• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    သွေးပူ…

    February 16 , 2010 | 1,147 views

    အဟမ်း..။ အဟမ်း…။ စပွားပါမယ်…။

    စိတ်ထဲရှိတာတွေ လျှောက်ပြောချင်လို့ရေးတာပါ..။ ဘာအကျိုးမှ ရှိနိုင်မည် မဟုတ်ကြောင်း ကိုတော့ အတိအကျ အာမခံပါတယ် ..။ ;)

    ယုံချင်မှတော့ ယုံကြပါလိ့မ်မယ်…။ ကျွန်တော် ကိုယ့်ဘလော့ကို ကိုယ်တိုင် ဖွင့်မကြည့်တာ ၂ လကျော်သွားပါပြီ ။ ဘာကြောင့်ဖွင့်မကြည့် မိတာလည်း ဆိုတာကတော့ အကြောင်းမျိုးမျိုးကြောင့် ဖြစ်နိုင်သလို..။ ကျွန်တော် ကိုယ်တိုင်လည်း ဘာကြောင့်မှန်း တစ်ကယ်မသိနိုင်တာ ဖြစ်ကောင်းဖြစ်ပါ လိ့မ်မယ်..။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော် စာတွေရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ ကျွန်တော့်ဘလော့ကို ဘယ်တုန်းကမှ မပိတ်ခဲ့ပါဘူး…။ ဘာလို့လဲဆိုတော့…။ ကျွန်တော်ဟာ ဘယ်တော့မှ ကျွန်တော့် ဘလော့ဆိုတာကို ဖဲကြိုးဖြတ်ပြီး မဖွင့်လှစ်ခဲ့လို့ပဲ ဖြစ်ပါတယ်…။

    ဘာတွေလုပ်နေလဲ..? ဘယ်တွေပျောက်နေလဲ…? ဘယ်သူမှမမေးပေမယ့်…? ကိုယ့်ကိုယ်ကို နာမည်ကြီး လူသိများပြီးတော့ လူတွေ စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ပုံစံဖမ်းပြီး ပြောကြည့်ချင်ပါတယ်..။ အကြောင်းကတော့ ကျွန်တော် လိုင်းပြောင်းသွား (တစ်မျိုးမထင်ကြပါကုန်) လို့ပါ..။ အမှန်က လိုင်းကြောင်သွားတယ်လို့ ပြောလည်း ရပါတယ်..။ ကျွန်တော် အခု အုန်းသီးတစ်လုံးရထားပါတယ်..။ နေ့နေ့ညည ကျွန်တော် အဲ့ဒီ့ အုန်းသီးကို ကိုင်ကာ ဖင်တစ်ပြန်ခေါင်းတစ်ပြန်လေ့လာနေပါတယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ၀ါသနာတစ်ပင်ကနေ အခြားတစ်ပင်ကို ခဏခဏခုန်ကူးတတ်တဲ့ မျောက်တစ်ကောင်မို့ပါ..။

    အရာရာကို စိတ်ဝင်စားလွယ်တယ်…။ လေ့လာလွယ်တယ်…။ တတ်မြောက်လွယ်တယ်…။ ကျွမ်းကျင်လွယ်တယ်…။ ဒါပေမယ့်….။ ငြီးငွေ့လည်း လွယ်တတ်ပါတယ်…။ ဒါပေမယ့် ကျွန်တော့်ဘ၀တစ်လျှောက်မှာ ကျွန်တော် ဘယ်တုန်းကမှ ငြီးငွေ့မသွားတဲ့ အရာတွေ…။ ကျွန်တော့်ဘ၀ထဲက ဘယ်လိုမှ ထုတ်ပြစ်လို့မရနိုင် တဲ့အရာတွေကတော့ အများကြီးရှိပါတယ်…။ Romantic ဆန်ဆန်တွေ…။ နက်နက်နဲနဲတွေ မတွေးကြပါနဲ့..။ ကျွန်တော် အအိပ်၊အစားနဲ့ ဆေးလိပ်ကိုတော့ ဘယ်တုန်းကမှ မငြီးငွေ့ခဲ့ပါဘူး…။ အနှုတ် ၂၀ လောက်ရောက်နေတဲ့ နှင်းတောထဲမှာ ဘောလုံးကန်ရဲ လောက်တဲ့ သတ္တိမရှိတဲ့ ကျွန်တော်…။ အခုဆိုပေါင်ချိန်က ၁၅၀ ကျော်စပြုလာပါပြီ…။

    အခုဆို ပထမနှစ်ဝက်စာမေးပွဲပြီးလို့ ဒုတိယနှစ်ဝက် ပြန်စနေပါပြီ..။ ကျွန်တော်လည်း ကျောင်းသားတစ်ယောက် ဘ၀ကနေပြီးတော့ မကြာတော့တဲ့ ကာလမှာ ရရှိတော့မယ့် မဟာဘွဲ့အတွက် စာတမ်းပြုစုနေရတဲ့ လူတစ်ယောက်အဖြစ်သို့ စတင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်..။ တကယ်ကို အချိန်တွေက အကုန်အမြန်လှပါတယ်…။ ကျွန်တော်တို့တွေ တကယ်ပဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြတာ သိပ်ကို သိသာလွန်းပါတယ်…။

    ကျွန်တော့်ကို ရင်းနှီးတဲ့သူတွေက စာမရေးတော့ဘူးလားလို့မေးကြပါတယ်…။ တကယ်ဆို ဒီမေးခွန်းကို ကျွန်တော်ဖြေစရာ မလိုလှဘူး ထင်ပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်မှ စာရေးဆရာ တစ်ယောာက် မဟုတ်ခဲ့တာပဲ…။ ကျွန်တော် ဖန်တီးခဲ့တဲ့ Website တွေက ညီအစ်ကို မောင်နှစ်မတွေက မေတ္တာပို့ကြတယ်..။ သူတို့ တောင်းထားတဲ့ အကူအညီတွေ မပေးတော့ဘူးလားတဲ့…။ ကျွန်တော် တကယ်ပဲ မသိချင်ယောင် ဆောင် နေမိ ခဲ့တယ်…။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းအရင်းတော့ ကျွန်တော် အပေါ်မှာပြောခဲ့သလိုပဲ မရေရာလှပါဘူး..။ လူမှုရေး ခံစားချက်တွေ လည်းနဲနဲပါတယ်..။ ကိုယ်ပိုင်ခံစားချက်တွေလည်း နဲနဲပါတယ် (များသောအားဖြင့်တော့ တော်ရုံတန်ရုံလောက်နဲ့ ကျွန်တော် ကိုယ်ပိုင်ခံစားချက်ကို သိပ်ပြီး ဦးစားပေး ရှေ့တန်း တင်လေ့မရှိပါဘူး..။) လူမှုရေးညံ့ဖျင်းသောကာ စကားအပြောအဆိုမတတ်သော (ကျွန်တော်ညံ့တာထက် ပိုညံ့ကြပါတယ်) လူတွေကြောင့် လည်း ပါမယ်ထင်ပါတယ်..။

    ဒါပေမယ့် ဘယ်သူကမေးမေး…။ အားလားဆိုရင်တော့…။ လုံးဝပါပဲ…။ ကျွန်တော် မအားပါဘူး…။ ဘာလို့မအားတာလဲ…။ မအားချင်လို့ မအား တာပါ..။ ဘာလုပ်ရင်ကောင်းမလဲလို့ အချိန်နဲ့အမျှတွေးနေရတဲ့ အတွက် ကျွန်တော် မအားပါဘူး…။

    “မင်းအနုပညာသမားစစ်တယ်ဆိုရင် မင်းရေးမယ့်စာတွေကို လေးလေးနက်နက်စောင့်ဖတ်နေမယ့် စာဖတ်ပရိတ်သတ်ကို မင်းလေးစားသင့်တယ်။” အဟမ်း အဟမ်း..။ ကိုယ့်ကိုယ်ကို ဆရာကြီးအထာနဲ့ မေးကြည့်လိုက်တော့ ..။ ကျွန်တော်ဆိုတဲ့ ငတိက မချိုမချဉ်မျက်နှာနဲ့ တစ်လုံးပဲ သူ့ကိုပြန်မေးမိတယ်…။ ကျွန်တော့်ကို အနုပညာသမားလို့ ခင်ဗျားကို ဘယ်သူကအချွန်နဲ့ မလိုက်တာလဲ…?

    ဒီမေးခွန်းကို အတည်တကျမေးလာမယ်ဆိုရင် ..။ တစ်ကယ်လဲ ကျွန်တော့်မှာ ဖြေစရာမရှိပါဘူး..။ ကျွန်တော် ဘာလဲ..? အနုပညာသမားလား..? အင်ဂျင်နီယာလား…? စစ်သားလား…? ဓာတ်ပုံဆရာလား..? အားကစား သမားလား…? ကျွန်တော် ဘာလားမှ မဟုတ်ပါဘူး…။ ကျွန်တော်ဟာ ကျွန်တော်စစ်စစ်ဖြစ်ဖို့ ကြိုစားနေတဲ့ ကျွန်တော် မဖြစ်သေးတဲ့ ကျွန်တော် တစ်ယောက်ပါပဲ..။ ဒီ့ထက် ကျွန်တော့်မှာ ဘာမှ မပိုပါဘူး..။ ( တစ်ကယ်ပါ တစ်ခါတစ်လေ ကျွန်တော်လို့ ကိုယ့်ကိုယ်ကိုသုံးရတာတောင် မလုံမလဲ ဖြစ်မိတယ်..။ “တကယ်ရော မင်းကိုယ် တိုင်ဟုတ်ရဲ့လား? မင်းကိုယ်မင်း ပိုင်ရဲ့လား? ” လို့ အကြိမ်ကြိမ်တွေးမိပါတယ်..။)

    အာ…။ မရဘူး..။ အမြှီးကဆွဲ…။ ခေါင်းကဆွဲ…။ လူမှန်ရင် (လူမှန်မှန်၊ မမှန်မှန် လူတွေနဲ့မလွတ်ကင်းနိုင်သေးရင်၊ လူလို့သူတို့ကိုယ် သူတို့သတ်မှတ်ထားတဲ့ လူတွေရဲ့ အသိုင်းအ၀ိုင်းထဲမှာ နေနေသေးတယ်ဆိုရင်) တော့ အကြောင်းပြချက်တစ်ခုပေး..။ ဒါပဲ…။

    ဒီလိုဆိုရင်တော့ ကျွန်တော် အခုလောလောဆယ် အလင်းတွေ အမှောင်တွေနဲ့ ဆော့နေပါတယ်…။ တစ်ခါတစ်လေ ထောင့်တွေပါတယ်…။ ကျွန်တော်က လက်နဲ့ ပန်းချီဆွဲဖို့နေနေသာသာ ၀လုံးတောင် ၀ိုင်းအောင် မရေးတတ်လေတော့…။ ကျွန်တော်အခု စက်တွေရဲ့အကူအညီနဲ့ အလင်းနဲ့ ဖန်တီးတဲ့ ပန်းချီကားလေးတွေ ဆွဲတတ်အောင် ကျင့်နေပါတယ်…။ ( အာ..။ မိကျောင်းသား..။ လျှာကလည်း ရှည်ပါ့..။ လိုရင်းပြော) ဟုတ်ကဲ့ ကျွန်တော် ဓာတ်ပုံရိုက်နေပါတယ်…။ မရှိမဲ့ ရှိမဲ့စုဆောင်းထားတဲ့ ငွေလေး ရယ်..။ အိမ်က အဖေနဲ့အမေကို လည်ပင်းညှစ်ပြီးတောင်းထားတဲ့ ငွေလေးရယ်ပေါင်းပြီး Nikon D90 တစ်လုံးဝယ်ကာ မဲမဲ မြင်သမျှ အကုန် လိုက်ရိုက်နေပါတယ်…။ (အရင်က ပိုးဟပ်လေးတွေ ရှိတဲ့အခန်း..။ အခုဆို ပိုးဟပ်တွေတောင် ကျွန်တော့် လက်ချက်ကြောက်လို့ အခြားအခန်းပြေးကုန်ကြပုံရတယ်…။ အခန်းထဲမှာ တစ်ကောင်မှ မတွေ့ရတော့ဘူး :P )

    အရင် စာတွေရေးတုန်းကလိုပဲ ကိုယ်ရိုက်ထားတဲ့ပုံတွေကို သူများတွေက (အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး အေးချမ်းပါတယ်ဆိုပြီး ) အားပေးတဲ့ အခါ..။ ကော်မန့်တွေရေးကြတဲ့အခါ…။ အဟုတ်ကြီးထင်..။ နှလုံးပီတိ ဂွမ်းဆီထိကာ..။ အရူးဘုံမြောက် ဖြစ်နေပါတယ်..။ (အခုက ပိုဆိုးပါတယ်..။ အရင်က ကိုယ့်ဘာသာစကားနဲ့ ရေးတဲ့စာဆိုတော့ ကိုယ့်လူမျိုးတွေလောက်ပဲ ဖတ်ကြပါတယ်..။ အခုကတော့ ဓာတ်ပုံဆိုတော့ ကိုယ်နဲ့သိသည်ဖြစ် စေ မသိသည်ဖြစ်စေ နိုင်ငံတကာက လူတွေကပါ ကြည့်ရှုခံစားနိုင်…။ အားပေးနိုင်ကြပါတယ်…။)

    ဒီနေရာမှာ သတိထားမိတာလေး တစ်ခုဖြည့်စွက်ပြောချင်ပါတယ်..။ ကျွန်တော် ဓာတ်ပုံတွေတင်လို့ရတဲ့ ဝေဖန်မှုတွေ၊ မှတ်ချက်လေးတွေဟာ အရင်က ကျွန်တော် ဘလော့စရေးတဲ့ကာလမှာ ရခဲ့တဲ့ မှတ်ချက်လေးတွေလိုပါပဲ..။ အရမ်းအရသာရှိပါတယ်..။  မင်းကိုငါပေးလို့ ငါ့ကို မင်းပြန်ပေးရ မယ်ဆိုတဲ့ သဘောတွေ မပါလေတော့ တော်တော် စိတ်ချမ်းသာဖို့ကောင်းပါတယ်..။)

    “ဟာ တော်လိုက်တာ…။ ခင်ဗျားဟာ တကယ့် ဘက်စုံရအနုပညာရှင်ပဲ…။” ဟိ..။ တစ်ကယ်လို့ များတစ်စုံတစ် ယောက်က ထိုကဲ့သို့ပြောလာသော်…။ ကျွန်တော် ရုပ်တည်ကြီးနဲ့ တဟဲ ဟဲ လုပ်နေပါ့မယ်..။ ချော်လဲရော ထိုင်…။ ဒီခေတ်ကြီးထဲမှာ တကယ်အရည်အချင်းရှိဖို့ထက်…။ အဓိကက လူအထင်ကြီးခံရဖို့ပဲ မဟုတ်လားဗျာ။

    ကိုယ့်ဘာသာကိုယ် ဘလော့မှာ အေးအေးဆေးဆေး စာလေးရေးနေတုန်းက domain ဖိုး hosting ဖိုးလောက် လေးပဲကုန်ပါတယ်..။ ဒါကလည်း အဖေ့မိတ်ဆွေတွေရဲ့ လုပ်ငန်းတွေအတွက် Website လေးတစ်ခုလောက် လုပ်ပေးလိုက်ရင်..။ တစ်နှစ်စာ မဟုတ်ဖူး..။ ၅ နှစ်စာလောက် ပြန်ကာမိ ပါတယ်..။ အခုတော့ ခြေအငြိမ်နေနိုင် လက်အငြိမ်မနေနိုင် ကင်မလာ တစ်လုံးဝယ်လိုက်တာ …။ ဆင်ဖိုးထက် ချွန်းဖိုးတွေက ပိုပိုကြီးလာပါတယ်..။ လိုချင်ပြန်ပြီ ဘာ Lens, လိုချင်ပြန်ပြီ Tripod , လိုချင်ပြန်ပြီ Flash လူလဲ တော်တော် ချွတ်ချုံကျ (ခက်ဆစ်- ခါးဝတ်ကို ချွတ်ကာခြုံရလောက်အောင် ဆင်းရဲသည်။ ) နေပါပြီ..။

    ကျွန်တော် လက်ကမြင်းထားတဲ့ပုံတွေကို ကျွန်တော့် Facebook မှာ အမြဲတင်ပါတယ်..။ Blog မှာတော့ တင်ဖို့ အစီအစဉ်မရှိသေးပါ…။ အစီအစဉ်ဖြစ်ခဲ့ရင်လည်း ဒီစာရေးတဲ့နေရာမှာ တင်ဖြစ်ဖို့ထက် ဓာတ်ပုံအတွက် သီးသန့် Blog တစ်ခုလုပ်ပြီး တင်ဖြစ်ဖို့က များမယ်ထင်ပါတယ်…။ ဟင့်အင်း..။ ရဘူး..။ ရဘူး..။ ဒီမှာပဲတင် ဆိုရင်တော့..။ ဒီမှာတင်ပါ့မယ်…။ ပုံတွေချည်းပဲတင်ရင် ပျင်းမှာဆိုးလို့ (အဲ့လို ဆွဲဆောင်မှုရှိပါတယ်) ကျွန်တော် သိထားတာလေးတွေ တတ်ထားတာလေးတွေကို..။ ဆရာကြီးဟန် အပြည့်နဲ့ နဲနဲပါးပါး ထည့်ဖော ပြီး တင်ပေးပါ့မယ်…။

    ကျွန်တော်ပွားနေတာ တော်တော်တော့များသွားပါပြီ..။ ဆက်ရေးဖို့ရှိတဲ့ ဆောင်းပါးတွေလည်း ရေးချင်စိတ် မရှိတဲ့အတွက် ဆက်မရေးဖြစ်ပါဘူး..။ လောကမှာ ဆရာတွေသိပ်များတယ်…။ အဲ့ဒီ့ဆရာတွေပဲ ဆက်ပြောကြ ပါစေ..။ ကျွန်တော့်လို ငချွတ်တစ်ကောင်အနေနဲ့ကတော့ ဘာမှ ဆက်ပြောဖို့ မလိုအပ်ပါဘူး..။

    အရေးအကြီးဆုံး တစ်ခု ကျွန်တော် ပြောချင်ပါတယ်..။ ဒီတစ်ခါအတည်ပါ…။ ကျွန်တော် အနုပညာသမား မဟုတ်ပါဘူး..။ အနုပညာကို ၀ါသနာပါတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်..။ ဘယ်အနုပညာပညာရပ်ပဲ ဖြစ်ဖြစ် ကျွန်တော်ခံစားပါတယ်..။ စိတ်ဝင်စားပါတယ်..။ ကိုယ်တိုင်လိုက်လုပ်တာ မလုပ်တာက တစ်ပိုင်းပါ…။ အခုဆို ကျွန်တော် စိတ်ဝင်စားခြင်း၊ ခံစားခြင်းအပြင် ကိုယ်တိုင်လိုက်လုပ်တဲ့ အနုပညာအမျိုးအစား နှစ်ခုရှိပါပြီ..။ ပထမ တစ်ခုကတော့ စာရေးတာ..။ အခု ဒုတိယတစ်မျိုးကတော့ ဓာတ်ပုံရိုက်တာပေါ့…။

    ဒီတော့ ကျွန်တော်ဖန်တီးထားတဲ့ မဖြစ်စလောက် အနုပညာလေးတွေကို ကျွန်တော့် ဘလော့လေးမှာ အခွင့်သင့်တဲ့ တစ်နေ့တော့ ချပြချင်ပါတယ်..။ အများစုက ကျွန်တော့်ဘလော့ကိုလာရင် (မျက်စိလည်ပြီးလာသောသူများကို မဆိုလိုပါ) သေသေချာချာ မောင်းတင်ပြီးလာကြပါတယ်..။ မျက်မှန်ကြီးတွေတပ်..။ ကော်ဖီခွက်ကြီးတွေချ…။ ဆေးလိပ်ကြီးတွေခဲပြီး..။ ဒီဘဲ ရေးတာတွေကို အတွင်းအားနဲ့ ဖတ်မယ်ဆိုပြီး..။ အမှန်က ကျွန်တော် အဲ့လိုမဖြစ်စေချင်ပါဘူး..။ ပေါ့ပေါ့ပါးပါးပေါ့..။ ကျွန်တော် ကိုယ်တိုင်လည်း တကယ့်ကို ပေါ့ပေါ့ပါးပါးနေရတာကို နှစ်သက်တဲ့လူ တစ်ယောက်ပါ…။ (ကျွန်တော့် ဘလော့ကိုဖတ်ပြီး “ထင်” တစ်လုံးနဲ့ ကျွန်တော့်ကို Gtalk မှာလာအပ်ပြီးတော့မှ..။ ကျွန်တော် ငပေါမှန်းသိလို့ တပ်လန်သွားတဲ့သူတွေ အများကြီးပါ..။ မယုံရင် သူတို့ကိုမေးကြည့်နိုင်ပါတယ်)  ဘာပဲလုပ်နေရ လုပ်နေရ ကျွန်တော်က အဲ့ဒီ့လုပ်နေတဲ့ အလုပ်ထဲမှာ မြောနေရရင် ကျေနပ်နေတတ်တဲ့ကောင်ပါ…။

    အခု ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်…။ ကျွန်တော့် ဘလော့ဟာ အရင်က စာတွေချည်းရေးတဲ့ နေရာတစ်ခုပါ..။ အခုတော့ ကျွန်တော် ဒီနေရာကို တစ်ကယ့် Blog တစ်ခုအဖြစ် ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါပြီ (ကျွန်တော့်ကို ညီအစ်ကိုလို ချစ်ပြီး ကျွန်တော်ရေးတဲ့ စာတွေကို နက်နက်နဲနဲ အမြဲဝေဖန် အားပေးခဲ့တဲ့ ကိုမိုးမောင် (Happycloud) လို အစ်ကိုတွေ ကတော့ သဘောကျမယ် မထင်ပါဘူး)..။ ဒါပေမယ့် ကျွန်တော် အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီ Blog လေးမှာ စာတွေ ဆက်ရေးနိုင်ဖို့ အချိန်သိပ်မရှိတော့ပါဘူး..။ ကျွန်တော် ရွှေပြည်တော် (ရွှေပြည်သူ မဟုတ်ပါ) ဆီကို ပြန်ရပါတော့မယ်…။

    ဒီတော့ အရင်လို စိတ်ရူးပေါက်မှ ထထရေးမယ်ဆိုရင် ကျွန်တော် ရေးချင်တာတွေ ပြောချင်တာတွေ ကျွန်တော် ပြန်သွားတဲ့အခါ အများကြီး မပြောလိုက်ရပဲ ကျန်နေရစ်ခဲ့နိုင်ပါတယ်..။ ပြန်သွားတဲ့အခါ ဆက်ရေးလို့ရတယ် ဆိုပေမယ့် အခြေအနေနဲ့ အခွင့်အရေးက ဘယ်လိုနည်းနဲ့မှ ဒီလောက်ပေးနိုင်တော့မှာ မဟုတ်တော့လို့ပါပဲ..။

    နောက်ဆုံးအနေနဲ့ ကျွန်တော်ပေါသမျှ..။ ရူးသမျှ…။ ကို ခွင့်လွှတ်နားလည် ဖတ်ရှု အားပေးခံစားကြတဲ့ ကျွန်တော်ချစ်တဲ့ မများလှတဲ့ ဒီ အနက်ရောင်အိပ်မက်တစ်ခုရဲ့ ၀ိဥာဉ်ကို တန်ဖိုးထားကြတဲ့ ညီအစ်ကို မောင်နှစ်မများအားလုံးကို ကျွန်တော် တကယ်ပဲ တန်ဖိုးထားပါကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ ပွားကြမယ် ဟေ့ကောင်းကောင်း အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ..။

    ရွှီ…။ ဖြောင်း…။ ဖြောင်း…။ ဖြောင်း…။ အစောကြီးကတည်းက ပြီးသင့်တာ…။ :P

    P.S- စာမြန်မြန်ပြန်ရေးစေချင်ပါက Comment များများပေးကြပါကုန်…။ :P

    Cateogry : Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    19 Responses to “သွေးပူ…”

    1. အခုမှ အသစ်တွေ့ရတော့တယ် ။ လာရကျိုးနပ်သွားတာပေါ့ ။ မန့်ဖို့တော့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး ။ ဒါပေမဲ့ ဒီနေ့တော့ တစ်ဖြစ်နေလို့ မန့်ခဲ့တယ် ။ ဘယ်တုန်းကမှ မ မန့်ခဲ့ဘူးဖူး ။ စာဘဲ ရေးရေး ဓါတ်ပုံဘဲ ရိုက်ရိုက် အနုပညာဘဲမို့ ဘာဘဲဖြစ်ဖြစ် ပရိတ်သတ် အားလုံးက အားပေး ကြမယ်လို့ယုံကြည်ပါတယ် ။ ဒီလောက် စိတ်ရှည်ရှည် ထားပြီး စောင့်ဖတ် နေတဲ့ ပရိတ်သတ်ကိုလည်း အားနာပါဦးလေ ။

      Like or Dislike: Thumb up 0 Thumb down 0

    2. ကျိတ်ဟ ;)

      Like or Dislike: Thumb up 0 Thumb down 0

    3. I start my new day with ur new post . :)

      Like or Dislike: Thumb up 0 Thumb down 0

    4. အစောကြီးထဲက ဒီလိုဖြစ်လာမယ် ထင်နေတာ :D ….။
      အဲဒီအုန်းသီးကို အုန်းထမင်းချက်စားလိုက်ရမှာ။ အခုတော့ အိမ်တွင်းအုန်း ဖြစ်သွားပြီပေါ့လေ။ မထူးပါဘူး ငှက်ပျောသီးလေးပါ သုံးဖီးလောက်ထပ်ထည့်ပြီး ပိုင်ရာဆိုင်ရာတွေ အရင်မြှောက်လို့ ဒါ့ပုံဆရာဘွဲ့သာ (ယာယီ)ခံယူပါတော့။

      ပြောမယ့်သာပြောနေတာပါ မဲကြီးတစ်ယောက် အခုမှ အဆင့်မှီဘလောဂ့်ဂါစစ်စစ် ဖြစ်ဖို့ကြိုးစားရရှာတာ။ ၀ါသနာပါတာ လုပ်သာလုပ်ပါ။ တို့တွေက ဂိုဏ်းတူတွေပဲ မလုပ်ဖူးတာ မကျန်ခဲ့စေနဲ့(တမျိုးတော့ အယူမတိမ်းနဲ့) :D

      ဒီပိုစ့်ဖတ်ရခြင်းအားဖြင့် မဲကြီးတစ်ယောက် ဒါ့ပုံတွေပြချင်တဲ့စိတ် မအောင့်နိုင် မအီးနိုင်ဖြစ်နေပုံထောက်တယ်။ ကဲပါလေ… ရှက်မနေပါနဲ့တော့။ ဒါ့ပုံတွေလည်း ဘလောဂ့်တစ်ခုလုပ်ပြီး တင်ပေတော့ ဆရာရေ :D

      လုပ်ချင်တာလုပ် အားပေးလျှက်…. :D

      Like or Dislike: Thumb up 0 Thumb down 0

    5. အကိုရေ….
      မန့် မယ်ဆိုမှဖြင့် ရှည်လျားထွေပြား ပြောချင်လွန်းလှတဲ့ စကားတွေ အစီအရီ ထွက်ကျ လာပါတယ်… (စကားလုံး စကားလုံး)
      ပြောချင်တာ လျှောက်ပြောတယ်ဆိုတဲ့ ဒီစာလေးမှာတင်ပဲ စာရေးသား မှု အနုပညာ မြောက်မှုကို တွေ့ ရပါတယ်။ ဒီစာကို ရေးထားတာ အကို ပေါ့ပေါ့ပါးပါးရေးထားမယ်ဆိုတာ သိနေပါတယ်။ ဒီလိုပေါ့ပေါ့ပါးပါးလေး ရေးထားတဲ့ စာတောင်မှ ဆွဲဆောင်မှုက ရှိနေပါတယ်။ ဒါဟာ ခင်မင်ရင်းနှီးမှုဆိုတဲ့ ပေတံတခုနဲ့  ရေးရေးရာ ကောင်းလိုက်တာလို့  ပြောတာမျိုး မဟုတ်ဘဲ အနုပညာ ရသ မြောက်မမြောက်ဆိုတဲ့ ပေတဲ့ တခုတည်းနဲ့ သာ တိုင်းတာလိုက်တာပါ။ စာပေလို့ အတိအကျ အမည်တပ်နိုင်တဲ့ စာတပုဒ်ဟာ စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို စွဲခေါ်သွားတတ်တာမျိုးပါ။ သွေးပူဆိုတဲ့ ခေါင်းစဉ်နဲ့  အညီ သွေးပူလေ့ကျင့်ခန်း ပြန်လုပ်တာလို့ ပဲ သတ်မှတ်ချင်ပေမဲ့ အရေးအသား ပိုင်နိုင်ပုံကို ချီးကျူးမိပါတယ်။ အကိုကမှ ကိုယ့်ကိုကိုယ် အနုပညာသမား မဟုတ်ပါဘူးလို့  ကြော်ငြာနေမယ်ဆိုရင် အနုပညာသမားပါလို့  ကြော်ငြာနေကြသူတော်တော်များများဟာ ရင်ထဲက အနုပညာ မဟုတ်ဘဲ လက်ချောင်းတွေထဲက အနုပညာပဲ ဖြစ်ပါလိမ့်မယ်။ သေချာတာတခုကတော့ အနုပညာဆိုတာ ရင်ထဲကလာရမယ်.. ပြီးတော့ ဦးနှောက်ကနေ စာလုံးတွေကို ဖန်တီးတတ်ရမယ်.. ဖန်တီးဖို့ လည်း ဘာသာစကားကို ပိုင်နိုင်ရမယ်.. ဘာသာစကားပိုင်နိုင်ဖို့ လည်း စာဖတ်အားကောင်းရမယ်.. စာဖတ်အား ကောင်းတယ်ဆိုရာမှာလည်း အဆင့်အတန်းမြင့်မားမနေတောင် အဆင့်အတန်းရှိတဲ့ စာပေမျိုးကို ဖတ်ရမယ်..

      “ဒီခေတ်ကြီးထဲမှာ တကယ်အရည်အချင်းရှိဖို့ထက်…။ အဓိကက လူအထင်ကြီးခံရဖို့ပဲ မဟုတ်လားဗျာ။”
      ဘယ်လိုလူမျိုး အထင်ကြီးဖို့ လဲ အကို… လူအထင်ကြီးခံချင်နေတဲ့ လူတွေရဲ့ အထင်ကြီးသယောင် ဟန်ဆောင်ပြမှုကို ရတာကတော့ ဟန်မကျလှပါဘူး.. အရည်အချင်းမရှိရင် တကယ်တမ်း အရည်အချင်း ချင်းယှဉ်တဲ့အခါ နောက်ကျန်ခဲ့ပါလိမ့်မယ်…. အထင်ကြီးခံရလည်း ခဏပေါ်ပင်ပါပဲ အကိုရေ.. အရည်အချင်းကြောင့်မဟုတ်တဲ့ အောင်မြင် မှုကိုဘယ်လိုမှ ကြာကြာထိန်းမထားနိုင်ပါဘူး… ထိန်းထားတာလို့ တော့ မပြောသင့်ပါဘူး.. အကြောင်းက တကယ်အောင်မြင်တာမျိုး မဟုတ်ဘဲ လူကြားထဲ ပေါ်လွင်လာတဲ့ သဘောလေးပါပဲ…

      ” အကိုလိုချင်တဲ့ အောင်မြင်မှုဟာ လူကြားထဲ ပေါ်လွင်မှုသက်သက်လေး မဟုတ်ဘူးဆိုတာ သိထားပါတယ်”

      ဆရာတွေ သိပ်များတာ မဟုတ်ပါဘူး.. ကျောင်းမပြီးသေးတဲ့ ကျောင်းသားတွေက စာပြန်သင်ပေးချင်နေတာမျိုးပါ….

      အကိုရေ…. အနုပညာ သမားမဟုတ်ဘူးလို့ ဆိုတဲ့ အတွက် အဲလိုပဲ ထားလိုက်ပါ.. ဒါပေမဲ့ တကယ် စာဖတ်လိုသူတွေကတော့ အဆင့်အတန်းရှိတဲ့ စာပေမျိုးကိုသာ ရွေးဖတ်လိုပါတယ် အကို… ညီမမှာ အကျင့်တခု ရှိတယ်.. ကြော်ငြာတွေ တအားကောင်းနေတဲ့ ပစ္စည်းမျိုးဆို မသုံးရဲတော့ဘူး.. ကြော်ငြာမှာ တအား အားထည့်နေတာက ကိုယ့်ပစ္စည်းကိုယ် ယုံကြည်မှု အားနည်းနေတယ် ထင်လို့ လေ…. အဲလို ကြော်ငြာနေတဲ့ ပစ္စည်းမျိုးကိုလည်း ဝေးဝေးရှောင်တယ်… အကိုသိမှာပါ.. ရန်ကုန်မှာ ပစ္စည်းအသစ်လေးတွေဆို ၀န်ထမ်းမလေးတွေက ကားနဲ့  လျှောက်လှည့် တယောက်ကို ဘယ်လောက်ကုန်အောင် ရောင်းရမယ်ဆိုပြီး သတ်မှတ်ထားပါ…. အရည်အချင်းပြည့်ပြီးသား ပစ္စည်းတွေကတော့ လိုက်ကြော်ငြာမနေတော့ဘူးလေ.. ဒီလိုပါပဲ….

      မဟုတ်တာတွေ လျှောက်ပေါနေတာတောင် ရေးသားတတ်ရင် အရသာ ရှိပါတယ်…

      ညီမငယ်

      Like or Dislike: Thumb up 0 Thumb down 0

    6. အနုပညာ ရသ မြောက်မမြောက်ဆိုတဲ့ ပေတံ လို့  ဆိုလိုတာပါ အကိုရေ…ပြင်ဖတ်လိုက်ပါနော့

      Like or Dislike: Thumb up 0 Thumb down 0

    7. ဆရာသမားရေ …………. မန့်သွားတယ်လို့ပါ :D

      Like or Dislike: Thumb up 0 Thumb down 0

    8. ရွှီ…။ ဖြောင်း…။ ဖြောင်း…။ ဖြောင်း…
      နောက်လဲ များများ ဆက်ပွားပါအုံး…
      ဒါနဲ့ စကားမစပ်…
      ဓါတ်ပုံတွေ တင်တဲ့ Link လေး သိပါရစေ…

      Like or Dislike: Thumb up 0 Thumb down 0

    9. စာတွေသိပ်ဖတ်ရလွန်းရင်လည်း ပေါင်ချိန်တက်တတ်တယ်ကြားတယ်။ မဟာဘွဲ့လည်းရရော ပေါင်၂၀၀ကျော်သွားပါဦးမယ် ။။

      ခုလိုပေါ့ပေါ့ပါးပါးလေးနဲ့ အမှန်တွေရေးသွားတဲ့စာက ဖတ်လို့ကောင်းတယ်။

      အမှတ်တယလာလည်သွားတဲ့..
      အနုပညာသမား wannabe မလေး :P

      Like or Dislike: Thumb up 0 Thumb down 0

    10. ဓာတ်ပုံတွေလည်းတင်ပါ။ စာတွေလည်းရေးပါ။ လုပ်ချင်တာလုပ်ပါ။ :P
      ဓာတ်ပုံအကြောင်း အစ်ကိုသိထားသလောက် ပြန်ရေးပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ :)

      Like or Dislike: Thumb up 0 Thumb down 0

    11. ကောင်းတာလုပ်သမျှ အားပေးနေမယ် လုပ်ချင်ရာသာလုပ် :)

      Like or Dislike: Thumb up 0 Thumb down 0

    12. ဘာတွေလုပ်နေလဲ???
      နှင်းလျှောစီးလိုက်၊ ဓာတ်ပုံလေးရိုက်လိုက်…

      ဘယ်တွေပျောက်နေလဲ???
      FB ရောက်နေတယ်….

      ဘယ်သူ့မှ မမေးပေမယ့်???
      FBမှာ နေ့တိုင်းတွေ့နေတာကိုး…:P

      Like or Dislike: Thumb up 0 Thumb down 0

    13. ကောင်းပါတယ် ကိုဘလက် ။ ပွားစိန် လုပ်ထားတယ် ဆိုပေမယ့် အဆက်ပြတ်နေတာကြာပြီ ။ Post အသစ်တွေ ဖတ်ချင်လှပြီ ဆိုတော့လည်း မျောက် အုန်းသီး ရတဲ့ ဇာတ်လမ်းပေမယ့် ဆွဲဆောင်မှု ရှိပြီးသားပါဗျာ … :D :D :D

      Like or Dislike: Thumb up 0 Thumb down 0

    14. အင်း……….အုန်းသီးနဲ့  ကစားရတာ ပျင်းပြီပေါ့လေ။

      Like or Dislike: Thumb up 0 Thumb down 0

    15. ကျနော်လည်း “ဖြောင်း…။ ဖြောင်း…။ ဖြောင်း…။” သွားတယ် ။ အနီရောင်စလုံးတွေကြိုက်တယ် ဟုတ်ပါ့ ကျနော်လို့ သုံးနေမိပြီးအခုတောင် ကျနော်ဆိုတာ ကျနော်မှဟုတ်ပါလေစ မောင်မျိုး ဆိုတဲ့ ငပိန်များဖြစ်နေမလားလို့…………………။

      Like or Dislike: Thumb up 0 Thumb down 0

    16. အင်း……….အုန်းသီးနဲ့  ကစားရတာ ပျင်းပြီပေါ့လေ။

      Like or Dislike: Thumb up 0 Thumb down 0

    17. ဓာတ်ပုံတွေလည်းတင်ပါ။ စာတွေလည်းရေးပါ။ လုပ်ချင်တာလုပ်ပါ။ :P
      ဓာတ်ပုံအကြောင်း အစ်ကိုသိထားသလောက် ပြန်ရေးပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ :)

      Like or Dislike: Thumb up 0 Thumb down 0

    18. ဆရာသမားရေ …………. မန့်သွားတယ်လို့ပါ :D

      Like or Dislike: Thumb up 0 Thumb down 0

    19. ရွှီ…။ ဖြောင်း…။ ဖြောင်း…။ ဖြောင်း…
      နောက်လဲ များများ ဆက်ပွားပါအုံး…
      ဒါနဲ့ စကားမစပ်…
      ဓါတ်ပုံတွေ တင်တဲ့ Link လေး သိပါရစေ…

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply