ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၁)
အမှာ…
အခု ကျွန်တော်ရေးမယ့် အကြောင်းအရာများဟာ လူငယ်များကို ကျွန်တော်သိစေခြင်တာ မြင်စေခြင် တာများ ဖြစ်သလို…။ လူငယ်ထဲက လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ကျွန်တော်လည်း သတိပေးတဲ့ သဘောများပါဝင်ပါတယ်…။ ဘိန်းစားခြင်းအတူတူ တလုံးပိုရှူတယ်ထင် ရင်လည်း ကျွန်တော် ဘာမှမပြောလိုပါဘူး…။
ခေတ်တွေ၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သတ်ပြီးရေးရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် တာဝန်ကြီး တာတော့အမှန်ပါပဲ..။ ဒါပေမယ့် ကျွန်တော် ရေးသမျှ အကြောင်းအရာ အားလုံးကို ကျွန်တော် တာဝန် အပြည့်အ၀ ယူပါတယ်..။ အခုလို အခြေအနေမျိုးမှာ ခေတ်တွေ ယဉ်ကျေးမှုတွေအကြောင်း ဆောင်းပါးတွေ၊ ဝေဖန်ရေးတွေ များစွာရေးသားနေကြတာကို ကျွန်တော် မြင်ခဲ့ဖူး၊ တွေ့ခဲ့ဖူးပေမယ့်..။ သူတို့ ပြောဆို ရေးသားနေတာတွေဟာ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေတယ်လို့ ကျွန်တော့် (ကိုယ်ပိုင်) အမြင်နဲ့ ယုံကြည်ပါတယ်…။
ဒါကြောင့် အတတ်နိုင်ဆုံး လူငယ်တွေရဲ့ ရင်ဘတ်ထဲကို တိုက်ရိုက်ထိနိုင်အောင် ကြိုးစားပြီး ဒီဆောင်းပါးရှည်ကို ကျွန်တော်ရေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်…။ ကျွန်တော်လည်း နောက် ၅ လ၊ ၆ လ နေရင် ပညာသင် ခရီးစဉ် ပြီးဆုံးလို့ ရွှေပြည်တော်ကို ပြန်တဲ့အခါ ဟိုမှာက ဆက်ရေးဖြစ်ဖို့ မရေး ဖြစ်ဖို့က မသေချာလေတော့..။ ကျွန်တော် မပြန်ခင်လေး ဒီ Blog ကို စလုပ်ကတည်းက ရေးခြင်ခဲ့တာ..။ ပြောခြင်ခဲ့တာတွေကို မကျန်ခဲ့ရလေအောင်…။ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်…။
ဒီဆောင်းပါးဟာ အခန်းဆက် ဆောင်းပါးရှည် ဖြစ်ပါလိ့မ်မယ်..။ ကျွန်တော် အဓိက ဆွေးနွေးသွားမယ့် အကြောင်းအရာတွေက လူငယ်နဲ့ ၀တ်စား ဆင်ယင်မှု၊ လူငယ်များနဲ့ လူနေမှု (သမီးရည်းစား ဆက်ဆံရေးများ အပါအ၀င်) ၊ လူငယ်နှင့် ပညာရေးတို့ ပါဝင်ပါလိ့မ်မယ်..။ ဒါတွေက ကျွန်တော် လောလောဆယ် စဉ်းစားမိထားတာတွေပါ..။ ထပ်ပေါ်လာရင် ထပ်ဖြည့်ရေးပါမယ်..။ ရေးချင်စိတ်ပျက် သွားရင် ဆက်ရေးမှာ မဟုတ်ပါဘူး…။
ဆောင်းပါးပါ အကြောင်းအရာများ၊ စကားလုံးများ၊ အသုံးအနှုံးများနဲ့ အချက်အလက်များဟာ တိုက်ရိုက်ရေးသားထားသော စကားလုံးများ ဖြစ်သောကြောင့် အနဲငယ် ကြမ်းတမ်းသော အသုံးအနှုန်းများ ပါဝင်မည်ဖြစ်ကြောင်း ကြိုက်တင် သတိပေးလိုပါတယ်…။
နိဒါန်း
ခေတ်…..။ ခေတ်မှီတယ်…။ ခင်ဗျားတို့လည်း ခေတ်မှီချင်ကြတယ်..။ ကျွန်တော်လည်း ခေတ်မှီချင်တယ်…။ အားလုံးခေတ်မှီချင်ကြတယ်….။ ဒါပေမယ့်….။
ခေတ်မှီတယ်ဆိုတာဘာလဲ….? ဘယ်လိုနေထိုင်မှ ခေတ်မှီမှာလဲ…? ဘယ်လိုပြောဆိုမှ ခေတ်မှီမှာလဲ? ဘယ်လို ၀တ်စားဆင်ယင်မှ ခေတ်မှီမှာလဲ….? ဘယ်လိုတွေ လုပ်ကိုင် ဖန်တီးပြနေမှ ခေတ်မှီမှာလဲ..? ကဲ….။ ကျွန်တော်တို့ ဘယ်လို သတ်မှတ်ကြမလဲ…?
ခေတ် ဆိုတာ ကာလ ပါ။ ခေတ်မှီတယ်ဆိုတော့ ကာလကို အမှီသဟဲ ပြုတယ်…။ ထင်ဟပ်စေတယ် လို့ ဆိုနိုင်ပါတယ်..။ လွယ်လွယ်ပြောာရရင်တော့ ခေတ်(ကာလ) နှင့်အညီ လိုက်လျောညီထွေစွာ နေထိုင် နိုင်ခြင်း၊ သို့မဟုတ် …။ နေထိုင်နိုင်မှုလို့ပဲ ခပ်ပါးပါး သတ်မှတ်လိုက်ကြရအောင်ဗျာ…။
ခေတ်မှီတယ်ဆိုတဲ့ စကားလုံးနဲ့ မတိမ်းမယိမ်း…။ တစ်ကယ်ဆို ဖွားတော်ဘက်လို့တောင် ပြောလို့ရပါတယ်…။ ပေါ်ပေါက်လာတဲ့ စကားလုံးတစ် လုံးကတော့ သရုပ်ပျက်ခြင်းပါပဲ….။ သရုပ်ပျက်ခြင်းဆိုတာ ဘာလဲ…? ဘယ်လိုအရာများ ပြုမူဆောင်ရွက်၊ ပြောဆိုနေထိုင်ခြင်းကို ခေတ်မှီတယ်လို့ ခေါ်ပြီး တော့…။ မည်သည့်အရာများ ပြုမူဆောင်ရွက်၊ ပြောဆိုနေထိုင်ခြင်းကို သရုပ်ပျက်တယ်လို့ ကျွန်တော် တို့ ခေါ်ဆို သတ်မှတ်ကြပါမလဲ…?
ခေတ်အကြောင်းပြောကြမယ်ဆိုရင်တော့…။ ကျွန်တော်တို့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး ဝေါဟာရ တစ်ခုကို ချန်လှပ်ထားလို့ ရမယ်မထင်ပါဘူး…။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းရဲ့ လက်ရှိ ရောက်ရှိနေတဲ့ ခေတ် (ကာလ) ဟာ သူတို့ ဖြတ်သန်းကျင်လည်ခဲ့တဲ့ ယဉ်ကျေးမှု သမိုင်း ကြောင်း၊ ယုံကြည်မှုနဲ့ နေသားကျမှု များအပေါ်မှာ တိုက်ရိုက်မူတည်နေတတ်ကြပါတယ်…။
ယဉ်ကျေးမှုသည် ကူးစက်မြန်သော ရောဂါပိုးမွှားတစ်ခုဆိုပါက…။ စတင်ကူးစက်သော နေရာဒေသနှင့် အကူးစက်ခံရသော နေရာဒေသ လူမျိုးတို့သည် ဖြတ်သန်းစီးဆင်းလာကြသော သမိုင်းကြောင်းနှင့် နောက်ခံအခြေအနေခြင်း မတိမ်းမယိမ်းဖြစ်နေပါက ဘာမှ ပြသနာမရှိနိုင် သော်လည်း..။ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ သမိုင်းကြောင်း စသည်ဖြင့် အစစအရာရာ ကွဲပြားခြားနားသော နေရာတစ်ခု (သို့) နိုင်ငံ တစ်ခု စတင် ကူးစက်ပျံ့နှံ့သော အခါတွင်မူ….။
ယဉ်ကျေးမှုတစ်ခုကို လက်ခံ ကျင့်သုံးနိုင်ဖို့…။ ထိုလက်ခံကျင့်သုံးမည့် နေရာဒေသနှင့် လူမှုပတ်ဝန်း ကျင်သည် ထိုယဉ်ကျေးမှု၏ ဒဏ်ကို လက်ခံနိုင်သော အနေအထားနှင့် မိမိယဉ်ကျေးမှုနှင့် လိုက်ဖက်ညီထွေစွာ အသွင်ပြောင်းလဲနိုင်မှုအင်အား ရှိရပါမယ်..။ ထိုကဲ့သို့ လိုက်ဖက်ညီ ထွေစွာ အသွင်မပြာင်းလဲနိုင်သည့် အခါတွင်…။ လူမျိုးစုတစ်ခု…။ သို့…။ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုဟာ စတင် အတိုက်စားခံရပါတော့တယ်…။
ရှေးလူကြီးတွေ ဆိုဆုံးမခဲ့တဲ့ စကားတစ်ခုရှိပါတယ်…။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါ ပျောက်လိမ့် မည်တဲ့….။ တကယ်တော့ ယဉ်ကျေးမှု ရေစီး ကြောင်းဆိုတာကို ကျွန်တော်တို့ ဘယ်လိုမှ တားဆီး ဟန့်တားလို့ရတဲ့အမျိုး မဟုတ်ပါဘူး..။ ယဉ်ကျေးမှု ရေစီးကြောင်းကြောင့် လူမျိုးဆိုတဲ့ ကမ်းပါး မပြိုရလေအောင်..။ မှန်ကန် ဖြောင့်မတ်တဲ့ ရေစီးကြောင်းတစ်ခုဖြစ်ဖို့ ကျွန်တော်တို့ ၀ိုင်းဝန်း ဆောင်ရွက် ကြိုးစားပေးလို့ပဲ ရပါလိ့မ်မယ်။
ကဲ ဒီလိုဆို ကျွန်တော်တို့တွေ ဘာတွေလုပ်ဖို့လိုအပ်နေပြီလဲ…? ဘာတွေ မှားယွင်းနေပြီလဲ…? ဘယ်လို ပြင်ဆင်ကြမလဲ…? ဘာဆက်လုပ်ကြ မလဲ…? ရှင်းပါတယ်…။ ဘာမှ ထွေထွေထူးထူးတွေ ကြီးကြီးကျယ်ကျယ်တွေ မစဉ်းစားခင် ကျွန်တော်တို့ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး အရာတစ် ခုကို ပဲ အရင်ဆုံးလုပ်ဖို့လိုပါတယ်…။ အဲ့ဒါကတော့….
အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လက်ခံ၊ နားလည်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်…။ လောကမှာ အမှန်တရား ဆိုတဲ့အမျိုးဟာ အမြဲတမ်း ခါးတတ်ကြစမြဲဆိုတာကိုတော့ ကျွန်တော်တို့အားလုံး လက်ခံထား နိုင်ဖို့လိုပါလိ့မ်မယ်…။
ကမ္ဘာတစ်ဝှမ်းတွင် ယဉ်ကျေးမှု တစ်ခုကို အဓိက စတင် ပြောင်းလဲ၊ ဖန်တီးသောသူများ၊ ဖန်တီးမှုများ မှာ ထိုနိုင်ငံအတွင်းရှိ အသက် ၆၀ ကျော် ၇၀ သက်ကြားအိုများ…။ ၄၀ ကျော် ၅၀ လူကြီးပိုင်းများ မဟုတ်ကြပါဘူး…။ အတုမြင်ရင် အတတ်သင်ခြင်သော..။ အရာရာကို စူးစမ်းဆင်ခြင်လိုသော..။ သို့မဟုတ်..။ လက်တဲ့စမ်းလိုသော…။ လူငယ်များသာဖြစ်ကြပါတယ်…။ ကျွန်တော်သည်လည်း လူငယ်တစ်ယောက် ဖြစ်သောကြောင့် ထိုအမျိုးအစားထဲတွင် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င် ပဲ ဖြစ်ပါတယ်…။
ဒီတော့ ကျွန်တော်တို့ ခေတ်နဲ့ ယဉ်ကျေးမှုကို သုံးသပ်ကြမယ်ဆိုရင် အဲ့ဒီ့ လူငယ်တွေကပဲ စတင်ကြ ရမှာ ဖြစ်ပါတယ်…။
လူငယ်များနှင့် Life Style
ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေရဲ့ လူနေမှု၊ သမီးရည်းစားထားမှု အခြေအနေတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် စတင် သုံးသပ်လိုပါတယ်..။
ယခု ကျွန်တော်တို့ နိုင်ငံမှာ သမီးရည်းစား ရှာကြတဲ့နေရမှာ…။ အခြေခံအားဖြင့် နှစ်ပိုင်း သိသိသာသာ မြင်နိုင်ပါတယ်..။ အပျော်တွဲခြင်းနဲ့ အတည်တွဲခြင်း ဆိုပြီး ဖြစ်ပါတယ်..။ သီးသန့်ထပ်ရှင်းနေဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်…။ ကဲ…။ ကျွန်တော်တို့ ဒီမှာ ဒီလို Relation တွေရှိလာခြင်းအတွက် ဘာတွေက ကောင်းကျိုးတွေဖြစ်လာသလဲ…။ ဘာတွေက ဆိုးကျိုးတွေ ဖြစ်လာသလဲ..။ ဘယ်လိုတွေ လွဲမှားနေကြသလဲ…?
အရင်ဆုံး မိန်းကလေးတွေ အတွက် စပြောချင်ပါတယ်…။ Lady First လို့ အဆိုရှိတယ်မလား..? မိန်းကလေး (အထူးသဖြင့် မြန်မာမိန်းကလေး) တွေအတွက်တော့ အပျော်ရည်းစားထားခြင်းဆိုတာ သာမန်အားဖြင့် ကြားလိုက်ရရင် မယုံကြည်နိုင်စရာ တစ်ခုလိုပါပဲ..။ ဒါပေမယ့် ဒါတွေဟာ တကယ် လက်တွေ့ ဖြစ်ပျက်နေပါပြီ..။ ယခင့် ယခင်များက အပျော်ရည်းစားထားတယ်..။ မျက်နှာများတယ်ဆိုတာ ယောကျာ်းလေးတွေရဲ့ အကျင့်စရိုက်တစ်ခုပါ…။ အခုတော့ ယောကျာ်းနဲ့ မိန်းမ တန်းတူညီ ရင်ဘာင်တန်းနေတဲ့ ခေတ်မှာ မိန်းကလေးများကလည်း အားကျမခံ ယောကျာ်လေးများနဲ့ အတူ ရင်ဘောင် တန်းလာကြပြီ ဖြစ်ပါတယ်…။ ဒီလို ရင်ဘောင်တန်းလာတော့ ဘာဖြစ်သလဲ…?
နှလုံးသားနဲ့ ဦးနှောက်ကို အလေးအနက်ထား ချင့်ချိန်ပြီး ဘ၀အတွက် လက်တွဲဖော် အတည်တကျ ရွေးချယ်ကြတဲ့ အမျိုးကောင်းသားနဲ့ အမျိုးကောင်း သမီးများ အကြောင်းကိုတော့ ကျွန်တော်အကျယ်တ၀င့် မဆွေးနွေးတော့ပါ…။ အပျော်တွဲတာပါဆိုသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးလေး များအကြောင်းသာ ဆက်လက်ဆွေးနွေးသွားပါမယ်..။
မိန်းကလေးတစ်ယောက်အနေနဲ့ ယောကျာ်းလေးတစ်ယောက်ကို ဘယ်လိုသောအချက်တွေနဲ့ ကိုက်ညီရင် အပျော်တွဲကြပါသလဲ….? ထိုကောင် လေးသည် ယောက်ျားကောင်းပီသဖို့ မလိုပါ..။ ကိုယ်ပိုင်အရည်အခြင်း ရှိဖို့မလိုပါ..။ သက်ဆိုင်ရာ နေရာဒေသ (ကျောင်း၊ သင်တန်း) စသည်တို့တွင် ထင်ပေါ်သော နာမည်ကြီးသောသူများ၊ ရုပ်ရည် (မိန်းမချော) ချောမောသူ များ၊ မိသားစု နောက်ခံအင်အား တောင့်တင်းသည်ဟု ယူဆရသူများ၊ ၀တ်ပုံစားပုံ ခေတ်အခေါ် လန်း သူများ..။ ဟုတ်တာ မဟုတ်တာ အပထား..။ တော်ကီ ညက်သူများကို စိတ်ဝင်စားတတ်ကြပါတယ်..။ အပျော်တွဲ (တွဲကြည့်ချင်ကြပါတယ်..။ သူတို့ရဲ့ ယျေဘူယ ခံယူချက်အရ နာမည်ကြီးချင်လို့..။ လူအကြည့်ခံချင်လို့ ဖြစ်ကြပါတယ်..။ မိန်းကလေးများမှ မဟုတ်ပါ ယောက်ျားလေးများလည်း ထိုနည်းတူပဲ ဖြစ်ပါတယ်)
ထိုကဲ့သို့သော ကောင်လေးတစ်ယောက်နဲ့ ညပ်သွားပြီဆိုပါက…။ နှစ်ယောက်ထဲ ဖြစ်စေ..။ သူငယ်ချင်း တပြုံတမကြီးနှင့် ဖြစ်စေ..။ သွားမယ်..။ လာမယ်..။ စားမယ်..။ သောက်မယ်…။ ပျော်မယ်..။ ပါးမယ်..။ ကဲမယ်..။ ရွဲမယ်..။ ပြဲကြပါမယ်…။ ကောင်းပြီ…။ ဘာလိုတွေကဲကြသလဲ..?
ရှေးဦးစွာ လက်ရှိပြသနေတဲ့ ကိုရီးယားကားများရဲ့ အကျိုးကျေးဇူးကြောင့် ရည်းစားရပြီဆိုတာနဲ့ လူတန်းစေ့ရလေအောင် အနဲဆုံး K-TV ကိုစသွားကြပါတယ်..။ ကျွန်တော်တို့ အရင်လူကြီးများတုန်း ကတော့ ရည်းစားဖြစ်ပြီဆိုရင် အရင်ဆုံး ဘုရားသွား၊ ဆုတောင်း ဘာညာ သာရကာ လုပ်ကြပါတယ်။ အခုကတော့ ပထမအဆင့်အနေဖြင့် ဘယ် K-TV ချောင်ကြသလဲ..။ ဘယ် Café Shop က အခန်းပါသလဲ အရင်ရွေးပြီး လစ်ကြပါတယ်..။ ဒါက ပထမအဆင့်ပါ..။ နှစ်ယောက်ထဲဆိုပါက နှစ်ယောက်ထဲနဲ့တူအောင် နေထိုင်ပါတယ်..။ အဖေါ်အပေါင်းများနှင့်ဆိုပါက ကိုရီးယားကားများထဲက အတိုင်း သောက်ကြ စားကြပါတယ်..။ ဒီခေတ်မှာ မိန်းကလေးများ အဲ့လို သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ Beer သောက်တာလောက်ကို အိမ်မှ ကိုရီးယား မေမေ များမှလည်း ကောင်းမွန် ခေတ်မှီစွာ လက်ခံ နားလည်ပေးတတ်နေပြီ ဖြစ်ပါတယ်..။
K-TV ဆိုတာ Karaokae Launge ကို အတိုကောက်ခေါ်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် (၁၉၉၉-၂၀၀၀) ၀န်းကျင်က K-TV ဆိုသောနေရာများမှာ ကျွန်တော်တို့ Father ကြီးတွေလို ဘူတားကြီးတွေ..။ Business Men တွေ ညဘက်သွားအပန်းဖြေကြ..။ ကဲကြ..။ ကောင်မလေးတွေ ဘေးမှာ ထားပြီး သီချင်းဆိုကြ…။ မူးကြ..။ ရူးကြတဲ့ နေရာပါ..။ ဘယ်လူငယ်မှ မသွား ကြပါဘူး..။ လူကြီးတွေရဲ့ အမြင်နဲ့ ခွင့်ပြုမှုအနေအထားမှာလဲ K-TV ဆိုတာကို Night Club နဲ့တန်းတူ မသွားသင့်တဲ့ နေရာတစ်ခုလို့လဲ အကြမ်းဖျဉ်းသတ်မှတ်ခဲ့ကြပါတယ်..။ ဒါပေမယ့် အခုက ခေတ်တွေပြောင်းသွားပါပြီ..။ အမေတွေကလည်း ကိုရီးယားကားတွေ လွှတ်ကြည့် ကိုရီးယား စတိုင်တွေ ၀င်နေတော့ ကိုယ့်သမီးကို သူ့ရည်းစားက K-TV ခေါ်သွားရင်ပဲ အရင်က သမီးရည်းစား နှစ်ယောက် ဘက္ဘရည် ဆိုင်မှာ ချိန်းတွေ့တာလောက်တောင် ရေးကြီးခွင်ကျယ်မလုပ်ကြ တော့ပါဘူး..။
ဖြစ်နိုင်ပါတယ်..။ လဘ္ဘရည်ဆိုင်မှာတွေ့ရင် လူမြင်တော့ မိသားစုရော သမီးရော သိက္ခာကျနိုင်ပါတယ်..။ အခုက K-TV တို့…။ အခန်းနဲ့ Coffee ဆိုင်တို့ဆိုတော့ သမီးချောလေး အလိမ္မာလေးကို ဘယ်သူမှလည်းမတွေ့တော့ တဲ့သကာလ သိက္ခာမကျရ မျက်နှာမပျက်ရတော့ပါဘူး..။ ဒါကြောင့် ဖြစ် နိုင်ပါတယ်..။ ဒီ့ထက် လုံခြုံ စိတ်ချရတဲ့ နေရာအကြောင်း ထပ်လာပါမယ်..။
လက်ရှိခေတ် လူငယ်တွေ အနေအထားအရလည်း K-TV ဆိုတာကို လုံးဝ Don’t Care ပါပဲ..။ ကျွန်တော်ပဲ ခေတ်မမှီတော့လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..။ ကျွန်တော် အထက်မှာ ရေးခဲ့သလို ကျွန်တော့် Father ကြီးနဲ့ သူ့အပေါင်းအပါများသွားကဲ ကြတဲ့နေရာမျိုးမဟုတ်တော့ပဲ မိသားစုတွေ လာရောက် အပန်းဖြေလို့ရတဲ့ (M3 လို) K-TV မျိုးတွေ ဖွင့်ထားပေးရင်တော့ ကျွန်တော်လည်း မသိတော့ဘူးပေါ့ဗျာ..။ သေချာတာကတော့ ဘယ်သမီးရည်းစားအတွဲကမှ လင်းလင်းထင်းထင်း၊ လူမြင်သူမြင် အဲ့လို K-TV မျိုး Café များကို မသွားကြပါဘူး…။
မိန်းကလေးတွေ ကိုယ်တိုင်ကလိုက်မှ..။ အချို့ဆို ယောကျာ်လေးက ဘယ်သွားမလဲ မေးရင် သူတို့ကတာင် အဲ့ဒီ့ကိုသွားဖို့ စပြောတဲ့ အနေ အထားတွေ ရှိပါတယ်..။ မယုံမရှိပါနဲ့..။ အဲ့လို မိန်းကလေး တွေက Don’t Care လုပ်မှတော့ အမောင် သကောင့်သားကလဲ အကြိုက်ပေါ့ဗျာ..။ ခေါ်လေသတည်း ပေါ့..။ အဲ့လိုမျိုးတွေက မင်းတို့လို ရေပေါ်စီပတ်ဝန်းကျင် ပျက်စီးနေတဲ့ လူတွေမှာပဲ ရှိတာပါကွာလို့ ပြောရင်လည်း ကျွန်တော် ဘာမှ ပြန်မပြောလိုပါ..။ ရှိစေ…။
ဒီလိုနဲ့ အချိန်တွေ ကြာလာမယ် (အချိန်ကြာတယ်ဆိုတာ ၃ နှစ် ၃ မိုး ကို ပြောတာမဟုတ်ပါဘူး..။ လွန်ရော ကျွံရော တစ်ပတ်မှ တစ်လပေါ့) ရင်းနှီး မှုနဲ့ ရဲတင်းမှုတွေရှိလာတဲ့အခါ..။ ဒီ့ထက်ပိုပြီး လုံခြုံ စိတ်ချရတဲ့၊ အများသူငှာ မမြင်နိုင်တဲ့အတွက် မိသားစုဂုဏ်သိက္ခာကို ပိုမိုကာကွယ်ရာရောက်တဲ့ နေရာ များကို ဒုတိယအဆင့် (နောက်ဆုံးအဆင့်လည်း ဖြစ်နိုင်ပါတယ်) နေရာများကိုသွားကြပါတယ်..။
ဟော်တယ်များ..။ တည်းခိုခန်းများ ဖြစ်ပါတယ်…။
ဟော်တယ်တွေ၊ တည်းခိုခန်းတွေ သွားတယ်လား..? သူတို့တွေ ဈေးကြီး တဲ့အစားအသောက်တွေ သွားစားကြတာလားလို့ မေးလာရင်တော့…။ ကျွန်တော်လည်း မဖြေတတ်ပါ..။
ကျွန်တော်ပြောချင်တာက အဲ့လို သွားကြတဲ့အကြောင်း မဟုတ်ပါဘူး..။ အဲ့လို သွားကြခြင်းရဲ့ ရည်ရွယ်ချက်..။ နှစ်ဦးနှစ်ဘက် ကြားမှာ ထားရှိတဲ့ ခံယူချက် ကို ပြောချင်တာပါ….။ ယောကျာ်လေးက ဘယ်လိုရည်ရွယ်ချက်နဲ့ ခေါ်သွားသလဲ…? ကောင်မလေးကရော ဘယ်လိုနားလည်မှု..။ ဘယ် လို ခံယူမှု..။ ဘယ်လို ဆုံးဖြတ်ချက် နားလည်မှု…။ ဘယ်လိုတွေးခေါ်မှုတွေနဲ့ လိုက်သွားပါသလဲ…?
ကျွန်တော်လက်ရှိ ဥရောပနိုင်ငံမှာ ပညာသင်ကြားနေပါတယ်..။ မနှစ်က နွေရာသီမှာ ကျွန်တော် ခရီးထွက်တာ အားလုံးသိကြမှာပါ…။ အဲ့ဒီ့မှာ ကျွန်တော်တွေ့ခဲ့တာလေး တစ်ခုကို အခု ဒီဆောင်းပါးနဲ့ တိုက်ဆိုင်လို့ ဖော်ပြပါရစေ..။
ကျွန်တော့်ဆရာမမှာ..။ သူ့သမီးနဲ့ ရွယ်တူ တူမရှိပါတယ်..။ သူ့သမီးနဲ့ဆို တ၀မ်းကွဲပေါ့…။ ဆရာမ သမီးနဲ့ သူတို့က သူငယ်ချင်းအဖွဲ့တွေပါ..။ အဲ့ဒီ့ ဆရာမရဲ့ တူမမှာ ချစ်သူရှိပါတယ်…။ အဲ့ဒီ့ကောင်မ လေးနဲ့ ကောင်လေးဟာ Living Together ပါ..။ လာပါပြီ Living Together..။ အပေါ်မှာ ကျွန်တော် ပွားခဲ့တာတွေ အားလုံးဟာ အဲ့ဒီ့ Living Together ကို ရှင်းခြင်လို့ပါ…။
ဆိုတော့..။ သူတို့နှစ်ယောက်က တိုက်ခန်းတစ်ခုမှာ အတူတူနေကြပါတယ်..။ နှစ်ဘက် မိသားစု အသိုင်းအ၀ိုင်းကလည်းသိပါတယ်…။ အားလို့..။ ယားလို့..။ ချမ်းသာလို့ တိုက်ခန်းမှာ သွားကဲနေ ကြတာမဟုတ်ပါဘူး…။ အဲ့ဒီ့တိုက်ခန်းလေးဟာ သူတို့နှစ်ယောက်အတူကြိုးစားပြီး အရစ်ကြစနစ်နဲ့ ၀ယ်နေကြတာပါ..။ ပိုက်ဆံအကုန်မပေးရသေးပေမယ့် အကြွေးစနစ်အရ နေလို့ရပါတယ်..။ ကျွန်တော် ပြောချင်တာက အကြွေးစနစ်အကြောင်း မဟုတ်ပါဘူး..။ အဲ့ဒီတိုက်ခန်းကို သူတို့ နှစ်ယောက် အတူတူ အလုပ်လုပ် ပိုက်ဆံစု..။ တဖြေးဖြေးချင်းထည့်ပြီး ၀ယ်ဖို့ ကြိုးစားနေကြတာပါ..။ (ကျွန်တော်တို့ စီမှာ အဲ့လိုအကြွေးစနစ်မရှိလို့ သူတို့လို မကြိုးစားနိုင်တာပါ လို့ပြောလာရင်လည်း ခံပေတော့ မောင် Black ရေ ပါပဲ) သူတို့နှစ်ယောက် ပိုက်ဆံနဲ့ ၀ယ်ထားတဲ့ ကားလေးတစ်စင်းလဲ ရှိပါတယ်..။ မာစီဒီးတော့ ဘယ် ဟုတ်ပါ့မလဲပေါ့ဗျာ..။ ဒီလိုပဲ အသင့်အတင့် သွားလို့ လာလို့ရတဲ့ ကားလေးပါ…။ အဲ့လိုပဲ နှစ်ယာက်စလုံးက အလုပ်နှစ်ခုစီ လုပ်ကြပါတယ်..။ ကောင်လေးက ဘဏ်မှာ အလုပ်လုပ်ပါတယ်။ ကောင်မလေးက Company တစ်ခုမှာ အလုပ်လုပ်ပါတယ်..။ အဲ့ဒီ့အပြင် သူတို့နှစ်ယောက်ပေါင်းပြီး အလှကုန်ပစည်းတွေရောင်းတဲ့ ဆိုင်လေး ဖွင့်ထားပါတယ်..။ (သူတို့ ဆိုင်ပြောင်းတာနဲ့တိုးလို့ ကျွန်တော်တောင် မုန့်ဟင်းခါး ၀င်စားခဲ့ရပါသေးတယ်) အလုပ်ချိန်တွေကို ညှိထားပါတယ် ကောင်လေး ဘဏ်သွားရတဲ့အချိန်မှာ ကောင်မလေးက အလုပ်ချိန်မရှိတဲ့အတွက် ဆိုင်ထိုင်ပါတယ်။ ကောင်မလေး အလုပ်သွားတဲ့အချိန်မှာ ကောင်လေး ဘဏ်သွားစရာ မလိုတဲ့အတွက် ဆိုင်ထိုင်ပါတယ်..။ ဒီလိုနေလာကြတာ သူတို့ ၃ နှစ်ကျော်ပါပြီ..။ အခုထိ မင်္ဂလာမဆောင် ရသေးပါဘူး..။ ဒီနှစ် ကုန်မှာ ဆောင်ကြပါလိ့မ်မယ်…။ ( ဒီနေရာမှာ ကိုယ်ဝန်ကာကွယ်ခြင်း အကြောင်း သင့်တော်တဲ့ နေရာ ဆက်လက် ဖော်ပြပါမည်။ ဘာကြောင့်လဲဆိုတော့ သူတို့ ၃ နှစ်လောက်အတူနေတာ ဘာပြသနာမှ မရှိပဲ..။ ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်သစ်များမှာတော့ ကိုယ့်ပြသနာ ကိုယ်မရှင်းနိုင်တဲ့ အခြေ အနေတွေက ကြားလို့ မကောင်းလောက်အောင် ဖြစ်နေကြပါတယ်…။ )
ဒါဟာ ဘာလဲဆိုတော့ Living Together ရဲ့ အနှစ်သာရပါ..။ Make Love (Sex) လုပ်ဖို့ တစ်ခုထဲ အတွက် မဟုတ်ပဲ နှစ်ဦးပေါင်းပြီး ဘ၀အတွက် ကြိုစားကြတာပါ..။ သူတို့ မင်္ဂလာဆောင်တဲ့အခါကြရင် သူတို့နှစ်ဦးစလုံးဟာ ကိုယ်ပိုင်အိမ်နဲ့ ကားနဲ့ အလုပ်နဲ့ အားလုံး အဆင်သင့်ဖြစ်သွားပါပြီ။ ကျွန်တော်တို့နိုင်ငံက လူငယ် (တော်တော်များများ) တွေလိုမျိုး အမျိုးသားဘက်က တိုက်တွေ၊ ခြံတွေလက်ဖွဲ့..။ အမျိုးသမီးဘက်က ကားတွေ လက်ဝတ်ရတနာတွေ လက်ဖွဲ့တာမျိုးကို မမျှော်ကိုး ကြပါဘူး..။ ကိုယ့်အားပဲ ကိုယ်ကိုးကြပါတယ်..။ ဒီလို ကြိုးစားနေတဲ့ နှစ်အပိုင်းအခြားအတွင်း မှာလည်း ချစ်တာက ချစ်တာ တစ်ပိုင်း…။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထား၊ စရိုက် စတာတွေကို ညှိယူကြ..။ ပြင်ကြ ဆင်ကြနဲ့..။ ဘ၀အတွက် ဒီလို ပြင်ဆင်ကြပါတယ်…။
ကျွန်တော်တို့ ရွှေပြည်ကြီးက Living Together တွေကရော ဘယ်လို ရည်ရွယ်ချက်တွေ၊ Plan တွေ ချထားကြပါလိ့မ်?
အားကျလို့ အတုယူတယ်ဆိုရင်လည်း အကုန်ယူကြပါလို့ ကျွန်တော်ပြောချင်ပါတယ်..။ ကိုယ်လိုချင် တာလေး ဖြတ်မယူကြပါနဲ့…။ အတူနေပြီး Make Love လုပ်တာကြတော့ အတုယူတယ်..။ သူများတွေ ဘယ်လို ကြိုးစားကြတယ်ဆိုတာတော့ အတုမယူကြဘူး..။ ဒီဘက်နိုင်ငံတွေမှာ ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ၁၈ နှစ်ဆို ကိုယ့်အလုပ်ကိုယ်လုပ်ကြပါတယ်..။ မိဘအိမ်မှာ နေနေသေးတယ်ဆိုပေမယ့် အားလုံးနီးပါး (၈၀%) က အလုပ်လုပ်ကြပါတယ်။ သူတို့အတွက် အလုပ်ရှိခြင်းဟာ ဂုဏ်ပါပဲ..။ အဲ့ဒီ့တော့ ကိုယ့်အလုပ် ကိုယ်လုပ်တယ်..။ ကိုယ့်ဘ၀ကိုယ် ကျောင်းတယ်..။ ကိုယ့်ခြေ ထောက်အပေါ် ကိုယ်ရပ်ပြီးနေနိုင်လို့ကတော့ Living Together ပဲ နေနေ Sleeping Toghether ပဲ လုပ်လုပ် ဘာမှ ပြသာ မရှိပါဘူး…။
ပြသနာဖြစ်လာရင် ကိုယ့်ပြသနာ ကိုယ်ရှင်းပါတယ်..။ အမေကယ်ပါ..။ အဖေကယ်ပါ..။ ဟိုအဖွဲ့ အစည်းတိုင် ဒီအဖွဲ့အစည်းတိုင် မရှိပါဘူး..။ အဲ့လို တိုင်တယ်..။ သို့မဟုတ် တိုင်ခွင့်ရှိတယ်ဆိုတာလည်း အဓိပ္ပါယ်မရှိပါဘူး..။ ဗလက်ကာရ ( Black ကာယ လုပ်တာမဟုတ်ပါဘူး..။ တော်ကြာ တစ်မျိုး မြင်ကုန်မှာဆိုးလို့) လုပ်တာမှမဟုတ်တာ..။ နှစ်ဦး သဘောတူမှ ဖြစ်တာ..။ နှစ်ဦးသဘောတူ ဖြစ်ခဲ့ပြီးမှ တိုင်တယ် တန်းတယ်၊ တိုင်ခွင့်ရှိတယ် ဆိုတာ ကျွန်တော်ပဲ ဗဟုသုတမရှိလို့လား မသိဘူး..။ ဘယ်နှိင်ငံမှာမှ ရှိတယ်လို့ ကျွန်တော် မကြားဖူးသေးပါ..။
သူတို့အရွယ် ကျွန်တော်တို့ နိုင်ငံက လူငယ်တွေ ဘာတွေလုပ်နေကြပါသလဲ..။ တစ်ကယ်ကြိုစား နေကြတဲ့လူငယ်တွေ အမှန်အကန်ရှိပါတယ်..။ ဒါပေမယ့် အများစုကတော့ ကျောင်းသား လိုလို…။ သင်တန်းတက်နေသလိုလို..။ လက္ဘရည်ဆိုင်ထိုင်..။ အင်တာနက် ကဖေးသွားပြီး Chatting တက်..။ ညနေ စည်ဘီယာဆိုင်သွား..။ လူစုံရင် K-TV ကြွ..။ မုန့်ဖိုးလျှံရင် Night Club သွား..။ Shopping ထွက်..။ စသဖြင့် အလုပ်ကြီးအကိုင်ကြီးများ လုပ်ကြပါတယ်…။
ယုတ်စွအဆုံးဗျာ ရည်းစားနဲ့အတူ နေခြင်လို့ ဟော်တယ်ခေါ်သွားတဲ့ ပိုက်ဆံက အဖေ့အိပ်ထဲက အဖေလစ်တုန်း နှိုက်လာတဲ့ ပိုက်ဆံ ဆိုတော့….။
ဆက်လက်ဖော်ပြပါမည်…။
P.S- ဖော်ပြပါအကြောင်းအရာများသည် လူငယ်များအားလုံးကို ဆိုလိုခြင်းမဟုတ်ပဲ..။ ထိုကဲ့သို့ လွှဲမှားစွာ စီးဆင်းနေသော လူငယ်များ ပြင်ဆင်ကြ စေနိုင်ရေးအတွက်သာ ရည်ရွယ်ပါကြောင်းနှင့် ဆွေးနွေးလိုပါက ကျွန်တော် ဒီပို့စ်ကို ကျွန်တော်တို့ရဲ့ Myanmar Genius Forum မှာ တင်ထားပေးမှာ ဖြစ်တဲ့အတွက် အဲ့ဒီ့မှာ ဆွေးနွေးနိုင်ပါတယ်..။ ကျွန်တော့် Blog Post မှာ ကျွန်တော် Comment ပြန်ရေးခြင်း မရှိတဲ့ အတွက် ဒီနေရာမှာတော့ ကျွန်တော် ဘာမှ ပြန်လည် ဖြေကြားမည် မဟုတ်ပါ..။








တကယ့်အကို ဖြစ်ပျက်နေတဲ့ လူငယ်လောကပါပဲ .. အဖိုးတန် ဆောင်းပါး တပုဒ်ပါ ထပ်စောင့်နေပါ့မယ် bro
Like or Dislike:
0
0
တော်တော်ကောင်းပြီး လိုအပ်တဲ့ essay တစ်ပုဒ်လို့ မြင်ပါတယ် …
ရေးပြတဲ့သူတွေမရှိတော့ မဆင်ခြင် ၊ နှလုံးမသွင်း ကြတာလည်း ဖြစ်နိုင်ပါတယ် ။ နောက်ပိုင်းတွေ ဆက်မျှော်နေပါမယ် … အတွေးအခေါ်ရော အရေးအသားရော လေးစားပါတယ်ဗျာ
Like or Dislike:
0
0
ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်~~~
ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ~~~
(ဆောင်းပါးဖတ်ရင်း လွှမ်းမိုးသီချင်းလေးပါ ဆိုညည်းမိပါတယ် မဲကြီးရယ်)
Like or Dislike:
0
0
ရေးသာရေး.. ပြောသာပြော.. အဲဒါမှ သူတို့လုပ်တာမဟုတ်ပါလားဆိုတာ သတိထားမိကြမှာ.. ထင်တော့မထင်ပါဘူး။ အနည်းဆုံးတော့ ထောက်ပြတဲ့လူတော့ရှိန်တာပေါ့ .. ကောင်းတယ်အစ်ကိုရေ .. ဆက်သာရေး ။
Like or Dislike:
0
0
လူကြီးတွေလက်ထက်က ဘုရား ကျောင်းကန် သွားတယ်။ ဥပမာ ရွှေတိဂုံပြီးရင် သိင်္ဂုတ္တရ ဥယျာဉ်မှာ အပင်တွေလဲ ပေါတော့ ထိုင်ကြတယ်။ နောက်တော့ ဂေါပကအဖွဲ့က အမြင်မတော်လို့ စာတွေကပ်၊ အရေးယူရတယ်။ အဲဒါနဲ့ ဥယျာဉ်ထဲမှာ မထိုင်တော့ပဲ ကန်တိုမင်ပန်းခြံကို ကူးတယ်။ ကေတီဗွီအခန်းထဲ လူမမြင်သူမမြင်ခိုတာနဲ့ ခြုံကွယ်မှာ လူမမြင်သူမမမြင်ခိုတာနဲ့ တူတူပါပဲ။ သော်တာဆွေရဲက အထုပတ္တိထဲမှာ ကန်တော်ကြီး ရေလည်ကျွန်းမှာ သူနာပြု တက္ကသိုလ်က ကျောင်းသူနဲ့ စခန်းသွား ဂိတ်ဆုံးရောက်လို့ ကောင်မလေး ငိုပြီး ပြန်ပို့ရတယ်လို့ ပါတယ်။ (အပြာဝတ္ထုမဟုတ်လို့ သူဒီလောက်ပဲ ရေးတယ်။)
ပေးသူ၊ ယူသူ သဘောတူလို့ ဖြစ်ပျက်နေတာကို ကြားလူက ၀င်တားပိုင်ခွင့်၊ ၀င်ရှုပ်ပိုင်ခွင့် မရှိပါ။ ဒါက ကြားလူ မယဉ်ကျေးတာ ဖြစ်သွားပြီ။
ဒီလိုသာ ဆက်သွားရင် အမျိုးသမီးများ ဘောင်းဘီမ၀တ်ရတဲ့ မွတ်စလင်နိုင်ငံတွေနဲ့ တန်းတူ တဖြည်းဖြည်းချင်း ဖြစ်သွားပါလိမ့်မယ်။
ယဉ်ကျေးမှု မျက်နှာဖုံးတပ် ဖိနှိပ်မှုများအား ဆန့်ကျင်ကြ။
Like or Dislike:
0
0
စာသေချာ မဖတ်ပဲ ကောမန့်ကို အလောတကြီး ရေးမိတယ်။
ဒါပေမဲ့ ၁၈ နှစ်ပြည့်လို့ ကိုယ့်ဘ၀ ကိုယ်ကျောင်းရတဲ့ အပိုင်းကို လက်ခံပါတယ်။ ထောက်ခံပါတယ်။
သို့သော် … ဟိုတယ်မှာပဲ ချစ်ချစ်၊ တအိမ်တည်း ငှားနေပြီးပဲ ချစ်ချစ် တူတူပါပဲလို့ ပြောချင်ပါတယ်။
Like or Dislike:
0
0
Appreciate this post !
go ahead !
Awaiting the next …..
Like or Dislike:
0
0
“အားကျလို့ အတုယူတယ်ဆိုရင်လည်း အကုန်ယူကြပါလို့ ကျွန်တော်ပြောချင်ပါတယ်..။ ကိုယ်လိုချင် တာလေး ဖြတ်မယူကြပါနဲ့…။” ဆိုတာလေးကို တော်တော့ကို သဘောကျမိပါတယ်။
တခြားယဉ်ကျေးမှုတွေ စီးဝင်လာတဲ့အခါ ကောင်း၏ မကောင်း၏ ကိုယ့်ယဉ်ကျေးမှုနဲ့ သင့်တော်၏ မသင့်တော်၏ ဆိုတာ ကိုယ်ပိုင်ဦးနှောက်တွေနဲ့ပဲ ဆုံးဖြတ်ကြရမှာပါ။ ဥပမာ – ကိုရီးယားကားတွေထဲမှာ မိန်းကလေးက ရည်းစားစကား စပြောတာကို မိန်းကလေးမှာလည်း ပြောပိုင်ခွင့်ရှိရမှာပဲ… ဒါအခွင့်အရေး ပိုရလာတာပဲဆိုတဲ့ အမြင်နဲ့ ကိုယ်တိုင် လိုက်လုပ်တော့မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက ကိုယ်နေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင်ဟာ အဲဒီလိုကိစ္စမျိုးကို အလွယ်တကူ လက်သင့်ခံသလား ဆိုတာပါ။ ကိုယ့်မိဘတွေက သမီးဖြစ်သူ ကောင်လေးကို ရည်းစားစကား စပြောတာကို ကျေကျေနပ်နပ် လက်ခံသလား၊ ကိုယ့်ချစ်သူ ဖြစ်လာမယ့်သူကရော အဲလိုပြောလာတာကို နည်းနည်းလေးမှ အထင်မသေးဘဲ လက်ခံတဲ့သူ ဖြစ်နိုင်မလား ဆိုတာတွေပါ (ခုချိန်ထိတော့ မြန်မာနိုင်ငံက ၉၀% သော မိဘတွေဟာ ကိုယ့်သမီး ကောင်လေးကို ရည်းစားစကား စပြောတာကို လက်မခံကြသေးသလို မြန်မာအမျိုးသား အားလုံးလိုလိုမှာလည်း မိန်းကလေးက စတာကို (အလွယ်တကူရလို့ သဘောကျနိုင်ပေမယ့်) အထင်သေးစိတ်တွေ ရှိနေတုန်းဆိုတာ ယုံကြည်တာပါပဲ)။ ကျေကျေနပ်နပ် လက်ခံကြတယ် ဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒီလိုမှ မဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူး၊ ခေတ်တွေပြောင်းလို့ ထုံးတမ်းအစဉ်အလာကို အရေးထားမနေနိုင်ဘူး၊ လောကကြီးကို အရွဲ့တိုက်မှာပဲ ဆိုရင်လည်း ဘယ်သူမှ တားလို့မရပါဘူး။ အားလုံးဟာ ကိုယ့်တန်ဖိုးထားမှုနဲ့ ကိုယ့်လမ်းကိုယ်ရွေးပြီး ကိုယ့်သမိုင်းကိုယ်ရေး နေကြတာပဲလေ။
ဖတ်ရင်း အတွေးတွေ ပေါ်လာတာနဲ့ ပြောတာ သိပ်များသွားပြီ Black ရေ။ ထုံးစံအတိုင်း အကြာကြီးနေမှ တစ်ပုဒ်လောက် ဖတ်ရပေမယ့် စိတ်ဝင်စားစရာ တန်ဖိုးရှိတဲ့ ပို့စ်တစ်ပုဒ်ပါပဲ။ ဆက်ရေးပါ မောင်လေး…
Like or Dislike:
0
0
တကယ် အကျိုးရှိတဲ့ ဆောင်းပါးတစ်ပုဒ်ကို MR. BLACK ရေ …
ခေတ်မှီတယ် ဆိုတဲ့ အကြောင်းကို ကွက်ကွက်ကွင်းကွင်း ၊ ကွဲကွဲပြားပြား ခွဲခြားရဲတဲ့ ထင်မြင်သုံးသပ်မှု အပေါ် တကယ်ပဲ ချီးကျူးမိပါတယ် ဗျာ …။
Like or Dislike:
0
0
ဖတ်ပြီးအရမ်းကိုကျေနပ်မိတဲ့…လူငယ်များနှင့် Life Style ပါပဲ
ယောက်ျားလေးဖြစ်စေ..မိန်းကလေးဖြစ်စေ..
ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ပြီး..
ခေတ်မှီမှူနဲ့ သရုပ်ပျက်မှုကို..ကွဲကွဲပြားပြားသိကြပါစေလို့…
စောင့်မျှော်အားပေးလျှက်
Like or Dislike:
0
0
black ရေ..ဒီအကြောင်းလေးအရာလေးကို ရေးမယ်လို့ ပြောထားတာ
ကြာပြီနော်…အခုတကယ်ရေးဖြစ်ပြီး တကယ်ဖတ်ရတဲ့အတွက်
ဝမ်းသာပါတယ်..အရမ်းတန်ဖိုးရှိတဲ့ ဆောင်းပါတပုဒ်ပါ…
အထူးသဖြင့်ဲ့ Living Together အကြောင်းလေးကို
ပေါ်လွင်အောင် ပြောသွားတာ အရမ်းကိုကောင်းပါတယ်..ဖတ်မိတဲ့လူငယ်တိုင်း ဆင်ခြင်နိုင်ပါစေလို့
စကားချပ။်..။တချို့စကားလုံးသတ်ပုံလေးတွေ မှားနေတယ်နော်..
အရေးတကြီးတင်လိုက်လို့ ဖြစ်မှာပါ။
ခင်မင်လေးစားလျှက်
ထွေးငယ်
Like or Dislike:
0
0
ခေတ်မှီတယ် ဆိုတာနဲ့ သရုပ်ပျက်တယ်ဆိုတာ ခွဲခြားဖို့အတွက်က ကိုယ်ပိုင်အသိဥာဏ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိမှ ဖြစ်မယ်လို့ထင်တယ်။ ကိုယ်ပိုင် အသိဥာဏ်ရအောင်ကလည်း အဲဒီလိုအသိဥာဏ်ရအောင် ပဲ့ကိုင်ပြုပြင်ပေးနိုင်မယ့် လူတွေလိုသေးတယ်။ ပဲ့ကိုင်ပြုပြင်တယ်ဆိုတာမှာလည်း နည်းလမ်းမှန်ဖို့က အရေးကြီးပြန်ရော.. ။ လူငယ်တွေ အထူးသဖြင့် မိန်းကလေးတွေ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေ မြင့်မားလာနိုင်ကြပါစေ။ ပို့စ်ဖတ်ပြီး တွေးမိတဲ့အတွေးတွေ ချရေးဖြစ်သွားတယ်။ လူငယ်တိုင်း ဖတ်သင့်တဲ့ ဆောင်းပါးလို့မြင်တယ် အစ်ကိုရေ… ဖတ်နိုင်ကြပြီး အဆိုးအကောင်း သိနိုင်ကြရင်ကောင်းမယ်။
Like or Dislike:
0
0
အရမ်းကောင်းပါတယ်… မှန်တယ်.. ကျမတို့ နိုင်ငံက လူငယ်တွေက အတုယူတာ လွယ်ပေမဲ့… မကောင်းတာကို ယူပြီး အကောင်းကို ဖယ်ထားတတ်တာလေ… ကျမ အထင်တော့၊ ရွှေပြည်တော် ရောက်ရင်၊ ပြည်သူ့နိတိ စာလေးနဲ့ တွဲရေးပြီး စာအုပ်တအုပ်လောက် လုပ်ဖို့ တိုက်တွန်းချင်တယ်။ အရင်က ဖတ်ခဲ့ဖူးတဲ့ ပြည်သူ့နိတိလေးတွေကို ခုခောတ်လူငယ် တွေကို ဖတ်စေချင်စမ်းပါတယ်…
တချို့ချို့သော လူငယ်တွေဟာ… ကေ တီဗီ ဆိုတာမျိုးကို သွားဖို့ ငွေရေး၊ ကြေးရေး မပြည့်စုံဘူး ဆိုပေမဲ့၊ အတုမှားတွေကို ယူနေတုန်း ဆိုတာလည်း ကျမမျက်စိနဲ့ တပ်အပ်မြင်တွေ့ခဲ့ဖူးပါတယ်…
ဆက်ရေးပါ… အားပေးနေပါတယ်…
လူငယ်တွေရဲ့ လက်ထဲ အရောက်ပို့နိုင်တဲ့ ဆောင်းပါးဖြစ်ပါစေလို့လဲ ဆက်လက် ဆုတောင်းပေးနေပါတယ်..
လားရှိုးသူ
Like or Dislike:
0
0
တန်ဖိုးရှိတဲ့စာတပုဒ်လို့ ယူဆပါတယ်..ကျမ တို့ ဒီလိုစာမျိုးတွေ များများရေးသင့်နေပြီလား… ဖြစ်နိုင်ရင် ကူးယူပြီး ညီမလေးတွေ ကို ပေးဖတ်ချင်မိတယ်…
Like or Dislike:
0
0
ဖြစ်ရပ်မှန်တွေ…
မဖြစ်ဖြစ်တဲ့နည်းနဲ့ နောက်ဆက်တွဲတွေလာဖတ်မယ်
ဆက်ရေးနော်
Like or Dislike:
0
0
အင်း.. ဒီဟာတွေဆိုးနေမှန်းသိပေမဲ့ တချို့မြန်မာလူငယ်တွေ ဒီလောက်ဆိုးတယ်ဆိုတာက မသိစိတ်က လက်မခံချင်ဘူးဖြစ်နေတယ်။ နေ့အိပ်မက် အမုန်းဆုံးကတော့ ကိုယ့်ဟာကိုယ် မနေနိုင်မထိုင်နိုင်ချစ်တတ်ကြပြီး ကိုယ့်ပြဿနာ ကိုယ်မရှင်းတတ်ဘဲ အသက်ပေါင်းများစွာကို ထိုင်ဖြုန်းနေတဲ့ လူမျိုးတွေပဲ။
ဒါနဲ့ ကိုဘလက်.. သတ်ပုံနည်းနည်းမှားနေတော့ ဒန်ပေါက်ကြားသဲရှပ်သလိုဖြစ်နေတယ်သိလား။
Like or Dislike:
0
0
ပေးသူ၊ ယူသူ သဘောတူလို့ ဖြစ်ပျက်နေတာကို ကြားလူက ၀င်တားပိုင်ခွင့်၊ ၀င်ရှုပ်ပိုင်ခွင့် မရှိပါ။ ဒါက ကြားလူ မယဉ်ကျေးတာ ဖြစ်သွားပြီ။
ဒီလိုသာ ဆက်သွားရင် အမျိုးသမီးများ ဘောင်းဘီမ၀တ်ရတဲ့ မွတ်စလင်နိုင်ငံတွေနဲ့ တန်းတူ တဖြည်းဖြည်းချင်း ဖြစ်သွားပါလိမ့်မယ်။
ယဉ်ကျေးမှု မျက်နှာဖုံးတပ် ဖိနှိပ်မှုများအား ဆန့်ကျင်ကြ။
Like or Dislike:
0
0
ဒီဆောင်းပါး ၁-၂ နှစ်ခုလုံးကို အပြည့်အ၀ထောက်ခံပါတယ် ။ ဒါပေမဲ့ ဒီဘက်နိုင်ငံတွေမှာ ကိုယ်အိမ်ထောင်ပြုတဲ့အခါ အားလုံးပြည့်စုံဘို့ Living Together နေပြီး Plan တွေကို ဆောင်ရွက်ဖို့ Job Opportunities တွေကလည်း သက်ဆိုင်ရာ အရည်အချင်းအလိုက် အဆင့်သင့်စောင့်နေ ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထုအတွက် တော့ ကိုယ်ကြိုးစားပေမဲ့ ရလဒ်ကတော့ ကိုဘလက် တို့ပိုသိမှာပါ ။ ချမ်းသာတဲ့မိဘတွေရဲ့ သားသမီးတွေက မိဘဆွေမျိုး လက်ဖွဲ့ကို မျှော်ကောင်းမျှော် ပေမဲ့ ( လူနည်းစု အသိုင်းအ၀ိုင်း ) ဆင်းရဲတဲ့ မိသား စုတွေမှာ ဒါမျိုးတွေမရှိပါဘူး ။ ကျနော်ပြောချင်တာက ဒီဘက်နိုင်ငံ တွေမှာ ရနေတဲ့ လူ့အခွင့်အရေးမျိုး မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာကို ပြောချင်တာပါ ။ ဒါကြောင့် လူငယ်တွေ တော်တော်များများ လက်ဘက်ရည်ဆိုင်ထိုင် ချက်တင်လုပ် ကေတီဗွီ သွား ဆိုတဲ့နေရာမှာ ဆင်းရဲတဲ့ လူငယ်တွေမပါပါဘူး ။ စားဘို့တောင် ရုန်းကန်နေရတဲ့အထဲ အဲဒီလို သွားနိုင်ဘို့ဆိုတာ ကျနော်တို့မှာ အချိန်မရှိသလို ငွေလည်းမရှိ ပါဘူး။ ကြိုးစားသလောက် မရတဲ့ မြန်မာနိုင်ငံရဲ့ အောက်ခြေအလွှာ ကလူငယ်တွေအကြောင်းကိုလည်း ၀င်ကြည့်ခံစားပေးပါဦးဗျာ ။ ကျနော်တို့ပြည်တွင်းက လူငယ်တွေက ပြည်ပက လူငယ်တွေကို အားကျငေးမောနေရုံပါဘဲ ။
Like or Dislike:
0
0
ဒီဆောင်းပါးလေးက..ပြည်တွင်းက ရေပေါ်ဆီ လေးတွေ အများဆုံးဖတ်တဲ့  မဂဇင်း မှာ တင်နိုင်ရင်ကောင်းမယ်နော်..
Like or Dislike:
0
0
[...] : ရေစီးကြောင်းများ တိမ်းစောင်းခြင်း (… Share this:FacebookEmailDiggPrint Post အသစ်တင်တိုင်း Email [...]
Like or Dislike:
0
0
I appreciate it & give support this post to be continued.
Like or Dislike:
0
0