မြစ်

493 views

အခန်း (၁)

လေနှင်ရာလွင့်ရလို့

ကြေကွဲရတဲ့အထဲမှာ

ဘယ်တုန်းကမှ

ရွက်လှေတွေ မပါခဲ့ဘူး…။

BLACK DREAM

သူ့ရဲ့ဘ၀တစ်လျှောက် မထင်မှတ်တဲ့အရာတွေ မထင်မှတ်တဲ့အချိန်မျိုးမှာ မကြာခဏဆိုသလို ကြုံတွေ့ရတတ်တာ သူ့အတွက် အထူးအဆန်း တစ်ခုမဟုတ်ခဲ့တာတော့ တော်တော်ကြာခဲ့ပါပြီ…။ အချိုးအကွေ့တွေထူပြောပါတယ်ဆိုတဲ့ ဘ၀ရဲ့ လမ်းကြောင်းတွေပေါ်ကို ငယ်ရွယ်စဉ်အချိန် ကတည်းက စတင်လျှောက်လှမ်းခဲ့သူမို့…။ အခုလို နှစ်ကာလ ကြာရှည်လာပြီဖြစ်တဲ့ အချိန်မှာတော့ သူ့အတွက် အရာရာဟာ နေသားကျနေခဲ့ပြီ ဖြစ် ပါတယ်…။ ကိုယ်ပိုင် ရင်ဆိုင်မှု…။ ကိုယ်ပိုင် သုံးသပ်ချက်…။ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေဟာ သူလျှောက်လှမ်းခဲ့ရာ ဘ၀တစ်လျှောက် သူ့နောက်က အရိပ်တွေလို မျက်ခြေမပြတ် လိုက်ပါခဲ့ပါတယ်…။ တကယ်ဆို….။ သူလျှောက်လှမ်းရာ ဘ၀ခရီးလမ်းဟာ အများသူငှာတွေထက် အချိုးအကွေ့ အပြောင်းအလဲတွေက မယုံနိုင်လောက်အောင် ပိုမိုများပြားလှပါတယ်…။ သာမန်လူတွေ ကြုံတွေ့နေကြ…။ ကြီးမားပါတယ်ဆိုတဲ့ ပြဿနာ တော် တော်များများဟာ သူ့အတွက်တော့ အပြုံးမပျက်စေခဲ့တာ အမှန်ပါပဲ…။

အချိုးအကွေ့တွေများလှတဲ့ ဘ၀မြစ်ကြောင်းတွေကြား အခုဆိုရင် သူ့ဘ၀ ရွက်လှေကို ဟန်ချက်ညီညီ ထိမ်းတတ်ခဲ့ပါပြီ…။ သူဖြတ်သန်းရာ မြစ် ကြောင်းတစ်လျှောက်…။ တစ်ညိမ့်ညိမ့်တိုက်ခတ်လာတဲ့ လေနုအေးတွေကို ခံစားရင်း ရွက်လွှင့်ခဲ့ဖူးသလို…။ ရိုက်ချက်ပြင်းပြင်း မုန်တိုင်းတွေရဲ့ ကြားထဲမှာလည်း သူတင် ကိုယ်တင် ရွက်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်…။ တစ်ခါတစ်ရံမှာ လူအချို့သူ့ရွက်လှေလေး အပေါ်တက်လာပြီး သူနဲ့အတူ ခရီးကြုံ လိုက်ပါခဲ့ကြတယ်…။ မကြာခဏဆိုသလို လိုရာရောက်သွားတဲ့ လမ်းကြုံအချို့ သူ့ရွက်လှေလေးပေါ်က ပြန်လည်ထွက်ခွာသွာကြတယ်…။ အချို့က လက်ပြနှုတ်ဆက်သွားတယ်..။ အချို့က ကျောခိုင်းစွန့်ခွာသွားတယ်…။ အင်း…။ အချို့ကိုတော့ သူကိုယ်တိုင်ပင် လမ်းတစ်ဝက်မှာ ကန်ချခဲ့ဖူးတယ်။

သူ ရွက်လွှင့်ရာ မြစ်ကြောင်းတစ်လျှောက် မကြာခဏဆိုသလို သူ့ဘ၀ရဲ့ ရွက်လှေလေးကို ခဏတာ နားခိုဖို့ပဲ ဖြစ်ဖြစ်…။ ရှေ့ဆက်သွားရမယ့် ခရီး အတွက် လိုအပ်တာတွေ ဖြည့်ဆည်းဖို့ပဲ ဖြစ်ဖြစ်…။ နောက်ဆုံး မြစ်ကြောင်းတစ်လျှောက် အထီးကျန်ခဲ့တဲ့ သူ့ဝိဥာဉ်ကို အနားပေးဖို့အတွက်ပဲ ဖြစ် ဖြစ် ဆိပ်ကမ်းအချို့မှာ ဆိုက်ကပ်ခဲ့ဖူးတယ်….။ အချို့ဆိပ်ကမ်းတွေက သူ့ရွက်လှေလေးကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်..။ တစ်ချို့ဆိပ်ကမ်း တွေကတော့ လူစိမ်းတစ်ယောက်ဖြစ်တဲ့ သူ့ကို နုလုံးသားအစိမ်းတွေနဲ့ ကြည့်ကြတယ်…။ တစ်ချို့သော ဆိပ်ကမ်းတွေကြတော့လဲ မသိလိုက် မသိ ဖာသာ…။ သူတို့နဲ့ မဆိုင်သလို…။ အင်း…။ ဘယ်လိုပဲ ဖြစ်ပါစေ..။ ကျေးဇူးတင်စရာလေးတစ်ခုကတော့ ဘယ်ဆိပ်ကမ်းကမှ သူ့ကို ခါးခါးသီးသီး နှင်မထုတ်ခဲ့ကြဖူးဘူး..။

အခန်း (၂)

တကယ်တော့ ဘ၀ဆိုတာ

ပုဇွန်ခေါင်းတစ်ခုပေါ့

လူတွေယိုသမျှ အညစ်အကြေးအားလုံး

သူ့ခေါင်းထဲမှာပဲ စုခဲ့လေရဲ့…။

BLACK DREAM

သူရွက်လွှင့်ရာ မြစ်ကြောင်းတစ်လျှောက် သူ့အတွက် မရေမတွက်နိုင်သော အတွေ့အကြုံတွေကို ရှူရှိုက်ခွင့်ရခဲ့တယ်…။ ဘ၀ဆိုတဲ့အရာက လူတွေ ကို ဒုက္ခပေးနေတာလား…။ လူတွေက ဘ၀ဆိုတဲ့အရာကို ခုတုံးလုပ်အသုံးချနေကြတာလားဆိုတာကိုသူ အတိအကျကြီးမဟုတ်တောင် အကြမ်းဖျဉ်း လောက် လေ့လာနိုင်ခဲ့တယ်…။ သူမြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေနဲ့ ချိန်ထိုးသုံးသပ်မိတယ်…။ လူတွေဟာ သူတို့လိုချင်တာတွေကို ရရှိပိုင်ဆိုပြီးတဲ့ နောက် မလိုအပ်တော့တဲ့ အမုန်းတွေ…။ အာဃာတတွေ…။ လောဘတွေ…။ ဒေါသတွေ…။ မောဟတွေကို အညစ်အကျေး စွန့်ပြစ်ပစ္စည်းတစ်ခု အဖြစ်အသွင်ပြောင်းကာ ဘ၀ဆိုတဲ့ မြစ်ပြင်ထဲကို စည်းမရှိ၊ ကမ်းမရှိ စွန့်ပြစ်ခဲ့ကြတယ်…။ ပထမ…။ မျက်နှာလွှဲတယ်…။ နောက် သူတို့ အရှုပ်ထုပ်ကို ဘ၀ဆိုတဲ့မြစ်ပြင်ပေါ် သွန်ချစွန့်ပြစ်တယ်…။ ဒီလိုနဲ့….။ လူပေါင်းများစွာ….။ အညစ်အကြေးပေါင်းများစွာ…။ မျက်ရည်ပေါင်းများ စွာ….။ ဒီမြစ်ပြင်မှ အဆိပ်မသင့် ဘယ်သူသင့်မလဲ…။

ကိုယ်ကျင့် တရားကမ်းပါးတွေ ရေစီးကမ်းပြိုလိုက်လို့  မြစ်ပြင်တစ်လျှောက်သောင်တွေထွန်းပြီး ကိုယ်စီကိုယ်စီ ဘ၀ရွက်လှေတွေ သောင်တင်ကြ…။ ခရီးတွေဖင့်ကြ…။ အနှောင့်အယှက်တွေဖြစ်ကြတော့…။ ဒီမြစ်ကသောင်ထွန်းလို့ အခုလို ဒုက္ခရောက်ရတာပါတဲ့လေ…။ လူတွေစွန့်ပြစ်တဲ့ အမှိုက်သရိုက်တွေကြောင့် ဘ၀ဆိုတဲ့ မြစ်ပြင်တစ်လျှောက် အကြည်းတန်တော့…။ ဘ၀ဆိုတာ အနိဌာရုံတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုလို့ သတ်မုတ်ကြပြန်လေရဲ့…။ ဒီမြစ်ပြင်ထဲက ရေတွေကိုပဲ စုတ်ထုတ် ကိုယ်စီ ဘ၀စိုက်ခင်းတွေ စိမ်းလန်းအောင် စိုက်ပျိုးခဲ့တုန်းကတော့…။ သူတို့ တော်လို့ အောင်မြင်ကြတာတဲ့…။ ဘာများကျေးဇူးခံ ကျေးဇူးစား ရှိလို့လဲဆိုပြီး ပျက်ရယ်ပြုလိုက်ကြပုံများ…။

အလိုမပြည့်မှုဆိုတဲ့ ကာလ၀မ်းရောဂါတွေ…။ နာကြည်းမှုဆိုတဲ့ Plague ရောဂါတွေဖြစ်တော့…။ ဒီမြစ်ပြင်ကရေကိုသောက်လို့ ဒီလိုဖြစ်ရပါတယ်တဲ့ လက်ညှိုးထိုးကြပြန်ရော…။ စဉ်းစားကြည့်ပါဦး…။ ဒီမြစ်ပြင်မှာ ဘာများအပြစ်ရှိခဲ့လို့လဲ….။ လူတွေစွန့်ပြစ်သမျှ အစုတ်အပြတ်တွေ၊ အညစ်အကြေး တွေကိုလည်း စုပုံလက်ခံရသေးတယ်…။ နောက်ဆုံး တရားခံရှာပြန်တော့လည်း သူ့ကြောင့်ပဲတဲ့လေ…။ ကုန်ကုန်ပြောကြကြေးဆို..။ လူတွေ အိမ်သာတက်ပြီးလို့ ( )င် ဆေးတာတောင်…။ ဒီမြစ်ပြင်ထဲက ရေတွေနဲ့ပဲ ဆေးခဲ့ကြတာသတိမှ ရကြပါလေစ…။ အခုတော့လည်း တရားခံက သူပဲတဲ့ဗျာ…။ အဲ့ဒီ့ လူတွေပြောပြောနေတဲ့..။ အချိုးအကွေ့များလှပါတယ်ဆိုတဲ့ မြစ်ပြင်၊ မာယာတွေ ထူပြောလှပါတယ်ဆိုတဲ့ မြစ်ပြင်၊ …။ မြစ်ပြင်…။ မြစ်ပြင်…။ အင်း….။  ကြာလာလေလေ သနားလာလေလေပဲ….။

အခန်း (၃)

ပန်းတိုင်လား?

နီးပါတယ်…။

ခင်ဗျားအခုရပ်နေတဲ့နေရာက

ခင်ဗျားနောက်ဆုံး အားထုတ်မှုရဲ့ ပန်းတိုင်တစ်ခုပေါ့..။

BLACK DREAM

တကယ်ဆို မြစ်ပြင်ကိုယ်တိုင်က ဒီလောက် အချိုးအကွေ့တွေ မများခဲ့ပါဘူး…။ ကိုယ်ကျင့်တရားဆိုတဲ့ ကမ်းပါးကို မပြိုအောင် လူတွေ ကိုယ်စီ ကိုယ် စီ ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြမယ်ဆိုရင်ပေါ့…။ ဒီလိုလည်း မြစ်ပြင်တစ်လျှောက် သောင်တွေ ထွန်းလာစရာ အကြောင်းမရှိပါဘူး…။ အခုဆို မြစ်ပြင် ခဗျာ..။ အကွေ့အကောက်တွေများရုံမက..။ အထီးကျန်မှု မြစ်ကျိုးအင်းတွေပါ ဖြစ်ပေါ်ခဲ့ရလေရဲ့…။ ကိုယ်စီကိုယ်စီတို့ရဲ့ ပန်းတိုင်ကိုရောက်ဖို့ အ တွက်..။ ဒီဘ၀ဆိုတဲ့ မြစ်ပြင်က ကျောပိုးပြီး သယ်ပိုးခဲ့ရသလောက်..။ ခရီးဆုံးလို့ ပန်းတိုင်ကိုရောက်တော့..။ ဒီမြစ်ထဲကရေတွေနဲ့ပဲ အားရပါး ရ ခြေဆေးသွားကြပုံများ…။ ကုန်းပေါ်တက်ခါနီး လူတစ်ယောက်က သမင်လည်ပြန်လေးနဲ့ အားရပါးရ ကျေးဇူးဆပ်သွားသေးတယ်..။ ” မြစ်ရေတွေ ကလည်းနောက်ကျိနေတာပဲ..။ ဟိုတယ်ရောက်မှ ရေသန့်ဘူးနဲ့ ဆေးဦးမယ်” ဆိုလား…။

မြစ်ပြင်ကိုတစ်လှည့်…။ လူတွေကို တစ်လှည့်…။ အကြိမ်ကြိမ် အဖန်ဖန် ပြန်သုံးသပ်မိတော့…။ ရလဒ်က..။ ခပ်တုံးတုံး သက်ပြင်း တစ်ကောင်ထက် မပိုခဲ့…။ သွားစရာလှေမရှိလို့ သူ့ရွက်လှေလေးနဲ့ တင်ခေါ်လာခဲ့ရတဲ့လူတွေကိုကြည့်ပြီး သူကျေနပ်မိခဲ့သလောက်…။ ပင်လယ်နဲ့နီးလာတာနဲ့အမျှ မကြာခဏဆိုသလို သူ့ဘေးကဖြတ်သွားတတ်တဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေကို ကြည့်ပြီးလည်း အကြိမ်ကြိမ် ခေါင်းငိုက်စိုက်ကျခဲ့ရတာ မရေမ တွက်နိုင်တော့ပါ…။ မကြာခင် သူ့ဘ၀အတွက် ကြီးမားသော အချိုးအကွေ့တစ်ခု စတင်တော့မည်ဖြစ်သည်..။ သူဖြတ်သန်းလာခဲ့တဲ့ အမြင်ကျဉ်း ကျဉ်း၊ စိတ်ကူးကျဉ်းကျဉ်း၊ အတွေးအခေါ်ကျဉ်းကျဉ်း၊ နောက်ဆုံး အသက်ရှူသံ ကျဉ်းကျဉ်းသာ ရှိတဲ့ နေရာတစ်ခုသည် ဆုံးခန်းတိုင်တော့မည် ဖြစ် သည်…။ အရှေ့ကို မျှော်ကြည့်တော့ မျက်စိ တစ်ဆုံး, အဆုံးမရှိသည့် ပင်လယ်ပြင်က သူ့အား ရင်ဘက်ဟင်းလင်းဖွင့်ပြီး ကြိုဆိုနေလေပြီ..။

ဒီတစ်ခါ သူဖြတ်သန်းရမည့် ခရီးက..။ အခုသူဖြတ်သန်းလာခဲ့တဲ့ ခရီးထက် ပိုမိုဝေးကွာပေလိ့မ်မည်..။ ပိုမို လျှို့ဝှက်နက်နဲပေလိ့မ်မည်..။ ပိုမို နူးညံ့ ရက်စက်ပေလိ့မ်မယ်…။ လေပြေတို့ရဲ့ မျက်နှာဖုံးကို လွှမ်းခြုံထားသော မုန်တိုင်းပေါင်းများစွာတို့ ပျော်မြူးသည်။  ဒီခရီးကို သူအဆုံးအထိ  ရောက်ကောင်းမှ ရောက်နိုင်မည်။ သို့သော် သူကျေနပ်သည်။ ဒီခရီးသည် ရက်စက်ကောင်း ရက်စက်ပေလိ့မ်မည်..။ သို့သော် မယုတ်မာပေ..။ ဒီခရီး သည် ဝေးကွာကောင်း ဝေးကွာပေလိ့မ်မည်..။ သို့သော် မကွေ့ကောက်ပေ…။ ဒီခရီးသည် မှန်ချင်မှ မှန်ကန်သော ခရီးတစ်ခုဖြစ်ပေလိ့မ်သည်။ သို့သော် မှားယွင်းသော ခရီးတစ်ခု မဟုတ်ပေ..။ ဒီခရီးသည် အနဲဆုံး သူ့အတွက်တော့ လတ်ဆတ်သည့် အသက်ရှူ ခွင့်ကိုပေးလိမ့်မည်…။

မည်သို့ပင်ဖြစ်စေ သူသည် ကိုယ်ပိုင်ဘ၀ရွက်လှေအား ကိုယ်တိုင် ထိမ်းကျောင်း မောင်းနှင်နိုင်ခွင့်ရှိနေခြင်းကိုကသည်ပင် လူတစ်ယောက်ရဲ့ အနှစ် သာရရှိစွာ ရပ်တည်နိုင်ခြင်း ဂုဏ်ဒြပ်တစ်ခုပင် မဟုတ်ပါလားဗျာ…။

P.S- လူတွေရဲ့ သဘာဝနဲ့ ဘ၀ရဲ့ သဘောတရား ခပ်သေးသေးတစ်ခုကို မြစ်တစ်ခုနဲ့ တင်စားရုံသက်သက် ရေးသားပါသည်။

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (3 votes, average: 3.67 out of 5)
Loading ... Loading ...

About this entry