September 15 , 2011 | 394 views
images

အရင်က ကျွန်တော့်ရဲ့ ဒီကိုယ်ပိုင် blog မှာ ကျွန်တော်ရေးနေကြ ဆောင်းပါးတွေ၊ အက်ဆေးတွေပဲ ရေးဖို့စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း စာမရေးတာ တော်တော်ကို ကြာသွားတဲ့အတွက်..။ တကယ်တမ်းရေးချင်လို့ ပြန်စဉ်းစားတဲ့အခါမှာ ရေးစရာအကြောင်းအရာတွေကများပြီး ဘယ်က စရေးရမှန်း မသိအောင် ဖြစ်လာပါတယ်..။ ဒါကြောင့် မရေးတာကြာလို့ အညောင်းမိနေတဲ့ လက်တွေကို ပြန်သွေးရင်း လောလောဆယ် အာရုံလာနေတဲ့ WordPress Theme တစ်ခု ပြုလုပ်နည်းအကြောင်းကို ရေးသားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီ ပို့စ်ကို MMGenius မှာလည်း တင်ပေးသွားပါ့မယ်…။ ဒါမှလည်း MMGenius မှာ WordPress နဲ့ ပါတ်သတ်ပြီး စုစုစည်းစည်းလေးဖြစ်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ WordPress စသုံးခဲ့တဲ့ လွန်ခဲ့တဲ ၃ နှစ်ကျော်လောက်ကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ WordPress သုံးတဲ့သူ လက်ချိုးရေလို့ ရနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုချိန်မှာတော့ တော်တော်ကိုများနေပါပြီ။ ဒါပေမယ့် ဘယ်လောက်ပဲ WordPress သမားတွေများများ ၈၀% လောက်က End User တွေပဲ ဖြစ် နေပါတယ်။ WordPress.org ကနေ CMS အထုပ်ကို ချမယ်။ ကိုယ်ပိုင် Hosting သို့မဟုတ် Free Hosting တစ်ခုခုမှာ ပြန်တင်ပြီး Run မယ်။ ပြီးရင် Design လှလှ Function စုံစုံ Theme တစ်ကိုရှာမယ်။ Free ရနိုင်တာတွေရှိသလို ၀ယ်သုံးရတဲ့ ဟာတွေလည်းရှိမယ်။ Theme လေး Activate လုပ်မယ်။ အသေးအမွှား လေးတွေ ပြင်ဆင်ဖြည့်စွက်ပြီးသွားရင် ကိုယ်ပိုင် WordPress Blog တစ်ခုပြီးသွားပြီ ပြောလို့ရပါတယ်။

ဒါဆို WordPress ဟာ Child Play ပေါ့?

ကျွန်တော်ကိုယ်တိုင် မြန်မာပြည် ပြန်ရောက်လို့ လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာ သက်ဆိုင်တဲ့သူက မေးပါတယ်။ မင်းဘာလုပ်တတ်လဲ ..။ ကျွန်တော် CMS တော်တော် များများကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ပါတယ်။

သူက ပြန်မေးပါတယ်..။ CMS ဆိုတာ ဘာလဲ…? ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့ပါဘူး..။ နောက် နဲနဲချင်းရှင်းပြလို့ သူသဘောပေါက် သယောင်ယောင်ရှိသွားတဲ့ အချိန်မှာ ထပ်ပြောတဲ့စကားက ပိုဆိုးပါတယ်။ ဖြစ်နိုင်ရင် အခန်းထောင့်မှာ ထောင်ထားတဲ့ တံမြက်စည်းနဲ့ ရိုက်ပြစ်ချင်ပါတယ်။ ရိုက်လို့ မရလို့ပေါ့ဗျာ…။

” ဒါဆို မင်းတို့ဟာက Child Play ပဲ..။ ဖြတ်လမ်းနည်းကြီးပေါ့ကွ…” ဒီလူ့ရဲ့စကားကို WordPress Founder Matt Mullenweg ကြားရင် ကိုယ့်ကိုယ်ကို သတ်သေ သွားနိုင်ပါတယ်..။

ထားလိုက်ပါဗျာ..။ ဒါက အခု ကျွန်တော် ဒီပို့စ်ကို ရေးရခြင်းရဲ့ အခြေခံအကြောင်းအရင်း တွန်းအားတစ်ခုပါ။ တကယ့် တွန်းအားကတော့ ကျွန်တော်တို့ မြန်မာ WordPress သမားတွေကို End User အဆင့်ကနေ Developer တစ်ယောက်အထိ ဖြစ်လာစေချင်တဲ့ စိတ်နဲ့ပါ (Developer လို့သုံးရတာ အခြားစကားလုံးရှာ မရလို့ပါ။ မင်းလိုကောင်က Developer ဆိုတဲ့စကားသုံးရအောင် ဘယ်လောက်တတ်လို့လဲဆိုရင်။ ကျွန်တော် ဒီပို့စ်စီးရီးဟာ ကျွန်တော် သိသမျှ တတ်သမျှ အကုန်ပါပဲ။ )

ကျွန်တော် ဒီပို့စ်ကို Series တစ်ခုအနေနဲ့ ရေးပါ့မယ်။ ဒီလိုရေးဖို့ Inspiration ရတာကတော့ ကျွန်တော်ကိုယ်တိုင် Theme ရေးဖို့ စလေ့လာရာမှာ ဖတ်ရှုခဲ့ရတဲ့ WPDesigner ရဲ့ Idea ကို မှီငြမ်းထားလို့ပဲ ဖြစ်ပါတယ်။ ဒီ Post Series မှာ သူရေးထားတဲ့ထဲက အချက်တွေပါနိုင်သလို။ ကျွန်တော်လုပ်ရင်း ကိုင်ရင်း ထပ်တွေ့ထားတဲ့အချက်လေးတွေ၊ ပိုလွယ်မယ်၊ ရှင်းမယ်ထင်တာလေးတွေကိုပါ ဖြည့်စွက်ပြီး ရေးပေးသွားမှာဖြစ်ပါတယ်။ သူ့လောက်တော့ မကောင်းနိုင်ပေမယ့်။ တကူးတက အင်္ဂလိပ်လို ဖတ်ပြီး စမ်းတ၀ါးဝါး လုပ်နေရတာထက်စာရင် မြန်မာလို ဖတ်ပြီးလိုက်လုပ်ရတာ ပိုပြီးပေါ့ပေါ့ ပါးပါး နိုင်မယ်ထင်လို့ပါ။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ အဓိက အကြံပေးချင်တာကတော့ ဖြစ်နိုင်ရင် English လိုပဲ ဖတ်စေချင်ပါတယ်။ Internet မှာ Source တွေအရမ်းများပါတယ်။ ဒီတစ်ခုထဲကိုပဲ လူအမျိုးမျိုး က နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်ပြ၊ အာဘော်အမျိုးမျိုးနဲ့ ရေးသားပြထားတဲ့အတွက် ပိုပြီးထိရောက်ပါတယ်။ ကြိုးစားပြီး ဖတ်ရှုလေ့လာကြစေလိုပါတယ်။

Tutorial လေးမစခင် ကျွန်တော် CMS ဆိုတာလေးအကြောင်း နားလည်သလောက် နဲနဲရှင်းပြချင်ပါတယ်။ CMS ဆိုတာ Content Management System ဖြစ်ပါတယ်။ WordPress, Joomla တို့ကအစ၊ Phpbb, IPBoard, Vbulletin စတဲ့ Forum Script များဟာ CMS အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

အခု ဒီအမျိုးအစားတွေထဲက လူသုံးအများဆုံး၊ အရိုးရှင်းဆုံးနဲ့၊ ထိရောက်မှုအရှိဆိုး CMS တစ်ခုဖြစ်တဲ့ WordPress အတွက် Theme ပြုလုပ်နည်းကို ဖော်ပြပေး သွားပါ့မယ်။

ကျွန်တော့် Intro တော်တော်ရှည်သွားပါပြီ…။ လုပ်ငန်းစပါမယ်…။

Making WordPress Theme Introduction

WordPress Theme နဲ့ WordPress Template ခဏခဏ မှားကြပါတယ်။ တစ်ကယ်က လုံးဝမတူပါဘူး။ WordPress Theme တစ်ခုဖြစ်ဖို့အတွက် WordPress Template ပေါင်းများစွာနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် WordPress Template များအစုအဖွဲ့ကို WordPress Theme လို့ခေါ်ပါတယ်။

WordPress Theme တစ်ခုမှာ အခြေခံအားဖြင့် အောက်ပါ Template များပါ ပါတယ်။

(1) index.php

(2) style.css

(3) header.php

(4) single.php

(5) page.php

(6) footer.php

(7) search.php

(8) archive.php

(9) comment.php

(10) comment.css

(11) sidebar.php

(12) functions.php

ဆိုပြီး ၁၂ ခု ပါဝင်မှဖြစ်ပါတယ်။ ဒါတွေက အမှန်ဆို ပြန်ခွဲထားလို့ပါ။ Theme ကို function တွေထည့်တာ များရင် များသလို file တွေပိုလာနိုင်ပေမယ့်။ ဒီ့ထက်တော့ လျော့မသွားပါဘူး။ ( ဒါပေမယ့် တကယ်တမ်း အခြေခံ WordPress Theme တစ်ခုကိုလုပ်မယ် ဆိုရင် index.php နဲ့ style.css နှစ်ခုပဲ လိုပါတယ် widgetize လုပ်မယ်ဆိုမှ functions.php ထပ်လိုပါမယ်။ ကျွန်တော် ဘာ့ကြောင့် ဒီလိုပြောလိုဆိုတာ နောက်ပိုင်းမှာ ရှင်းသွားပါလိ့မ်မယ်။)

WordPress Theme တစ်ခု ကိုယ်တိုင် ပြုလုပ်ဖို့ အောက်ပါ လက်နက်များ လိုအပ်ပါလိ့မ်မယ်။

Local Server

WordPress Theme တစ်ခုလုပ်တော့မယ်ဆိုရင် ဘယ်သူမှ Hosting ပေါ် တိုက်ရိုက်တမ်းတင်ပြီး မလုပ်ကြပါဘူး (မြန်မာပြည် ကော်နက်ရှင်နဲ့ဆို ပိုဆိုးပါတယ်။) ဒါကြောင့် အရင် Local မှာ Run ပြီး သုံးဖို့လိုပါတယ်။ ဒီလို Local Server တစ်ခု Run ဖို့အတွက် Wamp Server (သို့မဟုတ်) Xampp Server တစ်ခု မိမိစက်ထဲမှာ Run ထားဖို့လိုပါတယ်။ နှစ်ခုစလုံးက Open Source Software တွေဖြစ်တဲ့အတွက် Free Download ရယူနိုင်ပါတယ်။ Install လုပ်တဲ့ပိုင်းက ဘာမှ ထွေထွေထူးထူးမရှိတဲ့ အတွက် ကျွန်တော် မရှင်းပြတော့ ပါဘူး..။ တကယ်လို့ အဆင်မပြေတာ ရှိရင် Comment ပေးပြီးမေးနိုင်ပါတယ်။ ကျွန်တော် Comment တွေကို Reply ပြန်ပေးသွားပါ့မယ်။

Photoshop

မဖြစ်မနေ လိုအပ်ပါတယ်။ ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်လေလေ ဒီဇိုင်း လန်းလန်းလေးတွေ ထွက်လေပါပဲ။ ကျွန်တော်ဆို Photoshop မကျွမ်းလို့ မလန်းတာ ကျွန်တော့် အခု ဒီ Site က Theme ကိုကြည့်ရင်သိနိုင်ပါတယ်။

Notepad (or) Notepad++ (or) Dream Weaver

Codding တွေ ရေးဖို့အတွက်ပါ။ Notepad ကတော့ Window မှာ ပါပြီးသားပါ။ ဒါပေမယ့် တကယ်တမ်း သိပ်အဆင်မပြေပါဘူး။ Line Error တွေရှာတဲ့အခါ အခက်အခဲရှိပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ Notepad++ ကို အသုံးပြုစေချင်ပါတယ်။ Free Software တစ်ခုပါပဲ။ လွယ်ကူစွာ Download ချ အသုံးပြုနိုင်ပါတယ်။ ပိုက်ဆံတတ်နိုင်လို့ ၀ယ် သုံးမယ်..။ ဒါမှမဟုတ် serial key တွေ၊ crack တွေ ရှိတယ်ဆိုရင်တော့ Dream Weaver ကို သုံးစေချင်ပါတယ်။ Notepad++ ထက်ပိုကောင်းပါတယ်။ ဘာလို့ ကောင်းလဲဆိုတာ နောက်ပိုင်းမှာ ကျွန်တော် ရှင်းပြပေးပါ့မယ်။

Web Developer Toolbar

Mozilla Firefox ရဲ့ Addon တစ်ခုပါ။ လွယ်ကူစွာ Install လုပ်အသုံးပြုနိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ Addon တစ်ခုဖြစ်ပါတယ်။

ColorPixer

ဒါကတော့ Software သေးသေးလေးတစ်ခုပါ။ မဖြစ်မနေမဟုတ်ပေမယ့်။ နောက်ပိုင်းမှာ တော်တော်လေး အသုံးဝင်လာပါလိ့မ်မယ်။

ဒီလောက်ဆိုရင် လက်နက်ကိရိယာ တော်တော်စုံလင်သွားပါပြီ…။ ဒီနေ့အဖို့တော့ ကျွန်တော် အခု ဖော်ပြပေးထားတဲ့ လက်နက်တွေစု၊ စက်ထဲမှာ Local Server လေး Run ပြီး WordPress လေးအရင် Run ကြည့်လိုက်ပါ။ အခက်အခဲသေးသေး မွှားမွှားလေးတွေကို စတွေ့ရပါလိ့မ်မယ်။ တစ်ခါတစ်လေ သူများပြောပြတာကို နားထောင်ရတာ တကယ်ကို လွယ်ပါတယ်။ ကိုယ်တိုင် လုပ်ကြည့်မှ အခက်အခဲလေးတွေကို သိလာတဲ့ သဘောရှိပါတယ်။ ဥပမာ ကျွန်တော်တို့ ငယ်ငယ်က ပါးစပ်နဲ့ စာကျက်တာရပြီ ပိုင်ပြီဆိုပြီး..။ ချရေးကြည့်မှ တောမေ့ တောင်မေ့ ဖြစ်တဲ့သဘောပါ…။

ကဲ..။ စာကျက်လို့ ပိုင်ပြီဆိုရင် စပြီး ချရေးကြည့်လိုက်ကြရအောင်လားဗျာ…။

P.S-နောက်နေ့တွေမှာ ကျွန်တော် အပိုင်းလိုက် ဆက်ပြီးရေးသွားပေးပါ့မယ်။ ခန့်မှန်းခြေ ၁၃ ပိုင်းကနေ ၁၅ ပိုင်းလောက် ပါမှာဖြစ်ပါတယ်။

About

I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

4 Responses to “Making WordPress Theme (Introduction)”

  1. [...] မဖတ်ခင် မနေ့က ကျွန်တော် ရေးခဲ့တဲ့ Introduction ကို အရင် ဖတ်စေလိုပါတယ်။ အစကနေ [...]

  2. [...] မစခင် ဒီ Tutorial Series ကို ပထမဆုံး Post ကနေ စဖတ်ဖို့ တိုက်တွန်းပါယ်…။ [...]

  3. [...] မဖတ်ခင် မနေ့က ကျွန်တော် ရေးခဲ့တဲ့ Introduction ကို အရင် ဖတ်စေလိုပါတယ်။ အစကနေ [...]

  4. [...] မစခင် ဒီ Tutorial Series ကို ပထမဆုံး Post ကနေ စဖတ်ဖို့ တိုက်တွန်းပါယ်…။ [...]

Leave a Reply