• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    လွင်ပြင်များသို့ ရိုက်ခတ်ခြင်း…

    February 27 , 2009 | 1,017 views

    အသံတွေဆူညံနေတယ်…။ ညီညီညာညာတော့ မဟုတ်..။ တစ်ယောက်ကိုတစ်မျိုး…။ တစ်ချို့ကြတော့လဲ တစ်ယောက်ထဲကိုက အပေါ်နှုတ်ခမ်း က တစ်သံ..။ အောက်နှုတ်ခမ်းက တစ်သံ…။ တစ်ယောက်ထဲအသံနှစ်မျိုးထွက်လို့…။ တစ်ချို့ကြတော့လည်း အသံတွေက ကာလံဒေသံလိုက်ပြီး ပြောင်းလဲ ကြလေရဲ့..။ ဘုရားပေါ်မှာ တတွတ်တွတ်ရွတ်ဆိုခဲ့တဲ့ ပါဌိစကားလုံးတွေဟာ…။ ခဏအကြာမှာတော့ သားသတ်ရုံတစ်ခုထဲက တိရစ္ဆာန် တွေရဲ့ အော်ဟစ် ငြီးတွားသံတွေနဲ့ လုံးထွေးသွားတယ်..။ အရှင်ဘုရား..။ ပရမတ်နဲ့ သစ္စာတရား (အမှန်တရား) ဆက်စပ်ရ ခက်လှပါလား အရှင် ဘုရား..။

    ကာလအပေါ်လိုက်ပြီး ပြောင်းလဲသောအမှန်တရား…။ နေရာအပေါ်လိုက်ပြီးပြောင်းလဲသော အမှန်တရား..။ ရေကြည်ရာကို မြက်နုတတ်သော အမှန်တ ရား..။ ရေများရာ မိုးလိုက်ရွာကြသော အမှန်တရား…။ ဆန်အိုးထဲက အမှန်တရား…။ လေယာဉ်လတ်မှတ် တစ်ခုအပေါ်က အမှန်တရား…။ သင်ပုန်းကြီး ဖတ်စာအုပ်တစ်အုပ်ထဲက အမှန်တရား…။ ကြာကြာဝါးရင် ခါးတတ်သော အမှန်တရား…။ ဘောင်ခတ်ထားသော အမှန်တရား..။ နောက်ဆုံး…။ ကျည်ဆံ တစ်တောင့်ပေါ်က အမှန်တရား…။ ဒီလောက်အမှန်တရားတွေ မှိုလိုပေါက်အောင်များနေတဲ့ကြား…။ ငါတစ်ယောက်ထဲ လွတ်လွတ်လပ်လပ်မှားပါရစေ…။

    အမှန်တရားဆိုတာ ဒလကအပြန် ရာဇသင်္ကြန်ရလာတဲ့ အသိတရားလား…? ဒီလူကြီး ဒီလောက်တော့ မပျော့ညံ့သင့်ဘူး..။ ရာဇသင်္ကြန်အကြောင်း ယုံကြည်ချက် တစ်ခုကြောင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေရင်း သက်သေပြသွားတဲ့ ဆိုကရေးတီး သာမြင်ရင် အူတက်အောင်ပဲ ရယ်လေ မလား..။ ရင်ဘတ်ကြီးနှစ်ခြမ်းပဲ ဗြမ်းဗြမ်းကွဲအောင် ငိုလေမလား..။ ဘာပဲပြောပြော ရာဇသင်္ကြန်ကတော့ ပြန်ပြီးကောင်းစားသွားတာပဲ…။ သနားတယ် ဆိုကရေးတီးရယ်…။ ဒီခေတ်ကြီးမှာ မင်းကိုလေးစားတဲ့သူထက် ရာဇသင်္ကြန်လမ်းစဉ်ကို လိုက်နေကြတဲ့သူက အဆမတန်သိပ်များ တယ်….။ မင်းမှ ရာဇသင်္ကြန်လောက် ဥာဏ်မရှိတာ….။ သေလေဦးပေါ့ ဆိုကရေးတီးရယ်…။ နောက်ထပ် ၅၄၉ ဘ၀လောက်…။

    ဘ၀ကို နဖားကြိုးထိုးဖို့ ကြိုးစားကြ..။ ကံကြမ္မာကို လာဒ်ထိုးဖို့ကြိုးစားကြ…။ သုံးစားလို့မရတော့တဲ့ အတိတ်က မဖြစ်စလောက်အောင်  မြင်မှုတွေကို လူတွေရှေ့ ခဏခဏထုတ်ကြွားဖို့ ကြိုးစားကြ…။ ဘ၀တွေလွတ်မြောက်ရဖို့ ဆန္ဒတွေကို မီးလောင်တုန်းချနင်းကြ…။ ကိုယ်နာမည် ကောင်းရဖို့၊ အမြတ်ထွက်ဖို့အတွက် စုတ်ပြတ်နေတဲ့လူတွေရဲ့ ဘ၀တွေကို အသုံးချကြ…။ ဘုရားသခင်ပေးခဲ့တဲ့ လက်တွေကိုကို လက်ညိုးထိုးဖို့ တစ်ခုထဲအ တွက်သုံးဖို့ ကြိုးစားကြ…။ အပေါစား နားလည်မှုတွေ၊ စာနာဂရုစိုက်ခြင်း မုန်တိုင်းတွေနဲ့  ယိုင်နဲ့နဲ့ မျှော်လင့်ခြင်းအိမ်လေးတွေကို ရိုက်ချိုးကြ…။  လူတွေလည်း တစစနဲ့ အမျှ တောင်ခေါ်ဖို့ မတန်တော့ဘူး…။

    ဒီခေါင်းထဲ ဘယ်လာက်ရိုက်သွားနိုင်မတဲ့လဲ မဟုတ်တမ်းတရားတွေ…။ ဒီဘက်နားက၀င် ဟိုဘက်နားက ထွက်…။ ငါ့ဝိဥာဉ်က အမှန်တရားတွေကိုပဲ စုပ်ယူထားလိမ့်မယ်…။ တစ်ခမ်းတစ်နားစိုက်ပျိုးထားတဲ့ ကျဉ်းကျဉ်းကြပ်ကြပ် ကြယ်ငါးပွင့်ဟိုတယ်ထဲက သစ်တစ်ပင်ထက်..။ လွင်ပြင်တွေပေါ် လွတ်လပ်စွာ ရှင်သန်နေတဲ့ မြက်ရိုင်းတွေကို ငါဦးညွတ်တယ်…။ တစ်ခုပေးမှ တစ်ခုယူ ဒီလောကကြီးထဲ ငါလဲဘာမှမလိုချင်ဘူး..။ ငါ့ဆီကလဲ ဘာမှမ မျှော်လင့်ကြလေနဲ့…။ အဆက်မပြတ်ရွာချနေတဲ့ မိုးခါးတွေထဲ…။ ငါရော ဘယ်လောက်အထိ ရေအငတ်ခံနိုင်မလဲ…? ခင်ဗျားရော ဘယ်လောက် ချုပ်တည်းနိုင်မလဲ…?

    နာကြည်းချက်တွေလား…? ခံစားခဲ့ရတာတွေလား….? လာမပြောပါနဲ့…။ အများကြီးတော့မပြောချင်ဘူး…။ ဒါတွေဟာ တစ်ယောက်ထဲ ဖြစ်နေတာ မဟုတ်ဘူးဆိုတာသိရင် ခရီးဆက်လို့ရပြီ..။ တစ်ခါတစ်လေ နောက်တစ်လှမ်းစုတ်တာကို အရှုံးပေးတယ်လို့ မထင်မိဖို့တော့လိုတာပေါ့…။ နောက်ဆုံးတစ်ခုတော့ပြောမယ်….။ မျည်ရည်ဆိုတာ မခံချင်စိတ်ဆိုတဲ့ ယန္တာရားတစ်ခုကိုလည်ပတ်စေတဲ့ လောင်စာပါပဲ..။ မလိုအပ်ရင် အပြင် မထွက်စေနဲ့…။ ကိုယ်စီဘ၀တွေထဲ သေသေချာချာသိမ်းထား..။ တကယ်တမ်း ပြင်းပြင်းထန်ထန်ရုန်းတဲ့အခါ လောင်စာတွေ အပြည့်အ၀ရှိဖို့ လိုမယ်လေ…။

    P.S- ကျွန်တော်တို့ ဘ၀တွေထဲက ရဲရဲရင့်ရင့်ကျရှုံးခဲ့ခြင်းတွေဟာ အပေါစားအောင်မြင်မှုတွေထက် အများကြီး မြင့်မြတ်ကြပါတယ်…။

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    19 Responses to “လွင်ပြင်များသို့ ရိုက်ခတ်ခြင်း…”

    1. ဒါဆို ညီမလေးးတို့ မောင်နှမတွေအကောင်းစား အောင်မြင်မှုတွေ ရ အောင်ကြိုးစားကြမယ်လေ….
      P.S ပထမနေရာကွ… ဟီး

      Like or Dislike: Thumb up 0 Thumb down 0

    2. ငါတော့ မိုးခါးရေမသောက်တော့ဘူး။ ငတ်လို့သေရင် သေသွားပါစေ… ဟဲဟဲ အာခိမီဒိကို ဆက်လက်ဦးညွတ်သွားအုံးမယ် :P

      Like or Dislike: Thumb up 0 Thumb down 0

    3. ဟုတ်တယ် အကို တခါတလေမှာ လူတွေဟာ အရှုံးကို ကြောက်လို့ ဘူးကွယ်ရင်း အမှန်တရားကနေ ဝေးဝေးသွားတတ်ကြတယ် .. ပညာယူသွားပါတယ် အကို .. ဆက်ရေးပါဦး :)

      Like or Dislike: Thumb up 0 Thumb down 0

    4. အပြင်းစား အတွေးများ ဆိုတာ ဒါမျိုးတွေ ထင်တယ်။

      အမှန်တွေကြီး သိပ်တွေး မနေနဲ့။ ရူးသွားအုံးမယ်။ :) :P :)

      Like or Dislike: Thumb up 0 Thumb down 0

    5. လွင်ပြင်ထဲက မြက်ရိုင်းတွေကို ဦးညွတ်သွားပါတယ်..။

      Like or Dislike: Thumb up 0 Thumb down 0

    6. ပို့စ်ဖတ်ပြီး အောက်ဆုံးနားရောက်လေ ငါလည်း အဲ့လိုတွေတွေးမိနေပါလားလို့း) မလိုအပ်ရင် အပြင် မထွက်စေနဲ့…။ ကိုယ်စီဘ၀တွေထဲ သေသေချာချာသိမ်းထား..။ တကယ်တမ်း ပြင်းပြင်းထန်ထန်ရုန်းတဲ့အခါ လောင်စာတွေ အပြည့်အ၀ရှိဖို့ လိုမယ်လေ…။ ကြိုက်တယ် ဘယ်သူမှမသိပဲကျရှုံးချင်တယ် ။

      Like or Dislike: Thumb up 0 Thumb down 0

    7. အင်းးးးးးးးးးးးး

      ဟုတ်ပ …ဟုတ်ပ …………..

      လွင်ပြင်ပေါ်မှာလွတ်လပ်စွာရှင်သန်နေတဲ့မြက်ရိုင်းတွေကို …ငါဦးညွှတ်တယ် ….
      ကောင်းတယ်ဗျာ …အရေးအသားတွေ …

      Like or Dislike: Thumb up 0 Thumb down 0

    8. မျည်ရည်ဆိုတာ မခံချင်စိတ်ဆိုတဲ့ ယန္တာရားတစ်ခုကိုလည်ပတ်စေတဲ့ လောင်စာပါပဲ..။ မလိုအပ်ရင် အပြင် မထွက်စေနဲ့…။ ကိုယ်စီဘ၀တွေထဲ သေသေချာချာသိမ်းထား..။ တကယ်တမ်း ပြင်းပြင်းထန်ထန်ရုန်းတဲ့အခါ လောင်စာတွေ အပြည့်အ၀ရှိဖို့ လိုမယ်လေ.. ဒီစာသားလေးကို နှစ်ခြိုက်ပါတယ်..

      Like or Dislike: Thumb up 0 Thumb down 0

    9. မျည်ရည်ဆိုတာ မခံချင်စိတ်ဆိုတဲ့ ယန္တာရားတစ်ခုကိုလည်ပတ်စေတဲ့ လောင်စာပါပဲ..။

      အစ်မတော့ အဲ့ဒီလောင်စာတွေကို ဘယ်လောက်ထိ ထုတ်သုံးခဲ့ပြီးလို့ ထုတ်သုံးခဲ့မိမှန်းတောင် မသိတော့ပါဘူး…

      Like or Dislike: Thumb up 0 Thumb down 0

    10. ထစ်ခနဲဆို မျက်ရည်ကျတတ်တဲ့သူ ဒီပို့စ်လေးဖတ်ပြီး ကြိုးစားရတော့မယ်၊ပြင်းပြင်းထန်ထန်ရုန်းတဲ့ အခါ လောင်စာတွေ အတွက်ပေါ့၊

      Like or Dislike: Thumb up 0 Thumb down 0

    11. ဒီခေါင်းထဲ ဘယ်လာက်ရိုက်သွားနိုင်မတဲ့လဲ မဟုတ်တမ်းတရားတွေ…။ ဒီဘက်နားက၀င် ဟိုဘက်နားက ထွက်…။ ငါ့ဝိဥာဉ်က အမှန်တရားတွေကိုပဲ စုပ်ယူထားလိမ့်မယ်…။ တစ်ခမ်းတစ်နားစိုက်ပျိုးထားတဲ့ ကျဉ်းကျဉ်းကြပ်ကြပ် ကြယ်ငါးပွင့်ဟိုတယ်ထဲက သစ်တစ်ပင်ထက်..။ လွင်ပြင်တွေပေါ် လွတ်လပ်စွာ ရှင်သန်နေတဲ့ မြက်ရိုင်းတွေကို ငါဦးညွတ်တယ်…။ တစ်ခုပေးမှ တစ်ခုယူ ဒီလောကကြီးထဲ ငါလဲဘာမှမလိုချင်ဘူး..။ ငါ့ဆီကလဲ ဘာမှမ မြှောက်လင့်ကြလေနဲ့…။ အဆက်မပြတ်ရွာချနေတဲ့ မိုးခါးတွေထဲ…။ ငါရော ဘယ်လောက်အထိ ရေအငတ်ခံနိုင်မလဲ…? ခင်ဗျားရော ဘယ်လောက် ချုပ်တည်းနိုင်မလဲ…?

      သိပ်ကောင်းတဲ့စကားတွေပေါ့..
      အမှားတွေကြာလာတဲ့အခါ..အမှန်တရားတွေဖြစ်ကုန်တတ်တာ
      လဲရှိသေးတယ်..
      ဘယ်လောက်ချုပ်တည်းနိုင်လဲဆိုတာထက်..
      ပွင့်လင်းဖို့ အခွင့်ကို..မသာကြတာမျိုးပေါ့လေ….

      ကောင်းတယ်မောင်လေး..
      ရဲရဲတွေး..ရဲရဲရေး..

      Like or Dislike: Thumb up 0 Thumb down 0

    12. ဆိုကရေးတီး အသည်းကွဲမှာကို မြင်ယောင်မိပါတယ်
      တကယ်တော့ ဒီလောက်အမှန်တရားတွေ မှိုလိုပေါက်အောင်များနေတဲ့ကြား လွတ်လွတ်လပ်လပ်မှားခွင့် ရှိပါတယ်လေ။

      Like or Dislike: Thumb up 0 Thumb down 0

    13. မျက်ရည်ဆိုတာ…….. ဆိုတဲ့ စကားလေးကြိုက်တယ်။ လောင်စာတွေလည်း ထုတ်သုံးလွန်းလို့ခန်းသွားပြီ…… :)

      Like or Dislike: Thumb up 0 Thumb down 0

    14. စာတွေဖတ်သွားတယ် ဗျို့  အော်ဖို့ နေရာရှာလိုက်ရတာဗျာ ၂ရက်လောက် အချိန်ယူလိုက်ရတယ် အဟဲ…….

      Like or Dislike: Thumb up 0 Thumb down 0

    15. ကောင်းလိုက်တဲ့ အတွေး ၊ ဆန်းသစ်လိုက်တဲ့ အရေး ။ ဖတ်ရတာ ရသမြောက်တယ်ဗျ ကိုမည်းကြီး ။ ဆရာချောလို ပြောရရင် လွှတ်ကောင်းပဲ ။ :D

      Like or Dislike: Thumb up 0 Thumb down 0

    16. ရာဇာသင်္ကြန်နဲ့ ဂယ်လီလီယို အဲဒီလိုလူတွေ ရှိသေသေးသရွေ့ ဆိုကရေတီး အသေဖြောင့်မှာမဟုတ်ဘူး ရိုက်ခတ်သံတွေ ရင်ဘတ်ထဲထိ ထိတယ်

      Like or Dislike: Thumb up 0 Thumb down 0

    17. အပြင်းစားပေါက်ကွဲမှုစာသားတွေပါလား ညီလေးရေ..ကြိုက်တယ် အတိအကျကိုကြိုက်တယ်…

      ကျွန်တော်တို့ ဘ၀တွေထဲက ရဲရဲရင့်ရင့်ကျရှုံးခဲ့ခြင်းတွေဟာ အပေါစားအောင်မြင်မှုတွေထက် အများကြီး မြင့်မြတ်ကြပါတယ်….သွေးထွက်အောင်မှန်လိုက်တာ…..

      Like or Dislike: Thumb up 0 Thumb down 0

    18. ကျွန်တော်တို့ ဘ၀တွေထဲက ရဲရဲရင့်ရင့်ကျရှုံးခဲ့ခြင်းတွေဟာ အပေါစားအောင်မြင်မှုတွေထက် အများကြီး မြင့်မြတ်ကြပါတယ်…

      မိုက်တယ်ကွာ .. စာသားလေးက ရိုးရှင်းပေမဲ့ ငါအရမ်းကြိုက်မိတယ် ..

      Like or Dislike: Thumb up 0 Thumb down 0

    19. ဒါလဲ ကြိုက်တယ် ပြောရင်.. လူအမြင်ကပ်ခံရတော့မယ်… မထူးပါဘူး..
      ချွင်းချက်မရှိ.. ကြိုက်တယ်..(ပိုစ့်ကို ပြောတာနော်) :D

      အကိုလည်း အပေါစားအောင်မြင်မှုတွေထက် အများကြီး မြင့်မြတ်ဖို့ ကြိုးစားနေတယ် ညီရေ…။

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply