လူ့ဘ၀သည် အချိုးအကွေ့များနှင့် ပြည့်နှက်နေသော ၀င်္ကဘာတစ်ခုဖြစ်ကြောင်း ပြီးခဲ့တဲ့ Post တွင် ကျွန်တော်ရေးသားခဲ့သည်။ အမှတ်ရစရာများ များသ လောက်…။ မှတ်မှတ်သားသား တန်ဖိုးထားသင့်သည့် အရာများ၏ မူလတန်ဖိုးသည် တဖြေးဖြေးခြင်း ပိုမိုကျဆင်းလာခဲ့သည်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ ဒီကာလများသည် ပြီးဆုံးခဲ့ပြီ…။ သို့မဟုတ်…။ ယာယီအားဖြင့် ပျောက်ကွယ်သွားပြီ ဟုဆိုနိုင်ခဲ့ပြီ ဖြစ်သည်။
လူတစ်ယောက်သည် တစ်သက်တွင် ဘယ်နှစ်ကြိမ်လောက် ဘ၀များကို ပိုင်ဆိုင်နိုင်ပါသနည်း…?
လွန်ခဲ့သည့် ရက်ပိုင်းများက ဒီမေးခွန်းကို မေးခဲ့ပါက တစ်ကြိမ်သာ ဟု ကျွန်တော် ရိုးရှင်းစွာ ဖြေမိပေလိ့မ်မည်။ သို့သော် အခုချိန်တွင်တော့ ဒီအဖြေသည် ကျွန်တော့် အတွက် များစွာ လေးနက်မှု ရှိသွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော ၂၆ နှစ်က ကျွန်တော့်၏ ဖြစ်တည်မှုတစ်ခု စတင်ခဲ့သည်။ ဘုရားသခင်က ဖန်ဆင်းပေးခဲ့ခြင်းတော့ ဟုတ်မည်မထင်…။ မွေးနေ့ပေါင်း ၂၅ ခုကို ပုံစံအမျိုးမျိုး ဘ၀အမျိုးမျိုးဖြင့် ကျော်ဖြတ်ခဲ့ဖူးသည်။ အမှတ်ရဖွယ်ကောင်းသော မွေးနေ့များရှိခဲ့သလို…။ လွမ်းဆွေး အထီးကျန်ဖွယ်ကောင်းသော မွေးနေ့ပွဲများ လည်း ဖြတ်ကျော်ခဲ့ဖူးသည်…။ ဒီနှစ်တွင်မူ…
မွေးနေ့ဆိုသော အရာသည် တကယ်တော့ ပညတ်တစ်ခုသာဖြစ်ပြီး..။ ဘာမှ ထူးထူးကဲကဲ အနှစ်သာရမရှိသော သာမန်ရက်စွဲတစ်ခုသာဖြစ်ကြောင်းကို ကျွန်တော် ကောင်းစွာ နားလည် ခံယူထားသူ တစ်ယောက်ဖြစ်ပါသည်။ သို့သော် လူတို့၏ သဘာဝအတိုင်း တစ်ခါတရံ မိမိကိုယ်ကို လှည့်စားချင်တတ်သည့် အကျင့်တစ်ခု ကျွန်တော့်တွင် အခြားသူများနည်းတူ ရိုးရိုးလေးရှိနေခြင်းမှာ ထူးထူးခြားခြား အံ့သြလောက်စရာ ကောင်းမည် မထင်…။
နေ့ရက်တိုင်း နေ့ရက်တိုင်း..။ အချိန်တိုင်း အချိန်တိုင်းကို…။ သတိဖြင့် ဖြတ်ကျော်ခဲ့သူ…။ တန်ဖိုးရှိအောင် နေထိုင်ခဲ့သူများအဖို့..။ နေ့စွဲတိုင်းသည် ရက်ရာဇာသာ ဖြစ်နေပေလိ့မ်မည်…။ မိမိကိုယ်ကို ထူးကာ..။ ရူးကာ…။ လှည့်စားနေစရာ မလိုပေ…။
သို့သော် ကျွန်တော်ကတော့ သာမန်လူသားတစ်ယောက် ပီသစွာ ရူးနေမိပါသည်…။
***********************
ဒီနေ့ဟာ ကျွန်တော့်ရဲ့ ၂၆ နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။ သတ်တမ်းတစ်လျှောက် အမှတ်ရစရာမွေးနေ့များ များများစားစားမရှိခဲ့ပါ..။ ဖေဖော်ဝါရီ ၂၁ မှာ မွေးဖွား ခဲ့တဲ့ လူတစ်ယောက် ဖြစ်သည့်အလျှောက် ကျောင်းသားတို့၏ သဘာဝ …။ သူငယ်တန်းမှ ၉ တန်းအထိ အတန်းတင်စာမေးပွဲကာလထဲတွင် အမြဲ ရောက်ရှိနေခဲ့ ခြင်းသည်လည်း..။ အမှတ်ရစရာများကို နဲစေခဲ့ခြင်း၏ အကြောင်းတစ်ရား တစ်ခု ဖြစ်နိုင်ပေသည်…။
ကျွန်တော့်ဘ၀တွင် လက်ချိုးရေနိုင်သော အမှတ်ရစရာမွေးနေ့ပွဲအချို့ရှိခဲ့ဖူးသည်…။
ကျွန်တော့်ဘ၀၏ ပထမဆုံး အထီးကျန်အဆန်ဆုံး မွေးနေ့တစ်ခုကို ၁၇ နှစ် ပြည့်သည့်နေ့တွင် ချမ်းအေးလှသော ပြင်ဦးလွင်၏ အအေးဒဏ်များအောက်တွင် ပြင်းထန်သော လေ့ကျင့်မှုများကို မြိုချရင်း ကျိတ်မှိတ်ဖြတ်သန်းခဲ့ရဖူးသည်…။
ဒီကြားထဲတွင်လည်း ထူးထူးခြားခြားမရှိခဲ့…။
၁၈ နှစ်ပြည့်မွေးနေ့တွင်တော့ အနည်းငယ်ထူးခြားသည်ဟု ဆိုနိုင်သည်။ တရားဥပဒေအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်..။ ကိုယ်ပိုင် ယုံကြည်ခွင့် ရရှိခဲ့ပြီ ဖြစ်သည့် အလျှောက်..။ ကျွန်တော့်သဘောနှင့် ကျွန်တော် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံတွင် မျက်ကြည်လွှာ သွားရောက် လှူဒါန်းခဲ့သည်…။
၁၉ နှင့် ၂၀ သိပ်မထူးခြားလိုက်ဟု…။ တောတောင် လျှိုမြောင်များအကြားတွင်…။ အလွန်ချစ်ဖို့ကောင်းသော ရဲဘော်ရဲဘက်များဖြင့် …။ ဆေးပေါ့လိပ်အတို တစ်လိပ်ကို လူ ၅ ယောက်လောက် စုပြုံဖွာကြရင်း..။ ကြည်လင်ကာ ကြယ်တွေစုံနေသော ကောင်းကင်ကို ကင်းတဲလေးထဲကနေ မျှော်ကြည့်ရင်း..။ ရေဒီယိုက ညပိုင်း လာတဲ့ ခေတ်ပေါ်တေး အချို့ကိုနားထောင်ရင်း…။ ကော်ဖီမစ် အရည်ကျဲကျဲ တစ်ခွက်နှင့် ကျွန်တော့်မွေးနေ့အတွက် သီးသန့်ပြုလုပ်ပေးတဲ့ ၀ါးကျည်ထောက် လေးကို စားရင်း ဖြတ်သန်းခဲ့ဖူးသည်…။
ဈေးကြီးပေးရသော…။ ငွေကုန်ကြေးကျများသည့် စိန်ရောင် ရွှေရောင်များ တဖိတ်ဖိတ်လက်နေသည့် မွေးနေ့ပွဲကြီးများလောက်တော့ ခမ်းနားမှု ရှိကောင်းမှ ရှိပေလိ့မ်မည်…။ သို့သော်…။ ကျွန်တော့်အတွက်တော့ ကြည်နူးမှုနှင့်အတူ ညိမ့်ညောင်းစွာ ဖြတ်သန်းဖြစ်ခဲ့သော မွေးနေ့လေးတစ်ခုဖြစ်သည်…။ အဲ့ဒီ့ည ကျွန်တော့်ရဲ့ မွေးနေ့ပွဲလေးရဲ့ အလှကို ပိုပြီးအထမြောက်သွားစေသော အရာမှာ ကျွန်တော်တို့ မွေးနေ့ပွဲ ကျင်းပသောနေရာ ဖြစ်သည်…။ ထိုနေရာမှာ အခြားမဟုတ်…။ လုံခြုံရေးအရ လမ်းကင်းစောင့်နေရသော နေရာဖြစ်သည်..။ အခြားနေရာမဟုတ်…။ သချိင်္ုင်းကုန်း တစ်ခုဖြစ်နေခြင်းပင်…။ လွန်စွာ အနှစ်သာရ ရှိပေသည်..။ (သချိင်္ုင်းသည် တရုတ်သချိင်္ုင်းဖြစ်သည့် အပြင် ညနေကမှ လာချသွားသော ဈာပန တစ်ခုကြောင့် အုတ်ဂူပေါ်တွင်ထားခဲ့သော စောင်၊ ခြင်ထောင်နှင့် ခေါင်းဦးများသည်လည်း ထိုညက ကျွန်တော့်၏ မွေးနေ့ပွဲလေးကို နွေးထွေးစေခဲ့ဖူးသည်…။ သွားလေသူအား အလွန်ကျေးဇူးတင်မိသည်။)
၂၁ နှစ်မွေးပြည့်မွေးနေ့တွင်တော့ ကျွန်တော့်၏ အိပ်မက်များထဲမှ ဒုတိယ အဆင့်ဖြစ်သည့် အရာတစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့သည်…။ ပထမဆုံးအကြိမ် စတင် သွေးလှူဒါန်းခဲ့သည်…။ တပ်မတော် စစ်ဆေးရုံတွင်ဖြစ်ကာ…။ စားခဲ့…။ သောက်ခဲ့ဖူးသမျှသော..။ ငှက်ပျောသီးနှင့်…။ နွားနို့များထဲတွင်…။ ထိုနေ့က စားခဲ့ရ သော ငှက်ပျောသီးနှင့် နွားနို့သည် အရသာအရှိဆုံး ဖြစ်လာခဲ့သည်….။
၂၂ မထူးခြားပေ…။ မိဘများထံမှ ဆက်လာမည့် ဖုန်းသံတစ်ခုအား မိုင်ပေါင်း ၈၀၀၀ ကျော်က စောင့်စားရင် ညတစ်ခုကို ရိုးရှင်းစွာ ကုန်လွန်စေခဲ့သည်..။
၂၃…..။ အစ်ကိုတစ်ယောက် ကောက်ရခဲ့သည်…။ (ဟုတ်တယ်မလား ငါ့ကိုကြီး…) ။ အခြားသူမဟုတ် ကိုလင်းထက်ဖြစ်သည်…။ ကျွန်တော် လူမသိ သူမသိ ဘလော့စရေးကာစ ( အခုလည်းမသိကြပါဘူး..။ စကားလှအောင်နဲ့ လူရှိန်အောင် ထည့်ရေးတာပါ) ကျွန်တော့်အတွက် အမြဲအမှတ်ရစေခဲ့သော ပို့စ်တစ်ခု..။ ဒါမှ မဟုတ် လူမသိ သူမသိမှ..။ လူဆဲ သူဆဲ ခံစေခဲ့ရတဲ့ (ဆဲတယ်ဆိုတာလည်း အမျိုးအရင်းတွေကပဲ ဆဲတာပါ…။ အခြားသူတွေမဟုတ်ပါဘူး) ပို့စ်တစ်ခုကနေစခဲ့ ခြင်းပါ..။ သူပို့တဲ့ E-card လေးနဲ့အတူ အလွန်တရာ ခင်မင်ဖို့ကောင်းသော…။ ချစ်ခင်ဖို့ကောင်းသော…။ အနစ်နာခံသော ( Hosting ဖိုး ပြန်မပေးတော့ပါ ) အစ်ကို တစ်ယောက်အား ဘုရားသခင်က လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပေလိ့မ်မည်…။
၂၄…၂၅…။ ကိုလင်းထက်လိုပင်…။ ညီအစ်ကိုများသဖွယ် ချစ်ခင်ကြရသော..။ ကိုစိုးထက်၊ ကိုမိုးမောင်၊ ရဲအောင်သူ၊ မိုးသောက်ယံ၊ သားဖြိုး၊ Zox၊ Ogga စသည့် ညီအစ်ကိုများ..။ ပညာသင်နှစ်အတွင်း တစ်ခန်းထဲအတူနေခဲ့ကြသော..။ Korn Naung တို့ မင်းရဲ့ငါတို့၊ စစ်သွေးဇာနည်တို့၊ မျိုးသွင် တို့လို ညီငယ်များဖြင့် ကုန်လွန်စေခဲ့သည်..။ လွမ်းမောဖွယ်ရာ နှင်းညများပင် ဖြစ်ပေသည်…။
၂၆….
ကျွန်တော့်ဘေး (တကယ့်ကို ကျွန်တော့်ဘေးပါ..။ အခုကျွန်တော်ပို့စ်ရေးနေတဲ့အချိန် သူက ကျွန်တော့်ဘေးမှာ Facebook သုံးနေပါတယ်..။) မှာ …။ ဘ၀တစ်ရှောက်လုံးစာ လက်တွဲရမည့် ကျွန်တော့်၏ Lady Black ရှိနေခဲ့ပြီ ဖြစ်သည်။ ကျွန်တော်သည်လည်း အရင်ကလို တစ်ကိုယ်ရေ တစ်ကာယ စိတ်ရူးပေါက်ရာ ထထလုပ်သော ဘ၀မျိုးကို နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည်..။ ကျွန်တော့်၏ ကောင်းမှု၊ ဆိုးမှုအားလုံးအား…။ နားလည်..။ သည်းခံ…။ နွေးထွေးစေခဲ့သော သူမ၏ နုလုံးခုန်သံ တို့သည် ကျွန်တော့်ဘ၀ အတွက် အားဆေးများ ဖြစ်လာခဲ့သည်….။ ထို့ကြောင့် ကျွန်တော် သူမအား အရမ်းချစ်ပါသည်။ (မျက်စိရှက်က ကျော်ဖတ်ကြပါကုန်..။)
ထို့အတူ ကျွန်တော့်အမေနှင့် ကျွန်တော့်ညီမသည်လည်း ဒီညတွင် ကျွန်တော်နှင့် အတူရှိနေခဲ့သည်…။ အလုပ်မအားလပ်သော အဖေသာ ပါလာခဲ့လျှင် ဒီညသည် (သို့) ဒီမွေးနေ့ပွဲသည် ကျွန်တော့် ဘ၀အတွက် အပြည့်စုံဆုံး မွေးနေ့ပွဲ တစ်ခုဖြစ်ခဲ့ပေလိ့မ်မည်…။ သို့သော်..။ ရှိစေ..။ ကျွန်တော့်ဘေးတွင် သူမရှိသည်..။ သူမသည် ကျွန်တော့်၏ စိတ်ကူးများသာ မက၊ စိတ်ရူးများကို ပါ ကျွန်တော်နှင့် ကောင်းတူ၊ ဆိုးဖက် ဖြည့်ဆည်း အကောင်အထည်ဖော်ပေးဖို့ အချိန်ပြည့် အဆင်သင့် ရှိနေခဲ့ပြီ ဖြစ်သည်…။
ဘယ်လိုပဲ ဖြစ်ပါစေ..။ ကျွန်တော်တစ်ယောက်ထဲ ယောင်ချာချာ ငေါဆင်းဆင်းဘ၀များတွင် ဖြတ်ကျော်ခဲ့ရသော မွေးနေ့ပွဲများတွင် ကျွန်တော့်ဘေးမှာ ရှိနေပေးခဲ့ကြ တဲ့ ကျွန်တော့် ညီအစ်ကို မောင်နှစ်မများ အားလုံးကိုလည်း အခုအချိန်မှာ လုံးဝ မမေ့ပါကြောင်းနှင့်…။ မော်စကို နှင်းညများက ကော်မန့်လှလှများကိုလည်း လွမ်းဆွတ် လျှက်ရှိနေပါသေးကြောင်း….။
P.S- Leave me a lot of comments as my birthday presents





၂၄ တုံးက ထင်တယ် ၊ KFC မှာ ဆုံဖြစ်ကြသေးတယ်လေကွာ ၊ ၂၆ မှာတော့ တစ်နေရာရာပေါ့ ၊ မောင်ဘလက်
၂၆ မှသည် နှစ်ပေါင်းများစွာ အားရှိသလောက် ပျံသန်းနိုင်ပါစေ ။
ဘိုတင့်
Happy Birthday အစ်ကို ဒီနှစ်တော့ ပျော်စရာမွေးနေ့ပွဲလေးဆင်နွှဲလိုက်နိုင်တာပေါ့နော့် မွေးနေ့တိုင်းကို ဒီတိုင်းပဲ ချစ်သောသူတွေအများကြီးနဲ့ ပျော်ရွှင်နိုင်ပါစေ အစ်ကိုရေ ။
Happy POA’s Day!!!!
ညတုန်းက ဖုန်းဆက်မလို့ပဲ အားနာလို့
Congs!
Happy Birthday!!!
ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျနိုင်ပါစေ…။
အမှတ်တရတွေ မရှိဘူးသာဆိုတယ် ရှိတဲ့အမှတ်တရတွေကလည်း ကြည်နူးစရာတွေကြီးပဲ။ နောက်ထပ် မွေးနေ့ပေါင်းများစွာကို ချစ်သောသူများနဲ့ ပျော်ရွင်စွာဖြတ်ကျော်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်..
P.S… Make sure to remember this comment as a BD present .