မိတ်ဆက် (သို့) Intro
ပေါ်မလာလိုက်..။ ပျောက်သွားလိုက်…။
ရပ်သွားလိုက်..။ ပျက်သွားလိုက်…။
ဖြစ်နေသော Blog (သို့မဟုတ်) Blog ရေးသူကို….
Black Dream ဟု ခေါ်ပေသည်..။
စပါပြီ…။
ထို့ကြောင့်…
ဖြစ်ခြင်း..။ ပျက်ခြင်းသည် သင်္ခါရသဘောတရား ဖြစ်သည်ဟုဆိုလျှင် ကျွန်တော်သည် ထိုသင်္ခါရ တရားကို စွဲစွဲမြဲမြဲ ကျင့်သုံးသူဟု ကိုယ့်ကိုယ်ကို သတ်မှတ်လို ပေသည်။ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးသလို…။ ဘလော့အသေကို ကြီးကြီးကျယ်ကျယ် တရားသဘောဖြင့် ဖုံးခြင်းဟု ယူဆလျှင်လည်း…။ ရှိစေ..။
စာမရေးခဲ့သည် ကြားကာလမှ ကျွန်တော် Blog စရေးခဲ့သည် အချိန်သက်တမ်းတစ်လျှောက်တွင် အကြာဆုံးအချိန်ပင်ဖြစ်သည်။ ထိုအချိန်များသည် အလဟသ အချည်းအနှီးကုန်ဆုံးသွားသည်ဟု အမှတ်မထင်ကြည့်လျှင် ထင်မှတ်စရာအကြောင်းရှိပါသည်။ ကျွန်တော်သည်လည်း ထိုသို့ပင် သဘောထားခဲ့ဖူးသည်။ ဒါပေမယ့်..။ သေသေချာချာ ပြန်ဆန်းစစ်ကြည့်မိတဲ့အခိုက်…။ ကျွန်တော့်အတွက် အတွေ့အကြုံအချို့..။ သင်ခန်းစာ အချို့ရရှိလိုက်သည်….။ လူတို့၏ သဘော သဘာဝကို (ယခင်ကထက်ပို၍) သိခဲ့ရသည်…။ နားလည်ခဲ့ရသည်…။ အံ့အားသင့်ခဲ့ရသည်…။
ကျွန်တော် စာမရေးခဲ့သည် အချိန်ကာလ တစ်ခုလုံးသည် ကျွန်တော်လျှောက်လှမ်းနေသော လမ်းခရီးတစ်ခုအတွက် အချည်းအနှီးမဟုတ်ခဲ့ပေ..။ ထို့အတူ ပျက်ဆီးခြင်းနှင့် အတူ ရပ်တန့်ခဲ့သော ကျွန်တော့်၏ အနက်ရောင်အိပ်မက်များသည်လည်း အချည်းအနှီးမဟုတ်ခဲ့ပေ…။ ရှေ့တင်တစ်မျိုး..။ ကွယ်ရာတစ်မျိုး ဖြစ်တတ်သော လူ့စရိုက်များ…။ နောက်ကွယ်မှ ဓားနှင့်ထိုးနေကြသော အရင်းနှီးဆုံး (ဟု သတ်မှတ်နိုင်သော၊ သတ်မှတ်ခဲ့သော) မိတ်ဆွေများ..။ ထင်ထင်ရှားရှား ရှေ့သို့ တစ်လှမ်းထွက်လာခဲ့ကြသည်။ များစွာ အံ့သြဖို့မကောင်းသော ဖြစ်ရိုးဖြစ်စဉ်များပင် ဖြစ်သည်။
အခု စာပြန်ရေးဖို့ ကြိုးစားကြည့်မိသည်။ စာရေးရတာကို ၀ါသနာပါသော လူတစ်ယောက်အဖို့ စာမရေးပဲ အချိန်ကြာမြင့်စွာ နေခဲ့ရခြင်းသည်..။ ၉၆ ပါး ရောဂါတစ် မျိုးခံစားနေရခြင်းနှင့် မဆီမဆိုင် တူညီသည်ဟု ခံစားမိသည်။
ပြန်ရေးမည်ဟု ဆုံးဖြတ်လိုက်သည်နှင့် ခေါင်းထဲသို့ အတွေးပေါင်းများစွာ ၀င်လာခဲ့သည်။ ငါဘာရေးမှာလဲ..။ ဘာအတွက်ရေးမှာလဲ…။ ဘယ်လိုရေးမှာလဲ..။ ဘယ်သူတွေ ဖတ်မှာလဲ…။ ဘာဆက်လုပ်မှာလဲ..။ မေးခွန်းများသည် များပြားသလောက်…။ လေးနက်မှုသည်လည်း မေးခွန်းတိုင်းအတွက် အားကောင်းနေခဲ့ သည်။ စာများ ဆက်တိုက်ရေးနေခဲ့သော အချိန်က စာရေးရခြင်းသည် အဓိပ္ပါယ်ရှိသည် ဟုခံစားရသည်။ ရေးတဲ့သူကရေးသည်..။ ဖတ်တဲ့သူက ဖတ်သည်။ အားပေးတဲ့သူက အားပေးသည်။ ဆဲတဲ့သူကဆဲသည်..။ များစွာပျော်ဖို့ကောင်းပေသည်..။ အလွန်တရာာ ယုတ္တိရှိလှပေသည်..။ ယခုအချိန်တွင်မူ…
ပထမဆုံး စာများရပ်သွားသည်…။ ထို့နောက် ဘလော့ပါ ပျက်သွားသည်..။ ကိစ္စက ပြီးသွားပြီဖြစ်သည်…။ မပြီးသေးသည်က ကျွန်တော့် ခန္ဓာကိုယ်သွေးကြောများ ထဲတွင် စီးဆင်းနေသော ရွစိခတ်နေသည့် စာရေးချင်သည့် ပိုးများပင်ဖြစ်သည်။ ထို့ကြောင့် စာပြန်ရေးဖို့ (သို့မဟုတ်) စာဆက်ရေးဖို့စဉ်းစားမိသည်။ ထိုသို့ စဉ်းစား မိချိန်တွင် ပထမဆုံး ခေါင်းထဲဝင်လာသောအချက်မှာ ဘာအကြောင်းရေးမလဲဟူသော စာရေးသူတိုင်း ဖြစ်နေကြ မေးခွန်းမဟုတ်ပေ…။ ဒါဆို…?
ဘာရေးမှာလဲ ဟူသောမေးခွန်းပင်ဖြစ်သည်..။ Blog ရေးမည်လော…။ သို့မဟုတ် စက္ကူစာရွက်များပေါ်မှ ပုံနှိပ်စာလုံးများဘ၀သို့ မရောက်မှီ (မရောက်နိုင်မှီ) မြေစမ်းခရမ်းပျိုးသည့်အနေဖြင့် အနုပညာ (နဲနဲစကားလုံးကြီးသွားသည်။ အခြားရွေးစရာစကားလုံး မရှိသောကြောင့်ဖြစ်သည်။ ခွင့်လွှတ်ပါ) နဲ့ ဆိုင်တဲ့ ၀တ္ထုတို၊ အက်ဆေး၊ ဆောင်းပါးများ ရေးမည်လော…။ Blog ရေးတာနှင့် စာရေးခြင်းသည် အများသူငှာအတွက် ဘယ်လိုနေသည် မသိသော်လည်း..။ ကျွန်တော့်အတွက် တော့ လွန်စွာ ခြားနားလွန်းသည်။ Blog သည် Daily Diary သဘောမျိုး၊ Information Sharing မျိုး၊ Personal သဘောမျိုးဆန်သည် (နည်းပညာရေးသော Blog များ နှင့် အခြားသော ရည်ရွယ်ချက် ဦးတည်ချက်တစ်ခုခုထားကာရေးသော Blog များမှလွဲ၍)
ကျွန်တော်သည် နည်းပညာအကြောင်းလည်း ဟုတ်တိပတ်တိ ဘာမှမသိပါ..။ အခြားရည်ရွယ်ချက်များလည်း ကျွန်တော့်တွင်မရှိပါ..။ ရှင်းရှင်းပြောရလျှင် ကျွန်တော့်တွင် ရည်ရွယ်ချက်မရှိပါ..။ ဆန္ဒသာရှိသည်…။ တစ်နေ့စာရေးဆရာဖြစ်ရမည်ဟူသော ခံယူချက်လည်းမရှိပါ…။ ဖြစ်ချင်သော ဆန္ဒသာရှိသည်။ ကျွန်တော် စာရေးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရှင်းသည် စာရေးချင်သောကြောင့် ရေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် အကြိမ်ကြိမ် ပြန်စဉ်းစားရ သည်..။ ပျက်သွားသော Site ကို ဒီအတိုင်းပဲ ဆက်ထားလိုက်ရမလား..။ ပြန်အသက်သွင်းမလား…။ နောက်ဆုံးတော့ ကျွန်တော်ရဲ့ မပြတ်နိုင်သော သံယောဇဉ်နဲ့ ရောဂါပိုးတွေကြောင့် ပြန်လည် အသက်သွင်းဖြစ်ခဲ့သည်..။
Blog ပုံစံဖြင့် ဆက်ရေးခြင်းသည် လွယ်ကူသည် (ကျွန်တော့်အမြင်နှင့် ကျွန်တော်ပြောခြင်းဖြစ်သည်။ ၀ါရင့်၊ နာမည်ကြီး၊ နိုင်ငံကျော် ဘလော့ဂါကြီးများ ဆဲလိုက ဆဲစေသောဝ်)၊ ရေးစရာတွေ ကျွန်တော့်လို လူတစ်ယောက်အတွက်များလွန်းသည်။ ဘ၀အတွေ့အကြုံ၊ ခရီးသွား၊ လူမှုရေး၊ ယုတ်ဆွအဆုံး နုလုံးသားရေးရာ ကိစ္စများအတွက်ပင် ဘယ်သူမှမကြားဖူးသော ၀တ္ထုများထဲတွင်ပင် မပါဘူးသော ထူးဆန်းသည့်အကြောင်းအရာများ ကျွန်တော့်တွင် ကုန်ကြမ်းအပြည့်ရှိသည်။ ထို့ကြောင့် ကျွန်တော့်အတွက် Blog ရေးမည်ဆိုပါက လွယ်ကူသည်ဟု ယူဆသည်။ တစ်နေ့ကို Post အနဲဆုံး ၂ ခု တာဝန်ယူကြောင်း အာမခံလိုသည်။
သို့သော် …
ကျွန်တော် ထိုကဲ့သို့မရေးလို..။ ရေးခဲ့ခြင်း မရှိပေ..။ Black Dream ဟူသော ငချွတ်တစ်ယောက်ကို သိသောသူအနဲစုသည်လည်း ထိုကဲ့သို့သော Blog post များ ကြောင့် သိခဲ့ခြင်းမဟုတ်ဟု ကျွန်တော့်ဘာသာ ယူဆသည်။ ထို့ကြောင့် ကျွန်တော့်တွင်ရွေးစရာ နည်းလမ်းတစ်ခုသာ ရှိသည်..။ အရင်လို ငမြောက်ငချောက် စာတို ပေစများသာ ဆက်လက်ရေးသွားဖို့ရှိသည်။ ထိုအခါ ကျွန်တော့်တွင် အခက်အခဲတစ်ခုဖြစ်လာသည်။ လူတို့၏ သဘောမှာထူးဆန်းသည်။ ဆွဲဆောင်မှုသည် လူတို့၏ စိတ်ကို ဖမ်းစားရာတွင် ဦးစွာအရေးပါသည်။ စာရေးသူသည် စာဖတ်သူရှိမှ အားတတ်စမြဲဖြစ်သည်။ ရေးချင်လို့ရေးတာကတော့ မှန်သည်။ သို့သော် ကိုယ် ဖြစ်ညှစ်ရေးထားသော စာများကို ဖတ်သော စာဖတ်သူများတော့ ရှိစေချင်က အမှန်ပင်..။ ဘယ်သူမှမဖတ်လဲ ငါ့ဖာသာ ရေးချင်လို့ရေးတယ်ကွာ ဟု အော် ကောင်းအော်နေလိ့မ်မယ်..။ သို့သော် ထိုစိတ် (ထိုစကားသည်) မိမိကိုယ်ကို အားပေးခြင်း (လှည့်စားခြင်း) တစ်မျိုးသာဖြစ်သည်။ လူတို့၏ စိတ်တွင် အပြင်စိတ်နှင့် အတွင်းစိတ်ဟူ၍ နှစ်မျိုးရှိသည့်အနက်မှ..။ ထိုစကားသည် အပြင်စိတ် သည်းသန့်သာဖြစ်သည်။ အတွင်းစိတ်ကမူ ကျွန်တော် အထက်တွင် ဆိုခဲ့သလိုသာ ရှိပေ လိ့မ်မည်။
ထိုသို့ဖတ်သည့်သူများ ပြန်လည်ရောက်ရှိလာမှုမှာ ဦးစွာဆွဲဆောင်မှုလိုသည်။ တစ်နေ့ Post တစ်ခုမျှရေးနေသော သူများပင် သူ့စာဖတ်ပရိတ်သတ်ကို မလျော့ သွားအောင် တိုးလာအောင် လုပ်ရတာ မလွယ်ကူပင်..။ ထိုသို့ဆိုလျှင် ကျွန်တော်ကဲ့သို့သော အာရုံရမှ စာတစ်ပုဒ် ထထရေးသော လူတစ်ယောက်အတွက်ပင်မူ ဆိုဖွယ်ရာ မရှိတော့ပေ…။ ထို့ကြောင့် Blog ဆန်ဆန် ပို့စ်လေးများကို ရေးချင်ချင် မရေးချင်ချင် ပုံမှန်လေး တင်သွားပြီး..။ နောက်ပိုင်းမှ အရင်လို ပေတီပေစုတ် စာများ ဆက်ရေးရမလား..။ ဒါမှမဟုတ် မူမပျက် ထုံးစအတိုင်း စိတ်ရူးပေါက်မှ တစ်ပုဒ် ရေးရမလား…။ မဝေခွဲတတ်သည်ကတော့ အမှန်ပင်..။
ဒီကြားထဲ နောက်ထပ် ရောဂါပိုး (တော်တော်ဆိုးသောရောဂါပိုးဖြစ်သည်) က ထပ်ဝင်လာသည်။ ပေါ်ပင်ရောဂါဟု သတ်မှတ်လျှင်လည်း ပြုံးနေမည်သာ ဖြစ်သည်။ ဓာတ်ပုံရိုက်ခြင်းဖြစ်သည်..။ စကားလုံးများဖြင့် နှိပ်စက်၍ မ၀သောကြောင့် အရောင်များ အလင်းများဖြင့် ထပ်မံနှိပ်စက်သည်ဟု ယူဆလိုကလည်း ယူဆနိုင်သည်။ ထို မဖြစ်ညစ်ကျယ် ဓာတ်ပုံလေးများကိုလည်း တင်လိုက်ခြင်သေးသည်။ ထိုအခြင်းအရာများကိုကြည့်ခြင်းဖြင့် ကျွန်တော်သည် လုပ်ချင်တာများ များပြားလွန်းနေ ကြောင်း ထင်ရှားစွာတွေ့နိုင်သည်။ ထို့ကြောင့် ဘာမှ မလုပ်ပဲ ထိုင်နေလိုက်သည်။ ရသလောက်သော အချိန်လေးအတွင်းတွင် ကျွန်တော့် Site လေးကို ပြန်ပြင် လိုက်သည်။ ယခင် စာများ သီးသန့်ရေးနိုင်သောပုံစံမှ လက်ရှိထနေသော ရောဂါနှင့်လည်း ကိုက်ညီအောင်..။ စာများလည်း ဆက်ရေးနိုင်အောင်..။ တစ်ချိန် (ကြီးကြီးကျယ်ကျယ်) ဓာတ်ပုံလုပ်ငန်းအနေဖြင့်သော်လည်းကောင်း၊ စာရေးခြင်းဖြင့်သော်လည်းကောင်း အပျော်တမ်းအဆင့်မှ နောက်တစ်ဆင့်တက်ခဲ့သော အဆင်ပြေစေရန် အတွက်ရည်ရွယ်၍ Portfolio Profile Design မျိုးဖြစ်အောင် စီစဉ်လိုက်သည်။
မေတ္တာပို့ခံရဖို့များသည်။ အရင် Design တုန်းကတည်းက အကြံပေးကြသည်။ စာလုံးသေးသည်..။ အမဲကြီးဖြစ်နေသည်။ ဖတ်ရတာ သူများ Blog တွေလို မလွယ်ကူ..။ မျက်စိရှုပ်သည်။ သူများက အစဉ်လိုက်သွားသည်။ ကျွန်တော်က ဘေးကို ကန့်လန့်သွားသည်..။ ယခုပိုဆိုးသည်..။ Home Page တွင် ဘာစာမှ မရှိ။ ဖတ်လိုက Latest Post ဆိုသောနေရာမှာ ပေါ်နေသည့် ခေါင်းစဉ်ကို Click လုပ်မှ ဖတ်လို့ရမည်။ Site ကို ကြည့်လိုက်တာနဲ့ Post အသစ် ရှိမရှိ တန်းပြီး မသိနိုင်။ ထို့ကြောင့် ယခုလောလောဆယ် ကျွန်တော် စဉ်းစားနေတာ တစ်ခုတော့ရှိသည်။ Blog ကို သီးသန့်လုပ်မလားလို့ စဉ်းစားနေသည်။ ထိုနေရာတွင် စာများကို ရိုးရိုး ရှင်းရှင်း ဖတ်နိုင်ရန် စီစဉ်ပေးထားမည်ဟု စဉ်းစားထားသည် (ဖြစ်လာဖို့များပါသည်) သို့သော်လောလောဆယ်တော့ ဒီအတိုင်းဆက်ထားကာ သုံးကြည့်ဦးမည် ဖြစ်သည်။
အခု ကျွန်တော် စာပြန်ရေးပြီ ဖြစ်ပါသည်။ ရေးချင်လို့ရေးပါသည်။ ဖတ်ချင်သူများ ဖတ်နိုင်ပါသည်။ ဘယ်သူမှ မဖတ်လည်းရေးပါမည် (တကယ်ကြီးတော့ မဖတ်ပဲ မနေကြနဲ့လေ၊ လူအထင်ကြီးအောင် နဲနဲပြောတာ..။ အတည်မမှတ်နဲ့
) ဖတ်သူများက များများပိုရေးပါမည်။ Promotion လုပ်ခြင်းဖြစ်သည်။ ကံစမ်းမဲ အစီအစဉ် ထည့်ကောင်းထည့်မည်။ လျော့ဈေးများပေးကောင်းပေးမည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော် စာပြန်ရေးပြီ ဖြစ်ကြောင်း ရှည်လျားထွေပြားသော ဒီ Post ကို မြနန္ဒာသီချင်းဖွင့်လှစ်ကာ နမောဒဿ သုံးကြိမ်ရွတ်ရင်း ဖွင့်လှစ်ကြောင်း အသိပေး၊ ကြေငြာ၊ မောင်းခတ်၊ ဆော်သြ၊ လှုံဆော် လိုက်ရပါကြောင်း….။
လေးစားစွာဖြင့်
Black Dream
P.S- ကျွန်တော့်ဘက်က အမြဲတမ်းရှိပေးခဲ့ကြသော ကျွန်တော့် ညီအစ်ကိုများနှင့် မများလှစွာသော အမာခံပရိတ်သတ်များအား ဒီ ပို့စ်လေး ဖြင့် နှုတ်ခွန်းဆက် လိုက်ပါသည်။





စာပြန်ရေးတာ နင်ဘယ်လိုပဲဖြစ်ဖြစ် ငါ့နာမည်မပါပဲကို မနေပဲ ထည့်ရေးမှာ သိနေပါတယ် မဲကြီးရာ။
ရဲဘော် ဆက်လုပ်!!!
)
Blog လောက က ဒီလိုပါပဲ ကိုဒွင်းရ၊ ပေါ်၊ ပျောက်၊ ရေး၊ နား ဘလော့ဂါများ ဆိုသလိုပါပဲဗျာ၊ ကျွန်တော်လည်း အတူတူပါပဲ၊ ပျောက်ကျားဖြစ်နေ၏
ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပါရင် ရေးပါ၊ အားပေးနေသည်…
ZaunG
P.S: ကံစမ်းမဲအစီအစဉ်ကိုတော့ စိတ်ဝင်စားသွားလို့ စောင့်ဖတ်နေမယ်ဗျို့…
ချသာချ ရေးသာရေး၊ အားပေးနေတယ်ဗျာ
ဟု သုံးကြိမ် သုံးခါ အော်သွားသည် ။
Bravo !!!!!!!!!!!!
FB မှာတော့ ပုံတွေကြည့်တယ် ဒီမှာတော့ စာတွေဖတ်ရတာပေါ့ အစ်ကိုရာ အာရုံလာတဲ့ အခါကျ အားတဲ့ အခါကျရေးပေါ့ ၀တ်ကျေတန်ကျေမဟုတ်တဲ့ သူတွေလည်း ဒီဘလော့မှာ ဘလက်ရဲံ အရိပ်လေးများ ရှိနေသေးသလားလို့ မကြာမကြာလာကြည့်ဖြစ်ပါသေးတယ် ။