ခင်ဗျားတို့ အကြောင်း…
အားလုံးပဲ မင်္ဂလာပါဗျာ..။ ကျွန်တော်လည်း စာဖတ်တဲ့သူတွေကို ပုံပြောတာတွေ တော်တော်များနေပါပြီ..။ ပြောနေကြမို့ အထူးအဆန်းတော့မဟုတ်လောက်ပါဘူး..။ အခုလည်း ဘာရယ်မဟုတ်ပါဘူး..။ ရင်ထဲမှာ ဘာတွေမှန်းမသိပဲနဲ့ မွန်းကြပ်နေတာတွေရယ်..။ တွေးမိတွေးရာလေးတွေရယ်..။ အခုတလော လုပ်ဖြစ်နေတာ လေးတွေ..။ ခံစားဖြစ်နေတာလေးတွေရယ်ကို ကျွန်တော့်ညီကို မောင်နှစ်မတွေဆီ ရင်ဖွင့်ချင်လို့ပါ..။ သေချာတာကတော့ ဒီပို့စ်ဟာ ကျွန်တော်ရေးနေကြ Essay တွေ ဆောင်းပါး တွေလည်း မဟုတ်ပါဘူး..။ ဓာတ်ပုံအကြောင်းလဲ မဟုတ်ပါဘူး..။ ဒါကြောင့် အပျင်းပြေ ဖတ်ဖို့လောက်ပဲ သင့်တော်ပါတယ်..။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော့်ရဲ့ အနက်ရောင် နောက်ခံက အဖြူရောင်စာလုံးသေးသေးလေးတွေကြောင့် မျက်စိပျက်နိုင်ပါတယ်..။ အချိန်ကုန်ပါတယ်..။ တစ်ခုခုအကျိုးရှိတာ လုပ်လိုက်ပါ..။ အနဲဆုံးတော့ ခင်ဗျားတို့ ဘ၀တွေရဲ့ ပျော်စရာအကောင်းဆုံး အချိန်လေးတွေအကြောင်း ခဏလောက်ဖြစ်ဖြစ် မျက်လုံးလေးမှိတ်ပြီး မြင်ယောင်ကြည့်လိုက်တာက…။ ကျွန်တော့်ရဲ့ ပို့စ်ကို ဖတ်လို့ကုန်ဆုံးသွားမယ့်အချိန်ထက် အစပေါင်းများစွာ ချိုမြိန်ပါလိ့မ်မယ်..။
ဘယ်အကြောင်းက စပွားရမလဲ..။ အနီးဆုံးအကြောင်းအရာဆိုရင်တော့ သင်္ကြန်ပေါ့ဗျာ..။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့ချစ်တဲ့ရွှေပြည်တော်ကြီးမှာ…။ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ့နှစ်သစ်ကူးပွဲတော် သင်္ကြန်ကြီး စတင်ပြီပေါ့..။ ကျွန်တော် သင်္ကြန်ဆိုတာနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ တကယ်တမ်းဆို ၈ နှစ်ကျော်ပါပြီ..။ ဒီကြားထဲ ၂၀၀၅ သင်္ကြန်တုန်းကတော့ ခွင့်ရက်လေးနဲ့ တစ်ခါကြုံသွားလို့ နွဲလိုက်ရပါသေးတယ်..။ ဒါပေမယ့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရတာကတစ်ကြောင်း..။ အသက် အရွယ်နဲ့ ခံစားချက်တွေက ငယ်ငယ်ကတော့လောက် မလတ်ဆတ်တော့တာက တစ်ကြောင်း..။ အခြားအကြောင်းကြောင်းတွေကြောင့် အဲ့ဒီ့နှစ်သင်္ကြန်ဟာလဲ ကျွန်တော့်အတွက် ဘာမှ အဓိပ္ပါယ်မရှိခဲ့ပါဘူး..။ အင်း..။ ပျော်စရာမကောင်းဘူးပေါ့ဗျာ…။
တကယ်ဆို ကျွန်တော်က သင်္ကြန်ပိုးအရမ်းပါတယ်..။ ကလေးဘ၀ သိတတ်တဲ့အချိန်ကတည်းက သင်္ကြန်ဆို တစ်ရက်မှမလွတ်စေရအောင်..။ အရွယ်အလိုက် ဆင်နွဲခဲ့ တူသူပါ..။ သင်္ကြန်ကို တစ်ရက်လွတ်သွားမှာကို ကျွန်တော် အသက်ထွက်သွားမှာထက် ပိုကြောက်ပါတယ်..။ ဒါပေမယ့်လည်း ဘ၀ရဲ့အလှည့်အပြောင်းတွေကြားမှာ သင်္ကြန်ကို ချစ်ခဲ့တဲ လူတစ်ယောက် သင်္ကြန်ဆိုတာနဲ့ဝေးရာ….။ ဝေးရာ…။ သို့သာ…။ တစ်ချိန်က ချစ်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတကွ ပျော်ရွှင်စွာ ဆင်နွဲခဲ့ဖူးတဲ့..။ ချစ်စရာကောင်းတဲ့ သင်္ကြန်..။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သင်္ကြန်ဟာ..။ အတိတ်နဲ့အတူ တစ်နေ့ထက် တစ်နေ့ ကျွန်တော့ ဘ၀က နေ ပိုမိုဝေးကွာတဲ့နေရာကို ရောက်သွားခဲ့ပါပြီ…။
ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော်ချစ်တဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးပွဲတော်ကို ကံကောင်းခြင်းတွေ၊ ကြည်နူးပျော်ရွှင်ခြင်းတွေ၊ လန်းဆန်းမှုတွေနဲ့ ဖြတ်သန်း ဆင်နွဲနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်..။
Internet (Blog) မှာ စာဆက်ရေးဖို့ကတော့ အခု တကယ်စဉ်းစားရမယ့် အနေအထားရောက်ပါပြီ..။ တစ်နှစ်တစ်ခါ သက်တမ်းတိုးရတဲ့ ကျွန်တော့် Domain က နောက်ထပ် ရက်ပေါင်း ၅၂ ရက်အတွင်း သက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက် သက်တမ်းတိုးဖို့ Notice စာ မနေ့ကပဲ ရပါတယ်..။ ကဲ ကျွန်တော် ဘာလုပ်ရမလဲ..။ ဆက်ဝယ်ရမလား..။ Blackdream21 ကို နှုတ်ဆက်လိုက်ရမလား…။ ကျွန်တော် အွန်လိုင်းမှာတော့ နောက်ပိုင်း စာသိပ်မရေးဖြစ်လောကတော့ဘူး..။ ကျွန်တော် အခု မဂ္ဂဇင်းတွေစပို့ပါပြီ..။ ကျွန်တော့်အထင် ဇွန်လမှာ စထွက်မယ့် မဂ္ဂဇင်းအသစ်တစ်ခုမှာ စပါ ပါလိ့မ်မယ်…။ ကဲ ဒီလိုဆိုတော့..။ စာတွေ ဆောင်းပါးတွေ မဟုတ်ပဲ..။ Blog လေးအနေနဲ့ရေးမယ်ဆိုရင်ရော…?
ဘ၀ဆိုတာကို လူတွေက ကိုယ်ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ ခံစားချက်တွေအပေါ်မူတည်ပြီး အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြခဲ့ဖူးတယ်..။ ဒါပေမယ့် ဘယ်အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကမှ ပြည့်စုံနိုင်မယ်လို့ ကျွန်တော်မထင်ဘူး..။ လူတွေဟာ တစ်ခါတစ်လေ ကိုယ်တိုင်ဖန်တီးခဲ့တဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုတောင် ကိုယ်တိုင် ပြန်ပြီး အဓိပ္ပါယ်မဖွင့်ဆိုနိုင်လောက်အောင် ညံ့ကြမှန်း အချိန်တွေပိုကြာလာလေ ကျွန်တော်ပိုပြီး သတိထားမိလာလေပဲ…။ နောက်ထပ် ထင်ရှားတဲ့ ဥပမာတစ်ခု..။ ဥပမာ..။ အချစ်ပေါ့ဗျာ..။
အချစ်ဆိုတာ….။ မဆုံးနိုင်သော မေးခွန်း…။ မပြည့်စုံသော ဖွင့်ဆိုမှု…။ မလိုလားအပ်သော လိုအပ်ချက်…။ မဖန်တီးခဲ့သင့်သော စကားလုံး…။ အလှပဆုံး ပိုးစိုးပက်စက် လှည့်စားမှု..။ မချိမဆန့် ဝေဒနာတစ်ရပ်…။ ဇောက်ထိုး မိုးမျှော် ဘ၀တစ်ခု…။ မိမိကိုယ်ကို လုပ်ကြံမှု…။ ကျောချင်းကပ်နေသော ဆန့်ကျင်ဘက်..။ နောက်ဆုံး…..။ အချစ်ဆိုတာ….လူတို့ဖန်ဆင်းအပ်သော………လုပ်ဇာတ်တစ်ခု။ (Black Dream : ချစ်ချစ် မင်းတို့ပဲ ချစ်ကြ မှ )
အချစ်အကြောင်းတွေ ဘ၀အကြောင်းတွေ ပြောနေလို့ ကျွန်တော်အသဲကွဲနေတယ်တော့မထင်ပါနဲ့..။ နှစ်ပေါင်းများစွာ (၄ နှစ်နီးပါး) ချစ်ခဲ့ရတဲ့သူနဲ့ မတိုက်ဆိုင်တဲ့ သဘောထား တွေ..။ အယူအတွေ..။ အကျင့်စရိုက်တွေနဲ့..။ ကံကြမ္မာရဲ့ အဖြစ်စလောက် လှည့်ကွက်တွေကြောင့် ဝေးခဲ့ရတာ မှန်ပေမယ့် ကျွန်တော်အသဲတော့ မကွဲပါဘူး..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်မှာ တစ်ခါပြီး တစ်ခါကွဲရအောင် အသဲရော၊ နှစ်လုံးရော (မည်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းမှ) အပိုမပါတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေ အရမ်းသတိရတယ်…။ ဒါပေမယ့် အဲ့ဒီ့သတိရတဲ့ တစ်စက္ကန့်ဆိုတဲ့ ကာလမပြည့်မှီ..။ အဲ့ဒီ့နောက်က နာကျင်စရာတွေ..။ မခံမရပ်နိုင်စရာတွေ..။ ပြင်းထန် ခါးသီးတဲ့ ခံစားချက်တွေက ချက်ခြင်းလိုက်လာတယ်..။ ထားလိုက်ပါ..။ အမည်ခံ အလွမ်းသီချင်းတစ်ပုဒ်လောက်မှ နားထောင်လို့ မကောင်းပါဘူး…။
လူတိုင်းဟာ ကိုယ့်ဘ၀နဲ့ ကိုယ်တော့ ကိုယ်တိုင် မင်းသားပါပဲ..။ ကိုယ်တိုင် မင်းသမီးပါပဲ..။ ကိုယ့်စိတ်ရူးနဲ့ ကိုယ်မင်းသားလုပ်ကြပါ..။ မင်းသမီးလုပ်ကြပါ..။ ဘာ ပြဿနာမှ မရှိပါဘူး..။ ဒါပေမယ့် လူဆိုတဲ့အမျိုးဟာ ဘာကြောင့်များ ကိုယ့်ကိုယ်ကို မင်းသား၊ မင်းသမီး ခန့်လို့မှ အားမရ..။ သူများတကာတွေကို လူကြမ်းအခန်း တွေ၊ ဗီလိန်အခန်းတွေကနေ ပါစေချင်ကြ..။ အဲ့ဒီ့အခန်းတွေထဲကို အတင်းထိုးထည့်ကြတာလဲ ဆိုတာ ကျွန်တော့်အတွက်တော့ တကယ်ကို စဉ်းစားလို့မရတဲ့ မေးခွန်း တစ်ခုပါ…။ အင်္ဂလိပ်ဆိုရိုးစကားတစ်ခုအရ သူဟာ သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ မင်းသား၊ မင်းသမီးတစ်ယောက် ဖြစ်ကြောင်းပြဖို့အတွက် မရှိမဖြစ် လိုအပ်နေတဲ့ ဗီလိန် ကို အတင်းဖန်ဆင်းခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိ့မ်မယ်…။ ကိုယ့်ဘာသာ မင်းသားလုပ်ကြပါဗျာ..။ မကျေနပ်ရင် ပတ်မကြီးထိုးခွဲကြပါ…။ ကျွန်တော်တို့ မဆိုင်တဲ့သူတွေ ကိုတော့ ဇွတ်ရော အတင်းရော ဗီလိန်နေရာ ဆွဲမထည့်ကြပါနဲ့ဗျာ…။
တကယ်ဆို ခင်ဗျားတို့ကတော်ပြီးသားပါ..။ ခင်ဗျားတို့က တတ်ပြီးသားပါ..။ ထူးချွန်ပြီးသားပါ..။ အောင်မြင်ပြီးသားပါ..။ နာမည်ကြီးပြီးသားပါ..။ လူသိများပြီးသားပါ။ ဒါတောင် ဘာကြောင့် ကျွန်တော်တို့ကို နင်းမှ ဒီ့ထက်မြင်တဲ့နေရာကိုရောက်မယ်လို့ ခင်ဗျားတို့ ထင်နေကြရတာလဲ..? နိမ့်တိုင်းမကောင်းသလို..။ မြင့်တိုင်းလည်း မကောင်းနိုင်ဘူးဆိုတာ ခင်ဗျား ကျွန်တော့်ထက် ပိုသိပါတယ်..။ ခင်ဗျားတို့ ဂုဏ်ယူပါ..။ ၀င့်ကြွားပါ..။ ဟစ်ကြွေးပါ..။ မာန်တက်ပါ..။ ကျွန်တော်တို့ လက်ခုပ်တီးပါ့ မယ်..။ လက်ခုပ်တီးရင် အသံထွက်ပါတယ်..။ ကျွန်တော့်ပါးကို ခင်ဗျားလက်ဝါးနဲ့ ရိုက်မှ အသံထွက်တာ မဟုတ်ဖူးဆိုတာကို ခင်ဗျားတို့တွေ ဘာကြောင့် မသိကြတာ လဲ..။ အင်းပေါ့ဗျာ..။ ပညာရှိတွေမို့လို့ သတိဖြစ်ခဲသွားတာ ဖြစ်ပါလိ့မ်မယ်…။ နောက်တစ်ခါတော့ သတိမလစ်ပါစေနဲ့ဗျာ..။ ကျွန်တော့်ပါးတွေ နားတွေလည်း ခင်ဗျား လက်ဝါးကြောင့် ယောင်ကိုင်းလှပါပြီ…။
တစ်ခုလောက်မေးကြည့်ချင်တယ်..။ ကိုယ်ချင်းစာတရားဆိုတာ ဘာများပါလိမ့်..။ ကိုယ့်ကိုထိရင်တော့ မချိအောင်နာတတ်ပြီး..။ သူများကိုကျတော့ ဖြစ်ချင်တာဖြစ်..။ သေချင်သေ ဆိုတာမျိုးကိုများခေါ်မလား..။ ဒါဟာ ၂၁ ရာစု ကိုယ်ချင်းစာဝါဒအသစ် တစ်ရပ်လား…။ သူများမကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းဟာ ၂၁ ရာစုရဲ့ နံနက်စာ အမျိုးအစားသစ်တခုလား…? ကိုယ့်ထက်သာ မနာလိုတာဟာ ၂၁ ရာစုအတွက် အဟာရဖြစ်စရာ နွားနို့တစ်ခွက်များလား..? မြေနိမ့်ရာလှံစိုက်ပြီး..။ သာပေါင်း ညာစားခြင်းဟာ ၂၁ ရာစုရဲ့ အောင်မြင်ခြင်း နည်းလမ်းတစ်ခုလား..? တကယ်ဆို ခင်ဗျားတို့ မတရားဘူးဗျာ..။ အားချင်မတူတာတောင်..။ ခင်ဗျားတို့..။ ကျွန်တော်တို့ကို မသနားဘူး..။ တကယ်ဆို ကျွန်တော်တို့က ခင်ဗျားတို့ အခေါ်မြူးတိုင်း ဘုရားထူးရအောင် အရူးတွေမှ မဟုတ်တာပဲ…။
ဘာမှလုပ်ချင်စိတ်မရှိတာကြောင့် တစ်ကြောင်း..။ စာတွေ အရင်လို အင်တာနက်စာမျက်နှာပေါ် (ဘလော့မှာ) မရေးချင်တော့တာက တစ်ကြောင်းကြောင့်..။ လစ်ဟာ နေတဲ့စိတ်ကို အာသာပြေအောင် Facebook ကိုပဲသုံးနေခဲ့တာ တော်တော်ကြာပါပြီ..။ အစကတော့ ဟုတ်တိပါတ်တိပါပဲ..။ နောက်ပိုင်းကြာလာတော့ Facebook ဆို တာလဲ အခုလက်ရှိ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ (အမည်ခံ) Blogger တွေနဲ့ ဘာမှမထူး..။ အသွင်းတမူထူးပြီး ရူးနေကြတဲ့ နေရာတစ်ခုပဲ ဆိုတာ ပိုသိလာရတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ကြ ဆိုင်ကြ..။ ဆော်ကြ..။ နှုက်ကြ..။ စောင်းကြ..။ မြောင်းကြ…။ ၀ါးလုံးရှည်တွေနဲ့ရမ်းကျ..။ ဓားတိုတွေနဲ့ နောက်ကျောကို ထိုးကြ..။ သူ့လူ ကိုယ့်လူတွေ ဖွဲ့ကြ..။ ဒါတွေကို များမြင်ရင်..။ အသက် ၂၆ သာရှိသေးတဲ့ Facebook Founder ဖြစ်တဲ့ Mark Zuckerberg သာမြင်ရင် ရင်ကျိုးမှာ ပဲ..။ ဒီလိုတွေ ထင်တိုင်းကျဲနေကြတာ လူငယ်တွေပဲလား..။ မဟုတ်ပါဘူး..။ အိုကြီးအိုမတွေ..။ ရှေ့မှီသလိုလို နောက်မှီသလိုလိုနဲ့..။ ဘာမှမမှီပဲ မျောက်သစ်ကိုင်း လွတ်နေတဲ့သူတွေ လည်းပါတယ်..။
မသိရင် သူတို့ကိုယ် သူတို့ Mark Zuckerberg လိုလို Worpdress Founder Matt Mullenweg လိုလို..။ လူတိုင်းကပဲ သူတို့ကို အရိပ်တကြည့်ကြည့် မျက်စိ ဒေါက်ထောက်ကြည့်နေသလိုလို..။ သူတို့ပြောမှပဲ သိရသလိုလို တတ်ရသလိုလိုနဲ့..။ ဟိတ်ကြီး ဟန်ကြီးတွေနဲ့..။ နောက်ကွယ်မှာတော့ ဟိုလူ့အတင်းတုတ်..။ ဒီလူ့ အတင်းတုတ်နဲ့..။ ဟိုလူနဲ့သိလိုက်ပြန်ပြီ..။ ဒီလူ့အကြောင်းလဲ သိတာပဲ..။ ဒါကိုပဲ ဂုဏ်ယူစရာတစ်ခုလိုလို..။ ဖူး….(fool….)။
အော်နေလိုက်ကြတာ..။ ဟစ်ကြွေးနေလိုက်ကြတာ..။ မသိရင် နိုင်ငံတော်ကြီးမှာ သူတို့ကိုပဲ ချက်ခြင်း သမ္မတခန့်ရတော့မလိုလို..။ တစ်နိုင်ငံလုံးကိုပဲ ကိုယ်စားပြုနေ သလိုလို..။ အမှန်တရား ဘက်တော်သားကြီးတွေလိုလို…။ ဘာကြီးလိုလို..။ ညာကြီးလိုလို..။ နောက်ဆုံးတော့လည်း ကျတော့လည်း..။ အကုန်လုံး ပုဆိုးခြုံထဲက လက် သီး ပြနေတဲ့သူတွေချည်းပဲ..။ အပြောကတော့ ရွှေမန်း..။ ကတော့ ချိုမိုင်မိုင်ဆိုတာ ဒါမျိုးတွေပဲဖြစ်မယ်..။ ပြောလိုက်တာကတော့ လေကြီးမိုးကြီး..။ ကိုယ်တိုင် ဘာများ ပေးဆပ်ဖူးသလဲ..။ သွေးမပြောနဲ့..။ ချွေးတောင် ပေးဖူးရဲ့လားဆိုတော့..။ အီး..။ အဲ…။ ဟဲ ..။ ဟဲ..။ ခင်ဗျားတို့ သိသလောက်တော့ ကျွန်တော်တို့လည်း သိတယ်..။ ခင်ဗျားတို့ မသိတာတွေလည်း ကျွန်တော်တို့ သိနိုင်တယ်..။ ခင်ဗျားတို့ မမြင်ဖူးတာတွေ..။ မကြုံဖူးတာတွေ..။ တစ်ခါမှထင်မထားဖူးတဲ့ အခက်အခဲနဲ့ အနေအထား တွေလည်း ကျွန်တော်တို့ ကြုံဖူးနိုင်ပါတယ်..။ ပါးစပ်နဲ့ပြောတာကတော့ တစ်နှစ်သားကလေး (နဲနဲငယ်သွားလားမသိဘူး..။ ၅ နှစ်သားလောက်ထားဗျာ) လဲ ကြားဖန် များရင်…။ ပြောတတ်ပါတယ်ဗျာ…။ အဝေးကြီးက အော်နေကြ ဟစ်နေကြမယ့်အစား..။ ကိုယ်တိုင် ကိုယ်ကြ လာကြိုးစားပေးကြပါဆိုတော့လဲ..။ သူတို့နဲ့ ထိုက်တန် တဲ့နေရာနဲ့ အခွင့်အရေးပဲ မရှိသလိုလို..။ သူတို့တတ်ထား သိထားတဲ့ ပညာတွေနဲ့ပဲ မထိုက်တန်သလိုလို..။ ပါးစပ်ကလေး ပိတ်ပြီး ရသလောက် အခွင့်အရေးလေးနဲ့ အကောင်းဆုံးဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားနေကြတဲ့..။ လူငယ်တွေ..။ လူလတ်တွေ..။ လူကြီးတွေကိုလည်း အားနာကြပါဦးဗျာ..။
ဘယ်အရာမှ အကောင်းချည်းပဲ မရှိသလို..။ အဆိုးချည်းပဲလည်းမရှိပါဘူး…။ အရာအားလုံးဟာ အကောင်းနဲ့ အဆိုးအမြဲဒွန်တွဲနေတယ်ဆိုတာ ခင်ဗျားတို့ပညာတတ် တွေက ကျွန်တော်တို့လို ဘာမှမဟုတ်တဲ့ကောင်တွေထက် ပိုသိကြပါတယ်…။ ဒီတစ်ခါလည်း ပညာရှိ သတိဖြစ်ခဲသွားပြန်ပြီနဲ့ တူပါတယ်..။ ခင်ဗျားတို့ ပညာရှိကြီးတွေ.. ပညာတတ်ကြီးတွေကလည်း ဖြစ်ဖြစ်နိုင်လွန်းတယ်ဗျာ။ မကောင်းရင် မကောင်းဘူးပြော..။ မှန်တယ်..။ ကောင်းတာလေး ရှိရင်လည်း ကောင်းတယ် ပေါ့ဗျာ..။ မွေးကာစကလေးတွေလို အမြဲချည်းပဲ “ဘူး” ချည်းပဲတော့ မှုတ်မနေနဲ့ပေါ့..။
ခဏတိုင်း ၀ါးလုံးရှည်တွေနဲ့ ရမ်းတာခံရဖန်များတော့..။ လူတွေလည်း ကွန်ဖူးတွေ..။ ကရာတေးတွေ တော်တော်တတ်နေပြီ…။ ထင်ပြီးသားလူတွေက ၀ါးလုံးရှည်နဲ့ ရမ်းတာကို ပြုံးပြုံးလေး ကြည့်ရင်း ကိုယ်နဲ့မဆိုင်သလိုနေတတ်ပေမယ့်..။ တစ်ခါတစ်လေ ကိုယ်အထင်ကြီးမယ်လို့ ကြံထားတဲ့သူတွေက အဲ့လို အကျင့်မျိုးတွေ ကူးစက်ပြီး ၀ါးလုံးရှည်နဲ့ ရမ်းတာကိုခံရတဲ့အခါတော့..။ အငိုက်မိတဲ့ ငမိုက်သား..။ ခံစားရတာတော့ တော်တော်ခက်တယ်ဗျာ…။
တကယ်ဆို ကျွန်တော်က လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာ..။ ပျော်ပျော်ရွှင်ရွှင်စုစုရုံးရုံးလေး နေရတာကို အရမ်းသဘောကျတတ်တဲ့လူပါ..။ အဲ့လိုပဲ တစ်ချိန်တည်း တစ်ပြိုင်ထဲမှာ တစ်ယောက်ထဲ ငြိမ်သက်စွာ လွင့်မြောနေရတာကိုလည်း မြတ်နိုးတတ်တဲ့လူတစ်ယောက်ပါ…။ ကျွန်တော့်လက်ရှိအသက်အရွယ်ရဲ့ ၃ ပုံ ၁ ပုံ ကျော်ကျော် ၃ ပုံ ၂ ပုံနီးပါးကိုတော့ ကိုယ်နဲ့ သိပ်ပြီးအံမ၀င်လှတဲ့ ပါတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်ခဲ့ရ..။ ရှင်သန်နေရတာကြောင့်..။ တစ်ယောက်ထဲ နေရတဲ့ အခြေအနေကို ပိုပြီးသဘောကျပါတယ်..။ ဒါပေမယ့် လူ့သဘာဝအတိုင်း ငြီးငွေ့လာလို့ အပေါင်းလေး အသင်းလေးနဲ့ သိုက်သိုက်ဝန်းဝန်း နေမယ်ဆိုပြန်တော့လည်း …။ မနာလိုတာတွေပဲလား..။ (မနာလိုရအောင် ကျွန်တော်လည်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် တော်တဲ့သူ၊ အောင်မြင်တဲ့သူလည်းမဟုတ်) ကြိတ်ပြီးတော့ပဲ မကျေ မနပ်တွေ ဖြစ်နေသလား..။ မခေါ်နိုင်..။ မပြောနိုင်..။ မပြုံးနိုင်…။ ကိုယ်က မသိချင်ယောင်ဆောင်ပြီး စကားစပြီး သွားပြောရင်တောင်မှ ပြောချင်သလိုလို မပြောချင် သလိုလို..။ ကြားသလိုလို..။ မကြားသလိုလို…။ သြော်..။ မကျေနပ်တာရှိလည်း ဒဲ့ပေါ့ကွာ..။ မိန်းကလေးတွေမှ မဟုတ်..။ ယောက်ျားလေးတွေလည်း ဒီလိုဖြစ် တတ်တာ ထူးဆန်းပါ့ဗျာ..။ အထူးသဖြင့် ကျွန်တော် ကျင်လည်နေတဲ့ အသိုင်းအ၀ိုင်းမှာရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး ဒီလိုမျိုးဖြစ်တာကတော့..။ စိတ်ပဲဆိုး ရမလား..။ ရယ်ချင် ပက်ကျိ..။ ဟိ ဟိ ဟိ..။ လို့ ပဲပြောရမလား..။ နောက်ဆုံးတော့ ဘယ်သူမပြု မိမိမှု..။ ကိုယ်က အထွန့်ရှည်ပြီး စုစုဝေးဝေးလေး အပေါင်းနဲ့ အသင်းနဲ့ နေချင်ခဲ့တာကိုး..။ အရင်လို တစ်ယောက်ထဲ နေလဲ ရရဲ့သားနဲ့…။ ဖူး…(fool…) ။ ဒီတစ်ခါကတော့ ကိုယ့်ကိုယ်ကို ဖူးတာပါ…။
ပြေရာပြေကြောင်း ဓာတ်ပုံတွေလိုက်ရိုက်နေတယ်..။ အားရတာတွေလည်းရှိတယ်..။ အားမရတာတွေလည်းရှိတယ်..။ ဒီရောဂါက ဘယ်အချိန်အထိ အဆိပ်တက်နေဦး မလဲတော့ ကျွန်တော်လည်းမပြောတတ်ဖူး..။ အခုထိတော့ အရှိန်ကောင်းနေတုန်း (အရှိန်အကောင်းဆုံး အချိန်လို့တောင် ပြောလို့ရပါတယ်..)။ လောလောဆယ် တော့ Blog တွေ..။ Facebook တွေ ထက်အများကြီးသာပါတယ်..။ (ဘယ်အချိန် ထဖောက်မလဲတော့မသိဘူး) ..။ တစ်ရွာလုံးနဲ့ ငါ့ဘကြီးဆိုတော့..။ ဘယ်ရမလဲ..။ တစ်ရွာလုံးမှားတာပဲ ဖြစ်ရမှာပေါ့..။ ငါ့ဘကြီးကတော့ Ever Right! ပဲ..။ နဲနဲလေးမှ မလျော့ပေးနိုင်ဘူး..။
မောင် Zox နဲ့ မောင်ဥဂ္ဂ ..။ ရောက်ရာအရပ်ကနေ အသေသာ လာသတ်ကြပါတော့…။ ကျွန်တော်မျိုးကြီးလဲ ကြိုးစားပြီး ပြင်ကြည့်ပါတယ်..။ ဒီတစ်ခါတော့ ပြဿနာ ကကြီးပါတယ်..။ DNS Wildcard အထိ ပြင်ဖို့လိုလာတယ်လို့ဆိုပါတယ်..။ အရင်ကမဖြစ်ပဲ အခုမှ ဘာတွေထကြောင်ပြီး ဖြစ်လဲတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ပါဘူး..။ အခုလို စိတ်အနေအထားမှာ Domain ကြီးတစ်ခုလုံး ဖျက်မပြစ်တာပဲ ကံကောင်းတယ်လို့ ပြောရပါလိ့မ်မယ်..။ စောင်းမြောင်းပြီး ပြောနေတဲ့သူတွေ..။ ကောလဟာလ လွှတ်နေတဲ့သူတွေ..။ မထိတရိ လာရိနေတဲ့သူတွေကို ဘာမှ ပြန်ပြောမနေပါနဲ့..။ ဒေါသလည်း ထွက်မနေပါနဲ့..။ စာရင်းလေးသာ မှတ်ထားလိုက်ပါ…။ အဲ့ဒီ့ စာရင်း နောက် ၂ လ ကြာရင် ကျွန်တော်မျိုးကိုယ်တိုင် လိုက်ပြီး..။ သူတို့ကျေနပ်တဲ့အထိ ခခယယ လိုက် ရှင်းပေးပါ့ မယ်လို့..။
တစ်ခါတစ်လေ စဉ်းစားမိနေတယ်..။ အခုရေးနေတဲ့စာတမ်းက Photography အကြောင်းသာဖြစ်သွားရင် သိပ်ကောင်းမှာပဲ..။ လအနဲအငယ်အတွင်း မီးကုန်ရမ်းကုန် လေ့လာထား..။ ဖတ်ထားတာတွေနဲ့သာ စာတမ်းတင်လိုက်ရလို့ကတော့ သေချာတယ်..။ Dr. ဘွဲ့တန်းကနဲပါမှာ..။ အခုတော့ စာတမ်းလည်း ပြစ်ထားတာ ကြာာပေါ့။ ဆရာရေ…။ ကျွန်တော့်ကို အသေသာ လာသတ်လိုက်ပါတော့ဗျာ…။
စိတ်နဲ့ကိုယ်နဲ့မကပ်ပုံများ…။ အရင်ကဆို..။ ဇန်န၀ါရီလကနေ..။ ဒီဇင်ဘာလအထိ..။ မွေးနေ့တွေတင်မက..။ အထိမ်းအမှတ်နေ့တွေ..။ နှစ်ပါတ်လည်နေ့တွေ..။ ဘာနေ့…။ ညာနေ့…။ အကုန်အလွတ်ရနေတတ်တဲ့ခေါင်း..။ အိပ်ယာထတာနဲ့ ဒီနေ့ဘယ်သူ့မွေးနေ့..။ ဒါမှမဟုတ်..။ ဘာနေ့ဆိုတာကို အရင်ဆုံးတွေးနေတတ်တဲ့ ခေါင်းက…။
အမေရေ…။ ခွင့်လွှတ်ပါဗျာ..။ အမေ့မွေးနေ့ April 23 ကို သား 13 နဲ့မှားခဲ့ပြီ..။ စိတ်မကောင်းဖြစ်ပြီး..။ နောက်လတော့ မုန့်ဖိုးမပို့ပဲမနေပါနဲ့..။ သား Lens လေး နှစ်ခုနဲ့ မျက်မှန်လေး တစ်လက်လောက်တော့ မပြန်ခင် ၀ယ်ထားလိုက်ချင်သေးတယ် အမေရယ်….။ နော်…။
P.S- Have A Great New Year Festival Everybody. It’s Thigyan! Let’s Rock N Roll!!!








စိတ်ရှုပ်မနေနဲ့အကိုရေ…အပင်မြင့်ရင်လေတိုက်ခံရတာ သဘာဝပဲ.. လစ်လျူရှုထားလိုက်…. Good Luck for ur final defence! Hope to see u soon in MM!
Like or Dislike:
0
0
ဘာတွေပေါက်ကွဲနေပါသလဲ ။ နေရာတိုင်းမှာ ကောင်းတာရှိသလို ဆိုးတာလည်းရှိပါတယ် ။ အကုန်လုံးကို ပြုပြင်ပြောင်းလဲဖို့ကိုတော့ အပြင်လူ ရော အထဲလူ ပါ မတတ်နိုင်ကြပါဘူး ။ ဒါကြောင့် မိမိပတ်ဝန်းကျင်ကစလို့ နိုင်သမျှကို တဖြည်းဖြည်းချင်းပြုပြင် ပြောင်းလဲကြရမှာပါ ။ ရေတွင်း ရေကန်ကို ကိုယ်တိုင်တူးပြီး လှပတဲ့ ကြာပန်းများကို စိုက်ပျိုးကြမယ့် black dream တို့ကဲ့သို့သော လူငယ်တွေရဲ့ လက်မှာ အနာဂတ်ဟာ လှပနေလိမ့်မယ်လို့ မျှော်လင့်မိ ပါတယ် ။
P.S. သတ်ပုံတွေ နည်းနည်းမှားနေတယ် ။
Like or Dislike:
0
0
ဟူးးး ပေါ့သွားတာပဲ (ကိုဘလက်ကြီးအစား
)
Like or Dislike:
0
0
စာရေးသူကတော့ ပေါ့ရင်ပေါ့သွားနိုင်တယ်.. ဒါပေမယ့် တို့ အတွက်တော့ ဦးနှောက်ထဲမှာ တွေးစရာလေးတွေ တိုးလာတာမို့ လို့ (လေးသွားတယ်လို့ ဆိုနိုင်မလား) ..ဟဲဟဲ
လူတိုင်း ဒီလိုပါဘဲ..အနဲနဲ့ အများတော့ လူမှုရေးပြသနာ လေးတွေရှိကြပါတယ်..ဒါပေမယ့် ကိုယ်လျစ်လျူရှု နိုင် ရင်နိုင်သလို ပေါ့သွားတာပါဘဲ..(ထင်တာပြောတာနော်).. ခွေးဟောင်တိုင်း ထကြည့် ဖို့ မလို ပါဘူးးး
P.S တို့ လည်း April 23 နော်..အမေ့ မွေးနေ့ အတွက်ဆုတောင်းတဲ့ အခါ တို့ အတွက်ပါတောင်းပေးအုံးးးး:P
Like or Dislike:
0
0
အင်း ကိုယ်လဲ ညစ်ညစ်နဲ့ ငါ့ညီလေးကို ပစ်ထားတာ ကြာပေါ့ ဘာတွေဖြစ်နေလဲ
Like or Dislike:
0
0
ဟက်ပီး သင်္ကြန်။ =)
နှစ်သစ်ကူးမှာ စိတ်ကူးထဲက မလိုတာတွေ သွန်ချပစ်လိုက်တယ်ပေါ့။
ဘလော့လေး ဆက်မရေးချင်နေပါ။ ပျက်သွားအောင်တော့ မလုပ်လိုက်နဲ့ဦး။ စာတွေ ထပ်ခါထပ်ခါဖတ်ချင်နေသေးလို့ပါ။
Like or Dislike:
0
0
အပြောကတော့ ရွှေမန်း..။ ကတော့ ချိုမိုင်မိုင်ဆိုတာ ဒါမျိုးတွေပဲဖြစ်မယ်..။ ပြောလိုက်တာကတော့ လေကြီးမိုးကြီး..။ ကိုယ်တိုင် ဘာများ ပေးဆပ်ဖူးသလဲ..။ သွေးမပြောနဲ့..။ ချွေးတောင် ပေးဖူးရဲ့လားဆိုတော့..။ အီး..။ အဲ…။ ဟဲ ..။ ဟဲ..။.
မိုက်တယ်…း)
Like or Dislike:
0
0
အော်… မနှစ်က သင်္ကြန်ပို့စ်လေးကို သတိရနေတုန်းပဲ ရှိသေးတယ်။ သူက
ဖောက်ပြီ…
စိတ်မညစ်ပါနဲ့ ငါ့မောင်ရယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲ…
အစ်မလည်း တစ်ယောက်တည်းနေတော့ရင် ကောင်းမလားလို့ တွေးနေတယ်။ သိုင်းသိုင်းဝိုင်းဝိုင်းလေး နေမိရင် ပြသနာက ပါလာတတ်လွန်းလို့
ဘာပဲဖြစ်ဖြစ် သင်္ကြန်ဆိုတဲ့ အတွေးလေးနဲ့တော့ ပျော်အောင်နေလိုက်ပါ။ ညစ်နေတာတွေ သင်္ကြန်ရေနဲ့ မျှောချလိုက်…
Like or Dislike:
0
0
အားလုံး ထပ်တူထပ်မျှခံစား နိုင်ပါတယ် ကိုကြီး….
Can find happiness everywhere and everytime!!!
ကဲ Let’s go…. Cheer!!!
Like or Dislike:
0
0
သြော် ဖတ်ပြီးစိတ်တောင်မကောင်းဘူး.. ဖတ်လို့တော့ကောင်းတယ် ကိုယ်ချင်းမစာ စာရေးသူရဲ့ပြဿနာကိုကျော်ပြီး စာရေးကောင်းတဲ့လက်ရာချည်းသက်သက်ဖတ်လိုက်တာ အရသာရှိတယ်.. ပြီးတော့ ထုံးစံအတိုင်း ဒိုင်ယာလော့တွေလန်းတယ် လက်ခုပ်တီးသွားတယ်.. ပါးတွေထိုးပေးရမှာစိုးလို့ ဟားဟား ဘရာဘို
Like or Dislike:
0
0
တယောက်တည်းနေတာ ပြဿနာပိုကင်းသလို စိတ်ပိုငြိမ်တယ်… နောက်ပြီး ဘုရားနဲ့ပိုနီးတယ်… အင်း နောက်တခု… လောကမှာ ရှိတဲ့လူတိုင်းရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး… ဒီတော့ လူတိုင်းကို သူတို့ရှိတဲ့အတိုင်း လက်ခံနိုင်ဖို့ ကိုယ်ပိုင်တဲ့စိတ်ဓာတ်ကို ပြောင်းလဲလိုက်… အကောင်းမြင်ပေးလိုက်ပါ… မရှိတဲ့ အကောင်းတွေကို အရှိလုပ်ပြီး မြင်ပေးလိုက်.. ဟုတ်ပြီလား… လောကကြီးက နေပျော်သွားမှာပါ… လူတွေက နွားခြေရာခွက်ထဲက ဖားတွေလိုဘဲ အသံစူးစူးနဲ့ အော်တာ သဘာဝပါ… ဘယ်လိုဖြစ်ဖြစ် စာဆက်ရေးစေချင်ပါတယ်…
Like or Dislike:
0
0
အစ်ကိုရေ အတော်ခံစားသွားသလား ဒီလိုပါပဲဗျာ ကောလဟာလ တွေ မနာလိုတဲ့ သတင်းရပ်ကွက်တွေကို စိတ်ထည်းမထာ့းနဲ့ဗျာ
Like or Dislike:
0
0
အစ်ကိုရေ စိတ်ထဲမထားနဲ့ ပင်ပန်းသဗျ တစ်ယောက်ထဲတော့ မနေပါနဲ့ဗျာ……………..:)
Like or Dislike:
0
0
အစ်ကိုရေ… မသတ်ပါရစေနဲ့ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကတော့ မျှော်လင့်နေကြဆဲပါ။ ကျွန်တော်ကတော့ အိပ်ရေးပျက်ခံပြီး ထမကြည့်တော့ဘူး အစ်ကို။ အစ်ကိုလည်း ထမကြည့်ပါနဲ့တော့။ ဒီလိုလူတွေက ဒီလိုပဲေ-ာင် တတ်ကြတယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပါပြီ အစ်ကို။ အစ်ကို့ သောကတွေ၊ ကျွန်တော်တို့ သောက တွေ အားလုံးကို တခုခုနဲ့ ဖုံးဖိထားလိုက်ပါတော့။ အားလုံးအတွက် ကျေးဇူးတင်ပါတယ် အစ်ကို။ အစ်ကို နွံထဲခုန်ချလည်း နွံနစ်မှာ မဟုတ်ပါဘူး အစ်ကို။ အဲဒါဆို အစ်ကို ဘာလဲဆိုတာ အစ်ကိုသိမှာပါ။ ကျွန်တော်တို့ ဆုတောင်းပေးနေတယ် အစ်ကိုရေ။
Like or Dislike:
0
0
ကျွန်တော်လည်း စောင့်နေသူများ ဆိုပြီး အစ်ကို့ အကြောင်းထည့် ရေးထားတာ ကြာပြီ အစ်ကို။
Like or Dislike:
0
0
တယောက်တည်းနေတာ ပြဿနာပိုကင်းသလို စိတ်ပိုငြိမ်တယ်… နောက်ပြီး ဘုရားနဲ့ပိုနီးတယ်… အင်း နောက်တခု… လောကမှာ ရှိတဲ့လူတိုင်းရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး… ဒီတော့ လူတိုင်းကို သူတို့ရှိတဲ့အတိုင်း လက်ခံနိုင်ဖို့ ကိုယ်ပိုင်တဲ့စိတ်ဓာတ်ကို ပြောင်းလဲလိုက်… အကောင်းမြင်ပေးလိုက်ပါ… မရှိတဲ့ အကောင်းတွေကို အရှိလုပ်ပြီး မြင်ပေးလိုက်.. ဟုတ်ပြီလား… လောကကြီးက နေပျော်သွားမှာပါ… လူတွေက နွားခြေရာခွက်ထဲက ဖားတွေလိုဘဲ အသံစူးစူးနဲ့ အော်တာ သဘာဝပါ… ဘယ်လိုဖြစ်ဖြစ် စာဆက်ရေးစေချင်ပါတယ်…
Like or Dislike:
0
0
ဘာတွေဖြစ်လာတာလဲမသိပေမဲ့ ဘာကိုပြောချင်လည်း ရိပ်မိအောင်ကြိုးစားကြည့်နေတယ်… ကိုယ်ထင်တာနဲ့ ပြောချင်တာလွဲသွားမှာလည်း ကြောက်သေးတော့ ရဲရဲမတွေးရဲပြန်ဘူး….. f.bမှာ ဘာတွေမြင်နေရလဲမသိပေမဲ့.. မျက်စိနောက်ရင်တော့ ကိုယ်နဲ့မသိတဲ့သူကို မထည့်ထားတာအကောင်းဆုံးပဲ ထင်ပါတယ်…
ကိုဘလက်ရေ…. မြန်မြန်စိတ်ချမ်းသာပါစေ….. နေ့အိပ်မက်လည်း စာမရေးဖြစ်တာ ကြာပေါ့……. ဘလော့ဂ်တော့မဖျက်လိုက်ပါနဲ့ဦးနော်
Like or Dislike:
0
0
ထွေရာလေးပါး ဆိုတာ ဒါမျိုးကြီး နဲ့ တူပါတယ်
ကိုဘလက်ရေ …
Like or Dislike:
0
0
အကိုရေ .. ရင်ထဲမှာခံစားချက်တွေနဲ့ ပြည့်ကြပ်လာတဲ့ အခါ ပြန်ပီးဖွင့်ထုတ်ဖို့ အတွက် အကို့ လို လူတော်တွေမှာ ကလောင်တံခါးလေးတွေရှိတယ် .. ဒါတောင် အကိုက တခြားအကျိုးရှိတာတွေကိုလုပ်တာက ဒီ post ကိုဖတ်တာထက်ကောင်းတယ်ဆိုပဲ .. အဲလိုပြောလို့ ဆုံးအောင်ကိုဖတ်ဖြစ်တယ် .. မဖတ်ဖြစ်ခဲ့ ရင်နောင်တရမိတော့မှာပဲ … ဘာမှမဟုတ်ပါဘူးဆိုတဲ့ အကို့ ရဲ့ ဒီ Post က အကို့ ညီမကို ခွန်အားတွေနဲ့  အသိတွေအများကြီးပေးလိုက်တယ်နော် … ညီမကတော့ မွန်းကြပ်လာရင် အကို့ စာလေးတွေကိုလာလာဖတ်တယ်
ကျေးဇူးတင်တယ်အကို .. အမြဲတမ်းအားပေးနေပါတယ် .. ကိုယ့်အတွက်ဘာမှမဟုတ်တဲ့ အရာတခုက သူများအတွက်ကိုးကွယ်ရာလိုဖြစ်နေတတ်တယ်ဆိုတာ မှန်ပါ့ …
အောင်မြင်မှူတွေရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်ပါစေရှင် ..
Like or Dislike:
0
0