• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ရိုးမ ဆည်းဆာ

    August 24 , 2009 | 1,108 views

    နိဒါန်း

    Check Mate သည် စစ်တုရင်ကစားဝိုင်းတစ်ခုအတွက် ဇာတ်သိမ်းကကွက် တစ်ခုဖြစ်သည်ဟု သင်အဆိုပြုမည်ဆိုပါက..။ Check Mate ဟူသော စကားလုံးသည် ထိုစကားလုံးဖြစ်ပေါ်လာဖို့ရန်အတွက် ကျဆုံးသွားခဲ့သည့် များစွာသော စစ်တုရင် တပ်သားများအားလုံးအား စစ်တုရင်ဘာသာ စကား ဖြင့် ” အလေးပြု” ဟု အမိန့်ပေးခြင်း ဖြစ်သည်ဟု သူ ပြန်ပြောဖြစ်မှာ သေချာပေသည်…။

    အခန်း (၁)

    “Love All…”

    သူရော…။ စောအယ်ဒိုရော…။ အသံလာရာဆီသို့ ပြိုင်တူလှည့်ကြည့်လိုက်မိသည်…။

    ဆည်းဆာသည် အနောက်ဘက် မိုးကုတ်စက်ဝိုင်းတွင် အဆုံးမရှိသော ကဗျာတစ်ပုဒ်အား ရေးသားနေသည့်နှယ်…။ တစ်ချက်ချက် တောင်ကုန်းပေါ် ကို ဖြတ်သန်းတိုက်ခိုက်လိုက်သော လေနှအေးတစ်ချို့သည် မကြာခဏ ခိုးခိုးချလိုက်သော သူ့ရဲ့သက်ပြင်းအချို့အား အဆုံးအစမဲ့သော အနန္တ  စကြာဝဌာဆီသို့ လက်ဆင့်ကမ်း သယ်ဆောင်သွားကြလေသည်…။

    ” ဗိုလ်လုံ…။ သက်ပြင်းတွေ ချလှချည်လားဗျ…။ ပစ္စုပ္ပန် တည့်တည့်အပေါ်မှာပဲ အာရုံထားရင် ပိုကောင်းမယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ် ခင်ဗျာ..။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုမှာပဲ အာရုံထားပါ ဗိုလ်လုံ..။ အရာအားလုံးကို ကျွန်တော်တို့မှာရှိတဲ့ လက်တစုံထဲနဲ့ ထိန်းချုပ်ခွင့်ကို ဘုရား သခင်က ပေးမထားပါဘူး…။”  သြော…။ သူ့သက်ပြင်းတွေကို သူကြားသွားသည်ပဲ…။ တစ်ခါတစ်ရံတွင် သင့်ရဲ့ သက်ပြင်းသံများကိုပင် သင်လုံခြုံစွာ မထိန်းသိမ်းနိုင် ကြောင်း သင်သိထားနှင့် သင့်ပါသည်။

    “ခင်ဗျားပြောတာ မှန်ပါတယ်ဗျာ…” ပြုံးရင်း ပြန်ဖြေလိုက်သော သူ့ရဲ့ စကားအဆုံးမှာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးလျှက် ကြည့် နှင့်နေပြီးသား ဖြစ်သွားခဲ့ပါတယ်..။

    မြင်ကွင်းသည် ဖုန်အနဲငယ်ထနေသောကြောင့် မသဲကွဲပေ။ ဖုန်တို့သည် လူတို့၏မြင်ကွင်းအား နံရံတစ်ခုကဲ့သို့ လုံးဝ ကွယ် ပျောက်သွားအောင် ကာ ကွယ်နိုင်ခြင်းမရှိသည့်တိုင် အနဲနှင့်အများဆိုသလိုတော့ ကျွန်တော်တို့ရဲ့ အမြင်အာရုံများကိုေ၀၀ါးသွားစေသည် မှာတော့ သေချာလှပေသည်…။ သို့သော် ထိုမှုန်ဝါးဝါး ဖုန်တွေကြားထဲ တစ်ချက်တစ်ချက် လက်ကနဲ လက်ကနဲ ဖြစ်သွားသော အရာအချို့ တက်ကြွ လန်းဆန်းစွာ လှုပ်ရှားနေကြ သည်ကို သင်သတိထားမိပါက တွေ့ရှိနိုင်ပါတယ်…။

    ဟုတ်ပါတယ်..။ တစ်နေ့တာကို နှုတ်ဆက်ကာနီး နေမင်းဆီမှ အလင်းတန်းတို့သည် အင်္ကျီချွတ်ထားလို့ ချွေးတပြိုက်ပြိုက်ကျနေသော ပိုက်ကျော် ခြင်းခတ်နေကြသည့် နှစ်ဘက်သော အသင်းသားတို့၏ ခန္ဓာ ကိုယ်ပေါ်သို့ ကျရောက်နေသောကြောင့် ထိုကဲ့သို့ တစ်ချက်တစ်ချက်တွင် လက်ကနဲ လက်နဲ ဖြစ်သွားခြင်းဖြစ်ပါတယ်…။

    ဆုံးဖြတ်ချက်နှင့်အတူ သူ ကစားကွက်ပြောင်းလိုက်သည်…။ နယ်ရုပ်တစ်ကောင်ကို ရှေ့သို့တစ်ကွက်တက်လိုက်ခြင်းဖြင့် သူရဲ့ တိုက်စစ်အဟုန် ကို ပိုမိုမြှင့်တင်ဖို့ လှုပ်ရှားလိုက်ပါတယ်..။

    အခန်း (၂)

    “စောအယ်ဒို..။ ခင်ဗျားက ကရင်ဖြစ်ပြီး ဘယ်လိုဖြစ်လို့ ရှမ်းထဲ ရောက်နေရတာလဲ..?”

    “ဒါ အထူးအဆန်းတစ်ခုလား ဗိုလ်လုံ..။ ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေလေ…။ ဒီအမိနိုင်ငံကြီးမှာ အတူတကွပေါက်ဖွား ကြီးပြင်းခဲ့ကြတဲ့သူတွေ ပဲ မဟုတ်ဖူးလား…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်မှာ ကျွန်တော်တို့ လွတ်လပ်စွာ လှုပ်ရှား နေထိုင်ခွင့်မရှိနိုင်ဖူးလား..? လွတ်လပ်စွာ ယုံကြည် ကြိုးစားပိုင်ခွင့်မရှိဖူးလား..? လွတ်လပ်စွာ ရဲရင့်ကျဆုံး နိုင်ခွင့်မရှိဘူးလား ဗိုလ်လုံ…? “

    ” မှန်ပါတယ်..။ ဒါကို ကျွန်တော်မငြင်းပါဘူး..။ ဒါပေမယ့် ခင်ဗျားတို့…။ ကျွန်တော်တို့ မိခင်ကြီးရဲ့ ရင်ခွင်ကြီးထဲကနေ စွန့်ခွာသွားမှာကို စိုးရိမ်မိတာ တော့ အမှန်ပဲ စောအယ်ဒို..”

    သေချာတာတစ်ခုကတော့ ဒီတစ်ခါ သက်ပြင်းခိုးချသူမှာ သူမဖြစ်နိုင်ပေ..။

    ” Hope…. Two!”

    “ဗိုလ်လုံ့ လူတွေ တယ်စွာသကိုးဗျ…။ ကျွန်တော့်ကောင်တွေက ကျွန်တော်တို့ထဲမှာဆို တကယ့် နာမည်ကြီးတွေဗျ…။ သူတို့ ရှာတိုက်တဲ့ အရက်ပု လင်းနဲ့ ဆေးလိပ်ဘူးတွေ ကျွန်တော် သောက်ခဲ့ရတာ မနဲလှဖူး..။ ဟား..ဟား “

    ” ကျွန်တော် သတိထားမိတာ တစ်ခုရှိတယ် စောအယ်ဒို…။ ကျွန်တော့်ဘက်က လူတွေက ဒီပွဲကို အားကစားတစ်ခုအနေနဲ့ ယှဉ်ပြိုင်နေတယ်..။ ဒါပေ မယ့် ခင်ဗျား လူတွေက တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေသလို ကစားနေတယ်..။ ဒါဟာ သူတို့အတွက် ဖိအားကို ပိုမိုဖြစ်ပေါ်ပြီး အရေးနိမ့်ဖို့အတွက် အခွင့်အလမ်းကို လက်ကမ်းကြိုနေသလိုမျိုး ဖြစ်နေတယ်…။”

    သူ ပြောလိုက်တဲ့စကားကို စောအယ်ဒိုက ခေါင်းတညိတ်ညိတ်လုပ်ကာ ရိုးသားသော အပြုံးတစ်ခုဖြင့်သာ တုန့်ပြန်လိုက်ပါတယ်…။ စောအယ်ဒိုရဲ့ မျက်လုံးအစုံက သူတို့ကြားမှာရှိတဲ့ စစ်တုရင်ခုံပေါ်မှာ စူးစိုက်လို့နေပါတယ်…။

    ” ဗိုလ်လုံ့လိုပေါ့ဗျာ…။ Check!” ညင်သာသော တုံ့ပြန်သံနှင့်အတူ မထင်မှတ်ထားသော စောအယ်ဒိုရဲ့ Check Mate အတွင်း သူကျရောက်သွား ပြီဖြစ်ကြောင်း နောက်ကျစွာ သူသိလိုက်ရပါတယ်..။

    “ခင်ဗျား တော်တယ် စောအယ်ဒို…။ ကျွန်တော် ဒီအခြေအနေကို သတိမထားမိလိုက်ဖူး…”

    “ကျွန်တော် တော်တာမဟုတ်ဖူး ဗိုလ်လုံ…။ ကျွန်တော်က စစ်တုရင် ကစားနေတာပါ….။ ဒါပေမယ့် ဗိုလ်လုံက စစ်တိုက်နေခဲ့တာကိုး…။”

    “Cheers!!!”

    စားပွဲပေါ်မှာရှိနေတဲ့ Army Rum ထည့်ထားတဲ့ စစ်မတ်ခွက် နှစ်လုံးဖြင့် ကျွန်တော်တို့ စစ်တုရင်ကစားပွဲရဲ့ ပိတ်ပွဲအခမ်းအနားကို ကျင်းပလိုက်ပါ တယ်..။ ၀ါးကွပ်ပြစ်ပေါ်မှာ လဲလျှောင်းနေတဲ့ မန်ဆန် စီးကရက်ဗူးထဲမှ စီးကရက်နှစ်လိပ်ကို သူထုတ်ယူလိုက်ပါတယ်..။ သူ တစ်လိပ်..။ စောအယ်ဒို တစ်လိပ်…။ သူကိုယ်တိုင်ပင် စီးကရက်ကို မီးညှိပေးဖြစ်ခဲ့ပါတယ်..။ ထို့နောက်မှာတော့ မပြီးသေးတဲ့ ခြင်းပွဲကို သူတို့နှစ်ယောက် ငြိမ်သက်စွာပဲ ထိုင်ကြည့်နေလိုက်မိပါတယ်..။

    သူ့လိုပင်..။ စောအယ်ဒိုရဲ့ စိတ်ထဲမှာလည်း..။ နက်ရှိုင်းတဲ့ ကိုယ်ပိုင်အတွေးတွေ ရှိနေမယ်ဆို ဆိုတာကို သူခန့်မှန်းမိပါတယ်..။ သူ့မျက်ဝန်းတွေက သိပ် တည်ငြိမ်လွန်းနေတယ်လေ..။ ခပ်ပါးပါးနှုတ်ခမ်းတစ်စုံနဲ့အတူ မနက်လောက်ကမှ ရှင်းလင်း ရိတ်သင်ထားတယ်လို့ ယူဆရတဲ့ စိမ်းဖန့်နေတဲ့ မှုတ်ဆိတ်ရိတ်ထားတဲ့အရေပြားအရောင်နဲ့ သူ့ရဲ့ ကြည်လင်ဝင်းဝါတဲ့ အသားအရေရယ်..။ စီးကရက်ကို ဟန်ပါပါကိုင်ထားတဲ့  ကျော့ရှင်းသွယ်လျှ နေတဲ့ သူရဲ့ လက်အစုံရယ်ဟာ ဘယ်လိုနည်းနဲ့မှ လူသတ်လက်နက်တွေနဲ့ စီးဝါးကိုက်ညီမှု မရှိလှဟု သူသုံးသပ်မိပါတယ်..။

    “ခင်ဗျား..။ မင်းသားလုပ်သင့်တာဗျ…”

    “တန်းတူညီမျှရေး၊ တရားမျှတမှုနဲ့ ကျွန်တော်စောစောကပြောခဲ့တဲ့ လွတ်လပ်စွာ ယုံကြည် ကြိုးစားပိုင်ခွင့်ကို အနုပညာ ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်း ခြင်း ဒါမှမဟုတ် အခြားအလားတူ နူးညံ့ငြင်သာ နည်းမျိုးနဲ့ သမိုင်းမှာ ရယူခဲ့ဖူးတာမျိုးရှိရင် ကျွန်တော် လုပ်မယ်ဗျာ..။”

    “ခင်ဗျားကို ကျွန်တော်တစ်ခုပြောမယ် စောအယ်ဒို..။ ကျွန်တော် ရန်ကုန်မှာရှိခဲ့စဉ်တုန်းက Pearl Harbor ဆိုတဲ့ ဇာတ်ကားကြည့်ခဲ့ဖူးတယ်..။ အမေရိကန်ရဲ့ အလစ်အငိုက်ကို ယူပြီး ဂျပန်က အမေရိကန် ရေတပ်စခန်းကို ဗုံးကျဲတဲ့ ကားပေါ့..”

    စောအယ်ဒိုက ပြုံးလို့သာနေပါတယ်..။ သူ့မျက်ဝန်းတွေက အရှေ့မှာ ချွေးတလုံးလုံးနှင့် အပြိုင်အဆိုင်ခတ်နေကြတဲ့ ခြင်းပွဲမှာပဲ ရှိနေပါတယ်..။

    ” အဲ့ဒီ့မှာ ဂျပန်တွေ အသာစီးရတော့ ဂျပန် ဗိုလ်မှူးကြီးက သူ့ရဲ့ စစ်ဦးစီးချုပ်ကို သိပ်ကိုပြောင်မြောက်တဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုပါပဲလို့ ပြော တယ်ဗျ… အဲ့ဒီ့မှာ…”

    ” ဂျပန် ဦးစီးချုပ်က A Brilliant Man Would Find A Way Not To Fight A War လို့ ပြန်ဖြေလိုက်တယ်မလား ဗိုလ်လုံ..” ကျွန်တော့်ရဲ့ အကြိုက်ဆုံးခံယူချက်တွေထဲက တစ်ခုပေါ့..။ ကျွန်တော် England မှာကျောင်းတက်နေတုန်းက ကြည့်ခဲ့ရတာပါ..။ ကြာတော့ ကြာပြီပေါ့..။

    သူဘာဆက်ပြောရမှန်း မသိဖြစ်သွားပါတယ်…။ ခေါင်းထဲတွင် မေးခွန်းတွေ ရှုပ်ရှက်ခတ်သွားသည်။ ဘာကြောင့်များ ဒီလို ပညာတတ်တစ်ယောက် အခုလိုတောထဲ တောင်ထဲရောက်နေပါလိ့မ်..။ သိပ်တော့ မစဉ်းစားလိုက်ရပါ..။ သူ့ရဲ့ ယုံကြည်ချက်နှင့် ခံယူချက်ကလွဲပြီး သူ့ကို ဒီလိုနေရာ မျိုး ရောက်လာအောင် တွန်းပို့နိုင်မည့် အခြားအရာဘာမှ မရှိနိုင်ဘူးဆိုတာ သူချက်ခြင်း သဘောပေါက်လိုက်ပါတယ်..။ ထို့အတူ ဘာကြောင့် သူစစ် တုရင်ထိုးရာတွင် ရှုံးနိမ့်သွားရတယ်ဆိုတဲ့ အဖြေကိုလည်းကောင်းကာင်း ဘောပေါက်လိုက်မိပါတယ်။ သူတစ်ဘက်သားကို လျော့တွက်ခဲ့မိတယ်လေ။

    “ဒါပေမယ့်..ဗိုလ်လုံ။ If You Want Peace, Prepare For War ဆိုတဲ့စကားကိုလဲ ဗိုလ်လုံ ကြားဖူးမယ်ထင်ပါတယ်…။”

    “Set…!!!”

    ပိုက်ကျော်ခြင်းပွဲကား ပြီးသွားလေပြီ…။

    အခန်း (၃)

    “၀ူး…။ ဗိုလ်ကြီးရေ…။ ဒီနေ့သောက်ရမယ့် Army Rum ကတော့ ဘ၀တစ်လျှောက်မှာ အချိုဆုံးဖြစ်မယ်ထင်တယ်ဗျ..။ စောအယ်ဒိုတို့ ဘက်က လူတွေက တော်တော်ကောင်းတာပဲဗျ..။ တော်တော် လုပ်လိုက်ရတယ်..။ ဟား..ဟား..။”

    “သိပ်ဟုတ်တာပေါ့ဗျာ..။ ကျွန်တော့်ရဲဘော်တွေက ကျွန်တော်တို့ အထဲမှာဆို ဖိုက်တာတွေဗျ..။ ဒါပေမယ့် ခင်ဗျားတို့သာသွားတာတစ်ခုရှိတယ်..။ အဲ့ဒါဘာလဲဆိုတော့..။ ခင်ဗျားတို့ ဗိုလ်ကြီးပြောသလို ပြိုင်ပွဲအပေါ်ထားတဲ့ စိတ်ဓာတ်ပဲဗျ…။”

    စောအယ်ဒိုက သူ့ဘက်လှည့်ကာ ပြုံးကြည့်ရင်း ပြောလိုက်ခြင်းဖြစ်ပါတယ်..။ သူနေရ ထိုင်ရတော်တော်ခက်သွားသည်…။

    “ဘယ်လိုလဲ ဗိုလ်ကြီး..။ ဗိုလ်ကြီးတို့ပွဲရော အဖြေဘယ်လိုထွက်သွားလဲ..” တပ်ကြပ်ကြီး သိန်းမြင့်ရဲ့ မေးခွန်းက သူ့အရှိုက်ထဲ ၀င်သွားပါတယ်။

    “ခင်ဗျားတို့ ဗိုလ်ကြီးက အတွေးအခေါ်တအားကောင်းတယ်ဗျ..။ စဉ်းစားတာတွေ များလွန်းတော့  မျက်စိရှေ့တည့်တည့်မှာ ရှိနေတဲ့ အခွင့်အရေးကို တစ်ခါတစ်လေတော့ ဆုံးရှုံးရတာ ရှိကောင်းရှိမပေါ့ဗျာ..။ “

    သူ့အစားဝင်ဖြေလိုက်သော စောအယ်ဒိုရဲ့ အဖြေက တော်တော်တာသွားသည်..။ ဆရာကြီးသိန်းမြင့်လည်း ဆက်မမေးတော့..။

    “စိတ်ချပါဗျာ…။ ကျွန်တော် ဒီနေ့ သင်ခန်းစာရလိုက်တယ်..။ မနက်ဖြန် ကျွန်တော် ဒီလိုမမှားစေရဘူး စောအယ်ဒို..။” သူ့ရဲ့အပြုံး..။ စောအယ်ဒိုရဲ့ အပြုံး…။ နှစ်ယောက်စလုံးရဲ့ အပြုံးတွေဟာ ယုံကြည်ချက်ကိုယ်စီနဲ့ သိပ်ကို ရဲရင့်လွန်းကြပါတယ်…။

    “ကဲ အားလုံး..။ ဒီအမှတ်တရ ညနေလေးအတွက် Cheers ဗျာ…။ အဲ ။ တစ်ခုတော့ရှိတယ် အားလုံး နှစ်ပက်ထက်တော့ မပိုစေနဲ့ဗျို့..။ နှစ်ဘက်စလုံး မနက်ဖြန် အလုပ်လေးတွေ ရှိတယ်ဆိုတာ မေ့မထားကြနဲ့ဦး..။” သူအားလုံးကြားအောင် အော်ပြောလိုက်သည်..။

    “ကျွန်တော်ကတော့ ဒီလိုလေး ပြောချင်တယ် ဗိုလ်လုံ..”

    နိဂုံး

    စောအယ်ဒိုတို့အဖွဲ့ သူတို့ စခန်းကုန်းလေးရှိရာသို့ တရွှေ့ရွှေ့နှင့် ချီတက်သွားကြတာကို ကြည့်ရင်း သူ့ရင်ထဲမှာ အဖြေမရှိသော မေးခွန်းပေါင်း များစွာ ဝေ့၀ဲနေခဲ့ပါတယ်..။ မနက်ဖြန် မနက် အာရုံလာတာနဲ့ တပြိုင်နက် အထက်ရဲ့အမိန့်အရ သူတို့ရင်ဆိုင်ကုန်းနှစ်ခုစတင် တိုက်ခိုက်ရတော့ မှာ ဖြစ်ပါတယ်…။ ဒီတစ်ခါတော့ အမျိုးအမည်မသိတဲ့ သက်ပြင်းတစ်ခုကို လွတ်လပ်စွာချရင်း..။ စောအယ်ဒိုနောက်ဆုံး ပြောသွားသော စကားကို သာ သူ့နားထဲ ထပ်တလဲလဲ ကြားယောင်နေမိပါတော့တယ်…။

    တစ်ဘက်က မောင်းပြန်သေနတ်ကို ကိုင်မြှောက်ရင်း တစ်ဘက်က သူ့ပုခုံးကို တင်းကြပ်စွာ ဖတ်စွဲ ဆုပ်ကိုင်ရင်း..။ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာ မှ ကြုံးဝါးလိုက်သော သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒ …။ သို့မဟုတ်..။ ယုံကြည်ချက်…။

    စောအယ်ဒိုဆိုတဲ့ ကရင်လူငယ်တစ်ယောက်ရဲ့ အသံသည် ရှမ်းရိုးမတစ်ခုလုံးမှာ ပဲ့တင်ရိုက်ခတ်သွားပါတယ်…။ ဒီရှမ်းရိုးမကြီးတည်ရှိနေသမျှ အဆုံး မရှိ ရိုက်ခတ်နေဦးမယ် ဆိုတာကိုလည်း သူထာဝရယုံ ကြည်ပါတယ်…။ ဖြစ်နိုင်ရင် ဒီကြုံးဝါးသံကို ရိုးမရဲ့ ဆည်းဆာကို သက်သေပြုရင်း မိခင်ရဲ့ ရင်ခွင်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုများအားလုံး ကြားနိုင်စေဖို့သာ သူ ဆုတောင်းနေခဲ့မိပါတော့တယ်…။

    ” တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တစ်ဦးနဲ့ တစ်ဦး သတ်ဖြတ်ရခြင်းမှ အမြန်ဆုံးကင်းလွတ်ဖို့… {{{{{{ငြိမ်းချမ်းရေး}}}}}}}}”

    P.S- ဒီစကားသံကို အားလုံးကြားနိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်ပေးဖို့ ခင်ဗျားမှာလည်း တာဝန်ရှိပါတယ်..။

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    15 Responses to “ရိုးမ ဆည်းဆာ”

    1. ” တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တစ်ဦးနဲ့ တစ်ဦး သတ်ဖြတ်ရခြင်းမှ အမြန်ဆုံးကင်းလွတ်ဖို့… {{{{{{ငြိမ်းချမ်းရေး}}}}}}}}”
      i lov that words :)

      Like or Dislike: Thumb up 0 Thumb down 0

    2. ပြောစရာတွေ များနေလို့ ချရေးလို့ မထွက်တော့ဘူး… Well done လို့ပဲ လေးလေးနက်နက် ပြောချင်ပါတယ် မောင်လေး…

      Like or Dislike: Thumb up 0 Thumb down 0

    3. ငြိမ်းချမ်းရေး……….. ငြိမ်းချမ်းရေးတဲ့လား။
      အထပ်ထပ်ပြန်ဖတ်နေမိတယ်အစ်ကို..

      Like or Dislike: Thumb up 0 Thumb down 0

    4. ဒီအသံကိုပဲ အထပ်ထပ် ပဲ့တင်စေချင်တာ ….. ။ ပြောင်မြောက်ပါတယ် ။

      Like or Dislike: Thumb up 0 Thumb down 0

    5. ဘလက်ကြီးဆီက တစ်ခါတစ်ခါ ဒီလိုရေးလာတော့ ဖတ်ပြီးတောင် တော်တော်လေး တွေးမိသွားတယ်။ ဟုတ်တယ်။ ဘာအတွက် တိုက်နေကြတာလည်း… ဒီအသံလေးကို ထပ်မံပြီး Amplifier လုပ်လိုက်အုံးမယ်။

      Like or Dislike: Thumb up 0 Thumb down 0

    6. အတွေးရော အရေးရော အင်မတန်နှစ်သက်မိတဲ့ စာလေးတပုဒ်ပါ
      အောင်မြင်ပါစေ

      Like or Dislike: Thumb up 0 Thumb down 0

    7. သိပ်ကို တန်ဖိုးရှိတဲ့ ငြိမ်းချမ်းရေးပါပဲ .. အကို။

      Like or Dislike: Thumb up 0 Thumb down 0

    8. (ကျနော် စစ်တုရင်ကစားနေတာပါ… ဗိုလ်လုံက စစ်တိုက်နေခဲ့တာကိုးး..)
      အဲဒီစကားလုံးမှာ အများကြီးရသွားတယ် မဲကြီးရေ။ မင်းရေးလိုက်တိုင်း အကောင်းဆုံးတွေလို့ မပြောဖြစ်ခဲ့တောင်မှ ဘယ်တော့မှ မညံ့တဲ့အရေးအသားနဲ့ အတွေးအခေါ်ဆိုတာ ငါ့ကိုယ်ငါ ငြင်းမရသေးဘူး။ မင်းပေးချင်တဲ့ အတွေးအားလုံး ငါရအောင် ဖမ်းဆုပ်ထားပါတယ် :)

      Like or Dislike: Thumb up 0 Thumb down 0

    9. ဖတ်ရတိုင်းပို့စ်တိုင်းက
      တော်တော်လေး…နက်နက်နဲနဲရှိလှပါတယ်….
      ဆက်လက်အောင်မြင်ပါစေ…..

      Like or Dislike: Thumb up 0 Thumb down 0

    10. အခန်း ၂ ကို ၂ ခါ ဖတ်သွားတယ်။
      သိပ်ကောင်းတယ် သူငယ်ချင်း။
      ကိုယ့်ခွန်အားက ကိုယ့်ခန္ဒာထဲမှာ ရှိပြီးသားပဲ။
      မလိုတဲ့ နေရာမှာ သုံးမိရင်တော့ side effect ရဖို့ပဲရှိတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    11. စာမဖတ်ရသေးပါ. စာမျက်နှာတစ်ခုလုံးသိမ်းသွားသည်.. ပြန်ဖတ်ပြီး လာမန့်မည်… စကားမစပ် နေ့အိပ်မက် အိပ်မက်ပြန်မက်ပြီ.. :

      Like or Dislike: Thumb up 0 Thumb down 0

    12. သဘောကျတယ်ဗျာ ..
      ဒီလိုမျိုးလေးတွေ နောက်လဲများများလေရေးပါဦးဗျာ..

      Like or Dislike: Thumb up 0 Thumb down 0

    13. ur thinking is still good ! :) .

      Like or Dislike: Thumb up 0 Thumb down 0

    14. reading this post,i hope you also become a brilliant man for your future.

      Like or Dislike: Thumb up 0 Thumb down 0

    15. အကြိုက်ဆုံးထဲက တစ်ပုဒ်ပဲအကိုရေ…..

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply