ပေးစာ….
သို့……..
…………..အတိတ်
ငါသတိရခြင်းများစွာနဲ့ စာရေးလိုက်တယ်ကွာ…။ မင်း အရာရာအဆင်ပြေမယ်လို့ ငါထင်ပါတယ်…။ ငါလား? ငါက တော့ ထုံးစံအတိုင်း ပြောရရင်တော့ “ဒီလိုပါပဲ”…. ပေါ့ကွာ ! ဘာလိုလိုနဲ့ မင်းနဲ့ငါတောင် မတွေ့တာ တော်တော်ကြာ ခဲ့ပြီပဲ…။ အတိအကျဆိုရင် ငါတို့ ဗဟိုအမျိုးသမီးဆေးရုံမှာ စပြီးလမ်းခွဲခဲ့ကတည်းကပေါ့…။ အင်း ၂၄ နှစ်လောက် တော့ ရှိပြီထင်တာပဲ…။ အမှန်က ငါမင်းကို သတိရနေတာကြာပါပြီ…။ စာလည်းရေးချင်နေတာ ကြာပြီ…။ ဒါပေမယ့် ကွာ…။ အဲ…။ ဒါပေမယ့်ဆိုလို့…။ အရာရာတိုင်းမှာ ဒါပေမယ့်ဆိုတာ ရှိတယ်ဆိုတဲ့ ငါပြောခဲ့ ဖူးတဲ့စကား ကိုကြားပြီး သက်သက် ဆင်ခြေပေးနေတာပါဆိုတဲ့ အပြုံးမျိုးနဲ့တော့ မပြုံးလိုက်နဲ့ဦး…။ တကယ်ကို မအားဘူးကွာ…။ လက်ရှိအချိန်မှာ ငါ, ကနေရတဲ့ ဘ၀ရဲ့ဇာတ်ကွက်တွေက တစ်ကွက်ထက် တစ်ကွက်ပိုပိုပြီး ရှုပ် ထွေး ဆန်းကျယ်လာနေတော့ ခက်သားလားကွာ…။ ဒါတွေကို မင်းလည်း သိသင့်သလောက်တော့ သိမယ်လို့ ငါထင်ပါတယ်…။
ခုန်ချလိုက်တော့
သတိရခြင်း ချောက်ကမ်းပါးက
နှလုံးသားထိအောင် နက်လေရဲ့…။
BLACK DREAM
ဒါတွေထားလိုက်ပါကွာ…။ ငါအဓိက ပြောချင်တာက အဲ့ဒီ့အကြောင်းတွေ မဟုတ်ဘူး…။ တကယ်ပါကွာ…။ မင်းနဲ့ ငါ အတူတူရှိခဲ့တဲ့ အချိန်တွေကို ငါအရမ်းသတိရတယ်…။ မင်းဟာ ငါ့အတွက်တော့ ဘ၀မှာ ဘယ်လိုမှ ဖျောက် ဖျက်ပြစ်လို့မရနိုင်တဲ့ အမှတ်တရများစွာကို ပေးခဲ့တဲ့ကောင်ပါ။ မင်းနဲ့အတူရှိခဲ့တဲ့ အချိန်အချို့မှာ ငါမျက်ရည် တွေကျတဲ့အထိ ငိုခဲ့ဖူးတယ်…။ တစ်ခါတစ်လေတော့လည်း မျက်ရည်တွေ ထွက်တဲ့အထိ အားရပါးရ ရယ်မောခဲ့ ကြဖူးတယ်…။ ငါမေ့ပါဘူးကွာ…။ တစ်ခါတစ်လေတော့လည်း ငါပြန်စဉ်းစားမိတယ်…။ မျက်ရည်တွေကျခဲ့တာခြင်း အတူတူ လူတွေဘာကြောင့်များ နာကြည်းချက်တွေနဲ့ ၀မ်းနည်းစရာတွေကိုပဲ ပိုပို သတိရမိနေကြလဲမသိပါဘူး? အင်းလေ…။ ဒါကလည်း လူတွေရဲ့ ပင်ကိုယ် မွေးရာပါ အဆိုးမြင်တတ်တဲ့ စိတ်တစ်ခုကြောင့်ပဲ ဖြစ်မှာပါ…။ ဘာပဲ ဖြစ်ဖြစ် ငါတို့တစ်တွေ အတူတကွ ခံစားချက်အစစ်တွေကို ထုလုပ်ခဲ့ကြတယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး…။
တကယ်တော့
သတိဆိုတာ…
ဘ၀နဲ့ရင်းပြီး အာမခံထားရတဲ့
မျက်မှန် တစ်လက်ပေါ့…။
BLACK DREAM
အရင်တစ်နေ့ကတောင် မင်းရဲ့ ညီအငယ်ဆုံးကောင်တွေ ဖြစ်တဲ့ “မနေ့က” နဲ့ “ဟိုတစ်နေ့က” ကို ငါ အမှတ် တမဲ့တွေ့လိုက်သေးတယ်…။ ဒီကောင်တွေလည်း တော်တော်ပြောင်းလဲ သွားကြပြီနော်…။ ငါတို့တွေ စတွေ့ တုန်းက ဒီကောင်တွေ မွေးတောင် မမွေးသေးဘူး…။ အခုတော့လည်း တော်တော်တောင် အရွယ်ရောက်နေကြ ပြီ..။ ဟုတ်တော့လည်း ဟုတ်ပါတယ်ကွာ…။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ ဒီလောကကြီးထဲမှာ ဘယ်တော့မှ မပြောင်းလဲတာ ဆိုလို့ ပြောင်းလဲခြင်းတစ်ခုပဲ ရှိတယ်မလား…။ ထုံးစံအတိုင်း တစ်ခုတော့ရှိတယ် “ဒါပေမယ့်” ပေါ့ကွာ…။ အဲ့ဒီ့ ပြောင်းလဲခြင်းကိုယ်တိုင်ကရော တစ်နေ့နေ့မှာ မပြောင်းလဲနိုင်ဘူးလို့ မင်းအာမခံနိုင်ပါ့မလား? ငါကတော့ ဒီကောင့်ကို သတိလက်လွှတ်နဲ့ လွှတ်မထားပဲ နဲနဲတော့စောင့်ကြည့်ဖို့ လိုမယ်လို့ထင်တယ်…။
တစ်ကယ်တော့ (လွမ်းဆွတ်) သတိရခြင်းဆိုတာ
အတိတ်နဲ့ ပစ္စုပ္ပန်
တစ်ထပ်တည်းကျသွားတဲ့
ခပ်ပါးပါး အချိန်ကာလလေး တစ်ခုပေါ့…။
BLACK DREAM
ပြောင်းလဲခြင်းအကြောင်း ပြောတော့ ငါတစ်ခုသတိရမိတယ်..။ မင်းမှတ်မိဦးမလားတော့ မသိဘူး…။ မင်းနဲ့ ငါနဲ့ အကြီးအကျယ် ငြင်းခုံခဲ့ကြရတဲ့ဟာတစ်ခုလေ…။ မှတ်မိမှာပါ…။ အနိစ္စ သဘောတရားနဲ့ ပတ်သတ်ပြီးတော့လေ။ အဲ့ဒီ့တုန်းက ငါကပြောတယ်…။ “လောကမှာ ရှိတဲ့အရာတွေဟာ ဘယ်အရာမှ မမြဲဘူး..။ အားလုံးဟာ ဖြစ်ပြီးရင်၊ ပျက်တယ်…။ ပျက်ပြီးရင်… လွှင့်ပြစ်တယ်…( အဲမှားလို့) ပျက်ပြီးရင်…..ပြန်ဖြစ်တယ်။ ဒီလိုတွေ အဖြစ်နဲ့အပျက် ဆိုပြီး အမြဲတမ်း လည်ပတ်နေလို့ အနိစ္စသဘော တရားဆိုတာ တည်ရှိနေတာ” …….. လို့ပြောတော့ မင်းက “ဟုတ်တယ်လေ” လို့ ပြန်ပြောတယ်။ ဒါနဲ့ ငါက ဆက်ပြောတယ်..။ “ဟုတ်ပြီ ဒါဆို…။ လောကမှာ အဲ့ဒီ့အရာတွေ အမြဲတမ်း ဖြစ်၊ ပျက်နေသရွေ့ ဒီအနိစ္စ သဘောတရားကြီးက အမြဲတမ်းတည်ရှိနေမှာပေါ့…။ သူများတွေကြတော့ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ သူကြတော့ သူများတွေ ဖြစ်၊ ပျက်နေသမျှ ဘယ်တော့မှ မပျက်စီးတော့ဘူးပေါ့ ? ဒါဆို သူကိုယ်တိုင်က နာမည်ယူပြီး ခေါင်းခံထားတဲ့ ဒီသဘောတရား(သဘာဝကြီး) ကို သူကိုယ်တိုင်ကြ လိုက်မလုပ်ပဲ ဖောက်ဖျက်ရာ ရောက်မနေဘူးလား?”
“မင်းလည်း ငယ်ငယ်တုန်းက သိပ္ပံဘာသာတွဲမှာ အမှား၊ အမှန် ရွေးရတဲ့ ဓမ္မဓိဌာန် မေးခွန်းတွေ ဖြေခဲ့ဖူးမှာပေါ့…။ ဆိုလိုတာက သိပ္ပံသဘောတရားနဲ့ ကြည့်မယ်ဆိုရင် ၉၉ ခုသောအရာ တွေ အတွက်မှန်နေပါစေ။ ကျန်တဲ့ တစ်ခု အတွက်မှားနေတယ် ဆိုတာနဲ့ ငါတို့ အမှားလို့ သတ်မှတ်ပြီး အဖြေနေရာမှာ အမှားကို ထည့်ရတယ်မလား…? ဒါဆိုရင် တစ်လောကလုံးအတွက် မှန်ပါတယ်ဆိုတဲ့ ဒီအနိစ္စ သဘော တရားကြီးက သူကိုယ်တိုင်အတွက် ကျ တော့ မှားမနေဘူးလား? ဒီလိုဆို ဒီသဘောတရားကြီးက အပြည့်အ၀မှန်တယ်လို့ ငါတို့ ပြောနိုင်ကြပါအုံးမလား? ဒါဆို ငါတို့ ထည့်ရမယ့် အဖြေက…..?” မှတ်မိပါသေးတယ် အဲ့ဒီ့တုန်းက မင်းပြန်ပြောတဲ့စကား “ဒိဌိ! မြေမြိုမဲ့ ကောင်တဲ့” …။ ငါပြန်ပြောတာရော မှတ်မိလား? “ဟကောင်မှားနေတယ်…။ ဒိဌိ ဆိုတာ မြန်မာလို အမြင်လို့ပဲ အဓိပ္ပါယ်ရတယ်…။ မိစ္ဆာဒိဌိ ဆိုမှ မင်းပြောချင်တဲ့ ဆိုလိုရင်းကို ရောက်မှာကွ…!” ဆိုပြီးတော့လေ။
မင်းနဲနဲ ခေါင်းရှုပ်သွားပြီထင်တယ်…။ ထားလိုက်ပါကွာ…။ အဲ့ဒီ့အနိစ္စသဘောတရားကြီးက ဒီဘက်ခေတ်ကြီးထဲ မှာ ကုန်ဈေးနှုန်းလောက် အရေးပါတော့တာမှ မဟုတ်တာ…။ ငါက သတိရလို့ အမှတ်တရ ပြန်ပြောပြတာပါ…။ တစ်ခါတစ်လေတော့လဲ ဒီလိုပဲပေါ့ အဟောင်းတွေ ပြန်ပြောရင်…။ အစုတ်တွေ ဖြစ်သွားတာပေါ့…။ အံမယ်…။ ဟေ့ကောင် မင်းမရယ်နဲ့..! ငါ အကောင်းပြောတာ…။ အဟောင်းတွေကို ပြန်ပြော၊ ပြန်သုံးမှတော့ ဘယ်လိုလုပ် အသစ်ဖြစ်လာနိုင်စရာ အကြောင်းရှိတော့လို့လဲ…။ ဖြစ်ခြင်းဖြစ် ဟောင်းရာကနေ စုတ်သွားဖို့ပဲ ရှိတော့တယ် မလား..? အဲ့ဒါ ခက်တာ တစ်ခါတစ်လေ ငါတို့ ခေါင်းတွေနဲ့ စဉ်းစားမဲ့အစား ခြေထောက်တွေနဲ့ ပြောင်းပြီးတွေး သင့်တယ်…။ အဲ့ဒီ့လို ခြေထောက်တွေနဲ့ ငါတို့ရဲ့ အတွေးအခေါ်တွေက အောက်ခြေကစပြီးတွေးတတ်လာမယ် ဆိုရင် အခုလက်ရှိ ထက်ပိုပြီး အခြေခိုင်မာ၊ တန်ဖိုးရှိတဲ့ အတွေးအခေါ်တွေ ထွက်မလာနိုင်ဘူး လို့ မင်းပြောနိုင် မလား? မယုံမရှိနဲ့ ဒီခေတ်ကြီးမှာ ခြေထောက်နဲ့တွေးတဲ့ကောင်တွေက ခေါင်းနဲ့တွေးတဲ့ ကောင်တွေကို အုပ်ချုပ် နေပြီကွ! မင်းဘာသိလို့လဲ…? အဲ့ဒီ့လူတွေက တော်ရုံပညာရှင်တွေ မဟုတ်ဘူး…။ တော်တော်လေးစား ဖို့ ကောင်းတဲ့သူတွေကွ…။ ဟွန်း!
တကယ်တော့ ဘ၀ဆိုတာ
“ကွက်လပ်ဖြည့်ပါ” ဆိုတဲ့ ခေါင်းစဉ်အောက်က
အပေါက်ပေါင်းများစွာနဲ့ မေးခွန်းတစ်ခုပေါ့…။
BLACK DREAM
ငါလည်း စာရေးချင်လွန်းလို့သာ ရေးနေရတာဆိုတော့ စိတ်တွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက် နဲ့ စာတွေက အဆီအလျှော်တည့်ချင်မှလည်း တည့်မယ်…။ ကိုယ့်ဘာသာကိုယ်သာ ဖြည့်တွေးလိုက်ကွာ…။ လောကမှာ ဖြည့်တွေးပေးနိုင်တဲ့ ပညာရပ် (သို့မဟုတ်) အသိတရား (သို့မဟုတ်) အသိဥာဏ် (သို့မဟုတ်) အရည်အချင်း တစ်ရပ်ဆိုတာလည်း မဖြစ်မနေ ရှိကိုရှိနေသင့်တဲ့ အရာတစ်ခုပဲ မဟုတ်လား…။ နားရှုပ်သွားသ လား? မင်းနားလည်အောင် အလွယ်ဆုံးနဲ့ အရှင်းဆုံး ဥပမာတစ်ခုပေးမယ်ကွာ…။ ဥပမာ…။ ဖြည့်တွေးပေးတတ် တဲ့ စိတ်သာမရှိဘူးဆိုရင် ဟိုနိုင်ငံကွာ..။ ဘယ်နိုင်ငံလဲမသိဘူး..။ ငါ့နှယ် ပါးစပ်ဖျားလေးတင်…။ အေးကွာ..။ ထားလိုက်…။ အဲ့ဒီ့နိုင်ငံရဲ့ ရုပ်ရှင်လောက ဆိုတာ တိမ်မြုပ်သွားတာ ကြာရောပေါ့…! ဒီလောက်ဆို မင်းသဘော ပေါက်ပါပြီ…။
ငါတို့လည်း ဘ၀တစ်လျှောက်လုံး ဖြည့်လိုက်ရတဲ့ အပေါက်တွေကွာ…။ ငါတို့က အပေါက်တွေ လိုက်ဖြည့်လိုက်။ အပေါက်တွေက ငါတို့ကို လိုက်ဖြည့်လိုက်…။ ဒီလိုနဲ့ပဲ ငါတို့နဲ့ ဘ၀တွေနဲ့…။ ဘ၀တွေနဲ့ အပေါက်တွေနဲ့….။ အပေါက်တွေနဲ့ ငါတို့နဲ့….။ ဘယ်သူက ဘယ်သူ့ကို ဖြည့်နေမှန်းတောင် မသိတော့ပါဘူး ကွာ…။ တစ်ခါတစ် လေတော့လည်း ငါတို့ ခံစားချက်တွေနဲ့ ဖြည့်ကြတယ်။ တစ်ခါတစ်လေတော့ အသိတရားတွေနဲ့ ဖြည့်ကြတယ်။ တစ်ခါတစ်လေတော့ ထင်ရာမြင်ရာ နံကြားထောက်ပြီး ဖြည့်တာလည်း ရှိတာပေါ့…။ တတ်နိုင်ဖူးလေ…။ အရေး ကြီးတာက အပေါက်တွေ ပြည့်သွားဖို့ပဲ မဟုတ်လား…? သေချာတာ တစ်ခုကတော့ မနက်ဖြန်တိုင်းမှာ ငါတို့ ဖြည့်ရမယ့် အသစ်အသစ်သော အပေါက်တွေ ရှိနေအုံး မယ်ဆိုတာပဲ….။
သြော်…။ ဒါနဲ့ အခုမှ သတိရတယ်…။ မနက်ဖြန်ဆိုလို့….! ငါမင်းကို “မနက်ဖြန်” အကြောင်းပြောပြရအုံးမယ်..။ ဒီကောင်ကြီးလဲ မင်းနဲ့ငါ့လိုပါပဲ…။ ငါတို့စပြီးလမ်းခွဲခဲ့ကြတဲ့ နေ့ကတည်းက မတွေ့တာ…။ ဒီကောင်ကြီးနဲ့ဆို ပို တောင် ဆိုးဦးမယ်…။ ငါတို့လမ်းမခွဲခင် ထက်တစ်ရက်တောင် ပိုစောပြီး ဒီကောင်ကြီးနဲ့ ခွဲခဲ့ရတာလေ…။ ဒီကောင်ကြီးအကြောင်းတော့ ပြောမနေပါနဲ့ကွာ…။ အခုဆို ဒီကောင်က လောကကြီးထဲမှာ တော်တော်ကို အရေးပါ အရာရောက်တဲ့ ဆရာကြီး ဖြစ်နေပြီကွ…။ လူတွေရဲ့ နှုတ်ဖျားတိုင်း၊ အိပ်မက်တိုင်းမှာ ဒီကောင်ကြီးက တကယ့် ဆရာကြီးပဲ…။ ဘာကြောင့်မှန်းတော့ မသိပါဘူးကွာ အားလုံးက သူ့ကိုဆို တော်တော်ရှိန်ကြတယ်ကွ။ အလကားပါ…။ အဲ့ဒီ့ ရှိန်တယ်ဆိုတဲ့ စကားက ဒီကောင်သူ့ဘာသာ မာန်တက် လို့ပြောတာ…။ အမှန်က လူတွေ က ဒီကောင့်ကို ရွှံ့ကြောက်ကြီး ဖြစ်နေတာကွ…။
တစ်ကယ်တော့ ကံကြမ္မာဆိုတာ
လူတွေ ကိုယ့်အပြစ်ကိုယ် ၀န်မခံချင်လို့
စွန့်ပြစ်လိုက်တဲ့ အပြစ်တွေ စွန့်ပြစ်ရာ
အမှိုက်ကျင်းကြီး တစ်ခုပေါ့…။
BLACK DREAM
သိတယ်မလား…။ ဒီကောင့်မှာက လူတွေသေမတတ်ကြောက်ပါတယ်ဆိုတဲ့ ကံကြမ္မာဆိုတဲ့ အရာကြီးကို ချုပ်ကိုင် နိုင်ခွင့်ရှိနေတယ်လေ…။ ဒီတော့လည်း လူတွေက ဒီကောင့်ကို ကြောက်ပြီပေါ့ကွာ…။ လူတွေက နဂိုကတည်းက အားငယ်တတ်ရတဲ့ကြား…။ သူရောက်လာတော့မယ်ဆိုတာနဲ့…။ ဘာတွေများ ဖြစ်လာမလေလဲဟဲ့ ဆိုတဲ့ အတွေးတွေနဲ့တင် သူ့ကို တော်တော် ကြောက်နေကြပြီ…။ ဒီကောင်ကလည်း သိတဲ့အတိုင်းပဲ…။ ငယ်ငယ်က အကျင့်ပျောက်တာမဟုတ်ဖူး…။ ကြောက်ပါတယ်ဆိုလေ…။ ဖြဲချောက်လေပဲလေ…။ ဘယ်သူသင်ပေးလိုက်မှန်းမ သိတဲ့ မျက်လှည့်ပညာ ဒီကောင်တတ်နေတာကိုက လူတွေ ငါးပါးပေါက်ဖို့ ဖြစ်ကုန်တာပေါ့…။ လူတွေခမြာ သနား စရာကွာ…။ ဒီကောင်လုပ်သမျှ မျက်လုံးလေး ကလယ်…ကလယ်နဲ့…။ ငါဖြင့် တစ်ခါတစ်လေကြည့်ပြီး သနားတောင် သနားတယ်…။ အမှန်အတိုင်း ပြောရရင် တစ်ခါတစ်လေတော့လည်း အဲ့ဒီ့ လူတွေကိုကြည့်ပြီး ရယ် ချင်တယ်ကွာ…။
အမှန်က လူတွေ ဒီကောင့်ကို ကြောက်တယ်ဆိုတာ သူတို့ကိုယ် သူတို့ မယုံကြည်ကြလို့ကွ..။ တစ်ကယ်တမ်း သာ လူတွေကိုယ့်ကိုယ်ကို ယုံကြည်ကြမယ်ဆိုရင် ဒီကောင့်ကို ကြောက်စရာမလိုဘူး..။ ကိုယ့်ကိုယ်ကို ယုံကြည် တဲ့သူတွေကတော့ သူ့လိုကောင်ကို ဘယ်ကြောက်ကြလိမ့်မတုန်းကွာ…။ ဒီကောင့်အတင်းသာ အုပ်နေရတာ…။ ပြောရင်း ဒီကောင်ကြီးကိုတော့ တွေ့ချင်သားကွာ…။ ငါဒီကောင်ကြီးရှိတဲ့ နေရာကို နေ့တိုင်းရောက် အောင်သွား ပြီး တွေ့ဖို့ကြိုးစားတယ်…။ ဒါပေမယ့် ဒီကောင့်ကို အခုချိန်ထိ ငါမတွေ့ခဲ့ရသေးဘူးကွာ…။ ဒီကောင်က နေ့တိုင်း လိုလို ငါ့ထက် ခြေတစ်လှမ်းသာနေခဲ့တယ်ကွ…။
ထားလိုက်ပါကွာ…။ ငါ့စာလည်းတော်တော်ရှည်နေပြီ…။ မင်းနဲ့ငါလည်း မတွေ့ဖြစ်တာ တော်တော်ကြာခဲ့ပြီ…။ နောက်လည်း ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးဆိုတာ ငါသိပါတယ်…။ သတိရတယ် အတိတ်ရာ…။ ငါတို့ ငယ် ငယ်က ပြောခဲ့သလိုပေါ့…။ အဖြစ်အပျက်တွေအားလုံးဟာ မနေ့ကဖြစ်ခဲ့တယ်ဆိုရင်တောင် ငါတို့အတွက်တော့ နောက်ကျလွန်းပါတယ်…။
မှတ်ချက်။ ။ ငါတို့ သုံးယောက် (မင်းရယ်၊ ငါရယ်၊ မနက်ဖြန်ရယ်ပေါ့ကွာ) နေ့ရက်တစ်ခုမှာတော့ အသေအချာ ပြန်ဆုံမှာပဲ…။ အဲ့ဒီ့နေ့ကို မင်းသိပါတယ်…။ ငါတို့အဲ့ဒီ့နေ့ကြမှ မတွေ့ခဲ့ကြရတဲ့ ကာလတွေမှာ ကြုံတွေ့ခဲ့ရတာ တွေကို အတိုးချပြီး စားမြုံ့ပြန်ကြတာပေါ့ကွာ…။
သတိရခြင်းများစွာဖြင့်
မင်းရဲ့အချစ်ဆုံးသူငယ်ချင်း
ဒီနေ့
p.s- ကျွန်တော် ခံစားမိသောကြောင့် ခံစားမိသောအရာကို ခံစားရသလို ရေးထားပါသည်။ စာဖတ်သူများလည်း ဖတ်ချင်လျှင်ဖတ်ပြီး တွေးချင်ရာတွေး၍ ထင်ချင်ရာ ထင်နိုင်ကြပါကြောင်း….။








ဖတ်ပြီး ခေါင်းနဲနဲ မူးသွားတယ်။
တို့က Basic မရှိဘူး။ ဥဏ်မမှီဘူး ပြောရမှာပေါ့။
SMNTL
Like or Dislike:
0
0
ရေရေလည်လည် (ဘယ်လို ချီးကျူးရမှန်းကို မသိအောင်) မိုက်တယ်ဗျို့…။
Like or Dislike:
0
0
ကောင်းတယ်ကွာ .. ပြတ်ပြတ်ပြောရရင်…
အကို့ဆီမှာ ပြန်ရှဲထားတယ်…
ချမ်းမြေ့ပါစေ ညီရေ့…
Like or Dislike:
0
0
ဘယ်လိုများ စဉ်းစားပြီး ရေးလိုက်တာလဲ ငါ့မောင်ရယ်… ဖတ်ပြီးရင် တွေးပြီး ပြန်ပြန်သွားရတယ်။ ပါးစပ်အဟောင်းသားလေးနဲ့။ တော်လိုက်တာ ဆိုတာထက် ချီးကျူးလို့ရတဲ့ စကားရှိရင် ပြောချင်သေးတယ်။
Like or Dislike:
0
0
အသစ် မရေး၊မရေးနဲ့ ရေးမယ့်ရေးတော့လည်း
အကောင်းစားလေးပါလားးးးး
တွေးတတ်လိုက်တာ….
Like or Dislike:
0
0
ကောင်းမွန်တဲ့ အတွေးအခေါ်လေးတွေ
ပြေပြစ်တဲ့ အရေးအသားလေးတွေ
ညီရေ တော်တယ်လို့ဘဲပြောခဲ့မယ်
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Like or Dislike:
0
0
ဒီနေ့ ရေ မနက်ဖြန် စာလာဖတ်သွားတယ် ..
တစ်နေ့တော့ အေးဆေး စကားပြောကြတာပေါ့..။
ကိုယ်က ညီ့ထက်ပိုအသက်ကြီးတော့ ရှေ့ပိုရောက်နေတော့ မနက်ဖြန်ပေါ့
Like or Dislike:
0
0
နင်ကရေးမယ့်ရေးတော့လဲအကောင်းတွေကြီးပဲ
စိတ်ရှုပ်နေလို့ပဲဒီလောက်ရေးထားတာ…
ဒါပေမယ့်..ဖတ်ရင်းနဲ့နည်းနည်းတော့မူးသွားတယ်
Like or Dislike:
0
0
အင်း ပြန်ရေးတော့လည်း ကောင်းလှချည်လားဟေ။ ကြိုက်လွန်းလို့  ၂ကျော့၃ကျော့ကို ပြန်ပြန်ဖတ်မိတယ်။ ဟုတ်ပါ့ အဲဒီကွက်လပ်ဖြည့်ပါဆိုတဲ့မေးခွန်းကြီးဖတ်ပြီး ငိုင်တွေပြီး စဉ်းစားလိုက်ရ၊ သိတာရှိရင် မြန်မြန်လေး ချရေးလိုက်ရ၊ မသိရင်လည်း နံကြားထောက်ပြီး ဖြစ်ချင်ဖြစ်မောင်ဘချစ်လုပ်လိုက်ရနဲ့  ညီရေ အစ်ကိုကတော့ အပေါက်တွေကို လိုက်ဖြည့်ရင်းက လူကိုယ်တိုင်တောင် ပေါက်တောက်တောက် ဖြစ်ချင်လာပြီဗျား။ ( မှတ်ချက်။ ။ အစိမ်းရောင် စာလုံးများကို အထူးသဘောကျသွားပါကြောင်း )
Like or Dislike:
0
0
ဒါကြောင့်လည်း မင်းကို လေးစားနေတာပေါ့ ဒီနေ့ရယ် .. ရေးလိုက် တွေးလိုက်ရင် အလန် ကြီးပဲ .. မနည်း လိုက်စဉ်းစားရတယ် .. ဒီနေ့ရေ .. ဒီနေ့ ကို မင်းသယ်ရင်း ဒီနေ့ တစ်ယောက် ချီးကျူးသွားပါတယ် … ကိုလင်းထက် လို မနက်ဖြန်တော့ မဖြစ်နိုင်ဘူး ..
ငါ့တို့က သယ်၇င်းတွေဆိုတော့ ဒီနေ့ပဲပေါ့ကွာ
Like or Dislike:
0
0
တကယ်တော့ ကံကြမ္မာက
passive verb ပါ…
subject ဖြစ်တဲ့ငါတို့ active နဲ့ passive verb တွေကို သုံးတတ်ဖို့တော့ အရေးကြီးတာပေါ့… ဟိုတစ်နေ့ကအဖြစ်တွေကို သင်ခန်းစားလုပ်
ဒီနေ့အတွက် အကောင်းဆုံးအသက်ရှင်နေတဲ့ သူအတွက်တော့ ကံကြမ္မာတွေက
မျက်နာပေးတာခံရစမြဲပါ..
မနက်ဖြန်ရေ.. မင်းအတွက်
မျော်လင့်ခြင်းတွေ တည်ဆောက်နေပါတယ်
ယုံကြည်မှု အပြည့်နဲ့ ၀င်လာပါ
Like or Dislike:
0
0
nice post!!!!!
bravo!!!!
ur idea is so awesome.
i will be ur fan forever.
Like or Dislike:
0
0
ဖတ်နေရင်းနဲ့ တချို့နေရာတွေမှာ ပြုံးမိတယ်၊ တချို့နေရာတွေမှာ တွေးမိတယ်။ အစအဆုံးဖတ်ရတာ သိပ်ကောင်းတယ် မောင်လေးရေ။ အစ်မကတော့ အခုချိန်ထိ အတိတ်ကို ကိုယ်နဲ့ခဏခဏ အတူခေါ်ထားမိနေတုန်းပါပဲ။ အမြဲတမ်း ထူးခြားတဲ့ရှုထောင့်တွေကနေ ရေးနိုင်တာကိုတော့ တကယ်ချီးကျူးမိပါတယ် ကိုဦးရေ။
Like or Dislike:
0
0
အားလုံးက ချီးကျူးသွားကြပြီဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး
မင်းခိုက်စိုးစန်..ငိုနေပါဦးမယ်
ပိုစ့်လေးက သိပ်ကိုချစ်ဖို့ကောင်းပြီး ရှုထောင့်ကလည်း လန်းနေတာပဲရော်..အဲလိုတွေးတတ်ချင်လိုက်တာ..
Like or Dislike:
0
0
ားလား မသိ.။ ဝင်ယောင် သွားဦးမှ။ happy birthday ပါဗျာ။
Like or Dislike:
0
0
လာလည်ပါတယ်
အားပေးသွားပါတယ်
Like or Dislike:
0
0
Blogger လင်းထက် said…
ဒီနေ့ ရေ မနက်ဖြန် စာလာဖတ်သွားတယ် ..
တစ်နေ့တော့ အေးဆေး စကားပြောကြတာပေါ့..။
ကိုယ်က ညီ့ထက်ပိုအသက်ကြီးတော့ ရှေ့ပိုရောက်နေတော့ မနက်ဖြန်ပေါ့
****အသက်ပိုကြီးရင် မနေ့က မဟုတ်ဘူးလားးးး
**:D လာဖောသွားတာ
Like or Dislike:
0
0
good shal…
Like or Dislike:
0
0
အဟတ် ငါလည်း ဖတ်ချင်တာဖတ်ပြီးး ထင်ချင်ရာထင်သွားတယ်။
အရေးအသားက ဂု ပဲ ဂု ဂု
Like or Dislike:
0
0
ကိုယ်ပိုင်အတွေးလေးတွေ ရေးထားတာ မိုက်တယ်
Like or Dislike:
0
0
အတွေးရဲလှချည်လားဗျ……
ကောင်းတယ်ဗျာ…….
ကြိုက်တယ် ကိုဒီနေ့ရေ….:P
Like or Dislike:
0
0
တစ်ကယ်တော့ (လွမ်းဆွတ်) သတိရခြင်းဆိုတာ
အတိတ်နဲ့ ပစ္စုပ္ပန်
တစ်ထပ်တည်းကျသွားတဲ့
ခပ်ပါးပါး အချိန်ကာလလေး တစ်ခုပေါ့…။
BLACK DREAM
******************
တကယ်တော့ ဘ၀ဆိုတာ
“ကွက်လပ်ဖြည့်ပါ” ဆိုတဲ့ ခေါင်းစဉ်အောက်က
အပေါက်ပေါင်းများစွာနဲ့ မေးခွန်းတစ်ခုပေါ့…။
BLACK DREAM
********************
တစ်ကယ်တော့ ကံကြမ္မာဆိုတာ
လူတွေ ကိုယ့်အပြစ်ကိုယ် ၀န်မခံချင်လို့
စွန့်ပြစ်လိုက်တဲ့ အပြစ်တွေ စွန့်ပြစ်ရာ
အမှိုက်ကျင်းကြီး တစ်ခုပေါ့…။
BLACK DREAM
*******************
အတွေးတွေက ရှယ်ပါပဲလား ညီလေးရေ။ မိုက်တယ်။
Like or Dislike:
0
0
ဒီနေ့တော့ဒီနေ့နဲ့လာတွေ့ဖြစ်တယ်……
Like or Dislike:
0
0
ဒီနေ့ မနက်ဖြန်ကို ဖတ်သွားပါသည်
တော်တော်ကြောက်စရာကောင်းတဲ့ မနက်ဖြန်
မနက်ဖြန်ကို ကြောက်တောင်ကြောက်လာပြီ
ကောင်းသောမနက်ဖြန်ကိုပဲရောက်ပါစေ…
ပြောင်းလဲချင်းမြန်တဲ့မနက်ဖြန်ကို ကျော်လွှားနိုင်ပါစေ
Like or Dislike:
0
0
Black ကြီး ပျောက်နေပေမယ့် ရေးမယ့်ရေးတော့ ရင်ထဲကိုတည့်တည့်ပဲဟေ့။ ကြိုက်တယ်ကွ။ ငါတို့ အတိတ်ကို သင်ခန်းစာယူ၊ အနာဂတ်အတွက် ပြင်ဆင်သင့်ပြီ။
Like or Dislike:
0
0
ဘော်ဒါကြီးရဲ. အတွေးအခေါ်တွေ လိုက်မမီတော့ဘူးဗျာ။
Like or Dislike:
0
0
တော်တော် တွေးတတ်တာပဲ အစ်ကိုက။ အရင်ကလည်း သိပြီးသားပါ။ ဒါပေမဲ့ ဒီပို့စ်ကို ဖတ်ပြီးတော့ ပိုသိလိုက်တယ်။
Like or Dislike:
0
0
P.S ကိုသဘောအကျဆုံးပဲ…
Like or Dislike:
0
0
ငါလည်း အဲဒီ အတိတ် ဆိုတဲ့ကောင်ကို တစ်ခါတစ်လေတော့ သတိရမိတယ်ကွာ။ မနက်ဖြန်ဆိုတဲ့ကောင်ကိုတော့ ငါအသေအလဲတွေ့ချင်တယ် ။သူနဲ့တွေ့ရင် တစ်ခုခု ဖြစ်လာနိုင်တယ် ။ မင်း ပြောသလိုပြောရရင် ‘မနက်ဖြန်ဆိုတာရှိနေသေးသရွေ့ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာပဲ ‘ ။လောလောဆယ်ငါ အိပ်မက်ထဲမှာ လူးလွန့်နေတယ်ကွာ။
Like or Dislike:
0
0
စာအရေးအသားအတွေးအခေါ်လေးတွေ အတုယူသွားပါတယ်ခင်ဗျား
ဖတ်မှတ်လဲသွားပါတယ်။
Like or Dislike:
0
0
ဟေး
သူငယ်ချင်းကျေးဇူးပဲကွာ
ဘမောင် ဆိုတာနေရာတိုင်းမှာရှိတယ်………..
Like or Dislike:
0
0
ငါဟာအမှောင်ထဲ အလင်းမဲ့ခဲ့သူပါ အချစ်ဆိုတဲ့အရာ ငါတောင်းတမိတာ…….. ဒီကမ္ဘာထဲမင်းမရှိတဲ့ နေရာ… ငါ့မှာ နားခိုစရာဟာဝေးသွား….
Like or Dislike:
0
0
တစ်လိမ်နှစ်လိမ်ပေလိမ်ရှုတ်တယ်လူညာလေးပေါ့ကွယ်.. ပျိုပျိုခင်ကိုချစ်ပါပဲနဲ့ယုံအောင်ချွဲတတ်တယ်
Like or Dislike:
0
0
I like it so much. SO great. It makes me to read again and again.
I even don’t recognize that how many times that I’d already read.
I ‘m proud of ur creation.
Like or Dislike:
0
0