ထွက်ခွာချိန်…
569 viewsနှုတ်ဆက်တာခြင်း တူပေမယ့်
အနဲဆုံးတော့ ဆုံစည်းဖို့အတွက်လား…
ခွဲခွဖို့အတွက်လား…. ဆိုတာကိုတော့ သိသင့်တာပေါ့….
BLACK DREAM (ကျွန်တော်နှင့် သူမ မှ)
တစ်ခါတစ်ရံ အရမ်းထူးဆန်းတယ်လို့ မထင်မိကြဘူးလား…? အချိန်တွေဟာ တစ်ခါတစ်လေမှာ အကုန်မြန်ပြီး…။ တစ်ခါတစ်လေကြတော့ ကြာရှည်လွန်းလှတဲ့ အကြောင်းကိုလေ…။ အိုင်းစတိုင်းက Relativity Theory ရဲ့ သဘောလို့ ပြောခဲ့ဖူးတယ်…။ သူပြောတာလည်း ဖြစ်နိုင်ပါတယ်…။ ဘာပဲ ဖြစ်ဖြစ် အချိန်ဆိုတာဟာလည်း ပညတ်တစ်ခုပဲ ဖြစ်တဲ့အတွက်…။ အမြဲတမ်းတော့ ဘယ်မှန်နိုင်ပါ့မလဲ…။ တကယ်တမ်းဆိုရင်တော့ အချိန်က မြန်သွားလိုက် နှေးသွားလိုက် ဖြစ်နေတာ ကျွန်တော်တို့ရဲ့ စိတ်ကြောင့်ဆိုတာ အားလုံးသိကြပါတယ်…။ စိတ်ဆိုတာ တကယ်တမ်းကြတော့ အချိန်ကိုတောင် မြန်တယ် နှေးတယ်လို့ ထင်ရလောက်အောင်တောင် စွမ်းဆောင်နိုင်အား ကြီးမားလှတာ တကယ်ကို အံ့သြစရာပါ…။ အခု ကျွန်တော်လည်း အဲ့ဒီ့အချိန် မျက်လှည့်ထဲမှာ ရောက်ရှိလို့နေပေါ့…။
တစ်ချိန်ကတော့ ၄ နှစ်ဆိုတဲ့ ကာလကြီးကို ငါဘယ်လိုများကျော်ဖြတ်ရပါ့မလဲလို့ တံတားဦးလေဆိပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးအရှေ့မှာ တားထားတဲ့ စည်းအ၀ါလေးကို ဖြတ်တုန်းက စဉ်းစားခဲ့ဖူးတယ်…။ အဲ့ဒီ့စည်းဝါလေးရဲ့ နောက်ကို ကျွန်တော်ချစ်တဲ့ မိသားစုတွေ သူငယ်ချင်းတွေ လိုက်မလာနိုင်တော့သလို…။ ကျွန်တော်ကိုယ်တိုင် လည်း အဲ့ဒီ့ စည်းဝါလေးကိုကျော်ပြီး မိသားစုတွေရှိတဲ့နေရာကို ပြန်သွားလို့ မရတော့ဘူးလေ…။ ဟုတ်တယ်…။ ကျွန်တော် ဒီကာလတွေကို ဘယ်လိုကျော်ဖြတ်မလဲ လို့ တကယ်ပဲ စဉ်းစားခဲ့ဖူးပါတယ်…။ ဒါဟာ စွန့်စားခန်းတစ်ခုရဲ့ အစ…။ ဘ၀တစ်ခုရဲ့ တစ်ဆစ်ချိုး…။ ကံကြမ္မာတစ်ခုရဲ့ ဒီရေတက်ချိန်…။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် အဲ့ဒီ့ စည်းအ၀ါလေးကို အသာအယာပဲ ဖြတ်ကျော်ပြီး…။ နှင်းတွေဝေနေအောင် လှသလို…။ အေးစက်မှုတွေနဲ့ ပြည့်ဝနေတဲ့ ၄ နှစ်တာ အချိန်စက်ဝန်းတစ် ခုထဲ ကို ၀င်ရောက်လိုက်ပါတယ်…။
ရုပ်ဝတ္ထုတွေ ဖူးပွင့်နေတဲ့ အဲ့ဒီ့ နှင်းပင်ကြီးဟာ ကျွန်တော်တို့လို မေတ္တာမိုးခေါင်ခံရတဲ့ သူအတွက်တော့ မြောင်းထဲက ရေစက်တစ်စက်လောက်၏ နှစ်သိမ့်မှုမျိုး..။ ပိုးစုန်းကြူတစ်ကောင်က ထုတ်လွတ်လိုက်တဲ့ အလင်းကြောင့် ဖြစ်လာတဲ့ နွေးထွေးမှုလေးလောက်တောင် မပေးနိုင်ခဲ့ပါဘူး…။ ဒီလိုနဲ့ တစ်ခါတစ်လေ နှင်းတောတွေ ထဲမှာ မျက်ရည်လည်တော့…။ မျက်ခမ်းစမှာတင် အေးခဲလို့….။ စီးဆင်းခွင့်တောင် မရခဲ့ဖူးလေ…။
ဒီလိုနဲ့ ကျွန်တော်တို့နဲ့နှင်းတွေနဲ့….။ နှင်းတွေနဲ့ ကျွန်တော်တို့နဲ့ အပြိုင်ဆိုင်စစ်ခင်းလိုက်ကြတာ…။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဟာ ပြီးဆုံးခဲ့ပြီပေါ့…။ အနိုင်တွေ မရှိခဲ့ဖူး…။ အရှုံးတွေ မရှိခဲ့ဖူး..။ စစ်ပြေငြိမ်းခြင်းတွေမရှိခဲ့ဖူး…။ ခင်ဗျားအံ့သြ ပါလိ့မ်မယ်…။ ကျွန်တော်တို့ စစ်ပွဲဟာ နွေးထွေးတဲ့ ငြိမ်းချမ်းရေးတစ်ခုနဲ့ မိတ်ကောင်း ဆွေကောင်းတွေ အဖြစ် စီးဆင်းလို့…။ ဒီနှင်းပင်ကြီးက မျက်ရည်တွေ ဖြိုင်ဖြိုင်ကျတဲ့အခါကြတော့လည်း…။ လမ်းမတစ်လျှောက် ရော်ရွက်တို့ရဲ့ ရွှေအိုရောင်လေး တွေ ၀ါလို့…။ ထိန်လို့…။ လေဆိပ်အထိ လမ်းခင်းပေးရင်း နှုတ်ဆက်ကြလေမလား…။ “ထာဝရအတွက် နှုတ်ဆက်ပါတယ်” လို့ပြောတော့ ကျွန်တော်တို့ နှင်းပင်ကြီးအောက်မှာ ရှိနေခဲ့သမျှ ကာလအတွင်း ခံနိုင်ရည်တွေရှိအောင်၊ အခက်အခဲတွေ ရင်ဆိုင်တတ်အောင်၊ အလင်းရောင်ကို ကိုယ်တိုင်ဖန်တီးတတ်အောင် အနွေးဓာတ်ကို ကိုယ်တိုင် စိုက်ပျိုးတတ်အောင်…။ သင်ကြားပေးခဲ့တဲ့ ဆရာမရဲ့ ပါးမှာ မျက်ရည်စတွေနဲ့ပေါ့….။ ကျွန်တော်ပြန်မလေပြောခဲ့ပါဘူး…။ “ထာဝရ နှုတ်ဆက်ပါ တယ် ဆရာမရယ်…” လို့လေ…။
ရယ်သံတွေတူ
ငိုသံတွေတူ…
တကယ်ဆို ငါတို့က
ရင်ဘတ်တွေ တူခဲ့တယ်လေ….။
BLACK DREAM
ကျွန်တော် နှင်းပင်ကြီးအောက်မှာ နေစဉ်တစ်ခဏအတွင်း…။ ဆရာမ ပြောသလို နွေးထွေးမှုတစ်ခုကိုရှာခဲ့လေရဲ့…။ မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက် ကို ဖက်တွယ်ထားမှာပဲ…. ဆိုတဲ့ စကားတစ်ခွန်းနဲ့ အတူပေါ့…။ ကျွန်တော့်ရင်ဘတ်ထဲမှာ ခံစားချက်တွေ ပြိုကျတော့ သွေးကြောတွေထဲ စကားလုံးတွေ အဖြစ် စီးဆင်း ကြလေရဲ့…။ ကျွန်တော့်လိုပဲ ဆိုင်ရာ ဆိုင်ရာ အပင်အသီးအသီးမှာ လောကရဲ့ အဖူးအပွင့်တွေ ရလိုရငြား မျှော်လင့်ရင်း မိခင်တောနက်ကြီးကို ကျွန်တော့်လို ရင်နာနာ နဲ့စွန့်ခွာခဲ့တဲ့ သူတွေ ကျွန်တော်တို့မိသားစုလေး တစ်စုကို ဖန်တီးလို့ပေါ့…။ ကျွန်တော့်မိသားစုထဲမှာ ကိုလင်းထက်က အစ်ကိုအကြီးဆုံး..။ ကိုစိုးထက်က ဒုတိယ..။ ကိုမိုးမောင်ကြီးက တတိယပေါ့…။ အင်း…။ မိုးသောက်ယံ…။ ရဲအောင်သူ…။မောင်မျိုး…။ သားဖြိုးတို့…။ ဥဂ္ဂ..။ Zox..။ အိုင်လွယ်ပန် တို့က မတိမ်းမရိမ်း သူငယ်ချင်း ဆိုလည်းဟုတ် ညီအစ်ကိုတွေဆိုလည်း ဟုတ်ပေါ့..။ မရွှေပြည်သူတို့…။ မလဲ့တို့က အစ်မအကြီးတွေဆို…။ မွန်..။ မီးငယ်…။ မဗေဒါ..။ အမရာ…။ မှူးဒါရီ…။ တို့က သူငယ်ချင်းဆိုလည်းဟုတ်…။ မောင်နှမဆိုလည်းဟုတ်ပေါ့…။ နောက်ထပ်အများကြီးဆို တကယ့်အများကြီးကို ကျန်ကြလေသေးရဲ့…။
တံးခါကို ဖြေးဖြေးပိတ်
တိုးတိုးတိတ်တိတ်
နှင်းမြို့တော်ကြီး အိပ်နေပါစေ….။
BLACK DREAM
ကွန်ပျူတာကိုပိတ်…။ လက်ဆွဲအိတ်ထဲထည့်…။ အထုပ်အပိုးတွေကို သယ်ပိုး..။ ဖြေးဖြေးခြင်းပိတ်သွားမဲ့ ဓာတ်လှေခေါးကြားကနေ ငါ့အခန်းလေးကို ဖြေးဖြေးခြင်း ခိုး ကြည့်…။ လေးနှစ်တာ နွေးထွေးမှုတွေနဲ့…။ ငါ့အရိပ် တစိတ်တလေများ ကျန်ခဲ့လေဦးမလား…။ ကားပေါ်ကိုတက်…။ ပြတင်းပေါက်က ကြည့်တော့..။ လမ်းမ တစ် လျှောက် ရော်ရွက်တွေက ဟိုနား..။ ဒီနား..။ ခပ်ဝါးဝါး ဖြစ်နေတာ ရွှေအိုရောင်…။ ကျောင်းတော်ကြီးရှေ့က ဖြတ်မောင်းတော့..။ ကြေးရုပ်ကြီးက ငါ့ကိုကြည့်နေမလား။ ကြည်နူးတာလား..။ ကြေကွဲတာလား…။ အားပေးတာလား…။ တားနေလေရော့ သလား…။ အိမ်ပြန်ရမတဲ့လား…။ ပျော်စရာကြီးဆိုပါလား…။ မျှော်နေကြသတဲ့လား..။ ရင်ခုန်ရမတဲ့လား…။ သြော်…။ အိမ်ကိုပြန်ရမတဲ့လား…။ အိမ်ကို ဟုတ်ရဲ့လား…။
ဒီနှင်းပင်ကြီးမှာ လေးနှစ်တစ်ခါမှ နှစ်လုံးသားတစ်ခုဟာ အသက်ဝင်သတဲ့လား…။ အခုကြတော့လည်း အေးစက်ခဲ့သူဟာ သူမဟုတ်သလိုပါပဲလား..။ ကြေကွဲစရာ ဖြစ်ရပ်တွေကို ဟားတိုက်ခဲ့တာ သူမဟုတ်ဖူးတဲ့လား…။ အစားထိုးမရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေကို လျစ်လျှူရှုခဲ့တုန်းက နှာစီးနေသတဲ့လား..။ အထီးကျန်ညတွေကို ကော်ဖီတစ်ခွက်နဲ့ စီးကရက်တစ်လိပ်နဲ့ ဖြတ်သန်းတုန်းက သူနဲ့မဆိုင်ဘူးဆိုပါလား…။ ဆရာတွေနဲ့ ဘတစ်ပြန် ကျားတစ်ပြန် နပမ်းတွေသတ်တုန်းက သူကပျော် စရာကြီးဆိုပြီး ခြေပြစ်လက်ပြစ်ရယ်လို့…။ မောလို့…။ ဟားတွေတိုက်လို့…။ အခုတော့လည်း နှင်းပင်ကြီးရဲ့ အကိုင်းအခက်တွေမှာ မျက်ရည်တွေ ဖူးပွင့်သတဲ့လား..။ လောကဟာ သူ့အတွက်မတရားဘူးလို့ များအော်နေသလား…။ နှင်းမြို့သူ နှင်းမြို့သားတွေက မင်းတို့ကို ချစ်ကြပါတယ်တဲ့လား…။ ရင်ပြင်နီရဲ့ ပက်ကြားအပ်တွေ ဟာ ငါတို့ကို လွမ်းလို့ ကွဲတာပါတဲ့လား…။ တကယ်ရော ဟုတ်ပါ့မလားလေလို့ တွေးရင်း…။ ငေးရင်း…။ ဆွေးရင်း….။
P.S- အခု ဒီစာကို ကျွန်တော့် ညီအစ်ကို မောင်နှစ်မတွေ ဖတ်နေတဲ့အချိန်မှာဆိုရင် Black Dream တစ်ယောက် ….
You’re currently reading “ထွက်ခွာချိန်…”, an entry on BLACK DREAM
- Published:
- 07.16.10 / 10am
- Tags:
- Post Navigation:
- « သို့… ဟန်နီ
