေး၏ လက်ရေးသည် အလွန်လှသည်…။ သူမ၏ မျက်ဝန်း ၀ိုင်းဝိုင်းလေးများနှင့်တူသည်…။ သူမ၏ လက်ရေးများတွင် သူမ၏ ရေမွှေးနံ့ကို ကျွန်တော်ခံစားမိသည်…။ ကျွန်တော့်လက်ရေးသည် ပဲပင်ပေါက်ကားတိုက်ထားတာထက်ဆိုးသည်။ ကျွန်တော့်လက်ရေး ကြာင့်တော့ သူမ အမောပြေလိ့မ်မည် မထင်…။ ၃ လ တာ ကာလသည် ကြာသည်..။ ထို့ထက် ဖုန်းဆက်ခွင့်မရခြင်းသည် ပိုဆိုးသည်…။ ၃ လ မပြည့်ခင် သတင်းလေး တစ်ခုရောက်လာသည်….။

ကျွန်တော်…။

က….မ္ဘာ…..ပျက်…..သွား…..သည်။

နိဂုံး (ပထမပိုင်း)

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်

“အဲ့ဒီ့တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင် တကယ့်ကို ရယ်စရာပါပဲ…။ နင်ရော ငါရော တော်တော်အူကြောင်ကြောင်နိုင်ခဲ့တာပဲ…”

“ငါမှားခဲ့တာတွေ အများကြီးပါ…။ တကယ်တော့ ငါမှားခဲ့တာတွေ အများကြီးဆိုတာထက် ငါ့အမှားတွေချည်းပဲလို့ပြောလို့ရပါတယ်..။ ငါ့ရဲ့ ပွေချင် ရှုပ်ချင်တဲ့ ဥာဉ်ဆိုး တွေ…။ မလိ့မ်တပါတ်လုပ်တတ်တဲ့ အကျင့်တွေ…။ ငါ နင့်အပေါ်မှာ အကြွေးတွေ အများကြီးတင်ခဲ့ပါတယ်…။ ငါ အထင်လွဲခဲ့တာတွေ အတွက်လည်း ငါတောင်းပန်ပါတယ်..”

“ဒီအချိန်မှာ ငါပြောချင်တာ တစ်ခုပဲ ရှိတယ်…။ ဒီနေ့က စပြီး နင့်ဘေးနားမှာ ငါ့ ခန္ဓာနဲ့ ၀ိဥာဉ် တည်နေ၍ အမြဲရှိချင်တယ်…။ ရေစက်တစ်စက်တောင် နင့်ကို မစင်စေရဘူးလို့ ငါပြောရဲတယ်…။”

“ငါ နင့်ကို အရမ်းတန်ဖိုးထားပါတယ်ဟာ….”

နိဂုံး (ဇာတ်သိမ်း)

၂၀၁၁ ခုနှစ် ဧပြီ ၃ ရက်

“ကျွန်တော် ကျွန်မတို့သည် ယနေ့မှစ၍ တစ်ဦးနှင့် တစ်ဦးအပေါ် လင့်ဝတ္တရားငါးပါး၊ မယားဝတ္တရား ငါးပါးတို့ဖြင့် ပျော်ရွှင်သာယာ၍ သစ္စာတည်သော ဘ၀တစ်ခုကို နှစ်ဦးသဘောတူ တည်ထောင်မည် ဖြစ်ပါကြောင်း ကြိမ်ဆိုအပ်ပါသည်။”

P.S – HAPPY BIRTHDAY TO MY ONLY & UN-SUBSTITUTABLE WIFE ~~~PHYO~~~

အချိုး…
လောကသည် လှပပေသည်။ သို့သော် ထို့ထက်လှပသော လောကတစ်ခုအား သူဖန်ဆင်းဖို့ ကြိုးစားခဲ့သောအခါ…

အလင်းသည် အရောင်မရှိပေ…။ သို့သော် လူတို့သည် အလင်းရောင် ဟုခေါ်လေ့ရှိကြသည်…။ အလင်းကြောင့် အရောင်တို့ ထွန်းလင်းခွင့်ရရှိသောကြောင့် ဖြစ်နိုင်သည်။ အလင်းမရှိပါက အရောင်မရှိပေ…။ အရောင်မရှိပါက…။ အရောင်ဆိုးခံရခြင်းများ မရှိနိုင်ပေ…။ အရောင်အဆိုးခံရခြင်းများမရှိပါက….။ အတိတ်ဆိုးများ မရှိ နိုင်ပေ…။ အတိတ်ဆိုးများမရှိပါက အနာဂတ်ဆိုးများလည်း ရှိလာနိုင်မည်မဟုတ်ပေ…။ အနာဂတ်ဆိုးများ မရှိသောကြောင့် မျှော်လင့်ချက်များ လိုတာထက် ပိုမိုရှင်သန် စရာ မလိုတော့ပေ…။ မျှော်လင့်ချက်များ နဲပါးသွားသောအခါ လူသားတို့၏ လောဘများ နဲကောင်းနဲသွားနိုင်သည်…။ မနိုင်မနင်းထမ်းထားရသော ဘ၀အမောများ အထိုက်အလျှောက် လျော့ပါးကောင်း လျော့ပါးသွားပေလိ့မ်မည်…။

ထိုအခါ လောကသည် ပိုမို လှပလာပေမည်လော….?

လူတို့တွင် မွေးရာပါ ဦးနှောက်တစ်ခုစီ လက်ဆောင်ပါရှိလေသည်။ သို့သော် ထိုဦးနှောက်သည် ခံစားတတ်ခြင်းဟူသော မွေးရာပါ ကြိမ်စာသင့်လာခဲ့လေသည်။ သူ၏ မူလအလုပ်သည် ခံစားဖို့လော၊ စဉ်းစားဆုံးဖြတ်ဖို့လော၊ တွေးတော် မျှော်မြင်ဖို့လော၊ ကောက်ကျစ်ယုတ်မာဖို့လော၊ ကိုယ်ပိုင်သံစဉ် သီချင်းသစ် တစ်ပုဒ်ကို ရေးသား ဖို့လော၊ ပျော်စရာကောင်းသော အနုပညာမြောက်သည့် ဟာသတစ်ပုဒ်ကို ရယ်မောဖို့လော…။ သို့မဟုတ်…။ မိမိကိုယ်ကို လှည့်စားဖို့ပေများလော…။ သေချာတာ တစ်ခုကတော့ သူသည် မွေးစကတည်းက မနိုင်ဝန်ထမ်းခဲ့ရသော သနားစဖွယ် ဖြစ်တည်မှုတစ်ခုသာ..။ တကယ်ဆို သူသည် ဘုရားသခင်၏ မျက်နှာသာ ပေးခြင်းကို မခံခဲ့ရသော ဖန်ဆင်းမှုတစ်ခုသာ ဖြစ်လေသည်။

တကယ်လို့များ ကျွန်တော်တို့တွင် ထိုဦးနှောက်ဆိုသောအရာ ပါရှိမလာခဲ့ပါက…။ လောကတွင်..။ ကာဗွန်ဒိုင်အောက်ဆိုဒ်များ လျော့ပါးနေခဲ့ပေလိ့မ်မည်..။ သဘာဝ ဘေးအန္တာရယ်များပေါ်ပေါက်လာ မည်မဟုတ်ပေ…။ ဖန်ပြွန်သန္ဓေသားသည်လည်းကောင်း၊ သွေးချောင်းစီး နျူကလီးယား စစ်ပွဲများသည် လည်းကောင်း သမိုင်းစာမျက်နှာ ထက်သို့ တက်ခွင့်ရမည်မဟုတ်ပေ…။ ဘင်လာဒင် သည်လည်း မြေအောက်ထဲက ထွက်လာစရာ အကြောင်းမရှိပေ…။ တရားမျှတမှု၊ မတရားမှု တို့သည်လည်း ရှိလာမည်မဟုတ်ပေ..။ ကုန်ဈေးနှုန်းသည်လည်း သိမ်ကြီးဈေး ခေါင် မိုးပေါ်တွင် ဆိုင်ခန်းတစ်ခု ဖွင့်စရာမလိုပေ…။ ထိုအရာများအားလုံး တစ်ပြိုင်နက် ချုပ်ငြိမ်းဖို့ ကျွန်တော်တို့အားလုံးတွင် ဦးနှောက်မရှိခဲ့ဖို့သင့်သည်..။ အခုတော့ ကျွန်တော်တို့၏ လောကတွင် ကြိမ်စာသင့်နေသော ဦးနှောက်ပေါင်း ၆ ဘီလျှံကျော်မှ ဒုက္ခ စက်ဝန်းအတွင်း လည်ပတ်နေကြလေသည်…။ ထို့ကြောင့် ကျွန်တော်တို့ တွင်ရှိသော ဦးနှောက်များအားလုံးကို ဘောတယ်ကုလားထံရှိ ပဲကြီးလှော်များဖြင့် လဲလှယ် စားသောက်သင့်သည်…။

ထိုအခါ လောကသည် ပိုမို လှပလာလေမည်လော…?

ကြယ်တို့လှပစွာ လင်းလက်ကြဖို့အတွက် အမှောင်သည် ဗီလိန်အဖြစ် အသုံးတော်ခံခဲ့ကြောင်း ကျွန်တော်ရေးခဲ့ဖူးသည်…။ သူရဲကောင်းပေါင်းများစွာ ပေါ်ထွက်လာဖို့ အတွက် ဗီလိန်ပေါင်းများစွာ နာမည်ပျက်ခဲ့ကြရဖူးသည်…။ လောကသည် သူရဲကောင်းများ ပေါများမှ လှပမည်ဟု လူတို့ အယူရှိကြသည်..။ လူတိုင်းသည် တော်ချင် ကြသည်။ တတ်ချင်ကြသည်..။ ဂုဏ်ပြုခံချင်ကြသည်…။ အောင်မြင်ကျော်ကြားချင်ကြသည်…။ ထိုအခါ ထိုအရာများအားလုံး အထမြောက်ဖို့အတွက်..။ ကိုယ်စီ ဘ၀ ဇာတ်လမ်းမှာ မင်းသား၊ မင်းသမီးများအဖြစ် ပွဲထွက်နိုင်ဖို့အတွက်..။ ဗီလိန်များကို အပူတပြင်းရှာကြသည်…။ သို့သော် လူတို့သည်…။ မိမိဘ၀ဇာတ်အတွက် မိမိ မင်းသား ဖြစ်နေချိန်တွင်..။ အခြားလူတစ်ယောက်၏ ဇာတ်အတွက် ဗီလိန်ဖြစ်နေမှန်းကို များသောအားဖြင့် သတိမထားမိကြပေ….။ များစွာ သနားဖို့ကောင်းပေ သည်…။

သူရဲကောင်းများ ထွန်းကားမှ လှပမည် ဆိုသော လောကကြီးအတွက်…။ သူရဲကောင်း များများထွန်းကားဖို့အတွက် ဗီလိန်များများလိုပေသည်.. ။ ထို့ကြောင့် ကျွန်တော်တို့အားလုံး ဗီလိန်များအဖြစ် တညီတညွတ်တည်း သရုပ်ဆောင်ကြပါ သူရဲကောင်းများ အများကြီးပေါ်ထွန်းလာမည်ဖြစ်သောကြောင့်..။ တစ်လောကလုံး ကောင်းစားဖို့…။ သူရဲကောင်းထွန်းကားဖို့ တစ်လောကလုံး ဗီလိန်လုပ်ကြလျှင် လွန်စွာသင့်တော်ပေမည်…။ ကျွန်တော်တို့၏ ကမ္ဘာမြေကြီး၏ လည်ပင်းတွင်  ” ပျော်စ ရာ၊ ရွှင်စရာ ဗီလိန်ကမ္ဘာ” ဟု စာတမ်းချိတ်ထားလျှင် လွန်စွာလှပပေမည်..။ အခြားဂြိုလ်မှ ဂြိုလ်သားများလည်း အတုယူအားကျကာ ကြိုးစားကြပါက ကျွန်တော်တို့၏ အနန္တစကြာဝဌာကြီးသည် မကြာသောအချိန်တွင် ဗီလိန်စကြ၀ဌာကြီး ဖြစ်လာမည်မှာ မလွဲပေ…။

ထိုအခါ လောကသည် ပိုမို လှပသွားပေမည်လော….?

သစ္စာတရား၏ တန်ဖိုးသည် သစ္စာမဲ့သော လူများနှင့် နှိုင်းယှဉ်ကြည့်မိသော အခါမှသာ ထင်ရှားစွာ ပေါ်ထွန်းလာတတ်စမြဲဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် မိမိတို့ သစ္စာရှိကြောင်းကို အခြားသာ သစ္စာမရှိ (ဟု သူတို့သတ်မှတ်သော) သူများနှင့် ယှဉ်ထိုးပြီး ဂုဏ်ယူလေ့ရှိကြသည်…။ ထိုသစ္စာရှင်ကြီးများ သစ္စာရှိပြဖို့အတွက် အခြားလူသား တစ်ယောက် အလိုလိုနေရင်း သစ္စာမဲ့သူ စာရင်းဝင်သွားခဲ့ရသည်…။ ထို့ကြောင့် သစ္စာရှိသော သူများ များပြားဖို့အရေး ကျွန်တော် တို့အားလုံး တညီတညွတ်တည်း သစ္စာဖောက်ပြဖို့ လိုပေလိ့မ်မည်…။ အမုန်းစစ်မှ အချစ်စစ်သည် ဆိုကြသည်…။ ထိုအခါ အမုန်းမရှိသော အချစ်သည် အချစ်မစစ် ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း စဉ်းစားမိကြပါလေစ…။ ထိုကဲ့သို့ဆိုလျှင် ချစ်သူတိုင်း အချစ်စစ်ကြဖို့ ချစ်သူတိုင်း ..။ တစ်ယောက်မျက်နှာ တစ်ယောက် တံတွေးနဲ့ ထွေး..။ တစ်ယောက်လည်မျို တစ်ယောက်တက်နင်း..။ တစ်ယောက် ငယ်ထိပ် တစ်ယောက် ဖနောင့်နဲ့ပေါက်ကာ..။ ပက်ပက်စက်စက် မုန်းတီးကြဖို့ လိုပေလိ့မ်မည်။ ထိုသို့လုပ်ပြီးသော သကာလမှသာ ငါနင့်ကို အရမ်းချစ်ကြောင်း အရမ်းမုန်းပြခြင်းဖြင့် သက်သေပြလိုက်တာပါဟု ဆိုကြည့်ပါ…။ သင့်ချစ်သူသည် သင့်အား ဘယ်လို တုံ့ပြန်ကြောင်း ကော်မန့်တွင် တစ်ခါ ပြန်လည်ရေးသားကြပါ…။

ဒီလိုနဲ့ ကျွန်တော်တို့ လူသားများသည် ပက်ပက်စက်စက် သစ္စာတရားများ မဲ့ ကြကာ..။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးနာကြင်ကြခြင်းဖြင့်….။ လောကကြီးသည် သစ္စာတရားထွန်းကားသော၊ အချစ်စစ် အချစ်မှန်များဖြင့် ပြည့်နှက်သော ကမ္ဘာကြီးတစ်ခုဖြစ်လာပေလိ့မ်မည်…။

ထိုအခါ လောကသည် ပိုမို လှပလာပေမည်လော….?

ကျွန်တော်စဉ်းစားကြည့်မိသည်…။

သင်လည်း စဉ်းစားကြည့်စေလိုသည်…။

အခြားတစ်ယောက်ကိုလည်း စဉ်းစားကြည့်ဖို့ တိုက်တွန်းပေးစေလိုသည်…။

ထိုအခါ ကျွန်တော်တို့အားလုံးသည် စဉ်းစား သူများ ဖြစ်လာကြမည်…။

ထို့နောက်တွင် ကျွန်တော်တို့အားလုံးသည် နွားတင်းကုတ် တစ်လုံးကို အတူတကွဝယ်ယူကာ…။ ကိုယ်စီ နဖားကြိုးထိုးကြရင်း အတူတူနွားဇာတ်ခင်းကြပါမည်။ ထို နွားတင်းကုတ်အတွင်း သို့ …

(၁) အလင်းမ၀င်စေရ

(၂) ဦးနှောက်များယူဆောင်မလာရ

(၃) သူရဲကောင်းများမလာရ

(၄) သစ္စာတရား မရှိစေရ

ထိုအခါ လောကသည် ပိုမို လှပသွားပေမည်လော….? လှပသွားပေမည်လော…?

လောကသည် လှပပေသည်။ သို့သော် ထို့ထက်လှပသော လောကတစ်ခုအား သူဖန်ဆင်းဖို့ ကြိုးစားခဲ့သောအခါ..ကျွန်တော်တို့အားလုံး နွားဖြစ်သွားကြ လေသည်။

P.S- ဤ အက်ဆေးအား နွားဇာတ်ခင်းသော နွားအက်ဆေးဟု မမှတ်စေရ…။

သံသရာ၊ ကွေ့၊ အနာဂတ်နှင့် အနက်ရောင်အိပ်မက်
တစ်ကယ်ဆို ဘ၀သည် ဘာမှ ထူးထူးခြားခြား အံ့သြစရာ မကောင်းသော မျက်လှည့်ပွဲတစ်ခုဖြစ်သည်။ ကျွန်တော်တို့ ဘ၀ကိုယ်စီတွင် တစ်ခါတစ်ရံ ကြိုတွေးထား သည့် အတိုင်း ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ကြိုမတွေးထားသည်များ ဖြစ်တတ်သည်။

ကျွန်တော်တို့သည် ကံကြမ္မာကို ဖန်တီးဖို့ ကြိုးစားကြသည်။ ဖန်တီးကြသည်။ တစ်ခါတစ်ရံ ကံကြမ္မာသည် ကျွန်တော်တို့အား ဖန်တီးသောအခါ မှင်သက်တုန်လှုပ် လေ့ ရှိကြသည်။ အတုံ့နှင့်အလှည့်သည် ဒင်္ဂါးပြားတစ်ခု၏ မျက်နှာပြင်နှစ်ဘက်ကဲ့သို့ အစဉ်ဒွန်တွဲလျှက်ရှိကြောင်း ကျွန်တော်တို့ မကြာခဏ မေ့နေလေ့ရှိကြသည်။

ဘုံလုံသီးကိုလည်း ကျွန်တော် မစားဖူးပေ..။ ထို့အတူ ငါးပျံကိုလည်း မမြင်ဖူးပေ..။ ထို့ကြောင့် ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဟူသော စကားပုံကို ကျွန်တော် နားမလည်ပေ။ မှန်ကင်းဆိုသော အရာသည် ဘာမှန်းမသိပေ..။ ထင်းကိုတော့ သိသည်..။ သို့သော် လောကတွင် မည်သည့်အခါကမျှ တစ်ခုထဲ (သို့) တစ်ဘက်ထဲကို သိရုံမျှဖြင့် မပြည့်စုံသော သဘောရှိသည့်အလျှောက် …။ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဆိုသော စကားပုံကိုလည်း ကျွန်တော်နားမလည်ပေ။ နားလည်အောင် လည်း မကြိုးစားခဲ့ဖူးချေ။ လူတစ်ယောက်၏ ဘ၀ကို တည်ဆောက်ဖို့အတွက် စကားပုံများ၏ အဓိပ္ပါယ်များကို သိမှ ဖြစ်မည်ဟု ကျွန်တော် မယုံကြည်သောကြောင့် ဖြစ်သည်။

သို့ရာတွင် ထိုစကားပုံများအားလုံးသည် အတုံ့အလှည့်သဘောကို ဆောင်ကြကြောင်းတော့ ကျွန်တော်နားလည်ထားသည်။ စကားပုံများကို နားလည်ဖို့ထက် အနှစ်သာရကို သိဖို့သာ အဓိကဖြစ်သည်ဟု ကျွန်တော်မှတ်ယူလိုက်သည်။

တစ်ကယ့်တကယ်တမ်းတွင် ကျွန်တော်တို့ထင်မှတ်သလို အတိတ်သည် အရိပ်တစ်ခုမဖြစ်နိုင်ပေ…။ အနာဂတ်သည်သာ အရိပ်တစ်ခုဖြစ်ပေလိ့မည်။ ကျွန်တော်တို့ ကိုယ်စီ ကိုယ်ငှဖန်တီးခဲ့ကြသော၊ ကြုံတွေ့ခဲ့ကြသော အတိတ်ဆိုသော အလင်းရောင်သည် ကျွန်တော်တို့၏ လက်ရှိပစ္စုပ္ပန်ပေါ်သို့ ကျရောက်သောအခါ အနာဂတ် ဆိုသော အရိပ်တစ်ခု ဖြစ်လာပေလိ့မ်မည်။ တစ်ချိန်က (အတိတ်က) ပြုလုပ်ခဲ့သော လုပ်ရပ်…။ လက်ရှိ ပစ္စုပ္ပန်တွင် ရပ်တည်နေသော ကျွန်တော်တို့၏ ခံယူချက် အပေါ် မူတည်၍ ကျွန်တော်တို့၏ အနာဂတ်သည် ပုံပေါ်လာပေလိ့မ်မည်။ ထိုအရိပ်ကို လိုလားသည်ဖြစ်စေ…။ ငြင်းဆန်သည် ဖြစ်စေ..။ ကျွန်တော်တို့ လက်ခံရပေ လိ့မ်မည်။

ထို့ကြောင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးခုဆုံသောအချိန်ကို ဘ၀မွန်းတည့်ချိန်ဟု ကျွန်တော် သတ်မှတ်လိုသည်။

ထိုကဲ့သို့နေမွန်းတည့်ချိန်သည် တစ်ရက်တွင် တစ်ခါသာရှိနိုင်သလို..။ ကျွန်တော်တို့၏ ဘ၀မွန်းတည့်ချိန်သည်လည်း တစ်သက်တွင် တစ်ခါသာ ရှိနိုင်သည်။  ထိုရှားပါး၍ ကြုံတောင့်ကြုံခဲဖြစ်သောအချိန်ကို ကျွန်တော်တို့ သတိပြုမိဖို့သာလိုသည်။ သတိမပြုမိပါက ၂၀ ရာစု၏ နောက်ဆုံးနေ၀င်ချိန်ကို မကြည့်လိုက်ရသော လူတစ်ယောက်၏ ခံစားချက်ထက် ပိုမိုပြင်းထန်သော ခံစားချက်များ ရှိလာပေလိမ့်မည်။ ၂၀ ရာစု၏ နောက်ဆုံးနေ၀င်ချိန်သည့် ကျွန်တော်တို့အတွက် အရေးမပါလှ ပေ။ သို့သော် ကျွန်တော်တို့၏ ဘ၀မွန်းတည့်ချိန်မူကား ….။

အချို့သော အပြောင်းအလဲများသည် အံ့သြ စရာကောင်းသည်။ အချို့သည် ပျော်ရွှင်ဖွယ်ကောင်းသည်။ အချို့သည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ မည်သို့ ပင်ဖြစ်စေ ကျွန်တော်တို့သည် အပြောင်းအလဲ တစ်ခုနှင့်ကြုံတိုင်း မှတ်ချက်တစ်ခုတော့ ချလေ့ရှိသည်။ အခြားလူကို ထုတ်ဖော်ပြောဆိုခြင်းရှိသည်နှင့် မပြောဆိုခြင်း သာ ကွာပေလိ့မ်မည်။ မိမိခံစားချက်ကို အမှန်အတိုင်းထုတ်ဖော်ခြင်းနှင့် ဘာမှမဖြစ်သည့် ပုံ ဟန်ဆောင်နေခြင်းသာ ကွာပေလိ့မ်မည်။ သို့သော် ထိုအပြောင်းအလဲ သည်ကား ကျွန်တော်တို့၏ ဘ၀တစ်ဆစ်ချိုးကို အတိအကျ ပုံဖော်ခဲ့ပြီ…။ ပြင်ဆင်ခွင့်သည် ကျွန်တော်တို့လက်ထဲတွင်သာမက..။ ဘုရားသခင်၏ လက်ထဲတွင်လည်း မရှိနိုင်တော့ဟု ကျွန်တော် အတိအကျ ယုံကြည်သည်။

ကွေ့ဟူသည် များသောအားဖြင့် အန္တာရယ်ရှိသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့်လည်း အဝေးပြေးလမ်းမကြီးများတွင် အန္တာရယ်ကွေ့ ဟူ၍သာ သတိပေးလေ့ရှိပြီး။ ပျော်စရာကွေ့ ဟူ၍ ရေးသားထားခြင်းမရှိသည်ကို ဆင်ခြင်ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် လူတို့သည် ကွေ့ဆိုလျှင်သတိထားကြသည်။ ထိုသတိထားမှုနှင့် အတူ ကွေ့၏ သဘောအရ တစ်ဘက်တွင် ဘာရှိသည်ကို မသိနိုင်..။ မမြင်နိုင်..။ ထို့ကြောင့် စိတ်ဝင်စားကြသည်။ အချို့..။ စိတ်လှုပ်ရှားကြသည်။ သို့သော် သေချာသည်မှာ သတိ ကိုယ်စီတော့ထားကြသည်။ ကျွန်တော်တို့သည် သတိရှိသူများဖြစ်ပါက ဟိုင်းဝေးလမ်းမကြီးများ၏ ကွေ့ တစ်ဘက်တွင် ဘာရှိမည်ကို အနဲနှင့်အများ လှမ်းမြင် နိုင်သည်။ ခန့်မှန်းနိုင်သည်…။ သို့သော် ဘ၀တစ်ခု၏ ကွေ့တစ်ဘက်ကို မြင်ဖို့ရာတွင်မူ….။

ခင်ဗျားတို့သည် လည်းကောင်း၊ ကျွန်တော်သည် လည်းကောင်း ထိုကဲ့သို့သော ကွေ့ ပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူး၊ ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကြသူများရှိသည်။ ကွေ့တို့၏ မာယာကို ဒူးထောက်လိုက်ရသူများရှိသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ်ခုသည် ကျွန်တော်တို့ဘ၀၏ ကွေ့တစ်ခု ဖြစ်သည်ဆိုပါဆို့…။ အဲ့ဒီ့ကွေ့၏ နောက်ကွယ်တွင် မတူညီသော ခြားနားမှုများ ဒုနှင့်ဒေး ပေါ်ထွန်းလာခဲ့သည်။ အချို့ကျ ကြသည်။ အချို့အောင်ကြသည်။ အချို့ လိုချင်သော အမှတ်မရကြ..။ အချို့ မလိုချင်သော အမှတ်များရသည်။ ထို့နောက် ဆိုက်ကားသမား၊ ကူလီ၊ ဆရာဝန်၊ ကျောင်းဆရာ ဘ၀များ ခြားသွားခဲ့သည်။ အဖြူ အစိမ်းနေ့ရက်တို့သည် ထိုကွေ့များ၏နောက် ခပ်ဝေးဝေးတွင် မျက်ရည်စက်လက်နှင့် တဖြေးဖြေး မှေးမှိန်သွားခဲ့သည်။ ထို့နောက် နောက်တစ်ကွေ့…။ ပြီး..။ နောက်တစ်ကွေ့…။ ကွေ့ပေါင်းများစွာ..။ ကျော်ဖြတ်ခဲ့သည်…။ ကျော်ဖြတ်ကြရဦးမည်…။

လူတို့သည် တစ်ယောက်ထဲ မွေးဖွားလာကြသည်။ တစ်ယောက်ထဲပင် ပြန်လည်ထွက်ခွာသွားရသည်။ သို့သော် တစ်ယောက်ထဲ မနေတတ်ကြခြင်းမှာ ထူးဆန်းသည် ဟု ကျွန်တော်ထင်သည်။ အဘယ်ကြောင့်နည်း…? လောကကို တစ်ယောက်တည်း ရင်ဆိုင်ရန် သူရဲဘောကြောင်သောကြောင့်လော..? စုပေါင်း ညီညွတ်သော လူ့အဖွဲ့အစည်း တစ်ရပ်အား တန်ဖိုးထားသောကြောင့်လော…? ဒါမှမဟုတ်…။ သူများနေလို့ လိုက်နေခြင်းလော…? သင်ကိုယ်တိုင် စဉ်းစားဖူးပါသလား..။ ဘယ်အမျိုးအစားထဲတွင် ပါဝင်ပါသနည်း?

ကျွန်တော့်အတွက်မူ ကျွန်တော့်ဘ၀ကို တစ်ယောက်ထည်း မနေနိုင်သည့်တိုင် ဖြစ်နိုင်သမျှ အသေးဆုံးသော လူ့အဖွဲ့အစည်းဖြင့် တည်ဆောက်နိုင်ရန် အဆင်သဖြင့် ကြိုးစားခဲ့ဖူးသည်။

သံယောဇဉ်သည် ချည်နှောင်တတ်သော သဘောရှိသည်။ ရုန်းထွက်ရန် ခက်ခဲသော နွယ်ပင်တစ်ခုလည်းဖြစ်သည်။ ထို့အတူ… ။ ၀ါးမျိုတတ်သော သဘောလည်း ရှိပေသည်။

ထို့ကြောင့် တတ်နိုင်သမျှ သံယောဇဉ်ကင်းသောဘ၀..။ နောက်ဆုံးမဖြစ်နိုင်သည့်အဆုံး..။ သံယောဇဉ်နည်းသော ဘ၀ကို ထည်ထောင်ဖို့ ကြိုးစားခဲ့သည်။ ထိုကဲ့သို့ တည်ထောင်ဖို့ ကြိုးစားခြင်းသည် ခင်ဗျားတို့ ကျွန်တော်တို့ ထင်ထားသည်ထက် များစွာခက်ခဲသည်။ ထိုခရီးသည် ကြမ်းတမ်းပေသည်။ ပေးဆပ်စတေးလိုက်ရသည် များမှာ ရင်နင့်ဖို့ကောင်းလှသည်။ အေးစက်စိုထိုင်းသော လမ်းတစ်ခုဖြစ်သည်။ ချော်လဲလျှင်ရောထိုင်၍ မရသော လမ်းတစ်ခုဖြစ်သည်။ လူ့ဂွစာဟု အဓိပ္ပါယ်ရသော အကြည့်များ အမှိုက်ကားနှင့် တစ်စီးအပြည့်ရသည်။ ထို ခရီးလမ်းကို လျှောက်လှမ်းဖို့အတွက် ရိက္ခာအဖြစ် ဥပက္ခော တရားများကို ဖောဖောသီသီ သယ်သွားဖို့ လိုအပ်သည်။ သို့မဟုတ်ပါက ထိုခရီးတစ်ရှောက် သင်စားသုံးစရာ ဥပေက္ခာ ရိက္ခာများ မရှိတော့သောအခါ သင်ရောက်လိုသော လွတ်လပ်မှု ပန်းတိုင်သို့ ရောက်နိုင် တော့မည် မဟုတ်ပေ။

ဥက္ခောတရားသည် မိစ္တာဒိဌိ တစ်ခုမဟုတ်ပေ..။ ဘုရားဟောထားသော ဗြဟ္မာစိုရ် တရားလေးပါးထဲမှ နောက်ဆုံးအချက်ဖြစ်သောကြောင့် ..။ ဘုရားဟောနှင့် ညီသော အလုပ်တစ်ခုဖြစ်သည်။

သင်သည် လူ့ဘ၀ဆိုသော ခရီးရှည်တစ်ခုအား ဖြတ်သန်းနေစဉ်တွင်…။ သံသရာဆိုသော အစပေါင်းများစွာ ပိုမိုရှည်လျားသည့် ခရီးရှည်တစ်ခုအား တစ်ချိန်တည်း တွင် ဖြတ်သန်းနေကြောင်း အခါအားလျော်စွာ မေ့လျော့နေခဲ့ပေလိ့မ်မည်။ ဘုရားရှင်၏ တရားတစ်ခုတွင် ဓမ္မဆိုသည်မှာ သံသာရာ၏ တစ်ဘက်ကမ်းကို ရောက်ရှိ အောင် ပို့ပေးသော ဖောင်တစ်ခုသာဖြစ်ကြောင်း…။ သံသရာ၏ ထိုတစ်ဘက်ကမ်းသို့ ရောက်ရှိသွား (သံသရာမှ လွတ်မြောက်သွား) ပါက ထို ဓမ္မဆိုသော ဖောင်ကို ဖက်တွယ်ထားရန် အကြောင်းမရှိကြောင်း…။ ဓမ္မသည်ပင်လျှင် ဖက်တွယ်ထားစရာ တစ်ခုမဟုတ်ပါက..။ အဓမ္မဟူသည်မူ ဆိုဖွယ်ရာ မရှိကြောင်း ဟောကြားတော် မူခဲ့ဖူးသည်။

ကျွန်တော်တို့သည်လည်း ထို့အတူပင်ဖြစ်သည်။ သင်သည် သံသရာ ခရီးတစ်ခုကို သွားနေသော ခရီးသည်ဖြစ်သည်။ ထို့ကြောင့် သင့်တွင် ကျောပိုးအိတ် (သို့) ခရီး ဆောင် အိတ်တစ်လုံးပါပေလိမ့်မည်။ ကျွန်တော်တို့သည် သံသရာ ခရီးတစ်လျှောက် အဆင်ပြေစေရေး၊ ချမ်းသာစွာနေထိုင်နိုင်ရေး၊ စသည်ဖြင့် ထိုထိုသော ကောင်းခြင်းများအတွက် ရည်ရွယ်ကာ ကျွန်တော်တို့၏ ကျောပိုးအိတ် (ကျောပိုးအိတ်ပဲ ဆိုကြပါစို့) ကုသိုလ်များကို များနိုင်သမျှများအောင် ထည့်ကြသည်။ စုဆောင်း ကြသည်။ တန်ဖိုးထားကြသည်။ လေးမှာခြင်းတူတူ ကျောပိုးအိတ်ထဲသို့ မည်သို့မျှ ကောင်းကျိုးမပေးနိုင်သော အကုသိုလ်များ မထည့်ကြခြင်း (သို့) တတ်နိုင်သမျှ မထည့်မိအောင် ကြိုးစားကြခြင်းသည် များစွာ ယုတ္တိရှိပေသည်။ သို့သော် ကျွန်တော်တို့ မေ့လျော့နေခဲ့သော အချက်တစ်ခု ကျန်ရှိခဲ့လေသည်…။

ကောင်းခြင်းကို ပေးတတ်သော ကုသိုလ်သည် လည်းကောင်း၊ အကုသိုလ်သည်လည်းကောင်း ကိုယ်စီ အလေးချိန်ရှိပေသည်။ အကုသိုလ်အတွက် မထူးခြားသဖြင့် မပြောလို..။ သို့သော် လူတို့သည် လိုချင်တက်မက်သည့် လောဘနှင့် တွေဝေစေတတ်သော မောဟတို့၏ ဖုံးလွှမ်းမှုကြောင့် ကုသိုလ်များကို ထည့်ရာတွင် အလေး ချိန် အကြောင်းမေ့လျော့နေခဲ့ကြပေသည်။ ထိုအချက်က ကျွန်တော်တို့အဖို့ သံသရာ၏ တစ်ဘက်ကမ်းကို မရောက်မှီစပ်ကြား..။ ကျွန်တော်တို့၏ ခရီးကို ပိုမို ကြာရှည် စေခဲ့သည်။ ပိုမိုလေးလံစေခဲ့သည်…။ ထို့ကုသိုလ်များ၏ အကျိုးဆက်ကြောင့် သံသရာတစ်ဘက်ကမ်းကို မရောက်ခင်စပ်ကြား လောက စည်းစိမ်များကို ခံစား မိန်းမောရင်းဖြင့် အချိန်များကို ဖြုန်းတီးမိကြလေသည်။ (ထိုကဲ့သို့ အချိန်ဖြုန်းရင်း မိမိသတိမထားမိလိုက်သော အချိန်တွင် အကုသိုလ်များသည်လည်း မိမိထည့် သည်ဖြစ်စေ မထည့်သည် ဖြစ်စေ မိမိတို့၏ ကျောပိုးအိတ်ထဲသို့ အလိုလို ၀င်ရောက်လာပေသည်။) ထိုသို့ဖြင့် သံသရာ တစ်ပါတ်ပြန်လည်ပေသည်။ ကောင်းခြင်းများ ပြီးသော အခါ..။ အဆိုးတရားများ..။ ထိုသို့ဖြင့် …. ခရီးသည် ရည်မှန်းချက် ပျောက်ဆုံးခဲ့လေသည်..။

ထို့ကြောင့် ကျွန်တော်တို့၏ ကိုယ်စီ ကိုယ်ငှ ကျောပိုးအိတ်များထဲတွင် ကုသိုလ်သော်လည်းကောင်း၊ အကုသိုလ်သော်လည်းကောင်း မည်သည့်အရာမှ မထည့်မိဖို့ လိုအပ်သည်။ သို့မှသာ ပေါ့ပါးလွတ်လပ်စွာဖြင့် ကျွန်တော်တို့၏ အန္တိမ ပန်းတိုင်သို့ ချောမောလျှင်မြန်စွာရောက်ပေလိ့မ်မည်..။

သို့သော် ကွေ့များကိုကား သတိထားဖို့ လိုအပ်ပေသည်။

ကျွန်တော်သည် ယခုအခါ..။ မနက်ဖြန်ဆိုသော နေ့ရက် ပညတ်တစ်ခုမှ စကာ…။ ကျွန်တော့်၏ ကျောပိုးအိတ်ထဲသို့ နုလုံးသား တစ်ခုအား ထည့်ကာ သံသရာ တစ်ဘက် မရောက်ခင်အထိ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့လေသည်။ ထိုဆုံးဖြတ်ချက်သည် ကျွန်တော့်အတွက် ကွေ့တစ်ခုလည်းဖြစ်သည်။ ထိုကွေ့၏ အခြားတစ် ဘက်တွင် ဘာတွေရှိမလဲဆိုတာကို ကျွန်တော် မမြင်နိုင်ပေ…။

ပျော်ရွှင်ခဲ့ခြင်းလော..။ တွေဝေနေခြင်းလော…။ တုန်လှုပ်နေခြင်းလော…။ စိတ်ဝင်စားနေခြင်းလော…။ ကျွန်တော် မဆင်ခြင်နိုင်…။ ထိုသို့ မဆင်ခြင်နိုင်မှီမှာပါ ကျွန်တော်သည် သံသရာ၏ တစ်ဘက်ကမ်း (သို့မဟုတ်) သံယောဇဉ်များနှင့် ဝေးရာသို့သွားနေသော လမ်းကြောင်းမှ ပထမဆုံးအကြိမ် စတင်၍ ဦးတည်ချက် သွေဖယ် သွားခဲ့ပြီ ဖြစ်ပါသည်…။

P.S- This Is The Last Post For My Old Life & I Am Starting To Step Into A New Life, Tomorrow! God Bless My Shadow!!

ကျွန်တော်နှင့် သာမန်များ…
ကျွန်တော်တို့သည် သာမန်နေ့ရက်တစ်ခုအဖြစ်…။ သာမန် မနက်ခင်းတစ်ခုတွင်…။ သာမန်လည်ပတ်နေသော သာမန် နာရီများနှင့်….။ သာမန် ပညတ်များကြားထဲ…။ သာမန်လူသားတစ်ယောက်အဖြစ်…။ တဖန်…။ သာမန် ပုံစံများအတိုင်း ပြန်လည်နိုးထလာခဲ့ကြ ပြန်လေသည်…။

သာမန်သောက်နေကြ နွားနို့တစ်ခွက်သည်။ သာမန်ညှစ်နေကျ နွားမတစ်ကောင်ထံမှ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် ထိုသာမန်မဟုတ်သော သာမန် နွားနို့သည်..။ သာမန်အတိုင်း ညှီစိမ့်သော အနံ့အရသာ ရှိပါလိ့မ်မည်။ သာမန်အတိုင်း အလိုအလျှာက်ဟလာသော ပါးစပ်ပေါက်မှ တစ်ဆင့်..။ သာမန်အတိုင်း လည်ချောင်းအတွင်းသို့ စီးဝင်သွားသည်မှာ တကယ့် သာမန် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့၏ ခန္ဓာကိုယ်သည် သာမန်နေ့များလောက် နွားနို့ရဲ့ အဟာရကို လိုချင်မှ လိုပါလိ့မ်မည်။ သို့သော် သင်သည် သာမန်အတိုင်း Drill  တစ်ခုကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည် ဖြစ်စေ အလိုလျှောက်လုပ်နေမိကြောင်းကို သာမန်အားဖြင့် သိရှိမည်မဟုတ်ပေ..။

သာမန်အတိုင်း ညှစ်လိုက်သော သင့်ရဲ့သွားတိုက်ဆေးဘူးသည် သင့်စိတ်ထဲတွင် ဘာမှ ထူးခြားမနေသော်လည်း…။ မနေ့က တိုက်ခဲ့သောသင့်ရဲ့ သွားတိုက်ဆေးဘူးထက် အနဲငယ် ကိုယ်အလေးချိန်ကျသွားကြောင်းကို သာမန်အားဖြင့် သင် သတိထားမိမည် မဟုတ်ပါ။ သင်သည် သာမန်အတိုင်း ပင် ရေချိုးခန်းရဲ့ နံရံမှာ ကပ်ထားသော မှန်အား ကြည့်ပေလိ့မ်မည်။ ထိုအခါ…။ ထိုမှန်သည် သင် ယခင်နေ့က အသုံးပြုခဲ့သော မှန်ထက် သာမန် အတိုင်း အနဲငယ် မှုန်ဝါးလာကြောင်း…။ သင့်ရဲ့ ဆံပင်များသည် သာမန်ထက် အနဲငယ်ပိုရှည်လာကြောင်း..။ သင့်ရဲ့ အရေပြားများသည် သာမန် အတိုင်း တစ်နေ့ထက်တစ်နေ့ တွန့်ကြေလာကြောင်း..။ သင့်ရဲ့ သက်တမ်းသည် သာမန်အတိုင်း ပိုမိုအိုမင်းလာကြောင်း…။ စသည့် သာမန်ပေါင်း များစွာအား..။ သာမန်အားဖြင့်…။ သင် လျှစ်လျှူ ရှုလိုက်ခြင်းမှာ သာမန်နေ့ရက်တစ်ခုရဲ့ သာမန်ရိုးကျ အစတစ်ခုပင် ဖြစ်သည်။

သာမန်မနက်ခင်းတစ်ခုတွင်..။ သာမန်ပဲပြုတ်သည်တစ်ယောက်သည်…။ သာမန်အော်နေကြအတိုင်းအော်ကာ လှည့်လည်ရောင်းချနေနိုင်ပါသည်..။ သို့သော် ပဲပြတ်ရဲ့ ဈေးကတော့ မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှ ဖြစ်ပါလိ့မ်မယ်..။ ထိုနည်းတူ ထိုပဲပြုတ်သည်ရဲ့တောင်းထဲက ပဲပြုတ်တွေသည် မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှလည်း ဖြစ်ပါလိ့မ်မယ်…။ ပဲပြုတ်သည် ဆိုသော ပညတ်သည် သာမန် ဖြစ်သည်…။ သို့သော် ထိုပဲပြုတ်ကို ရောင်းသော သူရဲ့ မျှော်လင့်ချက်သည် မနေ့ကအတိုင်း သာမန် ဟုတ်ချင်မှ ဟုတ်ပါလိ့မ်မယ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်)..။ ထို့အတူ ပတ်ဝန်းကျင်သည် သာမန် မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) လေထုသည် သာမန်မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) ယဉ်ကျေးမှု သည် သာမန်မဟုတ် (မနေ့ကထက်ပို ညစ်ညမ်းလာပါတယ်)… ထို့ကြောင့် ယနေ့သာမန်များသည် သာမန် အားဖြင့် မနေ့က သာမန်များနှင့် တူသယောင်ယောင်ရှိသော်လည်း သာမန်အတိုင်း မနေ့က သာမန်များ မဟုတ်ကြတော့သည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်ပါသည်။

Company ပေါင်းမြောက်များစွာကို သာမန်မဟုတ်သောနည်းလမ်းများဖြင့် ပိုင်ဆိုင်ထားသော သာမန်သူဌေးဟု သူ့ကိုသူထင်နေသော သူဌေးတစ်ယောက်၏ သာမန်အသုံးစရိတ်သည် သာမန်လူတန်းစား မိသားစု ပေါင်းများစွာ၏ သာမန်ရိုးကျ ရှာဖွေထားသော ငွေကြေးဥစ္စာတို့နှင့် သာမန်အတိုင်း အချိုးတူညီခြင်းမရှိသည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် ကျွန်တော်တို့ သာမန်အတိုင်း သတ်မှတ်လို့ ရနိုင်မည် မထင်။ ငွေစက္ကူသည် သာမန်အရွယ်အစားအတိုင်းဖြစ်သည်။ ငွေစက္ကူသည် သာမန်အလေးချိန်အတိုင်း ဖြစ်သည်။ ငွေစက္ကူသည် သာမန်အတိုင်း စုတ်ပြဲလေ့ရှိသည်။ သို့သော ထိုငွေစက္ကူရဲ့ တန်ဖိုးသည် ထူးခြားစွာ သာမန်တန်ဖိုးအတိုင်း ဖြစ်မနေသည်မှာ သာမန်အတိုင်း ဟုတ်ပါလေစ..။

သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် ကော်ဖီတစ်ခွက်သည်…။ သာမန်မိသားစုတစ်စုရဲ့ သာမန် ထမင်းဝိုင်းပေါင်း ၁၀၀ ဖြစ်နိုင်သည်။ သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် အနှိပ်ခန်းကြေးသည်..။ သာမန် မိသားစု တစ်စု၏ သာမန် ဒဏ်ကျေဆေးဘူးပေါင်း သိန်းနှင့် ချီကာ ညီမျှသည်။ သာမန်မဟုတ်သော ထိုသူဌေးရဲ့ Hammer တစ်စီးသည် သာမန် မိသားစု တစ်စုလုံးရဲ့ ဖင်နောက်မှီးတစ်ပိုင်းပြတ်နေသော ရာဘာဖိနပ် ပေါင်း သန်းနှင့်ချီကာ ညီမျှသည်။ သို့သော် ဘာမှမတတ်နိုင်သော သာမန်လူများဖြစ်ကြသည့် ကျွန်တော်တို့သည် သာမန်အတိုင်းပင် လက်ပိုက် ကြည့်နေသည်မှ လွဲကာ ဘာမှ မတတ်နိုင်ကြခြင်းမှာလည်း သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။

သာမန်ကြွေကျသွားသော ပန်းတစ်ပွင့်၏ ဇာတ်သိမ်းသည်…။ သာမန် ကျွေကြသင့်သည့် ရာသီဥတုတစ်ခု မဟုတ်ခဲ့သည်မှာ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ သာမန်ရိုးကျ သတ်မှတ်နိုင်ရန် အတော်ပင် ခက်ခဲပေလိ့မ်မည်။ ထို ပန်းပွင့်လေးတစ်ပွင့်၏ အညှာတိုင်သည် သာမန် ပန်းပွင့်များကဲ့သို့ ရှိသင့်သော ခံနိုင်ရည် အရည်အချင်းမပြည့်မှီသို့လော…။ သို့မဟုတ်…။ သာမန် ပန်းပွင့်လေးများ တိုက်ခတ်ခံရလေ့ရှိသော သာမန် လေပြေတို့ထက် ပြင်းထန်သည့် သာမန်မဟုတ်သော လေပြေတို့ပိုမိုတိုက်ခတ်ခြင်း ခံရသို့လော…။ သို့မဟုတ်…။ ထိုပန်းပွင့်လေး၏ အလှသည် သာမန် ပန်းပွင့်များ၏ အလှထက် ပိုမိုထူးကဲ၍ သာမန်မဟုတ်ကာ လှပနေသောကြောင့် သာမန်မဟုတ်သော လက်များ၏ ခူးခြွေ ချနင်းခြင်း (သို့မဟုတ်) ပန်ဆင်ခြင်း ကို သာမန်အတိုင်း ခံလိုက်ရခြင်းလော…။ ဒီအရာတို့သည် သာမန်ဖြစ်စဉ်များပင်လော..။ သို့မဟုတ် သာမန် မဟုတ်သော ဖြစ်စဉ်များလော…။ သို့သော် ထိုပန်းပွင့်လေးသည် သာမန် အနိစ္စ တစ်ခုရဲ့ သဘောကို သာမန်အတိုင်းပင် ရိုးရိုးလေး သက်သေပြခဲ့ သည်။ သူသည် သာမန်ဖူးပွင့်ခဲ့သည်…။ ထို့နောက် သာမန် ကြွေလွင့်သွားခဲ့သည်။ သို့သော် သူ့ရဲ့ လှပချိန် (သို့မဟုတ်) လှပခွင့် သက်တမ်းသည် သာမန်အချိန်ကာလထက် တိုတောင်းခဲ့ခြင်းကို ကျွန်တော်တို့ မျက်စိစုံမှိတ်ကာ သာမန် ဖြစ်ရပ်တစ်ခု အဖြစ်ပဲ သတ်မှတ်လိုက်ကြပါစို့…။

သာမန် လည်ပတ်နေသော ကမ္ဘာမြေပြင်သည် လူတို့၏ ပြုပြင်ဖန်တီးမှုကြောင့်သာ ညီညာနေသယောင်ထင်ရ သော်လည်း…။ သာမန်အတိုင်းတွင်မူ မည်သို့မျှ ညီညာခြင်းမရှိသည်ကို သာမန်အသိတရားတစ်ခုဖြင့် သိရှိနိုင်သည်။ ထို့အတူ ကျွန်တော်တို့သာမန်သတ်မှတ်ထားသော မျဉ်းဖြောင့်တို့ သည် တစ်ကယ်တမ်းတွင် မျဉ်းဖြောင့် အစစ်အမှန်များ မဟုတ်ကြဟု ကျွန်တော်ပြောလျှင် သင်သည် သင့်ရဲ့ မွေးရာပါဦးခေါင်းကို သာမန်အတိုင်း ခါရမ်းပါလိ့မ်မည်..။ အကယ်ရွေ့သင်သည် ဘယ်သန်တစ်ယောက်ဖြစ်ပါက သင့်ဦးခေါင်းကို သာမန်အတိုင်း ဘယ်မှ ညာသို့ခါရမ်းမည်ဖြစ်ကာ..။ ညာသန်တစ်ယောက် ဖြစ်ပါက သာမန်အတိုင်း ညာမှ ဘယ်သို့ ခါရမ်းလိ့မ်မည် ဖြစ်သည်။

သင်မသိသေးသော အရာတစ်ခုကို သာမန်အတိုင်းကျွန်တော် ပြောပြလိုသည်။ လောကတွင် သာမန်ရိုးကျ ဖြောင့်တန်းမှု (သို့မဟုတ်) မျဉ်းဖြောင့်ဆို သည်မှာ မည်သည့်အခါကမျှ ပေါ်ပေါက်ခဲ့ခြင်းမရှိပါ..။ ကျွန်တော်တို့ မျဉ်းဖြောင့်ဟု သာမန်သတ်မှတ်ထားသော မျဉ်းကြောင်းများအားလုံးသည်။ သာမန်  ရေမျက်နှာပြင်တစ်ခု၏ ညီညာမှု (ရေပြင်ညီ) ကို အခြေခံကာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ထိုပင်လယ်ရေ မျက်နှာပြင်သည် လည်း ဒီကမ္ဘာပေါ်ရှိအခြားသော အရာများအားလုံးကဲ့သို့ပင် မျဉ်းကွေးတစ်ခုဖြစ်ကြောင်းကို သာမန်မျက်စိဖြင့် သင်မသိနိုင်သော်လည်း…။ သာမန်နေ့ရက်များမှ လွန်မြောက်ကာ အာကာသရဲ့ တစ်ထောင့် တစ်နေရာကနေ သင်ကြည့်ခွင့်ရမည်ဆိုပါက သိရှိနိုင်ပေလိ့မ်မည်…။ ထို့ကြောင့် ဒီကမ္ဘာလောကတွင် စစ်မှန်သော ရိုးဖြောင့်မှုဆိုသည်မှာ တစ်ကယ်မရှိကြောင်း သာမန်စဉ်းစားကြည့်ရုံဖြင့် သိနိုင်သည်။

ညသည် သာမန်အတိုင်း အမှောင်တို့ကို သယ်ဆောင်လာခဲ့သည်။ သို့သော် နီယွန်မီးတိုင်တို့သည် သာမန်အတိုင်း ထွန်းလင်းခြင်းရှိမရှိကို သာမန်အားဖြင့် သင်မသိနိုင်…။ မနေ့က ထိန်ထိန်ငြီးနေအောင် ထွန်းလင်းခဲ့သော နီယွန် မီးသီးအချို့သည် ဒီနေ့တွင် သာမန်အတိုင်း ထွန်းလင်း နိုင်စွမ်းမရှိပဲ ငြိမ်သက်စွာဖြင့် မြို့ပြညကို နှုတ်ဆက်ခွဲခွာသွားသော မီးတိုင်များ များစွာရှိနေနိုင်သည်ကို သာမန်ကာလျှံကာ ကျွန်တော်တို့ လက်လျှူ ရှုလိုက်ကြပါစို့…။ ကောင်းကင်သည် သာမန်အတိုင်း ကျယ်ပြန့်နေလိ့မ်မည်။ သာမန်အတိုင်း မှောင်မဲနေလိမ့်မည်။ ထို့အတူ ကောင်းကင်ပေါ်မှ ကြယ်များသည်လည်း သာမန်အတိုင်း ထွန်းလင်းနေလိ့မ်မည်။ သို့သော် မနေ့ညက သာမန်အတိုင်း သင်အိပ်နေချိန်မှာ ကြွေကျသွားသော ကြယ်တစ်ပွင့်ကြောင့်ရှိကြောင်းနှင့်…။ ဒီနေ့ကောင်းကင်တွင် ထိုကြယ်တစ်ပွင့်လျော့သွားကြောင်းကို သင်သည် သာမန်အတိုင်းပင် မသိလိုက် မသိဖာသာ နေတတ်ခဲ့သည်။ လူတို့သည် အရာတော်တော်များများအား ကိုယ့်အတွက်အကျိုးအမြတ်မရှိနိုင်ဟု ယူဆပါက မိမိတို့နှင့် မသက်ဆိုင် သလိုနေတတ်ကြခြင်းမှာ သာမန် ဖြစ်ရိုးဖြစ် စဉ်တစ်ခုပင်ဖြစ်သည်။

သင်သည် ကျွန်တော့်၏ သာမန် အက်ဆေးတစ်ပုဒ်အား သာမန်မျက်စိဖြင့် ဖတ်ပေလိ့မ်မည်။ သာမန် မျက်စိ အားမကောင်းသော သူတို့သည် သာမန် မျက်မှန်တစ်လက်အားတပ်ကာ ဖတ်ကြပေလိ့မ်မည်။ ထို့နောက် သာမန်များစွာဖြင့် ကျင့်သားရနေသော သင့်ရဲ့ မျက်လုံးနှင့် ဦးနှောက်တို့သည် ကျွန်တော်ရေးထားသော စကား လုံးများနောက်သို့ သာမန်အတိုင်း ဘယ်မှညာသို့ အပြေးလိုက်ကြပေလိ့မ်မည်..။ အချို့နေရာများတွင် သည်သည် သာမန်အတိုင်း ခေါင်းကုတ်ကောင်း ကုတ်ပါလိ့မ်မည်..။ အချို့နေရာများတွင် သာမန်အတိုင်း ပြုံး ကောင်းပြုံးပါလိ့မ်မည်..။ အချို့နေရာများတွင်..။ သာမန်အတိုင်း နှစ်ခေါက်သုံးခေါက် ပြန်ဖတ်နေနိုင်သည်။ အချို့နေရာများတွင် သာမန်အတိုင်း သင်နားလည်ချင်မှ နားလည်လိ့မ်မည်။ သို့သော် ထိုအရာများနှင့် ဖြစ်စဉ် များအားလုံးသည် သာမန်များသာ ဖြစ်ကြသည်။

ဒီလိုနဲ့…

စက္ကန့်တို့သည် သာမန် အတိုင်းခရီးဆက်ကြကာ…။ ညသည် သာမန်အတိုင်း ပြန်လည် ပျောက်ကွယ် သွားပါလိ့မ်မည်…။ သို့သော် ဒီည အဖို့တော့ သင်သည် သာမန်ညများအတိုင်း သာမန်အတွေများဖြင့် အိပ်ပျော်ကောင်းမှပျော်ပါလိမ့်မည်…။ အဘယ့်ကြောင့်ဆိုသော် သင်သည် ယခုအချိန်မှစ၍ မိမိသည် သာမန်များကြားတွင် သာမန်များအတိုင်း နေ့စဉ် လည်ပတ်နေသော သာမန်လူတစ်ယောက် ဖြစ်ကြောင်းကို သာမန်ထက် အနဲငယ် ထူးခြားစွာ သထိထားခဲ့ မိသောကြောင့် ပင်ဖြစ်သည်။

P.S- သာမန်စကားလုံးများဖြင့် ဖွဲ့စည်းထားသည့် သာမန် အက်ဆေး တစ်ပုဒ်သာ ဖြစ်ပါကြောင်း…။

ဒုတိယကမ္ဘာ (သို့မဟုတ်) …
သက္ကရာဇ်အားဖြင့် AD 3000 ဘက်သို့ ချဉ်းနှင်း ၀င်ရောက်ခဲ့ပြီ ဖြစ်ပါတယ်…။

ကမ္ဘာ၏ ဗဟိုလည်မှတ်မှု စနစ်များ တိမ်းစောင်း လွဲမှားစပြုလာခြင်းမှအစ…။ သတ္တ၀ါ (အဓိက လူ) တို့၏ ခံယူချက်နှင့် အတွေးအခေါ်များ တရှိန်ထိုး ပြောင်းလဲလာခဲ့သည့်နောက် ကမ္ဘာတစ်ဝှမ်းတွင် ကြောက်မယ်ဖွယ်ရာ တော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေတော့သည်။

(မှတ်ချက်။  ။ အက်ဆေး နောက်ပိုင်းတွင် သတ္တ၀ါ ဆိုသောဝေါဟာရအစား လူ ဆိုသော ဝေါဟာရ ဖြင့်သာ ဆက်လက်ရေး သားသွားမည်ဖြစ်ပါသည်။ အကြောင်းမှာ ဤအက်ဆေးသည် လူ များကိုသာ ရည်ရွယ်ကာ ရေးသား ထားသောကြောင့် ဖြစ်ပါတယ်..။)

ထိုတော်လှန်ရေးကို ကမ္ဘာတစ်ဝှမ်းမှ “ဒုတိယကမ္ဘာတော်လှန်ရေး (သို့) သက်ရှိဝါဒ တော်လှန်ရေး” လို့ ခေါ်ဆို အသိအမှတ်ပြုခဲ့ကြပါတယ်…။

တော်လှန်ရေးပေါ်ပေါက်လာရခြင်း၏ အဓိကဇစ်မြစ်မှာ အကြောင်းအရာမှာ လူသားတို့၏ စကားလုံးနှင့် ဝေါဟာရများကို ဖောင်းပွစွာတီထွင်ခဲ့ကြ ခြင်း၊ သုံးစွဲ (သို့) သတ်မှတ်ခဲ့ကြခြင်းတို့ကြောင့် စတင်ခဲ့ပါတယ်..။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှ စစ်ပွဲများနှင့် တော်လှန်ရေးသမိုင်းများ ကို ပြန်လည် သုံးသပ်ကြမည်ဆိုပါက လူသားအချင်းချင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၊ တော်လှန်ရေးများသာ ဖြစ်ပေါ်ခဲ့ကြပါတယ်…။

ထိုအချိန်က ပေါ်ပေါက်ခဲ့ဖူးသော စာရေးဆရာများ၊ သိပံ္ပပညာရှင်များက လက်ရှိကျွန်တော်တို့ ရောက်ရှိနေသော သက္ကရာဇ်တွင် ဖြစ်ပေါ်လာနိုင်သော စစ်ပွဲများ၊ တော်လှန်ရေးများမှာ လူသားနှင့် အခြားကမ္ဘာမှ အန္တာရယ်များ၊ လူသားနှင့် စက်ယန္တာယားတို့၏ စစ်ပွဲများပင် ဖြစ်ပေါ်လာလိ့မ်မည်ဟု ကြိုတင်ခန့်မှန့်သုံးသပ်ခဲ့ကြပါတယ်..။ သို့သော် ထိုဟောကိန်းများသည် တစ်ကယ်တမ်းတွက် လုံးဝ  မှားယွင်းခဲ့ပြီ ဖြစ်ပါတယ်..။ ထိုကဲ့သို့ မှားယွင်း သော ဟောကိန်းများ ထုတ်ခဲ့ရခြင်းအကြောင်းအရင်းမှာ ၎င်းတို့အနေဖြင့် လူသားတို့နှင့် အနီးကပ်ဆုံးတွင် ထာဝရတည်ရှိခဲ့သော သက်မဲ့အရာဝတ္ထု များအပေါ် မေ့လျော့နေခဲ့ ခြင်းကြောင့်ပင် ဖြစ်ပါတော့သည်…။

ရှေးဟောင်းအတွေးအခေါ် (လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်) များအရ သက်ရှိနှင့် သက်မဲ့များ၏ ကွဲပြားခြားနားမှုအပေါ် အမျိုးမျိုးခွဲခြား သတ်မှတ်ခဲ့ကြပါတယ်…။ သက်ရှိမှန်လျှင် အသက်ရှူရမည်။ သက်ရှိမှန်လျှင် ခံစားချက်ရှိရမည်။ သက်ရှိမှန်လျှင် အသိဥာဏ်ရှိရမည်။ စသည်ဖြင့် သတ်မှတ်ခဲ့ကြ ပါတယ်…။ ၎င်းတို့ ထိုကဲ့သို့ ခြေအငြိမ်မနေ လက်အငြိမ်မနေ ဝေါဟာရများနှင့် အဓိပ္ပါယ်သတ်မှတ် ချက်များကို ချခြင်တိုင်းချ၊ ထုတ်ခြင်တိုင်း ထုတ်ခဲ့ခြင်းများ၏ ရလာဒ်များအနေဖြင့် လက်ရှိ ကျွန်တော်တို့ ခေတ်မှ လူသားများ ယခုအခါ အလူးအလဲ ခံနေကြရပြီ ဖြစ်ပါတယ်..။

၂၉ ရာစုနှစ်မတိုင်မှီ အထိတည်ရှိခဲ့သော ထိုရှေးဟောင်းအတွေးအခေါ်ပညာရှင်များနှင့် အတွေးချော် ပညာရှင်များသည် ထိုကဲ့သို့မှားယွင်းသော အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ဟောကိန်းများကို ထုတ်ခဲ့ရုံသာမက လက်ရှိ ကျွန်တော်တို့ရင်ဆိုင်နေရသော “ဒုတိယကမ္ဘာတော်လှန်ရေး” ဖြစ်ပေါ်လာဖို့အတွက် အဓိက အစပျိုး မျိုးစေ့ချပေးခဲ့ကြသော သမိုင်းတရားခံများလည်း ဖြစ်ပါတယ်…။

အကြောင်းမှာ ၎င်းတို့သည် ထိုကဲ့သို့ မည်သည့်အရာများသည် သက်ရှိများဖြစ်သည်။ မည်သည့်အရာများသည် သတ်မဲ့များ ဖြစ်သည်ဟု ပညာရှင် များပီပီ ပြီးပြီးရော သတ်မှတ်ခဲ့ကြပြီးသည့်နောက်တွင်….။ ထိုသူတို့မှပင် တစ်ဖန် သက်မဲ့များသည် အသက်ရှူကြကြောင်း….။ သက်မဲ့များတွင် ခံစားချက်များရှိကြောင်း..။ သက်မဲ့ များတွင် အသိဥာဏ်များရှိကြောင်း စတင်ဖော်ထုတ်ကာ ပြသနာအား မီးစမွှေးခဲ့ကြခြင်း ဖြစ်ပါတယ်….။

ထိုရလဒ်များအဖြစ်…

နေရာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ သက်ရှိသက်မဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေး ဌာနကြီးရဲ့ အစည်းအဝေး ခန်းမအတွင်း ဖြစ်ပါတယ်…။ ခန်းမရဲ့ ဖွဲ့စည်းပုံမှာ ထိပ်ဆုံးနေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲ များထိုင်ရန်သတ်မှတ်ပေးထားသော စင်မြင့်နှင့် မိန့်ခွန်းပြောစင် ရှိပါတယ်..။ ကျန်တဲ့ ခန်းမတစ်ခုလုံးမှာ ရှိသည့် ခုံများကိုတော့ Column သုံးခု ပိုင်းခြားသတ်မှတ်ထားပါတယ်..။ လက်ဝဲဘက်အစွန်ဆုံးတွင် လူမဟုတ်သော သက်ရှိများ၏ ကိုယ်စားလှယ်များက နေရာယူကြပါတယ်..။ အလယ် Column တွင် လူသားများ၏ ကိုယ်စားလှယ်များမှ နေရာယူ ကြကာ။ လက်ယာအစွန်ဆုံးတွင်တော့ ယခင် သက်မဲ့များအဖြစ် သတ်မှတ်ခံခဲ့ရသော သက်မဲ့များ (၀ါ) သက်ရှိများ စာရင်းတွင် အကြုံးဝင်ဖို့အတွက် ကြိုးစားနေသော သက်မဲ့များမှ ရွေးချယ်စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့များက နေရာယူထားကြပါသည်။ (လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ပေါ်ပေါက်ခဲ့ဖူးသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏  အစည်းအဝေးခန်းမကို မျက်လုံးထဲ မြင်ကြည့်နိုင်ပါတယ်)

အစည်းအဝေးခန်းတစ်ခုလုံးကို အကြမ်းဖျဉ်းခွဲခြားကြည့်လိုက်ပါက…။ လောကတွင် (လူမပါ) သက်ရှိများ၊ သက်မဲ့များ များစွာရှိသည့်အနက်…။ ကျန်သော အဖွဲ့များမှ ကိုယ်စားလှယ်များမှာ ရာခိုင်နှုန်း ၆၆.၆၆ သာ အစည်း အဝေးတက်ရောက်ခွင့်ရရှိကာ လူလည် (အလယ် Column မှာထိုင်သောကြောင့် လူလည် လို့ခေါ်ခြင်း ဖြစ်ပါသည်။ “လူလယ်” နှင့် မမှားကြပါကုန်…။) များမှာမူ တစ်ကမ္ဘာလုံးရှိ သက်ရှိ၊ သက်မဲ့များအားလုံး၏ ၃၃.၃၃ ရာခိုင်နှုန်း စာ တက်ရောက်ခွင့်ရရှိနေခြင်းမှာမူ…။

မကြာခင်မှာပင် ခေါင်းဆောင်အသီးသီးတို့သည် ဆင်မြင့်ပေါ်တွင်နေရာယူကြကာ အစည်းအဝေးကို စတင်လိုက်ကြပါတယ်…။ ရှေးဦးစွာ သက်မဲ့ များအဖွဲ့မှ စတင်ကာ သူတို့အား သက်ရှိများအဖွဲ့အစည်းအတွင်း အဘယ့်ကြောင့် ထည့်သွင်းသတ်မှတ်ပေးသင့်ကြောင်းကို အချက်အလက်များဖြင့် စတင် အဆိုပြုကြပါတော့ တယ်…။

ရှေးဦးစွာ ကမ္ဘာ့သက်မဲ့များဆိုင်ရာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသော အပင်များဆိုင်ရာအဖွဲ့အစည်း ဥက္ကဌမှ စတင် အဆိုတင်သွင်းပါတယ်..။

“ကျွန်တော့်အနေနဲ့ ရှေးဦးစွာ ပြောကြားလိုတာကတော့ အခုလို အပင်များရဲ့ ကိုယ်စားလှယ်အနေနဲ့ သာမက ကမ္ဘာ့သက်မဲ့များအားလုံးရဲ့ ကိုယ်စားလှယ်အနေဖြင့် စကားပြောခွင့်ရတဲ့အတွက် ကမ္ဘာ့သက်မဲ့များ (သက်ရှိ သတ်မှတ်ခွင့်ရရေး တိုက်ပွဲဝင်သူများ) အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်..။”

ကိုယ်ကျွန်တော်တို့ဟာ အခုလို သက်ရှိများ (ယခုအချိန်အထိ သတ်မှတ်ထားသော) နှင့် အတိုက်အခံ ပြုလုပ်နေခြင်းမှာ ငြိမ်းချမ်းနေတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ပျက်စီးစေလိုခြင်းကြောင့် မဟုတ်ပါဘူး..။ ကျွန်တော်တို့အနေနဲ့ ရသင့်ရထိုက်တယ်လို့ ယုံကြည်ထားသော အခွင့်အရေး တစ်ရပ်အား တောင်းဆိုနေခြင်းသာ ဖြစ်ပါတယ်..။ ထိုကဲ့သို့သော အခွင့်အရေး (အထူးသဖြင့် လူသားများနှင့် တန်းတူ) ကို ရရှိသင့်ကြောင်းကို လည်း အခုလက်ရှိ အလည်လိုင်းမှာထိုင်နေကြသော လူသားများမှပင် ကျွန်တော်တို့၏ အတွေးအခေါ်များ အတွင်းသို့ ရိုက်သွင်းပေးခဲ့ကြခြင်း ဖြစ်ပါတယ်..။ ဥပမာအားဖြင့် သက်ရှိ၊ သက်မဲ့ပေါင်းများစွာ ဖွဲ့စည်းတည်ရှိသည့် ဒီကမ္ဘာမှာ အဘယ့်ကြောင့် ကိုယ်စားလှယ်တက်ရောက်ခွင့် ပမာဏ ဟာ တန်းတူညီမျှမှုမရှိပဲ လူများက ၃၃.၃၃ ရာခိုင်းနှုန်း နေရာယူရရှိပါသလဲ ဆိုတာမျိုးဖြစ်ပါတယ်..။”

ထိုခေါင်းဆောင်၏ စာသားတစ်ချက်အဆုံးတွင် ညာလက်အခြမ်းတွင် ထိုင်နေကြသော သက်မဲ့များဆိုင်ရာ ကိုယ်စားလှယ်များဘက်အခြမ်းမှ လက်ခုပ်သံများ တဖြောင်းဖြောင်းထွက်ပေါ်လာပြီး..။ ဘယ်ဘက်အခြမ်းတွင် ထိုင်နေသော သက်ရှိများအဖွဲ့ (လူမပါ) ကိုယ်စားလှယ်များကမူ လူလည်များထိုင်သော ဘက်သို့ နားမလည်နိုင်သော အကြည့်များ၊ အရေခွံနွာချင်သော အကြည့်များ စသည်ဖြင့် အနှုတ်သဘော ဆောင်သော အကြည့်များဖြင့် ဂုဏ်ပြုကြပါတော့တယ်…။

အပင်ခေါင်းဆောင်က “ ကျွန်တော် ဥပမာအနေနှင့် ဘာကြောင့်အပင်များအနေဖြင့် သက်ရှိအဖွဲ့အစည်းအတွင်း ပါဝင်သင့်ကြောင်းကို တင်ပြ ခွင့်ပြုပါ…။ လူသားများရဲ့ သတ်မှတ်ချက် ရှိပါတယ်..။ သက်ရှိမှန်ပါက အသက်ရှူ ရမည်။ မျိုးပွားခြင်း၊ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်း ရှိရမယ်လို့ အတိအကျ သတ်မှတ်ထားသော အဆိုရှိပါတယ်…။ လူသားများဆိုင်ရာ ဘာသာတရား အဆုံးအမနှင့် သတ်မှတ်ချက် များတွင်လည်း ထိုအဆိုကို တွေ့ရှိနိုင်ပါတယ်။ ကျွန်တော်တို့ သစ်ပင်များဟာ အသက်ရှူကြပါတယ်…။ ထို့အတူ ကျွန်တော်တို့မှာ မျိုးပွားခြင်း၊ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်းများကိုလည်း သက်ရှိများနည်းတူ တည်ရှိနေပါတယ်။ ထို့ကြောင့် သက်ရှိများအားလုံး၏ ခေါင်းဆောင်ဟု လက်ရှိသတ်မှတ်ထားသည့် လူသားတို့၏ စံချိန်စံညွှန်းများဖြင့် ကိုက်ညီနေသောကြောင့် ကျွန်တော်တို့အပင်များအား သက်ရှိများ အဖြစ် အသိအမှတ်ပြုပေးသင့်ပါ တယ်..။”

“ထို့အတူ နောက်ထပ်ဥပမာတစ်ခုအနေဖြင့်..။ ရေများဆိုင်ရာ အဖွဲ့အစည်းကို ဥပမာပြခြင်ပါတယ်..။ လူသားများရဲ့ သက်ရှိ အဖြစ်သတ်မှတ်ရေး အတွက် နောက်ထပ် အဓိကကျတဲ့ အချက်တစ်ခုရှိပါတယ်..။ ဒါကတော့ သက်ရှိမှန်ရင် ခံစားတတ်ရမယ်၊ အသိဥာဏ်၊ မှတ်သားနိုင်မှုစွမ်းရည် ရှိရမယ်လို့ အတိအကျ ဖော်ပြထားပါတယ်..။ ရေ ကိုကြည့်ပါ..။ ထိုလူသားများ၏ သက်သေပြ ရှာဖွေဖော်ထုတ်မှုကြောင့်ပဲ ရေတွင် ခံစားမှု ရှိကြောင်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကပင် ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်…။ ထိုအချိန်ကပင် ရေသည် ခံစားနိုင်မှုအပြင် မှတ်သားနိုင်မှု စွမ်းရည်ရှိကြောင်းကိုလည်း ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်..။ တစ်ကယ်တမ်းဆို ရေရဲ့မှတ်သားနိုင်မှု စွမ်းရည်ဟာ နှစ်ပေါင်းထောင်နှင့် ချီကာ ထိမ်းသိမ်းမှတ်သားနိုင်စွမ်းရှိသောကြောင့် လူသားများထက်ပင် အစပေါင်းများစွာ ပိုပြီး အားသာနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ ရေအဖွဲ့အစည်း၊ အပင်အဖွဲ့စည်းကဲ့သို့ပင် အခြားသော သက်မဲ့များမှာလည်း သက်ရှိအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ခိုင်လုံသော အကြောင်း ပြချက်နှင့် အထောက်အထားများ များစွာ အတိအကျရှိနေပါတယ်..။ ဒါကြောင့် ကျွန်တော်တို့အား သက်ရှိများအဖြစ် သတ်မှတ်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား…။”

အပင်ခေါင်းဆောင်၏ မိန့်ခွန်းသံအဆုံးတွင် ခန်းမတစ်ခုလုံး လက်ခုပ်တီးသံများ၊ လက်ခေါက်မှတ်သံများ၊ မလိုလားသော ဟန်ပန်များ၊ တီးတိုး တိုင်ပင်သော အသံများဖြင့် ဖုံးလွှမ်းသွားပါတယ်..။

ထို့နောက် သဘာပတိမှနေ၍ ကိုယ်စားလှယ်များအားလုံးကို မေးမြန်းပါတယ် “ အပင်ခေါင်းဆောင်ကြီး တင်ပြ သွားတဲ့ အချက်ဟာ အမှန်တကယ်ကို ချက်ကြလက်ကြရှိပြီး ခိုင်မာတာကိုတွေ့ရပါတယ်..။ သဘာပတိများ အဖွဲ့မှလည်း သဘောတူပါတယ်..။ သို့သော် လုပ်ထုံးလုပ်နည်းအရ..။ အခု တင်ပြသွားသော အဆိုအပေါ် ကန့်ကွက်မည့်သူများ ရှိမရှိကိုတော့ မေးမြန်းရမှာဖြစ်ပါတယ်..။

“ပထမအကြိမ်မေးပါမယ်..။ ကန့်ကွက်မယ့်သူ ရှိပါသလား….။” ခန်းမတစ်ခုလုံးငြိမ်….။

“ဒုတိယအကြိမ်မေးပါမယ်..။ ကန့်ကွက်မယ့်သူ ရှိပါသလား….။” ဘာသံမှ မထွက်…။

“နောက်ဆုံးအကြိမ်…။ ကန့်ကွက်မယ့်သူ ရှိပါသလား…”

“၀ုန်း…”

“ရှိပါတယ်…။”

မျှော်လင့်ချက်များဖြင့် ပြုံးနေသော သက်မဲ့များဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ အားလုံးမျက်နှာပျက်သွားပါတယ်..။ အကြောင်းမှာ ထရပ်လိုက်သော သူမှာ သဘာပတိအဖွဲ့တွင် ပါဝင်နေသော စီရှေ အာဏာရှိသူ တစ်ယောက် ဖြစ်နေသောကြောင့်ပါ…။ သူတစ်ယောက် ကန့်ကွက်ရုံနဲ့ အားလုံးရဲ့ မျှော်လင့်ချက်များ တစ်စစီ စုတ်ပြတ် ပျက်စီးသွားတော့မှာဖြစ်ပါတယ်…။

သဘာပတိကြီးမှ..” ဟုတ်ကဲ့..။ ခင်ဗျားအနေနဲ့ ကန့်ကွက်တယ်ဆိုရင်ဖြင့် ဒီအတည်ပြုမှုတင်ပြချက်ဟာ ရှုံးနိမ့်သွားပါပြီ..။ ဒါပေမယ့် ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတဲ့အကြောင်းလေးကိုတော့ ကိုယ်စားလှယ်တော်ကြီးများအားလုံး အမြင်ရှင်းစေဖို့ ရှင်းပြပေးစေလိုပါတယ်..”

ထိုကန့်ကွက်သော စီရှည် အာဏာရှိသည့် ပုဂ္ဂိုလ်မှာ မိန့်ခွန်းပြောစင်ရှိရာသို့ ရူးသိုးသိုးဖြင့် ရောက်ရှိလာကာ အင်မတန်မှ တိုတောင်းပြီး ပြတ်သား လှသော ကန့်ကွက်ရသည့် အကြောင်းအရင်းအား အောက်ပါအတိုင်း ပြောကြားလိုက်ပါတော့သည်။

“ရှင်းပါတယ်…။ အခြားသက်မဲ့များအကြောင်းတော့ မပြောလိုတော့ပါ..။ ဒါပေမယ့်  အထက်မှာ ဥပမာပေးသွားတဲ့ အပင်နှင့်ရေ တို့ကိုသာ သက်ရှိများအဖြစ် အသိအမှတ်ပြုလိုက်ပါက ကျွန်တော်ကဲ့သို့ သေတပန် သက်တစ်ဆုံး သက်သက်လွတ် စားပါတယ်လို့ ကြွေးကြော်ထားတဲ့ သူများအားလုံး စားစရာမရှိ၊ သောက်စရာ မရှိဖြစ်ကာ ငတ်ပြီး သေကုန်ကြမှာ စိုးလို့ပဲ ဖြစ်ပါတယ်…”

အစည်းအဝေးခန်းမ တစ်ခုလုံး ငြိမ်ကျသွားပါတယ်…။ ထိုညီလာခံသည်လည်း ၎င်းကန့်ကွက်မဲ တစ်ခုထဲဖြင့်ပင် ဇာတ်သိမ်းသွားပါတယ်…။ သို့သော် သက်မဲ့များအဖွဲ့မှ ထိုကဲ့သို့ အစည်းအဝေးများဖြင့် ငြိမ်းချမ်းစွာ အဖြေရှာ မရသည့်အဆုံး တိုက်ပွဲဝင်ရင် ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်…။

အပင်များသည် လူသားနှင့် သတ္တ၀ါတို့အား အာဟာရ မဖြစ်စေခြင်း၊ အဆိပ်အတောက်နှင့် ဥပါဒ်ဖြစ်စေခြင်း၊ စိမ်းလန်းမှုတို့အား ရုပ်သိမ်းခြင်း၊ ရှင်သန်ပေါက်ဖွားမှုတို့အား ထိန်းချုပ်ကန့်သတ်လိုက်ခြင်း စသည်တို့ဖြင့် စတင်တိုက်ခိုက်သောကြောင့် သစ်တောများပြုန်းတီးခြင်း၊ လူနှင့်သတ္တ၀ါ များ အဟာရချို့တဲ့ခြင်း၊ အပူအအေး လွန်ကဲမှုများ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတု ဟန်ချက်များ ပျက်စီးသွားခြင်း စသည်ဖြင့် တိုက်ပွဲအတွင်း အလူး အလိ့မ် ခံစားကြရပါတော့တယ်…။

ထို့အတူ ရေများဘက်မှလည်း ရေလွှမ်းမိုးမှုများဖြစ်စေခြင်း၊ မိုးများကို ပိုမိုခေါင်စေခြင်း၊ ရေရှားပါးသောနေရာ များတွင် ပိုမိုရှားပါးလိုက်စေခြင်း၊ ရေများဖြင့် လျှပ်စစ်ပေးမှုများကို ရပ်တန့်စေခြင်းအလို့ငှာ၊ ရေစီးကြောင်းများကို ပြောင်းလွှဲပြစ်ခြင်း၊ ရေများအတွင်း ရောဂါပိုးမွှားများကို ယခင်က ထက် ပိုမိုရှင်သန်နေထိုင်ခွင့်ပြုလိုက်ခြင်း စသည့် ထိုးစစ်များအပြင်းအထန် ဆင်နွဲပါတော့တယ်…။

အပင်နှင့်ရေတို့နည်းတူ အခြားသောသက်မဲ့များမှလည်း အပြင်းအထန် ၀ိုင်းဝန်းတိုက်စစ်ဆင်ကြသောကြောင့် အချိန်မကြာလိုက်ခင်မှာပဲ သက်မဲ့များအား အားကိုးနေထိုင်နေရသော ကမ္ဘာပေါ်ရှိ သက်ရှိများ (အထူးသဖြင့် လူများ) ၏ တောင်းဆိုမှုနှင့် သဘောတူညီမှုကြောင့် သက်ရှိများ ဆိုင်ရာ အဖွဲ့အစည်းမှတစ်ဆင့် အပင်နှင့်ရေအပါအ၀င် အချက်အလက်နှင့် တောင်းဆိုလာသော သက်မဲ့များအားလုံကို သက်ရှိများအဖြစ် အသိ အမှတ်ပြုပေးလိုက်ရပါတော့တယ်..။

သို့သော်….

မကြာခင်မှာပဲ ရေနှင့်အပင် အပါအ၀င် သက်ရှိအဖြစ်အသိအမှတ်အပြုခဲ့မှု ရရှိပြီးသော သက်မဲ့ တော်တော်များ များသည် သက်ရှိများအဖွဲ့အစည်းမှ နှုတ်ထွက်ကာ နဂိုသက်မဲ့များအဖွဲ့အစည်းသို့ ပြန်လည်ဝင်ရောက်သွားပါတော့တယ်…။ ၎င်းတို့ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းအကြောင်းအရင်းကိုတော့ ထုံးစံအတိုင်း သက်မဲ့များကိုယ်စားလှယ် အပင်များ ခေါင်းဆောင်ကြီးမှ အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်…။

“ကျွန်တော်တို့ ဘာကြောင့် သက်မဲ့အဖွဲ့အစည်းထဲကို ပြန်ဝင်သွားရလဲဆိုတော့…။ တကယ်တော့ သက်ရှိ..။ အင်းသက်ရှိဆိုတာထက်..။ အဓိက က လူပေါ့ဗျာ…။ လူတွေရဲ့ ဘာကြောင့် လူလို့ ခေါ်ရသလဲဆိုတဲ့ အနှစ်သာ ရနဲ့ အဓိပ္ပါယ်ကို တစ်ကယ် သိရှိသွားလို့ပဲ ဖြစ်ပါတယ်..။ တစ်ကယ်တော့ လူတစ်ယောက် ဖြစ်ဖို့ အသက်ရှူတတ်ဖို့လည်း မလိုပါဘူး..။ မျိုးပွားတာတွေ သေဆုံးတာတွေလည်း မလိုပါဘူး…။ အသိဥာဏ်တွေ၊ မှတ်ဥာဏ် တွေလည်းမလိုပါဘူး..။

လူတစ်ယောက်ဖြစ်ဖို့ မလိ့မ်တပါတ် လုပ်တတ်ဖို့ပဲ လိုပါတယ်။ မသိတာကို သိသလိုလို ဟန်ဆောင်တတ်ရပါမယ်။ မတတ်တာကို တတ်သလိုလို ဟန်ဆောင်တတ်ရပါမယ်..။ သူ့အတွက် လုပ်သလိုလိုနဲ့ ကိုယ့်အတွက် ကျန်အောင် လုပ်တတ်ရပါ့မယ်။ တကယ်တမ်းမှာတော့  သူတို့လူတွေ ကိုယ်တိုင်ကပင် သူတို့သတ်မှတ်ထားသလို လူလို့ အမည်ခံထားပြီး လုံးဝအသိဥာဏ်မရှိတဲ့ မည်ကာမတ္တ လူပေါင်းများစွာ ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ်…။ ဒါတွေအပြင်…။ ကျွန်တော်တို့အနေနဲ့ အခုလို မူလနေရာကို ပြန်သွားကြရခြင်း အကြောင်းကတော့ ကျွန်တော်တို့မှာရှိတဲ့ ကိုယ်ချင်း စာတရားနဲ့ ရိုးသားမှုတွေကို မစွန့်လွှတ်နိုင်လို့ပဲ ဖြစ်ပါတယ်”

“နောက်ဆုံး ကျွန်တော်မှာခဲ့ချင်တာကတော့…။ တစ်ကယ်လို့ ခင်ဗျားသာ တစ်ကယ့်လူတောထဲတိုးပြီး လူတန်းစေ့တဲ့ လူတစ်ယောက် ဖြစ်ချင်တယ် ဆိုရင်တော့ ခင်ဗျားမှာရှိတဲ့ ကိုယ်ချင်းစာတရားနဲ့ ရိုးသားမှုတွေ အားလုံးကို စွန့်ပြစ်ထားခဲ့ကြပါလို့…”

P.S- ပထမရေးနေတုန်းက အကြောင်းအရာတစ်ခုပါ ရေးနေရင်းလမ်းချော်သွားလို့ ချော်လက်စနှင့် မရေးတာကြာပြီ ဖြစ်သော ယခင်က ရေးခဲ့ဖူး သည့် ကျွန်တော်နှင့် တစ်နေ့တာ ၊ ခေတ်သစ်မင်းနန္ဒာ တို့လိုပုံစံမျိုး ပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပါသည်။ လမ်းချော်သွားလို့ မရေးဖြစ် လိုက်တဲ့ အကြောင်းအရာကိုတော့ နောက်မှပဲ ရေးသားဖော်ပြပါတော့မယ်။

အိပ်မက် လက်ဆောင်
နိဒါန်း

အဖေ…။ ညက…။ သား…။ အိပ်မက်တွေမက်တယ်…။ အိပ်မက်ထဲမှာ အရောင်တွေ မညီညာဘူး..။ ပညတ်တွေမညီညာဘူး..။ အသံတွေမညီညာဘူး။ ဘ၀တွေ မညီညာဘူး..။  အင်း…။ ရင်ခုန်သံတွေလည်း မညီညာဘူးပေါ့ အဖေရယ်…။

အိပ်မက် (၁)

အိပ်မက်ထဲမှာ…။ နံရံအချို့လည်း ပါတယ် အဖေ..။ ထူးခြားတာက အဲ့ဒီ့နံရံတွေမှာ “နား” မပါကြဖူးတဲ့လေ…။ ခပ်သဲ့သဲ့ ငိုရှိုက်သံအချို့ကြားမှာ အချို့ အချို့ရဲ့ ဘ၀တွေက ခါးလှပါတယ် အဖေရယ်..။ မေတ္တာမိုးခေါင်၊ သစ္စာရေရှား..။ ဒီသဘာဝတရား ကြီးက တစ်ခါတစ်လေ တစ်ကယ်ပဲ တရားရဲ့လား အဖေ…?

အိပ်မက်ထဲမှာ…။ လူအချို့…။ အစားတစ်လုပ်စာ လုံလောက်တဲ့ ငွေအသပြာရဖို့ သူတို့အစာအိမ်ကိုသူတို့ ဖြုတ် လျှော့ဈေးနဲ့ ထုတ်နေကြတယ်…။ စပါးလုံးတစ်ထောက်စာ အရေပြားတစ်ခု အ၀တ်အစားဝတ်နိုင်ဖို့ ကိုယ့်သားရေကို ကိုယ်လှီးထုတ် ပိတ်စတစ်အုပ်နဲ့ လဲနေကြတယ်…။ လူအချို့ရှင် သန်ဖို့…။ လူအချို့ ယဇ်စဉ် တက်နေရတယ်…။

မျှော်လင့်ခြင်းနဲ့ရက်တဲ့ ပန်းချီကားတစ်ချပ်…။ ရုတ်တရက်..။ စုတ်တစ်ချက်အမှားမှာ…။ စုတ်ပြတ်သတ်သွားတော့..။ စတေးလိုက်ရတာ ဘ၀တစ်ခု လုံးပေါ့ အဖေ..။ ရမ္မက်တွေကြား ရုန်းကန်လှုပ်ရှား…။ တစ်ခါတစ်လေများ..။ သားတို့မျှော်လင့်ချက်တွေကို အနားပေးဖို့တောင် မေ့ခဲ့ကြတာ ကြာပြီ ထင်ပါတယ် အဖေရယ်…။

အိပ်မက် (၂)

အိပ်မက်ထဲမှာ…။ မျက်မှန်တွေ အရမ်း ရောင်းကောင်းတယ် အဖေ…။ အဲ့ဒီ့မျက်မှန်က ဘယ်သူ့ကိုမဆိုကြည့် လိုက်တာနဲ့ အဲ့ဒီ့လူရဲ့ ကျောကုန်းမှာ လှေခါး ဘယ်နှစ်ထစ် ပါတယ်ဆိုတာ မြင်ရတယ်…။ အဲ့ဒီ့လူရဲ့ ဦးနှောက် ထဲမှာ ဓာတ်ဆီ ဘယ်နှစ်ဂါလံ ပါတယ်ဆိုမြင်ရတယ်…။ အင်း…။ အဲ့ဒီ့လူရဲ့ နှလုံးသားထဲမှာ အတ္တဘယ်နှစ်ပိသာ ပါတယ်ဆိုတာလည်း မြင်ရတယ် ဆိုပါတော့အဖေရယ်..။

အိပ်မက်ထဲမှာ….။ သားမျှားမိတဲ့ငါးက…။ အရိုးထွားတယ်…။ ချေးခါးတယ်…။ ဘေးတိုက်သွားတယ်…။ ရေခဲ ရိုက်ထားတယ်…။ ခြေထောက်များ တယ်..။ နောက်ပြီးတော့…။ အင်း…။ နားရွက်လည်း နဲနဲကားတယ် အဖေ…။ သူကပြောတယ်…။ ငါဟာ ရှားပါး “ငါး”…။ မင်း မမျှားလည်း..။ ငါ့ကို စားချင်တဲ့သူတွေ အများကြီးတဲ့…။ စုပ်လည်းဆူး..။ စားလည်းရူး…။ မထူးပါဘူးအဖေရယ်…။ သား…။ စည်သွပ်ဘူးထဲ ထည့်လိုက်တယ်….။

သန်းခေါင်ထက် ညဉ့်မနက်ဖူး ဆိုတဲ့စကား…။ မျက်မမြင်တစ်ယောက်ကြားရင်…။ ဟားပါလိ့မ်မယ် အဖေ…။ အလင်းနဲ့ အမှောင်ကြား…။ သူသိတဲ့ အမှန်တရားက…။ အရောင်တွေ သိပ်မများလှပါဘူး…။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့…။ အလင်းဆိုတာ အမှောင်ထက်မြတ်ကြောင်း…။ ဘယ် “တောင်” ကိုတက်ပြီး…။ သားသူ့ကို သက်သေထားရမလဲ အဖေ…?

အိပ်မက် (၃)

အိပ်မက်ထဲမှာ..။ သစ်ပင်တွေ တွေ့တယ်အဖေ..။ ဒါပေမယ့် အဲ့ဒီ့သစ်ပင်တွေက မြေပြင်မှာ အမြစ်မတွယ်ပဲ တိမ်တွေထဲမှာ အမြစ်တွယ်တယ်လေ..။ သူတို့က တိမ်ညွှန့်စားပြီး ဖွားကြတာတဲ့…။ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်တန်တော့လည်း ကမ္ဘာ့ဆွဲငင်အားက ဘယ်သူ့ကိုမှ လက်လီ၊လက္ကား  ဈေးစ ကား မများခဲ့ဘူး မဟုတ်လားအဖေ…? သူတို့သစ်ရွက်တွေ ကြွေတော့လည်း ဒီမြေပြင်ပေါ်ပဲ သက်ဆင်းခဲ့ရတာပဲ မဟုတ်လား အဖေ?

အိပ်မက်ထဲမှာ…။ ဧရာဝတီဘက်က ပြန်လာတဲ့…။ လေပြေအချို့နဲ့လည်းတွေ့တယ် အဖေ…။ “ဒီကောင် လေပဲ ရှိတာပါကွာ..” လို့ ပြောတတ်တဲ့ လူတွေကို မကျေနပ်လို့..။ ထိတွေ့ကိုင်တွယ်ခြင်း၊ မျက်စိဖြင့် မြင်နိုင်ခြင်း မရှိနိုင်အောင်လောက်အောင် နူးညံ့ပေမယ့်..။ လေမှာလည်း သူ့အားနဲ့ သူရှိ ကြောင်းသက်သေပြပြီး ပြန်လာတယ်လို့တော့ ပြောသံကြားမိတယ်..။

တစ်ကယ်တော့ အိပ်မက်ဆိုတာ သားအတွက်တော့ တစ်ခါက ပြောဖူးသလို….။ ဘ၀တစ်လျှောက်လုံး နေ့စဉ်ရက်ဆက်မှန်မှန် စားသုံးခဲ့တဲ့ နံနက်စာ သက်သက်ပါပဲ အဖေရယ်…။

နိဂုံး

ဘာရယ်တော့ မဟုတ်ဖူးပေါ့အဖေရယ်..။ လောကမှာ အဖေလို့ ခေါ်နိုင်တဲ့ အခွင့်အရေးလေးရှိတုန်း…။ အဖေ့ မွေးနေ့မှာ..။ အမှတ်တရအနေနဲ့..။ မက်ဖူးတဲ့ အိပ်မက်လေးတွေအကြောင်း တိုင်တည် ရုံလောက်ပါ…။ သားလို တိုင်တည်ခွင့်မရတော့တဲ့ သူတွေရဲ့ ကိုယ်စားလည်း ပါတာပေါ့ အဖေ ရယ်…။

P.S- HAPPY BIRTHDAY DAD!!!

ကျွန်တော်နှင့် သူမ (၄)
နိဒါန်း

တစ်ကယ်တော့ သူမဟာ

ကြွေမကျတတ်တဲ့ သစ်သီးတစ်လုံးမဟုတ်ခဲ့ပါဘူး

သူကသာလျှင် ဆွဲင်အားမဲ့ခဲ့တဲ့ ကမ္ဘာမြေပြင်တစ်ခု ဖြစ်ခဲ့တာပါ…။

BLACK DREAM

“Oh think twice, its another day for You and me in paradise”

“ဟဲလို…။ မေ လား…?”

“ဟုတ်တယ် မောင်…။”

“အဲ့…။ ထူးထူးဆန်းဆန်း ဖုန်းတွေ ဘာတွေတောင် ဆက်လို့ပါလား..? ကြည့်ရတာ ကောင်မလေး တော်တော်လွမ်းနေတယ်ထင်တယ်…။ ဟဲ ဟဲ”

“အဟင်း..။ အဲ့ဒါလဲ ပါပါတယ် မောင်ရယ်…။”

“နေပါဦး အဲ့ဒါလည်း ပါပါတယ်ဆိုတော့ နောက်ထပ် ဘာအကြောင်းရှိ နေသေးလို့လဲ…?”

“ဟုတ်တယ် မောင်…။ မေ….။ မောင့်ကို အရေးကြီးတာ ပြောစရာရှိလို့ ဆက်လိုက်တာ…။ မောင်အချိန် ရတယ်မလား..? အေးအေးဆေးဆေး ပြောလို့ ရတယ်မလား မောင်…?”

“အင်း…။ နေဦး..။ အခုက ရုံးမှာ…။ ခဏနေရင်တော့ အိမ်ပြန်မယ်လေ..။ မေ အဆင်ပြေမယ်ဆို ၇ နာရီလောက်ဖြစ်ဖြစ် ဆက်လို့ရမလား..။ မောင် ဒီမှာက လောလောဆယ် အလုပ်လေးတွေ လက်စသတ်စရာရှိနေလို့…။”

“အိုကေ မောင်…။ ဒါဆို မေ ည ၇ နာရီ ကျရင် ခေါ်လိုက်မယ်…။”

“အိုကေဗျာ..။ စောင့်နေမယ်…။”

“မောင်…..။”

“ဟင်…? ဘာလဲ… မေ…? ဘာပြောစရာ ရှိသေးလို့လဲ…?”

“ဘယ်လိုအကြောင်းတရားတွေကြောင့် ဘယ်လိုအကျိုးဆက်တွေပဲ ဖြစ်လာခဲ့ ဖြစ်လာခဲ့…။ မောင့်ကို မေ အမြဲချစ်နေမယ်ဆိုတာကို ယုံပေးပါနော် မောင်….။”

“အဲ..။ ဟဲလို…?”

တီ…။ တီ….။ တီ….။ တီ…။ တစ်ဘက်က ဖုန်းချသွားပြီး ဖြစ်ပါတယ်…။

အခန်း (၁)

ဦးနှောက်သည်

ဘ၀အား စစ်ကူပေးသောအခါတွင်

နှလုံးသားသည် ကားစင်တက်ရလေသည်..။

BLACK DREAM

တစ်ချက်ချက် မြည်နေသော နံရံပေါ်က နာရီကိုကြည့်ရင်း မေနှင်းစက် တစ်ယောက် အတွေးစစ်မျက်နှာပြင်မှာ သက်ပြင်းတွေ အကြိမ်ကြိမ် ကျဆုံး လျှက် ရှိပါတယ်။ အဆက်စပ်မရှိသော အတွေးစအချို့..။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဆိုတဲ့ ကာလသုံးပါးကြား အပြေးအလွှား စစ်ကစား လျှက် ရှိနေပါတယ်။ လူတစ်ယောက်အတွက် မျှော်လင့်ချက် ဘယ်နှစ်မျိုးလိုအပ်ပါသလဲ…? မျှော်လင့်ချက် ဘယ်နှစ်မျိုး ရှိသင့်ပါသလဲ..? သူမမှာတော့ မျှော်လင့်ချက် နှစ်ခုရှိသည်…။ ပထမတစ်ခုက ဦးနှောက်နဲ့ယှဉ်တဲ့ မျှော်လင့်ချက်..။ ဒုတိယက နှလုံးသားနဲ့ယှဉ်တဲ့ မျှော်လင့်ချက်။ ထိုသို့သော မျှော်လင့်ချက်နှစ်ခု ထိပ်တိုက် ရင်ဆိုင်ကြသော အချိန်တွင်မူ…။

လူတို့သည် တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင် ဘာမှန်းမသိသော အရာများအား အရူးအမူး လိုချင် တောင့်တတတ်လေ့ရှိကာ…။ တစ်ခါတစ်ရံတွင် ထိုဘာမှန်းမသိသေးသော အလုံးစုံ ပြီးပြည့်စုံမှုအားရရှိ ရန်အတွက်…။ မိမိတွင် ပိုင်ဆိုင် ရရှိပြီးဖြစ်သည့် အချို့အချို့သော ပိုင်ဆိုင်မှုများကိုပင် ရူးမိုက် စွာ စွန့်လွှတ်တတ်လေ့ ရှိကြပါတယ်..။ သူမလည်း ထိုနည်းတူပင်…။ ပြီးပြည့်စုံသော ဘ၀ဆိုသည်မှာ မည်သို့သော အရာမှန်းမသိသည့်တိုင် ထိုပြီး ပြည့်စုံသော ဘ၀အား ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် သူမ စွန့်လွှတ်ခဲ့ရသည့် ပမာဏမှာ အတိုင်းအတာ တစ်ခုအထိ အတော်ပင် များပြားခဲ့ပြီ ဖြစ်ကြောင်း သူမ အချိန်အတော်ကြာကပင် ကောင်းစွာ သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်ပါတယ်…။

သူမမွေးဖွားခဲ့သော အမိမြေ…။ သူမချစ်သော မိသားစု…။ သူမချစ်သော သူငယ်ချင်းများ…။ ပတ်ဝန်းကျင်..။ ရိုးရာ..။ ယဉ်ကျေးမှု…။ ဓလေ့ထုံးစံ…။ နွေးထွေးမှု…။ မေတ္တာတရား…။ ယုတ်စွအဆုံး ထောင်မြင်လို့ စွန့်လွှတ်လိုက်ရသော ရာတန်အချို့…။ ထားပါလေ…။ ရွှေပြည်တော်ကား မျှော်တိုင်း ဝေးနေသေးသလောက် ဒီတစ်ခါ သူမထပ်မံစွန့်လွှတ်ဖို့ ဖြစ်လာသည့်အရာကတော့ သူမ၏ ၀ိဥာဉ်တို့ ရှင်သန် အမြစ်တွယ်ရာ သူမ၏ နုလုံးသား အလှည့် ဖြစ်လာခဲ့လေပြီ…။ သေချာတာတစ်ခုကတော့ သူမသည် နုလုံးသားမဲ့သူ တစ်ဦးမဟုတ်ပါ။ ထို့အတူ။ မွေးရာပါ ဦးနှောက်တစ်လုံး လဲ သူမတွင် ပါရှိခဲ့လေသည်။

အခန်း (၂)

မှောင်မိုက်တဲ့ ငါ့ကမ္ဘာ

ယုံကြည်ချက်ကိုထွေးပိုက်

မျှော်လင့်ခြင်းနဲ့ အိပ်မက်တွေ စိုက်ခဲ့တယ်…။

BLACK DREAM

“မြတ်သော် ပြန်တော့မလို့လားဟ..? ဒီနေ့ မင်း ပြန်တာ နဲနဲစောတယ်ထင်တယ်…။”

“အေးကွာ..။ ငါ ကိုယ်ရေး ကိုယ်တာ ကိစ္စလေးနဲနဲရှိလို့…။ လူကြီးကိုတော့ မင်းပဲ ကြည့်ပြောလိုက်တော့..။ ငါဝင်မတွေ့တော့ဘူး…။”

“အာ..။ ရပါတယ်ဟ..။ မင်းက ပြန်တာ စောတယ်ဆိုပေမယ့်..။ ရုံးချိန်မပြီးသေးပဲ ပြန်တာမှ မဟုတ်တာ။ ခါတိုင်းလောက် အလုပ်ချိန်ထက် နောက်ကြပြီးမနေတာပဲရှိတာ..။ မင်း အလုပ်ကို ဘယ်လောက်အထိ တန်ဖိုးထားတယ်ဆိုတာ သူသိပါတယ်ကွ..။”

“အေးကွာ…။ ကျေးဇူးပဲ…။ အဲ့ဒါဆို ငါလစ်မယ်..။ မေနှင်းစက် ဖုန်းဆက်မယ်တဲ့..။ အရေးတကြီး ပြောစရာ ရှိတယ် ထင်ပါတယ်ကွာ…။”

“အင်း….။ ငါ့အထင်တော့….။” အောင်ပြည့်က မျက်နှာသေဖြင့် ရုံးခန်းနံရံပေါ်မှ နာရီကို ကြည့်ရင်း ပြောလိုက်သဖြင့်…။

“ဟ…။ ဘာလဲဟ..။ မင်းက ဘာထင်လို့လဲ…။ အူကြောင်ကြောင်မလုပ်နဲ့နော် ငါမနက်ကတည်းက စိတ်လေးနေတာ…။”

“ဟင်း…။ ငါထင်တာ ပြောကြည့်မယ်လေ…။ မင်းစိတ်တော့ ခိုင်ပေါ့…။”

“အေးပါ…။ မင်း ဘာထင်တယ်ဆိုတာသာ ပြောစမ်းပါ..။”

“ဒီလိုလေကွာ…။ မေနှင်းစက် အခု ထွက်သွားတာ ဘယ်လောက်ကြာပြီ…?”

“အင်း ၅ နှစ်ကျော်ပြီကွ…။ အဲ့ဒီ့တော့…?”

“ဟင်း….။”

“ဟေ့ကောင် သက်ပြင်းတွေချည်းပဲ စွတ်ချမနေနဲ့။ ငါ စိတ်ပူလာပြီ။ ပြောစရာ ရှိတာ မြန်မြန်ပြောကွာ။”

“အေးလေ အဲ့လောက်သွားတာ ကြာပြီဆိုတော့….။ အခု…။”

မြတ်သော် ခေါင်းထဲ ၅ နှစ်ဆိုတဲ့ ကိန်းဂဏန်းက အတွေးကို လင်းကနဲ ဖြစ်သွားစေပါတယ်…။ တစ်စုံတစ်ခုကို ခံစားမိသလိုလို..။ သိလိုက်သလိုလို..။ ဒါပေမယ့်…။ ခက်တာက အရာရာဟာ ၀ိုးတ၀ါးနဲ့..။ ဘာကိုမှ မိမိရရ မဖမ်းဆုပ်နိုင်…။

“အခု…။ အခု ဘာဖြစ်လဲ ဟေ့ကောင်…?”

“သြော…။ အခု ပြန်လာပြီး..။ မင်းနဲ့ လက်ထပ်ဖို့…။ ပြီးတဲ့အခါကျ..။ ကလေးတွေ တစ်လ ကိုးသီတင်း မွေးချင်တိုင်းမွေးဖို့…။ အဲ့ ..။ ရွှေဘက်ထရီ ကြော်ငြာနဲ့ မှားသွားပြီ…။ အဲ့ဒါကြောင့်နေမှာပေါ့ကွာ လို့ ပြောမလို့ပါကွ..။ ဟဲ ဟဲ..။ ဟီး ဟီး…။”

“အာ…။ ခွေးသူတောင်းစား…။ မင်း သေတော့မှာပဲ…။ မင်းတွေ့မယ်..။ မင်းနဲ့…။ ငါနဲ့ တွေ့မယ်..။ မနက်ဖြန်…။ နာပြီသာမှတ်…။”

“အေး..။ ဟီး..။ ဟီး…။ တွေ့ရမှာပါ မပူပါနဲ့…။ မနက်ဖြန် ရုံးပိတ်ရက်မှ မဟုတ်တာ…။ ဟဲ ..ဟဲ”

မြတ်သော် ဘာမှ ပြန်မပြောတော့…။ အောင်ပြည့်အား နောက်ပြန် လက်သီးထောင်ပြကာ ရုံးမှ ထွက်ခွာသွားပြီသာ ဖြစ်ပါတယ်…။

အခန်း (၃)

ငါ့အရိပ်တွေ ဖြူသွားလေမလား

အတိတ်ကို ပြောင်းပြန်အချိုးချကြည့်တော့

စတေးလိုက်ရတာက

ငါ့လက်ထဲက ပစ္စုပ္ပန် အချို့ရယ်သာ…။

BLACK DREAM

အိမ်ပြန်လမ်းတစ်လျှောက် မေ သူ့ကို ဘာများပြောစရာ ရှိလို့လဲ ဆိုတဲ့အတွေးတွေက သူ့အာရုံကို အချိန်ပြည့်လွှမ်းမိုးနေခဲ့ပါတယ်..။ သူတတ်နိုင် သမျှကားကို သတိနဲ့မောင်းရင် ဖြစ်နိုင်တာများကိုတွေး ကြည့်နေမိပါတယ်…။ သူနဲ့ မေ့ရဲ့ အခြေအနေက ချစ်သူတိုင်း၊ စုံတွဲတိုင်းက အားကျရ လောက်အောင် အခြေအနေကောင်းပါတယ်..။ နှစ်ဘက်မိသားစု အနေအထား အနေဖြင့်လည်း ဘာမှ ပြောစရာမလိုအောင်  ပြည့်စုံ အဆင်ပြေပြီး သားပင်..။ “အချစ်စစ်တို့ရဲ့ လမ်းဟာ ဘယ်တော့မှ မဖြောင့်ဖြူးဘူး”ဆိုတဲ့ စကားပုံဟာ သူတို့ချစ်သူနှစ်ယောက် မကြာခဏ ဟားတိုက်လှောင်ပြောင် ခဲ့ကြတဲ့ အကောင်းဆုံး ပျက်လုံးတစ်ခု မျှသာ…။

အထက်တန်းကျောင်းသားဘ၀ နှစ်ကုန်ခါနီးမှာ သူနဲ့ မေ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်..။ ဆယ်တန်းအောင်တော့ မေ က ဘာသာစုံဂုဏ်ထူး ထွက်ကာ ဆေးကျောင်းရောက်ပါတယ်..။ သူကတော့ ငယ်စဉ်ကတည်းက ရူးသွပ်စွာ စွဲလန်းခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ မိသားစု အားလုံးနဲ့ ချစ်သူက တားနေသည့်တိုင် စစ်တက္ကသိုလ်သို့ တက်ရောက်ကာ တပ်မတော်အတွင်း ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်..။ သူစစ်တက္ကသိုလ် နောက်ဆုံးနှစ်ရောက်လို့ ကျောင်းဆင်းခါနီးမှာပဲ…။ မေ ဆေးကျောင်းက ထွက်ကာ ပြည်ပသို့သွားရောက် ပညာသင်ကြားခဲ့ပါ တယ်..။ သူတို့ နှစ်ယောက်အတွက် ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ အချိုးအကွေ့တစ်ခုပါပဲ..။

သူ မေ့ကို နောက်ဆုံးတွေ့ခဲ့ရတာက ဒုတိယနှစ်ခွင့်ပြန်ပြီး ပြင်ဦးလွင်ကို ပြန်မလာခင် ရန်ကုန်လေဆိပ်မှာ တွေ့ခဲ့ရခြင်းပဲဖြစ်ပါတယ်…။ ပြင်ဦးလွင်သို့ စစ်တက္ကသိုလ်တက်ဖို့ ပထမဆုံးအကြိမ်ထွက်ခွာစဉ်က ခါးသည်းနင့်နဲစွာ ရှိုက်ငိုခဲ့ဖူးသော မေ တစ်ယောက်…။ နောက်ဆုံး အကြိမ်သူ့အား လေဆိပ် သို့ လိုက်ပို့သည့်အကြိမ်တွင်မူ အင်မတန်ပင် တည်ငြိမ်ရင့်ကျတ်နေတတ်ခဲ့ပြီ ဖြစ်ပါတယ်..။ အခု မေ ပြည်ပကို ပညာသင်ဖို့ သွားတော့ သူလိုက်မပို့ နိုင်ခဲ့ပေ။ တိုက်တိုက်ဆိုင်ဆိုင် တနင်္ဂနွေနေ့ ဖြစ်နေတာကြောင့်..။ သူမြို့ထဲကနေ ဖုန်းဆက်ကာ..။  Check In မ၀င်ခင်အချိန်အထိ မေနဲ့ ဖုန်းထဲတွင် တွေ့ဆုံခွင့်ရခဲ့ပါတယ်…။ မေက သူ Check In ၀င်တော့မယ်လို့ ပြောတော့ သူ့နားထဲ လွန်ခဲ့သော ၃ နှစ်ကျော် သူ ပထမဆုံးအကြိမ် ရန်ကုန်မှ ပြင်ဦးလွင်ကို ထွက်ခွာတော့ မေ သူ့ကို ပြောခဲ့သောစကားတစ်ခွန်းကို သတိရမိလိုက်ပါတယ်..။ “ မောင်က မေ့ကို အရင်ခွဲသွား နိုင်ပြီပေါ့နော်…” တဲ့။ ဒီတစ်ကြိမ်တွင်မူ….။

အခန်း (၄)

သံယောဇဉ်ဆိုတဲ့ကြိုးကို

တတိတိ မျှင်းကာဖြတ်နိုင်သော

ဓားအား…

မာန ဟု ခေါ်လေသည်…။

BLACK DREAM

“Oh think twice, its another day for You and me in paradise”

“ဟဲလို..။ မေ…။”

“အင်း..။ မောင်စောင့်နေတာ ကြာသွားပြီလား..။”

“မကြာသေးဘူး မေ…။ မောင် စောစောကလေးပဲ ပြန်ရောက်တယ်..။ ရေချိုးအ၀တ်လဲပြီးကာစပဲ ရှိသေးတယ်…။ ထမင်းကတော့ မေနဲ့ စကားပြောပြီး မှပဲ အေးဆေး စားတော့မယ်လေ…။ မေ ပြောစရာရှိတယ်ဆိုတာ ပြောလေ..။”

“မောင် နေရော ကောင်းရဲ့လား..? အလုပ်ထဲမှာရော အဆင်ပြေရဲ့လား..?”

“အင်း..။ ကောင်းပါတယ် မေရဲ့..။ အားလုံးအေးအေးဆေးဆေးပါပဲ…။ ဒါပေမယ့် ဒီလကုန်ရင်တော့ မောင် ရာထူးတိုးနဲ့အတူ ခြေလျှင်ဆင်းရလိမ့် မယ်..။ ရှေ့တန်းမထွက်ရတာကြာတော့ ကိုယ့် နိုင်ငံကို စောင့်ရှောက်ရင်း၊ အမိမြေကြီးရဲ့ တောတောင် သဘာဝအလှတွေကို ခံစားရင်း အညောင်းပြေ အညာပြေ လမ်းလျှောက် ထွက်ဖြစ်တာပေါ့..။ ဟဲ ဟဲ”

“မောင်က မောင့်တိုင်းပြည်ကို အရမ်းချစ်တာပဲနော်…။”

“ဟုတ်တယ် မေ…။ မောင့်ဘ၀မှာ မောင့်အသက်နဲ့ ခန္ဓာမြဲနေသမျှ မောင့်တိုင်းပြည်ဟာ မောင့်ရဲ့ အသွေး..။ မောင့်ရဲ့ အသား..။ မောင့်ရဲ့ အချစ်ဆုံး ဖြစ်နေမှာပဲ မေ…။”

တစ်ဘက်မှ အသံအတော်ကြာအောင် တိတ်ဆိတ်သွားပါတယ်…။ အောင်ပြည့်ပြောလိုက်တဲ့ စကား အမှတ်မထင် ပြန်ကြားလိုက်မိတော့…။

“အား…။ ကိုသိပြီမေ..။ ဘာလဲ မေပြန်လာတော့မလို့လား? ဘယ်တော့ပြန်လာမှာလဲ..? ဘယ်လေဆိပ်လဲ? မောင် ဘယ်အချိန်လာကြိုရမလဲ..? အောင်ပြည့်ကတောင် ဒီနေ့နောက်နေသေးတယ်..။ မေ ပြန်လာရင် တစ်လကိုးသီတင်း မွေးချင်တိုင်းမွေး အားမကုန်ဘူး ဆိုလား..။ အဲ..။ ဟုတ်ပါဘူး..။ ဟဲ ဟဲ။ ဟုတ်လားမေ..။ မေ ပြန်လာတော့မလို့လား…?”

“မဟုတ်ဖူး မောင်….။”

“အင်…။ ဒါဆို ဘာလဲ မေ…? ပြောတော့ကွာ..? မောင် စိတ်နဲနဲပူလာပြီ…။”

“မေ့ ကို မောင့်ဘ၀ထဲကနေ ကျေးဇူးပြုပြီးတော့ အပြီးအပိုင် မေ့လိုက်ပါတော့မောင်..။ မေနှင်းစက် ဆိုတဲ့ မိန်းမတစ်ယောက်ဟာ မြတ်သော် ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘ၀ထဲမှာ ဘယ်တုန်းကမှ ဖြစ်တည်ခဲ့ခြင်း မရှိတဲ့ ပုံစံမျိုးနဲ့ မေ့ပေးပါမောင်…။”

တစ်ဘက်မှ မထင်မှတ်ထားသော စကားကြောင့် မြတ်သော ခေါင်းနပန်း ကြီးသွားပါတယ်..။

“ဘာ…! ဘယ်လိုပြောလိုက်တယ်? မေ့ပေးရမယ်…။ ဘယ်တုန်းကမှ ဖြစ်တည်ခဲ့ဖူးခြင်း မရှိတဲ့ ပုံစံမျိုးနဲ့ မေ့ဖျောက်ပေးရမယ်..? မေ..။ မင်းဘာတွေ လာပြောနေတာလဲ…? မောင် နားမလည်တော့ဘူး..။”

“ဟုတ်တယ်မောင်…။ မောင်ဘာမှ နားလည်မှာမဟုတ်ဘူး..။ ဒီလိုပဲ မေကိုယ်တိုင်လည်း အခုအချိန်ထိ ဘာကိုမှ သေသေချာချာနားမလည်နိုင်ဘူး ဖြစ်နေတယ်။ အရာရာဟာ အိပ်မက်တစ်ခုလို ၀ိုးတ၀ါးနဲ့ မေ ကိုယ့်အသက်ရှူသံတွေကိုတောင် ကိုယ်ပိုင်ဆိုင်နေသေးရဲ့လားဆိုတာကို မသိတော့ဘူး မောင်..။ အကျိုးတရားတိုင်းမှာ အကြောင်းတရားဆိုတာ ရှိကြစမြဲပါမောင်..။ ဒါပေမယ့်..။ မေးခွန်းတိုင်းမှာတော့ အဖြေရှိချင်မှ ရှိပါလိ့မ်မယ်…။ အထူးသဖြင့် မေးခွန်းထုတ်တဲ့သူတိုင် အဲ့ဒီ့ ပုစ္ဆာရဲ့အဖြေကို မသိတဲ့ အနေအထားမျိုးဆိုရင်တော့ ပိုဆိုးပါလိ့မ်မယ် မောင်..။ အခု မေ့မှာ မောင့်ဘက်က မေးလာမယ့် မေးခွန်းတွေအတွက်..။ အကြောင်းပြချက်တွေ..။ အဖြေတွေ မရှိဘူးမောင်…။ မေ ကိုယ်တိုင်လည်း အဲ့ဒီ့ အဖြေတွေကို ရှာမရသေးဘူး မောင်..။ ဒါ့ကြောင့် ကျေးဇူးပြုပြီး မမေးပါနဲ့..။ မေ ပြောသလိုသာ လုပ်ပေးပါ…။”

“ဘာလဲ..? ဘာတွေလဲ..? အဖြေမရှိတဲ့ မေးခွန်းတွေရော…။ အကျိုးတွေရော..။ အကြောင်းတွေရော..။ ငါဘာကိုမှ နားမလည်တော့ဘူး…။ ငါ့ကို အကြောင်းပြချက် မပေးနိုင်ရင်တောင် အနဲဆုံး ငါ့အတွက် မင်းကို တစ်ဘ၀လုံးစာ ခါးသီးပြစ်လိုက်ဖို့အတွက် လုံလောက်တဲ့ သံသယ တစ်ခုတော့ ပေးသင့်တယ်..။”

“မောင်ကြိုက်သလိုထင်ပါ…။ သေချာတာတစ်ခုကတော့ မေ ဘယ်လိုနည်းနဲ့မှ မောင့်ရင်ခွင်ထဲ ပြန်ဝင်မလာနိုင်တော့သလို..။ မောင်ကိုယ်တိုင်လည်း ဘယ်လိုနည်းနဲ့မှ မေ့ဘ၀ထဲကို ၀င်လာမှာ မဟုတ်ဖူးဆိုတာပဲ မောင်..။”

“မင်းက ဘာလို့ ငါ့ဘ၀ထဲ ၀င်မလာနိုင်ရမှာလဲ…? ငါကရော ဘာကြောင့် မင်းဘ၀ထဲကို မ၀င်ရဲရမှာလဲ? ငါ့ဘ၀မှာရှိတဲ့ သက်ရှိတွေထဲမှာ မင်းကို ဘယ်လောက် ငါချစ်တယ်ဆိုတာ မင်းမသိဘူးလား မေ…?”

“မေ သိတယ်….။  အဲ့လို သိနေခြင်းနဲ့ အခုလို သက်ရှိတစ်ယောက် ဖြစ်နေရခြင်းကိုကပဲ မေတို့နှစ်ယောက်ကို အဝေးဆုံး တွန်းပို့ခဲ့ပြီမောင်…။”

“ဘယ်လို..? သက်ရှိတစ်ယောက်ဖြစ်နေခြင်းကိုက ငါတို့နှစ်ယောက်ကို တစ်ယောက်တစ်နေရာဆီ အဝေးဆုံးတွန်းပို့ခဲ့တယ်..။ ဟုတ်လား…? မင်း ရူးများသွားပြီလားဟင် မေနှင်းစက်…?”

“ထားလိုက်ပါတော့ မောင်..။ မေ ရူးသွားပြီလို့ပဲ ထားလိုက်ပါတော့..။ မေ့မှာ မောင့်နဲ့ စကားဆက်ပြောဖို့ အင်အားတွေလည်း မရှိတော့ဘူး..။ ဟုတ်တယ်..။ နောက်ပြီး…။ စကားလုံးတွေလဲ မရှိတော့ဘူးမောင်…။ မေ ထာဝရအတွက် နှုတ်ဆက်ခဲ့ပါ တယ်…။”

မေနှင်းစက်၏ နောက်ဆုံး စကားလုံးကြောင့် မြတ်သော် ဒေါသထောင်းကနဲ ဖြစ်သွားပါတယ်..။ ယောကျာ်းတစ်ယောက်၏ မာန…။ အစွန့်ပြစ်ခံ ချစ်သူတစ်ယောက်၏ မာန…။ စိတ်ဓာတ်ပြင်းထန်သော စစ်သားတစ်ယောက်၏ မာန…။ မာနတို့ မဟာမိတ်ဖွဲ့ကြလေပြီ…။

“မင်းမှာငါ့အတွက် စကားလုံးတောင်မရှိတော့ဘူး ဟုတ်လား..? ဟုတ်ပြီ မေနှင်းစက်..။ ဒါဆို..။ မင်းမပြောရင် ငါပြောမယ်..။ ဘာလဲ မင်း အဲ့ဒီ့မှာ အသစ်တွေ့သွားလို့လား…? ရတယ် မေနှင်းစက်..။ ငါအဲ့ဒါတွေ စိတ်မ၀င်စားဘူး..။ ငါ့အကြောင်းမင်းသိတယ်..။  မင်းလိုမျိုး အခုလို မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စတာတွေရဲ့ အဝေးဆုံး..။ နွေးထွေးမှု မရှိတဲ့နေရာမျိုးမှာ နေနေရတဲ့သူတစ်ယောက်အတွက် နွေးထွေးမှုကို ရှာခဲ့ခြင်းဟာ အပြစ် တစ်ခုမဟုတ်ဘူး မေနှင်းစက်။ ဒီအကြောင်းအရင်းလောက်နဲ့တော့ မင်းငါ့ကို မေ့ပြစ်ခိုင်းဖို့ မသိမ်းသွင်းပါနဲ့..။”

“နောက်ဆုံး ကုန်ကုန်ပြောမယ်ကွာ..။ မင်းအဲ့ဒီ့မှာ Living Together နေ နေတယ် ဆိုရင်တောင်..။ ငါမင်းကို နားလည်ပေးလို့ရတယ်။ ဒါဘာကြောင့် လဲဆိုတာ ငါထပ်မပြောချင်ဘူး။ မင်းကိုယ်တိုင်လည်း သိပါတယ်..။ ငါမင်းအပေါ်ထားတဲ့ မေတ္တာတရား၊ မြတ်နိုးမှု၊ ယုံကြည်မှုနဲ့ သစ္စာ တရားဟာ ချစ်တယ် ဆိုတဲ့ စကားတစ်လုံးထက် အများကြီး လေးနက်တယ် မေနှင်းစက်..။ ဒီလောက် ထုထည် ကြီးကြီးမားမားနဲ့ တည်ဆောက်ထားတဲ့ ငါ့ရဲ့တန်ဖိုးထားမှုကို ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့်နဲ့တော့ ငါ ဘယ်လိုမှ အပျက်အဆီး အတိမ်းအစောင်း မခံနိုင်ဘူးဆိုတာ မင်းသဘော ပေါက်ထားပါ…။ အေး ဒါပေမယ့် ငါနဲ့လမ်းခွဲမှ မင်းစိတ်ချမ်းသာမယ်..။ မင်းအတွက် အဆင်ပြေမယ် ဆိုရင်တော့ ရတယ် မေနှင်းစက်..။ ရတယ်..။ မင်း နောက်ဆုံး သိထားဖို့ တစ်ခုကတော့ တစ်ချိန် မင်းစိတ်တွေ ပြောင်းသွားလို့ ငါ့ဆီ ပြန်လာချင်တယ်ဆိုတဲ့ တစ်နေ့..။ မင်းတံခါးမခေါက်ပါနဲ့..။ ငါ့ရင်ဘတ်ကို ဖွင့်နိုင်တဲ့ တစ်ချောင်းထဲသော သော့ဟာ မင်းဆီမှာ ရှိပြီးသားပါ..။ ထာဝရမဟုတ်ပေမယ့်…။ ငါ နှုတ်ဆက်ပါတယ်…။

တီ….။ တီ…။ တီ…။ တီ….။

ဇာတ်သိမ်း

မောင်…။ ကမ္ဘာတစ်ဘက်မှာနေ့…။ ကမ္ဘာတစ်ဘက်မှာည…။ အလင်းကျရောက်ပုံခြင်းက ကိုယ်စီ ကိုယ်စီအတွက် အမှန်တရား တစ်ခုစီပါ။ အလင်း ဟာ လူသားအားလုံးအတွက်  တူညီတဲ့နွေးထွေးမှုကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ ဘယ်လိုမှ မပေးနိုင်ပါဘူး မောင်…။ ဒါပေမယ့်မောင်..။ မေယုံကြည်ပါ တယ်။ တစ်ကယ်လို့ တစ်နေ့နေ့မှာ အလင်းဟာ ကမ္ဘာမြေပေါ်ကို တူညီစွာတပြိုင်နက် ကြရောက်မယ့် နေ့မျိုးကြရှိခဲ့မယ် ဆိုရင်တော့ အဲ့ဒီ့နေ့မှာ မေတို့တွေ ပြန်ဆုံကြဦးမှာပါမောင်…။

“မေ…။ မောင်နဲ့ ပတ်သတ်လို့ မျက်ရည်ကျချင်တယ်ဆို..။ မောင် တိုက်ပွဲမှာ ကျသွားတဲ့အခါ ဂုဏ်ယူလို့ကျတဲ့ မျက်ရည်မျိုးပဲ ဖြစ်စေချင်တယ်…။”

တစ်ခါက သူပြောခဲ့ဖူးသောစကား..။ သူမ မျက်ရည်ကျဖို့ အခြေအနေကြုံတိုင်း နိမိတ်မကောင်းလှသော သူ့စကားကြောင့် မျက်ရည်မကျမိရလေ အောင် သူမ ကြိုးစားတတ်ခဲ့ပါတယ်..။

အခုလည်း သူမ ကြိုးစားနေမိတယ်…။ အောက်နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်ရင်း ရင်ထဲက လှိုက်လှိုက် တက်တာတဲ့ ဆို့နင့်မှုများကို မျိုချကာ မျက်ဝန်းမှ စီးဆင်းလာမယ့် မျက်ရည်တွေ မကျစေဖို့ ထိမ်းချုပ်မိလိုက်တဲ့နောက်….။

နှုတ်ခမ်းက သွေးတစ်စက် သူမရှေ့မှာချထားတဲ့ ခပ်ပါးပါး စာအုပ်လေးတစ်အုပ်ရဲ့ အဖုံးပေါ်..။ သို့မဟုတ် စာကြောင်းတစ်ခုအပေါ်သို့…။ တိကျစွာ ကျဆင်းသွားခဲ့ပါတော့တယ်…။

EUROPEAN UNION

UNITED KINGDOM OF GREAT BRITAIN

AND NORTHERN IRELAND

PASSPORT

P.S- ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့  Distance Relationship များ အားလုံးအား ခေတ်အခြေအနေနှင့် ယှဉ်ထိုး၍ ရည်ညွှန်းပါသည်။

ရိုးမ ဆည်းဆာ
နိဒါန်း

Check Mate သည် စစ်တုရင်ကစားဝိုင်းတစ်ခုအတွက် ဇာတ်သိမ်းကကွက် တစ်ခုဖြစ်သည်ဟု သင်အဆိုပြုမည်ဆိုပါက..။ Check Mate ဟူသော စကားလုံးသည် ထိုစကားလုံးဖြစ်ပေါ်လာဖို့ရန်အတွက် ကျဆုံးသွားခဲ့သည့် များစွာသော စစ်တုရင် တပ်သားများအားလုံးအား စစ်တုရင်ဘာသာ စကား ဖြင့် ” အလေးပြု” ဟု အမိန့်ပေးခြင်း ဖြစ်သည်ဟု သူ ပြန်ပြောဖြစ်မှာ သေချာပေသည်…။

အခန်း (၁)

“Love All…”

သူရော…။ စောအယ်ဒိုရော…။ အသံလာရာဆီသို့ ပြိုင်တူလှည့်ကြည့်လိုက်မိသည်…။

ဆည်းဆာသည် အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် အဆုံးမရှိသော ကဗျာတစ်ပုဒ်အား ရေးသားနေသည့်နှယ်…။ တစ်ချက်ချက် တောင်ကုန်းပေါ် ကို ဖြတ်သန်းတိုက်ခိုက်လိုက်သော လေနှအေးတစ်ချို့သည် မကြာခဏ ခိုးခိုးချလိုက်သော သူ့ရဲ့သက်ပြင်းအချို့အား အဆုံးအစမဲ့သော အနန္တ  စကြာဝဌာဆီသို့ လက်ဆင့်ကမ်း သယ်ဆောင်သွားကြလေသည်…။

” ဗိုလ်လုံ…။ သက်ပြင်းတွေ ချလှချည်လားဗျ…။ ပစ္စုပ္ပန် တည့်တည့်အပေါ်မှာပဲ အာရုံထားရင် ပိုကောင်းမယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ် ခင်ဗျာ..။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုမှာပဲ အာရုံထားပါ ဗိုလ်လုံ..။ အရာအားလုံးကို ကျွန်တော်တို့မှာရှိတဲ့ လက်တစုံထဲနဲ့ ထိန်းချုပ်ခွင့်ကို ဘုရား သခင်က ပေးမထားပါဘူး…။”  သြော…။ သူ့သက်ပြင်းတွေကို သူကြားသွားသည်ပဲ…။ တစ်ခါတစ်ရံတွင် သင့်ရဲ့ သက်ပြင်းသံများကိုပင် သင်လုံခြုံစွာ မထိန်းသိမ်းနိုင် ကြောင်း သင်သိထားနှင့် သင့်ပါသည်။

“ခင်ဗျားပြောတာ မှန်ပါတယ်ဗျာ…” ပြုံးရင်း ပြန်ဖြေလိုက်သော သူ့ရဲ့ စကားအဆုံးမှာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးလျှက် ကြည့် နှင့်နေပြီးသား ဖြစ်သွားခဲ့ပါတယ်..။

မြင်ကွင်းသည် ဖုန်အနဲငယ်ထနေသောကြောင့် မသဲကွဲပေ။ ဖုန်တို့သည် လူတို့၏မြင်ကွင်းအား နံရံတစ်ခုကဲ့သို့ လုံးဝ ကွယ် ပျောက်သွားအောင် ကာ ကွယ်နိုင်ခြင်းမရှိသည့်တိုင် အနဲနှင့်အများဆိုသလိုတော့ ကျွန်တော်တို့ရဲ့ အမြင်အာရုံများကိုေ၀၀ါးသွားစေသည် မှာတော့ သေချာလှပေသည်…။ သို့သော် ထိုမှုန်ဝါးဝါး ဖုန်တွေကြားထဲ တစ်ချက်တစ်ချက် လက်ကနဲ လက်ကနဲ ဖြစ်သွားသော အရာအချို့ တက်ကြွ လန်းဆန်းစွာ လှုပ်ရှားနေကြ သည်ကို သင်သတိထားမိပါက တွေ့ရှိနိုင်ပါတယ်…။

ဟုတ်ပါတယ်..။ တစ်နေ့တာကို နှုတ်ဆက်ကာနီး နေမင်းဆီမှ အလင်းတန်းတို့သည် အင်္ကျီချွတ်ထားလို့ ချွေးတပြိုက်ပြိုက်ကျနေသော ပိုက်ကျော် ခြင်းခတ်နေကြသည့် နှစ်ဘက်သော အသင်းသားတို့၏ ခန္ဓာ ကိုယ်ပေါ်သို့ ကျရောက်နေသောကြောင့် ထိုကဲ့သို့ တစ်ချက်တစ်ချက်တွင် လက်ကနဲ လက်နဲ ဖြစ်သွားခြင်းဖြစ်ပါတယ်…။

ဆုံးဖြတ်ချက်နှင့်အတူ သူ ကစားကွက်ပြောင်းလိုက်သည်…။ နယ်ရုပ်တစ်ကောင်ကို ရှေ့သို့တစ်ကွက်တက်လိုက်ခြင်းဖြင့် သူရဲ့ တိုက်စစ်အဟုန် ကို ပိုမိုမြှင့်တင်ဖို့ လှုပ်ရှားလိုက်ပါတယ်..။

အခန်း (၂)

“စောအယ်ဒို..။ ခင်ဗျားက ကရင်ဖြစ်ပြီး ဘယ်လိုဖြစ်လို့ ရှမ်းထဲ ရောက်နေရတာလဲ..?”

“ဒါ အထူးအဆန်းတစ်ခုလား ဗိုလ်လုံ..။ ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေလေ…။ ဒီအမိနိုင်ငံကြီးမှာ အတူတကွပေါက်ဖွား ကြီးပြင်းခဲ့ကြတဲ့သူတွေ ပဲ မဟုတ်ဖူးလား…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်မှာ ကျွန်တော်တို့ လွတ်လပ်စွာ လှုပ်ရှား နေထိုင်ခွင့်မရှိနိုင်ဖူးလား..? လွတ်လပ်စွာ ယုံကြည် ကြိုးစားပိုင်ခွင့်မရှိဖူးလား..? လွတ်လပ်စွာ ရဲရင့်ကျဆုံး နိုင်ခွင့်မရှိဘူးလား ဗိုလ်လုံ…? “

” မှန်ပါတယ်..။ ဒါကို ကျွန်တော်မငြင်းပါဘူး..။ ဒါပေမယ့် ခင်ဗျားတို့…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်ကြီးထဲကနေ စွန့်ခွာသွားမှာကို စိုးရိမ်မိတာ တော့ အမှန်ပဲ စောအယ်ဒို..”

သေချာတာတစ်ခုကတော့ ဒီတစ်ခါ သက်ပြင်းခိုးချသူမှာ သူမဖြစ်နိုင်ပေ..။

” Hope…. Two!”

“ဗိုလ်လုံ့ လူတွေ တယ်စွာသကိုးဗျ…။ ကျွန်တော့်ကောင်တွေက ကျွန်တော်တို့ထဲမှာဆို တကယ့် နာမည်ကြီးတွေဗျ…။ သူတို့ ရှာတိုက်တဲ့ အရက်ပု လင်းနဲ့ ဆေးလိပ်ဘူးတွေ ကျွန်တော် သောက်ခဲ့ရတာ မနဲလှဖူး..။ ဟား..ဟား “

” ကျွန်တော် သတိထားမိတာ တစ်ခုရှိတယ် စောအယ်ဒို…။ ကျွန်တော့်ဘက်က လူတွေက ဒီပွဲကို အားကစားတစ်ခုအနေနဲ့ ယှဉ်ပြိုင်နေတယ်..။ ဒါပေ မယ့် ခင်ဗျား လူတွေက တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေသလို ကစားနေတယ်..။ ဒါဟာ သူတို့အတွက် ဖိအားကို ပိုမိုဖြစ်ပေါ်ပြီး အရေးနိမ့်ဖို့အတွက် အခွင့်အလမ်းကို လက်ကမ်းကြိုနေသလိုမျိုး ဖြစ်နေတယ်…။”

သူ ပြောလိုက်တဲ့စကားကို စောအယ်ဒိုက ခေါင်းတညိတ်ညိတ်လုပ်ကာ ရိုးသားသော အပြုံးတစ်ခုဖြင့်သာ တုန့်ပြန်လိုက်ပါတယ်…။ စောအယ်ဒိုရဲ့ မျက်လုံးအစုံက သူတို့ကြားမှာရှိတဲ့ စစ်တုရင်ခုံပေါ်မှာ စူးစိုက်လို့နေပါတယ်…။

” ဗိုလ်လုံ့လိုပေါ့ဗျာ…။ Check!” ညင်သာသော တုံ့ပြန်သံနှင့်အတူ မထင်မှတ်ထားသော စောအယ်ဒိုရဲ့ Check Mate အတွင်း သူကျရောက်သွား ပြီဖြစ်ကြောင်း နောက်ကျစွာ သူသိလိုက်ရပါတယ်..။

“ခင်ဗျား တော်တယ် စောအယ်ဒို…။ ကျွန်တော် ဒီအခြေအနေကို သတိမထားမိလိုက်ဖူး…”

“ကျွန်တော် တော်တာမဟုတ်ဖူး ဗိုလ်လုံ…။ ကျွန်တော်က စစ်တုရင် ကစားနေတာပါ….။ ဒါပေမယ့် ဗိုလ်လုံက စစ်တိုက်နေခဲ့တာကိုး…။”

“Cheers!!!”

စားပွဲပေါ်မှာရှိနေတဲ့ Army Rum ထည့်ထားတဲ့ စစ်မတ်ခွက် နှစ်လုံးဖြင့် ကျွန်တော်တို့ စစ်တုရင်ကစားပွဲရဲ့ ပိတ်ပွဲအခမ်းအနားကို ကျင်းပလိုက်ပါ တယ်..။ ၀ါးကွပ်ပြစ်ပေါ်မှာ လဲလျှောင်းနေတဲ့ မန်ဆန် စီးကရက်ဗူးထဲမှ စီးကရက်နှစ်လိပ်ကို သူထုတ်ယူလိုက်ပါတယ်..။ သူ တစ်လိပ်..။ စောအယ်ဒို တစ်လိပ်…။ သူကိုယ်တိုင်ပင် စီးကရက်ကို မီးညှိပေးဖြစ်ခဲ့ပါတယ်..။ ထို့နောက်မှာတော့ မပြီးသေးတဲ့ ခြင်းပွဲကို သူတို့နှစ်ယောက် ငြိမ်သက်စွာပဲ ထိုင်ကြည့်နေလိုက်မိပါတယ်..။

သူ့လိုပင်..။ စောအယ်ဒိုရဲ့ စိတ်ထဲမှာလည်း..။ နက်ရှိုင်းတဲ့ ကိုယ်ပိုင်အတွေးတွေ ရှိနေမယ်ဆို ဆိုတာကို သူခန့်မှန်းမိပါတယ်..။ သူ့မျက်ဝန်းတွေက သိပ် တည်ငြိမ်လွန်းနေတယ်လေ..။ ခပ်ပါးပါးနှုတ်ခမ်းတစ်စုံနဲ့အတူ မနက်လောက်ကမှ ရှင်းလင်း ရိတ်သင်ထားတယ်လို့ ယူဆရတဲ့ စိမ်းဖန့်နေတဲ့ မှုတ်ဆိတ်ရိတ်ထားတဲ့အရေပြားအရောင်နဲ့ သူ့ရဲ့ ကြည်လင်ဝင်းဝါတဲ့ အသားအရေရယ်..။ စီးကရက်ကို ဟန်ပါပါကိုင်ထားတဲ့  ကျော့ရှင်းသွယ်လျှ နေတဲ့ သူရဲ့ လက်အစုံရယ်ဟာ ဘယ်လိုနည်းနဲ့မှ လူသတ်လက်နက်တွေနဲ့ စီးဝါးကိုက်ညီမှု မရှိလှဟု သူသုံးသပ်မိပါတယ်..။

“ခင်ဗျား..။ မင်းသားလုပ်သင့်တာဗျ…”

“တန်းတူညီမျှရေး၊ တရားမျှတမှုနဲ့ ကျွန်တော်စောစောကပြောခဲ့တဲ့ လွတ်လပ်စွာ ယုံကြည် ကြိုးစားပိုင်ခွင့်ကို အနုပညာ ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်း ခြင်း ဒါမှမဟုတ် အခြားအလားတူ နူးညံ့ငြင်သာ နည်းမျိုးနဲ့ သမိုင်းမှာ ရယူခဲ့ဖူးတာမျိုးရှိရင် ကျွန်တော် လုပ်မယ်ဗျာ..။”

“ခင်ဗျားကို ကျွန်တော်တစ်ခုပြောမယ် စောအယ်ဒို..။ ကျွန်တော် ရန်ကုန်မှာရှိခဲ့စဉ်တုန်းက Pearl Harbor ဆိုတဲ့ ဇာတ်ကားကြည့်ခဲ့ဖူးတယ်..။ အမေရိကန်ရဲ့ အလစ်အငိုက်ကို ယူပြီး ဂျပန်က အမေရိကန် ရေတပ်စခန်းကို ဗုံးကျဲတဲ့ ကားပေါ့..”

စောအယ်ဒိုက ပြုံးလို့သာနေပါတယ်..။ သူ့မျက်ဝန်းတွေက အရှေ့မှာ ချွေးတလုံးလုံးနှင့် အပြိုင်အဆိုင်ခတ်နေကြတဲ့ ခြင်းပွဲမှာပဲ ရှိနေပါတယ်..။

” အဲ့ဒီ့မှာ ဂျပန်တွေ အသာစီးရတော့ ဂျပန် ဗိုလ်မှူးကြီးက သူ့ရဲ့ စစ်ဦးစီးချုပ်ကို သိပ်ကိုပြောင်မြောက်တဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုပါပဲလို့ ပြော တယ်ဗျ… အဲ့ဒီ့မှာ…”

” ဂျပန် ဦးစီးချုပ်က A Brilliant Man Would Find A Way Not To Fight A War လို့ ပြန်ဖြေလိုက်တယ်မလား ဗိုလ်လုံ..” ကျွန်တော့်ရဲ့ အကြိုက်ဆုံးခံယူချက်တွေထဲက တစ်ခုပေါ့..။ ကျွန်တော် England မှာကျောင်းတက်နေတုန်းက ကြည့်ခဲ့ရတာပါ..။ ကြာတော့ ကြာပြီပေါ့..။

သူဘာဆက်ပြောရမှန်း မသိဖြစ်သွားပါတယ်…။ ခေါင်းထဲတွင် မေးခွန်းတွေ ရှုပ်ရှက်ခတ်သွားသည်။ ဘာကြောင့်များ ဒီလို ပညာတတ်တစ်ယောက် အခုလိုတောထဲ တောင်ထဲရောက်နေပါလိ့မ်..။ သိပ်တော့ မစဉ်းစားလိုက်ရပါ..။ သူ့ရဲ့ ယုံကြည်ချက်နှင့် ခံယူချက်ကလွဲပြီး သူ့ကို ဒီလိုနေရာ မျိုး ရောက်လာအောင် တွန်းပို့နိုင်မည့် အခြားအရာဘာမှ မရှိနိုင်ဘူးဆိုတာ သူချက်ခြင်း သဘောပေါက်လိုက်ပါတယ်..။ ထို့အတူ ဘာကြောင့် သူစစ် တုရင်ထိုးရာတွင် ရှုံးနိမ့်သွားရတယ်ဆိုတဲ့ အဖြေကိုလည်းကောင်းကာင်း ဘောပေါက်လိုက်မိပါတယ်။ သူတစ်ဘက်သားကို လျော့တွက်ခဲ့မိတယ်လေ။

“ဒါပေမယ့်..ဗိုလ်လုံ။ If You Want Peace, Prepare For War ဆိုတဲ့စကားကိုလဲ ဗိုလ်လုံ ကြားဖူးမယ်ထင်ပါတယ်…။”

“Set…!!!”

ပိုက်ကျော်ခြင်းပွဲကား ပြီးသွားလေပြီ…။

အခန်း (၃)

“၀ူး…။ ဗိုလ်ကြီးရေ…။ ဒီနေ့သောက်ရမယ့် Army Rum ကတော့ ဘ၀တစ်လျှောက်မှာ အချိုဆုံးဖြစ်မယ်ထင်တယ်ဗျ..။ စောအယ်ဒိုတို့ ဘက်က လူတွေက တော်တော်ကောင်းတာပဲဗျ..။ တော်တော် လုပ်လိုက်ရတယ်..။ ဟား..ဟား..။”

“သိပ်ဟုတ်တာပေါ့ဗျာ..။ ကျွန်တော့်ရဲဘော်တွေက ကျွန်တော်တို့ အထဲမှာဆို ဖိုက်တာတွေဗျ..။ ဒါပေမယ့် ခင်ဗျားတို့သာသွားတာတစ်ခုရှိတယ်..။ အဲ့ဒါဘာလဲဆိုတော့..။ ခင်ဗျားတို့ ဗိုလ်ကြီးပြောသလို ပြိုင်ပွဲအပေါ်ထားတဲ့ စိတ်ဓာတ်ပဲဗျ…။”

စောအယ်ဒိုက သူ့ဘက်လှည့်ကာ ပြုံးကြည့်ရင်း ပြောလိုက်ခြင်းဖြစ်ပါတယ်..။ သူနေရ ထိုင်ရတော်တော်ခက်သွားသည်…။

“ဘယ်လိုလဲ ဗိုလ်ကြီး..။ ဗိုလ်ကြီးတို့ပွဲရော အဖြေဘယ်လိုထွက်သွားလဲ..” တပ်ကြပ်ကြီး သိန်းမြင့်ရဲ့ မေးခွန်းက သူ့အရှိုက်ထဲ ၀င်သွားပါတယ်။

“ခင်ဗျားတို့ ဗိုလ်ကြီးက အတွေးအခေါ်တအားကောင်းတယ်ဗျ..။ စဉ်းစားတာတွေ များလွန်းတော့  မျက်စိရှေ့တည့်တည့်မှာ ရှိနေတဲ့ အခွင့်အရေးကို တစ်ခါတစ်လေတော့ ဆုံးရှုံးရတာ ရှိကောင်းရှိမပေါ့ဗျာ..။ “

သူ့အစားဝင်ဖြေလိုက်သော စောအယ်ဒိုရဲ့ အဖြေက တော်တော်တာသွားသည်..။ ဆရာကြီးသိန်းမြင့်လည်း ဆက်မမေးတော့..။

“စိတ်ချပါဗျာ…။ ကျွန်တော် ဒီနေ့ သင်ခန်းစာရလိုက်တယ်..။ မနက်ဖြန် ကျွန်တော် ဒီလိုမမှားစေရဘူး စောအယ်ဒို..။” သူ့ရဲ့အပြုံး..။ စောအယ်ဒိုရဲ့ အပြုံး…။ နှစ်ယောက်စလုံးရဲ့ အပြုံးတွေဟာ ယုံကြည်ချက်ကိုယ်စီနဲ့ သိပ်ကို ရဲရင့်လွန်းကြပါတယ်…။

“ကဲ အားလုံး..။ ဒီအမှတ်တရ ညနေလေးအတွက် Cheers ဗျာ…။ အဲ ။ တစ်ခုတော့ရှိတယ် အားလုံး နှစ်ပက်ထက်တော့ မပိုစေနဲ့ဗျို့..။ နှစ်ဘက်စလုံး မနက်ဖြန် အလုပ်လေးတွေ ရှိတယ်ဆိုတာ မေ့မထားကြနဲ့ဦး..။” သူအားလုံးကြားအောင် အော်ပြောလိုက်သည်..။

“ကျွန်တော်ကတော့ ဒီလိုလေး ပြောချင်တယ် ဗိုလ်လုံ..”

နိဂုံး

စောအယ်ဒိုတို့အဖွဲ့ သူတို့ စခန်းကုန်းလေးရှိရာသို့ တရွှေ့ရွှေ့နှင့် ချီတက်သွားကြတာကို ကြည့်ရင်း သူ့ရင်ထဲမှာ အဖြေမရှိသော မေးခွန်းပေါင်း များစွာ ဝေ့၀ဲနေခဲ့ပါတယ်..။ မနက်ဖြန် မနက် အာရုံလာတာနဲ့ တပြိုင်နက် အထက်ရဲ့အမိန့်အရ သူတို့ရင်ဆိုင်ကုန်းနှစ်ခုစတင် တိုက်ခိုက်ရတော့ မှာ ဖြစ်ပါတယ်…။ ဒီတစ်ခါတော့ အမျိုးအမည်မသိတဲ့ သက်ပြင်းတစ်ခုကို လွတ်လပ်စွာချရင်း..။ စောအယ်ဒိုနောက်ဆုံး ပြောသွားသော စကားကို သာ သူ့နားထဲ ထပ်တလဲလဲ ကြားယောင်နေမိပါတော့တယ်…။

တစ်ဘက်က မောင်းပြန်သေနတ်ကို ကိုင်မြှောက်ရင်း တစ်ဘက်က သူ့ပုခုံးကို တင်းကြပ်စွာ ဖတ်စွဲ ဆုပ်ကိုင်ရင်း..။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာ မှ ကြုံးဝါးလိုက်သော သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒ …။ သို့မဟုတ်..။ ယုံကြည်ချက်…။

စောအယ်ဒိုဆိုတဲ့ ကရင်လူငယ်တစ်ယောက်ရဲ့ အသံသည် ရှမ်းရိုးမတစ်ခုလုံးမှာ ပဲ့တင်ရိုက်ခတ်သွားပါတယ်…။ ဒီရှမ်းရိုးမကြီးတည်ရှိနေသမျှ အဆုံး မရှိ ရိုက်ခတ်နေဦးမယ် ဆိုတာကိုလည်း သူထာဝရယုံ ကြည်ပါတယ်…။ ဖြစ်နိုင်ရင် ဒီကြုံးဝါးသံကို ရိုးမရဲ့ ဆည်းဆာကို သက်သေပြုရင်း မိခင်ရဲ့ ရင်ခွင်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုများအားလုံး ကြားနိုင်စေဖို့သာ သူ ဆုတောင်းနေခဲ့မိပါတော့တယ်…။

” တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တစ်ဦးနဲ့ တစ်ဦး သတ်ဖြတ်ရခြင်းမှ အမြန်ဆုံးကင်းလွတ်ဖို့… {{{{{{ငြိမ်းချမ်းရေး}}}}}}}}”

P.S- ဒီစကားသံကို အားလုံးကြားနိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်ပေးဖို့ ခင်ဗျားမှာလည်း တာဝန်ရှိပါတယ်..။

မြစ်
အခန်း (၁)

လေနှင်ရာလွင့်ရလို့

ကြေကွဲရတဲ့အထဲမှာ

ဘယ်တုန်းကမှ

ရွက်လှေတွေ မပါခဲ့ဘူး…။

BLACK DREAM

သူ့ရဲ့ဘ၀တစ်လျှောက် မထင်မှတ်တဲ့အရာတွေ မထင်မှတ်တဲ့အချိန်မျိုးမှာ မကြာခဏဆိုသလို ကြုံတွေ့ရတတ်တာ သူ့အတွက် အထူးအဆန်း တစ်ခုမဟုတ်ခဲ့တာတော့ တော်တော်ကြာခဲ့ပါပြီ…။ အချိုးအကွေ့တွေထူပြောပါတယ်ဆိုတဲ့ ဘ၀ရဲ့ လမ်းကြောင်းတွေပေါ်ကို ငယ်ရွယ်စဉ်အချိန် ကတည်းက စတင်လျှောက်လှမ်းခဲ့သူမို့…။ အခုလို နှစ်ကာလ ကြာရှည်လာပြီဖြစ်တဲ့ အချိန်မှာတော့ သူ့အတွက် အရာရာဟာ နေသားကျနေခဲ့ပြီ ဖြစ် ပါတယ်…။ ကိုယ်ပိုင် ရင်ဆိုင်မှု…။ ကိုယ်ပိုင် သုံးသပ်ချက်…။ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေဟာ သူလျှောက်လှမ်းခဲ့ရာ ဘ၀တစ်လျှောက် သူ့နောက်က အရိပ်တွေလို မျက်ခြေမပြတ် လိုက်ပါခဲ့ပါတယ်…။ တကယ်ဆို….။ သူလျှောက်လှမ်းရာ ဘ၀ခရီးလမ်းဟာ အများသူငှာတွေထက် အချိုးအကွေ့ အပြောင်းအလဲတွေက မယုံနိုင်လောက်အောင် ပိုမိုများပြားလှပါတယ်…။ သာမန်လူတွေ ကြုံတွေ့နေကြ…။ ကြီးမားပါတယ်ဆိုတဲ့ ပြဿနာ တော် တော်များများဟာ သူ့အတွက်တော့ အပြုံးမပျက်စေခဲ့တာ အမှန်ပါပဲ…။

အချိုးအကွေ့တွေများလှတဲ့ ဘ၀မြစ်ကြောင်းတွေကြား အခုဆိုရင် သူ့ဘ၀ ရွက်လှေကို ဟန်ချက်ညီညီ ထိမ်းတတ်ခဲ့ပါပြီ…။ သူဖြတ်သန်းရာ မြစ် ကြောင်းတစ်လျှောက်…။ တစ်ညိမ့်ညိမ့်တိုက်ခတ်လာတဲ့ လေနုအေးတွေကို ခံစားရင်း ရွက်လွှင့်ခဲ့ဖူးသလို…။ ရိုက်ချက်ပြင်းပြင်း မုန်တိုင်းတွေရဲ့ ကြားထဲမှာလည်း သူတင် ကိုယ်တင် ရွက်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်…။ တစ်ခါတစ်ရံမှာ လူအချို့သူ့ရွက်လှေလေး အပေါ်တက်လာပြီး သူနဲ့အတူ ခရီးကြုံ လိုက်ပါခဲ့ကြတယ်…။ မကြာခဏဆိုသလို လိုရာရောက်သွားတဲ့ လမ်းကြုံအချို့ သူ့ရွက်လှေလေးပေါ်က ပြန်လည်ထွက်ခွာသွာကြတယ်…။ အချို့က လက်ပြနှုတ်ဆက်သွားတယ်..။ အချို့က ကျောခိုင်းစွန့်ခွာသွားတယ်…။ အင်း…။ အချို့ကိုတော့ သူကိုယ်တိုင်ပင် လမ်းတစ်ဝက်မှာ ကန်ချခဲ့ဖူးတယ်။

သူ ရွက်လွှင့်ရာ မြစ်ကြောင်းတစ်လျှောက် မကြာခဏဆိုသလို သူ့ဘ၀ရဲ့ ရွက်လှေလေးကို ခဏတာ နားခိုဖို့ပဲ ဖြစ်ဖြစ်…။ ရှေ့ဆက်သွားရမယ့် ခရီး အတွက် လိုအပ်တာတွေ ဖြည့်ဆည်းဖို့ပဲ ဖြစ်ဖြစ်…။ နောက်ဆုံး မြစ်ကြောင်းတစ်လျှောက် အထီးကျန်ခဲ့တဲ့ သူ့ဝိဥာဉ်ကို အနားပေးဖို့အတွက်ပဲ ဖြစ် ဖြစ် ဆိပ်ကမ်းအချို့မှာ ဆိုက်ကပ်ခဲ့ဖူးတယ်….။ အချို့ဆိပ်ကမ်းတွေက သူ့ရွက်လှေလေးကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်..။ တစ်ချို့ဆိပ်ကမ်း တွေကတော့ လူစိမ်းတစ်ယောက်ဖြစ်တဲ့ သူ့ကို နုလုံးသားအစိမ်းတွေနဲ့ ကြည့်ကြတယ်…။ တစ်ချို့သော ဆိပ်ကမ်းတွေကြတော့လဲ မသိလိုက် မသိ ဖာသာ…။ သူတို့နဲ့ မဆိုင်သလို…။ အင်း…။ ဘယ်လိုပဲ ဖြစ်ပါစေ..။ ကျေးဇူးတင်စရာလေးတစ်ခုကတော့ ဘယ်ဆိပ်ကမ်းကမှ သူ့ကို ခါးခါးသီးသီး နှင်မထုတ်ခဲ့ကြဖူးဘူး..။

အခန်း (၂)

တကယ်တော့ ဘ၀ဆိုတာ

ပုဇွန်ခေါင်းတစ်ခုပေါ့

လူတွေယိုသမျှ အညစ်အကြေးအားလုံး

သူ့ခေါင်းထဲမှာပဲ စုခဲ့လေရဲ့…။

BLACK DREAM

သူရွက်လွှင့်ရာ မြစ်ကြောင်းတစ်လျှောက် သူ့အတွက် မရေမတွက်နိုင်သော အတွေ့အကြုံတွေကို ရှူရှိုက်ခွင့်ရခဲ့တယ်…။ ဘ၀ဆိုတဲ့အရာက လူတွေ ကို ဒုက္ခပေးနေတာလား…။ လူတွေက ဘ၀ဆိုတဲ့အရာကို ခုတုံးလုပ်အသုံးချနေကြတာလားဆိုတာကိုသူ အတိအကျကြီးမဟုတ်တောင် အကြမ်းဖျဉ်း လောက် လေ့လာနိုင်ခဲ့တယ်…။ သူမြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေနဲ့ ချိန်ထိုးသုံးသပ်မိတယ်…။ လူတွေဟာ သူတို့လိုချင်တာတွေကို ရရှိပိုင်ဆိုပြီးတဲ့ နောက် မလိုအပ်တော့တဲ့ အမုန်းတွေ…။ အာဃာတတွေ…။ လောဘတွေ…။ ဒေါသတွေ…။ မောဟတွေကို အညစ်အကျေး စွန့်ပြစ်ပစ္စည်းတစ်ခု အဖြစ်အသွင်ပြောင်းကာ ဘ၀ဆိုတဲ့ မြစ်ပြင်ထဲကို စည်းမရှိ၊ ကမ်းမရှိ စွန့်ပြစ်ခဲ့ကြတယ်…။ ပထမ…။ မျက်နှာလွှဲတယ်…။ နောက် သူတို့ အရှုပ်ထုပ်ကို ဘ၀ဆိုတဲ့မြစ်ပြင်ပေါ် သွန်ချစွန့်ပြစ်တယ်…။ ဒီလိုနဲ့….။ လူပေါင်းများစွာ….။ အညစ်အကြေးပေါင်းများစွာ…။ မျက်ရည်ပေါင်းများ စွာ….။ ဒီမြစ်ပြင်မှ အဆိပ်မသင့် ဘယ်သူသင့်မလဲ…။

ကိုယ်ကျင့် တရားကမ်းပါးတွေ ရေစီးကမ်းပြိုလိုက်လို့  မြစ်ပြင်တစ်လျှောက်သောင်တွေထွန်းပြီး ကိုယ်စီကိုယ်စီ ဘ၀ရွက်လှေတွေ သောင်တင်ကြ…။ ခရီးတွေဖင့်ကြ…။ အနှောင့်အယှက်တွေဖြစ်ကြတော့…။ ဒီမြစ်ကသောင်ထွန်းလို့ အခုလို ဒုက္ခရောက်ရတာပါတဲ့လေ…။ လူတွေစွန့်ပြစ်တဲ့ အမှိုက်သရိုက်တွေကြောင့် ဘ၀ဆိုတဲ့ မြစ်ပြင်တစ်လျှောက် အကြည်းတန်တော့…။ ဘ၀ဆိုတာ အနိဌာရုံတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုလို့ သတ်မုတ်ကြပြန်လေရဲ့…။ ဒီမြစ်ပြင်ထဲက ရေတွေကိုပဲ စုတ်ထုတ် ကိုယ်စီ ဘ၀စိုက်ခင်းတွေ စိမ်းလန်းအောင် စိုက်ပျိုးခဲ့တုန်းကတော့…။ သူတို့ တော်လို့ အောင်မြင်ကြတာတဲ့…။ ဘာများကျေးဇူးခံ ကျေးဇူးစား ရှိလို့လဲဆိုပြီး ပျက်ရယ်ပြုလိုက်ကြပုံများ…။

အလိုမပြည့်မှုဆိုတဲ့ ကာလ၀မ်းရောဂါတွေ…။ နာကြည်းမှုဆိုတဲ့ Plague ရောဂါတွေဖြစ်တော့…။ ဒီမြစ်ပြင်ကရေကိုသောက်လို့ ဒီလိုဖြစ်ရပါတယ်တဲ့ လက်ညှိုးထိုးကြပြန်ရော…။ စဉ်းစားကြည့်ပါဦး…။ ဒီမြစ်ပြင်မှာ ဘာများအပြစ်ရှိခဲ့လို့လဲ….။ လူတွေစွန့်ပြစ်သမျှ အစုတ်အပြတ်တွေ၊ အညစ်အကြေး တွေကိုလည်း စုပုံလက်ခံရသေးတယ်…။ နောက်ဆုံး တရားခံရှာပြန်တော့လည်း သူ့ကြောင့်ပဲတဲ့လေ…။ ကုန်ကုန်ပြောကြကြေးဆို..။ လူတွေ အိမ်သာတက်ပြီးလို့ ( )င် ဆေးတာတောင်…။ ဒီမြစ်ပြင်ထဲက ရေတွေနဲ့ပဲ ဆေးခဲ့ကြတာသတိမှ ရကြပါလေစ…။ အခုတော့လည်း တရားခံက သူပဲတဲ့ဗျာ…။ အဲ့ဒီ့ လူတွေပြောပြောနေတဲ့..။ အချိုးအကွေ့များလှပါတယ်ဆိုတဲ့ မြစ်ပြင်၊ မာယာတွေ ထူပြောလှပါတယ်ဆိုတဲ့ မြစ်ပြင်၊ …။ မြစ်ပြင်…။ မြစ်ပြင်…။ အင်း….။  ကြာလာလေလေ သနားလာလေလေပဲ….။

အခန်း (၃)

ပန်းတိုင်လား?

နီးပါတယ်…။

ခင်ဗျားအခုရပ်နေတဲ့နေရာက

ခင်ဗျားနောက်ဆုံး အားထုတ်မှုရဲ့ ပန်းတိုင်တစ်ခုပေါ့..။

BLACK DREAM

တကယ်ဆို မြစ်ပြင်ကိုယ်တိုင်က ဒီလောက် အချိုးအကွေ့တွေ မများခဲ့ပါဘူး…။ ကိုယ်ကျင့်တရားဆိုတဲ့ ကမ်းပါးကို မပြိုအောင် လူတွေ ကိုယ်စီ ကိုယ် စီ ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြမယ်ဆိုရင်ပေါ့…။ ဒီလိုလည်း မြစ်ပြင်တစ်လျှောက် သောင်တွေ ထွန်းလာစရာ အကြောင်းမရှိပါဘူး…။ အခုဆို မြစ်ပြင် ခဗျာ..။ အကွေ့အကောက်တွေများရုံမက..။ အထီးကျန်မှု မြစ်ကျိုးအင်းတွေပါ ဖြစ်ပေါ်ခဲ့ရလေရဲ့…။ ကိုယ်စီကိုယ်စီတို့ရဲ့ ပန်းတိုင်ကိုရောက်ဖို့ အ တွက်..။ ဒီဘ၀ဆိုတဲ့ မြစ်ပြင်က ကျောပိုးပြီး သယ်ပိုးခဲ့ရသလောက်..။ ခရီးဆုံးလို့ ပန်းတိုင်ကိုရောက်တော့..။ ဒီမြစ်ထဲကရေတွေနဲ့ပဲ အားရပါး ရ ခြေဆေးသွားကြပုံများ…။ ကုန်းပေါ်တက်ခါနီး လူတစ်ယောက်က သမင်လည်ပြန်လေးနဲ့ အားရပါးရ ကျေးဇူးဆပ်သွားသေးတယ်..။ ” မြစ်ရေတွေ ကလည်းနောက်ကျိနေတာပဲ..။ ဟိုတယ်ရောက်မှ ရေသန့်ဘူးနဲ့ ဆေးဦးမယ်” ဆိုလား…။

မြစ်ပြင်ကိုတစ်လှည့်…။ လူတွေကို တစ်လှည့်…။ အကြိမ်ကြိမ် အဖန်ဖန် ပြန်သုံးသပ်မိတော့…။ ရလဒ်က..။ ခပ်တုံးတုံး သက်ပြင်း တစ်ကောင်ထက် မပိုခဲ့…။ သွားစရာလှေမရှိလို့ သူ့ရွက်လှေလေးနဲ့ တင်ခေါ်လာခဲ့ရတဲ့လူတွေကိုကြည့်ပြီး သူကျေနပ်မိခဲ့သလောက်…။ ပင်လယ်နဲ့နီးလာတာနဲ့အမျှ မကြာခဏဆိုသလို သူ့ဘေးကဖြတ်သွားတတ်တဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေကို ကြည့်ပြီးလည်း အကြိမ်ကြိမ် ခေါင်းငိုက်စိုက်ကျခဲ့ရတာ မရေမ တွက်နိုင်တော့ပါ…။ မကြာခင် သူ့ဘ၀အတွက် ကြီးမားသော အချိုးအကွေ့တစ်ခု စတင်တော့မည်ဖြစ်သည်..။ သူဖြတ်သန်းလာခဲ့တဲ့ အမြင်ကျဉ်း ကျဉ်း၊ စိတ်ကူးကျဉ်းကျဉ်း၊ အတွေးအခေါ်ကျဉ်းကျဉ်း၊ နောက်ဆုံး အသက်ရှူသံ ကျဉ်းကျဉ်းသာ ရှိတဲ့ နေရာတစ်ခုသည် ဆုံးခန်းတိုင်တော့မည် ဖြစ် သည်…။ အရှေ့ကို မျှော်ကြည့်တော့ မျက်စိ တစ်ဆုံး, အဆုံးမရှိသည့် ပင်လယ်ပြင်က သူ့အား ရင်ဘက်ဟင်းလင်းဖွင့်ပြီး ကြိုဆိုနေလေပြီ..။

ဒီတစ်ခါ သူဖြတ်သန်းရမည့် ခရီးက..။ အခုသူဖြတ်သန်းလာခဲ့တဲ့ ခရီးထက် ပိုမိုဝေးကွာပေလိ့မ်မည်..။ ပိုမို လျှို့ဝှက်နက်နဲပေလိ့မ်မည်..။ ပိုမို နူးညံ့ ရက်စက်ပေလိ့မ်မယ်…။ လေပြေတို့ရဲ့ မျက်နှာဖုံးကို လွှမ်းခြုံထားသော မုန်တိုင်းပေါင်းများစွာတို့ ပျော်မြူးသည်။  ဒီခရီးကို သူအဆုံးအထိ  ရောက်ကောင်းမှ ရောက်နိုင်မည်။ သို့သော် သူကျေနပ်သည်။ ဒီခရီးသည် ရက်စက်ကောင်း ရက်စက်ပေလိ့မ်မည်..။ သို့သော် မယုတ်မာပေ..။ ဒီခရီး သည် ဝေးကွာကောင်း ဝေးကွာပေလိ့မ်မည်..။ သို့သော် မကွေ့ကောက်ပေ…။ ဒီခရီးသည် မှန်ချင်မှ မှန်ကန်သော ခရီးတစ်ခုဖြစ်ပေလိ့မ်သည်။ သို့သော် မှားယွင်းသော ခရီးတစ်ခု မဟုတ်ပေ..။ ဒီခရီးသည် အနဲဆုံး သူ့အတွက်တော့ လတ်ဆတ်သည့် အသက်ရှူ ခွင့်ကိုပေးလိမ့်မည်…။

မည်သို့ပင်ဖြစ်စေ သူသည် ကိုယ်ပိုင်ဘ၀ရွက်လှေအား ကိုယ်တိုင် ထိမ်းကျောင်း မောင်းနှင်နိုင်ခွင့်ရှိနေခြင်းကိုကသည်ပင် လူတစ်ယောက်ရဲ့ အနှစ် သာရရှိစွာ ရပ်တည်နိုင်ခြင်း ဂုဏ်ဒြပ်တစ်ခုပင် မဟုတ်ပါလားဗျာ…။

P.S- လူတွေရဲ့ သဘာဝနဲ့ ဘ၀ရဲ့ သဘောတရား ခပ်သေးသေးတစ်ခုကို မြစ်တစ်ခုနဲ့ တင်စားရုံသက်သက် ရေးသားပါသည်။