ဒုတိယကမ္ဘာ (သို့မဟုတ်) …
သက္ကရာဇ်အားဖြင့် AD 3000 ဘက်သို့ ချဉ်းနှင်း ၀င်ရောက်ခဲ့ပြီ ဖြစ်ပါတယ်…။
ကမ္ဘာ၏ ဗဟိုလည်မှတ်မှု စနစ်များ တိမ်းစောင်း လွဲမှားစပြုလာခြင်းမှအစ…။ သတ္တ၀ါ (အဓိက လူ) တို့၏ ခံယူချက်နှင့် အတွေးအခေါ်များ တရှိန်ထိုး ပြောင်းလဲလာခဲ့သည့်နောက် ကမ္ဘာတစ်ဝှမ်းတွင် ကြောက်မယ်ဖွယ်ရာ တော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေတော့သည်။
(မှတ်ချက်။ ။ အက်ဆေး နောက်ပိုင်းတွင် သတ္တ၀ါ ဆိုသောဝေါဟာရအစား လူ ဆိုသော ဝေါဟာရ ဖြင့်သာ ဆက်လက်ရေး သားသွားမည်ဖြစ်ပါသည်။ အကြောင်းမှာ ဤအက်ဆေးသည် လူ များကိုသာ ရည်ရွယ်ကာ ရေးသား ထားသောကြောင့် ဖြစ်ပါတယ်..။)
ထိုတော်လှန်ရေးကို ကမ္ဘာတစ်ဝှမ်းမှ “ဒုတိယကမ္ဘာတော်လှန်ရေး (သို့) သက်ရှိဝါဒ တော်လှန်ရေး” လို့ ခေါ်ဆို အသိအမှတ်ပြုခဲ့ကြပါတယ်…။
တော်လှန်ရေးပေါ်ပေါက်လာရခြင်း၏ အဓိကဇစ်မြစ်မှာ အကြောင်းအရာမှာ လူသားတို့၏ စကားလုံးနှင့် ဝေါဟာရများကို ဖောင်းပွစွာတီထွင်ခဲ့ကြ ခြင်း၊ သုံးစွဲ (သို့) သတ်မှတ်ခဲ့ကြခြင်းတို့ကြောင့် စတင်ခဲ့ပါတယ်..။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှ စစ်ပွဲများနှင့် တော်လှန်ရေးသမိုင်းများ ကို ပြန်လည် သုံးသပ်ကြမည်ဆိုပါက လူသားအချင်းချင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၊ တော်လှန်ရေးများသာ ဖြစ်ပေါ်ခဲ့ကြပါတယ်…။
ထိုအချိန်က ပေါ်ပေါက်ခဲ့ဖူးသော စာရေးဆရာများ၊ သိပံ္ပပညာရှင်များက လက်ရှိကျွန်တော်တို့ ရောက်ရှိနေသော သက္ကရာဇ်တွင် ဖြစ်ပေါ်လာနိုင်သော စစ်ပွဲများ၊ တော်လှန်ရေးများမှာ လူသားနှင့် အခြားကမ္ဘာမှ အန္တာရယ်များ၊ လူသားနှင့် စက်ယန္တာယားတို့၏ စစ်ပွဲများပင် ဖြစ်ပေါ်လာလိ့မ်မည်ဟု ကြိုတင်ခန့်မှန့်သုံးသပ်ခဲ့ကြပါတယ်..။ သို့သော် ထိုဟောကိန်းများသည် တစ်ကယ်တမ်းတွက် လုံးဝ မှားယွင်းခဲ့ပြီ ဖြစ်ပါတယ်..။ ထိုကဲ့သို့ မှားယွင်း သော ဟောကိန်းများ ထုတ်ခဲ့ရခြင်းအကြောင်းအရင်းမှာ ၎င်းတို့အနေဖြင့် လူသားတို့နှင့် အနီးကပ်ဆုံးတွင် ထာဝရတည်ရှိခဲ့သော သက်မဲ့အရာဝတ္ထု များအပေါ် မေ့လျော့နေခဲ့ ခြင်းကြောင့်ပင် ဖြစ်ပါတော့သည်…။
ရှေးဟောင်းအတွေးအခေါ် (လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်) များအရ သက်ရှိနှင့် သက်မဲ့များ၏ ကွဲပြားခြားနားမှုအပေါ် အမျိုးမျိုးခွဲခြား သတ်မှတ်ခဲ့ကြပါတယ်…။ သက်ရှိမှန်လျှင် အသက်ရှူရမည်။ သက်ရှိမှန်လျှင် ခံစားချက်ရှိရမည်။ သက်ရှိမှန်လျှင် အသိဥာဏ်ရှိရမည်။ စသည်ဖြင့် သတ်မှတ်ခဲ့ကြ ပါတယ်…။ ၎င်းတို့ ထိုကဲ့သို့ ခြေအငြိမ်မနေ လက်အငြိမ်မနေ ဝေါဟာရများနှင့် အဓိပ္ပါယ်သတ်မှတ် ချက်များကို ချခြင်တိုင်းချ၊ ထုတ်ခြင်တိုင်း ထုတ်ခဲ့ခြင်းများ၏ ရလာဒ်များအနေဖြင့် လက်ရှိ ကျွန်တော်တို့ ခေတ်မှ လူသားများ ယခုအခါ အလူးအလဲ ခံနေကြရပြီ ဖြစ်ပါတယ်..။
၂၉ ရာစုနှစ်မတိုင်မှီ အထိတည်ရှိခဲ့သော ထိုရှေးဟောင်းအတွေးအခေါ်ပညာရှင်များနှင့် အတွေးချော် ပညာရှင်များသည် ထိုကဲ့သို့မှားယွင်းသော အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ဟောကိန်းများကို ထုတ်ခဲ့ရုံသာမက လက်ရှိ ကျွန်တော်တို့ရင်ဆိုင်နေရသော “ဒုတိယကမ္ဘာတော်လှန်ရေး” ဖြစ်ပေါ်လာဖို့အတွက် အဓိက အစပျိုး မျိုးစေ့ချပေးခဲ့ကြသော သမိုင်းတရားခံများလည်း ဖြစ်ပါတယ်…။
အကြောင်းမှာ ၎င်းတို့သည် ထိုကဲ့သို့ မည်သည့်အရာများသည် သက်ရှိများဖြစ်သည်။ မည်သည့်အရာများသည် သတ်မဲ့များ ဖြစ်သည်ဟု ပညာရှင် များပီပီ ပြီးပြီးရော သတ်မှတ်ခဲ့ကြပြီးသည့်နောက်တွင်….။ ထိုသူတို့မှပင် တစ်ဖန် သက်မဲ့များသည် အသက်ရှူကြကြောင်း….။ သက်မဲ့များတွင် ခံစားချက်များရှိကြောင်း..။ သက်မဲ့ များတွင် အသိဥာဏ်များရှိကြောင်း စတင်ဖော်ထုတ်ကာ ပြသနာအား မီးစမွှေးခဲ့ကြခြင်း ဖြစ်ပါတယ်….။
ထိုရလဒ်များအဖြစ်…
နေရာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ သက်ရှိသက်မဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေး ဌာနကြီးရဲ့ အစည်းအဝေး ခန်းမအတွင်း ဖြစ်ပါတယ်…။ ခန်းမရဲ့ ဖွဲ့စည်းပုံမှာ ထိပ်ဆုံးနေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲ များထိုင်ရန်သတ်မှတ်ပေးထားသော စင်မြင့်နှင့် မိန့်ခွန်းပြောစင် ရှိပါတယ်..။ ကျန်တဲ့ ခန်းမတစ်ခုလုံးမှာ ရှိသည့် ခုံများကိုတော့ Column သုံးခု ပိုင်းခြားသတ်မှတ်ထားပါတယ်..။ လက်ဝဲဘက်အစွန်ဆုံးတွင် လူမဟုတ်သော သက်ရှိများ၏ ကိုယ်စားလှယ်များက နေရာယူကြပါတယ်..။ အလယ် Column တွင် လူသားများ၏ ကိုယ်စားလှယ်များမှ နေရာယူ ကြကာ။ လက်ယာအစွန်ဆုံးတွင်တော့ ယခင် သက်မဲ့များအဖြစ် သတ်မှတ်ခံခဲ့ရသော သက်မဲ့များ (၀ါ) သက်ရှိများ စာရင်းတွင် အကြုံးဝင်ဖို့အတွက် ကြိုးစားနေသော သက်မဲ့များမှ ရွေးချယ်စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့များက နေရာယူထားကြပါသည်။ (လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ပေါ်ပေါက်ခဲ့ဖူးသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏ အစည်းအဝေးခန်းမကို မျက်လုံးထဲ မြင်ကြည့်နိုင်ပါတယ်)
အစည်းအဝေးခန်းတစ်ခုလုံးကို အကြမ်းဖျဉ်းခွဲခြားကြည့်လိုက်ပါက…။ လောကတွင် (လူမပါ) သက်ရှိများ၊ သက်မဲ့များ များစွာရှိသည့်အနက်…။ ကျန်သော အဖွဲ့များမှ ကိုယ်စားလှယ်များမှာ ရာခိုင်နှုန်း ၆၆.၆၆ သာ အစည်း အဝေးတက်ရောက်ခွင့်ရရှိကာ လူလည် (အလယ် Column မှာထိုင်သောကြောင့် လူလည် လို့ခေါ်ခြင်း ဖြစ်ပါသည်။ “လူလယ်” နှင့် မမှားကြပါကုန်…။) များမှာမူ တစ်ကမ္ဘာလုံးရှိ သက်ရှိ၊ သက်မဲ့များအားလုံး၏ ၃၃.၃၃ ရာခိုင်နှုန်း စာ တက်ရောက်ခွင့်ရရှိနေခြင်းမှာမူ…။
မကြာခင်မှာပင် ခေါင်းဆောင်အသီးသီးတို့သည် ဆင်မြင့်ပေါ်တွင်နေရာယူကြကာ အစည်းအဝေးကို စတင်လိုက်ကြပါတယ်…။ ရှေးဦးစွာ သက်မဲ့ များအဖွဲ့မှ စတင်ကာ သူတို့အား သက်ရှိများအဖွဲ့အစည်းအတွင်း အဘယ့်ကြောင့် ထည့်သွင်းသတ်မှတ်ပေးသင့်ကြောင်းကို အချက်အလက်များဖြင့် စတင် အဆိုပြုကြပါတော့ တယ်…။
ရှေးဦးစွာ ကမ္ဘာ့သက်မဲ့များဆိုင်ရာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသော အပင်များဆိုင်ရာအဖွဲ့အစည်း ဥက္ကဌမှ စတင် အဆိုတင်သွင်းပါတယ်..။
“ကျွန်တော့်အနေနဲ့ ရှေးဦးစွာ ပြောကြားလိုတာကတော့ အခုလို အပင်များရဲ့ ကိုယ်စားလှယ်အနေနဲ့ သာမက ကမ္ဘာ့သက်မဲ့များအားလုံးရဲ့ ကိုယ်စားလှယ်အနေဖြင့် စကားပြောခွင့်ရတဲ့အတွက် ကမ္ဘာ့သက်မဲ့များ (သက်ရှိ သတ်မှတ်ခွင့်ရရေး တိုက်ပွဲဝင်သူများ) အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်..။”
ကိုယ်ကျွန်တော်တို့ဟာ အခုလို သက်ရှိများ (ယခုအချိန်အထိ သတ်မှတ်ထားသော) နှင့် အတိုက်အခံ ပြုလုပ်နေခြင်းမှာ ငြိမ်းချမ်းနေတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ပျက်စီးစေလိုခြင်းကြောင့် မဟုတ်ပါဘူး..။ ကျွန်တော်တို့အနေနဲ့ ရသင့်ရထိုက်တယ်လို့ ယုံကြည်ထားသော အခွင့်အရေး တစ်ရပ်အား တောင်းဆိုနေခြင်းသာ ဖြစ်ပါတယ်..။ ထိုကဲ့သို့သော အခွင့်အရေး (အထူးသဖြင့် လူသားများနှင့် တန်းတူ) ကို ရရှိသင့်ကြောင်းကို လည်း အခုလက်ရှိ အလည်လိုင်းမှာထိုင်နေကြသော လူသားများမှပင် ကျွန်တော်တို့၏ အတွေးအခေါ်များ အတွင်းသို့ ရိုက်သွင်းပေးခဲ့ကြခြင်း ဖြစ်ပါတယ်..။ ဥပမာအားဖြင့် သက်ရှိ၊ သက်မဲ့ပေါင်းများစွာ ဖွဲ့စည်းတည်ရှိသည့် ဒီကမ္ဘာမှာ အဘယ့်ကြောင့် ကိုယ်စားလှယ်တက်ရောက်ခွင့် ပမာဏ ဟာ တန်းတူညီမျှမှုမရှိပဲ လူများက ၃၃.၃၃ ရာခိုင်းနှုန်း နေရာယူရရှိပါသလဲ ဆိုတာမျိုးဖြစ်ပါတယ်..။”
ထိုခေါင်းဆောင်၏ စာသားတစ်ချက်အဆုံးတွင် ညာလက်အခြမ်းတွင် ထိုင်နေကြသော သက်မဲ့များဆိုင်ရာ ကိုယ်စားလှယ်များဘက်အခြမ်းမှ လက်ခုပ်သံများ တဖြောင်းဖြောင်းထွက်ပေါ်လာပြီး..။ ဘယ်ဘက်အခြမ်းတွင် ထိုင်နေသော သက်ရှိများအဖွဲ့ (လူမပါ) ကိုယ်စားလှယ်များကမူ လူလည်များထိုင်သော ဘက်သို့ နားမလည်နိုင်သော အကြည့်များ၊ အရေခွံနွာချင်သော အကြည့်များ စသည်ဖြင့် အနှုတ်သဘော ဆောင်သော အကြည့်များဖြင့် ဂုဏ်ပြုကြပါတော့တယ်…။
အပင်ခေါင်းဆောင်က “ ကျွန်တော် ဥပမာအနေနှင့် ဘာကြောင့်အပင်များအနေဖြင့် သက်ရှိအဖွဲ့အစည်းအတွင်း ပါဝင်သင့်ကြောင်းကို တင်ပြ ခွင့်ပြုပါ…။ လူသားများရဲ့ သတ်မှတ်ချက် ရှိပါတယ်..။ သက်ရှိမှန်ပါက အသက်ရှူ ရမည်။ မျိုးပွားခြင်း၊ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်း ရှိရမယ်လို့ အတိအကျ သတ်မှတ်ထားသော အဆိုရှိပါတယ်…။ လူသားများဆိုင်ရာ ဘာသာတရား အဆုံးအမနှင့် သတ်မှတ်ချက် များတွင်လည်း ထိုအဆိုကို တွေ့ရှိနိုင်ပါတယ်။ ကျွန်တော်တို့ သစ်ပင်များဟာ အသက်ရှူကြပါတယ်…။ ထို့အတူ ကျွန်တော်တို့မှာ မျိုးပွားခြင်း၊ မွေးဖွားခြင်း၊ ကြီးပြင်းခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်းများကိုလည်း သက်ရှိများနည်းတူ တည်ရှိနေပါတယ်။ ထို့ကြောင့် သက်ရှိများအားလုံး၏ ခေါင်းဆောင်ဟု လက်ရှိသတ်မှတ်ထားသည့် လူသားတို့၏ စံချိန်စံညွှန်းများဖြင့် ကိုက်ညီနေသောကြောင့် ကျွန်တော်တို့အပင်များအား သက်ရှိများ အဖြစ် အသိအမှတ်ပြုပေးသင့်ပါ တယ်..။”
“ထို့အတူ နောက်ထပ်ဥပမာတစ်ခုအနေဖြင့်..။ ရေများဆိုင်ရာ အဖွဲ့အစည်းကို ဥပမာပြခြင်ပါတယ်..။ လူသားများရဲ့ သက်ရှိ အဖြစ်သတ်မှတ်ရေး အတွက် နောက်ထပ် အဓိကကျတဲ့ အချက်တစ်ခုရှိပါတယ်..။ ဒါကတော့ သက်ရှိမှန်ရင် ခံစားတတ်ရမယ်၊ အသိဥာဏ်၊ မှတ်သားနိုင်မှုစွမ်းရည် ရှိရမယ်လို့ အတိအကျ ဖော်ပြထားပါတယ်..။ ရေ ကိုကြည့်ပါ..။ ထိုလူသားများ၏ သက်သေပြ ရှာဖွေဖော်ထုတ်မှုကြောင့်ပဲ ရေတွင် ခံစားမှု ရှိကြောင်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကပင် ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်…။ ထိုအချိန်ကပင် ရေသည် ခံစားနိုင်မှုအပြင် မှတ်သားနိုင်မှု စွမ်းရည်ရှိကြောင်းကိုလည်း ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်..။ တစ်ကယ်တမ်းဆို ရေရဲ့မှတ်သားနိုင်မှု စွမ်းရည်ဟာ နှစ်ပေါင်းထောင်နှင့် ချီကာ ထိမ်းသိမ်းမှတ်သားနိုင်စွမ်းရှိသောကြောင့် လူသားများထက်ပင် အစပေါင်းများစွာ ပိုပြီး အားသာနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ ရေအဖွဲ့အစည်း၊ အပင်အဖွဲ့စည်းကဲ့သို့ပင် အခြားသော သက်မဲ့များမှာလည်း သက်ရှိအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ခိုင်လုံသော အကြောင်း ပြချက်နှင့် အထောက်အထားများ များစွာ အတိအကျရှိနေပါတယ်..။ ဒါကြောင့် ကျွန်တော်တို့အား သက်ရှိများအဖြစ် သတ်မှတ်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား…။”
အပင်ခေါင်းဆောင်၏ မိန့်ခွန်းသံအဆုံးတွင် ခန်းမတစ်ခုလုံး လက်ခုပ်တီးသံများ၊ လက်ခေါက်မှတ်သံများ၊ မလိုလားသော ဟန်ပန်များ၊ တီးတိုး တိုင်ပင်သော အသံများဖြင့် ဖုံးလွှမ်းသွားပါတယ်..။
ထို့နောက် သဘာပတိမှနေ၍ ကိုယ်စားလှယ်များအားလုံးကို မေးမြန်းပါတယ် “ အပင်ခေါင်းဆောင်ကြီး တင်ပြ သွားတဲ့ အချက်ဟာ အမှန်တကယ်ကို ချက်ကြလက်ကြရှိပြီး ခိုင်မာတာကိုတွေ့ရပါတယ်..။ သဘာပတိများ အဖွဲ့မှလည်း သဘောတူပါတယ်..။ သို့သော် လုပ်ထုံးလုပ်နည်းအရ..။ အခု တင်ပြသွားသော အဆိုအပေါ် ကန့်ကွက်မည့်သူများ ရှိမရှိကိုတော့ မေးမြန်းရမှာဖြစ်ပါတယ်..။
“ပထမအကြိမ်မေးပါမယ်..။ ကန့်ကွက်မယ့်သူ ရှိပါသလား….။” ခန်းမတစ်ခုလုံးငြိမ်….။
“ဒုတိယအကြိမ်မေးပါမယ်..။ ကန့်ကွက်မယ့်သူ ရှိပါသလား….။” ဘာသံမှ မထွက်…။
“နောက်ဆုံးအကြိမ်…။ ကန့်ကွက်မယ့်သူ ရှိပါသလား…”
“၀ုန်း…”
“ရှိပါတယ်…။”
မျှော်လင့်ချက်များဖြင့် ပြုံးနေသော သက်မဲ့များဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ အားလုံးမျက်နှာပျက်သွားပါတယ်..။ အကြောင်းမှာ ထရပ်လိုက်သော သူမှာ သဘာပတိအဖွဲ့တွင် ပါဝင်နေသော စီရှေ အာဏာရှိသူ တစ်ယောက် ဖြစ်နေသောကြောင့်ပါ…။ သူတစ်ယောက် ကန့်ကွက်ရုံနဲ့ အားလုံးရဲ့ မျှော်လင့်ချက်များ တစ်စစီ စုတ်ပြတ် ပျက်စီးသွားတော့မှာဖြစ်ပါတယ်…။
သဘာပတိကြီးမှ..” ဟုတ်ကဲ့..။ ခင်ဗျားအနေနဲ့ ကန့်ကွက်တယ်ဆိုရင်ဖြင့် ဒီအတည်ပြုမှုတင်ပြချက်ဟာ ရှုံးနိမ့်သွားပါပြီ..။ ဒါပေမယ့် ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတဲ့အကြောင်းလေးကိုတော့ ကိုယ်စားလှယ်တော်ကြီးများအားလုံး အမြင်ရှင်းစေဖို့ ရှင်းပြပေးစေလိုပါတယ်..”
ထိုကန့်ကွက်သော စီရှည် အာဏာရှိသည့် ပုဂ္ဂိုလ်မှာ မိန့်ခွန်းပြောစင်ရှိရာသို့ ရူးသိုးသိုးဖြင့် ရောက်ရှိလာကာ အင်မတန်မှ တိုတောင်းပြီး ပြတ်သား လှသော ကန့်ကွက်ရသည့် အကြောင်းအရင်းအား အောက်ပါအတိုင်း ပြောကြားလိုက်ပါတော့သည်။
“ရှင်းပါတယ်…။ အခြားသက်မဲ့များအကြောင်းတော့ မပြောလိုတော့ပါ..။ ဒါပေမယ့် အထက်မှာ ဥပမာပေးသွားတဲ့ အပင်နှင့်ရေ တို့ကိုသာ သက်ရှိများအဖြစ် အသိအမှတ်ပြုလိုက်ပါက ကျွန်တော်ကဲ့သို့ သေတပန် သက်တစ်ဆုံး သက်သက်လွတ် စားပါတယ်လို့ ကြွေးကြော်ထားတဲ့ သူများအားလုံး စားစရာမရှိ၊ သောက်စရာ မရှိဖြစ်ကာ ငတ်ပြီး သေကုန်ကြမှာ စိုးလို့ပဲ ဖြစ်ပါတယ်…”
အစည်းအဝေးခန်းမ တစ်ခုလုံး ငြိမ်ကျသွားပါတယ်…။ ထိုညီလာခံသည်လည်း ၎င်းကန့်ကွက်မဲ တစ်ခုထဲဖြင့်ပင် ဇာတ်သိမ်းသွားပါတယ်…။ သို့သော် သက်မဲ့များအဖွဲ့မှ ထိုကဲ့သို့ အစည်းအဝေးများဖြင့် ငြိမ်းချမ်းစွာ အဖြေရှာ မရသည့်အဆုံး တိုက်ပွဲဝင်ရင် ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်…။
အပင်များသည် လူသားနှင့် သတ္တ၀ါတို့အား အာဟာရ မဖြစ်စေခြင်း၊ အဆိပ်အတောက်နှင့် ဥပါဒ်ဖြစ်စေခြင်း၊ စိမ်းလန်းမှုတို့အား ရုပ်သိမ်းခြင်း၊ ရှင်သန်ပေါက်ဖွားမှုတို့အား ထိန်းချုပ်ကန့်သတ်လိုက်ခြင်း စသည်တို့ဖြင့် စတင်တိုက်ခိုက်သောကြောင့် သစ်တောများပြုန်းတီးခြင်း၊ လူနှင့်သတ္တ၀ါ များ အဟာရချို့တဲ့ခြင်း၊ အပူအအေး လွန်ကဲမှုများ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတု ဟန်ချက်များ ပျက်စီးသွားခြင်း စသည်ဖြင့် တိုက်ပွဲအတွင်း အလူး အလိ့မ် ခံစားကြရပါတော့တယ်…။
ထို့အတူ ရေများဘက်မှလည်း ရေလွှမ်းမိုးမှုများဖြစ်စေခြင်း၊ မိုးများကို ပိုမိုခေါင်စေခြင်း၊ ရေရှားပါးသောနေရာ များတွင် ပိုမိုရှားပါးလိုက်စေခြင်း၊ ရေများဖြင့် လျှပ်စစ်ပေးမှုများကို ရပ်တန့်စေခြင်းအလို့ငှာ၊ ရေစီးကြောင်းများကို ပြောင်းလွှဲပြစ်ခြင်း၊ ရေများအတွင်း ရောဂါပိုးမွှားများကို ယခင်က ထက် ပိုမိုရှင်သန်နေထိုင်ခွင့်ပြုလိုက်ခြင်း စသည့် ထိုးစစ်များအပြင်းအထန် ဆင်နွဲပါတော့တယ်…။
အပင်နှင့်ရေတို့နည်းတူ အခြားသောသက်မဲ့များမှလည်း အပြင်းအထန် ၀ိုင်းဝန်းတိုက်စစ်ဆင်ကြသောကြောင့် အချိန်မကြာလိုက်ခင်မှာပဲ သက်မဲ့များအား အားကိုးနေထိုင်နေရသော ကမ္ဘာပေါ်ရှိ သက်ရှိများ (အထူးသဖြင့် လူများ) ၏ တောင်းဆိုမှုနှင့် သဘောတူညီမှုကြောင့် သက်ရှိများ ဆိုင်ရာ အဖွဲ့အစည်းမှတစ်ဆင့် အပင်နှင့်ရေအပါအ၀င် အချက်အလက်နှင့် တောင်းဆိုလာသော သက်မဲ့များအားလုံကို သက်ရှိများအဖြစ် အသိ အမှတ်ပြုပေးလိုက်ရပါတော့တယ်..။
သို့သော်….
မကြာခင်မှာပဲ ရေနှင့်အပင် အပါအ၀င် သက်ရှိအဖြစ်အသိအမှတ်အပြုခဲ့မှု ရရှိပြီးသော သက်မဲ့ တော်တော်များ များသည် သက်ရှိများအဖွဲ့အစည်းမှ နှုတ်ထွက်ကာ နဂိုသက်မဲ့များအဖွဲ့အစည်းသို့ ပြန်လည်ဝင်ရောက်သွားပါတော့တယ်…။ ၎င်းတို့ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းအကြောင်းအရင်းကိုတော့ ထုံးစံအတိုင်း သက်မဲ့များကိုယ်စားလှယ် အပင်များ ခေါင်းဆောင်ကြီးမှ အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်…။
“ကျွန်တော်တို့ ဘာကြောင့် သက်မဲ့အဖွဲ့အစည်းထဲကို ပြန်ဝင်သွားရလဲဆိုတော့…။ တကယ်တော့ သက်ရှိ..။ အင်းသက်ရှိဆိုတာထက်..။ အဓိက က လူပေါ့ဗျာ…။ လူတွေရဲ့ ဘာကြောင့် လူလို့ ခေါ်ရသလဲဆိုတဲ့ အနှစ်သာ ရနဲ့ အဓိပ္ပါယ်ကို တစ်ကယ် သိရှိသွားလို့ပဲ ဖြစ်ပါတယ်..။ တစ်ကယ်တော့ လူတစ်ယောက် ဖြစ်ဖို့ အသက်ရှူတတ်ဖို့လည်း မလိုပါဘူး..။ မျိုးပွားတာတွေ သေဆုံးတာတွေလည်း မလိုပါဘူး…။ အသိဥာဏ်တွေ၊ မှတ်ဥာဏ် တွေလည်းမလိုပါဘူး..။
လူတစ်ယောက်ဖြစ်ဖို့ မလိ့မ်တပါတ် လုပ်တတ်ဖို့ပဲ လိုပါတယ်။ မသိတာကို သိသလိုလို ဟန်ဆောင်တတ်ရပါမယ်။ မတတ်တာကို တတ်သလိုလို ဟန်ဆောင်တတ်ရပါမယ်..။ သူ့အတွက် လုပ်သလိုလိုနဲ့ ကိုယ့်အတွက် ကျန်အောင် လုပ်တတ်ရပါ့မယ်။ တကယ်တမ်းမှာတော့ သူတို့လူတွေ ကိုယ်တိုင်ကပင် သူတို့သတ်မှတ်ထားသလို လူလို့ အမည်ခံထားပြီး လုံးဝအသိဥာဏ်မရှိတဲ့ မည်ကာမတ္တ လူပေါင်းများစွာ ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ်…။ ဒါတွေအပြင်…။ ကျွန်တော်တို့အနေနဲ့ အခုလို မူလနေရာကို ပြန်သွားကြရခြင်း အကြောင်းကတော့ ကျွန်တော်တို့မှာရှိတဲ့ ကိုယ်ချင်း စာတရားနဲ့ ရိုးသားမှုတွေကို မစွန့်လွှတ်နိုင်လို့ပဲ ဖြစ်ပါတယ်”
“နောက်ဆုံး ကျွန်တော်မှာခဲ့ချင်တာကတော့…။ တစ်ကယ်လို့ ခင်ဗျားသာ တစ်ကယ့်လူတောထဲတိုးပြီး လူတန်းစေ့တဲ့ လူတစ်ယောက် ဖြစ်ချင်တယ် ဆိုရင်တော့ ခင်ဗျားမှာရှိတဲ့ ကိုယ်ချင်းစာတရားနဲ့ ရိုးသားမှုတွေ အားလုံးကို စွန့်ပြစ်ထားခဲ့ကြပါလို့…”
P.S- ပထမရေးနေတုန်းက အကြောင်းအရာတစ်ခုပါ ရေးနေရင်းလမ်းချော်သွားလို့ ချော်လက်စနှင့် မရေးတာကြာပြီ ဖြစ်သော ယခင်က ရေးခဲ့ဖူး သည့် ကျွန်တော်နှင့် တစ်နေ့တာ ၊ ခေတ်သစ်မင်းနန္ဒာ တို့လိုပုံစံမျိုး ပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပါသည်။ လမ်းချော်သွားလို့ မရေးဖြစ် လိုက်တဲ့ အကြောင်းအရာကိုတော့ နောက်မှပဲ ရေးသားဖော်ပြပါတော့မယ်။








တွေးခေါ်တင်ပြပုံ ရှုထောင့်ဂွတ်သကွာ။ နဂို Black စံချိန်အတိုင်းပဲ။ တစ်ပြားသားမှ မလျော့ဘူး။ ချော်သွားတဲ့ kick လေး ပြန်တည့်ပြီး ထပ်ဆွဲပါအုံး။
Like or Dislike:
0
0
အတွေးလေး လန်းတယ်
Like or Dislike:
0
0
လူတယောက်အဖြစ် လူတန်းစေ့ဖို့ အတွက် ကိုယ်ချင်းစာတရားနဲ့  ရိုးသားမှု ကို စွန့် ပစ်ရမယ်ဆိုတဲ့ စကားလေးက တော်တော် ထိတယ်.. မလှိမ့်တပါတ်လည်း လုပ်တတ်ရဦးမယ်တဲ့… သက်မဲ့များ ကိုယ်စားလှယ် ရဲ့ စကားကတော့ အမှန်ပါပဲ.. တကယ်ကို ထိထိ မိမိနဲ့  ပညာသား ပါပါတယ် အကိုရေ.. ဆက်လက်ရေးသားနိုင်ပါစေ….
Like or Dislike:
0
0
ဒီပိုစ်ဖတ်ရတာ ကြောက်စရာကြီးပဲ။ အင်းလေ…… ကျီးမောင်နှံတွေလိုပဲ ကိုယ့်သခင်ပေါ်လိုက်ပြီး အမူအကျင့်တွေ ပြောင်းလဲသွားတတ်ကြတာပဲ။ တစ်ချို့ ခေါင်းဆောင်နေရာတွေက တိုက်အားသတ်အားအောင်းမှ ရနိုင်တာကိုး
ဒါပေမယ့် ကိုယ်ချင်းစာ တရားမရှိပဲ ထိပ်ကွက်ပြီးမှ လူဖြစ်ရမယ် အောင်မြင်ရမယ်ဆိုရင်တော့ ကျွန်မ မအောင်မြင်ချင်တော့ဘူး။ လူတန်းစေ့နေနိုင်ဖို့ထက် လူသားဆန်စွာ အသက်ရှင်တတ်ဖို့ ကျွန်မပိုပြီး ကြိုးစားသွားချင်တယ်။
Like or Dislike:
0
0
စီရှည်တဲ့….. ခွိ…
ဒါနဲ့ဆင်မြင့်တော့ နည်းနည်းလွန်သွားပြီထင်တယ်….. ဖတ်ရတာ စာအရသာပေါ်အာရုံမထားနိုင်ဘဲ အဲဒီဟာတွေက လာလာထောက်နေတယ်..
Like or Dislike:
0
0
ထောက်ခံပါသည် ထောက်ခံပါသည်…
Like or Dislike:
0
0
လာဖတ်သွားပါတယ်ဗျာ။ တွေးအားရောရေးအားပါကောင်းတဲ့ သူပဲအစ်ကိုက။ စာကောင်းကောင်းတစ်ပုဒ်ဖတ်ပြီးတိုင်း ခံစားရတဲ့ ကျေနပ်မှု ခံစားရတယ်။ တကယ်။
Like or Dislike:
0
0
ko black,
အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ။ ကျမ mmgenius မှာ သမ္ဘူလ နာမည်နဲ့ စာရေးပါတယ်။ ဟိုတစ်လောက back up လုပ်ခိုင်းတာကို နားမလည်တာရယ်၊ ဘယ်လိုလုပ်ရမှန်းမသိတာရယ်ကြောင့် အခု ဘလော့က ဖွင့်လို့မရတော့ပါဘူး။ဖြစ်ချင်တော့ ရေးထားသမျှ စာတွေအားလုံးကလဲ ကွန်ပျူတာကို မတတ်တ တတ်နဲ့ လျှောက်ကလိလိုက်လို့ ဘာမှ copy မရှိတော့ဘူးဖြစ်နေလို့ပါ။ တစ်ချို့စာတွေက ကျမအတွက် ပြန်မရနိုင်တဲ့ မှတ်စုတွေ ဖြစ်နေလို့ ဘယ်လိုများ ကူညီနိုင်မလဲဆိုပြီး စာရေးလိုက်တာပါ။ ကို ဘလက်ရဲ့ ဆက်သွယ်ရမယ့် email address ကိုလည်းမသိတာရယ်၊ mmgenius မှာ ဘယ်နေရာမှာ လာအကြောင်းကြားရမယ်ဆိုတာကို မသိတာရယ်ကြောင့် အချိန်ကြာသွားရတာကို နားလည်ပေးပါ။ black dream အဲဒီလိပ်စာကို ပို့ပေးမယ့် mail delivery က မရောက်ဘူးတဲ့အ ကြောင်းပြန်ပါတယ်။ အဲဒါ ဘယ်လိုများ ပြန်လုပ်ရင် အဲဒီစာတွေရနိုင်လဲဆိုတာ ကူညီပေးနိုင်မလားလို့ပါ။ ကျမစီကို marvalous5@gmail.com နဲ့ ဆက်သွယ်နိုင်ပါတယ်။
လေးစားစွာဖြင့်
သမ္ဘူလ
Like or Dislike:
0
0
လန်းတယ်။ မျက်စိထဲ ကွက်၂ & ကွင်း၂ ကိုမြင်တာပဲ။ အတွေးကောင်းကောင်းတွေ နောက်ထပ် အများကြီး ထွက်ပါစေ။
Like or Dislike:
0
0
အတွေးလေး လန်းတယ်
Like or Dislike:
0
0
အတွေးလေး လန်းတယ်
Like or Dislike:
0
0