အနုပညာ…။ ပို၍တိတိကျကျ ပြောရလျှင် ကျွန်တော် သိသော အနုပညာ…။
ကျွန်တော်သိသော အနုပညာဆိုသောကြောင့် ဒီအမြင်သည် ကျွန်တော့်အမြင် သီးသန့်သာ ဖြစ်ပေ လိမ့်မည်..။ မည်သည့် ကျမ်းကိုးမှ မပါ..။ မည်သည့် ကမ္ဘာကျော် အဆိုအမိန့်မှ မပါ..။ မည်သည့် ကိုးကွယ် ဘက်လိုက်မှုမှ မပါ..။ ကျွန်တော့် နုလုံးသားထဲမှ လာသော အရာ..။ ကျွန်တော့် အသိဥာဏ်ထဲမှ လာသောအရာမျှသာ..။
အနုပညာ..။ ပို၍တိတိကျကျ ပြောရလျှင် ကျွန်တော် သိသော အနုပညာဆိုသည်မှာ…
ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့သလိုပဲ ကျွန်တော်ဟာ အနုပညာသမားတစ်ယောက်မဟုတ်ပါ..။ စာရေးဆရာ တစ်ယောက်လည်းမဟုတ်ပါ…။ အခြားလူများနည်းတူ…။ အနုပညာကို ၀ါသနာ ပါသော..။ တန်ဖိုးထားလေ့ ရှိသော သာမန် လူငယ်တစ်ယောက်မျှသာ..။ ကျွန်တော် ဥာဏ်မှီသ၍ အနုပညာဆိုသည်မှာ ခက်ခဲသည်..။ သိမ်မွေ့သည်..။ စူးရှသည်..။ နူးညံ့သည်..။ ခန့်ညားသည်..။ ရိုကျိုးသည်..။ အနုပညာသည် ပေါင်းစည်းမှု ဖြစ်သည်..။ အနုပညာသည် ဆန့်ကျင်ဘက် ဖြစ်သည်..။
အနုပညာသည် ပြည်သူ့အတွက်လည်း မဟုတ်ပေ..။ အနုပညာရှင်အတွက်လည်း မဟုတ်ပေ..။ ငွေကြေးဥစ္စာအတွက်လည်း မဟုတ်ပေ..။ ဂုဏ်ပကာသဏ အတွက် လည်းမဟုတ်ပေ..။ အောင်မြင်ကျော်ကျားမှုအတွက်လည်း မဟုတ်ပေ…။ အနုပညာသည် အသုံးတော်ခံ မဟုတ်ပေ..။ အဘယ်ကြောင့်ဆိုသော အနုပညာသည် မျက်နှာဖုန်းတစ်ခု မဟုတ်သောကြောင့်..။ အနုပညာသည် လှေခါးတစ်ခုမဟုတ်သောကြောင့်..။ အနုပညာသည် ၀ါဒဖြန့် လက်နက်တစ်ခုမဟုတ်သောကြောင့်..။ အနုပညာသည် နောက်ကျောကိုထိုးသော ဓားတစ်ချောင်းမဟုတ်သောကြောင့်..။ အနုပညာသည် ကာရာ အိုကေခန်းတစ်ခုမဟုတ်သောကြောင့် ဖြစ်ပေသည်..။
ကိုယ့်ဘိုးဘေး ဘီဘင်များ၏ ဘိုးဘေး ဘီဘင်များပင် မမှီလိုက်သော BC နှင့် အတော်ဝေးဝေး AD အစောပိုင်းကာလများမှ ကမ္ဘာကျော် (ဟုအများက သတ်မှတ်ကျ သော) အနုပညာရှင်ကြီးများ၏ အယူအဆများ..။ သဘောတရားများ..။ အဆိုအမိန့်များကို သိမှ…။ ဖတ်ဖူး…။ နားလည်ချင်ယောင် ဆောင်ဖူးမှ…။ လူရှေ့သူရှေ့များတွင် အရှက်မရှိ အာဘောင်အာရင်းသန်သန် ကြက်တူရွေး စာချရွတ်နိုင်မှ…။ ကိုယ်တကယ်မသိသည့်တိုင်..။ ကြားဖူးသည်များကို ကိုယ့်နားဝလောက်တွင် မထားပဲ..။ သူများနားဝထဲသို့ ကြားချင်မှန်းမသိ မကြားချင်မှန်းမသိ ပို့နိုင်မှ…။ ပါးနောက်ဆုံး..။ ထိုလူများ၏ ခက်ခဲရှုပ်ထွေးရှည်လျား လှသော နာမည် များကို အလွတ်ပြောနိုင်မှ..။ အနုပညာသမားဟုတ် သတ်မှတ်လျှင်…။ ကျွန်တော်သည် နှုတ်ဆိတ်နေမည်ဖြစ်သည်..။
အနုပညာ သမားစစ်စစ်မှန်လျှင် ဆင်းရဲနွမ်းပါးရမည်..။ နွမ်းလျနေသော ပုဆိုး..။ လည်ကတုံး အင်္ကျီအဖြူတစ်ထည်…။ ဆေးပေါ့လိပ်တို တစ်လိပ်နဲ့…။ ပြတ်လုနီးပါး တစ်ရံထဲသော ဖိနစ်တစ်ရံနှင့် လေထန်ကုန်း လက္ဘရည်ဆိုင်များတွင် ထိုင်ဖူးမှ..။ အနုပညာသမားဟုတ် သတ်မှတ်လျှင်..။ ကျွန်တော်သည် နှုတ်ဆိတ်နေမည် ဖြစ်သည်။
လိမ်လည်မှုသည်လည်း အနုပညာတစ်ခုဖြစ်သည်..။ အဘယ့်ကြောင့်ဆိုသော ကမ္ဘာပေါ်ရှိ စိတ်ကူးယဉ် ၀တ္ထုများ..။ ရုပ်ရှင်ဇာတ်လမ်းများသည် လိမ်လည်မှုတင်ဆက် မှုများဖြစ်သောကြောင့် ဖြစ်သည်..။ သို့သော် အဘယ့်ကြောင့် လူတို့သည် ထိုအရာများအပေါ် တန်ဖိုးထား..။ ရင်ခုန်ကြပါနည်း..။ ကောင်းချီးသြဘာ လက်ခုပ်များဖြင့် အားပေးကြပါသနည်း..။ ထိုလူတို့သည် လိမ်လည်မှု သို့မဟုတ် လူလိမ်များကို အားပေးနေကြခြင်းလော..။ မဟုတ်ပါ..။ ထိုလူသားတို့၏ လက်ခုပ်သြဘာသံများ သည် ထိုလိမ်လည်မှုများကို အားပေးနေခြင်းမဟုတ်ပဲ..။ မဟုတ်မမှန်မှန်း မိမိအားလှည့်စားနေမှန်း သိသည့်တိုင်အောင်..။ မိမိမှ တကယ်ဖြစ်နေတယ်ထင်တယ်ဆို သည့် အတွေးမှ..။ တကယ်များလား ဟုတ် စိတ်အထင်ရောက်စေနိုင်တဲ့အထိ..။ ထိုလိမ်လည်မှု သို့မဟုတ် လူလိမ်များက..။ သူတို့၏ စိတ်ကူးအတွေးအခေါ်များ၊ ထက်မြတ်သည့်အရေးအသားများ..။ ပြောင်မြောက်သည့် သရုပ်ဆောင်မှုများဖြင့် သဘာဝကျကျ ဖန်တီး တင်ဆက်ပြသနိုင်ခဲ့သသောကြောင့် ကျွန်တော်တို့သည် ထိုထိုသော သူတို့၏ အနုပညာ အရည်အချင်းအား တန်ဖိုးထားအားပေးကြခြင်းသာ ဖြစ်သည်..။ လိမ်လည်မှုနှင့် လှည့်ဖျားမှုတို့ကို အားပေးခြင်းမဟုတ်ပေ..။ သို့သော သေချာသည်တစ်ခုမှာ ကျွန်တော်တို့ ပြုံးပြုံးကြီး အလိမ်ခံလိုက်ရသည် ဖြစ်သည်..။ ထို့ကြောင့် အနုပညာသည် လိမ်လည်မှု တစ်ခုလည်းဖြစ်သည်..။
အနုပညာသည် အမှန်တရားတစ်ခုလည်း ဖြစ်နိုင်သည်…။ လောက သဘာဝရဲ့ ဖြစ်တည်မှုများ..။ ပျက်သုန်းမှုများ..။ မတည်မြဲမှုများ..။ ကြိုတင်မခန့်မှန်းနိုင်ခြင်းများ။ မရေရာမှုများ..။ အစရှိသည့် သဘာဝတရားများကို တင်ပြ ဖော်ထုတ်နိုင်ခြင်း…။ အမှန်နှင့်အမှား..။ အကောင်းနှင့်အဆိုး..။ အလင်းနှင့်အမှောင်ကြား..။ လမ်းပျောက် နေသူများ..။ ဝေခွဲရခက်နေသူများ..။ တွေဝေတုံ့ဆိုင်းနေသူများအား..။ ထိုသူ၏ အမြင်နှင့်ခံယူချက်အပေါ်မူတည်၍ (၎င်းလူတစ်ယောက်အတွက်တော့ အမှန်တရား ဖြစ်ကောင်းဖြစ်ပါလိ့မ်မည်..။ သို့သော် အမှန်တရားဟု ကျွန်တော်မသုံးလို) အဖြစ်သင့်ဆုံးနှင့် အသင့်တော်ဆုံး လမ်းကြောင်းတစ်ခုအပေါ် ရောက်အောင် တည့်မတ် လမ်းညွှန်ပေးနိုင်သည်..။ ကောင်းခြင်းတရားတို့ကို ဆောင်ကျဉ်းပေးသည်..။ ထို့ကြောင့် ကျွန်တော်တို့ လက်ခုပ်သြဘာများဖြင့် ချီးမြှင့်ကြသည်..။ သို့သော် ကျွန်တော်တို့၏ လက်ခုပ်သြဘာများသည် အမှန်တရားအား ချီးမြှင့်အားပေးကြခြင်းမဟုတ်ပဲ..။ ထိုကဲ့သို့ တည့်မတ်လမ်းညွှန်ပေးနိုင်ခဲ့သော အနုပညာရဲ့ စွမ်းဆောင် ရည်အား ဂုဏ်ပြု ချီးမြှင့်ကြခြင်းသာ ဖြစ်ကြောင်းကို သင်သည် သတိထားမိလိ့မ်မည် မဟုတ်ချေ..။ ထို့ကြောင့် အနုပညာသည် အမှန်တရား တစ်ခုလည်း ဖြစ်နိုင်ပေ သည်..။
ထို့အတူ…။ အနုပညာပေါ်လာနိုင်စရာ ဇစ်မြစ်များစွာရှိသည်…။ ရတုတမ်းခြင်းတစ်ပုဒ်ဖြစ်နိုင်သည်…။ Metallica ၏ Enter Sad Man လည်း ဖြစ်နိုင်သည်။ အနုပညာသည် ဆိုက်ကားသမား တစ်ယောက်၏ ဘ၀လည်းဖြစ်နိုင်သည်..။ ဖင်နောက်မှီး တစ်ပိုင်းပြတ်နေသော ရာဘာဖိနပ်တစ်ရံလည်း ဖြစ်နိုင်သည်။ အခိုးခံလိုက်ရသော အိပ်မက်တစ်စုံတစ်ရာလည်းဖြစ်နိုင်သည်..။ သင်နှင့်လမ်းခွဲသွားသော ရည်းစား ဟောင်း တစ်ယောက်လည်း ဖြစ်နိုင်သည်..။ အိပ်ယာဝင်ပုံပြင်တစ် ပုဒ်လည်း ဖြစ်နိုင်သည်..။ သောက်လက်စ စီးကရက်တစ်လိပ်၏ နီကိုးဒင်းမီးခိုးငွေ့များလည်း ဖြစ် နိုင်သည်..။ ချစ်တယ် ဆိုသော စကားတစ်ခွန်းလည်း ဖြစ်နိုင်သည်..။ လှပသော နေ၀င်ဆည်းဆာတစ်ခုလည်းဖြစ်နိုင်သည်..။ အနုပညာသည် သုံးပြီးသား Condom တစ်ခုဖြစ်နိုင်သည်..။ အနုပညာသည် ညည့်ငှက်မလေးတစ်ယောက်၏ လူမသိ သူမသိချိန်တွင် ကြိတ်၍ ငိုကြွေးခဲ့ရသော မျက်ရည် တစ်စက်ဖြစ်နိုင်သည်။ နူးညံ့သော မိဘမေတ္တာတရားလည်း ဖြစ်နိုင်လို..။ သွေးသံ တရဲရဲဖြင့် စစ်မြေ၏ အနိဌာရုံ တစ်ခုလည်း ဖြစ်နိုင်သည်..။ အနုပညာသည် ထိုတွင်ရှိသည်..။ ဒီတွင်ရှိသည်..။ သင့်အနားတွင်ရှိသည်..။ သင်နှင့် ခပ်လှမ်းလှမ်းတွင်ရှိသည်..။ ထိုကဲ့သို့ ရှိနေခြင်းကို သင်သိရှိနိုင်ဖို့အတွက် ကျွန်တော်တို့မှာ ခံစားတတ်တဲ့ နုလုံးသားတစ်စုံနဲ့ ခံစားမှုကို အသက်ဝင်လာအောင် ဖန်တီးနိုင်မည့် အရည်အချင်းတစ်ခုသာ လိုအပ်သည်..။ ထို့ကြောင့်…
အနုပညာသည် မတရားမှုတစ်ခုမဟုတ်…။ အနုပညာသည် အမှန်တရားတစ်ခုလည်းမဟုတ်..။ စစ်မှန်သော အနုပညာဆိုသည်မှာ ပြောင်မြောက်သော ဖန်တီးမှု တစ်ခု သာဖြစ်သည်..။ ထိုမျှထက် ဘာမှမပို..။ ပိုအောင်လည်း မည်သည့် လူသားကမှ စွမ်းဆောင်နိုင်စွမ်းမရှိ..။ အဘယ့်ကြောင့်ဆိုသော် သိပ်သည်းသော ခံစားမှုကြောင့် ဖြစ်ပေါ်လာသော ပြောင်မြောက်သည့် နုလုံးသားနှင့် ဖန်တီးသည့် အရာတစ်ခု၏ အင်အားသည် ကမ္ဘာပေါ်ရှိ အလုံးစုံသော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတို့ထက် သာလွန် သောကြောင့် ဖြစ်သည်..။
ထို့ကြောင့် ထိုဖန်တီးမှု (အနုပညာဆိုသည်မှာ) ..။ အာဏာရှင်များအတွက်လည်းမဟုတ်ပေ..။ ဒီမိုကရေစီအတွက်လည်းမဟုတ်ပေ..။ ပစ္စည်းမဲ့ဝါဒ ဒေါသတစ်ခု မဟုတ်ပေ..။ ဘက်လိုက်မှု မဟုတ်ပေ..။ သာပေါင်းညာစားမဟုတ်ပေ..။ မြေနိမ့်ရာ စိုက်သောလှံတစ်ချောင်းမဟုတ်ပေ။ လူညီ၍ ဤကို ကျွဲဖတ်ခြင်းလည်းမဟုတ်ပေ။ တစ်ယောက်ထက်ပို လို့ အုပ်စုဖွဲ့ခြင်းလည်းမဟုတ်ပေ..။ ၀ါဒဖြန့် လက်နှက်တစ်ခုလည်းမဟုတ်ပေ..။ အသုံးတော်ခံ အရာတစ်ခုလည်းမဟုတ်ပေ..။ နောက်ဆုံး အနုပညာသည် သူကိုယ်တိုင်လည်းမဟုတ်ပေ…။ အနုပညာကိုယ်တိုင်က သူကိုယ်တိုင်မဟုတ်သည့် အခါတွင်..။ အနုပညာရှင်ဆိုသည်မှာ ဆိုဖွယ်ရာပင် ရှိမည် မဟုတ်ချေ…။
အနုပညာသည် နှလုံးသားနှင့် အသိဥာဏ် ကာရံညီစွာ ဖန်တီးထားသော ကဗျာတစ်ပုဒ်သာ ဖြစ်သည်။ တစ်နည်းဆိုရသော အနုပညာသည် ဖန်တီးမှုတစ်ခုသာ ဖြစ်သည်။
သင်သည် ကျွန်တော့်၏ အနုပညာကို သဘောတူနိုင်သည်..။ ထို့အတူ သဘောမတူပဲနေခွင့်လည်းရှိသည်..။ ငါခံစားသည်..။ ထို့ကြောင့် ငါတည်ရှိသည်ဆိုသော..။ ခံစားမှုအဓိက ( Essentialism) တစ်ခုအဖြစ်သင်ယူဆနိုင်သည်..။ ထို့အတူ ငါတည်ရှိသည် ..။ ထို့ကြောင့် ငါခံစားလို့ရသည်ဆိုသော..။ ဖြစ်တူမှုပဓာန (Existentialism) ..။ ထို သို့သင်လွတ်လပ်စွာ ယုံကြည်ခွင့်ရှိခြင်းသည်လည်း သင်ရဲ့ ခံစားချက်ကို အရင်းတည်ကာ သင့် အသိဥာဏ်က ဖန်တီးပေးလိုက်သော ခံစားချက်တစ်ခုဖြစ်သည်..။ ထို့ကြောင့် သင့်သည် ဖန်တီးမှုတစ်ခုကို Force လုပ်စရာမလိုပဲ ရရှိလိုက်သည်..။ ပေါ်ပေါက်သွားခဲ့သည်..။ ဖြစ်တည်သွားခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့လွတ်လပ်စွာ ခံယူလိုက်သည့် သင့်ရဲ့ စိတ်ကပင် သင်ဖန်တီးလိုက်သော ဖန်တီးမှု (အနုပညာ) တစ်ခုသာ ဖြစ်ပေသည်..။ ထို့ကြောင့် သင်သည် လည်း အနုပညာရှင်တစ်ယောက်သာ ဖြစ်ပေတော့သည်..။
P.S- ဤ ဆောင်းပါးသည် ကျွန်တော့်၏ အမြင်နှင့် ယူဆချက် သီးသန့်ဖြင့် ခံစားထားသော အနုပညာပင် ဖြစ်ပါသည်။





အနုပညာဟာ အနုပညာ သက်သက်သာ………
Absolutely agree
အနုပညာသည် နှလုံးသားနှင့် အသိဥာဏ် ကာရံညီစွာ ဖန်တီးထားသော ကဗျာတစ်ပုဒ်သာ ဖြစ်သည်…
တစ်နည်းဆိုရသော အနုပညာသည် ဖန်တီးမှုတစ်ခုသာ ဖြစ်သည် ဆိုတာလေးကို သိပ်သဘောကျတယ်….
Happy Myanmar New Year ပါ…
အနှပညသည် နှလုံးသားမှ ထွက်ပေါ်လာသော လောက အလှတရားတစ်ပဲ လို ထင်ပါတယ်အကိုရေ အရေးအသားကို ကြိုက်သဗျ ဟိုးအရင်က မဂ္ဂဇင်းတွေ က စာညွန့် ဆိုတာလေးတွေ ဖတ်ရသလိုပဲ
နှစ်သစ်မှာ ပိုမိုအောင်မြင်ပါစေ….
အစ်ကိုရေ ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်…
အစ်ကိုလာတယ်ဆိုတော့ အားရှိတာပေါ့ဗျာ…
အစ်ကိုရေ ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်…
အစ်ကိုလာတယ်ဆိုတော့ အားရှိတာပေါ့ဗျာ…
အနုပညာဟာ အနုပညာ သက်သက်သာ………
အစ်ကိုရေ… လန်ထွက်နေပါတယ်။ အရေးအသား အရမ်းကောင်းတယ် လို့ ပြောနေ စရာမလိုဘူး ထင်ပါတယ်။ လန်ထွက်နေတဲ့ အတွက် အစ်ကို ပြန်လာမှပဲ ခြံခတ် ပြီး ကြံဖတ် နဲ့ အဲ.. အဲ.. ကြံရည် ၀ယ်တိုက်မယ်ဗျာ။ ဟုတ်ပြီလား။
အရေးအသားကို တကယ်လေးစားတယ်း)
အချစ်တို့ အနုပညာတို့ကို အဓိပ္ပာယ်ဖွင့်လို့ရရင် အဓိပ္ပာယ်ရှိတော့မှာမဟုတ်ဘူးနော်…
စကားမစပ်…. မျက်နှာဖုံး..မျက်နှာဖုံး..
အနုပညာက ဖန်တီးမှုသက်သက်ပဲမဟုတ်ဘူးထင်တယ်…. ဘာမှမဖန်တီးဘဲ ခံစားနေတာလည်း အနုပညာပဲ မဟုတ်ဘူးလား (စာဖတ်ပြီး ခံစားရတာပြောပါတယ်)
ကောင်းပါတယ် ဘလက်ရေ …
အတွေး အမြင် ပြတ်သားမှု က … ရေးသမျှ စာတွေ အတွက်
အသက်ဓာတ် ၊ တံဆိပ် တစ်ခု …. သတ်မှတ်ချင်မိပါတယ် …