သို့… ယူရယ်တောင်တန်းများ (၃)
၁၆.၇.၀၉
ဒီနေ့အစီအစဉ်တွေ သိပ်များများစားစားမရှိပါဘူး..။ ဒါပေမယ့် အစီအစဉ်တစ်ခုကတော့ တော်တော် လေးကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်..။ မနက်ပိုင်းတော့ ရေသွားကူးကြဖို့ စီစဉ်ထားပါတယ်..။ ညနေမှာ….။ ညနေမှာ…။
ထုံးစံအတိုင်း မနက် ၁၀ နာရီလောက်ထ မနက်စာစား ပြီးအပြင်စထွက်ကြပါတယ်..။ အရင်ဆုံး မနေ့ ကရောက်ခဲ့တဲ့ ကမ်းခြေကို အရင်သွား ကြပါတယ်…။ ရေကူး…။ နေပူစာလှုံ….။ နေပူစာလှုံတဲ့အ ကြောင်းကတော့ မနေ့က ပြောပြီးသွားပြီမို့ သိပ်ထွေထွေထူးထူးမပြောတော့ပါဘူး…။
ပထမသွားတာကတော့ ထုံးစံအတိုင်း ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ်..။ ဆရာမရယ်..။ သူ့ သမီးရယ်..။ သူ့သမီးသူငယ်ချင်းရယ်..။ လေး ယောက်ပါ..။ နောက်တော့ ဆရာသမီးရဲ့ သူငယ်ချင်းအဖွဲ့တွေရောက်လာတော့ လူအင်အားတောင့်သွားပါတယ်…။ သူတို့ရောက်လာတော့ ကျွန်တော်တို့ ရေကူးနေတာက ပြန်ခါနီးပါ…။ သူတို့လည်း ညနေအစီအစဉ်မှာ ပါမှာဖြစ်တဲ့အတွက်..။ သူတို့နဲ့တွေ့ စီစဉ်စရာရှိတာတွေစီစဉ် မှာစ ရာရှိတာတွေမှာပြီး ကျွန်တော်တို့ ပြန်လာခဲ့ကြပါတယ်…။
ရေသွားကူးတော့ နေ့လည် ၁၂ နာရီလောက်ပါ..။ အိမ်ပြန်ရောက်တော့ ညနေ ၃ နာရီလောက်ရှိပါပြီ။ နေ့လည်စာစား..။ ခဏနားပြီးတော့ ညနေခင်း အထူးအစီအစဉ်အတွက် စတင်လှုပ်ရှားကြပါတယ်..။
ကားက စုစုပေါင်း ၃ စီးပါ…။ လူက စုစုပေါင်း ၁၃ ရောက်….။ ဦးတည်ရာ ခရီးစဉ်ကတော့ လေယာဉ် ကွင်းကိုပါ…။ အကြောင်းကတော့ ကျွန်တော်တို့ ဒီနေ့ ကောင်းကင်ခရီးချီတက်ဖို့ရှိနေလို့ပါပဲ..။ ကိုယ်တိုင်လေယာဉ် မောင်းခွင့်ရှိမယ်…။ ယူရယ်တောင်တန်းနဲ့ ဒီမြို့လေးရဲ့ အလှကို ကောင်းကင် က နေ ဓာတ်ပုံမှတ်တမ်းတွေ တင်လို့ရမယ်…။ စိတ်ကူးနဲ့တင် လူကတော်တော် အူမြူးနေတာအမှန်ပါပဲ။
ညနေ ၄ နာရီလောက်မှာ ကျွန်တော်တို့ နေတဲ့အိမ်ကနေ ကားတွေအကုန်စုပြီးထွက်ကြပါတယ်..။ လမ်းမှာခေါ်စရာရှိတဲ့လူ တစ်ယောက်နှစ်ယောက် ကို ၀င်ခေါ်..။ အားလုံးရဲ့ ဘီးတွေက လေယာဉ်ကွင်း ကိုသာ ဦးတည်လို့နေပါတယ်…။
မကြာလိုက်ပါဘူး မိနစ် ၃၀ လောက်မောင်းပြီးတဲ့အချိန်မှာ (နီးလွန်းလို့လို့တော့မဟုတ်…။ ဆရာမ သမီး ကားမောင်းတာ အခု ကျွန်တော်တို့ သွားစီး မယ့် လေယာဉ် Speed နီးပါးကိုရှိတယ်..။ တစ်ခါဆွဲ လိုက်ရင် အနဲဆုံး ကီလို 120 အောက်ကကိုမချဘူး..။ လူလဲ မနဲဘုရားတပြီးစီးနေရတယ်
)
ဒင်းက ထိပ်ဆုံးကမောင်းတော့…။ အနောက်ကလိုက်တဲ့ Opel နဲ့ Lancer ကလည်း ဘယ်နေလိမ့် မလဲ နင်လား..။ ငါလားလိုက်မောင်းလိုက်ကြ တာ..။ လူက လေယာဉ်မစီးခင် အရင်ဆုံး Formula 1 ပြိုင်ပွဲနဲ့ အရင်ကြံလိုက်ရတော့…။ လေယာဉ်ပေါ်မှာ တုန်စရာ ရင်တောင်မကျန်တော့သ လောက် ဖြစ်သွားပါတယ်..။
ရောက်ပါပြီ..။ လေယာဉ်ကွင်း..။ လေယာဉ်ကွင်းဆိုလို့ အကြီးကြီးမထင်ပါနဲ့..။ လယ်ကွင်းထဲမှာပါ..။ ကိုယ်ပိုင်ဖောက်ထားတဲ့ အများပိုင်လေယာဉ် ကွင်းပါ…။ သူတို့က Company ပိုင်လေယာဉ်ကွင်းဖြစ်ပါ တယ်..။ အဲ့ဒီ့မှာ အခု ကျွန်တော်တို့လိုပဲ အပျော်တမ်း လေယာဉ်စီးပြီး မြို့အလှကိုခံစားချင် တဲ့သူတွေ။ လေယာဉ်မောင်းသင်ချင်တဲ့လူတွေ…။ Sky Diver စီးချင်တဲ့သူတွေအတွက် ထောင်ထားတဲ့ Company ပါ…။
တစ်ခုတော့ စဉ်းစားမိတယ်..။ ကျွန်တော်တို့နိုင်ငံမှာလည်း တစ်နေ့ဒီလိုအခြေအနေလေးတွေ အစီအစဉ်လေးတွေ ဖြစ်လာရင် သိပ်ကောင်းမှာပဲလို့ ပါ..။
ကျွန်တော်တို့သွားတဲ့နေ့က ကြာသာပတေး (ထင်ပါတယ်) ဆိုတော့ Sky Diver စီးလို့မရပါဘူး..။ သူက စနေ၊ တနင်္ဂနွေမှ ရပါတယ်..။ စီးချင်ရင် လည်း ဘာမှသိပ်မခက်ပါဘူး..။ နာရီဝက် တစ်နာရီ လောက် သူတို့ Lecture ပို့ချတာခံ..။ အောက်မှာ သူတို့ဆေးစစ်တဲ့နေရာမှာ ဆေးစစ်ပြီးလို့ အိုကေ တယ်ဆို..။ ဇ ရှိရင် ခုန်လို့ရပါပြီ…။ တစ်ကယ်ပါ..။ ကျွန်တော် ဇ ရှိပါတယ်။ ခုန်ရမယ့် ရက်မဟုတ်လို့ သာ မခုန်လိုက်ရတာပါ..။ (ယုံပါနော်..။ ယုံပေးကြပါနော်..။
)
လေယာဉ် Driver ( ဟီး..။ ကြားရင် Pilot က သူ့ကိုအဲ့လိုခေါ်ရမလားဆိုပြီး သတ်ဦးမယ်
) က ဘယ်ဘက်ကထိုင်ပါတယ်..။ ညာဘက်မှာ Co-Pilot အတွက်ထိုင်ခုံပါပါတယ်..။ လေယာဉ်စတက် ခြင်းကို Co-Pilot နေရာမှာ ကျွန်တော့်သူငယ်ချင်းက ထိုင်ပြီးမောင်းပါတယ်..။ ( အထင် မကြီးကြပါကုန် လေယာဉ် Driver က ဟိုဟာနှိပ်ဆို လိုက်နှိပ်..။ ဒီဟာနှိပ်ဆိုလိုက်နှိပ်ပါ
) သူက အပေါ်ရောက်တဲ့ အထိ မောင်း..။ နောက် ၅ မိနစ် လောက်ကြာတော့ လူလဲ..။ အဟမ်း အဟမ်း…။ ကျွန်တော့်အလှည့်ပါ
တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ ကိုယ်တိုင်လေယာဉ်မောင်းဖူးလိ့မ်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ..။ ကုန်းပေါ်မှာမမောင်းဖူးတာဆိုလို့ ရထား..။ ရေထဲ မှာမမောင်းဘူးဆိုတာဆိုလို့ သင်္ဘောပဲ ရှိပါတယ်..။ ကျန်တာ ကျွန်တော် ကုန်းပေါ်မှာဆိုက်ကား..။ ရေထဲမှာ ရွက်လှေ (Laser, Optimist) ကအစ အကုန် မောင်းတတ်ပါတယ်…။ (နောက်နေ့မှာ ရွက်လှေသွားစီးတဲ့အကြောင်းဆက်ရေးပါဦးမယ်) ဒါပေမယ့် ဘယ်တော့မှတော့ ကိုယ်တိုင် လေယာဉ် မောင်းရလိ့မ်မယ်လို့ ထင်မထားခဲ့ဖူးပါဘူး..။ အခုတော့ ဆရာ မ ကလော်လို့ လေယာဉ် Driver ထိုင်ခုံပေါ်ရောက်ခဲ့ရပါပြီ…။
အမှန်က ကိုယ်မောင်းတဲ့အလှည့်မှာ ကြိုက်သလောက် လက်စွမ်းပြပြီးမောင်းလို့ရ (မောင်းခွင့်ရှိပါ တယ်..။ Pilot ကလည်း နိုင်ငံတကာ စံသတ်မှတ် ချက် လက်မှတ်ရထားတဲ့သူပါ…။ သူက ဘေးက ထိန်းပေးပါတယ်) ဒါပေမယ့် ကျွန်တော်တို့က ပထမဦးဆုံးအကြိမ်ဆိုတော့ ဘုမသိဘမသိနဲ့ လေ ယာဉ် စီယာတိုင်ကြီးကိုပဲ ကိုင်ပြီး ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နဲ့ နဲနဲပဲ ကလိခဲ့ရပါတယ်..။ လာပါပြီ..။ မဂျမ်းတော….။
ဒီနေ့အဖို့ တကယ်လက်စွမ်းပြ သွားသူကတော့ မြေပြင်ကို လေယာဉ်အထင်နဲ့ ကားကို လေထဲပျံ တက်မတတ် မောင်းတဲ့ ဆရာမသမီးပါ…။ လေယာဉ်ကို အပေါ်ထိုးတင်လိုက်…။ အောက်ကို ဇောက်ထိုး ထိုးစိုက်လိုက်…။ ဘယ်ဘက်ကို မဟားတရားစောင်းလိုက်….။ ညာဘက်ကို ပိုးစိုးပက် စက် လှည့် လိုက်တဲ့..။ ပါလာသမျှ လူအားလုံးကို လက်စွမ်းပြသွားပါတယ်..။ ဇီးဖြူသီးစကောထဲ ထည့်အလှိမ့်ခံရတဲ့ အဖြစ်ဆိုတာ အခုမှကိုယ်တွေ့ ကြုံဖူးပါတော့တယ်..။ လူက ဘုရားပါ တယူရပါတော့တယ်…။
နောက်ဆုံး လေယာဉ်လည်းအောက်ပြန်ဆင်းရော..။ ကျွန်တော်တို့နဲ့အတူပါလာတဲ့ အမေရိကန် ခရီးသွားတစ်ယောက်ဆို အန်ယူရတဲ့အထိပါပဲလား အရပ်ကတို့ရယ်…။
သူ့အလှည့်ပြီးသွားတော့မှပဲ..။ လူတွေအားလုံးလဲ..။ သက်ပြင်းချတဲ့သူကချ..။ ဘုရားစာရွတ်တာ ရပ်တဲ့သူကရပ်..။ ဖတ်ဖတ်ကိုမော..။ ရင်ဘတ် နောက်ကကျောပါပဲဗျာ…။ ကဲ..။ အားလုံးအေးအေးဆေးဆေးဖြစ်သွားပြီဆိုမှ..။ ကင်မရာပါတဲ့သူတွေက ကင်မရာတွေထုတ်ကြ..။ ယူရယ်တောင် တန်းနဲ့..။ သဘာဝအလှတွေကို လေယာဉ်ပေါ်ကနေ မှတ်တမ်းတွေတင်ကြ…။ ရှုခင်းကို အပြည့်အ၀ခံစားတဲ့သူက ခံစား…။ အား…။ လောကကြီးက အခုလိုဆိုတော့လည်း သိပ်ယာယာတယ်ဗျာ…။ ကျွန်တော် မြေပြင်ကို ခဏမေ့သွားခဲ့တယ်…။
တစ်ချို့တွေက ခဏမေ့ကြတယ်..။ တစ်ချို့တွေက တစ်သက်လုံးအတွက် မေ့သွားကြတယ်..။ တစ်ချို့တွေက သတိပြန်ရတယ်…။ တစ်ချို့တွေက တော့….! ဘာပဲဖြစ်ဖြစ်..။ ကျွန်တော်သိချင်တာတစ်ခုက…။ ကောင်းကင်ပေါ်ရောက်သွားတဲ့အခိုက် မြေပြင်တုန်းကဘ၀တွေကို မေ့သွားတတ်တာ သဘာဝတစ်ခုပေပဲလားဗျာ…?
ဒီလိုနဲ့ပဲ….ကိုလေးဖြူပြောသလိုပေါ့…။ တွေးရင်း..။ ငေးရင်း…။ ဆွေးရင်း….။ ခဏလေးပါပဲ…။
ဆက်လက်ဖော်ပြပါမည်…
ဒါလေးတွေက မနက်ခင်းအလှပေါ့ ![]()
ဒါကတော့ နာမည်ကျော် ယူရယယ်တောင်တန်းတွေပါပဲ
ဒါကတော့ လေယာဉ်အထဲကအခြေအနေပါ..။ ယခုမောင်းနှင်နေသူကတော့ ကျွန်ုပ်မဟူရာ မဲမှောင်မှောင်နက် ဖြစ်ပါတယ်။
ကျွန်တော်တို့လက်တဲ့စမ်းခဲ့တဲ့ လေယာဉ်ကြီးပါ
အိမ်ပြန်မယ်…။
P.S- နောက်တစ်ခါ Sky Diver သွားစီးမယ်..။ ပါချင်တဲ့သူတွေ လက်ညှိုးထောင်ခဲ့ကြပါ..။ ပြီးရင်..။








ဇ ဇ ဇတော့ ရှိပါတယ်၊ နောက်များမှပဲ
Like or Dislike:
0
0
ခုတော့ ရေးထားတာနဲ့တင် ရင်တုန်လို့ အိပ်ပါတော့မယ်၊ လိန်ပျံ အရင် မောင်းကြည့်ဦးမယ် အိမ်မက်ထဲမှာ:)
Like or Dislike:
0
0
လေယာဉ်စပယ်ရာလုပ်ဖူးသွားတယ်ပေါ့ ကွန်ဂရက်ကျူလေးရှင်းပါ
ပြောပြဦးမယ် ကောင်းကင်ပေါ်ရောက်ပြီး မြေပြင်ကိုသံယောဇဉ်မပြတ်တဲ့လူတစ်ယောက်များ အဲဒီလေယာဉ်မောင်းခဲ့လေသလား အဲဒါဆိုရင်တော့ သူကြာကြာပျံဖို့ ခက်ပြီ…..
Like or Dislike:
0
0
အားရစရာကြီးဟေ့။
ငါ့အတွက် ပိုစီးခဲ့။
အဲ .. အန်မယ်ဆိုရင်တော့ မင်းဘာသာအန်နော်
Like or Dislike:
0
0
အင်း..လေယာဉ်ပျံမောင်းတယ်ဆိုလို့ .သူငယ်ချင်းတစ်ယောက်အဖြစ်သွားသတိရမိတယ်.
လေကြောင်းစာမေးပွဲဖြေတော့..စာတွေ့ မှာတော့အောင်ပြီး.
လက်တွေ့ ..လေယာဉ်ပေါ်ကို..လိုက်ပြီးစမ်းသပ်စီးကြည့်တော့.
မူးပြီး..လေယာဉ်ထဲမှာ.အန်ချလို့ ..စာမေးပွဲကျပြီး..
လေယာဉ်ကို..ပြန်ဆေးပေးရတယ်တဲ့…ဟီးးးး
Like or Dislike:
0
0
စာရေးဆရာပေါက်စလေးနဲ့ လေယာဉ်ပျံလိုက်စီးရတာ
အတွေ့ အကြုံ သစ် ပါပဲ ကွ…….
အရေးအသား က ပြောစရာမလို.
မြန်မာပြည်မဂ္ဂဇင်းတွေ အတွက် နဲနဲ ပုံစံလေးပြောင်းပြီးရေးကြည့်ပါလား မောင်လေး
အမ ငယ်ငယ် က ဆို ဒီလို ဆောင်းပါးတွေ ဖတ်ရတာ အရမ်းကြိုက်ခဲ့တာ
ဦးလှဝင်း(လေသူရဲ တဦး) ရဲ့ နိုင်ခြားပညာတော်သင် အတွေ့ အကြုံတွေ၊ လေယာဉ်မောင်း အတွေ့ အကြုံတွေ ကို နှစ်သက်ခဲ့ဖူးတာပေါ့
ခုလဲ စိတ်ဝင်းစားမဲ့ စာဖတ်သူတွေ အများကြီးရှိမှာသေချာတယ်
(စာလုံးပေါင်း နဲနဲ စစ်ရင် ရပြီ.. လူ ၁၃ ယောက်…း)..း)…
Like or Dislike:
0
0
အပေါ်ဆုံး ဓါတ်ပုံ ကနေအောက်ကို ဆက်ဆင်းလို့ မရဘူး ဖြစ်နေတယ်ကွ ကွန်နက်ရှင်ကြောင့်များလား ဘာလား မသိ ??
Like or Dislike:
0
0
လင်းထက်
အဲသည်တောင်က ကျော်နိုင်ခဲတယ်နော်။ ဘလက်က ယူရယ်လ်ကိုတော့ ကျော်ခဲ့ပြီးပြောတာပဲ။
Like or Dislike:
0
0
အတွေ့အကြုံလေးတွေ ဖတ်လို့ကောင်းပါရဲ့ဗျာ။
ကောင်းကင်ပေါ်ရောက်ရင် မြေပြင်က ဘ၀တွေကို ခဏမေ့သွားတတ်တာ သဘာဝ ပါဗျာ။ ဒါပေမယ့် တသက်လုံးမေ့သွားရင်တော့ ဘယ်ကောင်းမလဲနော့ တွေးမိတာလေးပါ။
Like or Dislike:
0
0
ထောင်ပြီ။ ထိုးပြီ။ လက်ညှိုးကို အီးပုံထဲ။ ဟီးဟီး
Like or Dislike:
0
0