ကျွန်တော်တို့တွေ…
နိဒါန်း
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးး…………တစ်အိမ်လုံးဆူညံနေတာပဲ… အစောကြီးရှိသေးတယ်…။ ဘယ်လိုမှကို ဆက်အိပ်လို့မရဘူး….။”
ကျွန်တော် အသားကုန် ကြုံးအော်လိုက်ပါတယ်…။ ခဏတော့ တစ်အိမ်လုံး ကြောင်ပြီး ကျွန်တော့်ကို ၀ိုင်းကြည့်နေကြပါတယ်…။ သိပ်မကြာလိုက်ပါ ဘူး တစ်ယောက်တစ်ပေါက်နဲ့ အားရပါးရ ၀ိုင်းလှောင်ကြပါတော့တယ်….။
“အံမယ်…။ အိပ်လို့မရဘူးသာ လျှောက်အော်နေတာ…။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး ကိုကြီးရယ်…။ ရေချိုး၊ အ၀တ်အစားလဲပြီးလို့ ရေမွှေး နံ့တစ်ထောင်းထောင်းနဲ့….။ ဘယ်အချိန်ကတည်းက အစောကြီးထပြီး ပြင်ထားမှန်းတောင်မသိဘူး…။ ဒီမှာ ဘယ်သူမှတောင် မျက်နှာမသစ်ရသေး ဘူး…”
ကျွန်တော့်ညီမမှ ဆက်တိုက်ပြစ်လိုက်သော စကားလုံးများ ကြားမှ ကျွန်တော် ကိုယ့်ကိုယ်ကို နဲနဲပြန်သတိထားမိသွားပါတယ်..။ အနဲငယ် အံ့သြသလို လည်း ဖြစ်သွားပါတယ်…။ ကျွန်တော့်အခန်းဟာ ရေချိုးခန်း၊ အိမ်သာ တွဲလျှက်မဟုတ်ပါဘူး။ အောက်က အခန်းက ပြင်ထားတဲ့အတွက် သုံးလို့မရ ပါ။ အပေါ်မှာ အဖေတို့အခန်း…။ ကျွန်တော် ဘယ်အခန်းတွင် ၀င်ချိုးလိုက်မှန်းမသိပါ…။ ဒါပေမယ့် ခဏပါပဲ..။ ကျွန်တော့်အတွက် ဒါအဆန်းမဟုတ် တော့ပါ..။ အိပ်ယာကထရင် အိပ်ချင်မူးတူးနဲ့ လုပ်စရာရှိတာတွေ ဒါမှမဟုတ် လုပ်ချင်တာတွေလုပ်ပြီး တစ်ခါတစ်လေ ပြန်အိပ်ပျော်သွားပြီး နိုးလာမှ ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို မမှတ်မိတာမျိုးတွေ ခဏခဏပါ..။
“ဟေ…။ အေး…။ ဟုတ်လား…။ ဟီး ဟီး…။ ဆောတီး ဆောတီး…။ မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်…။ ဖြဲချင်တဲ့ စိတ်ကများသွားလို့ ဟဲ ဟဲ”
“သေနာလေး…။ ငါ့မှာလန့်သွားတာပဲ ဘာများဖြစ်တာလဲလို့….။” ဒါက မာတာမိခင်ရဲ့ တိုက်စစ်….။
“အဖေရာ…? အဖေ….?”
” နင့်အဖေ အိမ်သာတက်နေတာ တစ်ကမ္ဘာလောက်ရှိပြီ..။ အခုထိမပြီးသေးဘူး…။ ကျန်တဲ့ရေချိုးခန်းတွေ မနေ့က ခြံထဲက အလုပ်သမားတွေလာ ပြီး ပြန်ပြင်ထားလို့ အဲ့ဒီ့တစ်ခန်းပဲ အားတာ…။ အဲ့ဒါ နင့်အဖေက ဇိမ်စွဲပြီး လုပ်နေလို့ ငါရော နင့်ညီမရော အခုထိ ရေမချိုးရသေးဘူးဟေ့…။”
သြော်….။ တစ်ခုပြောပြရဦးမယ် ကျွန်တော့် ဖခမည်းတော်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်မဟုတ် တစ်အုပ်ပါမှ တက်တတ်ပါတယ်..။ အဲ…။ အိမ်သာထဲ ၀င်သွားပြီဆိုရင်လည်း မသိရင် အိမ်သာထဲဝင်ပြီး နားအေးပါးအေး စာထိုင်ဖတ်နေတာလား…။ အိမ်သာသွားတတ်တာလား ခွဲခြားမရ အောင်ကို ကြာပါတယ်…။ တစ်ခါက အပြင်က ပြန်လာတုန်း ကမူးရှူးထိုးနဲ့ အိမ်သာထဲဝင်မယ်ဆိုပြီး တွေ့ကရာ စာအုပ်ဆွဲသွားလိုက်တာ အဲ့ဒီ့တုန်းက ကျွန်တော့်ညီမ သင်နေရတဲ့ သူငယ်တန်း ဖတ်စာအုပ်ကြီး ပါသွားလေရဲ့ဗျာ….။ တကယ့်ကို စံပါပဲ…။
” ငါ့အကြောင်း ဘာတွေအတင်းတုပ်နေတာလဲ…။ အကုန်ကြားတယ်…။ မင်းတို့ သားအမိတွေ အူကြောင်ကြောင်မလုပ်နဲ့…”
“အဲ့….သရဲ”
ကျွန်တော်တို့အားလုံး ကြောင်သွားပါတယ်..။ အသံပဲ ကြားရပြီး လူမမြင်ရဘူးလေ…။
“၀ါးးးးးးးး…..ဟား…ဟား…ဟား…။ ဒီလိုလုပ်လို့ရရိုးလား…”
မှားပါတယ် အဖေရယ်….။ ကျွန်တော်တို့တိုက်က နှစ်ထပ်ပါ..။ အပေါ်ထပ်ကိုတက်တဲ့ လှေခါးက နှစ်ဆင့်ပါ…။ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြား မှာ အမြင့်ပေ ၂၀ လောက်ရှိတယ် ဇီးမှန်တစ်ချပ် အပြည့်တပ်ထားပါတယ်..။ အဲ့ဒီ့မှာ လိုက်ကာအရှည်ကြီးတွေလည်း တပ်ထားပါတယ်…။ အဲ့ဒီ့ လိုက်ကာကြားထဲ ကျွန်တော့်အဖေ ဘယ်အချိန်ကတည်းက ၀င်ပုန်းနေမှန်းမသိပါဘူး…။ သူ့အသံဗြဲကြီးနဲ့ ကလေးတွေလို “တူတူရေ…၀ါး” လုပ် လိုက်မှပဲ ကျွန်တော်တို့မှာ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်…။
သူ့ကိုကြည့်လိုက်တော့ သူက အပြတ်ရှိုင်းထားပြီးနေပါပြီ..။ သဘောကတော့ အပြင်သွားဖို့အဆင်သင့် ဖြစ်နေပြီ ဆိုပါတော့…။
” အံမယ်..။ ဘာမှ အတင်းတုပ်စရာမလိုဘူး..။ ပေါ်တင်ပြောနေတာ…။ နေပါဦး ရှင်က အိမ်သာတက်နေတာ မဟုတ်ဘူးလား..။ ဘယ်လိုလုပ်ပြီး ဒီ လိုက်ကာနောက်ရောက်နေတာလဲ…။ မကြီးမငယ်နဲ့ တူတူပုန်းတမ်းက လာကစားနေသေးတယ်..။ ကျွန်မတို့က ရှင် ပွဲတော်တည်..။ အဲ.. မှားလို့..။ အိမ်သာတက်တာ ကြာလို့ အောက်မှာ ကောင်းချီးပေးနေတာ…။”
“သေဦးမယ် ဒီမိန်းမ..။ ငါ့ကို ပွဲတော်တည်တယ်လေး ဘာလေးနဲ့…။ အိမ်သာတက်ပြီးတာက ကြာပေါ့…။ တစ်ခါထဲ ရေချိုးနေလို့…။ ရေချိုးအ၀တ် လဲပြီးလို့အောက်ဆင်းလာတုန်း မင်းတို့တွေ ငါ့အတင်းတုတ်နေတာမြင်လို့ ဘာတွေများ ဆက်ပြောမလဲ ဆိုပြီး ဒီထဲ ၀င်ပုန်းနေတာ..ဟဲ ဟဲ “
ပြောရင်းလှေခါးမှ အောင်မြင်သူစစ်သူကြီး ခြေလှမ်းမျိုးဖြင့် ဆင်းလာသော ခမည်းတော်သည် အောက်ဆုံး လှေခါးထစ်အား ခြေခြပြီးသကာလတွမူ..
“အား..အား..။ နာတယ် မိန်းမရ..။ ဟ နာတယ်ဟ..။ ဟဲ ဟဲ..။ အား နာတယ်ဆို…။ အေးအေး နောက်မလုပ်တော့ပါဘူးဟ…”
မာတာမိခင်ရဲ့ အနှစ် ၁၀၀၀ အတွင်းအားအပြည့်ပါသော “ဗိုက်ကြောလိမ်ဆွဲ” သိုင်းပညာနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရလေတော့သည်…။
အချိန်မှာ မနက် ၅ နာရီလောက် ဖြစ်မယ် ထင်ပါတယ်…။
အခန်း (၁)
” ဘုရားအရင်သွားမယ်မလား…”
ကျွန်တော့်အမေးကို အဖက ခပ်တိုတိုသာဖြေသည်…။
“အေး…”
ကျွန်တော်က ကားမောင်းပါတယ်..။ ကျွန်တော့်ဘေးမှာက အဖေ ထိုင်ပါတယ်..။ ကျွန်တော့် အနောက်တည့်တည့် နောက်ခန်းမှာက ကျွန်တော့ညီမ။ အဖေ့နောက်တည့်တည့်မှာက အမေ…။ အားလုံးအသီးသီးနေရာယူထားပါတယ်…။ ကျွန်တော်ကားစက်နှိုးပြီး အင်ဂျင်နဲနဲပူတဲ့အထိ စောင့်နေ လိုက်ပါတယ်..။ အင်ဂျင်ပူသွားလို့ စက်သံငြိမ်သွားတဲ့အခိုက်အတန့် ကျွန်တော့်စိတ်ထဲ ရိပ်ကနဲ ဖြတ်ပြေးသွားသော အတွေးစတစ်ခုကြောင့် ကျွန်တော့်မျက်နှာပေါ်မှာ အပြုံးစတစ်ခု အမှတ်မထင် ပွင့်ဖူးသွားခဲ့ပါတယ်…။ ဒါကို သတိထားမိလိုက်တဲ့ အဖေက….
“သား..။ မင်းဘာပြုံးတာလဲ…?”
ကျွန်တော် နံပါတ် ၁ ဂီယာကို အသာအယာပဲ ထိုးလိုက်ပါတယ်..။ ဘယ်ဘက်ခြေထောက်ကလည်း ကလပ်ကို အဆင်သင့် နင်းပြီးသားပေါ့…။
“သြော် သားမောင်းတဲ့ကားကို အခုလို အဖေထိုင်စီးဖို့ သားဘယ်လောက်စောင့်စားခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုပေါ့ အဖေရယ်…”
ကျွန်တော့် မျက်နှာမှာ အပြုံးတွေ ရှိနေပါတယ်…။ ကျွန်တော် အဖေ့ကိုမကြည့်ပဲ ကားအရှေ့တည့်တည့်ကိုသာ ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိပါတယ်..။ အဖေပြုံးနေပါလိ့မ်မယ်….။ ထို့အတူ ကျွန်တော့်စကားသံကို သေသေချာချာ ကြားလိုက်ရတဲ့ နောက်ခန်းက ကျွန်တော့် အမေနဲ့ ကျွန်တော့် ညီမလေးလဲ ပြုံးနေကြမှာ သေချာပါတယ်…။
ဒါပေမယ့် သူတို့တွေရဲ့ အပြုံးတွေထဲမှာ ကျွန်တော် မသိတဲ့ (သို့မဟုတ်) ကျွန်တော် မသိနိုင်တဲ့ တစ်စုံတစ်ခုသောအကြောင်းအရာ ရှိနေတယ် ဆိုတာကိုတော့ ကျွန်တော် သတိမထားမိခဲ့ရိုး အမှန်ပဲ ဖြစ်ပါတယ်…။
ကျွန်တော်မောင်းနှင်သော ကားသည် အမှားအယွင်းမရှိ ညင်သာစွာပင် ခြံဝင်းထဲမှ မောင်းထွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်….။
အခန်း (၂)
ရွှေတိဂုံရင်ပြင်ရဲ့ နံနက်ခင်းဟာ သိပ်ကိုသာယာလှပါတယ်..။ မလင်းတလင်းကောင်းကင်အောက်…။ ညင်သာစွာ ဖြတ်သန်းတိုက်ခိုက်သွားတဲ့ လေ ပြေလေညှင်းလေးတွေကြား…။ ခပ်သဲ့သဲ့ ကြားနေရတဲ့ ဆည်းလည်းသံတွေဟာ ကျောက်သား သံမဏိကဲ့သို့ မာထန်သော နုလုံးဘ၀င်ကိုပဲ အရည် ပျော်ကျသွားအောင် စွမ်းဆောင်နိုင်စွမ်းရှိတယ် ဆိုတာကို ကျွန်တော် ချွင်းချက်မရှိ ယုံကြည်ပါတယ်..။
လူသားတွေရဲ့ လောဘတွေ၊ မောဟတွေ၊ သောကတွေ…။ ဟုတ်တယ်…။ ဒီဆည်းလည်းသံလေးတွေနဲ့ ဘုရားရှင်တော်ရဲ့ ငြိမ်းအေးတဲ့ အရိပ်ဟာ လူ သားတွေရဲ့ မဆုံးနိုင်အောင် လောင်ကြွမ်းနေတဲ့ မီးတွေကို အမှန်တကယ်ပဲ ငြိမ်းအေးစေနိုင်ပါတယ်..။ မီးတွေအရှိန်ကောင်းတုန်းတော့ လုံးဝငြိမ်း အောင် မငြှိမ်းသက်ပေးနိုင်သည့်တိုက် အခိုက်အတန့် တစ်ခုတော့ ကျွန်တော်တို့ရဲ့ နုလုံးသားကို အေးချမ်းစေပါတယ်…။ အကြွင်းမဲ့ ချုပ်ငြိမ်းဖို့ ဆို တာကတော့ ကျွန်တော်တို့ကိုယ်တိုင် ဖြစ်ချင်တဲ့ စိတ်နဲ့ တစ်ဘက်တစ်လမ်းက ကြိုးစားကြဖို့လည်း လိုသေးတယ်လေ….။
ရင်ပြင်တော်ပေါ်ရောက်ပြီးတော့ ထုံးစံအတိုင်း ရွှေတိဂုံစေတီကြီးကို လက်ယာရစ် ဖူးမျှော်ကြပါတယ်..။ ပထမဆုံး အဖေနဲ့ ကျွန်တော်ရဲ့ မွေးနေ့ ထောင့်ကိုရောက်ပါတယ်..။ အဲ့ဒီ့မှာ ဘုရားဝပ်ပြု…။ ရေသပ္ပာယ်…..။ ကျွန်တော်တို့ မွေးနေ့ထောင့်နဲ့ ကပ်ရပ်မှာ အမေ့ရဲ့ မွေးနေ့ထောင့်ပါ…။ သူလည်း သေသေချာချာဘုရားဝတ်ပြု..။ ပြီးတော့ ရွှေတိဂုံရဲ့ အံ့ဖွယ်ကိုးပါးကို တစ်နေရာခြင်းလိုက်ဖူးမျှော်…။ အားလုံးပြီးတော့..။ ဘုရားပေါ်က ပြန်ဆင်းပေါ့..။ ဘုရားပေါ်က အဆင်း ဆောင်းတန်းနားမှာ ကျွန်တော့်ညီမရဲ့ မွေးနေ့ထောင့်ရှိပါတယ်..။
ရင်ပြင်ပေါ်တစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောပဲ ဘုရားစာရွတ်ရင်း လိုက်လာသော အဖေက ဘုရားပေါ်မှဆင်းခါနီး ကျွန်တော့်ကို မေးခွန်းတစ် ခု ရုတ်တရက် မေးလိုက်ပါတယ်…။
“ငါ့သား..။ ဘုရားဝ အောင်ဖူးခဲ့ရဲ့လား….”
“ဟုတ်ကဲ့…”
အဖေက ပြုံးကာ ခေါင်းညိတ်ရင်း ကျွန်တော့်ရှေ့မှာ အရင်ဆင်းသွားပါတယ်..။ အမေနဲ့ ညီမလေးက ကျွန်တော့်လက်မောင်း တစ်ဘက်စီကို တွဲရင်း အဖေ့နောက်မှ ကျွန်တော်တို့ လိုက်ဆင်းခဲ့ပါတယ်…။ ကျွန်တော်သတိထားမိတာတစ်ခုက အဖေ့လိုပဲ အမေနဲ့ ညီမလေးရဲ့ မျက်နှာမှာလည်း အပြုံး တွေ ကိုယ်စီနဲ့လေ…။
အခန်း (၃)
” ရှမ်းကန် မလား အဖေ…”
” အင်းကောင်းသားပဲ…။ ဂိုးလေ…”
သူက ဒီလိုသာပြောပေမယ့်…။ အမှန်က ကျွန်တော်တို့ မိသားစု မနက်ပိုင်း ရွှေတိဂုံလာပြီးလို့ နံနက်စာစားမယ်ဆိုရင် ရှမ်းကန်မှာ Dim Sam စားနေ ကြပါ…။ ဒါဟာ ဆယ်နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ကျွန်တော်တို့ မိသားစုရဲ့ အစဉ်အလာတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး..။
ရှမ်းကန်ရောက်တော့
“အထဲမှာထိုင်မလား..။ အပြင်မှာပဲ ထိုင်မလားအဖေ…”
“လွတ်လွတ်လပ်လပ် အပြင်မှာပဲ ထိုင်တာပေါ့ကွာ…။ ရေကန်နားက ခုံမှာ လူလွတ်တယ်မလား..?”
“အင်း…။ ကောင်းတယ်..။ သားလဲ ဆေးလိပ်သောက်လို့ရတာပေါ့…”
အဖေကတော့ ဘာမှမပြော..။ သူ့လက်မောင်းကို ယုံကြည်မှု၊ နားလည်မှု၊ အားကိုးမှု တွေဖြင့် ခိုင်မြဲစွာ တွဲထားတဲ့ အမေ့ဘက်ကို ကြည့်ရင်း ခေါင်းတငြိတ်ငြိတ်ဖြင့်သာ…။ အမေက တစ်ချက်တော့လှည့်ကြည့်သည်..။ ကျွန်တော် လျှာထုတ်ပြလိုက်ပါတယ်…။ ညီမက တွဲထားတဲ့ ကျွန်တော့်ရဲ့ လက်မောင်းကို ဖြုတ်ကာ မျက်စောင်းထိုးပါတယ်..။
မှာစရာရှိတာတွေမှာ…။ နံနက်စောစောမှာ ကန်တော်မင်္ဂလာ ရေကန်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေညှင်းတွေကို ခံစားရင်း မိသားစု စကားလက် ဆုံ ကြပါတော့တယ်..။
“သား…။ မင်းဟိုမှာနေရတာ အဆင်ပြေရဲ့လား..?”
“ကိုယ့်တိုင်းပြည်မဟုတ်တော့လည်း ပြေတာတွေရှိသလို မပြေတာတွေလည်း ရှိတာပေါ့ အဖေရယ်..။ ဒါပေမယ့်လည်း သိပ်တော့ ထူးထူးခြားခြား မရှိ ပါဘူး..။ သူများနေသလို လိုက်နေ..။ သူများစားသလိုစား..။ သူများ လုပ်သလို လိုက်လုပ်နေရုံပါပဲ…။ ဒါတွေက အကျင့်ရနေပါပြီ အဖေရာ..”
ဟင်းခွက်အချို့နဲ့..။ Jasmine Tea ရောက်လာပါတယ်…။
“ကိုကြီးတို့ဆီမှာ ဆောင်းတွင်းတွေဆို နှင်းတွေ ကျမှာပဲနော်..။ တအားလှမှာပဲ…။ ညီမလေးက နှင်းတွေ တစ်ခါမှ အဲ့လိုမမြင်ဖူးဘူး..။ ရောက်ဖူးခြင် လိုက်တာ..။ နှင်းတွေကြားထဲမှာ ဆော့ရတာ..။ Snow Man တွေလုပ်ရတာ သိပ်ကို ပျော်ဖို့ကောင်းမှာပဲ…။ နောက်တစ်ခါ ကိုယ်ကြီးထပ်သွားဖြစ်ရင် လိုက်ဖြစ်အောင် လိုက်ခဲ့ဦးမယ်…။”
“အာ…။ ဘယ့်နဲ့ ငါ့ကို နောက်တစ်ခါ ထပ်သွားခိုင်းနေတာလဲ…။ တစ်ခါဆို ဆိုသလောက် မှတ်နေပါပြီဟာ..။ နင့်ဘာသာ သွားခြင်ရင် ယောကျာ်းရမှ ဟန်းနီးမွန်းလိုက်ပို့ခိုင်း…။”
“ဟွန့်…။ အကောင်းပြောတာကို…။ ကိုယ်ကြီးက စိတ်ကိုပုတ်တယ်…။ အဲ့ဒါကြောင့် ညီမလေးတို့ မိသားစုနဲ့ အတူတူ မနေ…”
“သမီး…။ ဟိုမှာကြည့်စမ်း သစ်ခွတွေ လှလိုက်တာ…။ အမေတို့ ခြံထဲမှာစိုက်ထားတဲ့ အမျိုးအစားတွေပဲမလား…?”
“ဟယ်..။ ဟုတ်တယ်အမေ…။ လှတယ်နော်..။ အများကြီးပဲ…။ ဒါပေမယ့် သမီးတို့ ခြံထဲက အပွင့်တွေက ပိုကြီးတယ်နော်…”
“ဟိတ်ကောင်…။ အငယ်မ..။ နင်လေ…။ ဒီလောက်နှင်းတောထဲ နေခြင်တာ..။ နှင်းတွေပိုများများစားစား ကြတာမြင်ခြင်ရင် ဆိုက်ဘေးရီးယားသာ တန်းသွား..။ အဲ့ဒီ့မှာ နှင်းပိုကြတယ်…။ ဟီး ဟီး”
ကျွန်တော့်ညီမလဲ လျှာထုတ်ပြရုံသာ ထုတ်ပြကာ ဘာမှ ဆက်မပြောတော့ပေ..။
“သား..။ မင်း စာတွေရော လိုက်နိုင်ရဲ့လား…။”
“အဖေ စိုင်းထီးဆိုင်သီချင်းကြားဖူးတယ်မလား…?”
“ဟ ဘာလဲဟ မင်းဟာက အဆန်းပါလား..။ ဘာဆိုင်လို့လဲ…။ လုပ်စမ်းပါဦး…”
“ဘယ်ကစလဲ…ဘယ်မှာဆုံးလဲ….သိသလို…. မသိသလိုပါပဲ…”
<<<<<<<ဟား…ဟား…ဟား….>>>>>
သားမိသားအဖအားလုံး တဟားဟား ဖြင့်ပွဲတော်တော်ကြသွားပါတယ်…။ စားပြီးသောက်ပြီးတော့….။ ကျွန်တော် စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိ လိုက်ပါတယ်…။ အဖေနဲ့အမေကတော့ မမြင်ချင်ယောင်ဆောင်ရင်း ကန်ရေပြင်ဘက်ကိုသာ ငေးကြည့်နေကြပါတယ်..။ အငယ်မကတော့ နာခေါင်း ကို တမင်တကာ ရှုံပြီး လက်ကလည်း ဆေးလိပ်မီးခိုးငွေ့တွေကို ဖယ်ထုတ်နေပါတယ်…။ အမှန်က မီးခိုးငွေ့တွေက သူ့ဘက်ကို သွားခြင်းမဟုတ်ပါ။ ကျွန်တော် ဆေးလိပ်သောက်နေတဲ့ အခိုက် ကျွန်တော်တို့ မိသားစုထမင်းဝိုင်းဟာ တိတ်ဆိတ်လို့သာ နေခဲ့ပါတယ်…။
“အဖေ…။ အမေ…။ ဒီမှကြည့်ပါဦး..”
ကျွန်တော် ပြောပြောဆိုဆိုနှင့် ကျွန်တော့် ကျောပိုးအိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပါတယ်…။ ဆင်တူ နာရီလေး နှစ်လုံးပါ..။ တစ်လုံးက ယောကျာ်းဝတ်…။ တစ်လုံးက မိန်းမ၀တ်လေးပါ…။
“သား မုန့်ဖိုးစုပြီး..။ အဖေနဲ့ အမေအတွက် ၀ယ်ထားတာ….ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ငွေရတုမင်္ဂလာနှစ်ပတ်လည်ပါ ဖေဖေနဲ့ မေမေ”
အဖေရော အမေရော ပြုံးနေကြပါတယ်…။ ဒါပေမယ့် သူတို့ရဲ့ မျက်ဝန်းတွေဟာ သာမန်အချိန်ထက် အနဲငယ်ပိုမို အရည်လဲ့နေကြပါတယ်..။ မပြော ဖြစ်တဲ့ စကားလုံးတွေ ဖြစ်နိုင်ပါတယ်…။ အငယ်မက ဟန်မဆောင်နိုင်…။ ” ခဏ” ဟု ပြောက စားပွဲဝိုင်းမှ ထသွားပြီး အမျိုးသမီး သန့်စင်ခန်းဘက် ထွက်သွားပါတယ်…။
” အာ အဖေတို့ကလည်း အမှတ်ရလက်ဆောင်ပေးတာ ၀မ်းနည်းစရာလား…။ ဒါကို သားပေးချင်လွန်းလို့ ရေလည်စုထားရတာ..။ Brand ကိုလည်း ကြည့်ဦး Tissot…! ဟဲ..ဟဲ..။ လှတယ်မလား အမေ…”
ကျွန်တော် အာကျယ် အာကျယ်သာ လုပ်နေခြင်းဖြစ်ပါတယ်…။ ကျွန်တော့် မျက်ဝန်းတွေထဲမှာရော သူတို့လို မပြောဖြစ်တဲ့ စကားတွေ ရှိနေသလား၊ မရှိနေဘူးလားဆိုတာကိုတော့….
ကျွန်တော် ပြောပြောဆိုဆိုနှင့် အဖေ့လက်ကို ယူ..။ သူ့နာရီကိုချွတ်ပြီး ကျွန်တော့်နာရီကို ပတ်ပေးလိုက်ပါတယ်..။ နောက်တော့ အမေ့လက်ကိုယူပြီး ပတ်ပေးလိုက်ပါတယ်..။ အမေ့မှာတော့ နာရီမရှိပါ..။ အမေ့ကို ပတ်ပေးလိုက်တဲ့ နာရီအပေါ် ရုတ်တရက် မျက်ရည်စက် တစ်စက် ထိုးဆင်းသွားပါ တယ်။ ကျွန်တော့်ဆီကလား…? အမေ့ဆီကလား…? ကျွန်တော် မဝေခွဲနိုင်ခဲ့ပါဘူး…။
ဇာတ်သိမ်း
အဖေက ကားသော့ကို ဆွဲယူလိုက်ရင်း
” ကဲ ထိုင်နေတာလဲ ကြာပြီသားရေ…။ တို့တွေ ပြန်ကြရအောင်..”
“အင်း ..။ ကားသော့ပေးလေ…။ သားမောင်းမှာကို..”
အဖေက ကျွန်တော့်ပုခုံးကို ညင်သာစွာ ဖတ်လိုက်ပါတယ်…။ အမေက ကျွန်တော့်ရဲ့ ဘယ်ဘက်လက်မောင်းကို တွဲလိုက်ပါတယ်..။ အငယ်မက ကားနားမှာ ကားကိုမှီရင်း ကျွန်တော်တို့ကို ကြည့်နေပါတယ်..။ ခပ်ဝေးဝေးကမို့ သူငိုနေကြောင်း ကျွန်တော် မသိခဲ့ရပါ…။
“သား..။ မင်းပြန်ဖို့အချိန်တန်ပြီ သား…”
“အင်းလေ အခုလည်းပြန်မှာပဲလေ…။”
“မဟုတ်ဘူးသား.. မဟုတ်ဘူး…။ အခု မင်းမြင်နေတာတွေ မင်းသိနေတာတွေအားလုံးဟာ အစစ်အမှန်တွေမဟုတ်ဘူး..။ ဒါဟာ မင်းအိပ်မက် မက်နေတာပဲသား…”
ကျွန်တော် အကြီးအကျယ် တုန်လှုပ်သွားပါတယ်..။ မဟုတ်ဘူး..။ မဟုတ်ဘူး..။ ဒါလုံးဝမဖြစ်နိုင်ဘူး..။ ကျွန်တော် တစ်ချိန်လုံးသူတို့နဲ့အတူတူ ရှိနေခဲ့တာ ဒါဟာ ဘယ်လိုနည်းနဲ့မှ အိပ်မက်မဖြစ်နိုင်ဘူး..။ အဓိပ္ပာယ်မရှိဘူး..။ ကျွန်တော့်အတွေးတွေ ဆူပွက်သွားပါတယ်..။
တစ်ချိန်လုံးငြိမ်နေသော အမေက
“မင်းအဖေပြောတာ ဟုတ်တယ်သား..။ ဒါဟာ မင်းအိပ်မက် မက်နေတာပါသားရယ်…။ ယုံလိုက်ပါ…။ တစ်ကယ်တမ်းဆို မင်းက အမေတို့နဲ့ မိုင်ပေါင်း ၈၀၀၀ ကျော် ဝေးတဲ့နေရာမှာပါသားရယ်….။ မင်းလက်ခံလိုက်ပါ…”
“အာ မဟုတ်ဘူး မဟုတ်ဘူး..။ ဘာတွေလာပြောနေတာလဲ..။ အိပ်မက်ဆိုလည်း မပြန်ဘူးဗျာ..။ သားအမေတို့ အဖေတို့ ညီမလေးတို့နဲ့ပဲ နေမယ်..။ မပြန်ဘူး…။ သားဟိုမှာ သိပ်အထီးကျန်တယ်..။ သားမနေခြင်ဘူး..။ သားအမေတို့ အဖတို့နဲ့ပဲနေပါရစေ..။ သားကို ခွဲမသွားကြပါနဲ့ဗျာ။ သား အမေတို့နဲ့ပဲ အတူနေပါရစေ…သား…သား..။”
ကျွန်တော့်စကားတွေ မဆုံးလိုက်ပါ…။ ကျွန်တော့်ရဲ့ ခေါင်းပေါ်သို့ ညင်သာစွာ သပ်ငင်ပေးလိုက်တဲ့ အဖေနဲ့ အမေရဲ့ လက်အစုံနှင့်အတူ….။
အမှောင်ထုထဲသို့ ………………….ကျွန်တော်………………လွင့်………….ထွက်…………မြော……………..ပါ………..။
P.S- ဒီနေ့ (၉.၆.၂၀၀၉) ခုနှစ်မှာကျရောက်တဲ့ ကျွန်တော့်ရဲ့ချစ်လှစွာသော မိဘနှစ်ပါးရဲ့ (၂၅) နှစ်ပြည့်ငွေရတုမင်္ဂလာပွဲ အထိမ်းအမှတ် ခံစားရေး ဖွဲ့ပါသည်။








Congratulation!!. for ur mom & dad..
အားကျတယ်ကွာ … ပျော်စရာကောင်းတဲ. မိသားစုဘ၀လေးပဲ ..
အိပ်မက်ထဲက နိးထ ပါစေလို. ပထမဆုံးဆုတောင်းခြင်းပဲ …
Like or Dislike:
0
0
မသိလို့ပျော်လိုက်မိတယ် ဒီလိုအဆုံးသတ်မယ်မှန်းသိရင် အစကပြုံးမှန်းမသိ ပြုံးနေမိတာတွေကို ရပ်ခဲ့ပါရဲ့
မိသားစုအားလုံး ဘဝများစွာ မခွဲမခွါနေရပါစေ
Like or Dislike:
0
0
အကိုပြန်သွားရင် အကို့စိတ်ကူးလေးအတိုင်း မိသားစု တူတူဘုရားသွား
မုန့်စား လုပ်နိုင်မှာပါ အကိုရယ်…
ငွေရတု နှစ်ပါတ်လည်မှသည် စိန်ရတု၊ ပတ္တမြားရတု တိုင် ရတုအဆက်ဆက် မိသားစုပျော်ရွှင်စွာနေရပါစေ လို့ဆုတောင်းပေးပါတယ် အကို
Like or Dislike:
0
0
အလွမ်းတွေက တစ်ခါတစ်ရံ
အားသိပ်ကောင်းတယ်ဗျာ ….
Like or Dislike:
0
0
ညီလေးရေ အိပ်မက်ထဲက ဘဝလေး အမြန်ဆုံး ပြန်ရနိုင်ပစေ လို့ ကိုယ်ဆုတောင်းပါတယ်..။
Like or Dislike:
0
0
ကိုမဲကြီးရေ မရောက်တာအတော်တောင်ကြာသွားသကိုးဗျ။ ဟဲဟဲဟဲ
စာတွေဖတ်သွားသဗျ။ စိတ်ကူးလေးတွေ ပြည့်ပါစေဗျာ..။
ရေးလဲေ၇းတတ်ပါ့ဗျာ… ဖတ်ရင်းနဲ့ ကိုယ်တောင်အဲလို ဖြစ်ချင်လာတယ်ဗျ။
Like or Dislike:
0
0
အလွမ်းတွေ ၊သတိရခြင်းတွေကို လာခံစားမိပါတယ်…
Like or Dislike:
0
0
ဘလက် လူလည်လေး အိမ်မက်ထဲကပဲ ဘက်ဆောင်တွေပေးနေတယ်…
နောက်ထပ် တစ်နှစ်ပေါ့… အလွမ်းဒဏ်တွေက အတော်ဆိုးတာ.. ငါလဲ အိမ်ပြန်ချင်တယ်ကွားးး
Like or Dislike:
0
0
Please pass my regards and wish to your mom & dad.
Happy Anniversary!
Like or Dislike:
0
0
ပျော်စရာပဲလို့တွေးရင်း ပြုံးလာခဲ့တာ…
အိမ်မက်တွေ အမှန်အကန်ဖြစ်လာမှာပါလေ… နည်းနည်းထပ်စောင့်ရုံပေါ့..
တစ်ခါတစ်လေမှာ နိုးမထချင်တဲ့ အိမ်မက်တွေရှိတတ်တယ်….
Like or Dislike:
0
0
အိမ်မက်တွေ အိမ်မက်တွေ ဒီလိုပဲ၊ တို့လဲ မနိုးချင်ဘူးမောင်လေးရေ၊
Like or Dislike:
0
0
သူငယ်ချင်းရယ်…သိပ်မကြာတော့ပါဘူး။
နင့်အိပ်မက်တွေရောက်ဖို့အချိန်တွေ သိပ်မလိုတော့ပါဘူး။
နင်ဘယ်လောက်တောင် အိမ်ကိုလွမ်းနေမလဲ။
ထပ်တူခံစားရပါတယ်။
ငွေရတုနှစ်ပတ်လည်မှသည် နောင်လာမည့်ရွှေရတု၊စိန်ရတု၊ပတ္တမြားရတုအဆက်ဆက်မှာငါ့သူငယ်ချင်းတစ်ယောက်ချစ်တဲ့မိသားစုနှင
ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ…
Like or Dislike:
0
0
ပျော်ရွှင်စရာနှစ်ပတ်လည်ဖြစ်ပါစေ……..
နှစ်ပေါင်းများစွာဆင်နွှဲနိုင်ပါစေ……..
မိသားစုစုံလင်စွာပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနိုင်ပါစေ……….
Like or Dislike:
0
0
ပတ္တမြားရတုတိုင်ပါစေ မောင်လေး။ အိပ်မက်ထဲကအတိုင်း တစ်နေ့နေ့မှာ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆိုတောင်းပေးပါတယ်။
( အိမ်ကိုခုမှ ပြန်ရောက်လို့ နောက်ကျမှရောက်လာရတယ်။ ဆောရီးပါ မောင်လေးရေ )
Like or Dislike:
0
0
အမ မကြာမကြာရောက်ပါကြောင်း..
Like or Dislike:
0
0
အစ်ကို့ရဲ့အိပ်မက်လေးတွေ တစ်နေ့လှပစွာ မှန်ကန်လာကြပါစေလို့ဆုတောင်းပါတယ် အစ်ကို..။
Like or Dislike:
0
0
မဲကြီး မိသားစုနဲ့ ပျော်ရွှင်စွာ ပြန်လည်ပေါင်းဆုံနိုင်ပါစေသတည်း …
Sorry …ဆုတောင်းတာ နောက်ကျသွားတယ်။ စာမေးပွဲရှိလို့…..
Like or Dislike:
0
0
ဒီနှစ်အတူတူမရှိရပေမယ့် နောင်နှစ်တွေမှာ မိသားစုအတူတကွ ကျင်းပနိုင်ပါစေ…း)
စိတ်ကူးက အရမ်းကောင်းတာပဲနော် .. ဖတ်ရင်းနဲ့ မျောသွားတာပဲ ..
Like or Dislike:
0
0
အိပ်မက်တွေ ဖြစ်မလာဘူးလို့  ဘယ်သူပြောလဲ ။
Like or Dislike:
0
0
ခဏစောင့်သေးတယ်…. ဘယ်သူမှ မပြောဘူး ။ တွေ့ လား ။ ဖြစ်လာပါမယ်ဆိုမှ ။
Like or Dislike:
0
0
ကိုယ့်ဆရာက တစ်ပုဒ်ဆို တစ်ပုဒ် လက်စွမ်းထက်လှချည်လားဗျ။ ရေလည် ခံစားရတယ်ဗျာ။
Like or Dislike:
0
0
အတော်ကြီး နောက်ကျနေမယ့် ကော်မန့်မှန်းတော့ သိတယ်။ ဒါပေမယ့် တမျိုးတမည် ဝေဒနာကို ပေးစွမ်းလို့…တခုခု ရေးခဲ့မယ် ကြံပြီး…
ရေးခဲ့ပါပြီ။
အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်တွေလည်း နီးလာနေပြီပဲ မဟုတ်လား…။ မမေ့မလျှော့ အကောင်အထည် ဖော်လိုက်ပါ။း)
Like or Dislike:
0
0
BD , စစ်သားလို.ထင်ပါသည် ။ ဟုတ်ရင်ဒီလောက်စိတ်မပျော.သင်.ပါ ။ ကျနော်တို.မိန်းကလေးတွေ မိခင်နဲ.ခွဲပြီးရပ်ဝေးလာနေရတာ လွမ်းဖို.ချန်ပါအုံး … ဟက်ဟက် ။ အကြံပေးလိုက်မယ် အိမ်ကိုလွမ်းရင် စာဖိဖတ်လိုက်ပါ ။“ဘယ်ကစလဲ…ဘယ်မှာဆုံးလဲ….သိသလို…. မသိသလိုပါပဲ…” ပြသနာပါရှင်းသွားပါလိမ်မယ်
Like or Dislike:
0
0
မလေးရှာမှာနေတာ ၁၇ နှနှစ် ဘာပြောရမှန်တောင်မသိတော့ဘူး
အရာအားလုံကံကောင်းပါစေလို့ဘဲ ထာဝရဆုတောင်းပေးလိုက်ပါတယ်ညီ
Like or Dislike:
0
0
Feel upset again !
(((
Like or Dislike:
0
0