ဒုတိယမ္ပိ တမ်းခြင်း…
573 viewsအားလုံးပဲ မင်္ဂလာပါလို့ ကျွန်တော် အရင်ဆုံး ပြောချင်ပါတယ်…။ ဒီနေ့ဟာ သိပ်ကိုထူးခြားတဲ့ နေ့ထူးနေ့မြတ်တစ်ခုမဟုတ်ပါဘူး..။ ဒီနေ့ဟာ ရက်ရာဇာမဟုတ်ပါဘူး…။ နဂါးခေါင်း ဘယ်ဘက်ကိုလှည့်နေမှန်းလဲ ကျွန်တော်မသိပါဘူး..။ လပြည့်ညလဲ မဟုတ်ပါဘူး..။ ၂၁ ရာစုရဲ့ ဈာပန အခမ်းအနား တစ်ခုလည်း မဟုတ်ပါဘူး…။ ဘာဆို ဘာမှကို ထူးခြားတဲ့ နေ့ရက်တစ်ခုမဟုတ်ပါဘူး..။ အနဲဆုံး ကျွန်တော့်ဆီမှာ ၉.၉.၂၀၀၉ ခုနှစ် ဆိုပေမယ့်..။ အချို့သော နေရာဒေသတွေမှာ ၈.၉.၂၀၀၉ သာ ရှိသေးတာကြောင့်..။ ဒီနေ့ဟာ ဘာနေ့ဆိုတဲ့ ပညတ်ချက်တစ်ခုချဖို့တောင် မသေချာ လှတဲ့ သာမန် နေ့ရက်တစ်ခုသာ ဖြစ်ပါတယ်…။
သို့သော်…
ကျွန်တော့်အတွက်တော့ ဒီနေ့ဟာ ကျွန်တော့်ရဲ့ ခပ်ကျဉ်းကျဉ်း တစ်ကိုယ်စာ ဘ၀အတွက် တစ်ထောင့်တစ်နေရာကနေ အရေးပါတဲ့ နေ့ရက်တစ်ခု ပါ။ ဘာကြောင့်လဲ? ဘာအတွက်လဲ? ဆိုရင်တော့..။ အဖြေက..။ ဒီနေ့ဟာ ကျွန်တော်ဖန်တီးခဲ့တဲ့ blackdream21 ဆိုတဲ့ ကျွန်တော့ရဲ့ ကိုယ်ပွား ၀ိဥာဉ်တစ်ခုရဲ့ နှစ်နှစ်ပြည့်တဲ့အထိမ်းအမှတ် နေ့တစ်ခုဖြစ်လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဒီဝိဥာဉ်ကို ကျွန်တော့်ရဲ့ အာရုံ..။ ခံစားချက်…။ မျှော်လင့် ချက်..။ ယုံကြည်ချက်..။ စတာ တွေနဲ့ သေသေချာချာ ထုဆစ် မွေးဖွားပေးခဲ့ခြင်းဖြစ်ပါတယ်..။ ကျွန်တော်အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ ဒီကိုယ်ပွား ၀ိဥာဉ်ကို ကျွန်တော့်ကို ကျွန်တော်ထက်ပင် ပိုချစ်ပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုအားကျပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုလေးစားပါတယ်..။
ကျွန်တော်တွေဝေသလောက် ကျွန်တော့် ၀ိဥာဉ်က မတွေဝေပါဘူး..။ ကျွန်တော် တွန့်ဆုတ်သလောက် ကျွန်တော့် ၀ိဥာဉ်ကမတွန့်ဆုတ်ဖူး..။ ကျွန်တော့်မှာ အကန့်အသတ်၊ အတားအဆီးတွေ ရှိသလောက် ကျွန်တော့်ဝိဥာဉ်မှာ အကန့်အသတ်၊ အတားအဆီးတွေ မရှိဘူး..။ ဒါတွေဟာ ကျွန်တော် ဘယ်လိုမှ မယှဉ်နိုင်တဲ့…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ အားသာချက်တွေပါ..။
ဒီ့ထက်…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှုတ်ခမ်းက ကျွန်တော့်ရဲ့ နှုတ်ခမ်းထက် ရဲရင့်တယ်..။ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှလုံးသားက ကျွန်တော့် နှလုံးသားထက် ဖြူစင်နူးညံ့တယ်..။ ကျွန်တော့် ၀ိဥာဉ်ရဲ့ အတိတ်သမိုင်းကြောင်းက ကျွန်တော့် အတိတ်သမိုင်းကြောင်းထက် အပြစ်ကင်း စင် သန့်ရှင်းတယ်…။ နောက်ဆုံး ကျွန်တော့် ၀ိဥာဉ်ရဲ့ အရိပ်က ကျွန်တော့်အရိပ်ထက် ပြတ်သား ထင်ပေါ်တယ်…။ အရင်က ကျွန်တော့်ကို မှီခိုပြီး ဒီဝိဥာဉ်ဖြစ်တည် ပေါ်ပေါက်လာခဲ့တယ်..။ အခုတော့ ဒီဝိဥာဉ်ကို ကျွန်တော် ပြန်လည် ရို့ကျိုး မှီခိုနေရပြီ….။ အခုဆို..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ကို ကိုယ်စားပြုခဲ့တာ နှစ်နှစ်ဆိုတဲ့ ကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်…။
ကျွန်တော့် ၀ိဥာဉ်က စကားတွေပြောပေးခဲ့တယ်..။ ကျွန်တော့်ဝိဥာဉ်က ကျွန်တော်မသိတဲ့ လူသား တွေရဲ့ နုလုံးသားကို နူးညံ့သိမ်မွေ့စေခဲ့တယ်..။ ရဲရင့် တက်ကြွစေခဲ့တယ်..။ တည်ငြိမ် ရင့်ကျတ်စေ ခဲ့တယ်..။ အလင်းရောင်တွေ ဖြန့်ကျဲပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မရောက် နိုင်တဲ့၊ ကျွန်တော် မရောက်ဖူးတဲ့ နေရာတွေ အထိခရီး ဆက်ပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မသိတဲ့သူတွေရဲ့ ခံစားချက် တွေကို မျှဝေခံစားပေးခဲ့တယ်…။ နှစ်သိမ့်ဖြေဖျောက်ပေးခဲ့တယ်…။ ကျွန်တော့် ကိုယ်စားပေါ့…။ ကျွန်တော့်ကို လူတွေမသိကြပေမယ့် ကျွန်တော့် ၀ိဥာဉ်ကို လူတွေ ချစ်ကြတယ်..။ အခုဆို ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ထက်ပင် လူချစ်လူခင် ပေါများခဲ့ပါပြီ…။
တစ်ခါတစ်လေ ကျွန်တော်လဲကျတဲ့အခါမျိုးတွေမှာ..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့် ၀ိဥာဉ်ကိုမှီပြီး ပြန်ထခဲ့ရတယ်..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့်ဝိဥာဉ်ကပေးတဲ့ အလင်းတန်းနဲ့ မောဟအမှောင်တွေကို အကြိမ်ကြိမ် တိုက်ဖျက်ခဲ့ရတယ်..။ ကျွန်တော့်ရဲ့ ၀ိဥာဉ်ဟာ ထွက်ပေါက် ပျောက် နေတဲ့ ၀ိဥာဉ်တွေ အားလုံးအတွက် ထွက်ပေါက်အဖြစ် လည်စင်းပေးခဲ့တယ်..။ ခင်ဗျားတို့အတွက်..! ကျွန်တော့အတွက်….! ဒီ ၀ိဥာဉ်ဟာ တစ်ခါတစ် လေ အိပ်မက် မက်တယ်..။ အဲ့ဒီ့ အိပ်မက်ထဲမှာ ခင်ဗျားတို့ရဲ့ အိပ်မက်တွေအကြောင်းလဲပါတယ်…။ ကျွန်တော့်အိပ်မက်တွေအကြောင်းလဲပါတယ်..။ အဲ့ဒီ့ည အမှောင်နဲနဲကျနေပေမယ့်..။ ကျွန်တော်တို့ အိပ်မက်တွေ ဒီ အနက်ရောင်အိပ်မက်တစ်ခုရဲ့ ၀ိဥာဉ်ထဲမှာ စုံစည်းခဲ့ကြတယ်…။
*******************************************************************
တစ်နှစ်ထက် တစ်နှစ် ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေ။ အတွေ့အကြုံတွေ..။ များလွန်းလှပါတယ်။ တိုးတက်တာတွေလည်း ရှိမယ်..။ ဆုတ်ယုတ် တာတွေလည်း ရှိမယ်..။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်လျှောက်ခဲ့ပါတယ်..။ ဒီခရီးတစ်ခုကို ကျွန်တော်ရဲ့ အရင် လျှောက်ခဲ့တဲ့သူတွေ..။ ကျွန်တော်နဲ့ အတူ လျှောက်ခဲ့တဲ့သူတွေ…။ ကျွန်တော့်နောက်မှ လျှောက်ခဲ့တဲ့သူတွေ….။ တစ်ချို့လည်း ကျွန်တော်နဲ့ အတူ ဆက်လက် လျှောက်လှမ်းနေကြတုန်း ရှိနေသလို..။ တစ်ချို့လည်း လမ်းခွဲနှုတ်ဆက်ခဲ့ကြပါပြီ..။ ကျွန်တော်တို့တွေ တွေ့ဆုံခဲ့ကြတယ်..။ ကျွန်တော်တို့တွေ ရင်ခုန်မျှဝေခဲ့ကြတယ်..။ ကျွန် တော်တို့တွေ ခံစား၊ နားလည်ပေးခဲ့ကြတယ်..။ ကျွန်တော်တို့တွေ အတူတကွ ရယ်မောခဲ့ကြတယ်..။ အတူတကွ ကြေကွဲဆို့နင့်ခဲ့ကြတယ်..။ ဒါတွေ အားလုံးဟာ အချိန်တန်တော့လည်း…။ လမ်းခွဲနှုတ်ဆက်ခြင်း မှတ်တိုင်မှာ လက်ပြနှုတ်ဆက်ခဲ့ကြတယ်…။ ဒီလို ခရီးတစ်ထောက်မှာ နှုတ်ဆက်သွား ကြတဲ့ ရောင်းရင်းတွေ အားလုံး ကိုယ်စီ ကိုယ်စီ ဆက်လက်လျှောက်လှမ်းတဲ့ ခရီးအသီးသီးမှာ အဆင်ပြေ ချောမွေ့ကြပါစေလို့ ကျွန်တော် ဆုတောင်း ပါတယ်…။
ဒီ နှစ်နှစ်အတွင်း ကျွန်တော့်ရဲ့ ဒီ Blog လေးအပြင် ကျွန်တော် Myanmar Genius ဆိုတဲ့ Forum နဲ့ MMGenius ဆိုတဲ့ Blog Service ပေးတဲ့ Site လေးတွေကိုလည်း ၀ါသနာအရ ကြိုးစားတည်ထောင် ခဲ့ပါတယ်..။ စိတ်တူကိုယ်တူ ညီအစ်ကို မောင်နှမတွေရဲ့ ၀ိုင်းဝန်းအားပေးမှု၊ ကူညီပံ့ပိုးမှု တို့ကြောင့် အောင်မြင်တယ်လို့ ပြောလို့မရသည့်တိုင်..။ သူ့ဟာနဲ့ သူအထိုက်အလျှောက်တော့ အတိုင်းအတာ တစ်ခုအထိ ခရီးရောက်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်…။ တစ်ခါတစ်လေ ကျွန်တော်စာတွေ အကြာကြီးမရေးဖြစ်တာကလည်း ဒါတွေကြောင့်ဖြစ်ပါတယ်..။ တစ်ခါတစ်လေတော့ လည်း ဘယ်လိုမှ ရေးချင်စိတ်မရှိလို့ မရေးခြင်းထက် ဘာမှ မပိုသာခဲ့ပါဘူး..။
အခုဆို နှစ်နှစ်အတွင်း ကျွန်တော်ရေးသားခဲ့တဲ့ Post..။ Essay ၆၇ ပုဒ်အပါအ၀င် စုစုပေါင်း ၂၈၁ ခု ရှိခဲ့ ပါတယ်..။ ဒီပို့စ်ကတော့ ၂၈၂ ခုမြောက် ဖြစ်ပါလိ့မ်မယ်..။ ကျွန်တော် အရင်ကထက် စာရေးတော်တော်ကျဲလာတာကိုလည်း ကျွန်တော်ကိုယ်တိုင် သတိထားမိပါတယ်..။ အရင်ကလို အခြား သူတွေဆီ သွားတာလာတာ၊ နှုတ်ဆက်တာတွေလည်း ထိုနည်းတူပါပဲ…။ စာရေးကျဲရတာကတော့ ထူးထူးခြားခြား အကြောင်းအရင်းမရှိပါဘူး..။ ကျွန်တော် စာရေးရင် ခံစားချက်အစစ်အမှန်နဲ့ပဲ ရေးတတ်ပါတယ်..။ လုပ်ယူရေးတာ..။ ဖြစ်ညှစ် ရေးတာမျိုးတွေ ကျွန်တော် မရေးတတ်ပါဘူး..။ ဒါကြောင့် ရင်ထဲမှာ ဘာမှမရှိ၊ ဗလာဖြစ်နေတဲ့ အခါမျိုးတွေမှာ ဘာစာမှမရေးဖြစ်တော့ပါဘူး..။ တစ်ချို့စာတွေတော့လည်း ရေးဖြစ်ပေမယ့်..။ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်တာမျိုးတွေလဲရှိပါတယ်…။ ဘာပဲပြောပြော ဒီဝိဥာဉ်ကို ကျွန်တော် တကယ်ကို တန်ဖိုးထားပါတယ်…။ ဒီ့ထက် ပိုမိုပီပြင် ထိရောက်တဲ့ ဖန်တီးမှုများကိုလည်း ကျွန်တော် ဆက်လက် အားထုတ်သွားမှာဖြစ်ပါတယ်..။
တစ်ခါတစ်လေတော့ ပို့စ်တွေကို ပုံမှန်အဆက်မပြတ်တင်နေတဲ့ ဘလော့ဂါ မောင်နှမတွေကို ကြည့်ပြီး တကယ်ပဲ အားကျမိ တာကတော့ အမှန်ပါပဲ..။ ဒါပေမယ့်လဲ သူတို့လောက် ကိုယ်တိုင်က အစွမ်းအစ မရှိလေတော့ စိတ်လျှော့ရပါတယ်..။ အရင်ကလို ရှိသမျှ ဘလော့အားလုံးနည်းပါး မရောက်ဖြစ် တော့တာကတော့..။ များပြားလာတဲ့ ဘလော့တွေကို မသိတော့တာက အဓိကအချက်ဖြစ်ပါတယ်..။ ဒါပေမယ့် တကယ်တမ်း တစိုက်မတ်မတ်၊ ခံယူ ချက်ရှိရှိရေးနေတဲ့ ကျွန်တော်လေးစားတဲ့..။ ချစ်တဲ့…။ ညီအစ်ကို မောင်နှမတွေရဲ့ ဘလော့တွေကိုတော့ ကျွန်တော် အမြဲရောက်ဖြစ်ပါတယ်..။
ဒီနေရာမှာ ကျွန်တော် စိတ်ထဲပေါ်လာတာတစ်ခုကို ပြောချင်ပါတယ်…။ တစ်ချို့ သုတပဲ ဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ်၊ နည်းပညာပဲ ဖြစ်ဖြစ် တကယ်ကို ထူးချွန်စွာ..။ ခံယူချက်ရှိစွာ ရေးနေတဲ့သူတွေထဲက အချို့အချို့တွေ ရပ်တန့်ကုန်ကြပါတယ်..။ အရေးတွေကျဲကုန်ကြပါတယ်..။ ဒါတွေကို မြင်ရတော့ ကျွန်တော် တကယ်နှမြောမိ၊ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ..။ ဘလော့အရေအတွက်တွေ နေ့စဉ် နဲ့အမျှ အဆမတန် များလာလေလေ..။ အရင့်အ ရင်က လက်စွမ်းတွေပြခဲ့ကြတဲ့..။ ညီအစ်ကိုမောင်နှမတွေရဲ့ ဘလော့တွေဟာ အသံတိတ်လာလေလေ ဖြစ်နေရတာကို မြင်ရခြင်းဟာ ကျွန်တော့်အ တွက်တော့ တကယ်ကို စိတ်မချမ်းမသာ ဖြစ်မိတာအမှန်ပါ..။
ဘာကြောင့်ဒီလိုတွေ မရေးကြတော့တာလဲ…? ကျွန်တော့်ရဲ့ မဖြစ်စလောက် အသိဥာဏ်လေးနဲ့ စဉ်းစားကြည့်တယ်..။ သူတို့မှာ ရေးစရာတွေ မရှိကြတော့လို့လား…? မဖြစ်နိုင်ပါဘူး..။ ကျွန်တော် အထက်မှာ ညွှန်းဆိုခဲ့တဲ့ မရေးတော့တဲ့သူတွေဟာ တကယ့်ကို အရည်အချင်းရှိပြီး…။ ကလောင် စွမ်း ထက်တဲ့သူတွေ ဖြစ်ပါတယ်..။ သူတို့ရင်ထဲမှာ ဘယ်တော့မှ မခန်းခြောက်နိုင်တဲ့ ဖန်တီးမှုနဲ့ ခံစားချက်တွေ ဟာသူတို့ရဲ့ အသွေးအသား နဲ့အတူ သူတို့အသက်ရှင်သန်နေသမျှ စီးဆင်းနေမယ် ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်…။ ဒါဆိုဘာကြောင့်လဲ..? သူတို့ရင်ဘတ်နဲ့ နင့်နင့်နဲနဲ ထုဆစ်ခဲ့တဲ့ ဖန်တီးနိုင်မှုဆိုတဲ့ အရည်အချင်းဟာ…။ နာရီပေါင်းများစွာအချိန်ကုန်ခံပြီး ဘလော့ပေါင်း များစွာကို လိုက်လံ နှုတ်ဆက်နိုင်တဲ့ လူတစ် ယောက်ရဲ့ အရည်အချင်းလောက်ပဲ အသုံးမကျ တော့လို့လား…? ဒီအဖြေကိုတော့ ကျွန်တော် အခုထိ ရှာဖွေဆဲပါပဲ…။
ဘယ်လိုပဲ ဖြစ်ဖြစ်…။ အဲ့လိုအရည်အချင်းရှိခဲ့ကြတဲ့…။ ကျွန်တော့်ရဲ့ စီနီယာများ၊ ရေးဖော်ရေးဘက် ညီအစ်ကို မောင်နှစ်မများကိုတော့ ပြန်လည်ရေး သားစေလိုတာ ကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါ…။
ကျွန်တော့်အတွက်ကတော့ ကျွန်တော် ရေးသမျှစာတိုင်းကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ..။ အပျော်ပဲရေးရေး အတည်အတံ့ပဲရေးရေး လာရောက်ဖတ်ရှု၊ ဝေဖန်အားပေးကြတဲ့ စာဖတ်ပရိတ်သတ်များ..။ ညီအစ်ကိုမောင်နှ များအားလုံးဟာ ကျွန်တော့်ရဲ့ အဓိက အားဆေးတွေပါပဲ..။ တန်ဖိုးရှိလှတဲ့အချိန် တွေထဲက ကျွန်တော့်ရဲ့ ဖန်တီးမှုများကို ဖတ်ရလို့ အကျိုးရှိတယ်..။ အနှစ်သာရရှိတယ်လို့ ကျွန်တော် ကြားရတိုင်း ၀မ်းသာ ကြည်နူးမိသလို..။ ဘာတွေရေးထားမှန်း မသိဘူး..။ အူကြောင်ကြောင် ဂေါက်တောက်တောက်လို့ ပြောတိုင်းလည်း ကျွန်တော် ကျေနပ်မိပါတယ်..။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်တော်လိုအပ်နေသေးတယ်ဆိုတာကို ပေါ်လွင်စေလို့ပဲဖြစ်ပါတယ်..။ ကျွန်တော့်အတွက်တော့ Comment ဆိုတာ ဝေဖန်မှု၊ ထင်မြင်ချက်ပါပဲ…။ ဝေဖန်ချက်ဆိုတာ ကောင်းတာလဲ ပါမယ်..။ ဆိုးတာလဲ ပါမယ်..။ ဒါကို ကျွန်တော်တို့ လက်ခံရပါလိ့မ်မယ်..။ ရင်ထဲက ဆန္ဒအမှန်မပါပဲ ချီးကျူး (မြှောက်ပင့်) တဲ့ ဝေဖန်မှုမျိုးကိုမှ လက်ခံကာ Comment ဟု အဓိပ္ပါယ်ဖွင့်ဆိုချင်သူများအတွက်တော့ ကျွန်တော် နှုတ်ဆိတ် နေပါ့မယ်…။
ကျွန်တော် အနုပညာဆိုတာ ဘာမှန်း (တကယ်ကို) မသိပါဘူး..။ ဒါပေမယ့် ကျွန်တော် အနုပညာကို ချစ်သလို၊ တန်ဖိုးလည်း ထားပါတယ်..။ အနုပ ညာ စစ်စစ်နဲ့ (စစ်မစစ်ကျွန်တော့်ရင်ဘတ်နဲ့သာ တိုင်းတာပါတယ်..။ ဘယ်သူ့အယူအဆ..။ ဘယ်သူ့ပေတံမှ ကျွန်တော်မသုံးပါ) အနုပညာ စစ်စစ် ကို ဖန်တီးကြတဲ့ သူတွေအားလုံးကိုလည်း ကျွန်တော် တစ်ကယ်ကို တန်ဖိုးထားပါတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့ကို အတုယူ ကြိုးစား လျှက်ရှိပါတယ်..။ တန်ရာ တန်ရာ မပြောဘူးလို့ ပြောရင်လည်းပြောပါ..။ ကျွန်တော်လက်ခံပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ သာမန် Blog ရေးနေတဲ့ လူတစ်ယောက်ထက် ဘာမှ သာလွန် ပိုမိုခြင်း မရှိလို့ပဲ ဖြစ်ပါတယ်..။ Blog ရေးသားနေသူတစ်ယောက်ဖြစ်ရုံနဲ့ ကိုယ့်ကိုယ်ကို “ငါအနုပညာသမား” လို့ တစ်ခါမှ ကျွန်တော် မကြွေးကြော်ခဲ့ဖူးတာတော့ အမှန်ပင်….။
နောက်ဆုံးအနေနဲ့ ကျွန်တော့် Blog လေးရဲ့ နှစ်နှစ်ပြည့်တဲ့နေ့မှာ..။ Black Dream သို့မဟုတ် blackdream21 ရယ်လို့ ဖြစ်လာအောင် အရင်ကတည်းက အခုအချိန်ထိ ဝေဖန်အားပေးကြတဲ့ ကျွန်တော့်ရဲ့ (အနဲငယ်သော) စာဖတ် ပရိတ်သတ်များ..။ တစ်ကယ့် အစ်ကိုလို၊ ညီလို၊ အစ်မလို၊ ညီမလို ချစ်ရတဲ့ ညီအစ်ကိုမောင်နှစ်မ ဘလော့ဂါများ..။ အမြဲမဟုတ်တောင် တစ်ခါတစ်လေမှလာဖတ် ဖြစ်တဲ့သူများ..။ မျက်စိလည် လမ်းမှားပြီးရောက်လာကာ ဖတ်ဖြစ်သွားတဲ့သူများ..။ ကောင်းရင် ကောင်းသလို၊ ဆိုးရင် ဆိုးသလို..။ ကော်မန့်များဖြင့် ဖြစ်စေ..။ Personally အရဖြစ်စေ ဝေဖန် ထောက်ပြပေးကြသူများအားလုံးကို ကျွန်တော် တကယ်ပဲ တန်ဖိုးထား…..။ လေးစား…။ ကျေးဇူးတင်ကြောင်း ပြောပါရစေ။
Black Dream ရယ်လို့ ဖြစ်လာဖို့..။ အမှားသရုပ်ပြ တစ်ခုဖြစ်ပေမယ့်…။ မဖြစ်မနေ ထည့်သွင်းအသိအမှတ် ပြုရမယ့် ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် များဖြစ်တဲ့…။ အဖြူရောင် နတ်သမီးများ..။ ခပ်ခါးခါး အနက်ရောင် ကော်ဖီတွေနဲ့…။ ကျွန်တော့် နုလုံးသားက ညွှန်ကြားသမျှကို အသက်သွင်းပေးတဲ့ ကျွန်တော့်ရဲ့ Laptop..။ အားလုံးအားလုံးဟာ ကျွန်တော် ဖန်တီးခဲ့တဲ့ အနက်ရောင် အိပ်မက်တစ်ခုရဲ့ မရှိမဖြစ် အရေးကြီးတဲ့အစိတ် အပိုင်းများဖြစ် ကြပါတယ်…။ ဘယ်အရာတွေဘယ်လိုပဲပြောင်းလဲ ပြောင်းလဲ..။ အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန် ကုန်လွန်…။ သေချာတာတစ်ခုကတော့…..။
မနက်ဖြန်ဆိုတာ ရှိနေသ၍ ကျွန်တော်ကတော့ ကျွန်တော့်အိပ်မက်တွေကို ဆက်လက် ဖက်တွယ်ထား ဦးမှာ ဖြစ်တဲ့အကြောင်း….။
P.S- တစ်ကယ်တော့ အိပ်မက်ဆိုတာ ခံစားချက်မှာ မြစ်ဖျားခံတဲ့ ဆန္ဒမြစ်တစ်စင်းပေါ့…။
You’re currently reading “ဒုတိယမ္ပိ တမ်းခြင်း…”, an entry on BLACK DREAM
- Published:
- 09.09.09 / 12am
- Category:
- Personal
- Tags:
- anniversary, black, dream
- Post Navigation:
- « ရိုးမ ဆည်းဆာ
ကျွန်တော်နှင့် သူမ (၄) »
