Black Dream » Article
၁၀ နှစ်ကြာသော ခရီးတစ်ခု…
မနေ့က ကျွန်တော့် မိသားစုနဲ့ အတူ ခရီးလေး တစ်ခုထွက်ဖြစ်ပါတယ်…။ သာမန်ခရီးလေး တစ်ခုပါပဲ…။ ကျွန်တော့် အဖေရဲ့ အလုပ်ကိစ္စအတွက် နေပြည်တော် ကိုလာခဲ့ ကြခြင်းဖြစ်ပါတယ်…။ သာမန်အားဖြင့် ကြည့်ရင်တော့ ဘာမှ ထူးထူး ခြားခြားမရှိလှပါဘူး…။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် တော့ ဒီခရီးလေးဟာ ကျွန်တော့်အတွက် အလွန်ထူးခြားပါတယ်…။
တစ်ခြားကြောင့်တော့မဟုတ်ပါဘူး..။ ကျွန်တော်တို့ မိသားစု အတူတူ ခရီးမသွားခဲ့ကြတာဆိုရင် အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် ပါတဲ့ ခရီးတွေမှာ ကျွန်တော့် ညီမလေးမပါ..။ ကျွန်တော့် ညီမပါတဲ့ ခရီးတွေမှာ ကျွန်တော် အဝေးရောက်နေတဲ့ အတွက် မပါနိုင်…။ ကျွန်တော့် ညီမနဲ့ အမေ ကျွန်တော့် ဆီကို လာကြတဲ့အခါ ကျွန်တော့် အဖေမအားလို့ မပါနိုင် စသဖြင့် တစ်ယောက်မဟုတ် တစ်ယောက် ဘက်ပဲ့နေခဲ့တာ အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ ပါပြီ…။
မနေ့က ညနေ ၁ နာရီလောက်မှာ ကျွန်တော့်အဖိုးနေတဲ့ မင်္ဂလာဒုံခြံကနေ ထွက်ခွာခဲ့ကြပါတယ်…။ ကျွန်တော်နဲ့အတူ Lady Black, Sister Black, Daddy Black, Mommy Black နဲ့ ကျွန်တော့် အချစ်တော် ကိုကြီးကျော်တို့ စုစုပေါင်း ၆ ယောက်ဖြစ်ပါတယ်…။ ဒီလို ခရီးမျိုး နောင် ဘယ်နှစ်နှစ်ကြာမှ ပြန်သွားဖြစ် မယ်ဆိုတာကို မခန့်မှန်းနိုင်တဲ့ ကျွန်တော့် ဘဝအတွက်တော့ အမှတ်တရ ဖြစ်အောင် ခရီးစဉ်လေးတစ်ရှောက် ဗီဒီယိုမှတ်တမ်းအတိုအစလေးတွေနဲ့ မိသားစု ဓာတ်ပုံလေးတွေကို တတ်နိုင်သလောက် ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်…။
မနေ့က တစ်နေကုန်နဲ့ …။ မပြီးပြတ်သေးတဲ့ အဖေ့ရဲ့ အလုပ်တွေ ပြီးပြတ်သွားတဲ့ ဒီနေ့ ညနေမှာတော့ ကျွန်တော်တို့ မိသားစု နေပြည်တော် ရေပန်း ပန်းခြံကို ရောက်ခဲ့ကြပါတယ်..။ အဖေကတော့ တစ်နေကုန် အလုပ်ကိစ္စတွေ ပင်ပန်းတာကြောင့် ကျွန်တော်တို့နဲ့ အတူမလိုက်ပဲ ဟော်တယ်မှာပဲ ကျန်နေရစ်ခဲ့ပါတယ်။ သူကျန်နေခဲ့တာ ပိုကောင်းပါတယ်…။ သို့မဟုတ်ရင် ခဏနေ ကျွန်တော်ဆက်ရေးမယ့်အပိုင်းမှာ သူပါရင် ပွဲက ပိုရှုပ်သွားနိုင်ပါတယ်..။
အမှန်အတိုင်း ပြောရရင် ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ်ကျော်သွားပါပြီ…။ အခုချိန်အထိ နေပြည်တော်ဆိုတာကို အိပ်မှုန်စုံမွှားနဲ့ အဝေးပြေးကားပေါ်က ကြည့်သွားရုံ၊ မြန်မာပြည် ပြန်ရောက်ရောက်ခြင်း အလုပ်တာဝန်နဲ့ သွားတဲ့အခေါက်မှာ ဝါးတီးဆွဲဖို့နဲ့ ကျန်းမာရေးသွားဖို့ အတွက် ခဏတာ ဝင်ရောက်ရုံလောက်သာ ကျွန်တော် ရောက်ခဲ့ဖူးပါသေးတယ်…။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံး မြန်မာနိုင်ငံရဲ့ မြို့တော်ဆိုတဲ့ နေရာကို ရောက်ဖူး ခြင်းပါပဲ…။
ကျွန်တော် တစ်ချို့အချက်တွေကို သတိထားပြီး ကြည့်မိပါတယ်…။ ဪ …။ ငါတို့နိုင်ငံရဲ့ မြို့တော်ကြီးဆိုပါလား…။ လမ်းကြီးတွေက ကျယ်ပါတယ်…။ ဒါပေမယ့် ကတ္တရာလမ်းတွေမဟုတ်ပဲ ကွန်ကရစ်လမ်းတွေသာဖြစ်ပါတယ်…။ ညလုံးပေါက် လမ်းမီးတွေ တစ်လုံးမှ မကျွမ်းပဲ ထိန်ထိန်ငြီးလို့နေပါတယ်…။ ဪ…။ ဒီနေရာမှာ တိုင်စေ့ မီးတွေထွန်းမယ့်အစား …. တစ်တိုင်ကျော်စီသာ ထွန်း…။ ဒါမှမဟုတ် တစ်တိုင်ကို နှစ်လုံးထွန်းမယ့်အစား တစ်လုံးသာထွန်းပြီး..။ ပိုလျှံလာမယ့် လျှပ်စစ်တွေကို တိုင်းပြည်ရဲ့ တကယ်လိုအပ်နေတဲ့ ကျေးလက်တွေကို ပေးလိုက်ရင် ပိုများကောင်းသွားလေမလား…။ အင်းပေါ့ဗျာ…။ မြို့တော် ကြီးဆိုတော့လည်း မြို့တော် အင်္ဂါရပ်နဲ့ ညီအောင် ဆောင်ရွက်ထားတာလည်း ဖြစ်နိုင်တယ်မလားဗျာ…။
သဘောကျဖို့ကောင်းတာတစ်ခုကတော့ ရန်ကုန်မှာ လျှပ်စစ်သွယ်တန်းသလို ဓာတ်တိုင်တွေပေါ်မှာ ကြိုးတန်းပြီး သွယ်တာမျိုးမဟုတ်တော့ပဲ…။ ကျွန်တော့် ညီမ ပြောသလို လျှပ်စစ်မီးတွေက ကြိုးပျောက်အင်္ကျီ ကိုယ်စီနဲ့ ပေါ့ဗျာ…။ ဒါကတော့ တကယ်ကိုကောင်းတဲ့ အနာဂတ်စီမံချက်နဲ့ ပြောင်းလဲမှုပုံစံသစ်ပါပဲ..။
ကျွန်တော် ချီးကျူးလို့ သိပ်မဆုံးလိုက်ပါဘူး…။ မိုးတွေ သဲကြီးမဲကြီး ရွာချလာပါတယ်…။ လမ်းကြီးတွေက အကျယ်ကြီး…။ နီယွန်မီးသီးတွေက ထိန်ထိန်ညီးလို့ ….။ ဟွန်း…။ ဘာများ ဂရုစိုက်စရာရှိလို့လဲ…။
ဪ….။ သူလည်း ရန်ကုန်ရဲ့ အမွေအနှစ်ကို ဆက်ခံပုံရပါသည်…။ လမ်းကျယ်ကြီးတွေပေါ်မှာ ရေတွင် ခြေသလုံးလောက်အထိအောင် မြုပ်လို့…။ ဒါကတော့ တစ်ကယ်ကို မဖြစ်သင့်တဲ့ အရာတစ်ခုလို့ ကျွန်တော် သုံးသပ်မိပါတယ်…။ ဒီမြို့ကြီးကို တည်ထောင်တဲ့အချိန်ဟာ မြို့ပြလူနေမှုစနစ်၊ အင်ဂျင်နီယာ အတတ်ပညာ…။ နည်းပညာထွန်းကားတဲ့ ၂၁ ရာစုသစ်ကြီးမှာ ဖြစ်ပါတယ်…။ ရှိစေတော့ ရန်ကုန်မြို့ကြီး ရေးကြီးတာ မြို့တည်ဆောက်ခဲ့တဲ့ အင်္ဂလိပ် ကောင်ကြီးတွေ အသုံးမကျလို့..။ အမျှော်အမြင်မရှိလို့…။ (မှတ်ချက်…။ ဒီလောက်အမျော်အမြင်မရှိတဲ့ လူကြီးတွေတည်ဆောက်သွားတာကို လက်ရှိ အာရှရဲ့ ကျားကြီးပါဆိုတဲ့ ဆင်ကျားပေါ နိုင်ငံကို တည်ဆောက်တုန်းက အတုယူရဆိုပဲ…။ ကျွန်တော် ကိုယ်တိုင်တော့ မမြင်ဖူးလိုက်ပါဘူး..။ သူများတွေပြောတာကို ကြားဖူးလို့ ပြန်ရွီးကြည့်တာပါ…။)
ဒီလို ၂၁ ရာစုနဲ့ ကမာ္ယ့တည်ဆောက်မှုအမြန်ဆုံး မြို့တော်အဖြစ် ဂရင်းနစ်စံချိန်တောင် ဝင်ခဲ့တဲ့ မြို့တော်သစ်ကြီးကတော့ ဒီလိုမဖြစ်သင့်ဘူးပေါ့လေ..။ (မဆီမဆိုင် အဆိုတော် နေရဲမာန် အခု ဘာအခွေကို ဘယ်အဆိုတော်တွေနဲ့တွဲပြီး..။ မော်ဒယ်ဘယ်နှစ်ယောက်လောက်နဲ့များ တွဲရိုက်ဖို့ လုပ်နေသလဲလို့ တွေးမိပါသေးတယ်…။ ဘာမှမဆိုင်ဘူးနော်…။ ဟုတ်တယ်မလား..? ဟုတ်ပါတယ်ဗျာ…။ ဘာမှမဆိုင် ပါဘူး…။)
နေပြည်တော်မှာ လမ်းကြီးတွေကျယ်တာရယ်..။ သတ်မှတ်ထားတဲ့ လူနေရပ်ကွက်များနဲ့ စားသောက်ဆိုင်များ…၊ ရှော့ပင်းစင်တာကြီးများ ရှိတဲ့နေရာတွေ ရယ်ကလွဲပြီး ကျန်တဲ့နေရာတွေက ထင်သလောက်မစီကားသေးတာတော့ တွေ့ရပါတယ်…။ ဒါပေမယ့်လည်း ဒါတွေကနောက်ထပ် အများကြီးစောင့်စရာ မလိုပဲ ၅ နှစ်လောက်ဆို သူ့အထိုက်အလျှောက်တော့ စည်ကားလာလိ့မ်မယ်လို့ထင်ပါတယ်…။ ဘယ်နေရာလဲ ဆိုတာ ကျွန်တော် မခေါ်တတ်ပေမယ့် (မခေါ်တတ်ဆို နေပြည်တော်က မြို့နာမည်တွေကို မှတ်ရတာ…။ ပုဂံခေတ်နဲ့ ကုန်းဘောင်ခေတ်တစ်လျှောက်လုံး အာဂုံဆောင်ခဲ့တဲ့ မြို့နာမည်တွေထက် ပိုပြီး လျှာခေါက်လှပါတယ်…။) ကျွန်တော် သဘောကျတဲ့ နေရာလေးတစ်ခုတော့ တွေ့ခဲ့ပါတယ်..။ မေးကြည့်တော့ ဝန်ထမ်းအိမ်ယာတွေလို့ ပြောပါတယ်..။ ဝန်ထမ်း အိမ်ယာတွေကို သဘောကျတာမဟုတ်ပါဘူး..။ အဲ့ဒီ့ပါတ်ဝန်းကျင်လေးကို သဘောကျတာပါ…။ ရေကန် ခပ်ကြီးကြီးလေးတစ်ခုရှိပါတယ်..။ တစ်ဘက်ကမ်းမှာတော့ ဝန်ထမ်းအိမ်ယာတွေ ဖြစ်ပြီး…။ ဒီဘက်အခြမ်း( ကားလမ်းဘက်အခြမ်း) မှာတော့ ကွန်ကရစ် အုတ်ခုံလေးတွေ သေသေချာချာ သပ်သပ်ရပ်ရပ်နဲ့…။ ကျွန်တော်တွေးကြည့်မိတယ်…။ နောင်အနှစ် ၂၀ လောက်မှာ ဒီနေရာလေးဟာ နေပြည်တော် မြို့တော်သစ်ကြီးရဲ့ အင်းယားကန်ဘောင် လေးများ ဖြစ်လာလေမလား…။ အင်း….။ ရာဇဝင်ကြီးခဲ့တဲ့…။ အင်းယားရဲ့ သမိုင်းကိုတော့ ဘယ်မှီနိုင်ပါ့မလဲ…။ သို့ပေမယ့်လဲပေါ့လေ…။
နေပြည်တော်သည်…။ နေတော်တော်ပူပါသည်…။
လမ်းဘေးဝဲယာနဲ့ လမ်းလယ်ကျွန်းတွေမှာတော့ နှစ်ရှည်စီမံကိန်းနဲ့ သစ်ပင်များ စနစ်တကျစိုက်ပျိုးထားပါတယ်..။ မနေ့တစ်နေ့ကမှ စိုက်ထားတာ ဖြစ်တဲ့အတွက မနက်ဖြန်နဲ့ သဘက်ခါမှာတော့ ဘယ်လိုနည်းနဲ့မှ အရိပ်မရနိုင်သေးပါဘူး….။ ဒါပေမယ့် နောက်ထပ် မျိုးဆက် တစ်ခု…။ နောက်….။ နှစ်ခုနဲ့ နောက် ….။ ကြာလာတဲ့အခါမှာတော့ ဒီနေရာများသည်လည်း နေပြည်တော်ကြီး၏ ခရေပင်လမ်းခွဲလေးများ ဖြစ်လာနိုင်မလားဟု ကျွန်တော် စိတ်ကူး ယဉ်ကြည့်မိပါတယ်..။
ကျွန်တော် တစ်ခုတော့ စဉ်းစားမိတယ်…။ ကျွန်တော်ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ကြားဖူးနားဝရှိသမျှ မြို့တော်တို့ဟူသည် ပင်လယ်ထွက်ပေါက်ရှိသော နေရာသာဖြစ်သင့်ပေသည်…။ လာအို မြို့တော် ဗီယန်ကျင်းသည် ပင်လယ်ထွက်ပေါက်မရှိပေ..။ အဘယ့် ကြောင့်ဆိုသော် သူ့နိုင်ငံတစ်ခုလုံးသည် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်နေသောကြောင့်ဖြစ်သည်…။ ကုန်စည် စီးဆင်းမှု …။ နိုင်ငံတကာရောင်းဝယ်ဖောက်ကားမှု …။ အစရှိသည့် တိုင်းပြည်၏ အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ပင်လယ်ဆိပ်ကမ်းသည်….။ လေယာဉ်များထက်ပင် ပို၍ အရေးပါပေသည်..။ အဘယ့် ကြောင့်ဆိုသော တိုင်းပြည်၏ အဓိကထွက်ကုန်များဖြစ်သော သစ်များ၊ ဆန်များ၊ ရေနံများအား လေယာဉ်ပျံဖြင့် စင်းလုံးတိုက်သယ်သွားသည်ဟု ကျွန်တော် မကြားဖူးသောကြောင့် ဖြစ်သည်…။ ကျွန်တော် အ ၍ လည်း ဖြစ်နိုင်ပါသည်…။ သဘောပေါ်သို့ ကုန်ပစ္စည်းတင်ပို့ ဖို့အတွက် နေပြည်တော်သို့ လာကာ စာရွက်စာတမ်းကိစ္စ လုပ်လိုက်…။ ရန်ကုန်သို့ ပြန်ပြေးကာ သငေ်္ဘာကြီးမထွက်ပါနဲ့ ဦးဗျို့ဟု အော်လိုက် လုပ်ရသော အလုပ်သည် ကုန်စည်စီးဆင်းမှုအဟုန်ကို မည်သို့ မြန်စေမည် ဖြစ်ကြောင်း ကျွန်တော့ ဖြုတ်ဦီးနှောက်သည် မစဉ်းစားနိုင်ပေ…။
ကျွန်တော်သည် အမေရိကားသို့ မရောက်ဖူးပေ…။ ရောက်ဖူးဖို့နေနေသာသာ…။ အခု မြန်မာလိုရေးရာမှာပင် အမေရိကားလို့ ရေးရမလား…။ အမေရိကန် လို့ရေးရမလား…။ မဝေခွဲနိုင်ပေ…။ သို့သော် ကျွန်တော် ထပ်စဉ်းစားမိတာ တစ်ခုရှိသည်…။ ကျွန်တော်သည် ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးကာ…။ မြန်မာနိုင်ငံ ၏ မြို့တော်သည် ရန်ကုန်မြို့ ဖြစ်ပါသည်ဟု နှုတ်တိုက် ရွတ်ဆိုခဲ့ဖူးသော ချာတိတ်တစ်ယောက်ဖြစ်ခဲ့ပါသည်..။ ထို့ကြောင့် အခု အရှင်မွေး နေ့ခြင်းကြီးလာသော မြို့တော်သစ်ကြီးနှင့် ကျွန်တော်ချစ်သော ရန်ကုန်မြို့တော်ကြီးကို ချိန်ထိုးသုံးသပ်ကြည့်သည်…။ အရာတော်တော်များများကို ချိန်ထိုး သုံးသပ်၍ မရကြောင်းတွေ့ရသည်…။ တစ်ယောက်ယောက်ကတော့ ပက်ပက်စက်စက် သာသည်ကိုသာ ကျွန်တော်သိသည်…။ ကျွန်တော် သေသေချာချာ သုံးသပ်မိတာ တစ်ခုတော့ ရှိသည်…။ ရန်ကုန်မြို့တော်ကြီးသည် အမေရိကားရှိ နယူးယော့် မြို့ကဲ့သို့ ဖြစ်နိုင်ပြီး…။ အခုမြို့တော်သစ်ကြီးသည် ဝါရှင်တန် ဒီစီ ဖြစ်နိုင်ပေသည်…။ အကြောင်းအရင်းကိုတော့ ကျွန်တော် မပြောလိုတော့ပေ…။
ကျွန်တော် တွေးမိ….။ ငေးမိသလောက် နေပြည်တော်မြို့သစ်ကြီး၏ အကြောင်းသည် ဒီလောက်သာဖြစ်သည်…။ ကျွန်တော်တို့ ရေပန်း ပန်းခြံထဲသို့ ပြန်သွား ကြပါမည်…။
သီတင်းကျွတ် လပြည့်နေ့ညဖြစ်သော ကြောင့်အလွန်စည်ကားပါသည်…။ အရက် ဘီယာများလည်း အခါကြီးရက်ကြီး ပီပီ တော်တော်ရောင်းကောင်းပုံ ရပါသည်…။ မြို့တော်ကြီးက အဆင့်မြင့်ပါသည်…။ အစီအရင်က ခမ်းနားပါသည်…။ ထို့ကြောင့်ပို၍ ခမ်းနားသွားအောင် မခမ်းနားသေးသော လူငယ်တစ်ဖွဲ့ ခမ်းခမ်းနားနားဖြစ်အောင် နေတတ်ဖို့ လက်ပြန် နှစ်ချက်ဆင့်အုပ်ကာ ဆုံးမခဲ့ခြင်းဖြင့် ကျွန်တော်သည် နိုင်ငံကြီးသား တစ်ယောက်ပီသစွာ တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ရေးရှု၍ ပြည်သူ့တာဝန် ကျေလိုက်ခြင်းဖြင့် နေပြည်တော် ခရီးစဉ်ကို အဆုံးသတ်လိုက်ပါသည်…။
မနက်ဖြန် ရန်ကုန်ပြန်မည် ဖြစ်ပြီး…။ သဘက်ခါတွင် ကျွန်တော့်ရဲ့ ဝင်ခွင့်စာမေးပွဲကို သွားရောက်ဖြေဆိုမည်ဖြစ်ပါသည်..။
လောလောဆယ်တွင်မူ ကျွန်တော့်၏ Lady Black ကျွန်တော့်အား အကြီးအကျယ် စိတ်ဆိုးကာ ဖြင့် ခွေခေါက်ထိုးအိပ်နေပါသည်…။ ထိုကဲ့သို့ မိန်းမ စိတ်ကောက်နေသောကြောင့်သာ ကျွန်တော့်၏ လေကြောကို ဒီမျှလောက်နှင့် ဖြတ်လိုက်ခြင်းဖြစ်သဖြင့် မျက်စိကိုက်စ ပြုကုန်ပြီဖြစ်သော စာဖတ်ပရိတ်သတ် အပေါင်းတို့ Lady Black အား ကျေးဇူးတင်ကြလေကုန်သောဝ်….။
P.S- အောက်မှာ ခရီးလမ်းတစ်လျှောက် ကျွန်တော်ရိုက်လာခဲ့တဲ့ အချို့ပုံလေးတွေနဲ့ ရေပန်း ပန်းခြံထဲက Video File လေးနှစ်ခုကို ရွှေပြည်ကြီးနဲ့ ဝေးနေသူများ ခံစားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်….။  ပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ် လပြည့်နေ့လေး တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ…။ (ကျွန်တော်ကတော့ Lady Black ကို ချော့ရပေဦီးမည်…။)
2011 Thadin Gyut, Nay Pyi Taw Part -1
2011 Thadin Gyut, Nay Pyi Taw Part -2
Starting With Myanmar Unicode
Myanmar 3 Unicode
Unicode ကိုစပြီးသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်…။ အမျိုးအစားတွေကများတော့ ဘယ်ဟာကို သုံးရမလဲတော့ မစဥ်းစားမိသေးပါဘူး။ စသုံးမယ်ဆိုပြီး စာရိုက် ကြည့်လိုက်တဲ့အချိန်မှာတင် ကွဲပြားမှု တော်တော်များများကို သတိထားမိလိုက်ပါတယ်။ ဇောဂျီနဲ့ မတူပဲ စာရိုက်ရတာ ပိုပြီးစနစ်ကျလာပါတယ်။ အခုမှ စရိုက်ကြည့်ရတဲ့အတွက် လက်က သိပ်တော့ အရှိန်မရသေးတာ အမှန်ပါပဲ..။ နောက်ပိုင်းတော့ အစဥ်ပြေသွားမယ်ထင်ပါတယ်…။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှန် တစ်ကယ် စပြီးသုံးသင့်တဲ့ အချိန်ကို ရောက်လာပြီလို့ ယူဆတဲ့အတွက် စသုံးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်..။ အခု ဒီပထမဆုံး အပိုဒ်ကို Myanmar 3 နဲ့ ရေး ထားပါတယ်…။ နောက်တစ်ပိုဒ်ကို နောက်တစ်မျိုးနဲ့ ရေးြပါမယ်…။ ဒါမှ ဘယ်အမျိုးအစားက ပိုလှလဲ…။ ရိုက်ရတာ ပိုအဆင်ပြေလဲ ဆိုတာ ကျွန်တော် တစ်ယောက်ထဲသာမက စာဖတ်သူတွေလည်း ယှဥ်ထိုးသုံးသပ်ကြည့်နိုင်မှာ ဖြစ်ပါတယ်..။
Ayar Unicode
MyWin
ဒီတစ်ခါကတော့ Mywin ပါ…။ တော်တော်လေးအဆင်ပြေတာကို တွေ့ရပါတယ်။ အခုရိုက်ပြီးသလောက် Myanmar 3 ထက်တောင် ပိုအဆင်ပြေနေပါတယ်။ ဇော်ဂျီနဲ့ တော်တော်လေးနီးစပ်မှုရှိနေပါတယ်။  စာလုံး Font တွေကတော့ သိပ်မကွာဘူးလို့ ထင်ပါတယ်။ ကျွန်တော့်စိတ်ထင်တာလည်း ဖြစ်နိုင်ပါတယ်..။ ဒီနေ့တော့ ဒီသုံးခုပဲ စမ်းကြည့်လိုက်ပါဦးမယ်။ အခုအောက်ဆုံးအပိုဒ်မှာ Myanmar 3 နဲ့ ပြန်ရေးကြည့်ပါမယ်။
နိဂုံး
အခု ကျွန်တော် စမ်းကြည့်ရသလောက်…။ Myanmar 3 က ရိုက်ရတာ အဆင်ပြေတယ်..။ လက်ကွက်က ဇော်ဂျီနဲ့ တော့ ကွဲလွဲမှူ တော်တော်များများလေး ရှိတယ်..။ ကျွန်တော်ရိုက်ချင်တဲ့ စာအားလုံးကို စနစ်တကျပေါ်စေတယ်…။ ဖွဲ့စည်းထားတဲ့ စနစ် တော်တော်ပြည့်စုံတယ်လို့ ယျေဘူယျ သုံးသပ်မိပါတယ်..။ MyWin ကတော့ ရိုက်ရတာ တော်တော်လေးကို ဇော်ဂျီနဲ့ တူပါတယ်…။ အဆင်မပြေတာကတော့ ကျွန်တော်ပေါ်ချင်တဲ့ စာလုံးအချို့ စနစ်တကျ မပေါ်ပဲ ၀လုံး လေးတွေနဲ့ပဲ ပြတယ်…။ အဲ့ဒါလေးတွေ အဆင်ပြေမယ်ဆိုရင်တော့ ကျွန်တော့်လိုပဲ စမ်းတဝါးဝါးနဲ့ ဇောဂျီကနေ Unicode ကို ကူးလာတဲ့ သူတွေအတွက် တော်တော် အဆင်ပြေနိုင်ပါတယ်…။ လက်ရှိစမ်းကြည့်သလောက် Myanmar 3 ကတော့ ဇော်ဂျီမှာရိုက်ရတာထက် နဲနဲလေးကွဲလွဲနေတာကလွဲလို့ စာလုံး အားလုံး ကောင်းကောင်းပေါ်တဲ့အတွက် အကောင်းဆုံးလို့ လောလောဆယ် ကျွန်တော် သတ်မှတ်ချင်ပါတယ်…။
တစ်ခြား Unicode အမျိုးအစားတွေ ကျန်ပါသေးတယ်..။ နောက်မှ အေးအေးဆေးဆေး ထပ်ပြီးစမ်းကြည့်ပါဦးမယ်။ ဒီနေ စမ်းသပ်မှုအတွက်တော့ Myanmar 3 ကို ရွေးချယ်လိုက်ပါတယ်။ Ayar ကတော့ အဆင်မပြမှုတွေ များလွန်းတယ်လို့ ယူဆပါတယ်။
တစ်ဆက်တည်း ကျွန်တော် ဟိုတစ်နေက ပြောခဲ့သလို Search Engine မှာ SEO ကောင်းဖို့က အစ…။ ကိုယ့် Site, Blog Visitor Traffic တက်ဖို့အလယ်…။ ပြောင်းလဲ တိုးတက်နေတဲ့ Computer IT ခေတ်ကြီးထဲမှာ ကျွန်တော်တို့ မြန်မာဘာသာစကား သူများတွေနောက် အပြတ်အသတ်ကျန်ခဲ့ပြီး လူတော မတိုး သူတော မတိုး မဖြစ်စေဖို့အတွက် …။ စာရေးဖို့ Chatting တက်ဖို့ အဆင့်ကနေတက်ပြီး Computer ကို   Voice Command တွေပေးနိုင်အောင်..။ နိုင်ငံတကာ ဘာသာစကားတွေကို ကိယ့်မိခင် ဘာသာစကားသို့ အလွယ်တကူ Translate လုပ်နိုင်အောင် စသဖြင့် လုပ်နိုင်အောင်…
Unicode များကို အမျိုးသားရေးတာ၀န်တစ်ရပ်အနေဖြင့် အသုံးပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်…။
P.S- Unicode ဖြင့်ရေးသားထားပါသည်။
ကျွန်တော်နှင့် အစာအိမ်
Post မရေးမိတာ ၂ လ ကျော်သွားပါပြီ…။ ဓာတ်ပုံတွေ မရိုက်ဖြစ်တာလဲ အဲ့ဒီ့ ပါတ်ဝန်းကျင်ပဲ ဖြစ်ပါလိမ့်မယ်…။ စာလည်းမရေး..။ ဓာတ်ပုံလည်း မရိုက်..။ ဘာတွေများ လုပ်နေမိပါလိမ့်လို့ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို ပြန်မေးမိတော့…။ အဖြေကလည်း သိပ်ပြီး တိတိကျကျ မရှိ…။
အိမ်ထောင်ကျသွားလို့ အိမ်မှုကိစ္စတွေ များနေသလားဆိုတော့လည်း…။ သူ့ခေတ် သူ့အခါ ထိုက်သင့်သလောက် ပြည့်စုံနေတဲ့ အတွက် ပူစရာပင်စရာက အတိုင်းအတာ တစ်ခုအထိသာ…။ အလုပ်ခွင်အတွင်းမှာလည်း အရာအားလုံး နေသားတစ်ကျနဲ့ ချောချောချူချူပါပဲ…။
အဲ…။ ဆိုးတာလေး အနဲနဲ့ အများတော့ ရှိလေရဲ့…။
ကျွန်တော့် Viao လေး ကော်ဖီအသောက်လွန်သွား (တစ်ကျိုက်ထဲနဲ့ ကော်ဖီတစ်ခွက်လုံးကုန်အောင် သောက်လိုက်) တဲ့အတွက် ဘယ်လိုမှ ဖွင့်မရတော့ပဲ ရာသက် ပန် အိပ်စက်သွားပါတယ်။ Hard Disk ကတော့ ကောင်းတုန်းလို့ရ ယူဆရပါတယ်..။ စက်ပျက်သွားတာထက် Hard Disk ဂန့်မသွားဖို့က ကျွန်တော့်အတွက် အဓိက ပိုကြ ပါတယ်..။ နှစ်ပေါင်းများစွာ ကျွန်တော့်ဘ၀ရဲ့ မှတ်တမ်းဓာတ်ပုံတွေ..။ ကျွန်တော်လက်ကမြင်းထားတဲ့ ဓာတ်ပုံတွေ..။ ကျွန်တော်ဆွဲထားတဲ့ Themes တွေ အားလုံး ပါသွားပါတယ်..။
ရန်ကုန်ကို ပိုပြီး ပြင်ဖို့ပြောပေမယ့်..။ သူတို့ပြင်တာကို စိတ်မချတဲ့အတွက်..။ ကိုယ်တိုင်ဘေးနားမှာ နေချင်တဲ့အတွက်..။ လောလောဆယ်တော့ မပြင်သေးပါဘူး..။ (တစ်ချက်တစ်ချက်တော့ B00t တက်လာပြီး Login လုပ်တဲ့နေရာ ရောက်တဲ့အခါမှသာ ဟန်းသွားတဲ့အတွက် Hard Disk ကောင်းသေးကြောင်း ကျွန်တော် ယုံကြည်နေခြင်းဖြစ်ပါတယ်။)
ဒီ့ထက် နဲနဲလေး ပိုဆိုးတဲ့ အဖြစ်လေးကတော့ အောက်ပါအတိုင်းပါပဲ….။
ပြီးခဲ့တဲ့ ၁ လ လောက်က အစာအိမ် အကြီးအကျယ်ဒုက္ခပေးပါတယ်..။ ရောဂါ အနေနဲ့ ဖြစ်နေတာ ကြာပြီလို့ ယူဆလို့ရပေမယ့်..။ ဒီလောက်အထိကြီးတော့ ပြင်းပြင်းထန် ထန် ဒုက္ခမပေးခဲ့တဲ့အတွက် ဒီအတိုင်းပဲ မသိလိုက် မသိဖာသာ နေခဲ့မိပါတယ်…။ ဒါပေမယ့် ပြီးခဲ့တဲ့လကတော့ တော်တော် အခြေအနေဆိုးလာလို့ ဆရာဝန်နဲ့ သေသေချာချာပြ …။ ဆေးတွေ ဘာတွေစစ်လိုက်တော့ …။ အဖြေက တော်တော်ရှင်းသွားပါတယ်…။
ဒီအဖြေရဖို့ တော်တော်လည်း ခံစားလိုက်ရတယ်..။ အစာအိမ်ထဲကို မှန်ပြောင်းနဲ့ကြည့်တယ်..။ ဘယ်ဘ၀က သများပါးစပ်ထဲ မဆန့်မပြဲ မတော်တရာတွေ ထိုးထဲ့ခဲ့ဖူးလဲ တော့ မသိဘူး..။ အခု ကိုယ့်အလှည့်ကို ဒီမှန်ပြောင်းပြွန်ကြီးထိုးထဲ့တဲ့ အချိန်မှာတော့ လူက ခွေခေါက်နေအောင် ခံစားရတယ်..။ အစာအိမ် မှန်ပြောင်းကြည့်တာ နဲ့ ပါတ်သတ်ပြီး ဗဟုသုတ အဖြစ် နဲနဲတော့ ပြောပြချင်ပါတယ်..။ ကျွန်တော် နေ့လည် ၁ နာရီမှာ မှန်ပြောင်းကြည့်ပါတယ်..။ ဒီလိုကြည့်ဖို့အတွက် မနက် ၇ နာရီ နောက်ပိုင်း ကတည်းက စပြီး ဘာမှ မစားရပါဘူး..။ အစာစားထားရင် အူနဲ့ အစာအိမ်ထဲမှာ အစာတွေ ပြည့်နေတဲ့အတွက် ဘယ်လိုမှ ကြည့်လို့မရပါဘူး..။ ဒါကြောင့် အချိန်ကို တော်တော်ခွာပြီး အစာစားထားရပါတယ်…။
အစာအိမ်ထဲကို ကြည့်တဲ့ မှန်ပြောင်းက တော်တော်ကို ရှည်ပါတယ်..။ အစာအိမ်ထဲ မှန်ပြောင်းမထည့်ခင် ကျွန်တော့်ကို ပါးစပ်ဟခိုင်းပြီး ထုံဆေးနဲနဲဖြန်းပါတယ်..။ ၁ စက္ကန့် ၂ စက္ကန့်….။ ၅ စက္ကန့်လောက် ကြာတဲ့အခါမှာတော့ ခံတွင်းက တော်တော်ထုံလာပါတယ်..။ တံတွေးမျိုချခြင်လို့ ကျိုးစားတာတောင် တော်တော်ကြိုးစားရ ပါတယ်။ ပါးစပ်နဲ့ ခံတွင်းတစ်ခုလုံးက ထုံပြီး ဘာအထိအတွေ့ကိုမှ မသိတော့ပါဘူး..။ ကိုယ့်ဘာသာ တံတွေးမျိုချမိလား မမျိုချမိဘူးလားဆိုတာတောင် စဉ်းစားလို့ မရတော့ပါဘူး..။
ထုံဆေးဖြန်းပြီးတဲ့ နောက်တော့ မှန်ပြောင်းစထည့်ပါတယ်..။ ဘယ်လိုပဲ ထုံဆေးဖြန်းဖြန်း..။ အသားနုဖြစ်တဲ့ အာခေါင်ကို မှန်ပြောင်းက လာထောက်တဲ့အချိန်မှာတော့ တိုက်ပွဲကစပါတယ်..။ မှန်ပြောင်းကို ပလပ်စတစ်ကွင်း (အမာ) အ၀ိုင်းလေး တစ်ခုခံပြီးထည့် ခြင်းဖြစ်ပါတယ်..။ ဒါမှ လူနာက မခံနိုင်လို့ ယောင်ယမ်းပြီး ကိုက် (ပါးစပ်ကို အတင်းဆွဲပိတ်) တဲ့အခါ မှန်ပြောင်းပိုက်ကို မကိုက်မိအောင် ဖြစ်ပါတယ်…။ ထုံဆေးဖြန်းတာက ဖြန်းတာပါပဲ..။ အာခေါင် အသားနုကို မှန်ပြောင်းနဲ့ စထိုးတဲ့ အချိန်မှာ တော့ လူက ဘယ်လိုမှ မနေနိုင်ပဲ ပျို့ပါတော့တယ်..။ ဘယ်လောက်ပဲ ပျို့ပျို့ သူတို့ကတော့ သတို့အလုပ် ဆက်လုပ်တာပါပဲ…။
အောက်မှာ မျက်ရည်တွေ ဘာတွေတောင် ၀ဲတက်လာတယ်…။ အူထဲစရောက်သွားတဲ့ အချိန်မှာ နဲနဲ နေသာ ထိုင်သာ ရှိသွားပါတယ်..။ အာခေါင်ထဲမှာတုန်းကလောက် အခြေအနေမဆိုးတော့ပါဘူး..။ ဒါနဲ့ ကိုယ့်ကိုယ်ကို အိုကေပြီ..။ ဒီလောက်ပါပဲ လို့ စိတ်ဖြေလိုက်မယ် ကြံတုန်း..။ လူက အဆမတန် ပျို့တက်လာပါတယ်…။ အာရုံတွေ တော်တော်ေ၀၀ါးသွားတယ်..။ သူတို့ ပြောနေတဲ့စကားသံတွေက မကြားတစ်ချက် ကြားတစ်ချက်ဖြစ်သွားတယ်…။
“ဟာ..။ အစာအိမ်ထွက်ပေါက်ပိတ်နေတယ်..။ လေထိုးထည့်လိုက်…”
သေပြီ ဆရာပါပဲ..။ အစာအိမ်ထဲကို ပိုက်ထဲက တစ်ဆင့် လေတွေ ၀င်လာတဲ့အခါမှာ လူက ဘယ်လိုမှ ထိမ်းမရတော့ပဲ ပျို့အန်တက်လာပါတယ်…။ တဝေါ ဝေါ တ အွတ် အွတ်နဲ့ ဖြစ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို တစ်ခု သတိထားမိပါတယ်…။
“ငါ အော်နေပုံက ၀က်သတ်သမားတွေ ၀က်သတ်လို့ ၀က်တွေ အော်တဲ့ အသံနဲ့ တော်တော်တူနေပါပြီလား…”
ပျို့ရုံတင်မကတော့ပါဘူး…။ ဘာမှမရှိတဲ့ အစာအိမ်ထဲက အန်ထွက်စရာ မရှိတဲ့အတွက်…။ ရှိတဲ့ အချွဲတွေ တံတွေးတွေ…။ လေနဲ့အတူ အကုန် ပြန်အန်ထွက်ပါတယ်..။ ကိုယ့်ကိုယ်ကိုလည်း တော်တော် လန့်သွားပါတယ်…။ တစ်ချိန်ထဲမှာပဲ ခန္ဓာအတွင်းပိုင်းမှာရှိတဲ့ မသန့်စင်မှုတွေနဲ့ အပုတ်အသိုးတွေကို စဉ်ခြင်မိပါတယ်..။ (ပိုက်ထိုးနေတုန်း မဆင်ခြင်နိုင်ပါ။ ပိုက်ထိုးပြီး တော်တော် ထူထူထောင်ထောင်ဖြစ်မှ ဆင်ခြင်နိုင်ခြင်းဖြစ်ပါတယ်။) ဒီချွဲတွေ ဘယ်ကထွက်လာပါလိ့မ်…။ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာရော ဒီလို အရိအရွဲတွေ ဘယ်လောက်တောင် များပြား ညစ်ပတ်နေကြပါလိမ့်…။
ကိုယ့်အတွေးနဲ့ ကို နဲနဲ သက်သာသွားချိန်..။ ဆရာဝန်က တစ်ခါ ထအော်ပြန်ပါတယ်…။
“ဟာ ကြည့်စမ်း…။ အနာတွေ အနာတွေ….။ အပေါ်ဘက် အပေါ်ဘက်..။ ဟာ..။ အဲ့ဒီ့မှာလည်း အနာလေးတွေပါလား”
သွားပြီ..။ တစ်လျှောက်လုံးဘာမှ မဖြစ်ပါဘူးလို့ မိသားစုကို လိမ်ထားသမျှ ဒီတစ်ခါတော့ ဘယ်လိုမှ လိမ်လို့မရတော့ပေ..။ ဘေးမှာ Lady Black ကလည်း လက်တစ်ဘက် က ကျွန်တော့်ကို ကိုင်ထားရင်း တစ်ဘက်က ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး အစာအိမ်အတွင်းပိုင်းကို ရိုက်ပြနေတဲ့ TV ကို မှတ်တမ်းတင်နေပါတယ်…။ (နောက်ပိုင်း ပြန်ကြည့်တဲ့အခါ တစ်ကယ်ကို အနာတွေ အများအပြားရှိနေတာကို တွေ့ရပါတယ်..။)
“သွေးကြောပေါက်တော့မယ့် လက္ခာတွေလဲ မြင်နေရတယ်…။ ဟိုမှာတွေ့လား ညိုနေတာ..။ အဲ့ဒါ မကြာခင်ပေါက်တော့မှာ…။ ဒီအတိုင်းဆိုရင်တော့ အသားစ ယူပြီး စစ်မှ ဖြစ်မယ်..။”
ဆရာဝန်ရဲ့ စကားသံကြားတော့ လူက နဲနဲတုန်လှုပ်သွားတယ်..။
ကျွန်တော့်အဖေရဲ့ အမေဟာ အစာအိမ် ကင်ဆာနဲ့ ဆုံးပါးသွားတာပါ။ ကင်ဆာဆိုတဲ့အမျိုးကလည်း မျိုးရိုးလိုက်တဲ့ သဘောရှိကြောင်း ယျေဘူယျအားဖြင့် ဆရာဝန်များ ကိုယ်တိုင် အကြမ်းဖျဉ်းလက်ခံထားကြပြီးဖြစ်ပါတယ်..။ ဒီလိုအခြေအနေကြောင့် ကျွန်တော့် မိသားစုက စိုးရိမ်ပြီး ကျွန်တော့်ကို အခုလို သေသေချာချာမှန်ပြောင်းကြည့် ဖို့ ဖိအားပေးခြင်းဖြစ်ပါတယ်..။ သူတို့ထင်ထားသလို ကင်ဆာ ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော်တို့ မသိ..။ သေချာတာတစ်ခုကတော့ အစာအိမ် နံရံမှာ အနာလေးပေါင်း တော်တော်များများ ရှိနေတာကိုတော့ မျက်ဝါးထင်ထင်မြင်နေရပြီ ဖြစ်ပါတယ်..။
ဆရာဝန်ရဲ့ စကားဆုံးတော့ စောစောက အစာအိမ် မှန်ပြောင်းပိုင်ထဲကို ဘာမှန်းမသိတဲ့ အချောင်း (သွပ်နန်းကြိုးလို ဟာလေးပါ) ထပ်ထည့်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော့ အစာအိမ်ထဲမှာ ပူကနဲ တစ်ချက်ဖြစ်သွားတယ်…။ နောက်မှ သိရတာက အဲ့ဒီ့ သွပ်နန်းချောင်းလေးဟာ ထိပ်မှာ ညှပ်လေးပါပြီး..။ ကျွန်တော့်အစာအိမ်ရဲ့ အသားစကို လှီးထုတ်ဆွဲယူသွားခြင်း ဖြစ်ပါတယ်…။ ဗီဒီယိုပြန်ကြည့်တော့ အဲ့ဒီ့ညှပ်လေးနဲ့ ဆွဲပြီးတဲ့နောက်မှာ အစာအိမ်နံရံထဲ သွေးတွေ စိမ့်ထွက်လာပါတယ်…။
သူတို့ဒါနဲ့အားမရပဲ ထပ်ကြည့်ကြပါတယ်..။ (အမှန်ကတော့ စေတနာနဲ့ပါ) မှန်ပြောင်းကို လှန်ပြီး အစာအိမ်အပေါ်ပိုင်းကို ကြည့်ပါတယ်..။ အစာအိမ်ကို မျက်လုံးထဲ မြင်ကြည့် ကြည့်ပါ..။ တကယ်လို့သာ ပုံမှန်အတိုင်း မှန်ပြောင်းထည့်ကြည့်ပါက အစာအိမ်ရဲ့ အပေါ်မျက်နှာပြင်ကို မြင်ရမှာ မဟုတ်ပါဘူး..။ (အချို့ အဲ့လို ပြီးပြီးရော ကြည့်တဲ့အတွက် အစာအိမ်ရဲ့ အပေါ်မျက်နှာပြင်မှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မတွေ့ရှိရမှကြောင့် အချိန်မှီ ကုသကာကွယ်မှုတွေ မပြုလုပ်နိုင်ပဲ အသက်ဆုံးရှုံးကြရပါတယ်..။)
အစာအိမ်မှန်ပြောင်းကို အပြင်ထိန်းချုပ်ခလုပ်ကနေ ကောက်ပြီး ဆွဲလှန်လိုက်ချိန်မှာတော့ ကျွန်တော် တစ်ကိုယ်လုံး ခွေခေါက်သွားပါတယ်..။ သတိထားနေတဲ့ ကြားက အလိုလို လက်က ပိုက် (အစာအိမ်မှန်ပြောင်း) ကို လှမ်းဆွဲမိရက်သားဖြစ်သွားပါတယ်…။ ကျွန်တော် မခံနိုင်တော့ပါ..။ ဒါကြီးကို ကျွန်တော့်ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ် ချင်နေပါပြီ..။ ဆရာဝန်တွေလဲ ခဏမှင်သက်သွားပြီးတော့မှ ကျွန်တော့် လက်ကို အတင်းဝိုင်းချုပ်ကြပါတယ်…။ ကျွန်တော် တော်တော်လေးကို သတိကြီးကြီးထားပြီး ပိုက်ကို မကိုင်မိအောင် ကြိုးစားပေမယ့် ကျွန်တော့်လက်တွေက ပိုက်ကို ဆရာဝန်တွေ လက်ထဲကနေ အတင်းရုန်းထွက်ပြီး အလိုလို လုဖို့ ကြိုးစားနေပါတော့တယ်..။
ဒီလိုနဲ့ ၁၅ မိလောက် အချိန်ဟာ ကျွန်တော့်အတွက် ၁၅ ကမ္ဘာနီးပါးလောက် ခံစားလိုက်ရပါတယ်..။
“ပြီးပြီ ပြီးပြီ..။ ရပြီ”
ဆိုပြီး ပိုက်ကို ကျွန်တော့် ခန္ဓာကိုယ်ထဲက ဆွဲထုတ်လိုက်ချိန်မှာတော့ ဘယ်လို ၀မ်းသာလို့ ၀မ်းသာမှန်းတောင် မသိတော့ပါဘူး..။
ကျွန်တော် ခဏလောက် နားပြီးတဲ့အချိန်မှာ ဆရာဝန်က ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရာတွေကို ရှင်းပြပါတယ်..။
အဓိက အချက်တွေကတော့..။
(၁) အရက်သောက်ခြင်း။
(၂)ဆေးလိပ်သောက်ခြင်း။
(၃)အပူ၊ အစပ်များအလွန်အမင်း စားသုံးခြင်း။
(၄)အစာမှန်မှန် မစားခြင်း။ တို့ဖြစ်ပါတယ်..။
အထက်ပါ အချက်လေးချက်စလုံးက ကျွန်တော်နဲ့ ကွက်တိဖြစ်နေပါတယ်…။ အရက်ကိုတော့ ကျွန်တော်ရေးခဲ့ဖူးတဲ့ တရားပွဲမှ အပြန် ဆိုတဲ့ ပို့စ်ထဲမှာပါတဲ့ တရားပွဲက ပြန်လာကတည်းက လုံးဝမသောက်တော့ဖို့ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် ကျွန်တော်မစိုးရိမ်ပါ..။ အခုထိလည်း ကျွန်တော် အရက်မသောက်တော့ ပါဘူး..။ ဒါပေမယ့် ဆေးလိပ်ကတော့ ကျွန်တော် ဖြတ်ဖို့ တော်တော် ကြိုးစားရဦးမှာပါ။ အပူအစပ်ကိုလည်း ကျွန်တော် ရှောင်နိုင်ပါတယ်…။ အစားကို အချိန်မှန်စားဖို့က လည်း အရင်လို တစ်ယောက်ထဲ မဟုတ်တော့တဲ့အတွက် ပူစရာမလိုပါဘူး..။ အချိန်မှာ စားဖို့ တိုက်တွန်းနေတဲ့ Lady Black ရှိပါတယ်…။
ကျွန်တော် ပြောချင်တာက မဖြစ်ခင် ဆင်ခြင်ကြဖို့ပါ..။ ဖြစ်ပြီးမှဆို ဘာမှလုပ်လို့မရပါဘူး..။ ကျွန်တော်တို့ငယ်ငယ်က ဆရာတစ်ယောက်ပြောခဲ့တဲ့ စကားရှိပါတယ်..။
“ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဖူး…။ အေး ဖြစ်လာရင်လည်း ဘာမှလုပ်လို့မရတော့ဘူးကွ…”
အမှတ်တမဲ့အားဖြင့် ဟာသစွက်ပြီး ပြောထားတာဖြစ်ပေမယ့် တကယ်ကို အဓိပ္ပါယ် တာသွားလှတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်နဲ့ ရင်းနှီးတဲ့ ညီတွေ၊ အစ်ကိုတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအားလုံးကိုလည်း အထူး သတိထားဖို့ တိုက်တွန်းလိုပါတယ်..။ ကျွန်တော့် အစ်ကိုတွေလိုဖြစ်နေတဲ့ ကိုလင်းထက်တို့၊ ကိုမိုးမောင်တို့ အဓိက သတိထားကြပါ..။ အပေါ်က အချက်လေးချက်စလုံးနဲ့ ဆရာသမားတို့ ညိနေပါတယ်။ မိန်းကလေးတွေ အတွက်ကတော့ အပေါ်က အချက်လေးချက်မှာ အပူ၊အစပ်လောက်ပဲ ပြဿနာရှိနိုင်ပါတယ်…။
ဒါကြောင့် ကျွန်တော့်လို ၀က်အော်မအော်ခြင်ရင်၊ ကုတင်ပေါ်မှာ ခွေးလို ၀က်လို အချုပ်မခံရခြင်ရင်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိအရွဲတွေ တဝေါ့ဝေါ့ အန်မထွက်ခြင်ရင်၊ သို့လော သို့လော အနာတွေကို မြင်ပြီး စိတ်ထဲမှာ သံသယနဲ့ ပူလောင်မှုတွေ မကြီးထားခြင်ရင်…။ နောက်ဆုံး ကိုယ်မိုက်လို့ ကိုယ်ခံတယ်ပဲ ထားဦး..။ ကိုယ့်ကြောင့် ကိုယ့်ကို ချစ်တဲ့၊ ခင်တဲ့ မိတ်ဆွေတွေ၊ မိသားစု၊ ချစ်သူ၊ ဇနီးတို့ ကို စိတ်မဆင်းရဲစေချင်…။
အထူး သတိထားပြီး ဆင်ခြင်ကြပါလို့….။
P.S- ကျွန်တော့်ရဲ့ အသားစ စစ်ဆေးမှုအဖြေ ဒီနေ့ရပါပြီ..။ မနက်ဖြန်ရပါမယ်..။ ရင်ခုံစွာနဲ့ မနက်ဖြန်ကို ရင်ဆိုင်ဖို့ ကျွန်တော် အားတင်းထားပါတယ်။
ယူပါ…
Saving Private Ryan ဆိုတဲ့ကားကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါတယ်…။
ဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်ကွက်တိုင်းဟာ အနှစ်သာရ ပြည့်ဝစွာ ရိုက်ကူးတင်ဆက်ထားတဲ့ အနုပညာမြောက်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်…။ မြောက်များစွာရရှိသွားတဲ့ Oscar ဆုတွေနဲ့လည်း တကယ်ကိုထိုက်တန်တဲ့ ဇာတ်ကားတစ်ခုပါ…။
အဲ့ဒီ့ဇာတ်ကားထဲမှာ သင်ယူစရာတွေ၊ သံဝေဂရစရာတွေ၊ မှတ်သားစရာတွေ၊ သတိထားစရာတွေ အမြောက်အများပါခဲ့ပါတယ်..။ အဲ့ဒီမြောက်များစွာထဲက ကျွန်တော့်ရင်ထဲ အခုအချိန်မှာ နက်နက်ရှိုင်းရှိုင်းထိုးဖောက် နေရာယူနေတဲ့ စကားတစ်လုံးရှိပါတယ်…။
Tom Hanks သေခါနီးမှာ Private Ryan ကို ပြောခဲ့တဲ့ …. “Earn it…!” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်…။
သူဆိုလိုတာကတော့ ဒီ Ryan ဆိုတဲ့ သာမည စစ်သားလေးတစ်ယောက်ကို ကယ်ဖို့အတွက် စွန့်လွှတ်စတေးခဲ့ရတဲ့ (သူအပါအ၀င်) ရဲဘော်ရဲဘက်တွေရဲ့ အသက်ဝိဥာဉ် တွေနဲ့ ထိုက်တန်အောင် …။ ကျန်ရှိနေသေးတဲ့ လူ့သက်တမ်းတစ်လျှောက်မှာ တန်ဖိုးရှိအောင်နေပါ..။ အဓိပ္ပါယ်ရှိအောင်နေပါ..။ ဒီစွန့်လွှတ်မှုတွေကို အလကားမဖြစ်ပါစေနဲ့ဆိုပြီး ဆိုလိုတယ်လို့ ကျွန်တော် ယူဆပါတယ်..။ အင်္ဂလိပ်လိုကတော့ စကားလေးက နှစ်လုံးထဲပါ..။ Earn It…!
မနေ့က ကျွန်တော် အဲ့ဒီ့စကားလုံးလေး နှစ်လုံးရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်…။
ကျွန်တော် အခုနေမယ့် အိမ်လေးကိုပြောင်းဖို့အတွက် ပထမဆုံးလာကြည့်တော့..။ အခန်းလေးက တော်တော် စုတ်ပြတ်နေပါတယ်..။ အခန်းထဲမှာ ဘိလပ်မြေအိပ်တွေ၊ အုတ်ခဲကျိုးတွေပါ ပုံနေပါတယ်…။ အဲ…။ အခန်းဝမှာတော့ ခွေခွေလေးအိပ်နေတဲ့…။ ရွှေဝါရောင် အမွှေးရှည်ရှည်တွေ…။ ပြည့်ဖောင်းဖောင်း မျက်နှာကြီးကြီး တစ်ခုရယ်နဲ့ Eye Shadow တွေ ဆွဲထားတယ်လို့ ထင်ရလောက်အောင် မဲနက်ပြီး ၀ိုင်းစက်နေတဲ့ မျက်ဝန်းတစ်စုံ ရှိတဲ့ သူတစ်ယောက် ငြိမ်ငြိမ်လေး အိပ်နေပါတယ်…။
လူသံတွေကြားတော့ ခေါင်းထောင်လာပြီး ရှူးရှဲရှူးရှဲ ထဟောင်ပါတယ်…။ ကျွန်တော်နဲ့ ပါလာတဲ့ ဒီနေရာမှာ အရင်နေနှင့်တဲ့ Senior က လှမ်းအော်လိုက်ပါတယ်…။
“Jackie ငြိမ်ငြိမ်နေစမ်း…..။”
ကျွန်တော် ငယ်ငယ်ကတည်းက ခွေးတော်တော်ချစ်တတ်ပါတယ်…။ ကိုယ်ပိုင် Passport နဲ့ တန်ဖိုးကြီးခွေးတွေကအစ လမ်းဘေး အိမ်ကြို အိမ်ကြားက သာမန် ခွေး တွေအထိ ကျွန်တော် အကုန်ချစ်ပါတယ်…။ ကျွန်တော့် ဘ၀မှာ ခွေးကိုက်ခံရတယ်ဆိုတာလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး..။ ဘယ်လောက်သောင်းကျန်းပါ တယ်ဆိုတဲ့ ခွေးပဲ ဖြစ်ဖြစ်..။ ကျွန်တော်နဲ့ မဖြစ်မနေဆုံလို့…။ အို အို အို..။ တောက်တောက်တောက် ဆိုပြီး လုပ်လိုက်တာနဲ့..။ အမြှီးတနှံ့နှံ့ဖြစ်ကာ ကျွန်တော်နဲ့ ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းတစ်ယောက်လို ဖြစ်သွားလေ့ရှိပါတယ်…။
ကျွန်တော်အခုအိမ်ကို မပြောင်းခင် ကျွန်တော့်ဘေးမှာ မိသားစု သုံးစုရှိပါတယ်..။ ကျွန်တော်ပြောင်းမလာခင်အထိ Jackie ဟာ အဲ့ဒီ့မိသားစုအိမ်တွေမှာ ဗိုလ်ကျခြင်တိုင်း ဗိုလ်ကျ..။ စားချင်တဲ့အချိန်စား..။ အိပ်ချင်တဲ့အချိန်အိပ်ပါတယ်…။ အပြင်မှာချမ်းရင် အိမ်ထဲအထိ ၀င်အိပ်တတ်ပါတယ်…။ မိသားစုတွေအားလုံးက Jackie အဲ့လိုဆိုးပေမယ့်..။ ကလေးတစ်ယောက်လိုပဲ အားလုံးက တော်တော်ချစ်ကြပါတယ်..။ ချစ်မယ်ဆိုလည်း ချစ်သင့်ပါတယ်…။ သူ့ရဲ့တောင့်တောင့်ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးရှယ်..။ ရွှေရောင်အမွှေးရှည်ရှည်လေးတွေရယ်..။ မည်းနဲ ၀ိုင်းစက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ အဲ့ဒီ့မျက်ဝန်းနောက်က ဖြူစင်နေတဲ့ မျက်ဝန်းလေးတွေရယ် ဟာ တွေ့တဲ့သူတိုင်း သူ့ကို မချစ်ပဲ မနေနိုင်အောင် ဆွဲဆောင်နိုင်ပါတယ်…။
Jackie ရေ ထမင်းစားမယ်ဆိုရင်..။ ဟန်မဆောင်နိုင်အောင် ပါးစပ်ထဲက သွားရည်တွေ တတောက်တောက်ကျတဲ့အထိ ကလေးဆန်တဲ့သူဖြစ်ပါတယ်…။
ကျွန်တော်တို့ မိသားစုပြောင်းလာပြီးတဲ့နောက် Jackie ကျွန်တော်တို့အိမ်မှာပဲ စတည်းချပါတော့တယ်..။ ကျွန်တော့်အမျိုးသမီးကလည်း ခွေးချစ်တတ်တော့ Jackie တို့က အကြိုက်ဖြစ်သွားပါတယ်..။ ကျွန်တော့် အမျိုးသမီးကို သူဆိုးချင်တိုင်းဆိုးပါတယ်..။ Lady Black ကလည်း လူကောင်သေးသေးဆိုတော့ ဘယ်လိုမှ Jackie ကို သူမနိုင်ပါဘူး..။ ကျွန်တော်ရုံးသွားတဲ့ အချိန်များဆို Jackie ဗိုလ်ကျသမျှ သူခံရပါတယ်…။ ဒါပေမယ့် အချစ်ကတော့ မပျက်ခဲ့ပါဘူး…။
ပြီးခဲ့တဲ့ အပါတ်က ကျွန်တော့်အမေနဲ့ ညီမ ကျွန်တော့်ဆီကို လာလည်ကြပါတယ်..။ ၂ ပါတ်နီးပါးလောက်နေသွားကြပါတယ်…။ အိမ်ရှေ့ကို ဘယ်သူလာလာ လူစိမ်း မြင်တာနဲ့ ကမူးရှူးထိုး ဟောင်တတ်တဲ့ Jackie ဟာ..။ ကျွန်တော့်အမေကို မြင်တာနဲ့ ငယ်စဉ်ကတည်းက သူ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ သခင်တစ်ယောက် အလား အငန်းမရ ဆီးကြိုပါတယ်…။ ဒါတောင် မနက် ၄ နာရီ ဝေလီဝေလင်း အမြင်မသဲကွဲသေးတဲ့အချိန်ပါ..။
Jackie ဟာ ကျွန်တော့်အိမ်ရဲ့ ဖိနပ်ချွတ်မှာအိပ်ရတာ ၀ါသနာပါပါတယ်..။ ဘယ်လောက်ပဲ မောင်းထုတ်ထုတ် ပေကပ်ပြီး အိပ်နေတတ်ပါတယ်..။ အိမ်က လူ တစ်ယောက်ယောက် အပြင်က ပြန်လာတာနဲ့ အဲ့ဒီ့လူဆီပြေးသွားပြီး..။ သူ့ရဲ့ ကြီးမားတဲ့ခေါင်းကြီးနဲ့ အတင်းတိုးဝှေ့ကြိုဆိုတတ်ပါတယ်…။ သံပန်းတံခါးပိတ်ထား လို့ အိမ်ထဲဝင်မရရင် လက်နဲ့ ယက်ပြီး တံခါးကိုဖွင့်တတ်ပါတယ်..။ တစ်ခါတစ်လေ ကျွန်တော်တို့ နှစ်ယောက်အပြင်က ပြန်လာတာနဲ့ ဆိုင်ကယ် (ကျွန်တော်တို့ နှစ်ယောက်ဆီ) ဆီကို ပြေးလာလိုက် တံခါးဝကို သွားပြီး လက်နဲ့ ပုတ်ပြလိုက် လုပ်ကာ တံခါးဖွင့်ခိုင်းတတ်ပါတယ်…။
သူဟာ တိရစ္ဆာန်တို့ သဘာဝ အခြားသောခွေးတွေကို အနိုင်ကျင့်တတ်ပေမယ့် သူအနိုင်မကျင့်တဲ့ ခွေးမလေးတစ်ကောင်ရှိပါတယ်…။ အစက ကျွန်တော် အဲ့ဒီ့ ခွေးမ လေးကို သတိမထားမိပါဘူး..။ အမေတို့ရောက်နေတုန်း တစ်နေ့မှာ Lady Black က နာမည်ဆန်းဆန်း တစ်ခုကို ပါးစပ်က ခေါ်လိုက်လို့ ..။ ဘာပြောလိုက် တာလည်းဆိုပြီး မေးတော့..။ Lady Black က ရယ်လျက်ပြောပါတယ်…။
“ဒီတစ်ယောက်ကြည့်ရတာ သိပ်ပြည့်ပုံ မရဘူး ကိုရဲ့ ချစ်ဖို့လည်းကောင်းတယ်..။ အဲ့ဒါကြောင့် “ပြားဝက်” လို့ နာမည်ပေးလိုက်တာ”
ကျွန်တော် တော်တော်သဘောကျသွားတယ်..။ သူပြောမှ သတိထားပြီး ကြည့်မိတော့ တကယ်ကို မပြည့်ပုံရပါတယ်…။ ဒါပေမယ့် ချစ်ဖို့ကောင်းတာကလည်း အမှန်ပါ ပဲ..။ နောက်ပိုင်း ကျွန်တော် တစ်ချက်တစ်ချက် သတိထားကြည့်မိပါတယ်..။ ကျွန်တော် ရုံးကပြန်လာရင် ကျွန်တော့်ကို Jackie နဲ့အတူ ပြားဝက်လဲ လာကြိုတတ်ပါတယ်..။ ဒါပေမယ့် ထူးဆန်းတာက Jackie က ဒီအတိုင်းလာကြိုပေမယ့်..။ ပြားဝက်က ကျွန်တော့်ကို လာကြိုပြီ..။ ကျွန်တော်ပြန် လာတာ မြင်ပြီဆိုတာနဲ့ အနားမှာ ရှိတဲ့အရာတစ်ခုခုကို ပါးစပ်နဲ့ချီပြီး ကျွန်တော့်ဆီ ယူလာလေ့ရှိပါတယ်..။ တစ်ခါတစ်လေ အ၀တ်စ..။ တစ်ခါတစ်လေ သစ်သား ပြားလေးတွေက အစ ပါပါ တယ်…။
သြော တကယ်ကို တစ်ဝက်ပဲ ရှိတဲ့ “ပြားဝက်” ပါပဲလား….။
တစ်ခါတစ်လေ ကျွန်တော် Lady Black ကို နောက်လေ့ ရှိပါတယ်…။ ဟိုမှာ ခင်ဗျား ချစ်ချစ် ဗိုက်ဆာနေပြီ ထမင်းသွားကျွေးလိုက်ဦးတို့..။ သူရန်ကုန်ပြန်သွားတဲ့ အချိန်မှာ ခင်ဗျားရည်းစားကြီး ခင်ဗျားကို လွမ်းနေပြီတို့ဆိုပြီး Jackie နဲ့ နောက်လေ့ရှိပါတယ်…။
တကယ်ဆို Lady Black ဘေးမှာ ကျွန်တော့်ထက်ပိုပြီး Jackie က အနေများခဲ့ပါတယ်…။ Lady Black က သရဲကြောက်တတ်သလို..။ ကျွန်တော့်အိမ်ကလည်း တကယ်ခြောက်ပါတယ်..။(အခုတော့ အိမ်တက်ဆွမ်းကျွေး၊ ပရိတ်ရွတ်လိုက်တော့ မရှိတော့ပါဘူး) Lady Black ကြောက်မှန်းသိလို့ပဲလား..။ သူ့သဘာဝအရ လား တော့ မသိပါဘူး…။ ကျွန်တော်ရုံးသွားပြီဆိုတာနဲ့ Jackie ကျွန်တော့် ဇနီးနားက မခွာတော့ပါဘူး..။ တစ်ခါတစ်လေ သူမီးဖိုထဲ ဟင်းချက်နေတဲ့အချိန်မှာ အိမ်ရှေ့ ဖိနပ်ချွတ်မှာ ခွေခွေလေးလာအိပ်ပေးနေလေ့ရှိပြီး..။ တစ်ခါတစ်လေ အခန်းထဲမှာခင်းထားတဲ့ ကော်ဇောတွေကို ပိုင်ဆိုးပိုင်နင်း နင်းဖြတ်ကာ မီးဖိုထဲအထိ ၀င်လာပြီး ကျွန်တော့်အမျိုးသမီး ဟင်းချက်နေတဲ့ အနားမှာ လာအိပ်နေလေ့ရှိပါတယ်…။ ဒီလိုအချိန်မှာ ကျွန်တော်မဟုတ်တဲ့ တစ်စုံတစ်ယောက်ကများ အိမ်ရှေ့ကို ရောက်လာ မယ်ဆို တဟုန်ထိုးပြေးပြီး ဟောင်ဖို့ ၀န်မလေးတတ်သူတစ်ယောက်ပါ….။
“Jackie ရှိတာ သရဲတောင်မကြောက်တော့ဖူး..။ ဟင်းချက်နေတုန်းအိမ်ရှေ့လှမ်းကြည့်လိုက်လို့ ဖိနပ်ချွတ်မှာ သူအိပ်နေတာတွေ့ရင် စိတ်ထဲ လုံခြုံသလို ခံစားရတယ်” ဒါက မနေ့က မနက်က Lady Black ပြောခဲ့တဲ့ စကားပါ…။
“သူတို့ကိုကျွေးဖို့ ဈေးသည်ဆီက ကြက်ခေါင်းနဲ့ တောင်ပံတွေ  ၂ ရက်ခြားမှာထားတယ်…။ ဆန်လည်း သီးသန့်ဝယ်ထားတယ်…။ တစ်လကို သူတို့စားရိတ် ၄ သောင်းလောက်တော့ ကျမယ်…။” မနေ့က မနက်ပိုင်းက ပြောခဲ့တဲ့ Lady Black ရဲ့ စကားတွေပါ…။
ညနေ ကျွန်တော်ရုံးက ပြန်ရောက်ပြီး စိတ်ထဲမှာလည်း အလုပ်လုပ်ချင်စိတ်မရှိတာနဲ့ ကျွန်တော့် အမျိုးသမီးနဲ့အတူ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးလိုက်ပါတယ်..။ Lady Black က “အပြင် ပြန်မထွက်တော့ဘူးဆိုရင် Jackie တို့ကို အပြင်ထုတ်ပြီး..။ ဆိုင်ကယ်သွင်းလိုက်တော့လေ ကို…။ တော်ကြာ ခြင်တွေဝင်လာတော့မယ်..။”
အချိန်က ၅ နာရီ ၀န်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်…။ ခါတိုင်းဆို Jackie တို့က ကျွန်တော့်ဖိနပ်ချွတ်မှာ ညနေ ၆ နာရီ ၇ နာရီအထိ ၀င်နေလေ့ရှိကြပါတယ်..။
“အင်း..။အင်း…”
Jackie တို့ကို အပြင်ထုတ်ပြီး ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်း ရုပ်ရှင်ကြည့်နေလိုက်ပါတယ်..။ နာရီဝက်လောက်အကြာမှာထင်တယ်..။ ဘေးအိမ်က ညီလေးက အရေးတကြီးပြေးလာခေါ်တယ်…။
“အစ်ကို..။ အစ်ကို..။ အရေးကြီးလို့..။ မြန်မြန်..။”
ကျွန်တော် ပြေးထွက်သွားလိုက်တယ်….။
“အစ်ကိုရယ် ဟိုမှာ Jackie ကိုကြည့်ပါဦး” ဆိုပြီး ငိုမဲ့မဲ့ မျက်နှာနဲ့ပြောလို့ ကျွန်တော်ကြည့်လိုက်မိတော့….။
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရတယ်..။ အမြဲတမ်းတက်ကြွလန်းဆန်းပြီး အသန့်ကြိုက်တဲ့ Jackie တစ်ယောက် တစ်ကိုယ်လုံး ရွှံ့တွေ အလိမ်းလိမ်း..။ မျက်နှာကလည်း ချက်ခြင်းချောင်ကျသွားတယ်…။ လျှာလည်းထွက်နေပြီ…။ ကျွန်တော်အိမ်ဘက်ကို လမ်းလျှောက်လာလိုက်..။ ဘိုင်းကနဲ ပြစ်လဲ သွားလိုက်…။ ကျွန်တော် သိလိုက်ပြီ..။
Jackie အဆိပ်မိလေပြီ….။
“ဖြိုး ဖြိုး လာကြည့်ပါဦး….”
ကျွန်တော့်မိန်းမအပြင်တောင်မရောက်လိုက် Jackie ကို အိမ်ထဲကလှမ်းမြင်လိုက်ကတည်းက သူထိုင်ကျသွားတယ်….။
“ညီလေး အခုဘာတိုက်ထားလည်း..”
“ဘဲဥဖောက်တိုက်ထားတယ်အစ်ကို..။ အစ်ကို့ဆီမှာ ကန်စွန်းရွက်ရှိရင် အရည်ကျိတ်ပြီးတိုက်ရအောင်…။”
“ကန်စွန်းရွက်တော့မရှိဖူး…။ ထညက်တော့ရှိတယ်…။ သကြားရှိတယ်..။ တိုက်ထားလိုက်…။ အစ်ကို ဆရာဝန်ပြေးခေါ်မယ်…။ ညီလေး ဒီမှာနေခဲ့..”
ကျွန်တော့်အိမ်ဘေးက ညီလေးလည်း မျက်ရည်စမ်းတမ်းတမ်းဖြစ်နေပါပြီ..။ Jackie ကို ထညက်ကျွေးဖို့အတွက် သူကိုယ်တိုင် ၀င်ချုပ်ပါတယ်..။ တရုတ်ကပြားလေး ဆိုတော့ Jackie ကိုယ်က ရွံ့တွေရယ်..။ ရှုန်းရာကနေခြစ်မိတဲ့ ခြစ်ရာတွေရယ်နဲ့ သူ့တစ်ကိုယ်လုံးလည်း ရစရာမရှိတော့ပါဘူး…။
ကျွန်တော် Jackie ကို တစ်ချက်ပွတ်ပြီး ပြောလိုက်ပါတယ်…။
“သား..။ ခဏလေးတောင့်ထားနော်..။ မြန်မြန် ပြန်လာခဲ့မယ်…”
ကျွန်တော်ဆိုင်ကယ်ကို တဟုတ်ထိုးမောင်းထွက်ပြီး ပြင်ဦးလွင်အနှံ့ တိရစ္ဆာန်ကုဆရာဝန် လိုက်ရှာခဲ့ပါတယ်…။ စိတ်ထဲကလည်း မှီပါစေဆိုတဲ့ ဆုတောင်းတစ်ခုကိုသာ အထပ်ထပ်ဆုတောင်းနေမိခဲ့တယ်..။ နောက်ဆုံး ဆရာဝန်ရှိတဲ့နေရာကို သိပြီးလိုက်သွားတယ်…။ နာရီဝက်လောက်ကြာသွားပါတယ်…။
“ကျွန်တော့်ခွေး အဆိပ်မိလို့ Doctor ရယ် မြန်မြန်လေးလိုက်ခဲ့ပေးပါ…”
ဆရာဝန်ကတော့ သိပ်ဟန်မပျက်..။ ဘာမှမဖြစ်သည့်ပုံ..။ ကျွန်တော့်မှာသာ စိတ်ကို မနဲချုပ်ထားရသည်..။ Jackie ဆီလည်းပြန်ချင်ပြီ…။
“တပ်ထဲမှာ ပြစ်တဲ့အဆိပ်က သိပ်ပြင်းတယ်…။ မမှီလောက်ဖူးထင်တယ်…” ကျွန်တော် တကယ်ကို ဒေါသထွက်သွားသည်…။ ဒါလားဆရာဝန်စိတ်ဓာတ်…။ မမှီတာကို ကျွန်တော်သိသည်..။ ဒါပေမယ့် တတ်နိုင်သလောက် Jackie ကို ညင်ညင်သာသာ ဘ၀ကူးသွားစေချင်သည်…။
“မမှီဘူးဆိုတာ ကျွန်တော်သိပါတယ် Doctor. ဒါပေမယ့် သက်သာအောင် တစ်ခုခုတော့ လိုက်လုပ်ပေးပါ..” ဆရာဝန်ရဲ့ အမျိုးသားကလည်း ပြောတော့မှ မလိုက်ချင် လိုက်ချင်နဲ့ လိုက်လာသည်…။
တကယ်မမှီတော့တာကို သူ့ သမ္ဘာအရသိလို့ စိတ်လျော့ထားမှန်း ကျွန်တော်သိပါတယ်..။ ဒါပေမယ့် ဒီအချိန်မှာ လာပင့်တဲ့သူရဲ့စိတ်..။ သတ္တ၀ါတစ်ကောင် မချိမဆန့် ခံစားနေရတဲ့ဆိုတဲ့ ကိုယ်ချင်းစာတရားတော့ အနဲနဲ့အများရှိသင့်ပါတယ်…။
ဒါတောင်ကျွန်တော့်ကို မေးလိုက်သေးတယ်.. “ဘာခွေးအမျိုးအစားလဲတဲ့”
ကျွန်တော့်စိတ်ထဲ ထောင်းခနဲဖြစ်သွားတယ်…။ မကောင်းတတ်လို့သာ တော်တော်ချုပ်ထိန်းလိုက်ရတယ်…။ “သာမန်ခွေးပါပဲ Doctor ရယ်..။ ဒါပေမယ့် လိုင်းခန်းတစ်ခုလုံးက သားသမီးလည်း မရှိကြသေးတော့ သားလို ချစ်ရတဲ့ သူဖြစ်နေလို့ပါ…။”
ကျွန်တော် အိမ်ကိုပြန်ရောက်တော့ Jackie အသက်ရှိသေးသည်…။ ကျွန်တော့်မိန်းမ ကျွန်တော့်ဆီ ပြေးလာပြီး ငိုသံနဲ့ ပြောသည်…။
“ကို…။ ပြားဝက်လေးလဲ သေပြီ…။ အဖြူမနဲ့ ဖက်ပြီးတော့ သေနေတာ…။ သနားပါတယ်…” ကျွန်တော် တော်တော်ဆို့သွားသည်..။
သူပြောတဲ့ အဖြူမဆိုတာ အလွန် အေးသော ခွေးမလေးဖြစ်သည်…။ အကောင်ကြီးသော်လည်း သူများတွေဆီက အစာကိုလုမစားတတ်..။ သူ့ကို သီးသန့်ကျွေးမှ စားတတ်သော သူဖြစ်သည်။ သူများတွေရန်လိုလျှင်လည်း သူစားနေတာကို ဖယ်ပေးလေ့ရှိသည်….။ မနက်ကတင် သူများတွေ အနိုင်ကျင့်မှာစိုးလို့ ကျွန်တော့် Lady Black က သူကိုယ်တိုင် လက်နဲ့ ခွံ့ကျွေးခဲ့သေးသည်..။ သေသွားတဲ့ သူတွေအတွက်တော့ မတတ်နိုင်တော့..။ အခုဆရာ ၀န်လည်း လာပြီ Jackie လည်း မသေသေးဘူးဆိုတော့..။ မရှိမဲ့ ရှိမဲ့ မျှော်လင့်ချက်လေး နဲနဲရှင်သန်လာသည်…။
မှီများ..။ မှီပေဦးမလား…။
လိုင်းခန်းက အရာရှိတွေ Jackie နားမှာ ပြုံနေသည်..။ ကျွန်တော်ဖယ်ပြီး Jackie နားကိုသွားလိုက်တော့ သူတော်တော်မောနေပြီ ဖြစ်သည်…။ ဆရာဝန်က ဆေးထိုးဖို့ လုပ်သည်..။ ထိုအချိန်မှာ ကန်စွန်းရွက်ပြုတ်ရည်တိုက်ဆိုတော့…။ Jackie ကို ကျွန်တော် လက်နှစ်ဘက်နဲ့ သူခြေထောက်နှစ်ဖက်ကို ချုပ်ပေး သည်..။ ကျွန်တော့်အိမ်ဘေးက ညီလေးက ရှေ့လက်နှစ်ဘက်ကိုချုပ်သည်..။ ကျန်တဲ့သူတွေကတော့ ကြည့်သာကြည့်နေကြသည်..။ ကိုင်ဖို့နေနေသာသာ အနားတောင် သိပ်မကပ်ရဲပေ…။
“ကဲ ညီလေး ပါးစပ်ဖြဲပြီး လောင်းထည့်ကွာ..။ ကိုယ်ချုပ်ထားမယ်..”
အစာအဆိပ်မိသွားသော သူတစ်ယောက်ပီပီ..။ သူ့ပါးစပ်ထဲကို တစ်စုံတစ်ခုထပ်ထည့်မှာ အရမ်းကြောက်နေပုံရသည်…။ ပြားဝက်တို့၊ အဖြူမတို့မှာ အကောင်သေး သလို..။ စိတ်လည်း သိပ်ပြင်းပုံမရသောကြောင့်..။ အစာစားမိသည့်နေရာမှာတွင် ချက်ခြင်းသေသွားကြပုံရသည်…။ Jackie ကတော့ စိတ်တော်တော် ပြင်းပုံရသည်။ သူ အခြေအနေမကောင်းတော့မှန်းသိသည်နှင့် သူ့ကို အမြဲအစာကျွေးလေ့ရှိတဲ့ ကျွန်တော့်အိမ်ဘေးက ညီလေးအိမ်နဲ့ ကျွန်တော့်အိမ်ကို ရောက်အောင် ပြန်ပြေးလာခဲ့ သည်..။
ကျွန်တော့်ကို ညီလေး လာမခေါ်ခင်မှာပင် Jackie လမ်းလျှောက်လိုက် လဲလိုက်ဖြစ်နေပြီ ဖြစ်သည်..။ ကျွန်တော်ဆရာဝန်သွားခေါ်တဲ့အချိန်မှာ ကျွန်တော့် မိန်းမပြောပြတာ့..။ သူအိပ်နေကြ ကျွန်တော်တို့ အိမ်ထဲက ဖိနပ်ချွတ်ကို အတင်းပြေးပြီး အဲ့ဒီနေရာမှာ ခွေခွေလေးသွားအိပ်နေသည်တဲ့…။ သူ့ကို အဆိပ်ပြေဖို့ ဘဲဥအနှစ်တိုက်ဖို့အပြင်ကို မနဲအတင်း ဆွဲထုတ်ရတယ် ပြောပါတယ်…။
အခု Jackie ကို ဆေးထိုးပေးတာက တခြားလိုင်းခန်းတစ်ခုရှေ့ရောက်နေပါပြီ..။ ဆရာဝန်က ဆေးနှစ်လုံးထိုးပါတယ်…။ ခဏစောင့်ကြည့်မယ်တဲ့..။ သက်သာရင် နောက်တစ်လုံး ထပ်ထိုးမယ်ပြောတယ်…။ ကျွန်တော် Jackie ခြေထောက်ကို ချုပ်ထားတယ်…။ ကျွန်တော့်ရင်တွေ အရမ်းစို့နင့်နေတယ်..။ လူတွေ အများကြီးရှေ့မှာ မျက်ရည်မကျအောင် မနဲထိမ်းထားရတယ်..။ စိတ်ထဲကနေ သရဏဂုံ သုံးပါးရွတ်ပေးနေတယ်..။ ဖြစ်နိုင်ရင် (လူတွေသာမရှိရင်) မင်းဟာ တကယ် လိမ္မာတဲ့အကြောင်း..။ ဘာကိုမှ နောက်ဆံမတင်းသင့်ကြောင်း…။ ဒီဘ၀က လွတ်ကျွတ်တဲ့အခါ နောင်ဘ၀ကောင်းတစ်ခုကို ရောက်နိုင်ကြောင်း..။ အခုလို မောဟတွေ ဝေဒနာတွေနဲ့ သေခဲ့ရင် ဘ၀ကောင်းတစ်ခုကို ဘယ်လိုမှမရောက်နိုင်ကြောင်း..။  တဖွဖွပြောပြီး ဘုရားစာကို ပါးစပ်က ထုတ်ပြီး ရွတ်ပေးလိုက် ချင်ပါတယ်…။
“Doctor ရေတိုက်လို့ရမလား..”
“ရတယ် ရတယ်…”
ကျွန်တော်တို့ နှစ်ယောက်ချုပ်ထားသည်..။ နောက်ထပ် ညီလေးတစ်ယောက်က ပါးစပ်ကို အတင်းဖြဲပြီး ရေလောင်းထည့်သည်..။
“ဖြေးဖြေးလုပ်..။ ပါးစပ်ထဲကရေ နှာခေါင်းထဲဝင်ပြီး မွန်း….”
တဆက်ဆက်တုန်ပြီး အတင်းရုန်းနေသော Jackie ခန္ဓာကိုယ်သည် ရုတ်တရက် ချက်ခြင်းရပ်သွားတာကို သူ့ကို ချုပ်ထားတဲ့ ကျွန်တော်သိလိုက်သည်…။ သူ့ခန္ဓာ ကိုယ်တစ်ခုလုံး ချက်ခြင်းအေးစက်ပြီး တက်လာသည်…။ ရေတိုက်ဖို့ ကြိုးစားတဲ့သူက ကြိုးစားတုန်း…။
“ညီလေး… Jackie သွားပြီ….”
ကျွန်တော်ထိုင်ချပြီး ငိုသာငိုလိုက်ချင်သည်….။
ကျွန်တော်ရယ် ညီလေးတစ်ယောက်ရယ် Jackie ခန္ဓာကိုယ်ကိုကြီးကို မသွားသည်။ ပြားဝက်တို့၊ အဖြူမတို့ သေသည့်နေရာနားတွင်ပင်မြှုပ်ရန်ဖြစ်သည်…။
အရှေ့မှာ နှစ်ကောင်သေနေတယ်လို့ သိရတော့ Lady Black က ပြားဝက်မဖြစ်ပါစေနဲ့…။ ဒီတစ်ကောင်တော့ ချန်ခဲ့ပေးပါလို့ အကြိကြိမ်ဆုတောင်းပြီး သွားတယ်လို့ ပြောပါတယ်…။ ဒါပေမယ့် သူ့ဆုတောင်းတွေမပြည့်ခဲ့ပါဘူး…။ ကျွန်တော် သွားကြည့်တော့ တကယ်ပဲ ပြားဝက်လေးနဲ့ အဖြူမတို့ဟာ တစ်ကောင်နဲ့ တစ်ကောင် ယှက်ပြီး (ဖက်ပြီး) သေနေတာကို သနားစဖွယ် မြင်ခဲ့ရပါတယ်..။ အဲ့ဒီ့နားမှာပဲ နောက်ထပ် ခွေးအမည်းလေးတစ်ကောင်လည်း သေနေပါတယ်..။ ကျွန်တော်တို့ စုစုပေါင်း လေးကောင် မြေမြှုပ်ပေးခဲ့ပါတယ်…။
အိမ်ပြန်ရောက်တော့ ဖြိုးလည်း ငိုပါတယ်..။ ကျွန်တော်လည်း ငိုပါတယ်…။ အမေ့ဆီ ဖုန်းဆက်ပြီး လှမ်းပြောတော့ အမေလည်းငိုပါတယ်…။ အားလုံးငိုကြရပါတယ်..။
ဒါဟာ သံယောဇဉ်ပဲ မဟုတ်လားဗျာ…။
ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ စကားတွေဆက်ပြောဖြစ်သည်…။ မနက်ကမှ ကျွန်တော့်ကို လာကြိုနေသည့် Jackie နှင့် သစ်သားပြားလေးကိုက်ပြီး လာကြိုတဲ့ ပြားဝက်လေး ကို ကျွန်တော်တွေ့ခဲ့သေးသည်..။ အခုမရှိတော့…။
မနက်မြင်၍…. ညနေမှာ ပျောက်ကွယ်ခဲ့လေပြီ…။
မသေခင် Jackie ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်သွားတဲ့အကြည့်တွေကို ကျွန်တော် မြင်ယောင်နေမိသည်…။ သူသာ စကားပြောတတ်ပါက ဘာတွေ များ နောက်ဆုံး အနေနဲ့ ပြောသွားချင်ပါသလဲ…။
လောကရဲ့ မတည်မြဲတဲ့ သဘောတရားတွေလား…။ သံယောဇဉ်တရားရဲ့ လောင်ကျွမ်းမှုတွေအကြောင်းလား….။ သံသရာဆိုတဲ့ စက်ဝန်းကြီးတစ်ခုအကြောင်း လား..။ ဒါမှမဟုတ် ..။ နောက်ဆုံး..။ အစာအိမ်ပျက်စီးလို့ ပူလောင်နေတဲ့ သူမပိုင်ပေမယ့် ပိုင်တယ်လို့ ထင်ခဲ့တဲ့ ခန္ဓာကိုယ်ကြီးရဲ့ ဝေဒနာအကြောင်းလား….။ အနဲဆုံး…..
“နှုတ်ဆက်ခဲ့ပါတယ်…” ဆိုတဲ့ စကားတစ်ခုများလား….။
ဒါမှမဟုတ်….။ Tom Hanks ပြောခဲ့တဲ့ “Earn It….!” ဆိုတဲ့ စကားလေများလား…..။
သေချာတာကတော့ ကျွန်တော့်ဘ၀တစ်လျှောက် ဖြတ်သန်းလာခဲ့ရသမျှ ပထမဆုံးသောသက်ရှိတစ်ယောက်အနေနဲ့ ကျွန်တော့်လက်ထဲမှာပင် ဘ၀ကူးသွား ခဲ့ ခြင်း ဖြစ်သည်…။ များစွာကြေကွဲရပါသည်…။ များစွာတုန်လှုပ်ရပါသည်…။
Jackie ရဲ့ သေခြင်းတရားသည် ကျွန်တော်တို့အတွက် အလဟသ မဖြစ်သင့်ဟု ကျွန်တော်ယုံကြည်သည်..။ ကျွန်တော်တို့တွင် အချိန်တွေရှားပါးခဲ့ပြီ…။ ကျွန်တော်တို့အလှည့်သည် ဒီနေ့လော မနက်ဖြန်လော မမြင်နိုင်ပြီ…။ ကျွန်တော်တို့ အဆင်သင့်ဖြစ်ခဲ့ပြီလော…။ ဒါမှမဟုတ် မဖြစ်သေးသလော..။ တကယ်လို့များ ကျွန်တော်တို့အပေါ် ကံကြမ္မာက မျက်နှာသာမပေးခဲ့သည့်အချိန်တွင် Jackie လိုမျိုးသွေးမပျက်အောင် ကျွန်တော်တို့ အဘယ်သို့သော အသိတရားဖြင့် ထိန်းချုပ်ကြ မည်နည်း..။ အဘယ်သို့သော သတ္တိဖြင့် နောင်ဘ၀ကို ရင်ဆိုင်ကြမည်နည်း…။
အချိန်တွေကို ကျွန်တော်တို့မပိုင်ပါ..။ ဒီခန္ဓာကိုယ်လည်း ကျွန်တော်တို့မပိုင်ပါ….။ လောကတွင် ကျွန်တော်တို့ဘာမှမပိုင်ပါ..။ ကျွန်တော်တို့ပိုင်တာ ပစ္စုပ္ပန်ဆိုတဲ့ အခွင့်အရေးလေးတစ်ခုသာရှိသည်…။ မနက်ဖြန်ကို ကျွန်တော်တို့မပိုင်ပေ…။ ထို့ကြောင့် ကျွန်တော် ပစ္စုပ္ပန်အချိန်ကပင်စပြီး ပြင်ဆင်ခဲ့ပြီ ဖြစ်သည်..။
ခင်ဗျားရော ဘယ်တော့ ပြင်ဆင်မလဲ မိတ်ဆွေ…။ ကျွန်တော်ကတော့ ကျွန်တော့်မျက်စိရှေ့…။ ကျွန်တော့်ရင်ခွင်ထဲတွင် ဘ၀ကူးသွားသော Jackie ရဲ့ သေခြင်းတရား ကို အလဟသအဖြစ်ခံမည်မဟုတ်ချေ…။ ခင်ဗျားရော ဘယ်လိုခံယူမလဲမိတ်ဆွေ….။
သေချာတာတစ်ခုတော့ ရှိသည်…။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးအတွက်… ။ ကျွန်တော်ချစ်သော လောကအတွက်…။ ခင်ဗျားတို့အတွက်….။
“I Will Earn From It…..”
P.S- Jackie၊ ပြားဝက်၊ အဖြူမနဲ့ အခြားသောအဲ့ဒီ့နေ့က သေဆုံးသွားတဲ့ သတ္တ၀ါအပေါင်းအတွက် သင်္ကန်းလှူကာ ရေစက်ချဖို့ စီစဉ်သွားမည် ဖြစ်ပါသည်။
ပန်းတို့ဆိုသော “တေး”…
ကျွန်တော် မနေ့က ပညာ့ရောင်ခြည် (အရင်က ပညာ့အလင်း ဆိုပြီး ကျွန်တော် မှားယွင်း သုံးနှုန်းထားပါတယ်) အသင်းနဲ့ ကျောင်းတွေကို စားရေး ကိရိယာတွေ ဝေဖို့ လိုက်သွားဖြစ်ပါတယ်..။
ဒီရက်ပိုင်းအတွင်း ပညာ့ရောင်ခြည်၊ သန္တိသုခ အပါအ၀င် အခြားသော လူမှုရေးအသင်းအဖွဲ့တွေနဲ့ ကျွန်တော် နီးကပ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်..။ ကိုယ် တတ်နိုင်တဲ့ အပိုင်းလေးတွေ ကူညီရင်း..။ သူတို့ဆီက လုပ်ပုံ လုပ်နည်းလေးတွေလည်း အတုယူရင်းနဲ့ပါ…။
ကျွန်တော် သတိထားမိသလောက် ဒီဘက်နောက်ပိုင်းမှာ လူငယ်တော်တော်များများဟာ ပရဟိတ လုပ်ငန်း (NGO လို့ခေါ်လည်း အဆင်ပြေမယ်ထင်ပါတယ်) တွေကို တော်တော်များများ စိတ်ဝင်စားလာကြတာတွေ့ပါတယ်…။ ကိုယ်တတ်နိုင်သလောက် သူငယ်ချင်း၊ မိတ်ဆွေတွေစု…။ အလှူငွေ၊ မတည်ငွေလေးတွေစုပြီး..။ လက်လှမ်းမှီသလောက် တတက်တအား ပါဝင် ဆောင်ရွက်နေကြတာ တွေ့နေရပါတယ်…။ ဒီနေရာမှာ ကျွန်တော် နဲနဲ အကြံပေးချင်တာလေး တစ်ခုရှိပါတယ်…။
အခြားတော့ မဟုတ်ပါဘူး…။ ပရဟိတလုပ်ငန်းဆိုတာ တကယ်လုပ်ပြီဆိုရင်…။ စိတ်ကူးနဲ့ လက်တွေ့ (Imagination & Ground) တော်တော်လေး ကွာဟမှုတွေ ရှိနေ ပါတယ်…။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံလို အကန့်အသတ် အတားအဆီးတွေနဲ့ ဆောင်ရွက်နေရတဲ့ နေရာမျိုးမှာ..။ ကန့်သတ်ချက်တွေက ပိုများပါတယ်…။ စိတ်ရှိ သလောက် ကိုယ်မရောက်နိုင်တဲ့ အပိုင်းတွေ များလွန်းပါတယ်…။ အဆင့်အသီးသီးရဲ့ ခွင့်ပြုချက် ရယူဖို့ လိုအပ်ချက်တွေကလည်း ခရီးဖင့်စေပါတယ်…။ သံသယ မျက်လုံးတွေနဲ့ ရာဇ၀တ်သား တစ်ယောက်လို မျက်စိဒေါက်ထောက် စောင့်ကြည့်ခံရမှုဟာလည်း…။ ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ စေတနာရှင် တွေကို သာမက…။ သူတို့ဆီက အလှူလက်ခံရရှိမယ့် အလှူခံပုဂ္ဂိုလ်ကိုပါ ထိတ်လန့်စေပါတယ်…။ ဒါကြောင့် တစ်ခါတစ်လေ လှူမယ့်လူက လှူချင်တာတောင် …။ အလှူခံမယ့် သူက အလှူမခံရဲဘူး..။ လက်မခံရဲဘူး ဖြစ်ရပါတယ်…။
စေတနာမှန်ရင် အောင်မြင်မယ်လို့ ယျေဘူယအားဖြင့် သတ်မှတ်နိုင်သော်လည်း..။ ဘယ်လောက်ပဲ စေတနာမှန်မှန်…။ တစ်ခါက နှစ်ခါ…။ နှစ်ခါက သုံးခါ…။ ကန့်သတ်ချက်တွေ..။ အဆင်မပြေမှုတွေ တွေ့ကြုံလာရရင်တော့ သူသူကိုယ်ကိုယ် စိတ်အခြေ ယိုင်ကြစမြဲဖြစ်ပါတယ်…။ ဒီလိုဆိုလို့…။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေက ပရဟိတ လုပ်ငန်းတွေကို လိုက်လံနှောင့်ယှက်တားဆီးနေတယ်လို့ ကျွန်တော်မဆိုလိုပါဘူး…။ လိုအပ်တာထက် ပိုပြီး သတိအထားခံရခြင်းဟာ ပရဟိတ လုပ်ငန်းတွေကို လူအား၊ ငွေအား၊  အချိန်အားဖြင့် အနစ်နာခံဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုဖြစ်နေ တယ်လို့သာ ဆိုလိုပါတယ်…။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပါဝင် ကူညီဆောင်ရွက်ပေးတဲ့ အခြေအနေတွေ…။ ဖြစ်စဉ်တွေလည်း များစွာရှိပါတယ်…။ တစ်ခါ တစ်လေ သူတို့က ကူညီချင်လို့ စုံစမ်းတာတွေ၊ မေးမြန်းတာတွေလုပ်လာရင်တောင်…။ ဖြတ်ကျော်လာခဲ့ရတဲ့ နိုင်ငံသမိုင်းကြောင်းအထွေထွေကြောင့် …။ သို့လော သို့လောနဲ့ အသင်းအဖွဲ့တွေမှာ ထိတ်လန့် စိုးရွံ့ရတာတွေ ရှိလာခဲ့ပါတယ်…။ စေတနာ အမှားတွေများလား…။ ဝေဒနာ သမားတွေလားတော့ ကျွန်တော်လည်း ဥာဏ်မမှီနိုင်သေးပါဘူး…။
ဒါက စနစ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုပါ…။ နောက်တစ်ခုက လူပါ…။ ပရဟိတလုပ်ငန်းတစ်ခုကို တကယ် စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ဖို့ဆိုတာ တကယ်ကို မလွယ်ကူပါ…။ တော်ရုံ စီးပွားရေး အခြေခိုင်ပြီးသား လူတစ်ယောက်အဖို့တောင် နောက်ဆံတင်းရမယ့် အခြေအနေတွေရှိနေမယ်ဆိုရင်…။ ကျွန်တော်တို့ ခင်ဗျားတို့ လို..။ သာမန် ကျောင်းသား၊ ၀န်ထမ်း၊ ပြည်သူတွေ အတွက်ဆို ပြောစရတောင် မလိုပါဘူး…။ တစ်ဘက်က ဘ၀တက်လမ်း..။ မိသားစု စားဝတ်နေရေး…။ ဘ၀အာမခံ ချက်တွေ အတွက် ကြိုးစားရင်း..။ တစ်ဘက်ကလည်း ပရဟိတ လုပ်ငန်းတွေကို ဖိဖိစည်းစည်း လုပ်နိုင်ဖို့ဆိုတာကတော့ အိပ်မက်တစ်ခု သာသာပါပဲ…။
ဒီနေရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေလေး တစ်ခုကို ကျွန်တော် ပြောပြချင်ပါတယ်..။ စမယ်ဟေ့..။ ထောင်မယ်ဟေ့..။ လုပ်မယ်ဟေ့…။ ဆိုတုန်းကတော့ သူရော..။ ငါရော…။ နင်လား..။ ငါလား ..။ အားတတ်သရော သူပါမယ်..။ ငါပါမယ်ဆိုပြီး ဖြစ်လေ့ရှိပါတယ်…။
စပြီဟေ့…။ လုပ်ပြီဟေ့…။ ဆိုတော့…။ သူလည်း နဲနဲလျော့သွားတတ်ပါတယ်…။ အဲ့ဒီ့လိုပဲ ငါလည်း နဲနဲလျော့သွားတတ်ပါတယ်…။
ဖြစ်ပြီဟေ့..။ ငြိပြီဟေ့…။ အခက်အခဲတွေ ရှိပြီဟေ့ ဆိုတာနဲ့…။ သူတော်တော်လျော့သွားသလို…။ ငါလည်း တော်တော် ပျော့သွားတတ်ပါတယ်…။
အထူးသဖြင့် အစိုးရရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စပြီး ပတ်သတ်လာရပြီ…။ ထိတွေ့မှုတွေရှိလာပြီဆိုရင်တော့…။ အရင်က တက်ကြွနေတဲ့ ခြေလှမ်းတွေဟာ ဆုတ်မှန်းမသိ အနောက်ကို တဖြေးဖြေး ဆုတ်ကုန်ပါတယ်…။
“ငါ အလှူငွေ ထည့်ပေးပါ့မယ်…။ မင်းပဲ ကောင်းအောင်ကြည့်စီစဉ်လိုက်ပါ…။ မင်းစီစဉ်တာ ကောင်းပြီးသာ..။ လိုအပ်တာ ရှိရင်သာပြော…။ ငါ ဒီရက်ပိုင်း လုပ်ငန်းတွေ မအားလို့…။ ရှေ့တပါတ်လောက်ဆို ငါ ဟိုကို ခဏ ပြန်ရဦးမှာမို့လို့…” စသည် စသည် ဖြင့် တဖြေးဖြေး အင်အားတွေ ယိမ်းယိုင်လာပါတယ်…။
ဒီနေရာမှာ ကျွန်တော် ပြောချင်တာက ကိုယ်မှန်တာကို လုပ်နေတာဖြစ်တယ်…။ ကောင်းတာကို လုပ်နေတာဖြစ်တယ်…။ အစိုးရရဲ့ နိုင်ငံရေးစအိုကို တုတ်နဲ့ထိုးနေတာ မဟုတ်ပါဘူး..။ အာဏာဖီဆန်ဖို့လည်း ကြိုးစားနေတာမဟုတ်ဖူး..။ တိုင်းပြည်ကို သစ္စာဖောက်ဖို့ ကြည့်စည်နေတာ မဟုတ်သလို…။ ကျွန်တော်တို့ဟာ လူငယ် ပီပီ၊ ကိုယ်ချင်းစာ တရားရှိတဲ့ လူသားများပီပီ…၊ အရာရာကို စူးစမ်းလိုစိတ်နဲ့ တက်ကြွနေတဲ့ လူငယ်တွေပီပီ..၊ လောကရဲ့ မနက်ဖြန်တိုင်းကို အလှဆင်ခြင်တဲ့ လူသား များ ပီပီ ကိုယ်တတ်နိုင်တဲ့ ဘက်က တိုင်းပြည်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကူညီနေကြခြင်းပဲ ဖြစ်ပါတယ်…။ ကျွန်တော်တို့ရဲ့ ဒီလို လုပ်ရပ်တွေဟာ တိုင်းပြည်ကို သစ္စာဖောက်ဖို့မပြောနဲ့…။ တကယ်တမ်းဆို တိုင်းပြည်အတွက် ကိုယ့်ပြည်သူလူထုကောင်းစားဖို့အတွက် တစ်ဘက် တစ်လမ်းက အစိုးရကို ကူညီနေတာပဲ ဖြစ်ပါ တယ်။ ဒီလို ပြည်သူတွေဘက်က တစ်တက်တစ်အား ပါဝင်လာခြင်းဟာ တကယ်ဆို အစိုးရအတွက် အားဖြစ်စေသလို..။ အတိုင်းအတာ တစ်ခုအထိ အပူအပင်တွေကို လည်း ငြိမ်းစေမှာ ဖြစ်ပါတယ်…။ ပြည်သူနဲ့ အစိုးရ တစ်ထပ်တည်းဖြစ်လာခြင်းကို သက်သေပြရာလည်း ရောက်စေမှာ ဖြစ်ပါတယ်…။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ်လုပ်စရာရှိတာတွေကို စေတနာအရင်းခံကာ အကောင်းဆုံး ကြိုးစားရင်း တိုင်းပြည်ကျေးဇူးကို ဆပ်ဖို့လိုပါတယ်..။ အခက်အခဲ တွေ..။ အတားအဆီးတွေ ရှိလို့လဲ..။ စိတ်ဓာတ်မကျ ကြပါနဲ့…။ လောကမှာ ဆိုးတဲ့သူရှိသလို..။ ကောင်းတဲ့သူတွေ အများကြီးပါ..။ နှောင့်ယှက်ချင်တဲ့ သူတွေရှိသလို…။ ကူညီချင်တဲ့သူတွေလည်း ထုနဲ့ဒေးရှိနေပါတယ်..။
ပရဟိတ လုပ်ငန်းတစ်ခု အောင်မြင်စွာ ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် ငွေအင်အား၊ လူအင်အား၊ ညီညွတ်မှု၊ ခံယူချက်နဲ့ လုပ်ငန်းကျွမ်းကျင်မှု စေတနာ အင်အား ပြင်းထန်ဖို့လိုအပ်ပါ တယ်။ မြန်မာလူမျိုးတွေရဲ့ အားနည်းချက် တစ်ခုအနေဖြင့်..။ နှစ်ယောက်ရှိရင် သုံးဖွဲ့ထောင်ချင်ပါတယ်…။ အစမှာ စည်းလုံးကြပါတယ်..။ အတူကြိုးစားကြတယ်..။ လုပ်ငန်းတွေ အရှိန်ရလာတယ်..။ အောင်မြင်လာတယ်…။ နာမည်ကြီး ချင်လာ တယ်…။ နေရာရချင်လာတယ်…။ ပေါ်လွင်ချင်လာတယ်..။ အကြံဥာဏ်ပေးရမယ့် အစား..။ အပုပ်ချလာတယ်..။ သူလုပ်တာ ဘယ်လို..။ ငါသာလုပ်ရင် ဘယ်လိုဖြစ်မှာ…။ ဒီလိုနဲ့ပဲ ရည်ရွယ်ချက်ကောင်းကောင်း အရှိန်အဟုန် ကောင်းကောင်းနဲ့ စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကြီးဟာ နောက်ပိုင်းမှာ..။ အက်ကွဲကြောင်းတွေ အထပ်ထပ်နဲ့ တစ်စစီ..။ တစ်စစီ…။ ပြန်လည် ပျောက်ဆုံးသွားပါတယ်..။
ဒီလို အသင်းအဖွဲ့ပေါင်း များစွာ ရှိပါတယ်…။ နောက်လည်းရှိနေဦးမှာပါ..။ အဲ့ဒါကြောင့် ကျွန်တော်အထက်က အချက် ငါးချက်ဟာ အရေးကြီးတယ်လို့ ဆိုခဲ့ခြင်း ဖြစ်ပါတယ်..။ တကယ့်တကယ်တမ်းမှာ Money Management လုပ်ရတာလည်း လွယ်ပါတယ်..။ Time Management လုပ်ရတာလည်း လွယ်ပါတယ်..။ တကယ်တမ်း ခက်ခဲတာက Man Management ပါပဲ..။ မတစ်ထောင်သားကို တစ်သားထဲ ဖြစ်အောင်ဟာ…။ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ ဖြစ်နိုင် မယ် မထင်ပါဘူး..။ ဒါပေမယ့် ဒါဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလည်း မဟုတ်ဖူးဆိုတာ…။ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းပေါင်းများစွာနဲ့..၊ အသင်းအဖွဲ့ပေါင်း များစွာက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်…။
နောက်ထပ် အက်ကွဲကြောင်းတစ်ခုကို ဖြစ်စေတဲ့ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ငွေပါပဲ..။ ပရဟိတ လုပ်ငန်းမှ မဟုတ်ပါဘူး..။ ဘယ်အသင်းအဖွဲ့မဆို ငွေနဲ့ လည်ပတ်ရပါတယ်…။ ၀င်ငွေတွေ ရှိပါတယ်..။ ထွက်ငွေတွေရှိပါတယ်…။ အလွဲသုံးစားမှုဆိုတာလည်း..။ ရည်ရွယ်သည် ဖြစ်စေ..။ မရည်ရွယ်သည် ဖြစ်စေ မဖြစ်မနေ ရှိနေမှာပဲ ဖြစ်ပါတယ်..။ အလွဲသုံးစားမှု (စာရင်းကိုင် အားနည်းမှု၊ မှတ်တမ်းစနစ်တကျထိမ်းသိမ်းရာတွင် အားနည်းမှု တို့ကိုလည်း အချုပ်အားဖြင့် အလွဲသုံးစားထဲ ပဲ ထည့်လိုက်ပါတယ်…။) တွေကို ပျောက်ကွယ်သွားအောင် လုပ်လို့မရပါဘူး..။ လျော့နည်းသွားအောင်ပဲ လုပ်လို့ရပါလိ့မ်မယ်…။ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ထားရှိသော သစ္စာတရားတို့နဲ့ အလွဲသုံးစားမှုတွေကို လျော့ကျသွားအောင် ထိန်းချုပ်နိုင်ပါတယ်..။ ပျောက်ကွယ်သွားအောင် လုပ်ဖို့တော့ မစဉ်းစားစေချင်ပါ…။
အထက်က ပြောခဲ့သလို..။ ငွေကြးကွာဟမှု…။ အထင်လွဲခြင်း..။ သံသယ စတဲ့အချက်တွေ စ၀င်လာတာနဲ့ တစ်ပြိုင်နက် မူလကစတင်ခဲ့တဲ့ ရည်ရွယ်ချက်၊ ခံယူချက်၊ မျှော်လင့်ချက်တွေဟာလည်း….
ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ပရဟိတ လုပ်ငန်းတွေကို လုပ်ချင်တယ်ဆို..။ နှစ်ခါပြန်စဉ်းစားမနေပါနဲ့..။ လုပ်ကြပါ..။ ကြိုးစားကြပါ..။ ဒါပေမယ့် ကျွန်တော် အထက်မှာ ပြောခဲ့တဲ့ အချက်လေးတွေကိုတော့ သတိထားစေချင်ပါတယ်..။ တစ်ခုမဟုတ် တစ်ခုနဲ့ သေချာပေါက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီ့လို ရင်ဆိုင်ကြရတဲ့အခါမှာသာ နောက်မဆုတ်တမ်း..။ သွေးမကြောင်စတမ်း…။ ကိုယ့် သစ္စာကို သက်သေပြရဲဖို့သာ ကျွန်တော် တိုက်တွန်းလိုပါတယ်…။
ဒါကတော့ ပရဟိတ လုပ်ငန်းတွေကို စိတ်ဝင်စားကြတဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် ကျွန်တော်သိသလောက်၊ တတ်သလောက်၊ ဥာဏ်မှီသလောက်လေးထဲ က အရေးပါနိုင်မယ်..။ အထောက်အကူ ဖြစ်နိုင်မယ်လို့ ထင်တဲ့ ၂ ပြားတန် အကြံပြုချက်လေးတစ်ချို့ပဲ ဖြစ်ပါတယ်…။
အပေါ်က စကားကို ပြန်ဆက်ရရင်..။ ကျွန်တော် ပညာ့ရောင်ခြည် (ပြင်ဦးလွင်) ပရဟိတအသင်းနဲ့ မနေ့က စာရေးကိရိယာတွေ လှူဖို့ လိုက်သွားဖြစ်ပါတယ်…။ သူတို့ရဲ့ Plan က နှစ်ဖွဲ့ခွဲသွားပါတယ်..။ တစ်နေရာထဲကို လူတွေ တပြုံတမကြီးနဲ့ ရှင်လောင်းလှည့်သလို ဟိတ်ကြီး ဟန်ကြီးတွေနဲ့ မသွားပဲ..။ အလှူပစ္စည်းတွေကို လိုအပ်တဲ့နေရာကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ပေးပို့နိုင်ဖို့အတွက် တစ်ရက်ထဲမှာတင် အဖွဲ့ ၂ ဖွဲ့ခွဲလိုက်ပါတယ်..။ အဖွဲ့ခွဲပြီးတော့..။ လမ်းကြောင်းဆွဲ ပါတယ်…။ လမ်းကြောင်းဆွဲပြီးတာနဲ့ အဲ့ဒီ့ လမ်းကြောင်းအတိုင်း (အဖွဲ့နှစ်ခုဆိုတော့ လမ်းကြောင်းနှစ်ခုပေါ့) ရှေ့ပြေး ဆိုင်ကယ် တစ်စီးစီကို နာရီဝက်လောက် စောပြီး လွှတ်လိုက်ပါတယ်…။
စာအုပ်တွေ၊ စာရေးကိရိယာတွေ သယ်လာတဲ့ ကားမရောက်ခင် ဆိုင်ကယ်က ကျောင်းကိုအရင်ရောက်..။ နောက်မှာ လှူမယ့်သူတွေလာနေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးတွေကိုအကြောင်းကြား..။ လှူဖို့အတွက် နေရာတစ်ခုစီစဉ်…။ အားလုံးအဆင်သင့်လောက်မှာ လှူမယ့်ကားက ရောက်လာ..။ ကားရောက်လာတာနဲ့ လမ်းကြောင်းဆွဲာထးတဲ့အတိုင်း…။ ဆိုင်ကယ်သမားက နောက်တစ်နေရာကို ထပ်ပြီး ကြိုသွား…။ ဒီလိုနဲ့ပဲ မနက်ပိုင်းမှာတင် ကျောင်း ၆ ကျောင်း ပြီးသွားပါတယ်…။
ညနေပိုင်း ကျွန်တော် ဆက်မလိုက်ဖြစ်ပါဘူး..။
ဒီနေရာမှာ ပြင်ဦးလွင်က ကျောင်းတွေရဲ့ အခြေအနေကို ကျွန်တော် နဲနဲပြောပြချင်ပါတယ်…။ (ပြင်ဦးလွင်မှ ကျောင်းများတင် မကဘူး လို့ ကျွန်တော်ထင်ပါတယ်)။ တော်တော်လေး ချို့တဲ့ကြပါတယ်…။ ကျောင်းကလည်း ချို့တဲ့ပါတယ်…။ ဆရာ/ဆရာမတွေလည်း ချို့တဲ့ပါတယ်..။ ကျောင်းသား/ကျောင်း သူတွေလည်း ချို့တဲ့ပါတယ်…။ ကျောင်းသားတစ်ယောက်ရဲ့ တစ်ကိုယ်လုံး (လွယ်အိတ်၊ လွယ်အိတ်ထဲက စာရေးကိရိယာအပါအ၀င်) ပေါင်းကြည့်လို့မှ..။ ရန်ကုန် ကျောင်းကြီးတွေမှာ ကျောင်းတက်နေတဲ့ ကလေးတစ်ယောက်ရဲ့ မိုးတွင်းစီး ဖိနပ်တစ်ရံစာတောင် မရှိနိုင်ပါဘူး…။ ချင်းတောင် ပန်းသီးကို မုန့်စားကျောင်းဆင်းချိန် မစားရလို့ …။ နီးစပ်ရာ အမှိုက်တောင်းထဲ ပစ်လိုက်တဲ့ တရုတ်ပြည်ကလာတဲ့ ထောင်ကျော် ပန်းသီးတစ်လုံးဟာ ပြင်ဦးလွင် က ကျောင်းသားလေးတွေ အတွက်တော့ တစ်ပါတ်စာ မုန့်ဖိုးထက် အများကြီးပိုပါတယ်…။ သူငယ်တန်းကလေးတစ်ယောက်ရဲ့ လည်ပင်းမှာစွဲထားတဲ့ Iphone တစ် လုံးဟာ ပြင်ဦးလွင်က ကျောင်းတွေအတွက်တော့ နောက်ထပ် စာသင်ဆောင် တစ်ခု ဖြစ်နိုင်ပါတယ်…။
ကံ၊ ကံ၏ အကျိုးကို မေ့ထားလို့မရပေမယ့်…။ ရေများရာ မိုးလိုက်ရွာတာကိုကတော့ မိုးလေ၀သ မမှန်လို့ပဲ ဖြစ်ပါလိ့မ်မယ်…။
ကျွန်တော်တို့ မနေ့ကတစ်နေ့ထဲ စာအုပ်ပေါင်း ၄၂၀ ဒါဇင်ကျော်၊ ပေတံ၊ ခဲတံ၊ ဘောပင်၊ ခဲဖျက် အမြောက်အများ လှူဒါန်းနိုင်ခဲ့ပါတယ်..။ အင်မတန် ချို့တဲ့တဲ့ ကလေးတွေ (ကျောင်းအုပ်ဆရာမကြီးများရဲ့ ထောက်ခံချက်အရ) အတွက် တစ်နှစ်စာ ပညာသင်စရိတ်တွေကိုလည်း ထောက်ပံ့ခဲ့ပါတယ်..။ အချို့ကျောင်းတွေမှာ တစ်ယောက်စ နှစ်ယောက်စ..။ အချို့ကျောင်းတွေမှာတော့ လေး ငါး ဆယ်ယောက်ပါ။ ထူးချွန် ပေမယ့် ချို့တဲ့လို့ ကျောင်းဆက်မနေနိုင်တဲ့ ကလေးတွေအတွက် လည်း သီးသန့် ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်..။ စာပန်းအိမ် ဘော်ဒါက ပဲ ဒီနှစ် ပညာ့ရောင်ခြည် အသင်းအတွက် ထူးချွန်/ချို့တဲ့ တက္ကသိုလ်ဝင်တန်း ကျာင်းသား များအတွက် ၅ နေရာ လှူပါတယ်..။ အခြား ဘော်ဒါတွေကိုလည်း အလှူခံထားတာ ရှိပါတယ်..။ လှူကြမယ့် အလားအလာလဲ ရှိပါတယ်..။
ဒီလိုအလှူတစ်ခုလုပ်ဖို့ အခု ပစ္စည်းဝယ် အခုလိုက်လှူခဲ့တာတော့ မဟုတ်ပါဘူး..။ ကျွန်တော် စသိသလောက်..။ လွန်ခဲ့တဲ တစ်လကျော်..။ ကျောင်းတွေ မဖွင့်ခင်က တည်းက..။ အသင်းအနေဖြင့် ပညာရေး ၀န်ကြီးဌာန လက်အောက်ခံ ခရိုင် ပညာရေးမှူးရုံးတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ ချိတ်ဆက်..။ လိုအပ်တဲ့ စာရင်းဇယားတွေ တောင်းခံ (ကိုယ့်ဘက်က စာရင်းတွေလည်း ပြန်ပေးရပါတယ်) ၊ အလှူလုပ်ဖို့ ယာထားတဲ့ ကျောင်းတွေကို အရင်ကွင်းဆင်း၊ လှူဒါန်းမယ့် ပစ္စည်း၊ လှူဒါန်းမယ့် ပုံစံ၊ ရရှိထားတဲ့ ဘဏ္ဏာငွေ၊ အသုံးပြုနိုင်မယ့် အနေအထား၊ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ မိဘ ကျောင်းသား ဆရာ နဲ့ အလှူရှင် နားလည်မှု မလွဲရေး၊ စသည်ဖြင့် များစွာ ပြင်ဆင်ရပါတယ်။
ကျွန်တော် သိသလောက် ဒီအသင်းက အလှူလုပ်တာ ဒါနဲ့ ဆို ၃ နှစ် (၃ ကြိမ်ပေါ့) ရှိပါပြီ..။ သူတို့မှာ အတွေ့အကြုံတွေလည်း တော်တော်ရထားပါတယ်..။ စာအုပ်တွေ သွားလှူတယ်..။ အလှူရှင်တွေ ပြန်သွားတော့ ဆရာမကြီးက စာအုပ်တွေ အကုန်ပြန်သိမ်း..။ ရောင်းစား…။ ဒါမျိုးတွေလည်း ရှိပါတယ် (မယုံမရှိပါနဲ့) ..။ အလှူရှင်တွေက ဘာတွေလှူတယ် ဘယ်လောက်လှူတယ်ဆိုတဲ့အကြောင်းတွေကို မိဘတွေကို အသိပေး..။ အဲ့လိုအသိပေးတော့..။ ဆရာတွေက သူတို့ကို မယုံလို့ လား ဆိုပြီး အထင်လွဲခံရ..။ အစွပ်စွဲခံရ..။ အလှူပစ္စည်းတွေ ၀ယ်ဖို့အတွက် အချိတ်အဆက် အကောင်းတွေမရှိတော့ (ဥပမာ ဗလာစာအုပ်တွေပေါ့) အမြတ်ကြီးစား ခံရ..။ လိုအပ်တာထက် ပိုကုန်ရတော့..။ ၁၀ ဒါဇင်လှူမယ့် နေရာ ၅ ဒါဇင်လောက်ပဲ လှူနိုင်…။ ဟာကွက်တွေ..။ ယိုကွက်တွေ..။ အချို့နေရာတွေမှာ ကိုယ်က တိုက်ရိုက် ရောက်ချင်လို့ ကျောင်းသားတွေ၊ ဆရာတွေနဲ့ တိုက်ရိုက်ပါတ်သတ်တော့..။ ပညာရေးမှူးရုံးတွေရဲ့ အညိုအငြင်ခံရ (နှောင့်ယှက်တယ်လို့ ပြောတာမဟုတ်ပါဘူး၊ ငြိုငြင်တယ်လို့ပြောတာပါ၊ သူတို့ ကူညီကြတာတွေလည်း အများကြီးပါ) စသည်ဖြင့် အခက်အခဲတွေ၊ အတွေ့အကြုံ တွေစုံလှပါတယ်…။ ဒီကြားထဲ အသင်းထဲက အဖွဲ့ဝင်အချင်းချင်း ဟိုလိုလုပ်မယ်..။ ဒီလိုလုပ်မယ်နဲ့ သဘောထား မတိုက်ဆိုင်တဲ့ အခါ ပိုစိတ်ညစ်ဖို့ ကောင်းပါတယ်…။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်နှစ်အလှူလည်း အောင်အောင်မြင်မြင်ပဲ ပြီးသွားပြန်ပါတယ်…။ စာအုပ်လေးတွေ၊ ခဲတံအသစ်လေးတွေရလို့..။ တပြုံးပြုံး တပျော်ပျော် ဖြစ်နေတဲ့ ကလေးတွေရဲ့ မျက်နှာ…။ ကိုယ့်ခဲတံလေး ကိုယ်ကြည့်ပြီး ကြည်နူးနေတဲ့ သူတို့ရဲ့ ပုံရိပ်..။ မျက်ရည် တ၀ဲဝဲနဲ့ ပြောသွားတဲ့ “ကျေးဇူးတင်ပါတယ်ရှင်/ခင်ဗျာ” ဆိုတဲ့ မပီ့ တပီ စကားသံလေးတွေ..။ ဆရာ/ ဆရာမတွေရဲ့ သာဓုခေါ်သံနဲ့ နောက်လည်း များများလှူဒါန်းနိုင်ကြပါစေ..။ အလှူရှင်တွေ ကျန်းမာ၊ ချမ်းသာကြပါစေဆိုတဲ့ ဆုတောင်းသံတွေကတော့… ဖြစ်ခဲ့သမျှ..။ ကြုံတွေ့ခဲ့ရသမျှ..။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ..။ စိန်ခေါ်မှုတွေရဲ့ အရှိုက်ကို တည့်တည့်ကြီး “ထေ့ပြုံး” လက်သီးတစ်ချက်နဲ့ ကောင်းကောင်းကြီး ကလဲ့စားချေ ထိုးသွင်းလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်…။
တစ်နည်းအားဖြင့်တော့ ပန်းတို့ဆိုသော “တေး” တစ်ပုဒ်ပေါ့ဗျာ….။
P.S- ပညာ့ရောင်ခြည်အသင်းရဲ့ Website မကြာမှီ ရက်ပိုင်းအတွင် တင်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ်..။
ကျွန်တော်လေးစားသော မြန်မာ Blogger နှင့် Developer များ
ဒီရက်ပိုင်းအတွင်း အဆက်ပြတ်နေတဲ့ နည်းပညာတွေ၊ စာပေတွေနဲ့ ပြန်လည် ထိစပ်မိဖို့အတွက် Blog တော်တော်များများ လိုက်ကြည့် ဖြစ်ပါတယ်..။
ကျွန်တော် Blog စရေးတာ ၂၀၀၇ က ပါ..။ အခုဆို ၄ နှစ်နီးပါး ဆိုတော့…။ ဒီရက်ပိုင်းလိုက် ဖတ်ဖြစ်တဲ့ Blog တွေကလည်း ကျွန်တော်နဲ့ အတူ မရှေးမနှောင်းမှာ ရေးခဲ့ ကြတဲ့သူတွေရဲ့ Blog တွေပဲ များပါတယ်..။ ၂၀၀၆ နှစ်ကုန်ပိုင်းလောက်က စပြီး Blogspot ရဲ့ အရှိန်နဲ့ ကျယ်ပြန့် ပွားများလာတဲ့ Myanmar Blogger အရေအတွက် ဟာ အခုဆို ခန့်မှန်းဖို့တောင် တော်တော် ခက်ခဲမယ် ထင်ပါတယ်…။
ကျွန်တော်တို့ စရေးတဲ့ အချိန်လောက်ကတော့ Blog အရေအတွက်ဟာ အခုလို သောင်းကျော် (ကျွန်တော့်အထင်)၊ ထောင်ကျော်မပြောနဲ့..။ ရာဂဏန်းဝေးစွ …။ ၅၀ လောက်တောင် ပြည့်မယ် မထင်ပါဘူး…။
ဒီလိုနဲ့ ရေးလာလိုက်ကြတာ…။ ကျွန်တော့်လို စာရေးရုံနဲ့ အားမရပဲ ကလိတာ ၀ါသနာပါတဲ့သူတော်တော်များများ Self-Hosted အဖြစ် အသုံးပြုနိုင်တဲ့ WordPress ဘက်ကို ပြောင်းသွားကြပါတယ်..။ ဒီလိုနဲ့ WordPresser တွေ..။ Blogger တွေ ဆိုပြီး အသုံးအနှုန်းတွေ စဖြစ်လာပါတယ်…။ ထမင်းစား၊ ရေသောက် ရေးတဲ့ Blog ကနေ…။ ရသတွေ..။ ဆောင်းပါးတွေ…။ သတင်းတွေနဲ့…။ နောက်ဆုံး နည်းပညာတွေ ဖြန့်ဖြူးတဲ့ Blog တွေအထိ တရှိန်ထိုး တိုးတက်လာခဲ့ကြပါတယ်..။
တစ်ချို့လည်း တစ်စိုက်မတ်မတ် ရေးခဲ့ကြပါတယ်…။ တစ်ချို့လည်း ပေါ်လာလိုက် …။ ပျောက်သွားလိုက်နဲ့…။ ရေလိုက် ငါးလိုက် ပါပဲ…။ တစ်ချို့ကတော့ လုံးဝ ပျောက် ကွယ်သွားပါတယ်…။ တစ်ချို့ကတော့ ၀က်ဝက်ကွဲ အောင်မြင်ကြ စဲဖြစ်ပါတယ်…။
ဒီနေရာမှာ ကျွန်တော် ပြန်လေ့လာကြည့်တော့..။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ပျောက်ကွယ်သွားတဲ့ Blog တွေဟာ Quality မမှီလို့ အားပေးတဲ့ စာဖတ်ပရိတ်သတ် မရှိလို့ ပျောက်ကွယ်သွားပြီး…။ ၀က်ဝက်ကွဲ အောင်မြင်နေတဲ့ Blog တွေကတော့ ပက်ပက်စက်စက် ရသတွေ..၊ သုတတွေ…၊ နည်းပညာတွေ ပေးနိုင်လို့ အောင်မြင် ကြတယ်လို့ ယူဆနိုင်စရာရှိပါတယ်…။
ဒါပေမယ့် ကျွန်တော် ဥာဏ်မှီသလောက်ကလေး ပြန်လေ့လာကြည့်တော့..။ ပျောက်ကွယ်သွားတဲ့ Blog တွေထဲမှာ အင်မတန် တန်ဖိုးရှိပြီး…။ အနှစ်သာရ ပြည့်ဝလှတဲ့ (နည်းပညာ ဖြစ်စေ၊ သုတဖြစ်စေ၊ ရသဖြစ်စေ) Blog တွေ ပါဝင်နေပြီး..။ အောင်မြင်နေတဲ့ (ကျွန်တော့် အမြင်၊ ခံစားချက်နဲ့ ဥာဏ်မှီသလောက်) Blog တွေမှာလည်း ဘာအဓိပ္ပါယ်မှ မရှိတဲ့ Blog တွေကို တွေ့ရပါတယ်။ ဒါကတော့ ကံ၊ ကံ၏ အကျိုးလို့ပဲ ဆိုချင်ဆို..။ ပေါင်းသင်းဆက်ဆံရေးရဲ့ ရလဒ်လို့ ပဲ ပြောပြော..။ ခေတ်မှီ ဈေးကွက် စီးပွားရေးစနစ်နဲ့ အညီ ကြော်ငြာအား ကောင်းလို့ပဲ ဖြစ်စေ…။ နည်းမျိုးစုံတော့ ရှိကြမယ်ထင်ပါတယ်…။
အချို့ကလည်း Blog ကို Personal Diary လေး တစ်ခုအနေနဲ့ ရေးကြပါတယ်..။ အချို့ကတော့ မှတ်တမ်း လေး တစ်ခုအဖြစ်အနေနဲ့…။ တစ်ချို့ကတော့ သတင်းဌာန အသေးစားလေး တစ်ခုအနေနဲ့ အားသန်ရာ အားသန်ရာလေးတွေ ရေးကြပါတယ်…။ ဘယ်လို အကြောင်းအရာပဲ ရေးရေး..။ ကိုယ်မသိသေးရင် ပညာ ရတာပဲ ဖြစ်သလို…။ နည်းပညာ ခေတ်ကြီးမှာ Information တွေကို အချိန်နဲ့ တပြေးညီ ဖလှယ်နိုင်တဲ့ အခွင့်အရေးကတော့ ငြင်းမရနိုင်တဲ့ တန်ဖိုးတစ်ခုပဲ ဖြစ်ပါတယ်..။
အစက စကားကို ပြန်ကောက်ရရင်..။ ကျွန်တော်စရေးကာစက ရေးဖော်ရေးဖက်တွေ ( ကျွန်တော့်ထက် စော်တဲ့သူပါသလို၊ နောက်ကျတဲ့သူလည်း ပါပါတယ်..။ ဒါက အဓိက မကျပါ။) ရဲ့ Blog တွေကို မှတ်မိသလောက် လိုက်လည် ဖြစ်ပါတယ်…။ အဲ့လို လိုက်လည်ဖြစ်ရာကနေ ဒီ ဆောင်းပါးပဲ ခေါ်ခေါ်…။ အလွမ်းပြေပဲ ခေါ်ခေါ် Post ကို ရေးဖြစ်ခြင်းပါတယ်…။
ပထမဆုံး Developer တွေအကြောင်းမပြောခင် Blogger တွေအကြောင်း ပြောချင်ပါတယ်..။ အားလုံးကတော့ Blogger ပါပဲ…။ ဒါပေမယ့် နောက်ပိုင်းမှာ ဘယ်သူက ဘယ်လို စသုံးလိုက်လဲတော့ မသိဘူး..။ သုတ…၊ ရသ…၊ မှ ပေါက်ကရ ရေးသည့် ဘလော့များအားလုံးကို Blogger လို့ ခေါ်လေ့ရှိပြီး..။ နည်းပညာ အကြောင်းတွေ..။ Tutorial တွေ….။ ရေးတဲ့သူတွေကိုတော့ Developer လို့ သုံးလာကြပါတယ်…။
မင်းတစေ
ပထမဆုံး ရသ စာပေနဲ့ ပတ်သတ်လာရင်..။ ကျွန်တော် Essay စမရေးခင်အချိန်ကစပြီး အခုအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး Blogger ကို ပြောပါဆိုရင် ကိုမင်းတစေ ကိုပဲ ကျွန်တော် ရည်ညွှန်းပါရစေ..။ ကျွန်တော်ရေးတဲ့ ချောက်တီးချောက်ချက် စာတွေကို ကောင်းတယ်လို့ ထင်သူများ၊ ထင်ခဲ့ဖူးသူများ ..။ သူ့ရဲ့ စာတွေကို ပြန်ဖတ်ကြည့်စေချင်ပါတယ်…။ ကျွန်တော်တို့ အတူတူနည်းပါး စရေးခဲ့ကြပြီး..။ တစ်နှစ် မပြည့်ခင်လောက်မှာပဲ သူ Blogging လောကထဲက ထွက်ခွာ သွားပါတယ်…။
ကိုစိုးထက်
သူကတော့ အားလုံးသိကြတဲ့ အတိုင်း Celebrity ဆိုတော့ ထွေထွေ ထူးထူး ရှင်းပြစရာမလိုပါဘူး…။ အဲ့ဒီ့တုန်းက Blogger တိုင်း ထားတတ်တဲ့ ..။ ချစ်စနိုးနဲ့ ခေါ်လေ့ ရှိတဲ့ ဆီဗုံးထဲမှာ…။ မနက်တိုင်း သူ့ရဲ့ အပြုံးကို တွေ့နေကြပါ..။ လူချစ်လူခင်ပေါများပြီး..။ အစ်ကိုတစ်ယောက်..။ မိတ်ဆွေတစ်ယောက် အနေနဲ့ တကယ်ကို လေးစား၊ အတုယူဖို့ ကောင်းတဲ့ လူတစ်ယောက်ပါ…။
အေးချမ်းသူ
မသိတဲ့သူ များပါလိ့မ်မယ်…။ Blog လောကထဲကို ခဏလေးပဲ ၀င်လာပြီး..။ အချိန်တိုအတွင်းမှာပဲ ပြန်လည် ထွက်ခွာသွားတဲ့ သူဖြစ်ပါတယ်..။ အရေးအသေားတွေ တော်တော်လေးကောင်းသလို..။ အကြောင်းအရာတွေလည်း ခိုင်မာပါတယ်..။
မရွှေပြည်သူ
ကျွန်တော် အများကြီး ရှင်းပြစရာ မလိုပါဘူး..။ အခုအချိန်ထိ သုတ၊ ရသ စာပေါင်းစုံကို ရေးသားလျှက် ရှိပါတယ်…။ အနေအထိုင် အေးဆေးပြီး…။ ရှက်တတ် ကြောက်တတ်တဲ့သူပါ..။ ကျွန်တော့်လိုပဲ Canon 50D တစ်လုံးဝယ်ထားပြီး အားရင် အားသလို လက်ဆော့တတ်ပါတယ်..။
ကိုလင်းထက်
သူကတော့ ကျွန်တော့်အစ်ကို တစ်ယောက်လိုပါပဲ..။ ညီအစ်ကို အရင်းထည့်မရေးရင် အဆဲခံရမှာစိုးလို့ ထည့်ရေးတာ မဟုတ်ပါဘူး..။ ကိုလင်းထက်ဟာ ရသ၊ သုတ တွေရေးတဲ့သူမဟုတ်ပါဘူး…။ ဒါပေမယ့် သူရဲ့ ကလိချင်တဲ့ စိတ်နဲ့ ရည်မှန်းချက်တစ်ခုအပေါ် ပြင်းပြစွာ ကြိုးစားအားထုတ်တတ်တဲ့ စိတ်က လေးစားဖို့ ကောင်း ပါတယ်…။ သူ့ရဲ့ ကိုယ်ပိုင် Blog မှာဆိုရင် Blogspot သမားတွေအတွက် မရှိမဖြစ် သိထားသင့်တဲ့ အဖိုးတန် Tutorial ပေါင်းများစွာရှိပါတယ်…။ ဒါက သူ့အတွက် အသေးအမွှားပါ..။ သူတည်ထောင်လိုက်တဲ့ Manutdmm ဆိုဒ် ဟာဆိုရင် အခုအချိန်မှာ soccer myanmar နီးပါးကို Visitor တွေ Traffic တွေ ရှိနေပါတယ်..။ ဒါဟာ သူ့ကြိုးစားမှုရဲ့ ရလဒ်ပါပဲ..။ နောက်ဆုံးအရေးကြီးဆုံးအချက်က WordPress ဆိုတာ ချိုနဲ့လားလို့ မေးရလောက်အောင် ကျွန်တော် တုံးအနေချိန်မှာ..။ ကျွန်တော့်ကို ပထမဆုံး WordPress နဲ့ မိတ်ဆက်ပေးခဲ့တဲ့..။ WordPress သင်စရာ ပဲ ဖြစ်ပါတယ်..။
အိုင်လွယ်ပန် + အမရာ
အနုပညာကို အသက်လို သဘောထားတဲ့ ချစ်သူစုံတွဲနှစ်ယောက်ပါ…။ အနုပညာအဆင့်အတန်း မြင့်မားတဲ့ ကဗျာတွေနဲ့ Essay ပေါင်းများစွာကို ရေးသား ခဲ့ကြပါတယ်..။ အခုတော့ မရေးတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်…။
Blogger တွေ အနေနဲ့ အခုချိန်ထိ ဆက်ရေးနေတဲ့သူတွေရော..။ မရေးတော့တဲ့သူတွေရော..။ ကျွန်တော် သဘောကျတဲ့သူတွေ အများကြီး ကျန်ပါသေးတယ်..။ ကဗျာမှာဆို ညိမ်းညိုတို့ ကိုကာင်းကင်ကိုတို့…။ ၀တ္ထုတိုနဲ့ ဆောင်းပါးလေးတွေမှာဆိုရင် ကို ကလိုစေးထူးတို့ ကိုရင်နော်၊ ခင်လေးငယ်တို့၊ မအိမ့်ချမ်းမြေ့တို့၊ Happy Cloud….။ အထွေထွေ သုတ မှာဆို We,She, Me တို့လို Blog ကောင်းလေးတွေ အများကြီးပါ…။ ဒီ Blog တွေဆိုရင် ကျွန်တော်ကသာ သိတာပါ..။ ကျွန်တော့် Blog ကို ဖတ်ဖူးဖို့ နေနေသာသာ နာမည်တောင် ကြားဖူးကြမယ် မထင်ပါဘူး..။
Blogger တွေ ပြီးတဲ့နောက် အခု Developer တွေအကြောင်း ပြောပြချင်ပါတယ်…။
စေတန်ဂေါ့ဒ်
လူချင်း လုံးဝမရင်းနှီးပါဘူး…။ အပြင်မှာလည်း တစ်ခါမှ မတွေ့ဖူးသေးပါဘူး..။ အရင်ကတော့ လူကြီးတစ်ယောက်လို့ ကျွန်တော်ထင်ခဲ့ပေမယ့်..။ နောက်ပိုင်းမှာ အရည်အချင်းရှိတဲ့ လူငယ် တစ်ယောက် ဖြစ်မှန်းသိလာခဲ့ရပါတယ်..။ ကျွန်တော်တို့ Blogspot ဆိုတာကို စာလုံးတောင် မှန်အောင် မပေါင်းတတ်တဲ့ အချိန်မှာကတည်းက သူ့ရဲ့ Blogspot လုပ်နည်း၊ Eot လုပ်နည်း PDF စာအုပ်လေးတွေကို ဖတ်ပြီး လုပ်ခဲ့ရပါတယ်..။ ဒီလောက်ဆို အဆင့်အတန်းခြင်း ကွာခြားပုံကို သဘောပေါက်နိုင်လောက်ပါတယ်…။ နောက်ပိုင်းမှာ သူဦးစီးပြီး တည်ထောင်ခဲ့တဲ့ Mystery Zillion Forum ဟာ ဆိုရင်လည်း ဘယ်လောက်အထိ အောင်မြင်ကာ..။ နည်းပညာ လောက ကို အကျိုးပြုနိုင်ခဲ့တယ်ဆိုတာ Internet အသုံးပြုသူများ သိကြပါတယ်။ Blogspot မလုပ်တော့လို့ သူ့လက်က လွတ်ပြီလား မှတ်တယ်..။ အခု ကျွန်တော့် Blog ကို Iphone, Andriod စတဲ့ Mobile Phone များအပါ အ၀င် Zawgyi Font ရမ်းမထားတဲ့ ဘယ်စက်ကမဆို ဖတ်ရင် မြန်မာလို မြင်ရအောင် လုပ်ထားနိုင်တာလဲ သူ့ကျေးဇူးပါပဲ…။ ကျွန်တော် Eot လုပ်ထားတာ မဟုတ်ပါဘူး..။ သူရေးထားတဲ့ Zawgyi Embed Plugin ကို သုံးထားလို့ပဲ ဖြစ်ပါတယ်..။ အခုအချိန်အထိ Blogging ကို အားကြိုးမာန်တက် ရေးသားလျှက်ရှိပါတယ်..။
ကိုသင်္ကြန်
WordPress လို့ စပြောလိုက်တာနဲ့ ဘယ်လိုမှ ဖယ်ထားလို့မရတဲ့ Myanmar WordPresser တွေရဲ့ Pioneer တစ်ယောက်လို့ ပြောရင်လည်း ရပါတယ်..။ www.mmwordpress.com ဆိုတဲ့ site ကို ငွေအား..။ လူအား..။ အချိန် များစွာ ရင်းနှီးမြှုပ်နှံ့ပြီး မြန်မာလူငယ်တွေအတွင်း WordPress နည်းပညာကို တိုးတက်အောင် ကြိုးပမ်းခဲ့တဲ့ သူဖြစ်ပါတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ဆီက ပညာတွေ အများကြီး ယူခဲ့ရပါတယ်..။ အခုအထိလည်း တစ်ခါတစ်လေ သိချင်တာ များရှိရင် သူ့ Site မှာများ ရှိလေမလားဆိုပြီး အပြေးအလွှား သွားသွား ကြည့်လေ့ရှိပါတယ်…။ သူနောက်ဆုံးတင်ခဲ့တဲ့ ပို့စ်အရ …။ အခုဆို ဆက်မရေးတော့ တာ ၂ နှစ် နီးပါး သို့မဟုတ် ၂ နှစ်ကျော်လောက် ရှိပြီ ထင်ပါတယ်…။ ကို သင်္ကြန်လို လူမျိုး Blogging မလုပ်တော့တာဟာ နည်းပညာ လောက အတွက် တကယ်ကို နစ်နာပါတယ်…။
ထူးတေဇာ
အသက်က ငယ်ငယ်..။ ခင်တတ် မင်တတ်တဲ့ လူငယ်တစ်ယောက်ပါ..။ Apple Crazy လေးပါ…။   လူကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့အထဲ သူလည်း ထိပ်ဆုံးက ပါပါတယ်…။ ကျွန်တော်တို့ အခုအချိန်ထိ သူများရေးထားတဲ့ Theme တွေကို Free သင့်တာ Free ..၊ ခိုးသင့်တာ ခိုးပြီး Site တွေ လုပ်နေချိန်မှာ ကိုယ်တိုင် Theme တွေကို Professional တစ်ယောက်အနေနဲ့ ရေးနေတဲ့ သူ ဖြစ်ပါတယ်..။ ဓာတ်ပုံရိုက်တာလည်း ကောင်းပါတယ်..။ Video Editing နဲ့ Design ပိုင်းမှာလည်း ဆရာ တစ်ဆူပါပဲ..။ အခုချိန်ထိ Blog ရေးနေတုန်းပါ..။ သူ့ Site ကို သွားလေ့လာနိုင်ပါတယ်…။
မှော်ဆရာ
ကျွန်တော့်ရဲ့ WordPress လက်ဦးဆရာ ဖြစ်ပါတယ်…။ သူ့ဆီက ကျွန်တော် ပညာတွေ အများကြီး ရခဲ့ပါတယ်…။ Unicode ကို ချစ်သူအဖြစ် သတ်မှတ်ထားသူ ဖြစ်ပြီး..။ အနုပညာကို ခုံမင် ရူးသွပ်သူ ဖြစ်ပါတယ်..။ စူးရှ ထက်မြတဲ့ အတွေးအခေါ်နဲ့ နည်းပညာ ပိုင်းဆိုင်ရာတွေမှာလည်း ထူး ချွန်တဲ့ ကျွန်တော့် ရဲ့ Senior ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်..။ WordPresser , Blogger များ အားလုံးသူရဲ့ Tutorial တွေနဲ့ လွတ်တဲ့သူ မရှိစလောက်ပါပဲ..။
ရာမည ဖိုးလပြည့်
WordPress မှော်တစ်ဦးပါ…။ ကျွန်တော်တို့ ပထမဆုံး စလုပ်ခဲ့တဲ့ WordPress ကို သူရေးတဲ့ စာအုပ်လေးဖတ်ပြီး လုပ်ခဲ့ရတာပါ..။ အခုတော့ ၀မ်းနည်းဖွယ်ရာပါ..။ ဆက်ရေးဖို့ မပြောနဲ့…။ Domain တောင် Expire ဖြစ်သွားပြီ ဖြစ်ပါတယ်…။
မျိုးဟန်ထွန်း
ကို မျိုးဟန်ထွန်းဟာလည်း WordPress သမား တစ်ဦးပါပဲ…။ Themes တွေကို ကိုယ်တိုင်ရေးနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်..။ သူ့ရဲ့ အဓိက ထူးခြားချက် ကတော့ Graphic Design ကောင်းတာပဲ ဖြစ်ပါတယ်…။ Barcamp လို ပွဲတွေ အပါအ၀င် မြန်မာ လူငယ်တွေရဲ့ NGO အသင်းတော်တော်များများအတွက် Logo တွေ Design တွေတင်မက Themes တွေပါရေးပေးခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်…။
ဒါကတော့ ကျွန်တော် လောလောဆယ် စဉ်းစားမိသလောက်နဲ့ ဒီရက်ပိုင်းအတွင်း ကျွန်တော် သွားဖတ်မိသလောက် Blog အချို့ထဲက ဖြစ်ပါတယ်..။ ကျွန်တော် မသိတဲ့ သူတွေ အများကြီး ကျန်နိုင်ပါသေးတယ်..။ ကျွန်တော် နောက်ပိုင်း သိရင် သိလာ သလို..။ ဒီစာရင်းလေးထဲမှာ ထပ်ဖြည့်ပေးသွားပါ့မယ်..။ ဒီ စာရင်းထဲမှာ မပါလို့ မကောင်းဘူး..။ အလကားလို့ ကျွန်တော် လုံးဝ လုံးဝ မဆိုလိုပါ..။ ကျွန်တော် မသိသေး၊ မဖတ်ဖူး..။ မရောက်ဖူးသေးလို့ မပါတာ ဖြစ်ပါတယ်..။
ဒီနေ့အဖို့တော့ ရုံးလည်း ဆင်းသွားပြီ ဖြစ်တဲ့အတွက် ဒီလောက်ပါပဲ…။ ဒီ Post ကို ဖတ်လိုက်ရလို့ ဘာ အကျိုးမှ မရှိပဲ အချိန်ကုန်သွားတယ်ဆိုရင်လည်း ကျွန်တော့်ကိုသာ ပက်ပက်စက်စက် သြဘာပေးကြပါလို့ ….။
P.S- Keep Rocking Guys!!! You Guys Are Such A Genius!!!!
တရားပွဲမှအပြန်…
ဒီရက်ပိုင်း ပြင်ဦးလွင်တွင် အထင်ကရ အလှူပွဲတွေ ဆက်နေပါတယ်…။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပေတဒါန (အကျွတ်အလွတ်ပွဲ) လုပ်သွားပါတယ်..။ အဲ့ဒီ့နောက် တရားပွဲတွေ ဆက်လုပ်ကြပါတယ်…။
ဒီနေရာမှာ တရားပွဲဖြစ်ပေါ်လာရခြင်းရဲ့ နောက်ခံအကြောင်းအရင်းလေးကို ကျွန်တော် နဲနဲပြောပြချင်ပါတယ်…။ ကျွန်တော်  အိမ်ထောင်ကျပြီးသွားတော့ မိသားစု ၀င်ငွေလေး နဲနဲပါးပါး တိုးပွားအောင် Website တွေကို အခကြေးငွေယူပြီး စလုပ်ပါတယ်..။ Site လုပ်ပေးတယ်ဆိုပေမယ့်လည်း ထူးတေဇာတို့လို ကိုယ်တိုင် Themes ရေးပြီး လုပ်ပေးရလောက်အောင် ပညာရည် မပြည့်ဝတဲ့အတွက် သူများရေးထားတဲ့ Site တွေကိုပဲ free ဆိုလည်း free..။ Paid ဆိုလဲ Free    ယူပြီး လုပ်ပေး ပါတယ်..။ ဒါကြောင့် တန်ရာတန်ကြေး (Hosting ဖိုးနဲ့၊ Domain ) ဖိုးလောက်ပဲ ယူပြီး ကျွန်တော် လုပ်ပေးဖြစ်ခဲ့ပါတယ်…။
ဒါနဲ့ ကျွန်တော့်အစ်ကိုလို ဖြစ်နေတဲ့ ပြင်ဦးလွင် San Francisco က ကိုမင်းညွှန့်နဲ့ စကားဆပ်မိသွားရာက ပြင်ဦးလွင်မှာ တည်ထောင်ထားတဲ့ ပညာ့အလင်း ပညာရေး ပရဟိတ အဖွဲ့ရဲ့ Website ကို စလုပ်ဖြစ်ဖို့ ဖြစ်သွားပါတယ်..။ (သူတို့ကနေ တစ်ဆင့်ပဲ သန္တိသုခ နာရေးကူညီမှုအသင်းအတွက် ထပ်လုပ်ပေးဖြစ်ဖို့ ဆက်မိသွားတာပါ) အဲ့ဒီ့ ပညာ့အလင်း ပညာရေး ပရဟိတ အဖွဲ့ထဲမှာ ကိုစည်သူ ဆိုတဲ့ လူတစ်ယောက်ပါပါတယ်..။ ကျွန်တော်တို့နဲ့ အသက်မတိမ်းမယိမ်းလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ သူအဓိက လှုပ်ရှားနေတဲ့အသင်းက နှလုံးလှကြယ်စင် ဆိုတဲ့ သွေးလှူအသင်းပါ..။ ကျွန်တော်အခုပြောခဲ့တဲ့ အသင်းတွေကအားလုံးက ပြင်ဦးလွင် Base တွေချည်းပါပဲ။ နောင်တော့ အောင်မြင်လာရင် တစ်နိုင်ငံလုံးအထိ ကျယ်ပြန့်ကောင်း ကျယ်ပြန့်သွားနိုင်ပါတယ်…။ ဖြစ်လည်း ဖြစ်စေချင်ပါတယ်…။
ကိုစည်သူ့ကို ကျွန်တော် ပညာ့အလင်း ပညာရေး ပရဟိတအသင်းရဲ့ အစည်းအဝေးသွားတက်ရင်း သိခဲ့ရတာပါ..။ ဒါနဲ့ အစည်းအဝေးပြီးသွားတော့ ကိုမင်းညွှန့်က နုလုံးလှကြယ်စင် သွေးလှူရှင်းအသင်း ဖြစ်လာပုံအကြောင်းကို ပြောပြပါတယ်…။ (နုလုံးလှကြယ်စင်အကြောင်းရှင်းပြရတာ ဟာ ကြော်ငြာဝင်ပေးနေ တာ မဟုတ်ပါဘူး..။ ဒီတရားပွဲက သူတို့ရဲ့အလှူပါ..။ နောက်ပြီး ဒီအသင်းလေး ဖြစ်ပေါ်လာပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ရှင်းပြခြင်းဖြစ်ပါတယ်..။ ကြော်ငြာ ၀င်တယ်လို့ ထင်လည်းကောင်းပါတယ်..။ ဒီလိုအသင်းမျိုးအတွက်က အခမဲ့ ကြော်ငြာ များများလိုအပ်ပါတယ်..။)
အဲ့ဒီ့ နုလုံးလှကြယ်စင်ကို စတင်တည်ထောင်ခဲ့သူက ကိုတိုး လို့ ခေါ်ပါတယ်…။ (ကျွန်တော်လည်း နာမည်အရင်းမသိပါဘူး .. ။ လူကိုတောင် မနေ့က တရားပွဲကျမှ ပြန်ခါနီး ခဏလောက်ပဲ တွေ့လိုက်ရတာပါ။) ကိုတိုးက အရင်က ဆံပင်ညှပ်ပါတယ်…။ ဒါပေမယ့် သူက ပရဟိတ အရမ်းစိတ်ဝင်စားပါတယ်..။ ဒါန အလှူ ကို ဆောင်ရွက်ရအောင်ကလည်း ငွေကြေးပြည့်စုံတဲ့သူမဟုတ်တဲ့အတွက် သူတတ်နိုင်သလောက် ကုသိုလ်လုပ်ဖို့ အမြဲအားသန်နေခဲ့ပါတယ်..။ ဒါနဲ့ နောက်ဆုံးမှာ သူ့အတွက် အဆင်ပြေဆုံး ကုသိုလ်အလုပ်တစ်ခုကို သွားတွေ့ခဲ့ပါတယ်…။
ပြင်ဦးလွင်ဆေးရုံကြီးကိုနေ့တိုင်းသွားပါတယ်..။ သွေးလိုတယ်ဆိုတဲ့လူရှိရင်…။ ပထမ ကိုယ်တိုင်လှူပါတယ်..။ သွေးအမျိုးအစား မတူလို့..။ ဒါမှမဟုတ် သွေးထပ်လို လို့ စတဲ့အခြေအနေတွေ ဖြစ်လာတဲ့အချိန်မှာတော့…။ နုလုံးလှကြယ်စင်အသင်းရဲ့ ပထမဆုံး ခြေလှမ်းဟာ စတင်ခဲ့ပါတယ်…။
လိုအပ်တဲ့သွေးအမျိုးအစား အလှူရှင်တွေကို ကိုတိုးက မြို့ထဲမှာ တတ်နိုင်သလောက် လိုက်ရှာပေးပါတယ်…။ နီးစပ်ရာ လှူချင်တဲ့သူတွေကို ဆက်သွယ်ပါတယ်..။ လှူ မယ့်သူပေါ်လာရင် သူကိုယ်တိုင် စက်ဘီးလေးနင်းပြီး သွားခေါ်ပါတယ်…။ ဆေးရုံကို အဲ့ဒီ့ စက်ဘီးလေးနဲ့ပဲ လူးလာခေါက်တုံ့ သွေးအလှူရှင်တွေကို ပို့ပေးခဲ့ပါတယ်။ ဆိုင်ကယ်လေး တစ်စင်းတောင် မ၀ယ်နိုင်ခဲ့တဲ့ ဘ၀တစ်ခုပါ…။ ဒီလိုနဲ့…
အချိန်တွေ ကြာလာပါတယ်…။ တစ်လ…။ နှစ်လ… ။ သုံးလ လောက်ဖြစ်လာပါတယ်…။ စက်ဘီးလေးနဲ့ပါပဲ…။ တစ်နေ့မှာတော့ မထင်မှတ်ပဲ ပြင်ဦးလွင်ဆေးရုံမှာ Father တစ်ယောက်နဲ့ဆုံပါတယ်…။ ဒီ Father က ကိုတိုးကို ဆေးရုံမှာတွေ့တွေ့နေတာ ကြာပြီလို့ သိရပါတယ်..။ ဘာကြောင့်တွေ့နေရမှန်းတော့ မသိခဲ့ပါဘူး..။ အဲ့ဒီ့နေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘာကြောင့် ကိုတိုးကို ဆေးရုံမှာတွေ့ရလည်းဆိုတဲ့အကြောင်းကို သိသွားခဲ့ပါတယ်..။ အဲ့ဒီ့ Father ကပဲစပြီး အခု သူဆောင်ရွက်နေတဲ့ ကုသိုလ် (အလုပ်) အတွက် ဘာလိုအပ်လဲလို့ မေးလာပါတယ်…။ သူက စက်ဘီးနဲ့ ပို့ပေးရတော့ ခရီးမတွင်…။ အခေါက်ရေ များများမရတဲ့ အတွက် ဆိုင်ကယ်လေး တစ်စီးလောက်နဲ့ဆို အဆင်ပြေမယ်လို့ ရိုးသားစွာပဲ ပြန်ပြောဖြစ်ခဲ့ပါတယ်…။ ချက်ခြင်း မဆိုင်းမတွပဲ…။ မော်တော်ဆိုင်ကယ် တစ်စီး ၀ယ်ပေးလိုက်ပါတယ်..။ (တရုတ်ဆိုင်ကယ်တစ်စီး လိုင်စင်နဲ့မှ ၅ သိန်း မပြည့် တပြည့်ကြပါတယ်..။ နာမည်မရှိတဲ့ တရုတ်ဆိုင်ကယ် 125 လောက်တောင်မှ လိုင်စင်မပါရင် ၂ သိန်းခွဲ နဲ့ ၃ သိန်းကြားပဲ ပေးရပါတယ်) ဆိုလိုတာက မပြောပလောက်တဲ့ ငွေကို ကူညီတယ်လို့ ပြောချင်တာမဟုတ်ပါဘူး..။ ခယစ်ယန် ဘာသာဝင် ဘာသာရေးအယူအစ မတူညီတဲ့ Father တစ်ယောက် ဖြစ်နေပေမယ့် လူမျိုး၊ ဘာသာမရွေး ကောင်းမှုကို လုပ်တဲ့သူတိုင်းကို အားပေးတဲ့ စိတ်ဓာတ်ကို ကျွန်တော် ချီးကျူးလိုတာဖြစ်ပါတယ်..။
အချို့အချို့သော ဗုဒ္ဓဘာသာ ပါလို့ ကိုယ့်ကိုယ်ကို အော်ဟစ်နာမည်တပ်နေကြတဲ့ သူများမှာတော့ ၅ သိန်းတန် ဆိုင်ကယ်လောက်မပြောနဲ့ ငွေ ၅၀၀ လောက်တောင် တစ်ခါတစ်ရံမှာ အလှူအတွက် တွန့်ဆုတ်နေတတ်ကြပါတယ်…။ ဒီနေရာမှာ အဲ့ဒီ Father မဟုတ်ပဲ မိရိုးဖလာဗုဒ္ဓဘာသာ တစ်ယောက်ကိုသာ ကိုတိုးအနေနဲ့ အကူ အညီတောင်းမိမယ်ဆိုပါက..။ အင်း…။ အဲ…နဲ့…။ ဇာတ်မြောကြီး တစ်ခု ဖြစ်သွားနိုင်ပါတယ်…။ မိရိုးဖလာ ဗုဒ္ဓဘာသာများ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်သင့်ကြပါပြီ..။ လှူတယ်ဆိုတာ နာမည်ကြီးချင်ဖို့…။ လှူအထင်ကြီး ခံရဖို့…။ နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိတွေ၊ ၀ဏ္ဏတွေ ရဖို့အတွက်မဟုတ်ပါဘူး…။ တကယ်လိုအပ်တဲ့နေရာမှာ တတ်နိုင်သလောက် လှူဒါန်းဖို့က အဓိက ကျပါတယ်…။
ဒီလိုနဲ့ ကိုတိုးရဲ့ ကုသိုလ်လုပ်ငန်းဟာ ပိုပြီးတွင်ကျယ်လာပါတယ်…။ တစ်ယောက်ထဲ လုပ်နေရာကနေ လူငယ်တွေ တဖြေးဖြေးပူးပေါင်းပါဝင်လာ ပါတယ်..။ လူကြီးတွေ စိတ်ဝင်စားလာတယ်…။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကူညီလာတယ်..။ ဆွေးနွေးစရာ…။ တိုင်ပင်စရာ…။ စတိုင်ထုတ်စရာ…။ ရုံးခန်းတွေ မရှိပါဘူး။ သူတို့ရဲ့ အစည်းအဝေးစားပွဲက မည့်သည် လဘ္လရည်ဆိုင်မှ စားပွဲမဆို ဖြစ်နိုင်ပါတယ်။ ဘယ်သူက ခေါင်းဆောင်…။ ဘယ်သူက နောက်လိုက်ဆိုပြီး နေရာတွ မပါဘူး…။ ဘယ်သူက ဘာလုပ်မယ်…။ ဘယ်သူက ဘယ်လိုလုပ်မယ်ဆိုတာပဲပါတယ်…။ ဒီလိုနဲ့ သူတို့အဖွဲ့အစည်းလေး တစ်ခုအသွင်ဆောင်လာတယ်…။ နာမည် လေးတစ်ခုပေးလိုက်တယ်…။
နုလုံးလှကြယ်စင်….။
ကိုတိုးနဲ့ နုလုံးလှကြယ်စင်ရဲ့ သတင်းမွှေးပျံ့မှုဟာ အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့သွားတယ်…။ တစ်နေ့မှာ ဆရာတော် အရှင်ဇ၀န (စာရေးဆရာ မေတ္တာရှင် ရွှေပြည်သာ) ပြင်ဦးလွင်ကို ရောက်လာပါတယ်…။ နုလုံးလှကြယ်စင်အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကိုသိသွားတယ်..။ ဘာလိုအပ်လဲမေးတယ်…။ သူတို့ကလည်း ရိုးသားတယ်…။ ဆေးရုံက သွေးအလှူရှင်လိုရင် အရင်ကဆို ကိုတိုးရဲ့ ဆံပင်ညှပ်ဆိုင်ဘေးမှာ ရှိတဲ့ အများသုံးဖုန်းလေးကို ဆက်ပြီးပြောရတယ်..။ ဒီတော့ အပြန်အလှန်ဆက်သွယ်ဖို့ ခက်ခဲတယ်…။ ရိုးရိုးလေးပဲပြောလိုက်တယ်…။ ဖုန်းတစ်လုံးလိုတယ်…။ ဆရာတော်က ချက်ခြင်းပဲ လိုအပ်တဲ့ဖုန်းကို ၀ယ်ဖို့ ငွေ ၇ သိန်းချပေးလိုက်တယ်…။ (အဲ့ဒီ့အချိန်က GSM တစ်လုံး ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားပေါက်နေတဲ့အချိန်ပါ..။) CDMA တစ်လုံး သူတို့ဝယ်လိုက်တယ်..။ လုပ်ငန်းတွေ ပိုတွင်ကျယ်လာတယ်..။ သွက်လက်လာတယ်…။ ပထမဆုံး တစ်ယောက်…။ နောက်နှစ်ယောက်…။ သုံးယောက်…။ အသင်းသားတွေများလာတယ်…။ အခု ၇၀၀ ကျော်သွားခဲ့ပြီ…။
လိုအပ်သမျှသွေးတွေကို လိုအပ်တဲ့အချိန်မှာ လှူနိုင်အောင် ကြားဖြတ်စီစဉ်ပေးလို…။ နှစ်စဉ် ဒါမှမဟုတ် နေ့ထူးနေ့မြတ်တွေမှာ သွေးလှူပွဲတွေကျင်းပကြတယ်…။ သူတော်စင်တွေ သူတစ်ပါးရဲ့ အသက်ဆက်ဖို့အတွက် သူတို့ရဲ့ အသက်သွေးတွေကို လာလှူကြတယ်..။ တစ်ပုလင်း…။ နှစ်ပုလင်း…။ အခု…
မနေ့က ပြင်ဦးလွင်မှာ ကျင်းပတဲ့ တရားပွဲဟာ နုလုံးလှကြယ်စင်အသင်းရဲ့ သွေးပုလင်း (၁၆၀၀) မြောက် လှူဒါန်းနိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ တရားအလှူပါ…။ အဲ့ဒီ့ပွဲမှာ သူတို့အသင်းအပေါ် ကျေးဇူးတင်ရှိကာ တိုက်တွန်းအားပေးခဲ့တဲ့ ဆရာတော် ဇ၀န ကို ရအောင်ဖိတ်ကြတယ်…။ ဂရုဏာတရား ရှေ့ထား ပြီး ပွဲတွေဆက်…။ နေမကောင်းတွေ ဖြစ်နေတဲ့ကြားက ဆရာတော်က ဒီပွဲကို လက်ခံပေးခဲ့တယ်…။ အသင်းသူ အသင်းသားတွေ ပျော်မဆုံး…။ ပြင်ဦးလွင် မြို့သူ မြို့သားတွေ မော်မဆုံး…။ အစီအစဉ်ဖြစ်မြောက်အောင် ကူညီကြတဲ့ ရပ်မိရပ်ဖတွေက တပြုံးပြုံး…။ ပြင်ဦးလွင်တစ်မြို့လုံး အုံးအုံးကျွတ်ကျွတ်ထသွားတယ်…။ သြော်.. သာဿနာ့အရောင်ဟာ တကယ်ပဲ ထွန်းပြောင်လှ ပါပေတယ်….။
ပိုထူးခြားတာက ကိုတိုးသည် ဘယ်လက်လက်တွင် လက်ချောင်းလေးများ မရှိ(ငုတ်တိုလေးများသာရှိသည်)၊ ဘယ်ဘက် ခြေထောက် မရှိသော ဒုက္ခိတ တစ်ယောက် ဖြစ်နေခြင်းပင်…။ လူသာ ဒုက္ခိတ ဖြစ်သောလည်း စိတ်ဓာတ်ကား မြင့်မြတ်လှပါပေသည်…။
ဒါကတော့ ဒီတရားပွဲကို ကြီးမှူးကျင်းပတဲ့ နုလုံးလှကြယ်စင် သွေးလှူရှင်အသင်းရဲ့ နောက်ခံဖြစ်ရေးလေး တစ်ခုပဲ ဖြစ်ပါတယ်..။ မနေ့က ကျွန်တော်တရားပွဲကို ရောက်သွားတော့ ၇း၁၅ လောက်ရှိပါပြီ…။ လူတွေ..။ ဆိုင်ကယ်တွေ…။ တိုးမပေါက်အောင် စီကားနေပါတယ်…။ ကျွန်တော့်အတွက်ကတော့ ဒီအသင်းက လူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ဖို့ နေရာကောင်းတစ်ခုကို ရှေ့ဆုံးနားမှာ စီစဉ်ပေးပါတယ်…။
ပြင်ဦးလွင် ခဲလယ်ဘုန်းကြီးကျောင်းက တော်တော်လေးကျယ်ပါတယ်…။ တရားပွဲလုပ်ဖို့အတွက် အမိုးနဲ့ ရုံတစ်ခုလုပ်ပေးထားပါတယ်..။ ဘေးဘက်ကအပွင့်ပါ..။ လူတွေက အဲ့ဒီ့ ရုံနဲ့မဆံ့ပါဘူး..။ အချို့က ဘုန်းကြီးကျောင်းကွက်လပ်မှာ…။ အချို့က ဓမ္မာရုံပေါ်မှာ…။ ပွဲစီစဉ်သူတွေကလည်း တော်ပါတယ်…။ Projector ၃ ခု ထောင်ပေးထားပါတယ်…။ ရုံထဲမှာတစ်ခု…။ ကွက်လပ်မှာတစ်ခု..။ ဓမ္မာရုံထဲမှာ တစ်ခု…။
ဆရာတော် ကြွမလာခင် ပရိတ်သတ်ကို သူတို့က အစီအစဉ်တစ်ခုနဲ့ ပြသပြီး ဆွဲဆောင်ထားပါတယ်…။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူရဲ့ ရန်ကုန် နာရေးကူညီမှုအသင်းအကြောင်း ရိုက်ထားတဲ့ Documentary အစီအစဉ်ဖြစ်ပါတယ်…။ ရန်ကုန် နာရေးကူညီမှုအသင်းကို စတင်တည်ထောင်ချိန်ကနေ ယနေ့ အချိန်အထိ သူတို့အသင်းရဲ့ ဖြတ်ကျော်ခဲ့တဲ့သမိုင်းကြောင်းတွေ၊ အခက်အခဲတွေ၊ အောင်မြင်မှုတွေ၊ ပီတိတွေ၊ ကြေကွဲမှုတွေ၊ ရုန်းကန်မှုတွေ၊ ကြိုးစားအားထုတ်မှု တွေအကြောင်း ရိုက်ကူးထားပါတယ်..။ ကိုကျော်သူကိုယ်တိုင် နောက်ခဲ့စကားပြော Narrator အဖြစ် ပြောပြပါတယ်…။ တော်တော်လေးကို ကြည်နူးဖိုကောင်း၊ သံဝေဂရဖို့ကောင်း၊ သာဓုခေါ်ဖို့ကောင်းတဲ့ Documentary တစ်ခုလို့ ကျွန်တော် ခံစားမိပါတယ်…။ ဒီလို ပရဟိတ အသင်းအဖွဲ့တွေမှာ ကူညီ နေကြတဲ့ အသင်းသူအသင်းသားတွေ၊ တည်ထောင်သူတွေအတွက် ကျွန်တော်တော်တော်လေးကို ဂုဏ်ယူမိပါတယ်…။ လေးလည်း လေးစားမိပါတယ်…။
၈ နာရီ ၁၅ လောက်မှာ ဆရာတော် ကြွလာပါတယ်…။ ဆရာတော်ဟာ ကျွန်တော်ထင်ထားတာထက် ပိုပြီးငယ်ရွယ်ပါတယ်…။ ဒီနေရာမှာ ဆရာတော်ရဲ့ စာပေကို ကျွန်တော် စတင်သိကျွမ်းခဲ့ခြင်းအကြောင်းလေး နဲနဲပြောချင်ပါတယ်..။ ကျွန်တော် အရွယ်ရောက်စာကစပြီး စာဖတ်ရတာ တော်တော်ဝါသနာပါခဲ့ပါတယ်…။ ကျွန်တော့်ရဲ့ စာပေရင်းနှီး ကျွမ်းဝင်လာမှုနဲ့ ဖတ်ရှုတဲ့စာပေအမျိုးအစား ပြောင်းလဲလာမှုကို အလျဉ်းသင့်တဲ့အချိန်ကြမှ ကျွန်တော် Post တစ်ခုရေးပါဦးမယ်..။ စာရေးဆရာ မေတ္တာရှင် (ရွှေပြည်သာ) ဆိုတာ အရင်က ကျွန်တော် ရေးတေးတေးကြားဖူးပါတယ်…။ ကျွန်တော် များသောအားဖြင့် ဘုန်းကြီးတွေရေးတဲ့ စာတွေ ဖတ်ခဲပါတယ်..။ ကျွန်တော်ပဲ အ၀ိဇ္ဇာတွေ ဖုန်းနေလို့လား (ရိုးရိုးပြောရရင် ဖင်ခေါင်းကျယ်တာပေါ့ဗျာ) ဘာလားတော့ ကျွန်တော် မသိဘူး..။ ဆရာတော်တွေ ရေးတဲ့ စာတွေကို ကျွန်တော် သိပ်ပြီးတော့ လေးလေးနက်နက်မရှိလှပါဘူး..။ ပွင့်ပွင့်လင်းလင်းပြောရရင် အချို့စာရေးနေတဲ့ ဆရာတော်တွေရဲ့ အာဘော် နဲ့ အပြုအမူတွေကို ကျွန်တော် (လုံးဝ) မကြိုက်ပါဘူး..။ ဆရာကြီးလေသံတွေ လိုအပ်တာထက် ပိုပါနေတယ်လို့ ကျွန်တော် ခံစားရပါတယ် (ငရဲကြီးချင်လည်း ကြီးပေါ့ဗျာ ဘယ်တတ်နိုင် မလဲ ခံစားရတာကို အမှန်အတိုင်းပြောတာ..။ ဆရာတော်ကို ဝေဖန်တယ်ဆိုတာထက် သူတို့ရဲ့ ကလောင်၊ အရေးအသားနဲ့၊ အာဘော်ကို မကြိုက်တာပါ။) ဒီတော့ မဖတ်ဖြစ်ပါဘူး..။
ဒါပေမယ့် တစ်နေ့မှာ ကိုမင်းညွှန့်က ကျွန်တော့်ကို မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ စာအုပ်လေး နှစ်အုပ်လက်ဆောင်ပေးပါတယ်..။ ညီလေး စာဖတ်တာ ၀ါသနာပါလား။ ပါရင် ဒါလေး ဖတ်ကြည့်ပါလားလို့ ပြောပါတယ်..။ ကျွန်တော် ဖတ်လေ့မရှိတဲ့ ဆရာတော်တွေရေးတဲ့ စာအုပ်ဖြစ်တဲ့အတွက်ကြောင့် ဘာမှပြောမနေပဲ ဟုတ်ကဲ့ပါဆိုပြီး ယူထားလိုက်ပါတယ်…။ ဒါပေမယ့် ကျွန်တော် စဖတ်မိတဲ့အချိန်မှာ လက်ထဲက မချနိုင်လောက်အောင် ဖြစ်သွားတယ်…။
အဓိက သတိထားမိသွားတာက ..။ ဆရာတော်ရဲ့ ရိုးသားတဲ့စိတ်ရင်း…။ ရှင်းလင်းတဲ့အရေးအသား…။ ဘာသောရေးအယူဝါဒတစ်ခုထဲမဟုတ်ပဲ ခေတ် (သိပ္ပံပညာ၊ ခေတ်မှီအတွေးအခေါ်) နဲ့ လျှော်ညီအောင် သုံးသပ်ပြပုံ…။ သူ့နုလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက လာတဲ့ ဆရာကြီးလုပ်တာမဟုတ်ပဲ တကယ် သိစေချင်တဲ့ စေတနာကို ကျွန်တော် ချက်ခြင်း ခံစားမိသွားပါတယ်။ (ဆရာကြီးလုပ်တော့ရော ဘာဖြစ်လဲကွာ..။ သူက ဘုန်းတော်ကြီးပဲ…။ မရပါဘူး..။ ကျွန်တော် ခံစားလို့မရရင် ဘုန်းကြီးပြောစကားလည်း နားမထောင်ပါဘူး၊ မိဘပြောတာလည်း နားမထောင်ပါဘူး။ ခံစားလို့ရရင် သူငယ်တန်း ကလေး ပြောလည်း သေသေချာချာနားထောင်ပါတယ်…။ အရူးပြောလည်း သေသေချာချာ မှတ်သားပါတယ်…။ သူတောင်းစားပြောလည်း လက်ခံပါတယ်..။ )  အဲ့ဒီ့အချိန်က စပြီး ကျွန်တော် ဆရာတော်ရဲ့ အတွေးအခေါ်၊ အရေးအသားနဲ့ ကလောင်စွမ်းကို တော်တော်ကြည်ညိုသွားပါတယ်…။
အဲ့ဒါကြောင့်ပဲ ပြီးခဲ့တဲ့ စနေနေ့က ပေတဒါနပွဲမသွားခင် ကိုမင်းညွှန့်က ညီလေးလာမှာလား ဆရာတော် တရားပွဲရှိတယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော် တော်တော် လေးကို ၀မ်းသာသွားခဲ့ပါတယ်..။ မဖြစ်မနေသွားမယ်လို့လဲ ဆုံးဖြတ်ခဲ့ပါတယ်…။
ဆရာတော်က လူငယ်ပီသပါတယ်…။ ဟာသရသကိုလည်း တန်ဖိုးထားပုံရပါတယ်…။ (ဘုန်းကြီးဆိုတော့ကာ ပျော်ပျော်နေတတ်ပုံရတယ်လို့ ရေးလို့ကလည်း မဖြစ်ဖူး လေဗျာ) မနေ့က အဓိက ဟောသွားတဲ့အကြောင်းအရာတွေက ကံငါးပါးကို လုံခြုံအောင် ထိမ်းသိမ်းဖို့…။ ထိုသို့ထိမ်းသိမ်းရခြင်းရဲ့ အကျိုး နဲ့ …။ သရဏဂုံ သုံးပါးဆောက်တည် ခြင်းရဲ့ အကျိုးတွေကို ဟောကြားသွားပါတယ်…။ ကြားထဲမှာ ဟာသလေးတွေ (ဟာသဆိုပေမယ့် တန်ဖိုးရှိတဲ့ ဟာသလေးတွေပါ) ထည့် ပြော သွားလိုက်…။ အတွေ့အကြုံအဖြစ်အပျက်လေးတွေကို ပြောပြလိုက်နဲ့ တော်တော်လေး ကြည်ညိုဖို့ကောင်းပါတယ်…။ ဆရာတော့်ရဲ့ တရားတော်ထဲမြောသွားတာ ရုံးက ပြန်လာလာခြင်း အိပ်ရေးတွေပျက်လို့ မှေးကနေ အိပ်ပျော်သွားရာကနေ ၇ နာရီထိုးခါနီးမှ နိုးပြီး အပြေးအလွှားလာရလို့ ဘာမှ မစားဖြစ်ပဲ ဆာလောင်နေတဲ့ ကျွန်တော့်ရဲ့ ဒုက္ခကိုတောင် မေ့သွားပါတယ်….။
ဆရာတော် ဟောကြားသွားတဲ့အထဲက ကျွန်တော် အနှစ်ချုပ် အချို့ကို နဲနဲပြောပြပါ့မယ်…။
ကံငါးပါးထဲက ပထမဆုံးအချက်ဖြစ်တဲ့ သူ့အသတ် မသတ်ဖို့ကို ခေတ်နဲ့ လျှော်ညီစွာ ဆရာတော် ဟောကြားသွားပုံက စိတ်ဝင်စားဖို့ကောင်းပါတယ်..။ လောကမှာ ရှိတဲ့ လူအပါအ၀င် သတ္တ၀ါအပေါင်း တန်ဖိုးအထားဆုံးအရာဟာ မိမိတို့ရဲ့အသက်ပဲ ဖြစ်ပါတယ်…။ ဒီတော့ သူ့အသက်ကို မသတ်ခြင်း…။ သူ့အသတ် သတ်ဖို့ ရှောင်ကျဉ်ခြင်းဟာ..။ တစ်နည်းအားဖြင့် အသက်ကို အလှူပေးတာနဲ့ တူပါတယ် (ဒီအချက်ကို ကျွန်တော် တော်တော် သဘောကျသွားပါတယ်)။ အသက်ကို အလှူပေးတယ်ဆိုမှတော့ အခြားသော ဒါန ကုသိုလ်တွေထက် အဆပေါင်းများစွာ မြတ်သွားပါပြီ…။
လူတွေဟာ အေးချမ်းခြင်ကျပါတယ်…။ တကယ်လို့ သူများပစ္စည်းကို ခိုးတယ်ဆိုရင်..။ အခိုးခံရတဲ့သူတွေဟာ ပူလောင်ကြရပါတယ်..။ ခိုးတဲ့သူလည်း ဟိုလူ့လန့်ရ၊ ဒီလူ့ကြောက်ရနဲ့ ပူလောင်ရပါမယ်..။ ဒီလို ခိုးမယ့်သူတွေသာ မရှိဘူးဆိုရင်…။ လူတွေဟာ စိုးရိမ်စရာ၊ ထိတ်လန့်စရာ၊ ပူလောင်စရာ မလိုတော့ပါဘူး..။ ဒါကြောင့် ဒီလိုမခိုးခြင်းဟာ လူတွေရဲ့ နုလုံးသား အေးချမ်းမှုကို ပေးလှူတာနဲ့ တူပါတယ်…။ (ကျွန်တော်ကတော့ အထက်က သူ့အသတ် မသတ်နဲ့ အချက်နဲ့ ဆက်စပ်ပြီး မခိုးခြင်းဟာ တစ်နည်းအားဖြင့် ဥစ္စာပြန်လှူတာနဲ့ တူတယ်လို့ ခံစားရပါတယ်)
လိမ်ပြောတာ နဲ့ သူများသားမယားကို ပြစ်မှားတာကတော့ ကျွန်တော် ဒီနေရာမှာ အကျယ်ချဲ့ပြီး မပြောတော့ပါဘူး…။
အရက်သေစာသောက်စားတာနဲ့ ပတ်သတ်လို့ ဆရာတော်က ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အရက်မူးကာ အဖေကိုသတ်တဲ့ အဖြစ်ပျက်၊ အမေကို မသေမချင်း ဓားနဲ့ ထိုးသတ်တဲ့ ဖြစ်ရပ်နဲ့၊ အရက်အလွန်အကျွံသောက်ခြင်းကြောင့် စိတ်ဖောက်ပြန်သွားရတဲ့ လူတွေအကြောင်း ရှင်းပြသွားပါတယ်…။ ကံငါးပါးကို စောင့်ထိမ်းလို့ ငါးပါးသီလယူပြီးတဲ့အချိန်မှာတင် တစ်ခါထဲ ရဟန္တာဖြစ်သွားတဲ့ ဘုရားရှင်လက်ထပ်က (၅) နှစ်သား ကိုရင်လေး တစ်ပါးအကြောင်းလည်း ဟောကြားသွားပါတယ်..။
ဒါက ကံငါးပါးနဲ့ ပါတ်သတ်လို့ဖြစ်ပါတယ်..။ သရဏဂုံသုံးပါးနဲ့ ပါတ်သတ်ပြီးဟောရာမှာတော့ ကျွန်တော့်အတွက် ပိုစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်…။
အဘယ့်ကြောင့်ဆိုသော်….။ ကျွန်တော် ဘုရားမရှိခိုးတာ ၁၀ တန်းဖြေပြီးကတည်းကပါ..။ ကျောင်းသားဘ၀တုန်းကတော့ အတန်းထဲမှာ မနက်တိုင်း ဘုရားရှိခိုး ရတဲ့အတွက် ရှိခိုးဖြစ်ပါတယ်..။ ဒါပေမယ့် ကျောင်းသားဘ၀ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ယနေ့အချိန်အထိ ကျွန်တော် ဘုရားမရှိခိုးဖြစ်ခဲ့ပါဘူး (ဘုရားတွေ ဘာတွေ သွားရင် ဦးချတာလောက်တော့ လုပ်ပါတယ်) ဘုရားမရှိခိုးရခြင်း အကြောင်းအရင်းကတော့ ဘုရားရှိခိုးထဲမှာ ကျွန်တော်နားမလည်တဲ့ ပါဌိတွေနဲ့ ရေးထားတဲ့ ဂါထာတွေ၊ မဆီမဆိုင် ပင့်ဖိတ်ထားတဲ့ နတ်တွေရဲ့ ဂုဏ်တော်တွေကို ကျွန်တော် မရွတ်ချင်လို့ ဖြစ်ပါတယ်..။ ကျွန်တော့်ရဲ့ ခံယူချက်အရ ဘုရားရှိခိုးတယ်ဆိုတာ ဘုရားကို တကယ်ကြည်ညိုလို့…။ တရားရဲ့အနှစ်သာရ (ကိုယ်ရွတ်လိုက်တဲ့ ဘုရားစာရဲ့ အဓိပ္ပါယ်) ကိုသိလို့ ပဲ ဖြစ်သင့်ပါတယ်…။ ဒီလိုမှ မဟုတ်ပဲ ငယ်ငယ်လေးက တည်းက အမေတွေ၊ အဘွားတွေက နှုတ်တိုက်ချက်ပေးထားလို့ အလွတ်ရနေတဲ့ စကားလုံးတွေကို နှုတ်ကနေ ကြက်တူရွေးစာရွတ်သလို ရွတ်နေရင်တော့ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်ယုံကြည်လို့ပါ။ (အဓိပ္ပါယ်ကို တကယ်သိကာ လေးလေးနက်နက် ၀တ်ပြု ရွတ်ဖတ်သူများကို မဆိုလိုပါ) သြကာသ က စလို့ အာမဘန္တေ ရောက်သွားလို့ အာမဘန္တဆိုတာ ဘာအဓိပ္ပါယ်မှန်း မသိတဲ့လူတွေရဲ့ ဘုရားဝတ်ပြုမှုမျိုးကတော့ ကျွန်တော် သဘောမတွေ့တာ အမှန်ပဲ ဖြစ်ပါတယ်။
သို့သော်….။ ကျွန်တော် အရွယ်ရောက်လာတဲ့ အချိန်ကစလို့ အခုချိန်ထိ စွဲမြဲစွာ လုပ်ဖြစ်ခဲ့တဲ့ အလုပ်တစ်ခုတော့ ရှိပါတယ်..။ အဲ့ဒါ သရဏဂုံတည်တာပါပဲ..။ ဗုဒ္ဓံ= မြတ်စွာဘုရားကို ၊ သရဏံ = ကိုးကွယ်ဆည်းကာရာ ဟူ၍၊ ဂစ္ဆာမိ = ကိုးကွယ်ဆည်းကပ်ပါ၏ …။ ဓမ္မံ = တရားတော်မြတ်ကို…။ သရဏံ = ကိုးကွယ်ဆည်းကပ် ရာဟူ၍၊ ဂစ္ဆာမိ = ကိုးကွယ်ဆည်းကပ်ပါ၏…။ သံဃံ = သံဃာတော်မြတ်ကို…။ သရဏံ = ကိုးကွယ်ဆည်းကပ်ရာဟူ၍…။ ဂစ္ဆာမိ = ကိုးကွယ်ဆည်းကပ်ပါ၏…။
တိုးတောင်းပါသည်…။ သို့သော် အနှစ်သာရ ပြည့်ဝလွန်းသည်…။ အဓိပ္ပါ့ယ်များနက်ရှိုင်းလွန်းသည်…။ ကျွန်တော် တစ်နေ့တာအတွင်း မျက်စိနှလုံးဖွင့်လိုက်ချိန်တိုင်း နဲ့ မျက်စိနှစ်လုံးပိတ်လိုက်ချိန်တိုင်းမှာ သရဏဂုံ သုံးပါးကို သုံးခေါက်စီ ရွတ်ပါတယ်…။ လက်အညောင်းခံပြီး မျက်စိနှစ်လုံးအဖွင့်အပိတ်လုပ်တဲ့ အကြောင်းကို ရေးရ ခြင်းက အကြောင်းရှိပါတယ်…။ အိပ်ယာက နိုးတိုင်း..။ ညအိပ်တိုင်းကို ကျွန်တော် ဆိုလိုခြင်းဟုတ်သောကြောင့် ဖြစ်ပါတယ်..။ ကျွန်တော့်အတွက် အကျင့် ဖြစ်သွားခြင်းဖြစ်ပါတယ်..။ ဥပမာ တစ်ယောက်ယောက်က ကျွန်တော့် မျက်နှာရှေ့က လက်နဲ့လှမ်းယမ်းလိုက်လို့ မျက်စိ အလိုလိုမှိတ်သွားတဲ့အချိန်မှာလည်း ကျွန်တော် သရဏဂုံ သုံးပါးရွတ်ပြီးသားဖြစ်သွားပါတယ်..။ တစ်ခါတစ်လေ ပင်ပန်းလို့ ခုံပေါ်မှာ ခဏလေး မှောက်ချလိုက်တဲ့အချိန်တိုင်းနဲ့ ပြန်ထလိုက်တဲ့ အချိန်တိုင်း မှာလည်း သရဏဂုံ ရွတ်ပြီးသား ဖြစ်နေတတ်ပါတယ်..။ အိပ်ယာက နိုးပြီလို့ ကိုယ့်ကိုယ်ကို သိတာနဲ့ သရဏဂုံ သုံးပါး သုံးခေါက်ရွတ်ပြီးမှ ကျွန်တော်ထပါတယ်..။
အစပိုင်းကတော့ တမင်တကာ ရွတ်ဆိုခဲ့တာဖြစ်ပြီး..။ နောက်ပိုင်းမှာတော့ အကျင့်တစ်ခုအနေနဲ့ လုံးဝကို စွဲသွားတာ အခုချိန်ထိပါ….။
ဆရာတော်က သရဏဂုံ သုံးပါးကို ကိုးကွယ်ဆည်းကပ်ရုံနဲ့ အပ္ပါယ်တံခါးပိတ်တယ်လို့ ပြောပါတယ်..။ နောက်တစ်ခါသူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပါတယ်..။
လူနာတစ်ယောက် (ကျွန်တော်နာမည်မေ့သွားပြီ..။ အဲ့ဒီ့လူရဲ့ နာမည်နဲ့ ပေးစာ အခုနောက်ဆုံးထွက်မယ့် ဆရာတော့်ရဲ့ စာအုပ်ကြရင် ပါပါလိ့မ်မယ်) ကင်ဆာရောဂါ ဖြစ်နေခဲ့ပါတယ်..။ နုစဉ်အချိန်က ဓာတ်ကင်ရင် ပျောက်မယ်လို့ ဆရာဝန်တွေကပြောပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်မကင်ပဲ ဆေးမှီးတိုနဲ့ ပဲ မှီဝဲနေခဲ့ပါတယ်…။ တကယ်တမ်းရောဂါ ရင့်လာချိန်ကျမှ ဓာတ်ကင်ချင်တယ်ဆိုပြီး ဆရာဝန်တွေကို ပူဆာပါတယ်..။ ဆရာဝန်တွေက ဒီအချိန်ရောက်မှ အာမ မခံ တော့ ကြောင်းပြောပါတယ်…။ လူနာက အာမ မခံလည်း ကင်ပေးပါလို့ပြောတဲ့အတွက် နောက်ဆုံးဓာတ်ကင်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ဆရာဝန်တွေက ပြောပါတယ်…။ အများဆုံး နောက်ထပ် ၂ ပါတ် ပါပဲတဲ့…။ ဖြစ်တာက လည်ချောင်းကင်ဆာပါ..။ အစာစားလည်းနာ..။ အရည်သောက်လည်းနာ..။ စကားလည်း ကောင်းကောင်းပြောလို့မရ…။ ဒီလိုနဲ့ လူနာဟာ ဆေးရုံကတင်ပေါ်မှာ ဒုက္ခဆင်းရဲကို တော်တော်ခံစားခဲ့ရပါတယ်…။ အဲ့ဒီ့အချိန်မှာ လူနာရဲ့ မိတ်ဆွေ တစ်ယောက်က လူနာဖတ်ဖို့ဆိုပြီး ဆရာတော်ရဲ့ စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးလိုက်ပါတယ်…။ (သရဏဂုံအကြောင်းရေးထားတဲ့ စာအုပ်ပါ..။ ကျွန်တော်ကိုယ် တိုင်လည်း ဆရာတော်ရဲ့ စာအုပ်တွေကို စုံအောင် မဖတ်ဖူးတာက တစ်ကြောင်းကြောင့် စာအုပ်နာမည်ကို သေသေချာချာမမှတ်မိလိုက်ပါ)
အဲ့ဒီ့လူနာက စာအုပ်ဖတ်ပြီးသွားတဲ့အချိန်မှာ သတ္တိရှိသွားပါတယ်…။ ဘာသတ္တိလဲ…။ သေရဲဖို့ သတ္တိပါ..။ အားကိုးရသွားလို့ ဖြစ်ပါတယ်..။ သရဏဂုံတည်ရင်…။ နောက်ဆုံးသေခါနီး ဇောမှာ သရဏဂုံတည်သွားရင် သူဘယ်လိုမှ အပ္ပါယ်မကျနိုင်တော့ဘူးဆိုတာ သိသွားလို့ပါ။ ဒီလိုနဲ့ သူအဲ့ဒီ့အချိန်က စပြီး အချိန်တိုင်း သရဏဂုံကို ရွတ်ဖတ်ပူဇော်နေခဲ့ပါတယ်..။ လူတို့၏ သဘောအရ အမြဲတမ်းသရဏဂုံကို ရွတ်နေသောကြောင့် သတိကပ်လာပါတယ်..။ သတိကပ်လာတဲ့ အတွက် သမာဓိကောင်းလာပါတယ်..။ သမာဓိ ကောင်းလာတဲ့အတွက် စိတ်ကြည်လာပါတယ်..။ စိတ်ကြည်လာတာနဲ့ အမျှ ဒီစိတ်ကို အမှီသဟဲ ပြုပြီးနေနေရတဲ့ ခန္ဓာ ကိုယ်ကြီးကလည်း ကျန်းမာလာပါတယ်…။ နောက်ဆုံး လုံးဝကို ကင်ဆာရောဂါ ပျောက်ဆုံးသွားပါတယ်….။ အဲ့လိုပျောက်သွားတဲ့အတွက် ထိုလူမှာက ဆရာတော် ဆီ ကိုယ်တိုင်ကိုယ်ရောက်လာဖူးမြှော်ပြီး ကျေးဇူးတင်ကြောင်းလျှောက်ပါတယ်..။ ဒ့ါအပြင် သူ့ရွာကိုလည်း နှစ်တိုင်း လာရောက် တရားဟောပေးဖို့ ဖိတ်ကြားပါတယ် (အဲ့ဒီ့လူနာရဲ့ ရွာနာမည်နဲ့ ..။ အဲ့ဒီ့ရွာနဲ့ ကပ်လျှက်မှာရှိတဲ့ ရွာအားလုံးရဲ့ နာမည်အကြောင်း ဆရာတော်ဟောတာ တော်တော်ရယ်ဖို့ကောင်းပါတယ်..။ အသံဖိုင်ထဲ မှာ နားဆင်နိုင်ပါတယ်..။)
ဒီနေရာမှာ ကြားဖြတ်တစ်ခုပြောချင်ပါတယ်..။ တစ်သက်လုံး အကုသိုလ်တွေ မကောင်းမှုတွေလုပ်ပြီး သေခါနီးကျမှ ဘုရားကိုအာရုံပြုရုံ (အပေါ်က စာအရဆို သရဏဂုံကို အာရုံပြုရုံ) နဲ့ အပ္ပါယ်က လွတ်ရောလား…။ အဓိပ္ပါယ်မရှိတာ..။ လို့ဆိုလာရင် ကျွန်တော်တစ်ခုပြောချင်ပါတယ်…။ ဘယ်သူမဆို ၀ဋ်ကနေတော့ မလွတ် နိုင်ပါဘူး (ဘုရားရှင်ကိုယ်တော်တိုင်မှ ၀ဋ်ကမလွတ်ကင်းနိုင်ခဲ့ပါဘူး) ဒါပေမယ့် အပ္ပါယ်ကတော့ လွတ်နိုင်ပါတယ်..။ အပ္ပါယ်ကနေ ဘယ်လိုမှမလွတ်နိုင်တဲ့ကံ ကတော့ ပဉ္စာနန္ဒိယကံ တစ်ခုပဲရှိပါတယ်..။ ပဉ္စာနန္ဒိယကံဆိုတာ ဘုရား၊ သံဃာ၊ ဓမ္မ၊ ဆရာ၊ မိဘ တို့ကို စော်ကား ပြစ်မှားလို့ ဖြစ်တဲ့အပြစ်ကို ဆိုလိုပါတယ် (ဆရာကြီး လုပ်တာမဟုတ်ပါဘူး မသိသေးတဲ့ လူငယ်တွေ ဖတ်မိရင် သိအောင်လို့ပါ) အဲ့ဒီ့ ကံက လွဲလို့ အခြားကံများဟာ နောက်ဆုံး ထွက်သက်ဇောမှာ ဘုရားကိုကြည်ညိုတဲ့ စိတ်၊ တရားကိုကြည်ညိုတဲ့စိတ်၊ သံဃာကိုကြည်ညိုတဲ့စိတ်ဖြစ်ရင် အပ္ပါယ်မလားပါဘူး…။
ဆရာကြီးဦးရွှေအောင်ရေးသားတဲ့ ဓမ္မပဒ စာအုပ်မှာ ဘုရားရှင်ဟောကြားခဲ့တဲ့ ပုဏ္ဏားရဲ့ သားအကြောင်း ကျွန်တော် ပြောပြပါ့မယ်..။ ဖတ်ထားတာ ကြာပြီဆိုတော့ နာမည်တွေတော့ ကျွန်တော် မမှတ်မိပါဘူး..။ အဲ့ဒီ့ ပုဏ္ဏားလင်မယားဟာ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ အလှူအတန်းမလုပ်ခဲ့ဖူးပါဘူး…။ (တစ်ခါဆို တစ်ခါမှ ပါ) ဒီလိုနဲ့ တစ်နေ့မှာ သူတို့မှာ သားဦးလေး တစ်ယောက်မွေးဖွားလာပါတယ်…။ အဲ့ဒီ့သားလေးကိုလည်း သူတို့ရဲ့ ထုံးစံအတိုင်း ဘာကုသိုလ်မှ အလုပ်မခံကျပါဘူး…။ ဒီလိုနဲ့ အဲ့ဒီ့သားလေး သိတတ် စအရွယ်ရောက်လာတဲ့အချိန်မှာ အကြီးအကျယ် နေမကောင်းဖြစ်ပါတယ်..။ ဒီ ကလေးဟာ သေတော့မှာပါ…။ ဒီအခြေအနေကို မြတ်စွာဘုရားဟာ သူ့ရဲ့အတုမရှိ ဥာဏ်တော်နဲ့ ဆင်ခြင်သိတော် မူပါတယ်..။ ဒါ့အပြင် ဒီကလေးဟာ ဘ၀ပေါင်းများစွာက ပါရမီရှိတဲ့ကလေး ဒီဘ၀မှာတင် သောတပန်တည်ကာ နိဗ္ဗာန်သို့ လှမ်းတော့ မယ့်သူဖြစ်တဲ့အကြောင်း သိသွားပါတယ်…။ ဒီအတိုင်းသေရင်တော့ သောတပန်မဖြစ်နိုင်ပါဘူး.. မသေခင် ကုသိုလ်စိတ်လေးတစ်ခုတော့ နောက်ဆုံးလို အပ်နေတာကို သိတဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားဟာ မဟာဂရုဏာတော် အပြည့်နဲ့ အဲ့ဒီ့ ပုဏ္ဏားရဲ့ အိမ်ကို ဆွမ်းခံကြွတော်မူပါတယ်…။ မြတ်စွာဘုရား ဆွမ်းခံကြွလာတာကို မြင်ပေမယ့် ပုဏ္ဏားလင်မယားက ထွက်လှူခြင်းမရှိပါဘူး…။ ဒါပေမယ့် မြတ်စွာဘုရားကို နေမကောင်းဖြစ်နေတဲ့ ကလေးက တွေ့သွားပြီး ..။ သူ့စိတ်ထဲမှာ ကြည်ညိုစိတ်တွေနဲ့ ပီတိတွေ အရမ်းဖြစ်သွားပါတယ်…။ အဲ့ဒီ့ခဏမှာပဲ ကလေးဟာ သောတပန် တည်သွားပါတယ်..။ သောတပန်တည်ပြီးတာနဲ့ တပြိုင်နက်မှာပဲ ဒီကလေးဟာ ဆုံးပါးသွားပါတယ်..။ ဆိုလိုချင်တာက မည်သို့ပင် ကုသိုလ်တွေမရှိပါစေ၊ အကုသိုလ်တွေများပါစေ နောက်ဆုံးသေခါနီး စိတ်က အရေး အကြီးဆုံးဖြစ်ကြောင်းပြောချင်တာပါ…။ (ပထမတော့ ကျွန်တော်ရေးမပြပဲ ဆရာကြီး ဦးရွှေအောင်ရေးတဲ့ ဓမ္မပဒ စာအုပ်ကို ရှာဖတ်ခိုင်းမလို့ပါပဲ…။ ဒါပေမယ့် ဒီစာအုပ်က ရှာဖို့မလွယ်နိုင်တာကို သိလို့ ကျွန်တော်ပဲ ဓမ္မအလှူအဖြစ် ရေးပြလိုက်တာပါ။)
ဆရာတော်က ပထမပိုင်း တရားဟောပြီးသွားတဲ့အချိန်မှာ ခဏအနားယူပါတယ်…။ တော်တော်လည်း နေမကောင်းဖြစ်နေပါတယ်..။ ချောင်းတွေဆိုးပြီး မျက်စိလည်း နာနေပါတယ်..။ ခါးလည်းကိုက်နေပါတယ်..။ ဘာကောင်းလည်း..။ ဘာမှမကောင်းပါ..။ မီးရှို့ပြစ်ဖို့သာကောင်းတယ်လို့ သူ့ဘသာသာသူပြောပါတယ်..။ ဆရာတော် ခဏ နားသွားတဲ့အချိန်မှာ ဂျပန်ဆူနာမီအကြောင်းပြပါတယ်…။ ဗုဒ္ဓဂါယာအကြောင်းပြပါတယ်…။ တိရစ္ဆာန်တွေကို သတ်တဲ့ ဗီဒီယိုပြပါတယ် (ဟိုတစ်ခါတောင် Facebook မှာ အဲ့ဒီ့ ဗီဒီယိုတွေ့လို့ ကျွန်တော်တောင် Download ချထားတာ ရှိပါတယ်..။ ကြည့်ချင်တယ်ဆို ပြန်ရှာပြီး တင်ပေးပါ့မယ်) ၊ နောက်ပြီး အသက် ၁၁၉ နှစ်ရှိပြီ ဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမယ်အိုကြီးအကြောင်းပြပါတယ်..။ အကုသိုလ်တွေ များလွန်းလို့ မွေးလာတဲ့အခါ မျက်လုံးနှစ်လုံး နေရာမှာ သွေးခဲကြီး နှစ်ခုပါ..။ လက်တွေ ခြေတွေ အကုန်ပုပ်ယောင်..။ နှုတ်ခမ်းတွေလည်း ဖူးယောင်ပုပ်ပွနေတဲ့ ယိုးဒယားမှာမွေးခဲ့တဲ့ ကလေးလေးရဲ့ ဗီဒီယိုကိုလည်းပြပါတယ် (ကလေးက လပိုင်းသားလေးပဲ ရှိပါသေးတယ်..။ မြန်မာပြည်မှာလည်း အဲ့လိုတစ်ယောက်မွေးဖူးတယ်လို့ ပြောပါတယ်)
ဂျပန်ဆူနာမီအကြောင်းပြရင်း ဆရာတော်ထပ်မံရှင်းပြတဲ့ သူ့အသတ် သတ်တဲ့ကံနဲ့ ဆက်စပ်ပုံက သိပ္ပံနည်းကျကာ စိတ်ဝင်စားဖို့ကောင်းပါတယ်..။ ကျွန်တော်တို့ သတ္တ၀ါတစ်ကောင်ကို သတ်လိုက်တိုင်း အဲ့ဒီ့ ခန္ဓာကိုယ်က မီသိန်း ဓာတ်ငွေ့တွေထွက်ပါတယ် (သူ့ဘာသာသူသေရင် မထွက်ပါဘူး)။ အဲ့ဒီ့မီသိန်းဓာတ်တွေဟာ ပျောက်ကွယ်မသွားပဲ..။ နောက်ထပ် ထပ်ကာထပ်ကာအသတ်ခံရတဲ့ ခန္ဓာကိုယ်တွေက မီသိန်းဓာတ်တွေနဲ့ ပေါင်းသွားပါတယ်..။ အဲ့ဒီ့ မီသိန်း ဓာတ်တွေများလာတဲ့ အခါ အိုဇုန်းလွှာကို တိုက်ရိုက်ဒုက္ခပေးပါတော့တယ်..။ အဲ့ဒီ့မှာ အပူအအေး လွန်ကဲမှုတွေ၊ လေမှုန်တိုင်းတွေ၊ ရေကြီးတာတွေ စတဲ့ သဘာဝဘေးအန္တာရယ်တွေ ဖြစ်ပေါ်လာပါတယ်..။ ဆရာတော် ဟောပြောချက်အရင် ဂျပန်နိုင်ငံဟာ သားအများဆုံးသတ်တဲ့ နိုင်ငံ (အထူးသဖြင့် ကိုဘေးမြို့) လို့ သိရပါတယ်..။ ကိုဘေးက ထွက်တဲ့ အသားစည်သွတ်ဗူးဟာ ကမ္ဘာမှာ နာမည်ကြီးတယ်လို့သိရပါတယ်..။ ကမ္ဘာနဲ့ချီပြီးဖြန့်တဲ့ အတွက် ကိုဘေးမှာ သတ်တဲ့ အကောင် အရေအတွက်မပြောနဲ့..။ တစ်ရက်ကို ရန်ကုန်မှာရှိတဲ့ လူဦးရေ ၅ သန်းနီးပါး (၅ သန်းကျော်လားမသိဘူး) အတွက် တစ်ရက်ကို ရန်ကုန်မြို့မှာတင် ၀က်အကောင်ရည် ၂၀၀၀၀ ကျော်သတ်နေပါတယ်…။ မြင်းခြံလိုမြို့သေးမျိုးမှာတောင် တစ်ရက်ကို ၀က်အကောင်ရေ ၇၀၀ ကျော်သတ်နေတယ်လို့ သိရပါတယ်…။ ဒီပမာဏဆို မီသိန်း ဓာတ်ငွေ့တွေ ဘယ်လောက်ထွက်မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်…။ ဒီလိုတွေကြောင့် ဂျပန်ဆူနာမီလို သဘာဝဘေးအန္တာရယ်မျိုး၊ မြန်မာပြည်က နာဂစ်လို ကပ်ဆိုးမျိုး တွေ ပေါ်ပေါက်လာခဲ့ပါတယ်..။
ကြားဖြတ်အနေနဲ့ ဆရာတော်ပြောတဲ့ လူ့သက်တမ်းအကြောင်းလည်း ပြောပြလိုပါတယ်..။ လူ့အသက် စစ ခြင်းဟာ သက်တမ်း ၈၀၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့အချိန်က လူတွေဟာ အသီးအနှံကိုသာစားတဲ့ အတွက် ရောဂါသုံးမျိုးကလွဲလို့ ဘာမှမဖြစ်ဖူးလို့သိရပါတယ်..။ အဲ့ဒီ့ရောဂါသုံးမျိုးက လိုချင်တဲ့ လောဘရယ်..။ အိုမင်းသွားတဲ့ ဇရာရယ်…။ သေဆုံးသွား ခြင်းရယ်ပဲ ဖြစ်ပါတယ်..။ အဲ့ဒီ့နောက်ပိုင်း လူတွေအသားစစားလာတဲ့အချိန်မှာ သက်တမ်း ၄၀၀၀၀ အထိ ထိုးဆင်းသွားပါ တယ်..။ စပြီးခိုးကြဖွက်ကြတဲ့အချိန်မှာ ၂၀၀၀၀ အထိဆင်းသွားပါတယ်..။ မုသာဝါဒ တွေကျူးလွန်တဲ့အချိန်မှာ ၈၀၀၀ လောက်အထိ ခုန်ချသွားပါတယ်..။ ဒီလိုနဲ့ ဆင်းလာလိုက်တာ အခု ၇၀ သက်တမ်းကို ရောက်သွားပါတယ်…။ နောက်ဆုံး ကမ္ဘာပျက်ကာနီးမှာ ၁၀ နှစ်အထိ ဆင်းသွားမယ်လို့ ဆိုပါတယ်..။ နောက်ဆုံး ကမ္ဘာ မပျက်မှီမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ၇ ရက်အတွင်း အကုန် သတ်ကြပါလိ့မ်မယ်..။ အဲ့ဒီ့အချိန်မှာ သူတော်ကောင်းတွေဟာ ထွက်ပြေး ပုန်းရှောင်ကြရ ပါလိ့မ်မယ်..။ အဲ့လို လူတွေ တစ်ယောက်နဲ့ တစ်ယောက် သတ်ကြလို့ အကုန်ကုန်သွားတဲ့အခါကြမှ သူတော်ကောင်းတွေဟာ ပြန်လည် ထွက်ပေါ်လာပြီး ငိုကြွေးကြပါ လိ့မ်မယ်..။ သူတို့ဟာ သူများအသတ် သတ်ခြင်း၊ စားခြင်းကို ရှောင်ကြဉ်ကြပါလိ့မ်မယ်..။ အဲ့ဒီ့အခါမှာ သက်တမ်းတွေဟာ ၁၀ နှစ်မှ အနှစ် ၂၀..။ အနှစ် ၂၀ မှ စသည် ဖြင့် ပြန်လည်တက်လာပြီး…။ လူ့အသက် ၈၀၀၀၀ ပြန်ပြည့်တဲ့နေ့မှာ အရိမေတ္တရ မြတ်စွာဘုရားရှင်ပွင့်တော်မူမယ်လို့ ဟောကြားပါတယ်..။
ဆက်လက်ပြီးဆရာတော်က အချိန်ဟာ အသက်ဖြစ်ကြောင်း..။ အချိန်ကို ဖြုန်းတီးခြင်းဟာ မိမိအသက်ကို ဖြုန်းတီးပြစ်ခြင်းပင် ဖြစ်ကြောင်း..။ အချိန်တိုင်း အချိန်တိုင်း တွင် ဥစ္စာ ဒါမှမဟုတ်၊ ပညာ ဒါမှမဟုတ်၊ တရား…။ တစ်ခုခုရမှာသာ တန်မည်ဖြစ်ကြောင်း..။ တစ်ခုမှ မရပါက အလကားပင်ဖြစ်ကြောင်း ဟောကြေားပါတယ်..။
အပေါ်မှာ ပြောခဲ့တဲ့ အသက် ၁၁၉ နှစ်ရှိတဲ့အဖွားအိုလည်း ထို့အတူပါပဲ..။ လက်ရှိ ဂရင်းနစ်စံချိန်ဝင် အဖွားအိုမှာ အသက် ၁၁၄ နှစ်သာရှိပြီးတော့..။ ဒီအဖွားအိုက တော့ ၁၁၉ နှစ်ရှိပါတယ်..။ ဒီအတွက် ဆရာတော်ဦးဆောင်ပြီး ဂရင်းနစ်ထဲပါနိုင်ဖို့ကိုလည်း ကြိုးစားနေပါတယ်..။ အဓိက ပြောချင်တာက ဂရင်းနစ် စံချိန်အကြောင်းမဟုတ်ပါဘူး…။ ဒီအဖွားအိုဟာ အသက် ၃၀ ကစပြီး သက်သက်လွတ်စားခဲ့ပါတယ်…။ အသက် ၇၀ ကစပြီး ဥပုဒ်နေ့တိုင်း ဥပုဒ်စောင့်ခဲ့ပါတယ်။ အသက် ၁၀၀ ပြည့်တဲ့နေ့က စပြီး နေ့တိုင် ဥပုဒ်စောင့်ခဲ့ပါတယ်….။ အခုလိုအသက်ရှည်ရခြင်းဟာ အသားငါးမစားတဲ့အပြင် သီလရဲ့ တန်ခိုးကြောင့်လည်း ဆိုနိုင်ပါ တယ်..။ အဲ့ဒီ့အဖွားအိုဟာ အနယ်အနယ်အရပ်ရပ်က လာရောကလှူဒါန်းကြတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်အသုံးမပြုပဲ အကုန်ပြန်လည် လှူဒါန်းတယ်လို့လည်း သိရပါတယ်…။
မှတ်ချက်။    ။ သတ်သတ်လွတ်စားသင့် မစားသင့်နဲ့ ပတ်သတ်လို့ နာမည်ကြော တရားဟောဆရာတော်များ အခြင်းခြင်းကြားမှာပင် ကွဲလွဲမှုတွေ ရှိနေပါတယ်။ သူ့အကြောင်းပြချက်နဲ့ သူ အားလုံးက ခိုင်မာမှန်ကန်နေတဲ့အတွက် မိမိ အားသန်တဲ့ ဘက်ကိုယုံကြည်နိုင်ပါတယ်..။
သတ်သတ်လွတ်စားခြင်းနဲ့ ပါတ်သတ်လို့ န္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံကြားက နိုင်ငံတစ်ခု (နာမည်မမှတ်မိပါ) ဟာ လုံးဝအသားမစားကြောင်း သိရတဲ့အတွက် အမေရိကန်နိုင်ငံမှ ဆရာဝန်တစ်ဦးဟာ ၇ နှစ်ကြာ သွားရောက်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်..။ ၇ နှစ်တာအတွင်း မည်သည့် နေထိုင်မကောင်းမှုကြောင့် လာရောက် ကုသရခြင်းမျိုးမရှိသလို..။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူအားလုံးဟာလည်း အသက် ၉၀ ကျော်ပြီးကာမှသာ သေဆုံးကြောင်း လေ့လာတွေ့ရှိခဲ့ရတယ်လို့ ဆရာတော်က ဆက်လက်ဟောကြားခဲ့ပါတယ်…။
ဒီလိုနဲ့ တရားပွဲပြီးတဲ့အခါ အလှူငွေတွေ ဆရာတော်ကို ပေးအပ်ကြပါတယ်..။ တစ်ဦးချင်း အလှူငွေ ၁၀ သိန်းမှ သောင်းဂဏန်းအထိပါပါတယ်…။ ဘုန်းကြီးကျောင်း အတွင်းရရှိတဲ့အလှူငွေ ၂၅ သိန်းကျော်ပါတယ် (ညတွင်းချင်း၊ ညတွင်းကိုမှ နာရီပိုင်းလေးအတွင်းပါ…။ သီးသန့်စာအိတ်တွေနဲ့ လှူတဲ့ငွေ မပါ ဖြစ်ပါတယ်)။ စုစုပေါင်း ၅၅ သိန်းကျော်ရရှိပါတယ်…။ အဲ့ဒီ့အလှူငွေထဲမှ ဆရာတော်က နုလုံးလှကြယ်စင်အသင်းအတွက် ၁၀ သိန်း၊ ပြင်ဦးလွင် မိဘမဲ့ မိန်းကလေးများအတွက် ဖွင့်ထားတဲ့ သီလရှင်ကျောင်းအတွက် ၃ သိန်း၊ ပြင်ဦးလွင် ဒိုးကွင် မျက်မမြင်ကျောင်းအတွက် သုံးသိန်း (ဒိုးကွင်မှာ မျက်မမြင်ပေါင်း ၈၀၀ ကျော်ရှိပြီး ၊ တစ်နေ့ကို ဆန်အိတ် ၇ အိတ် ကျော် ချက်ကျွေးရပါတယ်၊ တစ်ခါတစ်လေ အလှူငွေမရတဲ့အတွက် ဆားနဲ့ ဖြူးကျွေးရတဲ့နေ့တွေရှိပါတယ်..။ ) ပြင်ဦးလွင်မှာရှိတဲ့ ပရိပတ္တိစာသင်ကျောင်း သုံးကျောင်းအတွက် တစ်သိန်းစီနဲ့ သူရေးသားခဲ့တဲ့ စာအုပ်တစ်စုံစီ (၁၀ အုပ်ကျော်ထင်ပါတယ်) ပြန်လည်လှူဒါန်းခဲ့ပါတယ်..။
ထို့အပြင်ဆရာတော်မှ ဖြစ်နိုင်လျှင် နုလုံးလှကြယ်စင် သွေးလှူရှင်အသင်းအတွက် ရုံးခန်းလေးတစ်ခု သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် လှူစေချင်ပါကြောင်း..။ ဒီခေတ်မှာ သပ်သပ်ရပ်ရပ်ဆို သိန်း ၁၀၀ ကျော်လောက် ကုန်မှာ ဖြစ်တဲ့အတွက် စေတနာရှင်များမှ လှူကြစေချင်ကြောင်း..။ သူယနေ့ရတဲ့ ငွေအားလုံးကို လှူခဲ့ချင်သော်လည်း အကြွေးရှိတဲ့အတွက် မလှူခဲ့တာပါလို့ ဟာသပြောပြပါတယ်..။ ပြီးတော့မှ အခြားအကြွေးမဟုတ်ပါဘူး အလှူကြွေးပါတဲ့..။ အခု သူ ရွာတစ်ရွာမှာ တံတားတစ်ခုဆောက်နေပါတယ်..။ ကိုယ်ထူကိုယ်ထ တံတားထဲမှာ အရှည်ဆုံး တံတားဖြစ်လာပါလိ့မ်မယ်..။ ပေ ၈၀၀ ကျော်ရှည်ပါတယ်…။ စုစုပေါင်း ငွေကျပ် သိန်း တစ်သောင်း ကျော်ကုန်ပါလိ့မ်မယ်..။ ဦးဆောင် အင်ဂျင်နီယာမှ သိန်း ၅၀၀ လှူထားပါတယ်..။ ဆရာတော်မှ သိန်း ၁၀၀ လှူထားပါတယ်..။ အခုလည်း ထပ်လှူဖို့ အတွက် ဖြစ်ပါတယ်..။
ဒါနဲ့ တရားပွဲကြီးပြီးသွားပါတယ်…။ ကျွန်တော်လည်း ပြန်လာခဲ့ပါတယ်..။ အချိန်က ၁၁ နာရီခွဲလောက်ဖြစ်သွားပါပြီ…။ တရားပွဲတုန်းက ဇောနဲ့ မစာခဲ့တဲ့ ဗိုက်က အခုမှ ဆာလာပါတယ်..။ ဒါနဲ့ မိုးအလင်းဖွင့်တဲ့ ဒေါ်ခင်သန်းဆိုတဲ့ ဆိုင်မှာ မုန့်ဟင်းခါးနဲ့ လက်ဖက်ရည်ကျစိမ့်တစ်ခွက်လောက် ၀င်ဆွဲလိုက်ပါတယ်..။ မျိုလို့ ဆိုလို့ ပြီးလို့ ပြန်မယ်ဆိုပြီး ဆိုင်ကယ်ကို စက်နှိုးတော့ စက်ကလုံးဝ နှိုးလို့မရတော့ပါဘူး Start Motor လောင်သွားတယ်ထင်ပါတယ်..။ ကစ်နဲ့ နှိုးတော့လည်း လုံးဝမရ ပါဘူး..။ ကျွန်တော် တော်တော်ချွေးပြန်သွားပါတယ်..။ နာရီကြည့်တော့ ၁၂ ထိုးပါတော့မယ်..။ ဘယ် ၀ပ်ရှော့မှလည်း မဖွင့်တော့ပါဘူး..။ စက်နှိုးလိုက်.. ။ တောက်ခေါက်လိုက်နဲ့ ကျွန်တော် တော်တော် အကြပ်ရိုက်ပါတော့တယ်…။ နောက်ဆုံး ဘယ်လိုမှ မရတော့တဲ့အချိန် ကျွန်တော့်ခေါင်းထဲ အကြံတစ်ခုပေါ်ပါတယ်..။
ကျွန်တော် သက်တမ်းရဲ့ သုံးပုံ တစ်ပုံ ကျော် ယုံယုံကြည်ကြည် ရွတ်ဆိုခဲ့တဲ့ သရဏဂုံ ရွတ်ဖို့ပါပဲ..။ ဒါနဲ့ အာရုံကိုသေသေချာချာ စုစည်းပြီးတော့ သရဏဂုံ သုံးခေါက် ပြည့်တဲ့အခါမှာ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ကစ်ကို နင်းချလိုက်တဲ့အချိန်မှာ ဆိုင်ကယ် အင်ဂျင်က မယုံနိုင်စရာကောင်းလောက်အောင် တစ်ချက်ထဲနဲ့ နိုးသွားပါတယ်…။ ကျွန်တော်လည်း ကြက်သီးတွေ ဘာတွေထလို့…။ ကြာကြာတော့ ကြက်သီးမထနိုင်ဘူး..။ ဒီတစ်ခါ ဆိုင်ကယ် စက်ပြန်သေလို့ နှိုးလို့ မရရင် ပလက်ဖောင်း ခေါင်းဦးဘ၀ရောက်တော့မှာမို့ အိမ်ကိုအမြန် သုတ်ခြေတင်လိုက်ရပါတယ်…။
ဒီအဖြစ်အပျက်လေးကတော့ ကျွန်တော့် တစ်သက်တာမှာ ပထမဦးဆုံးအကြိမ်သွားဖူးတဲ့ တရားပွဲလေးရဲ့ အပြန် အမှတ်ရစရာ ဖြစ်ရပ်ဆန်းလေး တစ်ခုပဲ ဖြစ်ပါတော့တယ်..။ မဆန်းဘူးလို့ ထင်ရင်လဲရပါတယ်လို့ ပြောရင်း…..
P.S-  အောက်မှာ ဆရာတော်ရဲ့ တရားအသံဖိုင် ၅ ဖိုင်တွဲပေးထားပါတယ်..။
Download Voice File : မေတ္တာရှင် (ရွှေပြည်သာ) တရားတော် (57) (5.08MB)
Password : www.blackdream21.com
ကျွန်တော်နှင့် ပေတဒါန
မိုးက မနက်ကတည်းက တောက်လျှောက်ရွာနေပါတယ်…။
မိုးဖြူမစဲ…။ မိုးမဲမရွာဆိုသလို…။ ကောင်းကင်တစ်ခုလုံး ဖြူဖွေးပြီးတော့ ရပ်သွားမယ့် အနေအထား မရှိပါဘူး…။ ဒါနဲ့ နာရီကြည့်တော့ ညနေ ၃ နာရီလောက် ဖြစ်နေပါပြီ။ Lady Black ကလည်း ရန်ကုန်ပြန်သွားတော့ ထမင်းကို အပြင်မှာပဲ စားဖြစ်ပါတယ်…။ ဒီအတိုင်း မိုးရွာလို့ ငုတ်တုတ်ထိုင်နေရင် ဒုက္ခများသွားနိုင်တာမို့..။ မိုးရေထဲမှာပဲ အပြင်ထွက်ပြီး စားလိုက်ပါတယ်…။ တဆက်တည်း အပြင်ရောက်တုန်း သန္တိသုခကို ၀င်ပြီး အသင်းကနေ ထွက်မယ့်အချိန် အတိအကျမေးရင် ကောင်းမယ်လို့ စဉ်းစား မိလိုက်ပါတယ်…။
ပထမတုန်းကတော့ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေက သူတို့လည်း လိုက်မယ်လို့ပြောပါတယ်..။ ဒါပေမယ့် ဒီမိုးရွာနေပုံနဲ့ကတော့ တော်ရုံစိတ်ဝင်စားရုံနဲ့ မလိုက်နိုင် ကြတော့လောက်ဖူးလို့ ကျွန်တော် စဉ်းစားမိပါတယ်…။ ကိုယ့်ဘာသာပဲ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဒါနဲ့ ကျွန်တော် သန္တိသုခ (နာရေးကူညီမှုအသင်း) ကိုရောက်သွား ပါတယ်…။ ကျွန်တော်ရောက်သွားတော့ အသင်းတစ်ခုလုံး အလုပ်တွေရှုပ်နေပါတယ်…။ လူတွေလည်း အုံးအုံးထနေပါတယ်..။ ကျွန်တော် တော်တော် တောင် အံ့သြသွားတယ်..။ လူတွေ ဒီလောက်များမယ်လို့ ကျွန်တော် ထင်မထားပါဘူး (ညဘက် သချိုင်းရောက်သွားတော့ ပိုအံ့သြရပါတယ်..။ ကားကြီး၊ ကားငယ်၊ သုံးဘီး၊ ဆိုင်ကယ် အသွယ်သွယ်နဲ့ လူ ၃၀၀၀ နီးပါး ရှိပါတယ်..။)
ကျွန်တော် အသင်းက အတွင်းရေးမှူးကိုမေးကြည့်တော့ ၆း၃၀ လောက် ဒီကနေ ထွက်ကြပါမယ်တဲ့..။ ဗိုလ်ကြီးလိုက်ချင်ရင် ကျွန်တော်တို့ ကားနဲ့ လိုက်ခဲ့လို့ရပါတယ်။ ဆိုင်ကယ် အသင်းမှာပဲ ထားခဲ့လိုက်ပါတဲ့…။ ရာသီဥတုကလည်းမကောင်း (မှောင်ကလည်းမှောင်နေပါပြီ) သွားရမယ့်နေရာကလည်း ဝေးပါတယ်..။ ကိုရဲအောင်သူတို့၊ တေဇာတို့ လာတုန်းက သွားသောက်တဲ့ December Strawberry ခြံကိုကျော်သွားတယ်လို့ ပြောပါတယ်..။ ဒါဆို သေချာပါပြီ..။ အဲ့ဒီနေရာ ကျွန်တော် မသိတော့ပါဘူး..။ ဒါနဲ့ သူတို့ကားနဲ့ လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်…။ အချိန်က ၄း၃၀ လောက်ရှိပါပြီ…။ ဒါနဲ့ အိမ်ကို ခဏပြန်..။ ရေချိုး..။ ကင်မရာကို သေသေချာချာစစ် (ဓာတ်ခဲအား အပြည့်ရှိမရှိ၊ Memory Card ပြည့်မပြည့်)..။ ဒါမျိုးက ဖြစ်တတ်ပါတယ်..။ လယ်ထွန်သွားနွားမေ့တာထက် ဆိုးပါတယ်။ ဓာတ်ပုံရိုက်ဖို့ သွားပါတယ်ဆိုမှ ဓာတ်ခဲအားသွင်းထားတာကို မေ့ပြီး ယူမလာတာတို့..။ Memory Card က ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ Card Reader ထဲမှာ ကျန်ခဲ့တာတို့ ခဏခဏ ဖြစ်တတ်ပါတယ်..။ ဖြစ်ဖူးတဲ့ သူတွေ အဲ့ဒီ့ Feel ဘယ်လောက် ကွေး ဖို့ကောင်းတယ် ဆိုတာ သိကြပါတယ်..။
အားလုံးအဆင်သင့်ဖြစ်တော့ ကျွန်တော် သန္တိသုခကို ၆း၃၀ အတိလောက်မှာ ရောက်သွားတယ်..။ ကားတွေ…။ လူတွေက စောစောကထက် ပိုပြီးများလာတယ်..။ အသင်းက ကားတွေရပ်တဲ့ ကားဂိုထောင်ထဲမှာ ဒီနေ့ည ကျွေးဖို့ ပြုတ်ထားတဲ့ အမဲသားတွေကို နုတ်နုတ်စင်းတဲ့သူကစင်း…။ ထမင်းနဲ့ရောမွှေတဲ့သူကမွှေနဲ့..။ အသင်းသားတွေလည်း တော်တော်အလုပ်များနေကြပါတယ်…။ ဒီလိုနဲ့ ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့…။ အသင်းက ကျွန်တော့်ကို ဘုန်းကြီးကြိုဖို့ စီစဉ်ထားတဲ့ Van ကားနဲ့ ထည့်ပေးလိုက်ပါတယ်…။ ကျွန်တော် အသင်းကထွက်တော့ ညနေ ၇ နာရီလောက် ဖြစ်သွားပါပြီ…။
(၈) မိုင် သုဿန်ကို ကျွန်တော် တို့ ၇း၂၀ လောက်မှာ ရောက်ပါတယ်..။ ကျွန်တော် တော်တော်အံ့သြသွားပါတယ်..။ ဒါ သချိုင်းလား ဇာတ်ပွဲလားလို့တောင် ထင်မိပါ တယ်..။ လူတွေ တော်တော်ကြီးကိုများပါတယ်..။ သုဿန်က ကျယ်လို့သာ တော်ပါတော့တယ်..။ သို့မို့ဆို အဲ့ဒီ့သုဿန်မှာနေတဲ့ အိမ်ရှင် နာမ်လောကသားတွေတာင် နေစရာ နေရာရှိတော့မှာမဟုတ်ပါဘူး…။ အလာတုန်းက လမ်းပေါ်မှာ ကားသမားကတောင် ပြောတယ်..။ မြို့ထဲကလူတွေ ဒီလောက် အဲ့ဒီ့ကိုသွားနေကြရင်…။ သုဿန်က ကောင်တွေ နေရာလွတ်ပြီဟဆိုပြီး မြို့ထဲတောင် ၀င်လာနိုင်တယ်တဲ့…။
၈ နာရီလောက်မှာတော့ တရားပွဲစပါတယ်…။ တရားဟောမယ့် ဆရာတော်က မန္တလေး ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းရဲ့ နာယကဆရာတော် ဖြစ်ပါတယ်..။ ကျွန်တော် အရင်က သိသလောက် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူတို့ရဲ့ ရန်ကုန်နာရေးကူညီမှုအသင်းက ပထမဆုံးလို့ထင်ခဲ့တာ..။ အဲ့ဒီ့နေ့ညကျမှ ဗြဟ္မစိုရ်က ပိုဦးမှန်းသိရပါတယ်..။ အခုဆို ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းတည်ထောင်တာ ၁၃ နှစ်ကျော်သွားပါပြီ..။ (ကိုကျော်သူတို့က ၁၀ နှစ်ထင်တယ်…။ ဟိုတစ်လောက Facebook မှာ တွေ့လိုက်တယ်..။) အဲ့ဒီ့ဆရာတော်က ၈ နာရီကနေပြီးတော့ အစာကျွေးမယ့်အချိန် (၁၁) အထိ တရားဟော ပါတယ်..။
ဆရာတော်ဟောတဲ့ တရားထဲက ကျွန်တော် မှတ်မိသလောက် ပြန်ပြန်ပြောပြရရင်..။ ကျမ်း နှစ် ကျမ်းပေါင်းရဲ့ အဆိုအရ ပြိတ္တာပေါင်း ၃၂ မျိုးရှိပါတယ်..။ ဒါပေမယ့် တူရာတူရာ အမျိုးတူစုလိုက်ရင် စုစုပေါင်း အဓိက အမျိုးအစား (၄) မျိုးပဲ ရှိတယ်လို့သိရပါတယ်…။ ကိုယ်မှာအမြဲတမ်း မီးလောင်သလို ပူလောင်နေတဲ့ သူများ၊ လူတွေ ရဲ့ အညစ်အကျေးတွေကို စားရတဲ့သူများ.. စသည်ဖြင့် အဓိက အမျိုးအစား (၄) မျိုးရှိပါတယ်…။
ဆရာတော်က ဆက်လက်ပြီး သရဲခြောက်တယ်ဆိုတဲ့အကြောင်းကိုလည်း ဟောကြားပါတယ်…။ သရဲအခြောက်ခံရတယ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်..။ အောက်ပါအတိုင်း အခြောက်ခံရခြင်း (၄) မျိုးခွဲခြားနိုင်ပါတယ်..။
(၁) မိမိမှ ဘုန်းကံ နိမ့်နေသောကြောင့် ဖြစ်ခြင်း။
(၂) ၄င်းတို့မှ မိမိတို့အား ကျီစယ်လိုသောကြောင့် ဖြစ်ခြင်း။
(၃) အကူအညီတောင်းလိုသောကြောင့် ဖြစ်ခြင်း။
(၄) နှုတ်ဆက် အသိပေးလိုသောကြောင့် ဖြစ်ခြင်း။
ဆက်လက်ပြီး ဆရာတော်က အပုတ်နံ့များနဲ့ ခြောက်လှန့်ခြင်းရဲ့ ရည်ရွယ်ချက်ကို ဆက်ဟောပါတယ်..။ အပုပ်နံ့ ပေးရခြင်းဟာ အကူအညီတောင်းလိုခြင်း အမျိုးအစားထဲတွင် ပါဝင်ပြီး ၄င်းအနေဖြင့် ကောင်းရာမွန်ရာ ဘုံဘ၀သို့မရောက်ရှိပဲ နိမ့်ကျသည့် ဘ၀မျိုးတွင် ရောက်ရှိနေသောကြောင့်..။ ကျန်ရစ်သူ ဆွေမျိုး မိတ်ဆွေများမှ အလှူအတန်းပြုလုပ်ကာ ကူညီ (ကယ်ဆယ်) ပေးရန် အသိပေးခြင်းဖြစ်ပါတယ်..။ အမွှေးနံ့များပေးခြင်းကတော့..။ ထိုကဲ့သို့ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးကာ အမျှအတန်းပေးဝေခြင်းကြောင့် ၄င်းတို့ ကောင်းရာ မွန်ရာဘုံဘ၀ကို ရောက်သွားပြီ ဖြစ်ကြောင်း အသိပေးခြင်း ဖြစ် တယ်လို့ ဆရာတော်က ဟောကြားပါတယ်…။
ဆရာတော်၏ ဟောကြားချက်အရ နာမ်လောကသားများသည် သရဏဂုံ သုံးပါးတည်သော သူများနှင့် ငါးပါးသီလ လုံခြုံသောသူများကို ခြောက်လှန့်ခြင်း မပြုလုပ်နိုင်ကြောင်း…။ နောက်ပိုင်းမှာတော့ မြန်မာလူမျိုးတို့ရဲ့ နာရေးအပေါ် အယူသီးမှုများ..။ လွဲမှားသော ခံယူချက်များအကြောင်း ဟောကြားပါတယ်…။ (မှတ်တော့ မှတ်မိတယ်ဗျာ..။ အသေးစိတ်လိုက်ရေးရင် ဖတ်ရတာ လေးသွားမှာစိုးလို့ပါ..။ ဆရာတော်ဟောတာတွေကို အသေးစိတ် သိချင်တဲ့သူများရင် ကျွန်တော် နောက်ထပ် ပို့စ်တစ်ခုစာ ထပ်ရေးပေးပါ့မယ်..။)
ဆရာတော်ဟောတဲ့အထဲက ကျွန်တော်ကောက်နှုတ်ပြီး ပြောချင်တဲ့အချက်တစ်ခုကတော့ လူတော်တော်များများမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကို ဆရာတော် ရှင်းလင်း ထားပုံပါ..။ လူတွေက မေးကြပါတယ်..။ ကုသိုလ်လုပ်ပြီး အမျှဝေရင် ကိုယ်ပဲ ကုသိုလ်လုပ်တာမို့လို ကိုယ်ပဲရမှာပေါ့..။ ဘယ်လိုလုပ် အမျှဝေရုံနဲ့ နာမ်လောကသား တွေ ရပါ့မလဲလို့ မေးတတ်ကြပါတယ်..။ အဲ့ဒါကို ဆရာတော်ရှင်းပြသွားပုံက လူတို့သည် မြင့်မြတ်သောကြောင့် တောင်ကုန်းတစ်ခုပေါ်တွင် နေကြ သည်ပဲ ဆိုပါတော့..။ နာမ်လောကသားများသည် တောင်ကုန်း၏ အောက်ခြေမှာ နေကြပါတယ်..။ မိုးရွာတဲ့အခါ တောင်ကုန်းပေါ်ကို ရေကျပါက..။ အဲ့ဒီ့ရေဟာ တောင်ကုန်းအောက်ကို စီးဆင်းသွားသလိုပဲ…။ ကျွန်တော်တို့ ကုသိုလ်ကောင်းမှုလုပ်ကာ အမျှပေးဝေပါက ပြုလုပ်သည့် ကာယကံရှင်လောက် မဟုတ် တောင်…။ အနဲအကျင်းဖြစ်ဖြစ်တော့ သူတို့ စီကို အဲ့ဒီ့ ကုသိုလ်ဟာ စီးဆင်းသွားတတ်ကြောင်း ဟောကြားခဲ့ပါတယ်…။
ဒီလိုနဲ့ အစာကျွေးဖို့အချိန်ကိုရောက်လာပါတယ်..။ မိုးကလည်း အဆက်မပြတ်ရွာနေဆဲပါ..။ ဆရာတော် တရားဟောတုန်းကတောင် ထိုင်စရာနေရာမရလို့..။ မိုးရေထဲ (မိုးဖွဲဆိုပေမယ့် ၃ နာရီလောက် ရပ်လိုက်တော့ ရွှဲတာပဲ…) မှာ ကျွန်တော့် ကင်မရာအိတ်ကြီး လွယ်ရင်း နားထောင်လိုက်ရတာ လူက ခြေထောက်တွေတောင် တော်တော် တောင့်သွားပါတယ်…။ ဆရာတော်လည်း တရားဟောပြီးတော့ ပြန်ကြွသွားပါတယ်…။
အဲ့ဒီ့မှာ ပွဲစပါတယ်…။
ဒီအလှုရဲ့ ခင်းကျင်းထားပုံကို ကျွန်တော်ရှင်းပြပါမယ်..။ သုဿန်မှာ ရှိတဲ့ မီးသဂြိုလ် စက်ရဲ့ ဘေးမှာ ဇရပ်ရှိပါတယ်..။ အဲ့ဒီ့ဇရပ်မှာက တရားပွဲလုပ်ပါတယ်..။ ဇရပ်နဲ့ မလှမ်းမကမ်းမှာက သူ့အကန့်နဲ့သူ ပရ၀ဏ်တွေခတ်ထားပြီး အစာကျွေးဖို့အတွက် ခြံလေးတွေ သီးသန့်လုပ်ထားပါတယ်..။  အဲ့ဒီ့မှာ သဲပုံစေတီလေး တစ်ခုလည်း ပါပါတယ်..။ ဘာလုပ်ဖို့လဲ မေးကြည့်တော့ ပြိတ္တာများ အစာလာရောက်စားသောက်ကြသည့်အခါ ဘုရားဖူးလိုက ဖူးနိုင်အောင်လို့ ပြောပါတယ်…။
အဲ့ဒီ့ သဲပုံစေတီ ၀န်းလေးရဲ့နောက်မှာတော့ သူ့နာမည်နဲ့ သူ ခြံဝန်းလေးတွေခတ်ထားပါတယ်..။ ပထမဆုံးတွေ့ရတာကတော့ မြေစောင့်နတ်ကို အစာကျွေးဖို့နေရာ ဖြစ်ပါတယ်..။ သူ့ဘေးမှာ သချိုင်းစောင့် အတွက် အစာကျွေးဖို့ ခြံလေးရှိပါတယ်..။ သူ့ဘေးမှာ ကိုစံမှဲ့ မဖဲဝါ မောင်နှစ်မအတွက် ခြံရှိပါတယ်..။ နောက်ဆုံးမှာတော့ မြေဖုတ်ဘီလူးအတွက် နေရာဖြစ်ပါတယ်…။ မြေစောင့်နတ်နဲ့ သချိုင်းစောင့်အတွက် အပြင်အဆင်က မထူးခြားပေမယ့် မောင်နှစ်မ နှစ်ယောက်နဲ့ မြေဖုတ်ဘီလူးအတွက် စီစဉ်ထားတာကတော့ ထူးခြားပါတယ်…။ ကိုစံမှဲ့က အသားစိမ်း ငါးစိမ်းပဲ စားတယ်လို့ သိရပါတယ်..။ ဒါကြောင့် သူ့အတွက် အစားအစာ ပြင်တဲ့အခါမှာ အသားစိမ်း ငါးစိမ်း စီစဉ်ပေးရပါတယ် (အောက်က ပုံများကိုကြည့်ပါ) မဖဲဝါကတော့ သက်သက်လွတ် ပဲ စားတဲ့အတွက် သူ့အတွက်က သီးသန့် တစ်ခု ပြင်ဆင်ပေးရပါတယ်..။ သူတို့ခြံထဲမှာက အပြင်အဆင် ၂ မျိုး ဖြစ်သွားပါတယ်..။ မြေဖုတ် ဘီလူးအတွက်ကတော့ သူတို့ခြံထဲမှာ 3 Column 4 Roll ကြွင်းထူးထားပါတယ်…။ ပထမ ကော်လံက သတ်သတ်လွတ်စားတဲ့ မြေဖုတ်ဘီလူးတွေအတွက်ပါ..။ ဒုတိယ ကော်လံက အစုံစား တဲ့ သူတွေအတွက်ပါ..။ နောက်ဆုံးကော်လံက (ဒီအချက်ကတော့ ပွဲစီစဉ်သူတွေကို လေးစားဖို့ကောင်းပါတယ်) ဘာသာ အသီးသီးမှ သေဆုံးသူတွေကို ဖိတ်ကျွေးတာ ဖြစ်တဲ့အတွက် ဘာသာအမျိုးမျိုးအတွက် စဉ်းစားပြီး စီစဉ်ပေးထားပါတယ်..။ ဆိုလိုတာက နောက်ဆုံး ကော်လံမှာ အမဲ၊ ၀က် မပါ ပါဘူး..။ အခြား အသားတွေနဲ့ ဖြစ်ပါတယ်…။
ကျွေးပုံကတော့ ထမင်းနဲ့ အမဲသားနဲ့ နယ်ပြီး ဖတ်လေးနဲ့ ခင်းပြီးကျွေးပါတယ်..။ ရေခွက်လေးတွေလည်း ချပေးထားပါတယ်..။ သက်သက်လွတ်စားတဲ့သူအတွက် ဆိုရင် ထမင်းနဲ့ ငှက်ပျော်သီးနဲ့ ကျွေးပါတယ်…။ ကျွေးတဲ့နေရာမှာလည်း အစဉ်လိုက် (ပါဝါ အစဉ်လိုက်) ကျွေးရပါတယ်..။
ပထမဆုံး မြေစောင့်နတ်မင်းကို အရင်ဆုံး ပင့်ဖိတ်ကာ ကျွေးပါတယ်..။ ဒုတိယအနေဲ့ သချိုင်းစောင့်ကို ကျွေးပါတယ်..။ တတိယ ကိုစံမှဲ့၊ မဖဲဝါ ဖြစ်ပါတယ်..။ နောက်ဆုံးကတော့ မြေဖုတ်ဘီလူးဖြစ်ပါတယ်..။ အခြားသူတွေကို ကျွေးတာ ဖက်ရွက်ခင်းကျွေးတာခြင်းတူပေမယ့် မြေဖတ်ဘီလူးကိုတော့ ကျွေး ဖို့တော့ သူတို့က ကျွင်းလေးတွေတူးထားပါတယ်..။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ၁၂ ကြွင်းမှာ ထမင်းထုပ်လေးတွေကို ဖက်နဲ့ထုပ်ပြီး မြေကြီးထဲ မြှုပ်ပေးရပါတယ်။
ယခုပြင်ဦးလွင်မှာ ပြုလုပ်တဲ့အကြိမ်မှာတော့ ဆရာတော် တစ်ပါး ပါမလာလို့ပါ..။ ပါလာရင် မြေဖုတ်ဘီလူးကို ကြည့်ခွင့်ရှိတယ်လို့ သိရပါတယ်..။ မြေဖုတ်ဘီလူးကို မြင်ရဖို့ မျက်စိမှာ အနီရောင် ပ၀ါစီးရပါတယ်…။ ဒါဆို ပြတ်ပြတ်သားသား မြင်ရတယ်လို့ ပြောပါတယ်..။ အခြားမြို့များနဲ့ အကြိမ်များမှာ ပြုလုပ်ခဲ့တုန်းက ထူးခြားတဲ့ ဓာတ်ပုံမှတ်တမ်း များကိုလည်း ကြိုးများနဲ့ ချိတ်ဆွဲ ပြီး ပြသထားပေးပါတယ်…။
ဒီလို ခြံဝန်းလေးတွေနဲ့ ကျွေးတာက ပါဝါကြီးတဲ့ သူတွေကိုပါ..။ အခြား နာမ်လောကသားတွေကိုတော့ ကြိုက်တဲ့နေရာမှာ ဖက်ခင်းပြီး ကျွေးနိုင်ပါတယ်..။ သီးသန့် နေရာ သတ်မှတ်ပေးထားတာ မရှိပါဘူး..။ ဒီလိုကျွေးနိုင်ဖို့ (အလှူလုပ်နိုင်ဖို့) တစ်ရက်ကြိုပြီး ကိုးမြို့ရှင်တို့ ဘာတို့ ဆိုင်ရာ ပိုင်ရာ နတ်တွေကို အရင် ကြိုသွားပြီး ခွင့်တောင်းရတယ်လို့ ဆိုပါတယ်..။ အနယ်နယ်အရပ်ရပ်က လာကြတဲ့ နာမ်လောကသားတွေအတွက် ဒီတစ်ည အစာစားဖို့နဲ့ နောက်နေ့မနက် တရားနာ အမျှဝေနိုင်ရန် နယ်မြေအတွင်းသို့ ၀င်ခွင့်ပေးရန် ခွင့်တောင်းခြင်း ဖြစ်ပါတယ်…။ (အချို့ကိစ္စတွေမှာ ထေရ၀ါဒနဲ့ မညီညွတ်တာတွေ ရှိပေမယ့် ..။ ဈေးသုံးလဲ မလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့ဆိုတဲ့အတိုင်း သူ့စည်း သူ့ကနားနဲ့ ဆောင်ရွက်ရတယ်လို့ ကျွန်တော်ထင်ပါတယ်..။)
ဒီလိုမျိုး ကိုးမြို့ရှင်တို့ သချိုင်းစောင့်တို့ ကိုစံမှဲ့တို့ မြေစောင့်နတ်တို့က ခွင့်ပြုမှသာ ဒီနာမ်လောကသားတွေဟာ အလှူလုပ်မယ့် သုဿန်သို့ ၀င်ခွင့် (လာခွင့်) ရမှာ ဖြစ်ပါတယ်…။
၁၁း ၄၅ လောက်မှာ ကျွေးဖို့ အားလုံးပြင်ဆင်ပြီးတဲ့နောက် မီးအားလုံးအမှောင်ချလိုက်ပါတယ်..။ အမှောင်မချခင် သန္တိသုခအသင်းသားများမှ လူတွေကို အစားအစာ များနား မကပ်အောင် နောက်ဆုတ်ခိုင်းပြီး သူတို့က ထိုင်စောင့်ပေးပါတယ်…။ မီးအမှောင်ချလိုက်တဲ့အချိန်မှာလည်း လက်နှိပ်ဓာတ်မီးထိုးခြင်း၊ ခဲနဲ့ပေါက်ခြင်း များ မပြုလုပ်ဖို့ အထူးတားမြစ်ထားပါတယ်..။ ဒီပေတဒါနပွဲကို ဦးစီးဆောင်ရွက်ပေးတဲ့အသင်း (မေတ္တာရှင် အသင်း) မှ ညွှန်ကြားချက်တွေပေးနေတဲ့ လူပေးတဲ့ ဥပမာက လည်း မှတ်သားဖို့ကောင်းပါတယ်..။
“ပရိတ်သတ်ကြီးခဗျာ..။ ဒီ နာမ်လောကသားတွေဟာ ဒီလိုအလှူပွဲမျိုး (အကျွတ်အလွတ်) ကို ကြုံတွေ့ရဖို့ မနေ့တစ်နေ့ကမှ ကြားပြီးလာကြတာမဟုတ်ပါဘူး..။ ဘ၀ပေါင်းများစွာ နှစ်ကို ရာနဲ့ ထောင်နဲ့ချီပြီး စောင့်နေခဲ့ရတဲ့သူတွေ အများကြီးပါပါတယ်..။ ဒါ့ကြောင့် ကျွန်တော်တို့ မီးတွေ မှီတ်လိုက်လို့..။ သူတို့ ပျော်ပျော်ရွှင်ရွှင် ကြည်နူးစွာ စားသောက်နေတဲ့အချိန်မှာ ခင်ဗျားတို့က ဓာတ်မီးနဲ့ ထိုးတာတို့ ခဲနဲ့ပေါက်တာတို့လုပ်လို့ သူတို့ လန့်ဖျန့်ပြီး မစားပဲ ထွက်ပြေးသွားကြမယ်ဆိုရင် ခင်ဗျားတို့ စဉ်းစားကြည့်ပါ..။ ခင်ဗျားတို့ ရေသောက်ခါနီး လက်ကို ရိုက်ချခံရသလို ဖြစ်ပါလိ့မ်မယ်..။ သူတို့က ဒီလိုမစားလိုက်ရတဲ့အတွက် ခင်ဗျားတို့အပေါ် ငါတို့ ဒုက္ခရောက်သလို..။ သူတို့မရောက်ကြပါစေနဲ့ဆိုပြီး နာကြင်ကျေကွဲစွာ မေတ္တာပို့သွားရင် ခင်ဗျားတို့ပဲ မေတ္တာစူးပြီး ဒုက္ခရောက်ကြပါလိ့မ်မယ်…”
သူပြောတာ ယုတ္တိရှိတယ်လို့တော့ ကျွန်တော်ခံစားရပါတယ်..။ အဲ့လို မီးမှိတ်ပြီး အစာကျွေးနေတဲ့အချိန်မှာ ဆန္ဒရှိက မေတ္တာပို့နိုင်ပေမယ့်..။ ဘုရားဂုဏ်တော်တွေ၊ ဂါထာတွေ၊ ဘုရားစာတွေကို မရွတ်ဖို့လည်း သတိပေးနေပါတယ်…။ အဲ့လို မီးမှိတ်ပြီး အစာကျွေးတဲ့အချိန်မှာလည်း နာမ်လောကသားများ ပျော်ပျော်ရွှင်ရွှင် စားနိုင်အောင် တေးသီချင်းတွေ ဖွင့်ပေးလို့ ပြောတော့ တော်တော်စိတ်ဝင်စားသွားပါတယ်..။ ဘယ်လို သီချင်းများ ဖွင့်မလဲပေါ့…။ ဒီအချက်ကတော့ ဒီ ပေတ ဒါန အကျွတ်အလွတ်ပွဲရဲ့ ရုပ်အပျက်ဆုံး လုပ်ရပ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်..။ (ကျွန်တော် ထင်တာမှားကောင်းလည်း မှားနိုင်ပါတယ်) ကျွန်တော်ထင်တာက ဗြောသံတွေ ဘာတွေနဲ့ အလှူမှဖွင့်တဲ့ သီချင်းမျိုးဖွင့်မယ် ထင်တာပါ..။ တကယ်တမ်းဖွင့်လာတော့ သားစိုးရဲ့ ရောသမမွှေတို့ ဘာတို့ထဲက Techno သီချင်းတွေ ဖြစ်နေပါတယ်…။ ဖွင့်တာကလည်း လော်စပီကာနဲ့ဆိုတော့..။
တကယ်ပါ…။ ကျွန်တော်သာ ပြိတ္တာဖြစ်နေမယ်ဆိုရင်..။ မကျွတ်ကာမှနေရာ..။ မစားရကာမှ နေရော..။ ဒီလောက် နားငြီးဆူညံ့နေတဲ့ နေရာကိုတော့ လုံးဝ လာစား ဖြစ်မယ် မထင်ပါဘူး…။ သူတို့က ပျော်ပျော်ရွှင်ရွှင်စားလို့ရအောင် စီစဉ်ပေးတာနဲ့ မတူပဲ အော်ဟစ်ခြောက်လွှတ်နေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်..။ ဒီအချက်ကို တော့ နောက်ပိုင်း ဒီလိုအလှူလုပ်မယ့်သူတွေ ဆင်ခြင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ (ဥပမာ ကျွန်တော့်လိုပေါ့..။ ကျွန်တော့်ကို သူများတွေ ပြောပြောသွားသလို့ ..။ ရေးထားတဲ့ စာတွေက ဖတ်လို့တော့ ကောင်းပါတယ်..။ ဒါပေမယ့် စာလုံးပေါင်းတွေက သောက်သောက်လဲမှားတော့ ဒန်ပေါက်ကြား ခဲညပ် သလိုဖြစ်နေတယ်) သူတို့လည်း ဒီလိုပါပဲ ဒီလောက် မြင့်မြတ်ပြီး လုပ်သင့်တဲ့အလှူကို လုပ်ပြီးကာမှ မဆင်မခြင် ဖွင့်တဲ့ သီချင်းကြောင့် နာမ်လောကသားတွေတော့ မသိဘူး..။ ကျွန်တော်ကတော့ တော်တော်လေးတော့ feel ငုပ်သွားပါတယ်..။
မိနစ် ၂၀ ခန့် နာမ်လောကသားများနဲ့ ကျွန်တော့် နားကို နှိပ်စက်ပြီးတဲ့နောက်မှာတော့ မီးတွေအကုန် ပြန်ဖွင့်လိုက်ပါတယ်..။ လူတွေလည်း အုံးအုံးကျွတ်ကျွတ် ဖြစ်ကုန်ပါတယ်..။ ဟုတ်ပါတယ်..။ ဒီနေ့ပွဲအတွက် ဒီအချိန်က အသက် Climax ပါပဲ…။ ကိုယ်ကျွေးထားတဲ့ ဖက်လေးတွေလိုက်ရှာ..။ အလုအယက် ကြည့်ကြ..။
နာနာဘာဝပဲ ခေါ်ခေါ်၊ နာမ်လောက၊ ပရလောကသားပဲ ခေါ်ခေါ်၊ သူရဲ၊ တစေ၊ မှင်စာ၊ ဖုတ်၊ ကြပ်၊ ပြိတ္တာ ကြိုက်သလိုခေါ်ပါ…။ ကျွန်တော်ဟာ ခေတ်လူငယ်တစ် ယောက်ဖြစ်တဲ့အတွက် နာမ်လောက တည်ရှိတယ်ဆိုကို လက်ခံသော်လည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ဖူးခြင်း မရှိပါသဖြင့်..။ အနည်းနဲ့အများဆိုသလို ကျွန်တော့်စိတ်ထဲမှာ သံသယတော့ ရှိခဲ့ဖူးပါတယ်..။ ကာတွန်းတွေ ဂန္ဘီရ (ကျွန်တော် စာလုံးမပေါင်းတတ်ဖူးဗျာ) မဂ္ဂဇင်းတွေထဲမှာ မြင်ဖူးနေ ဖတ်ဖူးနေကြ ဖြစ်ရပ်များကိုလည်း မကြာခဏ စိတ်ထဲကနေ မကဲ့ရဲ့မိတောင် လှောင်ပြုံးလေးတော့ အကြိမ်ကြိမ် ပြုံးခဲ့ဖူးပါတယ်..။
ဒီတစ်ခါတော့ ကျွန်တော် မပြုံးနိုင်တော့ပါ…။ ကျွန်တော့် မျက်စိရှေ့တည့်တည့်မှာ အရာအားလုံးက ရှင်းလင်းလွန်းပါတယ်..။ ခြံဝန်းလေးတွေထဲမှာ သဲလေးတွေ ခင်းထား ပါတယ်…။ အစာတွေ ၀င်ချပြီး ပင့်ဖိတ်ပြီးတဲ့အချိန်မှာ..။ အဲ့ဒီ့သဲတွေကို အားလုံး ညီညာနေအောင် သစ်သားတုံးနဲ့ ညှိကြပါတယ်…။ ပြီးတော့ လူတွေ အားလုံးကို မီးမပိတ်ခင်မှာ အစာကျွေးတဲ့နေရာနဲ့ ဝေးတဲ့နေရာမှာ စည်းတစ်ခုာထားပြီး နေစေပါတယ်..။ အဲ့ဒီ့လူတွေရဲ့ ရှေ့မှာလည်း အသင်းမှ အသင်းသားများက လက်များ ချိတ်ကာ အရှေ့သို့ မသွားနိုင်အောင် ကာထားပေးပါတယ်…။
မီး ပြန်ဖွင့်လိုက်တယ်…။
ဖက်ရွက်တွေ ပလူပျံ့အောင် ပွထနေပါတယ်…။ စားထားတဲ့ ဖက်ရွက်တွေ အများအပြားပါ..။ ထမင်းတွေ လျော့သွားတယ် (အကုန်တော့ မစားကြဘူးဗျ..။ သူတို့ ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ (ဘုရားဟောအရ) နဲ့ အကုသိုလ်ကံကြောင့် အကုန်တော့ မစားနိုင်ကြပါဘူး..။ ဒါပေမယ့် ထမင်းတွေ ဟင်းတွေဟာ သိသိသာသာ ခြေရာ လက်ရာတွေ ပျက်သွားပါတယ်..။ တစ်ဝက်ကျော်ကျော်ရော့သွားတဲ့ ဖက်ရွက်တွေ အများအပြားရှိသလို ဘာမှ မစားသွားတဲ့ ဖက်ရွက်တွေလည်းရှိပါတယ်…။
အထူးခြားဆုံးအချက်ကတော့ ခြေရာများနဲ့ မြေကြီးထဲမြုပ်ထားတဲ့ မြေဖုတ်ဘီလူးများအတွက် ကျွေးထားတဲ့ ဖက်ရွက်များပဲ ဖြစ်ပါတယ်…။ အပြင်ဘက်မှာ ဒီအတိုင်း ဖက်ခင်းပြီးကျွေးထားတဲ့နေရာမှာ ထမင်းတွေ လျော့သွားတာကလွဲပြီး မထူးခြားပေမယ့်..။ ခြံနဲ့ကျွေးထားတဲ့ (သဲခင်းထားတဲ့နေရာမှာတော့) ခြေရာတွေပါ ကျန်ခဲ့ပါ တယ်..။ အရွယ်စုံ ဆိုဒ်အဆုံပါပဲ..။ (ပြိတ္တာတွေ ဖိနပ်မစီးဘူးဆိုတာတော့ ကျွန်တော် ခြေရာတွေအရသိရပါတယ်..။ အတည်ပါ..။ မနောက်ပါဘူး) သဲပုံစေတီ..။ ကိုစံမှဲ့ ၊ မဖဲဝါ..။ သချိုင်းစောင့်တို့ရဲ့ သဲတွေပေါ်မှာ ခြေရာတွေ အသီးသီးပေါ်နေပါတယ်…။
အထူးခြားဆုံးကတော့ မြေဖုတ်ဘီလူးနေရာပဲ ဖြစ်ပါတယ်..။ ကျွန်တော့်ရှေ့မှာတင် သေသေချာချာ မြေမြှုပ်ပြီးကျွေးထားခဲ့တဲ့ ဖက်ရွက်တွေဟာ အကုန် မြေကြီးအပေါ် ပြန်ရောက်နေပါတယ်….။ အပုပ်နံ့ပေးတာတွေ၊ အမွှေးနံ့ပေးတာတွေ၊ ၀င်ပူးတာ စီးတာတွေတော့ အခု ပြင်ဦးလွင်ပွဲမှာ မတွေ့ခဲ့ရပါဘူး..။
ဒါကတော့ ကျွန်တော် ကြုံတွေ့ခဲ့ရသမျှ အသေးစိတ် နီးပါးပဲ ဖြစ်ပါတယ်…။
မိတ်ဆွေတို့ထင်နိုင်ပါတယ်…။ ဖက်တွေ မြေကြီးပေါ် ပြန်တင်နေတာက မီးပိတ်တဲ့အချိန်မှာ ကြွက်တို့ ဘာတို့ မြေအောင်းသတ္တ၀ါတွေ လာစားလို့ (ဖြစ်နိုင်ပါတယ်) ..။ ခြေရာတွေ ထင်နေတာက မီးပိတ်ထားချိန်မှာ လူတစ်ယောက်ယောက်က အဲ့ဒီံအထဲ ခိုးဝင်လို့ (လုံးဝမဖြစ်နိုင်ပါ)…။ စသည်ဖြင့်..။ သို့လော.. သို့လော..။ ယုံကြည် နိုင်ပါတယ်..။ မယုံကြည်ပဲ နေနိုင်ပါတယ်…။
မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရသော ကျွန်တော့်အား ဒါဆို မင်းက ဘယ်ဘက်ကလည်းလို့ မေးရင်..။ ကျွန်တော့်အဖြေမှာမူ……
P.S- ကျွန်တော်ကတော့ အစာမကျွေးခဲ့ပါဘူး..။ ရေဘူးတော့ တိုက်ခဲ့တယ်..။ ကျွန်တော့်ရေဘူး လက်နှစ်စစ်လောက် လျော့သွားပါတယ်..။ သူတို့ ဆက်သောက်လို့ ရအောင် ကျွန်တော် အဲ့ဒီ့ဘူးကို သုဿန်မှာပဲ ထားခဲ့ပါတယ်…။ ကျွန်တော် ပြန်တော့ ၁ နာရီထိုးပါပြီ..။ ဘောလုံးပွဲ မှီရုံလေးပါ.။ သန္တိသုခမှ အသင်းသား အချို့နဲ့ မေတ္တာရှင် ပေတဒါနအဖွဲ့မှ အဖွဲ့ဝင်အချို့ သုဿန်မှာ အိပ်ဖို့ ကျန်ခဲ့ပါတယ်…။ စောစောကလူတွေ များလို့ လာမစားရဲလို့ မစားခဲ့ရဖူးဆိုရင် အခုလူတွေ ရှင်းသွားတဲ့အချိန်မှာ လာရောက်စားသောက်နိုင်ပါကြောင်းနဲ့..။ မ၀သေးရင် မိမိတို့ ဒီမှာ အိပ်မည်ဖြစ်သဖြင့် လာရောက်တောင်းခံနိုင်ပါကြောင်း ပြောကြားနေသည့် အသံများကိုလည်း ကြားလိုက်ရပါတယ်….။ ပုံတစ်ခုချင်းစီရဲ့ အောက်မှာ Description တွေ သေသေချာချာရေးပေးချင်ပေမယ့် Connection က အဲ့လောက် အခွင့်အရေးမပေးပါဘူး…။ ပုံတွေကို ကြည့်ရုံနဲ့ ဘယ်ပုံက စာထဲမှာ ဘာကို ရည်ညွှန်းတယ်ဆိုတာ သိနိုင်မယ်လို့ မျှော်လင့်ပါတယ်…။
ပေတ ဒါန
ကြားဖူးသူများ ကြားဖူး ပါလိ့မ်မည်…။ သိပြီးသူများလည်း သိပြီး ဖြစ်ပါလိ့မ်မည်…။ သို့သော် မကြားဖူးသောသူများနှင့် မသိသေးသော သူများအတွက် ရည်ရွယ်ပါသည်။ ပေတ ဆိုသော ဝေါဟာရကို မသိနိုင်သောလည်း ဗုဒ္ဓဘာသာ လူမျိုးတိုင်း ဒါနကိုတော့ သိကြမှာပါ…။ အခု ကျွန်တော်ပြောမယ့် ပေတ ဒါန ဆိုတာ အမျိုးမျိုးသော အလှူတွေထဲကမှ တစ်ခုပါ…။ ဒါပေမယ့် ထူးခြားတယ်…။ စိတ်ဝင်စားဖို့ကောင်းတယ်…။ အကျိုးသက်ရောက်မှု ပြန်းထန်တယ်…။ ကုသိုလ်ရတယ် (အခြား အလှူမှာ ရတဲ့ ကုသိုလ်တွေနဲ့ မတူပါဘူး..။ ဘာလို့လဲဆိုတာ ဒီဆောင်းပါးပြီးသွားရင် သိပါလိမ့်မယ်…)
ပေတ ဒါနအကြောင်းကို ကျွန်တော် ပထမဆုံး ကြားဖူးတာကတော့ သွားလေသူ စာရေးဆရာ နီကိုရဲ ရဲ့ “နတ်ငယ်” ဆိုတဲ့ ၀တ္ထုထဲမှာပဲ ဖြစ်ပါတယ်..။ ၀တ္ထုရဲ့ ရည်ရွယ်ချက် က ပေတဒါန အကြောင်းကို လူတွေသိလာအောင်…။ လှူဒါန်းကြအောင် ရည်ရွယ်ထားပြီး…။ အရေးအသားကတော့ ဆရာ နီကိုရဲရဲ့ ပင်ကိုအတိုင်း ရယ်စရာ ဟာသ ၀တ္ထု လေးတစ်ခုဖြင့် ဖွဲ့စည်းထားပါသည်…။ ရေးသားပုံနှင့် ဇာတ်လမ်းဖွဲ့စည်းပုံမှာ တကယ်အနှစ်သာရရှိသော (အပေါစားမဆန်နသော) ဟာသမျိုး ဖြစ်နေပေမယ့်…။ အဓိက သူတင်ပြလိုတဲ့ အကြောင်းအရာကတော့ တကယ်ကို လေးနက် လှပါတယ်…။
ရယ်စရာ ဟာသ၀တ္ထုတစ်ပုဒ်အနေနဲ့ ဖတ်ဖူးသူများ အခု ကျွန်တော်ပြောတဲ့ လေးနက်မှု အမြင်နဲ့ တစ်ခါ ထပ်မံဖတ်စေလိုပါတယ်…။ မဖတ်ဖူးသူများ ရှာဖွေပြီး ဖတ်ကြည့် စေချင်ပါတယ်…။ တကယ်လို့များ ပြည်ပရောက် မိတ်ဆွေများအတွက် အဆင်မပြေရင် …။ PDF file ရှိ/မရှိ ရှာပြီးတော့..။ ရှိရင် ကျွန်တော် တင်ပေးပါ့မယ်..။
ပေတဒါနဆိုသည်မှာ ကျွန်တော်တို့ ကျွေးချင်တိုင်း စားလို့မရ…။ ကျွန်တော်တို့ ပေးချင်တိုင်း… ၀တ်လို့မရ၊ နေလို့မရသော သူများ ဖြစ်သည့် ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်၊ အသူရကယ် ဟူသော အပါယ်လေးဘုံရောက် သတ္တ၀ါများအတွက် (အထူး သဖြင့် ပြိတ္တာ/သူရဲ/တစေ များအတွက်) ရည်စူးပြီး လှူဒါန်းရသော အလှူ မျိုးဖြစ်ပါသည်..။
အခြား ဒါနများနှင့် မတူ ကွဲပြားခြားနားသော အဓိက အချက်များ ရှိပါတယ်…။ ပေတဒါန တစ်ခု အထမြောက်ရန် အောက်ပါ အချက်များနှင့် ပြည့်စုံဖို့လိုပါသည်။
(၁) လှူဒါန်းသူ (သို့) လှူဒါန်းသူများသည် အပါယ်လေးဘုံမှ ဆင်းရဲဒုက္ခအတိရှိကုန်သော သတ္တ၀ါများကိုသာ ရည်စူးရမည်။
(၂) ဘုရားအမှူးရှိသော အကျင့်၊ သိက္ခာ၊ သမာဓိ နှင့် ပြည့်စုံသော ဆရာတော်၊ ရဟန်း၊ သံဃာတော်များသို့သာ လှူဒါန်းရမည်။
(၃) ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးကို သာ လှူဒါန်းရမည်။
(၄) မိမိ ရည်စူးလှူဒါန်းမှုအား မည်သူ့အတွက် လှူဒါန်းသည်ကို အတိအကျ ဖော်ပြရမည်။ (နာမည်ဖြင့် ဖြစ်စေ၊ သို့မဟုတ် ဥပမာ..”ယခင် ဘ၀ပေါင်းများ စွာမှ တော်စပ်ဖူးကုန်သော၊ သို့မဟုတ် သိကျွမ်းဝင်ဖူးသော၊ သို့မဟုတ် ကျေးဇူးရှိဖူးသော ဆွေမျိုး၊ မိတ်ဆွေ၊ ဆရာသမား၊ မိဘ တို့အား ရည်စူးပါသည်”) ထိုသို့ လှူဒါန်းရာတွင် ကျွန်တော်တို့ ဘက်မှ အထက်ပါ အချက် (၄) ချက်နှင့် ပြည့်စုံရုံမက…။ အပါယ်ဘုံသားတို့ဘက်မှလည်း အောက်ပါ အချက် (၃) ချက်နှင့် ထပ်မံ ပြည့်စုံ ရန် လိုအပ်မည် ဖြစ်ပါသည်။
(က) အပါယ်လေးဘုံးရှိ သတ္တ၀ါများသည် ၄င်းတို့၏ ဘ၀များအား အမှန်တကယ် ငြီးငွေ့ပြီး ကောင်းသောဘ၀ကို သွားလိုသော ဆန္ဒပြင်းပြခြင်း။
(ခ) ထိုသို့ ဆန္ဒပြင်းပြရုံနှင့် မပြီးသေးပဲ ၄င်းကိုယ်တိုင်လည်း ထိုဘ၀မှ ကျွတ်လွတ်ရန် မှန်ကန်သော အချိန်ကာလဖြစ်ရန် လိုအပ်ခြင်း။
(ဂ) မကျွတ်လွတ်သေးသော ဘ၀များတွင် ရှိနေပါက မိဘဆွေမျိုးများအား ဆက်သွယ် နိုင်သော အနေအထားရှိခြင်း
နောက်ဆုံးအချက် (အချက် ဂ) ကိုအနည်းငယ် ရှင်းလိုပါတယ်..။ ဒီအပါယ်ဘုံသားတွေဟာလည်း ကျွန်တော်တို့ လူသားတွေလိုပဲ…။ ဟိုသွား..။ ဒီသွားရှိ တတ်ပါတယ်…။ ဒါကြောင့် အပေါ်က အချက်နှစ်ချက်နဲ့ ပြည့်စုံနေသောလည်း အမျှပေးဝေသော အချိန်တွင် ၄င်းတို့မရှိက (သို့မဟုတ်) မသိက ကျွတ်လွတ်နိုင်မည် မဟုတ်ပါ။ နောက်တစ်ချက်….။ သူတို့ရဲ့ ကုသိုလ်ကံ အကုသိုလ်ကံအပေါ် မူတည်ပြီး အမျှ ခေါ်နိုင်သောသူ၊ မခေါ်နိုင်သော သူ ဆိုပြီးတော့လည်း ရှိပါသေးတယ်..။ (ပါဝါရှိတာနဲ့ မရှိတာ ကွာတာပေါ့ဗျာ…။ ဒီ့ထက် အသေးစိတ် ပိုသိချင်ရင် ဆရာ နီကိုရဲရဲ့ “နတ်ငယ်” ကို ဖတ်ကြည့်ဖို့ ထပ်မံ တိုက်တွန်းပါတယ်..။) ဒါကြောင့် ဆက်သွယ်နိုင်သော အနေအထားဆိုသည်မှာ..။ အမျှခေါ်နိုင်သော နေရာတွင်ရှိခြင်း၊ အမျှ ခေါ်နိုင်ရန် ထိုက်သင့်သော ကုသိုလ်ကံ ရှိနေရန် လိုအပ်ခြင်းထို့ကို ဆိုလိုပါတယ်..။
ဒါကတော့ ကျွန်တော် သိထား၊ ဖတ်ထားတဲ့အချက်တွေပါ…။
ကျွန်တော် အဲ့ဒီ့ ၀တ္ထုကို ဖတ်ထားတာ တော်တော်ကြာပါပြီ …။ ကြာဆိုပေမယ့် ၃၊ ၄ လ လောက်ပဲ ရှိပါသေးတယ်..။ ဖတ်ပြီးပြီးချင်းတော့ ဒီလိုအလှူမျိုး ငါလုပ်ချင်လိုက် တာဆိုပြီး စိတ်ထဲမှာ တမ်းတမ်းတတ ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့်လည်း ပုထုဇဉ်တို့ရဲ့ သဘာဝအတိုင်း ကောင်းတဲ့ စိတ်ဟာ ကြာကြာမခံပါ ဘူး..။ လောဘတွေ၊ ဒေါသတွေ၊ မောလတွေနဲ့ ပြန်လည် လောင်မြိုက်ရင်း…။ ဒီအလှူကိစ္စကို မေ့သွားခဲ့တာ မနေ့က အထိပဲ ဖြစ်ပါတယ်..။
ကျွန်တော်အခု ပြင်ဦးလွင်မြို့မှာ ရှိတဲ့ သန္တိသုခ အခမဲ့နာရေးကူညီမှုနှင့် လူမှုရေးဝန်ဆောင်မှု အသင်းကြီးအတွက် Website တစ်ခုလုပ်ပေးနေပါတယ်..။ အဲ့ဒီ့ Design အကြမ်းကို မနေ့က သူတို့ကို သွားပြပြီး..။ သူတို့ဆီက လိုချင်တဲ့ Data တွေ ကျွန်တော်ထပ်တောင်းပါတယ်..။ အထူးသဖြင့် မှတ်တမ်း ဓာတ်ပုံတွေပါ…။ သူတို့က လည်း လောလောဆယ် သူတို့မှာ ရှိသမျှလေးတွေ ပေးပါတယ်..။ ဒါပေမယ့် Site မှာ သုံးဖို့ အဆင်ပြေတာက ရှားပါတယ်..။ ကျွန်တော် သိပ်သဘောမကျမှန်းသိတော့ သူတို့က ကျွန်တော့်ကို အကြံတစ်ခုပေးပါတယ်…။ ဒီလ ၂၈ ရက်နေ့မှာ သူတို့အသင်းက ဦးစီးပြီး အလှူတစ်ခုလုပ်ဖို့ရှိတယ်..။ အဲ့ဒီ့မှာ လိုအပ်တဲ့ပုံတွေ ကိုယ်တိုင် ရိုက်ချင်ရင် လာရိုက်ပါလို့ ဖိတ်ခေါ်ပါတယ်…။ ကျွန်တော် ဒီအလှူရှိမှန်းကို အရင်နေ့ကတည်းက ကျွန်တော် သုံးနေကြ အင်တာနက်ဆိုင်မှာ လက်ကမ်းလေးတွေ တွေ့ ခဲ့ပြီးသားပါ..။ ဒါပေမယ့် သာမန်တရားပွဲလို့ပဲ ထင်ပြီး အမှတ်တမဲ့ပဲ နေခဲ့ပါတယ်..။ သူတို့ ကျွန်တော့်ကို ဖိတ်ခေါ်နေတဲ့ အချိန်အထိ သာမန် တရားပွဲလို့ပဲ ထင်တုန်းပါ။
ဒါနဲ့ ညနေဘက် ကျွန်တော် အင်တာနက်ဆိုင် ပြန်ရောက်ပြီး သူတို့ လက်ကမ်းစာစောင်ကို သေသေချာချာဖတ်ကြည့်လိုက်မှ ကျွန်တော် အရမ်းစိတ်ဝင်စားတဲ့ ပေတဒါန အလှူ ဖြစ်နေမှန်းသိလိုက်ရပါတယ်…။ ပေတဒါန အလှူဆိုတဲ့ ဆွဲဆောင်မှုအပြင် ကျွန်တော့်ကို ထပ်ပြီးဆွဲဆောင်လိုက်တဲ့ အချက်ကတော့ အလှူ ပြုလုပ်မည့် အချိန်နဲ့ နေရာကြောင့်ပဲ ဖြစ်ပါတယ်…။
ကျင်းပ ပြုလုပ်မည့်ရက်က ယခုလ ၂၈ ရက်နေ့ဖြစ်ပါတယ်..။ ကျင်းပပြုလုပ်မည့်နေရာက ပြင်ဦးလွင် (၈)မိုင် သုဿန်ကြီးတွင် ဖြစ်ပါသည်။ ကျင်းပမည့်အချိန်က ည (၁၁) နာရီ ဖြစ်ပါသည်…။ အလှူရဲ့ ပထမဆုံးအစီအစဉ်က…။ ဂုဏ်ထူးဆောင် နာယက ဆရာတော် (၄) ပါးဦးဆောင်ပြီး အဲ့ဒီ့ သုဿန်မှာ ဆွေဟောင်း၊ မျိုးဟောင်း၊ ပြိတ္တာ (သူရဲ၊ တစေ) များအား အစားအစာများကျွေးမွေးခြင်း ဖြစ်ပါတယ်..။ အရပ်အခေါ်တော့ ခေါစာပစ်တယ်ခေါ်ပါတယ်..။ ဒါပေမယ့် ဒီအသုံးအနှုန်းကို ကျွန်တော် ကတော့ ရိုင်းတယ်…။ နာမ်လောကသားများကို နှိမ်တယ်လို့ ယူဆတဲ့အတွက် အရင်ကတည်း ကျွန်တော် မကြိုက်ခဲ့ပါဘူး…။
ဒါက (၂၈) ရက်နေ့မှာ ပြုလုပ်မယ့်အလှူပါ..။ ၂၉ ရက်နေ့ မနက် (၈) နာရီမှာတော့ အဲ့ဒီ့ သုဿန်မှာပဲ ဘုရားအမှူးရှိသော ဆရာတော် သံဃာတော်တို့အား လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေခြင်းကို ပြုလုပ်မှာ ဖြစ်ပါတယ်…။
အင်မတန် ထူးခြားသလို..။ အင်မတန်မှ ရှားပါးသော အခွင့်အရေးဖြစ်ကာ….။ အဓိပ္ပါယ်ရှိ..။ အဖိုးတန်လှသော အလှူတစ်ခုဖြစ်ပါတယ်..။ ကြုံလည်း ကြုံကြိုက်ခဲပါတယ်…။ နိုင်ငံတော်က ပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးများအတွက် ရည်ရွယ်ပြီး သိန်းကို ရာထောင်ချီကာ လှူသော အလှူများထက် ပိုလက်တွေ့ကျတယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်..။ ကျွန်တော်ကတော့ ၂ ရက်စလုံးကို မပျက်မကွက် သွားဖို့ ဆုံးဖြတ်ထားပါတယ်..။ မှတ်တမ်း ဓာတ်ပုံလည်း ရိုက်ဖို့ စီစဉ်ထားပါတယ်..။ အထူးသဖြင့် ပြိတ္တာ (သူရဲ၊ တစေ) များအား အစာကျွေးတဲ့အချိန်ကို မှတ်တမ်းတင်ဖို့ ကျွန်တော် အင်မတန် အားသန်နေပါတယ်…။ ဘယ်လိုပုံမျိုးတွေ…။ ထူးခြားမှုတွေ တွေ့ရမယ်ဆိုတာ တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်…။
အဲ့ဒီ့အလှူပြီးသွားတဲ့နေ့ကြရင်လည်း အလှူနဲ့ပါတ်သတ်တဲ့အသေးစိတ် စီစဉ်ပုံတွေကို (ကိုယ်တိုင်ထိုကဲ့သို့သော အလှူပြုလုပ်ချင်သူများ၊ ဗဟုသုတအဖြစ် သိလိုသူများအတွက် ) အသေးစိတ် မှတ်မိသလောက် ပြန်ရေးပေးပါ့မယ်..။ အခု ဒီဆောင်းပါးကတော့ ပေတဒါန မိတ်ဆက်လို့ ပြောလည်းရပါတယ်..။ နောက်တစ်ခုက အခုလာမည့် ၂၈ ရက် ပြင်ဦးလွင်မှာ ပြုလုပ်မယ့်အစီအစဉ်ကို စာဖတ်သူ၊ သူငယ်ချင်းများအား အသိပေးခြင်းဖြစ်ပြီး..။ စိတ်ဝင်စားလို့..။ ကိုယ်တိုင်လာရောက် လှူဒါန်း ခြင်း၊ လေ့လာခြင်း၊ မှတ်တမ်း ဓာတ်ပုံ ရိုက်ခြင်းများ ပြုလုပ်လိုပါက ပြုလုပ်နိုင်ရန်အတွက် အသိပေး ရေးသားလိုက် ခြင်းဖြစ်ပါသည်။
P.S- ပြင်ဦးလွင်သို့ လာမည်ဆိုပါက ကျွန်တော့်အိမ်တွင် နေနိုင်ပါကြောင်း…။
၉/ခ စံပယ်
ဇူလိုင်..။ သြဂုတ်..။ စက်တင်ဘာ..။ အောက်တိုဘာ..။ နိုဝင်ဘာ..။ ဒီဇင်ဘာ..။ ဇန်န၀ါရီ…။ ဖေဖော်ဝါရီ..။ မတ်…။ ဧပြီ…။ မေ…။
အချိန်တို့သည် ထင်တာထက်ပိုပြီး လျှင်လျှင် မြန်မြန်ကုန်ဆုံးသွားပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ အချို့အတွက် မသိသာပါဘူး..။ မထူးခြားပါဘူး..။ အချို့အတွက်တော့ တစ်နှစ်ဆိုတဲ့ အချိန်မပြောနဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလောက်နဲ့ တင် အရာအားလုံးကို ပြောင်းလဲပြစ်ဖို့ လုံလောက်ပါတယ်..။
ကျွန်တော်အတွက်တော့ ဒုတိယအမျိုးအစားက အကြုံးဝင်ပါတယ်..။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင်ကို လုပ်စရာတွေက စနစ်တကျ ပြည့်နေခဲ့ပါတယ်..။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ဘ၀အမျိုးအစားအရ ဒါဟာ သိပ်မထူးဆန်းပါဘူး…။ စာဖတ်သူတွေအတွက်လည်း ထူးဆန်းမယ် မထင်ပါဘူး..။ ဒီကာလတစ်ခုအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ…။ ခံစားချက်တွေဟာ အမျိုးစုံသလောက် ရသလည်း စုံလှပါတယ်…။ ဒီအတွေ့အကြုံတွေထဲက ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ကျွန်တော် ပြန်ပြောပြချင်ပါတယ်…။ ဒီစာကိုဖတ်လိုက်ရလို့ ကုန်ဆုံးသွားမယ့် တစ်စုံတစ်ခုသော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွက် မပြောပလောက်သော ပမာဏလေးဖြစ်ဖြစ်တော့ အကျိုးရှိကောင်း ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…။
ပထမတော့ ဒီအကြောင်းကို ကျွန်တော် ၀တ္ထုတို တစ်ပုဒ်အသွင်ပြောင်းပြီ ယခင့်ယခင်များကအတိုင်း မြှုပ်ကွက်လေးတစ်ခုထားပြီး ရေးမလို့စဉ်းစားခဲ့ပါသေးတယ်..။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ရလိုက်တဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို သတိပေး (ဆုံးမ) တဲ့အနေနဲ့ရော ကျွန်တော့်လို အခြေအနေမျိုး (အနဲနဲ့အများဆိုသလို) ကြုံတွေ့နေရတဲ့ စာဖတ်သူများအတွက်ရော သတိထားမိနိုင်အောင် အဖြစ်အပျက်တစ်ခုအနေနဲ့ပဲ ဆောင်းပါးပုံမျိုး ရေးဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်..။
ဒီလိုပါ…။
ကျွန်တော် ရန်ကုန်ပြန်ရောက်လာပြီးကတည်းက အကြီးမားဆုံးအရူးထနေတဲ့ ရောဂါကတော့ အခုကျွန်တော်စီးနေတဲ့ကားကို အသစ်လဲချင်နေတာပါပဲ..။ ကျွန်တော့် မိသားစုဟာ တော်ဝင်အဆင့်၊ Top 10 အဆင့်ဝင်လောက်အောင် မချမ်းသာပေမယ့်…။ သာမန်ထက်ပိုပြီး ပြည့်ပြည့်စုံစုံနေနိုင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒီ့အတွက် အပေါ်ယံအားဖြင့်ကြည့်မယ်ဆိုရင် ကားတစ်စီးလိုချင်နေတဲ့ ကျွန်တော့်ရဲ့ ဆန္ဒ (အရူးထမှု) ဟာ ပြဿနာတစ်ခုဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ ကြိုက်တဲ့ကား  တွေ့လို့ ဈေးလည်း သင့်တယ် (ကျွန်တော့်အသက်အရွယ် ကျွန်တော့်သောက်ဆင့်လောက်နဲ့ တော်ရုံတန်ရုံကားဆိုပါတော့) ဆိုရင် အခုစီးနေတဲ့ကား ကို ပေါက်ဈေးအတိုင်း ရသင့်သလောက်ရအောင်ရောင်းလိုက်..။ ပြီးရင် လိုတဲ့ငွေ နဲနဲပါးပါး (ရာတော့ကျော်တာပေါ့ဗျာ..။ သိန်းရာကျော်တာကို နဲနဲပါးပါး လို့ ရေးတယ်ဆိုပြီး သြဘာအပေး မစောကြပါနဲ့ဦး။ ကျွန်တော်အပေါ်မှာပြောခဲ့သလို ဒီဆောင်းပါးဟာ အမှားကို (အထူးသဖြင့်ကိုယ့်အမှားကို ကိုယ် ၀န်ခံတဲ့ဆောင်း ပါး တစ်ခုဖြစ်တဲ့အတွက် အစပိုင်းအသုံးအနှုံးနဲ့ အခြေအနေကတော့ ကြွားရာ ကြီးကျယ်ရာ ရောက်ကောင်းရောက်နိုင်ပါတယ်) အသာတကြည်  ၀ယ်လိုက်ရုံပါပဲ…။ ဒါပေမယ့် အဓိက ပြဿကတော့ ကျွန်တော့်အဖေပါပဲ…။
ကျွန်တော့်အဖေဟာ လက်ရှိအခြေအနေထိရောက်လာဖို့ အောက်ခြေဘ၀ကနေစပြီး သမာအာဇီဝဖြစ်သော လုပ်ငန်းများကို ကြိုးစားရုန်းကန်ရင်း ကျွန်တော်တို့ မိသားစုကို တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့အတွေးအခေါ်၊ အယူအဆနဲ့ ဆုံးဖြတ်ချက်တွေဟာ ရိုးရှင်းပြီး ပကာသနကင်းလွန်းလှပါတယ်..။ သူ့အတွက် ကားဆိုတာ အလုပ်လုပ်ဖို့ ဖြစ်ပါတယ်…။ သူ့အယူအဆအရ လိုချင်တဲ့နေရာကို၊ လိုချင်တဲ့အချိန်မှာ သွားနိုင်ဖို့အတွက် ကားကို အသုံးပြုခြင်း (၀ယ်ခြင်း၊ စီးခြင်း) ဖြစ်ပါတယ်..။ ဇိမ်ခံဖို့ မဟုတ်ပါတဲ့..။ ကျွန်တော်တို့ နေထိုင်ရာ A-1 ခြံကနေ လှည်းတန်းကို သွားမယ်ဆိုပါစို့..။ သာမန်ရုံးအတက်အဆင်းချိန်သွားမယ်ဆိုရင် Prado လည်း ၁၅ မိနစ် မောင်းရပါတယ်..။ သာမန်ကားတစ်စီးလည်း ထို မိနစ်ပိုင်းအတွင်းပဲမောင်းရပါတယ်..။ ကားပိုကောင်းလို့ မြန်မြန်ပိုမရောက်နိုင်ပါဘူး..။ (အထူးသဖြင့် ရန်ကုန်မြို့ ထဲမှာ ကိုယ်တိုင်မောင်းဘူးတဲ့ သူတွေသိပါတယ်) ဒါကြောင့် မလိုအပ်ပဲ ကားအကောင်းစား ၀ယ်စီးခြင်းကို အပြင်းအထန် ကန့်ကွက် သူဖြစ်ပါတယ်။ ကားဝယ်မယ့် အစား အဲ့ဒီ့ကားထဲ မြုပ်သွားမယ့် ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပဲ ဆက်ပြီး တိုးချဲ့ချင်တဲ့ သူတစ်ယောက်ပါ။
ကျွန်တော့်လို အောက်သက်မကြေတဲ့ကောင်နဲ့ သူ့လို ရိုးသားတဲ့သူ ထိပ်တိုက်တွေ့ကြတဲ့ အချိန်မှာ ပြဿနာကစပါတယ်…။ ခွန်းကြီးခွန်းငယ်..။ ပြန်လာတဲ့နေ့က စလို့..။ ဒီကားဝယ်ဖို့ အကြောင်းအရာ ရောက်သွားတာနဲ့ ပြဿနာက စပါတယ်…။ အမေတွေ အဖိုးတွေကလည်း ကျွန်တော်ရော အဖေရော ပြနေတဲ့ အကြောင်းပြ ချက်ကိုယ်စီက သူ့ဟာနဲ့ သူခိုင်မာ မှန်ကုန်မှု ရှိနေတာကြောင့် ဘယ်သူ့ဘက်မှ မလိုက်ပဲ ဆိတ်ဆိတ်သာ နေနေခဲ့ကြပါတယ်..။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ သားအဖ နှစ်ယောက်ကြားက စစ်အေးတိုက်ပွဲက အချိန်ကြာလာခဲ့ပါတယ်..။
အဲ့ဒီ့ကြားထဲမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုအဖြစ် ကျွန်တော် အိမ်ထောင်ကျသွားပါတယ်…။ အဲ့ဒီ့မှာ ပွဲက ပိုဆူသွားပါတယ်..။ နဂိုကတည်းက ကားရူးနေပါတယ် ဆိုမှ..။ အိမ်ထောင်ကျသွားတော့ လူအမြင်မှာ ပိုပြီးတင့်တောင့် တင့်တယ် ဖြစ်ချင်လာတယ်…။ (ပိုကြွားချင်လာတယ်ပဲ ဆိုပါတော့ဗျာ…) ဒီအချိန်အနေတွေကို ရိပ်စား မိလာတဲ့ ကျွန်တော့်အဖိုးက နောက်ဆုံး ထွက်ပေါက်တစ်ခုပေးလိုက်ပါတယ်..။ ကျွန်တော် ပြန်မလာခင်ကတည်းက ကျွန်တော့်အတွက် ၀ယ်ထားတဲ့ ခြံတစ်ကွက်ကို သူက ထုတ်ရောင်းခွင့်ပြုလိုက်ပါတယ်…။ ဒီခြံရောင်းထွက်သွားရင် မင်းလည်း စီးချင်တဲ့ ကား အသင့်အတင့် တစ်စီးဝယ်စီး ..။ ပိုတာတွေကို မင်းတို့ဥာဏ်ရှိသလို သုံးကြ ပေါ့ကွာဆိုပြီး ခြံရောင်းခွင့်ပေးလိုက်ပါတယ်…။
ကျွန်တော်တို့ ၀ယ်ထားတုန်းက အဲ့ဒီ့ခြံက အမြတ်တော်ခွန်ဆောင်အပြီး ၁၀၀ မပြည့်တပြည့်ပဲ ကျပါတယ်…။ ဒါနဲ့ ရောင်းမယ်ဆိုပြီး ဈေးခေါ်လိုက်ပါတယ်..။ ကျွန်တော်တို့ ၈၅၀ ခေါ်လိုက်ပါတယ်….။ အိုကေ..။ အဆင်ပြေတယ်..။ ပွဲစားတွေကလည်း သဘောကျတယ်…။ လိုချင်တဲ့သူတွေကလည်း သဘောကျတယ်..။ အုတ်တံတိုင်းခတ်ပြီးသား ပေ ၁၅၀ ပတ်လည်လောက်လဲရှိတယ်…။ အချက်အချာကျတဲ့နေရာမှာလည်း ရှိတယ်…။ လာကြ..။ ကြည့်ကြ..။ မေးကြပေါ့..။ ကျွန်တော်တို့ လင်မယားနှစ်ယောက် (အဓိက က ကျွန်တော်ပါ..။ ကျွန်တော့်အမျိုးသမီးက ဒါတွေ စိတ်ကိုမ၀င်စားပါဘူး..။ သူ့ဘေးမှာ ကျွန်တော် ရှိနေရင် သူ့လောက လှပပြီးသား ဖြစ်နေပြီလို့ ခံယူထားပြီးသား သူပါ) လည်း တပြုံးပြုံးပေါ့..။ ၀ယ်မယ့်သူက မနက်ဖြန် သဘက်ခါလာတော့မယ်..။ စာချုပ်တွေ ဘာတွေအားလုံးလဲ ပြင်ပြီး သွားပြီ…။
တစ်ဘက်မှာဝယ်ဖို့ ကားတွေ ဘာတွေလည်းကြည့်ပြီးပြီ…။ 5D Mark II ရောဂါတက်နေတဲ့ ကျွန်တော့်အရူးထမှုကလည်း နေမြင့်တာနဲ့အတူ တော်တော်ရင့်။ Lady Black က သူလည်း ဓာတ်ပုံရိုက်တာ ၀ါသနာပါတယ်..။ ကျွန်တော်က အသစ်ဝယ် သူက အခု ကျွန်တော့် 50D နဲ့ရိုက်မယ်ဆိုပြီး Plan ချကြပါတယ်..။ ကျွန်တော့အထင်တော့ သူ ဒီလောက်ကြီး ဓာတ်ပုံရိုက်တာကို ၀ါသနာမပါ ပါဘူး..။ ကျွန်တော် 5D Mark II ၀ယ်ဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလို့ ကျွန်တော် စိတ်ပြတ် သားသွားအောင် တမင်ကျွန်တော့်အဟောင်းလေးနဲ့ သူရိုက်ချင်လို့ပါဆိုပြီး အနစ်နာခံခြင်း ဖြစ်တယ်လို့ ကျွန်တော် အတိအကျယုံကြည်ပါတယ်…။ တကယ်တမ်း သူတစ်ကယ်ဝါသနာပါတာက ကျွန်တော်ရိုက်တဲ့ဓာတ်ပုံလေးတွေကြည့်ပြီး ဟိုပုံလေးကကောင်းတယ်..။ ဒီပုံကမကောင်းဘူး ဆိုပြီး ဝေဖန်တာမျိုး..။ နေပူကျဲတဲ ကျွန်တော် သွားရိုက်သမျှနေရာတိုင်းကို ထီးတစ်ချောင်းနဲ့ လိုက်မိုးပေးတာမျိုး..။ ဓာတ်တော်ချိုင့်မှာ သွားရိုက်ချင်လှပါပြီဆိုလို့..။ အတက်ချည်း ၁ နာရီကျော်တက်ရ တဲ့နေရာမျိုးကို အပင်ပန်းအဆင်းရဲခံကာ လိုက်တာမျိုးပဲ ဖြစ်ပါတယ်…။
ဒီလိုနဲ့ အားလုံးအိုကေပြီ ရောင်းမယ် ဆိုပြီးလုပ်ပြီးကာမှ…။ အမှတ်မထင် ကျွန်တော်တို့ သိလိုက်ရတဲ့ အချက်တစ်ချက်က တော်တော်ကို အံ့အားသင့်ဖို့ ကောင်းသွား ပါတယ်..။ အခြားမဟုတ်ပါဘူး..။ ပွဲစားက တင်ရိုက်ထားပါတယ်…။ ပွဲစားက ၀ယ်မယ့်သူကို ၁၁၀၀ နဲ့တင်ရိုက်ထားပြီး ကျွန်တော့်တို့ကို ပါးစပ်လာပိတ်ပါတယ်…။ စာချုပ်ချုပ်တဲ့နေ့ကြရင် ဘာမှဝင်မပြောပါနဲ့တို့..။ ၁၁၀၀ လို့ပြောပေးပါတို့..။ စသည်ဖြင့်…။ ကျွန်တော် တော်တော်တုန်လှုပ်မိသွားတယ်..။ ကျွန်တော့်ခြံ ဒီလောက် ဈေးရတာကို တုန်လှုပ်သွားတာ လုံးဝမဟုတ်ပါဘူး..။ အဲ့ဒီ့အချိန် ကျွန်တော့်ခေါင်းထဲကို အရင်ဆုံးဝင်လာတာက လူတွေရဲ့ မသမာလောဘကိုပါ…။ ခြံအရောင်းအ၀ယ်လုပ်ရင် ပွဲခပေးရတာ မဆန်းပါဘူး..။ သူတို့ထိုက်ထိုက်တန်တန် (အခုခတ် ပေါက်ဈေးရဲ့ ၂%) ယူပါတယ်။ အခုလို ပွဲအကြီးတွေဆို သူတို့ အတွက် ဆယ်နဲ့ချည်ပြီးကျန်ပါတယ်…။ ဒါကိုတင်အားမရသေးပဲ..။ သူတို့မပိုင်တဲ့ ပစ္စည်းတစ်ခုအပေါ်မှာ သိန်း ၂၅၀ ကျော် အလကားယူဖို့ စဉ်းစားတာကတော့ ကျွန်တော် တကယ်ကို လိုက်မမှီဖြစ်ခဲ့ရပါတယ်…။ (မင်းတို့ကရော လောဘ မကြီးလို့လား ၁၀၀ လောက်နဲ့ ၀ယ်ထားတာကို ၈၅၀ နဲ့ပြန်ရောင်းတယ်ဆိုရင်..။ ကျွန်တော်တို့ ၀ယ်ထားတာက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပါ။ ပြီးတော့ ကျွန်တော်တို့က ဈေးခေါ်တယ်…။ ၀ယ်ချင်တဲ့သူက သူကြိုက်လို့ တန်တယ်ထင်လို့ ၀ယ်ပါတယ်..။ အဖြေက ရှင်းပါတယ်)
ဒါနဲ့အဲ့ဒီ့ပွဲ ပျက်သွားပါတယ်…။ ကျွန်တော်လည်း အရှိက်ကို ဖြတ်အထိုးခံလိုက်ရသလို မျှော်လင့်ချက်တွေ တပွေ့တစ်ပိုက်ကြီး ဖြစ်ပြီးကာမှ အရုပ်ကြိုးပြတ်ဖြစ်သွား ပါတယ်..။ ဒါနဲ့ အဲ့ဒီ့နေ့ ညနေ ကျွန်တော်နဲ့ Lady Black မြို့ထဲက သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး အပြင်မှာ ဆုံဖို့ချိန်းလိုက်ကြပါတယ်…။
ဒီလိုနဲ့ ကျွန်တော် လှည်းတန်းမှာ မီးပွိုင့်မိပါတယ်..။ ညနေ ၆ နာရီ ၇ နာရီထုံးစံအတိုင်း ပတ်ဝန်းကျင်က မှောင်စပျိုးပျိုး..။ ကျောင်းပြန်သူတွေ၊ ရုံးပြန်သူတွေ၊ တစ်ယောက်လက်ကို တစ်ယောက်ချိတ်ကာ ရုံးလာကြို ကျောင်းလာကြိုသူတွေ၊ အဆောင်သူ အဆောင်သားတွေ၊ မြို့ပြင်ပြန်မယ့်သူတွေ၊ မြို့ထဲသွားမယ့်သူတွေနဲ့ လှည်းတန်းလမ်းဆုံရဲ့သဘာဝအတိုင်း အရောင်တွေ စုံလို့နေပါတယ်…။
ကျွန်တော့်ခေါင်းထဲမှာလည်း ကျွန်တော်အခုလိုချင်နေတဲ့ ၃၀၀ နဲ့ ၄၀၀ ကြားရှိမယ့် (စက်မှုဇုန်ထုတ်မဟုတ်တဲ့) ကားအကြောင်း၊ မရလိုက်တဲ့ သိန်း ၈၅၀ အကြောင်း၊ Range အပြည့်နဲ့ဆို ၇၀ လောက်ကျမယ့် 5D Mark II အကြောင်း..၊ လက်မတင်လေး လွတ်သွားတဲ့ မိန်းမအတွက်ဝယ်ပေးဖို့ စဉ်းစားထားတဲ့ ၂၀ ၀န်းကျင် မြင်းခွာတံဆိပ် နာရီလေးတစ်လုံးအကြောင်း…။ ပူလောင်မှုတွေ…။ မောဟတွေ…။ လောင်မြိုက်မှုတွေနဲ့…။ ကျွတ်တစ် သပ်သပ်  တောက်တစ်ခေါက်ခါက်နဲ့ပေါ့…။
လှည်းတန်းမီးပွိုင့်ကြာတာကို အကြောင်းပြုပြီး ကျွန်တော့်လိုပဲ Lady Black လည်း ငေးချင်ရာငေးရင်းတွေးချင်ရာတွေးနေပါတယ်…။ အဲ့ဒီ့အချိန် ကျွန်တော့်ကား လှုပ်ကနဲ ဖြစ်သွားပါတယ်..။ ကျွန်တော် ပထမထင်တာက အရှေ့ကကားပဲ ဘီးလိမ့်လာပြီး တိုက်သလား..။ အနောက်က ကားပဲ ကလက်ချော်ပြီး ကျွန်တော့်ကားနာက်ကို ၀င်စောင့်သလားပေါ့…။ ပြန်စဉ်းစားကြည့်တော့ ကားက ဒီလောက်ကြီး အရှိန်ပြင်းပြင်းလှုပ်သွားတာလည်း မဟုတ်ပါဘူး..။ အိကနဲ ဖြစ်ရုံ လောက်ပါပဲ…။ ဒါနဲ့ ကျွန်တော်တို့ Mr & Mrs Black နှစ်ယောက်ဘေးဘီကို သတိထားမိ ကြည့်မိလိုက်တော့….။
ကျွန်တော့်ကားက Dagon Jeep ပါ..။ Jeep ကားဆိုတော့ နဲနဲမြင့်ပါတယ်..။ မြင့်တော့ အပေါ်တက်ဖို့ တံခါးပေါက်နားမှာ ခြေနင်းလေး တစ်ခု ပါပါတယ်…။ တစ်စ တစ်စ အမှောင်ဖုံးလွှမ်းစ ပြုလာနေတဲ့ ပတ်ဝန်းကျင်ကို တော်တော်လေး အာရုံစိုက်ပြီး ကြည့်လိုက်တော့မှ ၅ နှစ်နဲ့ ၇ နှစ် ကြား ကလေးငယ်လေးတစ်ယောက်..။ ကျွန်တော့် ဂျစ်ကား ခြေနင်းခုံလေးပေါ် တက်လို့ (သူ့အရပ်က ခြေနင်းခုံပေါ်မတက်ရင် မမှီဘူးလေ၊ ကျွန်တော်တို့လည်း မမြင်ရဘူး)၊ အဲယားကွန်းဖွင့်ထားလို့ အပြည့်တင်ထားတဲ့ Lady Black ဘေးက မှန်နားမှာ မျက်နှာလေးကပ်လို့….။ လက်တစ်ဘက်က ပြန်လန်မကျအောင် ကားမှန်ဘောင်လေးကို ခဲခဲရင်းရင်းကိုင်လို့..။ ၀တ်ထားတာ က နွမ်းနွမ်းလျလျ…။ မျက်နှာလေးက ငြစ်ငြစ်နွမ်းနွမ်း…။ သူ့ဆီမှာတောက်ပတာဆိုလို့ ဖြူဝင်းနေတဲ့ မျက်ဝန်းလေးနှစ်ခုနဲ့….
လက်ထဲမှာ ကိုင်ထားတဲ့ လန်းလန်းဆန်းဆန်း စပယ်ပန်းကုန်းလေး တစ်ကုန်း….
“၂၀၀ ထဲပါ ဦးရယ်…။ ယူသွားပါနော်…။ တစ်ကုံးထဲ ကျန်တော့လို့ပါ…။”
ကျွန်တော် ပထမကြောင်သွားပါတယ်..။ နောက်တွေဝေသွားတယ်..။ ပြန်စဉ်းစားတယ်…။ ကားက သိန်း ၄၀၀…။ ကင်မရာက သိန်း ၇၀…။ စပယ် တစ်ကုံး ငွေကျပ် ၂၀၀…။ လှည်းတန်း မီးပွိုင့်သည် အမှောင်ထုကြားမှ အစိမ်းရောင် တစ်ချက်ဖြင့် ကျွန်တော့်အား မျက်စလှမ်းပြစ်ပြသည်။
ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်…။
“များတယ်ကွာ…”
လန်းဆန်းသော စပယ်ပန်းများကိုင်ထားသော ကလေးငယ်သည် နွမ်းလျသော မျှော်လင့်ချက်များဖြင့် ကျွန်တော့်ကား ခြေနင်းခုံပေါ်မှ ဆင်းသွားပါတယ်..။ ကျွန်တော့် 3C တပ်ထားတဲ့ ၉ခ Dagon Jeep ဟာလည်း အေးအေးဆေးဆေး ငြင်ငြင်သာသာပင် လှည်းတန်း မီးပွိုင့်ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတော့သည်…..။
P.S- အဲ့ဒီ့ကလေးငယ်အား နောက်နေ့များတွင် သတိထားကြည့်မိသော်လည်း လှည်းတန်းမီးပွိုင့်တွင် ထပ်မံမတွေ့ရှိခဲ့တော့ပါ…။