နှင်းဆီ ဈာပန
နိဒါန်း
သာမန်နေ့ရက်တစ်ခုပါပဲ
အချိန်တွေနဲ့ဖွဲ့စည်းထားခဲ့တယ်…
ဒါပေမယ့်
အဲ့ဒီ့နေ့က နေ၀င်တာစောခဲ့တယ်…။ ။
BLACK DREAM
သူမျက်လုံး နှစ်လုံးပွင့်ကတည်းက သူ့ခေါင်းထဲကို ပထမဆုံး ၀င်လာသော အသိတရားတစ်ခုရှိသည်။
“ချစ်သူများနေ့…” သူ တစ်ချက်ပြုံးလိုက်သည်…။ အလိုလိုပင် သူ့ရင်တွေ တလှိုက်လှိုက်ခုန်လာမိသည်။ သူနေ့ပေါင်းများစွာ စောင့်စားနေခဲ့ သောနေ့။ သူ့ရဲ့ ဆန္ဒတွေကို အမြန်ဆုံး အကောင်အထည်ပေါ်လာအောင် ဖန်ဆင်းပေးနိုင်မည့်နေ့။ သူ့အိပ်မက်ထဲကနေ့..။ သူ့အနာဂတ်ထဲ ကနေ့….။ အနဲဆုံး တော့ ပြက္ခဒိန်ပေါ်က နေ့တစ်နေ့…။ ဒီနေ့….။
“ချစ်သူများနေ့…”
အခန်း (၁)
တစ်ခါတစ်လေ
တစ်စုံတစ်ယောက်ရဲ့ ကျဆုံးခြင်းဆိုတာဟာ
ကျွန်တော်တို့ ရင်ဘတ်ထဲမှာ ထာဝရရှင်သန်နေဖို့ပါ….။ ။
BLACK DREAM
အိပ်ယာပေါ်မှာ ခါတိုင်းလို ကြာကြာနှပ်မနေတော့ပဲ အမြန်ဆုံးထလိုက်တယ်…။ ဒီလိုနေ့မျိုးအတွက် သူပထမဆုံး လှမ်းရမယ့် ခြေလှမ်းဟာ ရေချိုးခန်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး…။ ခြေလှမ်းတွေကို အသက်မသွင်းခင် သူ ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်အရင်ဆုံး လှမ်းကြည့် လိုက်မိတယ်..။ သူ့ရဲ့ မြင်ကွင်းထဲမှာတော့ သူ့မျက်ဝန်းနဲ့အပြည့် နှင်းဆီခင်းကြီးတစ်ခုလုံးက အဖြူရောင် နှင်းဆီပွင့်တွေနဲ့ လှချင်တိုင်းလှ လို့သာ နေပါတော့ တယ်။
တက်ကြွသောခြေလှမ်းများဖြင့် သူ့ရဲ့ နှင်းဆီခင်းကြီးထဲကို အမြန်ဆုံးသူရောက်ရှိသွားပါတယ်…။ တစ်ပွင့်…။ ပြီးတော့ နောက်တစ်ပွင့်…။ စိတ်ထဲမှာ တော့ စကားလုံးအချို့ဖြင့် နှင်းဆီပင်တွေကို သူတောင်းပန်နေမိပါတယ်…။ ဒီလိုပါပဲလေ…။ လောကမှာ တစ်စုံတစ်ခု လှပသွားဖို့ ဆိုရင် တစ်စုံတစ်ခု က ပျက်စီးရစမြဲပါ…။ ထူးထူးခြားခြားတော့ သိပ်မရှိလှပါဘူး…။ တောင်းပန်မယ့်သာတောင်းပန်နေရတာ…။ နှင်းဆီပွင့်တွေရဲ့ မျက်နှာတွေကို သူ သေသေ ချာချာကြည့်မိတော့…။ သူ့ရင်ထဲမှာ နဲနဲတော့ အံ့သြသွားမိတာအမှန်ပါ…။
သူ့ပန်းခင်းထဲမှာ ပွင့်နေတဲ့ နှင်းဆီပွင့်တွေအားလုံးက ချစ်သူများနေ့ကို သူတို့၏အလှများဖြင့် ပြီးပြည့်စုံစေဖို့အတွက် ပြုံးပြီး လည်စင်းပေးနေကြ တယ်လေ…။ သူ့လက်ထဲကို ပြန်ကြည့်လိုက်မိတော့ နှင်ဆီပေါင်းများစွာက ၀ိဥာဉ်မဲ့လို့…။ မြင့်မြင့်မြတ်မြတ်ကြီးကို ချစ်သူများအတွက် ဂုဏ်ပြုသွား ခဲ့ကြပြီ ဖြစ်ပါတယ်…။
သူသက်ပြင်းတစ်ချုက်ခြရင်း တွေးနေမိတယ်…။
“ငါ အချစ်အတွက် နှင်းဆီ တစ်ပွင့်လောက်မှ မြင့်မြတ်ခဲ့ဖူးရဲ့လား…”
အခန်း (၂)
မြင့်မြင့်မြတ်မြတ် ကျဆုံးသွားတဲ့သူတွေတွက်
အနဲဆုံးတော့…
အလှပဆုံး ဈာပနတစ်ခုနဲ့ ဂုဏ်ပြုသင့်တာပေါ့…။ ။
BLACK DREAM
သူအိမ်ထဲ ပြန်ရောက်တော့…။ မြင့်မြတ်စွာ ကျဆုံးသွားတဲ့ နှင်းဆီတွေ အတွက် အလှပဆုံး ဈာပနဖြစ်ဖို့ သူလုပ်ပါတော့တယ်…။
အတွေးတွေနဲ့ အတူ သူ့ရဲ့ လက်အစုံက နှင်းဆီဈာပနတစ်ခုကို နှလုံးသားနဲ့ ဖန်တီးနေမိပါတယ်..။ ပထမတစ်မျိုး…။ မကြိုက်သေးဘူး..။ နောက် တစ်မျိုး..။ သိပ်အဆင်မပြေသေးဘူး…။ သူဖန်ဆင်းတဲ့ ဈာပန သူကိုယ်တိုင်အားမရဖြစ်နေခဲ့တယ်…။ ၀ိဥာဉ်မရှိတော့တဲ့ နှင်းဆီပွင့်တွေကို သူမျက် နှာပူတယ်လေ…။ အာရုံတွေကို တဖြေးဖြေးစုစည်း…။ အလောသုံးဆယ်ဖြစ်နေတဲ့ သူ့စိတ်တွေကို အနည်ထိုင်အောင် ကြိုးစားပြီးတဲ့နောက်မှာတော့ နှင်းဆီဈာပနတစ်ခုဟာ လှပစွာ ပြီးဆုံးသွားခဲ့ပါတယ်…။
ကြည်လင် သန့်စင်သော ပလတ်စတစ်စ တစ်စနဲ့ ထုတ်ပိုးပြီး…။ ရောင်စုံဖဲကြိုးများဖြင့် ဖွဲ့စည်းချည်နှောင်လိုက်သော အခါ…။ သူ့မှာ လုပ်စရာ တစ်ခုသာ ကျန်ပါတော့သည်…။
နှင်းဆီဈာပနကို အခမ်းနားဆုံး သဂြိုလ်ဖို့ပေါ့….။
အခန်း (၃)
မှတ်ထား
နိမ့်ကျစွာ ရှင်သန်နေတဲ့သူတွေမှာ
ခမ်းနားစွာကျဆုံး သွားတဲ့သူတွေကို မြင်နိုင်ဖို့
မျက်လုံးတွေ မပါဘူး…။
BLACK DREAM
ရေချိုးလိုက်တယ်…။ စိတ်ထဲမှာတော့ တက်ကြွမှုတွေက ၀ရုန်းသုံးကား နိုးထနေကြလေရဲ့…။ လူကသာရေချိုးနေတာ စိတ်တွေ ကတော့ သူနေ့ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ ဒီနေ့အတွက် အစီအစဉ်တွေကို တစ်ခုပြီး တစ်ခု အလှပဆုံး အသပ်ရပ်ဆုံး ဖြစ်အောင် စဉ်းစားနေမိ ပါတယ်။ တကယ်တော့ ဒါတွေကို သူအခုမှ စဉ်းစားနေတာမဟုတ်ပါဘူး…။ လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကတည်းက စဉ်းစားခဲ့ပြီးသားပါ…။ ဒါပေမယ့် ဒီလိုနေ့မျိုးမှာ သူပိုသေချာချင်တယ်…။ ပိုလှပချင်တယ်…။ ပိုခန်းနားချင်တယ်…။ သူ့ရဲ့ တာဝန်က ဒီအိပ်မက်ကို အခန်းနားဆုံး အသက်သွင်းဖို့ပဲ လေ…။
ကြည်နူးမှုတွေနဲ့ လုပ်စရာရှိတာတွေကို သူအဆက်မပြတ်လုပ်နေခဲ့မိပါတယ်..။ အားလုံးအဆင်သင့်ဖြစ်တော့ သူနာရီကို တစ်ချက်လှမ်းကြည့်လိုက် မိတယ်…။ မနက် (၇) နာရီ..။ ဒါဟာ မင်္ဂလာအချိန်ပါပဲ…။ အမှန်ကတော့ ဒီနေ့တစ်နေ့လုံးဟာ တကယ့်ကိုသာယာမှုတွေနဲ့ ပြည့်နက်နေတဲ့ မင်္ဂလာ နေ့တစ်ခုပါပဲ…။ ထွေထွေထူးထူး ထပ်ပြီးသတ်မှတ်နေစရာ ဘာမှမလိုအပ်ပါဘူး…။
“ငါ့ကို စောင့်နေပြီ…” ဆိုတဲ့အတွေးတစ်ခုက သူ့ရဲ့ တွေးလက်စအတွေးတွေ အားလုံးကို ဖြတ်တောက်လိုက်ပါတယ်…။
သူ ဆိုင်ကယ် နောက်ခုံပေါ်သို့ သူကိုယ်တိုင် တစ်ခမ်းတစ်နား စီစဉ်ထားတဲ့ နှင်းဆီ ဈာပနေတွေကို ယုယစွာ တင်လိုက်ပါတယ်…။
ဇာတ်သိမ်း
ငါဖန်ဆင်းခဲ့တဲ အိပ်မက်တစ်ခု
ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင်
အဲ့ဒီ့ညကို ငါမအိပ်ခဲ့ပါဘူး…။ ။
BLACK DREAM
သင်ကြည့်လိုက်ပါ…။ အဝေးကပင် မြင်နိုင်ပါတယ်…။ လူငယ်တစ်ယောက်…။ လက်ထဲမှာ တစ်ခမ်းတစ်နားလှပနေတဲ့ နှင်းဆီဈာပနတွေနဲ့…။ ဒီလိုနေ့မျိုးမှာ သူ ဘာများလုပ်မလဲ…။ ရှည်ရှည်ဝေးဝေး သိပ်ပြီး စဉ်းစားနေကြစရာမလိုပါဘူး….။ သေသေချာချာ နားထောင်ကြည့်လိုက်ပါ…။ သင်အသံတစ်ခုကို ပီပီ ပြင်ပြင်ကြားရပါလိ့မ်မယ်…။
“မိတ်ဆွေတို့ရဲ့ ချစ်သူများနေ့ကို အခန်းနားဆုံး ဖြစ်အောင် ဖန်ဆင်းပေးမယ့် ချစ်သူများနေ့အထိမ်းအမှတ် နှင်းဆီတွေဗျို့..။ နှင်းဆီတွေပါ…။ အားပေးကြပါဦးဗျို့..။”
P.S- ၁၃ ရက်နေ့အတွက် ခံစားပြီး ၁၄ ရက်နေ့အတွက်ရေးပါသည်။ ![]()








အရင် လို ကျနော်ကြိုက်တဲ့ အက်ဆေးကောင်း၂လေးတွေ ပြန်ဖတ်ရပြီး ချစ်သူများနေ့မှာ နောက်ဆုံး အနီရောင်စာသားနဲ့ ပန်းအော်ရောင်းနေတာကို အကြိုက်ဆုံးပဲ ။ ဆုတောင်းလေးကိုတော့ ပြည့်ခွင့်ရချင်သား သို့သော် …………………….:)
Like or Dislike:
0
0
မထင်မှတ်မိဘူး…. ချစ်သူဆီပဲ သွားတော့မလိုလိုနဲ့ကွာ ငါ့မောင်ကတော့ ဖျတ်ရိုက်လိုက်တာပဲး(
Like or Dislike:
0
0
အတွေးလေးကောင်းတယ်ဗျ ….ကြိတ်ထားဟ
Like or Dislike:
0
0
2 in 1 ဆိုတော့ဘာများလဲလို့
သိသွားပါပြီ ^_^
Like or Dislike:
0
0
မဲကြီး..
မင်းရေးထားသမျှ.. အဆုံးသတ်ကို မှန်းလို့မရတာတော့ ပုံမပျက်ရှိနေတုန်းပဲနော်… အဲသလို မဖတ်ရတာ ကြာနေတော့ ဖတ်ရတာ အရသာရှိတယ်ကွာ… လုပ်စမ်းဘာ… နောက်လဲ မျှော်နေအုံးမယ်… ကျန်တာတွေနဲ့ ကိစ္စများနေတာတော့ သိပါတယ်… ဒါပေမယ့် ပေါ့လေ…
Like or Dislike:
0
0
အတွေးလေး လှတယ်ဗျာ ။ မထင်မှတ်တဲ့ ဇာတ်သိမ်းလေးနဲ့  ။ ကြိုက်တယ် ။ ကိုဘလက်ရော နှင်းဆီပန်းတွေ ပေးပြီးပြီလား ။
Like or Dislike:
0
0
မှတ်ထား
နိမ့်ကျစွာ ရှင်သန်နေတဲ့သူတွေမှာ
ခမ်းနားစွာကျဆုံး သွားတဲ့သူတွေကို မြင်နိုင်ဖို့
မျက်လုံးတွေ မပါဘူး…။
အရေးကောင်းတာတော့ မပြောတော့ဘူး သိပြီးသားပဲ ဟာကို..
ဒီစာပိုဒ်လေး ကတော့ အထိဆုံးပဲ..
Like or Dislike:
0
0
ဇတ်သိမ်းကျမှ ရီရမလို ပြုံးရမလိုနဲ့ ဟတ်ဟတ်
နှင်းဆီဈာပနကို ဝယ်ပို့ ပိုက်ပိုက် မရှိဘူး ခင်ရင်အလကားပေးလိုက်
Like or Dislike:
0
0
သြော်.. အဲလိုလား။ ကောင်းသားပဲ။ နောက်နှစ်ကျရင် အဲလိုလုပ်ရင်ကောင်းမလား။ တစ်ရက်တည်းနဲ့တောင် ဌေးသွားနိုင်တာနော်
Like or Dislike:
0
0
ဝိဥာဉ်မရှိတော့တဲ့ နှင်းဆီပွင့်တွေကို သူမျက် နှာပူတယ်လေ…။ တဲ့လေ.. တယ်ဟုတ်ပါလား……
ဒါနဲ့ နှင်းဆီတွေရောင်းကောင်းရဲ.လား မင်းကျန်စစ်လိုလူတွေသာပဲဆိုရင်တော့ နင်တော့အရင်းပြုတ်လောက်တယ်း)
Like or Dislike:
0
0
တစ်စုံတယောက်ရဲ့ အသံကိုကြားနေရတယ်ဗျာ…..
BLACK DREAM…. ကြိုက်တယ်ဗျာ….
ဆက်လက်မျှော်လင့်လျှက်ပါ..
Like or Dislike:
0
0
ကဗျာတွေချည့်ရွေးမဖတ်ပါဘူး ဒါပေမယ့် ဘယ်နေ့မှာ ဘာကိုခံစားပြီး ဘယ်နေ့အတွက်ရေးတယ်ဆိုတာ သဘောပေါက်ပါတယ်ဟာ ကျဆုံးခြင်းဟာ ရောင်းစားခံဖို့လား နှင်းဆီဈာပန အရမ်းတော့လှနေတာပါပဲ
Like or Dislike:
0
0
ဒီတစ်ပုဒ်တော့ အတော်ကြိုက်တယ်။ အင်းတစ်ခါတစ်လေတော့လဲ အိမ်မက်တွေက လက်တွေ့ဖြစ်နေတော့ ခက်တယ်။ ပျော်ရွှင်သော ချစ်သူများနေ့ပါဗျားးးးးး။
Like or Dislike:
0
0
စီးပွားရေးသောင်းကျန်းလှချည်လား။
အင်းလေ.. ဒါ ချစ်သူများနေ့ကိုး… =)
Like or Dislike:
0
0
စိတ်ကူးလေးကောင်းတယ်အကို .. နောက်ဆုံး ဇာတ်သိမ်းရေးမှပဲ .. ဘာလဲဆိုတာသိတော့တယ် .. ဇာတ်လမ်းကိုဆွဲခေါ်သွားတာ .. ကိုးရီးယား ကားအတိုင်းပဲ
Like or Dislike:
0
0
အစမှာ ချစ်သူများနေ့  ဆိုတာကြီး ပါနေရဲ့သားနဲ့  ဖတ်ရင်း ၁၃ ရက်အတွက် ရေးနေတာပဲလို့  ခံစားနေရတယ်..။ အဆုံးသတ်စာကြောင်း ကတော့ တော်တော်ပညာသားပါတယ်… မထင်မှတ်ထားတဲ့ သေသပ်တဲ့ ရိုက်ချက်တစ်ခုလိုပဲ.. အသည်းယားပြီး ပြုံးမိတယ်…။
Like or Dislike:
0
0
မှတ်ထား
နိမ့်ကျစွာ ရှင်သန်နေတဲ့သူတွေမှာ
ခမ်းနားစွာကျဆုံး သွားတဲ့သူတွေကို မြင်နိုင်ဖို့
မျက်လုံးတွေ မပါဘူး…။
BLACK DREAM
(ဆိုင်မဆိုင်တော့ မသိ..ဒီစာလုံးတွေ ပို ကြိုက်တယ်)
Like or Dislike:
0
0
မှတ်ထား…နိမ့်ကျစွာ ရှင်သန်နေတဲ့သူတွေမှာ…ခမ်းနားစွာကျဆုံး သွားတဲ့သူတွေကို မြင်နိုင်ဖို့..မျက်လုံးတွေ မပါဘူး…။..BLACK DREAM
(ဆိုင်မဆိုင်တော့ မသိ..ဒီစာလုံးတွေ ပို ကြိုက်တယ်)
Like or Dislike:
0
0
လာဝယ်တာ နောက်ကျနေပြီလားမသိဘူး… ကျန်သေးရင် နှစ်ပွင့်လောက်ဗျာ… အဟတ်ဟတ်…
ရေးသားချက်တွေ အတွေးတွေကတော့ အမြဲလန်းဆန်းနေတုန်းပဲ… ကိုယ့်လူ ဆက်ဆွဲထား…
Like or Dislike:
0
0
ဇာတ်သိမ်းလေး မိုက်တယ် မထင်မှတ်ထားတာနဲ့
ဇာတ်တတ်တာလေး သဘောကျတယ်။
Like or Dislike:
0
0
မင်းအတွက်တော့ မသိဘူးဟေ့ …
ငါ့အတွက်တော့ ဘယ်နှင်းဆီမှ လည်စင်းမခံပေးရသေးဘူးဟေ့ .. ဟေးဟေး ..
Like or Dislike:
0
0
တကယ်မိုက်တယ်။ ဘလက်ကတော့ ထုံးစံအတိုင်းပဲ။ အဆုံးကျမှ ဘာလဲဆိုတာ သိတော့တယ်၊
Like or Dislike:
0
0
သိပ်လှတဲ့ အတွေး..အရေးလေးပါပဲ…
၁၃ ရက်နေ့အတွက်ခံစားပြီး ၁၄ရက်နေ့ အတွက်ရေးသည်ဆိုတာကိုပါ..
ရင်ဘတ်ထဲလေးလေးပင်ပင်ထည့်သွားပါတယ်..
ပြထားတာထက်..ပြောချင်တာတွေ..အများကြီး..ရှိနေတယ်ဆိုတာကို..
တိတိကျကျခံစားသွားပါကြောင်း
မြင့်မြင့်မြတ်မြတ် ကျဆုံးသွားတဲ့သူတွေတွက်
အနဲဆုံးတော့…
အလှပဆုံး ဈာပနတစ်ခုနဲ့ ဂုဏ်ပြုသင့်တာပေါ့…။ ။
(သေချာတာပေါ့ မောင်လေး..)
Like or Dislike:
0
0
နှင်းစီ ၂၄ ပွင်.ကိုတော. သတ်လိုက်မိတယ်.. ..
Like or Dislike:
0
0
ပြောင်မြောက်ပါပေတယ်…အစ်ကိုရေ..။
Like or Dislike:
0
0
နှင်းဆီပန်းလိုချင်လို့၊ကုန်ပီထင်တယ်
Like or Dislike:
0
0
မြင့်မြင့်မြတ်မြတ် ကျဆုံးသွားတဲ့သူတွေတွက်
အနဲဆုံးတော့…
အလှပဆုံး ဈာပနတစ်ခုနဲ့ ဂုဏ်ပြုသင့်တာပေါ့…။ ။
အတွေးလေးတွေမိုက်တယ်
Like or Dislike:
0
0
လာဖတ်တာနောက်ကျသွားတယ်.. တင်တင်ချင်းဖတ်ရင် Trafic များပြီး server လေးမှာဆိုးလို့.. ခုမှလာဖတ်တာ…
နင့်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ.. အရေးအသားတွေ လန်ထွက်တယ်ဟေ့..
Like or Dislike:
0
0
သိပ်ကောင်းတယ်။ ငါ့ညီပြောချင်တဲ့ အရာတွေကို နှင်းဆီဈာပနမှာ မြင်လိုက်ရတယ်။ ပြောင်မြောက်တယ်ဟေ့။ ဆက်ချီတက်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Like or Dislike:
0
0
ခေါင်းစဉ်လေးကစလို့ ပို့စ်တစ်ပုဒ်လုံး အစအဆုံး ကောင်းတယ် ..။
ဆိုလိုရင်းတွေကို နက်နက်နဲနဲ ရေးထားတာလေး နှစ်သက်မိတယ် ..။
အလွန်ပင် ကောင်းတဲ့ ပို့စ်လေးပါ ..။
ဆက်လက် ရေးသားနိုင်ပါစေ ..
Like or Dislike:
0
0
ဗျို့ အကို… သေသပ်လိုက်တာဗျာ.. ကောင်း၏ .. လန်း၏.. ကြိုက်၏… ချီးယားစ် =)
Like or Dislike:
0
0
မြင့်မြင့်မြတ်မြတ် ကျဆုံးသွားတဲ့သူတွေတွက်
အနဲဆုံးတော့…
အလှပဆုံး ဈာပနတစ်ခုနဲ့ ဂုဏ်ပြုသင့်တာပေါ့…။ ။
ကြိုက်တယ် Black ရေ။ ဒီစကားက အပြောသင့်ဆုံးပဲ။ ၁၃ ရက်နေ့ အတွက်ခံစားပြီး ၁၄ ရက်နေ့အတွက်ရေး သည်ဆိုတာလေးအတွက် ကျေနပ်အားရမိပါတယ်။ idea တွေအရမ်းကောင်းတယ်။ ဆက်လက်အားပေးနေပါမယ်။
Like or Dislike:
0
0
ခေါင်းစဉ်ကစပြီးတော့ ပိုစ့်တစ်ခုလုံးရေးထားတာလေးတွေ အားလုံးကောင်းပါတယ်ဗျာ။ နောက်လည်းလာအားပေးပါ့မယ်ဗျာ။ အဆင်ပြေပါစေဗျာ။
Like or Dislike:
0
0
ဇာတ်ရှိန်မြင့်နေလို့ ဈန်ဝင်သွားတယ်(တန်ခိုးရှင်)မဟုတ်ဘူးနော်
တော်2ကောင်းတယ်.. ခံစားသွားတယ် . နူးညံ့တဲ့ ခံစားမှု အငွေ့လေးတွေ မြင်လိုက်ရတယ် ။ အားပေးလျက်
Like or Dislike:
0
0
အကိုရေးတာ က ကောင်းပြီးသားဘဲ ထပ်မပြောတော့ဘူး နှင်းဆီတွေအတွက်ဘဲ ၀မ်းနည်းလိုက်တော့မယ်
21 တူတယ်ဆိုတော့ ကျနော် က စပိတ် ၁ နော် အကို
Like or Dislike:
0
0
အစ်ကိုဘယ်လောက်မြတ်လဲ…
Like or Dislike:
0
0
so good par ko black…….
Like or Dislike:
0
0
အဲဒီနေ့ကနှင်းဆီရလိုက်တယ်…….
ဒီနေ့တော့နှင်းဆီဈာပနကိုလာဖတ်ဖြစ်တယ်……….
နှင်းဆီတွေအတွက်ဂုဏ်ယူမိတယ်……
အတွေးနဲ့အရေးတွေအရမ်းကောင်းတယ်…..
Like or Dislike:
0
0
ကောင်းလိုက်တဲ့ အရေးအသားဗျာ
ဒါနဲ့ ကို ဘလက်က MIET ကလား
အဲ့ဒီကဆိုရင်တော့ ကျနော့်ကို သိမယ်ထင်တယ်ဗျို့
ဖိုင်နယ်ရီးယားမှာ section တစ်ခုတည်း ဗျ အဟေးဟေး
Like or Dislike:
0
0
ကောင်းတယ်ညီလေးရေ…အခုမှ ဖတ်ဖြစ်တယ်
Like or Dislike:
0
0
အင်…နေ၀င်တာ စောတယ်ဆိုတော့…ဟုတ်ပြီ ဆောင်းတွင်းမို့ထင်တယ်။
Like or Dislike:
0
0
ဘလက်ကြီးရေ
လွမ်းလို့ လာကြည့်တာဗျ
ချမ်းမြေ့ပါစေ
Like or Dislike:
0
0
ကောင်းတယ်ဗျာ ဆောင်းပါးလေးကိုကြိုက်တယ်….သိပ်ကောင်းတယ်
အားပေးလျှက်ပါ။
Like or Dislike:
0
0
အတွေးတွေ နက်နေတုန်းပဲ.
Like or Dislike:
0
0
နှင်းဆီ ဈာပန ကို ဒီနေ့မှ လာဖတ်ဖြစ်တယ်။ အတွေးတစ်ခုကို ပိုပြီးထင်ထင်ရှားရှား တွေ့လိုက်ရတယ်။
Like or Dislike:
0
0
နှင်းဆီ မကြိုက်တဲ့ သူဆိုတော့ ဘာပြောရပါ့!
ဒါပေမဲ့ စာသားတွေက လန်ထွက်နေတာပဲ..အစ်ကိုရေ့
Like or Dislike:
0
0