ပရိုင်းမိတ် အိပ်မက်
လက်တွေ တဆတ်ဆတ်တုန်နေပုံများ…။ အိမ်မြှောင်ဥတွေပဲ အပြွတ်လိုက် ကိုင်ထားမိသလိုလို..။ ဒါမှမဟုတ် နေညိုချိန် လေမပြိုရလို့လိုလို…။ ဘာလိုလို…။ ညာလိုလိုနဲ့…။ မသိတဲ့သူတွေတွေ့ရင် တစ်မျိုးတောင်ထင်သွားနိုင်တယ်…။ သေသေချာချာ ပြန်စဉ်းစားတော့ လက်တင်ဘယ်ဟုတ် မလဲ…။ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးပဲ အတွဲလိုက် အပြစ်ခံထားရသလား..။ ဒါမှမဟုတ် ဗို့ဒ်အား တစ်သောင်းလောက်ရှိတဲ့ ဓာတ်များလိုက်ထား သလား…။ ဒါမှမဟုတ် အမေဂျမ်း သို့မဟုတ် ကိုကြီးကျော်များ ၀င်ပူးနေသလားထင်ရအောင် တတုန်တုန်တရင်ရင်…။ တစ်စုံတစ်ယောက်ကများ အဝေးက လှမ်းကြည့်လိုက်မယ်..။ ဒါမှမဟုတ် အမှတ်တမဲ့ လှမ်းကြည့်လိုက်မယ်ဆိုရင်..။ အဲ့ဒီ့တုန်းက ကျွန်တော့်ပုံက အိမ်မြှောင်ရှော့ရိုက်ခံထားရ တဲ့ ပုံမျိုးဖြစ်နေနိုင်ပါတယ်..။
တကိုယ်လုံးတုန်နေတာထက် အဆိုးဆုံးက…။ ရင်ဘတ်ထဲမှာ နိုင်ငံတော် စစ်တီးဝိုင်းကြီးပဲ တီးနေသလား..။ ဒုတိယကမ္ဘာစစ်တုန်းက အာဖရိကမှာ အင်္ဂလိပ်တွေကိုတိုက်ဖို့ အာဆင်ရွမ်းမဲရဲ့ တင့်ကားတပ်မကြီပဲ ချီလာသလားအောက်မေ့ရအောင် ရင်ဘတ်တစ်ခုလုံး တဒုန်းဒုန်းနဲ့…။ အခုနေများ အရုပ်ကြိုးပြတ်ဆိုသလိုလဲကျသွားရင် အမေရိကန်က Twin Tower ပြိုတာထက် ပိုပြီး ရုပ်ပျက်စင်းပျက်နိုင်ပြီး ပိုးစိုးပက်စက်ဖြစ်မှာကတော့ အသေအချာပါပဲ..။ တဂုတ် ဂုတ် မြည်နေလို့ ခွေးဝဲစားတစ်ကောင်များ ဘေးနားလာ အရိုးကိုက်နေလားဆိုပြီး အောက်ငုံကြည့်တော့…။ အမောင် ဒူးခေါင်းနှစ်လုံးက တစ်စက္ကန့်ကို အကြိမ်တစ်သန်းနှုန်းလောက်နဲ့ ဒူးတိုက်ဆွေးနွေးပွဲလုပ်နေလို့ အသံထွက်နေခြင်းသာ…။ မယုံမရှိနဲ့ ဗန္ဓုလသွေး အပြည့်ပါတယ်..။
“ဟေ့ရောင်…။ အူကြောင်ကြောင်လုပ်မနေနဲ့…။ လုပ်စရာရှိတာ အမြန်လုပ်…။ အချိန်မရဘူး…။ တော်ကြာအားလုံး ပြန်လာကုန်လို့ သမခံနေရမယ်”
“အေး..။ အေးပါကွာ…။ ငါအရှိန်ယူနေပါတယ်…”
“အေး အရှိန်ယူနေတယ်ဆိုလဲ မြန်မြန်ယူကွာ…။ တော်ကြာ မင်းနဲ့ပေါင်းမှ ငါပါ ဆွမ်းကြီးလောင်းခံရတဲ့အထဲ ပါနေဦးမယ်…။”
ဟုတ်ပါတယ်..။ ကျွန်တော့်သူငယ်ချင်းပြောလဲ ပြောစရာပါပဲ…။ ကွန်တော် တစ်ကိုယ်တော် နတ်ကနားပွဲကနေတာ တော်တော်ကြာပါပြီ..။ ကျွန်တော့် သူငယ်ချင်း လှမ်းသတိပေးလိုက်မှ ရွမ်းမဲရဲ့ တင့်ကားတပ်မကြီးက ပိုပြီးအရှိန်ပြင်းထန်လာပုံရပါတယ်…။ သူပြောတာလဲ မှန်တော့မှန်သည်…။ တစ်ကယ်ဆို လှုပ်ရှားဖို့ အချိန်ကသိပ်ရသည်မဟုတ်..။ အခြေအနေပေးတုန်း..။ အချိန်အခါပေးတုန်းလေး လှုပ်ရှားရတာ..။ နောက်တစ်ခါ ဒါမျိုး အခွင့်အရေးရဖို့ဆိုတာက သိပ်မသေချာ…။ တစ်ဘက်မှာလည်း အဆက်အသွယ်တွေရဲ့ ထောက်လှမ်းသတင်ပေးမှုအရ ကိုယ့်အတွက် သေချာ ပေါက် အခွင့်အရေးတစ်ခု အပိုင်ရရှိနေပြီးသားပါ…။ ကိုယ့်ဘက်မှာကလည်း အခြေအနေက တော်တော်လေး မျက်နှာသာပေးနေတယ် ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ သိနေပါတယ်…။ ဒီလို ကြိတ်မနိုင်ခဲမရ ဖြစ်နေတဲ့ အချိန်ဟာ ခန့်မှန်းခြေ အားဖြင့် မိနစ် ၃၀ ၊ ၄၅ မိနစ်လောက်ရှိနေ ပြီဖြစ်ပါ တယ်..။
“ဟေ့ရောင်…ကိုထက်…။ ဖြစ်ပါ့မလားကွာ…။ တော်ကြာ အကုန်ဒုက္ခရောက်ကုန်မယ်နော်…။ လက်ရှိရထားသလောက်ကလေးနဲ့ပဲ ကျေနပ်လိုက် ရင်ကောင်းမယ်ထင်တယ်…။ အလိုကြီးအရနဲတဲ့နော်….။ “
“ကိုဦး..။ မင်းဘာသွေးကြောင်နေတာလဲ…။ ငါတို့ထဲမှာ မင်းလက်ရဲ ဇက်ရဲအရှိဆုံး..။ အခုမှ ဘာတွေသွေးပျက်နေတာလဲကွာ..။ ကိစ္စဖြတ်စရာရှိ မြန် မြန်ဖျက်ကွာ…။ ဒီနေ့မှ ဒီကိစ္စ အပြတ်မရှင်းနိုင်ရင် နောက်နေ့ဆိုတာမရှိတော့ဘူးနော်..။ မင်းလဲအဲ့ဒါသိရဲ့သားနဲ့…”
“သိတော့ သိတာပေါ့ကွာ..။ ငါလဲ ဒီလောက်ပိုင်တဲ့ အခွင့်အရေး ဘယ်လက်လွတ်ခံချင်ပါ့မလဲ…။ ဒါပေမယ့်…”
“ဒါပေမယ့် မနေနဲ့ကွာ…။ အချိန်မရှိတော့ဘူးကွ…။ မင်းလုပ်စရာရှိတာလုပ်လိုက်လို့ ဘာမှမဖြစ်ဘူး..။ အေး..။ မင်း လုပ်စရာရှိတာကို မလုပ်တော့မှ အစီအစဉ်တွေ အားလုံးပျက်ပြီး အကုန် ဒုက္ခရောက်ကုန်မှာ…။ ငါတို့ရထားတဲ့ သတင်းက အတိအကျပဲကွာ…။ မင်းဘာစိုးရိမ်စရာ လိုလို့လဲ”
“ဖူး….။ အေးကွာ…။ ချမယ်..။”
ကျွန်တော် နောက်ဆုံး ထွက်သက်တစ်ခုကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီးတဲ့အချိန်မှာ လက်တွေက ခလုတ်တွေပေါ် လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး ဖြစ်သွားပါတယ်..။ ဒီအထိအမှားအယွင်းမရှိ..။ Digital ဒိုင်ခွက်တွေပေါ်မှာ ပေါ်နေတဲ့ နံပါတ်တွေ ပြန်စစ်ကြည့်လိုက်တော့ တစ်လုံးမှ အမှားအယွင်း မရှိ..။ တကယ်တမ်းမှာလဲ တစ်လုံးမှ လွဲချော်သွားလို့မဖြစ်ပေ..။ တစ်စုံတစ်ခုသော နံပါတ်တစ်ခုမှားယွင်းသွားပါက ကျွန်တော်တို့အတွက် အစက ပြန်စဖို့ အခွင့်အရေးဟာ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး..။ ဒီခလုတ်တွေရဲ့ နောက်…။ အခြားတစ်ဘက်မှာ ကျွန်တော့်အတွက် တစ်စုံတစ်ခုဟာ မျှော် လင့်ချက်ကြီးမားစွာနဲ့ တည်ရှိနေပါတယ်..။
တကယ်တော့ ဒါဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံး စွန့်စားခဲ့ဖူးခြင်းသာ ဖြစ်ပါတယ်..။ ဒီအလုပ်ကို ကျွန်တော် တတ်နိုင်သမျှမလုပ်ချင်ပါဘူး..။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော့်ရဲ့ စိတ်တွေကို ဘယ်လိုမှ ချုပ်ထိန်းနိုင်ခြင်းမရှိတော့ပါဘူး..။ ကျွန်တော် ဒီလုပ်ရပ်အတွက် လုပ်သင့်မလုပ်သင့် စဉ်းစားခဲ့ရတဲ့ အကြိမ်ပေါင်းလဲ မနဲတော့ပါဘူး..။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်လုပ်ရပ် တစ်ခုရဲ့ အခြားတစ်ဘက်မှာ မျှော်လင့်ထားတာတွေ ဖြစ်လာနိုင်သလို…။ မမျှော်လင့်ထားတာတွေလဲ ဖြစ်နိုင်နေတယ်ဆိုတာကို ကျွန်တော်သေသေချာချာ သိနေခဲ့လို့ ဖြစ်ပါတယ်..။ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးထက်..။ မမျှော်လင့်တာတွေ ဖြစ်လာခဲ့ရင် ကျွန်တော်ပေးဆပ်လိုက်ရမယ့် အရာတစ်ခုဟာ ကျွန်တော့်ဘ၀က လွဲ ပြီး ဘာမှမရှိနိုင်တော့ပါဘူး…။ ဒါပေမယ့် ဘာမှမလုပ်ရင် ဘာမှ ဖြစ်မလာဘူးဆိုတဲ့ သဘောတရားအတိုင်း အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံး အတွက် ရင်ဆိုင်ဖို့ ကျွန်တော် မိမိကိုယ်ကိုသာ အားပေးလိုက်မိပါတယ်…။
“ကိုဦး…။ အခြေအနေ…။ ဘယ်လိုလဲ..?”
“နံပါတ်တွေတော့မှန်သွားပြီ…။ မင်း ပတ်ဝန်းကျင်ကိုလဲ သေသေချာချာကြည့်ထားဦး…။ ငါဒီမှာ ဆက်လုပ်ရှားမယ်..။”
“အေးပါ..။ ငါသေသေချာချာကြည့်ထားမယ်..။ အဲ့ဒီ့အတွက် မင်းစိတ်မပူနဲ့…။ မင်းသာ လုပ်စရာရှိတာကို တစ်ဆင့်ခြင်း စိတ်အေးအေးနဲ့ အောင်မြင် အောင်လုပ်…။ ကျန်တာ ငါ့တာဝန်ထား..”
” အိုကေ..”
ပြောသာပြောနေရတယ်..။ လူတစ်ကိုယ်လုံးက ဇောချွေးတွေနဲ့ ရွဲနစ်နေပါပြီ..။ အခုကျွန်တော် ပြန်ပြောနေတဲ့ အချိန်မှာသာ အဖြစ်အပျက်က ကြာသ လိုလို ရှိနေပေမယ့်..။ အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ သိပ်ကို လျှင်မြန်ပြီး အသဲတယားယားရှိလှပါတယ်..။ တစ်ခုလိုခြင်ရင် အနဲ ဆုံးတစ်ခုတော့ စတေးကြရဲစမြဲပါ..။ တစ်ချို့ကိစ္စတွေမှာတော့ အရင်းကြီးသလောက် အမြတ်အရနဲတတ်ပါတယ်..။ ကျွန်တော့်အတွက်တော့ သိပ် များများ စားစားမမျှော်လင့်ထားတာ အမှန်ပါ..။ ဒီလုပ်ရပ်တစ်ခုအတွက် ကျွန်တော်ပေးဆပ်လိုက်ရ၊ စတေးလိုက်ရတာနဲ့ ဆတူလောက် ပြန်ရရင် ကျွန်တော်ကျေနပ်ပါတယ်..။
လွင့်နေတဲ့ စိတ်တွေကို ကျွန်တော် အမြန်စုစည်းပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အသိတရားတွေ သတိတွေအကုန်လုံးကို ကျွန်တော့်ရဲ့ အကြားအာရုံ တစ်ခုထဲမှာ စုစည်းလိုက်ပါတယ်..။ ဒီအချိန်က သိပ်ကိုအရေးကြီးနေပြီ ဖြစ်ပါတယ်..။ ကျွန်တော် ကြိုတင်ပြင်ဆင်ခဲ့တဲ့အရာတွေကို တစ်ဆင့်ခြင်း စနစ်တကျ မှန်ကန်စွာ လုပ်သွားဖို့ သိပ်ကိုအရေးကြီးပါတယ်..။ အထစ်အငေါ့တစ်ခုခု သို့မဟုတ် လွဲချော်မှုတစ်ခုခုဖြစ်သွားပါက ကျွန်တော့်ကြိုးစား မှုတွေအားလုံး သဲထဲရေသွန်ဖြစ်ကုန်မှာ သေချာပါတယ်..။ ဒီအခြေအနေရောက်မှတော့ ပေါက်တဲ့နဖူး မထူးဇာတ်ခင်းရုံကလွဲပြီး ကျွန်တော့်မှာ အခြားရွေးစရာ လမ်းမရှိတော့ပါဘူး..။ ကျွန်တော့်ရဲ့ နောက်ဆုံးကြိုးစားမှုကို အတည်ငြိမ်ဆုံးနဲ့ အလှပ အသေသပ်ဆုံး အဆုံးသတ်နိုင်ဖို့ သာလျှင် ကျွန်တော့်ရဲ့ နောက်ဆုံး ထွက်ပေါက်တစ်ခုဖြစ်နေပါတော့တယ်…။
“တီ တီ…..။ တီ တီ….။ တီ တီ….။”
ကျွန်တော့်ရဲ့ တစ်ခုတည်းသော ထွက်ပေါက်အတွက် ပထမဆုံး တစ်ခါးတစ်ချပ်တော့ ပွင့်သွားပြီ ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော်ဆက်လုပ်စရာ အဆင့်တွေ သိပ်မကျန်တော့ပါဘူး…။ နောက်ထပ် ကျွန်တော် တံခါးတစ်ချပ်သာဖွင့်ဖို့ ကျန်ပါတော့တယ်..။ ဒီနောက်ဆုံးတံခါး တစ်ချပ်ရပ် တစ်ဘက်မှာ ကျွန်တော့်မျှော်လင့်ချက်တွေကို ကျွန်တော်ခပ်ရေးရေး မြင်နေရပါပြီ..။ ကျွန်တော့်အသိအာရုံတွေကို အရင်ကထပ်ပိုပြီး စုစည်းလိုက်ပါ တယ်..။ ကျန်နေတဲ့ တံခါးတစ်ချပ်ဟာလဲ နောက်ဆုံးအဆင့် ဖြစ်သည့်အလျှောက် အခက်ခဲဆုံး ဖြစ်နေနိုင်မည်ဆိုတာကို ကျွန်တော် ကြိုတင်မှန်းဆ ထားပြီးသားပါ..။ နောက်ဆုံး တံခါးတစ်ချပ်ရဲ့ စစ်ကြေငြာသံကို ကျွန်တော်ကြားလိုက်ရပါပြီ….။
“ဟဲလို…မေနှင်းပါ။”
“ငါ ကိုဦးပါ..။ ငါ နင့်ကိုအရမ်းချစ်တယ်ဟာ….။ နင်ငါ့ကို ချစ်တယ်ဆိုရင် မနက်ဖြန်ကျောင်းနောက်ဆုံးနေ့မှာ နင့်အတွက် ငါမွေးနေ့လက်ဆောင် ပေးခဲ့တဲ့ ရင်ထိုးလေး ထိုးခဲ့ပါနော်…။”
“ဂလောက်…”
“ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး!!!!!!!!!!!!!!!!!!!!!!!!!!!”
ကျွန်တော့်ဘေးမှ အမြှီးမလှုပ်၊ နားရွက်ကုတ်ကာ နားထောင်နေကြသော ကျွန်တော့်သူငယ်ချင်းများ ကျွန်တော့်ကိုမချီကာ ခြံထဲပြေးဆင်းပြီး အတူ တကွ အောင်ပွဲခံကြပါတော့တယ်…။
နောက်ဆုံးတစ်ခါး တစ်ချပ်ကို ကျွန်တော် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်..။ ဒီစစ်ဆင်ရေးကို ကျွန်တော်တို့ သူငယ်ချင်းတွေ လျှို့ဝှက်နာမည်ပေးထားတယ် “နုလုံးသားတံခါး စစ်ဆင်ရေး” တဲ့…။
*******************************************************************************************
နတ်သံနှောပြီး ဇာတ်စုံပြောပြီ
ကျွန်တော် ၅ တန်းကျောင်းသားဘ၀က ပထမဆုံးအကြိမ် ကောင်မလေးတစ်ယောက်ကို ရည်းစားစကားပြောတုန်းက တကယ့်အဖြစ်အပျက် လေးပါ..။ အဲ့ဒီ့တုန်းက မိန်းကလေး သူငယ်ချင်းတွေဘက်မှ အသိပေးချက်အရ ကောင်မလေး အိမ်မှာလူကြီးတွေမရှိတုန်း..။ ကျွန်တော့်အိမ်မှာ လည်း လူကြီးတွေ လစ်တုန်း သူငယ်ချင်းကောင်မလေး (တော်တော်ရင်းနှီးကြပါတယ်) ကို ဖုန်းခိုးဆက်ပြီး ရည်းစားစကားပြောခဲ့တဲ့ အဖြစ်အပျက် လေးပါ…။ တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကျွန်တော်ပြန်ရေးထားတာပါ..။ အခုချိန်တွေးကြည့်ရင် တော်တော်ပျော်ဖို့…။ တော်တော်ရယ်ဖို့ ကောင်း ပါတယ်..။ အချစ်ဆိုတာကို ဘုမသိ၊ ဘမသိ စူးစမ်းမိခဲ့စဉ် အချိန်က ပျော်စရာလေးတစ်ခုပေါ့..။ အခုတော့လဲ…။
ဝှိုက် က တစ်ချိန်ကဒုက္ခ အခုတော့ဟာသ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Tag လို့ အမှတ်တရ ရေးပေးလိုက်ခြင်းဖြစ်ပါတယ်..။
P.S – နောက်ဆုံးနေ့ ရင်ထိုးတပ်လာလားတော့ မမေးပါနဲ့..။ ၁၉၉၅ က ပြောခဲ့တဲ့ ရည်းစားစကားဟာ ၂၀၀၂ ခုနှစ်မှ အဖြေရပါတယ်..။
အမှတ်စဉ်သာချိတ်မယ်ဆိုရင် သူ့ဆီက ကျွန်တော်အဖြေပြန်ရတဲ့ အချိန်မှာ သူဟာ ကျွန်တော့်ရဲ့ ချစ်သူများဇယားထဲမှာ 1 T0 10 တောင် မ၀င် တော့ပါဘူး
ဒီလိုပါပဲ..။ ကျွန်တော်လည်း သူ့ဇယားမှာ 1 To 10 မ၀င်တော့ပါဘူး
အခုတော့ သူငယ်ချင်းတွေအဖြစ် ဆက်လက် ရှိနေပါသေးကြောင်း…။








သို့လော သို့လော နဲ့ ဖတ်တဲ့လူပါ အမဲရိုးကိုက် အဲလေ ဒူးချင်းရိုက်လာတယ် လက်စသတ်တော့ ဆယ်နှစ်ကတည်းက ဇနဲ့ပါလားနော် ဒီတပုဒ်အရေးတအားသွက်တာပဲ ပရိုင်းမိတ်ထဲက ပရမတ်တွေကို သေချာရှာဖတ်သွားတယ် ဥပမာအလင်္ကာတွေကတော့ လန်ထွက်လျှံကျလို့ ဖိတ်ဖိတ်တောက်နေတယ်
Like or Dislike:
0
0
((((သြော်))))
သူကလည်း.. မသေးခဲ့ပါလားနော်…
“ဇ”.. ပြောပါတယ်
ဒါနဲ့ မေးခဲ့အုံးမယ်… အခုရော.. တုန်သေးလားဟဲ့.. မောင်မဲ
Like or Dislike:
0
0
တယ်ဆိုးပါလား ငါးတန်းကျောင်းသားဘဝမှာတောင် ဒီလောက်ဆိုးရင် အခု ဘယ်နစ်ယောက် မြောက်လဲ။ မှတ်မိသေးရဲ့လား။
Like or Dislike:
0
0
ကောင်းပါ့ကွာ……….ဟင်းးးးးးးးးးးးးးးးး
Like or Dislike:
0
0
ဒီကလေး တော်တော်ဆိုးပါ့
Like or Dislike:
0
0
ဟွန်းဟွန်း………. ၅ တန်းလေးနဲ့ တော်တော်လေး ကမြင်းကျောထနေပြီပေါ့လေ ဘလက် …
ခုဆိုရင်တော့ မပြောတော့ပါဘူးလေ
ဘာတဲ့ ဘာတဲ့… အိမ်မြှောင်ဥတွေပဲ အပြွတ်လိုက် ကိုင်ထားမိသလိုလိုတဲ့.. အီးး……..
Like or Dislike:
0
0
နာ့အကိုလည်း… ဇ မသေးပူးနော်…
Like or Dislike:
0
0
အင်း …ဇကမသေးဘူးဗျ
ငယ်ငယ်ကတည်းက စစ်ဆင်ရေး လုပ်တတ်နေပြီ
Like or Dislike:
0
0
အော်။ ရည်းစားကို သက်စေ့ထားရတာကိုး။
Like or Dislike:
0
0
ဒါကတော့ပိုလွန်းပြီထင်တယ။် နဲနဲလျော့ပါဦး
Like or Dislike:
0
0
ဒါ ဘယ်လိုမှ မဖြစ်ုနိင်ဘူး။ မဖြစ်နိုင်ဘူး (ကြုံးပြီး အော်ပြောလိုက်သည်) ။ တစ်ခါ မှ မကြားဘူးဘူး (ကိုယ့်ဘာသာလည်းရေရွတ်လိုက်သေးသည်။ ဘေးလူများက ရုးတယ်ထင်ရင်လည်းထင်)
Like or Dislike:
0
0
Like or Dislike:
0
0
5 တန်းတုန်းကတောင် အဲ့လောက်ဆိုးခဲ့တာ ခုရော ဘယ်လိုလဲ
ဒူးရောတုန်သေးလား ဦးဘလက်
ရေးပေးတာကျေးဇူးနော်
Like or Dislike:
0
0
အဲလောက် ဒူးတုန်နေကတည်းက ရည်းစားစကားပြောတော့မယ်ဆိုတာ ရိပ်မိလိုက်တယ်…။ ဒါပေမယ့် ငါးတန်းကျောင်းသားဖြစ်လိမ့်မယ်လို့ တော့ မထင်ခဲ့မိဘူး..။
Like or Dislike:
0
0
အဟီး.. အစ်ကိုက “ဇ” နဲ့ပဲလေးစားတယ် ဒါဆို ကောင်မလေးက စဉ်းစားတာ 7 နှစ်ကြီးများတောင် အစ်ကိုကလည်းအဲ့အချိန်တွင်း ဘယ်ကောင်မလေးမှကိုထပ်မကြိုက်ပဲ စောင့်နေနိုင်တယ်ဆိုတော့ မယုံနိုင်စရာပဲ
ဒါတမင်သက်သက် ဒါရိုက်တာ ဖန်တီးတာပဲ ကျေနပ်ဘူး သပိတ်မှောက်မယ်
Like or Dislike:
0
0
ကောင်မလေး က ၇နှစ်တောင် စဉ်းစားတယ် နော် တော့တမ်း မ၀င်တော့ဘူး ဆိုတော့ ဟီး၂ တော်၂များတာပဲ. . .
Like or Dislike:
0
0
ဖတ်လို့ ကောင်းပါ ရဲ့
ပွိုင့်တွေ အရမ်းသေးနေတယ်
အစ်မ ကွန်ပျူ တာကြောင့် များလား
Like or Dislike:
0
0
ဟမ်..
အဲလောက်ဆိုးတယ်!! ၅ တန်းတဲ့..
Like or Dislike:
0
0
ဖတ်လာတာ အသဲတထိတ်ထိတ်နဲ့ ကိုယ့်ဆရာရေ၊ ဒူးတုန်တော့လဲ လိုက်တုန်သလိုလို နောက်ဆုံးမှ QQ ဖြစ်နေတာကိုး၊ ငါးတန်းတည်းက ဇာတ်လမ်းလေးနဲ့ဆိုတော့ ဟဟ၊ကောင်းဧ။်၊ကောင်းဧ။်၊ ကြိုးစားပါမောင်လေးရေ:)
Like or Dislike:
0
0
ဟဲဟဲ.. ဒီ ပရိုင်းမိတ် ကတော့ သက်တမ်း သိပ်မရင့်သေးဘူး. ဒါပေမယ့် ဘလက်ကြီး ကမ္ဘာဦးကို ပညာရှင်တွေ ကောင်းကောင်း လေ့လာနိုင်အောင် အထောက်အပံ့ အကြီးအကျယ် ဖြစ်စေတယ် ဆိုပဲ ( BNN – [Blogger Network News] သတင်း တစ်ပုဒ်မှာ ဖတ်လိုက်ရတာ ပြောပါတယ်.)
J/K Bro.
Keep going on!
Like or Dislike:
0
0
ငါးတန်းလောက်ကဆိုသူများတို့ ကဆော့လို့ ကောင်းတုန်း.
အခုလည်းကစားတုန်း… game လေ..
Like or Dislike:
0
0
နေ့အိပ်မက်တို့ ငါးတန်းတုန်းက အဲလိုမဟုတ်ပေါင်… လိမ်လိမ်မာမာလေးပါ… သူ့ကျမှ…..
ဟီး.. အဲဒါပထမဆုံးတစ်ခါဆို…. ဒုတိယတစ်ခါရော တုန်သေးလား…..
အပေါ်ဆုံးကတစ်ယောက်ပြောသလို အလင်္ကာတွေများလွန်းတော့ ဖတ်ရတာ နည်းနည်းမောတယ်..
Like or Dislike:
0
0
တော်တော်ဆိုးတဲ့ ဘလက်ပဲ အရေးအသားကတော့ ပြောဖွယ်ရာမရှိ
နောက်မှ စစ်ဆင်ရေးကို တိုးတိုးတိတ်တိတ် လာသင်မယ်။
Like or Dislike:
0
0
ဟုတ်..
ပြောင်းပေးမယ် အစ်ကို..
Like or Dislike:
0
0
မဟာဗျူဟာမြောက်ပါပေတယ်ကိုယ့်ညီရာ…ငါးတန်းကျောင်းသားဘဝကဆိုတော့ တော်တော်တောင်ကြီးနေပြီပဲ
Like or Dislike:
0
0
ဒီလိုဒီလို တစ်ကိုယ်တော်နတ်ပွဲ ကျင်းပခဲ့တာကိုး ..
Like or Dislike:
0
0
အစ်မညံ့ပုံ… ပြောတဲ့နေရာ မရောက်မချင်း အဲဒီကိစ္စကြိုးစားနေတာလို့ မထင်မိဘူး။ ဇာတ်လမ်းထဲမှာ ဗုံးတစ်လုံး ထောင်နေတာများလားလို့ ထင်ခဲ့တာ။ တကယ်။ မဟူရာမဲမှောင်မှောင်နက်တို့များနော်… ၅တန်းကတည်းက…း) ဒေါ်မြလေးစကား ခဏယူပြောရရင် “ပြောကို….. မပြောချင်ဘူး”း)))
Like or Dislike:
0
0
ဟီးးးးး ဒီနေရာတော့ နာ့ထက်သာသွားပြီ။
ငါဖြင့် ၈တန်းလောက်မှ စနားလည်တာ….
Like or Dislike:
0
0
အဟီး ဒါမှ ငါ့ညီကွ အကိုခြေရာလိုက်နင်းနိုင်တာ ဒီညီ တစ်ယောက်ပဲ ရှိတယ် ကျန်တဲ့ ညီတွေ ဘွဲ့ရတာတောင် ဒူးတုန်နေကြတုန်း ..။
Like or Dislike:
0
0
ရည်းစားစကား စ ပြောတာက ၅ တန်းနှစ်တဲ့–
ရည်းစားကလည်းများလိုက်တာ–သက်စေ့ တဲ့
ချစ်သောသူနဲ့ ပေါင်းဆုံနိုင်ပါစေလို့ ဆုတောင်းပေးထားတာ
ပြန်ရုပ်သိမ်းတော့မယ်–
Like or Dislike:
0
0