မိုးစက်ကြွေ
နိဒါန်း
မိုးဖွဲများ ဖြေညှင်းစွာ စတင် ကျဆင်းလာပါတယ်…။
အခန်း (၁)
ညင်သာစွာ ဖြတ်သန်းတိုက်ခတ်လိုက်တဲ့ လေနုအေးတစ်ချက် အမှတ်တမဲ့ သူ့ရင်ခုန်သံအချို့ကို ကျီစယ်သွားပုံက မထေမဲ့မြင်နိုင်လှပါတယ်…။ သိစိတ်တစ်ဝက် မသိစိတ်တစ်ဝက်နဲ့ သတိထားမိတော့မှ သူ့ခြေလှမ်းတွေ အခန်းနဲ့အပြည့်တပ်ထားတဲ့ ပြတင်းပေါက်တွေဆီကို ဦးတည် နေကြောင်း သူ သတိထားမိလိုက်ပါတယ်…။
ခပ်ဟဟ ဖြစ်နေတဲ့ ပြတင်းပေါက်တံခါးကို သူဆွဲဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်…။ အဆုံးအစမဲ့စွာ တိုက်ခတ်လာတဲ့ လေပြေတစ်ချို့နဲ့ အတူ ပိုင်ရှင်မဲ့ မိုးစက်တွေ သူ့ရဲ့ပါးပြင်ပေါ်ကို အလုအယက်….။ သို့မဟုတ်….။ အားကိုးတကြီး လာရောက်ဖက်တွယ်ကြပါတယ်။ အင်းလေ….။ သူတို့လည်း ဒီလောက်အေးစက်နေတဲ့ အပြင်လောကမှာနေရတာ ချမ်းလောက်ရောပေါ့…။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အခုလိုပဲ နွေးထွေးတဲ့နေရာ တစ်ခုခု ကို ခိုနားရကောင်းရဲ့ဆိုပြီး မျှော်လင့်ဖူး….။ မျှော်လင့်ဖူးခဲ့ကြမှာပေါ့…။
မိုးစက်အချို့ ပြတင်းပေါက်ဘောင်တစ်လျှောက် ဟိုနား…။ နောက်…။ ဒီနား…။ စုစုဝေးဝေး….။ ပြန့်ကျဲလို့ နားနေကြလေရဲ့….။ ကောင်းကင်ခရီးကို ဖြတ်သန်း ပျံသန်းလာကြရတာ သူတို့အတွက် သိပ်ကိုမောပန်းသတဲ့လေ…။ တစ်နေ့တော့ မြေပြင်ခရီးကို ဖြတ်သန်းနေရတဲ့သူတွေ အကြောင်း သူတို့ကို ပြောပြရပါဦးမယ်…။ အဆင်ပြေမယ်ဆိုရင် သူတို့တွေရဲ့ ဖြတ်သန်းခဲ့တဲ့ ကောင်းကင်ပေါ်က အတွေ့အကြုံတွေကိုလည်း တတ်နိုင်သ လောက် တီးခေါက်ကြည့်ရပါဦးမယ်…။ ထားပါလေ…။ ကောင်းကင်ပေါ်ကို ရောက်ပါ့မလား..။ မရောက်နိုင်ဖူးလား ဆိုတာထက်…။ ဘာပဲဖြစ်ဖြစ် သိထားတော့ မကောင်းဘူးလားလေ…။
တကယ်တော့ ဒီမိုးစက်တွေဟာ မှားယွင်းသော ခိုလှုံရာကိုရှာခဲ့ကြတာပါ…။ အေးစက်မှုတွေနဲ့ စတင်ဖွဲ့တည်လာခဲ့တဲ့ သူတို့ဘ၀တွေ ဆက်လက် ရပ်တည်ဖို့အတွက်….။ ပျော်သည်ဖြစ်စေ မပျော်သည် ဖြစ်စေ…။ သူတို့ဟာ အဲ့ဒီ့အေးစက်မှုတွေ ကြားမှာပဲ ဆက်လက်နေထိုင်ဖို့ လိုပါလိ့မ်မယ်…။ နွေးထွေးမှုကို မိုက်မဲစွာ ရှာဖွေခဲ့တဲ မိုးစက်အချို့…။ သူတို့တောင့်တခဲ့ကြတဲ့ နွေးထွေးမှုကိုရတဲ့အခိုက်….။ မကြာခင်မှာပဲ ခြောက်ခမ်းကွယ်ပျောက် သွားကြလေရဲ့….။
တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ နွေးထွေးမှုကို အခုလိုမိုက်မဲစွာ ရှာဖွေ ခိုလှုံခဲ့ကြဖူးတဲ့ မိုးစက်တွေဟာ…။ အသစ်အသစ်သော နောင်ဖြစ်လာမယ့် မျိုး ဆက်သစ် မိုးစက်တွေအတွက် မဖြစ်မနေ သင်ယူစရာ သင်ခန်းစာ တစ်ခုများ ဖြစ်လာလေမလား….။
အခန်း (၂)
ညဥ့်သည် တဖြေးဖြေးချင်း အချိန်၏တိုက်စားခြင်းကို ခံတုရင်းဖြင့် ကျရှုံးလို့လာနေပါတယ်…။ တကယ်တော့ အလင်းရဲ့အင်အားကို တောင့်ခံနိုင်တဲ့ အမှောင်ဆိုတာ ဘယ်ရာဇ၀င်မှာမှ မရှိခဲ့ဖူးဘူးလေ…။ မိုးစက်တွေ….။ မိုးစက်တွေ….။ ဆက်လို့သာ ကြနေကြလေရဲ့…။ နီမြန်းနေတဲ့ ကောင်းကင် အောက်…။ မိုးစက်အချို့ လမ်းပျောက်နေကြတယ်…။ မိုးစက်အချို့ လမ်းဖောက်နေကြတယ်…။
မာကျူရီ မီးလုံးနားက ခရီးဆက်ခဲ့တဲ့ မိုးစက်အချို့က ၀ါဖန့်ဖန့်အရောင်တွေနဲ့…။ တံခါးပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုရဲ့ “ကြိုဆိုပါတယ်” ဆိုတဲ့ ဆိုင်း ဘုတ်မှာထွန်းထားတဲ့ အစိမ်းရောင် မီးသီးတွေနားက မိုးစက်အချို့ကတော့ ခပ်စိမ်းစိမ်း…။ ဘာပဲဖြစ်ဖြစ်လေ…။ ၀ါဖန့်ဖန့်အရောင်နဲ့ ခရီးဆက်သွား တဲ့ မိုးစက်တွေပဲ ဖြစ်ဖြစ်…။ အစိမ်းရောင်တွေနဲ့ ခရီးဆက်သွားတဲ့ မိုးစက်တွေပဲဖြစ်ဖြစ်…။ အနဲနဲ့အများတော့…။ ပိန်းပိတ်အောင် ကျယ်ပြောနေတဲ့ ကောင်းကင်အောက် ဘယ်သူမှ သတိမထားမိလိုက်ပဲ တိုးဝင်ပျောက်ကွယ်သွားကြတဲ့ မိုးစက်တွေထက်စာရင်တော့…။ အဲ့ဒီ့ မိုးစက်တွေထက် စာရင်တော့….။
လှပတဲ့ညတစ်ခုဖြစ်ဖို့အတွက်..။ တကယ်တမ်း…။ အမှောင်ဟာ ဓားစာခံတစ်ယောက်ပါ…။ တစ်ခါတစ်လေ မရေမတွက်နိုင်သော ကြယ်ရောင်စုံတွေ ရဲ့ အလှကို လူတွေချီးမွမ်း ထောပနာ ပြနိုင်ကြဖို့အတွက် အမှောင်ဟာ ဗီလိန်တစ်ယောက်အနေနဲ့ အသုံးတော်ခံပါတယ်…။ ဘာပဲပြောပြော အမှောင်ထဲမှာ ဘယ်သူမှသတိမထားမိလိုက်ပဲ ခရီးဆက်ရင်းပျောက်ကွယ်သွားတဲ့ မိုးစက်တွေဟာ အနဲဆုံးတော့ အခြားမိုးစက်တွေလို အရောင်တွေ အဆိုးမခံ လိုက်ရဖူးပေါ့လေ…။ ကံကောင်းပါစေ မိုးစက်တွေရေ….။
အခန်း (၃)
တွေးလက်စ အတွေးအချို့ကို ခဏရပ်လိုက်တယ်…။ အကျင့်ရပြီးသားဖြစ်နေတဲ့ လက်ချောင်းတွေက စီးကရက်တစ်လိပ်ကို မီးညှိပြီးနေပြီပေါ့..။ သခင့်အလိုက်ကို သိပ်သိတတ်ကြပုံများ…။ အားရပါးရ ရှူရှုလိုက်တဲ့ ခဏ အရာရာဟာ ရီရီဝေေ၀ ၀ိုးတိုးဝါးတားနဲ့ လှပလို့နေရဲ့…။ မျက်လုံးတွေကို သူဖြေးညှင်းစွာ ပိတ်လိုက်တော့….။ သာယာတဲ့ ဂီတသံတစ်ခု သူ့အကြားအာရုံထဲကို နူးညံ့စွာ စီးဝင်လာတယ်…။
Yanni ရဲ့ Reflection Of Passion …..။
အဆုတ်ထဲက ဆန်တက်လာတဲ့ မီးခိုးငွေ့တွေကို သူနှမြောတသကြီးစွာ ဖြေးဖြေးခြင်း မှုတ်ထုတ်လိုက်တယ်…။ တလွင့်လွင့် တမြောမြောနဲ့ လွင့်ထွက်သွားတဲ့ မီးခိုးငွေ့အချို့ကြောင့် မိုးစက်အချို့ တဟွတ်ဟွတ်နဲ့ သီးသွားကြတယ်…။ ခပ်တိုးတိုးဆိုပေမယ့်..။ သူကြားဖြစ်အောင် ကြားလိုက် မိတယ်..။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ရိပ်ကနဲ့ ဖြတ်သန်းသွားတယ်..။ ကြည့်စမ်းပါဦး..။ လွတ်လွတ်လပ်လပ်ကြီး ငြိမ်းချမ်းစွာ မွန်းကြပ်နေပုံများ..။
ဟား…..။ ဒီလိုအချိန်မျိုးမှာ တစ်စုံတစ်ယောက်ကို သိပ်သည်းစွာ သတိရနေတဲ့ စိတ်တွေများ သက်သာသွားလေမလား…။ သူ သက်ပြင်းအချို့တစ် ၀က်ကို ခဲရာခဲဆစ် ထုစစ် ဖန်တီးလိုက်တယ်…။
အပြင်မှာ မိုးစက်တွေ တဖွဲဖွဲဆက်လက် ကြဆင်းနေကြတုန်း…။ နဲနဲတော့ မိုးစက်တွေကျဲလာနေပြီထင်သည်…။
သူ့လက်ထဲမှာလည်း စီးကရက်တစ်လိပ် အငွေ့တလူလူနဲ့ လောင်မြိုက်လို့ကောင်းနေတုန်း…။ အရင်ကထက်တော့ ကုန်ဖို့ နီးလာပြီထင်သည်။
အကြားအာရုံတွေထဲမှာလည်း Yanni ရဲ့ Reflection Of Passion ကို ကြားနေရတုန်း..။ အဆုံးကိုရောက်ဖို့တော့ နီးလာပြီထင်ပါသည်။
ဇာတ်သိမ်း
မိုးတိတ်သွားခဲ့လေပြီ….။








မိုးတိတ်သွားပြီ ဆိုတော့ နွေးထွေးမှုကို ရှာချင်တဲ့ မိုးစက်ကလေး တွေလဲ ထပ်မရှိလာတော့ဘူးပေါ့လေ..
Like or Dislike:
0
0
မရေမတွက်နိုင်သော ကြယ်ရောင်စုံတွေ ရဲ့ အလှကို လူတွေချီးမွမ်း ထောပနာ ပြနိုင်ကြဖို့အတွက် အမှောင်ဟာ ဗီလိန်တစ်ယောက်အနေနဲ့ အသုံးတော်ခံပါတယ်…။ ဒီစာသားလေးကြိုက်တယ်ဗျာ ဟုတ်တယ်ဗျ လောကကြီးမှာလဲ တယောက်အပေါ်ရောက်ဖို့ တယောက်က အနင်းခံဖြစ်သွားရတာတွေ တပုံကြီးပါ။
စာသားတွေ အကုန်လုံး အရမ်းလှတယ်ဗျာ ပြောချင်တာတွေ အများကြီးပဲ ရေးရင် ကုန်မှာမဟုတ်ဘူး။ စကားလုံး အသုံးအနှုန်းလေးတွေ ထိမိတယ်တင်စားသွားတာလေးတွေ လှတယ်။ကျနော်လဲ အဲလိုေ၇းချင်တာဗျာ ရေးလို့ကို မရဘူး။ လက်က အပြောင်အပျက်ဆို သိပ်ရတယ်။
လေးစားပါတယ်…..။
Like or Dislike:
0
0
တကယ်တော့ အလင်းရဲ့အင်အားကို တောင့်ခံနိုင်တဲ့ အမှောင်ဆိုတာ ဘယ်ရာဇ၀င်မှာမှ မရှိခဲ့ဖူးဘူးလေ…။
ဒီနေရာမှာ အလင်းနဲ့အမှောင်ဆိုတာ အကောင်းနဲ့အဆိုး၊ ဓမ္မနဲ့ အဓမ္မ၊ ဒီလို အစွန်းနှစ်ခုကို Metaphor ပြုထားတယ်လို့ထင်ပါတယ်။ နေ၀င်ရီသရောအချိန်မှအပ ကျန်တဲ့အချိန်တွေမှာ အဲဒီစာသားလေးကို ကျွန်တော် အမှတ်ရနေမိမယ်ထင်တယ်။
Like or Dislike:
0
0
တွေး သွားတယ်။ အများကြီး တွေးမိတယ်။
ရေးထားတဲ့ စတိုင်လ်လေး အတော်လှတယ်။
Like or Dislike:
0
0
မိုးစက်လေးတွေ တောင့်တတဲ့ နွေးထွေးမှုရပြီး မကြာခင်ပျောက်ကွယ်သွား ပေမယ့် လူသားတွေအတွက်တော့ တောင့်တတဲ့ အရာတွေဟာ အပြည့်အစုံ မရခင် ပျောက်ကွယ်သွားကြတာဘဲလေ…။
Like or Dislike:
0
0
စာကြောင်းတစ်ကြောင်းစီမှာ အဓိပ္ပါယ်ပြည့်နေတယ် ဒါကြောင့်တစ်ကြောင်းစီကို သေချာအချိန်ပေးပြီးဖတ်ဖြစ်တယ်
အင်း တစ်စုံတစ်ယောက်ကို သိပ်သည်းစွာ သတိရတဲ့ရောဂါကူးစက်သွားတယ်
Like or Dislike:
0
0
အမှောင်က ဗီလိန်တဲ့ လား ။ အဲနေရာလေး ထိဗျ ။ ငေးမော တွေးတောသွားတယ် ကိုနက်ရေ ။
Like or Dislike:
0
0
နွေးထွေးမှုကို မိုက်မဲစွာ ခိုလှုံခဲ့ဖူးတဲ့ မိုးစက်တွေက သူတို့တောင့်တခဲ့တာကို ရသွားတဲ့အတွက် ကျေနပ်မသွားဘူးလို့ ပြောနိုင်မလား….. အင်း တွေးမိတာလေးပါ….
Like or Dislike:
0
0
တွေးထားတာ ဖွဲ့ထားတာလေး လှတယ် ဆရာသမား ။
Like or Dislike:
0
0
သိပ်လှတဲ့ စားသားတွေပါပဲ ..
Like or Dislike:
0
0
ငြိမ်းချမ်းစွာ မွန်းကြပ်နေကျပုံများ …..
မှားယွင်းသော ခိုလှုံရာကိုရှာခဲ့ကြတာပါ…
အမှောင်ဟာ ဗီလိန်တစ်ယောက်အနေနဲ့ အသုံးတော်ခံပါတယ်…
ကြိုက်တယ် … မင်းဘယ်တုံးကမှ မလိမ်မာခဲ့ဘူး မည်းကြီး …
မိုက်တယ်ကွာ …
PS … သိနေသလိုလိုခံစားရမိကြောင်းးP
Like or Dislike:
0
0
အရမ်းကြိုက်တယ်……..
Like or Dislike:
0
0
ရေးအားနဲ့ တွေးအားကတော့ အလွန်ကောင်းဟေ့ …
Like or Dislike:
0
0
ခံစားသွားပါတယ်
သူမျာတွေဆက်လက်ခံစားနိုင်အောင်လို့
http://futuredream.ning.com/profiles/blogs/3050997:BlogPost:36245
တင်ပေးထားပါတယ်
Like or Dislike:
0
0
ကျေးဇူးပြုပြီး မိုးအကြောင်း မရေးပါနဲ့လေ….
အသက်ကြီးပေမယ့် အသဲက မပျက်စီးသေးဘူးကွဲ့…
လွမ်းတတ်တယ်….. ဆွေးတတ် နေတုန်းပဲ…..
Like or Dislike:
0
0
အဆုံးရောက်တော့ ဖတ်နေတုန်း အသက်မှ ရှူမိရဲ့လားလို့ ပြန်ဆန်းစစ်ရတယ်… စိတ်ထဲမှာတော့ မိုးတွေ တဖွဲဖွဲ ရွာနေတုန်းပဲ…
မောင်လေးရေ… စာက သိပ်လှတာပဲ…
Like or Dislike:
0
0
ဘလက် ဆိုတာ ဒါပါပဲ။
Like or Dislike:
0
0
အခန်း(၁)- တွေးရသည်၊
“ကောင်းကင်ခရီးကို ဖြတ်သန်း ပျံသန်းလာကြရတာ သူတို့အတွက် သိပ်ကိုမောပန်းသတဲ့လေ…။ တစ်နေ့တော့ မြေပြင်ခရီးကို ဖြတ်သန်းနေရတဲ့သူတွေ အကြောင်း သူတို့ကို ပြောပြရပါဦးမယ်…။”
အခန်း(၂)- သနားမိသည်၊
“လှပတဲ့ညတစ်ခုဖြစ်ဖို့အတွက်..။ တကယ်တမ်း…။ အမှောင်ဟာ ဓားစာခံတစ်ယောက်ပါ…။”
အခန်း(၃)- အလွမ်းတွေကူးဆက်သွား သည်၊
ဇာတ်သိမ်း တော့
တွေးစရာတွေ အများကြီး ကျန်သည်။ မသိမသာ ရင်နာနေမိသည်။ အဟောင်းတွေ အသစ်ဖြစ် ကုန်သည်။
အတွေးရော၊ အရေးပါ ကောင်းလှ ပါတယ် ကိုဘလက်ရေ။
ဖန်းတီးမှု အတွက် ကျေးဇူးပါ။
Like or Dislike:
0
0
” အေးစက်မှုတွေနဲ့ စတင်ဖွဲ့တည်လာခဲ့တဲ့ သူတို့ဘ၀တွေ ဆက်လက် ရပ်တည်ဖို့အတွက်….။ ပျော်သည်ဖြစ်စေ မပျော်သည် ဖြစ်စေ…။ သူတို့ဟာ အဲ့ဒီ့အေးစက်မှုတွေ ကြားမှာပဲ ဆက်လက်နေထိုင်ဖို့ လိုပါလိ့မ်မယ်…။ နွေးထွေးမှုကို မိုက်မဲစွာ ရှာဖွေခဲ့တဲ မိုးစက်အချို့…။ သူတို့တောင့်တခဲ့ကြတဲ့ နွေးထွေးမှုကိုရတဲ့အခိုက်….။ မကြာခင်မှာပဲ ခြောက်ခမ်းကွယ်ပျောက် သွားကြလေရဲ့….။ ”
***နွေးထွေးမှုရဲ့အရသာကိုသိဖို့အတွက်…တစ်ကြိမ်လောက်တော့.
.မိုက်မဲကြည့်သင့်ပါတယ်လေ..
ခြောက်ခမ်းကွယ်ပျောက်သွားပေမယ်..သိခွင့်ရလိုက်တဲ့နွေးထွေးမှုဟာ.အမြဲတမ်းအတွက်အမှတ်တရဖြစ်နေမယ်ထင်ပါတယ်..*****
ပြောင်မြောက်ပြီးအတွေးတွေဖြစ်စေတဲ့အရေးအသားတွေကိုအမြဲ
အားပေးလျှက်….
Like or Dislike:
0
0