အိမ်ပြန်ချိန်….

အသံတွေ ကြားနေရပြီ…။
ဟိုနားမှာလည်း တိုးတိုးတိတ်တိတ်…။ ဒီနားမှာလည်း တိုးတိုးတိတ်တိတ်…။ တိုးတိုးတိတ်တိတ်တွေများလာတော့ အချို့ကို ရိုးရိုးရိပ်ရိပ် မြင်လာရသည်။ အချို့တွေ စိုးစိုးထိတ်ထိတ် ရင်ခုန်ကြသည်…။ အချို့တွေ တိတ်တိတ်ဆိတ်ဆိတ် မျှော်နေမိကြသည်…။
သူလည်း မျှော်နေမိသည်…။ (more…)
Cateogry : Essay | 4 Comments
သူမ နှင့် ကျွန်တော်…

နိဒါန်း
၂၀၀၁ ခုနှစ်
“ကိုဦး…။ ဖုန်းလာတယ်…။”
“ဟ…ဟ ဖုန်းတဲ့ဟ…။ ခဏနေကြဦး…။ ခဏ..။ ခဏ..။ ချက်ခြင်း ပြန်လာခဲ့မယ်” ဘောလုံးပွဲက အရှိန်ကောင်းနေတုန်း ဖြစ်သည်။ ဒီနေ့လို လူစုံ၊တက်စုံ မကန်ရတာ ကြာပြီ..။ ကိုသူရ၊ ကိုဝထ၊ စွမ်းရည်အောင်၊ သီဟအောင်၊ လှထွဋ်၊ သီဟံစိုး၊ အောင်အောင်၊ ဖိုးသာထူး…။ လူအကုန်ပါသည်..။ ကန်လို့ကလည်း တော်တော်ကောင်းနေတဲ့ အချိန်…။ ဖုန်းဆိုတော့ တော်တော် ဦးနှောက်စားသွားသည်..။ ဘယ်သူ့ဆီကမှလည်း အရေးတကြီးလာစရာ မရှိပေ…။
ဒီကြားထဲ အခုလို ခြံထဲမှာဘောလုံးကန်ဖို့ဆိုတာ နဲတဲ့အခွင့်အရေးမဟုတ်ပေ..။ အဖေလစ်တုန်း ကန်ရတာ ဖြစ်သည်။ အဖေသိသွားရင် အိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရ နိုင်သည်..။ ခေါင်းနဲ့ ဆင်းခိုင်းတာလဲ အကြောင်းရှိသည်။ ခြံထဲမှာ ဘောလုံးကန်တဲ့ အကျိုးအားဖြင့် အိမ်နံရံမှာ ရှိတဲ့ဆေးတွေ ဘောလုံးရာဖြင့် အကွက်လိုက် အကွက်လိုက်တွေမနဲ…။ အခုချိန် (၂၀၁၁) အထိ ရှိသေးသည်..။ ကွဲသွားတဲ့ အဖွားရဲ့ ကက်တလေရာ သစ်ခွပင်တွေနဲ့..။ မီးလုံးဖိုးတွေကလည်း မနည်းတော့ပေ…။ (more…)
Cateogry : Essay , Personal | 2 Comments
အချိုး…
လောကသည် လှပပေသည်။ သို့သော် ထို့ထက်လှပသော လောကတစ်ခုအား သူဖန်ဆင်းဖို့ ကြိုးစားခဲ့သောအခါ…
အလင်းသည် အရောင်မရှိပေ…။ သို့သော် လူတို့သည် အလင်းရောင် ဟုခေါ်လေ့ရှိကြသည်…။ အလင်းကြောင့် အရောင်တို့ ထွန်းလင်းခွင့်ရရှိသောကြောင့် ဖြစ်နိုင်သည်။ အလင်းမရှိပါက အရောင်မရှိပေ…။ အရောင်မရှိပါက…။ အရောင်ဆိုးခံရခြင်းများ မရှိနိုင်ပေ…။ အရောင်အဆိုးခံရခြင်းများမရှိပါက….။ အတိတ်ဆိုးများ မရှိ နိုင်ပေ…။ အတိတ်ဆိုးများမရှိပါက အနာဂတ်ဆိုးများလည်း ရှိလာနိုင်မည်မဟုတ်ပေ…။ အနာဂတ်ဆိုးများ မရှိသောကြောင့် မျှော်လင့်ချက်များ လိုတာထက် ပိုမိုရှင်သန် စရာ မလိုတော့ပေ…။ မျှော်လင့်ချက်များ နဲပါးသွားသောအခါ လူသားတို့၏ လောဘများ နဲကောင်းနဲသွားနိုင်သည်…။ မနိုင်မနင်းထမ်းထားရသော ဘ၀အမောများ အထိုက်အလျှောက် လျော့ပါးကောင်း လျော့ပါးသွားပေလိ့မ်မည်…။
ထိုအခါ လောကသည် ပိုမို လှပလာပေမည်လော….?
လူတို့တွင် မွေးရာပါ ဦးနှောက်တစ်ခုစီ လက်ဆောင်ပါရှိလေသည်။ သို့သော် ထိုဦးနှောက်သည် ခံစားတတ်ခြင်းဟူသော မွေးရာပါ ကြိမ်စာသင့်လာခဲ့လေသည်။ သူ၏ မူလအလုပ်သည် ခံစားဖို့လော၊ စဉ်းစားဆုံးဖြတ်ဖို့လော၊ တွေးတော် မျှော်မြင်ဖို့လော၊ ကောက်ကျစ်ယုတ်မာဖို့လော၊ ကိုယ်ပိုင်သံစဉ် သီချင်းသစ် တစ်ပုဒ်ကို ရေးသား ဖို့လော၊ ပျော်စရာကောင်းသော အနုပညာမြောက်သည့် ဟာသတစ်ပုဒ်ကို ရယ်မောဖို့လော…။ သို့မဟုတ်…။ မိမိကိုယ်ကို လှည့်စားဖို့ပေများလော…။ သေချာတာ တစ်ခုကတော့ သူသည် မွေးစကတည်းက မနိုင်ဝန်ထမ်းခဲ့ရသော သနားစဖွယ် ဖြစ်တည်မှုတစ်ခုသာ..။ တကယ်ဆို သူသည် ဘုရားသခင်၏ မျက်နှာသာ ပေးခြင်းကို မခံခဲ့ရသော ဖန်ဆင်းမှုတစ်ခုသာ ဖြစ်လေသည်။
တကယ်လို့များ ကျွန်တော်တို့တွင် ထိုဦးနှောက်ဆိုသောအရာ ပါရှိမလာခဲ့ပါက…။ လောကတွင်..။ ကာဗွန်ဒိုင်အောက်ဆိုဒ်များ လျော့ပါးနေခဲ့ပေလိ့မ်မည်..။ သဘာဝ ဘေးအန္တာရယ်များပေါ်ပေါက်လာ မည်မဟုတ်ပေ…။ ဖန်ပြွန်သန္ဓေသားသည်လည်းကောင်း၊ သွေးချောင်းစီး နျူကလီးယား စစ်ပွဲများသည် လည်းကောင်း သမိုင်းစာမျက်နှာ ထက်သို့ တက်ခွင့်ရမည်မဟုတ်ပေ…။ ဘင်လာဒင် သည်လည်း မြေအောက်ထဲက ထွက်လာစရာ အကြောင်းမရှိပေ…။ တရားမျှတမှု၊ မတရားမှု တို့သည်လည်း ရှိလာမည်မဟုတ်ပေ..။ ကုန်ဈေးနှုန်းသည်လည်း သိမ်ကြီးဈေး ခေါင် မိုးပေါ်တွင် ဆိုင်ခန်းတစ်ခု ဖွင့်စရာမလိုပေ…။ ထိုအရာများအားလုံး တစ်ပြိုင်နက် ချုပ်ငြိမ်းဖို့ ကျွန်တော်တို့အားလုံးတွင် ဦးနှောက်မရှိခဲ့ဖို့သင့်သည်..။ အခုတော့ ကျွန်တော်တို့၏ လောကတွင် ကြိမ်စာသင့်နေသော ဦးနှောက်ပေါင်း ၆ ဘီလျှံကျော်မှ ဒုက္ခ စက်ဝန်းအတွင်း လည်ပတ်နေကြလေသည်…။ ထို့ကြောင့် ကျွန်တော်တို့ တွင်ရှိသော ဦးနှောက်များအားလုံးကို ဘောတယ်ကုလားထံရှိ ပဲကြီးလှော်များဖြင့် လဲလှယ် စားသောက်သင့်သည်…။
ထိုအခါ လောကသည် ပိုမို လှပလာလေမည်လော…?
ကြယ်တို့လှပစွာ လင်းလက်ကြဖို့အတွက် အမှောင်သည် ဗီလိန်အဖြစ် အသုံးတော်ခံခဲ့ကြောင်း ကျွန်တော်ရေးခဲ့ဖူးသည်…။ သူရဲကောင်းပေါင်းများစွာ ပေါ်ထွက်လာဖို့ အတွက် ဗီလိန်ပေါင်းများစွာ နာမည်ပျက်ခဲ့ကြရဖူးသည်…။ လောကသည် သူရဲကောင်းများ ပေါများမှ လှပမည်ဟု လူတို့ အယူရှိကြသည်..။ လူတိုင်းသည် တော်ချင် ကြသည်။ တတ်ချင်ကြသည်..။ ဂုဏ်ပြုခံချင်ကြသည်…။ အောင်မြင်ကျော်ကြားချင်ကြသည်…။ ထိုအခါ ထိုအရာများအားလုံး အထမြောက်ဖို့အတွက်..။ ကိုယ်စီ ဘ၀ ဇာတ်လမ်းမှာ မင်းသား၊ မင်းသမီးများအဖြစ် ပွဲထွက်နိုင်ဖို့အတွက်..။ ဗီလိန်များကို အပူတပြင်းရှာကြသည်…။ သို့သော် လူတို့သည်…။ မိမိဘ၀ဇာတ်အတွက် မိမိ မင်းသား ဖြစ်နေချိန်တွင်..။ အခြားလူတစ်ယောက်၏ ဇာတ်အတွက် ဗီလိန်ဖြစ်နေမှန်းကို များသောအားဖြင့် သတိမထားမိကြပေ….။ များစွာ သနားဖို့ကောင်းပေ သည်…။
သူရဲကောင်းများ ထွန်းကားမှ လှပမည် ဆိုသော လောကကြီးအတွက်…။ သူရဲကောင်း များများထွန်းကားဖို့အတွက် ဗီလိန်များများလိုပေသည်.. ။ ထို့ကြောင့် ကျွန်တော်တို့အားလုံး ဗီလိန်များအဖြစ် တညီတညွတ်တည်း သရုပ်ဆောင်ကြပါ သူရဲကောင်းများ အများကြီးပေါ်ထွန်းလာမည်ဖြစ်သောကြောင့်..။ တစ်လောကလုံး ကောင်းစားဖို့…။ သူရဲကောင်းထွန်းကားဖို့ တစ်လောကလုံး ဗီလိန်လုပ်ကြလျှင် လွန်စွာသင့်တော်ပေမည်…။ ကျွန်တော်တို့၏ ကမ္ဘာမြေကြီး၏ လည်ပင်းတွင် ” ပျော်စ ရာ၊ ရွှင်စရာ ဗီလိန်ကမ္ဘာ” ဟု စာတမ်းချိတ်ထားလျှင် လွန်စွာလှပပေမည်..။ အခြားဂြိုလ်မှ ဂြိုလ်သားများလည်း အတုယူအားကျကာ ကြိုးစားကြပါက ကျွန်တော်တို့၏ အနန္တစကြာဝဌာကြီးသည် မကြာသောအချိန်တွင် ဗီလိန်စကြ၀ဌာကြီး ဖြစ်လာမည်မှာ မလွဲပေ…။
ထိုအခါ လောကသည် ပိုမို လှပသွားပေမည်လော….?
သစ္စာတရား၏ တန်ဖိုးသည် သစ္စာမဲ့သော လူများနှင့် နှိုင်းယှဉ်ကြည့်မိသော အခါမှသာ ထင်ရှားစွာ ပေါ်ထွန်းလာတတ်စမြဲဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် မိမိတို့ သစ္စာရှိကြောင်းကို အခြားသာ သစ္စာမရှိ (ဟု သူတို့သတ်မှတ်သော) သူများနှင့် ယှဉ်ထိုးပြီး ဂုဏ်ယူလေ့ရှိကြသည်…။ ထိုသစ္စာရှင်ကြီးများ သစ္စာရှိပြဖို့အတွက် အခြားလူသား တစ်ယောက် အလိုလိုနေရင်း သစ္စာမဲ့သူ စာရင်းဝင်သွားခဲ့ရသည်…။ ထို့ကြောင့် သစ္စာရှိသော သူများ များပြားဖို့အရေး ကျွန်တော် တို့အားလုံး တညီတညွတ်တည်း သစ္စာဖောက်ပြဖို့ လိုပေလိ့မ်မည်…။ အမုန်းစစ်မှ အချစ်စစ်သည် ဆိုကြသည်…။ ထိုအခါ အမုန်းမရှိသော အချစ်သည် အချစ်မစစ် ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း စဉ်းစားမိကြပါလေစ…။ ထိုကဲ့သို့ဆိုလျှင် ချစ်သူတိုင်း အချစ်စစ်ကြဖို့ ချစ်သူတိုင်း ..။ တစ်ယောက်မျက်နှာ တစ်ယောက် တံတွေးနဲ့ ထွေး..။ တစ်ယောက်လည်မျို တစ်ယောက်တက်နင်း..။ တစ်ယောက် ငယ်ထိပ် တစ်ယောက် ဖနောင့်နဲ့ပေါက်ကာ..။ ပက်ပက်စက်စက် မုန်းတီးကြဖို့ လိုပေလိ့မ်မည်။ ထိုသို့လုပ်ပြီးသော သကာလမှသာ ငါနင့်ကို အရမ်းချစ်ကြောင်း အရမ်းမုန်းပြခြင်းဖြင့် သက်သေပြလိုက်တာပါဟု ဆိုကြည့်ပါ…။ သင့်ချစ်သူသည် သင့်အား ဘယ်လို တုံ့ပြန်ကြောင်း ကော်မန့်တွင် တစ်ခါ ပြန်လည်ရေးသားကြပါ…။
ဒီလိုနဲ့ ကျွန်တော်တို့ လူသားများသည် ပက်ပက်စက်စက် သစ္စာတရားများ မဲ့ ကြကာ..။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးနာကြင်ကြခြင်းဖြင့်….။ လောကကြီးသည် သစ္စာတရားထွန်းကားသော၊ အချစ်စစ် အချစ်မှန်များဖြင့် ပြည့်နှက်သော ကမ္ဘာကြီးတစ်ခုဖြစ်လာပေလိ့မ်မည်…။
ထိုအခါ လောကသည် ပိုမို လှပလာပေမည်လော….?
ကျွန်တော်စဉ်းစားကြည့်မိသည်…။
သင်လည်း စဉ်းစားကြည့်စေလိုသည်…။
အခြားတစ်ယောက်ကိုလည်း စဉ်းစားကြည့်ဖို့ တိုက်တွန်းပေးစေလိုသည်…။
ထိုအခါ ကျွန်တော်တို့အားလုံးသည် စဉ်းစား သူများ ဖြစ်လာကြမည်…။
ထို့နောက်တွင် ကျွန်တော်တို့အားလုံးသည် နွားတင်းကုတ် တစ်လုံးကို အတူတကွဝယ်ယူကာ…။ ကိုယ်စီ နဖားကြိုးထိုးကြရင်း အတူတူနွားဇာတ်ခင်းကြပါမည်။ ထို နွားတင်းကုတ်အတွင်း သို့ …
(၁) အလင်းမ၀င်စေရ
(၂) ဦးနှောက်များယူဆောင်မလာရ
(၃) သူရဲကောင်းများမလာရ
(၄) သစ္စာတရား မရှိစေရ
ထိုအခါ လောကသည် ပိုမို လှပသွားပေမည်လော….? လှပသွားပေမည်လော…?
လောကသည် လှပပေသည်။ သို့သော် ထို့ထက်လှပသော လောကတစ်ခုအား သူဖန်ဆင်းဖို့ ကြိုးစားခဲ့သောအခါ..ကျွန်တော်တို့အားလုံး နွားဖြစ်သွားကြ လေသည်။
P.S- ဤ အက်ဆေးအား နွားဇာတ်ခင်းသော နွားအက်ဆေးဟု မမှတ်စေရ…။
Cateogry : Essay | 3 Comments
သံသရာ၊ ကွေ့၊ အနာဂတ်နှင့် အနက်ရောင်အိပ်မက်
တစ်ကယ်ဆို ဘ၀သည် ဘာမှ ထူးထူးခြားခြား အံ့သြစရာ မကောင်းသော မျက်လှည့်ပွဲတစ်ခုဖြစ်သည်။ ကျွန်တော်တို့ ဘ၀ကိုယ်စီတွင် တစ်ခါတစ်ရံ ကြိုတွေးထား သည့် အတိုင်း ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ကြိုမတွေးထားသည်များ ဖြစ်တတ်သည်။
ကျွန်တော်တို့သည် ကံကြမ္မာကို ဖန်တီးဖို့ ကြိုးစားကြသည်။ ဖန်တီးကြသည်။ တစ်ခါတစ်ရံ ကံကြမ္မာသည် ကျွန်တော်တို့အား ဖန်တီးသောအခါ မှင်သက်တုန်လှုပ် လေ့ ရှိကြသည်။ အတုံ့နှင့်အလှည့်သည် ဒင်္ဂါးပြားတစ်ခု၏ မျက်နှာပြင်နှစ်ဘက်ကဲ့သို့ အစဉ်ဒွန်တွဲလျှက်ရှိကြောင်း ကျွန်တော်တို့ မကြာခဏ မေ့နေလေ့ရှိကြသည်။
ဘုံလုံသီးကိုလည်း ကျွန်တော် မစားဖူးပေ..။ ထို့အတူ ငါးပျံကိုလည်း မမြင်ဖူးပေ..။ ထို့ကြောင့် ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဟူသော စကားပုံကို ကျွန်တော် နားမလည်ပေ။ မှန်ကင်းဆိုသော အရာသည် ဘာမှန်းမသိပေ..။ ထင်းကိုတော့ သိသည်..။ သို့သော် လောကတွင် မည်သည့်အခါကမျှ တစ်ခုထဲ (သို့) တစ်ဘက်ထဲကို သိရုံမျှဖြင့် မပြည့်စုံသော သဘောရှိသည့်အလျှောက် …။ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဆိုသော စကားပုံကိုလည်း ကျွန်တော်နားမလည်ပေ။ နားလည်အောင် လည်း မကြိုးစားခဲ့ဖူးချေ။ လူတစ်ယောက်၏ ဘ၀ကို တည်ဆောက်ဖို့အတွက် စကားပုံများ၏ အဓိပ္ပါယ်များကို သိမှ ဖြစ်မည်ဟု ကျွန်တော် မယုံကြည်သောကြောင့် ဖြစ်သည်။
သို့ရာတွင် ထိုစကားပုံများအားလုံးသည် အတုံ့အလှည့်သဘောကို ဆောင်ကြကြောင်းတော့ ကျွန်တော်နားလည်ထားသည်။ စကားပုံများကို နားလည်ဖို့ထက် အနှစ်သာရကို သိဖို့သာ အဓိကဖြစ်သည်ဟု ကျွန်တော်မှတ်ယူလိုက်သည်။
တစ်ကယ့်တကယ်တမ်းတွင် ကျွန်တော်တို့ထင်မှတ်သလို အတိတ်သည် အရိပ်တစ်ခုမဖြစ်နိုင်ပေ…။ အနာဂတ်သည်သာ အရိပ်တစ်ခုဖြစ်ပေလိ့မည်။ ကျွန်တော်တို့ ကိုယ်စီ ကိုယ်ငှဖန်တီးခဲ့ကြသော၊ ကြုံတွေ့ခဲ့ကြသော အတိတ်ဆိုသော အလင်းရောင်သည် ကျွန်တော်တို့၏ လက်ရှိပစ္စုပ္ပန်ပေါ်သို့ ကျရောက်သောအခါ အနာဂတ် ဆိုသော အရိပ်တစ်ခု ဖြစ်လာပေလိ့မ်မည်။ တစ်ချိန်က (အတိတ်က) ပြုလုပ်ခဲ့သော လုပ်ရပ်…။ လက်ရှိ ပစ္စုပ္ပန်တွင် ရပ်တည်နေသော ကျွန်တော်တို့၏ ခံယူချက် အပေါ် မူတည်၍ ကျွန်တော်တို့၏ အနာဂတ်သည် ပုံပေါ်လာပေလိ့မ်မည်။ ထိုအရိပ်ကို လိုလားသည်ဖြစ်စေ…။ ငြင်းဆန်သည် ဖြစ်စေ..။ ကျွန်တော်တို့ လက်ခံရပေ လိ့မ်မည်။
ထို့ကြောင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးခုဆုံသောအချိန်ကို ဘ၀မွန်းတည့်ချိန်ဟု ကျွန်တော် သတ်မှတ်လိုသည်။
ထိုကဲ့သို့နေမွန်းတည့်ချိန်သည် တစ်ရက်တွင် တစ်ခါသာရှိနိုင်သလို..။ ကျွန်တော်တို့၏ ဘ၀မွန်းတည့်ချိန်သည်လည်း တစ်သက်တွင် တစ်ခါသာ ရှိနိုင်သည်။ ထိုရှားပါး၍ ကြုံတောင့်ကြုံခဲဖြစ်သောအချိန်ကို ကျွန်တော်တို့ သတိပြုမိဖို့သာလိုသည်။ သတိမပြုမိပါက ၂၀ ရာစု၏ နောက်ဆုံးနေ၀င်ချိန်ကို မကြည့်လိုက်ရသော လူတစ်ယောက်၏ ခံစားချက်ထက် ပိုမိုပြင်းထန်သော ခံစားချက်များ ရှိလာပေလိမ့်မည်။ ၂၀ ရာစု၏ နောက်ဆုံးနေ၀င်ချိန်သည့် ကျွန်တော်တို့အတွက် အရေးမပါလှ ပေ။ သို့သော် ကျွန်တော်တို့၏ ဘ၀မွန်းတည့်ချိန်မူကား ….။
အချို့သော အပြောင်းအလဲများသည် အံ့သြ စရာကောင်းသည်။ အချို့သည် ပျော်ရွှင်ဖွယ်ကောင်းသည်။ အချို့သည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။ မည်သို့ ပင်ဖြစ်စေ ကျွန်တော်တို့သည် အပြောင်းအလဲ တစ်ခုနှင့်ကြုံတိုင်း မှတ်ချက်တစ်ခုတော့ ချလေ့ရှိသည်။ အခြားလူကို ထုတ်ဖော်ပြောဆိုခြင်းရှိသည်နှင့် မပြောဆိုခြင်း သာ ကွာပေလိ့မ်မည်။ မိမိခံစားချက်ကို အမှန်အတိုင်းထုတ်ဖော်ခြင်းနှင့် ဘာမှမဖြစ်သည့် ပုံ ဟန်ဆောင်နေခြင်းသာ ကွာပေလိ့မ်မည်။ သို့သော် ထိုအပြောင်းအလဲ သည်ကား ကျွန်တော်တို့၏ ဘ၀တစ်ဆစ်ချိုးကို အတိအကျ ပုံဖော်ခဲ့ပြီ…။ ပြင်ဆင်ခွင့်သည် ကျွန်တော်တို့လက်ထဲတွင်သာမက..။ ဘုရားသခင်၏ လက်ထဲတွင်လည်း မရှိနိုင်တော့ဟု ကျွန်တော် အတိအကျ ယုံကြည်သည်။
ကွေ့ဟူသည် များသောအားဖြင့် အန္တာရယ်ရှိသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့်လည်း အဝေးပြေးလမ်းမကြီးများတွင် အန္တာရယ်ကွေ့ ဟူ၍သာ သတိပေးလေ့ရှိပြီး။ ပျော်စရာကွေ့ ဟူ၍ ရေးသားထားခြင်းမရှိသည်ကို ဆင်ခြင်ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် လူတို့သည် ကွေ့ဆိုလျှင်သတိထားကြသည်။ ထိုသတိထားမှုနှင့် အတူ ကွေ့၏ သဘောအရ တစ်ဘက်တွင် ဘာရှိသည်ကို မသိနိုင်..။ မမြင်နိုင်..။ ထို့ကြောင့် စိတ်ဝင်စားကြသည်။ အချို့..။ စိတ်လှုပ်ရှားကြသည်။ သို့သော် သေချာသည်မှာ သတိ ကိုယ်စီတော့ထားကြသည်။ ကျွန်တော်တို့သည် သတိရှိသူများဖြစ်ပါက ဟိုင်းဝေးလမ်းမကြီးများ၏ ကွေ့ တစ်ဘက်တွင် ဘာရှိမည်ကို အနဲနှင့်အများ လှမ်းမြင် နိုင်သည်။ ခန့်မှန်းနိုင်သည်…။ သို့သော် ဘ၀တစ်ခု၏ ကွေ့တစ်ဘက်ကို မြင်ဖို့ရာတွင်မူ….။
ခင်ဗျားတို့သည် လည်းကောင်း၊ ကျွန်တော်သည် လည်းကောင်း ထိုကဲ့သို့သော ကွေ့ ပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူး၊ ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကြသူများရှိသည်။ ကွေ့တို့၏ မာယာကို ဒူးထောက်လိုက်ရသူများရှိသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ်ခုသည် ကျွန်တော်တို့ဘ၀၏ ကွေ့တစ်ခု ဖြစ်သည်ဆိုပါဆို့…။ အဲ့ဒီ့ကွေ့၏ နောက်ကွယ်တွင် မတူညီသော ခြားနားမှုများ ဒုနှင့်ဒေး ပေါ်ထွန်းလာခဲ့သည်။ အချို့ကျ ကြသည်။ အချို့အောင်ကြသည်။ အချို့ လိုချင်သော အမှတ်မရကြ..။ အချို့ မလိုချင်သော အမှတ်များရသည်။ ထို့နောက် ဆိုက်ကားသမား၊ ကူလီ၊ ဆရာဝန်၊ ကျောင်းဆရာ ဘ၀များ ခြားသွားခဲ့သည်။ အဖြူ အစိမ်းနေ့ရက်တို့သည် ထိုကွေ့များ၏နောက် ခပ်ဝေးဝေးတွင် မျက်ရည်စက်လက်နှင့် တဖြေးဖြေး မှေးမှိန်သွားခဲ့သည်။ ထို့နောက် နောက်တစ်ကွေ့…။ ပြီး..။ နောက်တစ်ကွေ့…။ ကွေ့ပေါင်းများစွာ..။ ကျော်ဖြတ်ခဲ့သည်…။ ကျော်ဖြတ်ကြရဦးမည်…။
လူတို့သည် တစ်ယောက်ထဲ မွေးဖွားလာကြသည်။ တစ်ယောက်ထဲပင် ပြန်လည်ထွက်ခွာသွားရသည်။ သို့သော် တစ်ယောက်ထဲ မနေတတ်ကြခြင်းမှာ ထူးဆန်းသည် ဟု ကျွန်တော်ထင်သည်။ အဘယ်ကြောင့်နည်း…? လောကကို တစ်ယောက်တည်း ရင်ဆိုင်ရန် သူရဲဘောကြောင်သောကြောင့်လော..? စုပေါင်း ညီညွတ်သော လူ့အဖွဲ့အစည်း တစ်ရပ်အား တန်ဖိုးထားသောကြောင့်လော…? ဒါမှမဟုတ်…။ သူများနေလို့ လိုက်နေခြင်းလော…? သင်ကိုယ်တိုင် စဉ်းစားဖူးပါသလား..။ ဘယ်အမျိုးအစားထဲတွင် ပါဝင်ပါသနည်း?
ကျွန်တော့်အတွက်မူ ကျွန်တော့်ဘ၀ကို တစ်ယောက်ထည်း မနေနိုင်သည့်တိုင် ဖြစ်နိုင်သမျှ အသေးဆုံးသော လူ့အဖွဲ့အစည်းဖြင့် တည်ဆောက်နိုင်ရန် အဆင်သဖြင့် ကြိုးစားခဲ့ဖူးသည်။
သံယောဇဉ်သည် ချည်နှောင်တတ်သော သဘောရှိသည်။ ရုန်းထွက်ရန် ခက်ခဲသော နွယ်ပင်တစ်ခုလည်းဖြစ်သည်။ ထို့အတူ… ။ ၀ါးမျိုတတ်သော သဘောလည်း ရှိပေသည်။
ထို့ကြောင့် တတ်နိုင်သမျှ သံယောဇဉ်ကင်းသောဘ၀..။ နောက်ဆုံးမဖြစ်နိုင်သည့်အဆုံး..။ သံယောဇဉ်နည်းသော ဘ၀ကို ထည်ထောင်ဖို့ ကြိုးစားခဲ့သည်။ ထိုကဲ့သို့ တည်ထောင်ဖို့ ကြိုးစားခြင်းသည် ခင်ဗျားတို့ ကျွန်တော်တို့ ထင်ထားသည်ထက် များစွာခက်ခဲသည်။ ထိုခရီးသည် ကြမ်းတမ်းပေသည်။ ပေးဆပ်စတေးလိုက်ရသည် များမှာ ရင်နင့်ဖို့ကောင်းလှသည်။ အေးစက်စိုထိုင်းသော လမ်းတစ်ခုဖြစ်သည်။ ချော်လဲလျှင်ရောထိုင်၍ မရသော လမ်းတစ်ခုဖြစ်သည်။ လူ့ဂွစာဟု အဓိပ္ပါယ်ရသော အကြည့်များ အမှိုက်ကားနှင့် တစ်စီးအပြည့်ရသည်။ ထို ခရီးလမ်းကို လျှောက်လှမ်းဖို့အတွက် ရိက္ခာအဖြစ် ဥပက္ခော တရားများကို ဖောဖောသီသီ သယ်သွားဖို့ လိုအပ်သည်။ သို့မဟုတ်ပါက ထိုခရီးတစ်ရှောက် သင်စားသုံးစရာ ဥပေက္ခာ ရိက္ခာများ မရှိတော့သောအခါ သင်ရောက်လိုသော လွတ်လပ်မှု ပန်းတိုင်သို့ ရောက်နိုင် တော့မည် မဟုတ်ပေ။
ဥက္ခောတရားသည် မိစ္တာဒိဌိ တစ်ခုမဟုတ်ပေ..။ ဘုရားဟောထားသော ဗြဟ္မာစိုရ် တရားလေးပါးထဲမှ နောက်ဆုံးအချက်ဖြစ်သောကြောင့် ..။ ဘုရားဟောနှင့် ညီသော အလုပ်တစ်ခုဖြစ်သည်။
သင်သည် လူ့ဘ၀ဆိုသော ခရီးရှည်တစ်ခုအား ဖြတ်သန်းနေစဉ်တွင်…။ သံသရာဆိုသော အစပေါင်းများစွာ ပိုမိုရှည်လျားသည့် ခရီးရှည်တစ်ခုအား တစ်ချိန်တည်း တွင် ဖြတ်သန်းနေကြောင်း အခါအားလျော်စွာ မေ့လျော့နေခဲ့ပေလိ့မ်မည်။ ဘုရားရှင်၏ တရားတစ်ခုတွင် ဓမ္မဆိုသည်မှာ သံသာရာ၏ တစ်ဘက်ကမ်းကို ရောက်ရှိ အောင် ပို့ပေးသော ဖောင်တစ်ခုသာဖြစ်ကြောင်း…။ သံသရာ၏ ထိုတစ်ဘက်ကမ်းသို့ ရောက်ရှိသွား (သံသရာမှ လွတ်မြောက်သွား) ပါက ထို ဓမ္မဆိုသော ဖောင်ကို ဖက်တွယ်ထားရန် အကြောင်းမရှိကြောင်း…။ ဓမ္မသည်ပင်လျှင် ဖက်တွယ်ထားစရာ တစ်ခုမဟုတ်ပါက..။ အဓမ္မဟူသည်မူ ဆိုဖွယ်ရာ မရှိကြောင်း ဟောကြားတော် မူခဲ့ဖူးသည်။
ကျွန်တော်တို့သည်လည်း ထို့အတူပင်ဖြစ်သည်။ သင်သည် သံသရာ ခရီးတစ်ခုကို သွားနေသော ခရီးသည်ဖြစ်သည်။ ထို့ကြောင့် သင့်တွင် ကျောပိုးအိတ် (သို့) ခရီး ဆောင် အိတ်တစ်လုံးပါပေလိမ့်မည်။ ကျွန်တော်တို့သည် သံသရာ ခရီးတစ်လျှောက် အဆင်ပြေစေရေး၊ ချမ်းသာစွာနေထိုင်နိုင်ရေး၊ စသည်ဖြင့် ထိုထိုသော ကောင်းခြင်းများအတွက် ရည်ရွယ်ကာ ကျွန်တော်တို့၏ ကျောပိုးအိတ် (ကျောပိုးအိတ်ပဲ ဆိုကြပါစို့) ကုသိုလ်များကို များနိုင်သမျှများအောင် ထည့်ကြသည်။ စုဆောင်း ကြသည်။ တန်ဖိုးထားကြသည်။ လေးမှာခြင်းတူတူ ကျောပိုးအိတ်ထဲသို့ မည်သို့မျှ ကောင်းကျိုးမပေးနိုင်သော အကုသိုလ်များ မထည့်ကြခြင်း (သို့) တတ်နိုင်သမျှ မထည့်မိအောင် ကြိုးစားကြခြင်းသည် များစွာ ယုတ္တိရှိပေသည်။ သို့သော် ကျွန်တော်တို့ မေ့လျော့နေခဲ့သော အချက်တစ်ခု ကျန်ရှိခဲ့လေသည်…။
ကောင်းခြင်းကို ပေးတတ်သော ကုသိုလ်သည် လည်းကောင်း၊ အကုသိုလ်သည်လည်းကောင်း ကိုယ်စီ အလေးချိန်ရှိပေသည်။ အကုသိုလ်အတွက် မထူးခြားသဖြင့် မပြောလို..။ သို့သော် လူတို့သည် လိုချင်တက်မက်သည့် လောဘနှင့် တွေဝေစေတတ်သော မောဟတို့၏ ဖုံးလွှမ်းမှုကြောင့် ကုသိုလ်များကို ထည့်ရာတွင် အလေး ချိန် အကြောင်းမေ့လျော့နေခဲ့ကြပေသည်။ ထိုအချက်က ကျွန်တော်တို့အဖို့ သံသရာ၏ တစ်ဘက်ကမ်းကို မရောက်မှီစပ်ကြား..။ ကျွန်တော်တို့၏ ခရီးကို ပိုမို ကြာရှည် စေခဲ့သည်။ ပိုမိုလေးလံစေခဲ့သည်…။ ထို့ကုသိုလ်များ၏ အကျိုးဆက်ကြောင့် သံသရာတစ်ဘက်ကမ်းကို မရောက်ခင်စပ်ကြား လောက စည်းစိမ်များကို ခံစား မိန်းမောရင်းဖြင့် အချိန်များကို ဖြုန်းတီးမိကြလေသည်။ (ထိုကဲ့သို့ အချိန်ဖြုန်းရင်း မိမိသတိမထားမိလိုက်သော အချိန်တွင် အကုသိုလ်များသည်လည်း မိမိထည့် သည်ဖြစ်စေ မထည့်သည် ဖြစ်စေ မိမိတို့၏ ကျောပိုးအိတ်ထဲသို့ အလိုလို ၀င်ရောက်လာပေသည်။) ထိုသို့ဖြင့် သံသရာ တစ်ပါတ်ပြန်လည်ပေသည်။ ကောင်းခြင်းများ ပြီးသော အခါ..။ အဆိုးတရားများ..။ ထိုသို့ဖြင့် …. ခရီးသည် ရည်မှန်းချက် ပျောက်ဆုံးခဲ့လေသည်..။
ထို့ကြောင့် ကျွန်တော်တို့၏ ကိုယ်စီ ကိုယ်ငှ ကျောပိုးအိတ်များထဲတွင် ကုသိုလ်သော်လည်းကောင်း၊ အကုသိုလ်သော်လည်းကောင်း မည်သည့်အရာမှ မထည့်မိဖို့ လိုအပ်သည်။ သို့မှသာ ပေါ့ပါးလွတ်လပ်စွာဖြင့် ကျွန်တော်တို့၏ အန္တိမ ပန်းတိုင်သို့ ချောမောလျှင်မြန်စွာရောက်ပေလိ့မ်မည်..။
သို့သော် ကွေ့များကိုကား သတိထားဖို့ လိုအပ်ပေသည်။
ကျွန်တော်သည် ယခုအခါ..။ မနက်ဖြန်ဆိုသော နေ့ရက် ပညတ်တစ်ခုမှ စကာ…။ ကျွန်တော့်၏ ကျောပိုးအိတ်ထဲသို့ နုလုံးသား တစ်ခုအား ထည့်ကာ သံသရာ တစ်ဘက် မရောက်ခင်အထိ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့လေသည်။ ထိုဆုံးဖြတ်ချက်သည် ကျွန်တော့်အတွက် ကွေ့တစ်ခုလည်းဖြစ်သည်။ ထိုကွေ့၏ အခြားတစ် ဘက်တွင် ဘာတွေရှိမလဲဆိုတာကို ကျွန်တော် မမြင်နိုင်ပေ…။
ပျော်ရွှင်ခဲ့ခြင်းလော..။ တွေဝေနေခြင်းလော…။ တုန်လှုပ်နေခြင်းလော…။ စိတ်ဝင်စားနေခြင်းလော…။ ကျွန်တော် မဆင်ခြင်နိုင်…။ ထိုသို့ မဆင်ခြင်နိုင်မှီမှာပါ ကျွန်တော်သည် သံသရာ၏ တစ်ဘက်ကမ်း (သို့မဟုတ်) သံယောဇဉ်များနှင့် ဝေးရာသို့သွားနေသော လမ်းကြောင်းမှ ပထမဆုံးအကြိမ် စတင်၍ ဦးတည်ချက် သွေဖယ် သွားခဲ့ပြီ ဖြစ်ပါသည်…။
P.S- This Is The Last Post For My Old Life & I Am Starting To Step Into A New Life, Tomorrow! God Bless My Shadow!!
Cateogry : Article , Essay , Personal | 3 Comments
ကျွန်တော်နှင့် သာမန်များ…
ကျွန်တော်တို့သည် သာမန်နေ့ရက်တစ်ခုအဖြစ်…။ သာမန် မနက်ခင်းတစ်ခုတွင်…။ သာမန်လည်ပတ်နေသော သာမန် နာရီများနှင့်….။ သာမန် ပညတ်များကြားထဲ…။ သာမန်လူသားတစ်ယောက်အဖြစ်…။ တဖန်…။ သာမန် ပုံစံများအတိုင်း ပြန်လည်နိုးထလာခဲ့ကြ ပြန်လေသည်…။
သာမန်သောက်နေကြ နွားနို့တစ်ခွက်သည်။ သာမန်ညှစ်နေကျ နွားမတစ်ကောင်ထံမှ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် ထိုသာမန်မဟုတ်သော သာမန် နွားနို့သည်..။ သာမန်အတိုင်း ညှီစိမ့်သော အနံ့အရသာ ရှိပါလိ့မ်မည်။ သာမန်အတိုင်း အလိုအလျှာက်ဟလာသော ပါးစပ်ပေါက်မှ တစ်ဆင့်..။ သာမန်အတိုင်း လည်ချောင်းအတွင်းသို့ စီးဝင်သွားသည်မှာ တကယ့် သာမန် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့၏ ခန္ဓာကိုယ်သည် သာမန်နေ့များလောက် နွားနို့ရဲ့ အဟာရကို လိုချင်မှ လိုပါလိ့မ်မည်။ သို့သော် သင်သည် သာမန်အတိုင်း Drill တစ်ခုကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည် ဖြစ်စေ အလိုလျှောက်လုပ်နေမိကြောင်းကို သာမန်အားဖြင့် သိရှိမည်မဟုတ်ပေ..။
သာမန်အတိုင်း ညှစ်လိုက်သော သင့်ရဲ့သွားတိုက်ဆေးဘူးသည် သင့်စိတ်ထဲတွင် ဘာမှ ထူးခြားမနေသော်လည်း…။ မနေ့က တိုက်ခဲ့သောသင့်ရဲ့ သွားတိုက်ဆေးဘူးထက် အနဲငယ် ကိုယ်အလေးချိန်ကျသွားကြောင်းကို သာမန်အားဖြင့် သင် သတိထားမိမည် မဟုတ်ပါ။ သင်သည် သာမန်အတိုင်း ပင် ရေချိုးခန်းရဲ့ နံရံမှာ ကပ်ထားသော မှန်အား ကြည့်ပေလိ့မ်မည်။ ထိုအခါ…။ ထိုမှန်သည် သင် ယခင်နေ့က အသုံးပြုခဲ့သော မှန်ထက် သာမန် အတိုင်း အနဲငယ် မှုန်ဝါးလာကြောင်း…။ သင့်ရဲ့ ဆံပင်များသည် သာမန်ထက် အနဲငယ်ပိုရှည်လာကြောင်း..။ သင့်ရဲ့ အရေပြားများသည် သာမန် အတိုင်း တစ်နေ့ထက်တစ်နေ့ တွန့်ကြေလာကြောင်း..။ သင့်ရဲ့ သက်တမ်းသည် သာမန်အတိုင်း ပိုမိုအိုမင်းလာကြောင်း…။ စသည့် သာမန်ပေါင်း များစွာအား..။ သာမန်အားဖြင့်…။ သင် လျှစ်လျှူ ရှုလိုက်ခြင်းမှာ သာမန်နေ့ရက်တစ်ခုရဲ့ သာမန်ရိုးကျ အစတစ်ခုပင် ဖြစ်သည်။
သာမန်မနက်ခင်းတစ်ခုတွင်..။ သာမန်ပဲပြုတ်သည်တစ်ယောက်သည်…။ သာမန်အော်နေကြအတိုင်းအော်ကာ လှည့်လည်ရောင်းချနေနိုင်ပါသည်..။ သို့သော် ပဲပြတ်ရဲ့ ဈေးကတော့ မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှ ဖြစ်ပါလိ့မ်မယ်..။ ထိုနည်းတူ ထိုပဲပြုတ်သည်ရဲ့တောင်းထဲက ပဲပြုတ်တွေသည် မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှလည်း ဖြစ်ပါလိ့မ်မယ်…။ ပဲပြုတ်သည် ဆိုသော ပညတ်သည် သာမန် ဖြစ်သည်…။ သို့သော် ထိုပဲပြုတ်ကို ရောင်းသော သူရဲ့ မျှော်လင့်ချက်သည် မနေ့ကအတိုင်း သာမန် ဟုတ်ချင်မှ ဟုတ်ပါလိ့မ်မယ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်)..။ ထို့အတူ ပတ်ဝန်းကျင်သည် သာမန် မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) လေထုသည် သာမန်မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) ယဉ်ကျေးမှု သည် သာမန်မဟုတ် (မနေ့ကထက်ပို ညစ်ညမ်းလာပါတယ်)… ထို့ကြောင့် ယနေ့သာမန်များသည် သာမန် အားဖြင့် မနေ့က သာမန်များနှင့် တူသယောင်ယောင်ရှိသော်လည်း သာမန်အတိုင်း မနေ့က သာမန်များ မဟုတ်ကြတော့သည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်ပါသည်။
Company ပေါင်းမြောက်များစွာကို သာမန်မဟုတ်သောနည်းလမ်းများဖြင့် ပိုင်ဆိုင်ထားသော သာမန်သူဌေးဟု သူ့ကိုသူထင်နေသော သူဌေးတစ်ယောက်၏ သာမန်အသုံးစရိတ်သည် သာမန်လူတန်းစား မိသားစု ပေါင်းများစွာ၏ သာမန်ရိုးကျ ရှာဖွေထားသော ငွေကြေးဥစ္စာတို့နှင့် သာမန်အတိုင်း အချိုးတူညီခြင်းမရှိသည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် ကျွန်တော်တို့ သာမန်အတိုင်း သတ်မှတ်လို့ ရနိုင်မည် မထင်။ ငွေစက္ကူသည် သာမန်အရွယ်အစားအတိုင်းဖြစ်သည်။ ငွေစက္ကူသည် သာမန်အလေးချိန်အတိုင်း ဖြစ်သည်။ ငွေစက္ကူသည် သာမန်အတိုင်း စုတ်ပြဲလေ့ရှိသည်။ သို့သော ထိုငွေစက္ကူရဲ့ တန်ဖိုးသည် ထူးခြားစွာ သာမန်တန်ဖိုးအတိုင်း ဖြစ်မနေသည်မှာ သာမန်အတိုင်း ဟုတ်ပါလေစ..။
သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် ကော်ဖီတစ်ခွက်သည်…။ သာမန်မိသားစုတစ်စုရဲ့ သာမန် ထမင်းဝိုင်းပေါင်း ၁၀၀ ဖြစ်နိုင်သည်။ သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် အနှိပ်ခန်းကြေးသည်..။ သာမန် မိသားစု တစ်စု၏ သာမန် ဒဏ်ကျေဆေးဘူးပေါင်း သိန်းနှင့် ချီကာ ညီမျှသည်။ သာမန်မဟုတ်သော ထိုသူဌေးရဲ့ Hammer တစ်စီးသည် သာမန် မိသားစု တစ်စုလုံးရဲ့ ဖင်နောက်မှီးတစ်ပိုင်းပြတ်နေသော ရာဘာဖိနပ် ပေါင်း သန်းနှင့်ချီကာ ညီမျှသည်။ သို့သော် ဘာမှမတတ်နိုင်သော သာမန်လူများဖြစ်ကြသည့် ကျွန်တော်တို့သည် သာမန်အတိုင်းပင် လက်ပိုက် ကြည့်နေသည်မှ လွဲကာ ဘာမှ မတတ်နိုင်ကြခြင်းမှာလည်း သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။
သာမန်ကြွေကျသွားသော ပန်းတစ်ပွင့်၏ ဇာတ်သိမ်းသည်…။ သာမန် ကျွေကြသင့်သည့် ရာသီဥတုတစ်ခု မဟုတ်ခဲ့သည်မှာ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ သာမန်ရိုးကျ သတ်မှတ်နိုင်ရန် အတော်ပင် ခက်ခဲပေလိ့မ်မည်။ ထို ပန်းပွင့်လေးတစ်ပွင့်၏ အညှာတိုင်သည် သာမန် ပန်းပွင့်များကဲ့သို့ ရှိသင့်သော ခံနိုင်ရည် အရည်အချင်းမပြည့်မှီသို့လော…။ သို့မဟုတ်…။ သာမန် ပန်းပွင့်လေးများ တိုက်ခတ်ခံရလေ့ရှိသော သာမန် လေပြေတို့ထက် ပြင်းထန်သည့် သာမန်မဟုတ်သော လေပြေတို့ပိုမိုတိုက်ခတ်ခြင်း ခံရသို့လော…။ သို့မဟုတ်…။ ထိုပန်းပွင့်လေး၏ အလှသည် သာမန် ပန်းပွင့်များ၏ အလှထက် ပိုမိုထူးကဲ၍ သာမန်မဟုတ်ကာ လှပနေသောကြောင့် သာမန်မဟုတ်သော လက်များ၏ ခူးခြွေ ချနင်းခြင်း (သို့မဟုတ်) ပန်ဆင်ခြင်း ကို သာမန်အတိုင်း ခံလိုက်ရခြင်းလော…။ ဒီအရာတို့သည် သာမန်ဖြစ်စဉ်များပင်လော..။ သို့မဟုတ် သာမန် မဟုတ်သော ဖြစ်စဉ်များလော…။ သို့သော် ထိုပန်းပွင့်လေးသည် သာမန် အနိစ္စ တစ်ခုရဲ့ သဘောကို သာမန်အတိုင်းပင် ရိုးရိုးလေး သက်သေပြခဲ့ သည်။ သူသည် သာမန်ဖူးပွင့်ခဲ့သည်…။ ထို့နောက် သာမန် ကြွေလွင့်သွားခဲ့သည်။ သို့သော် သူ့ရဲ့ လှပချိန် (သို့မဟုတ်) လှပခွင့် သက်တမ်းသည် သာမန်အချိန်ကာလထက် တိုတောင်းခဲ့ခြင်းကို ကျွန်တော်တို့ မျက်စိစုံမှိတ်ကာ သာမန် ဖြစ်ရပ်တစ်ခု အဖြစ်ပဲ သတ်မှတ်လိုက်ကြပါစို့…။
Cateogry : Essay | 10 Comments






