• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် အပျော်ဆုံးအချိန်

    September 19 , 2008 | 679 views


    အခန်း(၁)

    တကယ်တော့ ဘ၀ဆိုတာ
    ဖမ်းချုပ်ဆုပ်ကိုင်လို့ မရတဲ့
    အရိပ်တစ်ခုပါပဲ…..။
    (Black Dream)

    လူတိုင်းမှာ သူတို့အတွက် အပျော်ဆုံးအချိန်ဆိုတာ ရှိတတ်ကြစမြဲပါ…။ လူထဲက လူတစ်ယောက်ဖြစ်တဲ့ (မိမိ ကိုယ်ကို သတ်မှတ်ထားခြင်းမျှသာဖြစ်သည်) ကျွန်တော့်မှာလည်း အပျော်ဆုံး အချိန်ဆိုတာရှိပါတယ်။ တစ်ခြား သူတွေနဲ့ နဲနဲကွာခြားမယ်ထင်တာ တစ်ခုတော့ ရှိပါတယ်။ သူများတွေက ဖြစ်ခဲ့ပြီးတဲ့ အတိတ်၏ ဖြစ်ရပ်များထဲ မှသာ အပျော်ဆုံးအချိန်ဆိုတာကို သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အပျော်ဆုံး အချိန်က တော့ အနာဂတ်မှာပါ။ မရောက်သေးပါဘူး..။ ကျွန်တော်စောင့်ရအုံးမှာပါ…။ ဘယ်နေ့လဲ..? ဘယ်လောက် စောင့်ရမလဲ…? ကျွန်တော်ကိုယ်တိုင် သေသေချာချာမသိသေးပါဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ သေချာတာ တစ်ခုကတော့ အဲ့ဒီ့နေ့ဟာ ကျွန်တော့်အတွက် အပျော်ဆုံးနေ့ တစ်ခု ဖြစ်လာမယ်ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ အယူအဆအရ အဲ့ဒီ့နေ့ရက်ကို ကျွန်တော်ဘ၀တစ်လျှောက်လုံးမှာ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေထဲမှာ အမြင့် မြတ်ဆုံးလို့ သတ်မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့အဖြစ်သတ်မှတ်ထားတဲ့ အဲ့ဒီ့ နေ့မှာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အောင်မြင်ခြင်း၊ ကျဆုံးခြင်း စတဲ့ ဘ၀တစ်လျှောက်မှာ လူသားတိုင်း မလွဲမသွေ ကြုံတွေ့ကြရမယ့် အစွန်းတရားတွေကနေ လွတ်မြောက်စွာ ရုန်းထွက်သွားနိုင်ခြင်းကြောင့်ပါပဲ။ စကားလုံးလှလှလေးနဲ့ ပြောရမယ်ဆိုရင်တော့ “သေခြင်းတရားဆိုတဲ့ တံခါးတစ်ချက်ကို ဖွင့်ခွင့်ရမယ့်နေ့” ပေါ့။

    အခန်း (၂)

    ရှင်သန်ခြင်းဆိုတာ
    တကယ်တော့
    သေခြင်းတရားရဲ့ အဓိက တရားခံပါပဲ….။
    (Black Dream)

    ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့လေးကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ဆင်နွဲ မယ်ဆိုတာကို စဉ်းစားခဲ့ဖူးပါတယ်။ ကျွန်တော်အဲ့ဒီ့နေ့လေးမှာ ဘာမှထွေထွေထူးထူး မတောင်းဆိုချင်ပါဘူး။ လိုလည်းမလိုချင်ပါဘူး…။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ (လူသားတို့ရဲ့သဘာဝအရ) နဲနဲတောင်းဆိုချင်ပါ တယ်။

    ကျွန်တော့်၏ ပျော်ရွှင်ခြင်း အခမ်းအနားသို့….

    ၁။ မျက်ရည်ကျတတ်သူများ မတက်ရောက်ရ၊
    ၂။ ဟန်ဆောင် ပူလောင်ပြသူများ မတက်ရောက်ရ၊
    ၃။ လူမှုရေး အမြတ်ထုတ်လိုသူများ မတက်ရောက်ရ၊
    ၄။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောသူများ မတက်ရောက်ရ၊
    ၅။ “အနိစ္စ” စကားလုံးအား စာလုံးမပေါင်းတတ်သူများ မတက်ရောက်ရ။

    အခမ်းအနားအတွက်…

    ၁။ သတင်းစာအတွင်း ထည့်သွင်းကြော်ငြာခြင်းမပြုရ၊
    ၂။
    ယပ်တောင်များ၊ ရေသန့်ဘူး ဝေခြင်းများမပြုရ၊
    ၃။ နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့ အစရှိသော မည်သည့် အစေ့မှ စားသောက်ခြင်းမပြုရ၊
    ၄။ ဖဲဝိုင်းမထောင်ရ၊
    ၅။ မုန့်ဟင်းခါးမကြွေးရ။

    ကျွန်တော်တောင်းဆိုချင်တာ ဒီလောက်ပါပဲ…။ ကျန်တာတော့ထွေထွေထူးထူးမရှိပါဘူး။

    အခန်း (၃)

    လူ့ဘ၀ဆိုတာ
    တကယ်တော့…
    အကုသိုလ် အကြွေးဝယ်တဲ့နေရာတစ်ခုပေါ့…။
    (သစ္စာနီ)

    ကျွန်တော့်ရင်ခုန်ခဲ့တဲ့ ကျွန်တော့်ရဲ့ အပျော်ဆုံးနေ့ရက်အတွက် ကျွန်တော်ပြင်ဆင်မှု တစ်ချို့ကို ငယ်စဉ်က စိတ်ကူးထားခဲ့တဲ့အတိုင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ပထမဆုံး ပြင်ဆင်မှုအနေနဲ့ ကျွန်တော့်ရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကြီးမှာ ကျွန်တော်မျက်ကြည်လွှာလှူဒါန်းခဲ့ပါတယ်။ ကျွန်တော့်အတွက်မှ အသုံးမ၀င်တော့တာဗျာ…။ ဒါကြီးဘာသွားလုပ်မှာလဲ…။ တကယ်တော့ အာရုံငါးပါးဆိုတာ (အဆိုးမြင်နဲ့ ကြည့်မယ်ဆိုရင်) သတ္တ၀ါတွေရဲ့ သံသရာကိုမရှည်ရှည်အောင်ဆွဲဆန့်ပေးနေတဲ့၊ အကုသိုလ်တွေ ကို အလုံးလိုက် အရင်းလိုက် ကျွန်တော်တို့ရဲ့ ဘ၀အတွင်းဝင်ခွင့်ပေးနေတဲ့ အရာတွေပါပဲ။

    ကျွန်တော့်အသက် (၂၀) ပြည့်နှစ် မွေးနေ့မှာတော့ ကျွန်တော် သက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ စမ်းသပ်အစစ် ဆေးခံခြင်းများ၊ သဘောတူညီချက်များရယူ၍ ကျွန်တော့်ရဲ့ (ရှိနေသောလည်း ပိုင်ဆိုင်ခွင့်မရတဲ့ အကြီးစား အရိပ်ကြီး ဖြစ်တဲ့) ဒီခန္ဓာကိုယ်ကြီးကို ကျွန်တော့်ရဲ့ နာမ်က နောက်ထပ်ဘ၀တစ်ခုသို့ အကုသိုလ်များအကြွေး ယူဖို့ သွားတဲ့အခါ ဆေးပညာကိုလေ့လာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ ပညာရှင်များ အသုံးပြုဖို့ အတွက် Dead Body အဖြစ် လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်စဉ်းစားခဲ့ဖူးတယ်လေ ဒီဘာမှသုံးစားမရတော့တဲ့ ခန္ဓာကြီးကို မြေမြှုပ်ဖို့နေရာပေးမယ့်အစား လောကကို သာယာလှပစေမယ့် သစ်ပင်၊ ပန်းမန်တွေစိုက်မယ်။ ဒါမှမဟုတ် လူသားနဲ့ သတ္တ၀ါတွေ အတွက်ခွန်အားဖြစ်စေမယ့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးတွေ စိုက်ရင် ပိုများ အကျိုးရှိမလားလို့…။ အဲ…။ မီးရှို့လိုက်တော့ရော….။ အင်း….။ မီးရှို့လိုက်တော့ လူတွေနဲ့ သဘာဝပတ်ဝန်း ကျင်ကို ဒုက္ခပေးမယ့် မီးခိုးငွေ့တွေနဲ့ Carbon Dioxide တွေပဲ ထွက်လာမယ်လေ…။ ဟုတ်တယ်မလား…?

    ကဲ….။ ဒီလိုဆို ကိစ္စအားလုံးတော်တော်လေးကို ရှင်းသွားပြီ မဟုတ်လားဗျာ…?

    ဇာတ်သိမ်း

    သေခြင်းတရားဆိုတာ
    အလှပဆုံး
    နေ၀င်ချိန် ပန်းချီကား တစ်ချပ်ပါပဲ….။
    (Black Dream)


    ဒါတွေကတော့ ကျွန်တော်ရဲ့ ပြင်ဆင်မှုတစ်ချို့တစ်ဝက်ပဲ ဖြစ်ပါတယ်။ ဘာပဲ ပြောပြောကျွန်တော့်ရဲ့ ဆန္ဒတွေ ကို သဘောထားကြီးစွာ နားလည် လက်ခံပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ မိဘနှစ်ပါးကိုတော့ ကျွန်တော်အလွန်တရာ ကျေးဇူးတင် ဦးညွတ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ….။

    ကျွန်တော် (တို့) က သူများတွေ ပြောပြောနေကြ သလိုပေါ့ဗျာ…။ ” လူမဟုတ်တဲ့ လူတွေ” ဆိုတော့ ကိုယ့်ကိုယ်ကိုတော့ (မပိုင်တာခြင်းအတူတူ) သူများတွေလို မပိုင်ဘူးပေါ့…။ ဘယ်နေရာမှာသေမယ်…။ ဘယ်အချိန်မှာသေမယ်….။ ဘယ်လိုနည်းနဲ့ သေမယ်….။ မရေရာ လှပါဘူး…။ ရှေ့တန်းတစ်နေရာမှာပဲ တစ်ယောက်နဲ့ တစ်ယောက် ပျော်ပျော်ပါးပါး အသေသတ်တမ်းကစားရင်း အသက်ထွက်ချင် ထွက်သွားမယ် ၊ ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင်စုတ်ပြတ်ပြီး သေမယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ဆေးရုံပေါ်က မျက်စိအလင်းမရတဲ့ လူတစ်ယောက် (သို့မဟုတ်) နှစ်ယောက်နဲ့၊ ဆေးကျောင်းနဲ့ ဆေးရုံက ပညာရှင်နဲ့ ကျောင်းသားတွေအတွက် “Sorry ပါ” ပေါ့…။

    အကယ်၍များ ကံကြမ္မာဆိုတဲ့ (မြေနိမ့်ရာ လှံအမြဲစိုက်စေတတ်တဲ့၊ ရေနစ်သူကို ၀ါးအမြဲကူထိုးတတ်တဲ့) အူကြောင်ကြားကောင်ကများ သက်ညှာစွာ စဉ်းစားပေးလို့ ကျွန်တော့်ရဲ့ အခန်းအနားလေးကို ကျွန်တော် စိတ်ကူး၊ အကောင်အထည်ဖော်ခဲ့လို ပုံစံမျိုးနဲ့ ကျင်းပခွင့်ရမယ်ဆိုရင်တော့…..။ အတိုင်းထက်အလွန်ပေါ့ဗျာ…။

    p.s- မောင်မျိုး Tag ထားတဲ့ ” ၁၀ ရက်သာကျန်တော့မယ်ဆိုရင်” ဆိုတဲ့ခေါင်းစဉ်လေးကို ကျွန်တော့်ရဲ့ အမြင်၊ လုပ်ဆောင်ချက်အချို့နဲ့ ဖြည့်စွက်ထားကြောင်းပါ…။ ရေးသားဖော်ပြခဲ့ရာ အမြင်များသည် ကျွန်တော့်၏ သီးသန့် အမြင်များသာဖြစ်သောကြောင့် အပြည့်အ၀မှန်ကန်သည်ဟု မဆိုလိုကြောင်းပါ……။ ။

    Cateogry : Article , Essay , Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    18 Responses to “ကျွန်တော်နှင့် အပျော်ဆုံးအချိန်”

    1. Oh My God.., Are You Serious??

      အတွေးတွေကတော့ Brilliant ပဲ။ လေးစားပါတယ် မဲကြီးရေ။

      လာမခြောက်နဲ့နော်။ ကြောက်တတ်တယ်။
      ကြိုပြောထားတာ။

      ပြုသမျှ ကုသိုလ် ရောက်ရာ ဘဝက ယူပါ မဲကြီးရေ.. အမျှ အမျှ အမျှ….., ဟိ ဟိ :P

      SMNTL

      Like or Dislike: Thumb up 0 Thumb down 0

    2. အပျော်ဆုံးနေ့ လေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အတွေးလေးတွေကို သဘောကျတယ် မောင်လေးရေ…လေးလဲ လေးစားတယ်။ ကြောက်ကြောက်နဲ့  တိတ်တိတ်လေး ဖတ်သွားတယ်…….။ ( မအိ…!)

      Like or Dislike: Thumb up 0 Thumb down 0

    3. ကျွန်တော်လဲအစ်ကို့ပြောခဲ့သလိုလေးဖြစ်ချင်တယ်ဗျာ။ ကိုယ်သေသွားခဲ့ရင် ကိုယ့်ခန္ဓာကိုယ်မှာ အသုံးလိုမယ့်အစိတ်အပိုင်းတွေကိုလှူဒါန်းခဲ့ချင်တယ်။

      Like or Dislike: Thumb up 0 Thumb down 0

    4. အင်း ကိုယ်လဲ ဆယ်ရက်သာ ကျန်တော့မယ် ဆိုရင် ဘာလုပ်မှာလဲ? ညီ့လို မတွေးထားဘူး မပြင်ဆင်ထားဘူး ကိုယ့် အတွက်လဲ အပျော်ဆုံးနေ့တစ်နေ့ ဖြစ်လာမယ်လို့ ကိုယ်မထင်ဘူး ကြောက်စရာပဲ ဖြစ်မယ် ထင်တယ် :P ကိုယ်လဲ အခုတော့ ဘာတွေ ဖြစ်ချင်လဲ ဆိုတာ နဲနဲ တွေးကြည့်တော့မယ် ဟိ ဟိ…။

      Like or Dislike: Thumb up 0 Thumb down 0

    5. ပေးဆပ်ရတာ ပိုပြီးပျော်စရာကောင်းသတဲ့
      ကိုယ့်ကိုယ်ကို လောကကြီးအတွက် အဆုံးစွန်ပေးဆပ်ပြီးတဲ့အခါ
      အပျော်ဆုံးနေ့ကို နင်ကျင်းပနိုင်မယ်ဆိုတာ
      အကြွင်းမဲ့ယုံကြည်မှုတွေနဲ့
      အဲဒီအချိန်ဆို ငါလဲမငိုတတ်အောင် လေ့ကျင့်ပြီးလောက်ရောပေါ့
      ဒါမှမဟုတ် မငိုတတ်တော့တဲ့ အပျော်ဆုံးသူတစ်ယောက်လဲ ဖြစ်နှင့်နေနိုင်တယ်လေ

      Like or Dislike: Thumb up 0 Thumb down 0

    6. THANK YOU FOR THIS POST, Mr!

      AFTER READING IT, I GOT LONGE “PAUSE”…

      STARING AT THE COMPUTER AND ASK MYSELF ” HAVE I PREPARED? “

      WE ARE TOO COUGHT UP WITH EVERYDAY STUFF AND WHO WOULD HAVE THOUGHT- SOMETHING LIKE THIS?
      IT IS TIME FOR ME TO GIVE MYSELF TIME OFF…

      U R MUCH LOVED :)

      Like or Dislike: Thumb up 0 Thumb down 0

    7. နင့်ပိုစ့်လေးက ကောင်းပါတယ်…
      ဒါပေမဲ့ မေးခွန်းလေး၁ခုတော့ရှိတယ်…
      နင့်ပိုစ့်ထဲမှာ မတက်ရောက်ရသူတွေနဲ့ မပြုရဆိုတဲ့ အချက်လေးတွေရှိတယ်… မတက်ရောက်ရလူစာရင်းကို ငါမပြောလိုဘူး..
      မပြုရဆိုတာလေးကို ဘာကြောင့် နင်က မပြုလုပ်စေချင်တာလဲ ဆိုတာလေးကို ငါသိချင်တယ်..

      ဘာလို့လဲဆိုတော့ အရင်ကရှေးလူကြီးတွေလုပ်ခဲ့တိုင်း အမှန်မဟုတ်ဘူးဆိုပေမဲ့… အကြောင်းမရှိပဲနဲ့တော့ အရင်လူတွေလုပ်မှာမဟုတ်ဘူးလေ..
      ငါနားလည်သလောက်တော့ နင်နဲ့ ရပ်ဝေးရပ်နီးက မိတ်ဆွေပဲဖြစ်ဖြစ် ဆွေမျိုးပဲ ဖြစ်ဖြစ်ကို အသိပေးတာဖြစ်နိုင်တယ်.. တခါတလေကျတော့ သေဆုံးသူနဲ့ ပတ်သတ်တဲ့ ဥပမာ.. အမွေတို့ဘာတို့လိုပေါ့ဟာ.. အဲဒါမျိုးတွေအတွက် ထည့်ပေးရတယ်.. အဲဒါ သေဆုံးသွားသူအတွက် အဓိပ္ပါယ်ရှိချင်မှရှိပင်မဲ့ ကျန်ရစ်သူတွေအတွက် အဓိပ္ပါယ်ရှိတယ်လေ..

      ရေသန့်ဗူး ယပ်တောင်ဝေတာလဲ လူကြီးတွေပြောလို supernatural သဘောမျိုး သွားလေသူအေးချမ်းအောင်တွေဘာတွေမတွေးပဲ.. လက်တွေ့ကျကျ.. လိုက်ပို့ပေးသူတွေ ရေငပ်ပြေအောင်.. နေပူဒဏ်ကာကွယ်အောင် လိုအပ်လို့ပေးတာလေ… နင့် နာရေးကို အမျိုးနဲနဲလောက်နဲ့ပဲ ဆိုရင်တော့ မပေးချင်မပေးနဲ့ပေါ့ဟာ… ဒါလဲ ကျန်ရစ်သူတွေအတွက်ပဲ..ထင်တာပဲ…

      နေကြာစေ့.. ကွာစေ့ ကျွေးတာကျတော့ အိမ်လာပြီး အသုဘမေးသူတွေ ဒီတိုင်း ငုတ်တုတ်ကြီးဖြစ်နေမဲ့အစား.. ဈေးလဲသက်သာ.. ဗိုက်လဲမပြည့်.. ဒီတိုင်းဝါးနေလို့ရတဲ့ မုန့်မျိုးကို ကျွေးပြီး ဧည့်ခံတာနေမယ်ထင်တာပဲ..

      ဖဲဝိုင်းကလဲ.. လူကြီးတွေပြောတာကြားဖူးတာတော့.. အသုဘအိမ်က ရက်လည်မပြီးမချင်းအိမ်တံခါးမပိတ်ရလို့.. အိမ်စောင့်တွေမျက်စိကျယ်အောင် ဖဲရိုက်ကြတာလို့ပြောတာပဲ.. နောက်ပိုင်းကျတော့ စီးပွားရေးလိုဖြစ်လာရော.. ဒါကတော့ နင် အယုံအကြည်မရှိရင် မလုပ်လဲရပါတယ်…

      မုန့်ဟင်းခါးကတော့ ငါလဲမကြိုက်ဘူး.. ငယ်ငယ်ထဲက အသုဘဆို ဘာလို့မုန့်ဟင်းခါးပဲကျွေးသလဲဆိုတာ စဉ်းစားလို့မရဘူး.. တခါတလေ အုန်းနို့ခေါက်ဆွဲလေး.. ရှမ်းခေါက်ဆွဲလေးပြောင်းကျွေးကျတာဟုတ်ဘူး… ဟီး..

      ငါထင်သလောက်တော့ ဒါမျိုးတွေလုပ်တာ ရည်ရွယ်ချက်က သွားလေသူအတွက်မဟုတ်ဘူးဟ.. ကျန်ရစ်သူတွေ လူ့လောကမှာ လူဆက်လုပ်ဖို့ လူ့အသိုင်းအဝိုင်းမှာ ပုံမှန်လည်ပတ်လို့ရအောင်လုပ်တာဖြစ်နိုင်တယ်.. သွားလေသူက ကျွတ်လွတ်သွားပြီဆိုပြီး ကျန်ခဲ့တဲ့သူတွေအတွက်မစဉ်းစားပေးလို့မရဘူးလေ..
      လောကမှာ ငါတို့မသိသေးတာတွေအများကြီးရှိသေးတယ်ဟ..

      နင့်ကိုယ်အင်္ဂါတွေကို လှူမယ်ဆိုတာတော့ ငါသဘောကျတယ်.. ငါလဲ အဲလိုလှူမယ်စိတ်ကူးထားတယ်.. နင်ကအပေါ်မှာတော့ မျက်ကြည်လွှာလှူမယ်ပြောပြီး… “အာရုံငါးပါးဆိုတာ (အဆိုးမြင်နဲ့ ကြည့်မယ်ဆိုရင်) သတ္တ၀ါတွေရဲ့ သံသရာကိုမရှည်ရှည်အောင်ဆွဲဆန့်ပေးနေတဲ့၊ အကုသိုလ်တွေ ကို အလုံးလိုက် အရင်းလိုက် ကျွန်တော်တို့ရဲ့ ဘ၀အတွင်းဝင်ခွင့်ပေးနေတဲ့ အရာတွေပါပဲ။” ဆိုတော့ နင်က အကုသိုလ်တွေသူများပေးခဲ့သလို အဓိပ္ပါယ်ပေါက်နေတယ်.. နင်ဆိုလိုတာအဲလိုမဟုတ်မှန်းငါသိပါတယ်.. ဒါပေမဲ့ ငါဖတ်ပြီးတော့ တွေးမိတာကိုပြောတာပါ…

      ကဲ.. ဝေဖန်ပေးပါဆိုလို့.. အားမနာတမ်းဝေဖန်လိုက်တာ ပိုစ့်တစ်ပုဒ်ဖြစ်တော့မယ်.. ငါ့ကို မေတ္တာပို့မနေနဲ့နော်… ဟီး…. ငါလဲ ငါထင်တာပြောတာ.. I am not perfect also

      Like or Dislike: Thumb up 0 Thumb down 0

    8. ကြောက်ခမန်းလိလိပါလားဟေ့။
      ဖဲဝိုင်းမထောင်ရတော့ မလုပ်ပါနဲ့ကွာ ဟတ်ဟတ်
      အပျော်ပါကွာ ပို့စ်တွေက ဂွတ်မြဲပဲ

      Like or Dislike: Thumb up 0 Thumb down 0

    9. အပြင်းစားကြီးတွေပဲ ကြောက်တောင်ကြောက်လာပြီးး ရေးပေးတာ ကျေးဇူး အစ်ကို :)

      Like or Dislike: Thumb up 0 Thumb down 0

    10. Blackရေ…. မျက်ကြည်လွာကတော့ ငါလဲလှူထားတယ်ကွာ။ ပြဿနာက ငါက ဝေးမြေရပ်ခြားရောက်နေတယ်ကွ။ ခန္ဓာကိုယ်တော့ လှူချင်ပါရဲ့ မိဘက သဘောမတူလို့ လုပ်ဖြစ်မယ် မထင်ဘူးကွာ။ သူတို့ စိတ်မဆင်းရဲစေချင်ဘူး။ အဲဒါအစား အခုသွေးပုံမှန်လှူဖို့ ကြိုးစားနေတယ်ကွာ…… မင်းအတွေး၊အရေး၊ လက်တွေ့လုပ်တာလေးတွေကို သဘောကျတယ်ကွာ…..

      Like or Dislike: Thumb up 0 Thumb down 0

    11. ဒီ post လေးကို အရမ်းကြိုက်ပါတယ်
      ကျွန်တော် ရင်ခုန်သံ ခံစားချက်လေးနဲ့ တူနေလို့ပါ
      ကျွန်တော် ငယ်ငယ်တုန်းက {ကိုရင်ဘ၀}
      အဲဒီလို ခံစားချက်တွေနဲ့ဗျ

      Like or Dislike: Thumb up 0 Thumb down 0

    12. အိမ်မက်မဲကတော့ လုပ်လိုက်ရင် လန်းနေတာပဲ
      ကောင်းတယ်တယ်ရင်းရေ… အသက်ရှင်နေကာလမှာ လုပ်နိုင်သလောက်လုပ်ပေးတာ အမွန်မြတ်ဆုံးပဲ။ အဲ့အတွက် တန်ပြန်တဲ့ အကျိုးတူတွေလည်း ခံစားရတယ်လေ။ အားလုံး အဆင်ပြေပါစေ တယ်ရင်းရေ

      Like or Dislike: Thumb up 0 Thumb down 0

    13. မသေခင်လဲ ဘ၀မှာ အပျော်ဆုံး အချိန်တွေ များများရှိနိုင်ပါစေကွာ…

      Like or Dislike: Thumb up 0 Thumb down 0

    14. လူမဟုတ်တဲ့ လူတွေထဲက လူပီသချင်တဲ့လူ၊ လူစိတ် ရှိတဲ့လူ လို့ မြင်ပါတယ် ကို blackdream ရေ။
      ခုမှ ပထမဆုံး ရောက်ဖူးတာပါ။

      Like or Dislike: Thumb up 0 Thumb down 0

    15. မောင်လေး Blackdream ရေ ဒီအကြောင်းအရာကို ရေးဟန်တမျိုးနဲ့ ရေးသွားတာ သိပ်ကိုကောင်းပါတယ်။ မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်လှူထားတယ်ဆိုလို့ အားလည်းကျမိပါတယ်။ အသက်ရှည်ကျန်းမာပြီး စာတွေ အများကြီးဆက်ရေးနိုင်ပါစေ…

      Like or Dislike: Thumb up 0 Thumb down 0

    16. ဟုတ်ပါ၏…ဟုတ်ပါ၏…….
      ဟဲဟဲ….
      အပြင်အဆင်တွေလန်းသဗျ….

      Like or Dislike: Thumb up 0 Thumb down 0

    17. ရှင်သန်ခြင်းဆိုတာ
      တကယ်တော့
      သေခြင်းတရားရဲ့ အဓိက တရားခံပါပဲ….။

      မိုက်တယ်ဗျာ။

      Like or Dislike: Thumb up 0 Thumb down 0

    18. ရှင်သန်ခြင်းဆိုတာ
      တကယ်တော့
      သေခြင်းတရားရဲ့ အဓိက တရားခံပါပဲ….။

      ရှင်သန်ခြင်းကိုသာ ခုံရုံးတင်ရမယ် ဆိုရင်..
      အင်းးး…..
      တွေးစရာတွေ ထပ်ဖြစ်ကုန်ဘီနော်..

      ကိုဘလက်(ခ်)ဒရင်း(မ်)
      အတွေးအရေး အရမ်းကောင်းတယ်ဆိုတာ..
      ဟိုးး အရင်ကတည်းက သိနေခဲ့တာပါ။

      ခင်မင်ခြင်းများစွာဖြင့်..

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply