• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် သူမ (၄)

    September 12 , 2009 | 2,957 views

    နိဒါန်း

    တစ်ကယ်တော့ သူမဟာ

    ကြွေမကျတတ်တဲ့ သစ်သီးတစ်လုံးမဟုတ်ခဲ့ပါဘူး

    သူကသာလျှင် ဆွဲင်အားမဲ့ခဲ့တဲ့ ကမ္ဘာမြေပြင်တစ်ခု ဖြစ်ခဲ့တာပါ…။

    BLACK DREAM

    “Oh think twice, its another day for You and me in paradise”

    “ဟဲလို…။ မေ လား…?”

    “ဟုတ်တယ် မောင်…။”

    “အဲ့…။ ထူးထူးဆန်းဆန်း ဖုန်းတွေ ဘာတွေတောင် ဆက်လို့ပါလား..? ကြည့်ရတာ ကောင်မလေး တော်တော်လွမ်းနေတယ်ထင်တယ်…။ ဟဲ ဟဲ”

    “အဟင်း..။ အဲ့ဒါလဲ ပါပါတယ် မောင်ရယ်…။”

    “နေပါဦး အဲ့ဒါလည်း ပါပါတယ်ဆိုတော့ နောက်ထပ် ဘာအကြောင်းရှိ နေသေးလို့လဲ…?”

    “ဟုတ်တယ် မောင်…။ မေ….။ မောင့်ကို အရေးကြီးတာ ပြောစရာရှိလို့ ဆက်လိုက်တာ…။ မောင်အချိန် ရတယ်မလား..? အေးအေးဆေးဆေး ပြောလို့ ရတယ်မလား မောင်…?”

    “အင်း…။ နေဦး..။ အခုက ရုံးမှာ…။ ခဏနေရင်တော့ အိမ်ပြန်မယ်လေ..။ မေ အဆင်ပြေမယ်ဆို ၇ နာရီလောက်ဖြစ်ဖြစ် ဆက်လို့ရမလား..။ မောင် ဒီမှာက လောလောဆယ် အလုပ်လေးတွေ လက်စသတ်စရာရှိနေလို့…။”

    “အိုကေ မောင်…။ ဒါဆို မေ ည ၇ နာရီ ကျရင် ခေါ်လိုက်မယ်…။”

    “အိုကေဗျာ..။ စောင့်နေမယ်…။”

    “မောင်…..။”

    “ဟင်…? ဘာလဲ… မေ…? ဘာပြောစရာ ရှိသေးလို့လဲ…?”

    “ဘယ်လိုအကြောင်းတရားတွေကြောင့် ဘယ်လိုအကျိုးဆက်တွေပဲ ဖြစ်လာခဲ့ ဖြစ်လာခဲ့…။ မောင့်ကို မေ အမြဲချစ်နေမယ်ဆိုတာကို ယုံပေးပါနော် မောင်….။”

    “အဲ..။ ဟဲလို…?”

    တီ…။ တီ….။ တီ….။ တီ…။ တစ်ဘက်က ဖုန်းချသွားပြီး ဖြစ်ပါတယ်…။

    အခန်း (၁)

    ဦးနှောက်သည်

    ဘ၀အား စစ်ကူပေးသောအခါတွင်

    နှလုံးသားသည် ကားစင်တက်ရလေသည်..။

    BLACK DREAM

    တစ်ချက်ချက် မြည်နေသော နံရံပေါ်က နာရီကိုကြည့်ရင်း မေနှင်းစက် တစ်ယောက် အတွေးစစ်မျက်နှာပြင်မှာ သက်ပြင်းတွေ အကြိမ်ကြိမ် ကျဆုံး လျှက် ရှိပါတယ်။ အဆက်စပ်မရှိသော အတွေးစအချို့..။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဆိုတဲ့ ကာလသုံးပါးကြား အပြေးအလွှား စစ်ကစား လျှက် ရှိနေပါတယ်။ လူတစ်ယောက်အတွက် မျှော်လင့်ချက် ဘယ်နှစ်မျိုးလိုအပ်ပါသလဲ…? မျှော်လင့်ချက် ဘယ်နှစ်မျိုး ရှိသင့်ပါသလဲ..? သူမမှာတော့ မျှော်လင့်ချက် နှစ်ခုရှိသည်…။ ပထမတစ်ခုက ဦးနှောက်နဲ့ယှဉ်တဲ့ မျှော်လင့်ချက်..။ ဒုတိယက နှလုံးသားနဲ့ယှဉ်တဲ့ မျှော်လင့်ချက်။ ထိုသို့သော မျှော်လင့်ချက်နှစ်ခု ထိပ်တိုက် ရင်ဆိုင်ကြသော အချိန်တွင်မူ…။

    လူတို့သည် တစ်ခါတစ်ရံတွင် မိမိကိုယ်တိုင် ဘာမှန်းမသိသော အရာများအား အရူးအမူး လိုချင် တောင့်တတတ်လေ့ရှိကာ…။ တစ်ခါတစ်ရံတွင် ထိုဘာမှန်းမသိသေးသော အလုံးစုံ ပြီးပြည့်စုံမှုအားရရှိ ရန်အတွက်…။ မိမိတွင် ပိုင်ဆိုင် ရရှိပြီးဖြစ်သည့် အချို့အချို့သော ပိုင်ဆိုင်မှုများကိုပင် ရူးမိုက် စွာ စွန့်လွှတ်တတ်လေ့ ရှိကြပါတယ်..။ သူမလည်း ထိုနည်းတူပင်…။ ပြီးပြည့်စုံသော ဘ၀ဆိုသည်မှာ မည်သို့သော အရာမှန်းမသိသည့်တိုင် ထိုပြီး ပြည့်စုံသော ဘ၀အား ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် သူမ စွန့်လွှတ်ခဲ့ရသည့် ပမာဏမှာ အတိုင်းအတာ တစ်ခုအထိ အတော်ပင် များပြားခဲ့ပြီ ဖြစ်ကြောင်း သူမ အချိန်အတော်ကြာကပင် ကောင်းစွာ သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်ပါတယ်…။

    သူမမွေးဖွားခဲ့သော အမိမြေ…။ သူမချစ်သော မိသားစု…။ သူမချစ်သော သူငယ်ချင်းများ…။ ပတ်ဝန်းကျင်..။ ရိုးရာ..။ ယဉ်ကျေးမှု…။ ဓလေ့ထုံးစံ…။ နွေးထွေးမှု…။ မေတ္တာတရား…။ ယုတ်စွအဆုံး ထောင်မြင်လို့ စွန့်လွှတ်လိုက်ရသော ရာတန်အချို့…။ ထားပါလေ…။ ရွှေပြည်တော်ကား မျှော်တိုင်း ဝေးနေသေးသလောက် ဒီတစ်ခါ သူမထပ်မံစွန့်လွှတ်ဖို့ ဖြစ်လာသည့်အရာကတော့ သူမ၏ ၀ိဥာဉ်တို့ ရှင်သန် အမြစ်တွယ်ရာ သူမ၏ နုလုံးသား အလှည့် ဖြစ်လာခဲ့လေပြီ…။ သေချာတာတစ်ခုကတော့ သူမသည် နုလုံးသားမဲ့သူ တစ်ဦးမဟုတ်ပါ။ ထို့အတူ။ မွေးရာပါ ဦးနှောက်တစ်လုံး လဲ သူမတွင် ပါရှိခဲ့လေသည်။

    အခန်း (၂)

    မှောင်မိုက်တဲ့ ငါ့ကမ္ဘာ

    ယုံကြည်ချက်ကိုထွေးပိုက်

    မျှော်လင့်ခြင်းနဲ့ အိပ်မက်တွေ စိုက်ခဲ့တယ်…။

    BLACK DREAM

    “မြတ်သော် ပြန်တော့မလို့လားဟ..? ဒီနေ့ မင်း ပြန်တာ နဲနဲစောတယ်ထင်တယ်…။”

    “အေးကွာ..။ ငါ ကိုယ်ရေး ကိုယ်တာ ကိစ္စလေးနဲနဲရှိလို့…။ လူကြီးကိုတော့ မင်းပဲ ကြည့်ပြောလိုက်တော့..။ ငါဝင်မတွေ့တော့ဘူး…။”

    “အာ..။ ရပါတယ်ဟ..။ မင်းက ပြန်တာ စောတယ်ဆိုပေမယ့်..။ ရုံးချိန်မပြီးသေးပဲ ပြန်တာမှ မဟုတ်တာ။ ခါတိုင်းလောက် အလုပ်ချိန်ထက် နောက်ကြပြီးမနေတာပဲရှိတာ..။ မင်း အလုပ်ကို ဘယ်လောက်အထိ တန်ဖိုးထားတယ်ဆိုတာ သူသိပါတယ်ကွ..။”

    “အေးကွာ…။ ကျေးဇူးပဲ…။ အဲ့ဒါဆို ငါလစ်မယ်..။ မေနှင်းစက် ဖုန်းဆက်မယ်တဲ့..။ အရေးတကြီး ပြောစရာ ရှိတယ် ထင်ပါတယ်ကွာ…။”

    “အင်း….။ ငါ့အထင်တော့….။” အောင်ပြည့်က မျက်နှာသေဖြင့် ရုံးခန်းနံရံပေါ်မှ နာရီကို ကြည့်ရင်း ပြောလိုက်သဖြင့်…။

    “ဟ…။ ဘာလဲဟ..။ မင်းက ဘာထင်လို့လဲ…။ အူကြောင်ကြောင်မလုပ်နဲ့နော် ငါမနက်ကတည်းက စိတ်လေးနေတာ…။”

    “ဟင်း…။ ငါထင်တာ ပြောကြည့်မယ်လေ…။ မင်းစိတ်တော့ ခိုင်ပေါ့…။”

    “အေးပါ…။ မင်း ဘာထင်တယ်ဆိုတာသာ ပြောစမ်းပါ..။”

    “ဒီလိုလေကွာ…။ မေနှင်းစက် အခု ထွက်သွားတာ ဘယ်လောက်ကြာပြီ…?”

    “အင်း ၅ နှစ်ကျော်ပြီကွ…။ အဲ့ဒီ့တော့…?”

    “ဟင်း….။”

    “ဟေ့ကောင် သက်ပြင်းတွေချည်းပဲ စွတ်ချမနေနဲ့။ ငါ စိတ်ပူလာပြီ။ ပြောစရာ ရှိတာ မြန်မြန်ပြောကွာ။”

    “အေးလေ အဲ့လောက်သွားတာ ကြာပြီဆိုတော့….။ အခု…။”

    မြတ်သော် ခေါင်းထဲ ၅ နှစ်ဆိုတဲ့ ကိန်းဂဏန်းက အတွေးကို လင်းကနဲ ဖြစ်သွားစေပါတယ်…။ တစ်စုံတစ်ခုကို ခံစားမိသလိုလို..။ သိလိုက်သလိုလို..။ ဒါပေမယ့်…။ ခက်တာက အရာရာဟာ ၀ိုးတ၀ါးနဲ့..။ ဘာကိုမှ မိမိရရ မဖမ်းဆုပ်နိုင်…။

    “အခု…။ အခု ဘာဖြစ်လဲ ဟေ့ကောင်…?”

    “သြော…။ အခု ပြန်လာပြီး..။ မင်းနဲ့ လက်ထပ်ဖို့…။ ပြီးတဲ့အခါကျ..။ ကလေးတွေ တစ်လ ကိုးသီတင်း မွေးချင်တိုင်းမွေးဖို့…။ အဲ့ ..။ ရွှေဘက်ထရီ ကြော်ငြာနဲ့ မှားသွားပြီ…။ အဲ့ဒါကြောင့်နေမှာပေါ့ကွာ လို့ ပြောမလို့ပါကွ..။ ဟဲ ဟဲ..။ ဟီး ဟီး…။”

    “အာ…။ ခွေးသူတောင်းစား…။ မင်း သေတော့မှာပဲ…။ မင်းတွေ့မယ်..။ မင်းနဲ့…။ ငါနဲ့ တွေ့မယ်..။ မနက်ဖြန်…။ နာပြီသာမှတ်…။”

    “အေး..။ ဟီး..။ ဟီး…။ တွေ့ရမှာပါ မပူပါနဲ့…။ မနက်ဖြန် ရုံးပိတ်ရက်မှ မဟုတ်တာ…။ ဟဲ ..ဟဲ”

    မြတ်သော် ဘာမှ ပြန်မပြောတော့…။ အောင်ပြည့်အား နောက်ပြန် လက်သီးထောင်ပြကာ ရုံးမှ ထွက်ခွာသွားပြီသာ ဖြစ်ပါတယ်…။

    အခန်း (၃)

    ငါ့အရိပ်တွေ ဖြူသွားလေမလား

    အတိတ်ကို ပြောင်းပြန်အချိုးချကြည့်တော့

    စတေးလိုက်ရတာက

    ငါ့လက်ထဲက ပစ္စုပ္ပန် အချို့ရယ်သာ…။

    BLACK DREAM

    အိမ်ပြန်လမ်းတစ်လျှောက် မေ သူ့ကို ဘာများပြောစရာ ရှိလို့လဲ ဆိုတဲ့အတွေးတွေက သူ့အာရုံကို အချိန်ပြည့်လွှမ်းမိုးနေခဲ့ပါတယ်..။ သူတတ်နိုင် သမျှကားကို သတိနဲ့မောင်းရင် ဖြစ်နိုင်တာများကိုတွေး ကြည့်နေမိပါတယ်…။ သူနဲ့ မေ့ရဲ့ အခြေအနေက ချစ်သူတိုင်း၊ စုံတွဲတိုင်းက အားကျရ လောက်အောင် အခြေအနေကောင်းပါတယ်..။ နှစ်ဘက်မိသားစု အနေအထား အနေဖြင့်လည်း ဘာမှ ပြောစရာမလိုအောင်  ပြည့်စုံ အဆင်ပြေပြီး သားပင်..။ “အချစ်စစ်တို့ရဲ့ လမ်းဟာ ဘယ်တော့မှ မဖြောင့်ဖြူးဘူး”ဆိုတဲ့ စကားပုံဟာ သူတို့ချစ်သူနှစ်ယောက် မကြာခဏ ဟားတိုက်လှောင်ပြောင် ခဲ့ကြတဲ့ အကောင်းဆုံး ပျက်လုံးတစ်ခု မျှသာ…။

    အထက်တန်းကျောင်းသားဘ၀ နှစ်ကုန်ခါနီးမှာ သူနဲ့ မေ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်..။ ဆယ်တန်းအောင်တော့ မေ က ဘာသာစုံဂုဏ်ထူး ထွက်ကာ ဆေးကျောင်းရောက်ပါတယ်..။ သူကတော့ ငယ်စဉ်ကတည်းက ရူးသွပ်စွာ စွဲလန်းခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ မိသားစု အားလုံးနဲ့ ချစ်သူက တားနေသည့်တိုင် စစ်တက္ကသိုလ်သို့ တက်ရောက်ကာ တပ်မတော်အတွင်း ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်..။ သူစစ်တက္ကသိုလ် နောက်ဆုံးနှစ်ရောက်လို့ ကျောင်းဆင်းခါနီးမှာပဲ…။ မေ ဆေးကျောင်းက ထွက်ကာ ပြည်ပသို့သွားရောက် ပညာသင်ကြားခဲ့ပါ တယ်..။ သူတို့ နှစ်ယောက်အတွက် ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ အချိုးအကွေ့တစ်ခုပါပဲ..။

    သူ မေ့ကို နောက်ဆုံးတွေ့ခဲ့ရတာက ဒုတိယနှစ်ခွင့်ပြန်ပြီး ပြင်ဦးလွင်ကို ပြန်မလာခင် ရန်ကုန်လေဆိပ်မှာ တွေ့ခဲ့ရခြင်းပဲဖြစ်ပါတယ်…။ ပြင်ဦးလွင်သို့ စစ်တက္ကသိုလ်တက်ဖို့ ပထမဆုံးအကြိမ်ထွက်ခွာစဉ်က ခါးသည်းနင့်နဲစွာ ရှိုက်ငိုခဲ့ဖူးသော မေ တစ်ယောက်…။ နောက်ဆုံး အကြိမ်သူ့အား လေဆိပ် သို့ လိုက်ပို့သည့်အကြိမ်တွင်မူ အင်မတန်ပင် တည်ငြိမ်ရင့်ကျတ်နေတတ်ခဲ့ပြီ ဖြစ်ပါတယ်..။ အခု မေ ပြည်ပကို ပညာသင်ဖို့ သွားတော့ သူလိုက်မပို့ နိုင်ခဲ့ပေ။ တိုက်တိုက်ဆိုင်ဆိုင် တနင်္ဂနွေနေ့ ဖြစ်နေတာကြောင့်..။ သူမြို့ထဲကနေ ဖုန်းဆက်ကာ..။  Check In မ၀င်ခင်အချိန်အထိ မေနဲ့ ဖုန်းထဲတွင် တွေ့ဆုံခွင့်ရခဲ့ပါတယ်…။ မေက သူ Check In ၀င်တော့မယ်လို့ ပြောတော့ သူ့နားထဲ လွန်ခဲ့သော ၃ နှစ်ကျော် သူ ပထမဆုံးအကြိမ် ရန်ကုန်မှ ပြင်ဦးလွင်ကို ထွက်ခွာတော့ မေ သူ့ကို ပြောခဲ့သောစကားတစ်ခွန်းကို သတိရမိလိုက်ပါတယ်..။ “ မောင်က မေ့ကို အရင်ခွဲသွား နိုင်ပြီပေါ့နော်…” တဲ့။ ဒီတစ်ကြိမ်တွင်မူ….။

    အခန်း (၄)

    သံယောဇဉ်ဆိုတဲ့ကြိုးကို

    တတိတိ မျှင်းကာဖြတ်နိုင်သော

    ဓားအား…

    မာန ဟု ခေါ်လေသည်…။

    BLACK DREAM

    “Oh think twice, its another day for You and me in paradise”

    “ဟဲလို..။ မေ…။”

    “အင်း..။ မောင်စောင့်နေတာ ကြာသွားပြီလား..။”

    “မကြာသေးဘူး မေ…။ မောင် စောစောကလေးပဲ ပြန်ရောက်တယ်..။ ရေချိုးအ၀တ်လဲပြီးကာစပဲ ရှိသေးတယ်…။ ထမင်းကတော့ မေနဲ့ စကားပြောပြီး မှပဲ အေးဆေး စားတော့မယ်လေ…။ မေ ပြောစရာရှိတယ်ဆိုတာ ပြောလေ..။”

    “မောင် နေရော ကောင်းရဲ့လား..? အလုပ်ထဲမှာရော အဆင်ပြေရဲ့လား..?”

    “အင်း..။ ကောင်းပါတယ် မေရဲ့..။ အားလုံးအေးအေးဆေးဆေးပါပဲ…။ ဒါပေမယ့် ဒီလကုန်ရင်တော့ မောင် ရာထူးတိုးနဲ့အတူ ခြေလျှင်ဆင်းရလိမ့် မယ်..။ ရှေ့တန်းမထွက်ရတာကြာတော့ ကိုယ့် နိုင်ငံကို စောင့်ရှောက်ရင်း၊ အမိမြေကြီးရဲ့ တောတောင် သဘာဝအလှတွေကို ခံစားရင်း အညောင်းပြေ အညာပြေ လမ်းလျှောက် ထွက်ဖြစ်တာပေါ့..။ ဟဲ ဟဲ”

    “မောင်က မောင့်တိုင်းပြည်ကို အရမ်းချစ်တာပဲနော်…။”

    “ဟုတ်တယ် မေ…။ မောင့်ဘ၀မှာ မောင့်အသက်နဲ့ ခန္ဓာမြဲနေသမျှ မောင့်တိုင်းပြည်ဟာ မောင့်ရဲ့ အသွေး..။ မောင့်ရဲ့ အသား..။ မောင့်ရဲ့ အချစ်ဆုံး ဖြစ်နေမှာပဲ မေ…။”

    တစ်ဘက်မှ အသံအတော်ကြာအောင် တိတ်ဆိတ်သွားပါတယ်…။ အောင်ပြည့်ပြောလိုက်တဲ့ စကား အမှတ်မထင် ပြန်ကြားလိုက်မိတော့…။

    “အား…။ ကိုသိပြီမေ..။ ဘာလဲ မေပြန်လာတော့မလို့လား? ဘယ်တော့ပြန်လာမှာလဲ..? ဘယ်လေဆိပ်လဲ? မောင် ဘယ်အချိန်လာကြိုရမလဲ..? အောင်ပြည့်ကတောင် ဒီနေ့နောက်နေသေးတယ်..။ မေ ပြန်လာရင် တစ်လကိုးသီတင်း မွေးချင်တိုင်းမွေး အားမကုန်ဘူး ဆိုလား..။ အဲ..။ ဟုတ်ပါဘူး..။ ဟဲ ဟဲ။ ဟုတ်လားမေ..။ မေ ပြန်လာတော့မလို့လား…?”

    “မဟုတ်ဖူး မောင်….။”

    “အင်…။ ဒါဆို ဘာလဲ မေ…? ပြောတော့ကွာ..? မောင် စိတ်နဲနဲပူလာပြီ…။”

    “မေ့ ကို မောင့်ဘ၀ထဲကနေ ကျေးဇူးပြုပြီးတော့ အပြီးအပိုင် မေ့လိုက်ပါတော့မောင်..။ မေနှင်းစက် ဆိုတဲ့ မိန်းမတစ်ယောက်ဟာ မြတ်သော် ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘ၀ထဲမှာ ဘယ်တုန်းကမှ ဖြစ်တည်ခဲ့ခြင်း မရှိတဲ့ ပုံစံမျိုးနဲ့ မေ့ပေးပါမောင်…။”

    တစ်ဘက်မှ မထင်မှတ်ထားသော စကားကြောင့် မြတ်သော ခေါင်းနပန်း ကြီးသွားပါတယ်..။

    “ဘာ…! ဘယ်လိုပြောလိုက်တယ်? မေ့ပေးရမယ်…။ ဘယ်တုန်းကမှ ဖြစ်တည်ခဲ့ဖူးခြင်း မရှိတဲ့ ပုံစံမျိုးနဲ့ မေ့ဖျောက်ပေးရမယ်..? မေ..။ မင်းဘာတွေ လာပြောနေတာလဲ…? မောင် နားမလည်တော့ဘူး..။”

    “ဟုတ်တယ်မောင်…။ မောင်ဘာမှ နားလည်မှာမဟုတ်ဘူး..။ ဒီလိုပဲ မေကိုယ်တိုင်လည်း အခုအချိန်ထိ ဘာကိုမှ သေသေချာချာနားမလည်နိုင်ဘူး ဖြစ်နေတယ်။ အရာရာဟာ အိပ်မက်တစ်ခုလို ၀ိုးတ၀ါးနဲ့ မေ ကိုယ့်အသက်ရှူသံတွေကိုတောင် ကိုယ်ပိုင်ဆိုင်နေသေးရဲ့လားဆိုတာကို မသိတော့ဘူး မောင်..။ အကျိုးတရားတိုင်းမှာ အကြောင်းတရားဆိုတာ ရှိကြစမြဲပါမောင်..။ ဒါပေမယ့်..။ မေးခွန်းတိုင်းမှာတော့ အဖြေရှိချင်မှ ရှိပါလိ့မ်မယ်…။ အထူးသဖြင့် မေးခွန်းထုတ်တဲ့သူတိုင် အဲ့ဒီ့ ပုစ္ဆာရဲ့အဖြေကို မသိတဲ့ အနေအထားမျိုးဆိုရင်တော့ ပိုဆိုးပါလိ့မ်မယ် မောင်..။ အခု မေ့မှာ မောင့်ဘက်က မေးလာမယ့် မေးခွန်းတွေအတွက်..။ အကြောင်းပြချက်တွေ..။ အဖြေတွေ မရှိဘူးမောင်…။ မေ ကိုယ်တိုင်လည်း အဲ့ဒီ့ အဖြေတွေကို ရှာမရသေးဘူး မောင်..။ ဒါ့ကြောင့် ကျေးဇူးပြုပြီး မမေးပါနဲ့..။ မေ ပြောသလိုသာ လုပ်ပေးပါ…။”

    “ဘာလဲ..? ဘာတွေလဲ..? အဖြေမရှိတဲ့ မေးခွန်းတွေရော…။ အကျိုးတွေရော..။ အကြောင်းတွေရော..။ ငါဘာကိုမှ နားမလည်တော့ဘူး…။ ငါ့ကို အကြောင်းပြချက် မပေးနိုင်ရင်တောင် အနဲဆုံး ငါ့အတွက် မင်းကို တစ်ဘ၀လုံးစာ ခါးသီးပြစ်လိုက်ဖို့အတွက် လုံလောက်တဲ့ သံသယ တစ်ခုတော့ ပေးသင့်တယ်..။”

    “မောင်ကြိုက်သလိုထင်ပါ…။ သေချာတာတစ်ခုကတော့ မေ ဘယ်လိုနည်းနဲ့မှ မောင့်ရင်ခွင်ထဲ ပြန်ဝင်မလာနိုင်တော့သလို..။ မောင်ကိုယ်တိုင်လည်း ဘယ်လိုနည်းနဲ့မှ မေ့ဘ၀ထဲကို ၀င်လာမှာ မဟုတ်ဖူးဆိုတာပဲ မောင်..။”

    “မင်းက ဘာလို့ ငါ့ဘ၀ထဲ ၀င်မလာနိုင်ရမှာလဲ…? ငါကရော ဘာကြောင့် မင်းဘ၀ထဲကို မ၀င်ရဲရမှာလဲ? ငါ့ဘ၀မှာရှိတဲ့ သက်ရှိတွေထဲမှာ မင်းကို ဘယ်လောက် ငါချစ်တယ်ဆိုတာ မင်းမသိဘူးလား မေ…?”

    “မေ သိတယ်….။  အဲ့လို သိနေခြင်းနဲ့ အခုလို သက်ရှိတစ်ယောက် ဖြစ်နေရခြင်းကိုကပဲ မေတို့နှစ်ယောက်ကို အဝေးဆုံး တွန်းပို့ခဲ့ပြီမောင်…။”

    “ဘယ်လို..? သက်ရှိတစ်ယောက်ဖြစ်နေခြင်းကိုက ငါတို့နှစ်ယောက်ကို တစ်ယောက်တစ်နေရာဆီ အဝေးဆုံးတွန်းပို့ခဲ့တယ်..။ ဟုတ်လား…? မင်း ရူးများသွားပြီလားဟင် မေနှင်းစက်…?”

    “ထားလိုက်ပါတော့ မောင်..။ မေ ရူးသွားပြီလို့ပဲ ထားလိုက်ပါတော့..။ မေ့မှာ မောင့်နဲ့ စကားဆက်ပြောဖို့ အင်အားတွေလည်း မရှိတော့ဘူး..။ ဟုတ်တယ်..။ နောက်ပြီး…။ စကားလုံးတွေလဲ မရှိတော့ဘူးမောင်…။ မေ ထာဝရအတွက် နှုတ်ဆက်ခဲ့ပါ တယ်…။”

    မေနှင်းစက်၏ နောက်ဆုံး စကားလုံးကြောင့် မြတ်သော် ဒေါသထောင်းကနဲ ဖြစ်သွားပါတယ်..။ ယောကျာ်းတစ်ယောက်၏ မာန…။ အစွန့်ပြစ်ခံ ချစ်သူတစ်ယောက်၏ မာန…။ စိတ်ဓာတ်ပြင်းထန်သော စစ်သားတစ်ယောက်၏ မာန…။ မာနတို့ မဟာမိတ်ဖွဲ့ကြလေပြီ…။

    “မင်းမှာငါ့အတွက် စကားလုံးတောင်မရှိတော့ဘူး ဟုတ်လား..? ဟုတ်ပြီ မေနှင်းစက်..။ ဒါဆို..။ မင်းမပြောရင် ငါပြောမယ်..။ ဘာလဲ မင်း အဲ့ဒီ့မှာ အသစ်တွေ့သွားလို့လား…? ရတယ် မေနှင်းစက်..။ ငါအဲ့ဒါတွေ စိတ်မ၀င်စားဘူး..။ ငါ့အကြောင်းမင်းသိတယ်..။  မင်းလိုမျိုး အခုလို မိသားစု၊ သူငယ်ချင်း၊ ချစ်သူ စတာတွေရဲ့ အဝေးဆုံး..။ နွေးထွေးမှု မရှိတဲ့နေရာမျိုးမှာ နေနေရတဲ့သူတစ်ယောက်အတွက် နွေးထွေးမှုကို ရှာခဲ့ခြင်းဟာ အပြစ် တစ်ခုမဟုတ်ဘူး မေနှင်းစက်။ ဒီအကြောင်းအရင်းလောက်နဲ့တော့ မင်းငါ့ကို မေ့ပြစ်ခိုင်းဖို့ မသိမ်းသွင်းပါနဲ့..။”

    “နောက်ဆုံး ကုန်ကုန်ပြောမယ်ကွာ..။ မင်းအဲ့ဒီ့မှာ Living Together နေ နေတယ် ဆိုရင်တောင်..။ ငါမင်းကို နားလည်ပေးလို့ရတယ်။ ဒါဘာကြောင့် လဲဆိုတာ ငါထပ်မပြောချင်ဘူး။ မင်းကိုယ်တိုင်လည်း သိပါတယ်..။ ငါမင်းအပေါ်ထားတဲ့ မေတ္တာတရား၊ မြတ်နိုးမှု၊ ယုံကြည်မှုနဲ့ သစ္စာ တရားဟာ ချစ်တယ် ဆိုတဲ့ စကားတစ်လုံးထက် အများကြီး လေးနက်တယ် မေနှင်းစက်..။ ဒီလောက် ထုထည် ကြီးကြီးမားမားနဲ့ တည်ဆောက်ထားတဲ့ ငါ့ရဲ့တန်ဖိုးထားမှုကို ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့်နဲ့တော့ ငါ ဘယ်လိုမှ အပျက်အဆီး အတိမ်းအစောင်း မခံနိုင်ဘူးဆိုတာ မင်းသဘော ပေါက်ထားပါ…။ အေး ဒါပေမယ့် ငါနဲ့လမ်းခွဲမှ မင်းစိတ်ချမ်းသာမယ်..။ မင်းအတွက် အဆင်ပြေမယ် ဆိုရင်တော့ ရတယ် မေနှင်းစက်..။ ရတယ်..။ မင်း နောက်ဆုံး သိထားဖို့ တစ်ခုကတော့ တစ်ချိန် မင်းစိတ်တွေ ပြောင်းသွားလို့ ငါ့ဆီ ပြန်လာချင်တယ်ဆိုတဲ့ တစ်နေ့..။ မင်းတံခါးမခေါက်ပါနဲ့..။ ငါ့ရင်ဘတ်ကို ဖွင့်နိုင်တဲ့ တစ်ချောင်းထဲသော သော့ဟာ မင်းဆီမှာ ရှိပြီးသားပါ..။ ထာဝရမဟုတ်ပေမယ့်…။ ငါ နှုတ်ဆက်ပါတယ်…။

    တီ….။ တီ…။ တီ…။ တီ….။

    ဇာတ်သိမ်း

    မောင်…။ ကမ္ဘာတစ်ဘက်မှာနေ့…။ ကမ္ဘာတစ်ဘက်မှာည…။ အလင်းကျရောက်ပုံခြင်းက ကိုယ်စီ ကိုယ်စီအတွက် အမှန်တရား တစ်ခုစီပါ။ အလင်း ဟာ လူသားအားလုံးအတွက်  တူညီတဲ့နွေးထွေးမှုကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ ဘယ်လိုမှ မပေးနိုင်ပါဘူး မောင်…။ ဒါပေမယ့်မောင်..။ မေယုံကြည်ပါ တယ်။ တစ်ကယ်လို့ တစ်နေ့နေ့မှာ အလင်းဟာ ကမ္ဘာမြေပေါ်ကို တူညီစွာတပြိုင်နက် ကြရောက်မယ့် နေ့မျိုးကြရှိခဲ့မယ် ဆိုရင်တော့ အဲ့ဒီ့နေ့မှာ မေတို့တွေ ပြန်ဆုံကြဦးမှာပါမောင်…။

    “မေ…။ မောင်နဲ့ ပတ်သတ်လို့ မျက်ရည်ကျချင်တယ်ဆို..။ မောင် တိုက်ပွဲမှာ ကျသွားတဲ့အခါ ဂုဏ်ယူလို့ကျတဲ့ မျက်ရည်မျိုးပဲ ဖြစ်စေချင်တယ်…။”

    တစ်ခါက သူပြောခဲ့ဖူးသောစကား..။ သူမ မျက်ရည်ကျဖို့ အခြေအနေကြုံတိုင်း နိမိတ်မကောင်းလှသော သူ့စကားကြောင့် မျက်ရည်မကျမိရလေ အောင် သူမ ကြိုးစားတတ်ခဲ့ပါတယ်..။

    အခုလည်း သူမ ကြိုးစားနေမိတယ်…။ အောက်နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်ရင်း ရင်ထဲက လှိုက်လှိုက် တက်တာတဲ့ ဆို့နင့်မှုများကို မျိုချကာ မျက်ဝန်းမှ စီးဆင်းလာမယ့် မျက်ရည်တွေ မကျစေဖို့ ထိမ်းချုပ်မိလိုက်တဲ့နောက်….။

    နှုတ်ခမ်းက သွေးတစ်စက် သူမရှေ့မှာချထားတဲ့ ခပ်ပါးပါး စာအုပ်လေးတစ်အုပ်ရဲ့ အဖုံးပေါ်..။ သို့မဟုတ် စာကြောင်းတစ်ခုအပေါ်သို့…။ တိကျစွာ ကျဆင်းသွားခဲ့ပါတော့တယ်…။

    EUROPEAN UNION

    UNITED KINGDOM OF GREAT BRITAIN

    AND NORTHERN IRELAND

    PASSPORT

    P.S- ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့  Distance Relationship များ အားလုံးအား ခေတ်အခြေအနေနှင့် ယှဉ်ထိုး၍ ရည်ညွှန်းပါသည်။

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    39 Responses to “ကျွန်တော်နှင့် သူမ (၄)”

    1. မိုက်လှပေတယ်..။ ဒီလိုအဖြစ်မျိုးတွေ တကယ်ရှိတာပါ။

      Like or Dislike: Thumb up 0 Thumb down 0

    2. ဂွတ်ထ ….ဂွတ်ထ…း)

      Like or Dislike: Thumb up 0 Thumb down 0

    3. ဖတ်ပြီး ငါအရမ်းဝမ်းနည်းမိတယ်

      Like or Dislike: Thumb up 0 Thumb down 0

    4. ကြေကွဲဖွယ်ရာ ဇတ်လမ်းလေးပဲ…။ အားလုံး ပေါင်းနိုင်ကြပါစေ…။ ဒါပေမယ့် တစ်ဖက်သတ်ဆန်လွန်းတယ်။ မိန်းကလေးက အကြောင်းမဲ့ကြီး ထားသွားတာတော့ မဖြစ်နိုင်လောက်ဘူး။ :P ဘာပဲဖြစ်ဖြစ် အားလုံးက ကိုယ့်နိုင်ငံမှာ နေချင်ကြတာပါ :(

      ငါကတော့ နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကို နားထောင်မယ် :)

      Like or Dislike: Thumb up 0 Thumb down 0

    5. ကွဲရတဲ့အကြောင်းရင်းလေးက သိပ်ကို ခံစားရတယ်.. တယောက်က အမိမြေကို ချစ်မြတ်နိုးတဲ့သူ…. တယောက်က တိုင်းတပါးမှာ ပျော်မွေ့ သွားတဲ့သူ… ဖတ်ပြီးပြီးချင်းတော့ မေနှင်းစက်ကို ဒေါသထွက်မိတယ်.. ဒီမြေကနေ ဆရာဝန်ဖြစ်တဲ့အထိ ပညာသင်ပေးတာကိုမှ မထောက် ဘဲ ကိုယ့်မြေကို မချစ်ရကောင်းလားလို့ … ဒါပေမဲ့လည်း သူ့ ဘ၀တတ်လမ်း အတွက် သူရွေးတာဖြစ်မှာပေါ့… ဒီလိုလေးတွေအပြင်မှာလည်း တကယ် ရှိတတ်ကြပါတယ်… ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် အမိမြေသာ အကောင်းဆုံးပါ…. ဦးနှောက်က ဘ၀ကို စစ်ကူပေးလိုက်လို့  နှလုံးသား ကားစင်တင်လိုက် ရတာပေါ့လေ…..

      အားပေးလျက်

      Like or Dislike: Thumb up 0 Thumb down 0

    6. ဟင်းးးး… အမိမြေသည် အကောင်းဆုံးပါ မြန်မာလူမျိုးတိုင်းလဲ အမိမြေမှာပဲ ပျော်ရွှင်စွာ နေချင်ကြပါတယ်…
      သို့သော် သန်းပေါင်း ဆယ်ဂဏန်းနဲ့ ချီတဲ့ မြန်မာလူမျိုးတွေ ကဲ မင်းတို့ သွားလိုရာ သွားကြ သူတို့သွားချင်တဲ့ နိုင်ငံတွေကလဲ လက်ခံမယ် ဆိုရင်..
      သိန်းဂဏန်းလောက်ပဲ မြန်မာပြည်ထဲမှာ ကျန်ခဲ့မယ်လို့ ထင်တယ်….
      ဒါဟာ ဘာကြောင့်လဲ??? အဲဒီလူတွေ ကိုယ့်တိုင်းပြည်ကို မချစ်လို့ မဟုတ်ဘူး.. ချစ်လျှက်နဲ့ ကိုယ့်တိုင်းပြည်မှာ နေချင်လျှက်နဲ့ နေလို့ မရနိုင်လောက်အောင် ပူလောင်မှုတွေ ပေးနေတဲ့ သူတွေ ရှိနေလို့ပဲ..။

      Like or Dislike: Thumb up 0 Thumb down 0

    7. ဇတ်သိမ်း မရောက်ခင် ပြောသွားတဲ့ တော်ကီလေးတွေ အရမ်းထိတယ် ၊ ဘယ်လို ချစ်သူမျိုးလဲ ….,,,,,,,,,,,,,,,,,,,,,,,,,,,

      Like or Dislike: Thumb up 0 Thumb down 0

    8. I read it with my heart . Thanks for sharing , my brother.
      It really touches my heart.
      Nice writing!
      cheers!

      Like or Dislike: Thumb up 0 Thumb down 0

    9. တဖဲ့ပြီး တဖဲ့ ပြီးတော့ တစ်ယောက်ပြီး တစ်ယောက် ။ ဘယ်လို ဒဏ်ခတ်မှုလဲဗျာ ။

      Like or Dislike: Thumb up 0 Thumb down 0

    10. ကျွန်တော်နဲ့သူမ ဆိုလို့ အပြေးအလွှားလာဖတ်သွားပါတယ်။

      ဒီခောတ်ထဲမှာ Distance Relation တွေများလာတယ်။ များလာတာနဲ့အမျှ ကြေကွဲခြင်းတွေလည်း များလာရတယ်။ နာကျင်ကြရတယ်။

      ဒီသံသရာထဲမှာ နောက်ထပ်နှစ်ပေါင်းဘယ်လောက်အထိ ဆက်ပြီးကျင်လည်နေကြရမလဲဆိုတာ…

      Like or Dislike: Thumb up 0 Thumb down 0

    11. ဝှူးးးးးးးးးးးးးးး
      လူတဦးတယာက်ချင်းစီမှာရှိနေခဲ့ကြတဲ့
      ခေါင်းမာတတ်တဲ့ ခံယူချက်တွေပဲပေါ့…..
      အဲဒီလိုနဲ့ပဲ…………

      Like or Dislike: Thumb up 0 Thumb down 0

    12. ကျိန်စာသင့်နေတဲ့ ဘ၀တွေ လို့  ပဲ…..

      ဘယ်မှာဘယ်လောက်ပြည့်စုံနေပါစေ..အမိမြေကိုချစ်ကြ အမိမြေမှာပဲနေချင်ကြသူတွေချည်းပါ..

      ဆုပ်လဲစူး စားလဲရူး..
      မိတကွဲ ဖတကွဲ ..သားတကွဲ မယားတကွဲ ချစ်သူတကွဲ ဘ၀ လေးတွေ ဘယ်တော့များမှ ငြိမ်းချမ်းရာ ရပါ့မလဲ..

      ဟူး.. မောပါတယ်..

      Like or Dislike: Thumb up 0 Thumb down 0

    13. ယောကျာ်းတယောက်နဲ့ မိန်းမတယောက်ရဲ့ အချစ်ကို ဦးစားပေး ခံစားသွား တယ် အကိုရေ .. ။ ချစ်တဲ့သူတိုင်း ညားစေချင်ပေမဲ့ အခြေအနေ အချိန် အခါ အဖြစ်အပျက်တွေက တကယ့်ကို ဆိုးလွန်းကြပါတယ်လေ ။

      Like or Dislike: Thumb up 0 Thumb down 0

    14. ဖတ်နေရင်းလဲ ရင်မောတယ် ဖတ်ပြီးတော့လဲ ရင်မောတယ်။ ဦးနှောက်နဲ့ နှလုံးသားကြား ဗျာများရတဲ့လူတွေ ဘယ်လောက်များများ ရှိနေဦးမှာလဲလို့လည်းတွေးမိတယ်..။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာနဲ့ ကို ချိန်ထိုးရင်း ရင်မောရတာတွေ ဘယ်လောက်များရှိနေကြမလဲ။ ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျနိုင်ကြရင် သိပ်ကောင်းမှာနော်..(သိပ်များလောဘကြီးနေမလားပဲ =) )

      Like or Dislike: Thumb up 0 Thumb down 0

    15. ခံစားသွားပါတယ် အကို . . .
      သူ့ဘက်က ” က ” ၊ သူမဘက်က ” ယ ” ၊
      တစ်ချိန် …
      ဒါတွေအားလုံး ပြည်ဖုံးကားချလို့ရတဲ့အချိန် သံယောဇဉ်တွေနဲ့ ရင်ခုန်နေဖို့ ဆိုတာ မသေချာလောက်ဘူးဗျာ ။ သူ သို့မဟုတ် သူမ ပေါ့ . . . ။

      Like or Dislike: Thumb up 0 Thumb down 0

    16. ရင်မောတယ်။ ကိုယ်တိုင်မကြုံရသေးပေမယ့်.. ကြုံထားဘူးသူတွေကိုတော့ ကိုယ်ချင်းစာသား..

      Like or Dislike: Thumb up 0 Thumb down 0

    17. ***သံယောဇဉ်ဆိုတဲ့ကြိုးကို တတိတိ မျှင်းကာဖြတ်နိုင်သော ဓားအား… မာန ဟု ခေါ်လေသည်…။
      BLACK DREAM***

      ထပ်တူမကျနိုင်တဲ့ ယုံကြည်မှု ၊ မျှော်လင့်ချက်နဲ့မာနတွေဟာ.. မနီးစပ်နိုင်ခြင်းကိုပဲ..ဖြစ်ပေါ်စေတယ်ဆိုတာ….

      Like or Dislike: Thumb up 0 Thumb down 0

    18. ဖတ်ရတဲ့သူကတော့ ငိုရမလားပဲဟေ့ .. အရေးအသားကတော့
      လေးစားပြီးသားပဲ … အင်း … ဖြစ်တက်ပါတယ်လို့ပဲ ဆိုရမလားပဲ

      Like or Dislike: Thumb up 0 Thumb down 0

    19. “သူကသာလျှင် ဆွဲင်အားမဲ့ခဲ့တဲ့ ကမ္ဘာမြေပြင်တစ်ခု ဖြစ်ခဲ့တာပါ…။”
      ဆွဲအားမဲ့ခဲ့တာ ကမ္ဘာမြေရဲ့အပြစ်တော့ မဟုတ်တာသေချာတယ်။ ကံတရားနဲ့ အခြားအခြားသော အကြောင်းတွေကြောင့်လို့ပဲ မှတ်ချက်ချရတော့မှာပဲ။

      “ဦးနှောက်သည်
      ဘ၀အား စစ်ကူပေးသောအခါတွင်
      နှလုံးသားသည် ကားစင်တက်ရလေသည်..။”
      ဦးနှောက်ရဲ့ စစ်ကူက ဘဝမှာ အမြဲလိုအပ်နေတော့လည်း ခက်သားလား မောင်လေးရေ။ တခါတခါ နှလုံးသားက ခံဘက်က ချည်းလိုပဲ။ ဒီအဖွဲ့လေးလှတယ်။

      “ဘ၀လုံးစာ ခါးသီးပြစ်လိုက်ဖို့အတွက် လုံလောက်တဲ့ သံသယ တစ်ခုတော့ ပေးသင့်တယ်…”
      “မေ သိတယ်….။ အဲ့လို သိနေခြင်းနဲ့ အခုလို သက်ရှိတစ်ယောက် ဖြစ်နေရခြင်းကိုကပဲ မေတို့နှစ်ယောက်ကို အဝေးဆုံး တွန်းပို့ခဲ့ပြီမောင်…။”
      ဖတ်ပြီး မျက်ရည်တောင် ဝဲချင်ချင်ရယ်။

      စာတစ်ပုဒ်အတွက် အချိန်၊ ခံစားချက်နဲ့ လေးနက်မှု ဘယ်လောက် ပေးထားတယ်ဆိုတာ စာဖတ်ကြည့်ရုံနဲ့တင် သိသာတယ် မောင်လေးရေ။ “ကျွန်တော်နဲ့သူမ” တွေအားလုံးက ထိရှစေတာချည်းပါပဲ…

      Like or Dislike: Thumb up 0 Thumb down 0

    20. စာတပုဒ်ခြင်း ခံစားမူ့တခုစီပေးတယ် ။
      တပုဒ်လုံးပြီးသွားတော့ ခံစားမူ့ အားလုံး ပြန်ပေါင်းပေးတယ် ။
      ခြုံပြောရရင် ကောင်းတယ် ။ လေးနက်မူ့ ပေါ့တယ် ။ ခပ်ပါးပါး ထိတယ် ။
      ဒါပဲ ။။။းP

      Like or Dislike: Thumb up 0 Thumb down 0

    21. အစ်ကို ကျွန်တော်နောက်ကျစွာနဲ့လာဖတ်သွားတယ်ဗျ။ အဲဒီခံစားမှု့မျိုးကျွန်တော်သိတယ်ဗျာ။ ကျွန်တော်အခုချိန်မှာအဲလိုခံစားမှု့မျိုးတွေကိုမခံစားချင်တော့ဘူးဗျ။ ကျွန်တော့်ဘလောခ်မှာ တစ်ခါတင်ခဲ့ဖူးသလိုပေါ့အစ်ကို… မိန်းကလေးအများစုဟာ အစပိုင်းမှာတော့ နှလုံးသားနဲ့စဉ်းစားပြီး နောက်ပိုင်းမှာ ဦးနှောက်နဲ့ဆုံးဖြတ်မှု့ပိုများလာတာများတယ်ဆိုတာလေ။ ဒါနဲ့နောက်လိုက်ပါဦးမယ်။

      @ အပျိုကြီး “ကိုမ” နှလုံးသားရဲ့ဆုံးဖြတ်ချက်ကိုနားထောင်မယ်တဲ့..သူလဲချစ်ရမယ့်လူတွေ့နေပြီထင်တယ်။

      @ ကိုကြီးလင်းထက် ကွန့်သွားတာလေးကို အရမ်းကြိုက်တယ်ဗျာ။

      ဒါနဲ့ ဒီဇာတ်လမ်းလေးက အစ်ကို့အဖြစ်အပျက်တော့မဟုတ်ပါဘူးနော်???

      Like or Dislike: Thumb up 0 Thumb down 0

    22. I like it very much . After reading, I feel sad.

      Like or Dislike: Thumb up 0 Thumb down 0

    23.ံယောဇဉ်ဆိုတဲ့ကြိုးကို

      တတိတိ မျှင်းကာဖြတ်နိုင်သော

      ဓားအား…

      မာန ဟု ခေါ်လေသည်…။
      ငါမင်းအပေါ်ထားတဲ့ မေတ္တာတရား၊ မြတ်နိုးမှု၊ ယုံကြည်မှုနဲ့ သစ္စာ တရားဟာ ချစ်တယ် ဆိုတဲ့ စကားတစ်လုံးထက် အများကြီး လေးနက်တယ် မေနှင်းစက်..။ ဒီလောက် ထုထည် ကြီးကြီးမားမားနဲ့ တည်ဆောက်ထားတဲ့ ငါ့ရဲ့တန်ဖိုးထားမှုကို ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့်နဲ့တော့ ငါ ဘယ်လိုမှ အပျက်အဆီး အတိမ်းအစောင်း မခံနိုင်ဘူးဆိုတာ မင်းသဘော ပေါက်ထားပါ…။ အေး ဒါပေမယ့် ငါနဲ့လမ်းခွဲမှ မင်းစိတ်ချမ်းသာမယ်..။ မင်းအတွက် အဆင်ပြေမယ် ဆိုရင်တော့ ရတယ် မေနှင်းစက်..။ ရတယ်..။ မင်း နောက်ဆုံး သိထားဖို့ တစ်ခုကတော့ တစ်ချိန် မင်းစိတ်တွေ ပြောင်းသွားလို့ ငါ့ဆီ ပြန်လာချင်တယ်ဆိုတဲ့ တစ်နေ့..။ မင်းတံခါးမခေါက်ပါနဲ့..။ ငါ့ရင်ဘတ်ကို ဖွင့်နိုင်တဲ့ တစ်ချောင်းထဲသော သော့ဟာ မင်းဆီမှာ ရှိပြီးသားပါ..။ ထာဝရမဟုတ်ပေမယ့်…။ ငါ နှုတ်ဆက်ပါတယ်…။
      တကယ်ကောင်းပါသည်။သေသေချာချာဖတ်ရှူခံစားသွားပါသည်။

      Like or Dislike: Thumb up 0 Thumb down 0

    24. အက်ကိုရေ ဖတ်လို့ မဝသေးဘူးဗျာ၊ နောက်တစ်ခေါက်လာဖတ်အုံးမယ်။
      အစ နှစ်ပိုင်းပဲ ဖတ်ရသေးတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    25. ဖုန်းမချခင်ပြောသွားတဲ့စာသားလေးတွေမိုက်တယ်ဗျာ…………..။ အကိုတို့လိုရေးတတ်ဖို့ တော်တော်လေးကိုကြိုးစားရဦးမယ်……..။

      Like or Dislike: Thumb up 0 Thumb down 0

    26. အင်း …….ကျွန်တော်တို့အသိုင်းအဝိုင်းမှာ စကားတွေမိုးမွှန်နေခဲ့ပေါ့။
      စကားတွေနဲ့ ဘဲ ကျွန်တော်တို့ ကိုရစ်ပတ်ခဲ့။
      ဒီစကားတွေနဲ့ ဘဲ ကျွန်တော်တို့ လွမ်းဆွေးခဲ့ကြ။ ပူဆွေးခဲ့ကြ။ ကြာလာတော့လဲ ……….အဲဒီလို ပြန်လွမ်းချင်လို့ တောင်လွမ်းလို့ မရ။
      အလွမ်းဆို ……..သူ့ အလိုလို ဖြစ်တာ… လုပ်ယူလို့ မှ မရတာ။
      ခံစားခဲ့ဘူးတဲ့အတိုင်း..ခံစားမိပါတယ်။
      တန်ဘိုးရှိခဲ့တဲ့ ………..အချိန်တွေ ဖြတ်သန်းခဲ့လို…အခုတော့လဲ အားလုံးပျောက်ဆုံးသွားခဲ့ကြပေါ့။
      ကံကောင်းလို့ ဒီလို ခံစားကြရတာလို့ မှတ်ပါတယ်။
      ဆက်လက်ခံစားပြီး ဆက်လက်ကံကောင်းကြပါစေ…..ဒီဇတ်လမ်းကို ဖတ်တော့………..တစ်ခုခုကို သတိရမိသလိုရှိလာတယ်….ကောင်းပါတယ်…

      Like or Dislike: Thumb up 0 Thumb down 0

    27. well, another nice post…sharp words bro.

      Like or Dislike: Thumb up 0 Thumb down 0

    28. အစ်ကို့အဖြစ်က သိပ်ခံစားရမှာပဲနော်

      Like or Dislike: Thumb up 0 Thumb down 0

    29. ကိုယ့်အတွက်မဟုတ်ပေမယ့်…..
      တစ်ခါတစ်လေကျတော့ သူ့အတွက်လုပ်ပေးရတာတွေလည်း ရှိမှာဘဲ….
      Life ကိုထုဆစ်ကြတဲ့အခါ တစ်မြေထဲမှာမရှိနိုင်မဲ့ သူတွေအတွက်
      ခေတ်ကပေးတဲ့ side effect ဘဲလေ……

      Like or Dislike: Thumb up 0 Thumb down 0

    30. ကောင်းပါတယ်ဗျာ
      တကယ်ရှိကြပါတယ်
      ကိုယ့်အတွက် မဖြစ်လာပေမယ့် သူ့အတွက် ကောင်းတာ မဟုတ်နိုင်ရင်တောင်မှ အဆင်ပြေအောင်နေပေးနိုင်ရင် ကျေနပ်ကြရမှာပေါ့ဗျာ
      “မေ…။ မောင်နဲ့ ပတ်သတ်လို့ မျက်ရည်ကျချင်တယ်ဆို..။ မောင် တိုက်ပွဲမှာ ကျသွားတဲ့အခါ ဂုဏ်ယူလို့ကျတဲ့ မျက်ရည်မျိုးပဲ ဖြစ်စေချင်တယ်…။”
      ဒီစကားကိုတော့ကြိုက်တယ်ဗျာ

      Like or Dislike: Thumb up 0 Thumb down 0

    31. ako a yae a tar ka top byarrrrr,………
      lone wa pae,………a yan mite talllllllllll,………
      aung myin par say ako,……..

      Like or Dislike: Thumb up 0 Thumb down 0

    32. where is 1,2 and 3 ???

      Like or Dislike: Thumb up 0 Thumb down 0

    33. အရမ်းကိုလေးနက်လွန်းပါတယ်ဗျာ ဖတ်ပြီး တော်တော်လေးလည်းခံစားခဲ့ရတယ် ကျွန်တော်ဒီကိုမျက်စိလည်လမ်းမှားပြီးရောက်လာခဲ့တာအကို ကျွန်တော်အကိုရဲ့ ဂျူနီယာတစ်ယောက်ပါ နှလုံးသားကိုရင်းပြီး မာနနဲ့ရှေ့ဆက်နေတဲ့အကို့ကိုကျွန်တော်လေးစားပါတယ်အကို ကျွန်တော် 48 ကပါ အကို

      Like or Dislike: Thumb up 0 Thumb down 0

    34. သူမက ခု ဘယ်ရောက်သွားလို့လဲ….

      Like or Dislike: Thumb up 0 Thumb down 0

    35. ကျွန်တော်နှင့် သူမတိုင်း ဟာရင် နှင့်  အမျှခံစားရေးထားတယ် ထင်ပါရဲ့ 
      blackdream ရယ်

      Like or Dislike: Thumb up 0 Thumb down 0

    36. ကြေကွဲရတာပေါ့နော်blackdreamရယ်

      Like or Dislike: Thumb up 0 Thumb down 0

    37. နှစ်ယောက်လုံးကို နားလည်တယ်..ကောင်မလေးမှာ အခက်အခဲတွေ ရှိနေလိမ့်မယ်..ဘယ်လိုမှ ပေါင်းစပ်လို့ မရတော့ဘူးဆိုရင်တော့ ” မေတ္တာ. ဂရုဏာ .မုဒိတာ.” တွေနဲ့  ပေါင်းစပ်ထားတဲ့ “ဥပေက္ခာ”နဲ့  ဥပေက္ခာပြုလိုက်ပါလို့ အကြံပေးချင်ပါတယ်..

      လေးစားစွာဖြင့်

      ငွေအိမ်စံ

      Like or Dislike: Thumb up 0 Thumb down 0

    38. တိုက်ဆိုင်လိုက်တာ အဖြစ်အပျက်တွေက ကွက်တိဖြစ်နေပါလား ။ နိုင်ငံလေးကွာနေတာ တစ်ခုဘဲရှိတယ် ။

      Like or Dislike: Thumb up 0 Thumb down 0

    39. ကျတော့်ကို ရည်ညွန်းခြင်းမဟုတ်ပေမယ့် ရည်ညွန်းနေသယောင်ယောင်လို့သာ ဆိုချင်တော့သည်။
      ဘ၀ က လည်း ဦးနှောက်ကို စစ်ကူမတောင်းချင်ပဲတောင်းခဲ့ရတာကိုတော့
      နှလုံးသားတစ်ခု နားလည်နိုင်ကောင်းရဲ့။း
      မျက်စိလည်ပြီးရောက်လာခဲ့ပေမယ့်ထိရှမှုတစ်ခုကိုပေးနိုင်ခဲ့တယ်.

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply