ရွာလည်ခြင်း Theory
ကျွန်တော် မြန်မာ ဘလော့ဂါရပ်ဝန်းထဲကို ခြေချခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ခွဲနီးပါးလောက်ရှိသွားပြီဖြစ်ပါတယ်…။ ဘယ်လိုတွေ ဖြစ်ပြီးစရေး ခဲ့တယ်..။ ဘယ်သူတွေက နည်းလမ်းပြသပေးခဲ့တယ်…။ ဘယ်နေရာတွေက ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းကူညီပေးခဲ့တယ် ဆိုတာတွေ ကို ကျွန်တော့်ဘလော့ တစ်နှစ်ပြည့်ပို့စ်မှာတုန်းက အကျယ်တ၀င့် အသေးစိတ်ရေးသားခဲ့ပြီး ဖြစ်ပါတယ်…။ ဒါပေမယ့် အဲ့ဒီ့ပို့စ်ထဲမှာ ကျွန်တော် အချို့သော အချက်တွေကို ရှင်းပြဖို့ ကျန်နေခဲ့ပါတယ်…။ အရေးအကြီးဆုံး အချက်တစ်ခုကို ကျွန်တော်ပြောဖို့ မေ့ခဲ့တယ်လို့ ပြောရင်လဲ ရပါတယ်။ ဘာလဲဆိုတော့ ကျွန်တော် ဘလော့စရေးရခြင်းရဲ့ ရည်ရွယ်ချက်ပါပဲ…။
ကျွန်တော် ဘလော့စရေးရခြင်းရဲ့ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်…။ တစ်ခုက အများဆိုင်ဖြစ်ပြီး…။ နောက်တစ်ခုကတော့ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ခံစားချက်သက်သက်တစ်ခုမျှသာဖြစ်ပါတယ်…။ ဒီနေရာမှာတော့ ကျွန်တော်ကိုယ်ရေးကိုယ်တာနဲ့ (အထူးသဖြင့် ကျွန်တော့်ခံစားချက်၊ ခံယူချက်တစ်ခု လို့ပဲပြောရမှာပေါ့) ဆိုင်တဲ့အချက်ကိုတော့ ထွေထွေထူးထူး မပြောတော့ပါဘူး…။ အများနဲ့ သက်ဆိုင်တဲ့အချက်တစ်ချက်ကိုပဲ ကျွန်တော် အနည်းငယ် ရှင်းပြလိုပါတယ်…။
ကျွန်တော် ဘလော့ကို စတင်လုပ်ရတဲ့ ရည်ရွယ်ချက်နှစ်ခုထဲက အများနဲ့သက်ဆိုင် (အများကို အသိပေးရန်သင့်တော်တယ်လို့ ကျွန်တော်ယူဆတဲ့ အချက်ပါ) တဲ့အချက်တစ်ခုဆိုတာကတော့…။ ကျွန်တော်က ကျွန်တော့် ဘလော့လေးကို နည်းပညာတွေ၊ အနုပညာတွေ၊ ရသတွေ၊ သုတတွေ စသည်ဖြင့် ကျွန်တော် သိသလောက်၊ တတ်သလောက် ငမြောက်ငချောက် အချက်အလက်လေးတွေကို ဝေေ၀ဆာဆာ တင်ဆက်၊ ဖော်ပြပေးသွား ဖို့ပဲ ဖြစ်ပါတယ်…။ ကျွန်တော် စရေးကတည်းက ငါ ဘာကိုပဲ တစ်မျိုးထဲ ရေးမဟဲ့ ဆိုတဲ့ ဘောင်သတ်မှတ်ထားခြင်းမရှိခဲ့ပါဘူး..။ မရှိဆို ကျွန်တော် ကိုယ့်အကြောင်းကိုယ်သိပါတယ်…။ (ပြောရင်ကိုယ့်ကိုယ်ကို မြှောက်တယ်ဖြစ်ဦးမယ်) ကျွန်တော် ဘာမှဖြစ်ဖြစ်မြောက်မြောက် အသုံးကျတဲ့ကောင် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိနေခဲ့လို့ပါ..။
ကျွန်တော့်ကို ကွန်တော် အနုပညာရှင်တစ်ယောက်လို့ နာမည်တပ်ပြီး အနုပညာတစ်ခုထဲကိုပဲ တင်ဆက်ရေးသားရအောင် ကျွန်တော် အဲ့လောက် သတ္တိမရှိပါဘူး..။ အနုပညာရဲ့ သဘော၊ သဘာဝ၊ အနှစ်သာရ၊ သိမ်မွေ့မှု၊ နက်နဲမှုတွေဟာ ကျွန်တော့် ပုဇွန်ဆိတ်ဦးနှောက်လောက်နဲ့ ဘယ်လိုမှ လိုက်မမှီနိုင်လောက်အောင်ကို ကြီးကျယ်ခန်းနားလွန်းပါတယ်…။ တစ်ခုတော့ ကျွန်တော်သိပါတယ်…။ ကျွန်တော် အနုပညာကိုချစ်ပါတယ်…။ အနုပညာကို ချစ်ရုံ၊ လေးစားရုံ၊ မဖြစ်စလောက် တောင်ခြစ်၊ မြောက်ခြစ် စာတွေရေးယုံလောက်နဲ့တော့ ကျွန်တော် မိမိကိုယ်ကိုဘယ်တော့မှ “ငါအနုပညာရှင်…၊ အနုပညာတစ်ခုထဲကိုပဲ ဖန်တီးမယ်ကွ…” ဆိုပြီးမကြွေးကြော်ရဲတာ အမှန်ပါ..။ ဘောင်တစ်ခုထဲ သတ်မှတ်ပြီး ဘလော့ရေးရအောင် ကျွန်တော်သည် များစွာအဆင့်မရှိသော သာမန်ဘလော့ဂါတစ်ယောက်မျှသာ ဖြစ်ပါသည်။
ကျွန်တော် ဘလော့စရေးခါစက မျိုးစုံတင်ပါတယ်..။ ကျွန်တော့်ကိုယ်တိုင် ဘာတွေမှန်းမသိအောင် မဲမဲမြင်သမျှအကုန်တင်ပါတယ်..။ ကဗျာဆိုလည်း ရေးပါတယ်..။ Software ဆိုလည်းကူးပါတယ်..။ စကားပုံတွေဆိုလဲ ရေးတာပါပဲ…။ သီချင်းတွေဆိုလည်း မလွတ်စေရပါဘူး…။ ဗီဒီယိုလဲ လာထားပဲ..။ ဘာတွေမှန်းမသိအောင်ကို ကျွန်တော် တောင်လုပ်၊ မြောက်လုပ် လျှောက်လုပ်ခဲ့ပါတယ်…။ မယုံဘူးဆိုရင် ကျွန်တော့် အရင့်အရင် ပို့စ် တွေကို လိုက်လံရှာဖွေကြည့်ပါ…။ အမှိုက်သရိုက်ပေါင်းစုံ ထွက်လာပါလိ့မ်မယ်…။ ဒါပေမယ့် အဲ့ဒီ့အချိန်တုန်းက ကျွန်တော်ခံစားရတာ တစ်ခုကို တော့ ကျွန်တော် အသေအချာမှတ်မိနေပါတယ်…။ ဘာလဲဆိုတော့ …။ ကျွန်တော်ပျော်ပါတယ်…။ ကျွန်တော့်စိတ်တွေပေါ့ပါးတယ်…။ (အခုတော့လေးနေတယ်ဗျာ.. လည်ပင်းခဲဆွဲပြီးရေးလို့
) လွတ်လပ်တယ်…။ တင်ချင်တာတင် ရေးချင်တာရေး…။ ဘယ်သူမှမသိဘူး..။
ကျွန်တော် ဘလော့စရေးတဲ့အချိန်တုန်းက မြန်မာဘလော့ဂါတွေ အခုလောက်အင်အားမတောင့်သေးတာတော့အမှန်ပါပဲ..။ လက်ချိုးရေကြည့် အဲ့ဒီ့အချိန်က အယောက်တစ်ရာ နှစ်ရာထက်မပိုလောက်ပါဘူး..။ ( ကျွန်တော်အသုံးမကျလို့ မသိတာလဲ ဖြစ်နိုင်ပါတယ်) အဲ့ဒီ့အချိန်က ဘလော့ဂါ တွေရှားပါးသလို နောက်ထပ်ရှားပါးတာ တစ်ခုရှိပါသေးတယ်…။ ဘာတွေလဲဆိုတော့ Comment တွေပါ…။ ကျွန်တော် ဘလော့စရေးတဲ့အချိန်ခန့် က တော်တော်ကိုဘုမသိဘမသိနဲ့ စရေးခဲ့ခြင်းဖြစ်ပါတယ်..။ ဘလော့တွေလှည့်ပြီး ကိုယ့်ဘလော့ကိုယ် Promotion လုပ်ရမှန်းလည်း ကျွန်တော် မသိခဲ့ပါဘူး…။ ကျွန်တော် တော်တော်ကို အသုံးမကျတာသိသာပါတယ်..။ ယခု နောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ များစွာသော မြန်မာ ဘလော့ဂါ မောင်နှမတွေကတော့ ကျွန်တော့်ထက် အဆပေါင်းများစွာ တော်ကြတယ်ဆိုတာ ပြောနေစရာမလိုလောက်အောင်ပါပဲ…။
လည်ဖို့တောင်မသိတဲ့ ကျွန်တော်…။ ကော်မန့်ဆိုတာကတော့ ဝေလာဝေးပါပဲ…။ ပို့စ် ၁၀ ခုလောက်မှ တစ်ခါ၊ ကံကောင်းရင် ကော်မန့်ရတတ် ပါတယ်..
။ ( ကျွန်တော်အခုမှ သေသေချာချာပြန်စဉ်းစားကြည့်တာ တစ်ခုရှိပါတယ်…။ ကျွန်တော့်အရည်အချင်း သို့မဟုတ် ကျွန်တော်ရေး သောအကြောင်းအရာတစ်ခု၏ အရည်အသွေးမှာ ကော်မန့်တစ်ခုရဖို့ရန် မထိုက်တန်လောက်အောင် အသုံးမကြခြင်းကြောင့် ဖြစ်နိုင်ပါတယ်..) သို့သော်…။ ထိုအချိန်ထိုကာလက ရခဲ့ဖူးသော ကော်မန့်များကို ကျွန်တော်အထူးလေးစား တန်ဖိုးထားပါသည်။ အဘယ့်ကြောင့်ဆိုသော ထိုအချိန်က ကျွန်တော်ရခဲ့ဖူးသော ကော်မန့်များသည် နယူတန်၏ ဒုတိယနိယာမ၏ လွှမ်းမိုးမှု ကင်းစင်ခဲ့သောကြောင့် (ရှိကောင်းရှိနိုင်ပါတယ် သို့သော် တော်တော်သိသိသာသာကြီးကိုတော့ နဲပါတယ်) ဖြစ်ပါတယ်…။ ယခုအချိန်မှာတော့ ….နဲနဲများ ရှားပါးသွားပြီ လားလို့ တစ်ခါတစ်လေတော့ တွေးမိပါတယ်…။
အပေါ်ကစကားကို ပြန်ဆက်ရရင် နည်းပညာအကြောင်းရေးရအောင်ကလဲ ကိုယ်တိုင်က ဘာမှဖြစ်ဖြစ်မြောက်မြောက်မသိ။ အနူတော၊ လူမချော တစ်ချော အဆင့်လောက်တောင် မနဲ ကျားကန်ပြီး ဟန်ကိုဖော့နေရတဲ့သူဆိုတော့..။ မိမိကိုယ်ကို နည်းပညာသမားလို့ အမည်တပ်ဖို့ဆိုရင် ကျွန်တော့်ဘ၀ဟာ ပုရွက်ဆိတ်ကို ဆန်အိတ်ထမ်းခိုင်းသလို ဖြစ်နေမှာ အသေအချာပါပဲ…။
အခုချိန်အထိလည်း ရောင်လည်လည် ဖြစ်နေတုန်းပါပဲ ..။ ဒါပေမယ့် ကျွန်တော် သိတာတစ်ခုတော့ ရှိတယ်…။ ကျွန်တော်နည်းပညာကို စိတ်ဝင်စားတယ်…။ တတ်နိုင်သလောက်များများသိချင်တယ်…။ သူများတွေလို ပါရမီ မကောင်းလို့ မထူးချွန်ပေမယ့် ဟိုစပ်စပ်၊ ဒီစပ်စပ် ပါလေရာ ငါးပိချက် အဆင့်မရောက်တစ်ရောက်လောက်တော့ ကျွန်တော် သိမယ်ထင်ပါတယ်…။ နာမ်စားတွေနဲ့ လှုပ်ရှားနေတဲ့ ဒီလောကကြီးထဲမှာ မရဘူး တစ်ခုမဟုတ် တစ်ခုတော့ နာမည်တပ်ရမယ်ဆိုရင်တော့ ကျွန်တော့်ကို ဒြပ်မဲ့တစ်ခုအဖြစ်သာ သတ်မှတ်လိုက်ကြပါတော့လို့…။
ဒါပေမယ့် ဘာတွေ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး…။ ကျွန်တော် မထင်မှတ်တဲ့အချိန်မှာ၊ မထင်မှတ်တဲ့ပို့စ်တွေနဲ့၊ မထင်မှတ်ပဲ ဘောင်တစ်ခုထဲ ရောက်သွားခဲ့တယ်…။ ကျွန်တော့်ကိုယ် ကျွန်တော်သတိထားမိချိန်မှာ ကျွန်တော်ဒီဘောင်ထဲမှာ ပိတ်မိနေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ဒီဘောင်ကို ကျွန်တော် ဖန်တီးတိုးဝင်ခဲ့တာလဲ မဟုတ်ပါဘူး…။ ဘယ်သူကမှလဲ ကျွန်တော့်ကို ချိုကဆွဲ၊ အမှီးကဆွဲပြီး ဆွဲသွင်းခဲ့တာလဲမဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ ဘောင်တစ်ခုထဲကို ကျွန်တော် သေသေချာချာကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်..။ ကျွန်တော့် ဘ၀တစ်လျှောက်မှာ သတိထားမိသမျှ ကတ္တားနဲ့ ကံ မရှိပဲ ကြိယာ တစ်ခုကြောင့် နာမ်တစ်ခု ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။
ဒီဘောင်တစ်ခုက ကျွန်တော့်ကို စင်မြင့်တစ်ခုပေါ်တော့ တင်ပေးနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာစင်လဲတော့ ကျွန်တော်သေသေချာချာ မသိပါဘူး (ဖြစ်နိုင်တာကတော့ နတ်စင် ဒါမှမဟုတ် ကြိုးစင်ပါပဲ
) ဒီပို့စ်ကို ကျွန်တော်ရေးနေတဲ့အချိန်မှာ ကျွန်တော့်လည်ပင်းက တစ်ခါတစ်ခါ ယားပါတယ်..။ ဘယ်ဘက်မျက်ခုံးက Break Dance ကပါတယ်…။ ကျွန်တော့် ကျောကုန်းက မကြာခဏဆိုသလို ချွန်ထက်တဲ့ အရာတစ်ခုနဲ့ အထောက်ခံထားရသလို ခံစားရပါတယ်…။ နိမိတ်တွေကတော့ တော်တော်အားရဖို့ကောင်းပါတယ်…။
နဂိုကတည်းက ကျွန်တော်က သွေးကြောင်တတ်ပါတယ်…။ “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်” ဆိုတာ ကျွန်တော်အကြိုက်ဆုံးထဲမှာပါတဲ့ ဆိုရိုးတစ်ခုပါ။
အရှိန်က တဖြေးဖြေးရလာတယ်…။ ကျွန်တော့် လက်က စာရေးရင် မကြာခဏ Break ပေါက်တယ်…။ စကားလုံးတွေက ဟိုခလုတ်တိုက်၊ ဒီခလုတ် တိုက် တိုက်တယ်…။ မထိတထိ အပြုံးတွေနဲ့ ကလိတိတိ၊ ရိတိတိ လာကြည်စားကြတယ်…။ ကီးဘုတ်ပေါ်တင်တဲ့ လက်ဆိုလား..။ ခွေးထက် မိုက်တဲ့ ဘာဆိုလား…။ Stop! ရပ်! ကျွန်တော်ပြောတယ် နဂိုကတည်းက ကျွန်တော်ကြောက်တတ်ပါတယ်လို့…။ ဂလိုတွေဆို မဖြစ်ချေဘူး…။ လောကကြီး မှာ ကြောင်သူတော် (အဲမှားလို့) သူတော်ကောင်းတွေ အရမ်းများတယ်။ ဒီလိုနဲ့ အိမ်က မိဘနှစ်ပါး အများတကာရဲ့ Custom Message မှာ လုံးပါး မပါးရခင်..။ မလုံလို့ ပွင့်ချင်သလိုလိုဖြစ်နေတဲ့ ကိုယ့်အိုးကိုယ်ပြန်ဖုံး…။ ဖနောင့်နဲ့တင်ပါး တစ်သားထဲ ဖြစ်အောင် ပြေးရပါတယ်။ ကျွန်တော် အကြောက်တကာ့ အကြောက်ဆုံးထဲမှာတော့ ကျွန်တော်မွေးတဲ့ လဒ ကျွန်တော့် ပြန်စားမှာကိုပဲ…။
ဒီလိုနဲ့ ဖိုရမ်တွေလုပ်လိုက်…။ WordPress တွေစမ်းလိုက်…။ Joomla တွေကလိလိုက်နဲ့ မြောချင်တိုင်း မြောနေခဲ့တာ အခုထိပါပဲ…။ ဒီကြားထဲ မသိတဲ့သူကို မတတ်တဲ့သူက အားကိုး…။ ဒီမောင်ကလည်း လူကသာ နဲနဲမှသုံးစားမရတာ သူများကို ဆရာလုပ်ချင်လိုက်တာမှ အပိုင်းပိုင်းကို ပြတ်လို့..။ တတ်သည့်ပညာမနေသာ ဆိုသလို…။ သူများတွေလုပ်ထားတဲ့ ဆိုဒ်တွေကို နှမ်းလေးဝင်ဖြူးပေးလိုက်၊ ထုံးလေး လိုက်သုတ် ပေးလိုက် နဲ့ ဟန်ကိုကျနေတာပဲ..။
“ကိုယ် ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး” တဲ့…။ ဟီး ဟီး…။ ကိုယ်ကမှမကောင်းတာ ခေါင်းက ဘယ်နားသွားရှာရမှန်းတောင် မသိတော့ဘူး
အဲ့လို အဲ့လို ပြောရင် ကိုယ့်ကိုယ်ကိုမြှောက်တယ်ဖြစ်ဦးမယ်..။
အခုတော့ တော်တော်များများ ကိစ္စတွေပြီးပြတ်လို့ အများသူငှာအား အမြင်ဒုက္ခ၊ အတွေးဒုက္ခ အစရှိသော ဒုက္ခအမျိုးမျိုးအားပေးရန် အလို့ငှာ ထုံးစံ အတိုင်း ပြန်လည် ဒုက္ခပေး ပါတော့မယ်…။
ကျွန်တော် ထင်ရာတွေရေးပါတယ်…။ မြင်ရာတွေရေးပါတယ်…။ မထင်တာတွေလဲ ရေးပါတယ်…။ မမြင်တာတွေလဲ ရေးပါတယ်…။ ရေးတေးတေး ပေါ်ရင်လည်းရေးပါတယ်…။ ၀ိုးတိုးဝါးတားပေါ်ရင်လဲရေးပါတယ်…။ ရေးပါတယ်…။ ကျွန်တော်ရေးနေပါတယ်…။ ရေးခဲ့ပါတယ်…။ ဆက်လည်း ရေးပါဦးမယ်…။
ဒါပေမယ့်…. ဒီဘောင်ထဲမှာတော့ ဟုတ်ချင်မှ ဟုတ်ပါတော့မည် ဖြစ်ကြောင်း…။
P.S- စာမရေးတာကြာပြီ ဖြစ်သောကြောင့် ရေးချင်လွန်းလို့ရေးခြင်းဖြစ်ပါတယ်..။ ဘာအကြောင်းလဲ လာမမေးပါနှင့် ကျွန်တော်ကိုယ်တိုင် ဘာအကြောင်းရေးထားမှန်း မသိသောကြောင့် ဖြစ်ပါသည်။








1. စာလုံးသိတ်သေးသည်။
၂။ နောက်ခံသိတ်မဲသည်. အသက်ကြီးသူများ အဆင်မပြေ
၃။ နယူတန်း နိယာမကို ကိုယ်လဲသဘောကျသည် လာလည်ရွေ့ပြန်လာလည်ပါသည်ကို ကိုယ်မုန်းသည်။
၎။ ဘောင် ရေးထားတာ သိတ်မှရှင်း အခုဘောင်ထဲကိုရောက်နေသည်. သို့သော် ဘောင်ထဲ မှာမှာတော့ဟုတ်ချင်မှ ဟုတ်မည် ဆိုသည်ကို မရှင်.
၅. နားလည်အောင် သုံးခေါ့ကမဖတ်သွားတော့.
၆ အင်တာနက်ရှေ့ထိုင်နေတာ လေးနာရီရှိပြီဖြစ်သောကြောင့် ဆက်လက် မတွေးခေါ်နိုင်တော့ပါ။
ရ.ကျေဇူး
Like or Dislike:
0
0
ရေးပါ ရေးပစ်လိုက်စမ်းပါ မြင်တာတွေ မမြင်တာတွေ မှုန်ဝါးဝါးတွေ စိတ်ကူးထဲ ရှိတာတွေ ကြိုးကွင်းထဲ ခေါင်းမရှို မိယုံလေး အကုန်ရေးထည့်လိုက်ကွာ…
Like or Dislike:
0
0
ရွာလည်ခြင်း သီအိုရီဆိုတော့ သီအိုရီရဲ ရွာလည်ခြင်း ခွေအသစ်များလားလို့ …. ဘလက်တို့ကလုပ်လိုက်ရင်. အလန့်တကြား….
ငါတို့က သိပ်မကွာလောက်ဘူးနော်… တစ်နှစ်ကျော်ပီးခွဲချင်နေပေါ့.. လိမ်ဖယ် လိမ်ဖယ်နဲ့
Like or Dislike:
0
0
မောင်လေးရေ…ရေးချင်တာသာရေး၊ စိတ်ကူးပေါက်တာသာရေး၊ ထင်တာလည်းရေး၊ မြင်တာလည်းရေး… မျက်စိမှိတ်ပြီး ရေးရင်တောင် BLACK DREAM ဆိုတာနဲ့ ဖတ်ပြီးသားပဲ။ မြှောက်တာဟုတ်ဖူး အတည်
တကယ်ပါ လုပ်ချင်စိတ်ရှိတာတွေကို လုပ်ဖို့အခွင့်အရေးရတုန်း ဖြစ်အောင်လုပ်လိုက်ပါ
အမြဲတမ်း အားပေးနေတဲ့
အစ်မ ( GreenGirl )
Like or Dislike:
0
0
ရေးချင်တာရေးပါလေ။ လည်ပင်းယားတဲ့ အတွက်တော့ လိမ်းဆေးကျောင်ကောင်းဆောင်ထားပါ။ နောက်ကျောကိစ္စအတွက်တော့ မြစ်ချင်းပြီး ဆေးတဖုံ ဆောင်ထားရန် အကြံပြုလိုက်ပါ၏။ (သစ်မြစ် သစ်ဥ သစ်သစ်ခေါက် သစ်သား စစ်စစ်ဖြင့် ဖော်စပ်ထားရမည်) အချွန်လောက်တော့ အာမခံနိုင်ပါ၏။
Like or Dislike:
0
0
လုပ်စမ်းဘာ… လုပ်ချလိုက်စမ်းဘာ… ရေးချင်တာတွေ ရေးသာရေးးး… သိလား မောင်လေး.. အဲလေ.. သားးး…
ဦးတို့ရှိတယ်… ဦးတို့က အားပေးတယ် သိလား.. ဦးတို့အားပေးရင် အမုန်းနော်.. အမုန်း.. ဟင်း..ဟင်းးး…
သားနဲ့သာ တကယ့်ညီအကိုတော်ရရင်တော့ မျိုးလုံးဂျွတ် အရက်သမားတွေ ဖြစ်တော့မယ်။ သားရေ.. သားကတော့ ဂျွတ်စ်စ်စ်စ်စ်စ်စ်စ် ပဲနော်… တကယ့် ဂျွတ်စ်….
Like or Dislike:
0
0
PT ပြေးတိုင်း မြင်ခဲ့တဲ့ Board တွေ မှတ်မိတယ် မလား ညီ.
ညောင်သီးလည်းစား၊ လေးသံလည်း နားထောင် ပေါ့ကွာ.။
Like or Dislike:
0
0
ထိုအချိန်က ကျွန်တော်ရခဲ့ဖူးသော ကော်မန့်များသည် နယူတန်၏ ဒုတိယနိယာမ၏ လွှမ်းမိုးမှု ကင်းစင်ခဲ့သောကြောင့် (ရှိကောင်းရှိနိုင်ပါတယ် သို့သော် တော်တော်သိသိသာသာကြီးကိုတော့ နဲပါတယ်) ဖြစ်ပါတယ်…။ [color=#BF0000]ယခုအချိန်မှာတော့ ….နဲနဲများ ရှားပါးသွားပြီ လားလို့ တစ်ခါတစ်လေတော့ တွေးမိပါတယ်…။ [/colur]
ဟုတ်တယ်သယ်ရင်းရေ.. ဒီပိုစ့်တစ်ခုလုံးမှာ ငါ ဒီနေရာ အကြိုက်ဆုံးပဲ.. တစ်ခါတစ်လေဆိုရင် ပိုစ့်တောင် ဖတ်သွားရဲ့လားမသိဘူး.. ရေးခဲ့တဲ့ ကွန်မန့်တွေက ပိုစ့်နဲ့ တစ်လွဲတွေချည်းပဲ.. အဓိပ္ပါယ်က ဒွိဟပွားစရာ မရှင်းလို့ ကွန်မန့်က တစ်လွဲဖြစ်သွားတယ်ဆိုထားတော့.. တက်တက်စင်လွဲနေတာတွေက စာရေးတဲ့သူကို လှောင်နေသလိုပဲ.. ဟတ်ထိတယ်…
ပြီးတော့ ပိုစ့်နဲ့ မသက်ဆိုင်တဲ့ ကွန်မန့်မျိုးတွေရေးတာလဲ မကြိုက်ဘူး..
နင်ခုလို ပွင့်ပွင့်လင်းလင်း ချပြလိုက်တာငါတောင် အတော်ပေါ့သွားတယ်.. ကျေးဇူး သယ်ရင်းရေ..
ခုဆို ကွန်မန့်ရတိုင်းတောင် သိပ်မပျော်တော့ဘူး… နယူတန်နိယာမတွေဖြစ်နေမှာစိုးလို့… သိပ်လဲ မလည်ဖြစ်တော့ဘူး.. လည်ဖြစ်လဲ ဖတ်ဖြစ်တယ်.. ကိုယ်တော်တော်လေး သဘောကျမှ ကွန်မန့် ၁ ခုလောက်ပေးဖြစ်တယ်..
ငါမရေးချင်ပင်မဲ့ မဖော်ပြတတ်ဖြစ်နေတာကို နင်ရေးထားတာ ကောင်းတယ်..
Like or Dislike:
0
0
ချသာချဗျာ….
မမေးနဲ့ဆိုလည်းဘာမှမမေးဘူး
Like or Dislike:
0
0
ညီလေးရေ ရေးထားတွေက ကောင်းတယ်ဟေ့။ အားရင် ပို့စ်အသစ်
တွေ မျှော်နေမယ်။ အားပေးလျက်။
Like or Dislike:
0
0
ကောင်းတယ်ညီ..ကိုယ့်စိတ်ထဲရှိသမျှ ချရေးလိုက်ပါ။ ကိုယ့်ရင်ဘတ်ကိုယ် ဆွဲဖွင့်ပြလိုက်တာ…အတွေးအခေါ်တွေ အသိတွေ အမြင်တွေ သွန်ကြဲပစ်လိုက်တာ…ညီ ကလောင်ဆိုတာ အလွန်တရာ ကျယ်ပြန့်တယ်..စကြာဝဌာကြီး တစ်ခုလုံးကို ကလောင်တစ်ချောင်းတည်းနဲ့ စာရွက်တစ်ရွက်ပေါ် ဖြန့်ချပြလို့ရတယ်..
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Like or Dislike:
0
0
သူပေါက်ကွဲထားပြန်ပြီ။ စိတ်အချဉ်ပေါက်ပြန်ပြီထင်ပါ့။ အရေးအသား ဘောင်ထဲကပဲရေးရေး ဘောင်အပြင်ကပဲရေးရေး အားတဲ့အခါတိုင်းလာဖတ်ပါတယ် အစ်ကိုရေ…
Like or Dislike:
0
0
ကြိုးစင်ပေါ်တက်ရတဲ့ ထိအောင်တော့ မရေးနဲ့ပေါ့ကွာ…
ကျန်တာတော့ ရေးချင်တာရေးကွာ…
စာလုံးတွေသေးလို့ Ctrl နဲ့ + နှိပ်ပြီး ဖတ်ရတယ်…
အဲအတွက် နင့်ကို နတ်စင်ပေါ်ပို့ရင် ကောင်းမလား စဉ်းစားနေတယ်
Like or Dislike:
0
0
မော်နီတာ ဘောင်ထဲကနေဖတ်သွားပါတယ် ။
လုပ်လေ လက်ရဲ ဇက်ရဲ ပေါ့ ။ ပေါက်တယ်ဟုတ် ။
Like or Dislike:
0
0
အင်း….ခုမှ…ဒီလော ကထဲ …ရောက်လာတယ်…
ဒီကျမ်းစာလေး ဖတ်လိုက်ရတော့….ကျောက..ချမ်း ချင်ချင်…
…………..
တို့..ယူဆမိတာ ကတော့….Blog ထဲမှာ စာရေး ကြတဲ့ သူတွေ ဟာ
ဝမ်းရေး အတွက် ရေး တာ မဟုတ်ပဲ…၀ါသနာ လေး တစ်ခုကြောင့်..
(တစ်ချို့..၀ါဒ ဖြန့်ချီရေး နဲ့..ဘာသာရေး..blog တွေ ကို မဆိုလိုပါ..)
ကိုယ် ခံ စား ရတာတွေ ကို…ချရေးကြ…တချို့ ကလေး တွေ ကတော့ ကလောင်းသွေးကြ…..ကိုယ့် အမြင် ကိုယ့် အတွေ့ အကြုံ ကိုယ် ခံစားချက် လေး တွေ ကို..မျှဝေ နေကြ တာ….. တစ်ချို့ ကျတော့..လဲ..ပြောင်းလဲ လာတဲ့ ..မွန်းကျပ်စရာ..ဘ၀ တွေ…ခေတ်ရေစီးကြောင်းတွေ.. ဖိစီးမှု တွေ ရဲ့ ဝေးရာ…ဖြေသိမ့် ရာ အဖြစ် ဒီဘလော့ဂါ ရင်ပြင်လေး ..ဖြစ်လာ ရတယ် လို့ ထင်ပါ တယ်…
……………
ဆိုတော့….
မတူ..ကွဲပြား ..ခြားနား သူတွေ နဲ့ ဖွဲ့ စည်း ထား တဲ့..ဒီကမ္ဘာ ကြီး ထဲ မှာ…ကိုယ် နဲ့ သဘောထားချင်း တိုက် ဆိုင် သူလဲ ရှိမယ်…မတိုက်ဆိုင်သူလဲ ရှိမယ်…ကိုယ်နဲ့ မတိုင် ဆိုင်လို့…သူ့ကို..မကြိုက်လို့ ရပေမဲ့..သူ့ ကြောင့်တော့..ကိုယ့် စိတ် ထိခိုက် ခံစရာ မလို ဘူး ထင်ပါတယ်…ကိုယ်နဲ့ ခံစားချက် ခြင်း တူသူတွေ နဲ့ တွေ့ တဲ့ အခါ မှာတော့…နှလုံးသားတွေ..ဖွင့်လှစ် ပြီး..ရင်းနှီး နွေးထွေး ပြစ်လိုက် ရင်…ဒီလော ကကြီး ဟာ..တကယ် သာယာ နေတယ် ဆို တာ…ပို သိလာ ပါ လိမ့်မယ်…
………….
ဒိ comment လေး က..အမှန်တော့…ရပ်ကွက်ထဲက…သာမန် စာဖတ်သူ အမျိုးသမီး (ခုတော့ လဲ ..ဘလော့ဂါမူကြို ကျောင်းသူ လေး ပေါ့…း)….) …တစ်ယောက် ရဲ့ comment လေးပါ…သဘောမတူ ရင် လဲ…နောက် ပို့စ်လေး တစ်ခု ထပ်ရေး လိုက် ပေါ့…မောင်လေး ရေ…..မောင်လေး က စာ..အရေး ကောင်းပြီး သားပဲ ကို..နော်…
Like or Dislike:
0
0
ခုနက ရေးလိုက်တာ..comment က အရှည်ကြီး..
ဘာလို့ ၂ ကြောင်း ထဲ ပေါ်တာလဲ..မသိ…
Like or Dislike:
0
0
Like or Dislike:
0
0
comment မရဘူးတဲ့
ဒီကလေးလေး တော်တော်နောက်တယ်
Like or Dislike:
0
0
မှန်ရာကို သစ္စာဆိုပါမည်.. တကယ်ပါပဲ….အားပေးတယ်ဗျို့ …….
Like or Dislike:
0
0
အပေါ်က ပြောခဲ့သမျှ အားလုံးကို ထောက်ခံတယ်…ကိုအောင်သာငယ်ပြောတာကို ပိုပြီး ထောက်ခံတယ်…
(နဂိုတည်းက မျက်မှန်ပါဝါ များရတဲ့အထဲ) ပြီးတော့ ဘယ်ဘောင်ထဲကဖြစ်ဖြစ် ဆက်ရေးမှာကိုလည်း အားပေးထောက်ခံတယ်။ အဓိက က ရေးနေဖို့ပဲ မဟုတ်ဘူးလား။ ^-^
Like or Dislike:
0
0
“အိမ်မက်နက်ရေ…”
အသက်ကသာငယ်ပေမယ့် Blog လောကမှာတော့ အကိုကြီးလို့ခေါ်ရမလိုပါ…။
(အစ်မblogလေးက ဖေဖေါ်ဝါရီ ၈ ရက်နေ့မှ ၃လပြည့်မှာ..ဆိုတော့။) ခုတစ်နှစ်ခွဲလောက်ကာလမှာ ကိုယ်ရေးချင်တာလေးတွေ တင်ချင်ပြချင်တာလေးတွေကို လုပ်နိုင်ခဲ့..
လုပ်ထားသမျှလေးတွေလဲအရည်အသွေးမနိမ့် တဲ့အတွက် အနုပညာရော..အတတ်ပညာပါ ကောင်းတဲ့ တော်တဲ့ ကလေးတစ်ယောက်အဖြစ်လေးစားလျှက်ပါမောင်လေးရေ..။
“နယူတန်ရဲ့ ဒုတိယနိယာမလို ကွန်းမန့်မျိုး” ဆိုတာတွေကတော့ ဒီလိုပဲ ရှိနေကြမှာပါ…။ ရှိနေကြရမှာပါ..။
ဒါပေမယ့် အနုပညာကို အနုညာနဲ့ ၊ စိတ်ကိုစိတ်နဲ့ ဖတ်သွားကြတဲ့လူတွေ လေးလေးနက်နက်မှတ်ချက်ပေးသွားကြသူရဲ့ စာလေးတွေက ကိုယ့် ကိုခွန်အားတွေဖြစ်စေသလိုမျိုး
ကောင်းပါတယ်ချည်းမဟုတ်ပဲ ကိုယ်ဘာလေးတော့လိုနေပါတယ်..ဆိုတာမျိုးဝေဖန်အကြံပေးဆန်ဆန်လေးတွေပါပါလာခဲ့ရင် သိပ်ကိုအဖိုးတန်သွားမယ်လို့တောင်တွေးမိသေးပါသေးတယ်။
မဗေဒါပြောသွားသလို စာကတလွဲမှတ်ချက်ကတလွဲဆိုတာမျိုးအထိတောင်ဆိုရင်တော့ တော်တော်ကို ကသိကအောက်နိုင်စရာကြီးပေါ့..။ ရီရတာပေါ့ကွာ..။
တကယ်ဆို မဖတ်နိုင်သေးရင်..မှတ်ချက်ကြီးအထိဝင်မရေးပဲ စီပုံးကနေနှုတ်ဆက်ပြန်သွားလိုက်ပေါ့နော..။
ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မမြင်ဘူးမတွေ့ဘူးကြပဲ စာတွေအနုပညာတွေကတဆင့် ခင်မင်ရင်းနှီးနေကြတာ..။ ချစ်ကြည်နွေးထွေးနေကြတာဟာ
ကြည်နူးစရာ မင်္ဂလာတစ်ပါးပါပဲ..မောင်လေးရေ..။
Like or Dislike:
0
0
“ရေးချင်တာ” ရေးပါ ကိုအိပ်မက်နက်။
ညီမအတွက်တော့ အဲ့ဒါ ဘလော့ရေးတဲ့ ရည်ရွယ်ချက်ပဲ။
ရှေ့က မဗေဒါ ပြောသွားတာလည်း ဟုတ်တာပဲ။
ပြီးတော့
“မခေါ်ရင် နေပေါ့ အမိရယ်.. နင်ခေါ်မှ ငါခေါ်မယ်။” ဆိုတာမျိုးလေးတွေ ကလေးဘ၀ကတော့ ပြောခဲ့ဖူးတယ်။
အခုတော့ အဲ့ဒါမျိုး တွေ့ရင် ရယ်မိတယ်။ နယူတန်နိယာမ မဟုတ်တော့ပဲ တစ်ဖက်သတ် သူက စခေါ်မှ ပြန်ခေါ်မယ် ဆိုတာမျိုးတွေ အစ်ကိုလည်း သတိထားမိမှာပေါ့။
သိပ်မတွေးပါနဲ့ အစ်ကိုရာ။ ပေါတဲ့သူတွေအတွက် လေးနက်ရတာ မကောင်းပါဘူး။
အချိန်လေး မနိုင်တနိုင်နဲ့ မလှုပ်သာမလှည့်သာ အခြေအနေမျိုးမှာ စာရေးရတဲ့အခါ လူတွေက ကိုယ့်လိုပါပဲလား.. ကိုယ်လိုမဟုတ်ပါလား လို့ နားလည်ချင်မှ နားလည်မယ်။
တကယ်တော့ ရေးတဲ့သူက ဘာကို မျှဝေလဲ။ ဘာကိုပြောချင်လဲ။ .. ဒါတွေကို ဖတ်တဲ့သူက စဉ်းစားချင်မှ စဉ်းစားမယ်။
အတွေးတွေ လွဲမယ်. . တလွဲတွေ တွေးမယ်.. တလွဲတွေ ရေးချင်လည်း ရေးသွားကြလိမ့်မယ်။
အဲ့ဒါတွေကို စိတ်ထဲမထားဘူး ဆိုတာ ညီမက သိပ်နေနိုင်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ညီမက မကြိုက်လို့ အရေးလုပ်ပြီး ပြောမနေတာပါ။
တကယ်တော့ ရေးတဲ့သူရော ဖတ်တဲ့သူရော ဘယ်သူမှ ကြိုးနဲ့ ချည်မထားပါဘူး။
ညီမကတော့ ကိုအိပ်မက်နက်ရဲ့ ကိုယ်ပိုင်ဘလော့မှာ ကိုယ်မှတ်ထားချင်တာ.. ကိုယ်ရေးချင်တာ.. ကိုယ်တွေးမိတာတွေကို လွတ်လွတ်လပ်လပ် မှတ်တမ်းတင်စေချင်ပါတယ်။
Like or Dislike:
0
0
ရွာလည်ပီး ရောက်လာတာမဟုတ်ပါ၊တမင်တကာ ပြန်လိုက်လာ ပီး cbox ဘယ်လိုမှရှာမတွေ့လို့ ရွာလည်ခြင်း ကိုထပ်ဖတ်ပီး comment ရေးခဲ့တယ်ရှင့်၊ အရင်အခေါက်တွေ ခဏခဏ ရောက်ပေမဲ့၊ ရေးထားတာလေးဖတ်ပီး ပြန်သွားလို့ရှင်၊
Like or Dislike:
0
0
ဆရာသမားရေ လာဖတ်သွားတယ်ဗျို့.. ပညာရှိဆိုတာ ဒီလိုပါပဲ ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချနေတာတွေ့ရတော့ ကိုယ်လည်း ပညာယူဖို့ လိုသေးပါလားလို့ သင်ခန်းစာယူပါတယ်ဗျာ.. ကောင်းပါတယ် ဦးသန့်ကို ရေးထားတာလည်း ညွန့်နေတာပဲ.. ဒီလို အရေးအသားမျိုးကို သင်လို့ ရမယ်ဆိုရင် သင်ချင်လိုက်တာ အပိုင်းပိုင်းကို ပြတ်နေတာပဲ (အကို့စကား ကို ခပ်တည်တည်ယူသုံးပါသည်) …. =) အိုကေ.. သ ကော… ဂွတ်လက်ခ် ပါ…
Like or Dislike:
0
0
hello BRO i came and visit you i hope you know me you are stay good thinking keep going my BRO but think deep
you BiG BrO
YaWaY
Like or Dislike:
0
0
I think, this is very wise the fact that u give the points in this post. Awesome thoughts!! Nice one.
In my opinion, people who are intellectual and have a great instinct they know how to conduct in every environment and circumstance. Otherwise no bother and do not waste your time.
In terms of whatsoever the aims of blogging, RESPECT is base on it. Some people do not understand what respect is. To respect a person is not possible without knowing him or her, care and reading the post what the purpose is.
One thing i would like to share here is ”Treat people the way you want to be treated.”
Keep it up, Pal.
Friend
Like or Dislike:
0
0
ဘောင်အတွင်းကတော့ ဆက်လုပ်ပေါ့။။။ ဒါပေမယ့် လူမှုအတိုင်းအ၀ိုင်း (Humanity) ဆိုတဲ့ အချင်းချင်း နာလည်မှု၊ ယုံကြည်မှု၊ လေးစားမှု၊ အစသော ဘောင်ကျယ်တွေနဲ့ ဘလက်ရဲ့ ဘလောက်ခ်ဘောင်လေး လှပပါစေကွယ်။
Like or Dislike:
0
0
တစ်ချိန်က ရဖူးတဲ့ ကွန်မန့် တွေကို အထူးလေးစားတန်ဖိုးထားသည်ဆိုတော့ အခုရေးရတဲ့သူတွေ စိတ်ထိခိုက်သွားပါဦးမယ်..။ ဟား..ဟား.. ဒီလို ရေးလို့  လည်ပင်းတော့ မယားလိုက်ပါနဲ့  ။ နယူတန်ရဲ့ နိယာမကို လစ်လျူရှုပြီး လာရေးတာ ဓါးမိုးချင်လို့ မဟုတ်ပါဘူး…။ အားပေးချင်လို့ ပါ..။ လေးမလည်း အခု အနက် ရေးထားသလို တခါတခါခံစားရတယ်..။ ဒါပေမယ့်လေ.. ကိုယ့်ကို သူများက ဆက်ဆံစေချင်သလို ကိုယ်က သူများကို ဆက်ဆံပေးရင် နယူတန်ရဲ့ နိယာမကြောင့် ငါ ကွန် မန့် တွေ ရတာလို့  မခံစားရတော့ဘူး…။ ရှုပ်သွားလား..။ ဆိုလိုတာ.. ကိုယ်ကလည်း လူမှုရေးအရ မကောင်းတတ်လို့  လည်တာ ရေးတာ မဖြစ်စေနဲ့ ..။ ဒါဆို ကိုယ့်ဆီ အဲလို လူတွေ မလာတော့ဘူး..။ လေးမတော့ အဲလို ခံယူထားတယ်…။
ခင်မင် လေးစားလျက်
လေးမ
Like or Dislike:
0
0
အစ်ကိုတော်မောင်မျိုးပို့စ်ဖတ်ပြီးတည်းက ဖတ်ကြည့်ချင်နေတာ မအားတာနဲ့ခုမှလာရတယ်။ အစ်ကိုဘလက်ရဲ့ စာတွေက တစ်ပုဒ်ဆို ဆိုသလောက်ကောင်းလွန်းလို့ အသစ်တင်တိုင်းဖတ်ချင်နေတာပါ။ ဝေလေးလည်းဘလော့ရေးကာစက ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ယောင်ခြောက်ဆယ် လုပ်နေတာ။ ခုရော ဘောင်ထဲရောက်သွားပြီလားမသိပါဘူး။ ရေးချင်တာ ရေးတတ်တာ ရေးဖြစ်တာ… ရေးသာရေး..
)
အပေါ်ကလူတွေပြောသွားတာလည်း ဟုတ်တာပဲ။ မမလေးမပြောတာလည်း ထောက်ခံတာပဲ… ဝေလေးကတော့ ဘာပဲဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် စာရေးချင်စိတ်ပေါ်နေသေးသရွေ့တော့ ရေးနေမိအုံးမှာပဲ။ အနုပညာသမားလို့လည်းမခံယူပါဘူး။ စာရေးဆရာလုပ်မယ်လို့လည်း မရည်ရွယ်ထားဘူး။ ရေးချင်စိတ်လေး တစ်ခုနဲ့ရေးနေတာဆိုတော့…… အင်း….. ကောင်းချင်မှလည်းကောင်းမှာပေါ့နော်…
(ဒါနဲ့ စကားမစပ်…. ဝတ္ထုက အပိုင်းတစ်က အစ်ကိုဖတ်ပြီးသားပဲလေ။ ခုတော့ နှစ်ပိုင်းလုံးပြန်ဆက်ထားပေးပါတယ်။ ဆီဗုံးမတွေ့လို့ ဒီမှာပဲရေးခဲ့တယ်။ အရင်တစ်ခါလာသေးတယ်။ အိမ်ပြောင်းလိုက်တာ မျက်စိလည်သွားလို့ မှားသွားလားမသိဘူးဆိုပြီး ပြန်သွားတာ…
Like or Dislike:
0
0
ထိုအချိန်က ကျွန်တော်ရခဲ့ဖူးသော ကော်မန့်များသည် နယူတန်၏ ဒုတိယနိယာမ၏ လွှမ်းမိုးမှု ကင်းစင်ခဲ့သောကြောင့် (ရှိကောင်းရှိနိုင်ပါတယ် သို့သော် တော်တော်သိသိသာသာကြီးကိုတော့ နဲပါတယ်) ဖြစ်ပါတယ်…။ ယခုအချိန်မှာတော့ ….နဲနဲများ ရှားပါးသွားပြီ လားလို့ တစ်ခါတစ်လေတော့ တွေးမိပါတယ်…။
အင်းဟုတ်တယ်ညီရေ။ အစ်ကိုတော့ ဘလော့ဂါတွေက တကယ်ကြိုက်လို့ ပေးတဲ့ ကွန်မန့် တွေ၊ ဘလော့ဂါ မဟုတ်တဲ့သူတွေက ပေးတဲ့ ကွန်မန့် တွေကို ဖတ်ရရင် ပိုပျော်မိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အပြန်အလှန် နွေးနွေးထွေးထွေးနဲ့ လည်ပတ်ကြတာ၊ ကွန်မန့် ရေးကြတာကိုလည်း ပျော်စရာတစ်ခုအနေနဲ့လက်ခံချင်ပါတယ်။း-) အန္တရာယ်ရှိမယ့် ဘောင်ထဲမှာရောက်နေရင် အစစ အရာရာ သတိနဲ့ နေနော်။ အဆင်ပြေပါစေ ညီလေး။
Like or Dislike:
0
0
စာတွေ နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။ ဖောင့်အကြီး၊ အသေးကို ပြောင်းနိုင် ပေမယ့် စာလုံးအရောင် မှိန်လွန်းတာမို့ ဖတ်ရတာ မျက်လုံး အားစိုက်ရလွန်းပါတယ်၊ ကျန်တာ အဆင်ပြေတယ်။
Like or Dislike:
0
0
ကိုယ်ဆရာအချိန်ရရင်ပုဇွန်ဆိတ်ဦးနှောက်အကြောင်းလေး EXPLAIN ပေးဘာအုံး………..
Like or Dislike:
0
0