ကျွန်တော်နှင့် တစ်နေ့တာ…
1 views{{{{{{{{{{{{{{{ကလင်}}}}}}}}}}}}}}}}}
“သေဟဲ့ နန္ဒိယ… ငါနောက်ကျနေပြီ”
ဆိုတဲ့အသိနဲ့အတူ သူရုတ်တရက် အိပ်ယာမှ ကမန်းကတန်းကုန်းရုန်းထလိုက်မိပါတယ်။ ထင်တဲ့အတိုင်းပဲလေ..။
“(((((((((((ဒုံး))))))))))))))))”
ကျွန်တော့်ခေါင်းနဲ့ ကောင်းကင်နဲ့ ဆောင့်မိတာပါ…။
“အား…လား…လား… သေပါပြီ”
“သေပစေ! နဲတောင်နဲသေးတယ်….”
ကျွန်တော် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှ ကြိမ်ဆဲနေမိပါတယ်…။ ဒါကြောင့် ကျွန်တော့်ကို အဖေခဏခဏပြော တာပေါ့ “မင်းခေါင်းကို သိပ်မမော့နဲ့ ကောင်းကင်ကနိမ့်နိမ့်လေးကွ…” တဲ့။ အခုတော့ အဖေ့စကားကို အလေးမ ထားမိလို့ ဆောင့်ပြီလေ ခေါင်းနဲ့ ကောင်းကင်နဲ့…။ ဆောင့်ချက်ကတော့ နဲနဲပြင်းတယ်…။ ဒါပေမယ့် တော်သေး တယ် ကျွန်တော့်ဘ၀ ကွဲမသွားဘူး…! ဘုလေးတော့ နဲနဲထွက်သွားတယ်။
” အင်း….။ နောက်တစ်ခါဆို ဘ၀မှာဒီလို ဘုတွေ မထွက်ရလေအောင် သတိထားမှ…။”
တွေးကောင်းကောင်းနဲ့ တွေးနေလိုက်တာ နာရီကိုသတိထားမိတော့… အချိန်က ၇ပေ လောက်ရှိနေပြီ။ သေချာ တယ်…။ နောက်ကျတော့မယ်…။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရေချိုးခန်းထဲ မြန်မြန်ပြေးဝင် မျက်နှာတိုက်၊ သွားသစ် လုပ်…။ တစ်ညလုံး အိပ်မက်တွေပေနေတဲ့ ခန္ဓာကိုယ်ကြီးကို သန့်လိုသန့်ငြား အမြန်ရေချိုးပေးရတော့တာပေါ့။ ကျွန်တော် ရေချိုးပြီးတော့ အချိန်က ၇ ပေနဲ့ ၁၅ လက်မ လောက်ရှိပြီ။ ဒါတောင် တစ်ညလုံးပေနေတဲ့ အိပ်မက် တွေက သိပ်မပြောင်ချင်သေးဘူး။ ထားလိုက်ပါလေ လူတွေက အိပ်မက်တွေကို သိပ်ဂရုစိုက်ကြတာမှ မဟုတ် တာ။ ပြဿနာမရှိ…။ ရေချိုးပြီး အမှတ်တမဲ့ မေးစေ့ကို စမ်းကြည့်လိုက်မိတယ်…။ “ဟိုက်!” ဒီတော့မှ အလန့်တ ကြား သူ သတိရမိလိုက်တယ်။ သူ “အီစီကလီစီ” တွေမရိတ်ခဲ့ရဘူး…။ ဒါလည်းကိစ္စမရှိဘူး…။ ထားလိုက်ပါ…။ ယောက်ျားဆိုတာ “အီစီကလီစီ” လေးရှိမှ တင့်တယ် တယ်မလား??????
ဗီရိုကိုဖွင့်…။ ဒီနေ့ဝတ်ဖို့အတွက် “ကိုယ်ကျင့်တရား” တွေကိုရွေးတော့။ ကျွန်တော် တော်တော်ခေါင်းစားသွား တယ်..။ ပထမဆုံးထွက်လာတဲ့ ကိုယ်ကျင့်တရားက “သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း” ဒီဝတ်စုံ က တော်တော်အခြေအနေဆိုးသည်။ ချဉ်စော်တွေကိုနံလို့…။ ဒါကြီးနဲ့သူ လူတောထဲ မသွားချင်……..။ ထပ်ရှာ တော့…။ ထွက်လာပြန်တယ် နောက်တစ်မျိုး…။ ဘာတဲ့ “ရှဥ့်လဲလျှောက်သာ၊ ပျားလဲဆွဲသာ”ဆိုလား။ အဲ့ဒါကြီး ကလည်း မသုံးတာကြာတော့ မှိုတွေတက်လို့။ နောက်ဆုံး ဗီရိုထောင့်ထဲမှာကပ်နေတဲ့ ကိုယ်ကျင့်တရား တစ်ခု ကိုတွေ့လိုက်မိတယ်…။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုလား။ သင်မကောင်းလျှင်တော့ ဆိုးမိမလားမသိ။ ဒါပေမယ့်လဲ မတတ်နိုင်ဘူးလေ။ ဒီလောက်လေးတော့ ၀တ်မှ။ ဒါတောင် အဲ့ဒီ့ကိုယ်ကျင့်တရားက တော်တော်ကို ကြေမွနေလေရဲ့။ ခြုံပြောရရင်တော့ ကိုယ်ကျင့်တရားတွေက တစ်ခုမှ ၀တ်ချင်စရာမရှိ!
“ဟာ…မထူးပါဘူး။ ဘယ်ကိုယ်ကျင့်တရားမှ မ၀တ်တော့ဘူး…။ ရှုပ်တယ်။ တစ်ချို့လူတွေဆို ရွေးစရာကိုယ်ကျင့် တရား မပြောနဲ့ ၀တ်စရာတောင်မရှိလို့ ကိုယ်ကျင့်တရားမပါပဲတောင် လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ လူတွင်ကျယ် လုပ်နေကြသေးတာပဲ…။”
ဒီလိုတော့ တွေးလိုက်မိပါရဲ့။ ဒါပေမယ့်လည်း လူတောထဲသွားမှာ လူရိုသေရှင်ရိုသေဖြစ်အောင် ကိုယ့်ကျင့်တရား တစ်ခုခုတော့ဝတ်သွားမှ လူရာဝင်မှာပေါ့။ အနဲဆုံးတော့ လူရှိန်တယ်လေ။ ကျွန်တော်တော့ ကိုယ်ကျင့်တရား မပါ ပဲ လူတောထဲသွားရမှာ ရှက်တယ်။ မိမွေးတိုင်း ဖမွေးတိုင်းကြီး………..! ကိုယ်ကျင့်တရားမပါပဲ (သို့မဟုတ်) ကိုယ် ကျင့် တရားမရှိပဲ လူတွေကြားထဲ အာကျယ်အာကျယ်နဲ့ ဟိုလူဟိုဟာလုပ်၊ ဒီလူဒီဟာလုပ်ဆိုပြီး ဆရာကြီး လုပ် နေကြတဲ့သူတွေ မရှက်တတ်ကြဖူးလား မသိဘူး…။ ကျွန်တော်တော့ ရှက်တယ်…။
နောက်ဆုံးတော့ စောစောကပြောတဲ့ “သင်ဆိုးလျှင်၊ ကျွန်ုပ်ဆိုးမည်” အဲမှားလို့ “သင်ကောင်းလျှင်၊ ကျွန်ုပ်မဆိုး” ပါ ဆိုတဲ့ ခပ်နွမ်းနွမ်း ကိုယ်ကျင့်တရားကြီးကိုပဲ ခြုံလိုက်ရတာပေါ့။ အိုကေ….။ ဒါဆို တော်တော်လန်းသွားပြီ…။
“ရွှတ်…။ ရွှတ်…။ ဘာနံ့လဲဟ…?”
ဘာနံ့ရမလဲ…။ လုံးချေပြီး ဒီဗီရိုထဲ အကုန်စုထည့်ထားမှတော့…။ ကျွန်တော်အခုဝတ်ထားတဲ့ ဟာကြီးမှာလည်း တစ်ခြားဟာတွေဆီကနေ အနံ့တွေကူးကုန်ပြီပေါ့။ အနံ့က အောက်သက်သက်နဲ့…။ “တစ်ကိုယ်ကောင်း”စော် နံတယ်…။
“စဉ်းစား…စဉ်းစား…ဘယ်လိုလုပ်ရင် ကောင်းမလဲ…။ ဒီအနံ့ကြီးနဲ့ သွားလို့ကတော့ မဖြစ်ဘူး။ ဟား..! အကြံရ ပြီ..။”
“ရှူး…ရှူး…..”
ဘယ်ရမလဲ…။ ကျွန်တော်ပဲဗျာ…။ တစ်ကိုယ်ကောင်းစော်နံနေတဲ့ ဒီ ကိုယ်ကျင့်တရားကြီးကို ကမ္ဘာကျော် Giorgio Armani က ထုတ်တဲ့ Acqua Di Gio ရေမွှေးအနံ့နဲ့ တစ်ထပ်တည်းတူတဲ့ “ဟန်ဆောင်မှု” တွေဖျန်း လိုက်တာပေါ့။ ဒီလောက်ဆို တော်တော်ကြီးကို အဆင်ပြေသွားပါပြီ…။ မှန်ရှေ့သွားပြီး အ၀တ်အစားကို သပ်သပ် ရပ်ရပ်ဖြစ်အောင်လုပ်၊ ခေါင်းကို ဆီထည့် (အများကြီးမဟုတ်ပါဘူး တစ်ဂါလံထဲပါ။ မှောင်ခိုဈေးတွေကလည်း ကြီး တော့ ကျွန်တော် အပြင်မှာဝယ်မထည့်နိုင်ပါဘူး)၊ ခေါင်းဖြီး…။ ရပြီ…။
“ဟင်…”
အားလုံးပြီးမှ သတိထားမိတယ် ကျွန်တော့်ရှေ့ကဟာကြီးပေါ့။ ဘာကြီးရမှာလည်း လူတွေပြောပြောနေတာ ကြား ရသလောက်တော့ “မှန်” ဆိုလားပဲ။ မှန်လည်း မမှန်ပဲနဲ့ဗျာ…။ အခုလည်းကြည့်လေ…။ ကျွန်တော်က ဘယ်ဘက် လက်မြှောက်ရင် သူက ညာဘက်မြှောက်ပြတယ်…။ ညာဘက်မျက်လုံးမှိတ်ရင် ဘယ်ဘက်မျက်လုံးပြန်မှိတ်ပြနေ တယ်။ ဒီဟာကြီးလည်း မထူးဘူး..။ အရင်တုန်းက ၀ယ်ခဲ့တဲ့ ဟာတွေအတိုင်းပဲ။ တစ်လွဲကြီးပေါ်တယ်…။ ကျွန် တော် တော်တော်ကို ဒေါသထွက်သွားပါတယ်။ အဲ့ဒီမှန်ဆိုတဲ့ ဟာကြီးကို စိတ်ရှိလက်ရှိသာ ကန်ပြစ်လိုက်ချင် တယ်။ အင်း…။ ပြောမယ့်သာပြောရတာ…။ မှန်ကန်ရင်လည်း ကွဲတာပဲ အဖတ်တင်ဦးမယ်…! မဖြစ်သေးဘူး….။ စိတ်နဲနဲလျော့မှ…။ နာရီကို ကြည့်တော့ အချိန်က ၇ပေ ၄၅လက်မ( ၁၀ ပေနဲ့ ၉ လက်မလို့ ဖတ်လည်းရပါတယ်) သေချာတာကတော့ တော်တော်လေးကို နောက်ကျနေပြီ ဆိုတာပါပဲ…။
ကိစ္စ၀ိစ္စတွေ ပြီးတယ်ဆိုရင်ပဲ…။ အိမ်ရှေ့ခန်းကို မြန်မြန်လာ…။ ဖိနပ်စင်ကို ကြည့်တော့…။ ဖိနပ်တွေက အမျိုးမျိုး။ “ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်…။ ရေလိုက်၊ ငါးလိုက်……။ ရုန်းကန်ခြင်း…။ မရေရာမှု…။” စသည်ဖြင့် ဖိနပ်တွေ က အမျိုးကိုစုံလို့။ အချိန်ကလည်း သိပ်မရတော့ လွယ်လွယ်ကူကူ အပေါ်နားမှာ တင်ထားတဲ့ ၀တ်နေကြ “ဖြစ်ချင်တာဖြစ်” ကိုပဲ အမြန်ယူဝတ်လိုက်ပါတယ်…။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်ပဲ ဖိနပ်စင်ဘေးက ခုံပေါ် မှာ အဆင်သင့် တင်ထားတဲ့ လွယ်နေကြ “အတ္တ” ကိုလွယ်။ ဆောင်းနေကြ ” ပြန်မပြော နားမထောင်” ဦးထုပ်ကို ဆောင်းပြီး တစ်နေ့တာ ခရီးကို စဖို့ ဟန်ပြင်လိုက်ပါတယ်….။ သြော်….! တော်သေးတယ်…။ မေ့တော့မလို့….။
ကျွန်တော်အပြင်သွားခါနီးတိုင်း ရွတ်နေကြ ဂုဏ်တော်တစ်ခု ရှိလေရဲ့…။ အစွမ်းလား…? ဘာထက်သလဲမပြောနဲ့ သိချင်ရင် ကိုယ်တိုင်သာ ရွတ်ကြည့်ကြတော့…။
လောဘ ဂုဏော အနန္တော၊
ဒေါသ ဂုဏော အနန္တော၊
မောဟ ဂုဏော အနန္တော…………..။ ။ (သုံးကြိမ် သုံးခါရွတ်ပါ၊ သက်စေ့ရွတ်နိုင်ပါက ပိုအစွမ်းထက်၏)
အားလုံးပြီးတော့ အခန်းထဲကထွက်…။ တိုက်ပေါ်ကဆင်း…။ လမ်းပေါ်ကိုရောက်….။ လူတွေကြားထဲ သူလိုငါလိုပဲ ၀င်ရောလိုက်တော့…..။ မကြာပါဘူး…..။ ကျွန်တော့်လိုပဲ သင့်တော်ရာ သင့်တော်ရာ ကိုယ်ကျင့်တရားတွေဝတ်၊ အနံ့တထောင်းထောင်းထနေတဲ့ “ဟန်ဆောင်မှု” တွေ ဆွတ်ထားတဲ့လူတွေကြားထဲ….။ တစ်စ….တစ်စ……
တိုး……၀င်……မှုန်ဝါး…..ကွယ်…..ပျောက်…..။
You’re currently reading “ကျွန်တော်နှင့် တစ်နေ့တာ…”, an entry on BLACK DREAM
- Published:
- 10.04.08 / 2pm
- Category:
- Essay
- Tags:
- Post Navigation:
- « လွင့်မြောသွားသော အပိုင်းအစများ…
အမှတ်တမဲ့များမှ…အမှတ်တရများစွာ »
