February 16 , 2011 | 546 views

လူတစ်ယောက်၏ ဘ၀အတွက်…။ ဘ၀တစ်ခုလုံးစာ အမှတ်ရနေစေမယ့် နေ့မျိုး သိပ်များများစားစားမရှိနိုင်ပေ…။ ၁ နှစ်နေလို့ တစ်ခါ…။ ၅ နှစ်နေလို့ တစ်ခါ..။ ၁၀ နှစ်နေလို့ တစ်ခါ…။ ရှိရန် ခက်ခဲသည်။ ကျောင်းသားဘ၀ကို လွန်မြောက်လာပြီးသော ကျွန်တော်တို့လို အသက်အရွယ်မျိုးတွင် ပို၍ရှားပါးလာသည်။ ငယ်စဉ်က ခင်မင်ခဲ့ ကြသော၊ ချစ်ခင်ခဲ့ကြသော၊ သံယောဇဉ်တွယ်တာခဲ့ရသော…။ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် တဖြေးဖြေးဝေးကွာ သွားခဲ့ကြသည်။ ဆုံတွေ့ခွင့်များ ရှားပါးလာခဲ့ကြသည်။ အချို့….။ လုံးဝ ဆုံဆည်းခွင့်မရနိုင်ကြတော့ပေ…။ ထိုသူများအကြောင်းစဉ်းစားရင်း အတိတ်ကို အသစ်တစ်ဖန် ပြန်လည်ခံစားကြည့်ပါက များစွာ ၀မ်းနည်းဖို့ ကောင်းပေသည်။

ကိုယ်ပိုင်ရည်မှန်းချက်..။ ယုံကြည်ချက်..။ မျော်လင့်ချက်များအတွက်…။ ကိုယ်စီကိုယ်စီ ဘ၀လမ်းကြောင်းများပေါ်မှာ ခြေဦးတည့်ရာ လျှောက်ကုန်ကြသည်။ အချို့လည်း ခရီးမှန်…။ လမ်းမှန်သည်။ အချို့လည်း ခရီးပျောက်…။ လမ်းပျောက်သည်။ ကိုယ်စီ ပြဌာန်းချက်များက အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ ဝေးကွာစေ ခဲ့သည်။

ထိုကဲ့သို့ ဘ၀လမ်းအသီးသီးကို အချို့က တစ်ကိုယ်ရည် ဖြတ်သန်းကြသည်။ သို့မဟုတ် ဖြတ်သန်းနေဆဲဖြစ်သည်။ အချို့က ဘ၀အဖော်မွန်တွေနှင့် ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။ အားနည်းချက်..။ အားသာချက်တော့ ကိုယ်စီ ရှိကြပေလိ့မ်မည်။

မည်သို့ပင်ဖြစ်စေ ထိုထိုသူ လူသားများအဖို့ ဘ၀အတွက် အမှတ်တရဖြစ်စရာ ရက်စွဲတစ်ခုကတော့ အမှန်တကယ်ပင် ရှားပါးသော ရတောင့်ရခဲ ဘုရားသခင်၏ ဆုလဒ် တစ်ခုပင် ဖြစ်ပေလိမ့်မည်…။ တစ်နည်းဆိုရသော်….

Day Of My Life….

ကျွန်တော့်အတွက် (အထူးသဖြင့် ကျွန်တော်တို့လို ဘ၀လမ်းကြောင်းတစ်ခုကို ရွေးချယ်ထားသော သူများအတွက်) ဒီလိုရက်မျိုးသည် အိပ်မက်ထဲပင် ထည့်မမက်ခဲ့ ဖူးပေ။ သို့သော် ကံကြမ္မာသည် တစ်ခါတစ်လေတွင် သနားညှာတာတတ်သော သဘောရှိပုံ ရလေသည်။

၁၂.၂.၂၀၁၁ ခုနှစ် သည် ၆၄ နှစ်မြောက်ပြည်ထောင်စုနေ့ ဖြစ်သည်။ ထို့အတူ ကျွန်တော်တို့ အ.ထ.က (၂) ကမာရွတ် (ယခင် St.Augustine) ကျောင်းသားများ၏ ၁၉၈၅ မှ ၂၀၁၀ ပညာသင်နှစ်အထိ ကျောင်းသားများအားလုံး၏ ဒုတိယအကြိမ်မြောက် ဆရာကန်တော့ပွဲနေ့လည်း ဖြစ်ခဲ့သည်။ ထို့အတူ… ကျွန်တော့်ဘ၀၏ မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့သော နေ့တစ်ခုလည်းဖြစ်သည်။

ကျွန်တော်တို့ ကျောင်းသားဘ၀ကနှင့် လုံးဝကွဲပြားခြားနားသွားတဲ့ အရာပေါင်းများစွာ ကျွန်တော်တွေ့ခဲ့ရသည်…။ အဆောက်အဦးများ ခြားနားသွားသည်။ ခမ်းနားမှု များ ခြားနားသွားသည်။ လွတ်လပ်မှုများ ခြားနားသွားသည်။ ဆရာ/ဆရာမများ ခြားနားသွားသည်။ ဆရာ/ ဆရာမ များ၏ မျက်နှာပေါ်မှာ အရေကြောင်းများ ခြားနား သွားသည်။ ဆရာ/ ဆရာမများ၏ မျက်ဝန်းမှ တလဲ့လဲ့ထနေသော အရောင်များ ခြားနားသွားသည်။ ကျွန်တော်တို့ ကျောင်းသားများလည်း ထိုနည်းတူပင်…။ အရပ် အမောင်းများ ခြားနားသွားသည်…။ ကိုယ်လုံးကိုယ်ပေါက်များ ခြားနားသွားသည်…။ အ၀တ်အစားများ ရောင်စုံထနေခဲ့ပြီ…။ ထို့အတူ စိတ်များသည်လည်း ခြားနား သွားခဲ့ပြီ ဖြစ်သည်။

ဆရာကန်တော့ပွဲသည် မနက်ပိုင်းဖြစ်သည်…။ ညနေပိုင်းသည် ကျွန်တော့်၏ ဘ၀သစ်ကူးချိန်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တစ်ခုစဉ်းစားမိသည်။ ဘ၀သစ်မကူး မှီ ဆရာ/ ဆရာမ များကို ဦးချကန်တော့နိုင်ခဲ့ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပေလိ့မ်မည်။

ဘ၀အတွက် ဘယ်လိုမှ မမေ့နိုင်စရာ နေ့စွဲ တစ်ခု ပင်ဖြစ်ခဲ့ပေသည်။

P.S- ၁၀ နှစ်နီးပါး ပျောက်ဆုံးနေခဲ့သော အပြုံးတစ်ခုကို ထိုနေ့က ကျွန်တော် ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။

About

I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

4 Responses to “၁၂.၂.၂၀၁၁”

  1. ညနေပိုင်းကိုလည်း ဆက်ရေးလည်း အကိုကလည်း :D

  2. I also from St.Augustine 98batch. I assume that Evening ceremony is your wedding. :) . Congratulation bro. Happy in New Life.

  3. 14 ရက်နေ့က အကြောင်းကော အစ်ကို ရေးပါအုံး :P

  4. မတွေ့တာလည်းကြာပြီ ။
    အဆင်ပြေပါစ ..

Leave a Reply