• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    လမ်းလျှောက်ထွက်ခြင်း

    June 3 , 2009 | 873 views

    နိဒါန်း

    သင့်ဘ၀တစ်လျှောက်မှာ လမ်းတွေကိုဘယ်အရာနဲ့ လှမ်းလျှောက်ခဲ့ပါသလဲ…? ကျွန်တော်ရော ဘယ်အရာဖြင့် လျှောက်နေတယ်လို့သင်ထင်ပါ သ လဲ?

    အခန်း (၁)

    သင်သေသေချာချာ စဉ်းစားကြည့်ခဲ့ဖူးပါသလား…?

    အမြင် နဲ့ အသံဟာ

    ထောင့်မှန်ကျတယ်ဆိုတဲ့အကြောင်းကိုပေါ့….။

    BLACK DREAM

    ဒီလိုနဲ့….

    သူ လျှောက်လက်စ လမ်းကိုသာ ဆက်လျှောက်နေလိုက်ပါတယ်…။ ပတ်ဝန်းကျင်ကို သိပ်အလေးအနက်ကြီးမဟုတ်တောင် တစ်ချက်ချက် တော့ လူ့သဘာဝအတိုင်း ခပ်စောင်းစောင်း သတိထားမိတာပေါ့…။ သူ လျှောက်လာတဲ့ လမ်းတစ်လျှောက် ဘယ်အသံကိုမှ တစ်ချက်လေး လောက်မျှ တောင် တည့်တည့်မတ်မတ် မကြားခဲ့ရပါဘူး..။ ဖြစ်နိုင်ခြေတွေကတော့ တော်တော်များများရှိပါတယ်…။  လူတွေရဲ့ နှုတ်ခမ်းတွေရွဲ့ နေကြလို့…။ ဒါမှမဟုတ် နှုတ်ခမ်းတွေပေါ်က ထွက်ကျလာတဲ့ စကားလုံးတွေကိုယ်တိုင်က ရွဲ့စောင်းနေကြလို့..။ ဒါမှမဟုတ် လူတွေရဲ့ အတွင်း စိတ်တွေက ရွဲ့စောင်းနေကြလို့…။ ဒါမှမဟုတ်…။ ကျွန်တော်တို့ရဲ့ ကမာမြေကြီးကို တိုင်က ၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ ရွဲ့စောင်းနေလို့…။  ဒါမှမဟုတ် အခြား အခြားသော အကြောင်းတွေကြောင့်လဲ ဖြစ်နိုင်ပါသေးတယ်…။

    ဒါပေမယ့် အသံတွေကတော့ ဘယ်လိုနည်းနဲ့မှ အခုချိန်ထိ သူ့နားထဲကို တည့်တည့်မတ်မတ် ၀င်ရောက်လာခဲ့ကြခြင်းမရှိသေးပါဘူး..။ သူ မျက်နှာမူ ရာရဲ့ ဆန့်ကျင်ဘက် (သို့မဟုတ်) သူ့ ဦးတည်ရာကနေကြည့်မယ်ဆိုရင် အသံတွေဟာ သူ့ရဲ့လားရာတွေနဲ့ ထောင့်မှန်ကြနေပါတယ်…။ သိပ်ပြီး တော့ ထွေထွေထူးထူး မစဉ်းစားကြပါနဲ့…။ အကြောင်းကတော့ ကျွန်တော်တို့ရဲ့ နားတွေဟာ နဖူးပေါ်တက် ပေါက်နေခြင်းမဟုတ်ပဲ…။ နားထင် နားတွင် ပေါက်နေကြသောကြောင့် ဖြစ်ပါတယ်…။ တကယ်လို့များ နားတွေဟာ အခုလို နားထင်နားမှာပေါက်တာမဟုတ်ပဲ နဖူးပေါ်၊ နှာခေါင်းပေါ်၊ မျက်ခုံးပေါ် အစရှိသည့် အရှေ့မျက်နှာစာပြင်ဘက်တွင် ပေါက်နေကြမည်ဆိုပါက..။ ကျွန်တော်တို့ ကြားနေရတဲ့ အသံများသည် ကျွန်တော်တို့ရဲ့ အာရုံများထဲသို့ တည့်တည့်မတ်မတ် ၀င်ကောင်းဝင်လာနိုင်ကြမယ် ထင်ပါတယ်..။

    ထောင့်မှန်ကျနေတဲ့ အသံတွေကို အရင်အတိုင်းမသိမသာ နားထောင်ရင်း သူ့ ခြေဖနောင့်တွေ ဦးတည်ရာသို့ သူ ပုံမှန်အတိုင်း ဆက်လျှောက်နေ လိုက်ပါတယ်..။ လမ်းကြောင်းတစ်ခုကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် သင့်မှာရှိတဲ့ ဦးနှောက်တစ်ခြမ်း၊ မျက်လုံးနှစ်ဘက် နဲ့ ခြေထောက်တစ်စုံ ဘယ်အရာဟာ ပိုအရေးကြီးမယ်ထင်ပါသလဲ…။ အဖြေမပေးမှီ သင့်ရဲ့ မျက်လုံးတွေနဲ့အရင် လမ်းလျှောက် ကြည့်ပါ။ ထိုအခိုက် အတန့် သင့်ရဲ့ ဦးနှောက်နဲ့ ခြေထောက်များကို လုံးဝအသုံးမပြုဖို့လိုပါလိ့မ်မယ်..။ ထို့နောက် သင့်ဦးနှောက်ဖြင့် တစ်ဖန်ထပ်ပြီး လျှောက်လှမ်း ကြည့်ပါ..။ ပထမ အခေါက်ကကဲ့သို့ပင် အခြားအရာနှစ်ခုဖြစ်သော မျက်လုံးနှစ်ဖက်နှင့် ခြေထောက်များကို အသုံးမပြုရပါ..။ နောက်ဆုံးတွင် သင့်ခြေထောက်များဖြင့် လမ်းလျှောက်ကြည့်ပါ…။ ထိုအခိုက် ဦးနှောက်နှင့် အမြင်အာရုံအား ကျေးဇူးပြုပြီးတော့ လျစ်လျှူရှုကြည့်လိုက်ပါ။

    အခန်း (၂)

    တကယ်တော့ တွေဝေမှုဆိုတာဟာ

    မသိစိတ်နဲ့ သိစိတ် အားပြိုင်မှုကြားက

    ဒဏ်ခံကြိုးမျှင် တစ်စပေါ့…။

    BLACK DREAM

    စူးစူးရွားရွား ကားဟွန်းတီးသံတစ်ခုကြောင့် သူ့ ခြေလှမ်းတွေ အလိုလျှောက် တုံ့ဆိုင်းပြီးသားဖြစ်သွားတယ်…။ သူ့ရှေ့မှာ အရှိန်ပြင်း စွာမောင်း နှင်လာတဲ့ ကားတစ်စီးကို တွေ့လိုက်ရတယ်…။ အခိုက်အတန့်တစ်ခုတော့ သူ တော်တော်လေးမင်တက်သွားလိုက်မိတယ်…။ မျက်လုံးတွေ ပြာထွက်သွားတယ်…။ သူ အဲ့ဒီ့ကားဟွန်းသံကို မကြားလိုက်မှီကပင် သူ့ ခြေလှမ်းကို လှမ်းခဲ့ပြီး ဖြစ်နေခဲ့တယ်လေ…။ ခဏတာလေးဖြစ်သော အခိုက်အတန့်ကို ကျော်လွန်ပြီးတဲ့နောက် သူကိုယ်တိုင် ဇဝေဇ၀ါဖြစ်သွားခဲ့ရတယ်…။ နောက်မှ သူ့ကိုယ်သူ ပြန်သတိထားမိပြီး ခပ်မဲ့မဲ့ ပြုံးဖြစ်ခဲ့ တယ်…။  ဦးတည်ရာအတိုင်း သူ အသာတကြည်ပဲ ဆက်လျှောက်လာခဲ့လိုက်တယ်…။

    ကျွန်တော်တို့လူသားတွေဟာ ဘယ်လိုပဲ အစွဲအလန်းအဟောင်းတွေ၊ အယူအဆဟောင်းတွေထဲက ခွဲထွက်ဖို့၊ လွတ်မြောက်ဖို့ ကြိုးစားနေကြပေ မယ့်…။ တစ်ခါတစ်လေမှာတော့ မသိစိတ်နဲ့ သိစိတ်ကြားမှာရှိတဲ့ တင်းအားတွေဟာ တကယ်ကို နားလည်ရခက်ခဲလှပါတယ်..။ ကျွန်တော်တို့လူ သားတွေရဲ့ဘ၀မှာ အဲ့ဒီ့ မသိစိတ်နဲ့ သိစိတ်ကြားမှာရှိတဲ့ တင်းအား (Tension) တွေကို တွေဝေမှု (၀ါ) မောဟ (၀ါ) Illusion များအဖြစ် နေ့စဉ်နဲ့ အမျှ ကြုံတွေ့နေကြရမှာ ဖြစ်ပါတယ်..။ အဲ့လိုအချိန်မျိုးမှာ ကိုယ်စီကိုယ်စီအလိုက် ဒဏ်ခံကြိုးလေးတွေရဲ့ အင်အားအပေါ်မူတည်ပြီး တောင့်ခံ့နိုင်ခဲ့ တဲ့သူများရှိသလို…။ မကြာခဏ ပြတ်ထွက်သွားကြတဲ့ ကြိုးမျှင်လေးပေါင်းများစွာကိုလည်း တွေ့ရှိရနိုင်ပါတယ်…။

    နဲနဲသွေးအေးသွားတဲ့ ခဏ ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်တော့ နဲနဲ ရှက်သလိုတော့ ဖြစ်သွားလိုက်တယ်…။ ဘာကြောင့်များ လူသားတွေရဲ့ စိတ်ထဲမှာ ကြောက်စိတ်ဆိုတဲ့အရာတွေဟာ ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ အနဲနှင့်အများဆိုသလို ရှိနေတတ်ကြပါသလဲ..။  ဒါဟာ အကြောက်တရားလား…? ဒါမှမဟုတ် ဒါဟာ သတိတရားတစ်ခုပေပဲလား..? သူလျှောက်လှမ်းရာ ဦးတည်တဲ့နေရာက တစ်ခု…။ သူ့ရဲ့မျက်နှာမူရာ က တစ်ဘက်…။ စောစောက သူ့ရဲ့ စိတ်မှာ ဖြစ်သွားတဲ့ စိုးရိမ်စိတ်တွေရဲ့ ဦးတည်ရမှုက တစ်ခြား..။ အားလုံးဟာ ဦးတည်ရာတွေ ထွေပြားနေပုံများ ထူးဆန်းဖို့ မကောင်းလောက်အောင်ပင် ထူးဆန်းခဲ့လေသည်…။ သူမျက်နှာမူရာ အရပ်ကို တစ်ချက်ပြုံးပြီး ကြည့်လိုက်မိသည်..။ ထို့နောက် မူလ လျှောက်လှမ်းလာခဲ့သည့် လမ်းအတိုင်းပင် ဆက်လက်လျှောက်လှမ်းလိုက်ပါတယ်…။

    အခန်း (၃)

    ကွန်ပျူတာတစ်လုံးလိုပေါ့ဗျာ

    အာရုံငါးပါးထဲက တစ်ပါးကိုခဏ အနားပေးလိုက်တဲ့အခါ

    ဦးနှောက်ရဲ့ လုပ်ဆောင်မှုအား ပိုမိုကောင်းမွန် မှန်ကန်လာနိုင်လေမလား….?

    BLACK DREAM

    လျှောက်လာရင်း လျှောက်လာရင်း လမ်းကတဖြေးဖြေး ဇဝေဇ၀ါ လိုလိုဖြစ်လာသည်..။ မှားသည်ထင်သည်…။ မမှားနိုင်ပါ…။ ဒီလိုမမှားအောင် သူအ သေအချာ ကြိုးစားခဲ့ပါတယ်…။ ခက်တာက သူ့အသိစိတ်တွေထဲမှာ သူ့အိမ်နှင့်နီးလာပြီဆိုတာ သိနေသော်လည်း သူ့အမြင်အာရုံများကမူ အိမ်နှင့် အလှမ်းဝေးလှသည်…။ အခြေအနေက ရှင်းရှင်းလေးနှင့်ရှုပ်နေသည်..။ သူအဆုံးဖြတ်ရ နဲနဲကြပ်သွားသည်…။မင်နေတဲ့အတိုင်းလက်ခံရမည်လား? ဒါမှမဟုတ် အသိဥာဏ်ရဲ့ ဆင်ခြင်မှုကိုပဲ လက်ခံရမည်လား? သူလျှောက်လာတဲ့ လမ်းတစ်လျှောက် ဒီနေရာသည် အရေးအပါဆုံးဟု ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်သည်…။ တစ်စုံတစ်ခုကို ဆုံးဖြတ်ရမည်…။ တစ်စုံတစ်ခုကို ရွေးချယ်ရမည်…။ ဘယ်အရာသည် မှန်ပါသနည်း..။ ဘယ်အရာသည် မှားနေပါသနည်း…။

    ခင်ဗျားတို့ရော ဒီလိုအခြေအနေမှာ ဘာကိုရွေးချယ်ကြမလဲ…? ဘယ်အရာကို ယုံကြည်ကြမလဲ…? ဘယ်လိုဆုံးဖြတ်ကြမလဲ….? မြင်နေတာက အမှန်တရားလား…? သိနေတာက အမှန်တရားလား…? မြင်နေတာက ဘယ်လောက်ရာခိုင်နှုန်းသေချာပါသလဲ…? သိနေတာတွေ တွေးထင်ထား တာတွေကရော ဘယ်လောက်ရာခိုင်နှုန်း မှန်ကန်ပါနိုင်သလဲ…? ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့ ဒဏ်ခံကြိုး ဘယ်လောက်အထိ အားကောင်းနိုင်မ လဲ…? တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသော ဆိုရိုးစကားသည် ရေကဲ့သို့သော ဂုဏ်သတိရှိသည့် အရာများအတွက်တော့ အချည်းအနှီးပင် ဖြစ်ပေ လိမ့်မယ်..။ မျှားတစ်စင်းဖြင့် ငှက်နှစ်ကောင်ပစ်သည်ဆိုသော ဆိုရိုးသည် ငှက်တစ်ကောင်ထဲတွင် ခေါင်းနှစ်လုံးပါသော အကောင်များအတွက်ဆို လျှင်မူ…?

    သူတစ်စုံတစ်ခုကို ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ သူ့ရဲ့နောက်ဆုံး ခြေလှမ်းကို အသာအယာ ကြွလိုက်သည်။ သူ့ခြေလှမ်းပြန်အချမှာ သူ့အိမ်ပေါ်သို့ တက်သည့် ပထမဆုံး လှေခါးထစ်ကို ခြေချမိလိုက်သည်…။ သူ့မြင်နေရတဲ့အရာတွေ၊ မြင်ခဲ့တဲ့အရာတွေသည်လည်း ဝေးလို့ ဝေးလို့သာ ကျန်ခဲ့ပါတော့တယ်….။

    နိဂုံး

    ကျွန်တော် ဘယ်အရာကို သုံးပြီးလျှောက်ခဲ့သည်တော့ ကျွန်တော်ကိုယ်တိုင်လည်း မသိပါ..။ သေချာတာကတော့ ကျွန်တော် လမ်းတစ်လျှောက် ပြောင်းပြန် (သို့) ဖနောင့်တွေရဲ့ ဦးတည်ရာနောက် နောက်ပြန်လျှောက်ခဲ့တာကတော့ သေချာပါပေသည်။

    P.S-  နောက်တစ်ခေါက် ပြန်ဖတ်ပါ…။ ပြောင်းပြန် ပြန်တွေးပါ…။

    Cateogry : Article , Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    19 Responses to “လမ်းလျှောက်ထွက်ခြင်း”

    1. အမ ဖတ်နေတာ ၃ခေါက် ရှိပီ၊ တော်တော် ပိန်းတာ ပြန်ဖတ်လိုက်ဦးမယ်

      Like or Dislike: Thumb up 0 Thumb down 0

    2. နားလည်သလောက် အသိဥာဏ်ရဲ့ ဆင်ခြင်မှု ကို လက်ခံသွားတယ်

      Like or Dislike: Thumb up 0 Thumb down 0

    3. လေးနက်တဲ့အတွေးတွေ အများကြီးပဲ ဖတ်ပြီးအိပ်ရာပေါ်လှဲ ဦးဏှောက်သက်သက်နဲ့ လမ်းတွေလျှောက်နေမိတယ် ဒဏ်ခံကြိုးမျှင်လေး ပြတ်ထွက်မသွားသေးအောင်လည်း ကြိုးစားနေတုန်းပဲလေ ဖနောင့်တွေရဲ့ဆန့်ကျင်ဘက်ကိုလဲ ရှောင်လွဲမရပဲလျှောက်နေရတုန်း

      Like or Dislike: Thumb up 0 Thumb down 0

    4. NICE POST !!!!!!!
      ကောင်းတယ်ဘရိုရေ ….

      Like or Dislike: Thumb up 0 Thumb down 0

    5. လမ်းတွေလာလျှောက်သွားတယ် နောက်ပြန်တွေကော အတည့်တွေကော ဒေါင်လိုက်တွေကော နဲနဲတော့ မူးသွားတယ် ဒါပေမယ့် ဘယ်မှန်းမသိတဲ့ တစ်နေရာကိုတော့ ရောက်သွားတာ အမှန်ပဲ..။

      Like or Dislike: Thumb up 0 Thumb down 0

    6. အင်း အကြောက်တရားက အမှန်တရာထက်ပို ကုရခက်တယ်

      Like or Dislike: Thumb up 0 Thumb down 0

    7. အတော်ဒုက္ခပေးတဲ့ ကလေးပဲ..း)..
      ကိုယ့်ဖာသာ လျှောက်နေတာ အဟုတ်သား..
      သူ့လမ်းလျှောက်သီအိုရီ ဖတ်မိတော့မှ..
      ရှေ့လျှောက်နေတာလား နောက်လျှောက်နေတာလား
      ဝေခွဲ မရတွေ ဖြစ်ကုန်ရော….း)
      အတွေးတွေအများကြီးပွားစေတဲ့ပို့စ်လေးပါ မောင်လေးရေ

      Like or Dislike: Thumb up 0 Thumb down 0

    8. လမ်းလျောက်ထွက်လာဖြစိပါတယ်…

      Like or Dislike: Thumb up 0 Thumb down 0

    9. အင်းး အခု ချိန်ထိတော့ ဒဏ်ခံကြိုး ပြတ်မသွားအောင်ကြိုးစားနေတုန်းပဲ….. လမ်းအတူတူလာလျှောက်ကြည့်ပါတယ်။ ရှေ့ကိုရောက်လိုက် နောက်မှာ ပြတ်ကျန်ခဲ့လိုက်နဲ့…….. :)

      Like or Dislike: Thumb up 0 Thumb down 0

    10. ကိုBDရေ..
      ကောင်းလိုက်တာ.. တန်ဖိုးရှိတဲ့ စာတစ်ပုဒ်ပါပဲ..
      မမြင်တာတွေ မြင်သွားတယ်.. မကြားတာတွေ ကြားသွားတယ်.. မသိတာတွေ သိလာတယ်.. ဒီတော့ ရောက်လိုရာကို ရောက်ဖို့ သေချာလျှောက်မယ်..

      ခင်မင်လေးစားချစ်ခြင်းအားဖြင့်

      Like or Dislike: Thumb up 0 Thumb down 0

    11. အတော်လေး အတွေးကောင်းတာပဲ။ နောက်တစ်ခေါက်ဖတ်ပြီး
      ပြောင်းပြန် ပြန်မတွေးကြည့်မိဖို့ မလိုပါဘူး။ နဂိုတည်းက အစ်မ အတွေးအခေါ်တွေက ပြောင်းပြန်ဆိုတော့ အိုကေတယ်။ :P

      Like or Dislike: Thumb up 0 Thumb down 0

    12. အား…တွေးထားတာ လက်လက်ကိုထလို့…ချီးကြူးပါတယ်ဗျာ..
      စတုတ္ထနေရာက ဝင်ကြည့်မှမြင်တော့တယ်…တော်လိုက်ကျတာ၊၊

      Like or Dislike: Thumb up 0 Thumb down 0

    13. ကိုအိပ်မက်နက်ရေ
      မရောက်တာကြာပြီ အလုပ်များနေလို့

      ကျွန်တော် ဘယ်အရာကို သုံးပြီးလျှောက်ခဲ့သည်တော့ ကျွန်တော်ကိုယ်တိုင်လည်း မသိပါ..။ သေချာတာကတော့ ကျွန်တော် လမ်းတစ်လျှောက် ပြောင်းပြန် (သို့) ဖနောင့်တွေရဲ့ ဦးတည်ရာနောက် နောက်ပြန်လျှောက်ခဲ့တာကတော့ သေချာပါပေသည်။

      ဆက်လျှောက်ပါ။ ပန်းတိုင်ရောက်မည်။
      ခင်မင်လျက်

      Like or Dislike: Thumb up 0 Thumb down 0

    14. အင်း အတွေးတွေက ဖလန်းဖလန်းကိုထနေတော့တာပါပဲလား
      နားလည်သည်လည်းရှိ နားမလည်သည်လည်းရှိ ဒီလိုနဲ့ဟိုလျှောက်ဒီလျှောက် ခုလုတ်တိုက်တဲ့အခါတိုက်နဲ့
      အင်း အပြန်လမ်းကတော့ခေါင်းငိုက်စိုက်ပဲဗျ ကျွန်တော့်အတွေးတွေထဲ မှာတော့ တြိဂံတွေ ထောင့်မှန်တွေနဲ့…

      Like or Dislike: Thumb up 0 Thumb down 0

    15. ဦးတည်ချက် ပန်းတိုင်နဲ့ လျှောက်သောလမ်း တစ်ထပ်တည်း ကျပါစေ မောင်လေးရေ……..။ ( မအိ….! )

      Like or Dislike: Thumb up 0 Thumb down 0

    16. မင်းကတော့လုပ်ချလိုက်ရင် အလွန်ကြီးပဲဟေ့ …
      ချက်ချင်းသဘောမပေါက်အောင်ရေးနိုင်စွမ်းကိုလေးစားတယ်ကွာ

      Like or Dislike: Thumb up 0 Thumb down 0

    17. ညီ ဆိုင်ပိတ်သွားတော့ အရင်လို ၂၄ နာရီ Online မလာနိုင်တော့လို့ နောက်ကျသွားတာ ဆောရီးနော်ညီ

      နားရွက်တွေဟာ ဘယ်နားမှာဘဲပေါက်ပေါက် စိတ်ဝင်စားရင်တော့
      ဘယ်အရာမဆိုတည့်တည့် ဘဲဝင်မှာပေါ့ စိတ်မဝင်စားရင်တော့ ဦဏှာက်
      တည့်တည့်ပေါက်လည်းဝင်မှာမဟုတ်ဘူး
      ပတ်ဝန်းကျင်ကိုတော့ မျက်လုံးတဖက် ပိတ် နာရွက်တဖက်ပိတ်ပြီးခံစားနေပါတယ်
      ညီစာကို ၂ခေါက်တော့ မဖတ်မိပါဘူး
      နောက်တခေါက်ဖတ်မှ နောက်တခေါက် ရေးမယ်နော်
      ခုတော့ ကိုကတော့ ဖနောက်ရဲ့ ဦတည်ရာကိုမလျှေက်ဘဲ
      စိတ်ရဲ့ဆွဲဆောင်ရာကိုလိုက်နေတယ် တနေ့နေ့တော့ ရပ်သွားနိုင်ပါတယ်

      Like or Dislike: Thumb up 0 Thumb down 0

    18.း)…
      လမ်းလျှောက်ရင်း လမ်းပျောက်နေပြီ …

      Like or Dislike: Thumb up 0 Thumb down 0

    19. အတွေးအခေါ်တွေကတော့ လွှတ်ကောင်းနေတယ်။

      တယောက်က ပြောဖူးတဲ့ စကားလေး ရှိတယ်။ အမြင်အာရုံ၊ ဦးနှောက်နဲ့ ခြေထောက် ဒီ၃ခုထဲက ဘာနဲ့ပဲ လျှောက်လျှောက်၊ လျှောက်နေခဲ့တယ်ဆိုရင် တနေ့ကျ တနေရာရာကိုတော့ ရောက်လာမှာပဲတဲ့။ရောက်ခဲ့မှာပဲတဲ့။ရောက်လိုတဲ့ ပန်းတိုင်လည်း ဖြစ်နိုင်တယ်။ ဖြတ်သန်းသွားရမယ့် မှတ်တိုင်လည်း ဖြစ်နိုင်တယ်။ မရည်ရွယ်ပဲပေမယ့် ရောက်သင့်လို့ ရောက်သွားတဲ့ နားခိုရာလည်း ဖြစ်နိုင်တယ်။

      ထောင့်ဖြတ်ကျပြီး ၀င်လာတဲ့ အစောင်းအရွဲ့ တွေကို နားထားလိုက်စမ်းပါ။

      တခါတလေကျတော့ ကိုယ်က လမ်းကို မရွေးချယ်မိပဲ၊ လမ်းက ကိုယ့်ကို ရွေးချယ်သွားတာတွေ ရှိတယ်။
      ဘယ်လမ်းကပဲ သွားသွား၊ ဦးတည်ချက် ပန်းတိုင်ဆီ ရောက်ရင် ပြီးရော စိတ်ထားနိုင်ရင် ကျန်တာတွေ မမှုကြေးပေါ့ကွာ….။

      ခင်မင်တဲ့
      မှူးဒါရီ

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply