• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် သာမန်များ…

    February 17 , 2010 | 835 views

    ကျွန်တော်တို့သည် သာမန်နေ့ရက်တစ်ခုအဖြစ်…။ သာမန် မနက်ခင်းတစ်ခုတွင်…။ သာမန်လည်ပတ်နေသော သာမန် နာရီများနှင့်….။ သာမန် ပညတ်များကြားထဲ…။ သာမန်လူသားတစ်ယောက်အဖြစ်…။ တဖန်…။ သာမန် ပုံစံများအတိုင်း ပြန်လည်နိုးထလာခဲ့ကြ ပြန်လေသည်…။

    သာမန်သောက်နေကြ နွားနို့တစ်ခွက်သည်။ သာမန်ညှစ်နေကျ နွားမတစ်ကောင်ထံမှ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် ထိုသာမန်မဟုတ်သော သာမန် နွားနို့သည်..။ သာမန်အတိုင်း ညှီစိမ့်သော အနံ့အရသာ ရှိပါလိ့မ်မည်။ သာမန်အတိုင်း အလိုအလျှာက်ဟလာသော ပါးစပ်ပေါက်မှ တစ်ဆင့်..။ သာမန်အတိုင်း လည်ချောင်းအတွင်းသို့ စီးဝင်သွားသည်မှာ တကယ့် သာမန် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့၏ ခန္ဓာကိုယ်သည် သာမန်နေ့များလောက် နွားနို့ရဲ့ အဟာရကို လိုချင်မှ လိုပါလိ့မ်မည်။ သို့သော် သင်သည် သာမန်အတိုင်း Drill  တစ်ခုကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည် ဖြစ်စေ အလိုလျှောက်လုပ်နေမိကြောင်းကို သာမန်အားဖြင့် သိရှိမည်မဟုတ်ပေ..။

    သာမန်အတိုင်း ညှစ်လိုက်သော သင့်ရဲ့သွားတိုက်ဆေးဘူးသည် သင့်စိတ်ထဲတွင် ဘာမှ ထူးခြားမနေသော်လည်း…။ မနေ့က တိုက်ခဲ့သောသင့်ရဲ့ သွားတိုက်ဆေးဘူးထက် အနဲငယ် ကိုယ်အလေးချိန်ကျသွားကြောင်းကို သာမန်အားဖြင့် သင် သတိထားမိမည် မဟုတ်ပါ။ သင်သည် သာမန်အတိုင်း ပင် ရေချိုးခန်းရဲ့ နံရံမှာ ကပ်ထားသော မှန်အား ကြည့်ပေလိ့မ်မည်။ ထိုအခါ…။ ထိုမှန်သည် သင် ယခင်နေ့က အသုံးပြုခဲ့သော မှန်ထက် သာမန် အတိုင်း အနဲငယ် မှုန်ဝါးလာကြောင်း…။ သင့်ရဲ့ ဆံပင်များသည် သာမန်ထက် အနဲငယ်ပိုရှည်လာကြောင်း..။ သင့်ရဲ့ အရေပြားများသည် သာမန် အတိုင်း တစ်နေ့ထက်တစ်နေ့ တွန့်ကြေလာကြောင်း..။ သင့်ရဲ့ သက်တမ်းသည် သာမန်အတိုင်း ပိုမိုအိုမင်းလာကြောင်း…။ စသည့် သာမန်ပေါင်း များစွာအား..။ သာမန်အားဖြင့်…။ သင် လျှစ်လျှူ ရှုလိုက်ခြင်းမှာ သာမန်နေ့ရက်တစ်ခုရဲ့ သာမန်ရိုးကျ အစတစ်ခုပင် ဖြစ်သည်။

    သာမန်မနက်ခင်းတစ်ခုတွင်..။ သာမန်ပဲပြုတ်သည်တစ်ယောက်သည်…။ သာမန်အော်နေကြအတိုင်းအော်ကာ လှည့်လည်ရောင်းချနေနိုင်ပါသည်..။ သို့သော် ပဲပြတ်ရဲ့ ဈေးကတော့ မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှ ဖြစ်ပါလိ့မ်မယ်..။ ထိုနည်းတူ ထိုပဲပြုတ်သည်ရဲ့တောင်းထဲက ပဲပြုတ်တွေသည် မနေ့ကအတိုင်း သာမန် ဖြစ်ချင်မှလည်း ဖြစ်ပါလိ့မ်မယ်…။ ပဲပြုတ်သည် ဆိုသော ပညတ်သည် သာမန် ဖြစ်သည်…။ သို့သော် ထိုပဲပြုတ်ကို ရောင်းသော သူရဲ့ မျှော်လင့်ချက်သည် မနေ့ကအတိုင်း သာမန် ဟုတ်ချင်မှ ဟုတ်ပါလိ့မ်မယ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်)..။ ထို့အတူ ပတ်ဝန်းကျင်သည် သာမန် မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) လေထုသည် သာမန်မဟုတ် (မနေ့ကထက် ပိုညစ်ညမ်းလာပါတယ်) ယဉ်ကျေးမှု သည် သာမန်မဟုတ် (မနေ့ကထက်ပို ညစ်ညမ်းလာပါတယ်)… ထို့ကြောင့် ယနေ့သာမန်များသည် သာမန် အားဖြင့် မနေ့က သာမန်များနှင့် တူသယောင်ယောင်ရှိသော်လည်း သာမန်အတိုင်း မနေ့က သာမန်များ မဟုတ်ကြတော့သည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်ပါသည်။

    Company ပေါင်းမြောက်များစွာကို သာမန်မဟုတ်သောနည်းလမ်းများဖြင့် ပိုင်ဆိုင်ထားသော သာမန်သူဌေးဟု သူ့ကိုသူထင်နေသော သူဌေးတစ်ယောက်၏ သာမန်အသုံးစရိတ်သည် သာမန်လူတန်းစား မိသားစု ပေါင်းများစွာ၏ သာမန်ရိုးကျ ရှာဖွေထားသော ငွေကြေးဥစ္စာတို့နှင့် သာမန်အတိုင်း အချိုးတူညီခြင်းမရှိသည်မှာ သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် ကျွန်တော်တို့ သာမန်အတိုင်း သတ်မှတ်လို့ ရနိုင်မည် မထင်။ ငွေစက္ကူသည် သာမန်အရွယ်အစားအတိုင်းဖြစ်သည်။ ငွေစက္ကူသည် သာမန်အလေးချိန်အတိုင်း ဖြစ်သည်။ ငွေစက္ကူသည် သာမန်အတိုင်း စုတ်ပြဲလေ့ရှိသည်။ သို့သော ထိုငွေစက္ကူရဲ့ တန်ဖိုးသည် ထူးခြားစွာ သာမန်တန်ဖိုးအတိုင်း ဖြစ်မနေသည်မှာ သာမန်အတိုင်း ဟုတ်ပါလေစ..။

    သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် ကော်ဖီတစ်ခွက်သည်…။ သာမန်မိသားစုတစ်စုရဲ့ သာမန် ထမင်းဝိုင်းပေါင်း ၁၀၀ ဖြစ်နိုင်သည်။ သာမန်မဟုတ်သော ထိုသူဌေး၏ သာမန် အနှိပ်ခန်းကြေးသည်..။ သာမန် မိသားစု တစ်စု၏ သာမန် ဒဏ်ကျေဆေးဘူးပေါင်း သိန်းနှင့် ချီကာ ညီမျှသည်။ သာမန်မဟုတ်သော ထိုသူဌေးရဲ့ Hammer တစ်စီးသည် သာမန် မိသားစု တစ်စုလုံးရဲ့ ဖင်နောက်မှီးတစ်ပိုင်းပြတ်နေသော ရာဘာဖိနပ် ပေါင်း သန်းနှင့်ချီကာ ညီမျှသည်။ သို့သော် ဘာမှမတတ်နိုင်သော သာမန်လူများဖြစ်ကြသည့် ကျွန်တော်တို့သည် သာမန်အတိုင်းပင် လက်ပိုက် ကြည့်နေသည်မှ လွဲကာ ဘာမှ မတတ်နိုင်ကြခြင်းမှာလည်း သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။

    သာမန်ကြွေကျသွားသော ပန်းတစ်ပွင့်၏ ဇာတ်သိမ်းသည်…။ သာမန် ကျွေကြသင့်သည့် ရာသီဥတုတစ်ခု မဟုတ်ခဲ့သည်မှာ သာမန်ဖြစ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ သာမန်ရိုးကျ သတ်မှတ်နိုင်ရန် အတော်ပင် ခက်ခဲပေလိ့မ်မည်။ ထို ပန်းပွင့်လေးတစ်ပွင့်၏ အညှာတိုင်သည် သာမန် ပန်းပွင့်များကဲ့သို့ ရှိသင့်သော ခံနိုင်ရည် အရည်အချင်းမပြည့်မှီသို့လော…။ သို့မဟုတ်…။ သာမန် ပန်းပွင့်လေးများ တိုက်ခတ်ခံရလေ့ရှိသော သာမန် လေပြေတို့ထက် ပြင်းထန်သည့် သာမန်မဟုတ်သော လေပြေတို့ပိုမိုတိုက်ခတ်ခြင်း ခံရသို့လော…။ သို့မဟုတ်…။ ထိုပန်းပွင့်လေး၏ အလှသည် သာမန် ပန်းပွင့်များ၏ အလှထက် ပိုမိုထူးကဲ၍ သာမန်မဟုတ်ကာ လှပနေသောကြောင့် သာမန်မဟုတ်သော လက်များ၏ ခူးခြွေ ချနင်းခြင်း (သို့မဟုတ်) ပန်ဆင်ခြင်း ကို သာမန်အတိုင်း ခံလိုက်ရခြင်းလော…။ ဒီအရာတို့သည် သာမန်ဖြစ်စဉ်များပင်လော..။ သို့မဟုတ် သာမန် မဟုတ်သော ဖြစ်စဉ်များလော…။ သို့သော် ထိုပန်းပွင့်လေးသည် သာမန် အနိစ္စ တစ်ခုရဲ့ သဘောကို သာမန်အတိုင်းပင် ရိုးရိုးလေး သက်သေပြခဲ့ သည်။ သူသည် သာမန်ဖူးပွင့်ခဲ့သည်…။ ထို့နောက် သာမန် ကြွေလွင့်သွားခဲ့သည်။ သို့သော် သူ့ရဲ့ လှပချိန် (သို့မဟုတ်) လှပခွင့် သက်တမ်းသည် သာမန်အချိန်ကာလထက် တိုတောင်းခဲ့ခြင်းကို ကျွန်တော်တို့ မျက်စိစုံမှိတ်ကာ သာမန် ဖြစ်ရပ်တစ်ခု အဖြစ်ပဲ သတ်မှတ်လိုက်ကြပါစို့…။

    သာမန် လည်ပတ်နေသော ကမ္ဘာမြေပြင်သည် လူတို့၏ ပြုပြင်ဖန်တီးမှုကြောင့်သာ ညီညာနေသယောင်ထင်ရ သော်လည်း…။ သာမန်အတိုင်းတွင်မူ မည်သို့မျှ ညီညာခြင်းမရှိသည်ကို သာမန်အသိတရားတစ်ခုဖြင့် သိရှိနိုင်သည်။ ထို့အတူ ကျွန်တော်တို့သာမန်သတ်မှတ်ထားသော မျဉ်းဖြောင့်တို့ သည် တစ်ကယ်တမ်းတွင် မျဉ်းဖြောင့် အစစ်အမှန်များ မဟုတ်ကြဟု ကျွန်တော်ပြောလျှင် သင်သည် သင့်ရဲ့ မွေးရာပါဦးခေါင်းကို သာမန်အတိုင်း ခါရမ်းပါလိ့မ်မည်..။ အကယ်ရွေ့သင်သည် ဘယ်သန်တစ်ယောက်ဖြစ်ပါက သင့်ဦးခေါင်းကို သာမန်အတိုင်း ဘယ်မှ ညာသို့ခါရမ်းမည်ဖြစ်ကာ..။ ညာသန်တစ်ယောက် ဖြစ်ပါက သာမန်အတိုင်း ညာမှ ဘယ်သို့ ခါရမ်းလိ့မ်မည် ဖြစ်သည်။

    သင်မသိသေးသော အရာတစ်ခုကို သာမန်အတိုင်းကျွန်တော် ပြောပြလိုသည်။ လောကတွင် သာမန်ရိုးကျ ဖြောင့်တန်းမှု (သို့မဟုတ်) မျဉ်းဖြောင့်ဆို သည်မှာ မည်သည့်အခါကမျှ ပေါ်ပေါက်ခဲ့ခြင်းမရှိပါ..။ ကျွန်တော်တို့ မျဉ်းဖြောင့်ဟု သာမန်သတ်မှတ်ထားသော မျဉ်းကြောင်းများအားလုံးသည်။ သာမန်  ရေမျက်နှာပြင်တစ်ခု၏ ညီညာမှု (ရေပြင်ညီ) ကို အခြေခံကာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ထိုပင်လယ်ရေ မျက်နှာပြင်သည် လည်း ဒီကမ္ဘာပေါ်ရှိအခြားသော အရာများအားလုံးကဲ့သို့ပင် မျဉ်းကွေးတစ်ခုဖြစ်ကြောင်းကို သာမန်မျက်စိဖြင့် သင်မသိနိုင်သော်လည်း…။ သာမန်နေ့ရက်များမှ လွန်မြောက်ကာ အာကာသရဲ့ တစ်ထောင့် တစ်နေရာကနေ သင်ကြည့်ခွင့်ရမည်ဆိုပါက သိရှိနိုင်ပေလိ့မ်မည်…။ ထို့ကြောင့် ဒီကမ္ဘာလောကတွင် စစ်မှန်သော ရိုးဖြောင့်မှုဆိုသည်မှာ တစ်ကယ်မရှိကြောင်း သာမန်စဉ်းစားကြည့်ရုံဖြင့် သိနိုင်သည်။

    ညသည် သာမန်အတိုင်း အမှောင်တို့ကို သယ်ဆောင်လာခဲ့သည်။ သို့သော် နီယွန်မီးတိုင်တို့သည် သာမန်အတိုင်း ထွန်းလင်းခြင်းရှိမရှိကို သာမန်အားဖြင့် သင်မသိနိုင်…။ မနေ့က ထိန်ထိန်ငြီးနေအောင် ထွန်းလင်းခဲ့သော နီယွန် မီးသီးအချို့သည် ဒီနေ့တွင် သာမန်အတိုင်း ထွန်းလင်း နိုင်စွမ်းမရှိပဲ ငြိမ်သက်စွာဖြင့် မြို့ပြညကို နှုတ်ဆက်ခွဲခွာသွားသော မီးတိုင်များ များစွာရှိနေနိုင်သည်ကို သာမန်ကာလျှံကာ ကျွန်တော်တို့ လက်လျှူ ရှုလိုက်ကြပါစို့…။ ကောင်းကင်သည် သာမန်အတိုင်း ကျယ်ပြန့်နေလိ့မ်မည်။ သာမန်အတိုင်း မှောင်မဲနေလိမ့်မည်။ ထို့အတူ ကောင်းကင်ပေါ်မှ ကြယ်များသည်လည်း သာမန်အတိုင်း ထွန်းလင်းနေလိ့မ်မည်။ သို့သော် မနေ့ညက သာမန်အတိုင်း သင်အိပ်နေချိန်မှာ ကြွေကျသွားသော ကြယ်တစ်ပွင့်ကြောင့်ရှိကြောင်းနှင့်…။ ဒီနေ့ကောင်းကင်တွင် ထိုကြယ်တစ်ပွင့်လျော့သွားကြောင်းကို သင်သည် သာမန်အတိုင်းပင် မသိလိုက် မသိဖာသာ နေတတ်ခဲ့သည်။ လူတို့သည် အရာတော်တော်များများအား ကိုယ့်အတွက်အကျိုးအမြတ်မရှိနိုင်ဟု ယူဆပါက မိမိတို့နှင့် မသက်ဆိုင် သလိုနေတတ်ကြခြင်းမှာ သာမန် ဖြစ်ရိုးဖြစ် စဉ်တစ်ခုပင်ဖြစ်သည်။

    သင်သည် ကျွန်တော့်၏ သာမန် အက်ဆေးတစ်ပုဒ်အား သာမန်မျက်စိဖြင့် ဖတ်ပေလိ့မ်မည်။ သာမန် မျက်စိ အားမကောင်းသော သူတို့သည် သာမန် မျက်မှန်တစ်လက်အားတပ်ကာ ဖတ်ကြပေလိ့မ်မည်။ ထို့နောက် သာမန်များစွာဖြင့် ကျင့်သားရနေသော သင့်ရဲ့ မျက်လုံးနှင့် ဦးနှောက်တို့သည် ကျွန်တော်ရေးထားသော စကား လုံးများနောက်သို့ သာမန်အတိုင်း ဘယ်မှညာသို့ အပြေးလိုက်ကြပေလိ့မ်မည်..။ အချို့နေရာများတွင် သည်သည် သာမန်အတိုင်း ခေါင်းကုတ်ကောင်း ကုတ်ပါလိ့မ်မည်..။ အချို့နေရာများတွင် သာမန်အတိုင်း ပြုံး ကောင်းပြုံးပါလိ့မ်မည်..။ အချို့နေရာများတွင်..။ သာမန်အတိုင်း နှစ်ခေါက်သုံးခေါက် ပြန်ဖတ်နေနိုင်သည်။ အချို့နေရာများတွင် သာမန်အတိုင်း သင်နားလည်ချင်မှ နားလည်လိ့မ်မည်။ သို့သော် ထိုအရာများနှင့် ဖြစ်စဉ် များအားလုံးသည် သာမန်များသာ ဖြစ်ကြသည်။

    ဒီလိုနဲ့…

    စက္ကန့်တို့သည် သာမန် အတိုင်းခရီးဆက်ကြကာ…။ ညသည် သာမန်အတိုင်း ပြန်လည် ပျောက်ကွယ် သွားပါလိ့မ်မည်…။ သို့သော် ဒီည အဖို့တော့ သင်သည် သာမန်ညများအတိုင်း သာမန်အတွေများဖြင့် အိပ်ပျော်ကောင်းမှပျော်ပါလိမ့်မည်…။ အဘယ့်ကြောင့်ဆိုသော် သင်သည် ယခုအချိန်မှစ၍ မိမိသည် သာမန်များကြားတွင် သာမန်များအတိုင်း နေ့စဉ် လည်ပတ်နေသော သာမန်လူတစ်ယောက် ဖြစ်ကြောင်းကို သာမန်ထက် အနဲငယ် ထူးခြားစွာ သထိထားခဲ့ မိသောကြောင့် ပင်ဖြစ်သည်။

    P.S- သာမန်စကားလုံးများဖြင့် ဖွဲ့စည်းထားသည့် သာမန် အက်ဆေး တစ်ပုဒ်သာ ဖြစ်ပါကြောင်း…။

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    10 Responses to “ကျွန်တော်နှင့် သာမန်များ…”

    1. Bravo .. ကျနော်တို့တွေ လစ်လျူရှုမိနေကြတဲ့ သာမန်တွေပါပဲ :)

      Like or Dislike: Thumb up 0 Thumb down 0

    2. ဖတ်သွားပါတယ်ရှင်…. ကုန်ကြမ်းကောင်းတခုကို အခြေပြုရေးသားထား တယ်လို့  မြင်မိပါတယ်။ အကိုရေးတဲ့စာတွေကို သာမာန်အနေနဲ့ ကတော့ နောက်ခံအနက်ပေါ်က အဖြူရောင်စာလုံးတွေ အဖြစ် သာမာန်ပဲ မြင်ပါတယ်။ ပြီးတော့ သာမာန်ဦးနှောက်ထဲကို သမာရိုးကျ အတိုင်း မှတ်သားသွားပြီး သာမာန်ခံစားချက်နဲ့ ပဲ သာမာန်မှတ်ချက် တခု ပေးခဲ့ချင်ပါတယ်။ သာမာန်မဟုတ်တဲ့ သာမာန် စာတပုဒ်ပါပဲလို့ …

      လေးစားခင်မင်လျက်

      Like or Dislike: Thumb up 0 Thumb down 0

    3. သာမာန် ညနေခင်းတစ်ခုတွင် သာမာန်မဟုတ်သော စာရေးသူ၏ သာမာန်စကားလုံးများဖြင့် ဖွဲ့စည်းထားသည့် သာမန် အက်ဆေး တစ်ပုဒ်ကို သာမာန်မဟုတ်သော မျက်စိအား အလုပ်ပေး၍ သာမာန်ဦးနှောက်ဖြင့် သာမာန်မဟုတ်သည့် အတိုင်း ဖတ်မှတ်လေ့လာ မန့်သွားပါ၏….

      Like or Dislike: Thumb up 0 Thumb down 0

    4. လုပ်စမ်းပါ… အဲလိုလေးတွေ ဖတ်ချင်နေတာ။ မဖတ်ရတာကြာလို့ပဲလားတော့ မသိဘူး။ အက်ဆေးတွေ ပိုတောင် လက်တက်နေသလိုပဲ။ :)

      Like or Dislike: Thumb up 0 Thumb down 0

    5. Black. ! this is U guy !
      Cheers !!!

      Like or Dislike: Thumb up 0 Thumb down 0

    6. သာမန်အတိုင်း ကောင်းပါတယ် ဗျာ …။

      Like or Dislike: Thumb up 0 Thumb down 0

    7. လိမ္မာလာပြီ…………. ဒီသာမာန်လေးနဲ့ ပဲ အားလုံးကို စိတ်ကျေနပ် အောင်လုပ်သွားတယ်။ ဟင်းးးးးးးးးးးးးးးးးးးးးးးးးးး

      Like or Dislike: Thumb up 0 Thumb down 0

    8. မနေ့က ဖတ်ရတာမကျေလည်လို့ ဒီနေ့နောက်တစ်ခါ ပြန်လာဖတ်တယ်။ သာမာန်ကိစ္စရပ်လေးတွေကို သာမာန်လို့ပဲ တွေးလိုက်တာကောင်းပါတယ်…

      Like or Dislike: Thumb up 0 Thumb down 0

    9. သာမန်ကို သာမန်အတိုင်းပဲ လာဖတ်သွားတယ် နောက်ဆုံးတော့လည်း ဟုတ်သား သာမန်ပဲနော့် =)

      Like or Dislike: Thumb up 0 Thumb down 0

    10. Black. ! this is U guy !
      Cheers !!!

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply