ပညတ်မဲ့…
“မင်းဘယ်သွားမလို့လဲ…?”
“တစ်နေရာရာပေါ့..။”
“ဘယ်လိုနေရာမျိုးလဲ…?”
“မျှော်လင့်ချက်နဲ့ အသက်ရှင်ရခြင်းတွေမှ ကင်းဝေးတဲ့နေရာ..။ အိပ်မက်ဆိုတဲ့ ၀င်သက်၊ ထွက်သက်တွေကို ရှူရှိုက်ရခြင်းတွေနဲ့ ကင်းဝေးတဲ့နေရာ။ ဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်နေတာတွေမရှိတဲ့နေရာ…။ အတိတ်ဆိုတဲ့ အရိပ်တွေမရှိတဲ့နေရာ…။ ပစ္စုပ္ပန်ဆိုတဲ့ ဖြစ်တည်ခြင်းတွေ မရှိတဲ့ နေရာ…။ အနာဂတ်ဆိုတဲ့ လှည့်စားခြင်းတွေ မရှိတဲ့နေရာ…။”
“မင်းဟာက အဓိပ္ပါယ်မရှိတာ…”
“အေး…ငါတစ်ခုပြောဖို့မေ့သွားတယ်..။ ဟုတ်တယ်…။ မင်းပြောတဲ့ “အဓိပ္ပါယ်” ဆိုတဲ့အရာတွေပါ မရှိတဲ့နေရာ…။
“ဟေ့ရောင်…။ မင်း..။ မင်း ရူးများနေလား…?”
“ဟင့်အင်း..။ အခုတော့ ငါထင်ထားသလောက် ရူးခွင့်မရသေးဘူး..။ အခုအဲ့ဒီ့နေရာကိုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ထဲမှာ…။ “လွတ်လွတ်လပ်လပ် ရူးသွပ်ခွင့်” ရချင်တာလဲ အဓိကအကြောင်းအရင်းထဲမှာ ပါတယ်..။”
” မင်း ဒီလိုတွေ လျှောက်လုပ်နေတာ..။ မင်းဘ၀အတွက်…။ မင်းရှေ့ရေးအတွက် ဘာမှမစဉ်းစားတော့ဘူးလား…။ မင်း ဒါတွေလျှောက်လုပ်နေလို့ မင်းဘ၀ ဘာဖြစ်လာမှာတဲ့လဲ..။ မင်းဘယ်လိုလုပ် အောင်မြင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါတောာ့မလဲ…?”
“ဟုတ်တယ်…။ ဘာမှဖြစ်လာမှာမဟုတ်ဘူး…။ ဟုတ်လား…? ဟား…ဟား…။ တကယ်လို့များ ဘာမှဖြစ်မလာခြင်းဆိုတဲ့အရာတွေဟာ ငါဖြစ်ခြင်တဲ့ ဆန္ဒတွေပဲလို့ ပြောရင် မင်းဘာပြောမလဲ..။ ဘ၀တွေ ဘာမှဖြစ်မလာဘူးဆိုတာ တကယ်တော့ မှားတယ်..။ လုံးဝမှားတယ်…။ တကယ်က ဖြစ်လာ တယ်..။
“ဟမ်…။ ဘယ်လို…ဘယ်လို..။ ငါမူးလာပြီ မင်းစကားကို ငါနားမလည်ဘူး…။ ဘာမှ ဖြစ်မလာခြင်းဆိုမှတော့ ဘယ်လိုလုပ်ပြီး ဖြစ်လာတယ်လို့ မင်း ကပြောဦးမလို့လဲ…?”
“ဘာဖြစ်လာတာလဲဆိုတော့ ” ဘာမှ မဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်ခြင်း” တစ်မျိုးဖြစ်လာတယ်…။ မင်းစဉ်းစားကြည့်ပါဦး..။ မင်းတို့၊ ငါတို့ ရှင်သန် နေတဲ့ ဒီလောကကြီးထဲမှာ…။ လူတွေက အမြဲတမ်း တစ်ခုမဟုတ်သော အရာတွေကို အမြဲတောင့်တနေကြတယ်..။ မျှော်လင့်နေကြတယ်..။ တစ်ချို့ရကြ တယ်..။ တစ်ချို့မရဘူး..။ တစ်ချို့ ရသလောက်နဲ့ မတင့်တိမ်နိုင်ပဲ ထပ်လိုချင်တယ်..။ တစ်ချို့မလိုချင်တာတွေရတယ်…။ တစ်ချို့ ရတာတွေ မလို ချင်ဘူး…။ ဘယ်နှခါများ ပြည့်စုံခဲ့ကြလဲ…? ဘယ်နှစ်ခါများ ပြည့်ဝခဲ့ကြလဲ…? ဘယ်နှစ်ခါများ ပြီးဆုံးခဲ့ကြလဲ….? ငါတို့လူသားတွေ အများစုပိုင်ဆိုင် နေတဲ့ (သို့မဟုတ်) ပိုင်ဆိုင်တယ်လို့ ထင်နေကြတဲ့ ဘ၀တွေဟာ တကယ်တော့ သမင်မွေးရင်း ကျားစားရင်ဖြစ်နေတယ်..။
” ဘယ်လို သမင်မွေးရင်း၊ ကျားစားရင်း…။ မင်းရှင်းလေ ငါပိုရှုပ်လာလေ ဖြစ်လာပြီကွာ…။”
” ငါတို့ လူသားတွေဟာ ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတဲ့လက်နက်တွေအားကိုးနဲ့ အောင်မြင်ခြင်း၊ ကျော်ကြားခြင်း၊ ပြည့်စုံကြွယ်ဝခြင်းစတဲ့ ရွှေသမင်တွေကို တစ်ကောင်ပြီး တစ်ကောင်ဖမ်းကြတယ်…။ ဟား…ဟား..။ မင်းအဲ့ဒီ့ ဖမ်းလိုက်တဲ့ သမင်တွေ ဘာဖြစ်သွားတယ်ထင်လဲ…? အေး…။ အဲ့ဒီ့ ဖမ်းသမျှ သမင်အားလုံးကို လောဘ၊ မောဟ၊ ဒေါသ ဆိုတဲ့ ကျားငစဉ်းလဲတွေက အားရပါးရ ပွဲတော်တည်ကြတာပေါ့ကွာ…။ မင်းဘယ်လောက် ဖမ်းနိုင်မလဲ..။ မင်းဖမ်းနိုင်တာထက် သူတို့က ဆယ်ဆ ပိုစားနိုင် တယ်ကွ…။”
“ထားပါကွာ..။ အဲ့ဒါတွေ ငါမပြောလိုတော့ပါဘူး..။ မင်းအခုသွားမယ်ဆိုတဲ့နေရာက တကယ်ရောရှိရဲ့လား…။ ရှိရင်ရော…။ ဘယ်နေရာမှာလဲ…? ဘာ လို့ တစ်ခြားလူတွေက မသွားကြလဲ..? မရှာကြလဲ…?
“အဟား…။ သိပ်ရှိတာပေါ့ကွာ..။ နဲနဲတော့ဝေးတယ်….”
“ဟုတ်လား…။ ဘယ်လောက်လောက်ဝေးလဲ…?”
” တော်တော်ဝေးတယ်…။ ဘယ်နေရာလဲဆိုတော့ ငါ့တို့ စိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာပဲ…။ ဘာလို့ တစ်ခြားလူတွေက မသွားကြတာလဲဆိုတော့ မတွေ့လို့ကွ..။ လူတွေက ကိုယ်မမြင်နိုင်တဲ့ မနက်ဖြန်ဆိုတာတွေ၊ မျှော်လင့်ချက်ဆိုတာတွေ စတဲ့ ကံကြမ္မာရဲ့ မက်လုံး ငါးစာတွေနောက်ပဲ တ ကောက်ကောက်လိုက်နေရတော့ ကိုယ့်မှာရှိပြီးသားအရာတွေကို သတိမထားမိကြတော့တဲ့ သဘောပေါ့..။ အဲ..။ တစ်ချို့သိတဲ့လူ..။ သတိထားမိ သွားတဲ့ သူတွေတော့ရှိတယ်…။ ဒါပေမယ့် တော်ရုံလူတွေ ဘယ်သူမှ အဲ့ဒီ့ခရီးကို အောင်မြင်တဲ့အထိ ခရီးမဆက်နိုင်ကြဘူး…။ တစ်ချို့က သိရုံတင် သိပြီး ပထမဆုံး ခြေလှမ်းကို စလှမ်းဖို့ တွေဝေနေကြတယ်..။ တစ်ချို့က ခရီးတစ်ဝက်မှာပဲ အာရုံတွေ ပြန်လည်သွားတယ်…။ ဒီလိုနဲ့ပဲ…။ ဒီခရီးက အရောက်ပေါက်နဲခဲ့တယ် ဆိုပါတော့…။
“မင်းအတွေးနဲ့ မင်းတော့ ဟုတ်နေတာပဲ…။ ဒါနဲ့ အဲ့ဒီ ခရီးကိုသွားဖို့ ဘာတွေလိုမလဲ…?”
“သိပ်များများစားစားမလိုပါဘူး…။ ပထမဆုံး အဲ့ဒီ့လမ်းကိုမှန်ကန်အောင် ပြသနိုင်ဖို့ “အသိဥာဏ်” ဆိုတဲ့ သံလိုက်အိမ်မြှောင်တစ်ခုလိုတယ်…။ စက္ကန့်နဲ့အမျှ မင်းသွားမယ့် လမ်းကို မသွားဖြစ်အောင် နှောင့်ယှက်မယ့် လောကရဲ့ လှည့်ကွက်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ “သတိ” ဆိုတဲ့ ဓား တစ်လက် လိုတယ်…။ မင်းသွားတဲ့ လမ်းတစ်လျှောက် ရိက္ခာအဖြစ်စားသုံးဖို့ “ယုံကြည်ချက်” ဆိုတဲ့ ရိက္ခာအချို့ လိုတယ်..။ နောက်ဆုံး မကြာခဏ မင်းခရီးပန်းတဲ့ အခါ မင်းကို နှစ်သိမ့်နွေးထွေးစေမယ့်၊ လုံခြုံမှုပေးစေမယ့် “ဓမ္မ” ဆိုတဲ့ ခြုံစောင်လေးတစ်ထည် လိုတယ်..။ ဒီလောက်ပါပဲ..။
“အင်း…။ ဟုတ်ပါပြီ…။ မင်းပြောသလို…။ မင်းသွားချင် ရောက်ချင်တဲ့နေရာကို ရောက်ပြီပဲ ဆိုပါစို့…။ မင်းဘာလုပ်မှာလဲ…?”
“ဟား…ဟား…။ Good Question…! ငါကျောက်တိုင်လေး တစ်တိုင်သွား စိုက်မလို့ကွ..။”
“ဘာ….? ကျောက်တိုင် ဟုတ်လား…။ ဘာ…။ ဘာ…။ ဘာကျောက်တိုင်လဲဟ…?”
သူ သက်ပြင်းတစ်ခုကို အသာအယာ ထုတ်လွှတ်လိုက်တယ်…။ အဲ့ဒီ့နောက် သူ့ခေါင်းကိုမော့ပြီး လေပြေလေညှင်းတွေထဲမှာပါလာတဲ့ oxygen တော်တော်များများကို တ၀ကြီးဆုပ်ယူလိုက်တယ်…။ အင်း…။ အနဲဆုံးတော့ သူ Carbon Dioxide အနည်းငယ်ကိုတော့ ပြန် ထုတ်လွတ်ရမှာပဲ…။ သစ်ပင်တွေအတွက် သူဟာ အသက်ရှည်ဆေး တစ်ခွက်ကို ဖန်ဆင်းပေးသူ…။ သတ္တ၀ါတွေအတွက်တော့ အဆိပ်ငွေ့တွေကို ဖန်ဆင်းပေးလိုက်သူ။ အမှန်တရားဆိုတဲ့ ခပ်ဝါးဝါး ဒီအစွန်းနှစ်ဘက်ကြား….။ သူမြင်နေရတာက ပြာလဲ့လဲ့ကောင်းကင်အောက်က စက္ကန့်နှင့်အမျှ ရွှေ့လျားနေတဲ့ တိမ် တိုက်တွေ။
” သံသရာဆိုတဲ့ အဆက်မပြတ်လည်ပတ်နေတဲ့ စက်ဝန်းတစ်ခုထဲက မိမိကိုယ်ကို လွတ်လပ်ခွင့်ပေးလိုက်တဲ့ “နိဗ္ဗာန်” ဆိုတဲ့ကျောက်တိုင် တစ်ခုပေါ့“
P.S- ကျွန်တော်တို့ ဘ၀တစ်လျှောက်များစွာလှသော ခြေလှမ်းများထဲတွင် တွေဝေမှု ရာခိုင်နှုန်းအများဆုံးပါသော ခြေလှမ်းမှာ “ပထမဆုံး” ခြေလှမ်း များပဲ ဖြစ်ပါတယ်..။








ပညတ်မဲ့တဲ့ ကောင်းလိုက်တာ နာမည်လေးရော ပို့စ်လေးရော ရည်ရွယ်ချက် ကောင်းပါတယ်.
Like or Dislike:
0
0
အရမ်းကောင်းပါတယ်
လူသားတွေဟာ ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတဲ့လက်နက်တွေအားကိုးနဲ့ အောင်မြင်ခြင်း၊ ကျော်ကြားခြင်း၊ ပြည့်စုံကြွယ်ဝခြင်းစတဲ့ ရွှေသမင်တွေကို တစ်ကောင်ပြီး တစ်ကောင်ဖမ်းကြတယ်…။ ဟား…ဟား..။ မင်းအဲ့ဒီ့ ဖမ်းလိုက်တဲ့ သမင်တွေ ဘာဖြစ်သွားတယ်ထင်လဲ…? အေး…။ အဲ့ဒီ့ ဖမ်းသမျှ သမင်အားလုံးကို လောဘ၊ မောဟ၊ ဒေါသ ဆိုတဲ့ ကျားငစဉ်းလဲတွေက အားရပါးရ ပွဲတော်တည်ကြတာပေါ့ကွာ…။ မင်းဘယ်လောက် ဖမ်းနိုင်မလဲ..။ မင်းဖမ်းနိုင်တာထက် သူတို့က ဆယ်ဆ ပိုစားနိုင် တယ်ကွ…
ဒါလေးကို ပိုသဘောကျတယ်။
Like or Dislike:
0
0
အကို စိုက်ထူချင်တဲ့ ကျောက်တိုင်ကို စိုက်ထူနိုင်ပါစေ…. ဒီဘ၀ မစိုက်ထူနိုင်ရင်တောင်…. သွားရမဲ့လမ်းပေါ်ရောက်သွား နိုင်ပါစေ…
Like or Dislike:
0
0
ဘာဖြစ်လာလဲဆိုတော့
ဘာမှမဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်ခြင်းတစ်မျိုးဖြစ်လာတယ် ….
ကောင်းပဗျာ ………..
Like or Dislike:
0
0
အတွေး အရေးလေးကောင်းတယ်
တကယ်ကောင်းပါတယ် ။
Like or Dislike:
0
0
မင်းရဲ့ အနက်ရောင် အိမ်မက်တွေကတော့ ရင်ဘတ်ထဲကို ရောက်ဆဲပဲ သူငယ်ချင်း ..။
Like or Dislike:
0
0
တရားသဘောတွေတော့ အတော်ပေါက်နေပြီ ..ပထမဆုံးခြေလှမ်းကောလှမ်းဖြစ်ပြီလား..
ကိုယ်တော့ လှမ်းဖြစ်ဖို့နေနေသာသာ သွားမယ် လို့တောင် မတွေးမိသေးဘူးကွာ ..
ရွှေသမင်တွေ နောက်ကို တစ်ကောက်ကောက် လိုက်နေတာလေ..။
Like or Dislike:
0
0
အတွေးအခေါ် နဲ့ အရေးအသားတွေကတော့ အရှိန်နဲ့ သွက်နေဆဲပဲ…
Like or Dislike:
0
0
ကျွန်တော်တို့ ဘ၀တစ်လျှောက်များစွာလှသော ခြေလှမ်းများထဲတွင် တွေဝေမှု ရာခိုင်နှုန်းအများဆုံးပါသော ခြေလှမ်းမှာ “ပထမဆုံး” ခြေလှမ်း များပဲ ဖြစ်ပါတယ်..။
မိုင်ထောင်ချီနေတဲ့ ခရီးတစ်ခုရဲ့ အစဦးဖြစ်ချင်ဖြစ်မှာဆိုတော့ရင်ခုန်နေကြမှာပဲပေါ့..။
တွေဝေတာ..လား.
တုန်လှုပ်တာလား…
တက်ကြွတာလား..
တွန့်ဆုတ်တာလား..
တစ်ခုခုနဲ့တော့ …. လေးဖင့်ခဲ့လိမ့်မယ်..
ဘာပဲဖြစ်ဖြစ်..
အစွန်းနှစ်ဖက်ကြားမှာပဲ….
သွားရ လျှောက်ကြရ ဦးမှာမဟုတ်လား….
ကျောက်တိုင်မစိုက်နိုင်မချင်းပေါ့….ဟုတ်..။
Like or Dislike:
0
0
ပထမဆုံး အဲ့ဒီ့လမ်းကိုမှန်ကန်အောင် ပြသနိုင်ဖို့ “အသိဥာဏ်” ဆိုတဲ့ သံလိုက်အိမ်မြှောင်တစ်ခုလိုတယ်…။ စက္ကန့်နဲ့အမျှ မင်းသွားမယ့် လမ်းကို မသွားဖြစ်အောင် နှောင့်ယှက်မယ့် လောကရဲ့ လှည့်ကွက်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ “သတိ” ဆိုတဲ့ ဓား တစ်လက် လိုတယ်…။ မင်းသွားတဲ့ လမ်းတစ်လျှောက် ရိက္ခာအဖြစ်စားသုံးဖို့ “ယုံကြည်ချက်” ဆိုတဲ့ ရိက္ခာအချို့ လိုတယ်..။ နောက်ဆုံး မကြာခဏ မင်းခရီးပန်းတဲ့ အခါ မင်းကို နှစ်သိမ့်နွေးထွေးစေမယ့်၊ လုံခြုံမှုပေးစေမယ့် “ဓမ္မ” ဆိုတဲ့ ခြုံစောင်လေးတစ်ထည် လိုတယ်..
လေးစားရပြန်ပြီ… ငါ့ညီကြီးက လောကကို ပေါ့ပေါ့လေး ဖြတ်သန်းနေပေမယ့် လေးနက်တဲ့ အသိညာဏ်တွေ တပွေ့တပိုက်နဲ့ လောကကို ထွန်ယက်နေတာပဲ… အနှစ်သာရ အပြည့်အ၀နဲ့ “ပညတ်မဲ့”ကို တင်ပြထားတာ အားရစရာကောင်းလိုက်တာ..။
ခုတလော ဘလောဂ့်မလည်ဖြစ်ဘူး.. စိတ်ညစ်နေတုန်း ဒီလင့်ခ်လေးကို ကလစ်လိုက်တာ..ဖတ်ရတာ သိပ်ကိုတန်သွားပြီ။ သတိပေးတဲ့ ပိုစ့်လေးဖြစ်လို့ ကျေးဇူးပဲ။ ဒို့တတွေ တကယ်စိုက်ရမယ့် ကျောက်တိုင်ကို အမှတ်ရနေပေမယ့် အမှတ်မဲ့နေခဲ့ရတာ.. ကိုယ်တိုင်က အ၀ိဇ္ဖာတွေ ပြည့်နေခဲ့တာကိုး။
Like or Dislike:
0
0
ကောင်းလိုက်တဲ့ပိုစ့်…..ဖတ်ပြီးတော့ မသိသေးတာတွေရော သိပြီးမေ့နေတာတွေရော ပြန်မှတ်မိသွားသလိုပဲ။ ကျေးဇူး………….!
Like or Dislike:
0
0
ကျနော် ထင်တယ် အစ်ကို မေဖီးကျောင်းကထင်တယ် ။
တရားသဘောတွေ အပြည့်ပဲ ။ ဂွတ်
Like or Dislike:
0
0
ကောင်းလိုက်တဲ့ပိုစ်လေးပါလား…..သံသရာဆိုတဲ့ အဆက်မပြတ်လည်ပတ်နေတဲ့ စက်ဝန်းတစ်ခုထဲက မိမိကိုယ်ကို လွတ်လပ်ခွင့်ပေးလိုက်တဲ့ “နိဗ္ဗာန်” ဆိုတဲ့ကျောက်တိုင် တစ်ခုပေါ့“
ခေါင်းထဲစွဲသွားတဲ့စာသားလေးပါ။
Like or Dislike:
0
0
ကိုအိပ်မက်ရေ–
တခါတလေ–သီအိုရီတွေဟာ မီးခိုးရောင်တွေဖြစ်သွားတတ်ကြတယ်–
ဒါပေမယ့်–လောက ကြီးကတော့–စိုပြေနေတတ်တယ်လေ—
လူ့ဘဝ ဇာတ်ခုံတွေမှာလည်း အလွမ်းဇာတ် တွေ–က ပြရတတ်တယ်–
အဲဒီ အလွမ်းတွေကိုပဲ–ကျမတို့ ရဲ့ စာတွေ ကဗျာတွေက လှပ အောင်-
ဖန်တီးပေးနိုင်ပါတယ်—
Like or Dislike:
0
0
နောက်ထပ် ပို့စ်ကောင်းလေး တစ်ခု ..အတွေးတွေ က လူငယ်လေးလို့တောင်မထင်ရဘူး.. မောင်လေး ရေ
Like or Dislike:
0
0
အသိဥာဏ်၊သတိ၊ယုံကြည်ချက်၊ဓမ္မ
ဒီလမ်းခရီးအတွက် ယူစရာတွေကို မှတ်သွားပါတယ်၊၊တွေဝေမှုတွေနဲ့ ပထမဆုံးခြေလှမ်း လှမ်းချင် ရင် အဆင်သင့်ဖြစ်အောင်ပေါ့၊
စကားမစပ်၊စိတ်ဆိုးနဲ့နော်၊စာလုံးလေး နဲနဲကြီးပေးလို့ရလားဟင်၊ ကျွန်မ ဒီမှာမျက်မှန်ပါဝါ တိုးဖို့ဈေးကြီး လို့ မတိုးနိုင်လို့၊
Like or Dislike:
0
0
ကျနော်လည်း သမင်တွေနောက် လိုက်ကောင်းတုန်း
Like or Dislike:
0
0
အင်း… နေ့အိပ်မက်တော့.. လိုချင်တာတွေလုပ်ကြည့်တယ်…. မရရင်စိတ်မညစ်အောင်လည်း ကြိုပြင်ထားတယ်….. သံသရာကိုလည်း ကြောက်တယ်…. လူ့ဘ၀ကိုလည်း သာယာနေတယ်… တကယ့်သမင်မွေးရင်း ကျားစားရင်းပဲ….
Like or Dislike:
0
0
စာဖတ် (ဘဘောဂ့်လိုက်ဖတ်) ရတာဝါသနာပါတယ်။
ဒါပေမဲ့ ဖတ်မရတဲ့ ဘလောဂ့်တွေကများတယ်။
ခုလို တင်းပလိပ်က မြည်း၊ စာလုံးလေးကမှိန်ဆိုတော့
မျက်စိအားစိုက်ရလွန်းလို့ ဖတ်မရခဲ့ဘူး။ (ပြင်ဖို့ ပြောတာမဟုတ်ပါဘူး၊ အဆင်မပြေတာကို တင်ပြတာပါ။)
လေးစားပါတယ် (pro)
Like or Dislike:
0
0
သမင်မွေးလိုက် ကျားစားလိုက်နဲ့ အချိန်တွေတော်တော်ကုန်လာခဲ့ပြီပဲ
တွေဝေမှု ရာခိုင်နှုန်းအများဆုံးက ပထမ ခြေလှမ်းတွေတဲ့…….
လိုအပ်ချက်တွေလား လိုအပ်တာတွေလား လိုအပ်ချင်တာတွေလား ဖြည့်ဆည်းနေရင်း ……
ပထမခြေလှမ်းလေးတော့ လှမ်းဖြစ်အောင်လှမ်းမှပဲနော်….. တွေဝေတွန့်ဆုတ်ခြင်းကင်းစွာနဲ့………
Like or Dislike:
0
0
တွေတွေဝေေ၀နဲ့ လျှောက်ရတော့ ယိုင်တိုင်တိုင်ပေါ့ဗျာ။ တဖြည်းဖြည်းကြိုးစားသွားကြရမှာပေါ့။ အဓိကကတော့ ရပ်မနေဖို့နဲ့ လမ်းကြောင်းပြောင်းမသွားဖို့ပဲမဟုတ်လား။
ကြိုက်တယ်ဗျာ။
Like or Dislike:
0
0
တွေတွေဝေေ၀နဲ့လျှောက်တော့ ယိုင်တိုင်တိုင်နဲ့ ဒါပေမယ် ကြိုးစားလျှောက်ရမှာပေါ့ဗျာ အဓိကကတော့ ရပ်မနေဖို့နဲ့ လမ်းကြောင်းမှန်ဖို့ပဲ မဟုတ်လား
အားပေးနေတယ်ဗျို့။
Like or Dislike:
0
0
ဓမ္မဘက်ကို ခေတ်မီစွာဆွဲခေါ်သိမ်းသွင်းထားတဲ့ ပို့ စ်ကောင်းတစ်ပုဒ်လို့  ယူဆပါတယ်..။
Like or Dislike:
0
0
နေ့တိုင်း ဘုရားရှိခိုလား (ဘုရားဆိုတာ စိတ်ထဲရှိရင် ပြီးတာပဲလို့ တချို့တချို့သော မိရိုးဖလာ ဗုဒ`ဓဘာသာဝင်တွေကတော့ ပြောတတ်တယ်)။ ရှိခိုးဖြစ်ရင် ဘာဆုတောင်းလဲ (ပြောပြဖို့မလိုဘူးနော်၊ ကိုယ့်စိတ်ထဲက တိုးတိုးဖြေပေါ့)။ ဒီဘ၀အတွက် တစ်ခုခု (ဖြစ်ရပါလို၏၊ ပိုင်ဆိုင်ရပါလို၏) တောင်းခဲ့ရင်တော့ သွားပြီ… ဖြစ်မယ်၊ ပျက်မယ်၊ ဒီလိုနဲ့ သံသရာတွေ ထပ်လည်မယ်။ ဆရာတော်ကြီးတစ်ပါးဟောဖူးတာလေ၊ ဘုရားမှာ ဘယ်တော့မှ ဆုတွေအများကြီးမတောင်းနဲ့တဲ့။
သူငယ်ချင်းရေ… ငါကတော့ အသိခေါက်ခက် အ၀င်နက်နေတုန်းပဲ၊ ဘုရားရှိခိုးတိုင်း ဒီဘ၀အတွက် အဲဒီတစ်ခုခုဆိုတာကို တောင်းမိနေတုန်းပဲ။ တစ်ခါတစ်ခါ ခြေလှမ်းတွေက ဘယ်ကိုဦးတည်နေမှန်းတောင် မသိဘူး။
(@ကိုမျှားပြာ… ဘလော့မှာ နောက်ဆုံးနှုတ်ဆက်တုန်းက ၀င်ဖတ်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ပြန်ထွက်ခဲ့ရတယ်။ ဘလော့တွေ ၀င်မရတာနဲ့ မ၀င်ဖြစ်တော့ဘူး။ စာပြန်ရေးနေတယ်ဆိုရင်တော့ ကောင်းမှာပဲ)
Like or Dislike:
0
0
မေ့နေတဲ့ အရာတစ်ချို့ကို သတိပေးလိုက်တာပါပဲ ကျေးဇူး ဒီပို့စ်လေးကြိုက်တယ် ။
Like or Dislike:
0
0
Great ပဲ ညီရေ။
အဲဒီ ကျောက်တိုင် ကို စိုက်ဖြစ်ဖို့ အရေးအကြီး ဆုံးပဲ။
Like or Dislike:
0
0
nyi lay i coming late sorry they ald say how i can say i know you are yhe bast
Like or Dislike:
0
0