အိတ်ဖွင့်ပေးစာများ
ကျွန်တော့်ဘလော့ကို ဖတ်လေ့ရှိသော ယခု ပြည်ပနိုင်ငံတစ်ခုတွင် ပညာတော်သင်ရင်း သာဿနာပြုနေသည့် ဘုန်းဘုန်း အရှင် ဥာဏာစာရ မှနေ၍ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်ရေးခဲ့တဲ့ လွင့်မြောခြင်းခရီးစဉ် နဲ့ ဒီရက်ပိုင်းထဲ ဆိုတဲ့ ပို့စ်နှစ်ခုကို ဖတ်ရှုပြီးနောက် ဆရာတော်မှ ၎င်း၏သုံးသပ် ရှုမြင်ပုံကို ကျွန်တော့်ထံ စာရေးပေးပို့ခဲ့ပါတယ်..။ ဆရာတော်ရဲ့ ပေးစာဟာ အလွန်ရှိးရှင်းစွာဖြင့် တန်ဖိုးရှိလှတဲ့ ပေးစားတစ်စာဖြစ်တာကြောင့် ကျွန်တော်နှင့်အတူ ကျွန်တော်ချစ်သော စာဖတ်သူများ၊ ဘလော့ဂါဘာ မောင်နှမှများပါ ဖတ်ရှုနိုင်ရန်အတွက် ဘာမှပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ မူရင်းအတိုင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်…။
***************************************************************************************
ဦးဇင်းတို့တွေ ဖတ်မိပြီး မကြိုက်သော်လည်း မှတ်မိနေတဲ့ အကြောင်းအရာ လေးတွေ ရှိတတ်ပါတယ်။ သီလက္ခန္ဓပါဠိတော်မှာ အယူဝါဒ ၆၂-မျိုး ဖြစ်ပေါ်လာပုံကို လေ့လာရတဲ့ အချိန်တုံးကပေါ့။
အဲဒီ အထဲမှာ အယူဝါဒတခုက နိယာမတခု ထုတ်ထားပါတယ်။ သူတို့ နိယာမအရ လူအပါအ၀င် အားလုံးသော အရာဝတ္ထုများမှာ အစ အလယ် အဆုံး မူလကတည်းက ကန့်သတ်ချက်ရှိပြီး ဖြစ်သည်။ အနည်းအကျဉ်းသော အရာဝတ္ထုတို့ကို အနည်းငယ်သာလျင် ပြောင်းလဲသွား အောင် စီမံလို့ ရစကောင်း၏။ အလုံးစုံ ပြောင်းလဲသွားအောင် ပြင်လို့မရ ဆိုတဲ့ သဘောပါ။ ဗုဒ္ဓကတော့ ဒါကို လက်မခံပါဘူး။
အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင် မြ၀တီအငြိမ့်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အငြိမ့်ခွေ တခုကို ကြည့်ခွင့် ကြုံပါတယ်။ အငြိမ့် စထွက်ထွက်ချင်း လူရွှင်တော်နှစ်ယောက်က ခွန်းတောက်နဲ့ စပါတယ်။
“ ချိုးနှစ်ကောင် ကုန်းခေါင်ခေါင်က လွမ်းအောင် ကူချွဲ —။”
“ အဘ ကျွန်တော်ကြားဖူးတာကတော့ ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ- ပါဗျာ။”
“ဟေ့ကောင် မင်းဘာသိလို့လဲ။ ခြောက်လမ်းသွားလမ်းမကြီးတွေ ဖောက်နေတာ မင်းမသိဘူးလား။”
“ဘာဆိုင်လို့လဲ အဘရဲ့။”
“ ဆိုင်ပါသော်ကောဗျာ။ အဲဒီခြောက်လမ်းသွားလမ်းမကြီးတွေ ဖောက်တော့ လမ်းနဲ့ မလွတ်လို့ ဆိုပြီး ခုတ်လှဲပစ်လိုက်တာ ထနှောင်းပင်တွေ မရှိတော့ဘူး လေကွာ။ အဲဒါကြောင့် ချိုးကလေး ခမျာ။ ကုန်းခေါင်ခေါင်မှာပဲ ကူချွဲရတာပေါ့။ ”
“ဒါဆိုလဲ ကုန်းခေါင်ခေါင်မှာပဲ ကူချွဲပါဗျာ။”
“ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ-”
“အဘ ခုနပဲ ထနှောင်းပင်တွေက မရှိတော့ဘူးဆို။”
“အဲဒါကြောင့် မင်းကို သတင်းစာဖတ်လို့ပြောတာပေါ့။ ကိုးခရိုင် စိမ်းလန်းစိုပြေရေး လမ်းဘေး ၀ဲယာ စိုပြေရေးဆိုတဲ့ စီမံချက်နဲ့ သစ်ပင်တွေ စိုက်နေတာ မင်း မကြားမိဘူးလား။ အဲဒီ စိုက်တဲ့ အထဲမှာ ထနှောင်းပင်တွေ ပါတယ်ဟ။ ခုတော့ ချိုးနှစ်ကောင် ကူချွဲစရာ ထနှောင်းပင်လေးတွေ ရှိလာပြီ၊ ရှိလာပြီ။”
“ဒါဆိုလဲ ဆက်ပါဦးဗျာ။”
“ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊
ပန်းတော်ဖြူ ပင်မြက်မြေဇာပါးလှတယ်”
“အဘ ပန်းတော်ဖြူ ပင်မြက်မြေဇာ ထူလှတယ် မဟုတ်လားဗျ။”
“မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်း လုပ်အာပေး၊ မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်း လုပ်အာပေး၊ ဆိုတာ မင်းမကြားဖူးဘူးလား။”
“ကြားဖူးတယ်လေ အဘ။”
“မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်း လုပ်အားပေးနေပြီဆိုတော့ မြေဇာမြက်က ပါးရော့ပေါ့ကွ။ ”
“ဒါဆိုလည်း ပါးစေဗျာ။ ပါးစေဗျား။”
“ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊
ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်”
“ မြို့ရွာ သန့်ရှင်းလှပရေး စနေနေ့တိုင်းလုပ်အားပေးနေပြီဆိုတော့ မြက်က ပါးနေပြီ ဆို။”
“အဲဒါက လူကြီးလာတုံးပဲ လုပ်တာဟ။ လူကြီးမလာတော့ ဘယ်သူမှ မလုပ်တော့ဘူး။ အဲဒီတော့ မြက်က ပြန်ပြီး ထူတာပေါ့။”
“ဒါဆိုလည်း ထူစေဗျားထူစေဗျား။”
“ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊
ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်
ဖိုးတောင်သူ တိုက်။”
“ လုပ်ပြန်ပြီဗျာ။ ဖိုးတောင်သူ တဲပါဗျာ့။”
“တဲပေါ်ကလူ တိုက်ပေါ်ရောက်ဖို့ဆိုတဲ့ စီမံချက်ကို မင်းမကြားဖူးလား။ အဲဒီ စီမံချက် အတိုင်းဆိုရင် တဲဆိုတာ ဘယ်ရှိတော့ မလဲကွာ။ အားလုံး တိုက်ပေါ်ချည်းပဲ နေရမယ်လေ။”
“ဒါဆိုလဲ တိုက်ပေါ်ပဲ ထားပါဗျာ။ ခင်ဗျားလက်ထက်ကျမှ အကုန် ပြောင်းရမယ့် ကိန်းပဲ။ ကဲ ကဲ ခွန်းတောက်ကိုပဲ ဆက်ပါဗျာ။”
“ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊
ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်
ဖိုးတောင်သူ့ တဲ။”
“အဘက အညိုးညိုးပဲဗျာ။ ခုနပဲ တဲပေါ်ကလူ တိုက်ပေါ်ရောက်ရေးဆိုတဲ့ စီမံချက်အရ အားလုံး တိုက်တွေ ဖြစ်ကုန်ပြီဆို။”
“ဖြစ်တော့ ဖြစ်တယ်ကွာ။ ဒါပေမယ့် တိုက်က ကန်ထရိုက်တိုက်ဆိုတော့ မြန်မြန် ပြိုကုန်ပြီကွ။ အဲဒါ ကြောင့် ဖိုးတောင်သူ ခင်မျာ သူ့တဲမှာပဲ ပြန်နေရရှာတယ်လေ။”
သူတို့ ခွန်းတောက်ဆိုပုံက ခုနနိယာမကို ထောက်ခံသလိုလိုပါပဲ။ ဦးဇင်းကတော့ အဲဒီ နိယာမကို မယုံပါဘူး။ ဒါပေမယ့် ပြောင်းလဲခြင်း တွေနဲ့ ကြုံလေတိုင်း အဲဒီနိယာမကို သတိရတယ်။
မောင်ရင်တို့ သူငယ်ချင်းတွေကတော့ လမ်းခွဲခါနီး အချိန်တွေမှာ ဘိုလို သီချင်းတပုဒ်ထဲက စားသားတခုကို ရွတ်ဆိုခဲ့ကြသတဲ့။ ခုတော့ ဆိုခွင့်မရသေး။ တယောက်တနေရာစီမှာကိုး။ ပုံစံတမျိုးစီနဲ့ပေါ့လေ။ တချို့လည်း အားကျစရာ။ တခါတရံ ကိုယ့်ကိုယ်ကို အားမရစရာတွေနဲ့ ။ နာက်တခါ ရွတ်ဆိုခွင့်တွေလဲ ရချင်သေးသတဲ့။ မှန်တာ မမှန်တာ လက်ခံတာ မခံတာ အပထားလို့ ခုနက နိယာမအရဆိုရင်တော့ မောင်ရင်တို့တ တွေ ပြန်လည် ရွတ်ဆိုခွင့်ရကြမှာပါ။
တကယ်တော့ ချိုးနှစ်ကောင်က အစည်းကတည်းက ထနှောင်းပင်ညီနောင်မှာ ကူချွဲခဲ့ကြတာပါ။
ပန်းတော်ဖြူ ပင်မြက်မြေဇာတွေကလည်း အစကတည်းက ထူခဲ့ကြတာပဲ မဟုတ်လား။
ဖိုးတောင်သူလဲ အစကတည်းက သူ့တဲမှာ သူနေခဲ့တာပဲလေ။
ကြားထဲမှာ အခြေအနေ အရ
ချိုးနှစ်ကောင်ဟာ ကုန်းခေါင်ခေါင်မှာ ကူချွဲရတဲ့ အခါတွေလည်း ရှိစကောင်း ပါတယ်။
ပန်းတော်ဖြူ ပင်မြက် မြေဇာကလဲ အခြေအနေအရ ပါးတဲ့ အခါလည်း ပါးရပေ မပေါ့။
ဖိုးတောင်သူလဲ အခိုက်အတန့်အားဖြင့်ပဲ ဖြစ်ဖြစ် တိုက်ထဲမှာ နေတဲ့ အခါ နေပါစေလေ။
ဘယ်လိုပဲ ပုံစံတွေ ပြောင်းခဲ့ပေမယ့် နောက်ဆုံးကျတော့လဲ
ချိုးနှစ်ကောင် ထနှောင်းပင် ညီနောင်က လွမ်းအောင် ကူချွဲ၊
ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှတယ်
ဖိုးတောင်သူ့ တဲ။
ဆီကိုပဲ ပြန်ရောက်တာပဲ မဟုတ်လား။ မောင်ရင်ရဲ့ နောက်ဆုံး ပို့စ်နဲ့ ဒုတိယ ပို့စ်ကို ဖတ်မိရာကနေ ဦးဇင်းတို့ ဖတ်မိပြီး မကြိုက် သော်လည်း မှတ်မိနေတဲ့ အကြောင်းအရာ လေးတခုကို မျှဝေလိုက်တာပါ။
( အရာရာဟာ အနိစ္စပါ။ တရားနဲ့သာ ဖြေပါကွယ် ဆိုရင် ဘုန်းကြီးသံ အပြည့်နဲ့ ဖြစ်နေမှာစိုးလို့ ပုံစံတမျိုးနဲ့ မျှကြည့်တာပါ။ နားမလည်ရင်တော့ ဦးဇင်းညံ့လို့ပါ။ )
********************************************************************************
P.S- အထက်ပါပေးစာအတွက် တပည့်တော် အထူးပင် ၀မ်းသာကျေးဇူးတင်မိပါတယ် အရှင်ဘုရား..။ နောင်အခါများမှာလည်း တပည့်တော်၏ အတွေးအခေါ်အယူအဆများ တော်တည့်မှန်ကန်မှုမရှိပါက ဆုံးမပဲ့ပြင် သွန်သင်ပေးရန် လျှောက်ထားအပ်ပါသည် ဘုရား..။








ပေးစာနဲ့ သဘောတရားတွေ လေ့လာခွင့်ရတာ အားရတယ် ညီလေးရေ။
Like or Dislike:
0
0
ပေးစာကို ဖတ်သွားတယ်ဗျ ……….
Like or Dislike:
0
0
Like or Dislike:
0
0
ပေးစာလေးကိုဖတ်သွားပါတယ် … ပျော်ရွှင်ပါစေနော်
Like or Dislike:
0
0
ဖတ်သွားတယ် အနက်ရေ
Like or Dislike:
0
0
အမြင်လေးတွေ ဖတ်ပီး ပညာယူသွားတယ် အကိုရေ
Like or Dislike:
0
0
အဲဒါတွေပဲ လေနော် ပြည်သူကြားက ပြည်သူ့ အသံတွေ..
အနုပညာသည်တွေဆိုတာ ဘယ်ခေတ်မှာပဲ ရှိရှိ
အမြင်မတော်တာတွေ့ ရင်.. ပုံစံမျိုးစုံနဲ့ ရင်ဖွင့်ကြတာပဲနော်
ပြန်လည်ဝေမျှပေးတာ ကျေးဇူးပါ မောင်လေး ရေ..
ပို့စ်လေး ရေးပို့တဲ့ အရှင်မေတ္တာစာရ အရှင်ဘုရား ကို လဲ
ကျေးဇူးတင် ဦးတော်ပါ ဘုရား
Like or Dislike:
0
0
ဖတ်နေရင်းနဲ့ပဲ ကိုယ်လက်ရှိ ခံစားနေရတဲ့ အဖြစ်အပျက်ကိုပါ နှိုင်းယှဉ် နားလည် သွားသလို ရှိလိုက်တယ်။
ကျေးဇူးပဲ..အိပ်မက်။
Like or Dislike:
0
0
ဖြစ်..ပျက်
Like or Dislike:
0
0
ပျက်ပြီးတာတွေလဲ ပြန်ဖြစ်ဦးမှာအသေအချာပါ
ဘာတဲ့ ဘလက်ရေးတဲ့စာတခု ဒီလောကမှာ မပြောင်းလဲတာ ပြောင်းလဲခြင်းတရားတခုထဲသာတဲ့
Like or Dislike:
0
0
Like or Dislike:
0
0
အခုလို တင်ပေးလိုက်တော့လည်း ငါတို့ပါ သိခွင့် ဖတ်ခွင့်ရတာပေါ့ကွာ
Like or Dislike:
0
0
ပြန်လည်ဝေမျှပေးတာကျေးဇူးအစ်ကိုရေ…
Like or Dislike:
0
0
ပေးစာကို ဖတ်သွားပါတယ်။
Like or Dislike:
0
0
ဆုံးမလမ်းညွှန်ပေးတဲ့သူနဲ့ နာခံတဲ့သူနဲ့ ကာရန်ကိုက်နေတာ မြင်ရတာ တော်တော်ကြည်နူးဖို့ကောင်းတယ်…
Like or Dislike:
0
0
အရာရာတိုင်းဟာ မတည်မြဲကျပါဘူးလေ..။ ဖြစ်လိုက်ပျက်လိုက်နဲ့ ဘဲ သံသရာလည်နေကျတာပါဘဲလေ…။ ပေးစာလေးတွေကို ဖတ်သွားရင်း..။
Like or Dislike:
0
0
အရာရာဒီလိုပါဘဲ
ဆွမ်းကျွေးတဲ့ အိမ်မှာ ဆွမ်ချက်တဲ့လူကို အရက်တိုက်ရတာလဲ
ဒုက္ခ တခုပေါ့ ( ဘာမှလည်းဆိုင်ဘူး )
နတ်လူမုန်း
ခတ္တငရဲပြည်
ထာဝရနတ်ပြည် ( နေချင်တာလေးပါ )
Like or Dislike:
0
0