• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    အချစ်ကို ခိုးယူစားသုံးကြသူများ

    December 21 , 2008 | 728 views

    အခန်း(၁)

    ငါ့ကို ခဏလောက်တော့
    စစ်ပြင်ဆင်ခွင့်ပေးပါ
    နှလုံးသား စစ်မြေပြင်မှာ
    ပိုးစိုးပက်စက် ငါကျရှုံးချင်လို့…။
    BLACK DREAM

    သူမရဲ့စကားတွေ နားထောင်ရင်း သူရင်တွေ တဖြေးဖြေးပိုခုန်လာခဲ့သည်။ သူအချိန်ကာလ ကြာရှည်စွာစောင့် စား ခဲ့ရတဲ့အချိန်တစ်ခု သူ့ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုမြိုက်ရောက်ရှိနေပြီ ဆိုတဲ့အသိက သူ့ရဲ့အတွေးတွေကို အတော်လေးကို နေမထိထိုင်မသာ ဖြစ်စေခဲ့ပါတယ်…။ လက်ထဲမှာကိုင်ထားတဲ့ Hand Phone ကိုသူကျစ်ကျစ်ပါ အောင်ဆုပ်ထားပုံမှာ မသိပါက နားထဲသို့ထို Hand Phone အား, အလုံးလိုက်ထိုးသွင်းတော့မဲ့ ပုံပါပဲ…။ တစ် ဘက်မှ တစ်လုံးခြင်းပြောနေတဲ့ သူမရဲ့စကားသံတွေကို နားထောင်ရင်း ဖုန်းကိုင်ထားတဲ့လက်ရော ကျန်နေတဲ့ အခြား လက်တစ်ဘက်ရော လက်နှစ်ဘက်စလုံးမှာ ဇောချွေးတွေ ပြန်နေပြီဆိုဆိုတာ သူအသေအချာကို သတိထားမိ လိုက်ပါတယ်…။

    “မြတ်သော် နင်…ငါပြောနေတာတွေကို သေသေချာချာကြားရဲ့လား…?”

    တစ်ဘက်မှ စကားသံကိုကြားလိုက်မှ သူ့အတွေးတွေ ပြတ်တောက်သွားပြီး မိမိခန္ဓာကိုယ်ကို ရှုနေတဲ့ တရားတွေ သူမထံကို ပြန်လည်ရောက်ရှိသွားပါတယ်….။

    “သြော်…အင်း…။ ကြားပါတယ် မေနှင်းစက်…။ ငါကြားပါတယ်…။ သေသေချာချာလဲ နားထောင်နေပါတယ်”

    သူအလန့်တကြား ကမန်းကတမ်း ပြန်ဖြေလိုက်ပါတယ်…။

    “အေး ကြားရင်ပြီးရော…။ သေသေချာချာနားထောင်…။ ငါနှစ်ခါထပ်မပြောဘူးနော်…။”

    ထုံးစံအတိုင်းပါပဲ သူမရဲ့ အမိန့်ပေးသံတွေက အဆက်မပြတ် မြတ်သော်ပေါ်ကျရောက်လို့သာ နေပါတယ်…။ သူ ကလည်းသူပဲလေ…။ သူမရဲ့နှုတ်ခမ်းကထွက်တဲ့ စကားဆို မြေ၀ယ်မကျ နားထောင် တတ်ပုံများ…။ မိဘတွေသာသိရင် ရင်ကျိုးလောက်တယ်…။ ဒီလောက် အလျော့ပေး သီးခံနေတဲ့ သူ့ကို သူမကအမြဲတမ်း အနိုင်ကျင့်၊ အထက်စီးက ဆက်ဆံခဲ့တာလည်း တကယ် တမ်းဆို ဆန်းတော့ မဆန်းလောက်ပါဘူး…။

    “အေးပါဟာ…ငါနင့်စကားဆို အမြဲတမ်း အလေးအနက်ထားနားထောင်ခဲ့တယ်ဆိုတာ နင်သိပါတယ်…။ အထူးသဖြင့် အခုလိုငါ့ဘ၀အတွက်အရေးကြီးတဲ့ စကားမျိုးပြောမယ့် အချိန်မျိုးမှာ ငါဘယ်လောက်ထိ နင့်စကားသံတွေကို အာရုံစိုက်တန်ဖိုးထားနေမယ်ဆိုတာ နင်သိသင့် ပါတယ်….။”

    “တော်…တိတ်…။ စကားကြောလာမရှည်နဲ့…။ ငါပြောတာပဲနားထောင်….။”

    “အင့်…။ အေးပါ..။ ဟုတ်ပါပြီ…။ ပြောမှာသာ ပြောပါဟာ…။ ငါဒီမှာ ရင်တွေခုန်လွန်းလို့ သေတော့မယ်….။”

    “အေး.. ဒါဆိုပြောမယ်.။ နင်နဲ့ငါနဲ့ အလောင်းအစားတစ်ခုလုပ်မယ် နင်နိုင်ရင် နင်လိုချင်တဲ့ အဖြေကိုငါပေးမယ်။ ငါနိုင်ရင် နင်တောင်းထားတဲ့ အဖြေကို ပြန်ရုပ်သိမ်းပေးရမယ်….။ ဘယ်လိုလဲ…?”

    “ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!!!”

    မြတ်သော် အလန့်တကြား ထအော်မိပါတယ်…။ သူမျှော်လင့်ထားတာက ဒီစကား မဟုတ်ဘူး လေ…။ ဒီစကားအတွက်ဆို သူဒီလောက်ရင်ခုန်နေစရာမှ မလိုတာ…။ တော်တော်လည်း ကျွဲမြှီးတိုသွားပါတယ်….။ ဒါသူ့ကို သက်သက် ပညာပြတာပဲ…။ ဒီအခြေအနေအထိ ရောက် အောင် ဆွဲခေါ်လာပြီး …။ အနားရောက်မှ ကပ်ဖြုတ်တာပဲ …။ သူတစ်ယောက်ထဲ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်ခါနေပါတော့တယ်….။

    “နင်ငါ့ကို မအော်ပါနဲ့….။ အခုလိုအချိန်ကတည်းက နင်ကငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံနေရင် ငါနင့်ကိုငါ့ဘ၀ အ တွက် ဘယ်လိုယုံကြည်ရမလဲ…။ ဘယ်လိုအားကိုးရမလဲ…။”

    တစ်ဘက်မှ စကားသံကြောင့် ဒီဘက်မှာခုန်ပေါက်ဒေါသထွက်နေတဲ့ မြတ်သော်ချက်ခြင်းကို ပြန်လည် ငြိမ်ကြ သွားပါတယ်…။ ဒါမျိုးတွေက ဖြစ်နေကြလေ…။ သူမစကားကို အမိန့်တစ်ခုလို နားထောင်နေကြ မြတ်သော်အတွက် ပေါက်ကွဲဖို့ အချိန်ကြာကြာမရလိုက်ပဲ…။ သမိုင်းအစဉ် အလာကြီးခဲ့သော သူမရဲ့ စကားလုံးများအောက်မှာ သူ့နှလုံးသားကို ပြန်လည်ပြီး ဒူးထောက် အခစားသွင်းရပါတော့တယ်….။

    အခန်း(၂)

    ငါ့ခေါင်းအုံးကို
    ခြေသုတ်ခုံတစ်ခုနဲ့လဲခွင့်ပြုပါ
    စိတ်ကူးထဲမှာ ငါကနင့်နုလုံးသားပေါ်
    ခေါင်းအုံးထားတယ်လို့ ယူဆခြင်လို့…။
    BLACK DREAM

    “အေးပါဟာ..။ ငါ…ငါ တောင်းပန်ပါတယ်….။ ငါစိတ်တွေနဲနဲလွတ်ထွက်သွားလို့ပါ…။ နောက် မဖြစ်စေရပါဘူးဟာ ငါထင်ထားက ဟိုလေ…. နင်… နင်က ငါ့ကို….။”

    “ဟိုလေတွေ ဒီလေတွေလုပ်မနေနဲ့…။ နင်ငါပြောတာကို သဘောတူလား မတူဘူးလား ဒါပဲ ပြော…။”

    မြတ်သော် သက်ပြင်းကို ဖြေးညှင်းစွာချရင်းနဲ့ပဲ…..

    “အေး…တူပါတယ်ဟာ….။ ဘယ်လို အလောင်းအစားမျိုးလဲ ဆိုတာကိုပဲ ငါ့ကိုပြောပါတော့”

    “ဟဲ..ဟဲ.. နင်က လိမ္မာတယ်….။ အဲ့ဒါကြောင့် ငါကနင့်ကို….”

    “ဟင်…နင်က ငါ့ကို ဘာဖြစ်လဲ ဘာဖြစ်လဲ…ဆက်ပြောပါအုံး”

    “ဟဲ့..အရူး..။ ဘာတွေလျှောက်ပြောနေတာလဲ…။ အဲ့ဒါတွေကြောင့် နင့်ကို ငါခိုင်းလို့ကောင်းတာ လို့..ဟိ”

    သူမစကားလုံးကို မြတ်သော်သာရှက်တတ်မယ်ဆိုရင် နေရာမှာတင် လဲသေသွားနိုင်ပါတယ်…။ သို့သော်လည်း..။ သို့သော်လည်းပေါ့ဗျာ….။

    “အေးပါ…နင်စိတ်ချမ်းသာတယ်ဆို ငါကြေနပ်ပါတယ်….။ ကဲပြောပါအုံးနင်က ဘယ်လို လောင်းကစားမျိုးလုပ်ချင် တာလဲ….?။

    “ဒီလိုဟာ…။ ငါနင့်ဆီကနေအခု ဖုန်းပြောနေတဲ့အချိန်အတွင်း…။ အင်းဘယ်လောက် ကြာအုံးမယ်တော့ ငါလဲမသိ ဘူးပေါ့…။ ထားပါ…။ အေး အဲ့ဒီ့အချိန်အတွင်းမှာ နင့်ဆီကနေ တစ်စုံတစ်ခုရအောင် နင်မသိပဲ ငါ ခိုး….။ အဲ….။ ယူပြမယ်…။  အဲ့လိုမျိုးငါယူတာကို နင်သိသွား တယ်ဆိုရင် နင်နိုင်တယ်…။ အဲ့ဒီ့အတွက် နင်လိုချင်တဲ့ အဖြေကို ငါပေးမယ်…။ အေး …။  နင်မသိလိုက်ဖူးဆိုရင်တော့….။ နင်ကြားချင်တဲ့ စကားကို ငါ့ဆီကနေ နောက်ထပ် ဘယ် တော့မှ ထပ်မတောင်းရတော့ဘူး….။ တောင်းထားတဲ့ အဖြေကိုလဲ ပြန်ရုပ်သိမ်းပေးရမယ်….။ ကဲ ဘယ်လိုလဲ?”

    မြတ်သော် တစ်ချက်ငိုင်သွားပါတယ်…။ နောက်….။ တစ်ဖြေးဖြေးချင်း ပြုံးလာတယ်…။ သေချာပြီ…။ ဒါဆိုသေချာ ပြီ…။ သူမ သူ့ကိုတည့်တည့်ကြီး အဖြေပေးရမှာရှက်လို့ အခုလို မလှိမ့်တပတ်လုပ်တာပဲဖြစ်မယ်….။  စဉ်းစား ကြည့်လေ…။ ဘယ်လိုဖြစ်နိုင်မှာလဲ မေနှင်းစက်က လက်ရှိနေတာ မန္တလေးမှာ….။ သူက ရန်ကုန်မှာ…။ မိုင် ၄၀၀ ကျော်ကွာတယ်…။  ဒါကိုပဲ ဒင်းက အချိန်တစ်ရက်တောင်မဟုတ်ဘူး…။ အခု ဖုန်းပြောနေတဲ့အချိန်အတွင်း မှာပဲ သူမသိအောင် သူ့ဆီကတစ်ခုခုကို ခိုး…။ အဲလေ…။ ယူပြမယ်ဆိုတော့….။ ဒီပွဲကြီးက သူသေချာပေါက် နိုင်မယ့်ပွဲ ကြီးဆိုတာ ထင်ရှားနေပါတယ်..။ ဟဲ..ဟဲ…။ ဒါမျိုးဆိုတာက တစ်ဘက်က စိတ်မပြောင်းခင် အချိန်ဆွဲလို့မဖြစ်လေ တော့…..။

    “အိုကေ မေနှင်းစက်…။ ငါသဘောတူတယ်…။ တစ်ခုတော့ရှိတယ်…။ ငါ့ဆီကို တစ်စုံတစ်ခုကို ငါမသိအောင် နင် ကိုယ်တိုင်ယူရမှာနော်…။ ငါ့ညီမနဲ့ပေါင်းပြီး…။ ငါဖုန်းပြောနေတုန်း အလစ်ယူ ခိုင်းတာမျိုးမဟုတ်ဘူးနော်…။”

    “ဟဲ့..အရူး…။ ငါ့စကားကရှင်းရှင်းလေး…။ ငါကိုယ်တိုင်ယူမှာ….။ မပူနဲ့ နင်သာ သတိထား…။ ကဲဒါဆို အခုချိန်ကစ ပြီး ပြိုင်ပွဲကိုဖွင့်လှစ်လိုက်ပြီ….”

    အခန်း(၃)

    ဒီညဆိုး…
    ငါ အိပ်မက်နိုးတော့…
    သူခိုးဗျို့….သူခိုး……။
    BLACK DREAM

    သြကာသ လောကတစ်ခုလုံး ပန်းရောင်စုံများ တစ်ပြိုင်နက်ပွင့်လန်းခဲ့ကြလေပြီ….။ သာယာချိုမြိန်သော အသံတို့ ကိုပိုင်ဆိုင်တဲ့ ကျေးငှက်များ တစ်ပြိုင်နက် တေးသီချင်းများ သီဆိုကြလေသည်…။ နူးညံ့ညင်သာသော လေပြေတို့ နှင့်အတူ ပျော့ပြောင်း စိမ်းလန်းသော ကွင်းပြင်တစ်လျှောက်ရှိ မြက်ပင်ငယ်တို့သည်လည်း သီဆိုရာစည်းချက်နဲ့ အညီ လှပစွာ ယိမ်းနွဲ့ကခုန်ကြလေသည်….။ စီးဆင်းလျှက်ရှိသော အသွင်သွင်သော ရေတို့သည်လည်း ယခင် ကထက်ပိုမို ကြည်လင်ခြင်း၊ အေးမြခြင်းတို့ဖြင့် လောက၏ အလှကို တစ်တပ်တအား ပါဝင်အားဖြည့်ကြလေတော့ သည်…။ ဟုတ်ပါသည်….။  ဒါတွေဟာ မကြာခင်ကာလမှာ မေနှင်းစက်၏ ချစ်သူအဖြစ် အသိအမှတ်ပြုခြင်းခံရ တော့မည့် သူ့ကိုဂုဏ်ပြုခြင်းမှ မဟုတ်လျှင် မည်သူ့အတွက် ဖြစ်ပါဦးမည်လော အသင်စာဖတ်သူ အပေါင်းတို့…?

    “ဟဲ့…။ မြတ်သော်….။ ငါတို့ဖုန်းပြောနေတာ တော်တော်ကြာသွားပြီ…။ ငါအာတွေလဲ ညောင်းနေပြီ…။ အိပ်လဲ အိပ်ချင်ပြီ….။ ငါတို့ကစကားပွဲကို သိမ်းပြီး အနိုင်အရှုံး ထုတ်ပြန်မယ်…။ အဲ့ဒီ့တော့ နင်ငါမေးမယ့် မေးခွန်းတစ်ကို နောက်ဆုံးအနေနဲ့ ဖြေ…။”

    “အင်းလေ ဖြေဆိုတော့လဲ…မကြာခင်မှာ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် ချစ်သူလေးဖြစ်တော့မယ့် သူအလိုကျ ဖြေပေးရတာပေါ့…။ မေးစေဗျား…”

    “သိပ်အူမြူးမနေနဲ့ ပဏာလည်းစွတ်ယူမနေနဲ့ ပွဲကပြီးသေးတာမဟုတ်ဘူး…။ ငါမေးခွန်းမေး ပြီးမှ ပွဲပြီးမှာ..။”

    “ဘယ်လိုပဲ ဖြစ်ဖြစ်လေ အခုချိန်ထိနင်ငါ့ဆီက ဘာကိုမှ ငါမသိအောင်မယူနိုင်သေးပဲ…။ ဟဲ ဟဲ အရှုံးကို ရိုးရိုး သားသား ၀န်ခံဖို့သာ ပြင်ထားစမ်းပါကောင်မလေးရာ….”

    ” တော်ဟာ…။ ငါစကားအကောင်းပြောမလို့…။ နင်သေသေချာချာဖြေရမယ်နော်…”

    ” အင်း ဖြေမယ်…။ မေး….”

    ” နင်ငါ့ကို တကယ်ပဲ အရမ်းချစ်တာပဲလား မြတ်သော်….?”

    “ဟာ နင်ဘယ်လိုမေးလိုက်တာလဲ မေနှင်းစက်ရာ ချစ်တာပေါ့…။ ငါနင့်ကိုချစ်လွန်းလို့ပဲ နင့်ဘေးမှာ သူငယ်ချင်း တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာနေပြီး နင့်အချစ်ကိုစောင့်စားခဲ့ တာပေါ့…။ ဒါတွေကိုနင်အသိဆုံးပါဟာ…”

    “ဒါဆိုနင့်အချစ်တွေ ဘယ်တုန်းကတည်းက ငါ့ဆီရောက်နေခဲ့တာလဲ ဆိုတာပြောပြနိုင်မလား မြတ်သော်…?”

    “အမှန်အတိုင်းပြောရရင် ငါကိုယ်တိုင်တောင် မသိလိုက်ခံပါဘူး မေနှင်းစက်ရယ်….။ ငါသတိ ထားမိလိုက်တဲ့ အချိန်မှာ ငါနင့်ကိုအရမ်းမြတ်နိုးမိသွားပြီဆိုတာကိုပဲ ငါသိတော့တယ်….။ ငါလေ နင့်ကိုအရမ်းချစ်တာပဲ မေနှင်းစက်ရယ်…။ ငါလေ…”

    “တော်တော့ မြတ်သော်…ရပြီ….။ ငါတို့ကစားပွဲပြီးသွားပြီ….။ ဒီပွဲမှာနင်ရှုံးသွားပြီ…”

    “ဘာ!!!!!

    “မဖြစ်နိုင်တာ ငါစကားပြောနေတာလေ…။ စကားပြောနေရာကနေ ဘယ်လိုလုပ်ပြီးငါ ရှုံးသွားရတာလဲ…။ တစ်ခြား အချိန်မှာနောက်ရင် နောက်ပါဟာ…။ ငါ့ရင်ထဲက ခံစားချက်တွေကို လေးလေးနက်နက် ထုတ်ပြနေတဲ့ အချိန်မှာတော့ ငါ့ကိုမနောက်ပါနဲ့ မေနှင်းစက်ရယ်…”

    ” ငါနောက်နေတာမဟုတ်ဘူး မြတ်သော်…။ ငါနိုင်သွားပြီ…။ နင်လည်း တကယ်ကိုဒီပွဲမှာရှုံး သွားပြီ…။”

    “မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…။ နင်က ဘာလို့နိုင်ပြီး…။ ငါကဘာလို့ရှုံးသွားရတာလဲ…”

    တစ်ဘက်တွင် မြတ်သော်သွေးရူးသွေးတမ်းဖြစ်နေသလောက် တစ်ဘက်မှာတော့ မေနှင်းစက် မျက်နှာတစ်ခုလုံး ကျေနပ်တဲ့အပြုံးတွေနဲ့ ရွှံ့ရှာဖွယ်ကောင်းလောက်အောင်ကို ဝေဆာလှပ နေပြီ ဖြစ်ပါတယ်..။

    “ပြောပါ…ပြောစမ်းဘာ…။ ငါက ဘာလို့နင့်ကိုရှုံးသွားရတာလဲ…။ နင်ကငါ့ဆီက ဘာကိုငါမသိ အောင် ယူလိုက် နိုင်လို့လဲ…”

    တစ်ဘက်မှာ မေနှင်းစက် ပြုံးနေမှာသေချာပါသည်…။

    “နင်မသိဘူးလား…။ အချစ်လေ….။ ငါနင့်ဆီက အချစ်ကို နင်မသိခင် ငါရအောင် ယူလိုက် နိုင်ပြီ….။ နင်ကိုယ်တိုင်ပဲ စောစောက၀န်ခံသွားတာလေ…။နင့်အချစ်တွေ ငါ့ဆီဘယ်တုန်းက ရောက် သွားလိုက်လဲ ဆိုတာနင်ကိုယ်တိုင်တောင် မသိလိုက်ရပါဘူးဆို…။ ကဲဒါဆို နင်သဘော ပေါက်လောက်ပါပြီ…။ နင်တောင်းတားတဲ့ အဖြေကိုပြန် ရုပ်သိမ်းဖို့ ပြောရင်း ငါတို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုကိုဒီမှာပဲ အဆုံးသတ် လိုက်ကြစို့လို့ပဲ ငါပြောပါရစေ…။ ဒါပဲ မြတ်သော်…။ ငါဖုန်းချလိုက်ပြီ….။ ငါလည်းနင့်ဆီကို နောက်ထပ် ဘယ်တော့မှထပ် မဆက်သွယ်တော့ဘူး။ ရှက်တတ်မယ်ဆို နင်လည်းင့ါဆီကို နောက်ထပ် ဘယ်တော့မှ ထပ်ပြီး မဆက်သွယ်ပါနဲ့လို့…။  ငါနှုတ်ဆက်ခဲ့ပါ တယ်….။

    ဇတ်သိမ်း

    ခဏလောက် ပြန်ခေါက်သိမ်းထားလိုက်
    ဒီ မျှော်လင့်ချက်တွေ
    မနက်ဖြန်မှ အတူကြိုးစင်တက်ကြတာပေါ့…။
    BLACK DREAM

    မေနှင်းစက် လှပစွာပြုံးလိုက်ပါတယ်…။ သူ့ခေါင်းထဲမှာလဲ တွေးနေမိတာတစ်ခုပဲ ရှိပါတယ်…။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အရုပ်တစ်ရုပ် အမြန်ဆုံး ထပ်မံရှာ ဖွေရပေဦးမယ်….။

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    16 Responses to “အချစ်ကို ခိုးယူစားသုံးကြသူများ”

    1. အကိုရေ ဇာတ်လမ်းလှတယ်ဗျာ
      ဆွဲခေါ်သွားတာ မိုက်တယ်။
      နောက်ဆုံးဇာတ်သိမ်း နှစ်မျိုးဖြစ်စေတဲ့ ပုံစံလေးနော်။
      စာရေးဆရာလိုချင်တဲ့ ဇာတ်သိမ်းလေး ဆွဲယူလို့ရတယ်။
      ပထမတော့ ကျတော်နဲ့ တူလားလို့ တကယ်များဇာတ်သိမ်းတူနေရင်တော့
      သွားပါပြီ။ တေပြီဆရာပဲ အကိုရေ

      Like or Dislike: Thumb up 0 Thumb down 0

    2. တိန် … :P

      Like or Dislike: Thumb up 0 Thumb down 0

    3. မေနှင်းစက်က ဖုန်းချလိုက်တာလား…..ဖုန်းချက်လိုက်တာလား……ဟိ..ဟိ။ သေချာပြော…….. :P

      Like or Dislike: Thumb up 0 Thumb down 0

    4. (((ကတောက်))) မိုက်တယ်ကွာ… မဲကြီးကဆို တစ်ပုဒ်ဆို တစ်ပုဒ် ဟုတ်ပါပေတယ်… ညက်ညက်လေး ဆွဲခေါ်သွားတယ်…း)

      Like or Dislike: Thumb up 0 Thumb down 0

    5. အန်း… ဖတ်လို့ကောင်းကောင်းနဲ့ ဖတ်လာတာ “ကြေနပ်”ဆိုတဲ့ နေရာလည်း ရောက်ရော ကွန်မန့်လာရေးမိတာပဲ။ “ကျေနပ်”ပါဗျာ။ “တတက်တအား”လည်းမဟုတ်ပါဘူး။ “တစ်တပ်တစ်အား”ပါ။ “ဖုန်းချက်”ကတော့ စာရိုက်တာမှားတာနေမှာပါနော်။ ဆရာလုပ်တာ မဟုတ်ရပါဘူးရှင်။ သတ်ပုံမှားတာတွေ့ရင် မနေနိုင်လွန်းလို့ပါ။ အခုဒီပို့စ်လေးဆို တွေးထားတဲ့ထောင့်လေးကကောင်းပြီး ဖတ်ရတာ ဒန်ပေါက်ကြားသဲပါနေသလိုပဲ။ စိတ်ဆိုးနဲ့နော်။ နေ့အိပ်မက်မှားတာရှိရင်လည်း ပြောပါ။ ပြင်ပါ့မယ်။

      Like or Dislike: Thumb up 0 Thumb down 0

    6. အစ်ကိုရေ..မင်္ဂလာပါ..
      စာတွေ လာလာဖတ်ပါ့မယ်..လင့်ခ်ထားချင်ပါတယ်
      ခွင့်ပြုပါ..
      နောက်ကို လာရတာ လွယ်အောင်လို့ပါ

      Like or Dislike: Thumb up 0 Thumb down 0

    7. ကိုမဲကြီးရေ စာလေးတော့ အရမ်းသဘောကျတယ်ဗျာ။စာဖတ်သူကို အဆုံးအထိဆွဲခေါ်
      သွားနိုင်တာကိုကလေးစားအားကျစရာပါဗျာ။
      ဒါပေမဲ့ ကျနော်ခံစားမိတာလေးပြောပြမယ်နော်… ဒီလိုပါဗျာ……………..
      ကျနော်ဆိုရင် ဒီလိုမိန်းကလေးမျိုးဆိုရင်တော့ ရင်ထဲကထုတ်ပစ်လိုက်ပြီဗျ။စဉ်းစားကြည့်
      လေ ကိုယ့်ကိုလဲ အရှုးလုပ်တယ်(မချစ်ရင်မချစ်နိုင်ဘူး…ဗျောင်ပြောပေါ့ဗျာ)အခုဟာက
      တဖက်လူကို တမင်နှိပ်ကွပ်တာပဲဗျ။ပြီးတော့ ကိုယ်ကတသက်လုံးလုပ်ကျွေးရမှာလေ၊
      ပြီးတော့ မယူခင်ကထဲက အဲဒီလောက်ကြောက်နေရရင် ယူပြီးသွားရင်တော့…………
      မစဉ်းစားရဲဘူးဗျ။ကျနော်ဆိုလိုတာက မိန်းမတွေကို အနိုင်ယူထားဖို့မဟုတ်ပါဘူး…..
      နှစ်ဦးနှစ်ဖက်အဆင်ပြေပြေညှိနှိုင်းဖို့ပါ အခုဟာကတော့ တဖက်သက်ကြီးဖြစ်နေလို့ပါ။
      ယောကျာင်္းသိက္ခာကျသလိုပဲဗျ ဟီဟီ ဆရာလုပ်တာတော့ မဟုတ်ပါဘူး ခံစားရတာလေးကိုပြောပြတာပါဗျာ။

      Like or Dislike: Thumb up 0 Thumb down 0

    8. ရက်စက်တယ်ဗျာ…လုပ်ရက်တယ်…ဖတ်လို့ အရမ်းမိုက်တယ်…

      Like or Dislike: Thumb up 0 Thumb down 0

    9. အရမ်းကောင်းတယ် အရင် ပို့စ်တွေထက်ပိုကောင်းသလိုပဲ မိုက်တယ်

      Like or Dislike: Thumb up 0 Thumb down 0

    10. ကိုယ်ပါရောယောင်ပြီး အခိုးခံလိုက်ရသလိုပဲ… :D

      Like or Dislike: Thumb up 0 Thumb down 0

    11. “ငါ့ကို ခဏလောက်တော့
      စစ်ပြင်ဆင်ခွင့်ပေးပါ
      နှလုံးသား စစ်မြေပြင်မှာ
      ပိုးစိုးပက်စက် ငါကျရှုံးချင်လို့…။” အဲဒီစာကြောင်းကနေ ဆွဲခေါ်သွားလိုက်တာ ပြီးတဲ့အထိပါပဲ။ ကောင်မလေး ရက်စက်တော့မယ်ဆိုတာ ကြိုသိနေပေမယ့် အရေးအသားကြောင့် ဇာတ်လမ်းရဲ့ဆွဲဆောင်အားက လျော့မသွားခဲ့ဘူး။ ကိုဦးရေ… နောင်လည်း (စိတ်ချမ်းသာစွာနဲ့) ဒီလိုစာတွေ အများကြီးရေးနိုင်ပါစေမောင်လေး…

      Like or Dislike: Thumb up 0 Thumb down 0

    12. ရက်စက်တယ် ရက်စက်တယ် ပိုးစိုးပက်စက်ကို ရက်စက်တယ် ဇာတ်လမ်းကရော ။ ရေးတာကောင်းတာရော ။
      ဟီး ။ တော်သဗျာ ဘရိုက ။ :)

      Like or Dislike: Thumb up 0 Thumb down 0

    13. ဘယ်လိုပြောရမှန်းတောင် မသိတော့ဖူး။ အစ်မတော့ အဲ့လိုလုပ်ရက်ပါဖူးဟား(
      ဒီကောင်လေး ဘယ်လိုခံစားပြီးများရေးသလဲမသိ…

      ( စာလုံးပေါင်းမှားတာ အိပ်ချင်မူးတူးနဲ့ ရိုက်လို့ဖြစ်နိုင်သည် )

      Like or Dislike: Thumb up 0 Thumb down 0

    14. မိုက်တယ်ဗျို့ CHEERS… ကဗျာလေးတွေကို ထပ်ပီး tempo မြှင့်ပါဦးဗျ.. အသွားအလာ အရမ်း ကောင်းပီး စာသားက တော်တော်ပျော့တယ် ဘာလို့လည်းဆိုတော့ ဟိုဝတ္ထုနဲ့ မလိုက်ဘူးထင်တယ်ဗျ =D

      Like or Dislike: Thumb up 0 Thumb down 0

    15. ကိုယ်တိုင်ကပဲ မေနှင်းစက်လို လူမျိုးဖြစ်နေလို့လား မသိဘူး ..
      မြတ်သော်က ဦးနှောက်မရှိတာလည်း ပါပါတယ်
      မေနှင်းစက် မေးတာ အသိသာကြီး ။

      Like or Dislike: Thumb up 0 Thumb down 0

    16. စိတ်ဝင်စားစရာတွေ မွှေရင်း မကောင်းတဲ့ မျက်စိအာရုံကို မနည်းစိုက်ပီး ဖက်သွားတယ် … တကယ်ကောင်းတယ်ရှင့်

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply